← Chapters

ထိုက်စန့်လောင်ကျွင်းနဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့ပါနဲ့

Vol. 11 Ch. 1015

ထိုက်စန့်လောင်ကျွင်းနဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့ပါနဲ့

Vol. 11 Ch. 1015

လီချင်းဆွေ ပိတ်မိနေလေသည်။

ထို့နောက် သူမ၏ ဦးခေါင်းထက်တွင် ကြည်လင်သည့် တိမ်တိုက်တစ်ခုထွက်ပေါ်လာလေသည်။ ထိုတိမ်တိုက်မှ များစွာသော တန်ခိုးစွမ်းအားများထွက်ပေါ်လာကာ ရွှေရောင်အလင်းတန်းများလည်း လင်းလက်လာလေသည်။

ကြည်လင်သည့်တိမ်တိုက်မှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး လီချင်းဆွေ လှုပ်ရှား၍ရသွားလေသည်။

သူမ၏ အဝတ်အစားများက လေထဲတွင်လွင့်ပျံနေပြီး လေပြေလေးတစ်ခုအလား ပျံသန်းထွက်ခွာသွားတော့မည်ကဲ့သို့ ထင်မှတ်ရသည်။

တာအိုဆရာသခင်ထိုက်ယီက ခပ်ပါးပါးတစ်ချက်ပြုံးလိုက်ပြီး လက်နှစ်ချောင်းဖြင့် လေထဲသို့ ထိုးညွှန်လိုက်လေသည်။

ထိုအခါ လေထဲတွင် လှိုင်းများထသွားလေသည်။

လီချင်းဆွေက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်၏။

သူမ၏ ပတ်ပတ်လည်တွင် စက်ဝိုင်းပုံသဏ္ဍန် မိုးကောင်းကင်တံတိုင်းတစ်ခု ဖြစ်ပေါ်လာပြီး သူမအနေဖြင့် မည်သို့မှ လွတ်မြောက်နိုင်မည်မဟုတ်သည်ကို သိလိုက်သည်။

လီချင်းဆွေက တာအိုဆရာသခင်ထိုက်ယီကို လှမ်းကြည့်လိုက်လေသည်။ သို့သော်… သူမ၏ အကြည့်များတွင် ဒေါသတရားများ ပါဝင်ခြင်း မရှိပေ။

တာအိုဆရာသခင်ထိုက်ယီက တစ်ချက်ပြုံးလိုက်ရင်း…

"သမီး အဖေနဲ့ ခဏလောက်ပဲ အတူတူလိုက်ခဲ့လို့ မရဘူးလား…"

လီချင်းဆွေက အေးစက်စွာဖြင့်…

"မရဘူး…"

"ဒါပေမဲ့ သမီး သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ၊ နောက်ဆို သမီးကို အဖေ့အနားမှာပဲ အမြဲတမ်း အတူခေါ်ထားတော့မယ် ၊ သမီး အဖေ့ကို အသိအမှတ်မပြုလည်း မတတ်နိုင်ဘူး ၊ ဒီလိုပုံစံနဲ့ သမီးဘဝကို မပျော်မရွှင်ဖြတ်သန်းနေမှာ အဖေ မလိုလားဘူး…"

တာအိုဆရာသခင်ထိုက်ယီ၏ လေသံက အလွန်နူးညံ့ပျော့ပြောင်းနေပြီး နွေဦးလေပြေလေးက ကြည်လင်သည့်ရေကန်ကို ဖြတ်သန်းတိုက်ခတ်သွားသည့်အလားပင် ဖြစ်သည်။

လီချင်းဆွေ တာအိုဆရာသခင်ထိုက်ယီကို စိုက်ကြည့်နေလေသည်။

သူမ၏ ကြည်လင်သောမျက်ဝန်းများက အေးစက်သည့်ရေကန်အတွင်းမှ အပြာရောင်ရေလှိုင်းများအလား ထင်မှတ်ရသည်။

ထိုမျက်ဝန်းများ မည်မျှနက်ရှိုင်းကြောင်း မည်သူမှ မသိရှိနိုင်ပေ။

"အဖေ … ကျွန်မကို ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုရှိနေတယ် ၊ ဟုတ်တယ်မလား…"

လီချင်းဆွေ စိတ်အေးအေးထားကာ မေးလိုက်သည်။

သူမအနေဖြင့် တွေးတောစရာများစွာရှိနေသေးသည် မဟုတ်လား။

တာအိုဆရာသခင်ထိုက်ယီက လက်ခုပ်တစ်ချက်တီးလိုက်ရင်း…

"ငါ့သမီးကို ဘာမှ ဖုံးကွယ်ထားလို့ မရဘူးဆိုတာ အဖေ သိပါတယ် ၊ အဖေ မကြာခင် ဗုဒ္ဓနဲ့ ထပ်ပြီး တိုက်ခိုက်ဖို့ ရှိတယ် ၊ အဲဒီအခါ မှာ နစ်နာမှုတွေ ရှိလာနိုင်တယ် ၊ သမီးသိလား … အဖေနဲ့ ဗုဒ္ဓ တိုက်ခိုက်တဲ့အခါ ဘေးနားက ကြည့်ခွင့်ရတဲ့သူက ဘယ်လောက်ကံကောင်းသလဲဆိုတာ ၊ ဒါကြောင့် သမီးကို အနားမှာ ခေါ်ထားချင်တာပါ ၊ သမီး အမှားနဲ့အမှန် မခွဲခြားနိုင်ဘူးဆိုရင်တောင်မှ အဲဒီတိုက်ပွဲက သမီးကို နည်းနည်းလောက်တော့ သိမြင်စေမှာပါ…"

လီချင်းဆွေက…

"အဖေနဲ့ ဗုဒ္ဓတိုက်ခိုက်တာ ကျွန်မ အမြဲတမ်း မြင်ဖူးနေတာပဲ ၊ မဆန်းတော့ဘူး ၊ အဲဒီတိုက်ပွဲကို ကြည့်ရလို့လည်း ကျွန်မ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာမှာမှ မဟုတ်တာ…"

တာအိုဆရာသခင်ထိုက်ယီက အေးဆေးသည့်လေသံဖြင့်…

"အဲဒါကြောင့်လည်း ဒီခေတ်မှာ အောင်မြင်မှု မရကြတာ…"

လီချင်းဆွေက စကားပြန်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

တာအိုဆရာသခင်ထိုက်ယီက နက်ရှိုင်းသည့်မျက်ဝန်းများဖြင့် လီချင်းဆွေကို တစ်ချက်ကြည့်လိုက်ပြီး နူးညံ့သိမ်မွေ့သည့် လေသံဖြင့် စကားဆိုပြန်သည်။

"ဒီတစ်ကြိမ်တော့ အဖေ့စကား နားထောင်လို့မရဘူးလား သမီးရယ်… ဟင်…"

တာအိုဆရာသခင်ထိုက်ယီသည် အမြဲတမ်း အေးစက်တည်ကြည်သည့် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လေသည်။

သူ၏ နက်ရှိုင်းသည့်မျက်ဝန်းများထဲတွင် နူးညံ့သိမ်မွေ့မှုကို တွေ့ရန်မှာ မည်သို့မှ မဖြစ်နိုင်သည့်ကိစ္စဖြစ်သည်။ သို့သော်… ယခုတစ်ကြိမ်တွင်တော့ သူ၏ မျက်ဝန်းများ နူးညံ့သိမ်မွေ့လျှက် ရှိလေသည်။

ရေခဲကဲ့သို့ အေးစက်မာကျောသည့် သူ၏ စိတ်နှလုံးသည် ယခုတစ်ကြိမ်တွင်တော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

သို့သော်… တာအိုဆရာသခင်ထိုက်ယီ မည်မျှအကြင်နာတရားကင်းမဲ့သည်ကို လီချင်းဆွေ အသိဆုံး ဖြစ်လေသည်။

သူကျင့်ကြံခဲ့သည့် တာအိုကျင့်စဉ်လမ်းသည် အကြင်နာတရားနှင့်သံယောဇဉ်ကို ဖယ်ခွာဖြတ်တောက်ပစ်သည့် လမ်းစဉ် ဖြစ်သည်။

ထို့ကြောင့်… ယခုတစ်ကြိမ် သူမအပေါ် ပြောနေသည့်စကားများ ၊ ထားနေသည့် ခံစားချက်များသည် စစ်မှန်သလား ၊ မစစ်မှန်သလား လီချင်းဆွေ ဝေခွဲမရနိုင် ဖြစ်နေရသည်။

စစ်မှန်သည်ဖြစ်စေ ၊ မစစ်မှန်သည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည်က လီချင်းဆွေ၏ ဆုံးဖြတ်ချက်သာ ဖြစ်လေသည်။

သို့သော်… ယခုတစ်ကြိမ် ဖခင်ဖြစ်သူနောက်သို့လိုက်ရန် ငြင်းဆိုလိုက်လျှင် သူမအနေဖြင့် သူ လေးစားချစ်ခင်ရသလို မုန်းလည်းမုန်းတီးရပါသော ဤပုဂ္ဂိုလ်နှင့် နောက်တစ်ကြိမ်တွေ့ဆုံရန် အခွင့်အရေးမရှိနိုင်တော့သည်ကိုလည်း သိရှိလိုက်သည်။

လီချင်းဆွေက…

"တကယ်တော့ အဖေ ကျွန်မကို သတ်လိုက်တာကမှ ပိုကောင်းဦးမယ်…"

အခြားသူသာဆိုလျှင် လီချင်းဆွေ အဘယ့်ကြောင့် ဤသို့သောစကားပြောရသည်ကို နားလည်နိုင်မည် မဟုတ်ပေ။

သို့သော်… တာအိုဆရာသခင်ထိုက်ယီကတော့ သမီးဖြစ်သူကို  အခြားသူများထက်ပိုပြီး နားလည်နိုင်သူဖြစ်လေသည်။

တာအိုဆရာသခင်ထိုက်ယီက နူးညံ့သိမ်မွေ့သည့်လေသံဖြင့်…

"သမီး… သမီးက အဖေ့ရဲ့ သွေးသားတင်မကဘူး ၊ အဖေနဲ့ ချင်းရွှမ်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် မွေးဖွားလာခဲ့သူပါ ၊ အဖေက ဘာလို့ သမီးကို သတ်ရက်ရမလဲဟင်…"

လီချင်းဆွေက…

"ဒါဖြင့် အဖေက အမေ့ကိုတော့ ဘာလို့ သတ်ရက်ရတာလဲ…"

လီချင်းဆွေ၏ စကားကြောင့် တာအိုဆရာသခင်ထိုက်ယီ သက်ပြင်းတစ်ချက်ချလိုက်လေသည်။

"ဗုဒ္ဓနဲ့ အဖေ့ရဲ့ တိုက်ပွဲမှာ တတိယလူတစ်ယောက်က အမြဲတမ်း ဝင်ရောက်စွက်ဖက်တယ် ၊ အဲဒီလူက ကျွမ်ကျိုးပါပဲ…"

တာအိုဆရာသခင်ထိုက်ယီက စကားဆက်ပြောလိုက်သည်။

"ကျွမ်ကျိုးက အိပ်မက်ကမ္ဘာတစ်ခုထဲမှာ ချင်းရွှမ်ဆိုတဲ့ မိန်မလှလေးကို ဖန်ဆင်းခဲ့တယ် ၊ အဖေက အဲဒီမိန်းကလေးကို မေတ္တာရှိသွားမိတယ် ၊ အဲဒီအိပ်မက်ကမ္ဘာက အဖေ နိုးထလာတဲ့အခါ ချင်းရွှမ်ဟာ လောကမှာ လုံး၀ မရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ၊ အဖေ့အတွက် သမီးလေးတစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်…"

"သမီးထင်သလို အဖေက သမီးရဲ့ အမေကို သတ်ပစ်လိုက်တာ မဟုတ်ပါဘူး ၊ သမီးရဲ့ အမေကို အဖေ ဒီလောက်ချစ်တာ ၊ သတ်ပစ်ဖို့ ဖြစ်နိုင်မယ်လို့ သမီး ထင်သလားဟင် ၊ ဒါကြောင့်လည်း သမီးရဲ့ မကျေနပ်ချက်တွေကို အဖေက တခြားသူတွေထက်ပိုပြီး နားလည်ပေးခဲ့သူပါ ၊ သမီးကို အဖေက ပြစ်ထားခဲ့တယ်လို့ထင်ပြီး အဖေက အကြင်နာတရားကင်းမဲ့တဲ့သူလို့ အမြဲတမ်း တွေးထင်နေခဲ့တယ် မဟုတ်လား ၊ ဒါကြောင့် သမီး အဖေ့ကို ခွင့်မလွှတ်နိုင်တာ မဟုတ်လား…"

လီချင်းဆွေက…

"မဟုတ်ပါဘူး အဖေ ၊ ကျွန်မ အဖေ့ကို ခွင့်မလွှတ်နိုင်တာက အဖေက အမေ့ကို လူ့လောကထဲ ပြန်မခေါ်ခဲ့လို့ပါ ၊ အဖေက တာအိုဆရာသခင်ကြီးတစ်ပါးပဲ မဟုတ်လား ၊ အမေ့ကို အသက်ပြန်သွင်းပေးလို့ရတာပဲ ၊ ဒါပေမဲ့ အဖေ အဲဒီလိုလုပ်ချင်စိတ် မရှိခဲ့ဘူးမဟုတ်လား ၊ ကျွန်မ တာအိုဆရာသခင်ကြီးဖြစ်လာတဲ့တစ်နေ့ကျမှ အမေ့ကို လူ့လောကကို ပြန်ခေါ်မယ်…"

တာအိုဆရာသခင်ထိုက်ယီက…

"သမီးရဲ့ အမေက သေသွားတာမဟုတ်ဘူး ၊ ပျောက်ကွယ်သွားခဲ့တာ ၊ အိပ်မက်ကမ္ဘာက အဖေနိုးထလာတဲ့အချိန်မှာ သူ မရှိတော့ဘူး… ၊ ဒါကြောင့် အဖေဘယ်လိုလုပ် သူ့ကို လူ့လောကထဲ ပြန်ခေါ်လို့ ရမလဲကွယ်…"

လီချင်းဆွေက…

"ဒါဖြင့် အဖေက အမေ့ကို တကယ်ချစ်တယ်ဆိုရင် အိပ်မက်ကမ္ဘာမှာ ဘာလို့ ထာဝရနေဖို့ မရွေးခြယ်ခဲ့တာလဲ…"

တာအိုဆရာက တိုးတိတ်သည့်လေသံဖြင့်…

"အဲဒီလိုတော့ အဖေမလုပ်နိုင်ခဲ့ဘူးကွယ်…"

လီချင်းဆွေက…

"ကျွန်မကတော့ လုပ်နိုင်တယ် ၊ ဒါကြောင့် ကျွန်မကို သတ်လိုက်ရင် အဖေ့အတွက် စိတ်ပူစရာ ဘာအကြောင်းမှ မရှိတော့ဘူးပေါ့…"

တာအိုဆရာသခင်ထိုက်ယီက သက်ပြင်းချလိုက်ရင်း…

"ငါ့သမီးမှာ တာအိုဆရာသခင်ကြီးဖြစ်လာဖို့ အခွင့်အရေးမရှိတော့မှာပဲ အဖေ စိတ်ပူမိပါတယ်…"

လီချင်းဆွေက…

"ကျွန်မတော့ အဖေ့စကားကို မယုံဘူး…"

"ဒီတစ်ခေတ်အဆုံးသတ်ပြီးရင် လောကမှ လီကျိချန်လိုလူမျိုး နောက်တစ်ယောက် ရှိလာမှာ မဟုတ်တော့ဘူး…"

တာအိုဆရာသခင်ထိုက်ယီက နူးညံ့စွာပြုံးရင်း ပြောလိုက်လေသည်။ "လီကျိချန်" ဆိုသည်မှာ တာအိုဆရာသခင်ထိုက်ယီ၏ အမည်ရင်း ဖြစ်လေသည်။

လီချင်းဆွေ၏ မျက်ဝန်းများ တစ်ချက်လှုပ်ရှားသွားလေသည်။  ရုတ်တရက်… တစ်စုံတစ်ခုကို သူမ နားလည်လိုက်သည်။

လီကျိချန်က သူမ၏ မိခင်ကို ဘယ်တော့မှ ကယ်တင်ပေးမည် မဟုတ်ပေ။

အကြောင်းမှာ … စကြာဝဠာပျက်သုဉ်းသွားသည်နှင့် တာအိုဆရာသခင်ကြီးများအားလုံး သံသရာကို အပြီးတိုင် ကျော်လွန်သွားကြတော့မည် ဖြစ်သောကြောင့် ဖြစ်သည်။

ထိုသို့ဖြစ်လာလျှင် သူမသည်ပင် ဖခင်ဖြစ်သူနှင့် ဘယ်တော့မှ တွေ့ဆုံခွင့်ရတော့မည် မဟုတ်ပေ။

သို့သော်… သူမ တာအိုဆရာသခင်ထိုက်ယီကို ခွင့်မလွှတ်နိုင်ပေ။ အကြောင်းမှာ ဖခင်ဖြစ်သူက အိပ်မက်ကမ္ဘာကို အဆုံးသတ်ပြီး မိခင်ဖြစ်သူကို စွန့်လွှတ်ခဲ့သည် မဟုတ်ပါလား။

ယောကျ်ားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို တကယ်တမ်း မေတ္တာရှိသည်ဆိုပါလျှင် အဘယ့်ကြောင့် စွန့်လွှတ်ရပါသနည်း။ အိပ်မက်ကမ္ဘာတွင် ထာဝရနေထိုင်ရလျှင်လည်း ကိုယ်ချစ်သည့်သူနှင့် အတူရှိနေသည့်အတွက် မည်သည့်ပြဿနာမှ မရှိနိုင်ကြောင်း လီချင်းဆွေက ယူဆထားလေသည်။

လီချင်းဆွေက…

"ကျွန်မကို တစ်ရက်အချိန်ပေးပါ…"

တာအိုဆရာသခင်ထိုက်ယီက…

"သမီး ဆန်းလျန်ကို ရှာမလို့ မဟုတ်လား ၊ သူက တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်ခါနီးနေပြီ ၊ ပြီးတော့ ဆန်းလျန် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာရင် သမီးကို ကူညီကောင်း ကူညီနိုင်လိမ့်မယ် ၊ ဒါပေမဲ့ အဖေ သမီးကို သူနဲ့ တွေ့ခွင့်မပေးနိုင်ဘူး…"

လီချင်းဆွေက…

"အရင်ကတော့ အဖေပဲ ကျွန်မကို သူနဲ့ တာအိုလက်တွဲဖော်အဖြစ် လက်ဆက်စေချင်တာဆို ၊ အခုတော့ စိတ်ပြောင်းသွားပြန်ပြီလား…"

တာအိုဆရာသခင်ထိုက်ယီက ပြုံးလိုက်ရင်း…

"အရင်ကအရင် ၊ အခုက အခုလေ ၊ အခုမှတော့ ဒီစကားတွေ ပြောမနေပါနဲ့တော့ ၊ အဖေပြောခဲ့သလိုပဲ အဖေတောင် သူ့စိတ်ကို မသိမြင်နိုင်တော့ဘူး ၊ ပြီးတော့ အဖေ ပြဿနာတွေလည်း မဖန်တီးချင်ဘူး ၊ လောကကြီးအဆုံးသတ်တဲ့အထိ အေးအေးဆေးဆေးပဲ စောင့်နေချင်တယ် ၊ ပြီးတော့… စကြာဝဠာကြီးအဆုံးမသတ်ခင် အဖေနဲ့ ဗုဒ္ဓရဲ့ တိုက်ပွဲကို သမီးကို ကြည့်စေချင်တယ် ၊ အဲဒါက ဒီအတိုင်းနေတာထက်ဆာရင် စိတ်ဝင်စားဖို့ ကောင်းမှာပါ…"

ဗုဒ္ဓနှင့်တိုက်ပွဲဟု ပြောလိုက်တိုင်း တာအိုဆရာသခင်ထိုက်ယီ၏ မျက်ဝန်းများက မျှော်လင့်ချက်အနည်းငယ်ဖြင့် တောက်ပလျှက် ရှိလေသည်။ တာအိုဆရာသခင်ကြီးတစ်ပါး၏ တည်ရှိမှုတွင် မျှော်လင့်စရာဆိုသည်မှာ အနည်းငယ်သာ ရှိလေသည်။

တာအိုဆရာသခင်ထိုက်ယီ တစ်ယောက်သာ ထိုသို့တွေးသည် မဟုတ်ပေ။ ဗုဒ္ဓသည်လည်း ထိုသို့ တွေးပေလိမ့်မည်။

…………….

အနောက်ဘက်ကောင်းကင်ဘုံ… ၊ လင်စန်းတောင်…။

တာ့လေယင်းကျောင်းတော်ရှိ တာ့ရှုန်ရတနာခန်းမဆောင်ကြီးထဲတွင် အလင်းရောင်များ ရုတ်တရက် တောက်ပလာလေသည်။

လင်စန်းတောင်တစ်ခုလုံး အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး လင်းထိန်တောက်ပသွားသည်။ အလင်းတန်းများသည် လင်စန်းတောင်တစ်ခုလုံးသာမက သုခဘုံတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားလေသည်။

သုခဘုံတစ်ခုလုံးရှိ သစ်ပင်တစ်ပင် ၊ ပန်းတစ်ပွင့် ၊ သစ်ရွက်တစ်ရွက် ၊ ဖုံမှုန့်လေးတစ်မှုံကအစ ထိုအလင်းတန်းများအောက်မှ လွတ်ကင်းနိုင်ခြင်း မရှိပေ။

ထို့နောက်… လင်စန်းတောင်ပေါ်တွင် "ဗုဒ္ဓ" ထွက်ပေါ်လာလေတော့သည်။

ဗုဒ္ဓက လက်ညှိုးဖြင့် ကောင်းကင်ထက်သို့ ညွှန်ပြလိုက်ပြီး စတင် စကားပြောလိုက်လေသည်။

"အသင်လောက… လောကမှာ ငါဘုရား တစ်ပါးပဲ ရှိတယ်…"

ဗုဒ္ဓ၏ ခြေတော်ရင်းတွင် ဝန်စူးမယ်တော်နှင့် ဖူရှန်မယ်တော် ရှိနေလေသည်။

ထိုအချိန်မှာပင်… ခရမ်းရောင်ဝါးရုံတောရှိ ချောင်ယင်းဂူတွင် ကွမ်ယင်မယ်တော်ရှိနေလေသည်။ ကွမ်ယင်မယ်တော်က အနောက်ဘက်ကောင်းကင်ဘုံသို့ အံ့သြတုန်လှုပ်စွာဖြင့် လှမ်းမျှော်ကြည့်နေလေသည်။

သူမက…

"ဗုဒ္ဓ ပြန်လည်ထွက်ပေါ်လာပြီ…"

ဟု ရေရွတ်လိုက်လေသည်။

သံသရာကို ကျော်လွန်သွားပြီးသည့်နောက် လောကအလယ်တွင် ဗုဒ္ဓ ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ပေ။ ယခု အဘယ့်ကြောင့် လောကအလယ် ပြန်လည် ထွက်ပေါ်လာရပါသနည်း။

ဝိညာဉ်မြစ်ကမ်းနံဘေးတွင် ရှိနေသည့် တိကျန်ဗောဓိသကျမှာလည်း ချက်ချင်းပင် အံ့သြတုန်လှုပ်သွားလေသည်။

အဝေးတစ်နေရာတွင် မတ်တတ်ရပ်နေသည့် ရဲ့လျိုယွင်က တိကျန်ဗောဓိသကျကို လှမ်းကြည့်လိုက်ရင်း…

"ဗုဒ္ဓ ပြန်လည်ထွက်ပေါ်လာပြီ ၊ ဒီတော့ ခင်ဗျား ဘာဆက်လုပ်မှာလဲ…"

တိကျန်ဗောဓိသကျက သူ၏ ဦးခေါင်းကို တစ်ချက်ပွတ်လိုက်ရင်း…

"အခုမှ ခေါင်းကိုက်ရမယ့်ကိစ္စတွေ ဖြစ်လာပြီ…"

သူက ယခင်အချိန်က ဓမ္မကို ဖျက်စီးပစ်ခဲ့ပြီး အသစ်သော ဓမ္မကို တည်ဆောက်ထားခဲ့လေသည်။

ယခု ဗုဒ္ဓပြန်လည်ထွက်ပေါ်လာပြီ ဖြစ်လေရာ သူမျှော်လင့်ထားသမျှ ပျက်စီးရမည့်ကိန်း ကြုံရပြီ ဖြစ်သည်။

သို့သော်… ဗုဒ္ဓသာ အမိန့်ရှိလျှင် သူ့အနေဖြင့် ဗုဒ္ဓခြေတော်ရင်းသို့ မပြန်ဘဲ မနေရဲချေ။ ထို့ပြင်… ဗုဒ္ဓခြေတော်ရင်းသို့ ရောက်လျှင် သူ့အနေဖြင့် သေချာပေါက် အပြစ်ပေးခံရကိန်းကလည်း ရှိနေလေသည်။

ဗုဒ္ဓက ဒုက္ခပင်လယ်တွင် ကူးခတ်နေသည့် သက်ရှိသတ္တဝါများအားလုံးအပေါ် ကရုဏာတရားထားသူ ဖြစ်သည်။ သို့သော်… စကားနားမထောင် ၊ စည်းကမ်းမလိုက်နာသည့် သူကဲ့သို့ တပည့်များအပေါ်တွင်တော့ သေချာပေါက် အပြစ်ပေးအရေးယူမည် ဖြစ်သည်။

ရဲ့လျိုယွင်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"အင်းလေ… အသူရာချောက်ကို အပိုင်သိမ်းပြီး ကျင့်ကြံထားတဲ့ ခင်ဗျားအတွက်တော့ စိတ်မကောင်းစရာပါပဲ…"

တိကျန်ဗောဓိသကျက ပေါ့ပါးသည့်လေသံဖြင့်…

"ကိစ္စတော့ မရှိပါဘူးလေ ၊ ဆန်းလျန်က သက်ရှိသတ္တဝါအားလုံးရဲ့ အသွင်အပြင်ကို ပြောင်းလဲနေတယ် ၊ ကျုပ်လည်း မင်းနဲ့ပေါင်းပြီး ဝိညာဉ်မြစ်ကို ခမ်းခြောက်အောင် အတော်လေး လုပ်ပေးခဲ့ပြီးပြီပဲ ၊ ဒါနဲ့… ကျုပ်သွားရင် မင်း နောက်ထပ် ဘာတွေလုပ်ဖို့ အစီအစဉ်ရှိသေးလဲ ချင်တိဧကရာဇ်…"

ရဲ့လျိုယွင်က…

"တကယ်တော့ ကျုပ်တို့သဘောတူညီချက်က အစကတည်းက ပျက်စီးသွားပါပြီ ၊ ထာဝရဓားကို ဆန်းချင်းချင်းက ရသွားပြီလေ …"

တိကျန်ဗောဓိသကျက…

"အင်း… ကျုပ်လည်း ဗုဒ္ဓ ခြေတော်ရင်းကို ပြန်ရမှာပဲ…"

ရဲ့လျိုယွင်က…

"ခင်ဗျား ကျုပ်ဆီကနေ ထွက်သွားမယ်ဆိုရင် တစ်ခုတော့ သတိပေးလိုက်ချင်တယ် ၊ ထိုက်စန့်လောင်ကျွင်းနဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့ပါနဲ့…"

တိကျန်ဗောဓိသကျက ပြုံးလိုက်ရင်း…

"ထိုက်စန့်လောင်ကျွင်းက သံသရာကိုကျော်လွန်သွားပြီပဲ ၊ ဘယ်လိုလုပ် ကျုပ်နဲ့ တွေ့နိုင်တော့မှာလဲ…"

ရဲ့လျိုယွင်က ပြုံးလိုက်ရင်း…

"ဒီစကားကိုသာ မှတ်ထားပါ ၊ မဟုတ်ရင် ခင်ဗျားနဲ့ ကျုပ် ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်တော့ဘူး…"

တိကျန်ဗောဓိသကျက တစ်ခဏမျှ စဉ်းစားနေလိုက်သည်။ ရဲ့လျိုယွင်၏ စကားက ထူးဆန်းသည်ဟု သတိပြုလိုက်မိသည်။

ထို့ကြောင့် သူက ရဲ့လျိုယွင်ကို ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

"ဒါဖြင့်လည်း ကျုပ်ကို အကြံပေးတဲ့အတွက် ချင်တိဧကရာဇ်ကို ကျေးဇူးတင်ပါတယ် ၊ ကျုပ် ဘုန်းကြီး နှုတ်ဆက်ခဲ့ပါတယ်…"

နှုတ်ဆက်စကားဆိုပြီးသည်နှင့် တိကျန်ဗောဓိသကျသည် လေထဲသို့ ခြေတစ်လှမ်းချင်း လှမ်းတက်သွားပြီး သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားလေတော့သည်။

***

All Chapters