အခန်း (၉၁-၉၃)
Vol. 7 Ch. 91-93
အခန်း ၉၁ - ဘိုးဘေးကြီးက ချန်းနန်ကုန်းမြေကြီးကနေ ထွက်ခွာတော့မှာလား
‘ဘာ... ဘိုးဘေးကြီးက ချန်းနန်ကုန်းမြေကြီးကနေ ထွက်ခွာတော့မှာလား...’
ထိုသတင်းကို ကြားသိရသည့်အခါ လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ဖြူလျော့သွားကြသည်။ ထိုအခိုက်အတန့်တွင် ၎င်းတို့သည် မိဘမဲ့ကလေးများကဲ့သို့ ခံစားလိုက်ရ၏။ ဘိုးဘေးကြီးသည် သူတို့ကို ထားရစ်ခဲ့တော့မည်ဖြစ်ပြီး ၎င်းတို့ကိုလည်း အလိုမရှိတော့ဘဲ ဂရုမစိုက်တော့ဟု ထင်မှတ်နေကြသည်။
လော့လီသည် ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာပြီး ငိုရှိုက်လျက် မေးလိုက်သည်။
"ဘိုးဘေးကြီး... ဘိုးဘေးကြီးက ကျွန်မတို့ကို တကယ်ပဲ စွန့်ပစ်ခဲ့တော့မှာလား..."
အမြဲတမ်း စိတ်လှုပ်ရှားလွယ်သည့် ကျွင်းမော့ရှောင်သည်လည်း သူ၏မျက်ရည်များကို သုတ်ရင်း ရှိုက်ကြီးတငင် ပြောလေသည်။
"ဘိုးဘေးကြီး... ကျွန်တော်က အသုံးမကျလွန်းလို့လားဗျာ..."
ထိုကလေးနှစ်ယောက် ဤမျှအထိ စိတ်ထိခိုက်နေသည်ကို မြင်ရသည့်အခါ ရီယွင်မှာ မပြုံးဘဲ မနေနိုင်တော့ပေ။ သူသည် နတ်ဧကရာဇ်နယ်ပယ်သို့ ထိုးထွင်းတိုးတက်ရန်အတွက် သင့်တော်သည့်နေရာ ရှာဖွေလိုသဖြင့် ချန်းနန်ကုန်းမြေကြီးမှ ထွက်ခွာလိုခြင်း ဖြစ်သည်။
‘ဒီကလေး သုံးယောက်ကို ငါ ဘယ်လိုလုပ်ပြီး စွန့်ပစ်ခဲ့နိုင်မှာလဲ...’
မည်သို့ပင်ဆိုစေကာမူ သူသည် နဂါးနတ်ဘုရားဂိုဏ်း၏ နောက်ဆုံးကျန်ရစ်သူ တပည့်သုံးဦးကို ထာဝရနယ်ပယ်မှ သန်မာသူများ၏ အဆင့်အတန်းမျိုး ရောက်ရှိရန် ပြုစုပျိုးထောင်ပေးပြီးမှသာ စိတ်အေးလက်အေး ထွက်ခွာနိုင်မည် မဟုတ်ပါလော။
ကြောင်နက်ကြီးသည်လည်း မြေပြင်ပေါ်တွင် ပြိုလဲလျက် သနားစဖွယ် အော်ဟစ်ငိုယိုလေသည်။
"သခင်ကြီး... သခင်ကြီး ထွက်မသွားပါနဲ့... သခင်ကြီး မရှိရင် ကျွန်တော်တို့ အသက်မရှင်နိုင်ပါဘူး..."
အမြဲတမ်း တည်ငြိမ်လှသည့် မြင်းနက်ကြီးပင်လျှင် ပျာပျာသလဲ ဖြစ်သွားခဲ့သည်။ သူ၏မျက်ဝန်းများတွင်လည်း မျက်ရည်စများ ဝဲတက်လာပြီး ရီယွင်ကို လှည့်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"သခင်ကြီး... ကျွန်တော်လည်း သခင်ကြီးနဲ့အတူ လိုက်ခဲ့လို့ ရမလား..."
လူတိုင်း အထင်လွဲနေကြသည်ကို မြင်ရသည့်အခါ ရီယွင်မှာ ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားရပြီး ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။
"ငါက နောက်ထပ်နယ်ပယ်တစ်ခုကို ထိုးထွင်းတိုးတက်ဖို့ လိုအပ်နေလို့ပါ... အဲ့ဒီအခါကျရင် ကမ္ဘာပေါ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တယ်... ဒါကြောင့် ငါက သင့်တော်တဲ့နေရာတစ်ခု ရှာဖို့ လိုအပ်နေရုံပါ..."
မြင်းနက်ကြီးမှာ ထာဝရနယ်ပယ်မှ မိစ္ဆာကြီးတစ်ကောင် ဖြစ်သောကြောင့် ပို၍ သိနားလည်သဖြင့် ချက်ချင်းပင် ပြုံးပျော်သွားတော့သည်။
"သခင်ကြီးကို ဂုဏ်ပြုပါတယ်..."
ကြောင်နက်ကြီးမှာမူ မျက်တောင်တခတ်ခတ် ဖြစ်နေ၏။ သူသည် မိမိကိုယ်မိမိ မည်မျှအထိ အသိဉာဏ် နည်းပါးလှသည်ကို သတိထားမိသွားသည်။ သူသည် စစ်မှန်သောနတ်ဘုရားနယ်ပယ်၏ အထက်တွင် မည်သည့်နယ်ပယ် ရှိသည်ကိုပင် မသိချေ။
ကျွင်းမော့ရှောင်နှင့် လော့လီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ၎င်းတို့မျက်ဝန်းမှ မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ကြသည်။ ၎င်းတို့၏ ဘိုးဘေးကြီးသည် အလွန်ပင် အစွမ်းထက်လှပြီး စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ နောက်ထပ်အဆင့်သို့ ထိုးထွင်းတိုးတက်တော့မည် ဖြစ်သည်။ နောက်ထပ်နယ်ပယ်မှာ မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ မသိသော်လည်း ဘိုးဘေးကြီး၏ အဆင့်တက်မှုအတွက်မူ ဝမ်းသာနေကြသည်။
ရီယွင်သည် တည်ငြိမ်သော အမူအရာနှင့် ဘာမျှထပ်မပြောတော့ဘဲ ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ မည်သည့်နေရာသို့ သွားလိုက်သည်ကို ကျင့်ကြံမှုအဆင့် မြင့်မားလှသည့် မြင်းနက်ကြီးပင်လျှင် မသိနိုင်ခဲ့ပေ။
ဘိုးဘေးကြီး ပြန်လာမည်ကို ၎င်းတို့ သိနေသော်လည်း ရုတ်တရက်ကြီး ပျောက်ကွယ်သွားသည့်အတွက် ကျွင်းမော့ရှောင်နှင့် လော့လီတို့မှာ ခဏတာ လက်မခံနိုင်ဖြစ်နေကြပြီး စိတ်ဓာတ်များ ကျဆင်းနေကြရသည်။
ကျွင်းမော့ရှောင်က တိုးတိုးလေး ပြောလိုက်သည်။
"စီနီယာအစ်မကြီးက အခုထိ တံခါးပိတ် ကျင့်ကြံနေတုန်းပဲ... သူ ဒီသတင်းကို ကြားဦးမှာ မဟုတ်ဘူး မဟုတ်လား..."
လော့လီက ခေါင်းညိတ်ပြလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။
"ဖြစ်နိုင်တာကတော့ ဘိုးဘေးကြီးက မကြာခင် ပြန်လာမှာပါ... အဲ့ဒီအချိန်ကျရင် စီနီယာအစ်မကြီးတောင် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာဦးမှာ မဟုတ်ဘူး..."
"အင်း..."
ကျွင်းမော့ရှောင်က ခေါင်းညိတ်သည်။ လော့လီ၏ လှပလှသော မျက်နှာလေးပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူမသည် မိုးကြိုးကန်ကငှက်အကြောင်းကို တကယ်ပင် မကြားဖူးပေ။
"ဒါနဲ့... သေပြီ... မိုးကြိုးကန်ကငှက်က ဘယ်လို မိစ္ဆာသားရဲမျိုးလဲဆိုတာ ဘိုးဘေးကြီးကို မေးဖို့ မေ့သွားတယ်... ကျွန်မ တစ်ခါမှ မကြားဖူးဘူး..."
မြင်းနက်ကြီးက လေတစ်ချက် အသာအယာ မှုတ်ထုတ်လိုက်ရာ ဟင်းလင်းပြင်ထက်တွင် မိုးကြိုးကန်ကငှက်၏ ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ ဧရာမ အပြာရောင် ငှက်ကြီးတစ်ကောင်ဖြစ်ပြီး အပြာရောင်လွမ်ငှက်နှင့် အနည်းငယ် ဆင်တူသော်လည်း တစ်ကိုယ်လုံးမှာ ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီးများဖြင့် ဝန်းရံနေပြီး ပေါက်ကွဲထွက်တော့မည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။
"ဒါက မိုးကြိုးကန်ကငှက်ပဲ..."
ကျွင်းမော့ရှောင်က ခေါင်းညိတ်လိုက်သည်။
"ဪ... ဒါက မိုးကြိုးကန်ကငှက်ကိုး..."
ထို့နောက် သူနှင့် စီနီယာအစ်မ လော့လီတို့သည် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး လျှပ်စီးတောင်တန်းဆီသို့ ဦးတည်သွားကြတော့သည်။
ကြောင်နက်ကြီးသည် သူ၏လက်သည်းကို မြှောက်လျက် လျှပ်စီးတောင်တန်းဆီသို့ ကြည့်ကာ ရဲရဲဝံ့ဝံ့ အဆိုပြုလိုက်သည်။
"ဦးလေးမြင်း... ကျွန်တော် သွားပြီးတော့ သခင်လေးနှစ်ယောက်ကို ကာကွယ်ပေးရင် မကောင်းဘူးလား..."
မြင်းနက်ကြီးက ပြုံးလိုက်ရာ သူ၏ခန္ဓာကိုယ်ပေါ်မှ ဇက်ကြိုးများမှာ ရုတ်တရက် ပြုတ်ကျသွားသည်။
"မင်း ဒီမှာပဲ နေပြီးတော့ ရထားလုံးကို စောင့်နေစမ်းပါ... သခင်ကြီး မရှိတုန်း ငါလည်း ခြေလက် နည်းနည်းလောက် ဆန့်ထုတ်ရဦးမယ်..."
ထို့နောက် သူသည် ရှေ့သို့ နှစ်လှမ်းမျှ လှမ်းလိုက်ကာကိုယ်ကို ခါယမ်းလိုက်ရာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
မြင်းနက်ကြီးသည် သူ၏ ဖြူဖွေးလှသော သွားများကို ပေါ်အောင် ပြုံးပြလိုက်ပြီး ရယ်မောလိုက်သည်။
"ဟဲဟဲ... ဦးလေးမြင်းရဲ့ ခန့်ညားတဲ့ ပုံစံကို ဘယ်လိုမြင်လဲ... တကယ်ကို ချောမောခန့်ညားတယ် မဟုတ်လား... ဟဲဟဲ..."
ဦးလေးမြင်း လူအဖြစ် ပြောင်းလဲသွားသည်ကို မြင်ရသည့်အခါ ကြောင်နက်ကြီးသည်လည်း သူ၏ခန္ဓာကိုယ်ကို ခါယမ်းလိုက်ရာ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူသည် ရထားလုံးပေါ်တွင် ထိုင်လိုက်ပြီး မြင်းနက်ကြီးကို လက်မထောင်ပြလိုက်၏။
"ဦးလေးမြင်းက တကယ်ကို ထိပ်တန်းပဲဗျာ... ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်တဲ့ အရှိန်အဝါမျိုး ရှိတာပဲ... သခင်ကြီးကလွဲရင် ဘယ်သူမှ ဦးလေးကို မကျော်နိုင်ပါဘူး..."
မြင်းနက်ကြီးသည် အားရပါးရ ရယ်မောလိုက်သည်။
"ဟားဟားဟား... ကြောင်ပေါက်လေး... ဦးလေးမြင်းက ဒီလိုစကားမျိုး ကြားရတာကို အရမ်းကြိုက်တာပဲ..."
သူသည် မမောနိုင်မပန်းနိုင် ရထားလုံးကို ဆွဲလာခဲ့ရပေသည်။ ယခု သခင်ကြီး မရှိစဉ်တွင် သူလည်း လှုပ်လှုပ်ရှားရှား လုပ်ဆောင်လိုခြင်းပင်။
"ကြောင်ပေါက်လေး... ရထားလုံးကို သေသေချာချာ စောင့်နေနော်... ဦးလေးမြင်း သွားနှင့်ပြီ..."
မြင်းနက်ကြီးသည် ရယ်မောလျက် ထွက်ခွာသွားတော့သည်။ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးအဖြစ် ပြောင်းလဲနေသည့် ကြောင်နက်ကြီးသည် ရထားလုံးပေါ်တွင် ပျင်းရိစွာ ထိုင်နေရင်း ကောင်းကင်ကြီးကို ငေးကြည့်နေမိသည်။
‘သခင်ကြီးက စစ်မှန်သောနတ်ဘုရား ဖြစ်နေပြီကိုတောင် ထပ်ပြီး အဆင့်တက်နိုင်သေးတယ်တဲ့... နောက်ထပ်နယ်ပယ်က ဘာဖြစ်မလဲ...’
ကြောင်နက်ကြီးသည် မိမိဘာသာ တတွတ်တွတ် ရေရွတ်နေတော့သည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည်လည်း ပျင်းရိလာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး ၎င်းကို ရွှေ့ရန် ကြိုးစားကြည့်သော်လည်း ရထားလုံးမှာ လက်မဝက်မျှပင် မရွေ့ချေ။
"ဘုရားရေ... ဒီရထားလုံးက တကယ်ကို ထူးခြားတာပဲ... ငါလို ကြောင်အိုကြီးတောင် မရွှေ့နိုင်ဘူးလား..."
ကြောင်နက်ကြီး၏ မျက်နှာမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရသည်။ သူသည် သက်ပြင်းချလိုက်သည်။
"ငါ ဒီမှာပဲ စောင့်နေရတော့မှာပေါ့..."
နောက်ဆုံးတွင် ကြောင်နက်ကြီးမှာ ရထားလုံးပေါ်သို့ ပြန်တက်ကာ တင်ပျဉ်ခွေထိုင်လျက် မျက်လုံးများကို မှိတ်ပြီး ကျင့်ကြံနေလိုက်ရတော့သည်။
မူလပင်လယ်နယ်ပယ်မှ လူငယ်ကျင့်ကြံသူ အချို့သည် ကောင်းကင်တံတားနယ်ပယ် အဆင့် ၁၀ မှ သူအိုကြီးတစ်ဦးကို ဦးဆောင်လျက် ရထားလုံးရှိရာသို့ အဝေးမှ ပျံသန်းလာကြသည်။
"ဒါ မင်းပြောတဲ့ အနက်ရောင် ရထားလုံးလား..."
"ဟုတ်ပါတယ် စီနီယာ... ဒီမှာ စကားပြောတတ်တဲ့ အစွမ်းထက်တဲ့ မိစ္ဆာတစ်ကောင် ရှိတယ်... သူက တော်တော်လေး သန်မာပုံရတယ်... တကယ်လို့ သူ့ကို သတ်နိုင်ရင် သူ့ရဲ့ မိစ္ဆာအနှစ်သာရက သေချာပေါက် ဈေးကောင်းရမှာပဲ..."
ကောင်းကင်တံတားနယ်ပယ် အဆင့် ၁၀ မှ သူအိုကြီးသည် သူ၏ဘေးမှ ကျင့်ကြံသူများကို ဒေါသတကြီး မေးမြန်းလိုက်သည်။
"မင်းတို့ပြောတဲ့ မိစ္ဆာကြောင်က ဘယ်မှာလဲ... ဒီမှာက အနက်ရောင်ဝတ်စုံနဲ့ လူငယ်တစ်ယောက်ပဲ ရှိတာကို..."
ကျင့်ကြံသူတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ကျွန်တော် မှတ်မိသလောက်တော့ ဒီရထားလုံးရှေ့မှာ ဧရာမ မြင်းနက်ကြီးတစ်ကောင်လည်း ရှိသေးတယ်... မြင်းက ဘယ်ရောက်သွားတာလဲ... တစ်ယောက်ယောက်က ခိုးသွားတာလား..."
နောက်ထပ် လူငယ်ကျင့်ကြံသူတစ်ဦးက ညှိုးငယ်သော မျက်နှာနှင့် ပြောလိုက်သည်။
"စီနီယာ... ဖြစ်နိုင်တာကတော့ ကျွန်တော်တို့ နောက်ကျသွားလို့ တစ်ယောက်ယောက်က အရင်ဦးသွားတာ ထင်တယ်..."
ကောင်းကင်တံတားနယ်ပယ်မှ အကြီးအကဲသည် သူ၏ဒေါသကို မထုတ်ဖော်ရသေးမီမှာပင် ရထားလုံးပေါ်တွင် ထိုင်နေသည့် လူငယ်လေးသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ ထိုလူငယ်လေးသည် ရုတ်တရက် ပြောင်းလဲသွားပြီး တောင်တစ်လုံးပမာ ကြီးမားလှသည့် ကြောင်နက်ကြီးအဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"ကြောင်ဘိုးဘိုးက ဒီမှာဟေ့..."
အခန်း ၉၁ ပြီးပါပြီ။
အခန်း ၉၂ - ဟင်းလင်းပြင်ကို ဆွဲဖြဲ၍ မိုင်ပေါင်း သန်းတစ်ရာကို ကျော်ဖြတ်ခြင်း
"ပြန်လည်မွေးဖွားခြင်းနယ်ပယ်က မိစ္ဆာသားရဲတစ်ကောင်ပါလား..."
တောင်ငယ်တစ်လုံးပမာ ကြီးမားလှသည့် ကြောင်နက်ကြီးကို ကြည့်ရင်း ကောင်းကင်တံတားနယ်ပယ်မှ သူအိုကြီးသည် အမြင်အာရုံများ ဝေဝါးလာကာ ထိတ်လန့်လွန်းသဖြင့် ချက်ချင်းပင် မေ့လဲသွားခဲ့သည်။
အခြားသော မူလပင်လယ်နယ်ပယ်မှ လူငယ်ကျင့်ကြံသူများမှာမူ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ရွှံ့နွံပမာ ပျော့ခွေလဲကျသွားကြရသည်။
ရထားလုံးပေါ်ရှိ သာမန် ကြောင်နက်ကြီးမှာ အမှန်တကယ်တွင် ပြန်လည်မွေးဖွားခြင်းနယ်ပယ် မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေလိမ့်မည်ဟု ၎င်းတို့အနက် တစ်ဦးတစ်ယောက်မျှ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
"လောဘကြီးတဲ့ လူသားတွေဟာ သူတို့ရဲ့ လောဘအတွက် အမြဲတမ်း တန်ဖိုးပေးဆပ်ရမှာပဲ... ဒီနေ့တော့ မင်းတို့ရဲ့ ကြောင်ဘိုးဘိုးက ကောင်းကင်တာအိုရဲ့ သံသရာကိုကိုယ်စားပြုပြီး မင်းတို့အတွက် နောက်ဆုံးစီရင်ချက်ကို ချမှတ်ပေးမယ်..."
ကြောင်နက်ကြီးသည် တမင်တကာပင် တည်ကြည်သော မျက်နှာထားဖြင့် ဖန်တီးလိုက်သည်။ သူသည် လေတစ်ချက် အသာအယာ မှုတ်ထုတ်လိုက်ရာ အင်အားချည့်နဲ့နေသည့် မူလပင်လယ်နယ်ပယ် ကျင့်ကြံသူများအပေါ်သို့ ကျရောက်သွားပြီး ၎င်းတို့ကို ချက်ချင်းပင် သတိလစ်သွားစေခဲ့သည်။
‘ငါကတော့ သခင်ကြီးရဲ့ အသက်ရှူထုတ်တဲ့ အတတ်ပညာကို အတုခိုးဖို့ အတော်လေး လိုသေးတာပဲ...’
ကြောင်နက်ကြီးသည် မတတ်သာသည့်အဆုံး တဟီးဟီး ရယ်မောလိုက်ပြီး မြေပြင်ပေါ်ရှိ လူများကို ကောက်ယူကာ အားရပါးရ ကျွတ်ကျွတ်ဝါးစားလိုက်တော့သည်။
ထိုလူအနည်းငယ်ကို စားသုံးပြီးနောက် ကြောင်နက်ကြီးသည် လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်ပြီး ရထားလုံးပေါ်တွင် ထိုင်လျက် မျက်လုံးများကို မှိတ်ကာ အနားယူနေလိုက်သည်။
သူ့ကို လာရောက်နှောင့်ယှက်မည့်သူများ ထပ်မံရှိနေလျှင်လည်း သူ ဂရုမစိုက်ပေ။
သခင်ကြီး၏ ရထားလုံးကို မည်သူမဆို ရည်ရွယ်ချက်ရှိရှိ လာရောက်ပတ်သက်လျှင် မည်သည့်ကရုဏာမျှ မထားဘဲ ဝါးစားပစ်မည်ဟု ကြောင်နက်ကြီးက ဆုံးဖြတ်ထားပြီး ဖြစ်သည်။
လျှပ်စီးတောင်တန်း၏ အထက် ကောင်းကင်ယံတွင် အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် တစ်နေရာသို့ ရုတ်တရက် လှမ်းကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ဆဲရေးလိုက်သည်။
"ဒီကြောင်ပေါက်လေးကတော့... အစွမ်းအစက မရှိဘဲနဲ့ ဟန်ပန်ထုတ်ရတာကိုတော့ သိပ်ဝါသနာပါတာပဲ... သခင်ကြီးရဲ့ အသက်ရှူထုတ်တဲ့ အတတ်ကို မင်းက သင်ယူနိုင်မယ် ထင်နေတာလား... မင်းရဲ့ ဦးလေးမြင်းတောင်မှ အဲ့ဒါကို မလုပ်နိုင်ဘူး..."
သူ၏ အသံသည် ဆန်းကြယ်သော စွမ်းအားတစ်ခု ပါဝင်နေသကဲ့သို့ မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာကို ဖြတ်သန်းသွားပြီး ကြောင်နက်ကြီး၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။
"ဦးလေးမြင်း... ကျွန်တော် နောက်တစ်ခါ သခင်ကြီးကို အဲ့ဒီလိုမျိုး အတုမခိုးရဲတော့ပါဘူး..."
ကြောင်နက်ကြီးသည် အလျင်အမြန်ပင် အသနားခံလိုက်ရသည်။
"ကြောင်ပေါက်လေး... ရထားလုံးကို သေသေချာချာ စောင့်ကြည့်နေစမ်း... အဲ့ဒါက မင်းရဲ့ အရေးကြီးဆုံး တာဝန်ပဲ..."
အနက်ရောင်ဝတ်စုံဝတ် သက်လတ်ပိုင်း အမျိုးသားသည် တဟားဟား ရယ်မောလိုက်ပြီး လျှပ်စီးတောင်တန်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဟန်ပါပါဖြင့် ထွက်ခွာသွားတော့သည်။
အပြာရောင် ပင်လယ်ပြင်၏ အထက်တွင် ဟင်းလင်းပြင်မှာ လှိုင်းတွန့်သကဲ့သို့ ဖြစ်ပေါ်လာပြီး ရုတ်တရက် ဝတ်စုံဖြူဝတ် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
‘အင်း... ငါ ချန်းနန်ကုန်းမြေကြီးရဲ့ အဲ့ဒီကျွန်းကနေ ထွက်လာခဲ့ပြီပဲ...’
ရီယွင်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။
မကြာသေးမီ တခဏလေးကပင် သူသည် ဟင်းလင်းပြင်ကို အဆက်မပြတ် ဆွဲဖြတ်ကာ မိုင်ပေါင်း သန်းတစ်ရာကို ကျော်ဖြတ်ခဲ့ပြီး ရှန်ဖုန်းမင်းဆက်မှတစ်ဆင့် ချန်းနန်ကုန်းမြေကြီး၏ အပြင်ဘက်သို့ တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်သည်။
သူသည် ချန်းနန်ကုန်းမြေကြီး၏ အစွန်အဖျားရှိ ဤပင်လယ်ပြင်ဒေသသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤပင်လယ်ပြင်မှာ ချန်းနန်ကုန်းမြေကြီးမှ မိုင်ပေါင်း သန်းနှင့်ချီ၍ ဝေးကွာဖွယ်ရှိပြီး လူသူအရောက်အပေါက် နည်းပါးလှသည့် နေရာတစ်ခု ဖြစ်သည်။
ချန်းနန်ကုန်းမြေကြီးမှ မည်သည့်အရပ်မျက်နှာသို့မဆို မိုင်ပေါင်း သန်းနှင့်ချီ၍ ပျံသန်းသွားပါက သေမင်းတားမြစ်နယ်မြေသို့ ရောက်ရှိမည် ဖြစ်သည်။
သာမန်ကျင့်ကြံသူများ၏ စိတ်ထဲတွင် ချန်းနန်ကုန်းမြေကြီးကို ဝန်းရံထားသည့် သမုဒ္ဒရာကြီးမှာ အတိုင်းအဆမရှိ ကျယ်ပြောလှသဖြင့် မိုင်ပေါင်း သန်းနှင့်ချီ၍ ပျံသန်းနိုင်သည့် ကျင့်ကြံသူ အနည်းငယ်မျှသာ ရှိပေသည်။
၎င်းမှာ အကွာအဝေးကြောင့်သာ မဟုတ်ပေ။
ပို၍ အရေးကြီးသည်မှာ ဤပင်လယ်ပြင်၏ အနက်ပိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာသားရဲအမျိုးမျိုးဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။
ပင်လယ်ပြင်အထက်မှ တိုက်ရိုက် ပျံသန်းသွားပါက ထိုမိစ္ဆာသားရဲများ၏ တိုက်ခိုက်ခြင်းကို အလွယ်တကူ ခံရနိုင်ပေသည်။ မိုင်ပေါင်း သန်းနှင့်ချီ၍ ထပ်မံဝေးကွာသော နေရာမှာမူ တကယ့် အိပ်မက်ဆိုးကြီး စတင်သည့် နေရာပင် ဖြစ်သည်။
ထာဝရနယ်ပယ် ကျင့်ကြံမှုအဆင့် မရှိဘဲ ထိုသေမင်းနယ်မြေသို့ ရောက်ရှိသွားပါက နောက်ထပ်တစ်လှမ်းမျှပင် ဆက်လှမ်းနိုင်ရန် မျှော်လင့်ချက် မရှိတော့ပေ။
ထိုနေရာတွင် ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်နေပြီး ကောင်းကင်မိုးကြိုးများနှင့် မြေကမ္ဘာမီးလျှံများမှာ အဆက်မပြတ် လိပ်တက်နေတတ်သည်။ ထာဝရနယ်ပယ် သန်မာသူများပင်လျှင် ထိုနေရာတွင် ခုနစ်ရက်မျှ တောင့်ခံနိုင်မည် မဟုတ်ပေ။
ထိုစဉ်က ရီယွင်သည် ချန်းနန်ကုန်းမြေကြီး၏ ထိပ်သီးသန်မာသူအဖြစ် သူ၏နဂါးနတ်ဘုရားခန္ဓာကိုယ်ကို အားကိုး၍ သုံးလတိတိ ပျံသန်းခဲ့သော်လည်း အဆုံးသတ်ကို ရှာမတွေ့နိုင်ခဲ့ချေ။
သို့သော်လည်း သူ၏ ထူးကဲလှသော နတ်ဘုရားစွမ်းအားများကို အသုံးပြု၍ အခြားတစ်ဖက်တွင် ကုန်းမြေကြီးတစ်ခု ရှိနေသည်ကို မှေးမှိန်စွာ မြင်တွေ့ခဲ့ရသည်။
"ဝုန်း..."
အပြာရောင် ပင်လယ်ရေပြင်သည် ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲထွက်သွားပြီး ရေမှုန်ရေမွှားများမှာ ကောင်းကင်ယံသို့ မြင့်တက်သွားခဲ့သည်။ ဧရာမ ပုံရိပ်ကြီးတစ်ခုမှာ ပင်လယ်ထဲမှ ခုန်ထွက်လာပြီး ၎င်း၏ သွေးအိုင်သဖွယ် ကြီးမားလှသော ပါးစပ်ကြီးကို ဟလျက် ရီယွင့်ထံသို့ ပြေးဝင်လာသည်။
ရီယွင်သည် ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏လက်ချောင်းဖြင့် အသာအယာ တောက်လိုက်ရာ ထိုဧရာမ ပင်လယ်မိစ္ဆာကြီးမှာ ပြာမှုန်တစ်မှုန်ကဲ့သို့ ပျောက်ကွယ်သွားလေသည်။
၎င်းမှာ ကံကြမ္မာနယ်ပယ် အဆင့် ၁၀ ရှိသည့် ပင်လယ်မိစ္ဆာတစ်ကောင် ဖြစ်သည်။ သို့သော် ရီယွင့်အတွက်မူ ထိုအရာမှာ အသေးအဖွဲမျှသာ ဖြစ်သဖြင့် ခဏချင်းအတွင်း ဖြေရှင်းလိုက်နိုင်သည်။
သူသည် ကောင်းကင်ယံထက်တွင် အေးအေးလူလူပင် ပျံသန်းနေလိုက်သည်။
ယခုတင်က မိုင်ပေါင်း သန်းတစ်ရာကို ကျော်ဖြတ်ရန် ဟင်းလင်းပြင်ကို အဆက်မပြတ် ဆွဲဖြတ်ခဲ့ရခြင်းက ရီယွင်၏ စွမ်းအင်များကို များစွာ ကုန်ဆုံးစေခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ စွမ်းအားများကို ဦးစွာ ပြန်လည်ဖြည့်တင်းရန် လိုအပ်ပေသည်။
ရီယွင်သည် ဆေးလုံးအချို့ကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး လေညင်းကို စီးလျက် ပျံသန်းနေသည်။
သူ၏ လက်ရှိကျင့်ကြံမှုမှာ စစ်မှန်သောနတ်ဘုရားနယ်ပယ် အဆင့် ၁၀ အထွတ်အထိပ်တွင် ရှိနေသဖြင့် ချန်းနန်ကုန်းမြေကြီး၏ တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံးတွင် ရှိနေသည်။
သို့သော်လည်း မိုင်ပေါင်း သန်းတစ်ရာကို ကျော်ဖြတ်ရန် ဟင်းလင်းပြင်ကို အဆက်မပြတ် ဆွဲဖြတ်ခြင်းမှာ ရီယွင်၏ ခန္ဓာကိုယ်အပေါ် အလွန်အမင်း ဝန်ပိစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် နဂါးဘိုးဘေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် ဟင်းလင်းပြင်ကို အဆက်မပြတ် ဆွဲဖြတ်ခြင်းမှ ထွက်ပေါ်လာသည့် ဖိအားများကို တောင့်ခံနိုင်ခဲ့သည်။
‘စစ်မှန်တဲ့နတ်ဘုရားနယ်ပယ်က အခုထိ အားနည်းနေသေးတာပဲ... တကယ်လို့ ငါက နတ်ဧကရာဇ်နယ်ပယ်ကို တစ်နေ့မှာ ရောက်သွားခဲ့ရင်တော့ မိုင်ပေါင်း သန်းတစ်ရာကို ကျော်ဖြတ်ဖို့ ဟင်းလင်းပြင်ကို ဆွဲဖြတ်ရတာက ထမင်းစားရေသောက်သလို လွယ်ကူသွားမှာပဲ...’
ရီယွင်သည် ခပ်ဖွဖွ ပြုံးလိုက်သည်။
စစ်မှန်သောနတ်ဘုရားနယ်ပယ်၏ အထက်တွင် နတ်ဧကရာဇ်နယ်ပယ်၊ ထို့နောက် နတ်ဥသျှောင်နယ်ပယ်နှင့် ၎င်းနောက်တွင် နတ်ဘုရင်နယ်ပယ်တို့ ရှိနေပေသည်။
နတ်ဘုရင်နယ်ပယ်သို့ ရောက်ရှိရန်မှာ ရီယွင့်အတွက် ဝေးကွာနေသေးသည့် ခရီးတစ်ခု ဖြစ်သည်။
သို့သော်လည်း ရီယွင်သည် စိုးရိမ်ပူပန်ခြင်း မရှိပေ။
နှစ်ပေါင်း တစ်သိန်းတိုင်တိုင် ဝင်ရောက်မှုပြုလုပ်ခဲ့ခြင်းက သူ့အား ဖော်ပြမရနိုင်လောက်သည့် အရင်းအမြစ်များကို ရရှိခဲ့ပြီးဖြစ်ရာ သူ၏ကျင့်ကြံမှုမှာ မည်သည့်အတားအဆီးမျှမရှိဘဲ ချောမွေ့စွာ တိုးတက်လာမည်မှာ သေချာပေသည်။
ဆေးလုံးအချို့ကို စားသုံးပြီးနောက် ရီယွင်သည် သူ၏စွမ်းအားများကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။ သူသည် ဟင်းလင်းပြင်ကို အကြိမ်ကြိမ် ဆက်တိုက် ဆွဲဖြတ်လိုက်ရာ မိုင်ပေါင်း သန်းနှင့်ချီ၍ ဝေးကွာသော နေရာသို့ ရောက်ရှိလာခဲ့သည်။
‘ငါ ပြန်ရောက်လာပြန်ပြီပဲ...’
ရှေ့မှ ရင်းနှီးနေသည့် မြင်ကွင်းကို ကြည့်ရင်း ရီယွင်မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူ ဤနေရာတွင် နောက်ဆုံးရှိခဲ့သည်မှာ နှစ်ပေါင်း တစ်သိန်းတိုင်ခဲ့ပြီ ဖြစ်သည်။
နှစ်ပေါင်း တစ်သိန်းအတွင်း ချန်းနန်ကုန်းမြေကြီးမှ လူများ၊ အရာဝတ္ထုများမှာ ပြောင်းလဲသွားခဲ့ပြီး ပင်လယ်များမှာလည်း လယ်ကွင်းများအဖြစ် ပြောင်းလဲခဲ့သော်လည်း ဤပင်လယ်ပြင်အထက်ရှိ ကောင်းကင်ထိစပ်နေသည့် အတားအဆီးကြီးမှာမူ မပြောင်းလဲဘဲ ကျန်ရစ်နေဆဲ ဖြစ်သည်။
ရီယွင်၏ ရှေ့တွင်ရှိနေသည်မှာ ပင်လယ်ရေပြင်နှင့် ကောင်းကင်ယံကို ဆက်သွယ်ထားသည့် ဝါဂွမ်းရောင် အတားအဆီးကြီးတစ်ခု ဖြစ်သည်။
ထိုဝါဂွမ်းရောင် အတားအဆီးကြီး၏ အတွင်းဘက်တွင် ပြင်းထန်သော လေမုန်တိုင်းများ၏ ဟိန်းဟောက်သံများကို အဆက်မပြတ် ကြားနေရပြီး လျှပ်စီးများမှာလည်း ရံဖန်ရံခါ လက်ခနဲ လင်းထိန်သွားတတ်သည်။
ထူးဆန်းသည်မှာ ဤအတားအဆီး၏ အပြင်ဘက်တွင် ရာသီဥတုမှာ သာယာပြီး တည်ငြိမ်နေသော်လည်း အတားအဆီး၏ အတွင်းဘက်မှာမူ ကမ္ဘာပျက်ကိန်း ဆိုက်ရောက်နေသကဲ့သို့ ရှိနေခြင်းပင်။
ရီယွင်သည် ထိုလေမုန်တိုင်းနယ်မြေဆီသို့ ဦးတည်ရန် ပြင်ဆင်လိုက်စဉ်မှာပင် အတားအဆီးအတွင်းမှ လူပုံရိပ်နှစ်ခုမှာ သနားစဖွယ် အခြေအနေဖြင့် ပျံသန်းထွက်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
ရီယွင်၏ မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ ထိုသူတို့မှာ ထာဝရနယ်ပယ် ကျင့်ကြံသူနှစ်ဦး ဖြစ်သည်ကို သိရှိသွားသည့်အခါ သူသည် မပြုံးဘဲ မနေနိုင်တော့ပေ။
ထာဝရနယ်ပယ် ကျင့်ကြံသူများကို မတွေ့ရသည်မှာ ကြာပြီဖြစ်ရာ ၎င်းတို့ကို မြင်တွေ့ရခြင်းက သူ့အား လွမ်းဆွတ်မှုကို အနည်းငယ် ခံစားရစေသည်။
ထိုကျင့်ကြံသူနှစ်ဦးမှာ လေမုန်တိုင်းနယ်မြေထဲမှ ပျံသန်းထွက်လာကြပြီး ဝတ်စားဆင်ယင်မှုများမှာ ဖရိုဖရဲ ဖြစ်နေကာ မျက်နှာများတွင်လည်း ထိတ်လန့်မှုများ ကျန်ရှိနေဆဲ ဖြစ်သည်။
"ဒီကောင်းကင်လမ်းကို ဖြတ်ကျော်ဖို့က မလွယ်ကူဘူးပဲ... ငါတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်က အခုထိ အားနည်းနေသေးတာပဲ..."
အပြာရောင်ဝတ် လူအိုကြီးတစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ဟုတ်တယ်... ရှေးယခင်ကတည်းက အခုထိ ထာဝရနယ်ပယ် ကျင့်ကြံသူ အနည်းငယ်ပဲ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တာ..."
အခြားသော ဝတ်စုံနီဝတ် လူအိုကြီးက သက်ပြင်းချလျက် ပြောလိုက်သည်။
‘တစ်ယောက်ယောက်က ဒီအတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့တယ်တဲ့လား...’
ရီယွင်သည် ဤအချက်ကို အနည်းငယ် မယုံနိုင်သကဲ့သို့ ဖြစ်သွားခဲ့သည်။ သူသည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ ထိုလူနှစ်ဦး၏ ရှေ့မှောက်သို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"မိတ်ဆွေတို့... နှုတ်ခွန်းဆက်သပါတယ်..."
ရီယွင်သည် လက်သီးကို လက်ဝါးဖြင့်ဆုပ်ကာ ဂါရဝပြုလိုက်ပြီး တည်ငြိမ်သော အပြုံးနှင့် ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ..."
ဝတ်စုံဖြူဝတ် လူငယ်တစ်ဦး ရုတ်တရက် ပေါ်လာခြင်းကြောင့် ထိုထာဝရနယ်ပယ် သူအိုကြီးနှစ်ဦးမှာ လန့်ဖျပ်သွားကြရသည်။
ဤဝတ်စုံဖြူဝတ် လူငယ်သည် ၎င်းတို့၏ ဘေးနားသို့ တစ္ဆေတစ်ကောင်ပမာ ပေါ်လာခြင်း ဖြစ်သည်။ အကယ်၍ သူသာ မကောင်းသော ရည်ရွယ်ချက်ရှိပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့လျှင် ၎င်းတို့မှာ အသက်ရှင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပါလော။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ကိုယ်တိုင်မှာ ထာဝရနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ဝတ်စုံဖြူဝတ် လူငယ် ချဉ်းကပ်လာသည်ကိုပင် သတိမပြုမိခဲ့ကြသဖြင့် ထိုလူငယ်၏ ကျင့်ကြံမှုမှာ မည်မျှအထိ နက်နဲလှသည်မှာ သိသာလှပေသည်။
"ကျွန်တော်က ပင်လယ်ရပ်ခြားက တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်ပါ..."
ရီယွင်သည် ပြုံးလျက် ပြောလိုက်သည်။ သူသည် ထိုသူအိုကြီးနှစ်ဦးကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"မင်းတို့ ပြောနေတဲ့ ကောင်းကင်လမ်းဆိုတာက ဘာလဲ..."
အခန်း ၉၂ ပြီးပါပြီ။
အခန်း ၉၃ - ကောင်းကင်လမ်းမကြီး
"မိတ်ဆွေက ကောင်းကင်လမ်းမကြီးအကြောင်းကို မသိဘူးလား..."
ဝတ်စုံဖြူဝတ် လူငယ်အား ကြည့်ရင်း ထိုသူအိုကြီးနှစ်ဦးမှာ အံ့အားသင့်သွားကြပြီး မယုံကြည်နိုင်သကဲ့သို့ ဖြစ်နေကြသည်။
ဤဝတ်စုံဖြူဝတ် လူငယ်သည် ရုပ်ရည်ခန့်ညားကာ ထူးကဲသည့် ဟန်ပန်အမူအရာ ရှိလှပြီး သမျိုးလောကမှ မဟုတ်သော နတ်သားတစ်ပါးပမာ တင့်တယ်လှပေသည်။ သူ၏ကိုယ်ပေါ်မှ ဖော်ပြမရနိုင်သော မဟာနဂါးနတ်ဘုရား အရှိန်အဝါများမှာ သူ၏ ကျင့်ကြံမှုနယ်ပယ်ကို ဖုံးကွယ်ထားသည်။
ထိုထာဝရနယ်ပယ် သန်မာသူနှစ်ဦး၏ စိတ်ထဲတွင်မူ ဤလူငယ်သည် သူ၏ အော်ရာကို ဖုံးကွယ်ရန် လျှို့ဝှက်အတတ်တစ်ခုခု အသုံးပြုထားသည်ဟု တွေးထင်နေကြ၏။ ထို့ကြောင့်လည်း ၎င်းတို့သည် သူ၏ ကျင့်ကြံမှုအဆင့်ကို ခန့်မှန်း၍ မရခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ရီယွင်အား သာမန်ကျင့်ကြံသူတစ်ဦးအဖြစ် မဆက်ဆံဘဲ ၎င်းတို့နှင့် အဆင့်တူညီသည့် ထာဝရနယ်ပယ် ကျင့်ကြံသူတစ်ဦးအဖြစ်သာ သဘောထားလိုက်ကြသည်။ ထို့ကြောင့် မည်သူမျှ ရိုင်းပျသော အမူအရာ မပြရဲကြပေ။
ဝတ်စုံပြာဝတ် သူအိုကြီးက ပြုံးလျက် မေးလိုက်သည်။
"မေးပါရစေ... မိတ်ဆွေက ဒီအတောအတွင်းမှာ ကျင့်စဉ်တံခါးပိတ် ကျင့်ကြံနေတာလား..."
"အဲ့ဒီလိုပဲ ပြောရမှာပေါ့..."
ရီယွင်က ခပ်ဖွဖွ ပြုံးလျက် ပြန်ဖြေလိုက်သည်။
နှစ်ပေါင်း တစ်သိန်းတိုင်အောင် ခေါင်းတလားထဲတွင် လဲလျောင်းနေခြင်းမှာလည်း တံခါးပိတ်ကျင့်ကြံခြင်း တစ်မျိုးဟု ဆိုနိုင်သည် မဟုတ်ပါလော။
နှစ်ပေါင်း တစ်သိန်းဆိုသော အချိန်သည် လောကကြီးကို ပြောင်းလဲစေခဲ့ပြီ ဖြစ်သည်။ ပြင်ပလောကတွင် အရာရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ချန်းနန်ကုန်းမြေကြီးသည် ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု ရီယွင်ပင် ထင်မှတ်မထားခဲ့ပေ။
နှစ်ပေါင်း သောင်းချီတိုင်အောင် မပြောင်းလဲဘဲ ကျန်ရှိနေသည့် ဤ ရှေးဟောင်း အတားအဆီးကြီး၏ အတွင်း၌ ကောင်းကင်လမ်းမကြီးဟု ခေါ်ဆိုသော အရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
သူ့ကို အံ့အားသင့်စေဆုံး အချက်မှာ လူအချို့သည် ဤကောင်းကင်လမ်းမကြီးကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့ပြီး အတားအဆီးကို ကျော်လွှားကာ ကုန်းမြေအသစ်တစ်ခုသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။
"ဪ... ဒါကြောင့်ကိုး..."
ထိုထာဝရနယ်ပယ် သူအိုကြီးနှစ်ဦးမှာ တစ်ပြိုင်နက်တည်း နားလည်သွားကြဟန် ရှိသည်။
ဝတ်စုံပြာဝတ် သူအိုကြီးက ဆက်လက် ရှင်းပြလေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးသောင်းခန့်က နှင်းခဲဖီးနစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ ထာဝရနယ်ပယ် အဆင့် ၁၀ အထွတ်အထိပ်ကို ရောက်ရှိခဲ့တယ်... သူမဟာ ဒီလေမုန်တိုင်းနယ်မြေထဲကို ဝင်ရောက်လာပြီး အလွန်ရှေးကျတဲ့ လမ်းမကြီးတစ်ခုကို ရှာတွေ့ခဲ့တယ်... အဲ့ဒီလမ်းအတိုင်း လိုက်သွားမယ်ဆိုရင် ချန်းနန်ကုန်းမြေကြီးကနေ တကယ်ပဲ ထွက်ခွာသွားနိုင်တာပဲ..."
ဝတ်စုံနီဝတ် သူအိုကြီးကလည်း ဝင်ရောက်ပြောဆိုသည်။
"ဒီလမ်းကို နောက်ပိုင်းလူတွေက ရှေးဟောင်းကောင်းကင်လမ်းမကြီးလို့ အမည်ပေးခဲ့ကြတယ်... ဒီလမ်းက အန္တရာယ် အတော်လေး နည်းပါးတယ်... အကယ်၍ ကျင့်ကြံမှုနယ်ပယ်ကသာ လုံလောက်အောင် သန်မာမယ်ဆိုရင် နှင်းခဲဖီးနစ်ဂိုဏ်းချုပ်လိုမျိုး ဒီကောင်းကင်လမ်းမကြီးကတစ်ဆင့် ထွက်ခွာသွားပြီး ပိုပြီး ကျယ်ပြောတဲ့ ပြင်ပကမ္ဘာထဲကို ဝင်ရောက်နိုင်မှာပဲ..."
ရီယွင်သည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ဤအတားအဆီး၏ အတွင်း၌ ထိုကဲ့သို့သော ရှေးဟောင်းလမ်းမကြီး ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။
ဤရှေးဟောင်းလမ်းမကြီးသည် အချိန်အတော်ကြာကတည်းက တည်ရှိနေဟန်တူပြီး ရှာမတွေ့ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း အတားအဆီးအတွင်းရှိ လေမုန်တိုင်းနယ်မြေမှာ အလွန်ကျယ်ပြောလှသဖြင့် မည်သူမဆို ဤရှေးဟောင်းလမ်းကို ချက်ချင်း ရှာတွေ့နိုင်ရန်မှာ မဖြစ်နိုင်ပေ။
ရီယွင်သည်လည်း ယခင်က ဒေါင်လိုက်ရှာဖွေမှုအပေါ်သာ အာရုံစိုက်ခဲ့ပြီး ဘေးတိုက်ရှာဖွေမှု မပြုလုပ်ခဲ့သဖြင့် ဤကောင်းကင်လမ်းမကြီးကို ရှာမတွေ့ခဲ့ခြင်း ဖြစ်သည်။
"ဒါဆိုရင် မိတ်ဆွေတို့ ပြောပြချက်အရ နှင်းခဲဖီးနစ်ဂိုဏ်းချုပ်က ပထမဆုံး ထွက်ခွာသွားတဲ့သူပေါ့... သူ့ရဲ့ အမည်ကို သိလား..."
ရီယွင်က ပြုံးလျက် မေးလိုက်သည်။
နှင်းခဲဖီးနစ်ဂိုဏ်းသည် ထိုစဉ်က နဂါးနတ်ဘုရားဂိုဏ်းကဲ့သို့ပင် အစွမ်းထက်လှပြီး ထာဝရအဆင့်ရှိသည့် ဂိုဏ်းကြီးများ ဖြစ်ကြသည်။ ထိုဂိုဏ်းနှစ်ခုကြားတွင် အငြိုးအတေးများမှာ အဆုံးမရှိအောင် ရှိခဲ့ဖူးသည်။
မှန်ပေသည်၊ အရာအားလုံးသည် ရီယွင်က နှင်းခဲဖီးနစ်ဂိုဏ်းမှ သူတော်စင်မိန်းကလေးကို သွားရောက် စနောက်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ဂိုဏ်းနှစ်ခုကြားတွင် စစ်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သည်။
ထိုစဉ်က ရီယွင်သည် ချန်းနန်ကုန်းမြေကြီး၏ နံပါတ်တစ် လူရှုပ်လူပွေကြီး ဖြစ်ခဲ့ပြီး သူ့ဘေးနားတွင် အမျိုးသမီး အဖော်များစွာ ရှိခဲ့သည်။ မဟုတ်လျှင်တော့ နှင်းခဲတံဆိပ်ဂိုဏ်းချုပ်သည် သူနှင့် နှင်းခဲဖီးနစ်ဂိုဏ်း သူတော်စင်မိန်းကလေးကိုပင် အောင်သွယ်ပေးရန် ကြိုးစားခဲ့ဦးမည် ဖြစ်သည်။
သို့သော်လည်း ထိုကိစ္စမှာ နောက်ပိုင်းတွင် ပျက်ပြယ်သွားခဲ့သည်။
ဝတ်စုံပြာဝတ် သူအိုကြီးက ခေါင်းခါယမ်းလျက် ပြောသည်။
"သူ့နာမည်ကတော့... အခုခေတ်မှာ လူအနည်းငယ်ပဲ သိတော့မှာပါ... ဖြစ်နိုင်တာကတော့ အခုလက်ရှိ နှင်းခဲဖီးနစ်ဂိုဏ်းချုပ်ပဲ သိလိမ့်မယ် ထင်တယ်..."
"ဪ... နားလည်ပါပြီ..."
ရီယွင်သည် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သူ သိခဲ့သော ထိုလူသည် ကောင်းကင်လမ်းမကြီးကို အောင်မြင်စွာ ဖြတ်ကျော်ပြီး အခြားကမ္ဘာသို့ ရောက်ရှိသွားသလားဆိုသည်ကို သူ သိလိုလှသည်။
အခွင့်အရေးရလျှင် ဤအချက်ကို အတည်ပြုရန် နှင်းခဲဖီးနစ်ဂိုဏ်းသို့ သွားရောက်ကြည့်ရှုရပေလိမ့်မည်။
"ဒါနဲ့... ဒီနှစ်ပေါင်း သောင်းချီအတွင်းမှာ ဒီကောင်းကင်လမ်းမကြီးကို ဘယ်နှစ်ယောက်လောက် ဖြတ်ကျော်နိုင်ခဲ့လဲ..."
ရီယွင်က ထပ်မံမေးမြန်းလိုက်သည်။
ဝတ်စုံပြာဝတ် သူအိုကြီးက သက်ပြင်းအသာအယာ ချလိုက်သည်။
"ဒီကောင်းကင်လမ်းမကြီးက အလွန်အန္တရာယ်များပါတယ်... စုစုပေါင်းမှ လူသုံးယောက်ပဲ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်..."
ဝတ်စုံနီဝတ် သူအိုကြီးကလည်း လက်မှိုင်ချလျက် ဝင်ပြောလေသည်။
"ဟုတ်တယ်... ဒီနှစ်ပေါင်း သောင်းချီအတွင်းမှာ မရေတွက်နိုင်တဲ့ ထာဝရနယ်ပယ် သန်မာသူတွေဟာ ဒီလမ်းကို ဖြတ်ကျော်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်... နောက်ဆုံးတော့ သူတို့အားလုံးဟာ ဒီလမ်းပေါ်မှာပဲ အသက်ဆုံးရှုံးခဲ့ကြပြီး ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ကြဘူး..."
ဝတ်စုံပြာဝတ် သူအိုကြီးက ရီယွင်ကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်သည်။
"မိတ်ဆွေ... ငါတို့နှစ်ယောက်လည်းကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ကြိုးစားကြည့်ခဲ့တာပါ... ရက်အနည်းငယ်လောက်ပဲ လျှောက်ရသေးတယ်၊ မနဲအသက်လုပြီး ပြန်လှည့်လာခဲ့ရတာပဲ..."
ရီယွင်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်းကောင်းကင်လမ်းမကြီး ရှိနေသော်လည်း မည်သူမဆို ဖြတ်ကျော်နိုင်သည့် အရာမဟုတ်ပေ။
နှစ်ပေါင်း တစ်သိန်းအတွင်း လူသုံးယောက်သာ အောင်မြင်သည်ဆိုခြင်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အောင်မြင်မှုနှုန်း နိမ့်ကျလှသည်။
သို့သော် သူသည် လက်ရှိတွင် စစ်မှန်သောနတ်ဘုရားနယ်ပယ် ကျင့်ကြံမှုအဆင့် ရှိနေပြီး နတ်ဧကရာဇ်နယ်ပယ်သို့ ခြေလှမ်းလှမ်းတော့မည့်သူ ဖြစ်သည်။ သူ့အတွက်မူ ဤလမ်းကို ဖြတ်သန်းရန်မှာ မခက်ခဲလှချေ။
"ပွင့်ပွင့်လင်းလင်း ပြောပြတဲ့အတွက် မိတ်ဆွေတို့ကို ကျေးဇူးတင်ပါတယ်..."
ရီယွင်သည် လက်သီးလက်ဝါးဆုပ်ကာ ဂါရဝပြုလိုက်ပြီး ခပ်ဖွဖွ ပြုံးပြလိုက်သည်။ ထို့နောက် သူသည် လှည့်ထွက်ကာ လေမုန်တိုင်းနယ်မြေထဲသို့ ခြေလှမ်းလှမ်း ဝင်ရောက်သွားခဲ့သည်။
ဝတ်စုံပြာဝတ် သူအိုကြီးသည် လေမုန်တိုင်းများအတွင်း ပျောက်ကွယ်သွားသည့် ရီယွင်၏ ဝတ်စုံဖြူပုံရိပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လျက် တွေးတောနေမိသည်။
"ဒီလူရဲ့ ကျင့်ကြံမှုက တကယ်ကို နက်နဲလှတာပဲ... သူ ဖြတ်ကျော်နိုင်မလားဆိုတာ ငါ သိချင်မိတယ်..."
ဝတ်စုံနီဝတ် သူအိုကြီးက သူ၏ ဝတ်စုံလက်အင်္ကျီများကို ဝှေ့ယမ်းလိုက်ကာ ခါးသီးစွာ ရယ်မောလျက် ပြောလိုက်သည်။
"တခြားလူတွေအတွက် အခုလောလောဆယ် မစဉ်းစားပါနဲ့ဦး... ငါတို့ရဲ့ ဒဏ်ရာတွေက တော်တော်လေး ပြင်းထန်နေပြီ... အရင်ဆုံး ကုသဖို့ နေရာတစ်ခု အမြန်ရှာရအောင်..."
ဝတ်စုံပြာဝတ် သူအိုကြီးက ခေါင်းညိတ်လိုက်ပြီးနောက် ၎င်းတို့နှစ်ဦးမှာ ခဏချင်းအတွင်း ပျောက်ကွယ်သွားကြတော့သည်။
ရီယွင်သည် ပြင်းထန်သော လေမုန်တိုင်းများအတွင်း လျှောက်လှမ်းနေစဉ် သူ၏ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းလေးများ ထွက်ပေါ်နေသဖြင့် လူသားလောကသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့် တူလှပေသည်။
သူ၏ ခန္ဓာကိုယ်ကို ပွတ်တိုက်သွားသည့် ပြင်းထန်သော လေမုန်တိုင်းများမှာ လေပြေညင်းလေးများပမာ အားနည်းလှသဖြင့် ယားယံခြင်းပင် မရှိပေ။
ရံဖန်ရံခါတွင် မိုးကြိုးလျှပ်စီးများ ကျရောက်လာတတ်သော်လည်း ရီယွင်၏ ဦးခေါင်းအထက် ပေ ၃၀ ခန့်တွင်ပင် လုံးဝ ပေါက်ကွဲပျက်စီးသွားကြရသည်။
ဤနေရာတွင် ရီယွင်အား ထိခိုက်စေနိုင်သည့်အရာ မရှိချေ။
ရီယွင်သည် သူ၏ နတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်ကာ ရှေးဟောင်းကောင်းကင်လမ်းမကြီးကို ရှာဖွေလိုက်သည်။
လေမုန်တိုင်းများမှာ နတ်ဝိညာဉ်အာရုံအပေါ် ဖိအားများစွာ ပေးနေသော်လည်း ရီယွင်၏ အာရုံမှာ အလွန်ပင် အစွမ်းထက်လှသဖြင့် မိုင်ပေါင်း သန်းနှင့်ချီ၍ ဖြန့်ကျက်နိုင်ပေသည်။
ရီယွင်သည် ကောင်းကင်လမ်းမကြီးကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။ သူသည် ဟင်းလင်းပြင်ကို လက်ဗလာဖြင့် ဆွဲဖြတ်ရန် ကြိုးစားလိုက်သော်လည်း ဤနေရာရှိ ဟင်းလင်းပြင်မှာ အလွန်ပင် တည်ငြိမ်လှသဖြင့် ဆွဲဖြတ်ရန် ခက်ခဲနေသည်ကို အံ့ဩဖွယ် တွေ့ရှိလိုက်ရသည်။
"စိတ်ဝင်စားစရာပဲ..."
ရီယွင်က ဂရုမစိုက်သကဲ့သို့ ပြုံးလိုက်သည်။ သူသည် ဟင်းလင်းပြင်ကို ထပ်မံဆွဲဖြတ်ရန် မကြိုးစားတော့ဘဲ သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ကောင်းကင်လမ်းမကြီးဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ ခဏချင်းအတွင်းမှာပင် ရီယွင်သည် ကောင်းကင်လမ်းမကြီး၏ အဝင်ဝသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤ ကောင်းကင်လမ်းမကြီးသည် ဝါဂွမ်းရောင် အလင်းတန်းလေးများ ထွက်ပေါ်နေပြီး ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေကာ ဖော်ပြမရနိုင်သော ရှေးကျသော ရှေးဟောင်း အရှိန်အဝါများ ထွက်ပေါ်နေသည်။
မရေမတွက်နိုင်သော လေမုန်တိုင်းများမှာ ဤလမ်းမကြီးကို ပွတ်တိုက်သွားကြသော်လည်း ၎င်းကို ဖျက်ဆီးနိုင်ခြင်း မရှိကြပေ။
"တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အရာပဲ..."
ဤ ကောင်းကင်လမ်းမကြီးကို မြင်ရသည့်အခါ ရီယွင်မှာ အနည်းငယ် အံ့အားသင့်သွားရပြီး ခေါင်းညိတ်လျက် ချီးကျူးလိုက်မိသည်။ ဤကောင်းကင်လမ်းမကြီးမှာ အမှန်တကယ်တွင် နတ်ဘုရားအဆင့် အစီအရင်တစ်ခုမှတစ်ဆင့် ဖြစ်တည်နေခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း လေမုန်တိုင်းများ၏ အဆုံးမဲ့ ဖျက်ဆီးမှုများကို တောင့်ခံနိုင်ခြင်း ဖြစ်ပေသည်။
ရီယွင်သည် ကောင်းကင်လမ်းမကြီး၏ ရှေ့တွင် ခေတ္တမျှ ငြိမ်သက်စွာ ရပ်နေပြီးနောက် ပြန်လှည့်ထွက်လာခဲ့သည်။ ယခုအချိန်တွင် သူသည် အခြားကမ္ဘာသို့ သွားရန် အလျင်မလိုသေးပေ။ သူ့အတွက်မူ ကျင့်ကြံမှုအရင်းအမြစ်များရော၊ ကျင့်စဉ်များပါ လိုအပ်ချက် မရှိချေ။
ထို့ကြောင့် သူ မည်သည့်ကမ္ဘာတွင် ရှိနေသည်ဖြစ်စေ ကွာခြားမှု မရှိပေ။ ၎င်းအပြင် သူ ဆက်လက်ပြုစုပျိုးထောင်ပေးရမည့် နဂါးနတ်ဘုရားဂိုဏ်း၏ ကလေးသုံးယောက် ရှိနေသေးသည် မဟုတ်ပါလော။
ရီယွင်သည် သူ၏လက်ကို ဟင်းလင်းပြင်ဆီသို့ ဆန့်ထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မီးလျှံပမာ နီရဲလှသော နဂါးချီများမှာ တောက်လောင်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ရီယွင်သည် သူ၏ နဂါးဘိုးဘေးခန္ဓာကိုယ်၏ စွမ်းအားများကို စုစည်းလိုက်ကာ ဤအတားအဆီးအတွင်းရှိ ဟင်းလင်းပြင်ကို အတင်းအဓမ္မ ဆွဲဖြတ်ရန် ပြင်ဆင်လိုက်သည်။
"ဝှစ်..."
ဤဟင်းလင်းပြင်မှာ အလွန်ပင် တည်ငြိမ်လှသော်လည်း ရီယွင်သည် အပေါက်တစ်ခု ဖြစ်သွားအောင် အတင်းအဓမ္မ ဆွဲဖြတ်လိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ရီယွင်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူသည် ဟင်းလင်းပြင် လမ်းကြောင်းအတွင်းသို့ လှမ်းဝင်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့တော့သည်။
အခန်း ၉၃ ပြီးပါပြီ။