← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း ၉၄ - လျှပ်စီးတောင်တန်းနှင့် ရှန်ဟန်ဂိုဏ်းတပည့်များအား ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း

"စီနီယာအစ်မ... ဒီလျှပ်စီးတောင်တန်းထဲက လျှပ်စီးအရှိန်အဝါတွေက တော်တော်လေး သိပ်သည်းတာပဲနော်..."

ဝေးကွာသော အရပ်မှ ပုံရိပ်နှစ်ခုသည် လျင်မြန်စွာ ပျံသန်းလာကြပြီး လျှပ်စီးတောင်တန်း၏ ပြင်ပ ကောင်းကင်ယံတွင် ရပ်တန့်လိုက်ကြသည်။ ၎င်းတို့မှာ လော့လီနှင့် ကျွင်းမော့ရှောင်တို့ ဖြစ်ကြသည်။

"ဟုတ်တယ်... ဘိုးဘေးကြီးက ငါတို့ကို ကျင့်ကြံဖို့ ဒီကို လွှတ်လိုက်တာ... ဒါပေမဲ့ အဲဒီငှက်က ဘယ်မှာ ပုန်းကွယ်နေလဲဆိုတာ ငါတို့ မသိဘူး... ဂိုဏ်းကြီးသုံးခုရဲ့ တပည့်တွေတောင် အဲ့ဒါ ဘယ်မှာလဲဆိုတာ သိကြပုံမရဘူး..."

လော့လီသည် လျှပ်စီးတောင်တန်းကို စိုက်ကြည့်နေမိသည်။ အဝေးဆီတွင် အဆုံးမရှိ သွယ်တန်းနေသော တောင်တန်းကြီးမှာ မည်းမှောင်နေသော တိမ်တိုက်လွှာများဖြင့် ဖုံးလွှမ်းနေပြီး ထိုတိမ်တိုက်များထဲမှ မိုးကြိုးလျှပ်စီးများမှာ အဆက်မပြတ် ပစ်ချလျက် ရှိသည်။ လျှပ်စီးများမှာ အလွန်ပင် သိပ်သည်းလှပြီး ရပ်တန့်သွားမည့် အရိပ်အယောင် လုံးဝမရှိပေ။ လျှပ်စီးတောင်တန်း၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေလေ လျှပ်စီးများမှာ ပို၍ သိပ်သည်းလေလေ ဖြစ်သည်။

"စီနီယာအစ်မ... ငါတို့ အထဲဝင်ပြီး သွားကြည့်ရအောင်..."

ကျွင်းမော့ရှောင်က ဦးဆောင်ကာ လျှပ်စီးတောင်တန်းအတွင်းသို့ ပြေးဝင်သွားခဲ့သည်။ လော့လီမှာလည်း သူ၏နောက်မှ ကပ်လျက် လိုက်ပါသွား၏။ လျှပ်စီးတောင်တန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် လေထုထဲတွင် သေးငယ်သော လျှပ်စီးကြောင်းလေးများ ပြည့်နှက်နေသည်ကို ၎င်းတို့ တွေ့ရှိလိုက်ရသည်။ ထိုလျှပ်စီးကြောင်းလေးများက ၎င်းတို့၏ ခန္ဓာကိုယ်ကို ထိမှန်သည့်အခါ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေသည့် အကျိုးသက်ရောက်မှု ရှိနေပေသည်။

ဤသည်မှာ ၎င်းတို့အတွက် ဝမ်းမြောက်ဖွယ်ရာ အံ့အားသင့်စရာပင် ဖြစ်သည်။ လျှပ်စီးတောင်တန်း၏ အစွန်အဖျားမှာပင် ဤမျှ အကျိုးသက်ရောက်မှု ရှိနေလျှင် အတွင်းပိုင်းတွင် ခန္ဓာကိုယ် ကြံ့ခိုင်မှု အကျိုးကျေးဇူးမှာ ပို၍ပင် ထူးခြားမည် မဟုတ်ပါလော။ ၎င်းတို့ ဝင်ရောက်သွားပြီး မကြာမီမှာပင် ကျင့်ကြံသူ အတော်များများကို တွေ့မြင်လိုက်ရသည်။

လော့လီသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်သော်လည်း ဂိုဏ်းကြီးသုံးခုမှ တပည့်တစ်ဦးကိုမျှ ရှာမတွေ့ခဲ့ပေ။ ဤသူများမှာ လျှပ်စီးတောင်တန်းတွင် အတွေ့အကြုံ ရှာဖွေရန် ရောက်ရှိနေကြသည့် ရှန်ဖုန်းမင်းဆက်အတွင်းရှိ အခြားအင်အားစုများမှ တပည့်များ ဖြစ်ပုံရသည်။ ထိုအထဲတွင် မူလပင်လယ်နယ်ပယ်၊ နတ်ဝိညာဉ်အာရုံနယ်ပယ်နှင့် ကောင်းကင်တံတားနယ်ပယ် ကျင့်ကြံသူများ ပါဝင်ကြသည်။

လော့လီနှင့် ကျွင်းမော့ရှောင်တို့ ရောက်ရှိလာခြင်းက ကျင့်ကြံသူအချို့၏ အာရုံစိုက်မှုကို ရရှိစေခဲ့သည်။ ခန့်ညားချောမောသည့် လူငယ်မောင်မယ်နှစ်ဦးမှာ ကောင်းကင်ယံတွင် လျင်မြန်စွာ ပျံသန်းနေသည်ကို မြင်ရသည့်အခါ လူများစွာမှာ အံ့အားသင့်သွားကြရသည်။ ၎င်းတို့နှစ်ဦး၏ ကျင့်ကြံမှုနယ်ပယ်မှာ ကောင်းကင်တံတားနယ်ပယ် အဆင့် ၃ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ထိုကဲ့သို့သော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားခြင်းမှာ ရှန်ဖုန်းမင်းဆက်တွင် ထိပ်တန်း ပါရမီရှင်များအဖြစ် သတ်မှတ်ခြင်း ခံရပေလိမ့်မည်။ ခေတ္တမျှအတွင်း အားလုံးက ၎င်းတို့၏ နောက်ခံကို ခန့်မှန်းနေကြတော့သည်။ အကယ်၍ ဓားဘုရင်ကျောက်တုံးရှိ ကျင့်ကြံသူများထဲမှ အသက်ရှင်ကျန်ရစ်သူ ရှိခဲ့လျှင် လော့လီနှင့် ကျွင်းမော့ရှောင်ကို မှတ်မိကြပေလိမ့်မည်။

သို့သော်လည်း ထိုနေရာရှိ ကျင့်ကြံသူ အားလုံးမှာ ဘိုးဘေးကြီး၏ လေတစ်ချက်မှုတ်ရုံဖြင့် အစိမ်းရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ကြပြီး တစ်ဦးမျှ လွတ်မြောက်သွားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ယနေ့တိုင် လော့လီနှင့် ကျွင်းမော့ရှောင်ကို မြင်ဖူးသည့် ကျင့်ကြံသူဟူ၍ ဤလောကတွင် မရှိတော့ချေ။

၎င်းတို့နှစ်ဦးသည် ဖင့်နွှဲမနေဘဲ လျှပ်စီးတောင်တန်း၏ အတွင်းပိုင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားကြသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ရှင်းလင်းလှသည်။ တစ်ချက်မှာ လေဇယ်ငှက်ကို ရှာဖွေရန်ဖြစ်ပြီး နောက်တစ်ချက်မှာ ဂိုဏ်းကြီးသုံးခုမှ ထိပ်တန်းပါရမီရှင် တပည့်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ဖြစ်သည်။ အထူးသဖြင့် ရှန်ဟန်ဂိုဏ်း၏ တပည့်များကိုမူ အလျှော့ပေးရန် လုံးဝ မစဉ်းစားထားပေ။ တွေ့ရှိပါက သတ်ပစ်ရမည် ဖြစ်သည်။

အကြောင်းမှာ ရှန်ဟန်ဂိုဏ်းသည် ကူယွဲ့မင်းဆက်မှ ဓားသူတော်စင်ကြီးကို နောက်ကွယ်မှ ကြိုးကိုင်နေသည့် လက်သည်ဖြစ်ကြောင်း ဘိုးဘေးကြီးက ၎င်းတို့အား ပြောပြထားပြီး ဖြစ်သောကြောင့်တည်း။ နှစ်ပေါင်းများစွာတိုင်အောင် နဂါးနတ်ဘုရားဂိုဏ်း တပည့်အဆက်ဆက် ခံစားခဲ့ရသည့် ဒုက္ခဝေဒနာများကို တွေးတောမိသည့်အခါ လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ စိတ်ထဲတွင် နက်ရှိုင်းသော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

"ဂျူနီယာမောင်လေး... ဟိုမှာကြည့်စမ်း... အဲ့ဒါ ဘာလဲ..."

ကောင်းကင်တွင် ပျံသန်းနေသော လော့လီသည် ကမ်းပါးယံပေါ်တွင် ပေါက်နေသည့် အပြာရောင် သစ်ပင်လေးတစ်ပင်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ ၎င်း၏ကိုင်းများတွင် အပြာရောင် အသီး ခုနစ်လုံး၊ ရှစ်လုံးခန့် သီးနေသည်။ အသီးတစ်လုံးစီမှာ လက်သီးဆုပ်ခန့် ရှိပြီး သေးငယ်သော လျှပ်စီးတန်းလေးများ ထွက်ပေါ်နေကြသည်။

"စီနီယာအစ်မ... ကျွန်တော်လည်း မသိဘူး..."

ကျွင်းမော့ရှောင်က ခေါင်းကို ကုတ်လျက် ဖြေလိုက်သည်။ သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်မှာ မြင့်မားနေသော်လည်း ဗဟုသုတအပိုင်းတွင်မူ လိုက်မမီသေးချေ။

"ငါလည်း မသိဘူး... နောင်ကျရင် စာအုပ်တွေ အများကြီး ဖတ်ဖို့ လိုနေပြီ ထင်တယ်..."

လော့လီက ရှက်ရွံ့စွာ ဝန်ခံလိုက်သည်။ သူတို့ သုံးဦးလုံးမှာ နှစ်ပေါင်းများစွာတိုင်အောင် အမြဲတမ်း ထွက်ပြေးတိမ်းရှောင်နေခဲ့ရသဖြင့် ကောင်းကင်နှင့် မြေကြီးမှ ထွက်ရှိသည့် ရတနာမျိုးစုံအကြောင်းကို သိပ်မသိကြပေ။ ထို့ကြောင့် နောင်တွင် ကျင့်ကြံခြင်းကိုပဲ အာရုံမစိုက်ဘဲ ဗဟုသုတတိုးပွားရန် စာအုပ်များများ ဖတ်ရမည်ဟု လော့လီက ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် ဝိညာဉ်မြက် သို့မဟုတ် ဝိညာဉ်အသီးများ ရှေ့တွင် ရှိနေသော်လည်း ထိုအရာများကို သိနိုင်မည် မဟုတ်ေပေ။

၎င်းတို့နှစ်ဦးသည် အောက်သို့ လျင်မြန်စွာ ဆင်းသက်လိုက်ကြပြီး သစ်ပင်လေး၏ ဘေးတွင် နားလိုက်ကြသည်။ ကျွင်းမော့ရှောင်က လက်လှမ်းကာ အပြာရောင်အသီးတစ်လုံးကို ခူးယူလိုက်သည်။ ထို့နောက် နှာခေါင်းနားတွင် ကပ်ကာ နမ်းကြည့်လိုက်ရာ ထူးခြားပြီး မွှေးကြိုင်သည့် ရနံ့တစ်ခု ထွက်ပေါ်လာသဖြင့် သာမန်အရာ မဟုတ်ကြောင်း သိနိုင်ပေသည်။

"စီနီယာအစ်မ... ဒါက စားလို့ရမယ့်ပုံပဲနော်..."

"ရမယ် ထင်တာပဲ..."

လော့လီက ထစ်ထစ်ငေါ့ငေါ့ ဖြေလိုက်သည်။ သို့သော်လည်း ကျွင်းမော့ရှောင်သည် ထိုအသီးကို ပါးစပ်ထဲ ထည့်တော့မည့်အပြုအမူကို မြင်လိုက်ရသည့်အခါ သူမက သူ၏ လက်မောင်းကို ချက်ချင်း လှမ်းဖမ်းလိုက်သည်။

"မောင်လေး... အခုလောလောဆယ် မစားနဲ့ဦး... အကယ်၍ ဒါက အဆိပ်ရှိနေရင် ဘယ်လိုလုပ်မလဲ... အရင်ဆုံး သိမ်းထားလိုက်တာ ပိုကောင်းမယ်..."

"ကောင်းပါပြီ စီနီယာအစ်မ..."

ကျွင်းမော့ရှောင်က လက်လျှော့ကာ ခေါင်းညိတ်လိုက်သည်။ သူသည် အသီးကို သိမ်းဆည်းတော့မည့် ဆဲဆဲတွင် အဝေးတစ်နေရာမှ ကျယ်လောင်သော ဟစ်အော်သံတစ်ခုကို ကြားလိုက်ရသည်။

"မင်းတို့နှစ်ယောက်... အဲ့ဒီနေရာကနေ ဖယ်လိုက်စမ်း... အဲ့ဒီ လျှပ်စီးအနှစ်သာရ အသီးပင်ကို ငါတို့ အရင်တွေ့တာ..."

ကောင်းကင်ယံမှ ပုံရိပ်နှစ်ခု ဆင်းသက်လာခဲ့သည်။ ၎င်းတို့မှာ အသက် ၂၀ ကျော်ခန့်ရှိသည့် လူငယ်နှစ်ဦး ဖြစ်ကြသည်။ ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါများမှာ အလွန်ပင် အစွမ်းထက်လှပြီး တစ်ဦးမှာ ကောင်းကင်တံတားနယ်ပယ် အဆင့် ၅ ဖြစ်ကာ အခြားတစ်ဦးမှာ ကောင်းကင်တံတားနယ်ပယ် အဆင့် ၆ ဖြစ်သည်။

ထိုနှစ်ဦးသည် အပြာရောင် တာအိုဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ရင်ဘတ်တွင် အပြာရောင် နေမင်းပုံသဏ္ဌာန် တံဆိပ်တစ်ခု ပါရှိသည်။ ထိုတံဆိပ်ကို မြင်လိုက်ရသည့်အခါ လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ မျက်ဝန်းများမှာ ဒေါသကြောင့် ချက်ချင်း နီမြန်းလာခဲ့သည်။ ရောက်ရှိလာသူများမှာ မထင်မှတ်ဘဲ ရှန်ဟန်ဂိုဏ်းမှ တပည့်များ ဖြစ်နေကြသည်။

ဆိုရိုးစကားရှိသည့်အတိုင်း ရန်သူချင်း ဆုံသည့်အခါ မျက်လုံးများမှာ ဒေါသဖြင့် တောက်လောင်လာခဲ့ကြသည်။ လော့လီနှင့် ကျွင်းမော့ရှောင်တို့သည် ကြိုတင်တိုင်ပင်ထားခြင်း မရှိသော်လည်း တစ်ပြိုင်နက်တည်း ဓားများကို ဆွဲထုတ်ကာ ရောက်ရှိလာသူ နှစ်ဦးထံသို့ ပြေးဝင်တိုက်ခိုက်လိုက်ကြတော့သည်။ မည်သည့်စကားမျှ မပြောဘဲ ပြင်းထန်သော တိုက်စစ်ကို စတင်လိုက်ကြခြင်း ဖြစ်သည်။

"ဝှစ်..."

ဒီရေလှိုင်းပမာ ဓားအလင်းတန်းများ ကျဆင်းလာခဲ့ပြီး ဓားအလင်းတန်း တစ်ခုစီတွင် မဟာနဂါးတစ်ကောင်၏ ပုံရိပ်ယောင်များ ပါရှိကာ ပြင်းထန်သော စွမ်းအားများဖြင့် တုန်ခါနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မရေတွက်နိုင်သော ဓားအလင်းတန်းများမှာ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ရှန်ဟန်ဂိုဏ်း တပည့်နှစ်ဦးအား ဝန်းရံသွားခဲ့သည်။

"မင်းတို့ အရူးနှစ်ယောက်... ဘာလို့ မြင်တာနဲ့ တိုက်ခိုက်နေရတာလဲ..."

ရှန်ဟန်ဂိုဏ်း တပည့်နှစ်ဦးသည် ဤ လူငယ်မောင်မယ်နှစ်ဦးသည် ဤမျှအထိ ကြမ်းတမ်းပြီး စကားတစ်ခွန်းမျှ မပြောဘဲ ဓားထုတ်သတ်ဖြတ်လိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ချေ။ ၎င်းတို့၏ ဓားပညာမှာ အလွန်ပင် ထက်မြက်လှပြီး တိုက်ကွက်တိုင်းတွင် မဟာနဂါးတစ်ကောင်၏ ပုံရိပ်ယောင်က နောက်ကွယ်မှ ပါရှိနေသဖြင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှပေသည်။

၎င်းတို့၏ ကျင့်ကြံမှုအဆင့်မှာ ဤလူငယ်နှစ်ဦးထက် မြင့်မားသော်လည်း တိုက်စစ်ကို ခံစစ်ဖြင့်သာ တုံ့ပြန်နေရပြီး ပြန်လည်တိုက်ခိုက်ရန်ပင် မဖြစ်နိုင်သလောက် ရှိနေသည်။ ၎င်းတို့သည် ကောင်းကင်ယံတွင် အဆက်မပြတ် နောက်ဆုတ်နေကြရပြီး အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်အပြီးတွင် နှစ်ဦးလုံး ဒဏ်ရာရရှိသွားကြသည်။

"မင်းတို့ ကလေးနှစ်ယောက်... ငါတို့ ဘယ်သူလဲဆိုတာ သိလား..."

"ငါတို့က ရှန်ဟန်ဂိုဏ်းကကွ..."

ရှန်ဖုန်းမင်းဆက် တစ်ခုလုံးတွင် ရှန်ဟန်ဂိုဏ်းမှာ ဂိုဏ်းကြီးတစ်ခုဖြစ်သဖြင့် အလွန်ပင် ဩဇာကြီးမားလှသည်။ အခြားဂိုဏ်းကြီးနှစ်ခုမှ တပည့်များမှအပ ၎င်းတို့ကို ရန်စရဲသူ ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ ဝတ်စုံများမှာ ချီထျန်းဓားဂိုဏ်း သို့မဟုတ် မိစ္ဆာအရှင်သခင်ဂိုဏ်းမှ မဟုတ်ဘဲ အခြားထူးခြားသည့် အမှတ်အသားများလည်း မရှိသဖြင့် ထိုလူငယ်နှစ်ဦးက ၎င်းတို့၏ နောက်ခံကို အသုံးပြုကာ ခြိမ်းခြောက်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

သို့သော် ၎င်းတို့၏ အတွေးမှာ မှားယွင်းသွားခဲ့သည်။ လော့လီနှင့် ကျွင်းမော့ရှောင်တို့သည် ရှန်ဟန်ဂိုဏ်း တပည့်များကို သီးသန့် အမဲလိုက်နေခြင်း မဟုတ်ပါလော။

"ဟားဟား... မင်းတို့ ရှန်ဟန်ဂိုဏ်း တပည့်တွေကို သတ်ဖို့အတွက် ငါ ဒီကို လာခဲ့တာပဲ..."

ကျွင်းမော့ရှောင်က ရယ်မောလိုက်ပြီး သူ၏ ဟန်ပန်မှာ ပို၍ပင် သောင်းကျန်းလာခဲ့သည်။

"ရွှပ်..."

သူသည် စည်ပိုင်းတစ်ခုခန့် ထူထဲသော ကြီးမားသည့် ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ လူငယ်တစ်ဦးမှာ အချိန်မီ မရှောင်တိမ်းနိုင်ဘဲ သူ၏ လက်မောင်းမှာ ပြတ်တောက်သွားခဲ့ရသည်။

"အား..."

ထိုလူငယ်သည် နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။ ကျွင်းမော့ရှောင်ကမူ အလျှော့ပေးခြင်း မရှိချေ။ လူငယ်မှာ ဓားမရှိတော့သည်ကို မြင်သည်နှင့် ရှေ့သို့ အရှိန်ဖြင့် ပြေးဝင်ကာ ပြင်းထန်သော တိုက်စစ်ကို ဆင်နွှဲလိုက်ပြီး ခဏချင်းအတွင်းမှာပင် ထိုလူငယ်ကို ဓားဖြင့် ခုတ်ပိုင်းသတ်ဖြတ်လိုက်တော့သည်။

ကျွင်းမော့ရှောင်၏ ရက်စက်မှုကို မြင်လိုက်ရသည့် အခြားလူငယ်သည် သာမန် ကောင်းကင်တံတားနယ်ပယ် အဆင့် ၃ ကျင့်ကြံသူနှင့် လုံးဝမတူသည်ကို သိရှိသွားပြီး ထိတ်လန့်တုန်လှုပ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

"ဝှစ်..."

ကျွင်းမော့ရှောင်သည် နဂါးနတ်ဘုရား အသွင်ကိုးပါးစွမ်းရည်ကို အသုံးပြုကာ သူ ထွက်ပြေးမည့် လမ်းကြောင်းကို ချက်ချင်း ပိတ်ဆို့လိုက်သည်။ လော့လီသည်လည်း နောက်ကွယ်မှနေ၍ ဓားဖြင့် ချက်ချင်း လိုက်ပါတိုက်ခိုက်လိုက်သည်။ ဓားမှာ ထိုလူငယ်၏ ပုခုံးကို ထိုးထွင်းသွားခဲ့သည်။ သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ဘေးသို့ လွင့်စင်သွားတော့သည်။

အခန်း ၉၄ ပြီးပါပြီ။

အခန်း ၉၅ - မိုးကြိုးကန်နှင့် မိုးကြိုးစိမ့်မြေ

"ရွှပ်..."

ရွှေနဂါးပုံရိပ်ယောင် အရှိန်အဝါများ လွှမ်းခြုံထားသည့် ရင်သပ်ရှုမောဖွယ် ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ထိုလူငယ်အား နှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။

သွေးများမှာ ဟင်းလင်းပြင်ထက်တွင် ပန်းထွက်သွားသည်။

ကျွင်းမော့ရှောင်၏ ဓားချက်က ထိုလူငယ်အား အော်ဟစ်ချိန်ပင်မရဘဲ သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ရှန်ဟန်ဂိုဏ်းမှ ထိုတပည့်နှစ်ဦးအား သတ်ဖြတ်ပြီးနောက် လော့လီနှင့် ကျွင်းမော့ရှောင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်များမှာ အနည်းငယ် တုန်ယင်နေကြသည်။

ဤသည်မှာ ရှန်ဟန်ဂိုဏ်းကို လက်စားချေရန် လျှပ်စီးတောင်တန်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် သူတို့၏ ပထမဆုံးသော အောင်ပွဲကြီးပင် ဖြစ်သည်။

ကျွင်းမော့ရှောင်၏ မျက်ဝန်းများမှာ တောက်ပနေပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"စီနီယာအစ်မ... ရှန်ဟန်ဂိုဏ်းက တပည့်တစ်ယောက်ကို သတ်လိုက်ရတိုင်း ကျွန်တော်တို့ရဲ့ ကွယ်လွန်သွားတဲ့ ဆရာသမားအတွက် လက်စားချေပြီးသား ဖြစ်သွားတယ်လို့ ခံစားရတယ်..."

"ဟုတ်တယ်..."

လော့လီသည်လည်း သူမ၏ မျက်ဝန်းထောင့်တွင် မျက်ရည်များ ဝဲလျက် အားပါးတရ ခေါင်းညိတ်လိုက်သည်။

၎င်းတို့၏ ဆရာသမားသည် ရှန်ဟန်ဂိုဏ်း၏ ယုတ်မာရက်စက်လှသည့် အကြံအစည်များကြောင့် တစ်ဆင့်ပြီးတစ်ဆင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာကလည်း ဆရာသမား၏ ညီအစ်ကို မောင်နှမများမှာ ရှန်ဟန်ဂိုဏ်း၏ အစဉ်တစိုက် ဖယ်ရှားခြင်းကို ခံခဲ့ရသည်။

နဂါးနတ်ဘုရားဂိုဏ်းနှင့် ရှန်ဟန်ဂိုဏ်းကြားရှိ အမုန်းတရားမှာ မည်သို့မျှ ပြန်လည်စေ့စပ်၍မရနိုင်လောက်အောင် နက်ရှိုင်းနေပြီဟု ဆိုနိုင်သည်။

၎င်းတို့နှစ်ဦးမှာ အပြာရောင် သစ်ပင်လေးရှိရာသို့ ပြန်သွားကြသည်။ ထို့နောက် ကျွင်းမော့ရှောင်က အသီးများကို ခူးယူကာ သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။

၎င်းတို့နှစ်ဦးမှာ ခရီးဆက်ရန် ပြန်လည်ထွက်ခွာလာကြသည်။

လမ်းတစ်လျှောက်တွင် ရှန်ဟန်ဂိုဏ်းမှ တပည့်များအပြင် ကောင်းကင်နှင့် မြေပြင်မှ ထွက်ရှိသည့် ရတနာမျိုးစုံကိုလည်း ရှာဖွေခဲ့ကြသည်။

သို့သော်လည်း တစ်နာရီခန့် ပျံသန်းပြီးနောက်တွင်မူ ရှန်ဟန်ဂိုဏ်းမှ တပည့်များသာမက ချီထျန်းဓားဂိုဏ်း သို့မဟုတ် မိစ္ဆာအရှင်သခင်ဂိုဏ်းမှ တပည့်များကိုပင် မတွေ့ရတော့ချေ။

ကျွင်းမော့ရှောင်သည် ရှေ့တွင် ကျင့်ကြံသူအချို့ မြေပြင်၌ တစ်ခုခုကို ရှာဖွေနေသည်ကို သတိပြုမိလိုက်သည်။ သူသည် အလျင်အမြန်ပင် ထိုသူတို့ရှေ့သို့ ပျံသန်းဆင်းသက်လိုက်သည်။

ကျွင်းမော့ရှောင်က လက်သီးလက်ဝါးဆုပ် ဂါရဝပြုလျက် မေးလိုက်သည်။

"မိတ်ဆွေတို့... ဂိုဏ်းကြီးသုံးခုက တပည့်တွေကို မြင်မိကြသေးလား..."

ထိုကျင့်ကြံသူများမှာ ကျွင်းမော့ရှောင်ကို လှမ်းကြည့်လိုက်ကြပြီး သူသည် ကောင်းကင်တံတားနယ်ပယ် အဆင့် ၃ သာ ရှိသေးသည်ကို သိရှိသွားသည့်အခါ တဟားဟား ရယ်မောလိုက်ကြသည်။

ကောင်းကင်တံတားနယ်ပယ် အဆင့် ၅ ရှိသည့် လူလတ်ပိုင်း ကျင့်ကြံသူတစ်ဦးက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

"မင်းလို တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်က ဘာလို့ ဂိုဏ်းကြီးတွေက တပည့်တွေကို လိုက်ရှာနေရတာလဲ... သူတို့တွေက ဟိုလေဇယ်ငှက်နောက်ကို လိုက်ဖို့အတွက် လျှပ်စီးတောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာကို သွားကြပြီဆိုတာ မင်းမသိဘူးလား..."

"ဟားဟား..."

အခြားသော မျက်နှာနီနီနှင့် ကျင့်ကြံသူတစ်ဦးကလည်း လှောင်ပြောင်လိုက်သည်။

"မင်းကကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ... ကောင်လေး... မင်းရဲ့ ကျင့်ကြံမှုက နိမ့်လွန်းပါတယ်... လျှပ်စီးတောင်တန်းရဲ့ အနက်ပိုင်းမှာ လျှပ်စီးတွေနဲ့ မိုးကြိုးစွမ်းအင်သုံး မိစ္ဆာသားရဲတွေ အများကြီး ရှိတယ်... မင်း ပြန်လှည့်သွားတာ ပိုကောင်းလိမ့်မယ်..."

"ဟားဟားဟား..."

ထိုနှစ်ဦး၏ စကားကြောင့် ကျန်ရှိနေသည့် လူများမှာလည်း ဝိုင်းဝန်းရယ်မောကြတော့သည်။

ကျွင်းမော့ရှောင်၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားခဲ့သည်။ ဤလူများမှာ ဤမျှအထိ ရိုင်းစိုင်းလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

လော့လီသည်လည်း အဝေးမှ ပျံသန်းလာပြီး ကျွင်းမော့ရှောင်၏ ဘေးတွင် ဆင်းသက်လိုက်သည်။ မျက်နှာနီနီနှင့် ကျင့်ကြံသူသည် ရာဂစိတ်ဖြင့် တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"အိုး... ဒီမိန်းကလေးက တော်တော်လေး ချောတာပဲ... ငါ့ရဲ့ တာအိုအဖော် လုပ်မလား..."

လော့လီ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲတက်လာသည်။ ဤကျင့်ကြံသူများသည် ဤမျှအထိကိုယ်ကျင့်တရား ပျက်ပြားနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ကျွင်းမော့ရှောင်၏ မျက်ဝန်းများတွင် သားရဲတစ်ကောင်ကဲ့သို့ နီရဲသော အလင်းတန်းများ တောက်လောင်လာခဲ့သည်။

"မင်းက ငါ့ရဲ့ စီနီယာအစ်မကို စော်ကားရဲတယ်ပေါ့... မင်းတို့အားလုံး သေပေတော့..."

သူသည် ဓားကို တိုက်ရိုက်ဆွဲထုတ်ကာ တိုက်ခိုက်လိုက်သည်။

မျက်နှာနီနီနှင့် ကျင့်ကြံသူသည် ကျွင်းမော့ရှောင်၏ ပြင်းထန်သော တိုက်စစ်ကို မြင်သည့်အခါ မပေါ့ဆရဲတော့ပေ။ သူသည် ဟိန်းဟောက်လိုက်ပြီး ဓားကိုဆွဲထုတ်ကာ တိုက်ခိုက်မှုကို တုံ့ပြန်လိုက်သည်။

"ခေါင်းမာတဲ့ ကောင်လေး... မင်းက ပြန်တိုက်ရဲတယ်ပေါ့... သေစမ်း..."

ကျန်ရှိနေသည့် လူများမှာလည်း ၎င်းတို့၏ ဓားများကို ဆွဲထုတ်ကာ ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

လော့လီကလည်း ထိုကျင့်ကြံသူအုပ်စုကို ဝင်ရောက်တိုက်ခိုက်ရင်း အော်ဟစ်လိုက်သည်။

"မင်းတို့လို အမှိုက်တွေ..."

ဓားအလင်းတန်းများမှာ ဟိန်းဟောက်လာပြီး ရွှေနဂါးပုံရိပ်များ ပေါ်ထွက်လာသည်။ ၎င်းတို့၏ ပြင်းထန်လှသော တိုက်ခိုက်ရေးစွမ်းရည်နှင့် အနှိုင်းမဲ့ဓားပညာကြောင့် ပထမဆုံးသော တိုက်ကွက်မှာပင် ရန်သူအချို့မှာ ဒဏ်ရာရရှိသွားကြသည်။

တိုက်ကွက် နှစ်ကွက်၊ သုံးကွက်ခန့် အကြာတွင် ထိုလူအားလုံးနီးပါးမှာ မြေပြင်ပေါ်သို့ လဲကျသွားကြပြီး ပြန်မထနိုင်တော့ချေ။

ကျွင်းမော့ရှောင်၏ မျက်ဝန်းများတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

"သူတို့က ဒီလောက်ပဲလား... အဲ့ဒါကိုတောင် အရမ်းကို ဘဝင်မြင့်နေကြသေးတယ်..."

ဤလူများသည် ကျင့်ကြံမှုအဆင့် မြင့်မားဟန်ရှိသော်လည်း ရှန်ဟန်ဂိုဏ်းမှ တပည့်နှစ်ဦးနှင့် နှိုင်းယှဉ်လျှင် များစွာ နိမ့်ကျလှသည်။

သူနှင့် စီနီယာအစ်မဖြစ်သူတို့မှာ ထိုသူတို့ကို အလွယ်တကူပင် ခြေမှုန်းလိုက်နိုင်ကြသည်။

ကျွင်းမော့ရှောင်က ဓားကိုကိုင်ကာ သတ်ဖြတ်လိုသော အမူအရာနှင့် ချဉ်းကပ်လာသည်ကို မြင်ရသည့်အခါ ကျင့်ကြံသူများမှာ သွေးအိုင်ထဲတွင် လဲလျောင်းလျက် အသက်ချမ်းသာပေးရန် အကြိမ်ကြိမ် တောင်းပန်နေကြတော့သည်။

"သူရဲကောင်းလေးတို့... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ..."

ကျွင်းမော့ရှောင်က သူတို့ကို မည်သို့ အသက်ချမ်းသာပေးနိုင်မည်နည်း။ သူသည် တစ်ဦးချင်းစီကို အဆုံးစီရင်လိုက်ပြီး ထိုသူတို့၏ သိုလှောင်လက်စွပ်များကို သိမ်းယူလိုက်သည်။

ကျွင်းမော့ရှောင်က သိုလှောင်လက်စွပ် တစ်ဝက်ကို လော့လီအား ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"စီနီယာအစ်မ... သွားရအောင်..."

လော့လီက ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ဦးမှာ လျှပ်စီးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ခရီးဆက်ရန် ပျံသန်းသွားကြတော့သည်။

တစ်ချိန်တည်းမှာပင်။

လျှပ်စီးတောင်တန်း၏ အထက် ကောင်းကင်ယံတွင် မြင်းနက်ကြီးသည် ဤအရာအားလုံးကို ပြုံးလျက် ကြည့်နေသည်။

ဤသခင်လေးနှစ်ဦးမှာ အထင်ကြီးစရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ ဂိုဏ်းကြီးသုံးခုမှ တပည့်များမှာလည်း တစ်ပြိုင်နက်တည်း ဝိုင်းဝန်းမတိုက်ခိုက်လျှင် သူတို့အား ယှဉ်နိုင်မည် မဟုတ်ပေ။

မြင်းနက်ကြီးသည် သူ၏ နတ်ဝိညာဉ်အာရုံ နှစ်ခုကို ထုတ်လွှတ်လိုက်ကာ ကျွင်းမော့ရှောင်နှင့် လော့လီတို့အပေါ်တွင် ထားရှိလိုက်သည်။ ထို့နောက် သူသည် လျှပ်စီးတောင်တန်း၏ အနက်ပိုင်းဆီသို့ ဟန်ပါပါနှင့် လျှောက်လှမ်းသွားတော့သည်။

ထိုနေရာသည် ပြင်းထန်သော မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နှက်နေပြီး သူ အလွန်နှစ်သက်သည့် နေရာမျိုး ဖြစ်သည်။

၎င်းအပြင် ထိုနေရာတွင် ပုန်းအောင်းကျင့်ကြံနေသည့် ကောင်လေး သုံးယောက်ကိုလည်း သူ မြင်တွေ့ထားသည်။ မြင်းနက်ကြီးသည် ထိုသူတို့ဆီသို့ သွားရောက်ကာ စကားစမြည် ပြောဆိုလိုနေသည်။

အဆင့်မြင့် မိုးကြိုးစွမ်းအင်သုံး မိစ္ဆာသားရဲကြီးတစ်ကောင်အနေနှင့် ဂျူနီယာအချို့နှင့် တွေ့ဆုံရခြင်းမှာ ရှားပါးလှသည့် အခွင့်အရေးပင် ဖြစ်သည်။ သူသည် အပေါင်းအသင်း မက်သူတစ်ဦးဖြစ်ရာ ဤအခွင့်အရေးကို သေချာပေါက် လက်လွတ်ခံမည် မဟုတ်ပေ။

ထာဝရနယ်ပယ်ရှိ မြင်းနက်ကြီးအတွက်မူ သူ၏ အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။ သူသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် လျှပ်စီးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ခေါင်းပေါ်တွင် မည်းမှောင်နေသော တိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ စည်ပိုင်းခန့် ထူထဲသော လျှပ်စီးတန်းများမှာ အဆက်မပြတ် ကျဆင်းနေပြီး တောင်တန်းကြီးအား ထိမှန်ကာ စုပ်ယူခြင်းကို ခံနေရသည်။ သို့သော်လည်း လျှပ်စီးအများစုမှာ သီးခြားချိုင့်ဝှမ်းတစ်ခုအတွင်းသို့ ကျရောက်နေကြသည်။

များပြားလှသော လျှပ်စီးများကို စုပ်ယူထားသဖြင့် ဤချိုင့်ဝှမ်းကြီးမှာ ဧရာမ မိုးကြိုးကန်ကြီးတစ်ခုအဖြစ် ဖြစ်တည်နေသည်။

ထိုမိုးကြိုးကန်ကြီးမှ ဖော်ပြမရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။ ကံကြမ္မာနယ်ပယ်မှ အဆင့်မြင့် ကျင့်ကြံသူများပင်လျှင် ဤနေရာသို့ မဆင်မခြင် လာရောက်ရဲကြမည် မဟုတ်ချေ။

အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်း အမျိုးသားအသွင် ပြောင်းလဲထားသည့် မြင်းနက်ကြီးသည် သူ၏ လက်မောင်းများကို ပိုက်လျက် ဟင်းလင်းပြင်ထက်တွင် လွင့်မျောနေသည်။ သူ၏ မျက်ဝန်းများမှာ အောက်ဘက်ရှိ လျှပ်စီးတန်းများ တဖြတ်ဖြတ် လက်နေသည့် မိုးကြိုးကန်ကြီးကို ကြည့်ရင်း တောက်ပနေသည်။

"ဒီနေရာက တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ... ငါလည်း အထဲဝင်ပြီး ရေချိုးဦးမှ..."

သူသည် သူ၏ အဝတ်အစားများကို ချွတ်လိုက်ပြီးကိုယ်လုံးတီးဖြင့် ကောင်းကင်ယံမှ ခုန်ချလိုက်တော့သည်။

"ဝုန်း..."

သူသည် မိုးကြိုးကန်အတွင်းသို့ ကျဆင်းသွားခဲ့ပြီး လျှပ်စီးများ ပါဝင်နေသည့် ရေမှုန်ရေမွှားများကို အရှိန်ဖြင့် စင်ထွက်သွားစေသည်။

"အား... တကယ်ကို သက်သောင့်သက်သာ ရှိလိုက်တာ..."

မြင်းနက်ကြီးသည် ကန်အတွင်း၌ လူးလိမ့်ခြင်း၊ ကျွမ်းထိုးခြင်းနှင့် ပုံစံအမျိုးမျိုးဖြင့် ရေကူးခြင်းများကို ပြုလုပ်ကာ ပျော်ရွှင်မြူးတူးနေတော့သည်။

တစ်ချိန်တည်းမှာပင်...

မိုးကြိုးကန်နှင့် မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာတွင် ဧရာမ အပြာရောင်ငှက်ကြီးတစ်ကောင်မှာ ခက်ခက်ခဲခဲ ပျံသန်းနေရသည်။

မိုးကြိုးကန်နှင့် နီးကပ်လာလေလေ၊ ဖိအားများမှာ ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။ မိုးကြိုးစွမ်းအင်သုံး မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည့်တိုင်အောင် မိုးကြိုးကန်သို့ ချဉ်းကပ်ရန်မှာ သူ့အတွက် အလွန်ပင် ခက်ခဲလှပေသည်။

'ငါ မိုးကြိုးကန်အနားကို ချဉ်းကပ်နိုင်ပါ့မလား မသိဘူး... ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကို စီနီယာကြီး သုံးဦးက စောင့်ကြပ်နေတာလေ...'

လေဇယ်ငှက်သည် တွေးတောနေမိသည်။ သူသည်လည်း မိုးကြိုးစွမ်းအင်သုံး မိစ္ဆာသားရဲတစ်ကောင် ဖြစ်သော်လည်း မိုးကြိုးကန်ကိုမူ ထိုစီနီယာကြီး သုံးဦးက အမြဲတမ်း လက်ဝါးကြီးအုပ်ထားကြသည်။ သူကဲ့သို့သော အဆင့်နိမ့် မိစ္ဆာသားရဲများမှာ နှစ်ပေါင်းတစ်ရာတွင် တစ်ကြိမ်သာ ကန်အနားသို့ ချဉ်းကပ်ခွင့် ရရှိကြသည်။

ဤသည်မှာ လျှပ်စီးတောင်တန်း၏ သူတော်စင်သုံးပါးမှ သတ်မှတ်ထားသည့် စည်းကမ်းပင် ဖြစ်သည်။

"လေဇယ်ငှက်... ငါ မြင်ပြီ... ဟိုရှေ့မှာပဲ..."

မိုင်ပေါင်း ရာနှင့်ချီဝေးသော နေရာမှ တစ်စုံတစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ပုံရိပ်ပေါင်း ဒါဇင်နှင့်ချီကာ လေဇယ်ငှက်ရှိရာ အရပ်သို့ လျင်မြန်စွာ လိုက်လံဖမ်းဆီးကြတော့သည်။

'ယုတ်မာတဲ့ လူသားတွေ...'

လေဇယ်ငှက်သည် စိတ်ထဲမှ ဆဲရေးလိုက်ပြီး လမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်သည်။ သူသည် ထူထပ်လှသော တောအုပ်အတွင်းသို့ ငုပ်လျှိုးဝင်ရောက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

အခန်း ၉၅ ပြီးပါပြီ။

အခန်း ၉၆ - လျှပ်စီးတောင်တန်း၏ သူတော်စင်သုံးပါး

"ဝုန်း..."

လူလတ်ပိုင်းအမျိုးသားအသွင် ပြောင်းလဲထားသည့် မြင်းနက်ကြီးသည် မိုးကြိုးကန်အတွင်း၌ မြူးတူးပျော်ပါးနေသည်မှာ ရေမှုန်ရေမွှားများပင် တဖွားဖွား စင်ထွက်နေတော့သည်။

မိုးကြိုးကန်၏ အောက်ခြေရှိ နန်းတော်တစ်ခုတွင် ကျင့်ကြံနေကြသည့် ဧရာမ ပုံရိပ်ကြီးသုံးခုသည် ရုတ်တရက် မျက်လုံးများ ပွင့်လာကြသည်။

"အစ်ကိုကြီး... တစ်ယောက်ယောက် မိုးကြိုးကန်ထဲကို ဝင်လာပြီဗျ..."

အရိပ်သဏ္ဌာန်တစ်ခုက ဒေါသတကြီးဖြင့် ထရပ်ကာ အာမေဍိတ်သံပြုလိုက်သည်။

"လူသားတစ်ယောက်ပဲ... ဘယ်လူသားက ငါတို့ လျှပ်စီးတောင်တန်း သူတော်စင်သုံးပါးရဲ့ သီးသန့်မိုးကြိုးကန်ထဲကို ဝင်ရဲတာလဲ..."

နောက်ထပ် ပုံရိပ်တစ်ခုကလည်း ဒေါသများ ဟုန်းဟုန်းတောက်လျက် ထရပ်လိုက်သည်။

"ညီလေး... အဲ့ဒီလူသားနဲ့ သွားတွေ့ကြရအောင်..."

ထိုအရိပ်သုံးခုသည် နန်းတော်အတွင်းမှ ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။

နောက်တစ်ခိုက်တွင် သူတို့သည် မိုးကြိုးကန်၏ အထက်တွင် ပေါ်လာကြသည်။

ကန်အတွင်း၌ကိုယ်လုံးတီးဖြင့် ရေချိုးနေသည့် လူလတ်ပိုင်းအမျိုးသားကို ကြည့်ရင်း လျှပ်စီးတောင်တန်း သူတော်စင်သုံးပါး၏ မျက်ဝန်းများတွင် ဒေါသမီးများ တောက်လောင်လာခဲ့သည်။

"ငါတို့ လျှပ်စီးတောင်တန်း မိုးကြိုးကန်မှာ လာပြီး ပြဿနာရှာနေတဲ့ ဒီအရိုင်းအစိုင်းက ဘယ်ကလဲ..."

လျှပ်စီးတောင်တန်း၏ သူတော်စင်သုံးပါးသည် ဟောက်လိုက်ကြရာ သူတို့၏အသံများမှာ အရပ်မျက်နှာအနှံ့ ဟိန်းထွက်သွားတော့သည်။

"ဂျုန်း... ဂျိန်း..."

ချက်ချင်းဆိုသလိုပင် မိုးကြိုးလျှပ်စီးများမှာ ကောင်းကင်နှင့် မြေကမ္ဘာအနှံ့ သောင်းကျန်းလာပြီး ကျယ်လောင်သော ဟိန်းဟောက်သံများနှင့်အတူ ကျဆင်းလာကြသည်။

"ဘာလဲ... မင်းတို့ ဟောဒီ ဦးလေးမြင်းကို ပြောနေတာလား..."

မြင်းနက်ကြီးက ဆိုလိုက်သည်။ သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အဝတ်အစားများကို ဝတ်ဆင်လိုက်၏။ ထို့နောက် သူသည် ရှေ့တွင်ရှိသော ဧရာမပုံရိပ်ကြီး သုံးခုကို ကြည့်ကာ သွားဖြူဖြူလေးများ ပေါ်အောင် ဖြီးပြလိုက်သည်။

ထိုမိစ္ဆာသားရဲ သုံးကောင်သည် သူတို့၏ မူလအသွင်သဏ္ဌာန်များကို ဖော်ပြထားသော်လည်း ခန္ဓာကိုယ်အရွယ်အစားကိုမူ ကြီးမားအောင် မပြုလုပ်ထားကြပေ။

အလယ်တွင်ရှိသော သူမှာ လျှပ်စီးများ ဝန်းရံနေသည့် အပြာရောင်နဂါးတစ်ကောင်ဖြစ်ပြီး နတ်ဝိညာဉ်အာရုံနယ်ပယ် ပထမအဆင့်၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။

ဘယ်ဘက်တွင်မူ အမွေးအမှင် လုံးဝမရှိဘဲ ကြွက်သားများ ပြောင်လက်နေသည့် အစိမ်းရောင်နွားသိုးကြီး တစ်ကောင် ရှိနေသည်။ သူ၏ ခန္ဓာကိုယ်မှ ရံဖန်ရံခါ လျှပ်စီးကြောင်းများ ထွက်ပေါ်နေတတ်သည်။ ဤအစိမ်းရောင်နွားသိုးကြီး၏ ကျင့်ကြံမှုမှာ မနိမ့်လှဘဲ ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁၀ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

ညာဘက်အစွန်ဆုံးတွင်မူ ကျောပြင်၌ အတောင်ပံများ ပေါက်နေသည့် အစိမ်းရောင်ကျားကြီး တစ်ကောင် ရှိသည်။ သူ၏ အတောင်ပံများမှ လျှပ်စီးတန်းများ ခဏခဏ ထွက်ပေါ်နေ၏။ သူ၏ ကျင့်ကြံမှုမှာလည်း ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁၀ တွင် ရှိသည်။

မိမိနှင့် မျိုးနွယ်တူများကို မြင်ရသည့်အတွက် မြင်းနက်ကြီးမှာ စိတ်အခြေအနေ အတော်လေး ကောင်းမွန်နေပြီး တဟီးဟီး ရယ်မောနေတော့သည်။

ထို့နောက် သူသည် ဟင်းလင်းပြင်ထက်တွင် အေးအေးလူလူ လျှောက်လှမ်းလာခဲ့သည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ဖိအားပေးနိုင်သော အရှိန်အဝါမှာ ပိုမိုပြင်းထန်လာသည်။ ခြေလှမ်းအနည်းငယ်အပြီးတွင် သူ၏ အရှိန်အဝါမှာ ကံကြမ္မာနယ်ပယ်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

‘ဒါက တာအိုနယ်ပယ်က စီနီယာကြီးတစ်ယောက်လား...’

လျှပ်စီးတောင်တန်း သူတော်စင်သုံးပါးသည် ချဉ်းကပ်လာသည့် လူလတ်ပိုင်းအမျိုးသားကို ကြည့်ရင်း ကြောက်ရွံ့လွန်းသဖြင့် တုန်ရင်နေကြသည်။

ဤသူမှာ အမှန်တကယ်ပင် တာအိုနယ်ပယ်မှ စီနီယာကြီးတစ်ဦး ဖြစ်သည်။ သူ၏ ကျင့်ကြံမှုမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်နဲလှပေသည်။ ဤစီနီယာကြီး၏ ရှေ့တွင် သူတို့သည် ပုရွက်ဆိတ်ငယ်များပမာ အရေးမပါသကဲ့သို့ ခံစားနေကြရသည်။

"မင်းတို့အားလုံး ငြိမ်ငြိမ်ရပ်ပြီး တန်းစီလိုက်ကြစမ်း... ဦးလေးမြင်းက မင်းတို့ကို သေသေချာချာ ကြည့်ပါရစေဦး..."

မြင်းနက်ကြီးသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးအေးဆေးဆေး လျှောက်လာသည်။ သူ၏ လွှမ်းမိုးထားသော အရှိန်အဝါမှာ တောင်တန်းပေါင်း ဒါဇင်နှင့်ချီကာ ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသဖြင့် လျှပ်စီးတောင်တန်း သူတော်စင်သုံးပါးမှာ မလှုပ်ရှားနိုင်တော့ချေ။

"ဟင်း... ဒီနဂါးလေးက မိုးကြိုးနဂါးကိုး... မင်းရဲ့ ကျင့်ကြံမှုကတော့ မဆိုးပါဘူး၊ ဒါပေမဲ့ မင်းရဲ့ သွေးမျိုးဆက်ကတော့ အရမ်းကို အားနည်းလွန်းနေတယ်..."

မြင်းနက်ကြီးက အပြာရောင်နဂါးကို လက်ညှိုးထိုးကာ မှတ်ချက်ပေးလိုက်သည်။

ထို့နောက် သူသည် ဘယ်ဘက်ရှိ အစိမ်းရောင်နွားသိုးကြီးထံသို့ လှည့်လိုက်သည်။ သူသည် အနားသို့ အမှန်တကယ် လျှောက်သွားပြီး နွားသိုးကြီး၏ တောင့်တင်းလှသော ကြွက်သားများကို ပုတ်ကာ ပြုံးလိုက်သည်။

"ဦးလေးမြင်းက ခွေနွားသား မစားရတာ ကြာပြီပဲ... မင်း အသား နည်းနည်းလောက် အလှူအတန်း မလုပ်ချင်ဘူးလား..."

ဤစကားကို ကြားရသည့်အခါ အစိမ်းရောင်ခွေနွားကြီးမှာ ထိတ်လန့်လွန်းသဖြင့် မေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်။

"စီနီယာ... ကျေးဇူးပြုပြီး အဲ့ဒီလိုမျိုး မနောက်ပြောင်ပါနဲ့လားခင်ဗျာ..."

ခွေနွားကြီးသည် ရယ်ရခက် ငိုရခက် ပုံစံဖြင့် ပြောလိုက်ရသည်။

"ပြီးတော့ မင်းလည်း ပါတာပေါ့..."

မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်းနက်ကြီးသည် အစိမ်းရောင်ကျားကြီး၏ ရှေ့သို့ ရောက်သွားခဲ့သည်။ သူက ကစားလိုသောအပြုံးနှင့် ပြောလိုက်သည်။

"မင်းလို မှောင်မိုက်လျှပ်စီးမိုးကြိုးကျားရဲ့ အသားကလည်း မဆိုးလှပါဘူး... ဦးလေးမြင်း ကျားသားမစားရတာ ကြာပြီဆိုတော့... ဦးလေးမြင်း အရက်နဲ့ မြည်းဖို့အတွက် အသား နည်းနည်းလောက် ဖြတ်ပေးပါလား..."

"စီနီယာ... စီနီယာ ကျားသားစားချင်ရင် ကျွန်တော် တခြားနေရာကနေ ရှာပေးနိုင်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကိုတော့ သက်ညှာပေးပါနော်..."

မှောင်မိုက်လျှပ်စီးမိုးကြိုးကျားမှာ တုန်တုန်ရင်ရင်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်ရသည်။

ဤတာအိုနယ်ပယ် သန်မာသူကြီး၏ ရှေ့တွင် သူတို့ လျှပ်စီးတောင်တန်း သူတော်စင်သုံးပါးအနေနှင့် မည်သို့ အာခံရဲပါမည်နည်း။

ထိုမိစ္ဆာသားရဲ သုံးကောင် ထိတ်လန့်နေသည်ကို မြင်ရသည့်အခါ မြင်းနက်ကြီးသည် အားရပါးရ ရယ်မောလိုက်ပြီး သူ၏ မိစ္ဆာအရှိန်အဝါကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

ယခင်က သူသည် အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်ထားသဖြင့် ဤသုံးဦးမှာ သူသည်လည်း အစွမ်းထက်သော မိစ္ဆာကြီးတစ်ကောင် ဖြစ်ကြောင်း မသိရှိခဲ့ကြပေ။

သူ၏ မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် လျှပ်စီးတောင်တန်း သူတော်စင်သုံးပါးမှာ မယုံကြည်နိုင်သကဲ့သို့ မျက်လုံးအပြူးသားဖြင့် သူတို့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအမျိုးသားကို စိုက်ကြည့်နေကြတော့သည်။

ဤသူမှာ အမှန်တကယ်ပင် တာအိုနယ်ပယ်မှ မိစ္ဆာကြီးတစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။

"ဟဲဟဲ... အခုတော့ နားလည်သွားပြီလား... ငါတို့က အားလုံး မိသားစုတွေပါပဲ... ငါက မင်းတို့လို ကလေးတွေကို ဘယ်လိုလုပ် အနိုင်ကျင့်ရက်မှာလဲ..."

မြင်းနက်ကြီးသည် အောင်နိုင်သူတစ်ဦးပမာ ခေါင်းမော့ကာ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

သူသည် ထာဝရနယ်ပယ်၏ အရှိန်အဝါကို မတော်တဆ ထုတ်လွှတ်မိပြီး ဤသုံးဦးကို အသက်ထွက်အောင် ခြောက်လှန့်မိမှာ စိုးရိမ်သောကြောင့် တာအိုနယ်ပယ် ကျင့်ကြံမှုအဆင့် အရှိန်အဝါကိုသာ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ အကြောင်းမှာ ချန်းနန်ကုန်းမြေကြီး တစ်ခုလုံးတွင် ထာဝရနယ်ပယ် သန်မာသူများမှာ ရှားပါးလှပြီး သူတို့ တစ်ဦးချင်းစီမှာလည်း အလွန်ပင် ကျော်ကြားလှသောကြောင့် ဖြစ်သည်။

သူ ရယ်မောပြီးနောက် အရှိန်အဝါကို ပြန်လည်ရုပ်သိမ်းလိုက်သည့်အခါမှ လျှပ်စီးတောင်တန်း သူတော်စင်သုံးပါးမှာ စိတ်အေးသွားကြသည်။

"စီနီယာက မိစ္ဆာမျိုးနွယ်က စီနီယာကြီးတစ်ယောက် ဖြစ်နေတာကိုး..."

လျှပ်စီးတောင်တန်း သူတော်စင်သုံးပါးသည် လူသားအသွင်သို့ ပြောင်းလဲလိုက်ကြပြီး မျက်နှာပေါ်တွင် အပြုံးများဖြင့် မြင်းနက်ကြီးထံ ချဉ်းကပ်ကာ ဂါရဝပြုလိုက်ကြသည်။

"အကြီးကောင်နဂါးလေး... အလတ်ကောင်နွားလေး... အငယ်ကောင်ကျားလေး... ငါက ဒီအတိုင်း ဖြတ်သွားရင်းနဲ့ ဒီမိုးကြိုးကန်က ကြည့်ကောင်းနေတာနဲ့ ရေချိုးဖို့ ဝင်လာတာ... ပြီးတော့ မင်းတို့လို လူငယ်လေးတွေနဲ့ တွေ့ချင်တာလည်း ပါတာပေါ့..."

မြင်းနက်ကြီးက အေးအေးလူလူ ပြောလိုက်သည်။

ဤစီနီယာကြီးထံမှ ရုတ်တရက် နာမည်ပြောင်များ ပေးခြင်းခံလိုက်ရသည့်အတွက် သူတော်စင်သုံးပါးမှာ စိတ်ထဲတွင် ခါးသီးစွာ ညည်းညူနေကြသော်လည်း ထုတ်မပြောရဲကြပေ။ သူတို့တွင် ရွေးချယ်စရာ မရှိပေ။ မိစ္ဆာမျိုးနွယ်တွင် အင်အားကြီးသူကိုသာ လေးစားရပေသည်။ သူတို့ရှေ့ရှိ ဤတာအိုနယ်ပယ် မိစ္ဆာကြီးမှာ သူတို့ ယှဉ်ပြိုင်နိုင်သည့် အဆင့်ထက် များစွာ ကျော်လွန်နေသည်။ ထို့ကြောင့် ဤနာမည်ပြောင်များကိုသာ လက်ခံလိုက်ရတော့သည်။ နှိမ့်ချရခြင်းက အသက်မဆုံးရှုံးသရွေ့တော့ အရေးမကြီးချေ။

"စီနီယာ... စီနီယာက ဒီလောက်ဝေးတဲ့နေရာကနေ လာတာဆိုတော့ ကျေးဇူးပြုပြီး အလျင်စလို မပြန်ပါနဲ့ဦး... ကျွန်တော်တို့ စီနီယာ့ကို သေသေချာချာ ဧည့်ခံပါရစေ..."

အကြီးကောင်နဂါးက ရှေ့သို့ လှမ်းလာပြီး လက်သီးလက်ဝါးဆုပ် ဂါရဝပြုလျက် ပြုံးရွှင်စွာ ပြောလိုက်သည်။

ဤသူမှာ တာအိုနယ်ပယ် မိစ္ဆာကြီးတစ်ဦး ဖြစ်သည်။ သူတို့တွင် ကျင့်ကြံမှုနှင့်ပတ်သက်၍ မေးမြန်းလိုသည့် မေးခွန်းများစွာ ရှိနေသည်။ ပုံမှန်ဆိုလျှင် ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ ရှာရခက်လှပေသည်။ ယခုတော့ တာအိုနယ်ပယ် စီနီယာကြီးတစ်ဦးက လျှပ်စီးတောင်တန်းသို့ကိုယ်တိုင် လာရောက်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ သူတို့၏ အတိတ်ဘဝက ကုသိုလ်ကံများကြောင့်ပင် ဖြစ်ပေလိမ့်မည်။

မြင်းနက်ကြီးက ခေါင်းညိတ်လိုက်သည်။

သူသည် ရယ်မောလျက် နဂါးကြီး၏ ပုခုံးကို ပုတ်ကာ ရွှင်ပျစွာ ပြောလိုက်သည်။

"ဒီလူငယ်လေးကတော့ သင်ပေးလို့ ရမယ့်ပုံပဲ..."

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်ခုခုကို သတိပြုမိသွားသဖြင့် မြင်းနက်ကြီးမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

နဂါးကြီးက အလျင်အမြန် ချဉ်းကပ်ကာ မေးလိုက်သည်။

"စီနီယာ... ကျွန်တော်တို့ လျှပ်စီးတောင်တန်းမှာ တစ်ခုခု ဖြစ်လို့လားဗျ..."

"မိုးကြိုးနဂါးလေးတစ်ကောင် ပြေးလာနေတယ်..."

မြင်းနက်ကြီးက ခပ်ဖွဖွပြုံးလျက် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

"ဪ... အဲ့ဒီ မိုးကြိုးနဂါးလေးကိုး... သူက ကျွန်တော်တို့နဲ့ အနည်းငယ် ရင်းနှီးပါတယ်... ဒါပေမဲ့ သူက ဂိုဏ်းကြီးသုံးခုက ကျင့်ကြံသူတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရပုံရတယ်... စီနီယာက ပြောလာမှတော့ ကျွန်တော်တို့ သူ့ကို ဒီထဲ ဝင်ခွင့်ပေးလိုက်ရမလား..."

နဂါးကြီးက သူ၏နှာခေါင်းကို ပွတ်လျက် ပြောလိုက်သည်။

"ငါက ဘယ်တုန်းက သူ့ကို ဝင်ခွင့်ပေးလိုက်လို့ ပြောဖူးလို့လဲ..."

မြင်းနက်ကြီး၏ မျက်လုံးများ ပြူးသွားပြီး သူ၏ ပြင်းထန်သော အရှိန်အဝါကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်သည်။

မိစ္ဆာကြီး သုံးဦးမှာ သူတို့၏ ပုခုံးပေါ်တွင် ဧရာမ တောင်ကြီးတစ်လုံး ထပ်မံ ဖိနှိပ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

နဂါးကြီးမှာ စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။

"ဒါဆို စီနီယာက ဘာကို ဆိုလိုတာလဲဗျ..."

"သူ့ကို ဒီမိုးကြိုးကန်ထဲ ဝင်ခွင့်မပေးနဲ့... အဲ့ဒီ မိုးကြိုးနဂါးပေါက်လေးကို ဒဏ်ရာ နည်းနည်းလောက် ရပါစေဦး... သူ့ကို လျှပ်စီးတောင်တန်း တစ်လျှောက်လုံး ပတ်ပြေးနေခိုင်းလိုက်စမ်း..."

မြင်းနက်ကြီးက ခဏမျှ စဉ်းစားပြီးနောက် ပြုံးလျက် ပြောလိုက်သည်။

အကယ်၍ ထိုမိုးကြိုးနဂါးသာ မိုးကြိုးကန်ထဲကို ဝင်လာပြီး ဒဏ်ရာတွေ ပျောက်ကင်းသွားမည်ဆိုလျှင် သူ၏ သခင်လေးနှစ်ယောက်က မည်သို့ဖြင့်အတွေ့အကြုံ ဆက်ယူနိုင်တော့မည်နည်း။ ထိုမိုးကြိုးနဂါးအနေဖြင့် ဂိုဏ်းကြီးသုံးခုမှ ထိပ်တန်းပါရမီရှင်တွေကို တောင်တန်းတစ်လျှောက် ပတ်ပြေးအောင် လုပ်ဆောင်နေမှသာ သူ၏ သခင်လေးနှစ်ယောက်အတွက် ပိုမိုကောင်းမွန်သော လေ့ကျင့်ခန်း ဖြစ်လာပေလိမ့်မည်။

မိုးကြိုးနဂါး၏ အရှိန်အဝါမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်ကို မြင်ရသည့်အတွက် မြင်းနက်ကြီးသည် မိုးကြိုးကန်ရေ တစ်လက်ဆုပ်ကို ခပ်ယူကာ လှမ်းပစ်လိုက်သည်။

ထိုမိုးကြိုးကန်ရေ တစ်လက်ဆုပ်မှာ မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး တစ်နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အခန်း ၉၆ ပြီးပါပြီ။

All Chapters