← Chapters

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း ၉၇ - နတ်ဧကရာဇ်နယ်ပယ်သို့ ထိုးထွင်းတိုးတက်ခြင်း

"မိုးကြိုးကန်ကို ရောက်တော့မယ်..."

လေဇယ်ငှက်သည် ရေစည်ပိုင်းခန့် ထူထဲသော လျှပ်စီးတန်းများ ဝေးကွာသော တောင်ထိပ်တစ်ခုသို့ ပစ်ချနေသည်ကို ကြည့်ရင်း ပြင်းပြသော တောင့်တမှုများဖြင့် မျက်ဝန်းများ တောက်ပနေသည်။

သူသည် မိုးကြိုးကန်သို့ ရောက်ရှိရန်သာ လိုအပ်ပေသည်။ လျှပ်စီးတောင်တန်း၏ သူတော်စင်သုံးပါးမှာ သူ့အား သေခါနီးတွင် ဒီအတိုင်း လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း သူ ယုံကြည်နေသည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးမှာ မိစ္ဆာမျိုးနွယ်ဝင်များ ဖြစ်ကြသည် မဟုတ်ပါလော။ ထို့ပြင် သူတို့သည် ယခင်ကလည်း တစ်ကြိမ်ဆုံဖူးခဲ့ကြသည်။

သူသည် သူ့အား မလျှော့သောဇွဲဖြင့် လိုက်လံဖမ်းဆီးနေသည့် ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများကို နောက်လှည့်ကြည့်လိုက်သည်။

သူသည် မိုးကြိုးကန်နှင့် မိုင်ပေါင်းရာနှင့်ချီ၍ ဝေးကွာနေသေးသည်။ ကောင်းကင်ယံတွင် တိမ်တိုက်များ ထူထပ်နေပြီး မိုးကြိုးပစ်သည့်အကြိမ်ရေမှာလည်း အလွန်ပင် စိပ်လှသည်။ အကယ်၍ သူသာ ကောင်းကင်သို့ ပျံတက်လိုက်လျှင် လျှပ်စီးထိမှန်ရန် အခွင့်အလမ်းများပေသည်။ မိုးကြိုးစွမ်းအင်သုံး မိစ္ဆာသားရဲတစ်ကောင်အနေနှင့် လေဇယ်ငှက်သည် လျှပ်စီးကို မကြောက်သော်လည်း အဆက်မပြတ်နှင့် အတိုင်းအတာကြီးမားသော ထိခိုက်မှုများကိုမူ သူ မခံနိုင်ပေ။

"ဗြန်း..."

လေဇယ်ငှက် တုံ့ပြန်ချိန်ပင်မရမီ ရေလုံးကြီးတစ်ခုက သူ့ထံသို့ ရုတ်တရက် ရိုက်ခတ်လာပြီး ချမ်းစိမ့်လှသော အအေးဓာတ်နှင့်အတူ သူ့အား စိုရွှဲသွားစေသည်။

"ဘယ်ကောင်က ငါ့ကို ချောင်းမြောင်းတိုက်ခိုက်တာလဲ..."

လေဇယ်ငှက်က ဒေါသတကြီး ဆဲရေးလိုက်သည်။

သို့သော် နောက်တစ်ခဏတွင်မူ အံ့အားသင့်စရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ သူ၏ပါးစပ်မှာ အလိုအလျောက် ပွင့်သွားခဲ့ပြီး အစိမ်းရောင် မိုးကြိုးကန်ရေများမှာ ရေတံခွန်တစ်ခုပမာ သူ၏ပါးစပ်ထဲသို့ စီးဆင်းဝင်ရောက်သွားတော့သည်။ ထို့နောက် သူ၏ပါးစပ်မှာ အလိုအလျောက် ပြန်ပိတ်သွားခဲ့သည်။ ပြီးနောက်တွင်မူ လေဇယ်ငှက်၏ ပါးစပ်မှာ လုံးဝဥဿုံ ပိတ်ဆို့သွားခဲ့လေပြီ။

'သွားပြီ... သူတော်စင်သုံးပါးက ငါ့ကို မိုးကြိုးကန်ရေတွေ ပို့ပေးတာကို ငါက ရိုင်းရိုင်းစိုင်းစိုင်း ပြောမိသွားတယ်... ဒါက ငါ့ကို သူတို့ ပေးတဲ့ ပြစ်ဒဏ်ပဲ ဖြစ်ရမယ်...'

လေဇယ်ငှက်မှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ချေ။ ထိုအချိန်တွင် သူသည် မိမိ၏အတောင်ပံများဖြင့် မိမိပါးစပ်ကို အကြိမ်ကြိမ် ပြန်လည်ရိုက်နှက်နေမိသည်။

သူ မျိုချလိုက်သော များပြားလှသည့် မိုးကြိုးကန်ရေများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး ပြင်းထန်သော ချီစွမ်းအားများကို ချက်ချင်း ထုတ်လွှတ်ပေးကာ သူ၏ဒဏ်ရာများကို လျင်မြန်စွာ သက်သာလာစေသည်။

လေဇယ်ငှက်၏ စိတ်နှလုံးမှာ ချက်ချင်းပင် တက်ကြွလာခဲ့သည်။

သူတော်စင်သုံးပါးမှာ သူတို့၏ ဂျူနီယာဖြစ်သော သူ့အား မှတ်မိနေကြသေးသည်။ ဤမိုးကြိုးကန်ရေနှင့်ဆိုလျှင် သူသည် မိုးကြိုးကန်ထဲသို့ မဝင်နိုင်သည့်တိုင်အောင် ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များကိုမူ ခေတ္တမျှ ခုခံနိုင်ပေလိမ့်မည်။

ထိုသို့တွေးတောရင်း လေဇယ်ငှက်သည် ပါးစပ်ကို ပိတ်ထားလျက်ပင် လမ်းကြောင်းပြောင်းလိုက်ပြီး ကောင်းကင်မှ လျှပ်စီးများကို ရှောင်တိမ်းကာ ထူထပ်သော တောအုပ်တစ်ခုအတွင်းသို့ ပျံသန်းဝင်ရောက်သွားတော့သည်။

...

တစ်ချိန်တည်းမှာပင် မြင်းနက်ကြီးသည် လျှပ်စီးနန်းတော်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤတာအိုနယ်ပယ်မှ မိစ္ဆာစီနီယာကြီးကို ဧည့်ခံရန်အတွက် လျှပ်စီးတောင်တန်း၏ သူတော်စင်သုံးပါးသည် သူတို့ နှစ်ပေါင်းများစွာ စုဆောင်းထားသမျှ ရတနာအားလုံးကို ထုတ်ယူလာကြသည်။ ရှားပါးလှသော မိုးမြေရတနာများ၊ မြိန်ရှက်ဖွယ် အစားအစာများနှင့် အရက်ချိုများကို စားပွဲပေါ်တွင် ပြည့်နှက်နေအောင် ခင်းကျင်းထားကြသည်။

မြင်းနက်ကြီးမှာ အားရပါးရ စားသောက်နေသည်။ အမှန်စင်စစ် သူသည် ဤအရာများကို အရေးတယူ မလုပ်ချေ။ သို့သော် သခင်ကြီး၏ ရထားလုံးကို ဆွဲနေခဲ့ရသည်မှာ ကြာပြီဖြစ်သဖြင့် သူသည် ဘာကိုမျှ ဝဝလင်လင် မစားရသေးပေ။ ထို့ကြောင့် သူ အရင်က အထင်အမြင်သေးခဲ့သော အရာများကို စားနေရသည့်တိုင်အောင် သူ၏ စိတ်ထဲတွင် အလွန်ပင် ပျော်ရွှင်နေမိသည်။

အတိအကျပင် ထိုအချိန်တွင် ဖော်ပြမရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုမှာ အလွန်ဝေးကွာသော အရပ်မှ အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။

မြင်းနက်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားခဲ့သည်။ သူသည် အလျင်အမြန် ထရပ်လိုက်ပြီး ခန်းမကြီး၏ အလယ်သို့ သွားကာ တစ်စုံတစ်ခုသော အရပ်ဆီသို့ စိုက်ကြည့်နေမိသည်။ သူ၏ မျက်ဝန်းများမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်နေသည်။

'ငါ့ရဲ့ ကျင့်ကြံမှုက ဝေးကွာတဲ့နေရာတွေကို အာရုံခံဖို့အတွက် အရမ်းကို အားနည်းနေသေးတာပဲ...'

မြင်းနက်ကြီးက သက်ပြင်းချလိုက်သည်။ သူသည် ဝူရှန်းနတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ ဝေးကွာသောအရပ်မှ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါ၏ မြစ်ဖျားခံရာကို စုံစမ်းရန် ကြိုးစားခဲ့သည်။ သို့သော် သူ၏ ကျင့်ကြံမှုမှာ စုံစမ်းစစ်ဆေးမှု ဝေးဝေးရောက်ရန်အတွက် အားနည်းလွန်းနေသည်။

အတိအကျပင် ထိုအချိန်တွင် မြင်းနက်ကြီးသည် ဤနတ်ဘုရားစွမ်းရည်ကို အသုံးပြုနေစဉ်မှာပင် သူ၏ ထာဝရနယ်ပယ် မိစ္ဆာကြီး၏ အရှိန်အဝါကို သတိလက်လွတ် ဖော်ပြမိသွားခဲ့သည်။

နန်းတော်အတွင်းရှိ မိစ္ဆာကြီး သုံးဦးမှာ ချက်ချင်းပင် မှင်တက်မိသွားကြသည်။

"စီနီယာ... ဒါဆို စီနီယာက..."

မိစ္ဆာကြီး သုံးဦးမှာ စိတ်လှုပ်ရှားမှုများကြောင့် လွှမ်းမိုးခြင်းခံရကာ သူတို့ရှေ့ရှိ မိစ္ဆာစီနီယာကြီးမှာ အမှန်တကယ်ပင် ထာဝရနယ်ပယ်မှ မိစ္ဆာကြီးတစ်ဦး ဖြစ်ကြောင်း သိရှိသွားကြပြီး ချက်ချင်းပင် ဒူးထောက်၍ ဝတ်ပြုဂါရဝပြုလိုက်ကြတော့သည်။

ဤသည်မှာ သူတို့၏ စိတ်ကူးယဉ်မှုထက်ပင် ကျော်လွန်နေပေသည်။ သူတို့သည် တစ်နေ့သောအခါတွင် ထာဝရနယ်ပယ်မှ မိစ္ဆာကြီးတစ်ဦးနှင့်အတူ ပျော်ပျော်ပါးပါး အရက်သောက်ကာ စကားပြောဆိုခွင့် ရလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးချေ။

"ရှူး... သိနေရင် ရပြီ..."

မြင်းနက်ကြီးသည် ခေါင်းလှည့်ကာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော မိစ္ဆာလေး သုံးကောင်ကို ကြည့်ရင်း အားရပါးရ ပြုံးပြလိုက်သည်။ ထို့နောက် သူသည် ပြန်လှည့်ကာ တစ်စုံတစ်ခုသော အရပ်ဆီသို့ ဆက်လက်စိုက်ကြည့်နေမိပြန်သည်။

အတိအကျပင် ထိုအချိန်၌ ချန်းနန်ကုန်းမြေကြီးပေါ်ရှိ ထာဝရနယ်ပယ် သန်မာသူအားလုံးမှာ တစ်စုံတစ်ရာသော နေရာမှ ထွက်ပေါ်လာသည့် ဖော်ပြမရနိုင်သော ထိတ်လန့်ဖွယ်ရာကို ခံစားလိုက်ကြရသည်။ ကျင့်ကြံခြင်းတွင် နှစ်မြှုပ်နေသော ထာဝရနယ်ပယ် သန်မာသူများပင်လျှင် မျက်လုံးများကို ချက်ချင်းဖွင့်ကာ ရုတ်တရက် ထရပ်လိုက်ကြသည်။ လူတိုင်းသည် တစ်စုံတစ်ခုသော အရပ်ဆီသို့ စိုက်ကြည့်နေကြသည်။

ထိုအရပ်ဆီမှ အရှိန်အဝါမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။ ထာဝရနယ်ပယ် သန်မာသူအားလုံးပင် သူတို့၏ ခန္ဓာကိုယ်များ အလိုအလျောက် တုန်ယင်လာသည်ကို ခံစားလာရသည်။ ဤသည်မှာ သဘာဝအလျောက် ဖိနှိပ်မှုတစ်မျိုးဖြစ်ပြီး သူတို့၏ ဝိညာဉ်နက်နဲရာ အရပ်မှပင် ဝတ်ပြုကိုးကွယ်ရန် တွန်းအားပေးနေသည့် အင်အားကြီးမားသော စွမ်းအားတစ်ခု ဖြစ်သည်။

"ဘုရားရေ... ဘာတွေ ဖြစ်ကုန်တာလဲ..."

တစ်ကိုယ်လုံး တုန်ရင်နေသော ထာဝရနယ်ပယ် သန်မာသူတစ်ဦးက မိမိကိုယ်ကို ရေရွတ်လိုက်သည်။

"အတားအဆီးထဲမှာ ဘာတွေ ဖြစ်နေတာလဲ..."

အခြားသော ထာဝရနယ်ပယ် သန်မာသူတစ်ဦးကလည်း ရင်တထိတ်ထိတ်ဖြင့် တစ်စုံတစ်ခုသော နေရာကို စိုက်ကြည့်ရင်း အာမေဍိတ်သံပြုလိုက်သည်။

အခြားသော ဟင်းလင်းပြင်တစ်ခုတွင် အပြာရောင်ဝတ်စုံဝတ်တစ်ဦးနှင့် အနီရောင်ဝတ်စုံဝတ်တစ်ဦးဟူသော အဖိုးအိုနှစ်ဦး ရှိနေပြီး သူတို့နှစ်ဦးလုံးမှာ ထာဝရနယ်ပယ် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားကြသည်။ ဤနှစ်ဦးမှာ ယခင်က ဘေးကင်းနယ်မြေပြင်ပတွင် ရီယွင် မြင်တွေ့ခဲ့သည့် အဖိုးအိုနှစ်ဦးပင် ဖြစ်သည်။

"ဒါက အတားအဆီးထဲကနေ လာတာပဲ... ဆိုလိုတာက ပြင်ပကမ္ဘာက ငါတို့ကမ္ဘာကို ကျူးကျော်ဖို့ ကြံစည်နေတာလား..."

အပြာရောင်ဝတ်စုံဝတ် အဖိုးအိုက စိုးရိမ်တကြီး ပြောလိုက်သည်။

"လုံးဝ မဖြစ်နိုင်ဘူး..."

အနီရောင်ဝတ်စုံဝတ် အဖိုးအိုက ခေါင်းယမ်းလိုက်ပြီး တိုးညင်းသော အသံဖြင့် ပြန်ဖြေလိုက်သည်။

"အကယ်၍ ပြင်ပကမ္ဘာက ငါတို့ကို ကျူးကျော်ချင်တယ်ဆိုရင် ဟိုးအရင်ကတည်းက လုပ်မှာပေါ့... ဘာလို့ အခုထိ စောင့်နေမှာလဲ..."

"ဒါဆိုရင် ဒါက..."

အပြာရောင်ဝတ်စုံဝတ် အဖိုးအို၏ စိတ်ထဲတွင် ဝတ်စုံဖြူနှင့် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုဝတ်စုံဖြူနှင့် လူငယ် ဖြစ်နေမလား။ ထိုဝတ်စုံဖြူနှင့် လူငယ်မှာ အလွန်ပင် နက်နဲလှပြီး သူတို့နှစ်ဦးပင် ထိုသူ၏ ကျင့်ကြံမှုကို မသိနိုင်ချေ။ သူသည် သူ၏ကျင့်ကြံမှုကို လျှို့ဝှက်နည်းစနစ်တစ်ခုခုဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်ဟု သူတို့ တစ်ခါက တွေးခဲ့ဖူးသည်။

"အဲ့ဒီလူငယ်က ထာဝရနယ်ပယ်ကနေ စစ်မှန်သောနတ်ဘုရားနယ်ပယ်ကို ထိုးထွင်းတိုးတက်နေတာလို့ ငါ ထင်နေတယ်..."

အပြာရောင်ဝတ်စုံဝတ် အဖိုးအိုက သူ၏ စိတ်ထဲရှိ အတွေးများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"ဘာ... မင်းပြောတာက သူက စစ်မှန်သောနတ်ဘုရားနယ်ပယ်က သန်မာသူတစ်ယောက်လို့လား..."

အနီရောင်ဝတ်စုံဝတ် အဖိုးအိုမှာ အံ့အားသင့်သွားခဲ့သည်။

နှစ်ပေါင်း သိန်းနှင့်ချီအောင် ချန်းနန်ကုန်းမြေကြီးပေါ်တွင် စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ သန်မာသူ တစ်ဦးမျှ မရှိခဲ့ဖူးချေ။ ဤသည်မှာ ဒဏ္ဍာရီထဲတွင်သာ တည်ရှိသော နယ်ပယ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့မဟုတ် အတားအဆီးကို ဖြတ်ကျော်ပြီး ပြင်ပကမ္ဘာသို့ ရောက်ရှိမှသာ ထာဝရနယ်ပယ်မှ စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ထိုးထွင်းတိုးတက်ရန် ဖြစ်နိုင်ပေလိမ့်မည်။

ထိုအကြောင်းကို သူတို့နှစ်ဦး တွေးမိလိုက်သည့်အခါ ထိုလူငယ်၏ လုပ်ရပ်များကို ပြန်လည်အမှတ်ရမိပြီး ဤခန့်မှန်းချက်မှာ အလွန်ပင် ဖြစ်နိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

"ဘယ်သူက ထင်မှာလဲ... ငါတို့က စစ်မှန်သောနတ်ဘုရားနယ်ပယ်က စီနီယာကြီးတစ်ဦးနဲ့ တွေ့ဆုံဖို့ အခွင့်အရေးကို လက်လွတ်ခဲ့ရတာပဲ..."

သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မတတ်သာဘဲ သက်ပြင်းချလိုက်ကြတော့သည်။

ဝေးကွာသော အရပ်မှ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါမှာ ပို၍ပို၍ ပြင်းထန်လာသည်။ ဤထာဝရနယ်ပယ် သန်မာသူနှစ်ဦးမှာ ကြီးမားလှသော ဖိနှိပ်မှုကို ခုခံရန်အတွက် သူတို့၏ ကြီးမားလှသော ကျင့်ကြံမှုကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

သို့သော်လည်း ထူးဆန်းသည်မှာ ဤပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ထာဝရနယ်ပယ် သန်မာသူများသာ အာရုံခံနိုင်ကြခြင်း ဖြစ်သည်။ ထာဝရနယ်ပယ်အောက်ရှိ မည်သည့်ကျင့်ကြံသူအတွက်မဆို အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်နေသည်။

"အုန်း..."

ထိုအချိန်တွင် ထာဝရနယ်ပယ် သန်မာသူအားလုံးမှာ ချန်းနန်ကုန်းမြေကြီးတစ်ခုလုံး တုန်ခါသွားသည်ဟု ရုတ်တရက် သိလိုက်ကြရသည်။ ထို့နောက် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ဝင်ရောက်လာပြီး ထာဝရနယ်ပယ် သန်မာသူအားလုံးကို ခြေမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ထိုင်ကျသွားစေသည်။

"တစ်ယောက်ယောက်က စစ်မှန်သောနတ်ဘုရားနယ်ပယ်ကို ထိုးထွင်းတိုးတက်သွားပြီ..."

ဂုဏ်သတင်းကြီးသော ဂိုဏ်းတစ်ခုမှ ထာဝရနယ်ပယ် ဘိုးဘေးကြီးတစ်ဦးသည် ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ချက်ချင်းပင် အာမေဍိတ်သံပြုလိုက်သည်။

"တစ်ယောက်ယောက်က စစ်မှန်သောနတ်ဘုရားနယ်ပယ်ကို ထိုးထွင်းတိုးတက်သွားပြီပဲ..."

ပိုမိုများပြားလှသော ထာဝရနယ်ပယ် ကျင့်ကြံသူများသည်လည်း ဤအချက်ကို သတိပြုမိသွားကြသည်။

ချန်းနန်ကုန်းမြေကြီးပေါ်တွင် စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ သန်မာသူတစ်ဦး အမှန်တကယ် ပေါ်ထွက်လာခဲ့လေပြီ။ ဤသည်မှာ နှစ်ပေါင်း သိန်းနှင့်ချီအောင် တည်ရှိခဲ့သော ကျင့်ကြံခြင်းလောက၏ ထုံးတမ်းစဉ်လာကို လုံးဝ ရိုက်ချိုးဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝေးကွာလှသော ရှန်ဖုန်းမင်းဆက်၏ လျှပ်စီးတောင်တန်း အနက်ပိုင်းရှိ လျှပ်စီးနန်းတော်အတွင်း၌ အလွန်ပင် စိတ်လှုပ်ရှားနေသော မြင်းနက်ကြီးသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရေရွတ်နေမိသည်။

"သခင်ကြီး... နတ်ဧကရာဇ်နယ်ပယ်ကို ထိုးထွင်းတိုးတက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်ခင်ဗျာ..."

အခန်း ၉၇ ပြီးပါပြီ။

အခန်း ၉၈ - ရီယွင် ပြန်လာခြင်းနှင့် မိုးကြိုးကန်တွင် ခန္ဓာကိုယ် ကြံ့ခိုင်စေခြင်း

"သခင်ကြီး..."

‘ဒီစီနီယာက ထာဝရနယ်ပယ်က မိစ္ဆာကြီးတစ်ဦး ဖြစ်နေပြီကို... သူ့အထက်မှာ သခင်တစ်ယောက် ရှိနေသေးတာလား... ပြီးတော့ ဒီသခင်က နတ်ဧကရာဇ်နယ်ပယ်မှာလား... အဲ့ဒါက ဘယ်လိုနယ်ပယ်မျိုးလဲ...’

လျှပ်စီးတောင်တန်းက သူတော်စင်သုံးပါးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်နေကာ စိတ်ထဲရှိ လှုပ်ခတ်မှုကို ဖုံးကွယ်မထားနိုင်ကြပေ။ သူတို့သည် နတ်ဧကရာဇ်နယ်ပယ်အကြောင်းကို တစ်ခါမျှပင် မကြားဖူးကြပေ။ သို့သော်လည်း ဤစီနီယာကိုယ်တိုင်က ထာဝရနယ်ပယ်မှာ ရှိနေသည်ဆိုလျှင် သူ၏သခင်သည် အနည်းဆုံး စစ်မှန်သောနတ်ဘုရားနယ်ပယ်မှာ ရှိနေမည် မဟုတ်ပါလော။

ထိုသုံးဦးသည် တွေးမိလေလေ ပို၍ ထိတ်လန့်လေလေ ဖြစ်လာကြသည်။ သူတို့သည် အလျင်အမြန် ထရပ်လိုက်ကြပြီး မြင်းနက်ကြီး၏နောက်သို့ သုတ်ခြေတင် ပြေးသွားကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။ မိစ္ဆာကြီးသုံးဦးမှာ အသက်ပင် ပြင်းပြင်းရှူရန် မဝံ့ရဲကြပေ။ ခန်းမတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေတော့သည်။

ရုတ်တရက် ဟင်းလင်းပြင်မှာ လှိုင်းထသွားပြီး ဝတ်စုံဖြူနှင့် လူငယ်တစ်ဦး လမ်းလျှောက်ထွက်လာခဲ့သည်။

ခေါင်းငုံ့ကာ မိမိဘာသာ ရေရွတ်နေသော မြင်းနက်ကြီးသည် ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏မျက်နှာတွင် အံ့အားသင့်မှုများ အထင်အသား ပေါ်လာခဲ့သည်။

‘သခင်ကြီးက နတ်ဧကရာဇ်နယ်ပယ်ကို ထိုးထွင်းတိုးတက်သွားပြီ... အချိန်အနည်းငယ်အတွင်းမှာတင် သူက အခုလို မြန်မြန်ပြန်လာနိုင်ခဲ့တယ်... နတ်ဧကရာဇ်နယ်ပယ်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ...’

"မြင်းလေး... မင်း ဒီမှာ နေရတာ တော်တော်လေး သက်သောင့်သက်သာ ရှိပုံရတယ်နော်..."

ရီယွင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

"သခင်ကြီး... မြင်းလေး အမှားကို သိပါပြီ..."

မြင်းနက်ကြီးမှာ မြေပြင်ပေါ်တွင် လူးလိမ့်လိုက်ရာ ချက်ချင်းပင် ဧရာမ မြင်းနက်ကြီးအသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ဤမြင်ကွင်းက နောက်ကွယ်မှ ကြည့်နေသော သူတော်စင်သုံးပါးကို အံ့အားသင့်ပြီး မှင်တက်မိသွားစေခဲ့သည်။

‘ဒီလို နတ်ဘုရားတစ်ပါးလို ခန့်ညားချောမောတဲ့ ဝတ်စုံဖြူနဲ့ လူငယ်က ထာဝရနယ်ပယ်က စီနီယာမြင်းကြီးရဲ့ သခင်လား... သူက... ဖြစ်နိုင်တာက စစ်မှန်သောနတ်ဘုရားနယ်ပယ်က သန်မာသူတစ်ယောက်လား...’

ထိုသုံးဦးသည် သူတို့၏ နတ်ဝိညာဉ်အာရုံကို လျှို့ဝှက်ထုတ်လွှတ်ကာ စုံစမ်းရန် ကြိုးစားခဲ့ကြသော်လည်း သူတို့ရှေ့ရှိ အမျိုးသားထံမှ မည်သည့်ကျင့်ကြံမှုအရှိန်အဝါကိုမျှ အာရုံမခံနိုင်ကြပေ။

ရီယွင်က သူ၏မျက်ခွံကို အနည်းငယ် ပင့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မမြင်ရသော စွမ်းအားတစ်ခုမှာ ထိုသုံးဦး၏ စိတ်ထဲသို့ စီးဝင်သွားခဲ့သည်။ သူတို့၏မျက်ဝန်းများမှာ ခဏမျှ ကြောင်တောင်တောင် ဖြစ်သွားကြပြီး သူတို့၏စိတ်ထဲမှ တစ်စုံတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ ထိုအချိန်တွင် ရီယွင်သည် သူတို့၏ မှတ်ဉာဏ်အချို့ကို တိုက်ရိုက် ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ သူသည် ဤ မိစ္ဆာကလေး သုံးဦးကို သူ၏ နတ်ဧကရာဇ်နယ်ပယ်သို့ ထိုးထွင်းတိုးတက်မှုအကြောင်းအား မသိစေချင်ပေ။

ရီယွင်သည် မြင်းနက်ကြီး၏ ပြောင်လက်နေသော ကျောပြင်ကို ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။

"မင်း ဒီကို ရောက်နေပြီဆိုမှတော့ အေးအေးဆေးဆေး နေလိုက်ပါ... မင်းလည်း ရထားလုံးဆွဲရတာ ကြာပြီဆိုတော့ ပင်ပန်းနေရောပေါ့... ငါတို့လည်း ဒီမှာ ခဏလောက် အနားယူကြတာပေါ့..."

"သခင်ကြီး... ကျွန်တော်..."

မြင်းနက်ကြီးသည် ရှေ့ခြေထောက်များကို ထောက်ကာ ဒူးထောက်လိုက်ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် ငိုပင်ငိုချင်လာခဲ့သည်။

ရီယွင်က ခပ်ဖွဖွပြုံးကာ လက်လှမ်းလိုက်သည်။ ဟင်းလင်းပြင်မှာ လှိုင်းထသွားပြီး မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာမှ အနက်ရောင်ရထားလုံးမှာ သူ၏ဆွဲခေါ်မှုကြောင့် ခန်းမကြီးအတွင်းသို့ ရောက်ရှိလာခဲ့သည်။

"ဘယ်သူလဲ... ဘယ်သူက ငါ့သခင်ကြီးရဲ့ ရထားလုံးကို ခိုးရဲတာလဲ..."

အနက်ရောင်ဝတ်စုံနှင့် လူငယ်အသွင် ပြောင်းလဲထားသော ကြောင်နက်ကြီးသည် ရထားလုံးပေါ်တွင် သတိကြီးစွာဖြင့် ထရပ်လိုက်ပြီး သူ၏မျက်ဝန်းများက ပတ်ဝန်းကျင်ကို ဒေါသတကြီး ကြည့်ရှုစစ်ဆေးနေသည်။

သူသည် ခန်းမကြီးအတွင်း၌ ဝတ်စုံဖြူနှင့် သခင်ကြီးကို မြင်လိုက်ရပြီး သူ၏ဘေးတွင် ဦးလေးမြင်း ရှိနေသည်ကို မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးမှာ ချက်ချင်းပင် ပုံစံပြောင်းလိုက်ပြီး ကြောင်နက်ကလေးအသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူသည် သွက်လက်စွာဖြင့် ခုန်ဆင်းလာခဲ့သည်။

"သခင်ကြီး... သခင်ကြီး ဒီလောက်မြန်မြန် ပြန်လာမယ်လို့ ကျွန်တော် မထင်ထားဘူး... တစ်ယောက်ယောက်က ရထားလုံးကို ခိုးသွားပြီလို့ ကျွန်တော် ထင်နေတာ..."

ကြောင်နက်ကြီးသည် ရီယွင်၏ ခြေထောက်ကို မဖက်ရဲသဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးတိုက်နေမိသည်။ သူ၏အသံမှာ ငိုတော့မည့်အတိုင်း ဝမ်းနည်းပူဆွေးဖွယ် ဖြစ်နေသည်။

ရီယွင်က ပြုံးလိုက်သည်။ ဤကြောင်နက်ကြီးမှာ တကယ့်ကို သရုပ်ဆောင်ကောင်းသူတစ်ဦးပင် ဖြစ်သည်။ သူသည် စကားတစ်လုံးမျှ မဆိုဘဲ စွမ်းအားအစအနတစ်ခုကို ထုတ်လွှတ်လိုက်ကာ ကြောင်နက်ကြီးအား မြေပြင်မှ မလိုက်သည်။

"မြင်းလေး... ကြောင်လေး... မင်းတို့ ဒီမှာ ရှိနေတုန်း လူသားအသွင် ပြောင်းထားလို့ရတယ်... မိစ္ဆာမျိုးနွယ်က ဒီကျင့်ကြံဖော်တွေနဲ့ အချင်းချင်း ပေါင်းသင်းဆက်ဆံဖို့ အခွင့်အရေးကောင်းပဲ..."

ရီယွင်က ပြုံးလျက် ပြောလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

သူတို့သခင်ကြီး၏ စကားကို ကြားရသည့်အခါ မြင်းနက်ကြီးနှင့် ကြောင်နက်ကြီးတို့မှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး သူတို့၏မျက်နှာများမှာ ပျော်ရွှင်မှုကြောင့် တောက်ပနေကြသည်။ သူတို့နှစ်ဦးလုံး ပုံစံပြောင်းလိုက်ကြရာ တစ်ဦးမှာ အနက်ရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအမျိုးသား ဖြစ်သွားပြီး နောက်တစ်ဦးမှာ အနက်ရောင်ဝတ်စုံနှင့် လူငယ် ဖြစ်သွားခဲ့သည်။

ကြောင်နက်ကြီးသည် မြင်းနက်ကြီးထံ ပြေးသွားကာ အနားရှိ ပုံရိပ်သုံးခုကို လက်ညှိုးထိုးပြရင်း တဟားဟား ရယ်မောလျက် မေးလိုက်သည်။

"ဦးလေးမြင်း... ဒါက လျှပ်စီးတောင်တန်းက မိစ္ဆာ သုံးကောင်လား..."

"ဟုတ်တယ်..."

မြင်းနက်ကြီးသည် ကြောင်နက်ကြီး၏ ပုခုံးကို ပုတ်ကာ အားရပါးရ ရယ်မောလိုက်သည်။

"မင်းတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်တွေက အတူတူပဲဆိုတော့ အချင်းချင်း အတွေ့အကြုံ ဖလှယ်ဖို့အတွက် အခွင့်အရေးကောင်းပဲပေါ့..."

ထိုသို့ပြောရင်း မြင်းနက်ကြီးက လက်ဟန်ပြကာ ခေါ်လိုက်သည်။

လျှပ်စီးတောင်တန်း သူတော်စင်သုံးပါးမှာ အလျင်အမြန် ပြေးလာကြသည်။ သူတို့သုံးဦးသည် လက်သီးဆုပ် ဂါရဝပြုလိုက်ကြပြီး ပြုံးလျက် ပြောလိုက်သည်။

"မင်းက အမြီးကိုးချောင်းဝိညာဉ်ကြောင် ဖြစ်ရမယ်... ငါတို့ မင်းရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးတာ ကြာပါပြီ..."

"ချီးကျူးလွန်းနေပါပြီ... ချီးကျူးလွန်းနေပါပြီ..."

ကြောင်နက်ကြီးက တဟားဟား ရယ်မောလိုက်သည်။ သူသည် ထိုသုံးဦးကို အကဲခတ်ကြည့်လိုက်ပြီး သူတို့၏ မူလမျိုးနွယ်ကို ချက်ချင်း သိရှိသွားခဲ့သည်။ ထို့နောက် သူသည်လည်း လက်သီးဆုပ်ကာ ပြန်လည် ဂါရဝပြုလိုက်သည်။

ဤသုံးဦးသည် သူနှင့်နှိုင်းယှဉ်လျှင် သွေးဗီဇ အနည်းငယ် အားနည်းသော်လည်း ကျင့်ကြံမှုနယ်ပယ်မှာမူ အတူတူပင် ဖြစ်သည်။ အထူးသဖြင့် မိုးကြိုးနဂါးမှာ ကံကြမ္မာနယ်ပယ် ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤသည်မှာ ကြောင်နက်ကြီး၏ စိတ်ထဲတွင် ပြိုင်ဆိုင်လိုစိတ်ကို တောက်လောင်စေခဲ့သည်။ သူသည် ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁၀ အထွတ်အထိပ်မှ ကံကြမ္မာနယ်ပယ်သို့ ယခုချက်ချင်းပင် ထိုးထွင်းတိုးတက်ချင်စိတ် ပေါ်လာမိသည်။

မိုးကြိုးကန်၏ အထက်တွင် ရီယွင် ပေါ်လာခဲ့သည်။ သူသည် မိုးကြိုးကန်ကို အသာအယာ ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းဖျားတွင် ခပ်ဖွဖွအပြုံးတစ်ခု ပေါ်လာသည်။

‘ဒီမိုးကြိုးကန်ထဲက ရေတွေက အရည်အသွေး သိပ်မမြင့်ပေမဲ့ အတော်လေးတော့ အဆင်ပြေပါတယ်... နဂါးနတ်ဘုရားဂိုဏ်းက တပည့်သုံးယောက်ရဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်ဖို့အတွက်တော့ အကောင်းဆုံးပဲ... အထူးသဖြင့် သူတို့ ဘိုးဘေးနဂါး သွေးအနှစ်သာရကို စုပ်ယူပြီးတဲ့နောက်မှာ မိုးကြိုးကန်ရေကို သုံးပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်မယ်ဆိုရင် စုပ်ယူမှုနှုန်းကို အများကြီး တိုးလာစေလိမ့်မှာပဲ...’

ရီယွင်၏ စိတ်ကူးနှင့်အတူ သူ၏ရှေ့တွင် အလင်းတန်းတစ်ခု ကျဆင်းလာခဲ့သည်။ အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ ကျင့်ကြံနေသော စုဝမ်ယီ ပေါ်လာခဲ့သည်။ ဟင်းလင်းပြင်နှင့် အချိန် ကွဲပြားသွားသည်ကို ခံစားလိုက်ရသဖြင့် သူမသည် ကျင့်ကြံနေသည့် အခြေအနေမှ မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ရာ မိမိသည် အစိမ်းရောင် မိုးကြိုးကန်ကြီးတစ်ခု၏ အထက်တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

"ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်..."

စုဝမ်ယီသည် အလျင်အမြန် ထရပ်ကာ ရီယွင်ကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

"ဂျုန်း..."

သူမ စကားပြောပြီးသည်နှင့် အထက်ရှိ ထူထပ်သော တိမ်တိုက်များထဲမှ ရေစည်ပိုင်းခန့် ထူထဲသော မိုးကြိုးလျှပ်စီးများ မိုးရွာသကဲ့သို့ ကျဆင်းလာခဲ့သည်။

ရီယွင်က ထိုလျှပ်စီးများကို တစ်ချက် ကြည့်လိုက်သည်နှင့် ဤစည်ပိုင်းခန့် ထူထဲသော မိုးကြိုးလျှပ်စီးများမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် လိမ္မာပါးနပ်စွာဖြင့် အခြားလမ်းကြောင်းများသို့ လွှဲဖယ်သွားကြပြီး စုဝမ်ယီနှင့် ရီယွင်တို့ကို ရှောင်ကွင်းသွားကြတော့သည်။

"ဒါက..."

စုဝမ်ယီသည် ကောင်းကင်မှ ကျဆင်းလာသော စည်ပိုင်းခန့် ကြီးမားပြီး ထူထပ်လှသည့် မိုးကြိုးလျှပ်စီးများကို ကြည့်ရင်း အလွန်ပင် ထိတ်လန့်သွားခဲ့သည်။

"ဒီမှာရှိတဲ့ မိုးကြိုးကန်ရေက ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်ဖို့အတွက် သင့်တော်တယ်၊ ပြီးတော့ မင်းရဲ့ ဘိုးဘေးနဂါးသွေးကို မြန်မြန် သန့်စင်ဖို့အတွက်လည်း ကူညီပေးလိမ့်မယ်... နောက်ရက်တွေမှာ မင်းတို့အားလုံး ဒီမှာပဲ သန့်စင်ကြ..."

ရီယွင်က တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

သူသည် လက်ညှိုးတစ်ချောင်းနှင့် ညွှန်ပြလိုက်ရာ မိုးကြိုးကန်၏ အထက်တွင် ချက်ချင်းပင် ရှစ်တောင်ခန့် ကျယ်ဝန်းသော အဖြူရောင် အလင်းကွင်းကြီးတစ်ခု ပေါ်လာခဲ့သည်။ ဤအလင်းကွင်းမှာ ဖော်ပြမရနိုင်လောက်အောင် သန့်ရှင်းစင်ကြယ်သည့် အရှိန်အဝါကို ထုတ်လွှတ်နေပြီး မိုးကြိုးကန်၏ အစိတ်အပိုင်းတစ်ခုကို လုံးဝ သီးခြားခွဲထုတ်ထားခြင်းဖြစ်သည်။ ကောင်းကင်မှ မိုးကြိုးလျှပ်စီးများသည် အလင်းကွင်းနှင့် တွေ့ဆုံသည့်အခါ လိမ္မာပါးနပ်စွာဖြင့် ရှောင်ကွင်းသွားကြတော့သည်။

"နားလည်ပါပြီ ဘိုးဘေးကြီး..."

စုဝမ်ယီက ပြန်လည် ဖြေကြားလိုက်သည်။

သို့သော်လည်း သူမသည် ကျင့်ကြံရန်အတွက် မိုးကြိုးကန်ရေထဲသို့ ခုန်ဆင်းရန် ပြင်ဆင်လိုက်သည့်အခါ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် သူမ၏ ရင်မှာ တဒိန်းဒိန်း ခုန်နေဆဲပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမသည် နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၃ သာ ရှိသေးသည် မဟုတ်ပါလော။

"စိတ်မပူနဲ့... ငါ ဒီနေရာမှာ အစီအရင်တစ်ခု လုပ်ထားပေးတယ်... မိုးကြိုးကန်ရေရဲ့ စွမ်းအားကို အများကြီး လျှော့ချထားတာမို့လို့ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုနဲ့ တန်းတူဖြစ်လိမ့်မယ်..."

ရီယွင်က ပြုံးလျက် ပြောလိုက်သည်။

"တကယ်ကို ဝမ်းသာစရာပဲ..."

စုဝမ်ယီက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး နောက်တစ်စက္ကန့်တွင် မိုးကြိုးကန်ရေထဲသို့ ခုန်ဆင်းလိုက်တော့သည်။ မရေတွက်နိုင်သော မိုးကြိုးစွမ်းအင် လျှပ်စီးကြောင်းများမှာ သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ကျဉ်စိမ့်ခြင်း၊ ထုံကျင်ခြင်းနှင့် ယားယံခြင်းတို့ကို ခံစားရစေသော်လည်း အမှန်တကယ် ထိခိုက်မှု တစ်စုံတစ်ရာ မရှိပေ။ စုဝမ်ယီသည် စိတ်အေးလက်အေးဖြင့် မျက်လုံးများကို မှိတ်လိုက်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မသန့်စင်ရသေးသော ဘိုးဘေးနဂါး သွေးအနှစ်သာရများကို ဆက်လက် သန့်စင်နေတော့သည်။

"ဒီတစ်စက်ကိုလည်း ယူလိုက်ဦး..."

ရီယွင်က သူ၏ လက်ချောင်းကို တစ်ချက် လှုပ်လိုက်ရာ နောက်ထပ် ဘိုးဘေးနဂါး သွေးအနှစ်သာရ တစ်စက်မှာ စုဝမ်ယီ၏ နှုတ်ခမ်းနားသို့ ရောက်ရှိသွားခဲ့သည်။

သူမသည် အလျင်အမြန်ပင် ပါးစပ်ကို ဖွင့်ကာ ဤဘိုးဘေးနဂါး သွေးအနှစ်သာရ တစ်စက်ကို မျိုချလိုက်သည်။

ဘိုးဘေးနဂါး သွေးအနှစ်သာရသည် ဖော်ပြမရနိုင်လောက်အောင် ပြင်းထန်သော ချီစွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အတွင်း၌ ကြီးမားသော မြစ်ကြီးတစ်စင်းကဲ့သို့ ချက်ချင်းပင် လှည့်ပတ်စီးဆင်းသွားတော့သည်။ စီးဆင်းနေသော မိုးကြိုးစွမ်းအင်နှင့် ဘိုးဘေးနဂါး သွေးအနှစ်သာရ စွမ်းအင်တို့သည် ပေါင်းစည်းသွားကြပြီး စုဝမ်ယီ၏ ခန္ဓာကိုယ်ကို အတူတကွ သန့်စင်ပေးလိုက်ရာ သူမ၏ သန့်စင်မှုအရှိန်မှာ သိသိသာသာ မြန်ဆန်လာခဲ့သည်။

“မြန်လိုက်တာ...”

စုဝမ်ယီမှာ အံ့အားသင့်သွားခဲ့သည်။ ဤသန့်စင်မှုနှုန်းမှာ အရင်ကထက် သုံးဆမက ပိုမိုမြန်ဆန်နေသည် မဟုတ်ပါလော။

စုဝမ်ယီ၏ ကျင့်ကြံမှုမှာ စနစ်တကျ ရှိနေပြီး အရာအားလုံး အဆင်ပြေနေသည်ကို မြင်ရသည့်အခါ ရီယွင်က ခေါင်းညိတ်လိုက်သည်။

အမှန်စင်စစ် သူ၏ သိုလှောင်မှုအတွင်း၌လည်း မိုးကြိုးကန်များ ရှိနေသည်။ တစ်ခုတည်း မဟုတ်ဘဲ အနည်းဆုံး သောင်းနှင့်ချီ၍ ရှိနေခြင်း ဖြစ်သည်။ သို့သော်လည်း အရည်အသွေး အနိမ့်ဆုံး မိုးကြိုးကန်ကိုပင်လျှင် တစ်စုံတစ်ဦး၏ ကျင့်ကြံမှုမှာ ထာဝရနယ်ပယ်သို့ မရောက်ရှိပါက အသုံးမပြုနိုင်ပေ။

အခန်း ၉၈ ပြီးပါပြီ။

အခန်း ၉၉ - မိုးကြိုးလျှပ်စီး ဝိညာဉ်အသီးနှင့် လုယူခြင်း စတင်ခြင်း

နှစ်ပေါင်း တစ်သိန်းတိုင်အောင် နေ့စဉ် ဝင်ရောက်ခြင်းမှ ရရှိခဲ့သည့် ဆုလာဘ်များမှာ အံ့မခန်းလှပေရာ ဤကမ္ဘာမြေကိုသာမက စကြာဝဠာ တစ်သောင်းလုံးကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။

၎င်းတို့မှာ ဧကရာဇ်အဆင့်၊ နတ်ဘုရားအဆင့် သို့မဟုတ် အထူးကဲဆုံး နတ်ဘုရားအဆင့်များသာ မဟုတ်ချေ။ အမြင့်မြတ်ဆုံးအဆင့်၊ တာအိုဘိုးဘေးအဆင့်၊ မသေမျိုးအဆင့်နှင့် ကမ္ဘာဦးအဆင့်များပင် ပါဝင်နေသည်။

သူ့တွင် ရှိနေသော အချို့အရာများကိုမူ သူ ထုတ်မပြနိုင်သေးချေ။ အကယ်၍ သူသာ ထုတ်ပြလိုက်လျှင် ဤကမ္ဘာလောကကြီးမှာ ထိုအရာများ၏ ဒဏ်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရီယွင့်အတွက်မူ လိုလေသေးမရှိချေ။

ရီယွင်၏ အကြည့်မှာ မြေအောက်ကမ္ဘာ၏ အလွှာအသီးသီးကို ထိုးထွင်းသွားပြီး လျှပ်စီးနန်းတော်အတွင်းသို့ ကျရောက်သွားခဲ့သည်။

မြင်းနက်ကြီးနှင့် ကြောင်နက်ကြီးတို့မှာ လူသားအသွင် ပြောင်းလဲထားကြပြီး လျှပ်စီးတောင်တန်း သူတော်စင်သုံးပါး၏ အထူးဧည့်သည်တော်များအဖြစ် ပျော်ရွှင်မြူးတူးစွာ စားသောက်နေကြသည်ကို တွေ့ရသည်။

ရီယွင်က ခပ်ဖွဖွ ပြုံးလိုက်သည်။ သူသည် ထိုနှစ်ကောင်ကို ဂရုမစိုက်ချေ။ မည်သို့ပင်ဆိုစေ သူတို့မှာ မိစ္ဆာသားရဲ နှစ်ကောင်သာ ဖြစ်ပြီး ပုံမှန်အားဖြင့် အလွန် ကြိုးစားအားထုတ်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကို ခေတ္တမျှ အနားပေးထားလိုက်သည်။

ထို့နောက် ရီယွင်သည် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ လော့လီနှင့် ကျွင်းမော့ရှောင်တို့ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုကလေး နှစ်ယောက်မှာ လျှပ်စီးတောင်တန်း တစ်လျှောက်တွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များကို လိုက်လံ ရှာဖွေနေကြဆဲ ဖြစ်သည်။ ရံဖန်ရံခါတွင် ကောင်းကင်နှင့် မြေပြင်မှ ထွက်ရှိသည့် ရတနာများကို တွေ့ရှိပါက အလျင်အမြန်ပင် တူးဖော်ကာ သိမ်းဆည်းထားကြသည်။

အရာအားလုံးမှာ စနစ်တကျ ဖြစ်ပျက်နေသည်ကို မြင်ရသည့်အတွက် ရီယွင်မှာ အတော်လေး စိတ်ကျေနပ်သွားပြီး ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။ မည်သို့ပင်ဆိုစေ သူသည် နတ်ဧကရာဇ်နယ်ပယ်သို့ ထိုးထွင်းတိုးတက်ပြီးကာစ ဖြစ်သည့်အတွက် သူ၏ ကျင့်ကြံမှုကို တည်ငြိမ်အောင် ပြုလုပ်ရန် လိုအပ်ပေသည်။

ရီယွင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကြိုးကန်၏ အထက် ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။

"ဂျုန်း..."

မည်းမှောင်နေသော တိမ်တိုက်များထဲမှ ရေစည်ပိုင်းခန့် ထူထဲသော လျှပ်စီးတန်းများ ကျဆင်းလာသော်လည်း ၎င်းတို့မှာ မိုးကြိုးကန်၏ အစွန်အဖျားသို့သာ ထိမှန်ကြသည်။ မိုးကြိုးကန်၏ အပေါ်တည့်တည့်သို့မူ လျှပ်စီးတစ်ကြောင်းမျှပင် မကျရောက်ရဲချေ။

ရီယွင်သည် နတ်ဧကရာဇ်နယ်ပယ်သို့ ထိုးထွင်းတိုးတက်ပြီးကတည်းက သူ၏ ကျင့်ကြံမှုမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

သူသည် မိုင်ပေါင်း များစွာ ဝေးကွာသော အတားအဆီးတစ်ခုမှ ဟင်းလင်းပြင်ကို ထိုးထွင်းကာ ရှန်ဖုန်းမင်းဆက်သို့ ပြန်လာခဲ့ရာတွင် ယခုဆိုလျှင် အသက်ရှူရုံမျှသော အချိန်အတွင်းမှာပင် ရောက်ရှိနိုင်ပေပြီ။

ဤအရှိန်မှာ သူ၏ ယခင် စွမ်းဆောင်ရည်ထက် များစွာ သာလွန်လှပေသည်။

နတ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသွားပြီးနောက်တွင် ရီယွင်၏ ဤကမ္ဘာလောကအပေါ် နားလည်မှုမှာလည်း သဘာဝအလျောက် ပိုမို နက်နဲလာခဲ့သည်။

လျှပ်စီးတောင်တန်း အနက်ပိုင်းတွင်...

ပုံရိပ်နှစ်ခုမှာ ထူထပ်လှသော တောအုပ်အတွင်း၌ အလွန် နိမ့်ပါးသော အမြင့်မှ ပျံသန်းနေကြသည်။ မည်းမှောင်သော တိမ်တိုက်များမှာ လိပ်တက်နေပြီး မိုးကြိုးသံများမှာလည်း ဟိန်းဟောက်နေသည်။

"ဂျုန်း... ဂျိန်း..."

ကောင်းကင်ယံမှ ကြီးမားလှသော လျှပ်စီးတန်းများမှာ အဆက်မပြတ် ကျဆင်းနေကြသည်။

ထိုပုံရိပ်နှစ်ခုမှာ လျှပ်စီးများကို အစဉ်တစိုက် ရှောင်တိမ်းရင်း ပုံမှန်မဟုတ်သော ပုံစံဖြင့် ရွေ့လျားနေကြသည်။

"စီနီယာအစ်မ... ဒီမှာ လျှပ်စီးတွေက အရမ်း များလွန်းတယ်..."

ကျွင်းမော့ရှောင်က အော်ပြောလိုက်သည်။

"ဟုတ်တယ်... ငါတို့ ပိုပြီးတော့ ဂရုစိုက်ရမယ်..."

လော့လီက တည်ငြိမ်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

သူတို့သည် လျှပ်စီးတောင်တန်း၏ အနက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ လျှပ်စီးပစ်သည့် အကြိမ်ရေမှာလည်း ပိုမို စိပ်လာခဲ့သည်။

အမြင့်မှ ပျံသန်းခြင်းမှာ ရွေးချယ်စရာ မဟုတ်တော့ချေ၊ အကြောင်းမှာ အမြင့်တွင် ရှိနေခြင်းက လျှပ်စီးများကို ပိုမို ဆွဲဆောင်သကဲ့သို့ ဖြစ်နေသောကြောင့်တည်း။ ထို့ကြောင့်ပင် သူတို့သည် မြေပြင်နှင့် အနီးကပ်ဆုံးနေရာမှသာ ပျံသန်းနိုင်ကြတော့သည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သည့် အချိန်အထိ ပျံသန်းပြီးနောက်တွင်မူ သူတို့မှာ ဘာကိုမျှ ရှာမတွေ့ခဲ့ချေ။ ကျင့်ကြံသူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရသလို မိုးမြေရတနာများကိုလည်း ရှာမတွေ့ခဲ့ချေ။ ဤသည်က ကျွင်းမော့ရှောင်ကို အတော်လေး စိတ်ပျက်သွားစေခဲ့သည်။

"စီနီယာအစ်မ... ဂိုဏ်းကြီးသုံးဂိုဏ်းက တပည့်တွေအားလုံး ဘယ်ကို ရောက်ကုန်ကြတာလဲ မသိဘူး..."

ကျွင်းမော့ရှောင်က စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်ပြီး အနားရှိ အနက်ရောင် သစ်ပင်တစ်ပင်ကို လက်သီးဖြင့် ထိုးလိုက်သည်။

ထူးဆန်းသည်မှာ သူ၏ သန်မာလှသော ခန္ဓာကိုယ်အင်အားဖြင့် ထိုးလိုက်သည့်တိုင်အောင် ထိုသစ်ပင်ကြီးမှာ ကျိုးပဲ့မသွားခဲ့ချေ။

"ဒီသစ်ပင်က တော်တော်လေး မာတာပဲ..."

သူက အံ့အားသင့်သော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။

"ဒီသစ်ပင်တွေက အမြဲတမ်း လျှပ်စီးဒဏ်ကို ခံနေရတာဆိုတော့ အပြင်က သာမန်သစ်ပင်တွေနဲ့ မတူတာ သဘာဝပါပဲ..."

လော့လီက သူမ၏ ပါးစပ်ကို ပိတ်ကာ ရယ်မောလျက် ပြောလိုက်သည်။

"စီနီယာအစ်မ... အဲ့ဒီလိုဆိုရင် ဒီသစ်ပင်တွေကလည်း ရတနာတွေ ဖြစ်နိုင်တာပေါ့... ငါတို့ အချို့ကို ခုတ်ပြီးတော့ သိုလှောင်လက်စွပ်ထဲ ထည့်ထားရမလား..."

ကျွင်းမော့ရှောင်က သူ၏ မျက်ဝန်းများ တောက်ပလျက် အကြံပြုလိုက်သည်။

"ကောင်းသားပဲ..."

လော့လီ၏ မျက်ဝန်းများမှာလည်း ချက်ချင်းပင် တောက်ပသွားခဲ့သည်။

သူတို့နှစ်ဦးလုံးမှာ ကောင်းကင်နှင့် မြေပြင်မှ ထွက်ရှိသည့် ရတနာမျိုးစုံကို စုဆောင်းရသည်ကို အလွန် ဝါသနာပါကြသူများ ဖြစ်သည်။ ဤသစ်ပင်များမှာလည်း ရတနာများ ဖြစ်နိုင်သည်ကို သိရှိသွားသည့်အခါ သူတို့သည် ထိုသစ်ပင်များကို ပစ်မှတ်ထားရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြတော့သည်။

"ဝှစ်..."

ကျွင်းမော့ရှောင်သည် သူ၏ ဓားကို ဆွဲထုတ်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်ဆီသို့ လွှဲယမ်းလိုက်သည်။

ထိုသစ်ပင်မှာ အလွန်ပင် ထူထဲလှပြီး လူ သုံးလေးယောက်ခန့် ဖက်ရလောက်အောင်ပင် ကြီးမားသည်။

သူသည် အားကုန်သုံးကာ ခုတ်လိုက်သော်လည်း သစ်ပင်မှာ ပြတ်မသွားဘဲ ပင်စည်ပေါ်တွင် အစင်းရာ အနည်းငယ်သာ ထင်ကျန်ရစ်ခဲ့သည်။

"ဂျိန်း..."

ထိုအစင်းရာထဲမှ အပြာရောင် လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး ကျွင်းမော့ရှောင်၏ ဓားတစ်လျှောက် ချက်ချင်း စီးဝင်သွားကာ သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားခဲ့သည်။

ကျွင်းမော့ရှောင်မှာ တုန်ယင်သွားပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

"စီနီယာအစ်မ... ဒီသစ်ပင်ထဲမှာ တကယ်ပဲ လျှပ်စီးတွေ ရှိနေတာပဲ..."

ကျွင်းမော့ရှောင်က ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

သူသည် လက်မောင်းကို မြှောက်ကြည့်လိုက်ရာ လျှပ်စီးထိမှန်မှုကြောင့် ထုံကျင်နေပြီး အားအင်မရှိသကဲ့သို့ ခံစားနေရသည်။

လော့လီက အနားသို့ လျှောက်သွားပြီး သစ်ပင်ပေါ်ရှိ အစင်းရာကို စစ်ဆေးကြည့်လိုက်သည်။ သူမသည် သူမ၏ ရွှေနဂါးဓားကို ဆွဲထုတ်လိုက်ပြီး ရေရွတ်လိုက်သည်။

"မောင်လေး... ဖြစ်နိုင်တာက ပထမဆုံးအကြိမ် ခုတ်လိုက်မှသာ လျှပ်စီးတွေ ထွက်လာတာ ဖြစ်မယ်... အခုတော့ သစ်ပင်က ပွင့်သွားပြီဆိုတော့ ဒုတိယအကြိမ်မှာ ဘာမှ ဖြစ်မှာ မဟုတ်ဘူး... ငါ စမ်းကြည့်ပါရစေ..."

ထိုသို့ပြောပြီးနောက် လော့လီသည် ရှိနှင့်ပြီးသား အစင်းရာပေါ်သို့ ပြင်းထန်စွာ ခုတ်ချလိုက်ပြန်သည်။

"ရွှပ်..."

ပိုမို ထူထဲသော လျှပ်စီးတန်းတစ်ခုမှာ ရွှေနဂါးဓားတစ်လျှောက် စီးဝင်လာခဲ့သည်။

ထိုလျှပ်စီးမှာ အလွန်ပင် အစွမ်းထက်လှသဖြင့် လော့လီမှာ တစ်ကိုယ်လုံး ထုံကျင်သွားပြီး သူမ၏ ဓားကိုပင် မြဲမြံအောင် မကိုင်နိုင်တော့ချေ။

"စီနီယာအစ်မ... အဆင်ပြေရဲ့လား..."

ကျွင်းမော့ရှောင်က သူမကို စစ်ဆေးရန် အလျင်အမြန် ပြေးလာခဲ့သည်။

သူမ၏ မျက်နှာမှာ ဖြူလျော့နေပြီး နှုတ်ခမ်းများမှာလည်း တုန်ယင်နေသည်။ သူမမှာ အတော်လေး ပြင်းထန်သော လျှပ်စီးထိမှန်မှုကို ခံလိုက်ရသည်မှာ သိသာလှသည်။

"ငါ အဆင်ပြေပါတယ်... ဘာမှ မဖြစ်ပါဘူး..."

လော့လီက ခေတ္တမျှအကြာတွင် တည်ငြိမ်သွားပြီးနောက် ပြောလိုက်သည်။ ထို့နောက် သူမ၏ ရွှေနဂါးဓားကို ပြန်သိမ်းလိုက်သည်။

"မောင်လေး... လျှပ်စီးတောင်တန်းက ဒီသစ်ပင်တွေက ငါတို့နဲ့ ကံမပါဘူး ထင်တယ်..."

လော့လီက သူမ၏ လှပသော မျက်နှာလေးတွင် နောင်တရသော အမူအရာဖြင့် ညည်းညူလိုက်သည်။ သူမသည် ရတနာတောင်ကြီးကို ရှေ့တွင် မြင်နေရသော်လည်း မပိုင်ဆိုင်နိုင်သကဲ့သို့ ဖြစ်နေသဖြင့် သူမ၏ စိတ်ထဲတွင် နာကျင်နေမိသည်။

ကျွင်းမော့ရှောင်သည်လည်း စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။

စိတ်ပျက်နေသော ထိုနှစ်ဦးမှာ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ပြုလုပ်လိုက်ကြပြီး ခရီးဆက်ရန် ပြန်လည် ထွက်ခွာလာကြသည်။

တောင်ထိပ်တစ်ခုကို ဖြတ်ကျော်ပြီးနောက်တွင်မူ သူတို့သည် ရှေ့ရှိ ထူထပ်သော တောအုပ်တစ်ခုအတွင်း၌ ကျင့်ကြံသူ အချို့ကို နောက်ဆုံးတွင် တွေ့မြင်လိုက်ရသည်။

"မောင်လေး... ဟိုလူတွေက ချီထျန်းဓားဂိုဏ်းက လူတွေပဲ..."

လော့လီက အဝေးကို စိုက်ကြည့်ရင်း တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

"ချီထျန်းဓားဂိုဏ်းက လူတွေကလည်း သူတော်စင်တွေ မဟုတ်ပါဘူး... စီနီယာအစ်မ... ငါတို့ သူတို့ကို လွှတ်ပေးလို့ မဖြစ်ဘူး..."

ကျွင်းမော့ရှောင်က သူ၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အမူအရာများဖြင့် ဓားကို ဆွဲထုတ်ကာ ပြောလိုက်သည်။ လော့လီက ခေါင်းညိတ်လိုက်သည်။

ချီထျန်းဓားဂိုဏ်းသည် သူတို့နှင့် ယခင်ကလည်း အကြိမ်အချို့ ထိပ်တိုက်တွေ့ဖူးသော်လည်း သူတို့၏ ဘိုးဘေးကြီးက အမြဲတမ်း ဝင်ရောက် ဖြေရှင်းပေးခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ဘိုးဘေးကြီးမှာ သူတို့နှင့်အတူ ရှိမနေချေ။

ယခုတစ်ကြိမ်တွင် ချီထျန်းဓားဂိုဏ်းမှ ကျင့်ကြံသူများကို ဖြေရှင်းရန်မှာ နဂါးနတ်ဘုရားဂိုဏ်းမှ တပည့်များဖြစ်သည့် သူတို့၏ တာဝန်သာ ဖြစ်ပေတော့မည်။

သူတို့နှစ်ဦးမှာ ထိုသူတို့ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။

အနားသို့ ချဉ်းကပ်လိုက်သည့်အခါ ချီထျန်းဓားဂိုဏ်းမှ တပည့် သုံးလေးဦးမှာ အစိမ်းရောင် သစ်ပင်လေးတစ်ပင်ကို ဝန်းရံလျက် ဝိညာဉ်အသီးများကို မည်သို့ ခွဲဝေရမည်ကို ဆွေးနွေးနေကြသည်ကို တွေ့ရှိလိုက်ရသည်။

ဤသစ်ပင်လေးမှာ သူတို့ ယခင်က တွေ့ခဲ့ဖူးသော လျှပ်စီးအသီးပင်နှင့် ဆင်တူသော်လည်း တစ်တောင်ခန့် ပို၍ မြင့်မားသည်။ ၎င်း၏ကိုင်းများတွင်လည်း အသီးအရေအတွက် အတော်များများ သီးနေသည်။

အစိမ်းရောင် အသီးတစ်လုံးစီမှာ ကြည်လင်နေပြီး မျက်နှာပြင်တွင် လျှပ်စီးလွှာတစ်ခု တဖြတ်ဖြတ် လက်နေသည်။ ၎င်းတို့မှာ သူတို့ ယခင်က ရရှိခဲ့သော လျှပ်စီးဝိညာဉ်အသီးများထက် သိသိသာသာ ပို၍ ကြီးမားကြသည်။

"ဂျူနီယာညီလေးတို့... ငါတို့ လေးယောက် ရှိတာပဲ... ငါက မင်းတို့ရဲ့ စီနီယာအစ်ကိုကြီးဆိုတော့ အသီး သုံးလုံး ပိုယူမယ်... အဲ့ဒါကို ဘယ်သူမှ ငြင်းစရာ မရှိဘူး မဟုတ်လား..."

မျက်ခုံးနှစ်ခုကြားတွင် မှဲ့တစ်လုံးရှိသော လူငယ်က သူ၏ ဘေးရှိ ဂျူနီယာတပည့် သုံးဦးနှင့် ညှိနှိုင်းနေသည်။

"ဆွေးနွေးနေတာတွေ ရပ်လိုက်တော့... ဒီလျှပ်စီးအသီးပင်ပေါ်က အသီးအားလုံးက အခု ငါတို့ပိုင်သွားပြီ..."

ရုတ်တရက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျွင်းမော့ရှောင်နှင့် လော့လီတို့မှာ ထူထပ်သော တောအုပ်အတွင်းမှ လမ်းလျှောက် ထွက်လာခဲ့ကြသည်။

မျက်ခုံးကြားတွင် မှဲ့ရှိသော လူငယ်က မော့ကြည့်လိုက်သည်။ ထိုလူငယ်နှင့် မိန်းကလေး၏ ကျင့်ကြံမှုအဆင့်ကို မြင်လိုက်ရသည့်အခါ သူ၏ နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

"တော်တော်လေးကို ဘဝင်မြင့်နေတာပဲ... ရှန်ဖုန်းမင်းဆက်မှာ မိစ္ဆာအရှင်သခင်ဂိုဏ်း ဒါမှမဟုတ် ရှန်ဟန်ဂိုဏ်းက တပည့်တွေတောင် ငါတို့ ချီထျန်းဓားဂိုဏ်း တပည့်တွေကို ဒီလိုပုံစံမျိုးနဲ့ စကားပြောရဲမှာ မဟုတ်ဘူး..."

"ဟားဟား... စီနီယာအစ်ကိုကြီး... ဒီအရူးနှစ်ယောက်က ဘယ်ကနေ ထွက်လာတာလဲ မသိဘူး... ကောင်းကင်တံတားနယ်ပယ် အဆင့် ၃ လောက်နဲ့တင် ငါတို့ ချီထျန်းဓားဂိုဏ်းက ပိုင်ဆိုင်ထားတဲ့ ဒီလျှပ်စီးဝိညာဉ်အသီးတွေကို မက်မောရဲတယ်ပေါ့လေ..."

သူ၏ ဘေးရှိ လူငယ်သုံးဦးမှာလည်း တဟားဟား ရယ်မောလိုက်ကြသည်။ သို့သော် နောက်တစ်ခိုက်တွင်မူ သူတို့၏ ရယ်မောသံများမှာ ရုတ်ခြည်း ရပ်တန့်သွားခဲ့သည်။

ဓားအလင်းတန်းများမှာ လမ်းကြောင်းနှစ်ခုမှနေ၍ သူတို့ဆီသို့ ဒလဟော စီးဝင်လာခဲ့သောကြောင့်ပင်။

ချီထျန်းဓားဂိုဏ်းမှ တပည့်လေးဦးမှာ တိုက်ကွက်အနည်းငယ်ကိုသာ ခက်ခက်ခဲခဲ ခုခံနိုင်လိုက်ကြပြီး ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်ရင်း လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ လက်ချက်ဖြင့် ထိုနေရာမှာတင် အသက်ပျောက်သွားကြတော့သည်။

အခန်း ၉၉ ပြီးပါပြီ။

All Chapters