← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁) နယ်မြေဆယ်ခု၏ အထီးကျန်ခြင်းဂန္ထဝင်

"မြေကမ္ဘာအင်မော်တယ် တွေရဲ့ ပစ္စည်းတွေက တကယ်ပဲ စံမမီတဲ့ အတုတွေ ဖြစ်နေတာလား"

စမ်းသပ်မှုနယ်မြေအတွင်း ဟိုဟိုဒီဒီ လျှောက်လှမ်းကြည့်သော်လည်း မည်သည့်ထူးခြားမှုကိုမျှ မကြုံတွေ့ရသော ပိုင်ချူးရန်သည် အပြာရောင်အလင်းများ ဖြာထွက်နေသည့် စမ်းသပ်မှုကျောက်တိုင်ကြီးကို စိုက်ကြည့်လျက် မူလနေရာသို့ ပြန်ရောက်ရှိလာ၏။

အခြားတစ်ဖက်တွင် ရပ်ကြည့်နေသော ထန်ရော်ဝေနှင့် လီကျင်းယောင်တို့သာမက နောက်ကွယ်မှနေ၍ ပိုင်ချူးရန်အား တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည့် ဝတ်ရုံနက်နှင့်လူသည်ပင် ဤမြင်ကွင်းကိုကြည့်ကာ အံ့သြမှင်တက်နေခဲ့မိသည်။

"ဘယ်လိုလုပ်ပြီး ဘာတုံ့ပြန်မှုမှ မရှိရတာလဲ"

အမှောင်ထုအတွင်း ပုန်းခိုနေသော ဝတ်ရုံနက်နှင့်လူမှာ မနေနိုင်တော့ဘဲ ခပ်တိုးတိုး ရေရွတ်လာ၏။ "ဒီလောက် အသက်ရှည်ရှည် နေလာခဲ့တာတောင် ဆွေမျိုးမိတ်ဆွေ သံယောဇဉ်ဆိုတဲ့ အရသာကို သူ တစ်ခါလေးတောင် မခံစားဖူးဘူးလား"

သို့သော်ငြား ကျီရှန်းဂူဗိမာန်အတွင်း တပ်ဆင်ထားပြီးဖြစ်သော အစီအရင်အများစုမှာ သူ၏ ထိန်းချုပ်မှုအောက်၌ ရှိမနေခဲ့ပေ။ သူ့ စကားသံဆုံးသွားသည့် ခဏမှာပင် ပိုင်ချူးရန် ရပ်နေသော နေရာလွတ်ရှိ ကျောက်တိုင်ပေါ်မှ စာသားများမှာ အလိုအလျောက် မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

"ဟင်။ မီးက ဘာလို့ ငြိမ်းသွားတာလဲ"

ပိုင်ချူးရန်သည် ကျောက်တိုင်ကို လက်ဖြင့် ခပ်ဖွဖွပုတ်လိုက်ကာ ကောင်းကင်သို့ မော့ကြည့်လျက် အော်လေ၏။ "ဘာဖြစ်ပြန်တာလဲ။ ခင်ဗျားတို့ မြေကမ္ဘာအင်မောခနယ်တွေရဲ့ ထုတ်ကုန်တွေက အာမခံ မပါဘူးလား"

"စာသားတွေ ပျောက်သွားတယ်ဆိ တော့ စီနီယာဓားဘိုးဘေး စမ်းသပ်မှု အောင်မြင်သွားပြီလို့ ဆိုလိုတာလား"

ပါရမီထူးချွန်ကာ ဉာဏ်ရည်ထက်မြက်လှသော လီကျင်းယောင်ပင်လျှင် ဤအဖြစ်အပျက်ကို သိပ်နားမလည်နိုင်ဖြစ်နေသည်။

"ဒါပေမဲ့ ဘာဖြစ်လို့..."

ထန်ရော်ဝေသည် သူမ၏ဆရာအား စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်နေမိပြီးနောက် ရုတ်တရက် နားလည်သွား၏။ "အာ။ သဘောပေါက်ပြီ"

ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့နှစ်ဦးစလုံးက သူမအား သိချင်စိတ်ပြင်းပြနေသော အကြည့်များဖြင့် လှမ်းကြည့်လာကြသည်။ ထန်ရော်ဝေက စကားကို ခဏရပ်လိုက်ပြီး ပိုင်ချူးရန်ကို လက်ညှိုးထိုးကာ ပြုံးစိစိဖြင့် ပြောလေ၏။

"ဆရာက နှစ်ပေါင်း ၃၀၀၀ ကျော်ကြာအောင် လူပျိုသိုးကြီး ဖြစ်နေတာနဲ့ တန်ပါတယ်၊ ဂိုဏ်းချုပ်စု ကျွန်မကို ပြောပြတုန်းက သိပ်မယုံခဲ့ဘူး၊ အခုကြည့်ရတာ နယ်ျမြဆယ်ခုရဲ့ အထီးကျန်ခြင်းဂန္ထဝင်ဆိုတာက တကယ်ပဲ နာမည်နဲ့လိုက်ဖက်လွန်းနေတာကိုး။"

ထိုစကားကို ကြားသောအခါ ပိုင်ချူးရန်မှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး ကမန်းကတန်း ပြန်လည်ချေပလေတော့သည်။

"တပည့်အစုတ်ပလုတ်ကတော့ ဘာတွေ လျှောက်ပြောနေတာလဲ၊ အဲဒီလိုဆိုရင်တောင် ငါ့မှာ ဖခင်တစ်ယောက်လို လေးစားရတဲ့ ဆရာ ရှိသေးတယ်ဟ"

"ဆရာ့ရဲ့ဆရာဖြစ်တဲ့ ဆရာဘိုးဘိုးကြီးက ကောင်းကင်ဘုံကို တက်လှမ်းသွားခဲ့ပြီလေ၊ သူ့ကို ဒီမြေကမ္ဘာ အင်မော်တယ်တွေက ပြန်ပေါ်လာအောင် လုပ်မယ်ဆိုရင်တောင် ဆရာဘိုးဘိုးကြီးက ကောင်းကင်အင်မော်နယ် တစ်ပါးဖြစ်နေပြီပဲ"

ထန်ရော့ဝေ့က မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဆက်ပြော၏။ "မြေကမ္ဘာအင်မော်တယ်တွေရဲ့ လက်ရှိအဆင့်အတန်းအရဆိုရင် သူတို့တွေ ကောင်းကင်ဘြံက လူတွေကို ပြဿနာသွားရှာရဲပါ့မလား"

ပိုင်ချူးရန်မှာ ဆွံ့အကာ ပြောစရာစကားများ တစ်ဆို့သွားခဲ့တော့သည်။ သူ၏ စိတ်ဓာတ်ကျသွားသော ပုံစံကို မြင်လိုက်ရသောအခါ လီကျင်းယောင်သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး စမ်းသပ်မှုနယ်မြေအတွင်းသို့ ခြေလှမ်းဝင်ရောက်သွားခဲ့သည်။ သူမသည် ပိုင်ချူးရန် လျှောက်လှမ်းခဲ့သော လမ်းကြောင်းအတိုင်း တစ်ပတ်လျှောက်ကြည့်၏။ သို့သော် လမ်းခုလတ်တွင်ပင် တိမ်ခိုးမြူများ ရစ်သိုင်းလာပြီး လူများစွာသည် မြူခိုးများထဲမှ ထွက်ပေါ်လာကာ လီကျင်ယောင်ဘေး၌ တစ်စုံတစ်ရာ လာရောက်ပြောဆိုနေကြသည်ကို ထန်ရော်ဝေ မြင်လိုက်ရသည်။ ထိုလူများထဲတွင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်ဖြစ်သော ကျီလင်းယွင် ပါဝင်နေသည်ကိုပါ ထန်ရော်ဝေ သတိထားမိ၏။

သို့ရာတွင် လီကျင်ယောင်သည် ထိုလူများအား အေးဆေးတည်ငြိမ်စွာ ဖြတ်လျှောက်သွားခဲ့ပြီး ပုံရိပ်ယောင် ကျီလင်းယွင်က သူမအား မျက်ရည်လည်ရွဲဖြင့် ဖမ်းဆွဲရန် ကြိုးစားသည့်အခါတွင်မူ ရက်ရက်စက်စက်ပင် ကန်ထုတ်ပစ်လိုက်သည်။

သူမ တစ်ပတ်ပြည့်အောင် လျှောက်လှမ်းပြီး ပြန်ရောက်ရှိလာသောအခါ သူမရှေ့မှောက်ရှိ ကျောက်တိုင်ပေါ်မှ စာသားများမှာလည်း အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေသည်။

"ဒါကြောင့်ကို။ ငါ နားလည်သွားပြီ"

အခန်း (၁၇၂) နယ်မြေဆယ်ခု၏ အထီးကျန်ခြင်းဂန္ထဝင် [1]

လီကျင်းယောင်သည် ပျောက်ကွယ်သွားသော စာသားများကို ကြည့်ကာ ပြောလေ၏။ "ဒီစမ်းသပ်မှုက တကယ်တော့ ကိုယ့်ရဲ့ ဆွေမျိုးမိတ်ဆွေတွေ ထွက်ခွာသွားချိန်မှာ ခံစားရတဲ့ နာကျင်မှုကို ပြန်နှိုးဆွပေးတာပဲ၊ တစ်နည်းအားဖြင့် ပြောရရင် ကိုယ့်ရင်ထဲက တခြားခံစားချက်တွေက ဒီနာကျင်မှုကို လွှမ်းမိုးသွားနိုင်သရွေ့ စမ်းသပ်မှုက ဘာမှခက်ခဲမှာ မဟုတ်ဘူး"

"အဲလိုကိုး..."

ထန်ရော့ဝေ့က ထပ်မေးပြန်သည်။ "ဒါပေမဲ့ အစ်မလီ၊ အစ်မက ဘာလို့ ဂိုဏ်းချုပ်ကျီကို ကန်ပစ်လိုက်ရတာလဲ"

"သြော်... အဲဒါက သူက ပုံမှန်ဆိုရင် သွက်သွက်လက်လက်နဲ့ ယောက်ျားဆန်တဲ့ မိန်းမကြီးတစ်ယောက်လို နေတတ်ပြီး အမြဲတမ်းရယ်စရာပြောတက်တဲ့ ဆရာတစ်ယောက်လို အမြဲနေနေကျလေ။ ဒါပေမဲ့ အခုကျ ဝတ္ထုတွေထဲမှာပဲ တွေ့ရလေ့ရှိတဲ့ သောက်ပိုတွေ ငါ့ရှေ့မှာလာလုပ်ပြနေတော့ နည်းနည်း ကြက်သီးထသွားတာနဲ့ မသိစိတ်ကနေ ဆရာကိုတောင် မရိုမသေ လုပ်မိသွားတာ"

လီကျင်ယောင်က ရှင်းပြသည်။

"ဒါပေမဲ့ ငါဆရာ့ကို ကျေးဇူးတင်ရမယ်။ ငါ ဒီစမ်းသပ်မှုကို အောင်မြင်သွားတာက သူမရဲ့ ကျေးဇူးတွေကြောင့်လို့ ပြောရမယ်။"

သူမ ထိုသို့ ပြောဆိုနေစဉ်မှာပင် ကျီရှန်းဂူနှင့် အလွန်ဝေးကွာလှသော နေရာ၌ရှိနေသည့် ကျီလင်းယွင်မှာ ရုတ်တရက် အကြောင်းပြချက်မရှိဘဲ နှာချေမိလေ၏။ သူမ နှာချေလိုက်ခြင်းသဖြင့် ကြွက်သားများ တုန်ခါသွားကာ ပိုင်ချူးရန်ကြောင့် ရထားသော နာကျင်နေသည့် ဒဏ်ရာကို သွားထိမိသဖြင့် မျက်နှာမှာရှုံ့မဲ့သွားခဲ့ရသည်။

"ဒါဆို ကျွန်မအလှည့်ကျ နည်းနည်းခက်မယ်ထင်တယ်"

ထန်ရော်ဝေက စိုးရိမ်တကြီး ပြောလာ၏။

"အစ်မလီနဲ့ ယှဉ်ရင် ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုအဆင့်က လုံးဝကို မလုံလောက်သေးဘူး၊ ပြီးတော့ ဆရာ့လို အထီးကျန်နေတဲ့သူမျိုးလည်း မဟုတ်ဘူးလေ"

"စမ်းကြည့်ရင် နင့်ရဲ့ စိတ်ခံစားမှုကို လေ့ကျင့်ပေးသလို ဖြစ်သွားတာပေါ့။ မဆိုးပါဘူး"

လီကျင်းယောင်က ဖျောင်းဖျသည်။

"ပြီးတော့ စီနီယာ ဓားဘိုးဘေးကလည်း ဒီကနေ စောင့်ကြည့်နေတာဆိုတော့ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး၊ ကျင့်ကြံသူတွေဆိုတာ သံယောဇဉ်ကြိုးတွေကို ဖြတ်တောက်ရတာပဲ၊ ညီမလေးရော်ဝေက ဒီနှစ်မှ အသက် ၂၄ နှစ်ပဲ ရှိသေးတာဆိုတော့ ဆွေမျိုးတွေလည်း သက်ရှိထင်ရှား ရှိနေကြဦးမှာပဲ ပြီးတော့ မိသားစုကြီးလည်း ဖြစ်မယ်ထင်တယ်၊ ဒီအခွင့်အရေးကို အသုံးချပြီး နင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဟာကွက်တွေကို ဖြည့်ဆည်းလိုက်တာက တော်တော်လေး ကောင်းတဲ့ ရွေးချယ်မှုပဲ"

"အင်းပါ။ အဲ့တာလည်းဟုတ်တာပဲ"

ထန်ရော်ဝေသည် ပိုင်ချူးရန်အား တွန့်ဆုတ်တွန့်ဆုတ် စောင်းကြည့်၏။ "ဆရာ။ ဒါဆို ကျွန်မ သွားတော့မယ်"

"သွား သွား..."

ပိုင်ချူးရန်က မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် ပြန်တုန့်ပြန်သည်။

"မင်းဆွေမျိုးတွေကို သွားတွေ့ချေ"

ထန်ရော်ဝေသည် ဆရာဖြစ်သူ၏ စကားကြောင့် အလွန်ဒေါသထွက်သွားကာ နှာခေါင်းရှုံ့လိုက်ပြီး ခါးထောက်လျက် စမ်းသပ်မှုနယ်မြေအတွင်းသို့ ပြေးဝင်သွားတော့၏။

သူမ စမ်းသပ်မှုနယ်မြေအတွင်းသို့ ခြေလှမ်းဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူမ ပတ်ဝန်းကျင်၌ တိမ်များနှင့် မြူခိုးများ ရုတ်ချည်း အုံ့ဆိုင်းဝင်ရောက်လာခဲ့သည်။ ထန်ရော်ဝေ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့ကို လုံးဝ မမြင်ရတော့ကြောင်း သတိပြုမိသွား၏။

သူမ အနည်းငယ် စိုးရိမ်ထိတ်လန့်သွားသော်လည်း တံတွေးတစ်ချက်ကိုသာ ခပ်ပြင်းပြင်း မြိုချလိုက်ပြီး ရှေ့သို့သာ ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။

သူမ အတန်ကြာ လျှောက်ပြီးနောက်တွင်မူ ပတ်ဝန်းကျင်ရှိ တိမ်တိုက်များ တဖြည်းဖြည်း လွင့်စင်သွားပြီး သူမမှာ သွေးစွန်းနေသော စစ်မြေပြင်တစ်ခုပေါ်၌ ရောက်နေကြောင်း ရုတ်တရက် သတိပြုမိသွား၏။

သူမ ပတ်ပတ်လည်၌ အလောင်းကောင်များ ပြည့်နှက်နေပြီး မရေမတွက်နိုင်သော မိစ္ဆာများနှင့် လူသားများမှာ မြေပြင်ပေါ်တွင် လဲကျသေဆုံးနေကြကာ လေထုထဲတွင် ချီစွမ်းအင်များသာ အထီးကျန်စွာ ရစ်သိုင်းလျက်ရှိသည်။

ရှေ့ရှိ ကျောက်ဆောင်တစ်ခုထက်တွင် ဆံပင်ကို အနောက်သို့ စုစည်းနှောင်ချည်ထားသော ချစ်စဖွယ် မိန်းကလေးတစ်ဦး လဲကျနေ၏။ သူမသည် အမျိုးသမီးစစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော်လည်း ပြင်းထန်သော ဒဏ်ရာရထားပြီး သူမခန္ဓာကိုယ်မှ သွေးစက်များ မြေပြင်ပေါ်သို့ တသွင်သွင် စီးကျဆဲဖြစ်သည်။

ထန်ရော်ဝေသည် သေလုမျောပါးဖြစ်နေသော ဤမိန်းကလေးကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိ၏။ သူမကား ထန်ရော်ဝေ ဂိုဏ်းသို့ဝင်ပြီးနောက် တောင်ပေါ်မှ ပထမဆုံးအကြိမ် ခရီးထွက်စဉ် တင်းကွေ့နိုင်ငံ၌ ဆုံခဲ့ဖူးသော ရှန်းဝူကောင်းကင်တပ်မတော်မှ သူမသူငယ်ချင်းဖြစ် ဇိုရန်ဖေးပင်ဖြစ်သည်။

တောင်ပေါ်သို့ ပြန်ရောက်ပြီးနောက်တွင်လည်း သူတို့နှစ်ယောက်သည် စာဖြင့် မကြာခဏ အဆက်အသွယ်ရှိခဲ့ကြပြီး အလွန်ရင်းနှီးသော သူငယ်ချင်းကောင်းများ ဖြစ်လာခဲ့၏။

"အာ့ ရော်ဝေ..."

စိတ်ကူးယဉ်ပုံရိပ်ယောင်မှ ဖန်တီးထားသော ဇိုရန်ဖေးကလည်း သူမကို မြင်သွားပြီး အားနည်းဖျော့တော့စွာ ပြုံးပြလာသည်။ "နင် ရောက်လာတာပဲ။ ငါ့ဘဝရဲ့ နောက်ဆုံးအချိန်လေးမှာ သူငယ်ချင်းဖြစ်တဲ့ နင့်ကို တွေ့ခွင့်ရတာ တကယ်ဝမ်းသာတယ်ဟာ"

ဤဇိုရန်ဖေးမှာ ပုံရိပ်ယောင် အတုအယောင်မျှသာ ဖြစ်ကြောင်း ထန်ရော့ဝေ့ သိထားသော်ငြား သူငယ်ချင်းဖြစ်သူ၏ သနားစရာကောင်းလှသော အခြေအနေကို မြင်လိုက်ရသောအခါ သူမ မနေနိုင်ဘဲ စိတ်မကောင်းဖြစ်မိ၏။

လူသားမျိုးနွယ်ကို ကာကွယ်ရန်ဟူသော ခိုင်မာသည့် ရည်ရွယ်ချက်ရှိသည့် ရှန်းဝူကောင်းကင်တပ်မတော်၏ တပည့်တစ်ဦးအနေဖြင့် ဇိုရန်ဖေးမှာ အနာဂတ်တွင် ဤကဲ့သို့သော နိဂုံးမျိုးဖြင့် အဆုံးသတ်ရနိုင်ချေရှိသည်ကို သူမ ကြိုသိထား၏။

ထန်ရော်ဝေ အနီးသို့သွားရောက်ကြည့်ရှုလိုသော ဆန္ဒကို အတင်းအောင့်အည်းချုပ်တည်းလိုက်ပြီး ခေါင်းငုံ့လျက် ဇိုရန်ဖေးအား ဖြတ်ကျော်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ မြူခိုးများ တစ်ဖန် ပြန်လည်လွှမ်းမိုးလာပြန်ပြီး ဤတစ်ကြိမ်တွင်မူ သူမရှေ့၌ အိုမင်းရင့်ရော်နေသော ရှန်းရွှမ်ဧကရာဇ်ကြီးသည် နာမကျန်းဖြစ်ကာ ခုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ နောက်ဆုံးမှာတမ်းစကားများ ခြွေနေသည့် မြင်ကွင်းကို တွေ့လိုက်ရ၏။

ခမည်းတော်၏ဘေးတွင်မူ ရှန်းရွှမ်၏ အိမ်ရှေ့စံမင်းသား ဖြစ်လာခဲ့ပြီဖြစ်သော သူမ၏ မောင်တော်နှင့် ရုပ်ရည်အချိုးအစား ပြည့်စုံလှသော သူမမောင်တော်၏ ကြင်ယာတော်တို့သည် ရှန်းရွှမ်ဧကရာဇ်ကြီး၏ နောက်ဆုံးစကားများကို ဝမ်းနည်းစွာ နားထောင်နေကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ထန်ရော်ဝေ မနေနိုင်တော့ဘဲ ငိုကြွေးမိလေ၏။ ဇိုရန်ဖေးနှင့် ယှဉ်လျှင် ဤမြင်ကွင်းမှာ အနာဂတ်တွင် ကျိန်းသေပေါက်ဖြစ်လာမည်ဟု ကံကြမ္မာက သတ်မှတ်ထားပြီးဖြစ်သော အရာတစ်ခုနီးပါးပင်။ သူမသည် ချီမင်ဓားဂိုဏ်းသို့ ဝင်ရောက်ကာ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့သော်လည်း ရှန်းရွှမ်ဧကရာဇ်ကြီးမှာမူ သာမန်လူသားတစ်ယောက်သာဖြစ်သည်။ သိပ်မဝေးတော့သော အနာဂတ်ကာလတစ်ခုတွင် သူမသည် ဖခင်ဖြစ်သူနှင့် သေချာပေါက် ခွဲခွာရမည်။

သူမသည် ဖခင်ဖြစ်သူ ရှန်းရွှမ်ဧကရာဇ်ကြီး၏ နောက်ဆုံးစကားများကို ကြားချင်သဖြင့် ခုတင်အနီးသို့ မသိမသာ လျှောက်သွားမိလေသည်။

"ငါ့သား မင်းလည်း အရွယ်ရောက်လာပြီဆိုတော့ ဒီနိုင်ငံတော်ကြီးကို ဦးဆောင်နိုင်ပြီပေါ့။ မင်း ဒီနိုင်ငံကို ပိုကောင်းအောင် အုပ်ချုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်"

All Chapters