← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃) ရန်သူနှင့် ဆုံတွေ့ရခြင်း

ရှန်းရွှမ်ဧကရာဇ်ကြီးသည် အားနည်းဖျော့တော့စွာ ချောင်းဆိုးလိုက်ပြီးနောက် သူမမောင်တော်၏ လက်ဖဝါးကို ဆုပ်ကိုင်ကာ ဆက်ပြော၏။

"ငါ စိတ်မချနိုင်တာကတော့ အင်မော်တယ်ဖြစ်အောင် ကျင့်ကြံဖို့ထွက်သွားတဲ့ မင်းရဲ့ အစ်မတော်ကိုပဲ။ ချီမင်ဓားဂိုဏ်းရဲ့ ပညာရပ်တွေက ကျင့်ကြံခြင်းလောကမှာ ပြိုင်ဘက်ကင်းတယ်လို့ ကြားဖူးတယ်။ ဒါဆို အဲဒီပညာရပ်ကို ကျင့်ကြံတဲ့ သူမကရော အရပ်တွေ ပိုရှည်လာပြီလား။ ပိုပြီးလှလာပြီလား။ သူ့ဘာသာ အိမ်ထောင်တွေဘာတွေများပြုသွားပြီလား။ ချီမင်ဓားဂိုဏ်းက ဘယ်လောက်တောင် နက်နဲဆန်းကြယ်တာလဲ။ သူမရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်တောင် မြင့်မားနေပြီလဲ။ ပြီးတော့ ရော်ဝေလေး... သူမရဲ့ ရင်သားတွေရော ဖွံ့ဖြိုးလာပြီလား"

ထိုစကားကို ကြားလိုက်ရချိန်တွင်မူ ထန်ရော်ဝေ၏ ဦးနှောက်ထဲမှ ကြေးစည်ကြီး တီးခိုက်လိုက်သလို ကြည်လင်ပြတ်သားသော အသံတစ်သံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

အဆုံးအစမရှိသော အရှက်ရမှုနှင့် ဒေါသတရားတို့က သူမရင်တွင်းသို့ ချက်ချင်း လွှမ်းမိုးသွားခဲ့ပြီး ထိုဒေါသများက ငိုကြွေးပူဆွေးနေသော မိန်းကလေးငယ်အား ရက်စက်ကြမ်းကြုတ်သည့် အမျိုးသမီးဒိုင်နိုဆောကြီးအဖြစ်သို့ တစ်ခဏအတွင်း ပြောင်းလဲသွားစေခဲ့သည်။

"သေစမ်း။ အဲ့မှာ အဲ့မြေကမ္ဘာအင်မော်တယ်ဆိုတဲ့ကောင်တွေ အကုန်သေစမ်း။ ဘာတွေလာပြောနေတာလဲ"

မိန်းကလေးသည် ဒေါသတကြီး အော်ဟစ်ပြီး သူမရှေ့ရှိမြင်ကွင်းကို လက်ဝါးဖြင့် ရိုက်ခွဲ ဖျက်ဆီးပစ်လိုက်၏။

"သွားသေလိုက်ကြစမ်း”

အမှောင်ထု ကြီးစိုးနေသော ဟင်းလင်းပြင်လွင်ပြင်ကြီးအတွင်း ဝတ်ရုံနက်ဝတ်ဆင်ထားသူသည် အလင်းလုံးဆီသို့ လှမ်းကြည့်လိုက်၏။ ထို့နောက် ချစ်ခင်သူများနှင့် ကွေကွင်းရခြင်းဟူသော ပဉ္စမနယ်ပယ်ကို ဖြတ်သန်းရင်း ရူးသွပ်စွာ ဖျက်ဆီးနေသည့် ထန်ရော်ဝေအား ကြည့်ကာ သူ့ဘာသာ ရေရွတ်နေမိ၏။

"အခုခေတ် ကျင့်ကြံသူတွေက ဘယ်လိုလူစားမျိုးတွေပါလိမ့်"

ပဉ္စမနယ်ပယ်ထဲတွင် ပေါ်ထွက်လာသော ရှန်းရွှမ်ဧကရာဇ်၏ ဦးခေါင်းကို ဓားဖြင့် ပြတ်ထွက်သွားအောင် ခုတ်ဖြတ်လိုက်သည့် ထန်ရော်ဝေအား ကြည့်ရင်း သူ ထပ်မံပြောမိပြန်သည်။ "တစ်ခုခုများ မှားနေသလား။ ဝင်္ကပါက ဖန်တီးထားတဲ့ ပုံရိပ်ယောင်ဆိုပေမယ့်လည်း အဲ့ဒါ မင်းရဲ့အဖေလေ။ မင်းရဲ့ အဖေ အရင်းခေါက်ခေါက်ကြီးကိုကွာ"

ဘေးနားရှိ ဦးခေါင်းခွံကြီးသည်လည်း အမှောင်ထုထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားကာ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။ သူ့ မျက်လုံးအိမ်အတွင်းရှိ အလင်းရောင်မှာ မှိန်ဖျော့နေကာ စစ်မှန်သော ရည်ရွယ်ချက်များကိုမူ နက်ရှိုင်းစွာ ဖုံးကွယ်ထားပုံရသည်။

"အို။ ငါ ပြန်ရောက်လာပြီပဲ"

ကျောက်စာတိုင်ဘေးတွင် ရပ်နေသော လီကျင်းယောင်သည် စမ်းသပ်ရာနယ်မြေမှ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာသော ထန်ရော်ဝေအား ကြည့်ကာ မေးသည်။ "ညီမလေး ရော်ဝေ။ ဘယ်လိုခံစားရလဲ"

"ဘယ်လိုခံစားရမှာလဲ။ သူ့မျက်နှာကို မင်းမြင်တာပဲကို"

ပိုင်ချူးရန်မှာ တပည့်ဖြစ်သူ၏ မျက်နှာသေကြီးကို ကြည့်ကာ အေးအေးလူလူပင် ၀င်ပြော၏။

"ပဉ္စမနယ်ပယ်က တော်တော်လေး ဒေါပွစရာကောင်းမယ့်ပုံပဲ။ ဒီစမ်းသပ်မှု သေချင်နေတာပဲ။"

ဟင်းလင်းပြင် နေရာရွေ့လျားမှုကြောင့် ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့သည် ထန်ရော်ဝေ၏ ပတ်ပတ်လည်တွင် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော လူများ ပေါ်လာသည်ကိုသာ မြင်နိုင်ခဲ့ကြသည်။ ထို့နောက် သူမကို စောင့်ကြည့်နေစဉ်မှာပင် သူမက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရုတ်တရက် ရူးသွပ်စွာ တိုက်ခိုက်လာသည်ကို မြင်လိုက်ရ၏။ မူလချီစွမ်းအင်များက ပတ်ဝန်းကျင်ရှိ မြေပြင်ကို အရှန်ပြင်းစွာ ရိုက်ခတ်သွားလေသည်။ သို့သော်ငြား ပဉ္စမနယ်ပယ်အတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကိုမူ သူတို့နှစ်ယောက် မသိကြပေ။

ထန်ရော်ဝေသည် ကျောက်စာတိုင်ဆီသို့ လျှောက်သွားကာ လှမ်းကိုင်လိုက်ပြီး တဖြည်းဖြည်း မှိန်ဖျော့သွားသော စာသားများကို ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် လက်ကို မြှောက်ကာ ကျောက်စာတိုင်ကို လက်ဝါးဖြင့် အားကုန် ရိုက်ချလေ၏။

"ဝုန်း" ခနဲအသံနှင့်အတူ မိန်းကလေးမှာ နီရဲသွားသော လက်ဝါးကို ဆုပ်ကိုင်လျက် နေရာတွင်ပင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

"ဖူး"

လီကျင်းယောင်မှာ မနေနိုင်ဘဲ ဝင်ပြောလာသည်။

"ညီမလေး ရော်ဝေက တစ်ခါတလေကျရင် တကယ်ကို တုံးအတာပဲ"

"အင်း။ သံပြားကြီးကို သွားကန်မိပြီး သူမဘာသာ ဒေါသထွက်နေတာမျိုးပေါ့"

ပိုင်ချူးရန်က ခေါင်းညိတ်ကာ ဆက်ပြော၏။ "တိုက်ခိုက်ရေးစွမ်းအား၊ ကာကွယ်ရေးစွမ်းအားနဲ့ အမြန်နှုန်းတွေက ဘက်ပေါင်းစုံကနေ ၂၀၀ ရာခိုင်နှုန်း တက်လာပေမယ့် IQ ကတော့ ၁၀၀ ရာခိုင်နှုန်း ထိုးကျသွားတာမျိုးလေ"

သူတို့သုံးဦးစလုံး စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။ ပိုင်ချူးရန်သည် အနီးသို့ လျှောက်သွားကာ တပည့်ဖြစ်သူအား မြေပြင်မှ ဆွဲထူလိုက်ပြီး ဆေးပလာစတာတစ်ခု ထုတ်ကာ သူမ၏ လက်ဝါးပေါ်သို့ ကပ်ပေးလိုက်သည်။ ထိုစဉ် လွင်ပြင်၏ အစွန်းတစ်ဖက်တွင် မှုန်ဝါးဝါး မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။ ထိုတွင်ပေါ်လာသော မြူခိုးများမှာ ချောက်ကမ်းပါး ဟင်းလင်းပြင်သို့ သွားရာ ထွက်ပေါက်ပင် ဖြစ်လိမ့်မည်။

သူတို့သုံးဦးသည် စမ်းသပ်မှု ဟင်းလင်းပြင်မှ အတူတူ ထွက်လာခဲ့ကြသည်။ မြူခိုးများထဲသို့ ဝင်ရောက်ပြီးနောက် လီကျင်းယောင်က သူမ၏လက်ကို ပိုင်ချူးရန် လက်ဝါးထဲသို့ တက်တက်ကြွကြွပင် ထိုးထည့်လေ၏။

ပိုင်ချူးရန်က သူမကို ထူးဆန်းသလို ကြည့်နေသည်ကို မြင်သောအခါ လီကျင်းယောင်က နောက်ပြောင်သောလေသံဖြင့် ရှင်းပြသည်။

"လမ်းမပျောက်အောင်လို့ပါ စီနီယာ ဓားသခင်ကြီးရဲ့"

သူမက ထန်ရော်ဝေ၏ လက်ကိုလည်း ကိုင်ထားသည်ကို မြင်သဖြင့် ပိုင်ချူးရန် ဘာမျှ မပြောတော့ချေ။ သူတို့သုံးဦးသည် မြူခိုးများကို ဖြတ်သန်းကာ ရွေ့လျားနေသော ချောက်ကမ်းပါးဆီသို့ အတူတကွ ပြန်ရောက်ရှိလာကြသည်။

လီကျင်းယောင်သည် အထက်အောက်ကို အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် မေးလေ၏။

"ရော်ဝေ။ အခု တောင်ထိပ်ကို ကြည့်လိုက်ပါဦး။ ပေ ၇၅၀ လောက် ဝေးသေးလား။"

ထန်ရော်ဝေ၏ ဒေါသများမှာ အတော်လေး ပြေလျော့သွားပြီဖြစ်ကာ ထိုစကားကို ကြားပြီးနောက် အထက်သို့ မော့ကြည့်လျက် ပြန်ဖြေသည်။ "ဟုတ်တယ်။"

"ဒါက နိယာမတစ်ခုဖြစ်ပုံရတယ်။ ဒါနဲ့ စီနီယာ ဓားသခင်ကြီး၊ ရှင့် စမ်းသပ်မှုက ဘယ်နှခုမြောက် ရောက်နေပြီလဲ။" လီကျင်းယောင်က သိချင်စိတ်ဖြင့် မေးသည်။

အခန်း (၁၇၄) ရန်သူနှင့် ဆုံတွေ့ရခြင်း [၁]

"ခြောက်ခုမြောက်ပဲ"

ပိုင်ချူးရန်က ပြန်ဖြေလိုက်သည်။

"ငါက ဆင်းရဲဒုက္ခရှစ်ပါးဖြစ်တဲ့ မွေးဖွားရခြင်း၊ အိုမင်းရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်သူတွေနဲ့ ကွေကွင်းရခြင်း ဆိုတဲ့ အစဉ်လိုက်အတိုင်း လာခဲ့တာဆိုတော့ နောက်တစ်ခုက မုန်းတီးသူတွေနဲ့ ဆုံတွေ့ရခြင်း ဖြစ်လောက်တယ်"

"ညီမလေး ရော်ဝေနဲ့ ကျွန်မကလည်း ဒီအဆင့်ကို မဖြတ်ရသေးဘူးဆိုတော့ အတော်ပဲပေါ့"

လီကျင်းယောင်က ခေါင်းညိတ်ကာပြာ၏။

"ကျွန်မတို့ အတူတူ ခရီးဆက်လို့ရပြီ ထင်ပါရဲ့။"

မြူခိုးများကို ထပ်မံဖြတ်သန်းပြီးနောက် ပိုင်ချူးရန်တို့ သုံးဦးသည် ရောမခေတ်က ဧရာမသိုင်းပြိုင်ကွင်းကြီးနှင့် ဆင်တူသော ရှေးဟောင်း အဆောက်အအုံကြီးတစ်ခုရှေ့တွင် ပေါ်လာကြသည်။

လူသုံးဦးသည် စင်မြင့်တစ်ခုပေါ်တွင် ရပ်နေကြပြီး ထိုစင်မြင့်ကို တံတားတစ်စင်းဖြင့် အဆောက်အအုံနှင့် ဆက်သွယ်ထားလေ၏။ ထို့နောက် စင်မြင့်၊ တံတားနှင့် သိုင်းပြိုင်ကွင်းကြီးတို့ အားလုံးသည် အဆုံးမရှိသော အမည်းရောင်ဟင်းလင်းပြင်ကြီးထဲတွင် လွင့်မျောနေကြသည်။

တံတားဘေးတွင် ကျောက်စာတိုင်တစ်ခု စိုက်ထူထားပြီး သူတို့သုံးယောက်လည်း ထိုနေရာသို့လျှောက်သွားပြီးနောက် ကျောက်စာတိုင်ပေါ်တွင် ထုံးစံအတိုင်း စာကြောင်းနှစ်ကြောင်း ပေါ်လာ၏။

[တောင်နှင့် သမုဒ္ဒရာတမျှ ခိုင်မြဲသော ကတိသစ္စာများပင် အဆုံးသတ်သွားနိုင်သော်လည်း ရန်သူများမှာမူ ဆုံတွေ့ရစမြဲသာဖြစ်သည်။]

[ဆဋ္ဌမ/ စတုတ္ထ/ တတိယ ဆင်းရဲဒုက္ခ - ရန်သူနှင့် ဆုံတွေ့ရခြင်း]

"ဒီစည်းမျဉ်းအရဆိုရင် ကျွန်မတို့ ရှေ့ဆက်သွားမယ်ဆို ကိုယ့်ရန်သူနဲ့ ဆုံရလိမ့်မယ်"

လီကျင်းယောင်က ခန့်မှန်းပြောပြီးနောက် မေးလာသည်။ "ညီမလေး ရော်ဝေမှာရော ရန်သူတွေ ရှိလား"

"ရန်သူလား"

ထန်ရော်ဝေသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် တွေဝေစွာဖြင့် ပြန်ပြော၏။

"ရှိတယ်လို့ ပြောရရင်တော့ ရှန်းရွှမ်ဂိုဏ်းရဲ့ ဘိုးဘေးဖြစ်တဲ့ ထန်ကျိုးရှဲနဲ့ သူ့ရဲ့ နောက်လိုက်တွေကို ဖြုတ်ချဖို့ ရည်ရွယ်ထားတာလောက်ပဲ ဒါပေမဲ့ ထန်ကျိုးရှဲက အခြေတည်အဆင့်မှာပဲ ရှိသေးတာလေ၊ သူ့လူတွေကလည်း ချီသန့်စင်ခြင်းအဆင့် တစ်စုလောက်ပဲ ရှိတာ"

ဤသို့ပြောပြီးနောက် ထန်ရော်ဝေသည် သူမ၏ဆရာကို အကဲခတ်ကြည့်မ်လိုက်သော်လည်း ပိုင်ချူးရန်မှာ ကျောက်စာတိုင်ကိုသာ စိုက်ကြည့်နေပြီး သူမကို လျစ်လျူရှုထားလေသည်။

"ဒါဆို ညီမလေးရော်ဝေ အရင်သွားလိုက်လေ"

လီကျင်းယောင်က အကြံပြုလာ၏။

"ဒီအလှည့်က ညီမလေးအတွက် အန္တရာယ်သိပ်မရှိလောက်ပါဘူး၊ စီနီယာ ဓားဘိုး

ဘေးနဲ့ ငါက နင့်အတွက် နောက်ကနေ ကူတိုက်ပေးမှာမို့ စိတ်သာချ"

"ဟုတ်"

သူမ၏ ဆရာဖြစ်သူ ရှိနေသောကြောင့် ထန်ရော်ဝေသည် အလွန် စိတ်သက်သာရာရသွားသည်။ ထို့ကြောင့် ခေါင်းညိတ်ပြပြီးနောက် တံတားမှတစ်ဆင့် သိုင်းပြိုင်ကွင်းအတွင်းသို့ ဝင်ရောက်သွားလေ၏။

တစ်နေရာတည်းတွင် ရပ်နေကြသော လီကျင်းယောင်နှင့် ပိုင်ချူးရန်တို့သည် သိုင်းပြိုင်ကွင်း၏ ကွက်လပ်အချို့မှတစ်ဆင့် အတွင်းဘက်၌ ထန်ရော်ဝေ တွေ့ဆုံနေသော လူများကို မြင်လိုက်ရသည်။ ၎င်းတို့မှာ ယခင်က သွေးနတ်ဘုရားဂိုဏ်း၏ တစ်ပိုင်းတစ်စကျင့်စဉ်ကို လေ့ကျင့်ခဲ့သော ရှန်းရွှမ်သိုင်းဂိုဏ်းမှ ထန်ကျိုးရှဲနှင့် စီမာယင်းပေါ်တို့ ဦးဆောင်သော ဂိုဏ်းသားတစ်စုပင်။

ထန်ရော်ဝေသည် သူတို့နှင့် လျင်မြန်စွာပင် စတိုက်တော့သည်။ ထိုအရာမှာ လူသစ်တစ်ယောက်က လူသစ်အုပ်စုကြီးအား အနိုင်ကျင့်နေသည့် ပြကွက်ကောင်းတစ်ခုကို လီကျင်းယောင်နှင့် ပိုင်ချူးရန်တို့အား တင်ဆက်ပြသနေသည့်အလားပင်။ မူလချီစွမ်းအင်၏ အလင်းတန်းများမှာ အတွင်းဘက်မှ ပေါက်ကွဲထွက်လာပြီး အချိန်နှင့်အမျှ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာ၏။

သိုင်းပြိုင်ကွင်းအတွင်းရှိ တိုက်ပွဲကို ကြည့်ရှုရင်း လီကျင်းယောင်က မေးလိုက်သည်။

"စီနီယာ ဓားဘိုးဘေးမှာရော ရန်သူတွေ ရှိလား"

ပိုင်ချူးရန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါပြ၏။ "ဘယ်ရန်သူမှ စဉ်းစားလို့ မရဘူး"

လီကျင်းယောင်ကလည်း နက်ရှိုင်းသော လေသံဖြင့် ဆိုလေသည်။ "ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ရည်ရွယ်ချက်က အဲဒီနေရာမှာတင် လက်စားချေဖို့ဆိုပေမယ့် ဆရာကတော့ နည်းနည်း ကံဆိုးရှာတယ်။ သူ့ ရန်သူက ချီမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်နေတော့ တစ်ခါမှ လက်စားမချေနိုင်ခဲ့ဘူး"

သူတို့နှစ်ဦး အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး လီကျင်းယောင်က ပြော၏။

"ရှင်စဉ်းစားကြည့်၊ ကျွန်မတို့နှစ်ယောက် ဝင်သွားရင် ဘယ်သူတွေနဲ့ သွားဆုံရမလဲ"

"နတ်ဘုရားပဲ သိလိမ့်မယ်"

ပိုင်ချူးရန် ပခုံးတွန့်လိုက်သည်။ ထန်ရော်ဝေဘက်ရှိ တိုက်ပွဲမှာ သိပ်မကြာမီပင် အဆုံးသတ်သွားချေသည်။ ရူးသွပ်စွာ တိုက်ခိုက်နေသော အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၊ အမှန်တရားမဟာမိတ်ဂိုဏ်းမှ မြေခွေးအိုကြီးတစ်ဦး လေ့ကျင့်ပေးထားသည့် ဝိညာဉ်ဆေးလုံးတု ကျင့်ကြံသူတစ်ဦးနှင့် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိ နောက်လိုက်အုပ်စုတို့မှာ ရှင်းလင်းခံလိုက်ရ၏။

ထန်ရော်ဝေ အပြင်သို့ လျှောက်ထွက်လာချိန်တွင် သူမ၏ အဝတ်အစားများမှာ ဖရိုဖရဲဖြစ်နေသည့် ပုံစံပင် လုံးဝမရှိချေ။

သူမသည် တံတားကို ဖြတ်ကူးကာ ကျောက်စာတိုင်ဆီသို့ ရောက်ရလာပြီး ကျောက်စာတိုင်ပေါ်ရှိ စာသားများ တဖြည်းဖြည်း မှိန်ဖျော့သွားသည်ကို စောင့်နေ၏။ ထို့နောက် စဉ်းစားခန်းဝင်နေသော မျက်နှာများဖြင့် ရပ်နေကြသော ပိုင်ချူးရန်နှင့် လီကျင်ယောင်တို့ကို ကြည့်ကာ မေးလေသည်။

"ဆရာ၊ အစ်မလီ... ဘာတွေ စဉ်းစားနေကြတာလဲ"

"ဘာမှမဟုတ်ပါဘူး"

ပိုင်ချူးရန်က ခေါင်းခါလာသည်။

"ငါ့မှာ ဘယ်လိုရန်သူတွေရှိလဲဆိုတာ စဉ်းစားနေရုံတင်ပါ"

"ငါရောပဲ"

အမြဲတစေ ပါးနပ်ပြီး ထူးချွန်လှသည့် လီကျင်းယောင်ပင်လျှင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။

"ရန်သူလို့ ခေါ်ရလောက်တဲ့သူ တစ်ယောက်မှ ငါ တကယ်ကို စဉ်းစားလို့မရဘူး"

"ဒီမှာ ရပ်ပြီး စဉ်းစားနေလည်း အလကားပဲ၊ အထဲဝင်ပြီး သွားကြည့်လိုက်ကြတာပေါ့" ထန်ရော်ဝေက အကြံပြုလိုက်သည်။

"အင်း။ ဒါဆို ငါ အရင်ဝင်လိုက်မယ်"

ပိုင်ချူးရန်က လီကျင်ယောင်အား ပြောလာ၏။ လီကျင်ယောင်က ခေါင်းသာပြန်ညိတ်ပြသည်။ ထို့နောက် သိမ်မွေ့သော ဆွဲယူမှုတစ်ခုအား ခံစားလိုက်ရပြီး ပိုင်ချူးရန်သည် တံတားကို ဖြတ်သန်းကာ သိုင်းပြိုင်ကွင်းအတွင်းသို့ ဝင်ရောက်သွားလေ၏။

All Chapters