← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅) နည်းလမ်းမရှိဘူး။ သေဖို့ပဲ စောင့်နေလိုက်တော့။ နှုတ်ဆက်ပါတယ်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလိုအဖြစ်မျိုးက ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ"

အမှောင်ထုဖုံးလွှမ်းနေသော ဟင်းလင်းပြင်ကြီးအတွင်း၌ ပိုင်ချူးရန်အား အဆက်မပြတ် စောင့်ကြည့်နေသည့် ဝတ်ရုံနက်နှင့်လူမှာ ဝေခွဲမရဖြစ်နေ၏။

"လူတစ်ယောက်က နှစ်ပေါင်းထောင်နဲ့ချီ အသက်ရှင်နေတာတောင်မှ ချစ်သူရည်းစားမရှိဘူးဆိုတာထားပါတော့၊ ဘာလို့ ရန်သူတောင် တစ်ယောက်မှ မရှိရတာလဲ၊ ဒီနှစ်ထောင်ပေါင်းများစွာကို သူ ဘယ်လိုများ ဖြတ်သန်းလာခဲ့တာပါလိမ့်"

ဤတစ်ကြိမ်တွင်ကား ရန်သူနှင့် ဆုံတွေ့ရခြင်းစမ်းသပ်မှုပင် ဖြစ်လေသည်။ သို့သော် ပိုင်ချူးရန် ဝင်ရောက်သွားပြီးနောက်၌ကား မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။ သူ၏နောက်မှ လိုက်ဝင်လာသော လီကျင်ယောင်ပင်လျှင် ခေတ္တမျှ လမ်းလျှောက်ယုံလေး လျှောက်ပြီးနောက် အလွယ်တကူ ပြန်ထွက်လာနိုင်သည်။

နှစ်ပေါင်းသုံးထောင်ကျော်တိုင်တိုင် အသက်ရှင်နေထိုင်ခဲ့သူတစ်ဦးတွင် ချစ်သူလည်းမရှိသလို ရန်သူလည်းမရှိပေ။

သာမန်တွေးကြည့်မည်ဆိုလျှင် ဤသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။ သို့သော် ဝတ်ရုံနက်နှင့်လူ မသိရှိခဲ့သောအချက်မှာ အသက်တစ်ထောင်ကျော်အရွယ်ကတည်းက ကျင့်ကြံခြင်းလောကတွင် ပြိုင်ဘက်ကင်းခဲ့သူတစ်ဦးအတွက် ရန်သူမရှိခြင်းမှာ အထူးအဆန်းကိစ္စတစ်ရပ် မဟုတ်ခြင်းဖြစ်၏

အချစ်ဟူသောအရာကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင် ပိုင်ချူးရန်သည် သူ၏ငယ်ရွယ်စဉ်ကာလများ၌ ရန်သူများစွာ ရှိခဲ့ဖူးလေသည်။ ချီမင်တာအိုကျင့်စဉ်ကိုကျင့်ကြံသော တပည့်တစ်ဦးဖြစ်သောကြောင့် မုန်းတီးခဲ့သောကြောင့်ဖြစ်စေ၊ သူ၏ဆရာဖြစ်သူ ကောင်းကင်ဘုံသို့ တက်လှမ်းသွားပြီးနောက် ချီမင်ဓားဂိုဏ်း၏ ပိုင်ဆိုင်မှုများကို လုယူလိုသူများကြောင့်ဖြစ်စေ သူ၏ပတ်ဝန်းကျင်၌ ရန်သူများ ဝန်းရံနေခဲ့ဖူးသည်။ သို့ရာတွင် ထိုသူများအားလုံးမှာ အချိန်ကာလ၏ စီးကြောင်းအောက်တွင် သေဆုံးပျောက်ကွယ်သွားခဲ့ကြ၏။

နောက်ပိုင်းတွင် ပေါ်ထွက်လာသူများမှာ ပိုင်ချူးရန်ပြိုင်ဘက်ဖြစ်ရန် အဆင့်များစွာ ကွာလှမ်းလွန်းလှသည်။ အကယ်၍ သူ နားမလည်နိုင်သော ပြဿနာတစ်စုံတစ်ရာနှကင့် ကြုံတွေ့ရပါက နေရာတွင်ပင် ချက်ချင်း လက်စားချေတတ်၏။ သို့ဖြစ်ရာ ယခုအချိန်တွင် သူ့မှာရန်သူဟူ၍ရှိမနေချေ။

လီကျင်းယောင်သည်လည်း ထိုနည်းတူပင် ဖြစ်၏။ ပထမအချက်အနေဖြင့် သူမသည် သဘောထားပြည့်ဝကာ လူမှုဆက်ဆံရာတွင်လည်း အလွန်ပြေပြစ်ကောင်းမွန်သူဖြစ်သည်။ ဒုတိယအချက်အနေဖြင့် သူမ၏ပါရမီမှာ အလွန်ထူးချွန်လှသဖြင့် ဆရာဖြစ်သူ ကျီလင်းယွင်က မျက်ခြည်မပြတ် ကာကွယ်စောင့်ရှောက်ပေးထား၏။ တတိယအချက်မှာမူ သူမမှာ အားနည်းသော ကျင့်ကြံသူတစ်ဦး မဟုတ်သောကြောင့်ပင်။ ကောင်းကင်မိစ္ဆာဂိုဏ်း၏ စည်းမျဉ်းများအရဆို သူမ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုခုနှင့် ကြုံလာရပါက နောက်တစ်နေ့အထိပင် အချိန်ဆွဲထားလေ့မရှိဘဲ ချက်ချင်း လက်ငင်း ရှင်းပစ်တတ်လေ၏။

ထို့ပြင် ဝတ်ရုံနက်နှင့်လူမှာ ကျီရှန်းမဟုတ်သလို ဤဂူဗိမာန်အား ဖန်တီးခဲ့သူ မဟုတ်ချေ။ ၀တ်ရုံနက်နှင့်လူသည် ခိုတွင်းအား ဝင်လုသည့် ကျီးတစ်ကောင်သာဖြစ်ပြီး ဤနေရာတွင် ကျူးကျော်ဝင်ရောက် ခိုအောင်းနေသူသာဖြစ်သဖြင့် ဂူဗိမာန်စမ်းသပ်မှု၏ ယန္တရားများနှင့် ဒသဘောတရားတို့အား နက်နက်ရှိုင်းရှိုင်း နားလည်ထားခြင်း မရှိချေ။

အမှန်တွင် ကျီရှန်းမှာ ဤဂူဗိမာန်ကို ဖွင့်လှစ်ခဲ့စဉ်က ခေတ်ကာလများ၏ အသိပညာနှင့် ပိုင်ဆိုင်မှုများကို နောင်လာနောက်သားများအတွက် တတ်နိုင်သမျှ ချန်ထားရစ်လိုသော ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။

ဆင်းရဲဒုက္ခရှစ်ပါး စမ်းသပ်မှုဆိုသည်မှာ သူ၏အမွေအနှစ်များ မထိုက်တန်သူများလက်သို့ မရောက်ရှိစေရန် နောင်လာနောက်သားများ၏ စိတ်နေသဘောထားကို စစ်ဆေးသည့် စမ်းသပ်မှုသက်သက်သာ ဖြစ်လေ၏။

သေချာပေါက်ပင် ထိုကဲ့သို့သော စမ်းသပ်မှုမျိုး၌ ရှောင်လွှဲ၍မရနိုင်သော အန္တရာယ်များ ရှိသော်ငြား စမ်းသပ်မှုကိုယ်တိုင်က လူများကို သေစေရန် ရည်ရွယ်ဖန်တီးထားခြင်း လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့ကဲ့သို့ ရန်သူမရှိသောသူများ စမ်းသပ်မှုထဲသို့ ဝင်လာသောအခါ မည်သည့်အရာနှင့်မျှ ကြုံတွေ့ခဲ့ရခြင်း မရှိသည်မှာ သဘာ၀ကျလှသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ဝတ်ရုံနက်နှင့်လူသည် မတ်တပ်ရပ်လိုက်ကာ အလင်းကန့်လန့်ကာပေါ်ရှိ ပိုင်ချူးရန်အား ကြည့်ရင်း ဒေါသတကြီး တစ်ကိုယ်တည်းပြော‌၏။ "မင်းက ပြင်ပကမ္ဘာမှာ ဒီလောက်ကြာကြာ အသက်ရှင်နေခဲ့တာ။ မင်း လိုချင်တဲ့အရာ တစ်ခုမှ မရှိဘူးဆိုတာကို ငါ လုံးဝမယုံဘူး။ နောက်လာမယ့် လိုချင်တာကို မရနိုင်ခြင်း စမ်းသပ်မှုမှာ မင်း ဘာလှည့်ကွက်တွေ ထပ်ထုတ်သုံးဦးမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့"

အခန်း (၁၇၆) နည်းလမ်းမရှိဘူး။ သေဖို့ပဲ စောင့်နေလိုက်တော့။ နှုတ်ဆက်ပါတယ်။ [၁]

သူတို့ နောက်တစ်ဖန် မြူခိုးများထဲမှ လက်ချင်းချိတ်လျက် လျှောက်ထွက်လာပြီးနောက် လီကျင်းယောင်သည် ချောက်ကမ်းပါးဆီသို့ ပြန်လည်ရောက်ရှိလာကာ ပိုင်ချူးရန်အား အနည်းငယ် နှမြောတသဖြစ်နေသောဟန်ဖြင့် ပြောလာ၏။ "ရှေ့ဆက်ပြီးတော့ စီနီယာ ဓားဘိုးဘေးနဲ့အတူ စမ်းသပ်မှုတွေကို ဖြတ်သန်းလို့ရတော့မယ် မထင်ဘူး။ စီနီယာအတွက် ကျန်နေသေးတဲ့ စမ်းသပ်မှုနှစ်ခုထဲက ခန္ဓာငါးပါး၏ ဆင်းရဲခြင်း ဆိုတာက အထူးခြားဆုံးဖြစ်လိမ့်မယ်။ ကျွန်မထင်တာတော့ အဲ့တာကျမှ ပြန်ဆုံကြလိမ့်မယ်နဲ့တူတယ်။ ပြီးတော့ အလိုရှိတာကို မရနိုင်ခြင်း စမ်းသပ်မှုကို ရော်ဝေနဲ့ ကျွန်မက ဖြတ်ကျော်ပြီးသွားပြီလေ"

"ဒါဆိုလည်း ခွဲသွားကြတာပေါ့"

ပိုင်ချူးရန်က အေးဆေးစွာ ပြန်ဖြေသည်။ "တကယ်တော့ ငါ မင်းတို့ကို အသိမပေးပဲ ဝင်လာခဲ့တာက မင်းတို့ကိုယ်တိုင် အတွေ့အကြုံယူပြီး စမ်းသပ်စေချင်လို့ပဲ။ ဒါပေမဲ့ မင်းတို့နှစ်ယောက်နဲ့ ဒီမှာ လာဆုံမယ်လို့ မထင်ထားခဲ့ဘူး။ ဒါက တိုက်ဆိုင်မှုတစ်ခုလို့ပဲ ပြောရမှာပေါ့"

"စီနီယာ ပြောတာလည်း ဟုတ်တာပဲ"

လီကျင်ယောင်မှာ ဝမ်းနည်းနေပုံပေါ်သော်လည်း ပြုံးထားဆဲဖြစ်ကာ ဆက်ပြောလိုက်လေ၏။ "ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကျွန်မတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံပဲလေ။ စီနီယာ့ကို အမြဲတမ်း အားကိုးနေလို့မှ မရတာ။ တကယ်နှမြောစရာပဲ။ ကျွန်မက စီနီယာနဲ့ အချိန်ခဏလောက် အတူနေပြီး စီနီယာအကြောင်းတွေကို ပိုသိချင်ခဲ့တာ"

လီကျင်းယောင်၏ စကားများကို ကြားလိုက်ရသောအခါ ပိုင်ချူးရန်မှာ ထူးဆန်းသလို ခံစားလိုက်ရသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးသည်။ "မင်းမှာ လူသားတွေရဲ့ စွဲလမ်းမှုနဲ့ပတ်သက်ပြီး သီးသန့်လေ့လာမှု တစ်ခုခုရှိနေတာလား။ တကယ်ကို ထူးဆန်းတာပဲ။ ဒီလိုလက္ခဏာမျိုးကို အရင်က ဆန်းကြယ်ကျောင်းတော်က လူတွေဆီမှာပဲ ငါ မြင်ဖူးခဲ့တာပါ"

ဘေးတွင်ရှိနေသော ထန်ရော်ဝေမှာမူ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ဝင်ပြောလာသည်။ "အစ်မလီ မြင်တဲ့အတိုင်းပဲ ဆရာက အမြဲဒီလိုမျိုးပဲ။ အစ်မ လက်လျှော့လိုက်တာ ပိုကောင်းမယ်ထင်တယ်"

"မဟုတ်ဘူးလေ ရော်ဝေရဲ့"

လီကျင်းယောင်၏ မျက်နှာထက်တွင် အဓိပ္ပာယ်များစွာ ရောယှက်နေသော အပြုံးတစ်ခု ပေါ်လာလေ၏။ "ဒါက ငါ့အတွက် ပိုစိတ်၀င်စားစရာကောင်းတာ"

မိန်းကလေးနှစ်ဦးသည် ပိုင်ချူးရန် နားမလည်နိုင်သော နက်နဲသည့် စကားဝှက်များဖြင့် အချင်းချင်း စတင်ပြောဆိုလာကြသည်။ ပိုင်ချူးရန်က ထပ်ကာမေးမြန်းလိုသော်လည်း လီကျင်းယောင်သည် ထန်ရော်ဝေ၏ လက်ကိုဆွဲကာ နောက်သို့တစ်လှမ်းဆုတ်လျက် ပိုင်ချူးရန်အား နှုတ်ဆက်လိုက်လေ၏။

"ဟေ့ နေကြပါဦး"

ပိုင်ချူးရန်မှာ တားမရသည့်အဆုံး သက်ပြင်သာချက်လိုက်ပြီး သူမတို့ကို သတိထားရမည့်အရာများအား စတင်မှာကြားတော့သည်။

"ဒီဂူဗိမာန်ထဲက တချို့နေရာတွေက အင်မော်တယ်တွေ ဖန်တီးထားတဲ့ ထောင်ချောက်တွေပဲ။ မတော်တဆ အဲဒီထဲ ဝင်သွားမိရင် မင်းတို့ရဲ့ နတ်ဘုရာစအာရုံ စွမ်းအားလောက်နဲ့ဆို ခန္ဓာကိုယ်ကို လုယူခံရမယ့် အန္တရာယ်ရှိတယ်။ ဒီကိုလာတဲ့လမ်းမှာ ခန္ဓာကိုယ် လုယူခံလိုက်ရတဲ့ တခြားကျင့်ကြံသူတချို့ကို ငါ ကိုယ်တိုင်တွေ့ခဲ့တယ်။ ရော်ဝေနဲ့ မိန်းကလေးလီတို့နှစ်ယောက် သေချာသတိထားဖို့လိုမယ်။ အန္တရာယ်ရှိလာရင် မင်းတို့ကို ကာကွယ်ဖို့ ငါပေးထားတဲ့ ကျောက်စိမ်းပြားတွေကို ချက်ချင်း ထုတ်သုံးဖို့ ဝန်မလေးနဲ့။ ကြားလား"

ထန်ရော်ဝေနှင့် လီကျင်းယောင်တို့သည် နားလည်ကြောင်း ခေါင်းညိတ်လာကြ၏။ ထို့နောက် မိန်းကလေးနှစ်ဦးသည် လက်ချင်းချိတ်ကာ အောက်ခြေအဆင့်ရှိ မြူခိုးများထဲသို့ ပိုင်ချူးရန်နှင့်အတူ ဝင်ရောက်သွားတော့သည်။

ဟင်းလင်းပြင် နေရာရွေ့လျားသွားသည့် ခံစားချက်ပေါ်လာပြီးနောက် မြူခိုးများမှာ လုံးဝ ကင်းစင်သွားပြန်သည်။ ထိုအခါမှ သူသည် လီကျင်းယောင်၊ ထန်ရော်ဝေတို့နှင့် လူစုကွဲသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ပိုင်ချူးရန် ရှစ်ထောင့်ပုံစံ မဏ္ဍပ်တစ်ခုဆီသို့ ရောက်ရှိနေပြီး ထိုရှစ်ထောင့်မဏ္ဍပ်ကြီးမှာ ညကောင်းကင်ယံထက်တွင် တွဲလောင်းချိတ်ဆွဲထားသကဲ့သို့ လွင့်မျောနေ၏။ ညကောင်းကင်ယံ၌ မှိန်ဖျော့ဖျော့ အလင်းရောင်များ ထုတ်လွှတ်နေသော ကြယ်တာရာများစွာ ရှိနေသော်လည်း အစစ်အမှန် ဟုတ်မဟုတ်ကိုမူ သူပင် မခွဲခြားနိုင်ချေ။

ရှစ်ထောင့်မဏ္ဍပ်၏ ဗဟိုတွင် ကျောက်စာတိုင်တစ်ခု စိုက်ထူထားလေသည်။ ပိုင်ချူးရန် အနားသို့ ကပ်သွားပြီးနောက် ကျောက်စာတိုင်ပေါ်တွင် ထုံးစံအတိုင်း စာကြောင်းနှစ်ကြောင်း ပေါ်လာ၏။

[လူသားတို့၌ စိတ်ခံစားမှုခုနစ်ပါးနှင့် ရမ္မက်ဆန္ဒခြောက်ပါး၊ လောဘ၊ ဒေါသနှင့် မောဟတို့ ရှိစမြဲဖြစ်သည်။]

[သတ္တမမြောက် ဆင်းရဲဒုက္ခ - အလိုရှိတာကို မရနိုင်ခြင်း။]

"အလိုရှိတာကို မရနိုင်ဘူးဟုတ်လား"

ပိုင်ချူးရန်သည် ကျောက်စာတိုင်ပေါ်ရှိ စာသားကို ခပ်တိုးတိုး ရွတ်ဖတ်လိုက်သည်။

သူ အလိုရှိဆုံးသောအရာမှာ မည်သည့်အရာဖြစ်ကြောင်း သူ နားလည်ထားလေသည်။ အချစ်၊ သံယောဇဉ်၊ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် စည်းစိမ်ဥစ္စာအားလုံးမှာ သူ့အတွက် ဒုတိယဦးစားပေးသာဖြစ်ပြီး အရေးမပါသော ဆန္ဒများလည်းပင်။

နှစ်ပေါင်း သုံးထောင်ကျော်ကြာ အသက်ရှင်နေထိုင်ပြီးနောက် သူ၏ အကြီးမားဆုံးသော ရည်မှန်းချက်မှာ အခြေတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန်သာ ဖြစ်လေ၏။

"ဒီနေရာမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်မယ်လို့ ရွှယ်လင်က ပြောခဲ့ဖူးတာပဲ၊ ဖြစ်နိုင်တာက..."

အဆိုပါ လျှို့ဝှက်ချက်မှာ ဤစမ်းသပ်မှုအတွင်း၌ ရှိမနေနိုင်ကြောင်း သူ သိထားသော်လည်း ပိုင်ချူးရန်၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု လင်းလက်လို့လာသည်။

ညကောင်းကင်ယံ၏ နက်ရှိုင်းသော အမှောင်ထုထဲမှ ရှည်လျားသော တံတားတစ်စင်း ရုတ်တရက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ရှစ်ထောင့်မဏ္ဍပ်ကြီးသည်လည်း တုန်ခါလာလေ၏။ ဤသည်မှာ ဂူဗိမာန်မှ သူ့အား တံတားပေါ်တက်ရန် တိုက်တွန်းနှိုးဆော်နေသည့် လက္ခဏာဖြစ်ကြောင်း ပိုင်ချူးရန် နားလည်လိုက်သည်။

သူသည် တံတားပေါ်သို့ လှမ်းတက်လိုက်ပြီး အဆုံးထိလျှောက်သွားကာ လှေကားထစ်များအတိုင်း တစ်ထစ်ချင်း တက်လာ၏။ သူလျှောက်ရင်းလျှောက်ရင်း အဆုံးတွင် ပေပေါင်းများစွာ မြင့်မားသော စင်မြင့်ကြီးတစ်ခု၏ ထိပ်သို့ ရောက်ရှိသွားတော့သည်။

ပိုင်ချူးရန် စင်မြင့်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် စတုရန်းပုံစံ စင်မြင့်၏ ထောင့်လေးထောင့်ရှိ မီးဖိုလေးခုမှ မီးတောက်များ ရုတ်ချည်း ထတောက်လာပြီး မီးတောက်များမှတစ်ဆင့် ဖြာထွက်လာသော အလင်းရောင်က စင်မြင့်အလယ်ရှိ အရာဝတ္ထုများကိုပါ ထင်းလင်းသွားစေသည်။

ထိုမြင်ကွင်းကြောင့် ပိုင်ချူးရန်မှာ အသက်ရှူပင်မှားသွားရ၏။ စင်မြင့်၏ အလယ်ဗဟိုတွင် ကျောက်တုံးဖြင့် သေသပ်စွာ ထွင်းထုထားသော စာအုပ်စင်တစ်ခုပါရှိသည့် ကျောက်စင်တစ်ခု ရှိ‌နေ၏။ ထိုစာအုပ်စင်ပေါ်၌ ရွှေချည်ကြိုးဖြင့် တွယ်ဆက်ထားသော မျက်နှာဖုံးပါရှိသည့် အထူစားစာအုပ်တစ်အုပ် တင်ထားပြီး စာအုပ် မျက်နှာဖုံးပေါ်တွင် စာလုံးကြီးလေးလုံးကို ခန့်ညားစွာ ရေးသားထားလေသည်။

"အခြေတည်ဆောက်ခြင်း လျှို့ဝှက်ကျင့်စဉ်”

All Chapters