← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇) အခြေတည်အဆင့်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်သက်လုံးလည်း ဖြစ်လာမှာ မဟုတ်ဘူး။

ထိုလျှို့ဝှက်စာအုပ်ကို မြင်လိုက်ရသောအခါ ပိုင်ချူးရန်၏ လှုပ်ရှားမှုများပင် နှေးကွေးသွားရသည်။ သူသည် စာအုပ်စင်အနီးသို့ ဖွဖွလေး လျှောက်သွားကာ လျှို့ဝှက်စာအုပ်ကို တုန်ယင်သော လက်များဖြင့် ဖွင့်လိုက်လေသည်။

ထိုလျှို့ဝှက်စာအုပ်ထဲတွင် စာများဖြင့် ပြည့်နှက်နေသော်လည်း ကော်ဖတ်စက္ကူအလွှာတစ်ခုဖြင့် ထပ်ကပ်ထားသကဲ့သို့ မည်သည့်အရာများ ရေးသားထားမှန်း သေချာမမြင်ရပဲ မှုန်ဝါးဝါးဖြစ်နေ၏။ ပိုင်ချူးရန်သည် ထိုစာလုံးများအား ဂရုတစိုက်လိုက်ကြည့်နေပြီး အချိန်ယူ ဖတ်ရှုခဲ့ရသည်။ ထို့နောက် စာအုပ်ထဲတွင် စာကြောင်းသုံးကြောင်းသာ အ‌စစ်အမှန်ဖြစ်ကြောင်း သူ‌ရှာတွေ့လိုက်၏။

"နည်းလမ်းမရှိဘူး။ သေဖို့ပဲ စောင့်နေလိုက်တော့။ နှုတ်ဆက်ပါတယ်”

"ငါ့ကို လာလိမ်နေတာပဲ"

အမှောင်ထုဖုံးလွှမ်းနေသော ဟင်းလင်းပြင်ကြီးအတွင်း၌ နှစ်ပေါင်းများစွာ တည်ငြိမ်နေခဲ့ပြီးဖြစ်သော ဝတ်ရုံနက်နှင့်လူ၏ ရင်မှာ ဒေါသအဟုန်ကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်သွားရသည်။ သူသည် အရိုးပေါ်အရေတင်မျှသာရှိသော လက်ဝါးကို ဆန့်ထုတ်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေ၏။

သို့သော် ပြန်လည်ရိုက်ခတ်လာသော အားကြောင့် သစ်တုံးဆွေးကဲ့သို့ ဖြစ်နေသော သူ၏လက်မောင်းမှာ ကျိုးကြေသွားခဲ့သည်ကိုမူ သတိမထားမိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အလင်းလုံးထက်တွင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းမှာ အဓိပ္ပာယ်မဲ့လွန်းလှသောကြောင့်ပင်။

မူလက အလိုရှိတာကို မရနိုင်ခြင်း စမ်းသပ်မှုအတွင်းသို့ ဝင်ရောက်သွားပြီးချိန်တော့ အရာအားလုံးမှာ အဆင်ပြေနေခဲ့သည်။ သို့သော် ပိုင်ချူးရန်က လျှို့ဝှက်စာအုပ်ကို ဖွင့်လိုက်ချိန်တွင် သူ၏ စိတ်အခြေအနေ ပြင်းထန်စွာ တုန်လှုပ်သွား ရသည်။

ပိုင်ချူးရန် ခန္ဓာကိုယ်ကို လုယူရန် ပြင်ဆင်နေသည့် ခဏမှာပင် ထိုကောင်မှာ ရုတ်တရက် လက်ကို မြှောက်ကာ လျှို့ဝှက်စာအုပ်ကိုရော မီတာဆယ်ပေါင်းများစွာ မြင့်မားသော စင်မြင့်ကြီးတစ်ခုလုံးကိုပါ ပြာကျမတတ် ရိုက်ချိုးဖျက်ဆီးပစ်လိုက်၏။

အလင်းကန့်လန့်ကာမှတစ်ဆင့် ကြည့်နေသော ဝတ်ရုံနက်နှင့်လူသည် လျှို့ဝှက်စာအုပ်ပေါ်တွင် မည်သည့်အရာများ ရေးသားထားသည်ကို တပ်အပ်မမြင်တွေ့နိုင်ခဲ့သော်လည်း လျှို့ဝှက်စာအုပ်၏ အမည်နာမကိုမူ ရှင်းလင်းပြတ်သားစွာ မြင်တွေ့ခဲ့ရလေ၏။

ထိုအရာကား သိသာထင်ရှားစွာပင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် လျှို့ဝှက်ကျင့်စဉ်တစ်ခု ဖြစ်နေချေသည်။ သူ ဤစမ်းသပ်မှုတွင် ရှိနေစဉ်ကလည်း အလားတူ အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရဖူးလေ၏။ ကျီရှန်းဂူဗိမာန်သည် သူ့အား ကမ္ဘာမြေအင်မော်တယ်အဆင့်မှ မည်သို့တက်လှမ်းရမည်ကို သင်ကြားပေးသည့် စာအုပ်တစ်အုပ်ကို ပေးအပ်ခဲ့ဖူးသည်။ ထိုလျှို့ဝှက်စာအုပ်က သူ့ကို ဆွံ့အသွားစေခဲ့သည်။

အလိုရှိတာကို မရနိုင်ခြင်း စမ်းသပ်မှုကြောင့် ကျီရှန်းဂူဗိမာန်သည် စမ်းသပ်မှုဝင်ရောက်သူ၏ ဆန္ဒများကို ကြိုတင်ဖတ်ရှုရန် အစီအရင်ယန္တရားကို အသုံးပြုလေ့ရှိ၏။ ထို့နောက် ဂူဗိမာန်သည် ၎င်းအတွင်း၌ သိမ်းဆည်းထားသော လျှို့ဝှက်ကျင့်စဉ်အမျိုးမျိုးကို ရှာဖွေပြီး အကိုက်ညီဆုံးဖြစ်သော လျှို့ဝှက်ကျင့်စဉ်များကို ထုတ်နုတ်ကာ စမ်းသပ်မှုဝင်ရောက်သူအား တစ်ဝက်တစ်ပျက်သာ ပြသလေသည်။ ဤနည်းအားဖြင့် ထိုသူ၏ စိတ်ကို ကစဉ့်ကလျားဖြစ်သွားစေပြီး အလိုရှိရာကို မရနိုင်သည့် နာကျင်လှသော အရသာကို မြည်းစမ်းစေခြင်းပင်။

အကြမ်းဖျင်း ဥပမာပေးရလျှင် ထိုစဥ်က ကျင့်ကြံသူ၏ စိတ်အခြေအနေမှာ ဖတ်လို့ကောင်းနေသော စာအုပ်ကောင်းတစ်အုပ်ကို ဖတ်နေစဉ် ရုတ်တရက် ဇာတ်လမ်းရပ်တန့်သွားသည့်အခါ ခံစားရသော စာဖတ်သူများ၏ ရင်မောဖွယ် ခံစားချက်မျိုးနှင့် တူပေလိမ့်မည်။ အကယ်၍ ဤသာယာဖွယ်မရှိသော နာကျင်မှုကို မစွန့်လွှတ်နိုင်ပါက ထိုသူသည် အလိုရှိတာကို မရနိုင်ခြင်း စမ်းသပ်မှု ဟင်းလင်းပြင်ထဲမှ မည်သည့်အခါမျှ ထွက်ခွာနိုင်မည်မဟုတ်ချေ။

ထိုအခါ ပြဿနာက စတင်လာတော့သည်။ အလင်းလုံးပေါ်ရှိ မြင်ကွင်းအရ ပိုင်ချူးရန် တောင်းဆိုနေသည့်အရာမှာ အခြေတည်ဆောက်ခြင်းကို သင်ကြားပေးသည့် နည်းလမ်းတစ်ခုမျှသာဖြစ်‌လေ၏။ ဝတ်ရုံနက်နှင့်လူမှာ သူ့လို ပြင်ပလူတစ်ယောက်ဖြစ်သည့် အဘယ်ကြောင့် အခြေတည်အဆင့်ရောက်ရန် ဤမျှ ခဲယဉ်းလွန်းနေရသည်ကို နားမလည်နိုင်သော်ငြား ကျီရှန်း ဂူဗိမာန်အတွင်း၌ အခြေတည်ဆောက်ခြင်းဆိုင်ရာ လျှို့ဝှက်ကျင့်စဉ်များကို ချန်ထားလိုက်လျှင်တောင် နတ်ဘုရားမိသားစုကြီးများ၏ ကျင့်စဉ်များပင် များပြားစွာ ပါဝင်နေ၏။

တွေးကြည့်မည်ဆိုလျှင် ပိုင်ချူးရန် လက်ထဲတွင်ရှိနေသော အခြေတည်ဆောက်ခြင်းဆိုင်ရာ လျှို့ဝှက်ကျင့်စဉ်မှာ တစ်ဝက်သာ ရေးသားထားသော အကောင်းဆုံး ကျင့်စဉ်ဖြစ်သင့်သည်။ ထိုအရာကို ဖတ်ရှုပြီးနောက် သူသည် ခေါင်းကုတ်ကာ အလိုရှိရာကို မရနိုင်သည့်နှယ် အမူအရာမျိုး လုပ်ဆောင်သင့်သော်လည်း ယခုကဲ့သို့ အကြမ်းနည်းမျိုးဖြင့် လျှို့ဝှက်စာအုပ်ကိုသာမက စမ်းသပ်ရာကွင်းပြင်ကိုပါ လက်ဝါးဖြင့် တစ်တစီ ရိုက်ချိုးဖျက်ဆီးပစ်ခြင်းမျိုး မလုပ်သင့်ပေ။

အခန်း (၁၇၈) အခြေတည်အဆင့်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်သက်လုံးလည်း ဖြစ်လာမှာ မဟုတ်ဘူး။ [၁]

သူ၏ တုံ့ပြန်မှုက ထိုစာအုပ်ထဲတွင် သူ့အား လှောင်ပြောင်သည့် အရာတစ်ခုခု ရေးသားထားသကဲ့သို့ပင် ထင်ရ၏။

သို့သော် ဤကဲ့သို့သော တုန့်ပြန်မှုကြောင့် ကျီရှန်းဂူဗိမာန်၏ စမ်းသပ်မှုယန္တရားမှာ ပြီးမြောက်သွားတော့မည်လား။

ခေတ်ကာလတစ်ခုလုံး၏ ဉာဏ်ပညာနှင့် ပိုင်ဆိုင်မှုများကို သိုလှောင်ထားသော ကျီရှန်း ဂူဗိမာန်ကြီးတစ်ခုလုံးက သူ့အတွက် အခြေတည်အဆင့်ရောက်ရန် နည်းလမ်းတစ်ခုမျှပင် မရှာဖွေပေးနိုင်ခဲ့ဘူးဟု ဆိုရမည်လား။

ဝတ်ရုံနက်နှင့်လူသည် မည်သို့မျှ နားလည်၍မရနိုင်အောင် ဖြစ်သွားရသည်။ သူ့ အတွေးများအားလုံးမှာ တောင်ရောက်မြောက်ရောက် ဗြောင်းဆန်ကုန်ကာ ခပ်တိုးတိုး သက်ပြင်းချလေ၏။

"ဒီဖေပဲ။ ငါ့ရင်တောင်နာလာပြီကွ"

အမှောင်ထုထဲမှ ဦးခေါင်းခွံကြီးထံမှ လှောင်ပြောင်ရယ်မောသံတစ်သံ ထွက်ပေါ်လာရာ ဝတ်ရုံနက်နှင့်လူမှာ စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး နှာခေါင်းရှုံ့ကာ လက်ကိုမြှောက်လျက် ရပ်တန့်‌ေး၏။

ထို့နောက် ချက်ချင်းပင် သူသည် ယိုယွင်းနေသော ခန္ဓာကိုယ်ကို အားယူကာ လှုပ်ရှားလိုက်ပြီး မန္တန်တစ်ခုကို ရွတ်ဆိုကာ ထူထပ်သော မြူခိုးများကြားတွင် ပျောက်ကွယ်သွားတော့သည်။

ဝတ်ရုံနက်နှင့်လူကဲ့သို့ပင် ယခုအချိန်တွင် ပိုင်ချူးရန်၏ စိတ်အခြေအနေမှာလည်း လွန်စွာ နာကျင်နေရ၏။

နှစ်ပေါင်းသုံးထောင်တိုင်တိုင် ခါးသီးနာကျင်ခဲ့ရသည့်အရာမှာ ပဉ္စမစမ်းသပ်မှုတစ်ခု၏ လှောင်ပြောင်ခြင်းကိုပင် ထပ်မံခံလိုက်ရပြန်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် လျှို့ဝှက်စာအုပ်မှာ ဖျက်ဆီးခံလိုက်ရသောကြောင့် အလိုရှိရာကို မရနိုင်ခြင်း စမ်းသပ်မှုကို အလိုအလျောက် ဖြတ်ကျော်ပြီးသား ဖြစ်သွား၏။

ပိုင်ချူးရန် ရိုက်ချိုးလိုက်သဖြင့် စင်မြင့်မှယ မြေပြန့်အဖြစ် ပြောင်းလဲသွားသော လွင့်မျောနေသည့် ကျွန်းဘေးတွင် ညကောင်းကင်ယံ၏ နက်ရှိုင်းသောနေရာသို့ ဆက်သွယ်ထားသည့် တံတားတစ်စင်း ပေါ်လာသည်။

ပိုင်ချူးရန်သည် မျက်နှာသေကြီးဖြင့် တံတားပေါ်သို့ တက်လိုက်သည်။ သူ ခြေနှစ်လှမ်းခန့် အလှမ်းတွင် တစ်စုံတစ်ခုကို တွေးမိသွားပြီး ခေါင်းလှည့်ကာ လွင့်မျောနေသော ကျွန်းမြေပြန့်ကို အားကုန် ကန်ချသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ညကောင်းကင်ယံတွင် လွင့်မျောနေသော ကုန်း‌မြေကြီးသည် လွှတ်တင်လိုက်သော ဒုံးပျံတစ်စင်းကဲ့သို့ လွင့်ထွက်သွားကာ ညကောင်းကင်ယံ၏ နက်ရှိုင်းသော အမှောင်ထုထဲသို့ နစ်မြုပ်သွားတော့၏။ မည်မျှအထိ ဝေးကွာသွားသည်ကိုကား မသိရပေ။

အချိန်အနည်းငယ်ကြာ ဒေါသထွက်ပြီးနောက် ပိုင်ချူးရန်၏ စိတ်အခြေအနေမှာ ပြန်လည်တည်ငြိမ်သွား၏။ သူသည် တံတားပေါ်မှ မြူခိုးများထဲသို့ ဝံ့ကြွားစွာ လျှောက်သွားကာ ဟင်းလင်းပြင်ထဲမှ ထွက်ခွာသွားတော့သည်။

ချောက်ကမ်းပါးဆီသို့ ပြန်ရောက်သောအခါ ပိုင်ချူးရန်သည် တောင်ခြေနားသို့ ပြနါရောက်ရှိနေပြီဖြစ်ကြောင်း သတိပြုမိသည်။

သူ့ရှေ့တွင် ကျန်ရှိနေသည်မှာ ပါးလွှာသော တိမ်တိုက်နှင့် မြူခိုးများသာဖြစ်သည်။ ဤတိမ်တိုက်နှင့် မြူခိုးများကြားမှတစ်ဆင့် ပိုင်ချူးရန်သည် တိမ်တိုက်နှင့် မြူခိုးများအောက်ရှိ နေရာကိုပင် မြင်တွေ့နိုင်၏။ စိမ်းလန်းသော အပင်များဖြင့် ဖုံးလွှမ်းနေသော မြေပြင်၊ မဏ္ဍပ်များ၊ နန်းတော်များ၊ စံအိမ်များနှင့် ခန်းမဆောင်များမှာ တစ်ခုနှင့်တစ်ခု အစီအရီ တည်ဆောက်ထားလေ၏။

"နောက်တစ်ခု နောက်ဆုံးဆင်းရဲဒုက္ခဖြစ်တဲ့ ခန္ဓာငါးပါး၏ ဆင်းရဲခြင်းဖြစ်လောက်တယ်"

ပိုင်ချူးရန်သည် သူ့ခေါင်းသူ ပွတ်လိုက်မိသည်။

"ဒီဦးနှောက်မရှိတဲ့ ဂူဗိမာန်က ဘယ်လိုမျိုးကို နောက်ဆုံးအဆင့်အဖြစ် လုပ်ထားမှာလဲ။ ဘာလို့ ဒီစမ်းသပ်မှုက အရမ်း ကလေးဆန်တယ်လို့ ခံစားနေရတာပါလိမ့်။"

ပိုင်ချူးရန်သည် စဉ်းစားကြည့်ရုံဖြင့် အကြောင်းပြချက်ကို ရှာမတွေ့နိုင်သောကြောင့် ယခင်က ကြုံတွေ့ခဲ့ရသော ဦးနှောက်မရှိသည့် စမ်းသပ်မှုသုံးခုကို ပြန်ပြောင်းသတိရသွားသည်။ ထို့ကြောင့် သူသည် ကျင့်ကြံသူတစ်ဦးတွင်ရှိသင့်သေည ရဲစွမ်းသတ္တိကိုသာ အားကိုးရန် ဆုံးဖြတ်လိုက်ပြီး မြူခိုးများထဲသို့ မဆိုင်းမတွပင် တည့်မတ်စွာ လျှောက်ဝင်လေ၏။

ဤတစ်ကြိမ် ရောက်ရှိလာသည်မှာ ယခင်ကကဲ့သို့ အခြားသော အတိုင်းအတာတစ်ခုသို့ ရွေ့လျားသွားသည့် ဟင်းလင်းပြင် နေရာရွေ့လျားမှု ခံစားချက်မျိုး မဟုတ်ဘဲ ဤတောင်ပေါ်သို့ ပထမဆုံး ဝင်ရောက်လာစဉ်ကခံစားခဲ့ရသော မြေဆွဲအား ပြောင်းပြန်လှန်သွားသည့် ခံစားချက်မျိုး ဖြစ်သည်။

မြူခိုးများကြားတွင် လမ်းလျှောက်နေစဉ် ပိုင်ချူးရန်သည် တောင်ထွတ်များအောက်ရှိ မြေကြီးမှာ ကောင်းကင်ယံတွင် ရုတ်တရက် တွဲလောင်းဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ထိုမဏ္ဍပ်များနှင့် စံအိမ်များအားလုံးမှာ လွင့်မျောနေသော ကျွန်းများဖြစ်လာကြပြီး မြေပြင်မှာလည်း တိမ်ပင်လယ်ကြီးတစ်ခု ဖြစ်သွားသည်။ တောင်ကြီးသည်လည်း ပြောင်းပြန် တွဲလောင်းဖြစ်နေကာ ကျိုးနယ်မြေဆယ်ခုအလားပင်။

ပိုင်ချူးရန်သည် တိမ်တိုက်များကို ဖြတ်သန်းသွားရင်း မြင့်မားလှသော ကောင်းကင်တံခါး ကြီးတစ်ခုရှေ့သို့ ရောက်ရှိနေကြောင်း သတိပြုမိ၏။ ကောင်းကင်တံခါးကြီး၏ အနောက်ဘက်တွင် ကျောက်စိမ်းဖြူများဖြင့် ထွင်းထုထားသော ရှည်လျားသည့် စင်္ကြံလမ်းတစ်ခုရှိပြီး တိမ်ပင်လယ်အတွင်းရှိ လွင့်မျောနေသော ကျွန်းများဖြင့် ဆက်သွယ်ထားလေ၏။ ထိုသည်မှာ ဒဏ္ဍာရီထဲမှ ကောင်းကင်ဘုံနှင့်ပင် တူနေတော့သည်။

ပိုင်ချူးရန် နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ကောင်းကင်တံခါးကြီးကို မော့ကြည့်လိုက်သည်။ ကောင်းကင်တံခါးကြီး၏ အထက်တွင် တစ်စုံယောက်က ခမ်းနားထည်ဝါသော လက်ရေးဖြင့် စာလုံးလေးလုံးကို ရေးဆွဲထားလေ၏။

[ခန္ဓာငါးပါး၏ ဆင်းရဲခြင်း]

All Chapters