အခန်း (၁၈၂)
Vol. 19 Ch. 182
ကျောက်ဖုန်းက စစ်ရထားပေါ်တွင် ရပ်လျက် ကောင်းကင်မှ နေမင်းကို ခေါင်းမော့ကြည့်လိုက်သည်။ နွေရာသီသို့ ရောက်လာပြီဖြစ်သောကြောင့် နေ၏ အပူချိန်မှာ ပိုမိုပြင်းထန်နေခဲ့သည်။ နေက ကောင်းကင်အလယ်သို့ ရောက်လာပြီး မွန်းလွဲအချိန်သို့ ရောက်လာခဲ့ပြီဖြစ်သည်။
ကျောက်ဖုန်းက လုံချွမ်ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်ပြီး စစ်ရထားပေါ်မှ ဆင်းကာ ရှေ့တန်းတပ်ဖွဲ့ဆီသို့ လျှောက်လာခဲ့သည်။
" ချင်စစ်သည်တို့..." ကျောက်ဖုန်းက လုံချွမ်ဓားကို မြှောက်ပြီး ဟိန်းဟောက်လိုက်သည်။
" ဟေ့ ဟေ့ ဟေ့...." စစ်သည်တစ်သိန်းက ပြန်လည်ဟိန်းဟောက်လိုက်ကြသည်။
သူတို့ထဲတွင် ကျောက်ဖုန်းနောက်သို့ တိုက်ပွဲပေါင်းများစွာ လိုက်ပါလာခဲ့သော ဝါရင်းစစ်သည်များသာမက နှစ်လပင်မပြည့်သေးသော စစ်သည်သစ်များလည်း ပါဝင်နေသည်။ သို့သော် အချိန်တိုအတွင်း သူတို့က စစ်ပွဲ၏ လွှမ်းမိုးခြင်းကို ခံခဲ့ကြပြီး စစ်မြေပြင်တွ် ကြောက်စရာကောင်းသူများ ဖြစ်နေကြပြီဖြစ်သည်။
ထို့အပြင် ကျောက်ဖုန်း၏ ကံကြမ္မာအရာရှိတံဆိပ်က အားဖြည့်ထားသဖြင့် သူ၏ စစ်သည်များက တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
" ငါ့လက်အောက်က ဝါရင့်စစ်သည်တွေ သိထားကြတဲ့အတိုင်း စစ်ပွဲဖြစ်ပြီဆိုရင် ငါက အမြဲတမ်း ရှေ့ဆုံးက ဦးဆောင်မယ်။ ဒီတိုက်ပွဲကလည်း ခြွင်းချက်မရှိဘူး။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ငါ့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က ကြီးကြပ်ရေးတပ်ဖွဲ့အဖြစ် စစ်တပ်တစ်ခုလုံးကို ကြီးကြပ်မယ်။ ဘယ်သူမဆို နောက်တစ်လှမ်းဆုတ်ရင် ကွပ်မျက်ခံရမယ်။ ကျန်တဲ့စစ်သည်တွေ ငါ့နောက်လိုက်ခဲ့ကြ။ "
"သတ်ကြ..." ကျောက်ဖုန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ လက်တစ်ဖက်တွင် ဒိုင်း၊ နောက်လက်တစ်ဖက်တွင် လုံချွမ်ဓားကို ကိုင်ကာ သူက ဝူအန်းမြို့ဆီသို့ ပြေးဝင်သွားခဲ့သည်။
" စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ..."တုဆွေက ဟိန်းဟောက်လိုက်ပြီး အခြားစစ်သည်များကလည်း လိုက်လံအော်ဟစ်လိုက်ကြသည်။
ကျောက်ဖုန်း၏ နောက်မှ ရှေ့ပြေးတပ်ဖွဲ့က ထိုးစစ်ဆင်လာကြသည်။ လေးသည်တော်များ၏ ပစ်ခတ်ကာကွယ်မှုအောက်တွင် ကျောက်ဖုန်းက သူ၏ တပ်ဖွဲ့များကို ဦးဆောင်ကာ ရှေ့သို့ တိုးဝင်သွားခဲ့သည်။ သူ၏ နောက်တွင် တုဆွေ ကွပ်ကဲနေသော စစ်သည်ငါးသောင်းပါပြီး ဝေချွမ်၏ ရှေ့ပြေးဒိုင်းတပ်ဖွဲ့များက ရှေ့ဆုံးမှနေ၍ ဝူအန်းမြို့ဆီသို့ လျင်မြန်စွာ ချီတက်နေကြသည်။
" ချင်စစ်တပ်က တိုက်ခိုက်နေပြီ။ " ဝူအန်းမြို့၏ အနောက်တံခါးပေါ်တွင် ကျောက်ချုံးက သူ၏ အမိန့်များကို ချက်ချင်း ထုတ်ပြန်လိုက်သည်။
" လေးသည်တော်တွေ ပစ်ကြ။ ကျောက်တုံးတွေ လိမ့်ချကြ။ "
ဝူအန်းမြို့၏ သွေးချောင်းစီး မြို့သိမ်းတိုက်ပွဲက စတင်ပြီဖြစ်သည်။ ထိုးစစ်ကို ဦးဆောင်နေသည်မှာ ကျောက်ဖုန်းတစ်ယောက်တည်းမဟုတ်ပေ။ အခြားမြို့တံခါးနှစ်ခုတွင်လည်း ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့ကလည်း တိုးခိုက်ရန် အမိန့်ပေးထားပြီဖြစ်ပြီး သူတို့၏ စစ်သည်များက မြို့ဆီသို့ စနစ်တကျ ချီတက်နေကြသည်။
သို့သော် အဓိက ကွဲပြားချက်တစ်ခုတော့ ရှိနေသည်။ ကျောက်ဖုန်းက ထိုးစစ်ကို ကိုယ်တိုင်ဦးဆောင်နေပြီး ယန်တွမ်ဟီနှင့် ဝမ်ပင်းတို့က နောက်တန်းမှနေ၍ ကွပ်ကဲနေခြင်းဖြစ်သည်။ စစ်သူကြီးတစ်ယောက်၏ စွမ်းရည်က တစ်ယောက်တည်း ရဲစွမ်းသတ္တိထက် တပ်ဖွဲ့များအား ကွပ်ကဲခြင်းအပေါ်တွင် မူတည်နေသည်။
အကယ်၍ စစ်သူကြီးတစ်ယောက်က ရှေ့ဆုံးမှ ဦးဆောင်နေရင်း တိုက်ပွဲတွင် ကျဆုံးသွားလျှင် စစ်တပ်တစ်ခုလုံး ပြိုကွဲသွားပေလိမ့်မည်။ ထိုအချက်ကြောင့်ပင် ကျောက်ဖုန်းက သူတို့နှင့် ကွဲပြားနေခြင်းဖြစ်သည်။ အကြောင်းမှာ သူက အကြွင်းမဲ့ ခွန်အားကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။
သူက ရန်သူများကို သတ်ဖြတ်ရန် တိုက်ပွဲအလယ်သို့ တိုးဝင်ရမည်ကို လုံးဝ မကြောက်ရွံ့ပေ။ စစ်မြေပြင်က သူ၏ စွမ်းဆောင်မှုများ ရယူသော နေရာဖြစ်ပြီး ပို၍ အရေးကြီးသည်မှာ သူ ပိုမိုသန်မာလာစေရန် စွမ်းရည်များ စုဆောင်းရမည့် အဓိကအရင်းအမြစ် ဖြစ်နေသောကြောင့်ဖြစ်သည်။
" ဒီတိုက်ပွဲမှာ ဖန်ရွှမ်ရဲ့ ခံစစ်ကြောင့် ငါ့ရဲ့ စစ်တပ်က အကျအဆုံး တစ်သိန်းနီးပါးလောက် ရှိနိုင်တယ်။ ဒါပေမယ့် ကျောက်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းနိုင်ရင် ဒါက တန်ပါတယ်။ " ဝမ်ကျန့်က နောက်တန်းတွင် သူ၏ စစ်တပ်ကြီး ထိုးစစ်ဆင်နေသည်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
သူက သူ၏ စစ်သည်များအပေါ် ယုံကြည်မှုရှိပြီး မြို့ကျဆုံးမည်မှာလည်း သေချာသည်ဟု ယူဆထားသည်။ သို့သော် အကျအဆုံးက များပေလိမ့်မည်။ နယ်မြေတစ်ခုလုံးကို စုစည်းရန်အတွက် ချင်နိုင်ငံအနေဖြင့် မည်သည့်ဆုံးရှုံးမှုကိုမဆို လက်ခံနိုင်စွမ်းရှိသည်။
ကျောက်ချုံး၏ အမိန့်အရ မြို့ရိုးပေါ်မှ မြားမိုးများ ရွာကျလာသည်။ ကျောက်ဖုန်းက လက်တစ်ဖက်တွင် ဒိုင်း၊ နောက်လက်တစ်ဖက်တွင် လုံချွမ်ဓားကို ကိုင်ဆောင်လျက် စစ်တပ်ကို ဦးဆောင်နေသည်။ မည်သည့်မြားမှ သူ၏ ဆယ်ပေပတ်လည်အတွင်းသို့ မချဉ်းကပ်နိုင်ပေ။
သူ၏ လက်ရှိစွမ်းအားအရ သူ၏ အစစ်အမှန်ချီစွမ်းအား မကုန်ခမ်းသရွေ့ ထိုမြားများက သူ့အတွက် ခြိမ်းခြောက်မှုမရှိပေ။ ဓားတစ်ချက်ဝှေ့ရမ်းလိုက်ရုံဖြင့် မြားများကို ပိုင်းဖြတ်ပစ်လိုက်သည်။
ကျောက်စစ််တပ်က မြားများကို ဆက်တိုက်ပစ်ခတ်နေပြီး ချင်စစ်သည်များက လဲကျသေဆုံးနေကြသော်လည်း ကျန်ရှိသော စစ်သည်များက မြို့ရိုးဆီသို့ မနားတမ်း ထိုးစစ်ဆင်နေကြသည်။ အကြောင်းမှာ သူတို့၏ စစ်သူကြီးဖြစ်သော ကျောက်ဖုန်းက ရှေ့ဆုံးတွင် ဦးဆောင်နေသောကြောင့် ဖြစ်သည်။ စစ်သည်တိုင်းအတွက် ၎င်းက အကြီးမားဆုံး စိတ်ဓာတ်တက်ကြွမှုပင်ဖြစ်သည်။
စစ်သူကြီးက သေမည်ကို မကြောက်သည့်အခါ သူ၏ စစ်သည်များကလည်း အသက်ရှင်လွတ်မြောက်ရန် မကြိုးစားတော့ပေ။ ၎င်းက တိုက်ပွဲပေါင်းများစွာကို အောင်နိုင်သော စစ်တပ်မျိုးဖြစ်သည်။ ထို့အပြင် ကံကြမ္မာအရာရှိတံဆိပ်ကလည်း သူတို့၏ စိတ်ဓာတ်နှင့် တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆတိုးမြှင့်ပေးနေသည်။
စစ်သည်တိုင်းက ကြောက်ရွံ့မှုမရှိကြပေ။ မြားများထိမှန်သည့်တိုင်အောင် သူတို့က မတုန်မလှုပ်ဘဲ သူတို့၏ ရှေ့မှ မြို့ကို ထိုးဖောက်မည်ဟူသော စိတ်တစ်ခုတည်းဖြင့် ရှေ့သို့ ချီတက်နေကြသည်။ သူတို့က မြို့ရိုးမှ အဆက်မပြတ် ကျဆင်းနေသော မြားမိုးများနှင့် ကျောက်တုံးများကို ဂရုမစိုက်ကြပေ။
ကျောက်ဖုန်းကလည်း စစ်တပ်ကို ဦးဆောင်ပြီး မြို့တံခါးဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားသည်။ မြို့နှင့် ပိုမိုနီးကပ်လေ အထက်မှ သတ်ဖြတ်လိုသော အရှိန်အဝါများက ပို၍ ပြင်းထန်လာလေဖြစ်သည်။ သို့သော် ခဏအတွင်း ကျောက်ဖုန်းက မြို့တံခါးဆီသို့ ရောက်သွားခဲ့သည်။ သူက သူ၏ ရှေ့မှ ခိုင်ခံ့သော တံခါးကို တည်ငြိမ်စွာ ကြည့်နေသည်။
" ဓား.... ငါ့အတွက် ပျက်စီးစမ်း..." ကျောက်ဖုန်းက စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။ သူ၏ ဒန်တျန်ထဲမှ ချီစွမ်းအားများက လုံချွမ်ဓားထဲသို့ စီးဝင်သွားခဲ့သည်။ ပြင်းထန်သော ဓားချီက ဓားသွားထက်တွင် ထွက်ပေါ်လာပြီး အောက်သို့ ခုတ်ပိုင်းလိုက်သည်။ ဓားချီများက မြို့တံခါးကို တိုက်ရိုက်ထိမှန်သွားသည်။
ဝုန်း....
မြို့တံခါးက ချက်ချင်း ပွင့်ထွက်သွားသည်။ အတွင်းမှ ကျောက်စစ်သည်များက တုန့်ပြန်ရန် အချိန်မရလိုက်ဘဲ ဓားချီလှိုင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ကျောက်စစ်သည်အများအပြားက သတ်ဖြတ်ခံလိုက်ရပြီး သွေးအိုင်ထဲတွင် လဲကျသွားကြသည်။
" ကျောက်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၁မှတ် ရရှိပါတယ်။ "
" ကျောက်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး အမြန်နှုန်း ၁မှတ် ရရှိပါတယ်။ "
" ကျောက်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး သက်တမ်း ၁ရက် ရရှိပါတယ်။ "
ကျောက်ဖုန်းက စွမ်းရည်များကို ချက်ချင်း ရရှိလိုက်သည်။
" သတ်ကြ...." ကျောက်ဖုန်းက ဟိန်းအောက်လိုက်သည်။ သူက ဓားနှင့် ဒိုင်းကိုကိုင်ကာ ပျက်စီးသွားသော တံခါးပေါ်မှ မြို့ထဲသို့ ဝင်ရောက်သွားသည်။
အတွင်းသို့ ရောက်သွားပြီး ကျောက်စစ်တပ်၏ ဝန်းရံခြင်းကို ခံလိုက်ရသည်နှင့် သူကိုသူ ထိန်းချုပ်ခြင်း မရှိတော့ပေ။ သူ၏ ချီစွမ်းအားများက ပေါက်ကွဲထွက်လာပြီး ဓားချီများကို ထုတ်လွှတ်လိုက်သည်။ ဓားတစ်ချက်ခုတ်လိုက်တိုင်း ကျောက်စစ်သည်ဆယ်ယောက်နီးပါး၏ အသက်ကို နှုတ်ယူသွားသည်။ သူက စွမ်းရည်များစွာကိုလည်း စုဆောင်းရရှိခဲ့သည်။
ကျောက်ဖုန်း၏ တိုက်ခိုက်ရေးစွမ်းအားကို မြင်သောအခါ ကျောက်စစ်သည်များစွာက အလွန်ကြောက်လန့်သွားကြသည်။
" မိစ္ဆာ သူက မိစ္ဆာပဲ..."
" သူက သူ့ရဲ့ ဓားနဲ့ အဝေးက လူတွေကို သတ်နေတာပဲ။ "
" ဒါက လူသားခွန်အားမဟုတ်ဘူး။ သူက မိစ္ဆာနတ်ဆိုးပဲ။ "
" သူက လူမဟုတ်ဘူး။ "
ကျောက်စစ်သည်များက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သို့သော် သူတို့ ကြောက်လန့်နေစဉ်မှာပင် ဓားချီများက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားပြီး သူတို့၏ အသက်များ နှုတ်ယူခြင်း ခံလိုက်ရသည်။
သိုင်းပညာ၊ အစစ်အမှန်ချီ။ ၎င်းမှာ ငျောက်ဖုန်း၏ လူယုံများသာ သိရှိသော အကြီးမားဆုံး လျို့ဝှက်ချက်ဖြစ်သည်။ ကျောက်ဖုန်းတွေ့ဖူးသမျှ လူများထဲတွင် သူနှင့် သူ့လူများသာ သိုင်းပညာကို သိကြသည်။ သူ၏ စွမ်းအားကို မြင်တွေ့ခဲ့ရသော ပြင်ပလူများက ကံကြမ္မာတစ်ခုတည်းနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ၎င်းက သေခြင်းတရားပင်ဖြစ်သည်။ ထို့ကြောင့်လည်း သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
" စစ်သူကြီးက မြို့တံခါးကို ထိုးဖောက်သွားပြီ။ "
" သတ်ကြ..."
ကျောက်ဖုန်းက မြို့တံခါးကို ထိုးဖောက်သွားသည်ကို ကြည့်ပြီး တုဆွေက အနည်းငယ်မျှပင် အံ့အားသင့်ခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ ၎င်းက သူ့သခင်၏ စွမ်းအားပင် ဖြစ်သည်။
ကောင်းကင်အောက်တွင် ခိုင်ခံ့သော မြို့တံခါးတစ်ခုကို တစ်ယောက်တည်း ထိုးဖောက်နိုင်သော စွမ်းအားကို သူ၏ သခင်တွင်သာ ရှိသည်။ တုဆွေက ထိုးစစ်ဆင်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူကိုယ်တိုင် တပ်ဖွဲ့များကို ဦးဆောင်ပြီး မြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ စစ်တပ်က မြို့တံခါးမှ ဝင်ရောက်လာသည်နှင့်အမျှ သတ်ဖြတ်ပွဲကြီးက စတင်လေတော့သည်။