← Chapters

အခန်း (၁၈၃)

Vol. 19 Ch. 183

အခန်း (၁၈၃)

Vol. 19 Ch. 183

" စစ်သူကြီးကို သတင်းပို့ပါတယ်။ ချင်စစ်တပ်က မြို့တံခါးကို ထိုးဖောက်ပြီး မြို့ထဲကို တိုက်ခိုက်ဝင်ရောက်နေပါပြီ။ " ကျောက်တပ်မှူးတစ်ယောက်က မြို့အတွင်းရှိ ကျောက်ချုံးကို အစီရင်ခံလိုက်သည်။

" ဘာ..." ကျောက်ချုံးက မယုံကြည်နိုင်ဖြစ်နေကြသည်။

" ဒါမဖြစ်နိုင်ဘူး။ ချင်စစ်တပ်က ဘယ်လောက်ပဲ ကြောက်စရာကောင်းကောင်း ဒီလောက်လွယ်လွယ်နဲ့ မြို့တံခါးကို မထိုးဖောက်နိုင်ဘူး။ "

သူ၏ တုန့်ပြန်မှုက ကုန်းစွန်းရှင်း၏ တုန့်ပြန်မှုနှင့် အတူတူပင် ဖြစ်ပြီး မယုံကြည်နိုင် ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ မြို့သိမ်းတိုက်ပွဲတွင် မြို့ကို ခုခံသူများက အသားစီးရလေသည်။ လူအင်အားသုံးပြီး တိုက်ခိုက်လျှင်တောင် မြို့တံခါးက ထိုမျှ အလွယ်တကူ ကျိုးပျက်နိုင်မည်မဟုတ်ပေ။

" စစ်သူကြီး အဲ့ဒါတကယ်ပါ။ " တပ်မှူးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ " ချင်စစ်တပ်က အခု မြို့တံခါးမှာ ကျွန်တော်တို့ စစ်သည်တွေကို တိုက်ခိုက်နေပြီ။ သူတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်။ စစ်သူကြီး ဆုံးဖြတ်ချက်တစ်ခုချပါဦး။ "

" ငါ စစ်သေနာပတိချုပ် ဖန်ရွှမ်ကို စိတ်ပျက်အောင် လုပ်မိပြီ။ အရှင်မင်းကြီးကိုလည်း စိတ်ပျက်အောင် လုပ်မိပြီ။ " ကျောက်ချုံးက ရှက်ရွံ့စွာ ရေရွတ်လိုက်သည်။

" ချင်စစ်တပ်က တံခါးသုံးပေါက်ကို တိုက်ခိုက်ခဲ့ပမယ့် ငါခုခံနေတဲ့ အနောက်တံခါးက အရင်ဆုံး ကျရှုံးလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ "

" စစ်သူကြီး ချင်စစ်တပ်က တံခါးကို အခုမှ ထိုးဖောက်ရုံပဲ ရှိပါသေးတယ်။ ဘာမှဆုံးဖြတ်လို့မရသေးပါဘူး။ စိတ်မပျက်ပါနဲ့ဦး။ " လက်ထောက်စစ်သူကြီးက အကြံပေးလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ချုံးက သူ၏ စိတ်ကို ပြန်လည်စုစည်းလိုက်သည်။ " မှန်တယ်။ မြို့တံခါးက အခုမှ ထိုးဖောက်ခံရရုံပဲရှိသေးတယ်။ ဘာမှဆုံးဖြတ်လို့မရသေးဘူး။ "

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ တပ်ဖွဲ့တွေက အလှည့်ကျ တိုက်ပွဲကို တိုက်ခိုက်ရမယ်။ တစ်ဖွဲ့ကျရင် နောက်တစ်ဖွဲ့က နေရာဝင်ယူရမယ်။ နောက်ဆုံးတပ်ဖွဲ့ကို ငါကိုယ်တိုင် ဦးဆောင်မယ်။ သွားကြတော့။ " ကျောက်ချုံးက အေးစက်စွာ အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " တပ်မှူးက ချက်ချင်း ပြန်ဖြေပြီး ထွက်ခွာသွားသည်။

" ချင်စစ်တပ်..." ကျောက်ချုံးက အေးစက်စွာ ရေရွတ်လိုက်သည်။ " ငါ ဒီမြို့ကို အရှုံးမပေးဘူး။ "

တစ်ချိန်တည်းတွင် ကျောက်ဖုန်းက စစ်မြေပြင်ကို ဖြတ်ကျော်ပြီး လမ်းကြောင်းတစ်ခု ဖောက်လိုက်သည်။ သူ၏ ဒိုင်းနှင့် ဓားတို့က သွေးနီရောင်စွန်းထင်နေပြီး သူ၏ တစ်ကိုယ်လုံးကလည်း သွေးများဖြင့် စိုရွှဲနေသည်။

သူ၏ နောက်တွင် တုဆွေက စစ်သည်များကို ဦးဆောင်လာပြီး သူတို့၏ စနစ်ကျသော တိုက်ခိုက်မှုများက သူတို့၏ လက်ကြောင်းရှိ အရာအားလုံးကို ခုတ်ပိုင်းပစ်နေသည်။ ကျောက်စစ်တပ်၏ ခိုင်မာသော ခံစစ်က ကျောက်ဖုန်း၏ ရက်စက်သော ထိုးဖောက်မှုအောက်တွင် ဖျက်ဆီးခံလိုက်ရသည်။

မြို့တံခါးပေါက်က ပိုမိုကျယ်လာသည်နှင့်အမျှ ချင်စစ်သည်များက မြို့အတွင်းသို့ ပိုမိုဝင်ရောက်လာကြပြီး သွေးချောင်းစီးတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။

" စစ်သေနာပတိချုပ် မြို့ကို အရင်ဆုံးထိုးဖောက်တဲ့ စွမ်းဆောင်မှုကို စစ်သူကြီးကျောက်ဖုန်းက ရရှိသွားပါပြီ။ " ကိုယ်ရံတော်တပ်မှူးက ဝမ်ကျန့်ကို အစီရင်ခံလိုက်သည်။

" အနောက်တံခါးကို စစ်သူကြီးကျောက်ဖုန်းနဲ့ သူ့ရဲ့စစ်သည်တွေက ထိုးဖောက်နိုင်ခဲ့ပါပြီ။ သူတို့အခုမြို့ထဲဝင်သွားပြီး ကျောက်စစ်တပ်နဲ့ သွေးချောင်းစီးတိုက်ပွဲ ဖြစ်နေပါပြီ။ "

" ဘာ..." ဝမ်ကျန့်က ထိတ်လန့်သွားသည်။ ထိုသို့ဖြစ်လာမည်ဟု သူလုံးဝမမျှော်လင့်ထားသည်မှာ ထင်ရှားသည်။ " တံခါးက ဒီလောက်မြန်မြန်ကျိုးပျက်သွားတာလား။ "

" ဟုတ်ပါတယ်။ စစ်သူကြီးကျောက်ဖုန်းက မြို့ထဲကို အရင်ဆုံး ထိုးဖောက်ဝင်ရောက်သွားတာပါ။ အခုဆိုရင် သူက မြို့တံခါးမျှော်စင်ကို လုံးဝနီးပါး သိမ်းပိုက်ပြီးသွားပါပြီ။ " ကိုယ်ရံတော်တပ်မှူးက ဝမ်းသာအားရ အစီရင်ခံလိုက်သည်။

"သူက ရှေ့ကနေ ထပ်ပြီး တိုးဝင်သွားပြန်ပြီလား။ " ဝမ်ကျန့်က မျက်မှောင်ကြုတ်သွားသည်။

" ဟုတ်ကဲ့ပါ။ " ကိုယ်ရံတော်တပ်မှူးက ခေါင်းညိမ့်လိုက်သည်။

" ဒီကောင်လေး မမှတ်ထားဘူးပဲ။ " ဝမ်ကျန့်က ပြောလိုက်သည်။ " စစ်သူကြီးတစ်ယောက်က သာမန်စစ်သည်တစ်ယောက်လို မဆင်မခြင် ရဲစွမ်းသတ္တိပြတာမျိုး မလုပ်ရဘူးလို့ ငါ သူ့ကို အရင်က ပြောဖူးပါတယ်။ စစ်သူကြီးတစ်ယောက်က သူ့ရဲ့ စစ်တပ်တစ်ခုလုံးအတွက် တာဝန်ရှိတယ်။ သူက ဘာလို့နားမထောင်တာလဲ။ "

ဝမ်ကျန့်က ကျောက်ဖုန်း၏ စွမ်းဆောင်မှုများကို ကြားဖူးသည်မှာ ကြာပြီဖြစ်သည်။ အဓိကတိုက်ပွဲတိုင်းတွင် ကျောက်ဖုန်းက ရှေ့ဆုံးမှ ဦးဆောင်လေ့ရှိပြီး ရှေ့ပြေးတပ်ဖွဲ့၏ ရှေ့တွင် တိုက်ခိုက်လေ့ရှိသည်။ ဝမ်ကျန့်က သူ့ကို စစ်သူကြီးဖြစ်ကြောင်း သတိပေးပြီး ထိုသို့မလုပ်ရန် တားမြစ်ခဲ့သည်။

ကျောက်ဖုန်းက အမြဲတမ်း လက်ခံခဲ့သော်လည်း သူ၏ ပုံစံကို ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။ ထိုအချက်ကြောင့် ဝမ်ကျန့်က ကူကယ်ရာမဲ့နေပြီး သေချာသည်မှာ စိုးရိမ်နေခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျောက်ဖုန်းက သူ၏ စစ်သူကြီးတစ်ယောက် ဖြစ်ရုံသာမက သူ၏ သမက်လည်း ဖြစ်သကဲ့သို့ သူ့မြေးလေးနှစ်ယောက်၏ ဖခင်လည်း ဖြစ်သည်။

" စစ်သေနာပတိချုပ် စစ်သူကြီးကျောက်က ငယ်သေးတာပဲ။ သူ ရှေ့တန်းမှာ တိုက်ခိုက်ချင်တာ သဘာဝပါပဲ။ " ကိုယ်ရံတော်တပ်မှူးက ပြုံး၍ ပြောလိုက်သည်။ " ဒါ့အပြင် စစ်သူကြီးရဲ့ ရဲစွမ်းသတ္တိက စစ်တပ်တစ်ခုလုံးမှာ နာမည်ကြီးပါတယ်။ သူဘာလုပ်နေလဲဆိုတာ သူသိလိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ "

" တော်တော့..." ဝမ်ကျန့်က ဒေါသတကြီး ပြောလိုက်သည်။ " သူက ရဲရင့်တာဟုတ်တယ်။ ဒါပေမယ့် စစ်မြေပြင်က ရှုပ်ထွေးတယ်။ လူတစ်ယောက်ရဲ့ ရဲစွမ်းသတ္တိက စစ်သည်သောင်းချီကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ ဒီတိုက်ပွဲပြီးရင် ငါသူ့ကို သေချာဆုံးမရမယ်။ "

ကိုယ်ရံတော်တပ်မှူးက ပြုံးသာနေပြီး ဘာမှမပြောရဲတော့ပေ။

" ဝမ်ပင်းနဲ့ ယန်တွမ်ဟီကို သွားပြောလိုက်။ " ဝမ်ကျန့်က လေးနက်စွာ အမိန့်ပေးလိုက်သည်။ " ကျောက်ဖုန်းက တံခါးကို ထိုးဖောက်ပြီးသွားပြီ။ သူတို့ကိုလည်း ပိုပြီး အားထုတ်ခိုင်းလိုက်။ "

" ဟုတ်ကဲ့ပါ စစ်သေနာပတိချုပ်။ " ကိုယ်ရံတော်တပ်မှူးက ချက်ချင်း ထွက်ခွာသွားသည်။

ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့ တိုက်ခိုက်နေသော မြို့တံခါးများမှ အခြေအနေက များစွာ ပိုမိုခက်ခဲနေသည်။ ချင်လေးသည်တော်များက ပစ်ခတ်ဖိနှိပ်ထားသော်လည်း ကျောက်စစ်တပ်၏ ခုခံမှုက အလွန်တင်းကျပ်နေသည်။

ချင်စစ်တပ်က မရပ်မနား တိုက်ခိုက်နေသည်။ စစ်သည်များက လှေကားများမှ တက်နေကြသည့်အပြင် မြို့သိမ်းတူကြီးများကလည်း မြို့တံခါးကို ထုရိုက်နေသည်။

သို့သော် မြို့ရိုးပေါ်မှ ကျောက်စစ်သည်များက ခိုင်မာစွာ ခုခံနေကြသည်။ စစ်သည်များက မြားထိမှန်ပြီး လှေကားများပေါ်မှ မကြာခဏ ပြုတ်ကျနေကြသည်။ ၎င်းက မြို့သိမ်းတိုက်ပွဲ၏ စစ်မှန်သော သဘာဝပင်ဖြစ်သည်။ ၎င်းက ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်သည်။

ရှန်းယန်မြို့တော်။

ကျန်းထိုင်နန်းဆောင်အတွင်းရှိ နောက်ခန်းမတွင် ရင်ကျန့်က မြေပုံတစ်ခုရှေ့၌ ရပ်နေသည်။ သူက ဝူအန်းမြို့၏ တည်နေရာကို လေးနက်စွာ စိုက်ကြည့်နေသည်။

" စစ်ကူပေးဖို့ ပြန်လာတဲ့ ဖန်ရွှမ်ရဲ့ အရှိန်က ငါခန့်မှန်းထားတာထက် ပိုမြန်နေတာပဲ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" အရှင်မင်းကြီး ပင်ပန်းနေတဲ့ စစ်သည်တွေက စိုးရိမ်စရာမရှိပါဘူး။ "ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။ " ဝူအန်းမြို့ကလည်း အဓိကခံတပ်မြို့တစ်ခုမဟုတ်ပါဘူး။ စစ်သေနာပတိချုပ်က ဒါကို သေချာပေါက် ထိုးဖောက်နိုင်မှာပါ။ ဒီတိုက်ပွဲကို နိုင်ပြီး ဖန်ရွှမ်ကို ချေမှုန်းပြီးတာနဲ့ ကျွန်တော်မျိုးတို့ စစ်တပ်တွေက ဟန်တန်မြို့တော်ကို တိုက်ရိုက်ချီတက်နိုင်ပါပြီ။ "

" ဝူအန်းမြို့မှာ ကျောက်စစ်သည်သုံးသိန်း တပ်စွဲထားတယ်။ " ရင်ကျန့်က ပြောလိုက်သည်။ " ဒါက ကျောက်နိုင်ငံအတွက် နောက်ဆုံးတိုက်ပွဲ ဖြစ်လိမ့်မယ်။ ငါတို့က ဝူအန်းမြို့ ကျဆုံးသွားတာကို စောင့်နေရုံပဲ။ ကျောက်ယန်က မြောက်ဘက်တိုက်နယ်မြေကို ထွက်ပြေးလိမ့်မယ်။ ဒါမှမဟုတ် တိုက်နယ်မြေက စစ်တပ်ကို သူဆီလာကူဖို့ အတင်းအကျပ် အမိန့်ပေးလိမ့်မယ်။ "

" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။ " ဒါပေမယ့် ကျောက်နိုင်ငံအတွက် ပိုကောင်းတဲ့ အခြေအနေက တိုက်နယ်မြေက စစ်တပ်ကို ပြန်ခေါ်တာပဲ ဖြစ်လိမ့်မယ်။ တိုက်နယ်မြေက အားနည်းသွားရင် ကျွန်တော်မျိုးတို့က အဲ့ဒီနယ်မြေကို သက်သောင့်သက်သာနဲ့ သိမ်းပိုက်နိုင်လိမ့်မယ်။ "

" ငါတို့ရဲ့ သူလျိုဖြစ်တဲ့ ကောခိုင်ရှိနေသရွေ့ ကျောက်ယန်က တိုက်နယ်မြေကို ထွက်ပြေးမှာမဟုတ်ဘူး။ " ရင်ကျန့်က လှောင်ပြုံးပြုံးလိုက်သည်။

" ကောခိုင်ကို အသက်ရှင်ခွင့်ပေးပြီး သူလျိုအဖြစ် အသုံးပြုခဲ့တဲ့ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်က တကယ်ကို ထက်မြက်ပါတယ်။ လျန်ပိုရဲ့ သေဆုံးမှုမှာ ကောခိုင်က အဓိကအခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်။ ကျင်းယန်မြို့ကို ထိုးဖောက်နိုင်တာ မြို့ခံစစ်ခင်းကျင်းပုံ၊ တပ်ဖြန့်ပုံတွေ အားလုံးက သူပေးတဲ့ သတင်းအချက်အလက်တွေပါပဲ။ " ယွီလျောင်က ပြောလိုက်သည်။

" ကောခိုင်က လောဘကြီးတဲ့ လူနုံလူအတစ်ယောက်ပဲ။ အဲ့ဒါကြောင့်ပဲ သူက အသုံးဝင်တာ။ " ရင်ကျန့်က ကျေနပ်စွာ ပြုံး၍ ပြောလိုက်သည်။ " တကယ်လို့ သူက လူတော်လူကောင်းတစ်ယောက်ဖြစ်နေရင် အသုံးဝင်မှာမဟုတ်ဘူး။ "

" ဖန်ရွှမ် မြန်မြန်ရောက်လာတာက အရှင်မင်းကြီးရဲ့ သံသယကို အတည်ပြုပေးလိုက်တာပဲ။ ယန်နိုင်ငံက ကျောက်နိုင်ငံ အမြစ်ပြတ်သွားမှာကို မမြင်ချင်ဘူး။ ဒါ့ကြောင့် သူတို့က ကျောက်စစ်တပ်ကို လိုက်မတိုက်ထိုက်ဘဲ သူတို့ကို မြန်မြန်ဆုတ်ခွာခွင့်ပေးလိုက်တာပဲ။ ချင်နိုင်ငံသာ မရှိရင် ယန်နိုင်ငံဆိုတာ ရှိလာမှာတောင်မဟုတ်ဘူး။ ဒီလုပ်ရပ်က တကယ်ကို အထင်သေးစရာကောင်းတယ်။ " ယွီလျောင်က ဒေါသသံနှင့် ပြောလိုက်သည်။

" ယန်နိုင်ငံက ဒီလိုပြုမူခဲ့တဲ့အတွက် ဒီကိစ္စကို နောက်မှာ အခွင့်ကောင်းအဖြစ် အသုံးပြုလို့ရတယ်။ ငါယန်ဘုရင်ဆီက ရှင်းပြချက်တောင်းရမယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" ဒီကိစ္စကို ကျောက်ကို သိမ်းပိုက်ပြီးမှ ဆွေးနွေးလို့ရပါတယ်။ ကျောက်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းအချက်အလက်တွေကို ချက်ချင်း ပေးပို့ဖို့ ကျွန်တော်မျိုး ရှောက်ဖူကို ပြောထားပြီးသားပါ။ ရှေ့တန်းမှာ စစ်သေနာပတိချုပ် ဝမ်ကျန့်ရှိနေလို့ စိုးရိမ်စရာမရှိပါဘူး။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။

All Chapters