အခန်း (၁၈၅)
Vol. 19 Ch. 185
" တပ်ဖွဲ့တွေအားလုံး ငါ့အမိန့်ကို နာခံကြ။ " ကျောက်ဖုန်းက ဟိန်းဟောက်လိုက်သည်။ " ထွက်ပြေးနေတဲ့ စစ်တပ်နောက်ကို လိုက်ပြီး သတ်ကြ။ "
ကျောက်ဖုန်းက သူတို့ကို နှိမ်နင်းနိုင်မည့် အခွင့်အရေးကို သဘာဝအတိုင်း လက်လွှတ်ခံမည်မဟုတ်ပေ။ ၎င်းမှာ အခွင့်ကောင်းကို အရယူရမည့်အချိန်ဖြစ်ကြောင်း သူသိထားသည်။
ထွက်ပြေးနေသော စစ်သည်များကို အသုံးချကာ စနစ်တကျရှိနေသော ရန်သူတပ်ဖွဲ့များကို နှောက်ယှက်ပြီး သူတို့၏ ဖွဲ့စည်းပုံများကို ပျက်စီးသွားစေနိုင်သည်။ ကျောက်ဖုန်းက စစ်သည်တစ်သိန်းနီးပါးကို မြို့အတွင်းသို့ ဦးဆောင်ခဲ့ပြီး ထွက်ပြေးနေသော တပ်ဖွဲ့များကို ရူးသွပ်စွာ လိုက်လံသတ်ဖြတ်နေသည်။
တစ်ချိန်းတည်းတွင် အရှေ့ဘက်နှင့် တောင်ဘက်မြို့တံခါးများမှ မြို့သိမ်းတိုက်ပွဲက တုန့်ဆိုင်းနေခဲ့သည်။ ကြည့်ရသည်မှာ ထိုတံခါးများကို ထိုးဖောက်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
" စစ်သေနာပတိချုပ်ကို သတင်းပို့ပါတယ်။ " ကိုယ်ရံတော်တပ်မှူးက ဝမ်ကျန့်ကို အစီရင်ခံလိုက်သည်။ " အရှေ့နဲ့ တောင်ဘက်တံခါးတွေကို အခုထိ မထိုးဖောက်နိုင်သေးပါဘူး။ စစ်သူကြီးနှစ်ယောက်က မြို့သိမ်းတိုက်ပွဲကို ဆက်ပြီး ကွပ်ကဲနေတုန်းပါ။ "
" မြို့ကို ထိုးဖောက်တဲ့ စွမ်းဆောင်မှုက ကျောက်ဖုန်းဆီမှာ ရှိနေတုန်းပဲ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " သူက အနောက်မြို့တံခါးကနေ သူစစ်တပ်ကို ဦးဆောင်ပြီး မြို့ထဲကို ဝင်ရောက်သွားနိုင်သရွေ့ ဖန်ရွှမ်ရဲ့ ခံစစ်စည်းတစ်ခုလုံး ပြိုလဲသွားလိမ့်မယ်။ "
အနောက်ဘက်မြို့အတွင်း၌ ကျောက်ဖုန်းက သူ၏ တပ်ဖွဲ့များကို ဦးဆောင်ကာ ပြင်ပမြို့ကို လုံးဝထိုးဖောက်ပြီးဖြစ်ကာ ကျောက်ချုံးကိုယ်တိုင် ကြီးကြပ်နေသော အတွင်းမြို့၏ ခံစစ်စည်းသို့ ရောက်ရှိလာခဲ့သည်။
" စစ်သူကြီး " ကျောက်တပ်မှူးတစ်ယောက်က အလောတကြီး သတင်းပို့လိုက်သည်။ " ထွက်ပြေးလာတဲ့ စစ်သည်တွေ ပိုများလာပြီ။ ကျွန်တော်တို့ဖွင့်ပေးတဲ့ လမ်းကြောင်းငါးခုက မလုံလောက်တော့ဘူး။ ချင်စစ်တပ်က သူတို့နောက်ကို ကပ်လိုက်ပြီး အဆက်မပြတ် တိုက်ခိုက်နေတယ်။ တကယ်လို့ ကျွန်တော်တို့က ချင်စစ်တပ်ကို သူတို့နောက်ကနေ ဝင်ခွင့်ပေးလိုက်ရင် ကျွန်တော်တို့ စစ်တပ်က ပျက်စီးသွားလိမ့်မယ်။ "
" ဒိုင်းတပ်ဖွဲ့တွေ လမ်းကြောင်းအားလုံးကို ပိတ်လိုက်ကြ။ " ကျောက်ချုံးက ချက်ချင်း အမိန့်ပေးလိုက်သည်။
" လှံတပ်ဖွဲ့တွေ ရှေ့ကိုထွက်။ လေးသည်တော်တွေ နောက်ကနေ ကာကွယ်ပေး။
ယခင်က ဖွင့်ထားသော လမ်းကြောင်းများက စနစ်တကျ ပြန်ပိတ်သွားခဲ့သည်။ ဒိုင်းတပ်ဖွဲ့များက ခိုင်မာသော တံတိုင်းတစ်ခုကို လျင်မြန်စွာ တည်ဆောက်လိုက်ကြသည်။
" ငါတို့ကို အထဲဝင်ခွင့်ပေး။ "
" ငါတို့ကို ဖြတ်သွားခွင့်ပေးပါ။ "
" ချင်စစ်တပ်က ငါတို့နောက်မှာ ကပ်လိုက်လာပြီ။ ငါတို့ကို ပေးဖြတ်ပါ။ "
"စစ်သူကြီး ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဝင်ခွင့်ပေးပါ။ "
ယခုအခါ အတွင်းမြို့ခံစစ်စည်းတစ်ခုလုံးကို ဒိုင်းများဖြင့် ပိတ်ဆို့ထားကြသည်။ ထွက်ပြေးလာသော ကျောက်စစ်သည်များက ထိတ်လန့်တကြား အော်ဟစ်နေကြပြီး အချို့က ဒိုင်းများကို တွန်းဖယ်ရန် ကြိုးစားနေကြသည်။
" ထွက်ပြေးလာတဲ့ တပ်ဖွဲ့တွေ အားလုံး နားထောင်ကြ။ ချက်ချင်း နောက်ပြန်လှည့်ပြီး ချင်စစ်တပ်ကို တိုက်ခိုက်ကြ။ နောက်ဆုတ်ဖို့ ကြိုးစားရင် ဒီနေရာမှာတင် ကွပ်မျက်ခံရမယ်။ လှံစစ်သည်တွေ ထိုးကြ။ လေးသည်တော်တွေ အသင့်ပြင်။ " ကျောက်ချုံးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ဒိုင်းများနောက်မှ မရေတွက်နိုင်သော လှံများ ထွက်ပေါ်လာပြီး စုပြုံနေသော ကျောက်စစ်သည်များကို ထိုးဖောက်သွားသည်။ လေးသည်တော်များကလည်း အနီးတွင် အဆင်သင့်ရှိနေကြသဖြင့် သူတို့၏ ရဲဘော်ရဲဘက်များကို ပစ်ခတ်သတ်ဖြတ်လိုက်ကြသည်။
ထိုခြိမ်းခြောက်မှုအောက်တွင် ထွက်ပြေးလာသော တပ်ဖွဲ့များက နောက်သို့ ဆုတ်သွားကြပြီး ခံစစ်စည်းကို မချဉ်းကပ်ဝံ့ကြတော့ပေ။ ကျောက်ချုံး၏ သံမဏိအမိန့်များက သူ၏ စနစ်တကျ ဖွဲ့စည်းထားသော တပ်ဖွဲ့များကို ထွက်ပြေးလားသော စစ်သည်များ၏ ဖျက်ဆီးခြင်းမှ ကာကွယ်နိုင်ခဲ့သည်။
" ငါထပ်ပြောမယ်။ စစ်သည်တွေအားလုံး နောက်ပြန်လှည့်ပြီး ချင်စစ်တပ်ကို ရင်ဆိုင်ကြ။ မဟုတ်ရင် မင်းတို့ကို ကွပ်မျက်ပစ်မယ်။ " ကျောက်ချုံးက ထွက်ပြေးလာသော စစ်သည်များကို ဖိအားပေးလိုက်သည်။
တစ်ချိန်တည်းတွင် နောက်ဘက်မှ အနက်ရောင်ချပ်ဝတ်များနှင့် ချင်စစ်သည်များက အပြင်းအထန် လိုက်လံတိုက်ခိုက်နေခဲ့သည်။
" အနောက်မြို့တံခါးကို ကာကွယ်နေတဲ့ ဒီကျောက်စစ်သူကြီးက စစ်ရှုံးနေတဲ့ အခြေအနေမှာတောင် သူ့တပ်တွေကို ပြန်စုစည်းနိုင်တာ တကယ်အရည်အချင်းရှိတာပဲ။ ဒါဆိုရင်တော့ ငါပိုပြီး စိတ်ဝင်စားသွားပြီ။ "ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။
" တပ်ဖွဲ့တွေအားလုံး တိုက်ကြ။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ကျောက်စစ်တပ်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
" စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ။ " ကျောက်ဖုန်း၏ နောက်မှစစ်သည်များကလည်း ဟိန်းဟောက်ပြီး ရှေ့သို့ တိုးဝင်သွားကြသည်။
" နဂါးနိုင်လက်ဝါး " ကျောက်ဖုန်းက သူ၏ ဘယ်လက်ကို မြှောက်ကာ ချီစွမ်းအားများကို စုစည်းပြီး လက်ဝါးချက်တစ်ခု ထုတ်လွှတ်လိုက်သည်။
နဂါးဟိန်းသံသဲ့သဲ့ ထွက်ပေါ်လာပြီး တိုက်ပွဲဆူညံသံများက ၎င်းကို ဖုံးလွှမ်းသွားခဲ့သည်။ အနီးမှ စစ်သည်များက ထိုအသံကို ကြားလိုက်ရသော်လည်း များများမစဉ်းစားမိကြပေ။
ဝုန်း....
နဂါးပုံရိပ်တစ်ခုက လေထုကို ဖြတ်သန်းသွားပြီး ပေတစ်ရာကျော်အထိ လွှမ်းမိုးသွားသော ပြင်းထန်သည့် လေပြင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းက ထွက်ပြေးနေသော စစ်သည်များကို သွားရောက်ရိုက်ခတ်သွားသည်။
" အား...." အော်ဟစ်သံများက ကောင်းကင်ယံထိ ထိုးဖောက်သွားသည်။ ကျောက်စစ်သည်ဆယ်ယောက်ကျော်က လွင့်ထွက်သွားကြပြီး အချို့မှာ ထိုရိုက်ခတ်မှုကြောင့် ခန္ဓာကိုယ်များပင် အပိုင်းပိုင်း ပြတ်ထွက်သွားသည်။
တုဆွေနှင့် ဝေချွမ်တို့က တစ်ယောက်ကို တစ်ယောက် ထိတ်လန့်သွားကြပြီး နှစ်ယောက်လုံးက ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားကြသည်။
" ငါတို့သခင်ရဲ့ စွမ်းအားက ရှန်ထျန်းအဆင့်ထက် ကျော်လွတ်တဲ့ ဆရာသခင်အဆင့်တောင် ရောက်နေပြီထင်တယ်။ သူက အရမ်းသန်မာလွန်းတယ်။ လက်ဝါးတစ်ချက်တည်းနဲ့ လူဆယ်ယောက်ကျော်ကို သတ်ပစ်နိုင်တယ်။ "
" ဒါက ငါ့ရဲ့ အစစ်အမှန်ချီ ဆယ်ပုံတစ်ပုံတောင်မရှိသေးဘူး။ တကယ်လို့ ငါ့ရဲ့ စွမ်းအားအပြည့်သာ ထုတ်သုံးလိုက်ရင် ငါ့ရှေ့က လူတစ်ရာကျော်လောက် အသတ်ခံရလိမ့်မယ်။ " သူ၏ ရှေ့မှ အစုလိုက်အပြုံလိုက် သေဆုံးမှုများကို ကြည့်ပြီး ကျောက်ဖုန်းက ပြုံးလိုက်သည်။
ထိုသို့သော စွမ်းအားက စစ်မြေပြင်တွင် အရှုံးမရှိပေ။ ကျောက်ဖုန်းက ဆက်လက်မစဉ်းစားတော့ဘဲ သူ၏ ထိုးစစ်ကို ဆက်လက်ဆင်နွှဲလေသည်။ စစ်မြေပြင်က ရန်သူများကို သတ်ဖြတ်ပြီး စွမ်းရည်များကို စုဆောင်းရန် အကောင်းဆုံးနေရာပင်ဖြစ်သည်။
စစ်သူကြီးက ထိုမျှ ကြောက်စရာကောင်းအောင် ရဲစွမ်းသတ္တိရှိနေလျှင် သူ၏ စစ်သည်များအပေါ် သက်ရောက်မှုရှိမည်မှာ သံသယဝင်စရာပင်မလိုပေ။ အချိန်အနည်းငယ်အတွင်း ထွက်ပြေးနေသော ကျောက်စစ်သည်များက ကျောက်ဖုန်းနှင့် သူ၏ စစ်သည်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
" လှေးသည်တော်တွေ ပစ်ကြ။ " ကျောက်ချုံးက ချင်စစ်တပ်ကို ကြည်ရင်း အမိန့်ပေးလိုက်သည်။
ကျောက်စစ်သည်များ ရှိနေဆဲ ဖြစ်သော်လည်း သူက တုန့်ဆိုင်းခြင်းမရှိဘဲ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ဒိုင်းတံတိုင်း၏ နောက်ကွယ်မှ မြားမိုးများက ချင်စစ်တပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြသည်။
" အား...." မြားမိုးများ ကျရောက်လာသည်နှင့် ကျောက်စစ်သည်များနှင့် ချင်စစ်သည်များက ပစ်သတ်ခြင်းခံလိုက်ရသည်။ ၎င်းက ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
" သတ်ကြ။ " ကျောက်ဖုန်းက ရှေ့မှ ဒိုင်းတံတိုင်းများကို မြင်သော်လည်း တုန့်ဆိုင်းခြင်းမရှိပေ။ သူ၏ အစစ်အမှန်ချီများကို လုံချွမ်ဓားတွင် စုစည်းလိုက်သည်။ ဓားသွားက တုန်ခါလာပြီး သူက ဓားကို စက်ဝန်းသဏ္ဍန် ဝှေ့ရမ်းလိုက်သည်။
" ပျက်စီးစမ်း " ဓားချီလှိုင်းတစ်ခုက ချက်ချင်း ပေါက်ကွဲထွက်လာပြီး ပေပေါင်းများစွာ လွှမ်းခြုံသွားသည်။ ဓားချီအောက်တွင် ခိုင်ခံသော တံတိုင်းများက အလွယ်တကူ ကျိုးပျက်သွားခဲ့သည်။
ဝုန်း ဝုန်း ဝုန်း....
ရှေ့ဆုံးမှ ကာရံထားသော ဒိုင်းများက ချက်ချင်း အပိုင်းပိုင်း အစစ ကြေမွသွားခဲ့သည်။
" အား..." ဒိုင်းများကို ကိုင်ဆောင်ထားသော ကျောက်စစ်သည်များက ဓားချီကြောင်း ခန္ဓာကိုယ်များ နှစ်ပိုင်းပြတ်သွားပြီး သူတို့၏ နာကျင်စွာအော်ဟစ်သံများက ခဏအတွင်း တိတ်ဆိတ်သွားခဲ့သည်။
နောက်တန်းတွင် ကျောက်ချုံးက ထိုမြင်ကွင်းကို ကြည့်ပြီး မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများက အဝေးရှိ ပုံရိပ်တစ်ခုကို စိုက်ကြည့်နေသည်။ သူ၏ တပ်ဖွဲ့တစ်ခုလုံးက ခဏအတွင်း ထိုးဖောက်ခံလိုက်ရသည်။