အခန်း (၁၈၆)
Vol. 19 Ch. 186
" ချင်စစ်သည်တို့ သတ်ကြ...." ကျောက်ဖုန်း၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ ပျက်စီးသွားသော လမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက် တိုးဝင်သွားခဲ့သည်။
သူ၏ လက်ထဲမှ လုံချွမ်ဓားက တစ်ချက်ခုတ်လိုက်သည်ဟုထင်ရသော်လည်း အမှန်တကယ်တွင် ဓားချက်ဆယ်ချက်ကျော် ခုတ်ပိုင်းခဲ့ခြင်းဖြစ်သည်။ ဓားသွားတစ်ခုလုံးက နီရဲနေပြီး အသက်ပေါင်းမည်မျှ နှုတ်ယူထားသည်ကို မသိနိုင်ပေ။
" စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ..." ချင်စစ်သည်များက ကျောက်ဖုန်း၏ နောက်မှ လိုက်လာပြီး ဒိုင်းလမ်းကြောင်းမှ ဝင်ရောက်သွားကြသည်။
ထိုထိုးဖောက်မှုကြောင့် ဒိုင်းတပ်တစ်ခုလုံး၏ အခင်းအကျင်းတစ်ခုလုံးက အသုံးမဝင်တော့ပေ။ ချင်စစ်တပ်က အပေါက်မှတစ်ဆင့် အုပ်စုလိုက် ဝင်ရောက်လာပြီး ကျောက်စစ်သည်များနှင့် တိုက်ခိုက်နေသည်ကို ကျောက်ချုံးက မြင်လိုက်ရသည်။ သူက သူ၏ ဓားကို ဆွဲထုတ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
" ကျောက်စစ်သည်တို့ ချင်လူမျိုးတွေက ရက်စက်ကြမ်းကြုတ်တဲ့ ဝံပုလွေတွေပဲ။ သနားညှာတာမှု လုံးဝ မရှိဘူး။ ဝူအန်းမြို့က ငါတို့နိုင်ငံရဲ့ နောက်ဆုံးခံတပ်ပဲ။ တကယ်လို့ ဝူအန်းမြို့ကျဆုံးသွားရင် ကျောက်နိုင်ငံကိုယ်တိုင်လည်း အန္တရာယ်ထဲ ကျရောက်သွားလိမ့်မယ်။ ကျောက်အတွက် ချင်စစ်တပ်ကို အသေခံတိုက်ကြ။ "
" ကျောက်အတွက် သတ်ကြ။ " ကျောက်စစ်တပ်က ဟိန်းဟောက်ပြီး ချင်စစ်တပ်ကို ရင်ဆိုင်လိုက်ကြသည်။ သတ်ဖြတ်ပွဲကြီးက စတင်လေပြီ။
ကျောက်ဖုန်းက ထိုးစစ်ကို ဦးဆောင်နေပြီး သူ၏ ရှေ့မှ စစ်သည်များကို ဘာမရှိသကဲ့သို့ ဖြတ်ကျော်သွားသည်။ အကယ်၍ သုံးပြည်ထောင်ခေတ်က လူတစ်ယောက်တည်းနှင့် လူတစ်သောင်းကို တိုက်ခိုက်နိုင်သည်ဟူသော ဒဏ္ဍာရီများကို ချဲ့ကားပြောဆိုသည်ဟု ယူဆလျှင်တောင် ကျောက်ဖုန်း၏ စွမ်းအားက ထိုသို့သော စွမ်းအားမျိုးဖြစ်သည်မှာ သံသယဝင်စရာပင်မလိုပေ။
သူက လုံချွမ်းဓားကို အသာအယာ ဝှေ့ရမ်းနေပြီး ကျောက်စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် လဲကျနေကြသည်။ သို့သော် ကျောက်ဖုန်း၏ အကြည့်က ကျောက်ချုံးအပေါ်တွင်သာ ရှိနေခဲ့သည်။ ဒိုင်းကိုင်စစ်သည်များ ဝန်ရံထားသော ထိုလူက ဤနေရာမှ ကျောက်စစ်တပ်၏ ပင်မစစ်သူကြီးဖြစ်သည်ကို သူသိလိုက်သည်။
အကယ်၍ သူ့ကိုသာ အပြတ်ရှင်းနိုင်လျှင် ကျန်သော တိုက်ပွဲက ရိုးရှင်းသွားပေလိမ့်မည်။ ထိုရှုံးနိမ့်သွားသော ကျောက်စစ်သည်ရာပေါင်းများစွာက ဖန်ရွှမ် သေချာစီမံထားသော ခံစစ်များကို ထိခိုက်သွားစေပေလိမ့်မည်။ ထိုသို့ဖြင့် မြို့က သူ၏ လက်ထဲသို့ ရောက်လာပေလိမ့်မည်။
" မြန်မြန် သူ့ကို မြားနဲ့ပစ်ကြ။ သူ့ကိုသတ်ကြ။ " စစ်တပ်၏ အလယ်တွင် ရှိနေသော ကျောက်ချုံးက ရူးသွပ်စွာ တိုးဝင်လာနေသော ကျောက်ဖုန်းကို ကြည့်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ကျောက်ဖုန်းက ရှေ့မှ ချီတက်နေပြီး တုဆွေနှင့် စစ်သည်တော်များက နောက်မှ ကပ်လျက် လိုက်ပါလာကြသည်။ သူတို့က ပင်လယ်ထဲသို့ ငုပ်လျှိုးသွားသော နဂါးကြီးတစ်ကောင်ကဲ့သို့ တားဆီးမရဘဲ ချီတက်နေသည်။
ကျောက်ချုံး၏ ဘေးရှိ ဒိုင်းကိုင်စစ်သည်များက လေးသည်တော်များအတွက် လမ်းဖွင့်ပေးလိုက်ကြပြီး လေးသည်တော်များက ကျောက်ဖုန်းကို မြားများဖြင့် ပစ်လွှတ်လိုက်ကြသည်။
" မျှော်လင့်ချက်မဲ့တဲ့ နောက်ဆုံးရုန်းကန်မှုပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး အင်အားအပြည့်ဖြင့် ရှေ့သို့ တိုးဝင်သွားသည်။ ကျရောက်လာသော မြားများက လေထဲသို့ ရိုက်ထုတ်ခြင်း ခံလိုက်ရသည်။
သူက လမ်းပိတ်နေသော ကျောက်စစ်သည်များကို ခုတ်ပိုင်းပြီး ကျောက်ချုံးကို ကာကွယ်ထားသော ဒိုင်းကာများရှေ့သို့ ရောက်ရှိလာသည်။ သူက ဓားကို ခုတ်ပိုင်းလိုက်ရာ တောက်ပသော အလင်းတန်းတစ်ခုက လေထဲတွင် ထွက်ပေါ်လာသည်။
ဝုန်း ဝုန်း....
ကျောက်စစ်သည်ဆယ်ယောက်ကျော်က ခဏအတွင်း လဲကျသွားကြသည်။
" ကျောက်စစ်သူကြီး မင်းရဲ့ အသက်က ငါ့လက်ထဲမှာပဲ။ " ကျောက်ဖုန်းက သတ်ဖြတ်လိုစိတ် ပြင်းထန်နေသော အသူရာနတ်ဆိုးပဲ့သို့ ကျောက်ချုံးကို စိုက်ကြည့်လိုက်သည်။ သူက အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားလိုက်ပြီး ကျောက်ချုံး၏ ရှေ့တွင် ပေါ်လာသည်။
" မင်းကို သတ်မယ့်သူကတော့ ..." ကျောက်ဖုန်းက ဓားကို မြှောက်ပြီး ပြောလိုက်သည်။ " ငါ ကျောက်ဖုန်းပဲ။ "
ကျောက်ချုံးက ခုခံချိန်ပင်မရဘဲ ခေါင်းဖြတ်ခံလိုက်ရသည်။ နောက်ဆုံးတွင် ကျောက်ဖုန်းဆိုသော နာမည်က သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာပြီး နောက်ဆုံးအတွေးအချို့ ပေါ်လာသည်။
" သူ သူက စစ်သေနာပတိချုပ်ကို သတ်ခဲ့တဲ့ စစ်သူကြီးကျောက်ဖုန်းပဲ။ ငါ ငါ တရားမျှတစွာ ရှုံးနိမ့်ခဲ့တာပဲ။ "
" ကျောက်စစ်သူကြီးကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၃၀မှတ် ရရှိပါတယ်။ "
ကျောက်ချုံး၏ ဦးခေါင်းက ပခုံးပေါ်မှ လိမ့်ကျသွားချိန်တွင် ကျောက်ဖုန်းက လက်တစ်ဖက်နှင့် ဖမ်းယူလိုက်သည်။ သူက ကျောက်ချုံး၏ စစ်ရထားပေါ်သို့ ခုန်တက်ပြီး ဦးခေါင်းကို မြှောက်ကာ အော်ဟစ်လိုက်သည်။
" မင်းတို့ရဲ့ စစ်သူကြီး သေပြီ။ "
ကျောက်စစ်သည်များအားလုံးက ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။
" စစ်သူကြီး သတ်ခံလိုက်ရပြီ။ "
" စစ်သူကြီး သေပြီ။ "
" ငါတို့ရှုံးသွားပြီ။ ဆုတ်ကြ ဆုတ်ကြ။ "
ကျောက်ချုံး၏ ဦးခေါင်းကို မြင်လိုက်ရသောအခါ ကျောက်တပ်ဖွဲ့များကြား ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြီး သူတို့၏ စိတ်ဓာတ်က လုံးဝ ပျက်စီးသွားခဲ့သည်။ တိုက်ပွဲအတွက် အသင်ပြင်ထားသော စစ်သည်များက တိုက်ခိုက်လိုစိတ်များပင် ပျောက်ဆုံးသွားခဲ့သည်။ ကျောက်စစ်သည်များစွာက အတွင်းမြို့ဆီသို့ ဖရိုဖရဲ ထွက်ပြေးသွားကြသည်။
" ထွက်ပြေးသွားတဲ့ စစ်သည်တွေက ခြောက်သောင်း ခုနှစ်သောင်းလောက်ရှိတယ်။ သူတို့ကို လိုက်တိုက်ရင် ဝူအန်းမြို့က ဖရိုဖရဲဖြစ်သွားလိမ့်မယ်။ ဖန်ရွှမ်က သူ့ရဲ့ ခံစစ်တွေကို ဘယ်လောက်ကောင်းကောင်း ပြင်ဆင်ပါစေ နောက်ဆုံးမှာ ဒီစစ်ပြေးတွေကြောင့် ပြိုကွဲသွားလိမ့်မယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
" ချင်စစ်သည်တို့ နောက်ကလိုက်ပြီး သတ်ကြ။ "
" စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ။ " စစ်သည်များကလည်း ဟိန်းဟောက်လိုက်ကြသည်။
ကျောက်ချုံး၏ သေဆုံးမှုနှင့်အတူ ဝူအန်းမြို့၏ အနောက်မြို့က လုံးဝ ကျဆုံးသွားခဲ့သည်။ ကျောက်ဖုန်းက ချင်စစ်တပ်ကို အတွင်းမြို့ဆီသို့ ဦးဆောင်ကာ ထိုးစစ်ဆင်လာသည်နှင့်အမျှ ဝူအန်းမြို့ ကျဆုံးသွားရန် ကြိုတင်သတ်မှတ်ထားသော ရလဒ်တစ်ခု ဖြစ်လာခဲ့သည်။
တစ်ချိန်တည်းတွင် အရှေ့နှင့် တောင်ဘက်တံခါးများ၌။
" စစ်သူကြီးကို အစီရင်ခံပါတယ်။ အနောက်တံခါး ကျဆုံးသွားပါပြီ။ စစ်သူကြီးကျောက်ချုံးကလည်း တိုက်ပွဲမှာ အသတ်ခံလိုက်ရပါပြီ။ စစ်သည်တွေက ဒီဘက်ကို ထွက်ပြေးလာပါပြီ။ စစ်သူကြီး အမိန့်ပေးပါ။ " လက်ထောက်စစ်သူကြီးများက အရှေ့ဘက်နှင့် တောင်ဘက်တံခါးများကို ကွပ်ကဲနေသော စစ်သူကြီးများထံသို့ အစီရင်ခံလိုက်ကြသည်။
ကျောက်ချုံး၏ သေဆုံးမှုနှင့် အနောက်မြို့ကျဆုံးသွားခြင်းက ကျောက်၏ ခံစစ်စည်းကို သဘာဝအတိုင်း ပြိုလဲသွားစေခဲ့သည်။ အရှေ့ဘက်နှင့် တောင်ဘက်တံခါးများ၌ ချင်စစ်တပ်များ၏ ထိုးစစ်က ပြင်းထန်နေဆဲ ဖြစ်သော်လည်း မြို့ကို ကာကွယ်နေသော ကျောက်စစ်သည်များ၏ စိတ်ဓာတ်က သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
" စစ်သေနာပတိချုပ် ကျွန်တော်တို့ အခုသတင်းရပါပြီ။ စစ်သူကြီးကျောက်က အနောက်မြို့တံခါးကို ထိုးဖောက်ပြီး ကျောက်ချုံးကို ကိုယ်တိုင်သတ်လိုက်ပါပြီ။ အခုစစ်သူကြီးကျောက်က ဝူအန်းမြို့ရဲ့ အတွင်းပိုင်းကို ထိုးစစ်ဆင်နေပါတယ်။ " ကိုယ်ရံတော်တပ်မှူးက စိတ်လှုပ်ရှားစွာဖြင့် ဝမ်ကျန့်ကို အစီရင်ခံလိုက်သည်။
" ကျောက်ဖုန်း... သူက တကယ်ပဲ ငါ့ရဲ့ သမက်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ " ဝမ်ကျန်းက အားရပါးရ ရယ်မောလိုက်သည်။
" အစီရင်ခံပါတယ်။ စစ်သူကြီးယန်က အရှေ့တံခါးကို ထိုးဖောင်နိုင်ခဲ့ပါပြီ။ စစ်သူကြီးဝမ်က တောင်ဘက်တံခါးကို ထိုးဖောက်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ စစ်သည်တွေက မြို့ထဲကို ဝင်ရောက်သွားကြပါပြီ။ "
သတင်းပို့သူများက ဝမ်ကျန့်ဆီသို့ ပြေးလာပြီး အစီရင်ခံလိုက်ကြသည်။
" ဟားဟား ကျောက်ဖုန်းက အတွင်းမြို့ကို ထိုးဖောက်သွားပြီ။ ကျောက်ရဲ့ ခံစစ်တွေအားလုံး ပြိုလဲသွားပြီ။ ဖန်ရွှမ် ရှုံးသွားပြီ။ " ဝမ်ကျန့်က ပြုံးလိုက်သည်။
" စစ်သူကြီးကျောက်ဖုန်းက တကယ်ကို ကြောက်စရာကောင်းတယ်။ ကျောက်စစ်သည်သုံးသိန်းတပ်စွဲထားတဲ့မြို့ကို တစ်ရက်တည်းနဲ့ ထိုးဖောက်နိုင်ခဲ့တယ်။ " ကိုယ်ရံတော်က တက်ကြွစွာ ပြောလိုက်သည်။
" မှန်တယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။ " အစက ဒီမြို့ကို ထိုးဖောက်ဖို့ အနည်းဆုံး လဝက်လောက်ကြာပြီး စစ်သည်တစ်သိန်းလောက် အကျအဆုံး ရှိမယ်ထင်ခဲ့တာ။ ဒါပေမယ့် အခုတော့ အကျအဆုံး တစ်ဝက်လောက် လျော့သွားပြီး သိမ်းပိုက်နိုင်ခဲ့တဲ့ အရှိန်ကလည်း အံ့ဩစရာပဲ။ "
" မြို့ကို သိမ်းပိုက်ပြီးတာနဲ့ စစ်ရေးအစီရင်ခံစာကို ရှန်းယန်မြို့တော်ဆီ ချက်ချင်း ပို့လိုက်။ ဒီမြို့ကျဆုံးသွားတာနဲ့ ကျောက်နိုင်ငံပျက်စီးဖို့က ရှောင်လွှဲလို့မရတော့ဘူး။ ဟန်တန်မြို့တော်က ဒီကနေ မိုင်တစ်ရာတောင် မဝေးတော့ဘူး။ ဟန်တန်ကျဆုံးသွားတာနဲ့ ကျောက်ကတော့ နိဂုံးချုပ်ပြီ။ " ဝမ်ကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
နိုင်ငံတစ်ခုကို ဖျက်ဆီးနိုင်သော ဂုဏ်ယူစရာကောင်းသည့် အောင်မြင်မှုကို သူ၏ လန်ထျန်းစခန်းက နောက်တစ်ကြိမ် ရတော့မည်ဖြစ်သည်။
ဝူအန်းမြို့၏ မြောက်ဘက်တံခါးတွင် ဖန်ရွှမ်၏ တပ်ဖွဲ့များက တပ်စွဲထားကြသည်။
" စစ်သေနာပတိချုပ် " ကိုယ်ရံတော်တစ်ယောက်က အစီရင်ခံလိုက်သည်။ " အနောက်တံခါးကျဆုံးသွားပြီ။ စစ်သူကြီးကျောက်ချုံးက တိုက်ပွဲမှာ အသတ်ခံလိုက်ရပါတယ်။ အဲ့ဒီက စစ်သည်တွေက အခြားတံခါးတွေဆီ ထွက်ပြေးနေကြပြီ။ အရှေ့ဘက်နဲ့ တောင်ဘက်တံခါးတွေကလည်း ကြာကြာ တောင့်ခံနိုင်တော့မှာမဟုတ်ဘူး။ "
" ကျောက်ချုံး.... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ " ဖန်ရွှမ်၏ အမူအရာက မဲမှောင်သွားသည်။ တစ်ဖက်တွင် ကျောက်ချုံး၏ သေဆုံးမှုကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင် ဝူအန်းမြို့က ကျဆုံးလုနီးပါးဖြစ်နေပြီဖြစ်သောကြောင့်ဖြစ်သည်။
" စစ်သေနာပတိချုပ် ဒီမြို့က ခုခံဖို့ မဖြစ်နိုင်တော့ဘူးထင်ပါတယ်။ " တပ်မှူးတစ်ယောက်က စိုးရိမ်စွာ ပြောလိုက်သည်။
" တစ်ရက်.... တစ်ရက်တည်းပဲ။ " ဖန်ရွှမ်က ခါးသီးစွာ ရယ်မောလိုက်သည်။ " စစ်သည်သုံးသိန်းနဲ့ ငါခုခံတဲ့မြို့က တစ်ရက်နည်းနဲ့ ထိုးဖောက်ခံလိုက်ရတယ်။ ရယ်စရာပဲ။ ငါက တစ်လောကလုံးရဲ့ ရယ်စရာဖြစ်သွားပြီ။ "