အခန်း (၁၈၈)
Vol. 19 Ch. 188
" ကျောက်နယ်မြေကို ချင်နိုင်ငံရဲ့လက်ထဲကို ဒနိအတိုင်း ပေးလိုက်ရမှာလား။ စစ်သေနာပတိချုပ်ဖန်ရွှမ်က အရှင်မင်းကြီး ဟန်တန်ကို ခုခံဖို့အတွက် စစ်တပ်စေလွှတ်နိုင်အောင် ချင်စစ်တပ်ကို အချိန်ဆွဲထားဖို့ ပြောခဲ့ပါတယ်။ ဟန်တန်မကျဆုံးသရွေ့ ကျောက်နယ်မြေလည်း ဆုံးရှုံးမှာမဟုတ်ပါဘူး။ "
" အရင်တုန်းက ရင်ကျိအသက်ရှင်နေတုန်းမှာ ကျောက်က ချန်ဖျင်တိုက်ပွဲမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပြီး နိုင်ငံအင်အားကလည်း ကျဆင်းသွားခဲ့ပါတယ်။ ချင်စစ်တပ်က ဟန်တန်မြို့တော်အထိ ရောက်လာခဲ့ပေမယ့် နောက်ဆုံးမှာ ကျောက်စစ်တပ်နဲ့ ပြည်သူတွေ တစ်ညီတစ်ညွှတ်တည်း ပေါင်းစည်းခဲ့ပါတယ်။ သူတို့က ဟန်တန်ကို အောင်မြင်စွာ ခုခံနိုင်ခဲ့ပြီး ချင်စစ်တပ်ကို ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ "
" ချန်ဖျင်တိုက်ပွဲနဲ့ယှဉ်ရင် အခု ကျွန်တောမျိုးတို့ ကျောက်နိုင်ငံရဲ့ အင်အားက ပိုပြီး တောင့်တင်းနေပါတယ်။ ကျွန်တော်မျိုးတို့ ချင်ကို ဘာကြောက်စရာရှိလို့လဲ။ " ဝန်ကြီးတစ်ယောက်က ပြောလိုက်သည်။ သူ၏ စကားများက ဝန်ကြီးအချို့၏ ထောက်ခံမှုကို ချက်ချင်း ရရှိခဲ့သည်။
"ကျွန်တော်မျိုး သဘောတူပါတယ်။ "
" ဟန်တန်က နှစ်ပေါင်းရာချီကြာအောင် ကျောက်နိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့တာပါ။ ကျွန်တော်မျိုးတို့ အခက်ခဲဆုံးအချိန်မှာတောင် ကျွန်တော်မျိုးတို့ တစ်ခါမှ မစွန့်ခွာသွားခဲ့ပါဘူး။ ကျွန်တော်မျိုးတို့သာ ဟန်တန်ကို အသေခံ ခုခံမယ်ဆိုရင် ချင်က ကျောက်ကို ချေမှုန်းနိုင်မှာမဟုတ်ပါဘူး။ "
" ကျွန်တော်မျိုး ချင်ကို အသေခံတိုက်ဖို့ အသင့်ပါပဲ။ "
" ဟန်တန်ကို ခုခံကာကွယ်ဖို့ ကျွန်တော်မျိုးတို့ သစ္စာပြုပါတယ်။ " ကျောက်ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။
နန်းတွင်းဝန်ကြီးများထဲတွင် တိုက်နယ်မြေသို့ ဆုတ်ခွာချင်သူများနှင့် မြို့မှာပင် ဆက်နေချင်သူများဟူ၍ အုပ်စုနှစ်စုကွဲသွားခဲ့သည်။ ၎င်းကို ကြည့်ပြီး ကျောက်ယန်က စိတ်ရှုပ်ထွေးနေပြီး မပြတ်မသားဖြစ်နေသည်။
သူ၏ စိတ်ထဲတွင်တော့ တိုက်နယ်မြေသို့ ထွက်ပြေးရန် တိမ်းညွှတ်နေသည်။ မည်သို့ပင်ဖြစ်စေ ထိုနေရာတွင် စစ်သည်နှစ်သိန်းကျော်ရှိနေသည်။ ကျောက်နယ်မြေမှ နောက်ထပ်စစ်သည်သုံးသိန်းနီးပါးနှင့် ပေါင်းလိုက်လျှင် တိုက်နယ်မြေကို မကျဆုံးအောင် ခုခံရန် လုံလောက်ပေသည်။ အကယ်၍ ဟန်တန်တွင် ခုခံရန် ရွေးချယ်လျှင် ရလဒ်က လုံးဝ မသေချာနိုင်ပေ။
" ကျွန်တော်မျိုးကတော့ တိုက်နယ်မြေကို ဆုတ်ခွာတာက အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ " ကျောက်ယိက ရှေ့တိုးပြီး ပြောလိုက်သည်။
ကျောက်ယိ၏ စကားကို ကြားလိုက်ရသောအခါ ကျောက်ယန်က မျက်မှောင်ကြုတ်သွားပြီး သူ၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။
" အဲ့ဒီလီမုကလည်း လူအိုကြီးလျန်ပိုလိုပဲ ကျောက်ယိကို ထီးနန်းတက်ဖို့ ထောက်ခံခဲ့တာပဲ။ တိုက်နယ်မြေမှာ လီမုရဲ့ ဂုဏ်သတင်းက အရမ်းမြင့်မားပြီး သူက စစ်အာဏာကိုလည်း ဆုပ်ကိုင်ထားတယ်။ တကယ်လို့ ငါသာ တိုက်နယ်မြေကို သွားခဲ့ရင် လီမုက ပုန်ကန်နိုင်တယ်။ ငါ ဆုတ်ခွာရမယ်ဆိုရင်တောင်မှ အရင်ဆုံး လီမုရဲ့ စစ်အာဏာကို ငါရုတ်သိမ်းရမယ်။ "
ထိုအတွေးနှင့်အတူ ကျောက်ယန်က ချက်ချင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူက ကောခိုင်ဘက်သို့ လှည့်ကြည့်ပြီး မေးလိုက်သည်။ " ဝန်ကြီးချုပ် မင်းရော ဘယ်လိုထင်လဲ။ "
ခန်းမအတွင်းရှိ ဝန်ကြီးများအားလုံး၏ အကြည့်များက ကောခိုင်ဆီသို့ ရောက်သွားကြသည်။ လူတိုင်းက သူ၏ ရွေးချယ်မှုကို ခန့်မှန်းနိုင်ကြသည်။ ကောခိုင်က အလွန်ကြောက်တတ်သူဖြစ်ကြောင်း လူတိုင်းသိကြသဖြင့် ထိုကဲ့သို့ အရေးကြီးသောအချိန်တွင် သူက တိုက်နယ်မြေသို့ ထွက်ပြေးရန် သေချာပေါက် ရွေးချယ်လိမ့်မည်ဟု ထင်နေကြသည်။
" အရှင်မင်းကြီးကို ပြန်ဖြေရရင်..." ကောခိုင်က စပြောလိုက်သည်။ " ကျွန်တော်မျိုးတို့ ဟန်တန်ကို ခုခံပြီး နောက်ဆုံးသွေးတစ်စက်အထိ ချင်စစ်တပ်ကို တိုက်ခိုက်သင့်တယ်လို့ ယုံကြည်ပါတယ်။ "
" အရင်တုန်းကလည်း ကျောက်ဟာ ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ အခုလည်း အရှင်မင်းကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်မျိုးတို့ အဲ့ဒီလို သေချာပေါက် လုပ်နိုင်မှာပါ။ ကျောက်က မရှုံးနိမ့်နိုင်ပါဘူး။ " ကောခိုင်က ရှေ့တက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
ထိုစကားများ ထွက်ပေါ်လာနှင့်တပြိုင်နက် ကျောက်ဝန်ကြီးများအားလုံးက ကောခိုင်ကို ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေကြသည်။ ကျောက်ယိပင်လျှင် တုန်လှုပ်သွားခဲ့သည်။ လူတိုင်းက ၎င်းကို အလွန်ထူးဆန်းသည်ဟု ယူဆနေကြသည်။
သေမှာကို အလွန်ကြောက်သော ကောခိုင်က ရုတ်တရက် သေမှာမကြောက်တော့ပေ။ သူက ဟန်တန်ကို ခုခံကာကွယ်ရန် ထောက်ခံနေသည်။ နေက အနောက်မှထွက်လာခြင်းလား သို့မဟုတ် သူက ဆေးများမှားသောက်လာတာလား။
ဝန်ကြီးများက ကောခိုင်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေကြသည်။ သူတို့အားလုံး၏ အံ့ဩသော အကြည့်များအောက်တွင် ကောခိုင်က စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်သည်။ ချင်ဘုရင်က သူ့ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဖြစ်သည်။ မည်သည့်အခြေအနေတွင် ကျောက်ယန်ကို တိုက်နယ်မြေသို့ ထွက်ပြေးခွင့် မပေးနိုင်ပေ။
"ဒါက ငါ့ရဲ့ အနာဂတ် စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ကျက်သရေအတွက် အရေးပါတဲ့ စွမ်းဆောင်မှုတစ်ခုပဲ။ "
ကောခိုင်က ဟန်တန်ကို ကာကွယ်ရန် အခိုင်အမာ ဆုံးဖြတ်ထားသည်ကို မြင်သောအခါ ကျောက်ယန်က အံ့ဩသွားပြီး တစ်စုံတစ်ခုကို တွေးမိသွားသည်။
" လီမုက ငါ့အတွက် ခြိမ်းခြောက်မှုဖြစ်လာမယ်ဆိုတာ ဝန်ကြီးချုပ်က နားလည်သွားပုံရတယ်။ ဒါကြောင့် သူက ဟန်တန်ကို ခုခံဖို့အတွက် တိုက်တွန်းနေတာပဲ။ ဒါမှသာ ငါက လီမုရဲ့ အာဏာကို ရုတ်သိမ်းဖို့ အခွင့်အရေးရလိမ့်မယ်။ "
ထိုသို့တွေးမိသောအခါ ကျောက်ယန်က စိတ်အေးသွားခဲ့သည်။ သူက ကောခိုကို " မင်းတစိယောက်ပဲ ငါကို နားလည်တယ် " ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ ကြေညာလိုက်သည်။
" ဝန်ကြီးချုပ်ကိုယ်တိုင်က ဒီလိုမျိုးချစ်စိတ်ရှိတာ ငါ့အတွက်ရော ကျောက်အတွက်ပါ ကံကောင်းခြင်းတစ်ခုပဲ။ ငါ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ငါတို့ ဟန်တန်ကို အသေခံပြီး ခုခံမယ်။ ပြီးတော့ ချင်စစ်တပ်နဲ့ သွေးချောင်းစီးတိုက်ပွဲ ဆင်နွှဲမယ်။ ဒါပေမယ့် အဲ့ဒီမတိုင်ခင်မှာ ဟန်တန်ကို ကူညီဖို့ တပ်ဖွဲ့တွေကို ထပ်ပြီး စုဆောင်းရမယ်။ " ကျောက်ယန်က လေးနက်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ " ကောခိုင်က ပြောလိုက်သည်။ " တိုက်နယ်မြေမှာ နယ်သပ်စောင့်တပ် နှစ်သိန်းနဲ့ ခရိုင်တပ်ဖွဲ့ သုံးသိန်းနီးပါး ရှိပါသေးတယ်။ "
" ဝန်ကြီးချုပ် ပြောတာ မှန်ပါတယ်။ တိုက်နယ်မြေကို နှောက်ယှက်နေတဲ့ ချင်စစ်တပ်က အရေအတွက် သိပ်မများပါဘူး။ ငါတို့က နယ်စပ်ကို လုံခြုံအောင် လုပ်ထားနိုင်သရွေ့ ချင်စစ်တပ်က ဒါကို ထိုးဖောက်နိုင်မှာမဟုတ်ဘူး။ ဒါအပြင် ကျောက်ရဲ့ မြင်းတပ်က ကမ္ဘာမှာ အကောင်းဆုံးပဲ။ ငါတို့ရဲ့ မြင်းစီးမြားပစ်ပညာက ပြိုင်ဘက်ကင်းပဲ။ ဒါက ချင်ရဲ့ မြင်းတပ်တွေ ဘယ်လိုမှမယှဉ်နိုင်တဲ့အရာပဲ။ "
" ငါတို့ရဲ့ မြင်းစီးတပ်ဖွဲ့ တစ်သိန်းလောက်ကို တိုက်နယ်မြေမှာ ထားခဲ့ရင် အဲ့ဒီနယ်မြေမကျဆုံးအောင် ကာကွယ်နိုင်လိမ့်မယ်။ "
" ကျွန်တော်မျိုး သဘောတူပါတယ်။ " ကောခိုင်က ထပ်ပြောလိုက်သည်။ " ဒါ့အပြင် စစ်ကူတွေကို ဦးဆောင်ဖို့ စစ်သေနာပတိချုပ် လီမုကိုယ်နိုင် လိုအပ်ပါတယ်။ ဒါမှ ကျွန်တော်မျိုးတို့ ချင်စစ်တပ်ကို တိုက်ထုတ်နိုင်မှာပါ။ "
ကောခိုင်နှင့် သူ၏ အပေါင်းအပါများက ထောက်ခံနေကြသည်ကို ကြည့်ရင်း ကျောက်ယိက စကားပြောချင်သော်လည်း သူတို့ကို တုန့်ပြန်ငြင်းဆိုရန် မတတ်နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် ဟန်တန်က ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
" လီမုကို ပြန်ခေါ်ဖို့ အမိန့်တော် ပို့လိုက်။ " ကျောက်ယန်က အမိန့်ပေးလိုက်သည်။
ကျောက်ယန်၏ အိပ်ဆောင်အတွင်း၌။
" ဝန်ကြီးချုပ် မင်းက ငါ့အပေါ်မှာ တကယ်ကို သစ္စာရှိတာပဲ။ " ကျောက်ယန်က စိတ်လှုပ်ရှားသော အမူအရာနှင့် ပြောလိုက်သည်။ " တကယ်လို့ ငါသာ တိုက်နယ်မြေကို သွားရင် လီမုရဲ့ ခြိမ်းခြောက်မှုကို ခံရမှာ မင်းသိနေတာပဲ။ ဘာပဲဖြစ်ဖြစ် သူက ကျောက်ယိကိုပဲ အမြဲထောက်ခံနေခဲ့တာလေ။ သူသာ စစ်အာဏာကို သုံးပြီး ငါ့ကို နန်းချခဲ့ရင် ငါတော့ သွားပြီပဲ။ ဝန်ကြီးတွေအားလုံးထဲမှာ မင်းတစ်ယောက်ပဲ ငါ့အခက်အခဲကို ထည့်စဉ်းစားပေးတာ။ "
၎င်းကို ကြားသောအခါ ကောခိုင်က ခဏမှင်သက်သွားသော်လည်း ချက်ချင်း ပြန်လည်တည်ငြိမ်သွားသည်။
" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ ကျွန်တော်မျိုးက အရှင်မင်းကြီးကို အသက်နဲ့လဲပြီး သစ္စာရှိပါမယ်။ "
" ငါယန်ကျူးကို တိုက်နယ်မြေကို သွားပြီး လီမုရဲ့ တပ်တွေကို ကွပ်ကဲဖို့ အမိန့်ထုတ်လိုက်ပြီ။ " ကျောက်ယန်က တည်ငြိမ်စွာ ပြောလိုက်သည်။ " ဒါ့အပြင် လီမုကိုလည်း ဟန်တန်ကို အရင်ဆုံး ပြန်လာဖို့ အမိန့်ပေးထားတယ်။ သူက တကယ်ပဲ အရည်အချင်းရှိတဲ့သူဆိုပေမယ့် သူ့ကို ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ထားရမယ်။ "
" အရှင်မင်းကြီး..." ကောခိုင်က ချက်ချင်း မေးလိုက်သည်။ " လီမုက စစ်သည်နှစ်သိန်းကို ကွပ်ကဲနေတာ။ တကယ်လို့ သူက အမိန့်နာခံဖို့ ငြင်းဆန်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ "
" ဒီကိစ္စကိုတော့ ဝန်ကြီးချုပ် မင်းကိုယ်တိုင် ကိုင်တွယ်ရလိမ့်မယ်။ " ကျောက်ယန်က မျက်မှောင်ကြုတ်သွားသည်။ " တကယ်လို့ သူက စစ်အာဏာကို လွှဲပေးဖို့ ငြင်းဆန်ခဲ့ရင်.... "
သူ၏ စကားက ရပ်တန့်သွားပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် ပြည့်နှက်သွားသည်။
ကောခိုင်၏ ရင်ထဲတွင် ဝမ်းသာမှုများ ပြည့်နှက်သွားပြီး သူက ချက်ချင်း ပြန်ဖြေလိုက်သည်။ " ကျွန်တော်မျိုး နားလည်ပါပြီ။ "
ရှန်းယန်မြို့၊ ညီလာခံခန်းမတွင်။
" ထူးချွန်တယ်။ သိပ်ကို ထူးချွန်လှတယ်။ ဖန်ရွှမ်က စစ်သည်သုံးသိန်းကို ကွပ်ကဲပြီး ဝူအန်းမြို့ကို ခုခံနေတာ။ ဒီလိုတင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားတဲ့ ဝူအန်းမြို့ကို ချင်က တစ်ရက်တည်းနဲ့ ထိုးဖောက်နိုင်ခဲ့တာပဲ။ ဝူအန်းရဲ့ အလွန်မှာ ဟန်တန်မြို့ ရှိနေတယ်။ ကျောက် ကျဆုံးဖို့က သေချာသွားပြီ။ " ရင်ကျန့်က အားရပါးရ ရယ်မောလိုက်သည်။ သူ၏ လက်ထဲတွင် စစ်ရေးအစီရင်ခံစာကို ကိုင်ပြီး အလွန်ကျေနပ်နေပုံရသည်။