အခန်း (၁၈၉)
Vol. 19 Ch. 189
" အရှင်မင်းကြီး " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။ " ဒီစစ်ရေးအစီရင်ခံစာအရဆိုရင် စစ်သူကြီးကျောက်ဖုန်းက ဝူအန်းမြို့ရဲ့ အဓိကအောင်မြင်မှုကို ရရှိသွားပြန်ပြီ။ သူက ရှေ့တန်းကနေ ဦးဆောင်ပြီး အနောက်မြို့ကို ထိုးဖောက်နိုင်ခဲ့လို့ ကျောက်စစ်တပ်ရဲ့ ခံစစ်တွေ ပြိုလဲသွားပါတယ်။ ဒီစွမ်းဆောင်မှုကတော့ စစ်သူကြီးကျောက်ဖုန်းနဲ့ လုံးဝ ထိုက်တန်ပါတယ်။ "
" ချင်နိုင်ငံမှာ စွမ်းဆောင်မှုုဲတဲ့သူက ဆုလာဘ်တွေ ရကိုရသင့်တယ်။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။ " ယွီလျောင် ကျောက်ဖုန်းအတွက် ဒီစွမ်းဆောင်မှုကို မှတ်တမ်းတင်ထားလိုက်ပါ။ ကျောက်နိုင်ငံကို အမြစ်ဖြတ်ချေမှုန်းပြီးကင် ဆုလာဘ်တွေအားလုံးကို တစ်ခါတည်း ပေးအပ်မယ်။ "
ဝူအန်းမြို့ကျဆုံးသွားခြင်းက ဟန်တန်မြို့တော်သို့ အလွယ်တကူ သွားနိုင်ပြီး ကျောက်နိုင်ငံပျက်စီးရန်လည်း လက်တစ်ကမ်းသာ လိုတော့သည်။ ရင်ကျန့်က စိတ်လှုပ်ရှားနေသည်။ သူ၏ ငယ်ဘဝမှ အရှက်ရမှုများအားလုံးကို နောက်ဆုံးတွင် ဆေးကြောပစ်နိုင်တော့မည်ဖြစ်သည်။
" အရှင်မင်းကြီးက အမျှော်အမြင် ကြီးလှပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။
" အခု ချင်စစ်သည်တွေက မြို့တံခါးဝကို ရောက်နေပြီဆိုတော့ ဟန်တန်ကို သွားရမယ့် အချိန်ရောက်ပြီ။ ငါဒီနေ့ကို စောင့်နေခဲ့တာ အတော်ကြာပြီ။ "
" အရှင်မင်းကြီး ဒါက လုံးဝမလုပ်သင့်ပါဘူး။ " ဝမ်ဝမ်က ထျက်ချင်း တားမြစ်လိုက်သည်။ " ကျောက်နိုင်ငံက လုံးဝမပျက်စီးသေးသလို ဟန်တန်ကိုလည်း မသိမ်းပိုက်ရသေးပါဘူး။ အရှင်မင်းကြီးအနေနဲ့ ဒီလိုစစ်မီးတောက်နေတဲ့ နယ်မြေကို မသွားသင့်ပါဘူး။ "
" ခမည်းတော် ကျောက်နိုင်ငံကို မသွားပါနဲ့။ " ဖုစုကလည်း ရှေ့တက်ကာ တောင်းဆိုလိုက်သည်။
" အရှင်မင်းကြီး အမိန့်ကို ရုတ်သိမ်းပေးပါ။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း တောင်းဆိုလိုက်ကြသည်။
ရင်ကျန့်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ပြီး သူလက်မြှောက်လိုက်သည်နှင့် အသံအားလုံးက တိတ်ဆိတ်သွားသည်။
" ငါ ငယ်ငယ်တုန်းက ကျောက်နိုင်ငံမှာ ဓားစာခံဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီမှာ သာမန်လူတစ်ယောက် စိတ်ကူးလို့မရနိုင်တဲ့ နှိပ်စက်မှုတွေနဲ့ အရှက်ရမှုတွေကို ငါခံခဲ့ရတယ်။ ငါထွက်လာတဲ့အခါ တစ်နေ့မှာ ကျောက်ကို အမြစ်ဖြတ်ချေမှုန်းဖို့ ရှင်ဘုရင်တစ်ယောက်အနေနဲ့ ပြန်လာခဲ့မယ်လို့ ကျိန်ဆိုခဲ့တယ်။ "
" ဒါက ကမ္ဘာကြီးကို စုစည်းဖို့ ဘိုးဘေးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာအပြင် ငါ့ရင်ထဲက အာဃာတတွေကြောင့်လည်းပါတယ်။ အခုချင်စစ်တပ်က ဟန်တန်မြို့တံခါးဝ ရောက်နေပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ငါသွားရမယ်။ "
သူ၏ လေသံကို ကြားရသောအခါ ရင်ကျန့်က ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ကြောင်း ဝန်ကြီးအားလုံး နားလည်လိုက်ကြသည်။ သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲ၍မရနိုင်တော့ပေ။
" တကယ်လို့ အရှင်မင်းကြီးက ဟန်တန်ကို သွားရင် နိုင်ငံရေးကိစ္စတွေကို ဘယ်လိုစီမံခန့်ခွဲမှာလဲ။ " ဝမ်ဝမ်က သေချာစဉ်းစားပြီး မေးလိုက်သည်။
ထိုမြေခွေးအိုကြီးတွင် အစီအစဉ်တစ်ခု ရှိနေသည်မှာ ထင်ရှားသည်။ အကယ်၍ ရင်ကျန့်က နိုင်ငံတော်မှ ထွက်ခွာပြီး ဖုစုက နိုင်ငံရေးကိစ္စများကို စီမံခန့်ခွဲရလျှင် ၎င်းက ဖုစု၏ နေရာကို ပိုမိုခိုင်မာသွားစေမည်ဖြစ်သည်။
"ငါ တစ်လထက် ပိုမကြာပါဘူး။ " ရင်ကျန့်က ပြောလိုက်သည်။ " နိုင်ငံရေးကိစ္စတွေကို ဝန်ကြီးဝမ်ဝမ်၊ ဟွိုက်ကျွမ်း၊ လီစီတို့က ပူးတွဲပြီး ကိုင်တွယ်ဖြေရှင်းရမယ်။ တရားဝင်အစီရင်ခံစာတွေကို ပြန်လည်စစ်ဆေးဖို့အတွက် ယွီလျောင်မှာ အတည်ပြုခွင့် အာဏာရှိစေရမယ်။ "
ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က စိတ်ပျက်သွားကြသည်။ ရင်ကျန့်က ဖုစုကို နိုင်ငံရေးကိစ္စများ မစီမံစေခဲ့ပေ။ ၎င်းမှာ သူ၏ အမြင်တွင် ဖုစုက အိမ်ရှေ့မင်းသားအဆင့်သို့ မရောက်သေးကြောင်း ဖော်ပြနေသည်။
" အမိန့်အတိုင်းပါ။ " ဝန်ကြီးများက ပြန်ပြောလိုက်ကြသည်။
" အရှင်မင်းကြီး ဘယ်အချိန် ထွက်ခွာမှာလဲ မေးပါရစေ။ " ယွီလျောင်က ရိုသေစွာ မေးလိုက်သည်။
" နန်းတွင်းကိုယ်ရံတော် ဘယ်နှစ်ယောက်လိုက်ပါလာမှလဲ။ "
" ငါးထောင်ဆိုလုံလောက်ပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ ခရီးအတွက် ကိုယ်ရံတော်ငါးထောင်က အရမ်းနည်းမနေဘူးလား။ " ယွီလျောင်က စိုးရိမ်စွာ ပြောလိုက်သည်။
" ကျောက်နိုင်ငံမှာ ငါ့ရဲ့ စစ်သည်သုံးသိန်းရှိနေတာမဟုတ်ဘူးလား။ သူတို့က ငါ့ကို ကာကွယ်ဖို့ မလုံလောက်ဘူးလား။ " ရင်ကျန့်က ရယ်မောလိုက်သည်။ " တော်ပြီ။ ဘာမှထပ်မပြောနဲ့တော့။ တင်ပြစရာ အခြားကိစ္စမရှိတော့ရင် ညီလာခံသိမ်းပြီ။ "
ကျန်းထိုင်နန်းဆောင်ထဲတွင် ရင်ကျန့်က ယွီလျောင်နှင့် မျက်နှာချင်းဆိုင်ရပ်နေသည်။
" ယွီလျောင် " ရင်ကျန့်က ညွှန်ကြားလိုက်သည်။ " ဒီတစ်ခါ နိုင်ငံတော်ကြီးကြပ်တဲ့အာဏာကို ငါမင်းကို ပေးခဲ့မယ်။ ဝမ်ဝမ်၊ လီစီ အခြားသူတွေနဲ့ ပက်သက်ရင် မင်းမျှမျှတတလုပ်ရမယ်။ ငါတို့ချင်ကို မထိခိုက်သရွေ့ သူတို့အချင်းချင်း တိုက်ခိုက်နေပါစေ။ ဘာပဲဖြစ်ဖြစ် မင်းသူတို့ကို ကြောက်စရာမလိုဘူး။ မင်းနောက်မှာ ငါရှိတယ်။ "
" စိတ်ချပါ အရှင်မင်းကြီး။ ကျွန်တော်မျိုး အားလုံးကို ကောင်းကောင်းကိုင်တွယ်ပါမယ်။ " ယွီလျောင်က ပြောလိုက်သည်။
" မင်းဒီမှာရှိနေတော့ ငါစိတ်ချတာပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " အခုလောက်ဆို ယန်နိုင်ငံမှာ လှုပ်ရှားမှုအချို့ ရှိနေလောက်ပြီမဟုတ်လား။ "
" ဟုတ်ပါတယ်။ ယန်နိုင်ငံက လှုပ်ရှားမှုအချို့ လုပ်နေပါတယ်။ " ယွီလျောင်က လှောင်ပြုံးပြုံးလိုက်သည်။ " သူတို့က ကျောက်နဲ့ယန်နယ်စပ်မှာ တပ်ဖွဲ့တွေကို စုစည်းထားပါတယ်။ သူတို့ တစ်ခုခုကြံစည်နေတာ သေချာပါတယ်။ "
" ယန်တန်က ရိုးအသလိုနဲ့ ရည်မှန်းချက်က ကြီးလွန်းပါတယ်။ " ရင်ကျန့်က လှောင်ပြောလိုက်သည်။ " ငါ့လက်က အသားကို သူလုယူနိုင်လိမ့်မယ်လို့ ထင်နေတာ တကယ်ကို ရူးမိုက်တာပဲ။ "
ယန်နိုင်ငံ၏ နယ်စပ်ရှိ စစ်ရေးလှုပ်ရှားမှုများနှင့် ရည်ရွယ်ချက်များက ချင်၏ ထောက်လှမ်းမှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ရင်ကျန့်က သူတို့၏ ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်ခဲ့သည်။
" အရှင်မင်းကြီး ယန်ကို ဘယ်လိုကိုင်တွယ်ရမှာလဲ။ " ယွီလျောင်က မေးလိုက်သည်။
" ချင်ရဲ့ပါးစပ်ထဲက အသားကို သူများလာလုတာကို ငါခွင့်ပြုပါ့မလား။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ " ဟန်တန်ကျဆုံးသွားရင် ယန်နိုင်ငံက ကျောက်ရဲ့ မြို့တွေကို သိမ်းပိုက်ဖို့ သေချာပေါက် လှုပ်ရှားလာလိမ့်မယ်။ သူတို့က ဒါကို ကျူးကျော်လာရင် ငါကလည်း သူတို့တပ်ဖွဲ့တွေကို အမြစ်ဖြတ်ပစ်မယ်။ တကယ်လို့ သူတို့က ငါ့ပါစပ်ထဲက အသားကို လုချင်တယ်ဆိုရင် ယန်နိုင်ငံက ငါ့ရဲ့ ချင်ကို စစ်ကြေညာရဲသလားဆိုတာ အရင်မေးရမယ်။ "
" အရှင်မင်းကြီးက အမျှော်အမြင် ကြီးမားလှပါတယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
ထိုအချိန်တွင် ခန်းမ၏ အပြင်ဘက်မှာ ကျောက်ကော၏ အသံက ထွက်ပေါ်လာသည်။
" နန်းတွင်းသမားတော်ရှ ရောက်လာပါတယ်။ "
ရင်ကျန့်နှင့် ယွီလျောင်တို့က တံခါးပေါက်သို့ လှည့်ကြည့်လိုက်ကြသည်။ နန်းတွင်းသမားတော်ဝတ်စုံကို ဝတ်ဆင်ထားသော ရှဝူချယ်က ခန်းမအတွင်းသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။
" အရှင်မင်းကြီး " ရှဝူချယ်က ဦးညွှတ်လိုက်သည်။
" သမားတော်ရှ " ယွီလျောင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
" ယွီလျောင် တခြားကိစ္စမရှိရင် မင်းလုပ်စရာရှိတာ သွားလုပ်တော့။ မင်းမကြာခင် တော်တော်လေး အလုပ်များလိမ့်မယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " ယွီလျောင်က ဦးညွှတ်ပြီး ခန်းမထဲမှ ထွက်ခွာသွာူသည်။
ရင်ကျန့်က ကျောက်ကောကို တစ်ချက်ကြည့်လိုက်သည်။
" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " ကျောက်ကောက ထိတ်လန့်သွားပြီး ချက်ချင်း ထွက်ခွာသွားသည်။
" ယောက္ခမကြီး " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ကျုပ် မနက်ဖြန် ကျောက်နိုင်ငံကို ထွက်ခွာမယ်။ ဒီနေ့ ခေါ်လိုက်တာက ကျုပ်နဲ့အတူ လိုက်ခဲ့ဖို့ တောင်းဆိုချင်လို့ပါ။ "
" ဟန်တန်က ကျဆုံးတော့မှာလား။ " ရှဝူချယ်က အံ့ဩသွားသည်။
" သိပ်မကြာတော့ဘူး။ တစ်လအတွင်း ဟန်တန်က ကျုပ်တို့လက်ထဲရောက်လာလိမ့်မယ်။ "ရင်ကျန့်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက ဖိတ်ခေါ်မှတော့ ဒီအမှုထမ်းအိုကြီးကလည်း လိုက်ခဲ့ရမှာပေါ့။ " ရှဝူချယ်က မျှော်လင့်ချက်အရိပ်အယောင်များနှင့် ပြုံး၍ ပြောလိုက်သည်။
" ယောက္ခမကြီး " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " တုန်အာက ဟန်တန်မှာ ရှိနေနိုင်တယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ နေရာအားလုံးထဲမှာ သူမရှိနေတဲ့ နောက်ဆုံးနေရာက ဟန်တန်ပဲ။ ကျုပ်ဟန်တန်ကို သိမ်းပိုက်ပြီးတာနဲ့ နေရာအနှံ့ကို ရှာဖွေဖို့ အမိန့်ပေးမယ်။ "
" အဲ့လိုပဲ မျှော်လင့်ရတာပေါ့။ " ရှဝူချယ်က ခါးသီးစွာ ပြုံးလိုက်သည်။
မိဖုရားကျောက် ပြောခဲ့သော စကားများကို ကြားပြီးကတည်းက သူ၏ စိတ်ထဲတွင် အမှောင်ထုတစ်ခု ဖုံးလွှမ်းနေခဲ့သည်။ သူက ၎င်းကို လုံးဝမယုံကြည်နိုင်ပေ။ သူ၏ သမီးလေးကို မိဖုရားကျောက်က အန္တရာယ်ပြုလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
ထို့အပြင် သူသာ ရင်ကျန့်ကို ပြောပြလိုက်လျှင် သူ၏ မိခင်က သူ့ကို သစ္စာဖောက်ရုံသာမက သူအချစ်ဆုံး အမျိုးသမီးကိုပါ သတ်လိုက်ခြင်း ဖြစ်သွားပေလိမ့်မည်။ ရင်ကျန့်က ၎င်းကို ဘယ်လိုမှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
" ဒီနေ့ အိမ်ပြန်ပြီး ကောင်းကောင်းပြင်ဆင်ထားပါ။ ကျုပ်တို့ မနက်ဖြန် ထွက်ခွာကြမယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ဟန်တန်က သူ လက်စားချေနိုင်မည့် နေရာဖြစ်သကဲ့သို့ သူအချစ်ဆုံးအမျိုးသမီးကို ပြန်တွေ့နိုင်ခြေရှိသော နေရာတစ်ခုဖြစ်သည်။ မျှော်လင့်ချက် မည်မျှသေးငယ်သည်ဖြစ်စေ ရင်ကျန့်က ဆုပ်ကိုင်ထားဆဲဖြစ်သည်။
ချင်မှာ ဘာလိုမိဖုရားကြီးမရှိတာလဲ။ ထိုနှစ်များကို ဖြတ်သန်းခဲ့သော ဝန်ကြီးများက ၎င်းကို နားလည်ကြသည်။ ထိုအမျိုးသမီးသာ အသက်ရှင်လျက်ရှိနေလျှင် သူမကသာ မိဖုရားကြီး ဖြစ်ပေလိမ့်မည်။ ထိုအမျိုးသမီးသာ သူ့အတွက် အမွေခံသားတစ်ယောက် မွေးဖွားပေခဲ့လျှင် ထိုသားက အိမ်ရှေ့စံမင်းသားဖြစ်ပေလိမ့်မည်။ ရင်ကျန့်အတွက် သူမနှင့်ပက်သက်သော အရာအားလုံးက အရေးပါဆုံးဖြစ်သည်။