← Chapters

ယွမ်စီထျန်းကျွင်းပြန်ရောက်လာခြင်း

Vol. 11 Ch. 1016

ယွမ်စီထျန်းကျွင်းပြန်ရောက်လာခြင်း

Vol. 11 Ch. 1016

လောကတွင် ဗုဒ္ဓ ပြန်လည်ထွက်ပေါ်လာခဲ့ပြီ ဖြစ်လေသည်။

ဗုဒ္ဓ ပြန်လည်ထွက်ပေါ်လာသည့်သတင်းက တာအိုဆရာသခင်ထိုက်ယီ "လီကျိချန်" ပြန်လည်ထွက်ပေါ်လာသည့် သတင်းထက် လောကကို ဂယက်ရိုက်စေခဲ့သည်။

သုံးလောကနှင့် လမ်းစဉ် (၆)ခုရှိ အဆင့်မြင့်ကျင့်ကြံသူများအားလုံး လောကတွင် တာအိုဆရာသခင်ကြီးများ ပြန်လည်ထွက်ပေါ်လာကြသည်ကို ခံစားလိုက်မိကြလေသည်။

ထို့ပြင် ဗုဒ္ဓပြောလိုက်သည့်…

"အသင်လောက… လောကမှာ ငါဘုရား တစ်ပါးပဲ ရှိတယ်…"

ဆိုသည့် ကြွေးကျော်သံသည် နဂါးငွေ့တန်းတစ်ခုလုံး ပွင့်ထွက်သွားစေပြီး မိုးကောင်းကင် (၉)ထပ်ထိတိုင် တုန်ခါသွားစေလေသည်။

ကောင်းကင်ဘုံနန်းတော်…။

ကျောက်စိမ်းဝိညာဉ်နန်းတော်တည်ရှိရာနေရာတွင် ရုတ်တရက် အခိုးအငွေ့များ ထွက်ပေါ်လာလေသည်။

ထိုအခိုးအငွေ့များတွင် ခမ်းနားသည့် တန်ခိုးစွမ်းအားများ ပါဝင်နေပြီး ဗုဒ္ဓ၏ တည်ကြည်သည့်အသံသည် ဤနေရာတွင်တော့ သိပ်ပြီး ထင်ရှားဟန် မရှိပေ။

ရုတ်တရက်…

အခိုးအငွေ့များက ကျောက်စိမ်းဝိညာဉ်နန်းတော်တစ်ခုလုံးကို ရစ်ပတ်သွားပြီး နန်းတော်ကြီးတစ်ခုလုံး တုန်လှုပ်ကာ ပရမ်းပတာ အခြေအနေများ ဖြစ်ပေါ်လာလေသည်။

ထို့နောက်… နန်းတော်ထဲတွင် တံခါးတစ်ချပ် ရုတ်တရက် ပေါ်လာပြီး တံခါးက ပွင့်လာလေသည်။

တံခါးထဲတွင် မြစ်ရေနှင့်ပင်လယ်ရေများကို တွေ့မြင်ရပြီး ထူးဆန်းသည့် အခိုးအငွေ့များက တံခါးကို ရုတ်တရက် ဖုံးအုပ်ထာလိုက်လေသည်။

တံခါးနောက်ကွယ်မှ အသက်ရှူသံတစ်သံထွက်ပေါ်လာပြီး ထိုအသက်ရှူသံက အလွန်မှ သဘာဝဆန်လွန်းလှသလို တာအိုကာရံလည်း ညီလှသည်။

ထို့နောက် တံခါးနောက်ကွယ်တွင် ပန်းများပွင့်လန်းလာပြီး သစ်ရွက်လေးများလည်း စိမ်းဆိုလန်းဆန်းလာကြပြန်လေသည်။ နတ်ဘုရားနယ်မြေတစ်ခုအလား လှပလွန်းလှလေသည်။

ဤမြင်ကွင်းကို တွေ့မြင်ရသည့် သာမန်လူတစ်ယောက်ဆိုလျှင် ချက်ချင်းပင် ဟိုင်သန်းအဆင့်သို့ တက်ရောက်သွားမည် ဖြစ်လေသည်။

ဟိုင်သန်းအဆင့် ကျင့်ကြံသူဆိုလျှင်တော့ ချက်ချင်းပင် နတ်ဘုရားတစ်ပါး ဖြစ်သွားပေလိမ့်မည်။

တာအိုဆရာယွိတင်ကတော့ ထိုမြင်ကွင်းကိုကြည့်ပြီး အံ့သြတုန်လှုပ်လျှက် ရှိလေသည်။

တာအိုဆရာယွိတင်တစ်ယောက်တည်းသာ အံ့သြတုန်လှုပ်ခြင်း မဟုတ်ပေ။

သုံးလောကနှင့် လမ်းစဉ် (၆)ခုမှ နတ်ဘုရားများအားလုံး ကျောက်စိမ်းဝိညာဉ်နန်းတော်မှ အပြောင်းအလဲများကို သတိထားမိကြပြီး အံ့သြတုန်လှုပ်နေကြခြင်း ဖြစ်လေသည်။

အထူးသဖြင့် ဗုဒ္ဒ၏ ခြေတော်ရင်းတွင်ထိုင်နေကြသည့် ဝန်စူးမယ်တော်နှင့် ဖူရှန်မယ်တော်တို့ ကျောက်စိမ်းဝိညာဉ်နန်းတော်မှ အပြောင်းအလဲများကို ခံစားမိသွားကြပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

သို့သော်… သူတို့ (၂)ယောက်က စိတ်စွမ်းအားကောင်းသူများဖြစ်ကြသည့်အတွက် ချက်ချင်းပင် အမူအရာကို ထိန်းသိမ်းလိုက်ကြပြီး ထူးခြားသည့် အပြုအမူများကို ပြုလုပ်ခြင်း မရှိကြပေ။

ကြယ်စင်ကောင်းကင်အလယ်တွင် ချင်းရွှီး ရှိနေလေသည်။

သူ၏ ညာဘက်လက်တွင် ရွှမ်ဟွမ်စေတီတော်ကို ကိုင်ဆောင်ထားပြီး ဘယ်ဘက်လက်တွင်တော့ ဧကရာဇ်ပေတံကို ကိုင်ထားလေသည်။

သူက ကျောက်စိမ်းဝိညာဉ်နန်းတော်မှ အပြောင်းအလဲများကို ခံစားလိုက်မိသည့်အခါ မျက်လုံးများကို အသာဖွင့်ကြည့်လိုက်လေသည်။

ထိုအခါ သူ၏ မျက်ဝန်းများမှ ရွှေရောင်အလင်းတန်းများ ဖြာလင်းထွက်ပေါ်လာလေသည်။

ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် ကျောက်စိမ်းဝိညာဉ်နန်းတော်၏ ပရမ်းပတာအခြေအနေများကို တွေ့မြင်လိုက်ရပြီး ကျောက်စိမ်းဝိညာဉ်နန်းတော်ထဲတွင် ပွင့်လာသည့်တံခါးကိုလည်း တွေ့မြင်လိုက်ရလေသည်။

သူက တိုးတိတ်သည့် လေသံဖြင့်…

"ငါ ကျောက်စိမ်းဝိညာဉ်နန်းတော်ကို ပြန်ဖို့ အချိန်တန်ပြီ ထင်တယ်…"

…….

လူ့လောက ၊ ခုံးတုံ့တောင်…။

ခုံးတုံ့တောင်ပေါ်တွင် ခုံးတုံ့ဂိုဏ်းတည်ရှိလေသည်။

ကွမ်းချန်ကျီသည် တောင်ပေါ်တွင် တပည့်များကို တာအိုတရား သင်ကြားပေးနေရင်း ကောင်းကင်ထက်သို့ ရုတ်တရက် မော့ကြည့်လိုက်လေသည်။

"ကျုပ် ကျောက်စိမ်းဝိညာဉ်နန်းတော်ကိုပြန်ပြီး ယွမ်စီထျန်းကျွင်းနဲ့ တွေ့ဆုံရတော့မယ် ၊ တပည့်တို့ တစ်ချက်မှ မပေါ့လျော့ဘဲ ကျင့်ကြံရင်း နေခဲ့ကြပါ…"

ထို့နောက် မိုးကောင်းကင်တေးသွားသံ ထွက်ပေါ်လာပြီး ကွမ်းချန်ကျီက အင်္ကျီလက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်လေရာ အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မိုးကောင်းကင် (၉)ထပ်ဆီသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

နဂါးငွေ့တန်းသည် တိတ်ဆိတ်စွာဖြင့် စီးဆင်းနေလေသည်။

ထိုအချိန် နဂါးငွေ့တန်းကို ဖြတ်ကျော်ပြီး ပုံရိပ်တစ်ခု ကျောက်စိမ်းဝိညာဉ်နန်းတော်ရှိရာသို့ ထွက်ခွာသွားလေသည်။

နဂါးငွေ့တန်း ရေတပ်က ထိုအရိပ်ကို တားဆီးရန်ဟန်ပြင်လိုက်သော်လည်း ဝူကျီးချီက ချက်ချင်းပင် မတားဆီးရန် အမိန့်ပေးလိုက်လေသည်။

ရေတပ်စစ်ဗိုလ်ချုပ် ဝူကျီးချီမှာ တန်ခိုးစွမ်းအားမြင့်မားသည့် နတ်မိစ္ဆာတစ်ပါး ဖြစ်သော်လည်း ကျောက်စိမ်းဝိညာဉ်နန်းတော်၏ အရှင်သခင် ယွမ်စီထျန်းကျွင်းကို တားဆီးရသည်အထိ မိုက်မဲခြင်း မရှိသေးပေ။

ယွမ်စီထျန်းကျွင်း၏ ပုံရိပ်ကို တွေ့မြင်ရသည့်အခါ ဝူကျီးချီ ဆန်းလျန်အကြောင်းကို စဉ်းစားလိုက်မိပြီး ကျောရိုးထဲစိမ့်သွားအောင် ကြောက်ရွံ့တုန်လှုပ်သွားမိသည်။

သူက တိတ်ဆိတ်စွာဖြင့်ပင် ယွမ်စီထျန်းကျွင်းကို ချောင်းကြည့်နေခဲ့လေသည်။

ထိုအချိန်မှာပင်… တုန်လှုပ်နေသည့် ကျောက်စိမ်းဝိညာဉ်နန်းတော်ကြီး တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။

ကျောက်စိမ်းဝိညာဉ်နန်းတော်ထဲတွင် ထွက်ပေါ်လာသည့် တံခါးက တိမ်တိုက်ပလ္လင်တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။

တိမ်တိုက်ပလ္လင်ထက်တွင် အလင်းရောင်များက ပရမ်းပတာ ဟိုတစ်စ ဒီတစ်စ တောက်ပနေပြီး ထိုအလင်းရောင်များကြားတွင် တာအိုဆရာတစ်ယောက်၏ ပုံသဏ္ဍန်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။

တာအိုဆရာက အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း မဟုတ်ပေ။

သို့သော်… တစ်လောကလုံးကို ထိန်းချုပ်နိုင်စွမ်းများဖြင့် ပြည့်ဝနေသည့် အငွေ့အသက်များကို ခံစားလိုက်ကြရသည်။

လောကတစ်ခွင်ရှိ တောတောင်ရေမြေများ ၊ ကြယ်စင်များ ၊ အရာအားလုံးသည် ထိုတာအိုဆရာရှေ့တွင် အရေးမပါ ဗလာနတ္ထိပင် ဖြစ်လေသည်။

ထိုတာအိုဆရာသည်ကား…

"ယွိချင်တာအိုဆရာသခင်" ၊ "အံ့မခန်းမြင့်မြတ်သော ခရမ်းရောင်ဝိညာဉ် ကောင်းကင်ဘုံအရှင်" ဟူသော ဘွဲ့ထူးဂုဏ်ထူးများနှင့်ပြည့်စုံသည့် "ယွမ်စီထျန်းကျွင်း" ပင် ဖြစ်လေတော့သည်။

ထိုအချိန်… ကွမ်းချန်ကျီ ၊ ယွိတင်နှင့် ချင်းရွှီးတို့အားလုံးမှာ ကျောက်စိမ်းဝိညာဉ်နန်းတော်သို့ ရောက်ရှိနေကြပြီ ဖြစ်လေသည်။

သူတို့ (၃)ယောက်က ယွမ်စီထျန်းကျွင်း၏ ရှေ့ဘက်တွင် ဝါစဉ်အလိုက် နေရာယူထားကြပြီး သူတို့၏ အနောက်ဘက်တွင်တော့ အခြားနတ်ဘုရားများက အစီအရီနေရာယူထားကြသည်။

ကွမ်းချန်ကျီ ၊ ယွိတင်နှင့် ချင်းရွှီး တို့မှာ တန်ခိုးစွမ်းအားမြင့်မားလှသည့် ရွှေခန္ဓာအဆင့် နတ်ဘုရား (၃)ပါး ဖြစ်လေသည်။ လောကတွင် သူတို့နှင့်ယှဉ်နိုင်သည့် နတ်ဘုရား အနည်းငယ်မျှသာ ရှိလေသည်။

ယခုတော့ ကြီးကျယ်မြင့်မြတ်လှသည့် ရွှေခန္ဓာအဆင့် နတ်ဘုရားကြီး (၃)ပါးသည် ယွမ်စီထျန်းကျွင်းရှေ့တွင် မခုတ်တတ်သည့်ကြောင်လေးများပမာ ဖြစ်နေကြသည်။

သုံးလောကတွင် အပြောင်မြောက်ဆုံး တန်ခိုးစွမ်းအားကို ပိုင်ဆိုင်လေသူ ချင်းယွမ်မြောင်တောက်အရှင် ယန်ကျန်းမှာတော့ ဆန်းလျန်၏လက်ချက်ဖြင့် ကျဆုံးခဲ့ရပြီဖြစ်လေရာ ယွမ်စီထျန်းကျွင်းကို တွေ့ဆုံနိုင်ခွင့် မရှိလေတော့ပြီ။

ယွမ်စီထျန်းကျွင်း၏ ဦးခေါင်း အနောက်ဘက်တွင် ရောင်ခြည်စက်ဝန်းတစ်ခု ထွက်ပေါ်လာလေသည်။

ထိုရောင်ခြည်စက်ဝန်းသည် ဗုဒ္ဓ၏ သံသရာလမ်းမှ လွတ်မြောက်ရာစက်ဝန်းကဲ့သို့ပင် အဆုံးသတ်လမ်းစဉ်ကို ပြသသည့် တာအိုမဟာလမ်းစဉ်နှင့် ပြည့်လနက်လျှက် ရှိသည်။

ယွမ်စီထျန်းကျွင်းကို လူသားအသွင်ပြောင်းထားသည့် တာအိုတရားဟု တင်စားပြောဆိုမည်ဆိုလျှင် အတိဿယဝုတ္တိအလင်္ကာ မြောက်မည် မထင်ပေ။

ထိုအချိန်မှာပင်…

ယွမ်စီထျန်းကျွင်းက ကရုဏာတရားဖြင့်ပြည့်နေသည့် မျက်ဝန်းများဖြင့် ခန်းမဆောင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်လေသည်။

တပည့်များကတော့ ယွမ်စီထျန်းကျွင်း သူတို့ကို မှတ်မိသိရှိပါဦးမည်လားဟု တွေးတောရင်း စိတ်လှုပ်ရှားနေကြသည်။ ယွမ်စီထျန်းကျွင်း၏ မှတ်မိသိရှိခြင်းကို ခံရမည်ဆိုပါက အလွန်မှ ဂုဏ်ယူစရာကောင်းလှပေလိမ့်မည်။

တာအိုဆရာယွိတင်သည် ယွမ်စီထျန်းကျွင်းနှင့် နှစ်ပေါင်းများစွာကြာအောင် အတူတကွ နေထိုင်ခဲ့သူ ဖြစ်လေသည်။

ယခုတော့ ယွမ်စီထျန်းကျွင်း၏ မျက်ဝန်းအကြည့်များကြောင့် သူ အနည်းငယ် အံ့အားသင့်နေခဲ့လေသည်။ အကြောင်းမှာ… ဆရာဖြစ်သူ ထိုမျှ ကရုဏာတရားနှင့်ပြည့်နေသည်ကို တစ်ခါမှ မတွေ့မြင်ဖူးသောကြောင့် ဖြစ်သည်။

အတိတ်တစ်ချိန်က ကျောက်စိမ်းဝိညာဉ်နန်းတော်ကို အုပ်ချုပ်ရန်အတွက် ယွိတင်ကို ယွမ်စီထျန်းကျွင်းကိုယ်တိုင် တာဝန်ပေးအပ်ခဲ့လေသည်။

ထို့ကြောင့်… ယခုအချိန်တွင် ယွိတင်က အခြားသူများထက် အနည်းငယ် ပိုမိုရဲရင့်နေလေသည်။

ယွိတင်က…

"ဆရာ … လောကကို ဘာလို့ နောက်တစ်ကြိမ် ပြန်လာရတာလဲ…"

ယွမ်စီထျန်းကျွင်းက…

"ကျုပ်က ရုပ်ခန္ဓာတွေကို ဖန်ဆင်းပြီး စိတ်ဝိညာဉ်တွေကို တည်ဆောက်တယ် ၊ ဒါပေမဲ့ အခုတော့ ရုပ်ခန္ဓာတွေပျက်သုဉ်းပြီး စိတ်ဝိညာဉ်တွေ သေဆုံးကုန်ကြတော့မယ် ၊ ဒီတော့ လောကကို တစ်ခေါက် ပြန်လာရတာပေါ့…"

ယွမ်စီထျန်းကျွင်း၏ စကားကြောင့် ယွိတင်နှင့်အခြားသူများ မျက်နှာပျက်ကုန်ကြသည်။

ယွမ်စီထျန်းကျွင်း၏ စကားအရဆိုလျှင် မကြာမီ စကြာဝဠာပြတ်သုဉ်းသည့် အဆုံးသတ်ကာလရောက်တော့မည်မှာ ထင်ရှားနေပြီ ဖြစ်သည်။

ကွမ်းချန်ကျီက…

"ဆရာ… တပည့်ရဲ့ ကျင့်စဉ်လမ်းက မလွယ်ကူခဲ့ပါဘူး ၊သနားသောအားဖြင့် အဆုံးသတ်ကာလရဲ့ နောက်ဆုံးကပ်ဘေးကြီးကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ သင်ပြပေးစေလိုပါတယ်…"

ယွမ်စီထျန်းကျွင်းက မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။

ကွမ်းချန်ကျီကတော့ အလွန်စိုးရိမ်ပူပန်လျှက် ဆရာဖြစ်သူကို အထပ်ထပ်အခါခါ တောင်းပန်လျှက် ရှိလေသည်။

သူ့အနေဖြင့် ယခုအချိန်ထိ အသက်ရှည်လာအောင် ကျင့်ကြံနိုင်ခဲ့ပြီးမှ ကမ္ဘာပျက်ကိန်းကြုံရသည့်အချိန်တွင် အသက်မသေချင်ပေ။

ဘဝကို တွယ်တာခြင်းတရားကို ကွမ်းချန်ကျီ အဘယ်မှာ စွန့်လွှတ်နိုင်ပါမည်နည်း။

ယခု သူ့ရှေ့တွင် ကယ်တင်နိုင်မည့် ဆရာဖြစ်သူကို ပြန်တွေ့ရပြီ ဖြစ်သောကြောင့် အရဲစွန့်ပြီး အကြံဉာဏ်တောင်းခံရခြင်း ဖြစ်လေသည်။

ယွမ်စီထျန်းကျွင်းက စိတ်မရှည်သည့်ဟန်ဖြင့်…

"ကွမ်းချန်ကျီ… မင်း လာခဲ့…"

ကွမ်းချန်ကျီ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။

သူက ချက်ချင်းပင် ရှေ့သို့လှမ်းသွားလိုက်ပြီး တိမ်တိုက်ပလ္လင်အောက်တွင် ဒူးထောက်လိုက်လေသည်။

ယွမ်စီထျန်းကျွင်းက ကွမ်းချန်ကျီ၏ နဖူးကို လက်ဖြင့်တစ်ချက်ပွတ်သပ်လိုက်သည်။

ထိုအခါ … တန်ခိုးစွမ်းအားတစ်ခု သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ကွမ်းချန်ကျီ ခံစားလိုက်ရလေသည်။ ထိုတန်ခိုးစွမ်းအားမှာ ဝူကျီစည်းတံဆိပ်ဟုခေါ်ဆိုသည့် တန်ခိုးစွမ်းအားစည်းတံဆိပ်တစ်ခု ဖြစ်လေ၏။

ဝူကျီစည်းတံဆိပ်၏ လေးနက်မှုက ခန့်မှန်းရခက်ပြီး တန်ခိုးစွမ်းအား အတိမ်အနက်ကို ကွမ်းချန်ကျီပင် သိမြင်နိုင်ခြင်း မရှိပေ။

နောက်ဆုံးတော့ ယွမ်စီထျန်းကျွင်းသည် တပည့်ဖြစ်သူ ကွမ်းချန်ကျီကို ဆုလာဘ်အဖြစ် တန်ခိုးစွမ်းအား ပေးအပ်ခဲ့ပြီ ဖြစ်သည်။

ယွမ်စီထျန်းကျွင်းက သူ၏လက်ကို ကွမ်းချန်ကျီ၏ နဖူးထက်မှ ရုတ်သိမ်းလိုက်သည်နှင့် ကွမ်းချန်ကျီက နဖူးနှင့်ကြမ်းပြင်ထိသည်အထိ အကြိမ်ကြိမ် ဦးချကန်တော့လိုက်လေသည်။

ယွမ်စီထျန်းကျွင်းက တစ်ချက်ပြုံးလိုက်ရင်း…

"အရူး…"

ဟု ရေရွတ်လိုက်၏။

ချင်းရွှီးမှာလည်း ကွမ်းချန်ကျီ အကျိုးအမြတ်ရသွားသည်ကို တွေ့မြင်လိုက်သည်နှင့် အလျှင်အမြန်ပင် တောင်းပန်လိုက်လေသည်။

"ဆရာ… တပည့်ကိုလည်း သနားပါ…"

ယွမ်စီထျန်းကျွင်းက ကွမ်းချန်ကျီတစ်ယောက်တည်းကို ဘက်လိုက်ခြင်းမဟုတ်ပေ။

သူက လက်ချောင်းများကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ချင်းရွှီး၏ နဖူးထက်သို့ တစ်ချက်တောက်လိုက်လေသည်။ ယွမ်စီထျန်းကျွင်း၏ လက်ချောင်းထိပ်မှ ကြည်လင်သည့် အခိုးအငွေ့တစ်ခု ထွက်ပေါ်လာပြီး ချင်းရွှီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ထိုတန်ခိုးစွမ်းအားမှာ သိုင်းကွက် (၉)ကွက်ပါသည့် လက်ဖဝါးသိုင်းပညာ တစ်ခုဖြစ်လေသည်။

ထိုသိုင်းကွက် (၉)ကွက်တွင် စကြာဝဠာကို ဖွင့်လှစ်နိုင်ခြင်း တန်ခိုးစွမ်းအားများပါဝင်ပြီး အလွန်နက်ရှိုင်းလေသည်။

ချင်းရွှီးကျေနပ်သွားသည်။ သူက ဆရာဖြစ်သူကို ကျေးဇူးတင်မိသော်လည်း ကျေးဇူးတင်စကားကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ယွမ်စီထျန်းကျွင်းက ကွမ်းချန်ကျီနှင့် ချင်းရွှီးတို့ကို တန်ခိုးစွမ်းအားများ ထည့်သွင်းပေးပြီးသည်နှင့်…

"မင်းတို့ ပြန်ကြတော့… ၊ ကျုပ် (၃)ရက်တိတိ ကျေက်စိမ်းဝိညာဉ်နန်းတော်ထဲမှာ နေထိုင်မယ် ၊ မင်းတို့လည်း ငြိမ်ငြိမ်သက်သက် ကျင့်ကြံကြပါ…"

ယွမ်စီထျန်းကျွင်းက ထိုသို့ပြောလာသည့်အခါ မည်သူမှ ဆရာဖြစ်သူအနားတွင် ထပ်မနေရဲကြတော့ပေ။

ယွမ်စီထျန်းကျွင်းက ကွမ်းချန်ကျီနှင့် ချင်းရွှီးတို့ကိုသာ တန်ခိုးစွမ်းအားများ ချီးမြှင့်ခဲ့ပြီး ယွီတင်ကိုတော့ မည်သည့်တန်ခိုးစွမ်းအားမှ ပေးအပ်ခဲ့ခြင်း မရှိပေ။

သို့သော်… ယွိတင်မှာလည်း ဆရာဖြစ်သူကို မတောင်းဆိုဝံ့ပေ။

ဆရာဖြစ်သူသည် အတိတ် ၊ အနာဂတ်နှင့် ပစ္စုပ္ပန်အကြောင်းအရာများအားလုံးကို သိရှိသူဖြစ်သည် မဟုတ်ပါလား။ ဆရာဖြစ်သူက သူ့ကို တန်ခိုးစွမ်းအားမချီးမြှင့်သည်မှာ သူ့အကြောင်းနှင့်သူ ရှိပေလိမ့်မည်။

တပည့်များအားလုံး ကျောက်စိမ်းဝိညာဉ်နန်းတော်အပြင်ဘက်သို့ ရောက်သည်နှင့် နန်းတော်တံခါးက ပိတ်သွားလေသည်။

ကျောက်စိမ်းဝိညာဉ်နန်တော်အပြင်ဘက်တွင်တော့ တိမ်တိုက်များက လင်းလက်နေပြီး နဂါးငွေ့တန်းက ကြည်လင်စွာ စီးဆင်းလျှက် ရှိလေသည်။

ကွမ်းချန်ကျီက…

"ဂိုဏ်းတူညီလေးယွိတင် ၊ မင်းက ဘာလို့ ဆရာ့ဆီက တန်ခိုးစွမ်းအားမတောင်းခံရတာလဲ…"

ယွိတင်က မကျေမနပ်ဖြင့်…

"ဆရာ့မှာ သူ့အစီအစဉ်နဲ့သူ ရှိမှာပေါ့ ၊ အစ်ကိုတို့က ဒီလိုပြောလိုက်တော့ သူက ကျုပ်က ဘာပြန်ပြောရမလဲ…"

ထို့နောက် ယွိတင်က ဒေါသတကြီးဖြင့် ရွှမ်တုတောက်ကျွင်း သင်ပေးထားသည့် ယိချီစန်းချင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်လေသည်။

ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ကွမ်းချန်ကျီကို ဖုံးလွှမ်းသွားလေသည်။

ယွိတင်ထံမှ ပြင်းထန်သည့်တန်ခိုးစွမ်းအားများကို ရင်ဆိုင်လိုက်ရသည့်အခါ ကွမ်းချန်ကျီမှာ နောက်သို့ ခြေလှမ်းအနည်းငယ် မသိမသာ ဆုတ်လိုက်မိသည်။

ထိုအချိန်မှာပင် ထူးဆန်းသည့် အဝါရောင်အလင်းတန်းများ သူတို့ (၂)ယောက်ကြားတွင် ထွက်ပေါ်လာလေသည်။

ရောက်လာသူမှာ ချင်းရွှီးပင် ဖြစ်လေ၏။

ချင်းရွှီးက ပြုံးလိုက်ရင်း…

"ဂိုဏ်းတူအစ်ကို (၂)ယောက် ဘာကိစ္စ ပြဿနာတက်နေကြတာလဲ ၊ ဒါပေမဲ့ ကျုပ် မှတ်မိတာတစ်ခုကတော့ ဘာလို့ ဂိုဏ်းတူအစ်ကို နန်ကျီက ကျောက်စိမ်းဝိညာဉ်နန်းတော်ကို မလာရတာလဲ…"

နန်ကျီနတ်ဘုရား ကျောက်စိမ်းဝိညာဉ်နန်းတော်သို့ မလာသည်မှာ ထူးဆန်းသည်ဟု ယွိတင်နှင့် ကွမ်းချန်ကျီ ခံစားလိုက်ရလေသည်။

နန်ကျီနတ်ဘုရား လူပြန်ဝင်စားသူက ချန်စန်းဧကရာဇ် ဖြစ်လေသည်။ သူက လောကရှိ ဧကရာဇ်များအလယ်တွင် ကျော်ကြားသူတစ်ယောက် ဖြစ်သည်။

သူ၏ အဆင့်က ကျန်းဝူနတ်ဘုရားထက် အဆင့်မနိမ့်ပေ။

နန်ကျီနတ်ဘုရား မည်သည့်နေရာတွင်ရှိသည်ကို မည်သူမှ မသိရှိနိုင်ပေ။ သူက လျှို့ဝှက်ဆန်းကျယ်သူတစ်ယောက် ဖြစ်လေသည်။

ယခု ယွမ်စီထျန်းကျွင်း လောကတွင် ကိုယ်ထင်ပြသည့်အချန်တွင် ယွမ်စီထျန်းကျွင်း၏ တပည့်တစ်ယောက်ဖြစ်သည့် နန်ကျီနတ်ဘုရားအနေဖြင့် ဆရာဖြစ်သူကို လာမတွေ့စရာ အကြောင်းမရှိပေ။

သို့သော်… နန်ကျီနတ်ဘုရား ရောက်ရှိလာခဲ့ခြင်း လုံး၀ မရှိခဲ့ပေ။

နန်ကျီနတ်ဘုရား ၊ တာအိုဆရာယွိတင် ၊ ကွမ်းချန်ကျီ ၊ ချင်းရွှီးတို့ (၄)ယောက်ကို ကြည့်ခြင်းအားဖြင့် ဆရာတစ်ယောက်အပေါ်တွင် သဘောထားအမျိုးမျိုးထားရှိသည့် တပည့်များအကြောင်းကို သိမြင်နိုင်မည် ဖြစ်လေသည်။

***

All Chapters