← Chapters

စန့်ချင်တာအိုဆရာသခင်နှင့်တွေ့ဆုံခြင်း

Vol. 11 Ch. 1017

စန့်ချင်တာအိုဆရာသခင်နှင့်တွေ့ဆုံခြင်း

Vol. 11 Ch. 1017

ဆရာဖြစ်သူက သူ့ကို တန်ခိုးစွမ်းအား ချီးမြှင့်ခြင်းမရှိသည့်အတွက် ယွိတင် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

ပြီးတော့.... သူ သံသယလည်းဝင်နေခဲ့သည်။

ဆရာက ကွမ်းချန်ကျီနှင့် ချင်းရွှီးတို့ကို တန်ခိုးစွမ်းအားအသီးသီးပေးခဲ့သော်လည်း သူ့ကိုအဘယ့်ကြောင့်ချန်ထားခဲ့ရပါသနည်း။ ဆရာက သူ့ကိုချန်ထားခဲ့သည့်အတွက် ယွိတင်၏စိတ်ထဲတွင် ပဟေဠိဖြစ်နေလေသည်။

ကွမ်းချန်ကျီနှင့် ချင်းရွှီးတို့ကတော့ တန်ခိုးစွမ်းအားများ ရရှိသွားကြပြီ ဖြစ်သည်။

သူတို့အားလုံး အနည်းငယ် စိတ်ရှုတ်ထွေးနေကြသည့်တိုင် အသေးအဖွဲကိစ္စများကို အရေးစိုက်မနေတော့ဘဲ အသစ်ရရှိသည့် တန်ခိုးစွမ်းအားများကို အသုံးပြုပြီး ကျင့်ကြံအားထုတ်ရန် စိတ်အားထက်သန် နေခဲ့ကြလေသည်။

စကြာဝဠာပျက်သုဉ်းမည့် အဆုံးသတ်ကပ်ဘေးကြီးက နီးကပ်လာပြီ ဖြစ်သည်။ သူတို့ရရှိထားသည့် တန်ခိုးစွမ်းအားများဖြင့် အဆုံးသတ်ကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်ရန် မျှော်လင့်မိကြလေသည်။

ထို့နောက်… ကောင်းကင်ဘုံနန်းတော်တွင် နေစရာ နေရာအသီးသီး ရှာဖွေပြီး တန်ခိုးစွမ်းအားများကို စတင်ကျင့်ကြံရန် ကွမ်းချန်ကျီနှင့် ချင်းရွှီးတို့ ထွက်ခွာသွားကြလေတော့သည်။

ကျောက်စိမ်းဝိညာဉ်နန်းတော်အပြင်ဘက်တွင် တာအိုဆရာယွိတင် တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။

တာအိုဆရာယွိတင် အတွေးလွန်နေရာမှ သတိပြန်ဝင်လာလေသည်။ သို့တိုင်အောင်… မကျေမနပ် ခံစားနေရဆဲ ဖြစ်လေ၏။

အမှန်တော့… ရွှေခန္ဓာအဆင့် နတ်ဘုရား (၁၂)ပါးကို ဆရာ့ကိုယ်စား လမ်းညွှန်သင်ပြပေးခဲ့သူမှာ အကြီးဆုံးတပည့် ကွမ်းချန်ကျီ ဖြစ်လေသည်။

ထို့ကြောင့်… ဆရာဖြစ်သူ ယွမ်စီထျန်းကျွင်းပြီးလျှင် ကွမ်းချန်ကျီကို အလေးထားသင့်လေသည်။

ထို့ပြင်… ကွမ်းချန်ကျီသည် ခုံးတုံ့တောင်တွင်လည်း တာအိုတရားများကို ဆက်လက်သင်ပြပေးနေသူတစ်ယောက် ဖြစ်လေရာ လေးစားစရာကောင်းသူတစ်ယောက်ဟု ဆိုနိုင်လေသည်။

ကွမ်းချန်ကျီသည် ဗုဒ္ဓ၏ ပထမဆုံးတပည့်လည်းဖြစ် ၊ စန့်ချင်တာအိုဆရာသခင်၏ ပထမဆုံး တပည့်လည်းဖြစ်သော သောပေါင်နှင့် အဆင့်အတန်း အတူတူပင် ဖြစ်လေသည်။

ယွိတင် သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။ သူ့ရင်ထဲတွင် ခံစားချက်များဖြင့် ပြည့်နက်နေလေ၏။

ထို့နောက်… သူက ပိတ်ထားသည့် ကျောက်စိမ်းဝိညာဉ်နန်းတော်တံခါးကို တစ်ချက် လှမ်းမျှော်ကြည့်လိုက်လေသည်။

နန်းတော်အတွင်းပိုင်းမှ ပရမ်းပတာလှုပ်ခတ်နေမှုကြီးက နက်ရှိုင်းလွန်းလှသည်။ သို့သော်… ဆရာဖြစ်သူ မည်သည့်အတွေးများ တွေးတောနေသည်ကို ယွိတင် မသိရှိနိုင်ခဲ့ပေ။

အမှန်တော့ သူတို့ကဲ့သို့ တပည့်များသည် ဆရာဖြစ်သူအတွက် အရေးမပါသူများလည်း ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

သို့သော်… (၃)ရက်ကြာ၍ ဆရာဖြစ်သူနှင့် ထပ်မံတွေ့ဆုံခွင့်ရလျှင်တော့ ယန်ကျန်းကို အသက်ပြန်သွင်းပေးရန် တောင်းဆိုမည်ဟု ယွိတင် ဆုံးဖြတ်ချက်ချလိုက်မိသည်။

တပည့်ဖြစ်သူ ယန်ကျန်းအကြောင်းကို စဉ်းစားမိသည့်အခါ ယွိတင်သည် ဆန်းလျန်အပေါ်တွင် အငြိုးအာဃာတများဖြင့် အမုန်းကြီး မုန်းတီးမိလေတော့သည်။

………………

တာအိုဆရာယွိတင်၏ အမုန်းနှင့် အငြိုးအာဃာတများသည် ဆန်းလျန်အတွက်တော့ လေပြေလေး တိုက်ခတ်နေသည့်အလားပင် ဖြစ်လေသည်။

ထိုအမုန်းတရားများက ဆန်းလျန်ကို တစ်စက်လေးပင် ထိခိုက်နာကျင်စေနိုင်ခြင်း မရှိပေ။

ဆန်းလျန်သည် သက်ရှိသတ္တဝါအားလုံး၏ အသွင်အပြင်ကို ပြောင်းလဲနေလေသည်။ ထိုအလုပ်ကိုလုပ်ရင်း လောကရှိ ကိစ္စရပ်များနှင့် လောကီရေးရာ အရာအားလုံးကို သူ့မျက်လုံးထဲတွင် ပိုမိုရှင်းလင်းစွာ သိမြင်လာလေသည်။

ရွှမ်တုတောက်ကျွင်း ၊ တာအိုဆရာယွိတင်တို့ တွေးတောနေသည့် အတွေးများကိုပင် ဆန်းလျန် သိမြင်နေလေသည်။

သို့သော်… ထိုသူများ၏ အတွေးများကို သိရှိရသည့်အတွက် ဆန်းလျန် ဘာအကျိုးမှ မရှိတော့ပေ။

ဆန်းလျန်က လူတစ်ယောက်ဖြစ်သည်ဆိုလျှင် ထိုသူများသည် ပုရွက်ဆိတ်များသာသာပင်ဖြစ်သည်။ လူတစ်ယောက်သည် ပုရွက်ဆိတ်တစ်ကောင်ကို အဘယ်မှာ အလေးထားပါမည်နည်း။ လူတစ်ယောက်သည် ပုရွက်ဆိတ်တစ်ကောင်နှင့် အဘယ်မှာ ဖက်ပြိုင်ရန်ဖြစ်နေပါဦးမည်နည်း။

ဤအချက်က ရက်စက်ရာကျသော်လည်း အမှန်တရားပင် ဖြစ်လေသည်။

ရွှမ်တုတောက်ကျွင်းသည် လောကရှိ ကျင့်ကြံသူများ အားလုံးထဲတွင် ထိပ်တန်းအဆင့် ဖြစ်လေသည်။

သို့သော်… ဆန်းလျန်၏အမြင်တွင်တော့ နည်းနည်း ခွန်အားပိုကြီးသည့် ပုရွက်ဆိတ်ကြီးတစ်ကောင်မျှသာ ဖြစ်သည်။ သူတို့ (၂)ယောက်ကြားမှ အဆင့်အတန်းသည် အလွန်တရာ ကွာခြားခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်သည် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။ မွေးဖွားလာတော့မည့် သန္ဓေသားကဲ့သို့ ဖြစ်လေသည်။

သူ၏ အမြုတေနှင့် အသိဉာဏ်ပညာက အခြားတာအိုဆရာသခင်ကြီးများနှင့် တူညီနေပြီ ဖြစ်လေသည်။

တာအိုဆရာသခင်ကြီးများက ဒဏ္ဍာရီ ဆန်လွန်းလှသည်။

ဆန်းလျန်သည် နှစ်ပေါင်းအသင်္ချေမက ကျင့်ကြံခဲ့ပြီးသည့်နောက် နဝမမြောက် တာအိုဆရာသခင်ကြီး ဖြစ်လုနီးပြီ ဖြစ်သည်။

သို့သော်… စိတ်လှုပ်ရှားခံစားရခြင်း တစ်စက်လေးပင် မရှိပေ။

ဆန်းလျန်သည် လောကရှိ အကြောင်းအရာအားလုံးကို နားလည်သိမြင်သွားပြီ ဖြစ်သော်လည်း အခြားတာအိုဆရာသခင်ကြီး(၈)ပါး ဝင်ရောက်စွက်ဖက်ထားသည့် အကြောင်းအရာများကိုတော့ နားလည်နိုင်ခြင်း မရှိသေးပေ။

ထိုအရာများကို နားမလည်၍လည်း ဆန်းလျန်ကို ထိခိုက်ခြင်း မရှိပေ။

ထို့ပြင်… အခြားတာအိုဆရာသခင်ကြီး (၈)ပါးသည်လည်း ဆန်းလျန် နဝမမြောက်တာအိုဆရာသခင်ကြီးအဖြစ် အဆင့်တက်ရောက်တော့မည်ကို ဝင်ရောက်နှောက်ယှက်ရန် အစီအစဉ် ရှိကြဟန် မပေါ်ပေ။

သူတို့က ဆန်းလျန်အောင်မြင်မှုရသည်ကို တိတ်တဆိတ်စောင့်ဆိုင်းနေကြဟန်ပင် ရှိသည်။

ဆန်းလျန် မည်သည့်အချိန် ၊ မည်သည့်နေရာတွင် ရောက်ရှိနေသည်လဲ သူ့ကိုယ်သူ မခန့်မှန်းနိုင်ပေ။ သူက နေရာတိုင်း ၊ အချိန်တိုင်းတွင် ရှိနေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

သက်ရှိသတ္တဝါများ ရှိနေသည့် နေရာတိုင်းတွင် ဆန်းလျန်ရှိနေခြင်း ဖြစ်နိုင်သည်။

သူက လောက၏ ဖန်ဆင်းရှင်အလား သဘာဝတရားနှင့် တစ်သားတည်းကျနေပြီး သက်ရှိများအားလုံးကို သိရှိနားလည်နေလေသည်။

လူတိုင်း၏ မူလအစသည် ယွမ်စီထျန်းကျွင်း၏ ဖန်ဆင်းခြင်း ဗီဇအလင်းရောင်နှင့် ပြည့်စုံနေလေသည်။

အရာအားလုံးကို ယွမ်စီထျန်းကျွင်းက စတင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့ဆိုလျှင် အဆုံးသတ်သည် ဆန်းလျန် ဖြစ်လေမည်လား။

ဆန်းလျန်အတွက်တော့… မိုးနှင့်မြေ၏ ကျယ်ပြန့်မှု ၊ အဆုံးမရှိသည့် စကြာဝဠာနှင့် များပြားလှစွာသော လောက၏ အကြောင်းအရာများသည် ဖုံမှုန့်တစ်စထက် မပိုတော့ပေ။

ထို့ကြောင့် ထိုက်စန့်လောင်ကျွင်းက စကြာဝဠာမဖြစ်တည်မီ တည်ရှိခဲ့သည့် ဖုံမှုန့်အဖြစ် အသွင်ပြောင်းလဲပြခဲ့ခြင်းဖြစ်ဟန်တူလေသည်။

ဆန်းလျန် သက်ရှိသတ္တဝါအားလုံး၏ အသွင်အပြင်ကို ပြောင်းလဲနေခြင်း ပြီးဆုံးလုနီးပါးအချိန်တွင် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။

ဆန်းလျန်၏ တည်ငြိမ်အေးဆေးနေသည့် စိတ်အစဉ်သည် ချက်ချင်းပင် သတိအနေအထား ဖြစ်သွားလေသည်။

ထိုဓားဝိညာဉ်ကို ဆန်းလျန် သေသေချာချာ မှတ်မိလေသည်။ မိုးနှင့်မြေတွင် တစ်ခုတည်းရှိသည့် ဓားဝိညာဉ် ဖြစ်လေ၏။

ဓားဝိညာဉ်၏အလင်းရောင်က အနီရောင်ဖြစ်သင့်သည်ဟုပင် ဆန်းလျန် တွေးလိုက်မိသည်။

ထိုဓားဝိညာဉ်ကို မည်သို့ ခေါ်ဆိုသင့်ပါသနည်း။

နတ်ဘုရားဒဏ်ခတ်ဓားလည်း မဟုတ် ၊ နတ်ဘုရားထောင်ချောက်ဓားလည်း မဟုတ် ၊ နတ်ဘုရားတန်ခိုးဖျက်ဓားလည်း မဟုတ် ၊ နတ်ဘုရားသုတ်သင်ဓားလည်း မဟုတ်…။

ထိုဓားဝိညာဉ်ကို ထုန်ထျန်းဓားဝိညာဉ်ဟု ခေါ်သင့်လေသည်။ အကြောင်းမှာ… ထုန်ထျန်းအရှင်သခင် ပြုလုပ်ခဲ့သည့် ဓားတစ်လက် ဖြစ်နေသောကြောင့် ဖြစ်သည်။

ထိုဓားဝိညာဉ်သည် လောကရှိ အရာအားလုံးကို သုတ်သင်ပစ်နိုင်ပြီး စိတ်ထဲမှ အတွေးများကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိလေသည်။

ထိုဓားဝိညာဉ်ကြောင့် ဆန်းလျန် သက်ရှိသတ္တဝါအားလုံး၏ အသွင်အပြင်ကို ပြောင်းလဲနေခြင်းသည်ပင် ခဏတာမျှ ရပ်တန့်သွားခဲ့လေသည်။

သို့သော်… ခဏသာဖြစ်ပြီး ဆန်းလျန်က သူလုပ်နေသည့်အလုပ်ကို ဆက်လုပ်နေလေသည်။

သူက ဓားဝိညာဉ်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ဓားဝိညာဉ်ထွက်ပေါ်လာရာနေရာကို စူးစိုက်ကြည့်နေသည်။

ထို့နောက်… ဓားဝိညာဉ်သည် သူနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်သည့် နတ်ဘုရားတစ်ပါးအသွင်သို့ ပြောင်းလဲသွားလေသည်။

ဆန်းလျန် ကျင့်စဉ်လမ်းသို့ မဝင်ရောက်မီ ငယ်စဉ်အချိန်ကပင် အကြိမ်ပေါင်းများစွာ သူ၏ စိတ်အာရုံထဲတွင် ပုံဖော်ပြီး ကျင့်ကြံခဲ့ဖူးသည့် လင်ပေါင်ထျန်းကျွင်း၏ ပုံရိပ်ပင် ဖြစ်လေသည်။

"စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း" စာအုပ်တွင် ပန်းချီရေးဆွဲထားသည့် လင်ပေါင်ထျန်းကျွင်း အစစ်အမှန်၏ ပုံရိပ်ကို တွေ့မြင်နေရခြင်း ဖြစ်သည်။

"ထုန်ထျန်းအရှင်သခင်" ၊ "စန့်ချင်တာအိုဆရာသခင်" ဆိုသည့် ဂုဏ်ပုဒ်များနှင့်ပြည့်စုံသည့် "လင်ပေါင်ထျန်းကျွင်း" ပင် ဖြစ်လေတော့သည်။

ဆန်းလျန်သည် သူ့ဘဝတွင် စန့်ချင်တာအိုဆရာသခင်၏ ကိုယ်ခွဲများနှင့် တိုက်ခိုက်ခဲ့ဖူးလေသည်။

အသူရာချောက်ရှိ အပြာရောင်ခရီးရှည်နန်းတော်တွင်တစ်ကြိမ် ၊ ထုန်ထျန်းမြစ် မြစ်ဖျားခံရာဒေသတွင် တစ်ကြိမ် ဖြစ်လေသည်။

သို့သော်… ယခု သူ့ရှေ့တွင်ရောက်နေသည့် စန့်ချင်တာအိုဆရာသခင်သည် ကိုယ်ခွဲတစ်ခုမဟုတ်ပေ။

တကယ့်အစစ်အမှန် ၊ ကြီးမြတ်သည့် တည်ရှိမှုတစ်ခုဖြစ်သည့် စန့်ချင်တာအိုဆရာသခင် အစစ်အမှန် ဖြစ်လေသည်။

ဆန်းလျန်က…

"နောက်ဆုံးတော့ စန့်ချင်တာအိုဆရာသခင်ကို တွေ့ခွင့်ရပြီပေါ့…"

အတိတ်တစ်ချိန်ကသာ လင်ပေါင်ထျန်းကျွင်း အစစ်အမှန်ကို တွေ့မြင်ရမည်ဆိုလျှင် ဆန်းလျန် အတော်လေး စိတ်လှုပ်ရှားမိမည် ဖြစ်လေသည်။

သို့သော်… ယခုတော့ "တွေ့ခွင့်ရပြီ" ဆိုသည့် ခံစားချက်မှလွဲပြီး ဘာမှ မပိုခဲ့ပေ။

စန့်ချင်တာအိုဆရာသခင်၏ မျက်နှာသည် သူ ယခင်က စိတ်ထဲတွင် ပုံဖော်ကြည့်ခဲ့စဉ်ကကဲ့သို့ ဝါးတားတားဖြစ်နေခြင်း မရှိပေ။ အလွန်မှ အသွင်အပြင်က ရှင်းလင်းကြည်လင်နေလေသည်။

သို့သော်… စန့်ချင်တာအိုဆရာသခင်သည် တစ်ကြိမ်မြင်ရုံဖြင့် မှတ်မိလွယ်သည့် အသွင်အပြင်မျိုး မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော်… စန့်ချင်တာအိုဆရာသခင်၏ အသွင်အပြင်သည် လူသားများ၏နှလုံးသားမှ ရောင်ပြန်ဟပ်သည့်အတိုင်း ပြောင်းလဲနေတတ်သောကြောင့် ဖြစ်သည်။

စန့်ချင်တာအိုဆရာသခင်အပေါ် လူသားတစ်ယောက်ထားရှိသည့် ခံယူချက်အတိုင်း အသွင်အပြင်ထင်ဟပ်မည် ဖြစ်လေသည်။

လူသားတစ်ယောက်၏ ခံယူချက်ပြောင်းလဲသွားလျှင် စန့်ချင်တာအိုဆရာသခင်၏ အသွင်အပြင်သည်လည်း ပြောင်းလဲသွားမည် ဖြစ်သည်။

ထို့ကြောင့် အမြဲတမ်း ပုံသေသတ်မှတ်၍ မဖြစ်နိုင်ပေ။

ဤသည်မှာ စန့်ချင်တာအိုဆရာသခင်၏ သဘောသဘာဝပင်ဖြစ်ကြောင်း ဆန်းလျန် ကောင်းကောင်း သိရှိသည်။

ထိုက်ချင်တာအိုဆရာသခင် ထိုက်စန့်လောင်ကျွင်း၏ ထိပ်တန်းအဆင့်ထူးခြားမှုက "မရှိမှု" ဖြစ်လေသည်။

ယွိချင်တာအိုဆရာသခင် ယွမ်စီထျန်းကျွင်း၏ ထိပ်တန်းအဆင့် ထူးခြားမှုက "ယွမ်စီထျန်းကျွင်းသည် သတ္တဝါများအားလုံး၏ မူလအစ" ဖြစ်ခြင်း ဖြစ်လေသည်။

စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်း၏ ထိပ်တန်းအဆင့် ထူးခြားမှုကတော့ "စဉ်ဆက်မပြတ် ပြောင်းလဲနေခြင်း" ပင် ဖြစ်လေသည်။ စန့်ချင်တာအိုဆရာသခင်သည် ဖြစ်နိုင်ချေများအားလုံးကို ကိုယ်စားပြုသူ ဖြစ်လေ၏။

ထို့ကြောင့် စန့်ချင်တာအိုဆရာသခင်၏ တာအိုတရားသည် "မမြဲသောတရား" ကို ကိုယ်စားပြုလေသည်။ မည်သည့်အရာကိုမှ ပုံသေသတ်မှတ်၍ မရနိုင်ပေ။

အဆုံးသတ်ကိုလည်း ကြိုတင်သတ်မှတ်၍ မရသလို အရာအားလုံးကိုလည်း အသစ်မှစတင် ပြန်လည် ပြုပြင်ရေးသားနိုင်လေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် စန့်ချင်တာအိုဆရာသခင်၏ တာအိုလမ်းစဉ်က ပိုပြီး လောကနှင့် လိုက်လျောညီထွေရှိသည် ၊ သက်ရှိသတ္တဝါများနှင့် ပိုပြီးသင့်တော်သည်ဟု ဆိုနိုင်သည်။

သို့သော်… အမြဲတမ်းပြောင်းလဲနေခြင်းက တစ်ခါတစ်ရံတွင်တော့ မကောင်းနိုင်ပေ။

စန့်ချင်တာအိုဆရာသခင် အမျက်ဒေါသထွက်ပြီဆိုလျှင်တော့ အရာအားလုံးကို ဖျက်စီးပစ်ရန် ဝန်လေးသူ မဟုတ်ပေ။

ဤအချက်ကို ကြည့်မည်ဆိုလျှင် စန့်ချင်တာအိုဆရာသခင်သည် တာအိုဆရာသခင်ထိုက်ယီနှင့် အတော်လေး ဆင်တူသည်ဟု ဆိုနိုင်လေသည်။

တာအိုဆရာသခင်ကြီးများ၏ တန်ခိုးစွမ်းအားက အတူတူပင် ဖြစ်လေသည်။ သို့သော်… တာအိုလမ်းစဉ်ကတော့ အမှန်ပင် ခြားနားကြသည်။

ယခု ဆန်းလျန်သည်လည်း အခြားတာအိုဆရာသခင်ကြီးများသည့် မတူညီသည့် လမ်းကြောင်းဖြင့် တာအိုဆရာသခင်ကြီးတစ်ပါးအဖြစ် အဆင့်တက်ရောက်တော့မည် ဖြစ်လေသည်။

ထိုအချက်က အလွန်မှ အံ့သြစရာ ကောင်းလှသည်။

သူ၏ တာအိုဆရားက ဘာဖြစ်မည်လဲဟု ဆန်းလျန် တွေးတောကြည့်လိုက်မိသည်။

ထိုအကြောင်းကို စဉ်းစားလိုက်မိသည်နှင့် သူက "ရေ" ၏ ဖော်ပြချက်ကိုသာ သတိရမိသည်။ "ရေ" ဆိုသည်က မည်သည့်အချိန် ၊ မည်သည့်အခြေအနေတွင်မဆို အလိုက်သင့်စီးဆင်းဝင်ရောက်နိုင်စွမ်း ရှိလေသည်။

ရေကြီးရေလျှံဖြစ်သည့်အခါ လောကတစ်ခုလုံး ရေများဖြင့် စိုရွှဲနစ်မြုပ်စေသော်လည်း ရေ၏ သဘောသဘာဝတွင် အဖျက်တရား မပါဝင်ပေ။

ရေသည် အခြေအနေတစ်ခုမှ ပြန်မလှည့်နိုင်သည့်အခါ အရာအားလုံးကို တွန်းထုတ်ပြီး ရေကြီးရေလျှံခြင်းကို ဖြစ်ပေါ်စေရခြင်းသာ ဖြစ်သည်။

သို့သော်… မည်မျှကြီးမားသည့် ရေကြီးရေလျှံမှုဖြစ်လာပါစေ အသက်ဓာတ်စွမ်းအားများအားလုံးကိုတော့ ပျောက်ကွယ်သွားသည်အထိ မပြုလုပ်ပေ။

သူဆိုသည့် ဆန်းလျန်က သူ့ရှေ့တွင်ရှိနေသည့် စန့်ချင်တာအိုသခင်ထက် နူးညံ့သိမ်မွေ့သူ ဖြစ်လေသည်။ ဤသည်မှာလည်း သူ၏ အတွေ့အကြုံနှင့် သက်ဆိုင်လေသည်။

ဆန်းလျန်က တာအိုဆရာသခင်ကြီးများကြားတွင် လူသားအဆန်ဆုံး တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာပေလိမ့်မည်။

ဗုဒ္ဓနှင့် တာအိုဆရာသခင်ထိုက်ယီသည်လည်း လူသားဆန်ကြသူများ ဖြစ်လေသည်။ သူတို့သည် လူသားဆန်သည့်အတွက်သာ ဘဝပေါင်းများစွာ လူပြန်ဝင်စားခဲ့ကြခြင်း ဖြစ်သည် မဟုတ်ပါလား။

အမှန်တော့ တာအိုဆရာသခင်ကြီး (၈)ပါးလုံးသည် မူလနတ်ဘုရားနှင့် မူလနတ်မိစ္ဆာများ ဖြစ်ကြလေသည်။

လူသားစင်စစ်မှ တာအိုဆရာသခင်ကြီးဖြစ်လာသူဆို၍ ဆန်းလျန်တစ်ယောက်သာ ရှိမည် ဖြစ်သည်။

ဗုဒ္ဓနှင့် တာအိုဆရာသခင်ထိုက်ယီက ဘဝပေါင်းများစွာ လူပြန်ဝင်စားခဲ့ကြသည့်အတွက် လူသားဆန်ကြသည်ဆိုဦးတော့ သူတို့၏ ဇာစ်မြစ်အစပိုင်းသည် မူလနတ်ဘုရားများသာ ဖြစ်ကြလေသည်။

စန့်ချင်တာအိုဆရာသခင်က စကားတစ်ခွန်မှ မပြောဘဲ အချိန်ကြာမြင့်စွာ ဆန်းလျန်ကို စိုက်ကြည့်နေခဲ့လေသည်။

အတန်ကြာမှ သူက စကားစပြောလိုက်သည်။

"မင်း အောင်မြင်ခါနီးနေပြီပဲ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဒါပေါ့…"

ဆန်းလျန် သက်ရှိသတ္တဝါအားလုံး၏ အသွင်အပြင်ကို ပြောင်းလဲနေခြင်း ပြီးဆုံးလုနီးပြီကို စန့်ချင်တာအိုဆရာသခင်က ရည်ရွယ်ပြောဆိုခြင်း ဖြစ်သည်။

စန့်ချင်တာအိုဆရာသခင် ဆန်းလျန်ကို အဘယ့်ကြောင့် လာရောက်တွေ့ဆုံရပါသနည်း။ အကြောင်းတစ်ခုခုတော့ ရှိပေလိမ့်မည်။

သို့သော်… ဆန်းလျန်ကတော့ စိုးရိမ်ပူပန်ခြင်း မရှိပေ။

သူက စန့်ချင်တာအိုဆရာသခင်၏ ရှေ့မှောက်တွင်ပင် တာအိုဆရာသခင်ကြီးတစ်ပါးအဖြစ် အဆင့်တက်ရောက်တော့မည် ဖြစ်လေသည်။

သူ့အနေဖြင့် အရာအားလုံးနှင့် ကင်းရှင်းပြီး လွတ်လပ်စွာ ရပ်တည်နိုင်တော့မည် ဖြစ်သည်။

ဆန်းလျန်ဆိုသည်မှာ အခြားတာအိုဆရာသခင်ကြီးများ၏ အသုံးချခံ နယ်ရုပ်လေးတစ်ရုပ် မဟုတ်တော့ပေ။

ထိုအတွေးများကို နောက်ဆုံးတွေးတောလိုက်ပြီးသည့်နောက်…

ဆန်းလျန် သက်ရှိသတ္တဝါအားလုံး၏ အသွင်အပြင်ကို ပြောင်းလဲနေခြင်းအားလုံး ပြီးဆုံးသွားကာ တာအိုဆရာသခင်ကြီးတစ်ပါးအဖြစ် အဆင့်တက်ရောက်သွားလေတော့သည်။

***

All Chapters