← Chapters

ထုန်ထျန်းအရှင်ကတိုက်ခိုက်ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့

Vol. 11 Ch. 1018

ထုန်ထျန်းအရှင်ကတိုက်ခိုက်ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့

Vol. 11 Ch. 1018

ဖန်သားကောင်းကင်ဘုံ…။

ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင်သခင် ချင်းရွှမ်ထျန်းကျွင်းသည် သဲလွန်စမကျန် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

သို့သော်… ထိုနေရာတွင် တိမ်တိုက်တစ်စအလား ဖြူစင်သော အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် တာအိုဆရာလူငယ်တစ်ယောက် ရောက်နေလေသည်။

ထိုတာအိုဆရာလူငယ်မှာ ဆန်းလျန်ပင်ဖြစ်လေသည်။

ထိုတာအိုဆရာလူငယ်က ကျောက်ရှောင်ယွီ၏ ဝိညာဉ်ကင်းမဲ့နေသည့် ရုပ်အလောင်းကို စိုက်ကြည့်နေလေသည်။

ထိုတာအိုဆရာ၏ မျက်လုံးများက ခံစားချက်ကင်းမဲ့ပြီး ဗလာကျင်းနေလေသည်။ ထို့အတူ အထီးကျန်ခြင်းနှင့် လွမ်းဆွတ်တမ်းတခြင်းများကိုလည်း ထိုမျက်ဝန်းများထဲတွင် တွေ့မြင်ရမည် ဖြစ်လေ၏။

ထိုတာအိုဆရာလူငယ်၏ ပတ်ဝန်းကျင်တွင် မယုံကြည်နိုင်စရာ တန်ခိုးစွမ်းအားများ ထွက်ပေါ်နေပြီး သူ့ပတ်ဝန်းကျင် ဗလာနယ်တစ်ခုလုံး ရေများဖြင့် ပြည့်နက်နေသည့်အလား ခံစားရလေသည်။

သေသေချာချာကြည့်မည်ဆိုလျှင် တာအိုဆရာလူငယ်၏ ပတ်ပတ်လည်တွင် လောကပေါင်း (၃၀၀၀) တိတိ လှည့်ပတ်နေသည်ကို တွေ့မြင်နိုင်လေသည်။ ထိုလောကပေါင်း (၃၀၀၀)တွင် ဝမ်းနည်းခြင်းနှင့်ဝမ်းသာခြင်းက တစ်လှည့်စီ ဖြစ်ပေါ်လျှက် ရှိလေသည်။

ထိုတာအိုဆရာမှာ အခြားသူမဟုတ်ပေ။ ဆန်းလျန် ဖြစ်လေသည်။

ယခုတစ်ကြိမ်တွင်တော့ သူ့တွင် သဘာဝဆန်သည့် အငွေ့အသက်များလည်း မရှိတော့သလို မူလဝိညာဉ်ခန္ဓာလည်း မရှိပေ။ ရုပ်ခန္ဓာ သက်သက်မျှသာ ဖြစ်လေသည်။

ဆန်းလျန်၏ ရုပ်ခန္ဓာသည် "မရှိမှု" တစ်ခုအလား အရာအားလုံးကို ဆောင်ယူလက်ခံနိုင်စွမ်း အပြည့်ရှိလေသည်။

ဆန်းလျန်က ကျောက်ရှောင်ယွီ၏ ပါးပြင်လေးကို လက်ဖြင့်အသာအယာ တို့ထိ ပွတ်သပ်လိုက်လေသည်။

ထိုအခါ အသက်ဝိညာဉ်ကင်းမဲ့နေသည့် နတ်သမီးလေးသည် တဖြည်ဖြည်း စတင် ပြောင်းလဲလာလေသည်။

ဗလာနယ်ထဲတွင် ပျံ့ကျဲနေသည့် ကျောက်ရှောင်ယွီ၏ စိတ်ဝိညာဉ်အပိုင်းအစများသည် အသူရာချောက်၏ လမ်းကြောင်း (၆)သွယ်မှတစ်ဆင့် ကျောက်ရှောင်ယွီ၏ ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြန်လည် ဝင်ရောက်လာလေသည်။

အတိတ်ဘ၀ အမှတ်တရာများစွာသည် ရေစီးကြောင်းကဲ့သို့ ကျောက်ရှောင်ယွီ၏ နှလုံးသားထဲသို့ စုရုံးစီးဆင်းလာကြလေသည်။

အတိတ် ၊ အနာဂတ်နှင့် ပစ္စုပ္ပန် ပေါင်းစည်းသွားပြီး ဝိညာဉ်နှင့်ဘဝက တစ်ခုနှင့်တစ်ခု တံဆိပ်ခတ်နှိပ်ထားလိုက်လေသည်။

ကျောက်ရှောင်ယွီ ပြန်လည် ရှင်သန်လာခဲ့ပြီ ဖြစ်လေသည်။

သူမ… မျက်ဝန်းများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်လေသည်။

ကျောက်ရှောင်ယွီ မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် ပထမဆုံး တွေ့မြင်ရသူက ဆန်းလျန် ဖြစ်လေသည်။

ဆန်းလျန်၏ ချောမောသည့် မျက်နှာကို ငေးကြည့်ရင်း သူမ၏ မျက်ဝန်းများထဲတွင် ထောင်ပေါင်းများစွာသော စကားလုံးများ ဖြတ်သန်းသွားလေသည်။

သူမ၏မျက်ဝန်းများသည် နဂါးငွေ့တန်းမှ ရေလှိုင်းများအလား ကြည်လင်စွာဖြင့် လှိုင်းများထလျှက် ရှိလေသည်။

ဆန်းလျန်ကတော့ အပြောင်းအလဲမရှိ တည်ငြိမ်သည့် မျက်ဝန်းများဖြင့် ကျောက်ရှောင်ယွီကို ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ကျောက်ရှောင်ယွီသည် ဆန်းလျန်ကို ငေးကြည့်နေလေသည်။

တဖြည်းဖြည်း… သူမ၏ နူးညံ့သိမ်မွေ့သည့် မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များ ရစ်သိုင်းလာလေသည်။

သူမ အသက်ပြန်ရှင်သန်လာခဲ့သော်လည်း ဆန်းလျန်ကတော့ သူမအပေါ်တွင် ယခင်အချိန်များကဲ့သို့ ခံစားချက် ရှိမနေခဲ့တော့ပေ။

သူမ ဝမ်းနည်းရမည်လား ၊ ဝမ်းသာရမည်လား ဝေခွဲမရနိုင်ပေ။

သူမက လက်များကို ဆန့်တန်းလိုက်ပြီး ဆန်းလျန်ကို ထိကိုင်ကြည့်ရန် ကြိုးစားလိုက်လေသည်။ သို့သော်… ဆန်းလျန်၏ ဝတ်ရုံစတစ်စကိုပင် ဆုပ်ကိုင်နိုင်ခြင်းမရှိဘဲ လေကိုသာ ဖမ်းဆုပ်လိုက်မိလေသည်။

ဆန်းလျန်သည် သူမရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

ကျောက်ရှောင်ယွီ၏ ပါးပြင်ထက်သို့ မျက်ရည်တစ်စ စီးဆင်းကျလာခဲ့လေတောသည်။

ထိုအချိန်…

သူမ၏ အနောက်ဘက်ဆီမှ သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရလေသည်။

သူမ လှည့်ကြည့်လိုက်သည့်အခါ တိမ်တိုက်တစ်စကဲ့သို့ ဖြူစင်သည့် ဝတ်စုံကို ဝတ်ဆင်ထားသော ရဲ့လျိုယွင် မနီးမဝေးတစ်နေရာတွင် ရပ်နေသည်ကို တွေ့မြင်လိုက်ရလေသည်။

ရဲ့လျိုယွင်က တိုးတိတ်သည့် လေသံဖြင့်…

"ဒီလိုမြင်ကွင်းမျိုးကို မြင်ခဲ့ရတာ ဒါ… ဒုတိယအကြိမ်ပဲ…"

ကျောက်ရှောင်ယွီက…

"ပထမအကြိမ်က… ဘယ်သူတွေလဲ…"

ရဲ့လျိုယွင်က သူမကို နက်ရှိုင်းသည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး…

"နွီဝါးနတ်သမီးနဲ့ ဖူရှီဧကရာဇ်လေ… ၊ သူတို့က လက်ထပ်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ဒီလိုပဲ ဝေးကွာခဲ့ကြရတယ်…"

ကျောက်ရှောင်ယွီက တိုးတိတ်သည့် လေသံဖြင့်…

"ဒါဆို နွီဝါးနတ်သမီးက ဝေးကွာဖို့ ဆန္ဒရှိလို့ ဖြစ်ပါလိမ့်မယ်…"

ရဲ့လျိုယွင်က…

"ဝေးကွာဖို့ဆန္ဒရှိတာ မဟုတ်ပါဘူး ၊ နွီဝါးနတ်သမီးက တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်သွားတာကိုး ၊ တာအိုဆရာသခင်ကြီးတစ်ပါးရယ်လို့ ဖြစ်သွားရင် အတ္တဆိုတာ မရှိတော့ဘူး ၊ 'ငါ' ဆိုတာ မရှိတော့ဘူး ၊ သတ္တဝါအားလုံးက သူတို့မျက်လုံးထဲမှာ အတူတူပဲ ဖြစ်သွားပြီလေ…"

ကျောက်ရှောင်ယွီက…

"ဒီလိုဆိုရင် ထာဝရအတူတူပေါ့…"

ရဲ့လျိုယွင်က…

"သူတို့အတွက်တော့ ဟုတ်မှာပေါ့…"

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"ဒါပေမဲ့ ဆန်းလျန်ကတော့ သူများတွေနဲ့ မတူဘူးဆိုတာ ကျွန်မ ယုံကြည်ပါတယ်…"

ထိုစကားကိုပြောလိုက်သည့်တိုင် သူမကိုကြည့်ရသည်မှာ သိပ်ပြီးယုံကြည်မှုရှိဟန် မပေါ်ပေ။

ရဲ့လျိုယွင်က ပြုံးလိုက်ရင်း သိမ်မွေ့သည့်လေသံဖြင့်…

"ယုံကြည်နေတာလည်း ကောင်းပါတယ်လေ…"

ကျောက်ရှောင်ယွီက ရဲ့လျိုယွင်ကို ကြည့်နေရင်း စိတ်ထဲတွင် တစ်စုံတစ်ခု ထူးခြားမှုကို ခံစားလိုက်ရလေသည်။

ရဲ့လျိုယွင်က ချင်တိဧကရာဇ်လူပြန်ဝင်စားသူ ဖြစ်လေသည်။

ကျောက်ရှောင်ယွီ၏ အတွေးထဲသို့ အတိတ်ဘဝများမှ မှတ်ဉာဏ်များကို တဖြည်းဖြည်း မှတ်မိသတိရလာလေသည်။

ချင်တိဧကရာဇ်…။

ရဲ့လျိုယွင်သည် အတိတ်ဘဝက သူမ၏ ခမည်းတော် တော်စပ်သူ ချင်တိဧကရာဇ် ဖြစ်နေလေသည်။

သူမသည် ယခင်ဘဝက ချင်တိဧကရာဇ်၏ သမီးတော် "ပီရှာဧကရီ" ဖြစ်ခဲ့သည် မဟုတ်ပါလား။

*(ပီရှာဧကရီ၏ အကြောင်းကို အခန်း (၈၆၆)နှင့် အခန်း (၈၆၇)တွင် အနည်းငယ်ဖော်ပြခဲ့ဖူးပါသည် - ဘာသာပြန်သူ)

ကျောက်ရှောင်ယွီက…

"ရှင် ဘာကို လိုက်ရှာနေတာလဲ…"

ရဲ့လျိုယွင်က ချက်ချင်းအဖြေမပေးပေ။

သူက တစ်ချက်မျှ စဉ်းစားနေပြီးမှ…

"မပြောတတ်ဘူး ၊ တစ်ခါတလေတော့လည်း သစ်ရွက်ကြွေတာနဲ့ ကျုပ်က စိတ်လှုပ်ရှားတတ်တယ် ၊ တစ်ခါတလေကျတော့လည်း အသက်ရှင်ရတာ ပင်ပန်းတယ်လို့ ခံစားရတယ် ၊ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်က အခြားသူတွေထက် သေရမှာကို ပိုကြောက်တယ်…"

ထိုစကားမျိုး ကြားရလိမ့်မည်ဟု ကျောက်ရှောင်ယွီ မျှော်လင့်မထားမိပေ။

ချင်တိဧကရာဇ်က ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ဟု သူမက ယူဆထားခဲ့ပြီး "သေရမည်ကို ကြောက်ရွံ့သူ" ဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။

ထိုသို့သော စကားမျိုးလည်း ချင်တိဧကရာဇ်၏ ပါးစပ်မှ ထွက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

လောကတွင် သက်ရှိတိုင်း သေရမည်ကို ကြောက်ရွံ့ကြသည်မှန်သော်လည်း ရဲ့လျိုယွင်က ထိုသို့သောစကားမျိုးပြောသည့်အခါ ကျောက်ရှောင်ယွီ ဘာပြောရမှန်းပင်မသိ ဖြစ်သွားရသည်။

ကျောက်ရှောင်ယွီ အံ့အားသင့်နေသည်ကိုကြည့်ပြီး ရဲ့လျိုယွင် ပြုံးလိုက်လေသည်။

"ဆန်းလျန်သာဆိုရင် ကျုပ်ကိုနားလည်ပေးနိုင်မှာပါ…"

ကျောက်ရှောင်ယွီ ခေါင်းညိတ်ပြလိုက်လေသည်။

ဆန်းလျန်သည် အမှန်တကယ်ပင် ထိုသို့သော လူစားမျိုး ဖြစ်လေသည်။ သူက လူတိုင်းကို နားလည်ပေးနိုင်ပြီး သူ့ကိုတော့ မည်သူမှ နားလည်နိုင်ခြင်း မရှိကြပေ။

……………

ကူးဝေေ၀သည် အလှပြင်မှန်တင်ခုံကို ကျောမှီထိုင်ရင်း သူမ၏ နှုတ်ခမ်းများက ပြုံးယောင်သမ်းလျှက် ရှိလေသည်။

ညနေစောင်းအချိန်က… သူမ ဆန်းလျန်နှင့် တွေ့ဆုံခဲ့ရသည် မဟုတ်ပါလား။

ဆန်းလျန်သည် သူမကို အသာဖွဖွ ပွေ့ဖက်ထားခဲ့ပြီး စကားတစ်ခွန်းမှ မဆိုခဲ့ပေ။

သို့သော်… ထိုခဏတွင်းမှာပင်… ဘဝ၏ အလှတရားကို သူမ ခံစားခဲ့ရလေသည်။ သူမ တစ်ဘဝလုံး အသက်ရှင်သန်ခဲ့သမျှအချိန်များသည် ဆန်းလျန် သူမကို ပွေ့ဖက်ထားသည့် အချိန်တစ်ခဏဖြင့် နှိုင်းယှဉ်၍ မရနိုင်ခဲ့ပေ။

ဖြစ်နိုင်မည်ဆိုလျှင်… ထိုအချိန်လေးကို သူမ ထာဝရ သိမ်းဆည်းထားချင်မိသည်။ သူမ လောဘကြီးရာ ရောက်လေမည်လား။

ဆန်းလျန်က သူမကို အသာပွေ့ဖက်ထားရင်း သူတို့ (၂)ယောက် ဆည်းဆာရောင်ခြည်ကို နောက်ဆုံး အကြိမ် အတူတူ ကြည့်ခဲ့ကြလေသည်။

ဆည်းဆာရောင်ခြည်၏ နောက်ဆုံးအလင်းတန်း ပျောက်ကွယ်သွားချိန်တွင် ဆန်းလျန်သည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။

ဆန်းလျန်သည် အိပ်မက်ကဲ့သို့ ရောက်လာပြီး တိမ်တိုက်ကဲ့သို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်လေသည်။ မည်သည့်နေရာသို့ ဆန်းလျန်ထွက်ခွာသွားသည်ကို မည်သူမှ မသိရှိနိုင်ပေ။

သို့သော်… သူမ ဝမ်းနည်းခြင်း မဖြစ်မိတော့ပေ။

အကြောင်းမှာ… သူမ တစ်ချိန်လုံးမျှော်လင့်ခဲ့သည့် ဆန္ဒတစ်ခုကို ဆန်းလျန်က ဖြည့်ဆည်းပေးသွားသောကြောင့် ဖြစ်လေသည်။

သူမအနေဖြင့် ဆန်းလျန်ကို ထာဝရအဖော်ပြုပေးခွင့် မရလျှင်တောင်မှ တစ်ခဏတာ အဖော်ပြုပေးရခြင်းက လုံလောက်ပါလေ၏။

ဆန်းလျန်က သူမကို စကားတစ်ခွန်းမှ ပြောဆိုသွားခြင်း မရှိသော်လည်း သူမဘဝတွင် အလိုချင်ဆုံး ချစ်ခြင်းမေတ္တာကို ပေးအပ်သွားခဲ့ကြောင်း ကူးဝေေ၀ နားလည်ခဲ့လေသည်။

သူမ… ကျေနပ်ခဲ့ပါသည်။

……………

အဆုံးမရှိတောက်ပနေသော အလင်းရောင်များအောက်တွင် ဆန်းလျန် လမ်းလျှောက်နေလေသည်။

ယခု… ဆန်းလျန် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ထို့အတူ… သူ အားလုံးအပေါ်တွင် တတ်နိုင်သမျှ တာဝန်ကျေခဲ့သည်ဟု ခံစားရလေသည်။

ဆရာသခင်ကျန်းရော့ရွှီးကို ကျင့်စဉ်များ သင်ပြပေးပြီး ကျေးဇူးဆပ်နိုင်ခဲ့ပြီးပြီ…။

သူ၏ တပည့်ဖြစ်သူ လေ့ကျင်းက ရှင်သန်စေခြင်းကျောင်းတော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှမ်နတ်တံခါးကို ပြန်လည်တည်ထောင်ကာ တပည့်ဖြစ်သူ ချန်ကျင်းချင်က ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့ပြီး ဖြစ်သည်။

လေ့ကျင်းနှင့် ဆန်းချင်းချင်းကြားမှ အငြင်းပွားမှု ပြေပျောက်စေရန် ဆန်းလျန်ကိုယ်တိုင် အတိတ်သမိုင်းဆီသို့ ခရီးနှင်ကာ ချင်းရွှမ်တောင်ပေါ်တွင် တာအိုဆရသခင်ထိုက်ယီနှင့် တွေ့ဆုံခဲ့ပြီး ဆရာဘိုးဘိုးယွမ်ချင်း၏ ကံကြမ္မာကို ပြုပြင်ပြောင်းလဲ ပေးခဲ့ပြီးပြီ…။

ချင်းရွှမ်နတ်တံခါးနှင့် ရှင်သန်စေခြင်းကျောင်းတော်သည် အတူတူပင်ဖြစ်ကြောင်း လောကကို သိမြင်စေခဲ့ပြီးပြီ…။

ဂိုဏ်းတူအစ်မဖြစ်သူ ကူးဝေေ၀ကိုလည်း သူမဖြစ်စေချင်သည့်ဆန္ဒအတိုင်း ဖြည့်ဆည်းပေးခဲ့ပြီးပြီ ဖြစ်လေသည်။

ဂိုဏ်းတူအစ်ကိုချန်ကျန့်မေ၏ ဘဝအလင်းတန်းကို ယူဆောင်ကာ လူပြန်ဝင်စားစေခဲ့ပြီး ချန်ကျန့်မေကို လူ့လောကအလယ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးပြီ…။

ကျောက်ရှောင်ယွီကိုလည်း ပြန်လည်အသက်သွင်းပေးခဲ့ပြီးပြီ ဖြစ်သည်။

အမှန်ဆိုလျှင် ကျောက်ရှောင်ယွီသည် ငရဲလမ်းဓားကို ကိုင်ဆွဲကာ ကမ္ဘာဖျက်ကိန်းကို ဦးဆောင်ရမည့်သူ ဖြစ်လေသည်။ သို့သော်… ထိုအလုပ်ကို ကျောက်ရှောင်ယွီ လုပ်နိုင်မည် မဟုတ်ကြောင်း ဆန်းလျန် သိရှိခဲ့လေသည်။

ဆန်းလျန်ကိုယ်တိုင်လည်း သူမကို ထိုအလုပ် မလုပ်စေချင်မိပေ။

ထို့ကြောင့်… နတ်ဆိုးနယ်မြေတွင် နတ်ဆိုးဘုရင်မ 'ချိ' ကို ဆန်းလျန်ကိုယ်တိုင် ဖန်တီးပေးခဲ့သည်။

နတ်ဆိုးဘုရင်မ 'ချိ' သည် စကြာဝဠာတစ်ခုလုံးပျက်သုဉ်းမည့် ကမ္ဘာပျက်ကိန်း ကပ်ဆိုးကြီးကို ကျောက်ရှောင်ယွီကိုယ်စား ဦးဆောင်သူ ဖြစ်လာပေလိမ့်မည်။

ချန်ကျန့်မေ လူပြန်ဝင်စားသည့် ကူးဝူဝေါ်သည် နတ်ဆိုးဘုရင်မ 'ချိ' ကို တားဆီးနိုင်ပြီး စကြာဝဠာပျက်သုဉ်းခြင်းကို ကာကွယ်ပေးမည့် ကယ်တင်ရှင်ဖြစ်လာမည်ဟု ဆန်းလျန် မျှော်လင့်ခဲ့သည်။

သို့သော်… နတ်ဆိုးဘုရင်မ 'ချိ' နှင့် ကူးဝူဝေါ်၏ တိုက်ပွဲတွင် မည်သူအနိုင်ရမည် ဆိုသည်က ကံတရားပင်ဖြစ်သလို စကြာဝဠာပျက်သုဉ်းမည်လား (သို့မဟုတ်) စကြာဝဠာကို ကယ်တင်နိုင်မည်လားဆိုသည်ကလည်း ကံတရားအတိုင်းပင် ဖြစ်လေသည်။

ဆန်းလျန်သည် သူလုပ်သင့်သည့်အလုပ်များအားလုံးကို အစီအစဉ်တကျ လုပ်ခဲ့ပြီးပြီ ဖြစ်သည့်အတွက် နောက်ပိုင်းကိစ္စများကို အရေးမစိုက်တော့ပေ။

ဆန်းလျန်သည် လွတ်လပ်ပေါ့ပါးစွာဖြင့် အလင်းရောင်များအောက်တွင် လမ်းလျှောက်နေလေသည်။

သို့သော်… ပြဿနာက စန့်ချင်တာအိုဆရာသခင်ဖြစ်လေ၏။

ဆန်းလျန် မည်သည့်နေရာသို့သွားပါစေ စန့်ချင်တာအိုဆရာခင်က အနားတွင် ရှိနေလေသည်။

ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…

"ထုန်ထျန်းအရှင်… ဘာလို့ ကျုပ်နောက်ကို လိုက်နေတာလဲ…"

ဆန်းလျန် စန့်ချင်တာအိုဆရာသခင်ကို ကြောက်ရွံ့ခြင်း လုံး၀ မရှိပေ။

ယခု သူတို့က အတူတူပင် တာအိုဆရာသခင်ကြီးများ ဖြစ်နေကြပြီ မဟုတ်ပါလား။

စန့်ချင်တာအိုဆရာသခင်က…

"လုပ်စရာမရှိတော့ဘူးလို့ ထင်သလား…"

အခြားသူဆိုလျှင် ထုန်ထျန်းအရှင် ဤသို့ မေးခွန်းထုတ်မည် မဟုတ်ပေ။

သို့သော်… ဆန်းလျန် ဖြစ်နေသည့်အတွက် မေးခွန်းထုတ်ခြင်း ဖြစ်လေသည်။ ဤသည်မှာ စန့်ချင်တာအိုဆရာသခင်က ဆန်းလျန်အပေါ် အတော်လေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံလိုက်ခြင်း ဖြစ်လေ၏။

ထို့ကြောင့် ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…

"ထုန်ထျန်းအရှင်နဲ့ ကျုပ်နဲ့ တိုက်ခိုက်မယ်ဆိုရင် ဘာအဓိပ္ပါယ်မှ မရှိပါဘူး ၊ အရာအားလုံးက မရှိမှုတရား ဖြစ်သွားလိမ့်မယ် ၊ ဒါပေမဲ့ ထုန်ထျန်းအရှင်က တိုက်ခိုက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆန်းလျန် ထုန်ထျန်းအရှင်ကို အဖော်ပြုပေးပါ့မယ်…"

သူတို့ (၂)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။

အချိန်ကာလ တစ်ချက်တုန်လှုပ်သွားပြီး ဆန်းလျန်နှင့် စန့်ချင်တာအိုဆရာသခင်၏ ခြေလှမ်းများအောက်တွင် အချိန်ရေစီးကြောင်း ထွက်ပေါ်လာလေသည်။

ဆန်းလျန်နှင့် စန့်ချင်တာအိုဆရာသခင်သည် အချိန်ရေစီးကြောင်းအတိုင်းလျှင်မြန်စွာသွားလာနေပြီး သူတို့ပတ်ဝန်းကျင်မှ မြင်ကွင်းများက အဆက်မပြတ် ပြောင်းလဲနေလေသည်။

တာအိုဆရာသခင်ကြီး (၂)ပါးသည် အချိန်ရေစီးကြောင်းတစ်လျှောက် ရွေ့လျားနေကြပြီး သူတို့၏ ခန္ဓာကိုယ်များက တည်ငြိမ်နေကြကာ ဘေးမှ ရှုခင်းများက အဆက်မပြတ်ပြောင်းလဲနေကြလေသည်။

နောက်ဆုံးတော့ သူတို့ (၂)ယောက် ကမ္ဘာလောကကြီး မဖြစ်တည်မီ ၊ သမိုင်းမတိုင်မီ ခေတ်ဦးကာလသို့ ရောက်ရှိလာကြလေတော့သည်။

***

All Chapters