အခန်း (၄၇၁-၄၇၂)
Vol. 45 Ch. 471-472
အခန်း (၄၇၁)။
“ကံများဆိုးပြီဆို အိမ်ထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့တောင် ကောင်းကင်ကနေ ဘေးဒုက္ခတွေ ကျလာတတ်တာပဲ။ ဒါပေမဲ့ ဘေးဒုက္ခတွေဟာလည်း ကံကောင်းခြင်းတွေနဲ့ အမြဲ ဒွန်တွဲနေတတ်တာမျိုးပါ။ ဒီလောက်များပြားတဲ့ ရှေးဟောင်းရတနာတွေ ငါ့လက်ထဲ ကို ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒီ ‘အနန္တရွှေဆေးလုံး’ ရော၊ အိမ်ရှေ့စံမင်းသား ယန်ယွမ်ရဲ့ နတ်ဘုရား ဝိညာဉ် ကိုးပါးရောပေါ့။ ဒါတင်မကဘူး၊ ငါ့ရဲ့ ရန်ကြွေးဟောင်းတွေကိုတောင် အတန်အသင့် လက်စားချေနိုင်ခဲ့ပြီ။ ကျောက်ဖေးအာ လည်း ငါ့လက်ထဲမှာပဲ။”
တောင်ထိပ်ပေါ်တွင် မားမားမတ်မတ် ရပ်နေရင်း ဟုန်ယွိသည် မြေပြင်ပေါ်တွင် ထိုင်နေ သည့် နဂါးသမီးတော် အောင်းလွမ်ကို ကြည့်ရင်း တိုးတိုးရေရွတ်လိုက်သည်။
စောစောက သူ မိုးကြိုးကပ်ဘေး ကျော်ဖြတ်ရန် ကြိုးစားချိန်တွင် သူ့ကို သတ်ရန် ပါရမီရှင် လူငယ်များနှင့် ပညာရှင်များစွာ ရောက်ရှိလာခဲ့ကြသည်။
ဤသည်မှာ သူ့အတွက် ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်ခဲ့သော်လည်း ယခုမူ ကောင်းချီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ။
အောင်းလွမ်သည် သူမ၏ မူလစိတ်ဝိညာဉ်ကို ကောင်းကင်ယံမှ မိုးကြိုးတိမ်တိုက်များထဲသို့ စေလွှတ်လိုက်ပြီဖြစ်ရာ သေခြင်းနှင့် ရှင်ခြင်း ကြားခံဖြစ်သော မိုးကြိုးကပ်ဘေးကို စတင် ရင်ဆိုင်နေပြီ ဖြစ်သည်။ ဤကပ်ဘေးသည် သူမ၏ စိတ်ဝိညာဉ် အတွေးစများ သန်မာလာ စေရန် မိုးကြိုးစွမ်းအင်များဖြင့် ပေါင်းစပ်ရခြင်းဖြစ်ပြီး၊ သူမစိတ်ထဲမှ အတွင်းမိစ္ဆာများကို သူမကိုယ်တိုင်သာ တိုက်ထုတ်ရမည် ဖြစ်သည်။
ထို့ကြောင့် ဟုန်ယွိအနေဖြင့် ဘေးမှ တိတ်တဆိတ် စောင့်ကြပ်နေရုံသာ တတ်နိုင်တော့ သည်။
ဤအတောအတွင်း ဟုန်ယွိသည် သူရရှိခဲ့သော အကျိုးအမြတ်များကို ပြန်လည် စစ်ဆေး နေလိုက်သည်။
သူသည် ‘အထွဋ်ထိပ်ကောင်းကင်နယ်မြေ’ ခေါင်းဆောင် ကျောက်ဖေးအာကို ဖမ်းဆီးခဲ့ပြီး သူမ၏ 'အစွယ်ကြယ်စင်ချပ်ဝတ်'ကို ချွတ်ယူကာ ‘စိတ်ဝိညာဉ်ဖြိုခွဲ’ ရုပ်သေးကိုလည်း နှိမ်နင်းနိုင်ခဲ့သည်။ ၎င်းတို့မှာ အလွန်တန်ဖိုးကြီးသည့် လျှို့ဝှက်ရတနာ နှစ်ပါးဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် သူမအား ‘ကမ္ဘာငယ်လေး’ တစ်ခုအတွင်း ပိတ်လှောင် ထားကာ ‘တိုင်ရှန်တာအို’ ဂိုဏ်း၏ အထွတ်အထိပ် ကျမ်းစာများဖြစ်သော ‘စကြဝဠာ ကျမ်းစာနှစ်စောင်’ ကို ထုတ်ဖော်ပြောကြားရန် အချိန်ယူ၍ ဖိအားပေးနေသည်။
ဟုန်ယွိသည် ဟုန်ရွှန်ကျိက ကျောက်ဖေးအာကို ထိုကျမ်းစာများကို သင်ကြားပေးထား ကြောင်း သိရှိထားရာ သူမထံမှ အတင်းအကျပ် ရယူရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
ပထမအချက်အနေဖြင့် ဟုန်ယွိသည် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ် ပြီးပြီ ဖြစ်သည်။ သူသည် ‘ပါရမီတံတား’၊ ‘ပြောင်းလဲခြင်းကျမ်း’ ၏ ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုးတို့ အပါဝင် သူယခင်က စုဆောင်းခဲ့သမျှသော တာအို ပညာရပ်အားလုံးကို သန့်စင်ပေါင်းစပ်ပြီး အကုန်အစင် အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။
အကယ်၍ သူသည် နောက်တစ်ဆင့်တက်ကာ ‘ဖန်ဆင်းရှင်’ အဆင့်သို့ ရောက်လိုပါက ယခင်ကထက် ပိုမိုနက်နဲသော ပညာရပ်များကို စုဆောင်းရဦးမည် ဖြစ်သည်။
ထို့ကြောင့် ဟုန်ယွိသည် သူ၏ စိတ်ထဲ၌ ရှေ့ဆက်ရမည့် လမ်းစဉ်ကို သေချာစွာ စနစ်တကျ ချမှတ်ထားသည်။
ပထမ - ဒိုင်ဇင်ဘုရားကျောင်း၏ မြေအောက်နန်းတော်သို့ သွားရောက်ကာ ‘ရူလိုင် သင်္ကန်းတော်’ ကို ယူဆောင်ရမည်။ ထိုသင်္ကန်းတော်၌ ရှေးခေတ် သူတော်စင် ဧကရာဇ် ‘ယွမ်’ နားလည်သဘောပေါက်ခဲ့သော ‘မဟာဝရဇိန်ပညာပါရမီ’ ကျမ်းစာ ပါဝင်သည်ဟု သတင်းထွက်နေသဖြင့် ထိုကျမ်းကို ဖတ်ရှုခြင်းသည် ကြီးမားသော ဗဟုသုတ စုဆောင်းမှု ဖြစ်လာမည်။ (Mahākāśyapa Prajñāpāramitā) ကို ရှေ့နောက် မညီမည်စိုး၍ မဟာကဿပ ပညာပါရမီကျမ်းဟု မပြန်ဆိုတော့ဘဲ ရှေးမှာတုန်းက ပြန်ဆိုခဲ့သည့် ဝရဇိန် ပညာပါရမီဟုသာ ပြန်ဆိုလိုက်ပါသည်။ အသုံးနှုန်းများတွင် ရှေးနောက် မညီသည့်အရာ များ များစွာပါဝင်နေ၍ အတော်လေး ပြန်ကြည့်ကာ ပြန်ဆိုရပါ သည်)။
ဒုတိယ - ကျောက်ဖေးအာထံမှ ‘စကြဝဠာ ကျမ်းစာနှစ်စောင်’ ပါ အနှစ်သာရများကို ရယူပြီး ကောင်းကင်ဘုံ၏အလိုဆန္ဒ၊ အချိန်နှင့် ဟင်းလင်းပြင် သဘောတရားများကို ပိုမိုနက်နဲစွာ နားလည်အောင် ကြိုးစားမည်။
တတိယ - အခွင့်သာပါက ‘အနှစ်သာရနတ်ဘုရားကျောင်း’ ၏ ‘ကံကြမ္မာဓမ္မတေးသံ’၊ ‘ဂုဏ်ကျက်သရေဓမ္မတေးသံ’ နှင့် ‘လောကနိယာမ ဓမ္မတေးသံ’ တို့ကို လေ့လာကာ ရှေးဟောင်းကြယ်တာရာများ ပေါက်ကွဲသည့် အသံနှင့်တူသော ‘ဘုံသုံးပါးမူလစွမ်းအင် အမြောက်’ ကိုလည်း နားလည်သဘောပေါက်ရန် ကြိုးစားမည်။ ဤသည်မှာ နောက်ထပ် ဗဟုသုတ စုဆောင်းမူကြီးတစ်ခု ဖြစ်သည်။ (ဤနေရာ၌ 'ဘုံသုံးပါး မဟာဗျာဒိတ်တော်' မပါဝင်ပေ။ မပါတာလည်း အခြားသံစဉ်နာမည်ပြောင်းသွားတာလား မသိနိုင်ပါ။ ပါသည့် အတိုင်း ပြန်လိုက်ပါသည်။)
စတုတ္ထ - အနောက်ဘက်ဒေသမှ ‘ဟွာလျှိုနိုင်ငံ’နှင့် စစ်ပွဲကြီးပြီးဆုံးပါက, သူသည် ရှဲ့ဝမ်ယွမ်နှင့် အခြားသော မဟာပညာရှင်ကြီးများနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ ပညာရှင်များ ကို ဖိတ်ခေါ်ကာ ‘ပြောင်းလဲခြင်းကျမ်း’ ကို ပြုစုသည့် ကြီးကျယ်သော စီမံကိန်းကို စတင်ရန် ဆုံးဖြတ်ထားသည်။ ထိုကျမ်းကြီးကို အောင်မြင်စွာ ပြုစုပြီးစီးသည့်နေ့တွင် ရရှိလာမည့် အသိဉာဏ် စုဆောင်းမှုမှာ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်နိုင်မည် မဟုတ်ချေ။
ပဉ္စမ - ‘အသက်မဲ့ အနာဂတ်ကျမ်း’ ၏ မူရင်းကို ရယူကာ ၎င်း၏ အဓိက တံဆိပ်တော် ၉ မျိုးနှင့် အမြဲပြောင်းလဲနေသော အနာဂတ်၏ သဘောတရားကို နားလည်ရန် ကြိုးစားမည်။
ဤစုဆောင်းမှု ငါးမျိုးပြည့်စုံပါက သူသည် ‘ဖန်ဆင်းခြင်းတံခါး’ ကို ဖွင့်နိုင်မည်ဖြစ်ပြီး ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို တစ်ချက်တည်းနှင့် ကျော်ဖြတ်ကာ ‘ဖန်ဆင်းရှင် သခင်’ တစ်ဦး ဖြစ်လာလိမ့်မည်။ ထို့ပြင် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ပြီးချိန်တွင်လည်း အားအင်ချည့်နဲ့သည့် ကာလမျိုး ရှိလာတော့မည် မဟုတ်ချေ။
‘မဟာဝရဇိန်ပညာပါရမီ’ ကျမ်း၊ ‘စကြဝဠာကျမ်းစာ နှစ်စောင်’၊ ‘ပြောင်းလဲခြင်းကျမ်း’၊ အနှစ်သာရ နတ်ဘုရားကျောင်း၏ ‘ဓမ္မတေးသံများ’၊ ‘ဘုံသုံးပါး မူလစွမ်းအင်အမြောက်’ ၏ အသံနှင့် ‘အသက်မဲ့အနာဂတ်ကျမ်း’ မူရင်း... ဤအရာများအားလုံးသည် ဟုန်ယွိကို ‘ဖန်ဆင်းရှင်’သခင် တစ်ဦး ဖြစ်လာစေရန် သေချာပေါက် ကူညီပေးနိုင်လိမ့်မည်။ ထိုအဆင့် ထက်ပင် ကျော်လွန်သွားနိုင်သေးသည်။
ကျင့်စဉ်လမ်းကြောင်းမှာ အလွန်ပင် ရှင်းလင်းနေပြီ ဖြစ်သည်။
ဟုန်ယွိ၏ စိတ်သည်လည်း အနာဂတ်ကို ထိုးဖောက်မြင်နေရသကဲ့သို့ အလွန်ပင် တည်ငြိမ် နေသည်။ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် ဟုန်ယွိသည် သူ၏ တစ်သက်တာ စုဆောင်းထားသမျှသော ပညာရပ်များကို အကုန်အစင် သုံးစွဲခဲ့ပြီးပြီ ဖြစ်သည်။ ယခုအခါ သူသည် အစမှ ပြန်လည်စုဆောင်းရမည် ဖြစ်ကြောင်း၊ အရာရာကို အနုစိတ်မှသည် အနှစ်ချုပ်နိုင်သည်အထိ ပြန်လည်တည်ဆောက်ရမည် ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
‘ဖန်ဆင်းရှင်’သခင် အဆင့်သို့ ရောက်ရှိမှသာလျှင် သူသည် အမှန်တကယ် လွတ်လပ် ပေါ့ပါးပြီး အနှောင်အဖွဲ့ကင်းသူတစ်ဦး ဖြစ်လာမည်။ ထို့ပြင် ‘ယန်နတ်ဘုရား’ ဟူသော အထွတ်အထိပ် နယ်ပယ်သို့ တက်လှမ်းရန် မျှော်လင့်ချက် အလင်းတန်းလေးကိုလည်း ရရှိနိုင်မည် ဖြစ်သည်။
ရှေးဦးခေတ်ကတည်းက ယနေ့အထိ ရည်မှန်းချက်ကြီးမားပြီး ရက်စက်သူများစွာ ပေါ်ထွန်း ခဲ့ဖူးသည်။ ခေတ်အဆက်ဆက်တွင် ထူးချွန်သူ ပညာရှင်များစွာ ပေါ်ထွက်ခဲ့သော်လည်း နှစ်ပေါင်းသောင်းနှင့်ချီသော သမိုင်းတစ်လျှောက် အဆင့်ငါး၊ အဆင့်ခြောက် မိုးကြိုး ကပ်ဘေး ကျော်ဖြတ်နိုင်သူ ထောင်ပေါင်းများစွာမှာ သမိုင်းမှတ်တမ်းအဖြစ်သာ ကျန်ရစ်ခဲ့ ပြီး၊ ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့ရသည်။ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ‘ဖန်ဆင်းရှင်’ ဖြစ်လာခြင်းကသာလျှင် ကြီးမြတ်သော လွတ်မြောက်ခြင်းပင် ဖြစ်သည်။
ယခုအချိန်တွင် ဟုန်ယွိသည် အတိုင်းအဆမဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်နေပြီ ဖြစ်သော် လည်း သူစုဆောင်းထားသမျှ အသိဉာဏ်ဗဟုသုတ အားလုံးကို သုံးစွဲပြီးချိန်တွင် သူသည် ‘ဖန်ဆင်းခြင်းတံခါး’ ရှေ့၌သာ ဝဲလည်လည်ရပ်နေနိုင်ပြီး အထဲသို့ မဝင်နိုင်သေးချေ။
သို့သော် ဤအရာအားလုံးကို အတင်းအလော လုပ်ယူ၍ မရနိုင်ဘဲ ဖြည်းဖြည်းချင်းသာ ရှေ့ဆက်ရမည် ဖြစ်သည်။ ဖြည်းဖြည်းချင်း စုဆောင်းခြင်းသည်သာ စစ်မှန်သော လမ်းစဉ်၊ ဘုရင်တို့၏ လမ်းစဉ်နှင့် သူတော်စင်တို့၏ လမ်းစဉ်ပင် ဖြစ်သည်။
……..၊
“မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ... မြေနတ်ဘုရား...
ကောင်းကင်မိစ္ဆာ တာအိုသစ်သီး...
အနန္တရွှေဆေးလုံး...
မဟာနတ်ဘုရားဝိညာဉ် ကိုးပါး...”
“ဒီမျောက်ဝံမွေး ခုနစ်ချောင်းကတောင် ပစ္စည်းကောင်းတွေပဲ။ ‘ခွန်အားကြီး ဝရဇိန် မျောက်ဝံကြီး’တွေဆိုတာ နတ်ဘုရားသားရဲတစ်မျိုးပဲ၊ အထူးသဖြင့် ကောင်းကင်မိစ္ဆာ အဆင့်အထိ ကျင့်ကြံထားတဲ့ အဲဒီမွန်းစတားအိုကြီးရဲ့ သွေးစွမ်းအားက ပိုပြီးခိုင်ခံ့တယ်။ အမွေးတွေမှာတောင် မှော်စွမ်းအားတွေ ပါနေတယ်။ ဒီအမွှေးတွေကို ကြိုးကျစ်ပြီး သန့်စင် လိုက်ရင် ဖမ်းဆီးချည်နှောင်ဖို့ အတွေးတချက်နဲ့တင် လုံလောက်လိမ့်မယ်။”
“ဒီတစ်ခေါက် ငါရရှိခဲ့တဲ့အရာတွေက အားလုံး ပစ္စည်းကောင်းတွေချည်းပဲ၊ ဒါပေမဲ့ နှမြောဖို့ ကောင်းတာက ဒါတွေဟာ ဖန်ဆင်းရှင်အဆင့်အတွက် ‘အသိဉာဏ် စုဆောင်းမှု’ အဖြစ် သုံးလို့မရတာပဲ။ ဒီရွှေဆေးလုံးက စိတ်ဝိညာဉ်ကို သန်မာစေနိုင်ပေမဲ့ ‘ဖန်ဆင်းခြင်းတံခါး’ ဆိုတာက ခွန်အားသက်သက်နဲ့ တွန်းဖွင့်လို့ရတဲ့အရာမျိုး မဟုတ်ဘူး။”
ဟုန်ယွိသည် သူ၏ လက်ဖဝါးပေါ်ရှိ သေးငယ်သော အလင်းအကာအကွယ် အတွင်းမှ သူ ရရှိထားသည့် အရာများကို ကြည့်လိုက်သည်။
‘မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ’ မှာ ရှေးဟောင်း နတ်ဘုရားရတနာ တစ်ခု ဖြစ်သော်လည်း ဟုန်ယွိအတွက်မူ အထူးတလည် အသုံးမဝင်လှချေ။
သူ အခုလေးတင် သိမ်းဆည်းလိုက်သည့် ‘ကောင်းကင်မိစ္ဆာ တာအိုသစ်သီး’ ကတော့ ထူးခြားသည်။ ထိုရွှေအိုရောင် ဖရုံသီးလေးမှာ ဖန်းယွမ် ကျင့်ကြံထားသော ရှေးခေတ် သူတော်စင် ဧကရာဇ်၏ တာအိုပညာရပ်ဖြစ်သည့် ‘အနန္တနှလုံးသား မြစ်ဖျား မူလတာအို သစ်သီး’ နှင့် ဆင်တူပြီး အနှိုင်းမဲ့ စွမ်းအားများ ကိန်းအောင်းနေသည်။
ဤအရာမှာ သူ့ကို ခြုံခိုတိုက်ခိုက်ပြီး ဖန်းယွမ်၊ ထန်ဟိုင်လုံနှင့် လီဖေးယွီတို့ကို ကယ်ထုတ် သွားသည့် လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာနတ်ဘုရား ဘိုးဘေးကြီး ချန်ထားခဲ့သော အရာ ဖြစ်သည်။
မျောက်ဖြူဘုရင်ကိုပင် ဒူးထောက်စေခဲ့သည်ဟု အဆိုရှိကြသော ထိုမိစ္ဆာနတ်ဘုရား ဘိုးဘေးကြီးသည် မည်မျှပင် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်ပါစေ၊ ‘ရှေးခေတ်မိစ္ဆာ တာအို’ နှင့် ‘တိမ်တိုက်အသွင်ကောင်းကင်ပညာရပ်’ တို့ကို ကျင့်ကြံထားပါစေ၊ ဟုန်ယွိနှင့် ရင်ဆိုင်ရသည့်အခါ အသာစီးမရခဲ့ချေ။ သူ နှစ်ပေါင်း ရာချီ၍ ကျင့်ကြံအားထုတ်ထားသော ဤတာအိုသစ်သီးကိုပင် ချန်ထားရစ်ခဲ့ရသည်။
အကယ်၍, ချန်ယင်းရှာသာ ဤကောင်းကင်မိစ္ဆာ တာအိုသစ်သီးကို သန့်စင်ပြီးပါက သူမသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့် ‘ကောင်းကင်မိစ္ဆာ မဟာနတ်ဘုရား’ အဖြစ် ခန္ဓာကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ရာ သူမ၏ ခွန်အားကို အဆပေါင်းများစွာ တိုးတက်စေမည် ဖြစ်သည်။
‘အနန္တရွှေဆေးလုံး’ ကိုမူ ‘ကမ္ဘာငယ်လေး’ အတွင်း၌သာ ထားရှိကာ ပြုစုပျိုးထောင်ထား သည်။ ဤရွှေဆေးလုံးမှာ မွေးကင်းစ ကလေးငယ်တစ်ဦးကဲ့သို့ သက်ရှိစိတ်ဝိညာဉ် တစ်ခု ဖြစ်ပေါ်နေပြီဖြစ်ရာ ၎င်းကို တိုက်ရိုက်သန့်စင်၍ မရနိုင်သေးချေ။
ဤဆေးလုံးနှင့် ပတ်သက်၍ ဟုန်ယွိသည် ဆေးဖော်စပ်ခြင်းပညာနှင့် ‘ဖန်ဆင်းခြင်း’ ဆိုင်ရာ ဗဟုသုတများ တိုးပွားစေရန်အတွက် အသေအချာ ဆက်လက်လေ့လာရဦးမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤရွှေဆေးလုံးသည် ဆေးမီးဖိုအတွင်းမှ ငြိမ်သက်မနေဘဲ ခုန်ထွက်လာခဲ့ခြင်းမှာ ‘ဖန်ဆင်းခြင်း’ သဘောတရားနှင့် တူညီနေသောကြောင့် ဖြစ်သည်။
‘စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေး’ နှင့် ‘အစွယ်ကြယ်စင်ချပ်ဝတ်’ တို့ကိုမူ သူ၏ လက်အောက်ငယ် သားများအတွက် အကာကွယ်ရရန် ပေးအပ်လိုက်သည်။ 'အစွယ်ကြယ်စင်ချပ်ဝတ်' မှာ ဟုန်ယွိ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော်လည်း၊ နဂါးသမီးတော် အောင်းလွမ် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ပြီးပါက သူမထံမှ ရှေးဟောင်း ချပ်ဝတ်သံချပ်ကာ ပြုလုပ်နည်း များကို ရယူနိုင်မည်ဖြစ်သည်။ ထို့နောက် ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ သို့ သွားရောက်ကာ နဂါးဝိညာဉ်ပုံဆောင်ခဲများ၊ နဂါးအကြေးခွံများ၊ နဂါးဦးချိုများနှင့် နဂါးအရိုးများကို ရှာဖွေပြီး သံချပ်ကာကို ပြန်လည်ပြင်ဆင်ကာ ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်နိုင်လိမ့်မည်။
သံချပ်ကာ ဝတ်စုံအသစ်များကို အောင်မြင်စွာ ဖန်တီးပြီးပါက ဟုန်ယွိသည် သူ၏ လက်အောက် ငယ်သားများကို စိတ်ချလက်ချ ယုံကြည်အပ်နှံနိုင်မည် ဖြစ်သည်။ ဖရိုဖရဲ ဖြစ်လာမည့် ခေတ်ကြီး မရောက်မီတွင် ဤလောကကြီး၏ အခြေအနေအရပ်ရပ်၊ လျှို့ဝှက် ဆန်းကြယ်သည့် ကောင်းကင်ပြင်နယ်မြေများ၊ ရှေးဟောင်းမျိုးနွယ်စုကြီးများ၊ ကောင်းကင် မိစ္ဆာ မဟာနတ်ဘုရားကြီးများနှင့် ဟုန်ရွှန်ကျိတို့ကို ရင်ဆိုင်နိုင်ရန်အတွက် သူသည် လုံလောက်သော ခွန်အားများကို စုဆောင်းထားရန် လိုအပ်သည်။
ကျောက်ဖေးအာကို သူ ဖမ်းဆီးလိုက်သဖြင့် ဟုန်ရွှန်ကျိ မည်မျှ ဒေါသထွက်နေမည်ကို ဟုန်ယွိ မှန်းဆကြည့်နိုင်သည်။
“လော်ယွန်က ‘နတ်ဘုရားလေပြည်နိုင်ငံ’ ကို ပြန်သွားပြီ။ သူမက ငါ့ကို အများကြီး ကူညီခဲ့ တာဆိုတော့ ဒီကျေးဇူးကို ပြန်ဆပ်ရမယ်။ သူမရဲ့ မှော်စွမ်းအား ကျင့်ကြံမှုတွေ ဘယ်လောက်အထိ တိုးတက်နေပြီလဲ မသိဘူး။ အချိန်ရရင် သူမဆီသွားပြီး အဆင့်ငါး မိုးကြိုးကပ်ဘေး စိတ်ဝိညာဉ် အတွေးစ ၄၈,၀၀၀၊ ‘အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်’ နဲ့ ‘ဟန်ရှောက်ကျိ’ ချန်ထားခဲ့တဲ့ ‘ကောင်းကင်တုန်ခါ ဓာတ်တော်’ တို့ကို လွှဲပြောင်းပေးရ မယ်။ ဒါဆိုရင် သူမရဲ့ စွမ်းအားက အဆင့်ငါး မိုးကြိုးကပ်ဘေးအဆင့် ပညာရှင်တစ်ဦးနဲ့ ယှဉ်နိုင်မှာဖြစ်သလို ‘မက်မွန်နတ်ဘုရားတာအို’ဂိုဏ်းကိုလည်း ဦးဆောင်နိုင်လိမ့်မယ်။ သူမ အာဏာရလာရင် ‘နတ်ဘုရားလေပြည်နိုင်ငံ’ မှာ ‘မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း’ရဲ့ အမွေအနှစ်ကို ဆက်ခံခိုင်းမယ်။ ဒါက ဟန်ရှောက်ကျိရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးရာ လည်း ရောက်လိမ့်မယ်။”
ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးများ တစ်ဖန် လည်ပတ်နေပြန်သည်။
ချန်ရင်ရှားတွင် ‘ကောင်းကင်တုန်ခါ ဓာတ်တော်’၊ ‘အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်’ နှင့် အဆင့်ငါး မိုးကြိုးကပ်ဘေးအဆင့်ရှိ စိတ်ဝိညာဉ် အတွေးစ ၄၈,၀၀၀ ရှိသော်လည်း ၎င်းတို့ မှာ ဟန်ရှောက်ကျိ ချန်ထားခဲ့သော အရာများ ဖြစ်သည်။ ဤရတနာများနှင့် ‘မိုးကြိုး နတ်ဘုရားတာအိုဂိုဏ်း’ ၏ မိုးကြိုးပညာရပ်များကို လော်ယွန်ကို သင်ကြားပေးလိုက်ခြင်း ဖြင့် သူမအား ‘နတ်ဘုရားလေပြည်နိုင်ငံ’ ၌ ထိုလမ်းစဉ်ကို ဆက်ခံစေခြင်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် နည်းလမ်းပင် ဖြစ်သည်။
အခန်း (၄၇၂)။
“အံ့သြစရာပဲ၊ ဒီ ‘ကောင်းကင်နဂါးတာအို’ ဂိုဏ်း၊ ဂိုဏ်းချုပ်ရဲ့ စိတ်ဓာတ်က ဒီလောက်အထိ မြင့်မားနေပြီလား။ သူမက သူမကိုယ်သူမ ပြန်လည်အနိုင်ယူပြီးတော့ တစ်ချက်တည်းနဲ့ နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံနိုင်ပြီလား။ ရှေးဟောင်း ကောင်းကင်နဂါး မျိုးနွယ်ရဲ့ သွေးမျိုးဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်။”
ဟုန်ယွိ အတွေးနယ်ချဲ့နေစဉ်၊ မြေပြင်ပေါ်ရှိ ယွမ်ရှန်းရှန်းက လက်နှစ်ဖက်ကို နောက်ပစ် ကာ ကောင်းကင်ယံကို ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။ “ဒီနေ့ကစပြီး ဒီလောကကြီးမှာ ‘ဖန်ဆင်းရှင်’ အဆင့်အောက် အစွမ်းထက်ဆုံးလူ တစ်ယောက် ထပ်တိုး လာပြန်ပြီပေါ့။”
“အို... နဂါးသမီးတော်က တကယ်ပဲ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်သွားတာလား။ မျှော်လင့်ထားတဲ့အတိုင်း သူမက တကယ်ကို ခိုင်မာတဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတာပဲ။”
ဟုန်ယွိ၏ အကြည့်ကလည်း ကောင်းကင်ယံသို့ ရောက်ရှိသွားသည်။ လှိုင်းထနေသော မိုးကြိုးတိမ်တိုက်များထဲတွင် နီမြန်းသော နှင်းဆီပွင့်ပမာ အတွေးစတစ်ခုက ဆက်တိုက် ဆိုသလို လှိမ့်ထွက်လာသည်ကို မြင်လိုက်ရသည်။
ချက်ချင်းပင် ထိုနေရာ၌ စိတ်ဝိညာဉ် အတွေးစပေါင်း ၅၀,၀၀၀ မှ ၆၀,၀၀၀ ခန့် ပေါ်လာ သည်။ စိတ်ဝိညာဉ် အတွေစတစ်ခုချင်းစီမှာ အရောင်အသွေး တောက်ပနေပြီး သုံးမီတာခန့် ကျယ်ဝန်းကာ ခန့်ညားထည်ဝါသော စွမ်းအားများကို ထုတ်လွှတ်နေသော်လည်း၊ ထိုအတွေးစများ၏ မျက်နှာပြင်ပေါ်တွင် ထိတ်လန့်ဖွယ် ကွဲအက်ကြောင်းများ ရှိနေသည်။ အချို့မှာမူ လုံးဝ ကြွေမွပျက်ဆီးသွားပြီး၊ အတွင်းပိုင်းမှ တစ်စစီဖြစ်နေကာ အနိုင်နိုင် ပြန်လည် စုစည်းထားရသည့် အသွင်ဆောင်နေသည်။
“ငါ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးချိန်မှာ စိတ်ဝိညာဉ် အတွေးစ ၆၆,၆၆၆ ခု ရှိခဲ့တယ်။ ဒီနဂါးသမီးတော်မှာတော့ ၅၉,၇၈၂ ခုပဲ ရှိတယ်။ ကြည့်ရတာ သူမရဲ့ တာအိုပညာရပ်တွေက ငါ့ကို မမီသေးဘူးပဲ။ ဒါပေမဲ့ နောင်ပိုင်း ငါ ကြိုးစားရင်တော့ ငါ့ကျင့်ကြံမူအဆင့်လည်း တိုးတက်လာမှာပါ။ ကျိုးထိုက်ကျူဆို ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ပြီး စိတ်ဝိညာဉ် အတွေးစပေါင်း ၇၀,၀၀၀ တောင် ရယူနိုင်ခဲ့ တာဆိုတော့ သူက တကယ့်ကို ကြောက်စရာကောင်းတဲ့လူပဲ။ ဒါပေမဲ့ သူလည်း ငါ့ရဲ့ ပြိုင်ဘက်တော့ မဟုတ်ပါဘူး။”
ဟုန်ယွိက သူ့ဘာသာ တွေးနေမိသည်။
စိတ်ဝိညာဉ် အတွေးစ အရေအတွက်အပြင် ၎င်းတို့၏ သန်မာမှုနှင့် ပေါင်းစပ်မူ စွမ်းအားမှာ လည်း အရေးကြီးပေသည်။ ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများသည် ‘စကြာဝဠာအိတ်’ ၏ ဟင်းလင်းပြင်စွမ်းအား၊ ‘ပါရမီတံတား’ ၏ သိုင်းဆန္ဒ၊ ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုးတို့ စွမ်းအားအပြင်၊ ‘ပစ္စုပ္ပန်ကျမ်းစာ’ မှ မှောပညာရပ်မျိုးစုံနှင့် ပေါင်းစပ်ထားသဖြင့် ကျိုးထိုက်ကျူ၏ စိတ်ဝိညာဉ် အတွေးစများထက်ပင် အဆပေါင်းများစွာ သန်မာနေသည်။
ထိုစဉ်မှာပင် နဂါးသမီးတော်၏ အတွေးစများသည် ကောင်းကင်ယံ၌ ကြိုးပြတ်နေသော စွန်တစ်ခုကဲ့သို့ ခဏမျှ ဝဲနေပြီးနောက် ယိုင်နဲ့ကာ မြေပြင်သို့ ထိုးဆင်းကျလာလေသည်။ သူမသည် တကယ့်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်မှာ ထင်ရှားလှသည်။
ယခုအချိန်တွင် ဟုန်ယွိကဲ့သို့ ပြိုင်ဘက်မျိုးကို မဆိုထားနှင့်၊ သာမန် တစ္ဆေ အင်မော်တယ် အဆင့်ရှိသူ တစ်ဦးပင်လျှင် သူမ၏ အတွေးစအားလုံးကို အလွယ်တကူ သိမ်းဆည်းကာ သူမ၏ စိတ်ဝိညာဉ် အမှတ်အသားကို ဖျက်ဆီးပြီး မိမိကိုယ်ပိုင်အဖြစ် အသုံးချနိုင်သည့် အနေအထား ဖြစ်နေသည်။
“အတိတ်ကျမ်းကို မကျင့်ထားတဲ့လူတွေအဖို့ မိုးကြိုးကပ်ဘေး ကျော်ဖြတ်ရတာ ဒီလောက် တောင် ခက်ခဲတာလား။ ကပ်ဘေးအပြီး အားနည်းတဲ့ကာလက ဒီလောက်တောင် ဆိုးရွား တာလား။” ဟုန်ယွိသည် ကွဲအက်နေသော ကြွေထည်များကဲ့သို့ ဖြစ်နေသည့် နဂါးသမီး တော်၏ အတွေးစများကို ကြည့်ကာ ရေရွတ်မိသည်။ ဤမျှ ပြင်းထန်သော ဒဏ်ရာများမှ သူမ ပြန်လည် နာလန်ထူနိုင်ပါ့မလားဟုပင် သံသယဖြစ်မိသည်။ အတိတ်ကျမ်း၏ အကူအညီ မပါဘဲ ကပ်ဘေးကျော်ဖြတ်ခြင်းမှာ မည်မျှပင် ခက်ခဲကြောင်းကို သူ ယခုမှ သဘောပေါက်သွားတော့သည်။
သို့သော် ဤသည်က သူ့အတွက် အတွေ့အကြုံသစ်တစ်ခု ဖြစ်စေခဲ့သည်။
“မိန်းကလေး ရှန်းရှန်း... ‘ကောင်းကင်နဂါးတာအိုဂိုဏ်း’ ဂိုဏ်းချုပ်က အောက်ကို ပျံဆင်း လာနိုင်တဲ့ အင်အား ရှိပုံမရတော့ဘူး။ ခင်ဗျားက ‘ကောင်းကင်ရနံ့ဂိုဏ်း’ ရဲ့ ကျမ်းသုံးစောင် မှော်စွမ်းအားကို ကျင့်ထားတာပဲ။ အဲဒီထဲက ‘မြေရနံ့ကျမ်း’ ဟာ ကောင်းကင်နဲ့ မြေကြီး ကြားက ဆေးဝါးမျိုးစုံရဲ့ ရနံ့တွေကို စုစည်းပြီး စိတ်ဝိညာဉ်ကို ပြန်လည်အားဖြည့်ပေးနိုင်တဲ့ အထွတ်အထိပ် ကျမ်းတစ်ခုလို့ ကျွန်တော် မှတ်မိနေတယ်။ သူမရဲ့ စိတ်ဝိညာဉ်တွေ ခန္ဓာကိုယ်ထဲ ပြန်ဝင်နိုင်အောင် ကူညီပေးပါဦး။” ဟုန်ယွိက ပြောလိုက်သည်။
ယခုအချိန်တွင် နဂါးသမီးတော်၏ အတွေးစများမှာ ပျံဆင်းလာရန် အလွန်ပင် ခက်ခဲနေပေ သည်။ ကောင်းကင်ယံမှ မိုးကြိုးသံများ ဟိန်းထွက်လာသည့်အခါ ထိုအတွေးစများသည် အရပ်မျက်နှာအနှံ့ လွင့်စင်သွားကြပြီး ပြန်လည်စုစည်းရန်ပင် မလွယ်ကူသဖြင့် ခန္ဓာကိုယ် ထဲသို့ ပြန်ဝင်ရန်မှာ ပို၍ပင် ခက်ခဲနေတော့သည်။
“မင်းကိုယ်တိုင်လည်း ‘အတိတ်ကျမ်း’ ကို ကျင့်ထားပြီး စိတ်ဝိညာဉ် ကုသနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေတာပဲ။ မင်း ဘာလို့ မကူညီတာလဲ။” ယွမ်ရှန်းရှန်းက ဟုန်ယွိကို စူးစမ်း သလို ကြည့်ကာ မေးလိုက်သည်။
“ယောက်ျားနဲ့ မိန်းမဆိုတာ ခန္ဓာကိုယ်ချင်း မထိတွေ့သင့်သလို၊ အတွေးစချင်း ပေါင်းစပ် တာကလည်း စိတ်ဝိညာဉ်ချင်း ထိတွေ့ချင်းမျိုးပဲလေ။ ဒါက လုံးဝ မသင့်တော်ဘူး။” ဟုန်ယွိ က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
“ဟီ…၊ ဟီ..” ထိုစဉ် ယွမ်ရှန်းရှန်းက လျှို့ဝှက်ဆန်းကြယ်စွာ ရယ်မောလိုက်ပြီး လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ အလွန်မွှေးကြိုင်သော ဆေးရနံ့ပါသည့် အတွေးစတစ်ခု ပျံတက်သွားသည်။
ထိုရနံ့မှာ ‘အနန္တရွှေဆေးလုံး’ ၏ ဆေးရနံ့နှင့်ပင် ဆင်တူလှသည်။ ၎င်းသည် ကောင်းကင် ယံတွင် ပုံသဏ္ဌာန်ပျက်နေသည့် နဂါးသမီးတော်၏ အတွေးစများကို လွှမ်းခြုံကာ အောက်သို့ အရှိန်ဖြင့် ဆွဲချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ ရိုက်သွင်းပေးလိုက်သည်။
နဂါးသမီးတော်၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး အတွေးစနှင့် စိတ်ဝိညာဉ်တို့ ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားကာ မျက်လုံးပွင့်လာသည်။ သူမ၏ မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး အသံမှာလည်း အလွန်အားနည်းနေသည်။ သူမပုံစံက ပြင်းထန်သော ဖျားနာဝေဒနာ ခံစားနေရသည့် အားနွဲ့သော အမျိုးသမီးတစ်ဦးကဲ့သို့ပင်။
သူမသည် မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း မရပ်နိုင်ခဲ့ချေ။
ယခုအချိန်တွင် ကိုယ်ခံပညာ မတတ်သော သန်မာသည့် ယောင်္ကျားတစ်ယောက်ပင်လျှင် ဤအစွမ်းထက်ပြီး နာမည်ကျော်လှသော “ကောင်းကင်နဂါးတာအိုဂိုဏ်း” ၏ ဂိုဏ်းချုပ် ဖြစ်သူကို အလွယ်တကူ စော်ကားနိုင်သည့် အခြေအနေ ဖြစ်နေသည်။ သူမမှာ ထိုမျှအထိ အားနည်းနေခြင်းပင်။
“အခုနက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ငါ့ရဲ့ စိတ်ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲ ပြန်ဝင်နိုင်မှာ မဟုတ်ဘူး။ အနိုင်နိုင်ကြိုးစားပြီး ပြန်ဝင်နိုင်ခဲ့ရင်တောင် ဆယ်ရက်၊ ဆယ်ညလောက် အိပ်မောကျနေပြီး ပြန်နိုးလာပါ့မလားတောင် မသေချာဘူး။” အောင်းလွမ်က အတန်ကြာ နားလိုက်ပြီးမှ အားယူ၍ ပြောလိုက်သည်။
ယွမ်ရှန်းရှန်းက ‘ကောင်းကင်ရနံ့ဂိုဏ်း’ ၏ မူလစွမ်းအင်ကို သုံးပြီး ကူညီခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက အောင်းလွမ်အနေဖြင့် ဆယ်ရက်ခန့် အိပ်စက်နေရမည်ဖြစ်ပြီး ပြန်နိုးလာရန် မှာမူ ကံတရားပေါ်တွင်သာ မူတည်နေလိမ့်မည်။
“အို...ဘုရားရေ ဒါက တကယ့် အခွင့်အရေးကြီးပဲ။ တကယ်လို့, အခုချိန်မှာ ယွမ်ရှန်းရှန်း သာ ယုတ်မာစိတ်ရှိပြီး နဂါးသမီးတော်ရဲ့ အတွေးစတွေကို သိမ်းပိုက်လိုက်ရုံနဲ့ သူမရဲ့ မှော်စွမ်းအားက နှစ်ဆ တိုးသွားလိမ့်မယ်။ အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင် နှစ်ယောက်စာ စွမ်းအားမျိုးပေါ့။ တကယ့်ကို ဆွဲဆောင်မှု ကြီးလွန်းတယ်။ ဟုန်ယွိသာ ဒီမှာ မရှိရင် ငါတောင် တောင့်ခံနိုင်မှာ မဟုတ်ဘဲ တစ်ခုခုလုပ်မိမှာ သေချာတယ်...”
ဆန်းဝေဝေသည် ဤမြင်ကွင်းကို ကြည့်ကာ သူမ၏ စိတ်ထဲတွင် လောဘမီးများ တောက်လောင်လာပြီး နှလုံးသားနတ်ဆိုးများ နှိုးဆွခံနေရသည်။
နဂါးသမီးတော်မှာ လုံးဝကို အကူအညီမဲ့နေခြင်း ဖြစ်သည်။ အကယ်၍ ဆန်ဝေဝေကသာ တစ်ခုခု လုပ်လိုက်ပါက သူမ၏ အတွေးစများကို ၁၀၀ ရာခိုင်နှုန်း သိမ်းယူနိုင်ပြီး ချက်ချင်း ပင် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။
“ဆန်းဝေဝေ... မင်းသာ နှလုံးသားနတ်ဆိုးကို နှိမ်နင်းနိုင်မယ်ဆိုရင် မင်းရဲ့ ကျင့်စဉ်က အမှန်တကယ် တိုးတက်လာပြီး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ဖို့ မျှော်လင့်ချက် ရှိလာလိမ့် မယ်။ တကယ်လို့, မင်းရဲ့အလိုလောဘ နှလုံးသားနတ်ဆိုးကို မနှိမ်နင်းနိုင်ရင်တော့ မင်းဟာ ရွှမ်မင်တာအို နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံနေပေမဲ့လည်း ကောင်းကင်ဘုံရဲ့ အလိုဆန္ဒ အောက်မှာ သေရလိမ့်မယ်။”
ဟုန်ယွိ၏ အေးစက်သော အသံက ဆန်းဝေဝေ၏ လောဘမီးလျှံကို ချက်ချင်းပင် တစ်ဝက် ခန့် ငြိမ်းသတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိက စကားပြောရင်း မျက်ခုံးပင့်လိုက်ပြီး လက်ကို မြှောက်လိုက်ရာ ရွှေရောင်ဆေးစွမ်းအင်များက အောင်းလွမ်၏ ကိုယ်ပေါ်သို့ ကျဆင်းသွား သည်။ အောင်းလွမ်က ထိုအငွေ့များကို ရှူရှိုက်လိုက်သည့်အခါ သူမ၏ တစ်ကိုယ်လုံးမှာ နေရထိုင်ရ သက်သာသွားပြီး အားအင်များ ပြန်လည်ရရှိကာ မတ်တတ်ရပ်နိုင်လာသည်။
“ဒါက ‘အနန္တရွှေဆေးလုံး’ ရဲ့ ဆေးအစွမ်းပဲ။ ဒီဆေးလုံးက ငါ့ရဲ့ ‘ကမ္ဘာငယ်’ ထဲမှာ ကျင့်ကြံ နေတာဆိုတော့ သူ့ရဲ့ ဆေးအစွမ်းတွေက မပျောက်ကွယ်သေးဘူး။ မင်းကို တစ်စိတ် တစ်ပိုင်း ပေးလိုက်မယ်၊ ဒါက မင်းရဲ့ ဒဏ်ရာတွေကို သက်သာစေလိမ့်မယ်။” ဟုန်ယွိက ပြောလိုက်သည်။
“တကယ့်ကို ‘ပညာရှင် သူတော်စင်ငယ်’ တစ်ဦးပဲ။ ဒါကြောင့်လည်း သူ့ရဲ့စိတ်ဓာတ်က ဒီလောက်အထိ မြင့်မြတ်နေတာပဲ။” ဟုန်ယွိ၏ လုပ်ရပ်ကို မြင်သည့်အခါ ဆန်းဝေဝေသည် သူမဘာသာ ရေရွတ်မိပြီး သူမ၏ လောဘစိတ်များလည်း လုံးဝ ကွယ်ပျောက်သွားတော့ သည်။
“ကျေးဇူးတင်ပါတယ်။” နဂါးသမီးတော်က စကားနှစ်ခွန်းကို အနိုင်နိုင် ပြောလိုက်ပြီး ခါးသီး စွာ ပြုံးလျက် “ငါ့မှော်စွမ်းအားတွေ အနည်းငယ် ပြန်ရဖို့တောင် နောက်ထပ် ၁၀ ရက်ကနေ လဝက်လောက်အထိ အနားယူရဦးမယ် ထင်တယ်။ အပြည့်အဝ ပြန်ကောင်းဖို့ဆိုရင်တော့ ၃ နှစ် ဒါမှမဟုတ် ၅ နှစ်လောက် ကြာနိုင်တယ်။ မိုးကြိုးကပ်ဘေးက ဒီလောက်အန္တရာယ် ကြီးမယ်လို့ မထင်ထားမိဘူး။ ခုနလေးတင် ငါဟာ ပြာဖြစ်လုနီးပါး ဖြစ်သွားခဲ့တာ။ ကံကောင်းထောက်မစွာနဲ့ မင်းက အရင်ဆုံး ကပ်ဘေးကို ကျော်ဖြတ်ပြပြီး နမူနာပြခဲ့လို့ ငါ့မှာ ယုံကြည်မှု အနည်းငယ် ရရှိခဲ့ပြီး စိတ်ဝိညာဉ် အတွေးစကို ပြန်လည်ထိန်းသိမ်းနိုင်ပြီး မိုးကြိုးကပ်ဘေးကနေ လွတ်မြောက်နိုင်ခဲ့တာပါ။”
“အပြည့်အဝ ပြန်ကောင်းဖို့ ၃ နှစ်ကနေ ၅ နှစ်တောင် ကြာမှာလား။ ဒါက သိပ်ကြာ လွန်းတယ်။ မိုးကြိုးကပ်ဘေးက တစ်ဆင့်ထက်တစ်ဆင့် ပိုပြင်းထန်လာပြီး အားနည်းတဲ့ ကာလကလည်း ပိုဆိုးလာတာပဲ။ မုန့်ရှန်းကျီ ပြီးခဲ့တဲ့အကြိမ်က ရှစ်ကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို ဘယ်လိုများ ကျော်ဖြတ်ပြီး ရန်သူတွေကို နှိမ်နင်းခဲ့ပါလိမ့်။” ဟုန်ယွိက မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။
“အဲဒီလောက် မကြာပါဘူး။ တကယ်လို့, ငါက ‘မြေရနံ့ ဝိညာဉ်ဖိနှိပ်ခြင်း မဟာနည်းလမ်း’ ကို အသုံးပြုပြီး ဆေးပေါင်းတစ်ရာရဲ့ ရနံ့တွေကို စုစည်းကာ ၃ ရက်တိတိ ကျင့်ကြံပေးမယ် ဆိုရင် မင်းရဲ့မှော်စွမ်းအား တစ်ဝက်လောက်ကို ပြန်ရစေနိုင်ပြီး ကွဲအက်နေတဲ့ အတွေးစ တွေကိုလည်း ပြန်လည်စေ့သွားအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်အတော အတွင်း ဟုန်ယွိ... မင်း ငါတို့ကို အစောင့်အရှောက် လုပ်ပေးရမယ်နော်။” ယွမ်ရှန်းရှန်းက ပြောသည်။
၃ ရက်တိတိ နဂါးသမီးတော်သည် သူမနန်းတော်သို့ ပြန်သွားကာ ယွမ်ရှန်းရှန်း၏ အကူအညီဖြင့် လျှို့ဝှက်နည်းလမ်းများကို ဆက်တိုက် ကျင့်ကြံခဲ့ရာ နောက်ဆုံးတွင် မိုးကြိုး ကပ်ဘေးကြောင့် ရရှိထားသော ဒဏ်ရာအချို့ ပြန်လည်သက်သာလာခဲ့သည်။
ထိုကာလအတွင်း ဟုန်ယွိသည် သူတို့နှစ်ဦးစလုံးအတွက် အစောင့်အရှောက် လုပ်ပေးရင်း ရှဲ့ဝန်ယွမ်နှင့် ပညာရပ်များ ဖလှယ်ခြင်း၊ သို့မဟုတ် အနန္တရွှေဆေးလုံးကို လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ချန်ယင်းရှာသည်လည်း ထို “ကောင်းကင်မိစ္ဆာ တာအိုသစ်သီး” ကို စုပ်ယူသန့်စင်ခဲ့သည်။
ကျီရှန်းထျန်းသည်လည်း အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ နတ်ဘုရားဝိညာဉ် ကိုးပါးစလုံးကို စုပ်ယူနိုင်ခဲ့သဖြင့် သူမ၏ စိတ်ဝိညာဉ်စွမ်းအားမှာ တစ်ဖန် ထပ်မံ ကြီးထွားလာပြန်သည်။
ဟုန်ယွိသည် ကျီရှန်းထျန်းအား 'ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ' ကို ရရှိအောင် ကူညီမည်ဟု ကတိပေးထားသော်လည်း ထိုမူလဝိညာဉ်နတ်ဘုရားမှာ အလွန်စွမ်းထက်ပြီး ကောက်ကျစ်သဖြင့် ဟုန်ယွိ၏ လက်ရှိ စွမ်းအားနှင့် မလွယ်ကူသေးချေ။ ထို့ကြောင့် ထိုကတိမှာ အလှမ်းဝေးနေဆဲ ဖြစ်သော်လည်း အိမ်ရှေ့စံမင်းသား၏ နတ်ဘုရား ဝိညာဉ် ကိုးပါးကို စုပ်ယူရခြင်းမှာ အတိုးရလိုက်သကဲ့သို့ပင် ဖြစ်သည်။
၃ ရက်အကြာတွင် သူတို့အဖွဲ့သည် ကောင်းကင်နဂါးတာအိုဂိုဏ်း၏ အခြေစိုက်စခန်းမှ အလျင်အမြန် ထွက်ခွာခဲ့ကြပြီး ဒိုင်ဇင်ဘုရားကျောင်းဆီသို့ ပျံသန်းလာရာ နာရီဝက်ခန့် အတွင်းမှာပင် ရောက်ရှိခဲ့သည်။ ဟုန်ယွိနှင့် အဖွဲ့သားများသည် ဒိုင်ဇင်ဘုရားကျောင်း၏ အပျက်အစီးများပေါ်သို့ ဆင်းသက်လိုက်ကြသည်။
“မိန်းကလေး ရှန်းရှန်း... ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျား ကျွန်တော့်ကို မေးခဲ့တယ် မဟုတ် လား။ ဧကရာဇ် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိက ကျွန်တော့်ဆီက ဘာလိုချင်နေတာလဲ။ ‘ရူလိုင် သင်္ကန်းတော်’ လားဆိုတာလေ။ ဒီနေ့ ကျွန်တော် အဲဒီအဖြေကို ပေးမယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒါကို သိချင်နေပြီ။”
ဒိုင်ဇင်ဘုရားကျောင်း၏ အကြွင်းအကျန် အပျက်အစီးများပေါ်တွင် မတ်တပ်ရပ်ရင်း ဟုန်ယွိက ပြုံးလိုက်ကာ သူ၏ အတွေးစများကို မြေအောက် ပေခြောက်ရာအထိ ပြင်းထန် စွာ ထိုးဖောက် စေလွှတ်လိုက်သည်။
ရုတ်တရက် ဟုန်ယွိ၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားပါတော့သည်။