အခန်း (၄၇၃-၄၇၄)
Vol. 45 Ch. 473-474
အခန်း (၄၇၃)။
ညကောင်းကင်ယံ အောက်ဝယ်... မိုင်ပေါင်းထောင်ချီ ရှည်လျားပြီး ပြည်နယ် အတော် များများကို ဖြတ်သန်းကာ တော်ဝင်ချန်အင်ပါယာ၏ ဗဟိုချက်မတွင် တည်ရှိသော ‘ထိုက်ရှီ တောင်တန်း’ ကြီးသည် မှောင်မည်း တိတ်ဆိတ်နေ၏။ ၎င်းသည် မြေပြင်ပေါ်တွင် ဝပ်စင်းနေသော နဂါးနက်ကြီးတစ်ကောင်ကဲ့သို့ မြေကြီး၏ စစ်မှန်သော အသက်စွမ်းအင် များကို စုပ်ယူနေပြီး အချိန်မရွေး ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ပျံသန်းသွားတော့မည့် အလား ထင်မှတ်ရပေသည်။
ဟုန်ယွိနှင့် အဖွဲ့သားများသည် ညမှောင်ရိပ်ကို အကာအကွယ်ယူကာ ထိုက်ရှီတောင်တန်း သို့ ရောက်ရှိလာခဲ့ကြသည်။
အမှန်စင်စစ် ညမှောင်ရိပ်သည် ကျင့်ကြံသူများအတွက်ပင် အရာရာကို ဖုံးကွယ်ထားရန် အကောင်းဆုံး ဖြစ်ပေသည်။
ညအချိန်တွင် ဟုန်ယွိသည် ‘အမှောင်မန္တလာ’အတားဆီးကို အသုံးပြုထားသဖြင့် သူ၏ အငွေ့အသက်များကို ဖုံးကွယ်ထားပုံမှာ ကောင်းကင်နှင့် မြေကြီး၏ အမှောင်ထုနှင့် တစ်သားတည်း ကျနေသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် အခြားသူများအနေဖြင့် သူ့ကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပေသည်။ အနည်းဆုံးတော့ သူနှင့် အဆင့်တူ သို့မဟုတ် သူ့ထက် အနည်းငယ်သာ မြင့်သော ကျင့်ကြံသူများပင်လျှင် သူ၏ အငွေ့အသက်ကို ခံစားသိရှိနိုင်မည် မဟုတ်ချေ။
ယခုအချိန်မှာ ဆောင်းဦးပေါက်ကာလ ဖြစ်သဖြင့် တောင်တန်းတစ်ခွင်လုံးတွင် သစ်ရွက် ခြောက်များ ကြွေကျနေသည်။ ညပိုင်းတိုက်ခတ်သော ဆောင်းဦးလေမှာ အေးစက်စပြုနေ ပြီး ကောင်းကင်မှာလည်း မှိုင်းညို့နေကာ လရောင်လည်း မရှိပေ။ တကယ့်ကိုပင် “လကွယ် ည၊ လေပြင်းည” ပင် ဖြစ်တော့သည်။
ဤဆောင်းဦးနှောင်းပိုင်း၏ မှောင်မည်းသော ညဉ့်နက်သန်းခေါင်ယံတွင် ရှဲ့ဝန်ယွမ်၊ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်၊ ကျီရှန်းထျန်း၊ ချန်ယင်းရှာ၊ ဆန်းဝေဝေ၊ ချီလင်နှင့် အခြား သူများသည် ဒိုင်ဇင်ဘုရားကျောင်း၏ ယခင်က “ကျမ်းစာဆောင်” ပျက်စီးနေသည့် နေရာ တွင် ရပ်နေကြသည်။ သူတို့အားလုံးသည် ဟုန်ယွိက လျှို့ဝှက်ဆန်းကြယ်လှသော မြေအောက်နန်းတော်ကို ဖော်ထုတ်တော့မည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် လူတိုင်း သိထားကြသည်မှာ ဟုန်ယွိသည် နက်နဲဆန်းကြယ်လှ သော မြေအောက်နန်းတော်ကို ဖွင့်လှစ်ကာ၊ ထိုနေရာရှိ ‘မဟာဝရဇိပညာပါရမီ’ တာအို ကျမ်းနှင့် ရှေးဟောင်းခေတ်၏ အစွမ်းထက်ဆုံး မှော်သင်္ကန်းတော် ဖြစ်သော ‘ရူလိုင် သင်္ကန်းတော်’ ကို ရယူရန် ရောက်လာခဲ့ခြင်းကြောင့်ပင်။ ထိုသင်္ကန်းတော်မှာ ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ ထက်ပင် ပိုမိုအစွမ်းထက်သည်ဟု ကျော်ကြား သည်။
ဒဏ္ဍာရီများအရ ဖန်ဟွမ်အသက်ဝိညာဉ်ဓားသည် မည်သည့် သံချပ်ကာကိုမဆို ဖြတ်တောက်နိုင်သော်လည်း၊ လောကတွင် ထိုနတ်ဘုရားလက်နက်ကို ခုခံနိုင်သည့် မှော်ရတနာ နှစ်ခုသာ ရှိသည်ဟု ဆိုကြသည်။ ပထမတစ်ခုမှာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ဖြစ်ပြီး ဒုတိယတစ်ခုမှာ ‘ရူလိုင်သင်္ကန်းတော်’ ပင် ဖြစ်သည်။
‘ဖန်ဆင်းခြင်းသင်္ဘော’ ဆိုသည်မှာ ရှေးခေတ်မှ ဖန်ဆင်းရှင်က မြောက်မြားစွာသော မဟာ ပညာရှင်ကြီးများနှင့် ပူးပေါင်းကာ ‘နိဗ္ဗာနနယ်ပယ်’ တဖက်ကမ်းသို့ ကူးမြောက်နိုင်ရန် ဖန်တီးခဲ့သည့် မှော်လက်နက် ဖြစ်သည်။
‘ရူလိုင်သင်္ကန်းတော်’ ဆိုသည်မှာလည်း ရှေးခေတ် သူတော်စင် ဧကရာဇ် ‘ယွမ်’ က နိဗ္ဗာနနယ်ပယ်သို့ (တဖက်ကမ်း) ကူးမြောက် ရန် အသုံးပြုခဲ့သည့် မှော်လက်နက်တစ်ခု ဖြစ်သည်။
၎င်းတို့နှစ်ခုလုံးမှာ နိဗ္ဗာနနယ်ပယ်အဆင့် မှော်လက်နက်များပင် ဖြစ်ကြသည်။
ယန်နတ်ဘုရားအဆင့်ရှိ မှော်လက်နက်များနှင့် ပတ်သက်၍ ယခုလက်ရှိ ပညာရှင်များ သည် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ အနှိုင်းမဲ့ပြီး လွှမ်းမိုးနိုင်စွမ်းကြီးမားသော စွမ်းအားကို သာ မြင်တွေ့ဖူးကြပြီး များစွာ တုန်လှုပ်ခဲ့ကြဖူးသည်။ ထိုသို့ဆိုလျှင် နိဗ္ဗာနအဆင့် မှော်လက်နက်များသည် မည်မျှအထိ အစွမ်းထက်နေမည်နည်း။ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသော ပညာရှင်များပင်လျှင် ထိုအရာများအကြောင်းကို ကြားသာကြားဖူးပြီး တစ်ခါမျှ မမြင်ဖူးကြချေ။ ထို့ကြောင့် လူတိုင်း၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။
“သတိထားကြ၊ သတိထားကြ”
“တစ်ခုခု ဖြစ်နေပြီ”
“အစီအရင်ဝင်္ကပါတွေ အသင့်ပြင်ဆင်ကြ”
“ကိုးဖြာသန့်စင်နတ်ဘုရားအလင်း... အရပ်မျက်နှာအနှံ့ ပျံ့နှံ့စေ... မိစ္ဆာအပေါင်း ပျက်သုဉ်း စေ... ကောင်းကင်နဂါး ဆင်းသက်စမ်း!”
“မင်္ဂလာရှိသော ရတနာသုံးပါး” “ကောင်းကင်ရနံ့ တိမ်ကွန်ယက်၊ အဖြူရောင် ကြာပန်း ရွှေမီးအိမ်၊ လောကနှစ်သွယ် ခွဲခြားခြင်း။”
“အတွင်းအမြုတေ”
“ကောင်းကင်မိစ္ဆာ တာအိုသစ်သီး... ငွေရောင်ငါးမန်း ခန္ဓာ။”
ဤကဲ့သို့ စိတ်ကျဉ်းကြပ်ပြီး မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ဆိုင်းနေသည့် အခြေအနေ တွင်၊ ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများက မြေအောက်သို့ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်သွားချိန်၌ သူ၏ မျက်နှာအမူအရာ ပျက်သွားသည်ကို မြင်လိုက်ရသည်နှင့် ကျန်ရှိနေသော ပညာရှင်များမှဦ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သိရှိသွား ကြပြီး သူတို့၏ တာအိုပညာရပ်များကို အသီးသီး ထုတ်ဖော်လိုက်ကြတော့သည်။
ဆံပင်တစ်ပင်ကို ဆွဲလိုက်ရုံဖြင့် တစ်ကိုယ်လုံး တုန်ခါသွားသကဲ့သို့ အခြေအနေမှာ ရုတ်ချည်းပင် ပြောင်းလဲသွားခဲ့သည်။
နဂါးသမီးတော် အောင်းလွမ်၏ ‘ကိုးဖြာသန့်စင်နတ်ဘုရားအလင်း’ နှင့် ယွမ်ရှန်းရှန်း၏ ‘ကောင်းကင်ရနံ့ တိမ်ကွန်ယက်’၊ ‘အဖြူရောင်ကြာပန်း ရွှေမီးအိမ်’ တို့ကို ခေတ္တထားဦး။ အမြဲတမ်း အေးအေးဆေးဆေး နေတတ်ပြီး ချစ်စရာကောင်းကာ ဘေးကင်းသည်ဟု အားလုံးက ထင်ထားကြသော ‘ကျီရှန်းထျန်း’သည်ပင် ရုတ်တရက် မှော်ရတနာ သုံးခုကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။
ထိုမှော်ရတနာ သုံးခုထဲမှ ပထမတစ်ခုမှာ ငွေရောင်လက်စွပ်လေး တစ်ကွင်းဖြစ်သည်။ ၎င်းကို လေထဲသို့ ပစ်တင်လိုက်သည့်အခါ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာပြီး တိမ်တိုက် များထဲသို့ ချက်ချင်း ပျံတက်ပြီး ပျောက်ကွယ်သွားသည်။ ထို့နောက် ကောင်းကင်ယံမှ အလင်းတန်းများ မြေပြင်ပေါ်သို့ တဟုန်ထိုး ကျဆင်းလာပြီး မြေအောက်ထဲသို့ ပြင်းထန်သော စွမ်းအားများဖြင့် ထိုးဖောက် ဝင်ရောက်သွားရာ ၎င်း၏ အရှိန်အဝါမှာ နဂါး သမီးတော်နှင့် ယွမ်ရှန်းရှန်းတို့ထက်ပင် သာလွန်နေသည်။
ဒုတိယမြောက် မှော်ရတနာမှာ မြှားငယ်လေးတစ်စင်း ဖြစ်သည်။ ၎င်းသည် အင်မတန် ဖြူစင်ပြီး အတောင်ပံငယ်လေး နှစ်ခု ပါရှိသည်။ ၎င်းကို ပစ်လိုက်သည့်အခါ ဟင်းလင်းပြင် ထဲသို့ ပျောက်ကွယ်သွားသည်။ ထိုအခိုက်အတန့်တွင် လူတိုင်းက ထိုမြှားလေးသည် သူတို့၏ နှလုံးသားကို အချိန်မရွေး ထိုးဖောက်သွားနိုင်သကဲ့သို့ ခံစားလိုက်ရသည်။
တတိယမြောက် မှော်ရတနာမှာမူ ခေါင်းလောင်းလေး တစ်လုံး ဖြစ်သည်။ ၎င်းကို ရွှေနှင့် သစ်သားတို့ဖြင့် ပြုလုပ်ထားပုံရပြီး တစ်ကိုယ်လုံး ပယင်းရောင်ကဲ့သို့ တောက်ပနေသည်။ သူမက ထိုခေါင်းလောင်းကို လှုပ်ယမ်းလိုက်သည့်အခါ ကြည်လင်သော အသံများ ထွက်ပေါ်လာပြီး သူမ၏ ပတ်ပတ်လည်တွင် ရစ်ပတ်သွားသည်။
ဤအရာများမှာ ကျီရှန်းထျန်း၏ တစ်ခါမျှ မထုတ်ဖော်ဖူးသေးသော “မင်္ဂလာနတ်သမီး၏ ရတနာသုံးပါး” ဖြစ်သော “ကျီရှန်းလက်စွပ်”၊ “နှလုံးထိုးဖောက်မြား” နှင့် “အင်ဒီဂို ခေါင်းလောင်း” တို့ ဖြစ်ကြသည်။ တစ်ခုချင်းစီမှာ နှစ်ပေါင်း ရာချီ၊ ထောင်ချီ၍ သန့်စင်ထား သော ထိပ်တန်း မှော်ရတနာများ ဖြစ်ကြသည်။
ချန်ယင်းရှာကမူ သူမ အသစ်စက်စက် ကျင့်ကြံရရှိထားသော ‘ကောင်းကင်မိစ္ဆာ တာအို သစ်သီး’ကို ထုတ်ဖော်လိုက်သည်။ ထိုရွှေအိုရောင် ဖရုံသီးလေး ပျံထွက်သွားသည်နှင့် ကြီးမားလှသော ‘ငွေရောင်ငါးမန်း’ ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ပင်လယ် လှိုင်းတံပိုးများကို စီးနင်းလျက် ပါးစပ်ကြီးကို ဟကာ လေထဲတွင် ဝဲပျံနေသည်။ ၎င်း၏ စွမ်းအားမှာ အတိုင်းအဆမရှိပေ။
ဤစွမ်းအားမျိုးမှာ ယွန်မင်နိုင်ငံ ဧကရာဇ် နာလန်ယိဟုန်၏ ‘ခွန်ပန်သန့်စင်ပုံရိပ်’ထဲမှ ငါးကြီးနှင့်ပင် ယှဉ်နိုင်လောက်သည်။
အရှေ့ပင်လယ်အဆုံး၊ မြူခိုးတောင်ရှိ မိစ္ဆာနတ်ဘုရားဂူမှ ကမ္ဘာဦးခေတ် မျောက်ဝံဘိုးဘေး ကြီး ကျင့်ကြံထားသော တာအိုသစ်သီးမှာ အမှန်ပင် ထူးခြားလှပေသည်။ ချန်ယင်းရှာက ၎င်းကို အောင်မြင်စွာ သန့်စင်ပြီးနောက် သူမ၏ မူလအသွင်သဏ္ဌာန်သို့ ပြောင်းလဲလိုက်ရာ ၎င်း၏ စွမ်းအားမှာ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထက် များစွာ သာလွန်သွားခဲ့သည်။
ဟုန်ယွိ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည့် အခိုက်အတန့်မှာပင်...
ပညာရှင်အများအပြားသည် ဒိုင်ဇင်ဘုရားကျောင်း၏ “ကျမ်းစာဆောင်” ပျက်စီးနေသော နေရာကို ဝိုင်းရံလျက် တိုက်ခိုက်ရေးအစီအရင်များကို အသီးသီး ခင်းကျင်းထားကြသည်။ မရေမတွက်နိုင်သော အစီအရင်များ၊ ဟင်းလင်းပြင် အကာအကွယ်များနှင့် နယ်မြေ ပိုင်းခြားခြင်း အစီအရင်များကို အစွမ်းကုန် ထုတ်ဖော်ထားကြရာ၊ ဤကဲ့သို့သော အခြေအနေမျိုးတွင် အကယ်၍ ရန်သူသာ အခွင့်ကောင်းယူရန် ရောက်ရှိလာပါက မလွဲမသွေ သေဆုံးသွားကြပေလိမ့်မည်။
ယခုတစ်ခေါက် ဟုန်ယွိ စုစည်းထားသော အင်အားစုမှာ ဤလောကတွင် အစွမ်းအထက် ဆုံး မဟာမိတ်အဖွဲ့များထဲမှ တစ်ခုဟုပင် ဆိုနိုင်ပေသည်။
“ဟုန်ယွိ... ဘာဖြစ်လို့လဲ”
ရှဲ့ဝန်ယွမ်က အလွန်ပင် တည်ငြိမ်စွာဖြင့် မျက်တောင်တစ်ချက် မခတ်ဘဲ မေးလိုက်သည်။
ဟုန်ယွိက ရှဲ့ဝန်ယွမ်ကို ချက်ချင်း အဖြေမပေးသေးပေ။ သူ၏ လက်ညှိုးဖြင့် ညွှန်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည်လည်း လှုပ်ရှားသွားပြီး၊ ခဏချင်းမှာပင် အတွေးစပေါင်း ၃၃,၃၃၃ ခု သည် ဝုန်းခနဲ ထွက်ပေါ်လာကာ လေထုထဲတွင် ‘စွမ်းရည်သုံးပါး’ ပုံစံ သင်္ကေတတစ်ခု အဖြစ် စုစည်းသွားသည်။ ထို့နောက် ထိုအတွေးစများသည် လေးစီးကြောင်းတစ်ခုအဖြစ် မြေအောက်ထဲသို့ တဟုန်ထိုး ထိုးဖောက်ဝင်ရောက်သွားတော့သည်။ ထိုအခါမှသာ ဟုန်ယွိက စကားပြောလိုက်သည်။ (‘စွမ်းရည်သုံးပါး’ ပုံစံ “ကောင်းကင်၊ မြေကြီး၊ လူသား” ဟူသော တြိဂံပုံသဏ္ဌာန် သို့မဟုတ် အဆင့်သုံးဆင့် သင်္ကေတအဖြစ် ပေါင်းစပ်လိုက်ခြင်း ဖြစ်ပြီး၊ သူ၏စိတ်ဝိညာဉ်ကို စကြဝဠာနှင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်လိုက် ခြင်းပင် ဖြစ်သည်။)
“အားလုံးပဲ... စိတ်မလှုပ်ရှားကြပါနဲ့ဦး။ ငါ မြေအောက်နန်းတော်ကို ရှာမတွေ့တော့လို့ပါ။ အရင်က ငါ့စိတ်အာရုံထဲမှာ မြေအောက်နန်းတော်က ရှိနေခဲ့ပေမဲ့ အခုတော့ အဲဒီနေရာက ရုတ်တရက် ဗလာဖြစ်နေတယ်။ ငါ ထပ်ပြီး ရှာကြည့်ဦးမယ်။”
ဟုန်ယွိက တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ မျက်နှာမှာ ဝမ်းသာခြင်း၊ ဝမ်းနည်း ခြင်း အရိပ်အယောင် လုံးဝ မရှိပေ။
အမှန်စင်စစ် သူ၏အတွေးစများ မြေအောက် ပေ ၆,၀၀၀ ခန့်အထိ ထိုးဖောက် ဝင်ရောက် သွားချိန်တွင် ‘အတိတ်ကျမ်း’ကို အသုံးချပြီး အစွမ်းကုန် အာရုံခံကြည့်သော်လည်း၊ မြေအောက်နန်းတော်နှင့် ပတ်သက်သည့် သတင်းအချက်အလက် ဘာတစ်ခုမျှ ရှာမတွေ့ခဲ့ ခြင်း ဖြစ်သည်။
ယခုအခါ သူ၏ တာအိုပညာရပ်မှာ ယခင်ကထက် ၁၀ ဆကျော်မက ပိုမိုသန်မာလာခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ကို လက်ဝယ်ရှိထားသဖြင့် သူသည် ‘ဖန်ဆင်းရှင်’ အဆင့်အောက်တွင် နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ သူက အနည်းငယ် စဉ်းစားလိုက်ရုံနှင့် ယခင်က ရှာတွေ့ခဲ့သော မြေအောက်နန်းတော်ကို အာရုံခံမိလိမ့်မည်ဟု ထင်ထားသော်လည်း၊ ယခုမူ ထိုမြေအောက်နန်းတော်မှာ တစ်ခါမျှ မတည်ရှိခဲ့ဖူးသကဲ့သို့ ထူထဲလှသော မြေလွှာများနှင့် လေးလံသော တောင်တန်းကြီးများကိုသာ ခံစားရပြီး အခြားဘာမျှ မတွေ့ရချေ။
သို့သော်လည်း ဟုန်ယွိသည် ခဏမျှ အံ့သြသွားပြီးနောက် ချက်ချင်းပင် ပြန်လည် တည်ငြိမ် သွားကာ သူ၏ စိတ်ဝိညာဉ် စွမ်းအား တစ်ဝက်ခန့်ကို အသုံးပြု၍ မြေအောက်ထဲသို့ ထိုးဖောက်ပြီး အစွမ်းကုန် အာရုံခံကြည့်ပြန်သည်။ သူ နောက်ဆုံးတစ်ခေါက် ပြန်လာခဲ့ပြီး ချိန်မှ ယခုအချိန်အထိ ဒိုင်ဇင်ဘုရားကျောင်း မြေအောက်နန်းတော်တွင် တစ်ခုခု ဖြစ်ပျက်ခဲ့ သည်ကို သူ သိလိုက်ရပြီ ဖြစ်သည်။
“ဒီဒိုင်ဇင်ဘုရားကျောင်း မြေအောက်နန်းတော်မှာ အလွန်နက်နဲတဲ့ ကန့်သတ်ပညာရပ်တွေ ရှိနေတာပဲ။ ဒါက တကယ်တမ်းဆို မြေအောက်မှာ ပုန်းကွယ်နေတာ မဟုတ်ဘဲ ဟင်းလင်း ပြင်ရဲ့ တချို့နေရာတွေမှာ ရှိနေတာပဲ။ ‘အတိတ်ကျမ်း’ ကို ကျင့်ကြံထားတဲ့သူတွေမှပဲ အဲဒီနေရာကို မြင်နိုင်တာ။ မဟုတ်ရင် ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူး။ ငါသာ အတိတ်ကျမ်းကို ကျင့်ကြံမထားရင် ငါ့ရဲ့ လက်ရှိ စိတ်ဝိညာဉ်စွမ်းအားနဲ့တောင် အာရုံခံဖို့ ခက်လိမ့်မယ်။ အစွမ်းထက်တဲ့ တစ်စုံတစ်ယောက်က ဒီအရာကို ယူသွားတာများလား။”
ဟုန်ယွိ၏ အတွေးစများသည် မြေအောက်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ကာ ရှာဖွေနေပြီး သူကလည်း တည်ငြိမ်စွာ စဉ်းစားနေသည်။ သူသည် ဖြစ်နိုင်ခြေရှိသည့် အကြောင်းရင်း အမျိုးမျိုးကို တွေးတောနေခြင်း ဖြစ်သည်။
မြေအောက်ထုမှာ ထူထဲလေးလံနေဆဲ ဖြစ်သော်လည်း ဟုန်ယွိ၏ အတွေးစများအတွက်မူ ခက်ခဲခြင်း မရှိတော့ဘဲ ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ ခံစားနေရသည်။
သူ၏ အစွမ်းထက်သော အတွေးစများသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ဒိုင်ဇင်ဘုရား ကျောင်း မြေအောက် ပေ ၁၀၀,၀၀၀ ဝန်းကျင်ရှိ မြေလွှာအားလုံးကို အကုန်အစင် စစ်ဆေး လိုက်သည်။ သို့သော်လည်း ဘာအစအနမျှ မတွေ့ရသေးသလို ဘာခံစားချက်မျှလည်း မရသေးပေ။
ဟုန်ယွိ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး အလွန်တရာ တည်ငြိမ်စွာဖြင့်ပင် ဆက်လက် စဉ်းစားကာ၊ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို လည်ပတ်စေပြီး အတွေးစများကို ပေ ၁၀၀,၀၀၀ ထက် ပိုမိုနက်ရှိုင်းအောင် ပို့လွှတ်လိုက်သည်။ သူသည် ပေ ၂၀၀,၀၀၀၊ ထို့နောက် ပေ ၃၀၀,၀၀၀ အထိ ထိုးဖောက်ဝင်ရောက်သွားပြီး အတွေးစများကို စိတ်ဝိညာဉ် စွမ်းအင်အဖြစ် ပြောင်းလဲကာ အစွမ်းကုန် အလုပ်လုပ်စေသည်။
တဖြည်းဖြည်းနှင့် ဟုန်ယွိသည် မြေအောက်အနက်ပိုင်းမှ သူ၏ အတွေးစများကို အောက်သို့ ဆွဲငင်နေသည့် ကြီးမားလှသော ဆွဲအားကြီးတစ်ခုကို ခံစားလိုက်ရသည်။ ထို့ပြင် ပြင်းထန်လှသော အပူရှိန်ကြောင့် အတွေးစများမှာ မီးဖိုထဲတွင် ရောက်နေသကဲ့သို့ ခံစားရသည်။ ၎င်းမှာ မြေအောက်သံလိုက်စွမ်းအင်နှင့် မြေအောက်မီးလျှံများ၏ စွမ်းအင် ဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။
ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်သည် မြေအောက်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သည့်အခါ မြေထု၏ ဖိအားကို ခံစားရသည့်အပြင်၊ ပြင်းထန်သော မြေအောက်သံလိုက်စွမ်းအင်နှင့် မြေအောက်မီးလျှံများ၏ စွမ်းအင်ဒဏ်ကိုလည်း ခံစားရလိမ့်မည်။
မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသော ပညာရှင်တစ်ဦး၏ အတွေးစများပင်လျှင် ထိုမြေအောက်သံလိုက်ဓာတ်၏ ဆွဲငင်မှုကို ခံရပြီး ကမ္ဘာ့ဗဟိုချက်ဆီသို့ တဖြည်းဖြည်း ဆွဲချခံရကာ အပြီးတိုင် အရည်ပျော်သွားနိုင်ပေသည်။ သို့သော်လည်း ဟုန်ယွိ၏ အတွေးစ များမှာ ယခုအခါ အလွန်ပင် စွမ်းအားကြီးမားနေပြီဖြစ်သဖြင့် သူ ဘာကိုမျှ ဂရုမစိုက်ပေ။
သူ၏ စိတ်သည် အတည်ငြိမ်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီး သူ၏ အစွမ်းထက်သော အတွေးစများဖြင့် ရှာဖွေနေစဉ်မှာပင်... ရုတ်တရက်! ဝိညာဉ်အလင်းတန်းတစ်ခု လက်ခနဲ ဖြတ်သွားသည်။ သူသည် အနည်းဆုံး မြေအောက် ပေ ၃၀၀,၀၀၀ အနက်၊ မြေအောက် သံလိုက်စွမ်းအား အလွန်ပြင်းထန်သည့် နေရာတွင် ပြီးခဲ့သည့်အကြိမ်က ခံစားဖူးသည့် မြေအောက် နန်းတော်၏ အငွေ့အသက်ကို နောက်ဆုံးတွင် အာရုံခံမိသွားခဲ့ပြီ။
“ကောင်းလိုက်တာ။ ကြိုးစားမှုက အလကား မဖြစ်ဘူးပဲ။ ဘာတွေများ ဖြစ်ပျက်ခဲ့လို့လဲ။ အတွေးစတစ်သောင်း စုစည်းစမ်း... ဟင်းလင်းပြင်ကို ဆွဲဖြဲစမ်း။ ပွင့်စေ”
အတွေးစပေါင်း ၃,၃၃၃ ခုသည် မြေအောက်သံလိုက်၏ ဆွဲငင်မှုမှ ရုန်းထွက်ကာ အတူတကွ စုစည်းလိုက်ပြီး၊ ထိုဝိညာဉ်အလင်းတန်း လက်ခနဲ ပေါ်လာသည့် နေရာဆီသို့ ဟင်းလင်းပြင် ကို ဆွဲဖြဲကာ တဟုန်ထိုး ဝင်ရောက်သွားသည်။
ချက်ချင်းပင်...
ဝုန်း….
ဟုန်ယွိ၏ အစွမ်းထက်သော စိတ်ဝိညာဉ်သည် မူလမြေအောက်နန်းတော်ထဲသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားခဲ့သည်။
မြေအောက်နန်းတော်ထဲသို့ ရောက်သွားသည့် ခဏမှာပင် ဟုန်ယွိသည် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူသည် ဖန်သားလုံးတစ်ခု၏ ဘေးတွင် ရပ်နေပြီး၊ ငါးကြေးခွံ များကဲ့သို့သော မြေရောင် အကြေးခွံများဖြင့် ပြုလုပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူ၏ ကိုယ်လုံးမှာ အလွန်ပင် သွယ်လျပြီး ကျန်းမာသန်စွမ်းသော အသက်ဓာတ်များကို ထုတ်လွှတ်နေသည်။ သူသည် လူငယ်တစ်ဦး ဖြစ်သည်။
ဟုန်ယွိသည် ထိုမြေအောက်နန်းတော်ထဲသို့ ဆင်းသက်လိုက်သည့်အခါ သူ၏ ကြီးမားလှ သော စိတ်ဝိညာဉ် စွမ်းအားကြောင့် တစ်နန်းတော်လုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ဖန်သားလုံးရှေ့တွင် ရပ်နေသော လူငယ်သည်လည်း လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်များမှတဆင့် တောင်တန်းကြီးတစ်ခုကဲ့သို့ လေးလံလှသော အရှိန်အဝါများ ကို ဟုန်ယွိအပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။
“မင်း နောက်တစ်ခါ ပြန်လာပြန်ပြီလား။ မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေက ဘယ်လို လုပ်ပြီး ဒီလောက်အဆင့်အထိ တိုးတက်လာတာလဲ။ ငါ မင်းကို ရှောင်ဖို့အတွက် ပေ ၃၀၀,၀၀၀ အနက်အထိ တမင်တကာ ဆင်းလာခဲ့ပြီး တာအိုပညာနဲ့တောင် ဟင်းလင်းပြင် ကို ဖုံးကွယ်ထားခဲ့တာကို မင်းက ရှာတွေ့ဖြစ်အောင် ရှာတွေ့ခဲ့တာပဲ။ ဟွန့်... ဒီလိုဆိုမှ တော့ မင်း သေလိုက်တော့။”
ထိုလူငယ်၏ အတွေးစများထဲမှ အလွန်ပြင်းထန်သော လှိုင်းလုံးကြီးများ ထွက်ပေါ်လာ သည်။ ၎င်းမှာ လူတစ်ယောက်နှင့် တူသော်လည်း တောင်တန်းကြီးတစ်ခုနှင့်လည်း တူနေ ပြန်သည်။ တစ္ဆေတစ်ကောင်နှင့် တူသော်လည်း နတ်ဘုရားတစ်ပါးနှင့်လည်း ဆင်တူနေ ပြန်သည်။
“မင်းက ထိုက်ရှီတောင်တန်းရဲ့ နဂါးဝိညာဉ်ကနေ အသွင်ပြောင်းထားတာပဲ။ မင်းက ဖန်သားလုံးရဲ့ ချိတ်ပိတ်မှုကနေ ရုန်းထွက်ပြီး ထွက်ပြေးလာတာလား။”
ဟုန်ယွိသည် ထိုလူငယ်ကို မြင်လိုက်ရပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအား လှိုင်းများကို သေသေ ချာချာ အာရုံခံကြည့်လိုက်သည့်အခါ သူ၏ စိတ်ထဲတွင် ထိတ်လန့်သွားမိသည်။ ဤလူငယ် မှာ ဖန်သားလုံးအတွင်း၌ ချိတ်ပိတ်ခံထားရသော ထိုက်ရှီတောင်တန်း နဂါးဝိညာဉ်၏ အသွင်ပြောင်းကိုယ်ပွား ဖြစ်နေခြင်းပင်။ သူသည် ဖန်သားလုံး၏ ချိတ်ပိတ်မှုမှ အမှန် တကယ်ပင် လွတ်မြောက်လာခဲ့ပြီ။
ပြီးခဲ့သည့်တစ်ခေါက် ဟုန်ယွိ လာခဲ့စဉ်က ဤနဂါးဝိညာဉ်မှာ အလွန်ပင် စွမ်းအားကြီးမား ကြောင်း သူ သိခဲ့သည်။ သို့သော် ထိုစဉ်က ၎င်းမှာ ဖန်သားလုံးအတွင်း၌ ချည်နှောင်ခံ ထားရပြီး လုံးဝ မလှုပ်ရှားနိုင်ခဲ့ပေ။ မဟုတ်ပါက ထိုစဉ်ကတည်းက ဟုန်ယွိသည် ဤနဂါးဝိညာဉ်၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်ပေသည်။ တစ်ချိန်တည်းမှာပင် ဤနဂါး ဝိညာဉ်သာ မရှိခဲ့ပါက ဟုန်ယွိသည် ထိုဖန်သားလုံးအောက်တွင် ရှိနေသော၊ ကျမ်းစာနှင့် တူသော်လည်း ကျမ်းစာမဟုတ်သည့် ‘ရူလိုင်သင်္ကန်းတော်’ကို ရယူနိုင်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
“မင်းက ဒီလောက် စွမ်းအားလေးနဲ့ ငါ့ကို ဖိနှိပ်နိုင်မယ်လို့ ထင်နေတာလား။ ရယ်စရာပဲ။”
နဂါးဝိညာဉ်၏ ပြင်းထန်သော ဖိအားကို ရင်ဆိုင်ရင်း ဟုန်ယွိ၏ မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားသည်။ သူ၏ မျက်ဝန်းအစုံမှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး မြေအောက် နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ၎င်းမှာ ‘အလင်းမန္တလာ’ အတားဆီးပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် နဂါးဝိညာဉ်မှ အသွင်ပြောင်းထားသော ဤလူငယ် ကို အရင်ဆုံး ချိတ်ပိတ်ရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ လက်ဖဝါးမှာ ဧရာမ ရွှေရောင်လက်ဝါးကြီးအဖြစ် ပြောင်းလဲသွားပြီး ‘အသွင်မဲ့တံဆိပ်တော်’ ကို ထုတ်ဖော်လိုက်သည်။ လေထုထဲမှ ဆွဲငင် အားတစ်ခုနှင့်အတူ ထိုလက်ဝါးကြီးသည် လူငယ်၏ နောက်ကွယ်ရှိ ဖန်သားလုံးဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
ဟုန်ယွိသည် ထိုလူငယ်၏ နောက်ကွယ်ရှိ ဖန်သားလုံးအောက်တွင် ရှိနေသော၊ သင်္ကန်းတော်နှင့်တူသည့် ကျမ်းစာကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က ဟုန်ယွိ၏ စွမ်းအားမှာ အားနည်းသေးသဖြင့် ဤကျမ်းစာ၏ နက်နဲဆန်းကြယ်မှုကို သူ မခံစားနိုင်ခဲ့ပေ။
သို့သော် ယခုမူ ဤသင်္ကန်းပေါ်ရှိ ကျမ်းစာသည် သူ့အား ပင်လယ်ပြင်ကြီးကဲ့သို့ ကျယ်ပြော လှသည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။ ၎င်းကျမ်းစာသည် သူ၏ စိတ်ထဲရှိ ‘တစ်ဖက် ကမ်းကူး ပါရမီတံတား’ ၏ သိုင်းဆန္ဒများနှင့် အပြန်အလှန် ဆက်သွယ်ကာ တစ်ခုနှင့်တစ်ခု စစ်ဆေးအတည်ပြုနေကြသကဲ့သို့ သူ ခပ်ရေးရေး ခံစားနေရသည်။
သို့သော်လည်း ဤသင်္ကန်းတော်၏ အငွေ့အသက်မှာ ပြီးပြည့်စုံခြင်းမရှိသေးသော ‘ပါရမီ တံတား’ ထက်ပင် များစွာ ပိုမိုနက်နဲပြီး ပိုမိုကျယ်ပြောလှပေသည်။ ထို့ပြင် ဤသင်္ကန်း တော်၏ အငွေ့အသက်သည် ထိုက်ရှီတောင်တန်း နဂါးဝိညာဉ်အပေါ်တွင်လည်း သိသိ သာသာ လွှမ်းမိုးဖိနှိပ်ထားသည့် အာနိသင် ရှိနေသည်။
ထိုက်ရှီတောင်တန်း နဂါးဝိညာဉ်မှ အသွင်ပြောင်းထားသည့် လူငယ်မှာ ဖန်သားလုံးထဲမှ လွတ်မြောက်လာခဲ့သော်လည်း သူသည် ထွက်မသွားသေးချေ။ သူသည် ဤ ‘ရူလိုင် သင်္ကန်းတော်’ ကို ထိန်းချုပ်ပြီး ဝတ်ဆင်လိုနေခြင်း ဖြစ်သည်။ အကယ်၍ သူသာ ဤသင်္ကန်းကို ဝတ်ဆင်ပြီး လွတ်မြောက်သွားပါက လောကအနှံ့ အတားအဆီးမရှိ လွတ်လပ်စွာ သွားလာနိုင်မည် ဖြစ်သည်။
ဤနဂါးဝိညာဉ်ဆိုသည်မှာ တောင်တန်းကြီး၏ စွမ်းအင်များမှ ဖြစ်ပေါ်လာသော အသန့်စင် ဆုံး ဝိညာဉ်ဖြစ်ပြီး လူသားစိတ်ဝိညာဉ်နှင့် အလွန်ပင် တူလှသည်။ သူသည် နတ်ဘုရား တစ်မျိုး မဟုတ်ပေ။ သူ ဤနေရာမှ ထွက်သွားပြီးနောက် လူသားအဖြစ် ပြန်လည် ဝင်စား လိုက်ရုံဖြင့် ဤလောကရှိ စည်းစိမ်ချမ်းသာ အလုံးစုံကို ခံစားနိုင်မည်ဖြစ်သည်။ သို့သော် ဤနဂါးဝိညာဉ်မှာ ယခုအချိန်အထိ ‘ရူလိုင်သင်္ကန်းတော်’ ကို မဖိနှိပ်နိုင်သေးကြောင်း ထင်ရှားလှပေသည်။
ဤလောက၏ နိယာမများကို ကျော်လွန်နေသည့် နတ်ဘုရားလက်နက်တိုင်းတွင် ကိုယ်ပိုင် ဝိညာဉ် ရှိကြပေသည်။ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ နှင့် ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ တို့ပင်လျှင် ထိုသို့ရှိနေလျှင် ‘ရူလိုင်သင်္ကန်းတော်’ မှာ ဆိုဖွယ်ရာ မရှိတော့ချေ။
ဟုန်ရွှန်ကျိသည် သူ၏ အထွတ်အထိပ် အရှိန်အဝါ၊ ‘ကောင်းကင်ဘုံသေမင်းဘီး’ ၏ ရက်စက်ပြင်းထန်မှုနှင့် ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ ဆွဲဆောင်မှုတို့ဖြင့် ‘ကောင်းကင်နဂါး ဘုရင် နတ်ဘုရားချပ်ဝတ်’ ကို ဖိနှိပ်နိုင်ခဲ့သော်လည်း၊ ထိုက်ရှီတောင်တန်း နဂါးဝိညာဉ်မှ ဖြစ်ပေါ်လာသော ဤလူငယ်မှာမူ ‘ရူလိုင်သင်္ကန်းတော်’ ကို မည်သည့်အခါမျှ ထိန်းချုပ်နိုင် လိမ့်မည် မဟုတ်ပေ။
အလင်းအကာအကွယ်သည် ပျံထွက်သွားပြီး နဂါးဝိညာဉ်လူငယ်ကို ချက်ချင်း လွှမ်းခြုံ လိုက်သည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ‘အသွင်မဲ့တံဆိပ်တော်’ မှာလည်း ရူလိုင် သင်္ကန်းရှိရာ ဖန်သားလုံးပေါ်သို့ ကျရောက်သွားလေတော့သည်။
ရူလိုင်သင်္ကန်းတော်မှ ချက်ချင်းပင် တောက်ပလှသော အလင်းတန်းများ ဖြာထွက်လာပါ တော့သည်။
အခန်း (၄၇၄)။
‘ပစ္စုပ္ပန်ဗုဒ္ဓဓမ္မတံဆိပ်တော်’ ထဲမှ ‘အသွင်မဲ့တံဆိပ်တော်’ သည် ဖမ်းယူချုပ်နှောင်ခြင်းနှင့် စုပ်ယူခြင်းစွမ်းရည်များ ရှိပေသည်။
ဤမြေအောက် နန်းတော်အတွင်းရှိ ဟင်းလင်းပြင်မှာ အတော်ပင် ကျဉ်းမြောင်းလှသည်။ ၎င်းမှာ သိသိသာသာပင် ‘ကမ္ဘာငယ်လေးတစ်ခု’ သာ ဖြစ်ပြီး၊ သိပ်ပြီးတော့လည်း တည်ငြိမ် မှု မရှိလှချေ။ ထို့ကြောင့် ဟုန်ယွိသည် နဂါးဝိညာဉ်ကို ချိတ်ပိတ်ရန်အတွက် ‘စုပ်ယူခြင်း တံဆိပ်’ နှင့် ‘အလင်းမန္တလာ’ အတားအစီးကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် ဖန်သားလုံးအောက်တွင် ရှိနေသော ‘ရူလိုင်သင်္ကန်းတော်’ ကို ရယူရန် သူ ကြိုးစားလိုက်သည်။ ဤနည်းဖြင့်သာ ပြင်းထန်သော တိုက်ပွဲကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး ဤဟင်းလင်းပြင် ကမ္ဘာငယ်လေး ပျက်စီးသွားခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။
သို့သော် ဤနဂါးဝိညာဉ်မှာ ပုံမှန်ထက် ထူးကဲစွာ သန်မာလှပေသည်။
၎င်း၏ အစွမ်းမှာ သာမန်အဆင့်ထက် များစွာ သာလွန်နေသည်။ ဟုန်ယွိ၏ ခန့်မှန်းချက် အရဆိုလျှင် ဤနဂါးဝိညာဉ်သည် ‘မိစ္ဆာနတ်ဘုရားဂူ’ မှ နက်နဲဆန်းကြယ်လှသော ‘မိစ္ဆာ ဘိုးဘေးအိုကြီး’နှင့်ပင် အဆင့်တူလောက်ရှိနေသည်။ သို့သော် ခွန်အားချင်း ယှဉ်လိုက်မည် ဆိုလျှင် ထိုမိစ္ဆာဘိုးဘေးအိုကြီးပင်လျှင် ဤနဂါးဝိညာဉ်ကို ယှဉ်နိုင်ရန် ခက်ခဲပေလိမ့်မည်။
“ကံကောင်းတာတစ်ခုက ဒီနဂါးဝိညာဉ်ဟာ သင်္ကန်းတော်ရဲ့ အတားအဆီးကို ဖောက်ထွက် ပြီး ‘တစ်ဖက်ကမ်းကူးတာအို’ (ပါရမီတာအို) နဲ့ ‘မဟာဝရဇိန် ပညာပါရမီ’ တို့ကို နားမလည်သေးတာပဲ။ မဟုတ်ရင်တော့ ငါလည်း သူ့ကို ရင်ဆိုင်ဖို့ တော်တော် ခက်သွား လိမ့်မယ်။ သူက တကယ်ကို အစွမ်းထက်လွန်းတယ်”
ဟုန်ယွိက ချိတ်ပိတ်လိုက်သည့် ခဏမှာပင် နဂါးဝိညာဉ် အသွင်ပြောင်း လူငယ်ထံမှ ရှည်လျားလှသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ‘အလင်းမန္တလာ အကာ အကွယ်’ ကို ပြင်းထန်စွာ တုန်ခါသွားစေသည်။
“မျိုးနွယ်စုရှစ်သွယ် နတ်ဘုရားဘုရင်များ။ စစ်မှန်သော နဂါးလက်သည်း။”
ရှည်လျားလှသော အော်ဟစ်သံနှင့်အတူ ထက်ရှပြီး ကြောက်မက်ဖွယ်ကောင်းကာ အလွန် တရာ လေးလံလှသော နဂါးလက်သည်းကြီးတစ်ခုမှာ အကာအကွယ်အတွင်း၌ ပေါ်ပေါက် လာသည်။
ဖောက်…
ပြင်းထန်သော အက်ကွဲသံနှင့်အတူ ‘အလင်းမန္တာ အကာအကွယ်’ မှာ ထိုးဖောက်ခံလိုက် ရပြီ ဖြစ်သည်။
ထိုအစစ်မှန် နဂါးလက်သည်းကြီးမှာ ဟုန်ယွိက ရူလိုင်သင်္ကန်းဆီသို့ ပို့လွှတ်ထားသော ‘အသွင်မဲ့တံဆိပ်တော်’ ကို ပြင်းထန်စွာ ဖမ်းဆုပ်လိုက်သည်။ အလွန်အရေးကြီးသော အခိုက်အတန့်တွင် သူသည် ဟုန်ယွိအား သင်္ကန်းတော်ကို ယူမသွားနိုင်အောင် တားဆီး လိုက်ခြင်းပင်။
တံဆိပ်တော်နှစ်ခု ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြရာ အလွန်ပင် စွမ်းအား ကြီးမား လှသော မှော်စွမ်းအင် လှိုင်းလုံးကြီးများ ပေါက်ကွဲထွက်ပေါ်လာသည်။
ဝုန်း... ဝုန်း... ဝုန်း...
မှော်စွမ်းအင် လှိုင်းလုံးကြီး တုန်ခါမှုများ ပျံ့နှံ့သွားပြီး မြေအောက်နန်းတော်၏ ‘ကမ္ဘာငယ် လေး’ တစ်ခုလုံး သိမ့်သိမ့်တုန်သွားတော့သည်။ နံရံလေးဘက်လေးတန်မှ အဆုံးမရှိသော အလင်းတန်းများ လက်ခနဲ၊ လက်ခနဲ ဖြစ်သွားကြပြီး တစ်နန်းတော်လုံး ပြိုကျတော့မည့် အလား ထင်မှတ်ရပေသည်။
သို့သော် ထိုအခိုက်အတန့်တွင် သင်္ကန်းတော်မှ ပြင်းထန်သော အလင်းတန်းများ ပွင့်ထွက် လာသည်။ ထိုအလင်းများသည် အရပ်မျက်နှာအနှံ့ရှိ နံရံများပေါ်သို့ ကျရောက်သွားပြီး နောက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် အေးခဲသွားပြီး အလွန်တရာ ခိုင်မာ တောင့်တင်းသွားခဲ့သည်။
“ဒါကြောင့်ကိုး...။ ဒီနဂါးဝိညာဉ်ဟာ ဖန်သားလုံးထဲက လွတ်မြောက်လာပြီးနောက် မြေအောက်က ကမ္ဘာငယ်လေးကို ရွှေ့ပြောင်းလိုက်တာပဲ။ သူက မြေအောက်သံလိုက် စွမ်းအားကို အသုံးချပြီး ဒီဟင်းလင်းပြင်ကို အရည်ပျော်အောင် လုပ်နေတာ။ တချိန်တည်း ဆိုသလို သူက သင်္ကန်းတော်ကိုလည်း ဖိနှိပ်ထားသေးတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရူလိုင် သင်္ကန်းတော်ဟာ ဒီမြေအောက်နန်းတော်ရဲ့ အဓိက ဗဟိုချက် ဖြစ်နေလို့ပဲ။”
ဟုန်ယွိက အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏ လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ထူထပ်လှသော အမှောင်ထုမှာ မြေအောက်နန်းတော်အတွင်းသို့ ချက်ချင်း ပြည့်နှက်သွား တော့သည်။ သူသည် ‘အမှောင်မန္တလာ’ အတားအစီးကို ထပ်မံ ထုတ်ဖော်လိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် ထိုအမှောင်ထုထဲ၌ ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ အငွေအသက်တစ်ခု အဖြစ် တိတ်တဆိတ် ပြောင်းလဲသွားပြီး ‘ရူလိုင်သင်္ကန်းတော်’ ကို ရစ်ပတ်လိုက်သည်။
နဂါးဝိညာဉ်က သူ၏ ‘အလင်းမန္တလာ အကာအကွယ်’ ကို ဖောက်ထွက်နိုင်သည်ကို ဟုန်ယွိ မအံ့သြပေ။ မည်သို့ပင်ဖြစ်စေ ဤနဂါးဝိညာဉ်မှာ အလွန်ပင် စွမ်းအားကြီးမားပြီး အသက် စွမ်းအားများ ပြည့်လျှံနေသောကြောင့် ဖြစ်သည်။ ထို့ပြင် ၎င်း၏ စွမ်းအင်မှာလည်း အလွန်တရာ သန့်စင်လှသည်။
သို့သော် ဟုန်ယွိ၏ အစွမ်းမှာလည်း ဤနဂါးဝိညာဉ်ထံ လုံးဝ ရှုံးနိမ့်ခြင်း မရှိပေ။ ‘ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး’ ကို ကျော်ဖြတ်ပြီး ‘ဗုဒ္ဓဓမ္မခန္ဓာ’ကို ကျွမ်းကျင်စွာ တတ်မြောက်ထားပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ အကန့်အသတ် မရှိသလောက် ဖြစ်နေပြီ။ သူ၏ ရည်မှန်းချက်မှာ ‘ရူလိုင်သင်္ကန်းတော်’ ကို အရင်ဆုံး လက်ဝယ်ရရှိရန်သာ ဖြစ်သည်။ “ညတာရှည်လျှင် အိပ်မက်များတတ်သည်” မဟုတ်ပါလား။
“အမှောင်မန္တလာ အတားအဆီးပါလား၊ မင်းက ‘အတိတ်ကျမ်း’ ရဲ့ ဆက်ခံသူဆိုတော့ ‘အလင်းမန္တလာ’ အတားအဆီးကို ထုတ်သုံးတာကို ငါ ဂရုစိုက်စရာမလိုဘူး။ ဘာလို့ဆို၊ အလင်းမန္တလာ အတားဆီးက အတိတ်ကျမ်းရဲ့ အရင်းမြစ်ဖြစ်နေလို့ပဲ။ ဒါပေမဲ့ မင်းက ဘာလို့ ‘အမှောင်မန္တလာ’ အတားအဆီးကိုပါ သုံးနိုင်နေတာလဲ။ ရှေးဟောင်းခေတ်က ‘ရွှမ်’ နဲ့ ‘ယွမ်’ တို့ဟာ သွေးသစ္စာကျိန်ဆိုထားကြတဲ့ ရန်သူတော်တွေဆိုတာ မင်း သိသင့်ပါတယ်။ သူတို့ရဲ့ တပည့်တွေက မင်းကို ဒီကျမ်းစာတွေ ဘာလို့ ပေးရတာလဲ။”
ထူထပ်သော အမှောင်ထုများ မြင့်တက်လာပြီး တစ်ဟင်းလင်းပြင်လုံး ပိတ်မှောင်သွား သည်။ မည်သည့်အလင်းတန်းမျှ ထိုအမှောင်ထုကို ထိုးဖောက်နိုင်ခြင်း မရှိပေ။ နဂါး ဝိညာဉ်လူငယ်မှာ ထိုအမှောင်ထုအတွင်း ပိတ်မိသွားပြီး၊ ပြင်းထန်သော တုန်ခါမှုလှိုင်းလုံး များကို ထုတ်ဖော်လိုက်ရာ အမှောင်အရှိန်အဝါများမှာ လှိုင်းထကာ လွင့်စင်သွားကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ‘ရူလိုင်သင်္ကန်းတော်’ အနီး သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤနဂါးဝိညာဉ်တွင် အသုံးချနိုင်သော နည်းဗျူဟာမှာ တစ်မျိုးတည်းသာ ရှိပေရာ ဟုန်ယွိ ကို ယှဉ်နိုင်ရန် လုံးဝ မလွယ်ကူပေ။
...
“ငါဟာ ‘အတိတ်ကျမ်း’ ရဲ့ ဆက်ခံသူ ဖြစ်သလို ‘ဗုဒ္ဓဓမ္မခန္ဓာ’ ရဲ့ အခြေခံ အနှစ်ချုပ် သဘောတရားတွေကို ရရှိထားသူပဲ။ ‘ရူလိုင်သင်္ကန်းတော်’… မင်းက ငါ့ရဲ့ အသုံးချခံ ဖြစ်ဖို့ အလိုမရှိဘူးလား။”
ထူထပ်သော အမှောင်ထုအတွင်း ဟုန်ယွိသည် ဖန်သားလုံးရှေ့သို့ ရောက်ရှိသွားပြီး ၎င်းကို မြှောက်ရန် လှမ်းကိုင်လိုက်သည်။ သို့သော် ထိုဖန်သားလုံးမှာ ရုတ်တရက် တောင်တန်း ကြီးတစ်ခုကဲ့သို့ လေးလံသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ၎င်းမှာ မြေပြင်နှင့် မြဲမြံစွာ ဆက်သွယ်ထားသဖြင့် လုံးဝ မြှောက်၍ မရချေ။ ဟုန်ယွိ၏ လက်ရှိ “တောင်ကိုရွှေ့နိုင်သော စွမ်းအား” နှင့်ပင်လျှင် ၎င်းကို လုံးဝ မနိုင်ချေ။
တစ်ချိန်တည်းမှာပင် ဖန်သားလုံးအောက်တွင် ဖိနှိပ်ခံထားရသော ‘ရူလိုင်သင်္ကန်းတော်’ မှ ပြင်းထန်သော အရှိန်အဝါများ ပွင့်ထွက်လာပြီး ဟုန်ယွိ၏ စုပ်ယူဆွဲငင်မှုကို ခုခံနေသည်။
ဟုန်ယွိ ၎င်းကို မြင်လိုက်ရသည့်အခါ ‘ရူလိုင်သင်္ကန်းတော်’ မှာ သူ့ကို ခုခံနေကြောင်း သိလိုက်ရသည်။ ဤသင်္ကန်းတော်တွင် ကိုယ်ပိုင်အသိဉာဏ်နှင့် ဂုဏ်သိက္ခာရှိနေသည်။ ၎င်းသည် မည်သူ၏ အင်အားကိုမဆို ခုခံနိုင်စွမ်း ရှိပေသည်။
“နဂါးရူးရဲ့ အသက်ရှူသံ”
ဟုန်ယွိ၏ လက်ဖဝါးက ဖန်သားလုံးကို နောက်တစ်ကြိမ် ထိရန် ကြိုးစားလိုက်စဉ်မှာပင် အမှောင်ထုအတွင်းရှိ နဂါးဝိညာဉ် လူငယ်က ဒေါသတကြီး ဟောက်လိုက်သည်။ ထို့နောက် သူက လှောင်ပြောင်သံဖြင့် ရယ်မောလိုက်ပြီး “မင်းလည်း ဒီလို အနှိုင်းမဲ့ ချပ်ဝတ်ကို မထိန်းချုပ်နိုင်ဘူး ထင်တယ်။ အထွတ်အထိပ်ကျမ်းစာပဲ ဖြစ်ဖြစ်၊ ‘အလင်းမန္တလာ’ အစီအရင် ဖြစ်ဖြစ် ငါ့ကို ဘာမှ မလုပ်နိုင်သလို ‘အမှောင်မန္တလာ’ အတားအစီးကလည်း ငါ့ကို ဘာမှ မလုပ်နိုင်ဘူး။”
သူ ပြောလိုက်သည်နှင့် နဂါးဝိညာဉ်လူငယ်၏ နောက်ကွယ်တွင် ဧရာမ နဂါးခေါင်းကြီး တစ်ခု ခပ်ရေးရေး ပေါ်လာသည်။ ထိုနဂါးခေါင်းကြီးက သွေးနီရောင် ပါးစပ်ကြီးကို ဟလိုက် ပြီး အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်သည်။ ရုတ်တရက်ဆိုသလို ဟင်းလင်းပြင် အတွင်းရှိ ထူထပ်သော အမှောင်ထုများမှာ နဂါးပါးစပ်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရ သည်။ ခဏချင်းမှာပင် ကျဉ်းမြောင်းလှသော မြေအောက်နန်းတော်အတွင်း၌ ပြန်လည် ကြည်လင်သွားတော့သည်။
“အနန္တတန်ခိုးရှင် ကောင်းကင်နဂါး။ မဟာမေရုဘုရင်တူ”
အမှောင်ထုကို ဖယ်ရှားပြီးနောက် နဂါးဝိညာဉ်လူငယ်သည် ဟုန်ယွိက ဖန်သားလုံးကို ကိုင်မြှောက်ကာ ရူလိုင်သင်္ကန်းကို ယူရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။ သူသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားအားလုံးကို စုစည်းလိုက်ပြီး သူ၏ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
ဝုန်း…
သူ လက်သီးဖြင့် ထိုးလိုက်သည့်အခါ လေစီးကြောင်းများသည် အလွန်တရာ ကြီးမား ကျယ်ပြောလှသော ‘နတ်တောင်’ တစ်ခုအဖြစ် ခပ်ရေးရေး ပုံပေါ်လာသည်။ ထိုနတ်တောင် ပေါ်မှာ အရောင်ခုနစ်သွယ် တောက်ပနေပြီး ကောင်းကင်နဂါးများ ရစ်ပတ်နေကာ ဆင်ဖြူတော်များလည်း ပြေးလွှားနေကြသည်။ ၎င်းမှာ ကမ္ဘာကြီး၏ ဗဟိုချက်မကဲ့သို့ပင်။ ၎င်း၏ အစွမ်းမှာ အရာရာကို ကျော်လွန်သွားပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်ဆီသို့ ရက်စက်စွာ ဖိနှင်းကျဆင်းလာသည်။
ဤအရာမှာ ‘အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တကျမ်း’ ထဲမှ ‘မဟာမေရုဘုရင် တူ’ ပင်ဖြစ်ပြီး အစွမ်းထက်ဆုံးသော တိုက်ကွက်တစ်ခု ဖြစ်သည်။ ၎င်းကို သိုင်းပညာ သို့မဟုတ် တာအိုပညာရပ်အဖြစ် အသုံးပြုနိုင်ပြီး ၎င်း၏ စွမ်းအားမှာ မိစ္ဆာအပေါင်းကို ဖျက်ဆီးပစ်နိုင်သည်။ ၎င်းမှာ မြင့်မြတ်လှသော ‘မေရုတောင်တော်’ ကြီးဖြင့် တစ်စုံတစ်ဦး ကို ထုရိုက်လိုက်သကဲ့သို့ပင်။ (မေရုတောင်ဟူသည် မြင့်မိုရ်တောင်ကို ဆိုလိုပါသည်။)
ဤနဂါးဝိညာဉ်၏ နည်းဗျူဟာများမှာ လိုအပ်ချက်များ ရှိနေပြီး တိုက်ခိုက်ရေး စွမ်းရည်မှာ အားနည်းနေပုံရသော်လည်း၊ သူသည် ဒိုင်ဇင်ဘုရားကျောင်း၏ ‘အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်’ ကျမ်းသုံးစောင်မှလွဲ၍ အခြားသော တာအိုပညာရပ်နှင့် သိုင်းပညာရပ် ထောင်ပေါင်းများစွာကို ကျွမ်းကျင်နေပုံရသည်။
ဤနဂါးဝိညာဉ်သည် ဒိုင်ဇင်ဘုရားကျောင်း၏ ‘ကျမ်းစာဆောင်’ အောက်တွင် နှစ်ပေါင်း ထောင်ချီ၍ နေထိုင်ခဲ့ပြီး ထိုနေရာရှိ တာအိုပညာရပ်နှင့် သိုင်းပညာရပ် အားလုံးကို သင်ယူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
၎င်း၏ ကြီးမားလှသော စွမ်းအားအောက်တွင် ထိုတာအိုပညာရပ်နှင့် သိုင်းပညာရပ်များ သည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေနိုင်ပြီး တစ္ဆေနှင့် နတ်ဘုရားများကိုပင် ငိုကြွေး စေနိုင်သည်။
“ဟွန့်”
ဟုန်ယွိသည် လက်တစ်ဖက်ဖြင့် ဖန်သားလုံးကို ကိုင်ထားရင်း၊ သူ့ဆီသို့ ပြေးဝင်လာသော မေရုတောင်ကြီးနှင့် လက်သီးချက်ကို ကြည့်ကာ မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ခန္ဓာကိုယ်ကိုပင် မလှည့်ဘဲ လက်ကို မြှောက်ကာ ‘လွတ်မြောက်ခြင်း တံဆိပ်တော်’ ကို ထုတ်ဖော်လိုက်သည်။
ဘုန်း…. ဘုန်း…. ဘုန်း….
လက်သီးနှင့် လက်ဖဝါး သုံးကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ဆုံသွားသဖြင့် အသံသုံးချက် ဆက်တိုက် ထွက်ပေါ်လာသည်။ ဟုန်ယွိ၏ ‘ဗုဒ္ဓဓမ္မခန္ဓာ’ စိတ်ဝိညာဉ်ခန္ဓာကိုယ်မှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်ဟု ခံစားလိုက်ရပြီး နဂါးဝိညာဉ်မှာမူ အသက်ကို ပြင်းပြင်းရှူကာ နောက်သို့ ဆုတ်သွားရသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ တုန်ခါသွား ပြီး မျက်နှာမှာလည်း ရှုံ့မဲ့သွားကာ၊ ထို့နောက် ‘ဘုန်း’ ကနဲ အသံနှင့်အတူ လေစီးကြောင်း တစ်ခုအဖြစ် ပေါက်ကွဲသွားတော့သည်။
လက်သီးနှင့် လက်ဖဝါး ထိတွေ့သွားသော နေရာတွင် နောက်ထပ် ကြီးမားလှသော လေတိုးသံကြီး ထွက်ပေါ်လာပြီး မြေအောက်နန်းတော်၏ ‘ကမ္ဘာငယ်လေး’ ကို တုန်ခါ သွားစေသည်။
ကြီးမားလှသော ‘ဗုဒ္ဓတံဆိပ်တော်’ သည် ‘မဟာမေရုဘုရင်တူ’ ကို ဖြိုခွဲပစ်လိုက်ရုံသာမက တစ်ချိန်တည်းမှာပင် ၎င်းသည် နဂါးဝိညာဉ်အသွင်ပြောင်း လူငယ်ကိုပါ ဖြိုခွဲပစ်လိုက်ရာ လေစီးကြောင်းတစ်ခုအဖြစ် ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုပေါက်ကွဲသွားသော ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းပင် ပြန်လည် စုစည်းသွားပြီး လူငယ်၏ ပုံရိပ်အဖြစ် ပြန်လည် ပေါ်ပေါက်လာပြန်သည်။ ၎င်းတွင် ငါးကြေးခွံ ပုံစံများလည်း ပါရှိနေဆဲ ဖြစ်သည်။
‘ဗုဒ္ဓတံဆိပ်တော်’ ပင်လျှင် ဤနဂါးဝိညာဉ်ကို လုံးလုံးလျားလျား မဖြိုခွဲနိုင်ခဲ့ချေ။
ထိုက်တောင်တန်း၏ နှစ်ပေါင်းသောင်းချီ စုစည်းထားသော ဝိညာဉ်အနှစ်သာရများမှာ အမှန်ပင် လေးစားဖွယ် ဖြစ်ပေသည်။
သို့သော်လည်း ဟုန်ယွိသည် ထိုအရာကို ဂရုမစိုက်တော့သလို နဂါးဝိညာဉ်ကိုလည်း ထပ်မံ တိုက်ခိုက်ခြင်း မပြုတော့ချေ။ ထိုအစား သူ၏ တာအိုပညာရပ်ကို ရုတ်တရက် ရုပ်သိမ်း လိုက်ပြီး ဤအခွင့်အရေးကို အသုံးချကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
“ရူလိုင်သင်္ကန်းတော်၊ မင်းကိုယ်ထည်အပေါ်မှာ နိဗ္ဗာနနယ်ပယ်ဆီ သွားရာလမ်းကြောင်းကို မှတ်တမ်းတင်ထားတယ်။ ငါ့ဆီမှာလည်း နိဗ္ဗာနနယ်ပယ်ဆီ သွားရာလမ်းကြောင်းရဲ့ အနှစ်သာရတွေ ရှိတယ်။ ငါတို့ အပြန်အလှန် ဆက်သွယ်ပြီး တစ်ဦးကိုတစ်ဦး ပြည့်စုံအောင် လုပ်ကြရအောင်။ နောင်တစ်ချိန် ငါ အနှိုင်းမဲ့ စွမ်းအားကို ပိုင်ဆိုင်ပြီး ‘ယန်နတ်ဘုရား’ အဆင့်ကို ရောက်တဲ့အခါ၊ မင်းကို ငါသန့်စင်ပေးမယ်။ အဲဒီအခါကျရင် မင်းလည်း ဒီလောကီ နယ်ပယ်ကနေ နောက်ဆုံးမှာ လွတ်မြောက်သွားနိုင်လိမ့်မယ်။ ‘ဝမ်းယွမ်’ သက်တမ်း၊ နှစ်ပေါင်း ၁၂၉,၆၀၀ တိုင်တိုင် အသစ်တဖန် ပြန်လည်ဆန်းသစ်နိုင်ပြီး ‘မဟာလွတ်မြောက် မှု’ ကို ရရှိစေရမယ်။”
နှစ်ပေါင်း တစ်သိန်း နှစ်သောင်း ကိုးထောင် ခြောက်ရာ ဆိုသည်မှာ အရာရာတိုင်း အသစ် တဖန် ပြန်လည်ဆန်းသစ်သည့် သံသရာစက်ဝန်းတစ်ခု ဖြစ်ပေသည်။ ‘ယန်နတ်ဘုရား’ အဆင့်ရှိ ပညာရှင်တစ်ဦးပင်လျှင် ဤသက်တမ်းကို ကျော်လွန်နိုင်ခြင်း မရှိသဖြင့် ‘ရူလိုင် သင်္ကန်းတော်’ သည်လည်း ဤသက်တမ်းကို သဘာဝအတိုင်း မကျော်လွန်နိုင်ချေ။ ဟုန်ယွိ၏ စကားများမှာ သင်္ကန်းတော်နှင့် သဘောတူညီချက်တစ်ခု ရယူရန် ကြိုးစားခြင်း ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဖန်သားလုံးပေါ်တွင် ရှည်လျားလှသော ‘ရွှေရောင်တံတားကြီး’ တစ်စင်း ပေါ်ပေါက်လာသည်။ ဤရွှေရောင် တံတားပေါ်တွင် အမျိုးမျိုးသော အတွေးစများကို ထွင်းထုထားသည်။ ကောင်းကင်နှင့် မြေကြီး၏ လေပြင်းများနှင့် မိုးခြိမ်းသံများသည် ထိုရွှေရောင်တံတားအောက်တွင် စုရုံးလာ ကြပြီး အမျိုးမျိုးသော ‘တြိဂံ’ပုံစံများအဖြစ် ပြောင်းလဲသွားကြသည်။
“လုပ်စမ်းပါ။ ရူလိုင်သင်္ကန်းတော်။ ရှေးဟောင်းဓမ္မဝတ်စုံတော်။ မင်းရဲ့ကိုယ်ထည်အပေါ်မှာ ထွင်းထုထားတဲ့ ‘မဟာဝဇိရပညာပါရမီ’ လမ်းစဉ်ကို အသုံးပြုပြီး ငါ့ရဲ့ ‘နိဗ္ဗာနတံတား’ ကို ပြည့်စုံအောင် ကူညီပေးစမ်းပါ။ တစ်ဖက်ကမ်းကို ရောက်ဖို့ အမြဲတမ်း မျှော်လင့်ချက် ရှိနေပါတယ်။”
ဝီ... ဝီ... ဝီ... ဝီ...
ဟုန်ယွိ၏ ‘နိဗ္ဗာနတံတား’ ပေါ်ရှိ မြောက်မြားစွာသော အတွေးစများနှင့် သူ၏ ကြီးမား ပြင်းထန်လှသော ရည်မှန်းချက် ဆန္ဒများကို ခံစားမိသည့်အလား၊ ဖန်သားလုံးနှင့် ၎င်းအောက်ရှိ သင်္ကန်းတော်တို့မှာ အနည်းငယ် တုန်ခါလာပြီး တဝီဝီမြည်သံများ ထွက်ပေါ် လာသည်။ ဤအပြုအမူမှာ တစ်စုံတစ်ခုကို စဉ်းစားနေသည့် လူတစ်ယောက်နှင့် အလွန်ပင် တူလှပေသည်။
“ဈာန်ဘုရင်ကိုးထောင်၊ မီးတောက်ကြာပန်းလှိုင်း၊ သတ်ဖြတ်ခြင်းဈာန်လက်သီး”
ဖူး
ဤအလွန်အရေးကြီးသော အချိန်တွင် နဂါးဝိညာဉ်မှာ တစ်ဖန် ပြန်လည် စုစည်းသွားပြန် သည်။ ဟုန်ယွိ၏ နိဗ္ဗာနတံတား၊ ကျယ်ပြောလှသော အတွေးစများ၊ နိဗ္ဗာနနယ်ပယ် လမ်းကြောင်းနှင့် ဖန်သားလုံးတို့၏ အခြေအနေကို မြင်လိုက်ရသည့်အခါ တစ်ခုခု မှားယွင်း နေပြီဖြစ်ကြောင်း နဂါးဝိညာဉ်က ခပ်ရေးရေး ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် နဂါးဝိညာဉ်လူငယ်သည် သူ၏ နတ်ဘုရားတန်ခိုး စွမ်းအားများကို လည်ပတ်စေပြီး ဒိုင်ဇင်ဘုရားကျောင်း၏ တားမြစ် တာအိုပညာရပ်ဖြစ်သည့် ‘သတ်ဖြတ် ခြင်းဈာန်လက်သီး’ ကို ထုတ်ဖော်လိုက်သည်။ သူသည် ဟုန်ယွိကို ရက်စက်စွာ တိုက်ခိုက် လိုက်တော့သည်။
ဤ ‘သတ်ဖြတ်ခြင်းဈာန်လက်သီး’ မှာ ဈာန်ကျင့်ကြံသူ ကိုးထောင်၏ စိတ်နှလုံးထဲရှိ ရက်စက်ကြမ်းကြုတ်သော၊ သတ်ဖြတ်လိုသော ဆန္ဒများမှ ဖြစ်ပေါ်လာသည့် အစွန်းရောက် သတ်ဖြတ်ခြင်း သိုင်းပညာဟု ကျော်ကြားသည်။ ၎င်းသိုင်းကျမ်း ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ပြီး ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ ၏ ‘ဆန်းကြယ်ကောင်းကင် ပြန်လည် မွေးဖွားခြင်းပညာ’ နှင့် အဆင့်တူ ကျော်ကြားသော တာအိုပညာရပ်တစ်ခုလည်း ဖြစ်သည်။
‘သတ်ဖြတ်ခြင်းဈာန်လက်သီး’ ကို ထုတ်ဖော်လိုက်သည့်အခါ အတိုင်းအဆမဲ့ ရက်စက် ကြမ်းကြုတ်သည့် အငွေ့အသက်များမှာ မြေအောက်နန်းတော်၏ ‘ကမ္ဘာငယ်လေး’ တစ်ခု လုံးကို ဖုံးလွှမ်းသွားတော့သည်။
ထို ‘သတ်ဖြတ်ခြင်းဈာန်လက်သီး’ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် ‘ရူလိုင်သင်္ကန်း တော်’ မှာ ဟုန်ယွိ၏ စည်းရုံးမှုကြောင့် စိတ်လှုပ်ရှားသွားပုံရသည်။ ဖန်သားလုံးမှာ ၎င်းအောက်ရှိ ကျမ်းစာများပါသော သင်္ကန်းတော်အတွင်းသို့ တဖြည်းဖြည်း အရည်ပျော်ဝင် သွားသည်။
ချက်ချင်းပင် ထိုသင်္ကန်းတော်မှာ လေထဲသို့ ပျံတက်လာပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်သို့ ပျံသန်းဝတ်ဆင်တော့မည့်အလား ရှိနေပါတော့သည်။