အခန်း (၄၇၅-၄၇၆)
Vol. 45 Ch. 475-476
အခန်း (၄၇၅)။
ဖန်သားလုံးသည် ၎င်း၏အောက်တွင်ရှိသော ‘ရူလိုင်သင်္ကန်းတော်’ နှင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။ ဒဏ္ဍာရီလာ ရှေးဟောင်းသင်္ကန်းတော်၊ ‘ကောင်းကင် နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ ထက်ပင် သာလွန်သည့် အထွတ်အထိပ် ‘နိဗ္ဗာနဓမ္မဝတ်စုံ’ သည် နောက်ဆုံးတွင် ၎င်း၏ စစ်မှန်သော အသွင်သဏ္ဌာန်ကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။
ရူလိုင်သင်္ကန်းတော်ကြီး ပျံတက်လာသည့်အခါ တစ်ကိုယ်လုံးမှာ ဖန်သားကဲ့သို့ ကြည်လင် နေပြီး လုံးဝ ထွင်းဖောက်မြင်နိုင်သည့် အနေထားမျိုး မဟုတ်ဘဲ တစ်ဝက်တစ်ပျက် ထွက်းဖောက်မြင်နိုင်သည့် အနေအထားတွင် ရှိနေသည်။ အလင်းနှင့် အရောင်များ စီးဆင်း သွားသည်နှင့်အမျှ ၎င်းသည် တဖြည်းဖြည်း ပိုမိုကြည်လင်လာသည်။ ၎င်းကို မရေမတွက် နိုင်သော အမျိုးအမည်မသိသည့် ‘အကြောများ’ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အချို့သော အကြောများမှာ ကြယ်တာရာမြေပုံများ၏ လမ်းကြောင်းနှင့် တူနေပြီး၊ အချို့မှာ ပထဝီဝင်မျဉ်းများကဲ့သို့ ရှိနေကာ၊ အချို့မှာမူ လူတစ်ဦး၏ လက်ဖဝါးပြင်မှ လက္ခဏာ မျဉ်းများကဲ့သို့ပင်။ ၎င်းတို့သည် ကောင်းကင်၊ မြေကြီးနှင့် လူသားတို့၏ နက်နဲသော လျှို့ဝှက်ချက်များကို သယ်ဆောင်ထားကြသည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းအက္ခရာများဖြင့် ရေးသားထားသော ကျမ်းစာလွှာများ သည် ဓမ္မဝတ်ရုံတော်ပေါ်တွင် အထပ်ထပ်အလွှာလွှာ ပေါ်ပေါက်လာသည်။ ထိုကျမ်းစာ များမှာ ရိုးရှင်းလှသော်လည်း စာလုံးတစ်လုံးချင်းစီမှာ ချောမွေ့ရှည်လျားပြီး အဆုံးမရှိသော သံသရာ ဝဲသြဃ အတွင်းတွင် လွင့်မျောပါနေသည့် လှေတစ်စင်း သို့မဟုတ် တံတား တစ်စင်းနှင့် တူလှပေသည်။
“သာရိပုတ္တရာ... ရုပ်နာမ်တို့သည် ဖြစ်ခြင်းလည်းမရှိ၊ ပျက်ခြင်းလည်းမရှိ၊ ညစ်နွမ်းခြင်း လည်းမရှိ၊ ဖြူစင်ခြင်းလည်းမရှိ၊ တိုးပွားခြင်းလည်းမရှိ၊ ဆုတ်ယုတ်ခြင်းလည်းမရှိခြင်း၏... ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာလမ်းစဉ်၊…..”
ဟုန်ယွိသည် သင်္ကန်းတော်ပေါ်ရှိ ကျမ်းစာအချို့ကို မြင်လိုက်ရသည်။ ချက်ချင်းပင် သူ၏ နှစ်ရှည်လများ စာဖတ်ခြင်းနှင့် ကျင့်ကြံခြင်းဆိုင်ရာ သိမြင်မှုများကြောင့် သူ၏စိတ်ဝိညာဉ် အတွင်း၌ နက်နဲသော အဓိပ္ပာယ်တစ်ခုကို ခံစားလိုက်ရပြီး သူ၏စိတ်ဝိညာဉ်မှာပင် တုန်လှုပ်သွားရခဲ့သည်။
အခြားအရာများကို ထားဦးတော့၊ ဤသင်္ကန်းတော်ပေါ်ရှိ ကျမ်းစာများကို ကြည့်ရုံနှင့်ပင် ၎င်းသည် အစစ်မှန် ‘ရူလိုင်သင်္ကန်းတော်’ ဖြစ်ကြောင်း သိနိုင်ပေသည်။ ၎င်းမှာ ဤလောက တွင် တစ်ခုတည်းသာရှိပြီး အခြားမည်သူမျှ တုပ၍ မရနိုင်ချေ။
ဤသင်္ကန်းတော်၏ ပုံသဏ္ဌာန်မှာ ပခုံးတစ်ဖက် ဖော်ထားသော သာမန်ရဟန်းဝတ်စုံနှင့် မတူဘဲ ရှေးဟောင်းရေဟန် ပုံစံအတိုင်း ဖြစ်သည်။ ၎င်းမှာ ရှေးခေတ်နှင့် အလယ်ခေတ် ကာလ ပညာရှင် သူတော်စင်များ ဝတ်ဆင်လေ့ရှိသည့် လက်မောင်းပွပွ၊ ခါးပတ်၊ ရင်ဖုံးနှင့် ခါးလိုင်းများပါသော ရှေးဟောင်းပုံစံမျိုး ဖြစ်သည်။ လက်မောင်းလက်စုံများမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။
၎င်းမှာ ရှေးဟောင်း ယန်စိတ်ဝိညာဉ်များ ဝတ်ဆင်ထားသော ဝတ်စုံပုံစံနှင့်လည်း တူညီနေ ပေသည်။
၎င်းတို့အားလုံးမှာ ရှေးဟောင်းပုံစံများဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှု အစဉ်အလာများကို တင်းကြပ်စွာ လိုက်နာသည့်၊ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းရှိသော ပညာရှင် အရာရှိကြီး တစ်ဦး၏ ဝတ်စုံမျိုး ဖြစ်သည်။
ဤဝတ်စုံကို ဝတ်ဆင်လိုက်ပါက သူတော်စင်ငယ် ဟုန်ယွိ၏ အရှိန်အဝါနှင့် ကျက်သရေတို့ မှာ အံ့သြဖွယ်ရာ ကောင်းလောက်အောင် လိုက်ဖက်ညီသွားမည်ကို မြင်တွေ့နိုင်ပေသည်။
“ကောင်းမြတ်တဲ့ ဓမ္မဝတ်စုံပဲ။ ဒါဟာ ရှေးဟောင်းခေတ်ရဲ့ စစ်မှန်တဲ့ ကျက်သရေပဲ။ နဂါးဝိညာဉ်။ ဒီအထွတ်အထိပ် ဓမ္မဝတ်စုံမှာ ကိုယ်ပိုင် အသိဉာဏ်ရှိပြီးသား၊ ပြီးတော့ သူက ငါ့ကို အသိအမှတ်ပြုလိုက်ပြီ။ မင်း ဘယ်လောက်ပဲ နှောင့်ယှက်နေပါစေ မင်းအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ ငါ မင်းကို အခု ထွက်ပေါက်ပေးနေတယ်၊ တကယ်လို့ မင်း ဆက်ပြီး နှောင့်ယှက်နေဦးမယ်ဆိုရင်တော့ ငါ မင်းကို သတ်ပစ်ဖို့ကလွဲပြီး တခြား နည်းလမ်း မရှိတော့ဘူး။”
ဗုဒ္ဓ၏ သင်္ကန်းတော်သည် လေထဲသို့ ပျံတက်သွားပြီး ရှေးဟောင်းပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ဟုန်ယွိဆီသို့ ပျံသန်းလာစဉ်မှာပင် နဂါးဝိညာဉ်၏ ရက်စက်ကြမ်းကြုတ်လှသည့် တားမြစ်တာအိုပညာရပ် ‘သတ်ဖြတ်ခြင်းဈာန်လက်သီး’ မှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ဤ ‘သတ်ဖြတ်ခြင်းဈာန်လက်သီး’ မှာ အလွန်ပင် စွမ်းအားကြီးမားလှသည်။ ၎င်းသည် ‘အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တကျမ်း’ မှ ‘မဟာမေရုဘုရင်တူ’ ထက်ပင် ပိုမိုအားကောင်းလှပေသည်။ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်နှင့် တိုက်ခိုက်လိုစိတ် များမှာ နေရာအနှံ့ ပျံ့နှံ့သွားသည်။ ၎င်းမှာ တိုက်ပွဲနှင့် သတ်ဖြတ်ခြင်းကို အစိုးရသော ကောင်းကင်ဘုံမှ ‘နတ်ဘုရားဘုရင်’ ကိုယ်တိုင် လောကထဲသို့ ဆင်းသက်လာသည့် အလား ပင်။ သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်း စွမ်းအားကိုသာ အခြေခံမည်ဆိုလျှင် ဤ ‘သတ်ဖြတ်ခြင်း ဈာန်လက်သီး’ မှာ ‘ဗုဒ္ဓဓမ္မတံဆိပ်တော်’ နှင့်ပင် အဆင့်ချင်း နီးစပ်နေပြီ ဖြစ်သည်။
သို့သော် ဟုန်ယွိကမူ ၎င်းကို ကြည့်ပင်မကြည့်ချေ။ သူ၏ လက်ဝါးဖြင့် ပြန်လည် ရိုက်ပုတ် လိုက်ရာ ‘မဟာကမ္ဘာတံဆိပ်တော်’ သည် ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားပြီး ‘သတ်ဖြတ်ခြင်း ဈာန်လက်သီး’ ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ၎င်းတို့နှစ်ခု ထိတွေ့ သွားသည့်အခါ နဂါးဝိညာဉ်မှာ နောက်သို့ လွင့်စဉ်သွားပြန်သည်။
ဤနဂါးဝိညာဉ်မှာ အလွန်ပင် သန်မာလှသည်။ ဟုန်ယွိ၏ လက်ရှိအစွမ်းနှင့်ပင်လျှင် ၎င်းကို နှိမ်နင်းပြီး ချိတ်ပိတ်နိုင်ရန် အားစိုက်ထုတ်မှုများစွာ ပြုလုပ်ရလိမ့်မည်။ သို့သော် ယခုအခါ ‘ရူလိုင်သင်္ကန်းတော်’ ကို သူ ရယူနိုင်ပြီ ဖြစ်သဖြင့် နဂါးဝိညာဉ်ကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းနိုင်တော့မည် ဖြစ်သည်။ နဂါးဝိညာဉ်သည် မမည်မျှပင် အစွမ်းထက်စေကာမူ ဟုန်ယွိ၏ လက်တွင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
သို့သော်လည်း ဟုန်ယွိ၏ လက်ဝါးချက်က နဂါးဝိညာဉ်ကို နောက်သို့ ဆုတ်သွားစေပြီး ‘သတ်ဖြတ်ခြင်း ဈာန်လက်သီး’ ကို ချေမှုန်းလိုက်သည့် ခဏမှာပင် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
အမည်မသိသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုထဲမှ လှိုင်းတံပိုးများကို ဖြတ်ကျော် လာသည့် လှေတစ်စင်း၏ အသံမျိုးကို ခပ်ရေးရေးကို ကြားလိုက်ရသည်။ မြေအောက် နန်းတော်တခုလုံးမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး အချိန်မရွေး ပြိုကျ ပျက်စီးတော့မည့်အလား ဖြစ်သွားခဲ့သည်။
...
“ဗုဒ္ဓရဲ့သင်္ကန်းတော်က မင်းကို အသိအမှတ်ပြုတယ် ဟုတ်လား။ အိပ်မက်မက်နေလိုက်။ သင်္ကန်းတော်... ‘ဖန်ဆင်းခြင်းသင်္ဘော’ကပဲ တဖက်ကမ်းခြေကို ဖြတ်ကျော်မယ်၊ သံသရာ ဝဲသြဃကို လွန်မြောက်နိုင်မယ်၊ ‘ဝမ်းယွမ်’ ကို ကျော်လွန်ပြီး နှစ်ပေါင်း ၁၂၉,၆၀၀ ကို ဖြတ်သန်းမယ်။ တကယ်လို့, မင်းသာ ဒီလှေပေါ်ကို တက်နိုင်ရင် နတ်ဘုရားတွေက မင်းကို ကယ်တင်လိမ့်မယ်။ ဒါက ‘လှေပေါ်တက်ခွင့်ပေးတဲ့ ကျောက်စိမ်းလက်မှတ်’ ပဲ။ ငါတို့ရဲ့ ဧကရာဇ်မင်းမြတ် ထွက်ပေါ်လာပြီး စကြဝဠာကို ထိန်းချုပ်နေပြီ။ ဒီရေပြင်ကို ဖြတ်ကျော် နိုင်တဲ့၊ အနှိုင်းမဲ့စွမ်းအားရှိတဲ့ ဘယ်သူမဆို ဒီကျောက်စိမ်းလက်မှတ်ကို ရယူနိုင်တယ်။ အခြေအနေတွေ မပြောင်းလဲခင် လှေပေါ်ကို မြန်မြန်တက်ခဲ့ပါ။”
ဝုန်း… ဝုန်း…
ဖျစ်... ဖျစ်... ဖျစ်...
မြေအောက်နန်းတော်အတွင်းရှိ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ အက်ကွဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
အလျား ၁၀ တောင်၊ အနံ ၃ တောင်ခန့်ရှိပြီး အမိုးအကာ အမည်းရောင်ပါသော လှေပုံစံ အရာဝတ္ထုတစ်ခုမှာ အက်ကွဲကြောင်းထဲမှ တိုးထွက်လာသည်။ ထိုလှေပေါ်တွင် တစ်ကိုယ်လုံးကို အမည်းရောင် ဝတ်ရုံစဖြင့် ရစ်ပတ်ထားပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ပညာရှင်တစ်ဦး ရပ်နေသည်။ ထိုပညာရှင် ပေါ်လာသည်နှင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းလက်မှတ်တစ်ခု ပျံထွက် လာပြီး ‘ဗုဒ္ဓသင်္ကန်းတော်’ ကို သွားရောက်ထိမှန်လိုက်သည်။
ဤကျောက်စိမ်းလက်မှတ်မှာ လျှပ်စီးထက်ပင် ပိုမိုမြန်ဆန်စွာ ပျံထွက်သွားခြင်း ဖြစ်သည်။ ၎င်းမှာ အလျား ၇ လက်မခန့်ရှိပြီး လက်ဖဝါးခန့် ကျယ်ကာ ပညာရှင် အရာရှိကြီးများ၏ အမည်ကတ်ပြားနှင့် တူလှပေသည်။ ၎င်းပေါ်တွင် မရေမတွက်နိုင်သော စိတ်အာရုံများ ကိန်းဝပ်နေသည်။ ၎င်းလက်မှတ်တွင် တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း အထွတ်အထိပ် နက်နဲလှသော ကျမ်းစာတစ်စောင်ကဲ့သို့ မရေမတွက်နိုင်သော နိယာမများကို ရှင်းပြထား သည်။
ကျောက်စိမ်းလက်မှတ် ပျံထွက်လာသည်နှင့် ဟုန်ယွိက ၎င်းကို တားဆီးရန် ကြိုးစားလိုက် သော်လည်း ‘ဗုဒ္ဓသင်္ကန်းတော်’ မှ မရေမတွက်နိုင်သော အလင်းတန်းများ ဖြာထွက်လာပြီး ထိုကျောက်စိမ်းလက်မှတ်နှင့် အပြန်အလှန် တုံ့ပြန်လိုက်သည်။ ခဏချင်းမှာပင် ၎င်းသည် ကျောက်စိမ်းလက်မှတ်ပေါ်ရှိ စိတ်အာရုံအားလုံးကို ဖတ်ရှုလိုက်ပြီ ဖြစ်သည်။
ဤတစ်ကြိမ် တွင်မူ ကျောက်စိမ်းလက်မှတ်ပေါ်ရှိ စိတ်အာရုံများကို ဖတ်ရှုလိုက်ပြီးနောက် ၎င်းပေါ်ရှိ အက္ခရာများကို မြင်လိုက်ရသည့်အခါ၊ ဟုန်ယွိ ဝတ်ဆင်တော့မည့် ‘ဗုဒ္ဓသင်္ကန်း တော်’ မှာ ရုတ်တရက် ရပ်တန့်သွားပြီး ဝေခွဲမရဖြစ်ကာ စဉ်းစားနေပုံရသည်။
သိသိသာသာပင် ကျောက်စိမ်းလက်မှတ်ပေါ်ရှိ အချက်အလက်အချို့မှာ အလွန်တရာ ကိုယ်ပိုင် အသိဉာဏ်ရှိပြီး အစွမ်းထက်လှသော ဤရှေးဟောင်းဓမ္မဝတ်ရုံတော်ကို နက်နဲစွာ လှုပ်ခတ်သွားစေခြင်း ဖြစ်ပေလိမ့်မည်။
“ဒါဟာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ရဲ့ အဓိပ္ပာယ်လား။ ‘လွတ်မြောက်ခြင်းလမ်းစဉ်’ လား! မင်းတို့က ‘ဗုဒ္ဓသင်္ကန်းတော်’ ကို တကယ်ပဲ လုယူချင်တာလား။”
ဟုန်ယွိ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ရောက်ရှိလာသူကို ကြည့်လိုက်သည်။
ရောက်ရှိလာသူမှာ ‘တော်ဝင်ချန် ဧကရာဇ်ယန်ဖန်’ မဟုတ်သလို၊ ‘ဟုန်ရွှန်ကျိ’ လည်း မဟုတ်ပေ။
အမိုးအကာ အမည်းရောင်ပါသော အလျား ၁၀ တောင်၊ အနံ ၃ တောင်ရှိသည့် ထိုလှေမှာ လည်း ‘ဖန်ဆင်းခြင်းသင်္ဘော’ မဟုတ်ချေ။ ထိုလှေသည် ဟင်းလင်းပြင်ကို ဖောက်ထွက် လာပြီး ဟုန်ယွိပင် သတိမထားမိစေသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပါရှိနေ သော်လည်း၊ ၎င်းတွင် အရာရာကို လွှမ်းမိုးထားနိုင်သည့် ဖိအားမျိုး မရှိပေ။ ၎င်း၏ အရှိန်အဝါမှာ ‘ဗုဒ္ဓသင်္ကန်းတော်’ နှင့်ပင် ယှဉ်၍ မရနိုင်လောက်အောင် ကွာခြားလှသည်။ သိသာသည်မှာ ဤအရာသည် ‘ဖန်ဆင်းခြင်းသင်္ဘော’ မဟုတ်ဘဲ အစွမ်းထက်သော မှော်လက်နက်တစ်ခုသာ ဖြစ်ပေသည်။
အမိုးအကာ အမည်းရောင်ပါသော လျှို့ဝှက်ဆန်းကြယ်သည့် လှေပေါ်တွင် အမည်းရောင် ဝတ်ရုံဖြင့် လွှမ်းခြုံထားသူမှာလည်း ‘ဟုန်ရွှန်ကျိ’ သို့မဟုတ် ‘တော်ဝင်ချန် ဧကရာဇ် ယန်ဖန်’ မဟုတ်ပေ။ သူတို့နှစ်ဦးမှာ ‘ဘုရင်တို့၏လမ်းစဉ်’ ကို ကျင့်ကြံသူများ ဖြစ်ကြရာ သူတို့၏ အငွေ့အသက်မှာ အလွန်တရာ ကြီးမားလှပြီး လူတစ်ဦး၏ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်သူများ ဖြစ်ကြသည်။
သို့သော် ဤသူမှာမူ ချောက်နက်ကြီးကဲ့သို့ လျှို့ဝှက်နက်နဲလွန်းလှသည်။
“ခင်ဗျားက ‘စကြာဝဠာနဂါးအစောင့်တပ်’နဲ့ ဆန့်ကျင်ဘက် ‘ဖန်ဆင်းခြင်းရိပ်စောင့်တပ်’ တွေရဲ့ ခေါင်းဆောင်၊ ‘ဂွန်ယန်ယု’ လိုပဲ နာမည်ကြီးတဲ့ ‘ချူ’ လား။ ခင်ဗျား ကျုပ်နောက်ကို တောက်လျှောက် လိုက်နေတာပေါ့။ ဒါကို ခံစားကြည့်စမ်း။”
ဟုန်ယွိသည် ဝေခွဲမနေတော့ဘဲ သူ၏ ခါးကို မတ်လိုက်ရာ၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်နှင့်မြေကြီး ပြိုကျပျက်စီးသွားသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ သူ၏ လက်ဝါးကို ဝှေ့ယမ်းလိုက်ပြီး ‘လွတ်မြောက်ခြင်းတံဆိပ်တော်’၊ ‘မဟာတံဆိပ်တော်’ နှင့် ‘ပါရမီတံဆိပ်တော်’ တို့ကို ဆင့်ခေါ်လိုက်သည်။
ချက်ချင်းပင် ‘မဟာကမ္ဘာတစ်သောင်း’ ၏ စွမ်းအားများမှာ သူ့ထံသို့ စုပြုံရောက်ရှိလာပြီး လက်သီးတံဆိပ်တော်များ အောက်တွင် ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။ မြေအောက် နန်းတော်အတွင်းရှိ ဟင်းလင်းပြင်တစ်ခုလုံး ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွား ပြီး အလွန်တရာ သေးငယ်လှသော အစက်အပြောက်တစ်ခုအဖြစ် အတွင်းသို့ ကျုံ့ဝင်သွား တော့သည်။
“အား…၊ ဖန်ဆင်းခြင်း နတ်ဘုရားလက်နက်ရဲ့ စွမ်းအားပါလား။ ပြေးကြဟေ့၊ ပြေးကြ၊ နဂါးဝိညာဉ်... လှေပေါ်တက်ခဲ့။”
လှေပေါ်ရှိ အမည်းရောင်ဝတ်ရုံ ဆင်မြန်းထားသူသည် ဟုန်ယွိက လက်ဝါးကို မြှောက်လိုက် သည်ကို မြင်လိုက်ရသည့်အခါ အခြေအနေ မကောင်းမှန်း သိလိုက်သည်။ သူသည် ဝေခွဲမနေတော့ဘဲ သူ၏ ရင်ဘတ်ထဲမှ တောက်ပကြည်လင်နေသော ပုတီးစေ့တစ်ကုံးကို ထုတ်ယူကာ ဟုန်ယွိဆီသို့ ပစ်ပေါက်လိုက်သည်။ ထိုပုတီးစေ့ကုံးမှာ ချက်ချင်းပင် သန့်စင်ကျယ်ပြောလှသော ‘ယမ်းစွမ်းအင်’ အဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ ဓမ္မတံဆိပ် တော်ရှေ့တွင် အကာအကွယ်အဖြစ် တည်ရှိနေလေသည်။
သို့သော်လည်း ထိုပုတီးစေ့ကုံးမှာ ခဏချင်းမှာပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး ဟုန်ယွိ၏ ဓမ္မတံဆိပ်တော်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ဟုန်ယွိ၏ ဓမ္မတံဆိပ်တော်မှာ တစ်ချက်တည်းနှင့် အပြီးသတ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းသည် နဂါးဝိညာဉ်နှင့် ‘ဖန်ဆင်းခြင်းရိပ်စောင့်တပ်’ ခေါင်းဆောင် ‘ချူ’ တို့ကို တစ်ပြိုင်နက်တည်း ဝါးမြိုရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
အခြေအနေ မကောင်းမှန်း သိလိုက်သည့်အခါ နဂါးဝိညာဉ်မှာ ခုန်တက်လိုက်ပြီး အမိုးအကာ အမည်းရောင်ပါသော လှေပေါ်သို့ အရောက်တက်လိုက်သည်။ ထိုသူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဟုန်ယွိကို တန်ပြန်ရန်အတွက် လက်ဝါး တစ်ချက်ကို တစ်ပြိုင်နက်တည်း ရိုက်ထုတ်လိုက်ကြသည်။
လက်ဝါးချင်း ထိတွေ့သွားသည့် ခဏမှာပင် ထိုပညာရှင်နှစ်ဦးမှာ တုန်ခါသွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲထွက်သွားကြသည်။ သူတို့သည် ဒဏ်ရာရထားသော ဝံပုလွေများကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး အထက်သို့ တဟုန်ထိုး ပြေးတက်သွားကြသည်။ အမိုးအကာအမည်းရောင်ပါသော လှေမှာလည်း ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး ထိုအထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ဤမြေအောက်နန်းတော်မှာ ဟုန်ယွိ၏ တိုက်ကွက်တစ်ကွက်တည်းနှင့်ပင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ‘ကမ္ဘာငယ်လေး’ တစ်ခု ပျက်စီးသွားခြင်း၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှပေသည်။
“ဟွန့်”
ဟုန်ယွိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ အလွန်အရေးကြီးသော အခိုက်အတန့်တွင် သူ၏လက်များဖြင့် ဟင်းလင်းပြင်ကို ပြင်းပြင်းထန်ထန် ဆွဲဖြဲလိုက်ပြီး အပြင်ဘက်သို့ ပြေးထွက်ကာ မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
‘ရူလိုင်သင်္ကန်းတော်’ နှင့် ပတ်သက်၍မူ ဟုန်ယွိက ဂရုမစိုက်တော့ပေ။ ဤသင်္ကန်းတော် တွင် ကိုယ်ပိုင်အသိဉာဏ် ရှိနှင့်ပြီးသား ဖြစ်သည်။ ၎င်းသည် ဖန်ဆင်းခြင်းတာအို၏ ဆွဲဆောင်မှုကို ခံလိုက်ရသဖြင့် စဉ်းစားခန်း ဝင်နေခြင်းသာ ဖြစ်သည်။ အကယ်၍ ဟုန်ယွိ က အတင်းအဓမ္မ ဖိနှိပ်မည်ဆိုပါက ၎င်း၏ တန်ပြန်မှုကိုသာ ခံရပေလိမ့်မည်။ ထိုသို့ လုပ်ခြင်းမှာ အကျိုးထက် အရှုံးက ပိုများပေလိမ့်မည်။ ‘ကမ္ဘာငယ်လေး’ ပြိုကျပျက်စီးသွား ခြင်းကလည်း ဤသင်္ကန်းတော်ကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။
...
“မြေအောက်အနက်ပိုင်းမှာ တုန်ခါမှုတွေ ဖြစ်နေတယ်။ တစ်ခုခုတော့ ဖြစ်ပျက်နေပြီ”
ဤအချိန်တွင် လေပြင်းများ တိုက်ခတ်နေပြီး လမသာသော ညကောင်းကင်ယံအောက် တွင်၊ ဒိုင်ဇင်ဘုရားကျောင်း ပျက်စီးနေသော နေရာ၌ တားမြစ် ပညာရပ်များစွာကို ခင်းကျင်းထားကြသော ပညာရှင်များဖြစ်သည့် ‘ကျီရှန်းထျန်း’ နှင့် အခြားသူများအားလုံးမှာ မြေအောက်မှ ထူးခြားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူတို့ အာရုံခံမိသည်နှင့် တစ်ပြိုင်နက် အလင်းတန်း သုံးခုမှာ မြေအောက်မှ ရုန်းထွက် လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။
ပထမဆုံး အလင်းတန်းမှာ အမိုးအကာ အမည်းရောင်ပါသော လှေပုံစံ ဖြစ်သည်။ ထိုအရှိန် အဝါနှစ်ခု ထွက်ပေါ်လာသည်နှင့် မိုင်ပေါင်းတစ်ရာအတွင်းရှိ ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ဒုတိယမြောက် အလင်းတန်းမှာ ပိုမိုပြင်းထန်လှပြီး ၎င်းမှာ ဟုန်ယွိပင် ဖြစ်သည်။
တတိယမြောက် အလင်းတန်းမှာမူ အပြင်းထန်ဆုံး ဖြစ်သည်။ ၎င်းမှာ ရှေးဟောင်းတာအို ဝတ်စုံတော်ကြီး ဖြစ်ပြီး ပြင်းထန်စွာ ပြန့်ကားထွက်လာသည်။ ၎င်းသည် ရှေးဟောင်း အထွတ်အထိပ် ရတနာတစ်ခု၏ ကြီးမားလှသော စွမ်းအားကို ပြသနေခြင်းပင် ဖြစ်သည်။
“ဟွန့်။ ထွက်ပြေးချင်တာလား။ ကျီရှန်း လက်စွပ်။”
‘ကျီရှန်းထျန်း’ သည် ထိုအလင်းတန်း သုံးခုအတွင်းရှိ စိတ်ဆန္ဒများကို ချက်ချင်းပင် ပိုင်းခြား သိမြင်လိုက်သည်။ သူမ၏ သေးငယ်သော မျက်နှာလေးပေါ်တွင် နောက်ပြောင်လိုဟန် အပြုံးတစ်ခု ပေါ်လာပြီး ကောင်းကင်သို့ လက်ညှိုးညွှန်လိုက်သည်။ ငွေရောင်အလင်းကွင်း တစ်ခု ချက်ချင်း ပျံထွက်သွားပြီး ပျံသန်းနေသော အမိုးအကာ အမည်းရောင်ပါသော လှေ ကို ဝိုင်းရံပိတ်ဆို့လိုက်သည်။ ပျံသန်းနေသော အမိုးအကာ အမည်းရောင်ပါသော လှေမှာ ထိုငွေရောင်အလင်းကွင်း၏ အလင်းရောင်ကြောင့် ရုတ်တရက် တုံ့ဆိုင်းသွားခဲ့သည်။
သို့သော်လည်း ‘ရူလိုင်သင်္ကန်းတော်’ က ပြင်းထန်စွာ လှုပ်ရှားလိုက်ပြီး အလင်းကွင်း တစ်ခုကို ထုတ်ဖော်လိုက်ရာ ‘ကျီရှန်းထျန်း’ ၏ ငွေရောင်အလင်းကိုပင် အစိတ်စိတ် အမွှာမွှာ ချေဖျက်ပစ်လိုက်တော့သည်။
‘ကျီရှန်းထျန်း’ ၏ မျက်နှာအမူအရာ ပျက်သွားခဲ့သည်။ ‘ရူလိုင်သင်္ကန်းတော်’ မှာ အမိုးအကာ အမည်းရောင်ပါသော လှေနောက်သို့ လိုက်ပါပြီး ကောင်းကင်ယံသို့ ပျံတက် သွားတော့မည့်အလား ရှိနေသည်။ သို့သော် သူမတွင် ၎င်းကို တားဆီးနိုင်သော စွမ်းအား မရှိချေ။
“ဖန်ဟွမ်အသက်ဝိညာဉ်ဓား”
ဟုန်ယွိသည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီး ဖြစ်သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ မှာ သူ၏လက်ထဲတွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဉ်ကို ထိုဓားနှင့် အလုံးစုံ ပေါင်းစည်းလိုက်သည်။
“ဓားနှင့်ခန္ဓာကိုယ် တစ်သားတည်း။ ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး... ခုတ်ပိုင်းစမ်း။”
ဤအချိန်တွင် ဟုန်ယွိ၏ စိတ်ဝိညာဉ်မှာ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ နှင့် အလုံးစုံ ပေါင်းစည်းသွားပြီး ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး ဓားလေးစင်း’ကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
ဝှီး….၊ ဝှီး…၊ ဝှီး…၊ ဝှီး….၊
ကောင်းကင်နှင့်မြေပြင်ကြား ရုတ်တရက် အရောင်အသွေးများ ပြောင်းလဲသွားခဲ့ပြီ။ ကျယ်ပြောလှသော ဓားအလင်းတန်းကြီးတစ်ခုက ဝုန်းခနဲ တဟုန်ထိုး ပျံ့နှံ့သွားခဲ့ပြီး ‘ဗုဒ္ဓဓမ္မတံဆိပ်တော်’ ၏ စွမ်းအားကိုပင် ကျော်လွန်သွားတော့သည်။ ထိုဓား အရှိန်အဟုန် အတွင်း၌ မရေတွက်နိုင်သော ရှေးခေတ် သူတော်စင်တို့၏ ‘လူကြီးလူကောင်းတစ်ဦး၏ ကျင့်ဝတ်များ’ ကို ရှင်းလင်း ဟောပြောနေသကဲ့သို့ပင်။
ဤဓားအလင်းသည် ‘ဗုဒ္ဓသင်္ကန်းတော်’ ကို အရင်ဆုံး ဝိုင်းရံပိတ်ဆို့လိုက်ပြီးနောက်၊ အမိုးအကာ အမည်းရောင်ရှိ လှေပေါ်သို့ တဟုန်ထိုး ကျရောက်သွားတော့သည်။
ဘုန်း…. ဘုန်း…. ဘုန်း….
အမိုးအကာ အမည်းရောင်ပါ လှေမှာ အပိုင်းပိုင်းအပြတ်ပြတ် ပေါက်ကွဲသွားတော့သည်။
“ဗုဒ္ဓ(ရူလိုင်)သင်္ကန်းတော်၊ ငါ့ရဲ့ စစ်မှန်တဲ့ခွန်အားကို မပြရင် မင်းက အညံ့ခံမှာ မဟုတ်ဘူး ထင်တယ်။ လူကြီးလူကောင်းတစ်ယောက်ရဲ့ လမ်းစဉ်ဆိုတာဟာ ဧကရာဇ်တို့ရဲ့ မေတ္တာ တရားလမ်းစဉ်ကို အခြေခံပြီး၊ ပြတ်သားတဲ့ လွှမ်းမိုးမူ အာဏာရှင်လမ်းစဉ်နဲ့ ဖြည့်စွက် ထားရတာပဲ။ အေးချမ်းတဲ့ အချိန်မှာ မေတ္တာတရားနဲ့ အုပ်ချုပ်တာဟာ ကရုဏာတရားပဲ။ ဒါပေမဲ့ မငြိမ်မသက်ဖြစ်နေ တဲ့ အချိန်မှာ ပြင်းထန်တဲ့ ဥပဒေတွေနဲ့ သတ်ဖြတ်နှိမ်နင်းပြီး သတိပေးတာဟာလည်း ကရုဏာတရားပဲ။ ငါက မေတ္တာတရားတစ်ခုတည်းကိုပဲ သိတယ် လို့ မထင်နဲ့။”
ဟုန်ယွိ၏ ဓားအလင်းတန်းသည် ‘ဗုဒ္ဓသင်္ကန်းတော်’ ကို ဝိုင်းပတ်ထားပြီး လုံးဝ ညှာတာမူ မရှိဘဲ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။ ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုးဓားလေးစင် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’တို့ ပေါင်းစပ်မူ။ တစ်ကမ္ဘာလုံး ပျက်စီးသွားမည့်အလား ဖရိုဖရဲ စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုဖရိုဖရဲစွမ်းအားများ အကြားတွင် ‘ရူလိုင်သင်္ကန်း တော်’ မှာ အနည်းငယ် တုန်ခါသွားတော့သည်။
ဤအထွတ်အထိပ် ဓမ္မဝတ်ရုံတော်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက်၊ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟုန်ယွိ၏ ခန္ဓာကိုယ်ဆီသို့ ပျံသန်းလာပြီး ဟုန်ယွိ၏ ကိုယ်ပေါ်သို့ မြဲမြံစွာ ကပ်တွယ်ဝတ်ဆင်သွားတော့သည်။ ထိုခဏမှာပင် ဟုန်ယွိသည် ‘ဗုဒ္ဓသင်္ကန်းတော်’ ၏ အညံ့ခံလိုသော စိတ်ဆန္ဒကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာ ပင် သူသည် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ၏ ဝိညာဉ်အသိစိတ် ပျောက်ဆုံးနေမှုအပေါ် ‘ဗုဒ္ဓသင်္ကန်းတော်’ ၏ ထိတ်လန့်တုန်လှုပ်သွားပုံကိုလည်း အာရုံခံမိလိုက်သည်။
‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ နှင့် ‘ဗုဒ္ဓသင်္ကန်းတော်’ တို့၏ ဝိညာဉ်အသိစိတ်များမှာ တစ်ခုနှင့်တစ်ခု သိရှိထားကြပုံရသည်။ နှစ်ခုစလုံးမှာ ရှေးဟောင်း နတ်ဘုရားလက်နက်များ ဖြစ်ကြသော်လည်း၊ ဓား၏အသိစိတ်မှာမူ တစ်စုံတစ်ဦး၏ အတင်းအဓမ္မ ဖျက်ဆီးခြင်းကို ခံထားရသည်။ ၎င်းမှာ မည်မျှပင် အာဏာစက် ပြင်းထန်လှသနည်း။
“မုန့်ရှန်းကျီနဲ့ မူလဝိညာဉ်နတ်ဘုရားတို့ရဲ့ ရက်စက်ပြင်းထန်တဲ့ ပေါင်းစပ်စွမ်းအားက ‘ဗုဒ္ဓသင်္ကန်းတော်’ ရဲ့ ဝိညာဉ်အသိစိတ်ကို ခြောက်လှန့်နိုင်ခဲ့လို့ပဲ။ မဟုတ်ရင် ဒီသင်္ကန်း တော်က ပျံထွက်သွားနိုင်တယ်။ ဒါမှမဟုတ် ‘တော်ဝင်ချန် ဧကရာဇ်ယန်ဖန်’ နဲ့ ‘ဟုန်ရွှန်ကျိ’ တို့ရဲ့ ‘ဖန်ဆင်းခြင်းသင်္ဘော’ ဆီကိုတောင် ပါသွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့ ‘နိဗ္ဗာနတံတား’ ဟာ သဘောတရားအရ ကြီးကျယ်ခမ်းနားပေမဲ့၊ ‘ဖန်ဆင်းခြင်းသင်္ဘော’ လောက်တော့ နက်နဲမှု မရှိသေးဘူး။ ‘ဗုဒ္ဓသင်္ကန်းတော်’ အတွက်တော့ ‘ဖန်ဆင်းခြင်း သင်္ဘော’ က ပိုပြီး ဆွဲဆောင်မှု ရှိနေတာလေ။”
“ဘုရင်တို့ရဲ့လမ်းစဉ်နဲ့ အာဏာရှင်တို့ရဲ့လမ်းစဉ်ကို တွဲပြီး သုံးရမယ်။ ဘုရင်တို့ရဲ့လမ်းစဉ် ဟာ လူကြီးလူကောင်းတစ်ဦးရဲ့ လမ်းစဉ်ပဲ။”
“မင်း ကိုယ်ကျင့်တရား ကောင်းနေရုံနဲ့ ဒီနတ်ဘုရားလက်နက်က မင်းကို အညံ့ခံမယ်လို့ ထင်နေတာလား။ အဲဒါ မဖြစ်နိုင်ဘူး။ မင်းမှာ ဒီနတ်ဘုရားလက်နက်ကို အညံ့ခံအောင် လုပ်နိုင်တဲ့ စွမ်းအားရှိရမယ်။ ခြောက်လှန့်နိုင်တဲ့ အာဏာစက် ရှိရမယ်။ ကုသိုလ်တရားနဲ့ ကိုယ်ကျင့်သီလဆိုတာ လူတစ်ယောက်ရဲ့ အတွေးစတွေကို အနှောင့်အယှက်ကင်းကင်းနဲ့ ကြည်လင်နေစေဖို့ပဲ။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး အနှောင့်အယှက် ကင်းနိုင်မှာလဲ။ အဲဒီ အတွက် မင်းမှာ အရင်ဆုံး လက်ရှိပစ္စုပ္ပန်ကာလကို အုပ်စိုးနိုင်တဲ့ စွမ်းအားရှိရမယ်။ ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ ဗုဒ္ဓတရားတော်ဖြစ်သလို၊ သူတော်စင် ဧကရာဇ် ‘ယွမ်’ က ‘ဗုဒ္ဓသင်္ကန်းတော်’ ကို ပေးသနားခဲ့တဲ့ အသိဉာဏ်လည်း ဖြစ်တယ်။”
ဟုန်ယွိသည် သူ၏ကိုယ်ပေါ်မှ ‘ဗုဒ္ဓသင်္ကန်းတော်’ ၏ ကောင်းချီးပေးမှုကို ခံစားရသည်နှင့် အမျှ၊ နားလည်သဘောပေါက်မှု လှိုင်းတံပိုးများမှာ သူ၏စိတ်ထဲတွင် စီးဆင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ‘မူလဝိညာဉ်နတ်ဘုရား’ နှင့် ‘မုန့်ရှန်းကျီ’ တို့၏ စွမ်းအားနှင့် လွှမ်းမိုးနိုင်စွမ်းကို ပိုမိုခံစားလိုက်ရသည်။
အကယ်၍ လူတစ်ယောက်မှာ ခွန်အားနှင့် အာဏာစက် မရှိဘဲ ကိုယ်ကျင့်တရား ကောင်းနေရုံ သက်သက်ပဲ ရှိနေမည်ဆိုရင်၊ နတ်ဘုရားလက်နက်တွေက သူ့ကို ဂရုစိုက်မှာ မဟုတ်ပေ။
အတွေးစတွေ အနှောင့်အယှက်ကင်းပြီး ကြည်လင်နေဖို့ဆိုရင်၊ အရင်ဆုံး လက်ရှိပစ္စုပ္ပန် ကာလကို စိုးမိုးနိုင်သည့် စွမ်းအားရှိရမည်။ လက်ရှိပစ္စုပ္ပုန်ကာလကို မလွှမ်းမိုးနိုင်ဘဲနှင့် အတွေးစတွေက မည်သို့ အနှောင့်အယှက်ကင်းပြီး ကြည်လင်နိုင်ပါ့မည်နည်း။
အကယ်၍ ‘ဘုရင်လမ်းစဉ်’ (မေတ္တာတရား) သက်သက်ကိုပဲ သုံးပြီး အာဏာရှင်လမ်းစဉ် (အာဏာစက်စွမ်းအား) ကို အနည်းငယ်မျှ အသုံးမပြုဘူးဆိုရင်၊ ထိုလူသည် ‘လူနုံလူအ’ တစ်ယောက် ဖြစ်သွားလိမ့်မည်။
အကယ်၍ ‘အာဏာရှင်လမ်းစဉ်’ ကိုပဲ သုံးပြီး ‘ဘုရင်လမ်းစဉ်’ ကို မသုံးဘူးဆိုလျှင်လည်း ထိုလူသည် ‘မိစ္ဆာ’ တစ်ယောက် ဖြစ်သွားလိမ့်မည်။ နှစ်ခုစလုံးကို အစွန်းရောက် အသုံးပြု က မဆင်မပြေနိုင်ပေ။
နောက်ဆုံးတွင် ‘ဗုဒ္ဓသင်္ကန်းတော်’ သည် ဟုန်ယွိ၏ ကိုယ်ပေါ်သို့ ကျရောက်ကာ အညံ့ခံပြီး၊ သူ့ကို ကောင်းချီးပေးလိုက်ပြီ ဖြစ်သည်။
ဟုန်ယွိ၏ ‘ပါရမီတံတား’ သည် အသိအမှတ်ပြုခံရမှု တစ်ဝက်ရရှိခဲ့ပြီး၊ ကျန်တစ်ဝက်မှာမူ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ၏ အရှိန်အဝါနှင့် ၎င်း၏ အသိစိတ်ကို ဖျက်ဆီးပစ်ခဲ့သည့် အာဏာစက်ကြောင့် ဖြစ်သည်။
အကယ်၍ နတ်ဘုရားလက်နက်က မင်းကို မလေးစားဘူးဆိုလျှင်၊ သူ့ ဝိညာဉ်အသိစိတ်ကို ဖျက်ဆီးပစ်လိုက်မည်။ သတ်ပစ်ရမည်။ ဤသည်မှာ မူလဝိညာဉ်နတ်ဘုရားနှင့် မုန့်ရှန်းကျီ တို့၏ အာဏာစက်ပင် ဖြစ်သည်။ ဖန်ဆင်းရှင်များ၏ လွှမ်းမိုနိုင်စွမ်းဖြစ်သည်။ ထိုပညာရှင် ကြီး နှစ်ဦးနှင့် ယှဉ်လိုက်လျှင် သူ ကျင့်ကြံထားသော လွှမ်းမိုးကြီးစိုးခြင်း အာဏာစက် လမ်းစဉ်မှာ အနည်းငယ် လိုအပ်ချက် ရှိနေသေးကြောင်း ဟုန်ယွိ သိလိုက်ရသည်။
အခန်း (၄၇၆)။
“အား၊ ဒါက ဖန်ဟွမ်အသက်ဝိညာဉ်ဓားပဲ။ ဒီဓားက ဘယ်လိုလုပ်ပြီး ဟုန်ယွိရဲ့လက်ထဲကို ရောက်သွားတာလဲ။ ငါတို့ရဲ့ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ဖန်ဆင်းခြင်းသင်္ဘောကို ယူမလာသရွေ့ သူ့ကို ဘယ်သူမှ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။”
ဟုန်ယွိ၏ ‘နတ်ဘုရား စိတ်ဝိညာဉ်’ သည် အမိုးအကာအမည်းရောင်ပါ လှေငယ်လေးအား ပိတ်ဆို့ထားသည်။ သူသည် ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး ဓားလေးစင်း’ နှင့် ဓားအလင်းတန်းတစ်ခုကို အသုံးပြုကာ ၎င်းကို ထက်ပိုင်းပိုင်း ဖြတ်လိုက်ရာ ကတ္တရာစေး ကဲ့သို့ မည်းနက်သော မြူခိုးများ ထွက်ပေါ်လာသည်။
‘ဖန်ဆင်းခြင်းရိပ်စောင့်တပ်’ ခေါင်းဆောင် ‘ချူ’ နှင့် နဂါးဝိညာဉ်မှ အသွင်ပြောင်းထားသော လူငယ်လေးတို့မှာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည့် ဟုန်ယွိ၏ ထက်ရှလှ သော ဓားအငွေ့အသက်ကြောင့် လုံးဝ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အစက ‘ရူလိုင် သင်္ကန်းတော်’ ကို စိတ်ဝင်တစား ရှိခဲ့ကြသော ထိုသူနှစ်ဦးမှာ အကယ်၍ သူတို့သာ အမြန် မပြေးပါက သူတို့အသက်ပင် ရန်ရှာခံရတော့မည်ကို နောက်ဆုံးတွင် သဘောပေါက်သွား ကြသည်။
သူတို့သည် မကျေမနပ်ဖြစ်စွာ ပြိုင်တူ ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ မှော်စွမ်းအားများ နှင့် မှော်လက်နက်များကို အသုံးပြုကာ ပြင်းထန်သော တုန်ခါမှုတစ်ခုနှင့်အတူ ကောင်းကင်ယံသို့ တဟုန်ထိုး ခုန်တက်သွားကြသည်။
ခဏချင်းမှာပင် ထိုပုံရိပ်နှစ်ခုမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွား ကြသည်။
သို့သော် ထိုသူနှစ်ဦးမှာ တစ်နေရာတည်းသို့ မသွားကြဘဲ ဆန့်ကျင်ဘက် အရပ်မျက်နှာများ သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် လမ်းခွဲက ထွက်ပြေးသွားကြသည်။
“ကျီရှန်းထျန်း... သူတို့နောက်ကို လိုက်မနေနဲ့တော့။”
ဟုန်ယွိသည် ထိုသူနှစ်ဦး လမ်းခွဲပြေးသွားသည်ကို မြင်လိုက်ရသည်။ ‘ကျီရှန်းထျန်း’ မှာ လိုက်ရန် အားခဲနေသော်လည်း ဟုန်ယွိက သူမကို ကောင်းကင်မှ ပြန်ဆင်းလာစေရန် တားလိုက်ရသည်။
‘ကျီရှန်းထျန်း’ သည် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ကောင်းကင်ယံမှ ‘မင်္ဂလာ ကျီရှန်းလက်စွပ်’ မှာ ပြန်လည်ကျဆင်းလာပြီး သူမ၏ ဦးခေါင်း ထက်တွင် ငွေရောင်အလင်းကွင်းတစ်ခုအဖြစ် ပြန်လည် တည်ရှိသွားသည်။
“အခုအချိန်မှာ တော်ဝင်ချန်နဲ့ အနောက်ဘက်ဒေသတို့က အခြေအနေ တင်းမာနေတဲ့ အချိန်ပဲ။ ‘ဖန်ဆင်းခြင်း အရိပ်စောင့်တပ်’ ခေါင်းဆောင်ဟာ ငါ့နောက်ကို လိုက်ဖို့ အမိန့်ပေး ခံထားရတာ သေချာတယ်။ အခု ငါ သူ့ကို ခြောက်လှန့်လိုက်ပြီဆိုတော့ သူ ငါ့နောက်ကို ဆက်လိုက်ရဲတော့မှာ မဟုတ်ဘူး။ တကယ်လို့ ငါ သူ့ကို လိုက်သတ်နေမယ်ဆိုရင် အနောက်ဘက်ဒေသက စစ်တပ်တွေဟာ စစ်သည်တစ်ယောက်မှ မဆုံးရှုံးဘဲ သူတို့ လိုချင် တာရပြီး အမြတ်ထွက်သွားလိမ့်မယ်။”
အနောက်ဘက်ဒေသ၏ ‘မဟာမှော်တပ်မတော်’ ကို အနောက်ဘက်ဒေသမှ ထူးချွန်သော ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းတို့ကို ‘ဖန်ဆင်းခြင်း အရိပ်စောင့်တပ်’ ကို ရင်ဆိုင်ရန်အတွက် အထူးအသုံးပြုခြင်း ဖြစ်သည်။ သူသည် ‘ရူလိုင်သင်္ကန်းတော်’ ကို ရရှိထားပြီး ဖြစ်သဖြင့် အစွမ်းထက်သော ခေါင်းဆောင် ‘ချူ’ နောက်သို့ လိုက်နေရန် မလိုတော့ပေ။
“ခုနက အမိုးအကာ အမည်းရောင်ပါ လှေဟာ ဒဏ္ဍာရီလာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ရဲ့ အငွေ့အသက်နဲ့ သွန်းလုပ်ထားတဲ့ မှော်လက်နက်တစ်ခု ဖြစ်နိုင်တယ်။ သေးငယ်တဲ့ အဝတ်စလေးတစ်ခုကတောင် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ရဲ့ သတ်ဖြတ်ခြင်း တိုက်ကွက် ကို တားဆီးနိုင်ခဲ့တယ်။ လှေက ပျက်စီးသွားပေမဲ့ အထဲကလူတွေကတော့ ဘာမှမဖြစ်ခဲ့ ဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် အစစ်မှန် ‘ဖန်ဆင်းခြင်းသင်္ဘော’ က ဘယ်လောက်တောင် စွမ်းအားကြီးမလဲဆိုတာ သိနိုင်တယ်။”
ရှဲ့ဝမ်ယွမ်က အဝေးရှိ ကောင်းကင်ယံ၌ ပေါက်ကွဲပျံ့လွင့်သွားသော အမည်းရောင် အငွေ့များကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဧကရာဇ်ရဲ့ နည်းလမ်းတွေက တကယ်ကို တုန်လှုပ်စရာကောင်းတယ်” ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ “သူ့ကျင့်စဉ်အဆင့်ကလည်း ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ သူက ‘မဟာကမ္ဘာကြီး’ ကို ခြောက်လှန့်နိုင်တာဟာ အဓိကအားဖြင့် ‘ဖန်ဆင်းခြင်းသင်္ဘော’ ကြောင့်ပဲ။ အခုဆိုရင် ‘ဖန်ဆင်းခြင်းသင်္ဘော’ က ဘယ်လောက်အထိ အစွမ်းထက်သလဲဆို တာကို ငါ ဝေဝေဝါးဝါး မြင်နေရပြီ။ အဲဒီတုန်းက ‘ဒိုင်ဇင်ဘုရားကျောင်း’ ဖျက်ဆီးခံရတာ မဆန်းတော့ပါဘူး။”
“ဒါက ‘ရူလိုင်သင်္ကန်းတော်’ လား။ ဒဏ္ဍာရီလာ ‘မဟာဝဇိရပညာပါရမီလမ်းစဉ်’က ဒီပေါ် မှာ ရှိတာလား။”
ကျီရှန်းထျန်းက ဟုန်ယွိကို ကြည့်လိုက်သည်။ ဟုန်ယွိသည် ရှေးဟောင်းအငွေ့အသက်များ ပေးစွမ်းသည့် ဝတ်စုံသစ်ကို လဲလှယ်ဝတ်ဆင်ထားပြီး ဖြစ်သည်။ သူ၏ လက်မောင်းစများ မှာ ရွှေရောင်ကဲ့သို့ တောက်ပြောင်နေပြီး ခရမ်းရောင်သန်းနေကာ ကြည့်လေလေ ပိုမိုနက်နဲလေလေ ဖြစ်သည်။ သို့သော် ကျမ်းစာများမှာမူ ကွယ်ပျောက်နေပြီး ပုန်းကွယ်နေ သည့်အလားပင်။
“မဟာဝဇိရ ပညာပါရမီလမ်းစဉ်ကျမ်းစာဟာ ဒီဓမ္မဝတ်ရုံရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ပုန်းကွယ်နေတာ။ မင်းရဲ့ စိတ်ဝိညာဉ်နဲ့ ဒီဝတ်ရုံကို သန့်စင်ပြီး၊ သူ့ဝိညာဉ်အသိစိတ်နဲ့ ဆက်သွယ်လိုက်တာနဲ့ အဲဒီလမ်းစဉ်က မင်းစိတ်ထဲမှာ ပေါ်လာလိမ့်မယ်။ ငါ အချိန်ရတဲ့ အခါ ဒီဝတ်ရုံကို သေချာသန့်စင်ပြီး အပေါ်မှာရှိတဲ့ ‘နိဗ္ဗာနလမ်းစဉ်’ ကို နားလည်အောင် လုပ်ရမယ်။ ရူလိုင်သင်္ကန်းတော်ရဲ့ စွမ်းအားပိုင်းမှာဆိုရင် ဒီဝတ်ရုံဟာ ‘ကောင်းကင်နဂါး ဘုရင် နတ်ဘုရားချပ်ဝတ်’ ထက် သာလွန်နေပေမယ့် ငါကတော့ အဲဒီစွမ်းအားကို သိပ်ပြီး ဂရုမစိုက်ပါဘူး။”
ဟုန်ယွိသည်လည်း သူ၏ကိုယ်ပေါ်ရှိ ဝတ်ရုံကို ငုံ့ကြည့်လိုက်သည်။
သူသည် ဤဝတ်ရုံကို သူ့ကိုယ်ပေါ်၌ လွှမ်းခြုံထားရုံသာ ရှိသေးသည်။ သူသည် သူ၏ စိတ်ဝိညာဉ် အသိစိတ်ကို အသုံးပြုပြီး ဝတ်ရုံကို သန့်စင်ခြင်း၊ ဝတ်ရုံ၏ အတွင်းပိုင်းထိ သူ့အတွေးစများကို ထိုးထွင်းဝင်ရောက်ပြီး ဝတ်ရုံ၏ဝိညာဉ်အသိစိတ်နှင့် ဆက်သွယ်ခြင်း များ မလုပ်ရသေးသဖြင့် ဤသင်္ကန်းတော်၏ ကြီးမားလှသော စွမ်းအားများကို မထိန်းချုပ် နိုင်သေးပေ။
‘ရူလိုင်သင်္ကန်းတော်’ ကို သန့်စင်ပြီး အညံ့ခံစေရန်မှာ အမှန်ပင် ခက်ခဲလှသော အလုပ် တစ်ခုဖြစ်သည်။
“ငါ့ရဲ့ တွက်ချက်မှုအရဆိုရင် ‘တော်ဝင်ချန် ဧကရာဇ် ယန်ဖန်’ နဲ့ ‘ဟုန်ရွှန်ကျိ’ တို့ ကိုယ်တိုင် လာသင့်တာ။ ဒီရှေးဟောင်းရတနာ၊ အထွက်အထိပ် ဓမ္မဝတ်ရုံနဲ့ ‘နိဗ္ဗာနလမ်းစဉ်’ တို့ဟာ အင်ပါယာတစ်ခုအတွက် တန်ဖိုးဖြတ်လို့ မရနိုင်ဘူး။ တကယ်လို့, ‘တော်ဝင်ချန် ဧကရာဇ် ယန်ဖန်’သာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို မောင်းနှင်လာပြီး၊ ‘ဟုန်ရွှန်ကျိ’ က ‘ကောင်းကင် နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ ကို ဝတ်ဆင်ပြီး ဒီကို ရောက်လာမယ်ဆိုရင် ဟုန်ယွိက လွဲလို့ ငါတို့ထဲက ဘယ်သူမှ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူတို့လည်း ‘ရူလိုင် သင်္ကန်းတော်’ ကို ယူသွားနိုင်လိမ့်မယ်။”
ယွမ်ရှန်းရှန်းက လေးနက်စွာ ပြောလိုက်သည်။
“အခုအချိန်မှာ သူတို့က ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းတွေကြားမှာ ပိတ်မိနေပြီး မူလဝိညာဉ်နတ်ဘုရားနဲ့ မုန့်ရှန်းကျီတို့နဲ့အတူ လိုက်ပြေးတမ်းကစားနေတာ ဖြစ်နိုင်တယ်” ဟုန်ယွိ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ “ဒီ ‘ရူလိုင်သင်္ကန်းတော်’ ကိစ္စက အသေးဖွဲ့ ကိစ္စမဟုတ်ဘူး။ တကယ်လို့ သူတို့သာ ဒီဝတ်ရုံကို ရသွားမယ်ဆိုရင် တော်ဝင် ချန်မင်းဆက်ဟာ တကယ်ကို တည်ငြိမ်သွားလိမ့်မယ်။ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကလည်း ပိုပြီး ပြည့်စုံသွားလိမ့်မယ်။ ဒီအရာတွေနဲ့ဆိုရင် ‘တော်ဝင်ချန် ဧကရာဇ်ယန်ဖန်’ ဟာ အဆင့် ၇ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး ‘ဖန်ဆင်းရှင်’ အဆင့်ကို ရောက်သွားနိုင်သလို၊ ‘ဟုန်ရွှန်ကျိ’ ဟာလည်း ‘လူသားအင်မော်တယ်’ နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ပြီး ဟင်းလင်းပြင်ဖျက်ဆီးခြင်း အဆင့်နားအထိ ရောက်သွားနိုင်တယ်။”
“အဲဒါ မှန်တယ်။ ဒီရှေးဟောင်းဝတ်ရုံရဲ့ အစွမ်း၊ ဒီဝတ်ရုံပေါ်က နက်ရှိုင်းတဲ့ ပုံစံသင်္ကေတ တွေနဲ့ ဒီဝတ်ရုံဆီကနေ ထွက်ပေါ်နေတဲ့ အငွေ့အသက်တွေကို ကြည့်လိုက်။ တကယ်လို့, တော်ဝင်မိသားစုကသာ ဒါကို ရသွားမယ်ဆိုရင် သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းက အကန့်သတ် ရှိတော့မှာ မဟုတ်ဘူး။” ရှဲ့ဝန်ယွမ်က ခေါင်းညိတ်ပြီး လေးနက်စွာ ဆိုသည်။ “ဟုန်ယွိ... မင်းဆီမှာ အခု ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ နဲ့ ‘ရူလိုင်သင်္ကန်းတော်’ ရှိနေပြီ။ ချီလင်က လည်း မင်းကို သစ္စာခံထားပြီး ပညာရှင် သူတော်စင်ပေါင်း တစ်ရာကလည်း တစ်ညီ တစ်ညွတ်တည်း ကောင်းချီးပေးခဲ့ပြီးပြီ။ မင်းက တကယ်ကို အတိုင်းအဆမဲ့ အခြေခံ အုတ်မြစ်ကို ပိုင်ဆိုင်နေပြီ။ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ အထက်တန်းလွှာ မိသားစု တွေတောင် မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ငါ အာမခံနိုင်တယ်။ အခုဆိုရင် မင်းဟာ ဖြောင့်မတ်ခြင်း လမ်းစဉ်ရဲ့ ခေါင်းဆောင်အဖြစ် အပြည့်အဝ ထိုက်တန်နေပြီ။”
“ကျွန်တော် ဖြောင့်မတ်ခြင်း လမ်းစဉ်ရဲ့ ခေါင်းဆောင် ဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးမကြီး ပါဘူး။ အခု ကျွန်တော် လုပ်ရမှာက မတူညီတဲ့ အတွေးခေါ်ကျောင်းတော်ပေါင်း တစ်ရာ ကျော်ရဲ့ အနှစ်သာရတွေကို ပေါင်းစပ်ပြီး၊ ပညာရပ်ပေါင်းစုံနဲ့ စာပေပညာရှင်ကြီးတွေရဲ့ အောင်မြင်မှုတွေကို စုစည်းကာ၊ ကောင်းကင်တာအိုနဲ့ လူသားတာအိုတို့အကြောင်း ရှင်းပြ ထားတဲ့ ‘ပြောင်းလဲခြင်းကျမ်း’ ကို ပြုစုဖို့ပဲ။” ဟုန်ယွိက ပြောလိုက်သည်။
“အခု အရေးကြီးဆုံးက ရှန်းပြည်နယ် (သဲကန္တာရပြည်နယ်) ရဲ့ နယ်စပ်ကိစ္စပဲ။” ဆန်းဝေဝေ က ပြောသည်။ မူလဝိညာဉ်နတ်ဘုရားရဲ့တန်ခိုး အစွမ်းက တကယ်ကို ကြီးမားလွန်းတယ်။ ရှန်ပြည်နယ် နယ်စပ်ဂိတ်မှာ တစ်ခုခု ပြောင်းလဲနေမှာ အသေချာပဲ။ ငါတို့ ဒီမှာ ရက်အတော်ကြာ နှောင့်နှေးနေခဲ့ပြီ။ အဲဒီကို သွားကြည့်တာ အကောင်းဆုံးပဲ။”
“အဲဒါလည်း ဟုတ်တာပဲ။”
ဟုန်ယွိက ခေါင်းညိတ်လိုက်ပြီး နဂါးသမီးတော်ဘက်သို့ လှည့်လိုက်သည်။ “ထျန်းလုံ တာအိုသခင်မကရော ကျွန်တော်တို့နဲ့အတူ ရှန်ပြည်နယ် နယ်စပ်ဂိတ်ကို လိုက်မှာလား၊ ဒါမှမဟုတ် ပျက်စီးနေတဲ့ ‘ကောင်းကင်နဂါးဂိုဏ်း’ ကို ပြန်ပြီး ရှင်းလင်းရေး လုပ်မှာလား။”
နဂါးသမီးတော်၏ ‘ကောင်းကင်နဂါးဂိုဏ်း’ တွင် ဖြေရှင်းစရာ ကိစ္စများစွာ ရှိနေသည်။ အထူးသဖြင့် သူမ မိုးကြိုးကပ်ဘေး ဖြတ်ကျော်နေစဉ်မှာ ပြင်ပလူတွေနှင့် ပူးပေါင်းပြီး သူမကို သတ်ဖို့ ကြိုးစားခဲ့ကြသည့် ကိစ္စဟာ ရှင်းလင်းဖို့ မဖြစ်မနေ လိုအပ်နေပြီ ဖြစ်သည်။
“ငါ မင်းတို့နဲ့အတူ ရှန်ပြည်နယ် နယ်စပ်ဂိတ်ကို အရင်လိုက်ခဲ့ပါ့မယ်၊ ငါ့ရဲ့ မှော်စွမ်းအား တွေက အပြည့်အဝ ပြန်မကောင်းသေးတော့ ဂိုဏ်းကို ရှင်းလင်းရေးလုပ်ဖို့ ခွန်အား မလုံလောက်သေးဘူး။ သူတို့ကို အခုလောလောဆယ် ရှုပ်ချင်သလောက် ရှုပ်ထားခွင့် ပေးထားလိုက်မယ်။ ငါ ပြန်ကောင်းလာတဲ့အခါ ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ ကို သွားပြီး ရတနာတွေ သွန်းလုပ်ဖို့ ပစ္စည်းတချို့ ရှာဖွေရမယ်။ အဲဒီကျမှပဲ တကယ်တမ်း ရှင်းလင်းနိုင် မှာ။”
နဂါးသမီးတော်က စဉ်းစားလိုက်ပြီးနောက် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိုက်သည်။
“ကောင်းပြီ၊ ဒါဆို သွားကြစို့။”
ဟုန်ယွိသည် ခေါင်းညိတ်ပြကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လူတိုင်းကို အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ် ကမ္ဘာငယ်လေးအတွင်းသို့ ထည့်သွင်းကာ ပြင်းထန် သော တုန်ခါမှုတစ်ချက်နှင့်အတူ လေထဲသို့ ပျံတက်သွားကြသည်။
ဟုန်ယွိအနေဖြင့် ‘ဒိုင်ဇင်ဘုရားကျောင်း’ ၏ မြေအောက်နန်းတော်သို့ ရောက်လာခဲ့ပြီး၊ အချိန်အခါ ကောင်းကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ခဲ့ပြီး ချက်ချင်းပင် ဆုံးဖြတ်ချက် ချနိုင်ခဲ့ သည်ဟု ဆိုရပေမည်။ အန္တရာယ်များစွာ ရှိခဲ့သော်လည်း သူသည် ‘ရူလိုင်သင်္ကန်းတော်’ ကို ရရှိခဲ့လေပြီ။
ဟုန်ယွိသည် သူ၏ အခြေခံအုတ်မြစ် တည်ဆောက်ရေး အစီအစဉ် ငါးရပ်အနက် အစီအစဉ် တစ်ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ‘မဟာဝဇိရပညာပါရမီလမ်းစဉ်’ ကို အောင်မြင်စွာ နားလည်သဘောပေါက်ခြင်း၊ ‘စကြဝဠာကျမ်းစာ’ ကိုလည်း အတင်းအဓမ္မ ထုတ်ဖော်နိုင်ခြင်း၊ ထို့နောက် ပြောင်းလဲခြင်း ကျမ်းကိုပါ ပြုစုနိုင်ရန် အခြေခံအုတ်မြစ်များ စုဆောင်းနိုင်ခြင်း၊ အနောက်ဘက်ဒေသ၏ အဆင့်မြင့် လျှို့ဝှက်ပညာရပ်များနှင့် ‘အသက်မဲ့ အနာဂတ်ကျမ်း’တို့ကိုပါ ထပ်မံ ဖြည့်စွက် နိုင်ပါက ထိုကြီးမားလှသော အခြေခံ အုတ်မြစ်မှာ သူ့ကို ‘ဖန်ဆင်းရှင်’ အဆင့်သို့ တွန်းပို့ပေးရန် လုံလောက်နေပြီ ဖြစ်သည်။ သူသည် အဆင့်ခုနစ် မိုးကြိုးကပ်ဘေးကို မည်သည့်အားနည်းချက်မှ မရှိဘဲ အလွယ်တကူ ဖြတ်ကျော်နိုင်ပေလိမ့်မည်။
...
“ရက်အနည်းငယ်အတွင်းမှာပဲ ‘ကျယ်ပြောလှတဲ့ ဂိုဘီသဲကန္တာရ’ ထဲမှာ မြို့တစ်မြို့ကို တကယ်ပဲ တည်ဆောက်နိုင်ခဲ့လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါဟာ တကယ့်ကို ရေရှည်စစ်ပွဲ ဖြစ်လာခဲ့ပြီ။ ဟင်း…၊ အနောက်ဘက်ဒေသ စစ်တပ်မှာ ‘ရှေးဟောင်း ရာရှိုမွန်’ တံခါးရဲ့ အကူအညီ ရှိနေတော့ ရိက္ခာသယ်ယူခြင်း ကိစ္စတွေမှာ သိပ်ပြီး အားစိုက်စရာမလို ဘူး။ ဒါက သူတို့အတွက် အားသာချက်အကြီးကြီးပဲ။”
နောက်တစ်နေ့ နံနက်စောစော။
ရှန်ပြည်နယ် (သဲကန္တာရပြည်နယ်) ၏ မြို့ရိုးပေါ်ရှိ မြင့်မားသော မျှော်စင်တစ်ခုပေါ်တွင်… ဟုန်ယွိသည် မတ်မတ်ရပ်နေပြီး၊ ‘ကျယ်ပြောလှတဲ့ ဂိုဘီသဲကန္တာရ’ ကို အဝေးမှ လှမ်းကြည့် နေသည်။ အဆုံးမရှိသော ကန္တာရပြင်ကြီးပေါ်တွင် နေရာအနှံ့၌ စိမ်းလန်းစိုပြေမှုများကို မြင်တွေ့နေရ၏။ ကန္တာရ၏ အလယ်ဗဟိုမှ စီးဆင်းလာသော မြစ်ငယ်လေးတစ်စင်းပင် ရှိနေသေးသည်။
မရေမတွက်နိုင်သော ကျွန်ပေါင်းများစွာက မြို့ကို မရပ်မနား တည်ဆောက်နေကြ၏။ မြို့မှာ ရှန်ပြည်နယ် နယ်စပ်ဂိတ်နှင့် မယှဉ်နိုင်သေးသော်လည်း၊ အခြေခံပုံပန်းသဏ္ဌာန်က ပေါ်လာခဲ့ပြီဖြစ်ရာ လူများသည် ရွက်ဖျင်တဲများတွင် နေစရာ မလိုတော့သည့်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။
မူလက လူဦးရေ ငါးသိန်း၊ ခြောက်သိန်းခန့်ရှိသည့် မြို့မှာ တဖြည်းဖြည်း တိုးပွားလာပြီး နှစ်ဆနီးပါး ဖြစ်လာကာ ကန္တာရအလယ်ဗဟိုအထိ တိုက်ရိုက် တိုးချဲ့သွားခဲ့သည်။
ရေရှိခြင်း၊ သစ်ပင်ရှိခြင်းနှင့် မြို့ရှိခြင်းတို့သည် မြို့တစ်မြို့ ရှင်သန်ကြီးထွားရန် လုံလောက် ပေသည်။ ၎င်းသည် ယာယီအားဖြင့် အခြေကျသွားခဲ့ပြီ ဖြစ်သည်။
ဟုန်ယွိ၏ လက်ရှိကျင့်စဉ် အဆင့်နှင့်ပင်လျှင် ခြောက်သွေ့ဖုန်ထူသော ကန္တာရထဲ၌ ထိုကဲ့သို့သော မြို့တစ်မြို့ တစ်နေ့ထက်တစ်နေ့ ပိုမိုခိုင်မာ ကြီးထွားလာသည်ကို မြင်ရ သောအခါ အနောက်ဘက်ဒေသ ယဉ်ကျေးမှု၏ စုစည်းထားနိုင်သော စိတ်ဓာတ်စွမ်းအား ကို သက်ပြင်းမချဘဲ မနေနိုင်ပေ။
“ယဉ်ကျေးမှုတစ်ခုကို လျှော့တွက်လို့ မရဘူးပဲ။” ရှဲ့ဝန်ယွမ်ကလည်း ဘေးမှနေ၍ သက်ပြင်းချလိုက်သည်။
“ဟုန်ယွိ၊ မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့။ အဲဒီနေ့က မင်း ရန်သူ့တပ်စခန်းထဲ ညဘက် ဝင်တိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ။ အဲဒီနောက် အနောက်ဘက်ဒေသရဲ့ ‘ဟွာလျှိုနိုင်ငံ’ ဆီက သတင်းအချို့ ငါ ရခဲ့တယ်။ အဲဒီမှာ ဆူပူမူတွေ ဖြစ်နေတယ်ဆိုပဲ။ အဲဒါ မင်းတစ်ယောက်တည်း လုပ်ခဲ့တာလား။ ‘ရှေးဟောင်း ရာရှိုမွန်’ ကိုလုဖို့ မင်း တစ်ယောက် တည်း သွားခဲ့တာလား။”
ဟုန်ယွိ သဲကန္တာရတွင်းက အခြေအနေများကို လေ့လာနေစဉ်မှာပင်၊ ရုတ်တရက် မြင်းစီးစစ်သည် တစ်အုပ်မှာ အဝေးမှ ဒုန်းစိုင်းနှင်လာပြီး အောက်ဘက်ရှိ လှေကားထစ်များ အတိုင်း အရှိန်အဟုန်ဖြင့် တက်လာကြသည်။ အရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ‘နတ်ဘုရား နတ်ခိုးရှင် ဘုရင်ယန်တူးပင် ဖြစ်သည်။
“ဟင်… မဟာပညာရှင်ကြီး ဝန်ယွမ်ပါလား။ ဆရာကြီးက ဘာလို့ ရှန်ပြည်နယ်ကို ရောက်လာတာလဲ။”
ရှဲ့ဝန်ယွမ်ကို မြင်လိုက်ရသည့်အခါ ယန်တူးမှာ လန့်ဖျတ်သွားပြီး မြင်းပေါ်မှ ဆင်းကာ အလျင်အမြန် တက်လာပြီး နှုတ်ခွန်းဆက်သသည်။ သူသည် စာပေလောက၏ ဤမဟာပညာရှင်ကြီးအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရပေမည်။
“မင်းသားက ယဉ်ကျေးလွန်းနေပြန်ပါပြီ။ ကျွန်တော် အနောက်ဘက်ဒေသမှာ အခြေအနေ က စိုးရိမ်ရတယ်လို့ ကြားလို့ ‘ဟွာလျှိုနိုင်ငံ ဂေဒါ’ မြို့ထဲမှာ ပုန်းအောင်းပြီး အခြေအနေကို စောင့်ကြည့်ရင်း သတင်းအချက်အလက်တွေ စုဆောင်းဖို့ ကြိုးစားခဲ့တာပါ။ အဲဒီနောက် ဟုန်ယွိ တစ်ယောက်တည်း ဝင်တိုက်နေတာကို မြင်တော့ ငါတို့ အတူတူ စုမိသွားကြတာ။ ဒါပေမဲ့ အနောက်ဘက်ဒေသရဲ့ ဧကရာဇ်အသောကနဲ့ ယွန်မင် ဧကရာဇ် နာလန်ယိဟုန်တို့ က ပူးပေါင်းနေကြပြီ၊ ပြီးတော့ ယခင်မဟာကျိုးမင်းဆက်က ဧကရာဇ် ကျိုးထိုက်ကျူ လည်း ပြန်ပေါ်လာပြီ။ မင်းသား... မင်း သတိထားမှ ဖြစ်မယ်။ တကယ်လို့ ရှန်ပြည်နယ် နယ်စပ်ဂိတ်သာ ကျိုးပေါက်သွားရင် အလယ်ပိုင်းကောင်းကင်နိုင်ငံ တစ်ဝက်လောက်ဟာ ပျက်စီးသွားလိမ့်မယ်၊ ပြည်သူတွေလည်း ရှင်သန်စရာ လမ်းစရှိမှာ မဟုတ်တော့ဘူး။”
ရှဲ့ဝန်ယွမ်က ယန်တူးကို ဦးညွတ်ကာ ပြောလိုက်သည်။ စကားအနည်းငယ်မျှသာ ဖြစ်သော်လည်း ယန်တူး၏ စိတ်မှာ တုန်လှုပ်သွားခဲ့ပြီ ဖြစ်သည်။
“ဟုန်ယွိ... အခြေအနေတွေ ဒီလောက်ထိ စိုးရိမ်ရလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါပေမဲ့ တော်ဝင်နန်းတွင်းကနေ သတင်းတချို့တော့ ရောက်လာတယ်။ မင်း ပြန်ပေါ်လာပြီဆိုတာ ကြားကြားချင်းပဲ အဲဒီအကြောင်း မင်းနဲ့ ဆွေးနွေးဖို့ ငါ ချက်ချင်း ပြေးလာခဲ့တာ။”
ရှဲ့ဝန်ယွမ်ကို မြင်တွေ့ရပြီးနောက် ဟုန်ယွိ၏ အင်အားမှာ ကြီးထွားလာနေပြီး သူ၏ ကျော်ကြားမှုမှာလည်း ပိုမိုခိုင်မာလာနေကြောင်း ယန်တူး သိလိုက်ပြီ။ နောင်တစ်ချိန်တွင် သူသည် နန်းတွင်းနိုင်ငံရေးသာမက တစ်လောကလုံးကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိလာပေလိမ့် မည်။
“နန်းတွင်းမှာ ဘာတွေ ဖြစ်နေလို့လဲ” ဟုန်ယွိက မေးလိုက်သည်။ စစ်သည်အချို့က စားပွဲ တစ်ခု သယ်လာပြီး လက်ဖက်ရည် တည်ခင်းပေးသည်ကို မြင်သဖြင့် သူ ထိုင်လိုက်သည်။
“ပထမဆုံး သတင်းကတော့ ‘ချန်ပီယံမြို့စား’က ချင်ပြည်နယ်ဆီကို အိတ်ဖွင့်ပေးစာ ပို့လိုက်တယ်။ သူက ယွန်မင်နိုင်ငံကို တိုက်ခိုက်ချင်လို့ စစ်ထွက်ခွင့် တောင်းနေတာ။ ငါ့ရဲ့ သူလျှိုတွေဆီက ကြားရတာတော့ သူဟာ ချင်ပြည်နယ်မှာ ရက်ဝက်လောက် တံခါးပိတ် ကျင့်ကြံနေခဲ့တယ်တဲ့။ လွန်ခဲ့တဲ့ သုံးရက်က သူ့ရဲ့ အိမ်တော်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါ သွားပြီးနောက် သူ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့တယ်။ သူဟာ နတ်ဘုရား စွမ်းရည် ပညာရပ်တစ်ခုကို တတ်မြောက်သွားပုံရတယ်။ ငါ့ရဲ့ ခန့်မှန်းချက် မမှားဘူးဆိုရင်, ဒီလူဟာ ‘လူသားအင်မော်တယ်’ တစ်ယောက် ဖြစ်နေလောက်ပြီ။”
ယန်တူးက စားပွဲပေါ်သို့ သတင်းအချက်အလက် အထပ်လိုက်ကြီးကို ချလိုက်သည်။