အခန်း (၄၇၇-၄၇၈)
Vol. 45 Ch. 477-478
အခန်း (၄၇၇)။
“ချန်ပီယံမြို့စားလား။ လူသားအင်မော်တယ် တစ်ယောက်လား။ ဘယ်လို နတ်ဘုရား လူဝင်စားတစ်ဦးက ဒီအစွမ်းထက်တဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တာလဲ။”
နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးက ချန်ပီယံမြို့စားအကြောင်း ပြောပြလာသည်ကို ကြားသောအခါ ဟုန်ယွိနှင့် ရှဲ့ဝန်ယွမ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းလှသော သံသယများကို မြင်တွေ့လိုက်ရသည်။
ချန်ပီယံမြို့စား၏ ဝိညာဉ်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ငြင်းဆန်၍ မရသည့် အမှန်တရားပင်။
အခုဆိုလျှင် သူ၏ စတုတ္ထအဆင့် မိုးကြိုးကပ်ဘေး အတွေးစပေါင်း ၁၃,၃၃၅ ခုနှင့် ကြီးမားလှသော ‘အဓိက စိတ်ဝိညာဉ် အတွေးစ’ ၈၁ ခုမှာ ဟုန်ယွိ၏လက်ထဲတွင် မသန့်စင် ရသေးဘဲ ရှိနေဆဲ ဖြစ်သည်။
ထိုအဓိက အဓိကအတွေးစများပေါ်ရှိ ဝိညာဉ်အမှတ်သားများပင်လျှင် ဖျက်ဆီးခံထားရပြီး ဖြစ်ရာ ကျန်ရှိသော အရာများမှာ ဆိုဖွယ်ရာ မရှိတော့ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က သိမ်းပိုက်လိုက်ခြင်းပင်။
‘အတွေးမဲ့ ငြိမ်သက်ခြင်းနယ်ပယ်’ ထဲ ဝင်ရောက်ထားပြီး လူသားအင်မော်တယ် နယ်ပယ် သို့ တက်လှမ်းနိုင်မည့် အထွတ်အထိပ် သိုင်းသူတော်စင်တစ်ဦး၏ ခန္ဓာကိုယ်ဆိုသည်မှာ ကျင့်ကြံသူတိုင်း အတိုင်းမသိ မက်မောကြရသော ရတနာတစ်ခု ဖြစ်သည်။ အဆင့် ၆ မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်ပင်လျှင် လူသားအင်မော်တယ် ဖြစ်လာရန် ကျင့်ကြံဖို့ မလွယ်ကူချေ။
“ငါ ‘ရူလိုင်သင်္ကန်းတော်’ ကို သွားယူဖို့ မြေအောက်နန်းတော်ကို သွားတုန်းက ‘ဖန်ဆင်းခြင်း အရိပ်စောင့်တပ်’ ရဲ့ ခေါင်းဆောင် ‘ချူ’ တစ်ယောက်ပဲ ရောက်လာခဲ့တယ်။ ‘တော်ဝင်ချန် ဧကရာဇ် ယန်ဖန်’၊ ‘ဟုန်ရွှန်ကျိ’၊ မူလဝိညာဉ်နတ်ဘုရားနဲ့ မုန့်ရှန်းကျီတို့ ရောက်မလာခဲ့ဘူး။ သူတို့ဟာ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းနေကြလို့ပဲ ဖြစ်ရမယ်။ ဒါကို ကြည့်ရင် ချန်ပီယံမြို့စားရဲ့ ခန္ဓာကိုယ်ကို မုန့်ရှန်းကျီကော မူလဝိညာဉ် နတ်ဘုရားပါ သိမ်းပိုက်ထားတာ မဟုတ်မှန်း သိသာတယ်။ တကယ်လို့, အဲဒီနှစ်ယောက် ထဲက တစ်ယောက်ယောက်သာ သိမ်းပိုက်ထားရင် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ကို သူတို့ မလွဲမသွေ လာလုကြမှာပဲ။”
ဟုန်ယွိ၏ အတွေးများမှာ လျှပ်စီးကဲ့သို့ လက်ခနဲ လင်းလက်သွားခဲ့သည်။
တခဏချင်းမှာပင် သူသည် အခြေအနေကို ခန့်မှန်းပြီး အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။
“ချန်ပီယံမြို့စားရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာဟာ မုန့်ရှန်းကျီ မဟုတ်သလို၊ မူလဝိညာဉ် နတ်ဘုရားလည်း ဖြစ်နိုင်ခြေ မရှိဘူး။ တကယ်လို့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်သာ အဲဒီခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ခဲ့ရင်၊ သူတို့ဟာ ဖန်ဟွမ် အသက်ဝိညာဉ်ဓားကို မလွဲမသွေ ယူဆောင်သွားကြမှာပဲ။ အဲဒီဓားဟာ ဟုန်ယွိရဲ့ လက်ထဲ ကို ဘယ်နည်းနဲ့မှ ရောက်လာမှာ မဟုတ်ဘူး။”
“နှမြောစရာကောင်းတာက ငါ့မှာ လုပ်စရာတွေ အရမ်းများနေတာပဲ။ ချန်ပီယံမြို့စားကို သတ်ပြီးတာနဲ့ ငါကိုယ်တိုင် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရသေးတယ်၊ ပြီးတော့ ‘ရူလိုင် သင်္ကန်းတော်’ တခြားလူယုတ်မာတွေ လက်ထဲ မရောက်ခင် သွားရှာရတယ်။ ဒါကြောင့် ချန်ပီယံမြို့စားရဲ့ ခန္ဓာကိုယ်ကို သွားရှာဖို့ အချိန်မရခဲ့ဘူး... မုန့်ရှန်းကျီနဲ့ မူလဝိညာဉ် နတ်ဘုရားတို့ တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ်နေချိန်မှာ ဘယ်လိုပညာရှင်မျိုးက သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်သွားတာပါလိမ့်။ ဒါမှမဟုတ် သူတို့နှစ်ယောက်စလုံး အသိအမှတ် ပြုထားတဲ့ တစ်စုံတစ်ယောက်များလား။ ဒါမှမဟုတ် ကောင်းကင်ပြင်ပ နယ်မြေက ရောက်လာတဲ့ ဝိညာဉ်များလား။ ဘာပဲဖြစ်ဖြစ် ချန်ပီယံမြို့စားနဲ့ တွေ့တဲ့အခါ သူ့ရဲ့စရိုက်ကို ကြည့်ပြီး သူ ဘယ်သူလဲဆိုတာ ငါ သိလာမှာပါလေ။”
ဟုန်ယွိသည် ခဏမျှ စဉ်းစားသော်လည်း မည်သူဖြစ်မည်ကို အတိအကျ ခန့်မှန်း၍ မရနိုင်သေးပေ။
“အခု အနောက်ဘက်ဒေသ စစ်ပွဲက အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်။ နန်းတွင်းကလည်း နယ်စပ်ဆီ စစ်သည်တွေကို တစ်သုတ်ပြီးတစ်သုတ် ပို့နေသလို ငွေကြေး နဲ့ ရိက္ခာတွေလည်း အများကြီး သုံးစွဲနေရတယ်။ ဒီလိုအချိန်မှာ ချန်ပီယံမြို့စားက ယွန်မင် နိုင်ငံကို တိုက်ဖို့ စစ်မိန့်တောင်းနေတာလား။ နန်းတွင်းက ဒီလောက်ကုန်ကျစရိတ်တွေကို တောင့်ခံနိုင်ပါ့မလားလို့ ငါ စိုးရိမ်မိတယ်။ ဧကရာဇ်မင်းမြတ်က ဘယ်လို စီစဉ်မလဲဆိုတာ သိချင်မိတယ်” ရှဲ့ဝန်ယွမ်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
“ချန်ပီယံမြို့စားက ဒီတစ်ခေါက် ယွန်မင်နိုင်ငံကို စစ်ချီဖို့ အမိန့်တော် တောင်းခံထားသလို၊ သူ့ဘာသာသူ ရိက္ခာနဲ့ ငွေကြေးတွေ ရှာဖွေမယ်လို့လည်း ဆိုထားတယ်။ နန်းတွင်းကနေ ဘာရန်ပုံငွေမှ ခွဲဝေပေးဖို့ မလိုဘူးတဲ့။ ဒါတင်မကသေးဘူး၊ သူက လူလွှတ်ပြီး ငွေဒင်္ဂါး ၁၀ သန်းကိုတောင် နိုင်ငံတော်ဘဏ္ဍာအဖြစ် အခွန်ဝန်ကြီးဌာနဆီ ပို့ပေးလိုက်သေးတယ်။ အဲဒါတွေက အရင်တစ်ခေါက် ယွန်မင်နိုင်ငံ ပင်လယ်ရေကြောင်း တိုက်ပွဲတုန်းက ရခဲ့တဲ့ စစ်နိုင်ပစ္စည်းတွေပါလို့ သူက ပြောတယ်။ အခုတော့ နန်းတော်နဲ့ ပြည်သူတွေကြားမှာ ချန်ပီယံမြို့စား ဘာတွေးနေလဲ သိချင်နေကြပြီး ဆူညံပွက်လော ရိုက်နေတာပဲ။ ပြီးတော့ ဧကရာဇ်မင်းမြတ်ကလည်း သူ့ကို ယွန်မင်နိုင်ငံကို တိုက်ခိုက်ဖို့ အမိန့်ထုတ်ပေးလိုက်ပြီ”
နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူး၏ မျက်လုံးများထဲတွင်လည်း သံသယများဖြင့် ပြည့်နှက်နေပြီး၊ ထိုသတင်းများကို ပြောပြနေစဉ် သူ့မျက်နှာမှာလည်း နားမလည်နိုင်သည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
“ချန်ပီယံမြို့စားမှာ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ထောက်ပံ့ မှုတွေ ရှိနေတယ်။ သူ နန်းတွင်းက ငွေကြေးနဲ့ရိက္ခာကို မလိုတာ မှန်ပေမဲ့၊ အတင်းအဖျင်း တွေ မဖြစ်အောင် နှစ်တိုင်း ငွေကြေးနဲ့ရိက္ခာကိုတော့ တောင်းခံလေ့ရှိတယ်။ အခု သူ ဘာလုပ်နေတာလဲ။ လူတိုင်းကို ပေါ်ပေါ်တင်တင် စိန်ခေါ်နေတာလား။ ဘယ်သူ့ရဲ့ ဝေဖန်မှု ကိုမှ သူ ဂရုမစိုက်တော့ ဘူးလား” ဟုန်ယွိသည် သူ၏လက်ထဲရှိ မှတ်တမ်းများကို လှန်ကြည့်လိုက်ရင်း “ဒါနဲ့ ဧကရာဇ်မင်းမြတ်က နန်းတွင်းမှာ တကယ်ပဲ ရှိနေတာလား။”
“သူ ဘာလုပ်ချင်နေလဲဆိုတာ ငါလည်း နားမလည်ဘူး။ ဒါပေမဲ့ ဟုန်ယွိ... မင်းပြောချင်တဲ့ အဓိပ္ပာယ်က ဘာလဲ။ ဧကရာဇ်မင်းမြတ်က နန်းတွင်းမှာ အမြဲရှိနေတာပဲ။ နေ့တိုင်း ညီလာခံ တက်နေတာပဲလေ။ ပြီးတော့ သူ့ရဲ့ အရှိန်အဝါနဲ့ အမူအရာတွေက ကိုယ်ပွား တစ်ယောက် ဖြစ်စရာ အကြောင်းမရှိဘူး။ ကျောက်စိမ်းမြို့တော်က ငါ့ရဲ့ သူလျှိုတွေက လည်း နှစ်ရက်တစ်ခါ သတင်းတွေ အများကြီး ပို့နေတာပဲ။”
ဘုရင်ယန်တူးက ဟုန်ယွိနှင့် ရှဲ့ဝန်ယွမ်တို့ကို ကြည့်ကာ ဘာမှမဖုံးကွယ်ဘဲ ပြုံးလိုက်သည်။
“ဟုန်ယွိ... ငါ မင်းကို အမှန်အတိုင်း ပြောရရင်၊ ကျောက်စိမ်းမြို့တော်က ဒုတိယအဆင့်နဲ့ အထက်အရာရှိကြီးတွေရဲ့ မိသားစုထဲမှာ လူဘယ်နှယောက် ရှိသလဲ၊ အစွမ်းထက်တဲ့သူ ဘယ်နှယောက် ရှိသလဲ၊ ဘာတွေ ဖြစ်ပျက်နေသလဲ၊ နောက်ဆုံး မယားငယ် ယူတာက အစ... အဲဒီမယားငယ်နဲ့ မယားကြီး အဆင်မပြေတာ၊ အချင်းချင်း ရန်ဖြစ်တာတွေအထိ အားလုံးကို ငါ့ဆီ သတင်းပို့ကြတယ်။ ငါ့ရဲ့ အကြံပေးအဖွဲ့က အဲဒါတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီးမှ ငါ အရာရာကို ကိုင်တွယ်နေတာ။”
ခဏရပ်ပြီး ဘုရင်ယန်တူးက ဟုန်ယွိ၏ မျက်နှာကို ကြည့်ကာ ဆက်ပြောသည် “ဒါဟာ လူကြီးလူကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်မှန်း ငါ သိပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ ရာထူး နေရာအရ ငါက သတိကြီးကြီးနဲ့ လုပ်ဆောင်ရမှာပဲ။”
“မဟုတ်တာပဲ မင်းသား၊ ဒါဟာ ‘အေးချမ်းနေချိန်မှာ အန္တရာယ်အတွက် ပြင်ဆင်တာ’ ပါပဲ။ လူကြီးလူကောင်းတစ်ယောက်မှာလည်း နည်းဗျူဟာတွေ ရှိရမှာပေါ့။ လူသားလောကဆို တာ ဆိုးဆေးအိုးကြီးလိုပဲ၊ အဲဒီအိုးထဲ ကျသွားရင် ဘယ်သူကရော မစွန်းထင်းဘဲ နေနိုင်မှာ လဲ။ အလယ်ပိုင်း ကောင်းကင်နိုင်ငံက အထက်တန်းလွှာ မိသားစုကြီးတွေထဲမှာ ဘယ်မိသားစုကရော ကျောက်စိမ်းမြို့တော်မှာ သူလျှိုမရှိသူ ရှိလို့လဲ။ ဘယ်မျိုးရိုးမြင့် မိသားစုကရော ကျောက်စိမ်းမြို့တော်က အရာရှိတွေရဲ့ မိသားစုကိစ္စတွေကို လက်ဖဝါး ပေါ်က အနုစိတ် လက္ခဏာပုံစံတွေလို မသိဘဲ နေလို့လဲ။ ဒါဟာ မိုးမရွာခင် ထီးပြင်ရတဲ့ မဖြစ်မနေ နည်းလမ်းတစ်ခုပါပဲ” ရှဲ့ဝန်ယွမ်က ခါးကို မတ်လိုက်ပြီး လေးနက်စွာ ပြောလိုက် သည်။
ဟုန်ယွိသည် ဘုရင်ယန်တူးနှင့် ရှဲ့ဝန်ယွမ်တို့၏ စကားကို နားထောင်ပြီး စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွားမိသည်။
ဘုရင်ယန်တူး၏ သတင်းကွန်ရက်က ဤမျှအထိ ကြီးမားနေသည်လား။ ကျောက်စိမ်း မြို့တော်ရှိ ဒုတိယအဆင့်နှင့် အထက် အရာရှိကြီးများ၏ မိသားစု သတင်းအချက်အလက် အားလုံးမှာ နှစ်ရက်အတွင်း သူ့ဆီ ရောက်ရှိနေသည်။
ဤသတင်းကွန်ရက်မှာ အနည်းငယ် ကြီးမားလွန်းနေသည်။
ဟုန်ယွိတွင်မူ ထိုကဲ့သို့သော သတင်းကွန်ရက် မရှိပေ။ သတင်းကွန်ရက်ကို ထားဦးတော့၊ အခြေအနေကို ခွဲခြမ်းစိတ်ဖြာပေးမည့် အကြံပေးပင် သူ့တွင် မရှိသေးချေ။
“ချန်ပီယံမြို့စားရဲ့ သတင်းကွန်ရက်က ငါ့ထက်တောင် ကြီးသေးတယ်။ ငါတို့ ဒီမှာ ပြောနေ တဲ့ စကားတွေဟာ မနက်ဖြန်ကျရင် ဧကရာဇ်မင်းမြတ်ရဲ့ နားထဲကို ရောက်သွားလိမ့်မယ် လို့ ငါ ပြောရဲတယ်။ ချင်ပြည်နယ် မြို့စားဆီတောင် ရောက်သွားနိုင်တယ်။ ‘ကျိ’ မျိုးနွယ်၊ ‘ချန်’ မျိုးနွယ်၊ ‘လီ’ မျိုးနွယ်၊ ‘ထန်’ မျိုးနွယ်၊ ‘ဖန်း’ မျိုးနွယ်၊ ‘ဆု’ မျိုးနွယ်၊ ‘ဝမ်’ မျိုးနွယ်၊ ‘ဝူ’ မျိုးနွယ်နဲ့ အနောက်တောင်ဘက်က ‘ယန်’ မျိုးနွယ်တွေမှာလည်း ဒီလို သတင်းကွန်ယက် တွေ ရှိကြတာပဲ...”
ဘုရင်ယန်တူးက ပြောရင်းနှင့် ခေါင်းကိုမော့ကာ ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။
သူ၏ စူးရှသော အကြည့်မှာ ပေပေါင်းများစွာ အကွာတွင် ရှိနေသော စစ်သားများပေါ်သို့ ရောက်ရှိသွားသည်။ ထိုစစ်သားများမှာ လှုပ်ရှားမှုမရှိဘဲ မင်းသား၏ စစ်ဆေးမှုကို ခံယူနေ ကြပြီး အလွန်ပင် သစ္စာရှိသော ပုံစံမျိုး ရှိနေကြသည်။
ဤစစ်သည်များမှာ သူ၏ ယုံကြည်ရသူများ ဖြစ်သော်လည်း၊ သူတို့ထဲတွင် ‘နှစ်ဖက်သူလျှို’ မပါဘူးဟု မည်သူမျှ အာမမခံနိုင်ပေ။ သုံးဖက်သူလျှို၊ လေးဖက်သူလျှို သို့မဟုတ် ငါးဖက်သူလျှိုပင် ဖြစ်နေနိုင်ပြီး သူတို့က သေသေချာချာ ပုန်းကွယ်နေကြသည်။ လူတစ်ဦး ၏ မျက်နှာကို သိနိုင်သော်လည်း သူ၏ စိတ်ကိုမူ မသိနိုင်ချေ။ ကောင်းကင်ဘုံသည် အမြင့်ဆုံးမဟုတ်၊ လူ့စိတ်သည်သာ အမြင့်ဆုံး ဖြစ်သည်။
ဟုန်ယွိသည် ဘုရင်ယန်တူး၏ ရာထူးအဆင့်တန်းနှင့်ဆိုလျှင် အခြားလူများ၏ စိတ်ကို ခန့်မှန်းရန် အလွန်ခက်ခဲကြောင်း နားလည်လိုက်သည်။ စစ်တလင်းပြင်တွင် ဓားလှံတွေ ကြားမှ သင့်အသက်ကို အသက်စွန့် ကယ်တင်ပေးခဲ့သူပင်လျှင် တစ်စုံတစ်ယောက်၏ သူလျှိုတစ်ဦး ဖြစ်နေနိုင်ပေသည်။ သင်၏ နေ့စဉ်ဘဝ လှုပ်ရှားမူများကို အကြံပေးအဖွဲ့များ လေ့လာနိုင်ရန် သတင်းပေးပို့နေသူ ဖြစ်နေနိုင်ပေသည်။
အကယ်၍ လူသားတာအိုကို အပြည့်အစုံ နားလည်သွားပါက၊ ကောင်းကင်တာအိုကို ကျင့်ကြံရာတွင် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် တိုးတက်လာပေလိမ့်မည်။ တစ်စုံတစ်ဦး၏ စွမ်းရည် အစစ်အမှန်မှာ အသေးစိတ် အချက်အလက်များပေါ်တွင်သာ မူတည်သည်ဟုပင် ဆိုနိုင်ပေသည်။
...
“ဝူဝမ်မြို့စားရဲ့ စံအိမ်မှာတော့ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်တွေ အများကြီး မရှိပါဘူး။ အဲဒီက အစေခံတွေကလည်း မျိုးဆက်နဲ့ချီပြီး ပျိုးထောင်ထားတဲ့ သစ္စာရှိအစေခံတွေ မဟုတ်ဘူး။ မင်းသားနဲ့ တခြားမျိုးရိုးမြင့် မိသားစုတွေကရော ဝူဝမ်မြို့စားစံအိမ်မှာ သူလျှိုတွေဘာတွေ ထည့်ထားနိုင်မလား ကျွန်တော် သိချင်မိတယ်”။
ဟုန်ယွိသည် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မမေးဘဲ မနေနိုင် ဖြစ်သွားသည်။
“ဝူဝမ်မြို့စားဟာ ရာထူးကြီးသလို ဩဇာအာဏာလည်း ကြီးမားတာကြောင့် သူ့ရဲ့ အိမ်တော်ဟာ မိသားစုကြီးတွေနဲ့ ဘုရင်ခံတွေ သူလျှိုလွှတ်ထားချင်တဲ့ နေရာတစ်ခု ဖြစ်တာပေါ့။ ဒါပေမဲ့ ဒီနေ့အထိ ဘယ်မိသားစုကြီးကမှ အဲဒီထဲကို ထိုးဖောက် မဝင်နိုင်သေး ဘူး။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်၊ သူ ပထမဆုံး မြို့စားဘွဲ့ရတုန်းက ဝူမိသားစုက ထူးချွန်တဲ့ တပည့်တစ်ယောက်ကို စေလွှတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီလူဟာ ဟုန်ရွှန်ကျိရဲ့ လက်အောက်မှာ လုံးဝ အညံ့ခံသွားပြီး ဝူမိသားစုရဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ခဲ့လို့ ဝူမိသားစု အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်။ အဲဒီ ဝူမိသားစုရဲ့ တပည့်က ဘယ်သူလဲဆိုတာ ဟုန်ယွိ မင်းလည်း သိမှာပါ။”
ဘုရင်ယန်တူးက ဟုန်ယွိကို ကြည့်ပြီး ပြောလိုက်သည်။
“ဝူအိမ်တော်ထိန်းလား။”
ဟုန်ယွိ၏ စိတ်ထဲတွင် သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သော သိုင်းသူတော်စင် ပညာရှင် ‘ဝူအိမ်တော်ထိန်း’ ကို ချက်ချင်း မြင်ယောင်လာသည်။ ‘ဝူ’ မိသားစုမှာလည်း နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိသော ပညာရှင် သူတော်စင်မျိုးနွယ် ဖြစ်သည်။ သူ ခြောက်ကြိမ် မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေစဉ် ယွမ်ခွေစစ်ရထားကြီးနှင့်အတူ ရောက်လာ သော လူငယ်များမှာလည်း ‘ဝူ’ မိသားစုဝင်များ ဖြစ်ကြသည်။
“ဟုတ်တယ်။ ဝူဝမ်မြို့စားက တကယ်ကို ခန့်မှန်းရခက်တယ်။ သူ့အိမ်တော်က အနှစ်နှစ် ဆယ်လောက်ပဲ ရှိသေးပေမဲ့၊ အနှစ်သာရပိုင်းကတော့ ဘယ်သူမှ ထိုးဖောက်လို့မရတဲ့ သံမဏိတံတိုင်းကြီးလိုပဲ။ တခြားမျိုးရိုးမြင့် မိသားစုကြီးတွေ ဘယ်မိသားစုကမှ သူလျှို မသွင်းနိုင်ကြဘူး။ ဝူဝမ်ဟွေဟာ အစပိုင်းမှာ ‘ဝူ’ မိသားစုရဲ့ အမာခံတပည့် ဖြစ်ပေမဲ့ နောက်ပိုင်း အညံ့ခံသွားခဲ့တယ်။” ရှဲ့ဝန်ယွမ်က ဆိုသည် “မကြာသေးခင် နှစ်တွေမှာဆိုရင် သူ့ရဲ့လူတွေကပဲ အဲဒီမျိုးရိုးမြင့် မိသားစုကြီးတွေထဲကိုတောင် ပြန်ပြီး ထိုးဖောက် ဝင်နေ လောက်တယ်။”
“အဲဒီလောက်တောင် စွမ်းတာလား။ ကြည့်ရတာ ငါ ကျောက်ဖေးအာကို ဝူဝမ်မြို့စား အိမ်တော်ရဲ့ လျှို့ဝှက်ချက်တွေအကြောင်း အတင်းအကျပ် မေးမြန်းရတော့မယ်။ ငါ အဲဒီ အိမ်တော်မှာ ၁၅ နှစ်လောက် နေခဲ့ပေမဲ့ အမာခံအဖွဲ့ဝင်တွေနဲ့ ဘာအဆက်အသွယ်မှ မရှိခဲ့ဘူး” ဟုန်ယွိ တွေးလိုက်သည်။
...
ရှန်ပြည်နယ်ရှိ ကြီးမားလှသော ‘ခံတပ်ကြီး’ အတွင်း၌ …..၊
ဤအချိန်တွင် ဟုန်ယွိသည် ခံတပ်ကြီးတစ်ခုလုံးကို တားမြစ်ပညာရပ်များဖြင့် လုံခြုံစွာ ချိတ်ပိတ်ထားပြီ ဖြစ်သည်။ ဟင်းလင်းပြင်ကိုပါ ချိတ်ပိတ်ထားသဖြင့် ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်သော ရတနာရှိလျှင်ပင် ဝင်ရောက်နိုင်မည် မဟုတ်ချေ။
“ကျောက်ဖေးအာ၊ တတိယမင်းသား... မင်းတို့ အခု တိုင်ရှန်တာအိုဂိုဏ်းနဲ့ ‘စကြဝဠာ ကျမ်းစာ’တွေရဲ့ လျှို့ဝှက်ချက်၊ ပြီးတော့ အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်းပညာ အကြောင်းကို ငါ့ကို ပြောပြနိုင်ပြီ”
ဟုန်ယွိသည် ခံတပ်ကြီး၏ ခန်းမအလယ်ရှိ ကုလားထိုင်တွင် ထိုင်ကာ သူ၏ရှေ့ ဟင်းလင်းပြင်တွင် ဖန်သားလုံးနှစ်ခုဖြင့် ချုပ်နှောင်ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ကြည့်လိုက်သည်။ အမျိုးသားမှာ ‘တတိယမင်းသားကျိုး’ ဖြစ်ပြီး အမျိုးသမီးမှာ ‘အထွဋ်ထိပ်ကောင်းကင်နယ်မြေ’ ခေါင်းဆောင် ကျောက်ဖေးအာ ဖြစ်သည်။
ရှန်ပြည်နယ်ခံတပ်မှ ချန်ပီယံမြို့စား အကြောင်း သတင်းအချက်အလက်အချို့ ရရှိပြီး နောက် ဟုန်ယွိသည် သူနေထိုင်သော ခံတပ်သို့ ပြန်လာခဲ့သည်။ သူသည် တိုင်ရှန်တာအို ဂိုဏ်း၏ စကြာဝဠာကျမ်းစာများကို အမြန်ဆုံး မေးမြန်းလိုနေသည်။
ပြီးတော့ တတိယာမင်းသားကျိုး၏ အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်းပညာရပ် လည်း ပါဝင်သည်။
ဤပညာရပ်မှာ လူတစ်ယောက်၏ စိတ်ဝိညာဉ် အတွေးစများကို လောင်ကျွမ်းရသည့် ပညာရပ် ဖြစ်သော်လည်း ၎င်း၏ စွမ်းအားမှာ တုန်လှုပ်စရာ ကောင်းလှပေသည်။ ထို့ပြင် ‘အချိန်ပြောင်းပြန်လှန်ခြင်းဆိုရင် နက်နဲသော နိယာမများသည် တိုင်ရှန်တာအိုဂိုဏ်း၏ ‘စကြဝဠာကျမ်းစာ’ များကို နားလည်ရန်အတွက် အထောက်အကူ ဖြစ်နိုင်ပေသည်။
မိုးကြိုးကပ်ဘေး ခုနစ်ကြိမ်ကို ဖြတ်ကျော်ပြီး ‘ဖန်ဆင်းရှင်’တစ်ဦး ဖြစ်လာရန်အတွက်မူ အသိပညာ ဗဟုသုတများစွာ စုဆောင်းရန် လိုအပ်သည်။ မည်သည့် တာအိုပညာရပ်၊ လျှို့ဝှက်ချက် သို့မဟုတ် အသိပညာကိုမဆို သူ ဝါးမြို စုပ်ယူရပေမည်။
“ဟုန်ယွိ။ ငါ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ရွှန်ကျိကလည်း မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ မင်း ဖေးရုန်ကို သတ်လိုက်တာကို ငါ မသိဘူးလို့ ထင်နေလား။ မင်းက ငါ့ဆီက နေ ‘စကြဝဠာကျမ်း’ ကို လိုချင်နေတာပေါ့လေ။” အိပ်မက်တောင် မမက်နဲ့။”
ဤအချိန်တွင် ကျောက်ဖေးအာမှာ ဖန်သားလုံးအတွင်း ပိတ်မိနေသော်လည်း သူမ၏ အဝတ်အစားများမှာ သန့်ရှင်းနေဆဲ ဖြစ်သည်။ ဟုန်ယွိက သူမကို ချိတ်ပိတ်ထားရုံသာ ရှိသေးပြီး ဘာမှ မလုပ်ရသေးပေ။
“အဲဒီလိုလား။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ‘စကြဝဠာကျမ်းစာ’ တွေဟာ နဂိုကတည်းက ကျုပ်အမေ ငါ့အတွက် ချန်ထားခဲ့တာပဲ။ ဟုန်ရွှန်ကျိက အတင်းအဓမ္မ လုယူသွားပြီး ခင်ဗျားကိုတောင် သင်ပေးလိုက်သေးတယ်။ အခု ကျုပ်က အဲဒါတွေကို ပြန်ယူမယ်။ ခင်ဗျား စကားတွေ အများကြီး ပြောမနေနဲ့။ ကျုပ် တစ်နေ့ကျရင် ဟုန်ရွှန်ကျိဆီကနေ အစစ်မှန် ကျမ်းစာတွေကို ပြန်ရယူမှာပဲ။ ခင်ဗျားက ကျုပ်ကို ဟုန်ရွှန်ကျိနဲ့ မယှဉ်နိုင်သေးဘူးလို့ ထင်နေတာလား။ ဖန်ဟွမ်အသက်ဝိညာဉ်ဓားက ကျုပ်လက်ထဲမှာ ရှိသလို၊ ‘ရူလိုင် သင်္ကန်းတော်’ကလည်း ကျုပ်ကိုယ်ပေါ်မှာ ရှိနေပြီ... ခင်ဗျားကို ပြန်စဉ်းစားဖို့ ကျုပ် အကြံပေးချင်တယ်။ ကျုပ်ကို မကောင်းတာတွေ လုပ်ခိုင်းမိအောင် မလုပ်ပါနဲ့။ ကျုပ်က ခင်ဗျားရဲ့ခင်ပွန်း ယန်ကျန်းကျုံးနဲ့ ခင်ဗျားရဲ့ သမီး ကျောက်ဖေးရုန်တို့ကို သတ်ခဲ့ပြီးပြီ။ ခင်ဗျားကိုပါ မသတ်နိုင်ဘူးလို့ ထင်နေတာလား။” ဟုန်ယွိက ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ကိုင်ထားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါဆိုလည်း ငါ့ကို သတ်လိုက်ပေါ့။ ငါ မင်းကို ကြောက်မယ်လို့ ထင်နေလား။ မင်းကိုယ်မင်း လူကြီးလူကောင်းတစ်ယောက်လို့ ထင်နေတယ်မဟုတ်လား။ အခုတော့ မင်းက နန်းတွင်း အရာရှိကြီး တစ်ယောက်ရဲ့ ဇနီးကို ဖမ်းဆီးပြီး နှိပ်စက်နေတယ်။” ကျောက်ဖေးအာ၏ လှပသော မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ “ငါက မဒမ်‘ရှုနန်’ အဖြစ် ဘွဲ့ချီးမြှင့်ခံထားရသူပဲ။ မင်း ငါ့ကို အပြစ်ပေးချင်ရင်တောင် နန်းတွင်းကို အရင် တင်ပြရမယ်။ ဒါပေမဲ့ မင်းက အခု အစွမ်းထက်နေပြီဆိုတော့ နန်းတွင်းကို ဂရုစိုက်မှာ မဟုတ်တော့ဘူးပေါ့။ ဒါက မင်းဟာ လူယုတ်မာတစ်ယောက် ဖြစ်နေပြီဆိုတာကို ပြနေ တာပဲ။ ငါ မင်းကို ကြောက်မယ် ထင်လား။”
“ခင်ဗျားက မိစ္ဆာတစ်ယောက်ပဲ” ဟုန်ယွိက အေးစက်စွာ ပြုံးလိုက်သည်။ သူက ထရပ်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လိုက်သည်။ ကျောက်ဖေးအာကို သူ မတိုက်ခိုက်သေးပေ။ သူက တိုးတိုးလေးသာ ပြောလိုက်သည် - “ရှေးခေတ်ကနေ အလယ်ခေတ် ပညာရှင် သူတော်စင်တွေဆီကနေ ဆင်းသက်လာတဲ့ နိယာမကတော့ ‘သွေးသားရင်းချာအတွက် ကလဲ့စားချေခြင်း’တဲ့။ ဒီအတွက် ဘယ်လို ကိုယ်ကျင့်တရားနဲ့မှ တားဆီးလို့ မရဘူး။ အဲဒါကို နန်းတွင်းကတောင် မတားနိုင်ဘူး။ ခင်ဗျားလို နန်းတွင်းအရာရှိတစ်ဦးရဲ့ ဇနီးဆို ပိုဝေးရော။ ဧကရာဇ် ယန်ဖန်ကိုယ်တိုင် သူ့သွေးသားရင်းချာကို သတ်ခဲ့မယ်ဆိုရင်တောင် လောကလူသားတွေမှာ အစွမ်းရှိရင် ရာဇပလ္လင်ခန်းမထဲအထိ သွေးစွန်းအောင် လုပ်ပိုင်ခွင့် ရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်ကိုယ်ကျင့်တရားကမှ သူ့ကို အပြစ်မပေးနိုင်ဘူး။ ခင်ဗျားက ကျုပ်ကို လူကြီးလူကောင်း လမ်းစဉ်အကြောင်း ပြောနေတာလား။ ရယ်စရာပဲ။ စာအုပ်တွေ ပိုဖတ်စမ်းပါဦး။ ခင်ဗျားတို့ ‘အထွဋ်ထိပ်ကောင်းကင်နယ်မြေ’ ကျောက် မိသားစုဟာ ဟုန်ရွှန်ကျိနဲ့ ပူးပေါင်းပြီး ကျုပ်အမေကို သတ်ခဲ့ကြတာ။ ခင်ဗျားကို ဖမ်းဆီးပြီး သတ်ပစ်ဖို့၊ အညစ်အကြေးတွင်းထဲမှာ နှစ်ထားဖို့ဆို ဒါက ကျုပ်အတွက် အမှန်တရားပဲ။ ရှေးခေတ်၊ အလယ်ခေတ်နဲ့ မျက်မှောက်ခေတ်ရဲ့ ဘယ်ဥပဒေကိုနဲ့ ပြောပြော ခင်ဗျား ဒါကို မငြင်းနိုင်ပါဘူး။”
“မင်း...”
ကျောက်ဖေးအာ ဆွံ့အသွားသည်။ သူမ ပြောစရာ စကားမရှိတော့ချေ။ ထို့နောက် သူမ၏ မျက်နှာအမူအရာ ပြောင်းသွားသည် - “မင်း ငါ့ကို အညစ်အကြေးတွင်းထဲမှာ နှစ်ထားမယ် ဟုတ်လား။”
“ဟုတ်တယ်၊ မိစ္ဆာတွေကို နန်းတွင်းက အပြစ်ပေးတဲ့ နည်းလမ်းကတော့ ဖမ်းဆီးပြီးရင် အညစ်အကြေးတွင်းထဲမှာ သုံးရက်ကြာ နှစ်ထားရတာပဲ။ ကျောက်ဖေးအာ... ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကို ကျုပ် ချိတ်ပိတ်ထားပြီးပြီ။ ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲက ထွက်လို့မရသလို၊ ကိုယ့်ကိုယ်ကိုယ်လည်း သတ်သေလို့ မရဘူး။ ခင်ဗျားရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မူနဲ့ဆိုရင် အညစ်အကြေးတွင်းထဲ သုံးရက်နေရုံနဲ့ မသေနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီခံစားချက်ကိုတော့ မင်း မြည်းစမ်းရလိမ့်မယ်။ တကယ်လို့ ခင်ဗျား ‘စကြဝဠာကျမ်းစာ’ နှစ်စောင်ကို မပြောဘူး ဆိုရင် ကျုပ်အနေနဲ့ ဒီအပြစ်ဒဏ်ကိုပဲ သုံးရတော့မယ်။ တကယ်လို့, ခင်ဗျား ပြောပြမယ် ဆိုရင်တော့ ခင်ဗျားအနေနဲ့ ကိုယ့်အမှားတွေကို ပြန်ပြင်ရာ ရောက်မယ်။ ကျုပ် ခင်ဗျားကို နာကျင်မှုမခံစားခိုင်းဘဲ မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်။”
ဟုန်ယွိ နောက်ထပ် နှစ်လှမ်းတိုးလိုက်ပြီး ပြောရင်းနှင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
ဖောက်….
ချက်ချင်းပင် ဖန်သားလုံးကြီးမှာ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျောက်ဖေးအာကို ဖမ်းဆုပ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ပုစွန်ထုပ်တစ်ကောင်ကဲ့သို့ ကွေးညွှတ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ကျောက်ဖေးအာက ဒေါသတကြီး ဟောက်လိုက်သော်လည်း အချည်းနှီးပင် ဖြစ်သည်။
“တကယ်ပဲ ကျောက်ဖေးအာ... ခင်ဗျားက စည်းစိမ်ချမ်းသာတွေကြားမှာ နေလာတာဆို တော့ ဒီလို နာကျင်မှုကို သိမှာမဟုတ်ဘူး။ အညစ်အကြေးတွင်းထဲမှာ နှစ်ခံရတဲ့အရသာ ခင်ဗျား မြည်းစမ်းကြည့်လိုက်ဦး။”
သူ ပြောလိုက်သည်နှင့် ဖန်သားလက်ဝါးကြီးမှာ ကျောက်ဖေးအာကို မကာ အဝေးသို့ ပျံထွက်သွားတော့သည်။ ခဏချင်းမှာပင် သူတို့ ပျောက်ကွယ်သွားကြသည်။
“ဟုန်ယွိ… ငါ အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်းပညာရဲ့ ဂါထာတွေကို ငါ့ကိုယ်ထဲမှာ အခန်းလိုက် စုစည်းထားပြီးပြီ။ မင်း ငါ့ကို ဖိနှိပ်ထားတဲ့ မှော်စွမ်းအားတွေကို ဖယ်ရှားပေးလိုက်တာနဲ့ အဲဒီစာသားတွေက ထွက်လာလိမ့်မယ်။”
ကျောက်ဖေးအာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ တတိယမင်းသား ကျိုး က စိုးရိမ်တကြီး ပြောလိုက်သည်။
ဟုန်ယွိသည် တတိယမင်းသားကျိုး လှည့်စားမည်ကို မကြောက်ပေ။ လက်ကို ဝှေ့ယမ်း လိုက်ရာ သူ၏ အတွေးစများဖြင့် စုစည်းထားသော ကျမ်းစာတစ်စောင်မှ အမှန်ပင် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်းပညာပင် ဖြစ်တော့သည်။
အခန်း (၄၇၈)။
တစ်နာရီခန့် ကြာပြီးနောက်။
ဟုန်ယွိသည် ခံတပ်၏ ခန်းမဆောင်ကြီးအတွင်း၌ ထိုင်နေရင်း သူ၏လက်ထဲရှိ အလင်းလုံး လေးလုံးကို လှည့်ပတ်ကစားနေသည်။
ထိုအလင်းလုံး လေးလုံးထဲမှ တစ်ခုမှာ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစပေါင်းများစွာဖြင့် တည်ဆောက်ထားသည့် စေတီငယ်လေးတစ်ဆူ ဖြစ်သည်။ နောက်တစ်ခုမှာမူ ကြေးညိုရောင် ခေါင်းလောင်းလေး တစ်လုံးဖြစ်သည်။
ထို့ပြင် အနက်ရောင်နှင့် အဖြူရောင် ရောယှက်နေသော ဝဲဂယက်တစ်ခုလည်း ရှိနေပြီး ၎င်းအတွင်း၌ မရေမတွက်နိုင်သော မှော်စာလုံးများနှင့် ပုံရိပ်ကားချပ်တစ်ချပ်ကိုလည်း မြင်တွေ့နေရသည်။ နောက်ဆုံးတစ်ခုမှာမူ အဆက်မပြတ် စီးဆင်းနေသည့် နီရွှေရောင်ရှိ သော ကျမ်းစာအလင်းလုံးတစ်ခုပင် ဖြစ်သည်။
ဤလေးခုမှာ ကျောက်ဖေးအာနှင့် တတိယမင်းသား ကျိုးတို့ထံမှ ရရှိခဲ့သည့် စကြာဝဠာ စေတီ၊ ထာဝရနတ်ဘုရားခေါင်းလောင်း၊ ယင်ယန်ဖရိုဖရဲတွင်းနက် အစီအရင်ကျမ်းနှင့် အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်းပညာတို့၏ စိတ်ဝိညာဉ် အတွေးတံဆိပ်များ ဖြစ်ကြသည်မှာ အထူးပြောစရာမလိုတော့ပေ။
ထိုစိတ်ဝိညာဉ်တံဆိပ်များပေါ်ရှိ စိတ်ဝိညာဉ် အသိစိတ်အားလုံးကို ဟုန်ယွိက ဖယ်ရှား ပစ်လိုက်ပြီဖြစ်ရာ နက်နဲလှသော ကျမ်းစာနိယာမများနှင့် ရှေးဟောင်းတာအို ပညာရပ်များ သာ ကျန်ရှိတော့သည်။
“မိစ္ဆာတွေကို မစင်တွင်းထဲမှာ အပြစ်ပေးဖို့ စဉ်းစားခဲ့တဲ့လူက တကယ့်ကို ပါရမီရှင်ပဲ။ ကျောက်ဖေးအာကို အဲဒီတွင်းပေါ်မှာ တစ်နာရီလောက်ပဲ ဆွဲထားလိုက်ရတယ်၊ သူ အလိုလို အညံ့ခံလာပြီး စကြာဝဠာကျမ်းစာ နှစ်စောင်နဲ့ ယင်ယန်ဖရိုဖရဲတွင်းနက်အစီအရင်ကျမ်း ကိုပါ ထုတ်ပေးတော့တာပဲ။ တကယ်လို့ ငါ ဒီကျမ်းစာတွေကို နားလည်သဘောပေါက်သွား ရင် ဒါက ငါ့အတွက် နောက်ထပ် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာလိမ့်မယ်။ ငါ့ရဲ့ အခြေခံ တွေ ပိုခိုင်မာလေလေ၊ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရတာ ပိုလွယ်ကူ လေပဲ။”
သူက လက်ညှိုးဖြင့် ညွှန်လိုက်သည်။
ချက်ချင်းပင် စေတီငယ်၊ ခေါင်းလောင်းငယ်၊ အဖြူအမည်းဝဲဂယက်နှင့် စီးဆင်းနေသော ရွှေရောင်ကျမ်းစာတို့သည် ဟုန်ယွိ၏ နဖူးအလယ်သို့ ပျံဝင်သွားကြသည်။
အမှန်စင်စစ် ဟုန်ယွိ၏ တာအိုပညာရပ်ဖြင့်ဆိုလျှင် တတိယမင်းသားကျိုးနှင့် ကျောက်ဖေး အာတို့ အညံ့မခံလျှင်ပင် သူတို့၏ စိတ်ဝိညာဉ်များကို အင်အားသုံး ဖိနှိပ်ကာ၊ ၎င်းတို့ အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်၍ သူလိုချင်သော တာအိုပညာရပ်များကို အတင်းအဓမ္မ ထုတ်ယူနိုင်ပေသည်။
သို့သော် ၎င်းမှာ အလွန်ပင် ပင်ပန်းရှုပ်ထွေးလှသလို သူတို့ကိုလည်း စိတ်ရင်းဖြင့် အညံ့ခံ လာအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ထိုအရာလေးခု သူ၏နဖူးအတွင်းသို့ ဝင်သွားသည့်အခါ ဟုန်ယွိသည် ၎င်းတို့အတွင်း၌ ပါရှိသော စကြာဝဠာ၊ အချိန်နှင့် ဟင်းလင်းပြင်တို့၏ ကြီးမားလှသော အလိုဆန္ဒများ၊ နက်နဲလှသော အခြေခံမူများနှင့် ထိုးထွင်းသိမြင်မှုများကို ဟုန်ယွိ ချက်ချင်း ခံစားလိုက်ရ သည်။
ဟုန်ယွိ၏ နားလည်နိုင်စွမ်းဖြင့်ပင် တိုင်ရှန်တာအိုဂိုဏ်း၏ စကြာဝဠာကျမ်းစာများကို ချက်ချင်းကြီး အကုန်အစင် နားလည်ရန် မဖြစ်နိုင်သေးဘဲ သေချာစွာ လေ့လာရန် လိုအပ်ပေသည်။
ထို့ပြင် ကျောက်ဖေးအာထံမှ ရရှိခဲ့သည့်အရာမှာ ‘စကြာဝဠာကျမ်းစာ’ အစစ်အမှန် မဟုတ် ဘဲ ကျမ်းစာ၏ အစိတ်အပိုင်း အချို့သာ ဖြစ်ကာ ပုံရိပ်ကားချပ်များလည်း ပါမလာချေ။ ထို့ကြောင့် ၎င်းမှာ ရည်ညွှန်းချက် တစ်ခုအဖြစ်သာ အသုံးပြုနိုင်ပြီး တိုက်ပွဲများအတွက် လက်တွေ့အသုံးချရန် မလွယ်ကူလှပေ။
“အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်းပညာ။ စကြာဝဠာကျမ်းစာ နှစ်စောင်။ ယင်ယန်ဖရိုဖရဲတွင်းနက် အစီအရင်ကျမ်း။ အားလုံး ပေါင်းစပ်စမ်း။”
ထိုနက်နဲသော ကျမ်းစာများနှင့် အတွေးစများကို လက်ခံရရှိပြီးနောက် ဟုန်ယွိသည် သူ၏ နဖူးအလယ်ကို လက်ဖြင့်ဖိကာ တံဆိပ်ခတ်လိုက်သည်။
ဘုန်း…၊ ဘုန်း…၊ ဘုန်း…,
အစောပိုင်းက အတွေးစများမှာ ပုံဆောင်ခဲများအဖြစ် ပြောင်းလဲကာ အပြင်သို့ ပြန်လည် ထွက်ပေါ်လာသည်။
ဤစိတ်ဝိညာဉ် အတွေးစများမှာ တတိယမင်းသားနှင့် ကျောက်ဖေးအာတို့ထံမှ အတင်း အကျပ် ထုတ်ယူထားခြင်း ဖြစ်သည်။ တတိယမင်းသားကျိုးထံမှ ကိုးရာ၊ ကျောက်ဖေးအာ ထံမှ သုံးရာ ပါဝင်သည်။
ဟုန်ယွိသည် တတိယမင်းသားနှင့် ကျောက်ဖေးအာတို့ကို အညံ့ခံခိုင်းပြီး သူတို့၏ တာအိုပညာရပ်များကို လှည့်ပတ်ခိုင်းကာ၊ သူ၏ ကိုယ်ပိုင်မှော်စွမ်းအားဖြင့် ထိုစိတ်ဝိညာဉ် အတွေးစများကို အတင်းအဓမ္မ ထုတ်ယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် စိတ်ဝိညာဉ် အမှတ်သားများကို ဖျက်ဆီးပစ်ကာ သန့်စင်သော တာအိုပညာရပ်များကိုသာ ချန်လှပ်ထား ခဲ့သည်။
တတိယမင်းသားမှာ အဆင့်သုံး မိုးကြိုးကပ်ဘေး ပညာရှင်ဖြစ်ပြီး ကျောက်ဖေးအာမှာ အဆင့်တစ် ပညာရှင်တစ်ဦး ဖြစ်သည်။ သူတို့၏ အတွေးစများမှာ အလွန်ပင် သန့်စင်လှရာ အဆင့်ခြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် ကုန်ခမ်းလုနီးပါး ဖြစ်နေသော သူ၏ အခြေခံအုတ်မြစ်မှာ တစ်ဖန် ပြန်လည် ပြည့်ဖြိုးလာသကဲ့သို့ ခံစားလိုက်ရသည်။
ဟုန်ယွိသည် ဤအတွင်းစများကို သူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ရန် ရည်ရွယ်ချက် မရှိပေ။
လက်ရှိတွင် ဟုန်ယွိ၏ စိတ်ဝိညာဉ်၌ အတွေးစပေါင်း ၆၆,၆၆၆ ခုရှိပြီး အားလုံးမှာ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားကာ စကြဝဠာအိတ်၏ ဟင်းလင်းပြင် စွမ်းအားများနှင့် ပေါင်းစပ်ထားသည့် ကြီးမားသော တည်ရှိမှုများ ဖြစ်သည်။ ထို့ကြောင့် ဤသေးငယ်သော အတွေးစများနှင့် ပေါင်းစပ်ပါက ဟန်ချက်မညီမူများ ဖြစ်ပေါ်လာနိုင်ပေသည်။
သို့သော် ဟုန်ယွိသည် ဤအတွင်းစများကို သူတို့ထံ ပြန်ပေးရန်လည်း စိတ်မကူးပေ။ ယင်းအစား သူသည် အနှစ်သာရနတ်ဘုရားကျောင်း၏ ချီနှင့်သွေးလဲလှယ်သည့် တာအို ပညာရပ်ကို အသုံးပြုကာ ထိုအတွင်းစများကို သူ၏ခန္ဓာကိုယ်တွင် လိုအပ်နေသော အသက်စွမ်းအားနှင့် သွေးစွမ်းအားအဖြစ် ပြောင်းလဲရန် ပြင်ဆင်လိုက်သည်။
မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသော အတွေးစများသည် အလွန်အစွမ်းထက်လှပြီး အညစ်အကြေး ကင်းစင်သဖြင့် ခန္ဓာကိုယ်ကို အားဖြည့်ရာတွင် ဂျင်ဆင်း၊ နှင်းကြာပန်း သို့မဟုတ် နတ်ဘုရားဆေးလုံးများထက်ပင် ပိုမိုကောင်းမွန်လှပေသည်။
...
“ငရဲနတ်ဘုရား ဝိညာဉ်သန့်စင်ခြင်း၊ သွေးအနှစ်သာရလဲလှယ်ခြင်း၊ စိတ်ဝိညာဉ် သွေးအဖြစ် ပြောင်းလဲစမ်း။ ပေါက်ကွဲစမ်း”
ထိုအတွေးစများ ပျံထွက်လာသည်နှင့် ဟုန်ယွိက လက်ညှိုးဖြင့် တို့လိုက်သည်။ ဖောက်…၊ ဖောက်….၊ ဖောက်….၊ ဖောက်….။
ထိုအတွေးစများသည် မြူနှင်းမိုးစက်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ် အတွင်းသို့ အကုန်အစင် စိမ့်ဝင်သွားကြသည်။
ချက်ချင်းဆိုသလိုပင် ဟုန်ယွိသည် ထိုမိုးစက်များ သူ၏ ရိုးတွင်းခြင်ဆီများအထိ စိမ့်ဝင်ကာ ဖြူဖွေးသော ခြင်ဆီများနှင့် တစ်သားတည်း ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ အသက်စွမ်းအားများ နိုးထလာကာ တစ်ကိုယ်လုံးရှိ အသွေးအသားများမှာ ပိုမို ပြည့်စုံလာခဲ့ သည်။
သူ၏ အစစ်မှန် ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် သီးခြားစီ ဖြစ်နေသဖြင့် လူသား အင်မော်တယ်အဆင့်သို့ အပြည့်အဝ မရောက်သေးပေ။ သူ၏ သိုင်းပညာ အတွေ့အကြုံ အရ လူသားအင်မော်တယ်အဆင့်ဟု ဆိုနိုင်သော်လည်း ရုပ်ခန္ဓာကိုယ် သွေးစွမ်းအင် အပိုင်းမှာမူ အမှန်တကယ် မပြည့်စုံသေးချေ။ ဒဏ္ဍာရီလာ ‘ကောင်းကင်အနှစ်သာရ ဆေးလုံး’ ကို မရရှိပါက၊ သူ့ဘဝတလျှောက်လုံးပင် သူ့သွေးစွမ်းအားကို ဖြည့်ဆည်းရန် ခက်ခဲပေလိမ့်မည်။
“မိုးကြိုးကပ်ဘေး ပညာရှင်တစ်ယောက်ရဲ့ အတွေးစတွေကို ကိုယ်ပိုင် သွေး၊ စွမ်းအား၊ ခြင်ဆီတွေအဖြစ် ပြောင်းလဲပြီး ခန္ဓာကိုယ်ကို အားဖြည့်တာက တကယ်ကို ထိရောက်တဲ့ နတ်ဘုရားစွမ်းရည်ပဲ။ ဒါကြောင့်လည်း ဟုန်ရွှန်ကျိနဲ့ ယန်ဖန်တို့က ဖန်ဆင်းခြင်းလှေကို သုံးပြီး ရှေးဟောင်း ယန်နတ်ဘုရားတွေ တည်ဆောက်ခဲ့တဲ့ အလယ်လတ် ကမ္ဘာတွေထဲ ကျူးကျော် ဝင်ရောက်ဖို့ ကြိုးစားနေခဲ့ကြတာပဲ။ အဲဒီက ယန်နတ်ဘုရားတွေရဲ့ ပင်မ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစတွေကို ရှာဖွေပြီး ဝါးမြိုနိုင်ခဲ့ရင် သူတို့ရဲ့ ခန္ဓာကိုယ် အကန့်အသတ်တွေကို ချိုးဖြတ်ပြီး ‘ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်’ကို ရောက်နိုင်တယ် မဟုတ်လား။” “(မူရင်းဘာသာပြန်ဆရာ မှတ်ချက် - ၎င်းမှာ ဖြစ်နိုင်ခြေကိုသာ ပြောဆိုခြင်း ဖြစ်သည်။ ယန်နတ်ဘုရား၏ အတွေးစများကို ဝါးမြိုရုံမျှဖြင့် ဟင်းလင်းပြင်ကို တိုက်ရိုက် ဖျက်ဆီးနိုင် မည် မဟုတ်ဘဲ၊ ကျင့်ကြံမှုအခြေခံကို အဆမတန် ကြီးမားလာအောင် ရရှိစေခြင်းသာ ဖြစ်ပေသည်။)”
ဤသည်မှာ ဟုန်ယွိအနေဖြင့် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ထားသူတို့၏ စိတ်ဝိညာဉ် အတွေးစများကို သွေးနှင့်ချီအဖြစ် ပြောင်းလဲကာ မိမိခန္ဓာကိုယ်နှင့် ပေါင်းစပ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ဟုန်ရွှန်ကျိက ဘာကြောင့် ယန်နတ်ဘုရား တစ်ဦး၏ စိတ်ဝိညာဉ် အတွေးစများကို ဤမျှ အသည်းအသန် ရှာဖွေနေရသလဲဆိုသည်ကို သူ ပိုမို နားလည်သွားခဲ့ သည်။
...
“ချန်ပီယံမြို့စားရဲ့ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစတွေ အကုန်လုံးကိုပါ ငါ့ခန္ဓာကိုယ်ထဲ ပေါင်းထည့်လိုက်ရမလား။ အဆင့်လေး မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးရဲ့ အတွေးစ ပေါင်း ၁၃,၃၃၅ ခုဆိုရင် ငါ့ခန္ဓာကိုယ်ကို လူသားအင်မော်တယ် အဆင့်အထိ ရောက်အောင် လုပ်ပေးနိုင်မလား။”
ဟုန်ယွိသည် ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ် အတွေးစအားလုံးကို ထုတ်လွှတ်လိုက်ရာ ခံတပ်တစ်ခုလုံးမှာ အစွမ်းထက် အတွေးစများဖြင့် ပြည့်နှက်သွားသည်။
တစ်ချိန်တည်းမှာပင် ဓားပုံစံရှိသော နဂါးဝိညာဉ်ပုံဆောင်ခဲ တစ်ခုလည်း ထွက်ပေါ်လာ သည်။
ဤနဂါးဝိညာဉ်ပုံဆောင်ခဲမှာ နဂါးသမီးတော် အောင်းလွမ် ပေးခဲ့သည့်အရာဖြစ်ပြီး၊ ချန်ပီယံမြို့စား၏ ပင်မစိတ်ဝိညာဉ် အတွေးစများထက်ပင် ပိုမို စွမ်းအားကြီးမားကာ တဖျတ်ဖျတ် တောက်ပနေသည်။
“မေ့လိုက်ပါလေ။ ငါ အခု ရွှေ၊ ငွေ၊ ချပ်ဝတ်တန်ဆာနဲ့ စာအုပ်တွေ၊ ရိက္ခာတွေ သိမ်းဆည်းဖို့ ခိုင်ခံ့တဲ့ ကမ္ဘာငယ်လေးတစ်ခုကို အရင်ဆုံး တည်ဆောက်ရမယ်။ ဒီအဖိုးတန်ပစ္စည်းတွေကို ခံတပ်ထဲမှာ ဒီအတိုင်း အကြာကြီး ထားတာက မလုံခြုံဘူး။ ပြီးရင် ငါ ရှေးဟောင်းနဂါး သင်္ချိုင်းဆီ သွားပြီး နဂါးအရိုးနဲ့ နဂါးအကြေးခွံတွေကို ရှာဖွေတဲ့အခါ သိမ်းဆည်းဖို့ နေရာ အများကြီး လိုဦးမှာ။ နဂါးဝိညာဉ်ပုံဆောင်ခဲတွေ အများကြီး ရလာတဲ့အခါကျမှ အဲဒါတွေကို ငါ့ဝိညာဉ်ထဲ ပေါင်းစပ်ပြီး ငါ့ခန္ဓာကိုယ်ကို လူသားအင်မော်တယ် အဆင့်အထိ ချက်ချင်း ရောက်အောင် ဖြည့်တင်းလိုက်တော့မယ်။”
ဟုန်ယွိ ခဏမျှ စဉ်းစားလိုက်ပြီးနောက် လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။
ဝူး... ဝူး... ဝူး...
ထိုနဂါးဝိညာဉ်ပုံဆောင်ခဲနှင့် ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ် အတွေးစများမှာ လျင်မြန်စွာ စုစည်းလာပြီး တစ်ခုနှင့်တစ်ခု ထိတွေ့မိကြသည်။ ၎င်းတို့မှာ အချင်းချင်း ခိုင်မြဲစွာ ဆက်နွှယ်သွားပြီး နက်နဲလှသော မှော်အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများလည်း ပျံထွက်လာပြီး အပြင်ဘက်တွင် ပိုမိုကြီးမားသော အစီအရင်တစ်ခုကို ဖန်တီးကာ၊ ထိုစိတ်ဝိညာဉ် အတွေးစများကို တင်းကျပ်စွာ ဝန်းရံလျက် ပြင်းထန်စွာ ဖိသိပ်လိုက်သည်။
ဂျွတ်… ဂျွတ်… ဂျွတ်…
ချန်ပီယံမြို့စား၏ အတွေးစများ အားလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး သန့်စင် သော မူလစွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ၎င်းတို့ကို ကြီးမားသော မှော်အစီအရင်တစ်ခုက ဝန်းရံထားသဖြင့် ပြန့်လွင့်မသွားနိုင်တော့ဘဲ နောက်ဆုံးတွင် တစ်ခုတည်းအဖြစ် စုစည်းကာ အသွင်ပြောင်းလဲသွားတော့သည်။
“စကြာဝဠာစေတီရဲ့ ဟင်းလင်းပြင်ဆန္ဒ၊ ထာဝရနတ်ဘုရားခေါင်းလောင်းရဲ့ အချိန်ဆန္ဒ၊ အားလုံး ပေါင်းစပ်စမ်း။”
“ရိုင်းစိုင်းနတ်ဆိုးကာစီ၊ မင်းရဲ့ခန္ဓာကိုယ်က အခု အဓိကကဏ္ဍကနေ အသုံးဝင်လာပြီ။ မီးတောက်တွေနဲ့ အရည်ပျော်စမ်း။”
ဤအချိန်တွင် အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ် ကမ္ဘာငယ်လေးမှာ တုန်ခါ သွားပြီး ကာစီ၏ ခေါင်းမပါသော ခန္ဓာကိုယ်မှာ လေထဲသို့ ပျံထွက်လာသည်။ ဟုန်ယွိသည် ဆေးမီးလျှံ နတ်ဘုရားဓားဖြင့် ကာစီ၏ အရေပြားကို ခွာယူကာ အိတ်တစ်အိတ်အဖြစ် ချုပ်လုပ်လိုက်သည်။
“အထွက်အထိပ် သိုင်းသူတော်စင်ရဲ့ အရေပြား။ စကြာဝဠာကို ဝါးမျိုပြီး ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲစမ်း၊ ဝင်သွားစမ်း၊”
ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ် အတွေးစများမှ ရလာသော မူလချီများနှင့် နဂါးဝိညာဉ် ပုံဆောင်ခဲတို့ကို ကာစီ၏ လူသားအရေပြားအတွင်းသို့ အတင်းအကျပ် ထည့်သွင်းလိုက် သည်။ ထို့နောက် ထိုအရေပြားမှာ ပြင်းထန်စွာ တုန်ခါလာသော်လည်း ပေါက်ထွက်မသွား ဘဲ အလင်းကွင်းများ တစ်ခုပြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။
စုပ်ယူစမ်း။
ဝေလငါးကြီး ရေကို ဝါးမြိုသကဲ့သို့ ထိုအရေပြားအိတ်သည် မူလချီအားလုံးကို စုပ်ယူပြီး နောက် တစ်ဖန် ပြန်လည် ကျုံ့သွားကာ သားရေအိတ်ငယ်လေး တစ်ခုအဖြစ် ပြောင်းလဲ သွားပြီး သူ၏ လက်ထဲသို့ ကျရောက်လာသည်။
“မိုးကြိုးကပ်ဘေး လေးကြိမ်မြောက် ဖြတ်ကျော်ထားတဲ့၊ အတွေးတစ်ခုနဲ့ ကမ္ဘာတစ်ခု ဖန်တီးနိုင်တဲ့ ပညာရှင်တွေရဲ့ စိတ်ဝိညာဉ် အတွေးစတွေနဲ့မှ တည်ငြိမ်တဲ့ ကမ္ဘာငယ်တစ်ခု ကို ဖန်တီးနိုင်တာပဲ။ ဒီအိတ်က စကြာဝဠာအိတ်လောက် မကျယ်ပေမဲ့ မိုင်ပေါင်းများစွာ ကျယ်ဝန်းတဲ့ သိုလှောင်ရုံကြီးတစ်ခုလိုပဲ။ ဒါပေမဲ့ စာအုပ်တွေ အကုန်လုံး ထည့်ဖို့တော့ မလောက်သေးဘူး။ ဒါဆိုလည်း... ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး အတွေးစပါ ထပ်ပြီး ပေါင်းစပ်စမ်း။”
သူ ပြောလိုက်သည်နှင့် ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်အတွေးစကို ပြင်းထန်စွာ လှည့်ပတ် လိုက်ရာ၊ ဖောက်…
ရှစ်ကြိမ်မြောက် စိတ်ဝိညာဉ် အတွေးစသည် ထိုအရေပြားအိတ်ပေါ်သို့ ပျံတက်သွားပြီး ၎င်းအတွင်းသို့ ပေါင်းစည်းသွားသည်။
ချက်ချင်းပင် အိတ်အတွင်းရှိ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ ကျယ်ပြန့်လာပြီး ဆယ်ဆခန့် ကြီးထွားလာတော့သည်။ အတွင်းပိုင်း ဟင်းလင်းပြင်မှာ အမြင့် ပေတစ်ရာကျော်နှင့် ပတ်ပတ်လည် မိုင်လေးဆယ်ခန့် ရှိလာပြီး မြို့ငယ်တစ်မြို့နှင့် ညီမျှသွားသည်။
“ဒီအိတ်လေးကတော့ လောလောဆယ် လုံလောက်သွားပြီ။ ပြီးတော့ ဒါက အလွန်လည်း ခိုင်ခံ့တယ်။ ရွှေ၊ ငွေနဲ့ စာအုပ်တွေ အားလုံးကို အထဲကို ရွှေ့လိုက်မယ်။ နောင်မှာ ရှုပ်ထွေးမှုတွေ မဖြစ်အောင် ဒီအိတ်လေးကို နာမည်တစ်ခု ပေးရမယ်။ ‘စာအုပ်တွေထဲမှာ ကျောက်စိမ်းလို အလှတရားတွေ ရှိတယ်၊ စာအုပ်တွေထဲမှာ ရွှေနန်းတော်တွေ ရှိတယ်’ ဆိုတဲ့ စကားအတိုင်းပဲ၊ ငါ ဒါကို ‘စာကြည့်တိုက်’ လို့ ခေါ်မယ်။ တစ်နေ့ကျရင် လောကမှာ ရှိတဲ့ ကျမ်းစာအားလုံးကို စုဆောင်းပြီး ဒီစာကြည့်တိုက်ကို စာအုပ်တွေနဲ့ ပြည့်နှက်နေတဲ့ ကျယ်ပြောလှတဲ့ ကမ္ဘာကြီးတစ်ခုအဖြစ် ပြန်လည် ဖန်တီးမယ်။ ဘယ်သူမဆို အတွေး တစ်ချက်နဲ့ ဒီစာကြည့်တိုက်ထဲကို ဝင်ရောက်ပြီး သိုင်းပညာ၊ တာအိုပညာ စတဲ့ အသိပညာ အားလုံးကို တစ်ခုချင်းစီ လေ့လာနိုင်စေရမယ်။ ဒီစာကြည့်တိုက်ဟာ ခေတ်သစ်တစ်ခုရဲ့ အစပြုခြင်း၊ အရာခပ်သိမ်းရဲ့ အသစ်ပြန်လည်ခြင်း ဖြစ်လာပြီး လူတိုင်းဟာ ဒါကို အခြေခံ ပြီး အသိပညာတွေ စုဆောင်းကာ ‘အခြားတစ်ဖက်ကမ်း’ကို ရောက်ရှိနိုင်ရမယ်။ လူတိုင်း ‘ဝမ်းယွမ်’တစ်ခုရဲ့ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်ရမယ်။ ဒီစာကြည့်တိုက်ကို ‘သူတော်စင်ပေါင်းစုံခန်းမ’၊ ‘နတ်ဘုရားပေါင်းစုံခန်းမ’ လို့ ခေါ်စေရမယ်။”
အတွေးတစ်ချက်ဖြင့် ဟုန်ယွိက လက်ဖြင့် ဖမ်းဆုပ်ဟန် ပြလိုက်ရာ နတ်ဆိုးကာစီ၏ ခန္ဓာကိုယ်မှ အရိုးများ ပျံထွက်လာပြီး အမှုန့်များအဖြစ် ကြေမွသွားကာ ထိုအိတ်ငယ်လေး ပေါ်သို့ ထပ်မံ ပေါင်းစည်းသွားသည်။ ချက်ချင်းပင် အရိုးတည်ဆောက်ပုံနှင့်အတူ ထိုအိတ်လေးမှာ လက်ဖဝါးအရွယ်အစားရှိသော နန်းဆောင်ပုံစံငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ အမြင့် သုံးလက်မ၊ အနံ သုံးလက်မသာ ရှိသည်။
လက်ရှိတွင် ဤ ‘သူတော်စင်ပေါင်းစုံခန်းမ’ မှာ သေးငယ်သော ကမ္ဘာငယ်လေးတစ်ခုသာ ဖြစ်သော်လည်း၊ ဟုန်ယွိသည် ၎င်းကို စစ်မှန်သော သူတော်စင်ပေါင်းစုံ ခန်းမကြီး ဖြစ်လာသည်အထိ ဆက်လက် တည်ဆောက်သွားမည် ဖြစ်သည်။ ဤသည်မှာ ဟုန်ယွိ၏ ကြီးမားလှသော ရည်မှန်းချက်များထဲမှ တစ်ခုပင် ဖြစ်တော့သည်။