အခန်း (၄၇၉-၄၈၀)
Vol. 45 Ch. 479-480
အခန်း (၄၇၉)။
“သူတော်စင် ပေါင်းစုံခန်းမ... အနာဂတ်မှာ မင်းဟာ ‘သူတော်စင်ပေါင်းစုံခန်းမ’ ဆိုတဲ့ နာမည်နဲ့ ထိုက်တန်တဲ့ တည်ရှိမှုမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဒိုင်ဇင် ဘုရားကျောင်းရဲ့ ကျမ်းစာတိုက်မှာတောင် ဒေသန္တရဓလေ့ထုံးစံတွေ၊ ပျံ့နှံ့နေတဲ့ သိုင်းပညာ တွေ၊ အနောက်ဘက်ဒေသရဲ့ ဘာသာပြန်ကျမ်းတွေနဲ့ ယွန်မင်နိုင်ငံရဲ့ ရှေးဟောင်းကျမ်းစာ အမျိုးမျိုးကို မှတ်တမ်းတင်ထားတဲ့ စာအုပ်ပေါင်း တစ်သိန်းကျော်ပဲ ရှိတာပါ။ အဲဒါတွေ အကုန်လုံးကို အခု ဒီသူတော်စင်ပေါင်းစုံခန်းမထဲမှာ သိမ်းဆည်းထားပြီ။ အခုလောလော ဆယ် ဒီစာအုပ်အရေအတွက် သိပ်မများသေးပေမဲ့၊ နောင်အနာဂတ်မှာ ဒီစာကြည့်တိုက် ကြီးကို ငါ ဖြည်းဖြည်းချင်း ဖြည့်ဆည်းသွားမယ်။”
ဟုန်ယွိသည် သူ၏လက်ထဲရှိ ‘သူတော်စင်ပေါင်းစုံခန်းမ’ လေးကို ကိုင်တွယ်ကြည့်ရှုရင်း ဤလက်ရာမြောက်လှသော ခန်းမငယ်လေးအပေါ် ရုတ်တရက် မြတ်နိုးတွယ်တာစိတ်များ ဖြစ်ပေါ်လာမိသည်။
ဤခန်းမမှာ သေးငယ်ပြီး တည်ငြိမ်သော ကမ္ဘာငယ်လေး မျှသာ ဖြစ်သော်လည်း၊ ၎င်းသည် စကြာဝဠာအိတ်ထက်ပင် ပိုမိုအသုံးတည့်လှသည်။ အကြောင်းမှာ ၎င်းကို သူကိုယ်တိုင် စိတ်ကြိုက် သန့်စင်တည်ဆောက်ထားခြင်းကြောင့် ဖြစ်သည်။
“သူတော်စင်အားလုံး ပြန်လည်ဆုံစည်းရာ နေရာ၊ နတ်ဘုရားအားလုံး စုဝေးရာ နေရာ၊ ကျင့်ကြံခြင်း လမ်းစဉ်ကို ရရှိရာနေရာ၊ နိဗ္ဗာနတစ်ဖက်ကမ်းသို့ ရောက်ရှိဖို့ လမ်းဖွင့်ရာ နေရာ...”
ဟုန်ယွိ၏ အတွေးစများ လည်ပတ်သွားသည်နှင့် သူ၏လက်ထဲရှိ သုံးလက်မအရွယ် ခန်းမငယ်လေးမှာ အနည်းငယ် လည်ပတ်သွားပြီးနောက် တံခါးတစ်ခု ပွင့်ထွက်လာသည်။ ထိုတံခါးမှာ အနည်းဆုံး ပေ ၆၀ ခန့် မြင့်မားပြီး တံခါးအထက်ရှိ ဆိုင်းဘုတ်ပေါ်တွင် ‘သူတော်စင်ပေါင်းစုံခန်းမ’ ဟူသော စာလုံးများမှာ အထက်အောက် လှုပ်ရှားလျက် ပေါ်ထွက်လာသည်။
ထို့နောက် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှားသွားပြီး ခန်းမအတွင်းသို့ လှမ်းဝင်လိုက်သည်။
ခန်းမအတွင်းရှိ ဟင်းလင်းပြင်မှာ လေးထောင့်ပုံသဏ္ဌာန်ရှိပြီး မိုင် ၄၀ ပတ်လည် ကျယ်ဝန်း သည်။ အလင်းနှင့် အမှောင်တို့မှာ ရောယှက်နေသည်။ ကြမ်းပြင်မှာ လင်းလက်သော ပုံဆောင်ခဲများနှင့် မှောင်မှိုင်သော ပုံဆောင်ခဲများ ကျားချကွက်ကဲ့သို့ ရောယှက်ချထား သည်။ ၎င်းအပေါ်သို့ နင်းလိုက်သည့်အခါ မြေပြင်ပေါ်သို့ နင်းလိုက်ရသကဲ့သို့ အလွန်ပင် ခိုင်မာလေးလံပြီး တည်ငြိမ်သော ခံစားချက်ကို ခြေဖဝါးမှတစ်ဆင့် ရရှိစေသည်။
“စကြာဝဠာစေတီ၊ ထာဝရနတ်ဘုရားခေါင်းလောင်း၊ ငါ့ရဲ့အချိန်နဲ့ ဟင်းလင်းပြင်ကို တည်ငြိမ်စေစမ်း၊ ဟင်းလင်းပြင်ကို တွန့်လိမ်စေစမ်း။ ဒီသူတော်စင်ပေါင်းစုံခန်းမ အတွင်း မှာ အချိန်နဲ့ ဟင်းလင်းပြင်ဟာ ငါ့ရဲ့ အတွေးတစ်ချက်နဲ့တင် လိမ်ယှက်သွားစေရမယ်။ အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်းခြင်း။ သန့်ရှင်းသော နတ်ဘုရားနိုင်ငံတော်။”
သူ ပြောလိုက်သည်နှင့် ဟုန်ယွိသည် ထိုဟင်းလင်းပြင်အတွင်း အနည်းငယ် လှုပ်ရှားလိုက် ရာ လေးထောင့်ပုံစံ စေတီငယ်လေးတစ်ခုနှင့် ကြေးညိုရောင် ခေါင်းလောင်းငယ်လေး တစ်ခု ပေါ်ထွက်လာသည်။
ချက်ချင်းပင် ‘သူတော်စင်ပေါင်းစုံခန်းမ’ တစ်ခုလုံး၏ အချိန်နှင့် ဟင်းလင်းပြင်မှာ အနည်း ငယ် လိမ်ယှက်သွားသော အခြေအနေသို့ ရောက်ရှိသွားသည်။
သို့သော် တခဏမျှ လိမ်ယှက်သွားပြီးနောက် အချိန်နှင့် ဟင်းလင်းပြင်မှာ ပုံမှန်အခြေအနေ သို့ ပြန်လည်ရောက်ရှိသွားသည်။ ဟုန်ယွိကိုယ်တိုင်မှာမူ ဤကမ္ဘာငယ်လေး၏ အချိန်နှင့် ဟင်းလင်းပြင်ကို ပြောင်းလဲလိုက်ရသဖြင့် စွမ်းအင်အမြောက်အမြား ကုန်ဆုံးသွားသလို အားနည်းမှုကို ခံစားလိုက်ရသည်။
“ကောင်းတယ်... တကယ်ကို ကောင်းတယ်၊ ဒီကမ္ဘာငယ်လေးရဲ့ လုပ်ဆောင်ချက်တွေက စကြာဝဠာအိတ်ထက်တောင် အများကြီး ပိုသာသွားပြီ။ ငါ နောင်တစ်ချိန်မှာ ကျင့်ကြံမှု အဆင့် ပိုမြင့်လာပြီး ကြီးမားတဲ့ မှော်စွမ်းအားတွေ ထုတ်ဖော်လာနိုင်ရင်, ရန်သူတွေကို တောင် ဒီသူတော်စင်ပေါင်းစုံခန်းမထဲကို ဆွဲခေါ်ပြီး၊ အချိန်နဲ့ ဟင်းလင်းပြင်ကို လိမ်ယှက် ပစ်မယ်။ မဟာကမ္ဘာကြီးရဲ့ နိယာမတွေနဲ့ ဆန့်ကျင်ဘက် ကိုယ်ပိုင်နိယာမတွေကို ဖန်တီးနိုင်မယ်ဆိုရင်, ငါက အပြတ်အသတ် အသာစီးရမှာပဲ။”
ဟုန်ယွိသည် စမ်းသပ်ကြည့်ပြီးနောက် ဝမ်းမြောက်ဝမ်းသာ ပြောလိုက်သည်။
ကမ္ဘာငယ်တစ်ခုဆိုသည်မှာ ပစ္စည်းများ သိုလှောင်ရန်အတွက်သာ မဟုတ်ပေ။ ၎င်း၏ အဓိက လုပ်ဆောင်ချက်မှာ ရန်သူများနှင့် တိုက်ခိုက်ရာတွင် ၎င်းတို့ကို ကမ္ဘာငယ်အတွင်း သို့ ဖမ်းခေါ်ကာ ကမ္ဘာငယ်၏ စွမ်းအားကို အသုံးချ၍ အသာစီးရယူရန် ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ် ချန်ပီယံမြို့စားကို ကိုင်တွယ်စဉ်ကလည်း သူသည် ချန်ယင်းရှာနှင့် ပူးပေါင်းကာ ချန်ပီယံမြို့စား ယန်အန်းကို စကြာဝဠာအိတ် အတွင်းသို့ အတင်းအကျပ် ဆွဲသွင်းပြီး၊ အကျဉ်းချကာ၊ သူ၏ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို ချွတ်ယူ ခဲ့ဖူးသည်။
မူလဝိညာဉ်နတ်ဘုရားသည် အလွန်အစွမ်းထက်လှသည်။ ထိုနေ့က ‘ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း’ ထဲတွင် ဟုန်ယွိသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ကိုင်ဆောင် ထားသော်လည်း သူ့ကို ထိပ်တိုက် ရင်မဆိုင်ခဲ့ပေ။ အကြောင်းမှာ ရန်သူ၏လက်ထဲတွင် ‘ရှေးဟောင်းရာရှိုမွန်’ ဟုခေါ်သော မှော်လက်နက် ရှိနေပြီး ၎င်းကို အသုံးပြုလိုက်ပါက ခန့်မှန်းရခက်သော နတ်ဘုရား စက်ကွင်းများကို ဖန်တီးနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ဒိုင်ဇင်ဘုရားကျောင်း၏ စကြာဝဠာအိတ်မှာ ဗုဒ္ဓဘာသာဟန် အလွန်ပြင်းထန်စွာ ပါဝင်နေပြီး ကရုဏာတရားကိုသာ အဓိက အခြေခံထာသဖြင့် စကြာဝဠာအိတ်တွင် သတ်ဖြတ်ခြင်း၊ လှည့်စားခြင်း၊ အချိန်နှင့် ဟင်းလင်းပြင်ကို လိမ်ယှက်ခြင်း သို့မဟုတ် စကြဝဠာနိယာမများကို ပြောင်းပြန်လှန်ခြင်း စသည့် သတ်ဖြတ်နိုင်စွမ်းရှိသော စွမ်းအား များ သိပ်မပါဝင်လှချေ။
သို့သော် ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံခန်းမမှာမူ ကွဲပြားသည်။ လောလောဆယ်တွင် စွမ်းအားပိုင်း၌ လိုအပ်ချက်များ ရှိနေသေးသော်လည်း ၎င်း၏ နိယာမစွမ်းအားများမှာ စကြာဝဠာအိတ်ထက် များစွာ ပိုမိုအားကောင်းလှသည်။
အထူးသဖြင့် ဤခန်းမငယ်လေး ဖြစ်သည်။ အကယ်၍ ဟုန်ယွိသည် ဖန်ဆင်းရှင် အဆင့်သို့ ရောက်ရှိပြီး ၎င်းကို ထပ်မံသန့်စင်လိုက်ပါက ၎င်းသည် ရှေးဟောင်းရာရှိုမွန်တံခါး ထက်ပင် ပိုမိုအစွမ်းထက်သော မှော်လက်နက်တစ်ခု ဖြစ်လာနိုင်ပေသည်။
ဤလက်နက်ကို သန့်စင်နေစဉ်အတွင်း ဟုန်ယွိသည် စကြာဝဠာစေတီနှင့် ထာဝရ နတ်ဘုရားခေါင်းလောင်း တို့၏ အနှစ်သာရအချို့ကို နားလည် သဘောပေါက်သွားခဲ့သည် ဟု ဆိုရပေမည်။ ၎င်းမှာ အပေါ်ယံမျှသာ ဖြစ်သော်လည်း အချိန်နှင့် ဟင်းလင်းပြင်အပေါ် သူ၏နားလည်မှုကို ပိုမိုနက်ရှိုင်းစေခဲ့ပြီး သူ့ယုံကြည်မှုကိုလည်း တိုးပွားစေခဲ့သည်။
နောင်တစ်ချိန်တွင် ၎င်းကို တဖြည်းဖြည်း ပြည့်စုံအောင် လုပ်ဆောင်ပြီးပါက၊ ခန်းမအတွင်း ရှိ လူတစ်ဦး၏ အချိန်စီးဆင်းမှုကိုပင် သူ လျှော့ချပေးနိုင်ပေလိမ့်မည်။
ဥပမာအားဖြင့် - ပြင်ပကမ္ဘာတွင် နှစ်ပေါင်း တစ်ရာ ကုန်ဆုံးသွားသော်လည်း ဤကမ္ဘာငယ် လေးအတွင်း၌ အချိန်ဆယ်နှစ်သာ ကုန်ဆုံးစေခြင်းမျိုး ဖြစ်သည်။ သို့မဟုတ် ဤကမ္ဘာငယ် လေးအတွင်း တစ်နှစ် ကျင့်ကြံခြင်းသည် ပြင်ပကမ္ဘာတွင် နှစ်ပေါင်း တစ်ရာ ကျင့်ကြံခြင်း နှင့် ညီမျှစေခြင်းမျိုး ဖြစ်သည်။
ထိုကဲ့သို့သော အံ့ဖွယ်လုပ်ဆောင်ချက်များမှာ အိပ်မက်တစ်ခု သို့မဟုတ် အခြေအမြစ်မရှိ သော ခန့်မှန်းချက်မျိုး မဟုတ်ပေ။
တော်ဝင်ချန် တော်ဝင်မိသားစုမှ ဧကရာဇ်ယန်ဖန်၏ လက်ထဲတွင်ရှိသော ‘ဧကရာဇ် ကောင်းကင် ကျောက်စိမ်းတံဆိပ်’ ၏ ကမ္ဘာငယ်လေးအတွင်း၌ လူတစ်ဦး၏ သက်တမ်းကို ရှည်ကြာစေသည့် လုပ်ဆောင်ချက်မျိုး ပါဝင်ကြောင်း ဟုန်ယွိ သိထားသည်။ ၎င်းမှာ အချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ထိုသို့သာ မဟုတ်ပါက ဆေဘာသူတော်စင် ဂွန်ယန်ယုသည် လူသားအင်မော်တယ် တစ်ဦး ဖြစ်နေလျှင်ပင် သူ၏သက်တမ်းမှာ ကုန်ဆုံးသွားလောက်ပြီ ဖြစ်သည်။ ယခုကဲ့သို့ လူများ ကို ချောင်းမြောင်းတိုက်ခိုက်နိုင်ရန် လျှင်မြန်ဖျတ်လတ်နေနိုင်စရာ အကြောင်းမရှိပေ။
...
“မူလဝိညာဉ်နတ်ဘုရားမှာ ခန့်မှန်းရခက်တဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်း ရာရှိုမွန်တံခါး ရှိတယ်။ ငါ့မှာတော့ မပြည့်စုံသေးတဲ့ ‘သူတော်စင်ပေါင်းစုံခန်းမ’ ရှိတယ်။ ဧကရာဇ်ယန်ဖန်မှာလည်း ‘ဧကရာဇ်ကောင်းကင် ကျောက်စိမ်းတံဆိပ်’ ရှိတယ်။ မုန့်ရှန်းကျီမှာကော ဘာရှိမလဲ ငါ သိချင်မိတယ်။ မုန့်ရှန်းကျီမှာလည်း သူ့ရဲ့ အစွမ်းအထက် ဆုံး ကမ္ဘာငယ်လေးတစ်ခုတော့ ရှိမှာပဲ။ အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းမှာတောင် သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးဖြစ်တဲ့ ကြယ်စင်တိုက်ပွဲကမ္ဘာ ရှိသေးတာပဲ။ အဲဒီနေရာမှာ ဂိုဏ်းရဲ့ မဟာအကြီးအကဲ ကိုးဦးဟာ တစ်နှစ်ပတ်လုံး နေထိုင်နေကြပြီး သူတို့ရဲ့ ဝိညာဉ်တွေဟာ တစ်ဟင်းလင်းပြင်လုံးနဲ့ တစ်သားတည်း ဖြစ်နေကြတာ။ သူတို့တွေဟာ အပြင်ကို မထွက်နိုင်ကြပေမဲ့ အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း ပျက်သုဉ်းမသွားအောင်တော့ ကာကွယ် ပေးနိုင်ကြတယ်။ တိုင်ရှန်တာအိုဂိုဏ်းလို ဂိုဏ်းကြီးတစ်ခုမှာ ဒီလိုမျိုး မရှိစရာ အကြောင်း မရှိဘူး။”
ဟုန်ယွိသည် တွေးတောရင်း အတွေးတစ်ချက်ဖြင့် သူ၏ အတွေးစပေါင်း ၅၅,၅၅၅ ခုကို ထုတ်လွှတ်လိုက်ရာ ၎င်းတို့မှာ ပေဝက်ခန့်ရှိသော လေပူဖောင်းများအဖြစ် ပြောင်းလဲသွား ပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ပျောက်ကွယ်သွားကြသည်။
၎င်းတို့ ပြန်လည်ပေါ်ထွက်လာသည့်အခါ အတွေးစ တစ်ခုချင်းစီတွင် စာအုပ်အမျိုးမျိုးကို သယ်ဆောင်လာကြပြီး သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ တစ်ခုပြီးတစ်ခု ပျံဝင်လာကြ သည်။
ထို့နောက် ခန်းမအတွင်းရှိ ဟင်းလင်းပြင်၌ အလင်းနှင့် အမှောင်ပုံဆောင်ခဲများဖြင့် ပြုလုပ်ထားသော စာအုပ်စင်တန်းကြီးများ ပေါ်ထွက်လာသည်။ ထိုစာအုပ်များကို စာအုပ်စင်များပေါ်တွင် ကဏ္ဍအလိုက် စနစ်တကျ စီစဉ်လိုက်ရာ အလွန်ပင် ရှင်းလင်း ပြတ်သားစွာ စီရီလျက် ရှိနေတော့သည်။
စာအုပ်များကို စီစဉ်ပြီးနောက် ဟုန်ယွိ၏ အတွေးစများသည် တစ်ဖန် ပျံထွက်သွားပြီး ရွှေ၊ ငွေ၊ ရှေးဟောင်းပစ္စည်းများ၊ ကျောက်စိမ်းထည်များ၊ ဆေးလုံးများ၊ လက်နက်များ၊ ချပ်ဝတ် တန်ဆာများ၊ ဆန်စပါးနှင့် ပိုးထည်များစသည့် ကုန်ပစ္စည်းအားလုံးကို သယ်ဆောင်လာကြ သည်။ ၎င်းတို့အားလုံးကို အတွင်းသို့ ရွှေ့ပြောင်းကာ သတ်မှတ်ထားသော နေရာများတွင် အစီအစဉ်တကျ ထားရှိလိုက်သည်။
“ဟူး...”
ခြောက်နာရီမှ ရှစ်နာရီခန့်အထိ ကြာမြင့်ပြီးနောက်တွင် ဟုန်ယွိသည် ခံတပ် ခုနစ်ခု၊ ရှစ်ခု အတွင်းရှိ ပစ္စည်းအားလုံးကို ‘သူတော်စင်ပေါင်းစုံခန်းမ’ အတွင်းသို့ အကုန်အစင် ရွှေ့ပြောင်းနိုင်ခဲ့သည်။ သူ၏ အတွေးစပေါင်း ခြောက်သောင်းကျော်မှာ အလွန်အစွမ်းထက် ပြီး အတွေးစတစ်ခုချင်းစီမှာ သန်မာသော လူတစ်ယောက်ထက် အဆပေါင်း တစ်ရာမက ပိုမိုအားကောင်းကာ၊ လူတစ်ဦး၏ စွမ်းဆောင်ရည်မှာ အလုပ်သမား နှစ်သိန်း၊ သုံးသိန်းနှင့် ညီမျှသော်လည်း နိုင်ငံတစ်နိုင်ငံနှင့် ယှဉ်နိုင်သော ဤမျှများပြားသည့် ပစ္စည်းများကို ရွှေ့ပြောင်းရခြင်းမှာ သူ့အတွက် အလွန်တရာ ပင်ပန်းလှပေသည်။
ဤသို့ လုပ်ဆောင်နိုင်ခြင်းမှာလည်း ဟုန်ယွိ၏ အတွေးစများသည် သာမန် ခြောက်ကြိမ် မြောက် မိုးကြိုးကပ်ဘေး ပညာရှင်များထက် ပိုမိုအားကောင်းနေခြင်းနှင့် ‘အတိတ်ကျမ်း စာ’ ကို ကျင့်ကြံထားသဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ပိုမို ခံနိုင်ရည်ရှိခြင်းကြောင့် ဖြစ်သည်။
အကယ်၍ အခြားခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ပညာရှင်သာဆိုလျှင် ဤမျှ များပြားလှသော ကုန်ပစ္စည်းများကို ရွှေ့ပြောင်းနိုင်မည် မဟုတ်ပေ။
နိုင်ငံတစ်ခုနှင့် ညီမျှသော ဓနဥစ္စာအားလုံးကို သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ရွှေ့ပြောင်းပြီးနောက်တွင် ဟုန်ယွိသည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူ၏ရင်ထဲမှ အလေးကြီးတစ်ခုကို ပစ်ချလိုက်ရသကဲ့သို့ ပေါ့ပါးမှုကို ခံစားလိုက်ရသည်။
ထိုသို့ဖြင့် ဟင်းလင်းပြင်အတွင်း တင်ပျဉ်ခွေထိုင်ရင်း ဟုန်ယွိသည် သူ၏ အသက်ရှူနှုန်းကို ထိန်းညှိကာ အာရုံစူးစိုက်လိုက်သည်။ ကောင်းကင်ယံအလွန်ရှိ ပြင်းထန်ပြီး လှိုင်းထနေ သော ကြယ်စင်အလင်းတန်းများနှင့် ကြီးကျယ်ခမ်းနားသော စွမ်းအားများကို သူ ခံစား လိုက်ရသည်။
အတွေးတစ်ချက်ဖြင့် မမြင်နိုင်သော ကြယ်စင်စွမ်းအားများစွာမှာ ဤကမ္ဘာငယ်လေး အတွင်းသို့ တိုးဝင်လာပြီး ဟုန်ယွိ၏ အတွေးစများကို အားဖြည့်ပေးသည်။
ဟုန်ယွိသည် ချက်ချင်းပင် အတွေးစများ၏ ‘အစစ်မှန်အတွေးမီးလျှံ’ ကို အသုံးပြုလိုက်ပြီး တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ် အတွေးစများ၏ ကမ္ဘာတည်ဆောက်ခြင်းနှင့် ဖျက်ဆီး ခြင်း စွမ်းအားများကို အသုံးပြုကာ ကြယ်စွမ်းအားများကို သန့်စင်လိုက်သည်။ အညစ် အကြေးများကို ဖယ်ရှားကာ အသန့်စင်ဆုံး စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ပြီး သူ၏ အတွေးစများနှင့် ပေါင်းစပ်ကာ စွမ်းအားကို တဖြည်းဖြည်း တိုးမြှင့်ပေးနေသလို, တစ်ချိန် တည်းမှာပင် ထိုစွမ်းအင်ကို အသုံးပြု၍ ကမ္ဘာငယ်လေးတစ်ခုလုံးကို ပိုမိုတည်ငြိမ်သွားစေ သည်။
မိုးကြိုးကပ်ဘေး ငါးကြိမ်မြောက် ဖြတ်ကျော်ပြီးကတည်းက သူ၏ အတွေးစများသည် ကြယ်စွမ်းအားများ၊ ဤကမ္ဘာကြီး၏စွမ်းအင်များ၊ သံလိုက်စွမ်းအင်များနှင့် မီးစွမ်းအင် အစရှိသည်တို့ကို စုပ်ယူနိုင်၊ သန့်စင်နိုင်၊ ဝါးမြိုနိုင်ပြီး သူ၏ အတွေးစ စွမ်းအားများကို မြှင့်တင်နိုင်စွမ်း ရှိလာကြသည်။
တစ်ချိန်တည်းမှာပင် သူတော်စင်ပေါင်းစုံခန်းမ အတွင်း၌ ကျင့်ကြံခြင်းက ဤဟင်းလင်း ပြင်ကို ပိုမိုခိုင်မာစေပြီး ဤကမ္ဘာငယ်လေး၏ သက်တမ်းကိုလည်း တိုးမြင့်လာစေကြောင်း ဟုန်ယွိ သိရှိထားသည်။
“ဝါး... ဝါး... ဝါး...”
ဟုန်ယွိ ကျင့်ကြံခြင်း ပြီးဆုံးသွားသည်နှင့် ကလေးငယ်တစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ် လာသည်။
ချက်ချင်းပင် တစ်ဟင်းလင်းပြင်လုံးတွင် ဆေးရနံ့များ ဖုံးလွှမ်းသွားသည်။ ၎င်းက လူကို လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားရစေပြီး နတ်သုဒ္ဓါရည်များထဲတွင် စိမ်နေရသည့် ခံစားချက်မျိုး ပေးစွမ်းသည်။
ဟုန်ယွိသည် ဤဆေးရနံ့ကို ရရှိသည့်အခါ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရာ ထိုရနံ့များမှာ သူ၏ ပါးစပ်အတွင်း အရည်ပျော်သွားသည်။ အကြိမ်ပေါင်းများစွာ ရှူသွင်းပြီး နောက်တွင် သူ၏ ပါးစပ်အတွင်းရှိ ဆေးရနံ့နှင့် တံတွေးတို့ ရောယှက်ကာ ပျားရည်ကဲ့သို့ ချိုမြိန်သော ဆေးရည်တစ်ငုံစာအဖြစ် ပြောင်းလဲသွားသည်။ ၎င်းကို မျိုချလိုက်သည့်အခါ သူ၏ အူလမ်းကြောင်းများမှာ ချက်ချင်း သန့်စင်သွားပြီး တစ်ကိုယ်လုံး စင်ကြယ်သွားသကဲ့ သို့ ခံစားလိုက်ရသည်။ နွေးထွေးသော အပူလှိုင်းတစ်ခုမှာ သူ၏ အရိုးများအတွင်းသို့ စိမ့်ဝင်သွားပြီး သွေးစွမ်းအားနှင့် အသက်စွမ်းအားများမှာ ပိုမို ကြွယ်ဝလာတော့သည်။
“အနန္တရွှေဆေးလုံးလား”
ဟုန်ယွိသည် ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ် အတွင်း၌ ဝှက်ထား သော ဆေးရနံ့များ ထွက်ပေါ်နေသည့် ‘အနန္တရွှေဆေးလုံး’ ကို ကြည့်လိုက်သည်။ ယခုအခါ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်မှာ သူတော်စင်ပေါင်းစုံ ခန်းမ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီ ဖြစ်ရာ ‘အနန္တရွှေဆေးလုံး’ သည်လည်း ဤခန်းမအတွင်း၌ အခြေချနေထိုင်လျက် ရှိနေပြီ။
မဟာကမ္ဘာကြီးထဲမှာသာဆိုလျှင် ဤအနန္တရွှေဆေးလုံးသည် ဤမျှပြင်းထန်သော ဆေးရနံ့ များကို ထုတ်လွှတ်နေပါက တခဏလေးတောင် တည်ရှိနေနိုင်မည် မဟုတ်ဘဲ၊ မရေမတွက်နိုင်သော တာအိုကျင့်ကြံသူများ လာရောက် လုယူကြပေလိမ့်မည်။
အခန်း (၄၈၀)။
လာရောက်လုယက်မည့်သူ မရှိလျှင်ပင် ဤရွှေရောင်ဆေးလုံးသည် ဆေးရနံ့တွေကို အဆက်မပြတ် ထုတ်လွှတ်နေလိမ့်မည်။ အဆုံးတွင် သူ့ဆေးစွမ်းအားတွေ ကုန်ခမ်းသွားပြီး စကြဝဠာကြီးထဲ ပြန်လည်ပျော်ဝင်သွားရင်း သူ၏သက်တမ်းလည်း ကုန်ဆုံးသွားလိမ့်မည်။
ဒီ ‘အနန္တရွှေဆေးလုံး’ ဟာ ‘ယိုစိမ့်မှုကင်းတဲ့ အစစ်မှန် အင်မော်တယ်’ မဟုတ်သေးဘူး။
ယခုမူ ၎င်းသည် ကမ္ဘာငယ်လေးအတွင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ဆေးစွမ်းအားများမှာ အပြင်သို့ ယိုဖိတ်မသွားနိုင်တော့ဘဲ ‘အနန္တရွှေဆေးလုံး’ ၏ သက်တမ်းမှာလည်း အဆမတန် ရှည်ကြာသွားတော့မည် ဖြစ်သည်။
ဟုန်ယွိ ခန့်မှန်းချက်အရဆို, ပြင်ပကမ္ဘာတွင်ဆိုပါက ဤဆေးလုံး၏ အသက်စွမ်းအားမှာ အလွန်ဆုံး သုံးနှစ်မှ ငါးနှစ်အတွင်း အလိုအလျောက် ဆေးစွမ်းအင် ယိုစိမ့်ပြီး ပျောက်ကွယ် သွားနိုင်သော်လည်း၊ သူ၏ ‘သူတော်စင်ပေါင်းစုံခန်းမ’ ကမ္ဘာငယ်လေးအတွင်း၌မူ ဤဆေးလုံး ပျောက်ကွယ်သွားရန် အနည်းဆုံး နှစ်ပေါင်း ၃၀ မှ ၅၀ အထိ ကြာမြင့်မည် ဖြစ်သည်။
ဆေးရနံ့များသည် ‘အနန္တရွှေဆေးလုံး’ ထံမှ အဆက်မပြတ် ထွက်ပေါ်လာပြီး ဟင်းလင်းပြင် တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။ ထို့နောက် ဆေးလုံး၏ ပြင်းထန်သော အသက်ရှူသွင်းမှု ကြောင့် ထိုရနံ့များကို ပြန်လည်စုပ်ယူသွားသော်လည်း အချို့သော ဆေးရနံ့ အစိတ်အပိုင်း များမှာ ဟင်းလင်းပြင်အတွင်း၌ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် ခန်းမတစ်ခုလုံးတွင် ဆေးရနံ့ များ သင်းပျံ့နေပြီး ဤနေရာ၌ ဝင်ရောက်ကျင့်ကြံသူများ သည် မိမိတို့၏ ခန္ဓာကိုယ်ကို သန့်စင်စေနိုင်သလို သွေးစွမ်းအင်နှင့် အသက်စွမ်းအားများကိုလည်း အားကောင်းစေနိုင်ပေ သည်။
“အံ့ဩစရာပဲ၊ ဟင်းလင်းပြင်ရဲ့ စွမ်းအားက အနန္တရွှေဆေးလုံးရဲ့ ဆေးစွမ်းအားနဲ့ ပေါင်းစပ် သွားတာကိုး။ ဒါက ပိုပြီးတော့တောင် နက်နဲဆန်းကြယ်လာပြီ။ ဒါပေမဲ့ ဒီဆေးလုံးကို ဒီအတိုင်းပဲ ဆက်ထားလို့တော့ မဖြစ်သေးပါဘူး။” ဟုန်ယွိက ရေရွတ်လိုက်သည်။
...
“ဝါး... ဝါး... ဝါး...”
‘အနန္တရွှေဆေးလုံး’ လေးသည် အရသာရှိသော အရာတစ်ခုခုကို အနံ့ရလိုက်သလို သို့မဟုတ် ဗိုက်ဆာနေသလိုမျိုးဖြင့် ဟိုခုန်ဒီလွှား လုပ်နေပြီးနောက် စနစ်တကျ စီထား သော ‘ဆေးလုံး’ စင်တန်းများဆီသို့ လျင်မြန်စွာ ပျံသွားကာ ဟိုဟိုဒီဒီ ဝဲပျံနေတော့သည်။
ဤဆေးလုံးစင်များပေါ်ရှိ ဆေးလုံးများမှာ ဒိုင်ဇင်ဘုရားကျောင်း၏ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ဆေးစွမ်းကောင်းများဖြစ်ပြီး စကြာဝဠာအိတ်ထဲမှ ရွှေ့ပြောင်းထားခြင်း ဖြစ်သည်။ အချို့ဆေးလုံးများသည် သေလူကိုပင် ပြန်ရှင်စေနိုင်သလို သက်တမ်းကိုလည်း ရှည်စေနိုင်ပေသည်။
ဟုန်ယွိက ထိုဆေးလုံးများကို တစ်မျိုးချင်း စနစ်တကျ စီစဉ်ထားပြီး အာနိသင်နှင့် အသုံးပြု ပုံများကိုလည်း မှတ်သားပေးထားသည်။
သို့သော် ယခုမူ ‘အနန္တရွှေဆေးလုံး’ ရွှေရောင်ကလေးငယ်သည် ဆေးပုလင်းတစ်ခုဆီ သို့ ပျံသွားကာ ‘ဖားဥနှင်းကြာပန်း ဆေးရည်’ တစ်ပုလင်းကို ယူ၍ ရေသောက်သလိုမျိုး တစ်ဂွတ်ဂွတ်နှင့် သောက်ချလိုက်လေသည်။
တစ်ပုလင်းသောက်ပြီးနောက် ‘ကိုးယန်ကျောက်စိမ်းဂျင်ဆင်းဆေးလုံး’ နောက်တစ်ပုလင်း ကို ထပ်မံ သောက်ပြန်သည်။ ၎င်းသည် ဒိုင်ဇင်ဘုရားကျောင်းမှ ဘုန်းတော်ကြီးများက သိုင်းသူတော်စင်၏ သွေးအနှစ်သာရနှင့် သမာဓိမီးလျှံကို အသုံးပြု၍ လူတစ်ယောက်၏ အခြေခံခိုင်မာစေရန် သန့်စင်ဖော်စပ်ထားသော ရှားပါးဆေးလုံး ဖြစ်သည်။
ဤလောကတွင် ရှားပါးလှသော ဆေးစွမ်းကောင်း ဆယ်ပုလင်းကျော်မျှ စားသုံးပြီးနောက် တွင် ‘အနန္တရွှေဆေးလုံး’ ကလေးငယ်သည် ဗိုက်ကိုပွတ်ကာ ရပ်တန့်သွားတော့ သည်။ သူသည် ဟင်းလင်းပြင် ကြမ်းပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရွှေရောင် မစင်တစ်ပုံ စွန့်ထုတ်လိုက်လေသည်။ ထိုအခါမှသာ တစ်ကိုယ်လုံး နေသာထိုင်သာ ရှိသွား ပုံရသော်လည်း ၎င်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ ပိုမိုပြင်းထန်လာခဲ့သည်။
“အို... ဒီအနန္တရွှေဆေးလုံးက ဆေးစွမ်းကောင်းတွေကို စားပြီး အသက်ဆက်နိုင်တာပဲ။ သက်တမ်းကိုလည်း တိုးစေတာပေါ့။ အဲဒီစွန့်ထုတ်လိုက်တဲ့ မစင်တွေက ဆေးအဖတ်တွေ ဖြစ်ပေမဲ့ ဒီအဖတ်တွေကလည်း ရှားပါးတဲ့ ဆေးစွမ်းကောင်းတွေပဲ ဖြစ်နေမှာပဲ။”
ဤအခြေအနေကို မြင်သောအခါ ဟုန်ယွိသည် ‘အနန္တရွှေဆေးလုံး’က ဆေးလုံးများကို စားသုံးခြင်းဖြင့် ရှင်သန်နိုင်ကြောင်း ချက်ချင်း သိလိုက်ရသည်။ ၎င်းစွန့်ထုတ်လိုက်သော အညစ်ကြေးများမှာ ထိုဆေးစွမ်းကောင်းများ၏ အဖတ်များသည်ပင် ဖြစ်သော်လည်း ပထမတန်းစား ဆေးစွမ်းကောင်းများ ဖြစ်နေသေးသည်။
ဆန်စပါးမစားဘဲ နို့တစ်မျိုးတည်း သောက်သည့် ကလေးငယ်၏ ဆီးကိုပင် ‘အပျိုစင်ဆီး’ "virgin urine" ဟုဆိုကာ ဆေးဖက်ဝင်သေးလျှင်၊ ဆေးစွမ်းကောင်းများ စားထားသည့် ‘အနန္တရွှေဆေးလုံး’ ကလေးငယ်၏ ဆေးအဖတ်များမှာ ပြောနေစရာပင် လိုတော့မည် မဟုတ်ပေ။ (သာမန်လူသား ကလေးငယ်တစ်ယောက်၊ အစာကြမ်းမစားရသေးတဲ့ ကလေးငယ်တစ်ယောက်ရဲ့ စွန့်ပစ်ပစ္စည်းတောင်မှ တိုင်းရင်းဆေးပညာမှာ ဆေးဖက်ဝင် တယ်လို့ ယူဆကြရင်၊ အဖိုးတန်ဆေးပေါင်းစုံကို စားသုံးထားတဲ့ "အနန္တရွှေဆေးလုံး" ကလေးငယ်က စွန့်ထုတ်လိုက်တဲ့ ဆေးအဖတ်တွေဟာ ပိုလို့တောင် ဆေးဖက်ဝင် အစွမ်းထက်ဦးမယ်ဆိုတဲ့ သဘောကို ခိုင်းနှိုင်းပြချင်တာ ဖြစ်ပါတယ်။)
“လာ... လာ... မင်းရဲ့ အခြေခံအုတ်မြစ် ခိုင်မာအောင် လုပ်နိုင်မယ့် နည်းလမ်းကို ငါ သင်ပေး မယ်။ မင်းလည်း အသက်ရှူနည်း၊ ကျင့်ကြံနည်းတွေနဲ့ စွမ်းအင်တွေကို သန့်စင်တတ်ဖို့ လိုအပ်တယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲက ဆေးစွမ်းအားတွေကို တည်ငြိမ်အောင်လုပ်ပြီး ယိုစိမ့် မသွားအောင် ကာကွယ်ရမယ်။ အဲဒါကမှ ထာဝရအသက်ရှည်မယ့် လမ်းစဉ်ပဲ”
ဟုန်ယွိက ပြုံးလျက် လက်ယှပ်လိုက်ရာ ‘အနန္တရွှေဆေးလုံး’ လေးသည် ချက်ချင်း ပျံတက် လာပြီး ဟုန်ယွိ၏ ဘေးနား၌ ဆင်းသက်လိုက်သည်။ ထို့နောက် ဟုန်ယွိ လုပ်ဆောင်သလို မျိုး လိုက်လံတုပကာ တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။
ဟုန်ယွိက ထိုဆေးလုံးလေးကို လက်ဖြင့် တို့ကြည့်လိုက်သောအခါ ကလေးငယ်တစ်ဦး၏ အရေပြားကဲ့သို့ အလွန်ချောမွေ့နေသည်ကို ခံစားရသည်။ ၎င်း၏ အောက်ပိုင်းကို ကြည့်လိုက်သောအခါ မည်သည့် လိင်အင်္ဂါအစိတ်အပိုင်းမှ မပါရှိဘဲ ကျား၊ မ ခွဲခြားမရပေ။ ဤသည်မှာ မီးလျှံနဂါးကိုးကောင်နှင့် အလားသဏ္ဌာန်တူပေသည်။
“ဒါက ဖန်ဆင်းခြင်းရဲ့ အံ့ဩဖွယ်ရာတစ်ခုပဲ။ ဒါက ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ပြီးတဲ့ ဖန်ဆင်းရှင်သခင်တစ်ယောက်ရဲ့ နယ်ပယ်အချို့ပဲ မဟုတ်လား။ ဖန်းယွမ်၊ ထန်ဟိုင်လုံနဲ့ လီဖေးယွီတို့လို အရေးမပါတဲ့ လူသုံးယောက်က ဒီလိုဆေးလုံးမျိုး ကို ဖော်စပ်နိုင်ခဲ့တာ တကယ့်ကို မယုံနိုင်စရာပဲ။”
ဟုန်ယွိနှင့် ဤ ‘အနန္တရွှေဆေးလုံး’ တို့သည် စိတ်ချင်း ဆက်နွယ်နေကြသည်။ အကြောင်း မှာ ဤဆေးလုံးကို ဖော်စပ်စဉ်က ဟုန်ယွိ၏ ပညာရှင် သူတော်စင်တစ်ရာ ကောင်းချီးပေးခံ ရသည့် သူ့အဖြေလွှာ စာမူကို မီးရှို့၍ အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်။
လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဟုန်ယွိ၏ လက်ထဲ၌ အတွေးစတစ်ခု ပေါ်လာသည်။ ထိုအတွင်းစမှာ လေထဲတွင် တုန်ခါသွားပြီး လူခေါင်းအရွယ်မျှ ကြီးမားလာသည်။ ၎င်းမှာ ဧကရာဇ်အကြံပေး ယုဝမ်မူ၏ အစွမ်းအထက်ဆုံး အတွေးစငါးခုထဲမှ တစ်ခုဖြစ်သည်။ ထိုအတွေးစထဲတွင် အသိစိတ်အချို့ ကျန်ရှိနေသေးသည်။
အနည်းငယ် လှည့်ပတ်လိုက်သည့်အခါ အတွေးစမှာ စာလုံးများစွာအဖြစ် ပြောင်းလဲသွား ပြီး ‘အနန္တရွှေဆေးလုံး’ ၏ ခန္ဓာကိုယ်ထဲသို့ လှိုင်းလုံးများအဖြစ် စီးဝင်သွားလေသည်။
“ယိုစိမ့်မူမရှိအောင် ကျင့်ကြံပါလေ၊ ခန္ဓာကိုယ်အတွင်း၌ ဖုံးကွယ်ထား... တာအိုလမ်းစဉ် ထွန်းကားလိမ့်မယ်...”
ဤကျမ်းစာမှာ ပစ္စုပ္ပန်ကျမ်း၏ အနှစ်ချုပ်နိယာမများထဲမှ အခြေခံကို ခိုင်မာစေသည့် နည်းလမ်းဖြစ်ပြီး ‘ဗောဓိနှလုံးသားကျမ်း’ ဟု ခေါ်ဆိုသည်။
ထိုကျမ်းကို ‘အနန္တရွှေဆေးလုံး’ ထံ လွှဲပြောင်းပေးလိုက်သည်နှင့် ရွှေဆေးလုံး ကလေးငယ် ထံမှ ဝူးဝူးဝါးဝါး အသံများ ထွက်ပေါ်လာပြီးနောက် သူ၏ တစ်ကိုယ်လုံးမှ ပြင်းထန်စွာ ထွက်ပေါ်နေသော ဆေးရနံ့များမှာ ပြန်လည် ရုပ်သိမ်းသွားပြီး၊ သူ၏ အငွေ့အသက်မှာ လည်း လျော့နည်းသွားပြီး ယိုစိမ့်မှု မရှိတော့ချေ။ ၎င်းမှာ ကျင့်ကြံမှု အဆင့်အတန်း ကြီးမားစွာ တိုးတက်သွားသည့် လက္ခဏာပင် ဖြစ်သည်။
“မင်း ဒီကမ္ဘာငယ်လေးထဲမှာ ကျင့်ကြံနေနိုင်တယ်။ ပြီးတော့ ဒီသူတော်စင်ပေါင်းစုံခန်းမကို လည်း စောင့်ရှောက်ပေးထားဦး။ ဗိုက်ဆာရင် ဝိညာဉ်ဆေးလုံးတွေစား၊ ရေငတ်ရင် ဝိညာဉ် စမ်းရေသောက်။ ဒီဆေးလုံးတွေက မင်းအတွက် နှစ်အနည်းငယ်စာ စားဖို့ လုံလောက်မှာ ပါ။ မင်းရဲ့ပါရမီနဲ့ဆိုရင် ကျင့်ကြံမှု အောင်မြင်သွားတဲ့အခါ မင်းရဲ့ အနာဂတ်က အကန့် အသတ် ရှိမှာမဟုတ်ဘူး။”
ဟုန်ယွိက ရွှေဆေးလုံးကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်ရာ ရွှေဆေးလုံးလေးကလည်း ခေါင်းပြန်ညိတ်ပြလေသည်။
နောက်တစ်ဆင့်မှာမူ... ရှေးဟောင်းနဂါးသင်္ချိုင်းသို့ သွားရမည့်အချိန်ပင် ဖြစ်တော့သည်။
...
ဟုန်ယွိက သူတော်စင်ပေါင်းစုံခန်းမကို သန့်စင်နေသည့် တစ်ချိန်တည်းမှာပင်။
မိုင်ပေါင်း သိန်းနှင့်ချီ၍ ဝေးကွာလှသော အရှေ့ပင်လယ်၏ အစွန်းတစ်နေရာ၌ မြူနှင်းများ ဝေမှိုင်းနေသည့် ပင်လယ်ပြင်ကြီးတစ်ခု ရှိလေသည်။ ထိုမြူနှင်းတောင်တန်းများကို ဖြတ်ကျော်ဝင်ရောက်သွားပါက တစ်နှစ်ပတ်လုံး နေရောင်ခြည် တောက်ပနေသည့် ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုနေရာ၌ တောင်တန်းများ၊ စမ်းရေတွင်းများ၊ ရေတံခွန်များနှင့် သစ်သီးဝလံများမှာ ရာသီမရွေး ဝေဆာလျက်ရှိသည်။ ဇလုံခန့်ကြီးမားသည့် သက်ရှည်မက်မွန်သီးများမှာလည်း တစ်နှစ်ပတ်လုံး သီးပွင့်နေကြ သည်။
ဤနေရာမှာ အရှေ့ပင်လယ်၏အစွန်းတွင် တည်ရှိပြီး၊ ကျယ်ပြောလှသော မဟာကမ္ဘာကြီး မှ သီးခြားခွဲထွက်နေသည့် ကမ္ဘာငယ်လေး တစ်ခုပင် ဖြစ်သည်။ ထိုအရှေ့ပင်လယ်၏ အဆုံး၌ ‘မိစ္ဆာနတ်ဘုရားဂူ’ တည်ရှိပြီး ၎င်းမှာ ‘ခွန်အားကြီးစိန်မျောက်ဝံ’ မျိုးနွယ်စုများ နေထိုင် ရာအရပ် ဖြစ်သည်။ (ရှေးမှာတုန်းက ဝရဇိဟာကျူလီမျောက်ဝံကို ခွန်အားကြီး စိန်မျောက်ဝံ - ဟု ပြောင်းလဲ ပြန်ဆိုပါမည်။)
မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော တောင်တန်းများပေါ်တွင် ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်၊ အရှေ့ပင်လယ်၏ အဆီအနှစ်များကို စုစည်းထားသည့် မက်မွန်ပင်များမှာ အစဉ်တကျအတိုင်း ရှိနေကြသည်။ ထိုမက်မွန်ပင်များသည် နတ်ဘုရားလေနိုင်ငံမှ သာမန် မက်မွန်ပင်များနှင့် မတူပေ။ ၎င်းတို့ကို ‘ဒွါရခုနစ်ပေါက်ပါ ထာဝရမက်မွန်ပင်’ဟု ခေါ်ဆို ကြသည့် နတ်ဘုရားသစ်ပင်များဖြစ်ပြီး ရှေးခေတ် သူတော်စင် ဧကရာဇ်များ၏ မိဖုရား နန်းဆောင် အပြင်ဘက်၌သာ စိုက်ပျိုးလေ့ရှိသည်ဟု ဆိုကြသည်။
မက်မွန်သီးတစ်လုံးစီမှာ ကြီးမားပြီး ဇလုံကြီးတစ်လုံးအရွယ်စားမျှ ရှိကာ၊ အသီးပေါ်ရှိ အပေါက်ခုနစ်ပေါက်မှ ရနံ့များကို အဆက်မပြတ် ရှူထုတ်၊ ရှူသွင်း ပြုလုပ်နေကြသည်။ ခွန်အားကြီး ‘စိန်မျောက်’ တို့သည် ခန္ဓာကိုယ် ကြံ့ခိုင်စေရန်နှင့် အတိုင်းအဆမရှိသော ခွန်အားများ ရရှိစေရန် ထိုထာဝရမက်မွန်သီးများကို စားသုံးကြခြင်း ဖြစ်သည်။ တောင်တန်းများပေါ်တွင် မျောက်အမြောက်အမြားသည် ပျော်ပါးဆော့ကစားနေကြသလို၊ အချို့မှာ မက်မွန်ပင်အောက်၌ အိပ်စက်နေကြပြီး အချို့မှာမူ လက်သီးသိုင်းပညာရပ်များ ကို လေ့ကျင့်နေကြသည်။ ဂူများအတွင်း၌ တရားထိုင်ရင်း တာအိုကျင့်စဉ်များကို ကျင့်ကြံ နေကြသည့် နတ်ဘုရားမျောက်များ၊ တောင်ပေါ်၌ ရဲတိုက်များနှင့် ကျေးရွာများကို တည်ဆောက်၍ နေထိုင်ကြသူများလည်း ရှိပေသည်။
ဤသည်မှာ ခွန်အားကြီးစိန်မျောက်တို့၏ နိုင်ငံတော်ပင် ဖြစ်တော့သည်။ ၎င်းတို့သည် တောင်တန်းတစ်ခွင်၌ သိန်းနှင့်ချီ၍ မျိုးပွားနေထိုင်ကြကာ ဂိုဏ်းဂဏများဖွဲ့၍ တောရိုင်း တိရစ္ဆာန်များကို အစိုးရကြသည်။ ထိုစဉ် တောင်တန်း၏ အမြင့်ဆုံးတောင်ထိပ်ကို အနက်ရောင် တိမ်တိုက်ကြီးတစ်ခုက လွှမ်းခြုံထားလေသည်။ ထိုတိမ်တိုက်မှာ လိပ်တက် လိုက်၊ ပျံ့လွင့်လိုက် ဖြစ်နေသော်လည်း ပြဒါးထက်ပင် လေးလံလှသည်။ ဤသည်မှာ ‘ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ်’ပညာရပ်၏ အမြင့်ဆုံး ရှေးဦးမိစ္ဆာတာအို စွမ်းအားပင် ဖြစ်ပေသည်။
“တောက်... ငါ အဲဒီနဂါးမိန်းကလေးကို လုပ်ကြံဖို့ ကြံစည်ခဲ့ပေမဲ့ သူက ဒီလောက် အစွမ်းထက်တဲ့သူကို ဖိတ်ခေါ်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါ့ရဲ့ ‘ကောင်းကင်မိစ္ဆာ တာအိုသစ်သီး’ ကို လုယူသွားရုံတင်မကဘဲ ငါ အပင်ပန်းခံ သန့်စင်ထားတဲ့ အမွှေးခုနစ်ပင် ကိုပါ ဖြတ်သွားသေးတယ်။ ဒီတစ်ခါတော့ ဒီအဖိုးကြီးဟာ အနည်းဆုံး နှစ်ပေါင်း သုံးရာစာ ကျင့်ကြံမှုစွမ်းအားတွေ ဆုံးရှုံးသွားခဲ့ရပြီ။ ဒါပေမဲ့ ကံကောင်းတာက ငါဟာ ပြိုင်ဘက်ကင်း ပါရမီရှင် သုံးယောက်ကိုတော့ ရလိုက်သေးတယ်။”
“ထန်ဟိုင်လုံ၊ ဖန်းယွမ်၊ လီဖေးယွီ... မင်းတို့တွေ အခုထိ ခုခံချင်နေသေးတာလား။ မြန်မြန် မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေကို ဆက်သစမ်း။ ဒီအဘိုးကြီး ဆုံးရှုံးသွားတဲ့ မှော်စွမ်းအားတွေ အတွက် မင်းတို့ကို ‘အလောင်းသုံးကောင် မူလဝိညာဉ်’ တွေအဖြစ် သန့်စင်ရမယ်။ မင်းတို့ရဲ့ ရတနာတွေကိုလည်း ဒီအဘိုးကြီးကပဲ စေတနာရှေ့ထားပြီး သိမ်းဆည်းလိုက် မယ်။”
ထိုအသံမှာ လျှို့ဝှက်ဆန်းကြယ်လှသော ‘မိစ္ဆာနတ်ဘုရားလိုဏ်ဂူ’ ၏ အနက်ရှိုင်းဆုံးနေရာ မှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး၊ လူတစ်ယောက်၏ အရပ်ထက် ဆယ်ဆခန့် ပိုမိုကြီးမားပြီး အမွေးအမျှင်များက ထမင်းစားတူကဲ့သို့ တုတ်ခိုင်ထူထဲကာ၊ ရိုင်းစိုင်းကြမ်းကြုတ်သည့် မျောက်ဝံကြီးတစ်ကောင်၏ ပါးစပ်မှ ထွက်ပေါ်လာခြင်းပင် ဖြစ်တော့သည်။
စာစဉ် (၄၅)။ ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။