အဆုံးသတ်တွင်
Vol. 11 Ch. 1020
နဂါးနန်းတော်ကြီး ပြိုကျပျက်စီးသွားလေသည်။
မြင့်မြတ်သောနတ်မီးဖိုကြီးသည် အပျက်အစီးများကြားတွင် ငြိမ်သက်နေပြီး တာအိုမီးတောက်များက အဆက်မပြတ် လောင်ကျွမ်းနေလေသည်။
မီးဒဏ်ကို ခံနိုင်သည့် အစွမ်းထက်နတ်နဂါးများသည်ပင် မီးအပူဒဏ်ကို မခံနိုင်ဘဲ အော်ဟစ်ညည်းညူလျှက် ရှိကြသည်။
ခဏအကြာတွင်တော့… "သလင်းနန်းတော်" တစ်ခုလုံး မီးလောင်ပြင်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ဘိုးဘေးနဂါးမင်းကြီးမှာ ကြေကွဲဖွယ်ရာ အဖြစ်အပျက်များကို တွေ့မြင်ပြီး နှလုံးသားကွဲကြေကာ သွေးများ အန်ထုတ်လိုက်လေသည်။
မီးလောင်ကျွမ်းကာ နာကျင်ခံစားနေကြရသူများမှာ သူ၏ သားမြေး နဂါးမျိုးနွယ်များ ဖြစ်သည် မဟုတ်ပါလား။
ဘိုးဘေးနဂါးမင်းကြီး နာကျည်းစွာဖြင့် အော်ဟစ်ဟိန်းဟောက်လိုက်လေသည်။ သူ၏ ကြုံးဝါးသံကြီးက လောကတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
နဂါးမင်းကြီး၏ ဟိန်းဟောက်သံကို ကြားရသူတိုင်း နားကွဲလုမတတ် ခံစားရလေသည်။
သို့သော်… နဂါးမင်းကြီး၏ ဟိန်းဟောက်သံကြောင့် မီးထဲတွင် လောင်ကျွမ်းနေသည့် နဂါးမျိုးနွယ် သားမြေးတို့မှာ အားအင်များ ပြည့်ဝလာပြီး အံကိုတင်းတင်းကြိတ်ကာ ပင်လယ်ပြင်မှ ထွက်ပြေးလွတ်မြောက်သွားကြလေသည်။
သို့သော်… ဘိုးဘေးနဂါးမင်းကြီးမှာတော့ တန်ခိုးစွမ်းအားများ ကုန်ခမ်းပြီး နေရာတွင်ပင် လဲကျသွားလေသည်။
ထိုအချိန်မှာပင်… ပင်လယ်ထဲတွင် တာအိုကဗျာတစ်ပုဒ် ရွတ်ဆိုသံ ထွက်ပေါ်လာလေသည်။
ကဗျာရွတ်ဖတ်သံက အစပိုင်းတွင် ခပ်တိုးတိုးဖြစ်သော်လည်း တဖြည်းဖြည်းပိုမို ကြည်လင်ပြတ်သားလာသည်။
ထို့နောက် ပင်လယ်ထဲတွင် တောက်လောင်နေသည့် တာအိုမီးတောက်များကို ဖြိုခွင်းပြီး လူငယ်တစ်ယောက် လမ်းလျှောက်ထွက်ပေါ်လာလေသည်။
လူငယ်၏ပုံစံက နူးညံ့သိမ်မွေ့ပြီး ချောမောလှပသူ ဖြစ်လေသည်။ သူ၏ ပခုံးထက်တွင် ဇာမဏီငှက်တစ်ကောင်နားခိုလျှက် ရှိလေ၏။
သူ၏ မျက်ဝန်းများကတော့ အကန့်အသတ်မရှိ တရားအလင်းကို သိမြင်နေသည့်အလား အေးဆေးတည်ငြိမ်လျှက် ရှိလေသည်။
"အရပ် (၁၀)မျက်နှာမှာ အရိပ်ကင်းမဲ့တယ် ၊ လူပြန်ဝင်စားခြင်း လမ်းစဉ် (၆)ခုလည်း ပျောက်ကွယ်နေတယ် ၊ သုံးလောက ကနေ ထွက်ခွာမယ်မယ်ဆိုရင် ဒြပ်စင် (၅)ပါးက ကင်းလွတ်မှ ဖြစ်နိုင်မယ်…"
တာအိုကဗျာရွတ်ဖတ်သံဆုံးသွားသည်နှင့် လူငယ်က ဘိုးဘေးနဂါးမင်းကြီးကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း…
"ဘိုးဘေးနဂါးမင်းကြီး… ကျုပ်က တာအိုဆရာသခင် ချင်းရွှမ် ဖြစ်ပါတယ်…"
ဆန်းလျန်က ထိပ်တန်းအဆင့် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်နေပြီ ဖြစ်လေသည်။
သို့သော်… တာအိုတရားကို နားလည်သည့် မူလနတ်ဘုရားများနှင့် မူလနတ်မိစ္ဆာများအပေါ်တွင် လေးစားမှု အမြဲရှိလေသည်။
နဂါးမင်းကြီးနှင့် တွေ့ဆုံခွင့်ရသည့်အချိန်က အချိန်ကောင်းမဟုတ်သည်မှာ ကံဆိုးခြင်းပင်ဖြစ်သည်။
ဘိုးဘေးနဂါးမင်းကြီးက တန်ခိုးစွမ်းအားနှင့် ပြည့်ဝသလို အသိဉာဏ်ပညာနှင့် ပြည့်ဝသူလည်း ဖြစ်လေသည်။
နဂါးမင်းကြီးက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"တာအိုဆရာသခင်ကြီးက ဘာကိစ္စများရှိလို့ ရောက်လာရတာလဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"လုပ်စရာတော့ မရှိပါဘူး ၊ ဒါပေမဲ့ နဂါးအမြုတေ လိုချင်လို့ပါ…"
ဘိုးဘေးနဂါးမင်း တုန်လှုပ်ထိတ်လန့်သွားသည်။
သို့သော်… တာအိုဆရာသခင်ကြီးတစ်ပါးလိုချင်သည့် ပစ္စည်းကို မပေး၍လည်း မဖြစ်ပေ။
ကံဆိုးခြင်းနှင့် ကံကောင်းခြင်း တစ်ပြိုင်တည်းရောက်လာလေပြီဟု နားလည်လိုက်ပြီး ဘိုးဘေးနဂါးမင်းကြီးက စိတ်မကောင်းစွာ တစ်ချက် ပြုံးလိုက်လေသည်။
"တာအိုဆရာသခင်ကြီးလိုချင်တဲ့အရာကို ကျုပ် ဘယ်မှာ ငြင်းဆန်ဝံ့ပါ့မလဲ ၊ ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က တာအိုဆရာသခင်ကြီးနဲ့ ယှဉ်လိုက်ရင် နည်းနည်းလေးပဲ မဟုတ်လား…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"တာအိုရောင်းရင်းရဲ့ လက်ချက်နဲ့ သေခဲ့ကြတဲ့ နတ်ဘုရားတွေ ၊ နတ်မိစ္ဆာတွေလည်း ဒီလိုပဲ တွေးကောင်းတွေးခဲ့ကြမယ် ထင်ပါတယ်…"
လူငယ်က ပြုံးနေသော်လည်း ဘိုးဘေးနဂါးမင်းကြီးမှာတော့ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်အထိ ထိတ်လန့်သွားလေသည်။
နောက်ဆုံးတော့ အရှိန်အဝါ ကြီးမားလွန်းလှသည့် ဘိုးဘေးနဂါးမင်းကြီးသည် ခြေချောင်း (၉)ချောင်းပါရှိသည့် နဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းလိုက်လေသည်။
သူ၏ နဂါးအမြီးကြီးသည် လောကကြီးတစ်ခုလုံးကိုပင် ဇောက်ထိုးလှန်ပစ်နိုင်သည့်အလား ကြီးမားလှသည်။
ထို့နောက်… နဂါးမင်းကြီးသည် အဆုံးမရှိလောင်ကျွမ်းနေသည့် နတ်မီးဖိုကြီးအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
နဂါးဟိန်းသံကြီးတစ်သံထွက်ပေါ်လာပြီး နတ်မီးဖိုကြီးထဲမှ အလွန်ကောင်းမွန်ပြီး အနှစ်သာရပြည့်ဝသည့် နဂါးအမြုတေ ထွက်ပေါ်လာလေသည်။
ဘိုးဘေးနဂါးမင်းကြီး နတ်ရွာစံသွားသည့်အခါ ကောင်းကင်တစ်ခွင်နှင့် မြေကြီးတစ်ခွင်ရှိ နဂါးမျိုးနွယ်များအားလုံး ဝမ်းနည်းနာကျင်စွာဖြင့် အော်ဟစ်လိုက်ကြပြီး မျက်ရည်များ စီးဆင်းကျလာကြလေသည်။
နဂါးများသည် မိုးရွာသွန်းစေသည့် နတ်ဘုရားများ ဖြစ်ကြလေရာ သူတို့၏ ငိုကြွေးမြည်တမ်းခြင်းများက သည်းထန်သည့်မိုးများကို ရွာသွန်းစေလေသည်။
မိုးရေချိန်အလွန်များပြားပြီး သမိုင်းမတိုင်မီ ခေတ်ဦးကာလကို ဖျက်စီးဆေးကြောပစ်သည့် ကမ္ဘာဖျက်မိုးကြီး ရွာသွန်းခြင်းပင်ဖြစ်လေတောသည်။
ဤ ကမ္ဘာဖျက်မိုးသည် ရွာသွန်းရမည့် မိုးတစ်ခုသာဖြစ်ပြီး အချို့သောသတ္တဝါများ သေဆုံးကြကာ အချို့သောသတ္တဝါများ ကျန်ရစ်ကြမည် ဖြစ်လေသည်။
ထို့နောက်တွင်တော့… ယွမ်စီထျန်းကျွင်း၏ ဖန်ဆင်းခြင်းတရားငြဖ့် လူသားများ မွေးဖွားဖြစ်တည်လာပေလိမ့်မည်။
တာအိုဆရာသခင်ကြီးများသာလျှင် ထိုအဖြစ်အပျက်များကို နားလည်နိုင်ကြမည်ဖြစ်ပြီး အခြားသူများ နားလည်နိုင်ကြမည် မဟုတ်ပေ။
ဆန်းလျန်က နတ်မီးဖိုကြီးအတွင်းမှ နဂါးအမြုတေကို ယူလိုက်လေသည်။ ဘိုးဘေးနဂါးမင်းကြီးမှ ပြောင်းလဲသွားသည့် နဂါးအမြုတေက အလွန်မှ သန့်စင်လှလေသည်။
ဆန်းလျန်က အင်္ကျီလက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်လေရာ နတ်မီးဖိုကြီးက တဖြည်းဖြည်းကျုံ့ဝင်သွားပြီး သူ၏ အင်္ကျီလက်အတွင်းသို့ ဝင်ရောက်သွားလေသည်။
စန့်ချင်တာအိုဆရာသခင်ကတော့ အနောက်ဘက်ဒေသရှိ တောင်တန်းများဆီသို့ ရောက်ရှိနေလေသည်။
ထိုနေရာသည် ဇာမဏီနတ်ဘုရားနန်းတော်တည်ရှိရာ မီးတောင်ဒေသ ဖြစ်လေသည်။
တောင်တန်းများက မြင့်မားပြီး သစ်ပင်များက စိမ်းလန်းစိုပြေလျှက် ရှိလေသည်။ ထိုသစ်ပင်များတွင် ဇာမဏီငှက်မျိုးနွယ်ပေါင်းများစွာ နေထိုင်ကြလေသည်။
အလွန်တရာ လှပသည့် ဒေါင်းစိမ်းတစ်ကောင်က ကောင်းကင်ထက်တွင် ပျံသန်းနေပြီး ဒေါင်းစိမ်းကို တွေ့မြင်သည်နှင့် အခြားသောဇာမဏီငှက်များက လေးစားသမှုဖြင့် ညင်သာစွာ ရှောင်တိမ်းသွားကြလေသည်။
ရုတ်တရက်… ဒေါင်းစိမ်းက ပျံသန်းခြင်းကို ရပ်တန့်လိုက်လေသည်။
အကြောင်းမှာ… သူ့ရှေ့တွင် လူတစ်ယောက် ရှိနေသောကြောင့် ဖြစ်လေ၏။ ဒေါင်းစိမ်းရှေ့တွင် ရပ်နေသူက စန့်ချင်တာအိုဆရာသခင်ပင် ဖြစ်သည်။
စန့်ချင်တာအိုဆရာသခင်က ဒေါင်းစိမ်းကို တစ်ချက်ကြည့်လိုက်ပြီး…
"မင်း ကျုပ်ကို ဆရာအဖြစ် ကိုးကွယ်ချင်သလား…"
ဒေါင်းစိမ်း၏ မျက်လုံးများထဲတွင် စိတ်ရှုတ်ထွေးသည့် အမူအရာများ ထင်ဟပ်လာလေသည်။
သူ့ရှေ့မှလူ မည်သူဖြစ်သည်ကို သိရှိခြင်းမရှိပေ။ သို့သော်… သူကဲ့သို့ မြင့်မြတ်လှသည့် ဘိုးဘေးဇာမဏီငှက်၏ သားတော်ကို မည်သူက ရာရာစစ တပည့်အဖြစ် မွေးချင်ရပါသနည်း။
ဒေါင်းစိမ်းက ခေါင်းခါရမ်းလိုက်ပြီး အေးစက်သည့်အကြည့်ဖြင့် စန့်ချင်တာအိုဆရာသခင်ကို ကြည့်လိုက်သည်။
ထိုက်စန့်တာအိုဆရာသခင်က…
"မင်း နောင်တရလိမ့်မယ်…"
ဒေါင်းစိမ်းမှာ စန့်ချင်တာအိုဆရာသခင်၏ စကားကို နားမလည်ဘဲ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေလေသည်။
ဒေါင်းစိမ်းသည် စန့်ချင်တာအိုဆရာသခင်၏ ပထမဆုံး တပည့်ဖြစ်လာမည့် အခွင့်အရေးကို ငြင်းပယ်လိုက်သည့်အတွက် နောင်တစ်ချိန်တွင် စန့်ချင်တာအိုဆရာသခင်၏ ပထမဆုံးတပည့် တာအိုဆရာသောပေါင်ကို အရှုံးပေးခဲ့ရလေသည်။
ဒေါင်းစိမ်းသည် ကောင်းမွန်သည့် အခွင့်အရေးတစ်ခု ရရှိခဲ့သော်လည်း လွဲချော်ခဲ့ရပြီ ဖြစ်သည်။
ထို့နောက် စန့်ချင်တာအိုဆရာသခင်က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ဇာမဏီနတ်ဘုရားနန်းတော်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ဇာမဏီနတ်ဘုရားနန်းတော်ထဲတွင် ဘိုးဘေးဇာမဏီငှက် ရှိနေလေသည်။
သူမက စန့်ချင်တာအိုဆရာသခင်ကို အစောကြီးကတည်းက စောင့်မျှော်နေခဲ့ဟန် ရှိလေသည်။
သူမက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…
"ကျွန်မရဲ့သားက ကံကောင်းခဲ့ပါတယ်…"
စန့်ချင်တာအိုဆရာသခင်က…
"ဇာမဏီငှက်တွေကအရည်အချင်းရှိတယ် ၊ ဇာမဏီငှက်တွေအပေါ်မှာ ကျုပ်ရဲ့ ဗီဇဝိညာဉ်မရဏဓား (၄)လက် ဘယ်တော့မှ ကျရောက်မှာမဟုတ်ဘူး…"
ဘိုးဘေးဇာမဏီငှက်ကို ကြည့်ရသည်မှာ စိတ်ရှုတ်ထွေးနေဟန် ရှိလေသည်။
သို့သော်… ဤနေ့သည် သူမဘ၀ အဆုံးသတ်ရမည့်နေ့ဖြစ်သည်ကိုလည်း သူမ သိရှိထားလေသည်။
သူမသည် ထာဝရအသက်ရှင်သန်ခြင်းတရားဖြင့် မွေးဖွားလာသူ ဖြစ်လေသည်။ သို့သော်… စန့်ချင်တာအိုဆရာသခင်၏ ဗီဇဝိညာဉ်မရဏဓား (၄)လက်ကို ရင်ဆိုင်ရလျှင် သူမ၏ တန်ခိုးစွမ်းအားများသည်လည်း အရာထင်မည် မဟုတ်ပေ။
ဗီဇဝိညာဉ်မရဏဓား (၄)လက်တွင် သတ်ဖြတ်လိုသည့် မရဏစွမ်းအားများသာရှိပြီး အခြားမည်သည့်စွမ်းအားမှ မရှိပေ။
မရဏဓား (၄)လက်သည် သက်ရှိအားလုံးကို သုတ်သင်ပစ်မည်ဖြစ်ပြီး သတ်စရာမရှိတော့မှသာ ရပ်တန့်သွားမည် ဖြစ်လေသည်။
တာအိုဆရာသခင်ကြီးများမှလွဲပြီး မည်သူမှ ထို မရဏဓား (၄)လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဘိုးဘေးဇာမဏီငှက်က သက်ပြင်းချလိုက်ပြီး…
"နိဗ္ဗာနမီးတောက်ကို စန့်ချင်တာအိုဆရာသခင်ကို ပေးအပ်ပါ့မယ်…"
ထို့နောက် ဘိုးဘေးဇာမဏီငှက်၏ ခန္ဓာကိုယ် လောင်ကျွမ်းသွားပြီး မီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။
ထိုမီးတောက်မှာ ဇာမဏီငှက်ပြန်လည်မွေးဖွားရာ မိုးကောင်းကင်မီးတောက်ဟု ခေါ်ဆိုသည့် နိဗ္ဗာနမီးတောက်ပင် ဖြစ်လေသည်။
စန့်ချင်တာအိုဆရာသခင်က…
"ကျုပ် ဒီ နိဗ္ဗာနမီးတောက်ကို လက်ခံပါ့မယ် ၊ အနာဂတ်မှာ ကျုပ်တပည့် သောပေါင် ဒီမီးတောက်ကို လက်ခံရရှိပြီးရင် မင်းရဲ့သားတော်ကို အသက်မသေစေဘဲ ရှင်သန်ခွင့်ပေးပါ့မယ်…"
တာအိုဆရာသခင်ကြီး (၂)ပါးဖြစ်သည့် ဆန်းလျန်နှင့် စန့်ချင်တာအိုဆရာသခင်တို့သည် မူရင်းအချိန်ကာလမှ ခွဲခွာပြီး သမိုင်းမတိုင်မီ ခေတ်ဦးကို ဖျက်စီးခဲ့ကြလေသည်။
ဤသည်မှာ အတိတ်နှင့်အနာဂတ် အကြောင်းအကျိုးကို ပြန်လည်ပေါင်းစည်းရန်အတွက် အမှန်တကယ်လိုအပ်သည့် အလုပ်တစ်ခုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
အဆုံးသတ်တွင်တော့… လောကတွင် ငါလည်းမရှိ ၊ သင်လည်းမရှိ… ၊ မည်သည့်အရာမှမရှိ… ၊ အရာအားလုံးသည် နတ္ထိ ဖြစ်လေသည်။
အရာအားလုံး ပျက်စီးသွားပြီးနောက်ပိုင်းတွင်တော့ တာအိုဆရာသခင်ကြီး (၉)ပါးလုံးသည် အပြီးတိုင် သံသရာကိုကျော်လွန်ကာ သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားကြပေလိမ့်မည်။
ဒေါင်းစိမ်းသည် တောင်ပေါ်လမ်းတွင် ယောင်လည်လည်နှင့် အဓိပ္ပါယ်မဲ့လမ်းလျှောက်နေပြီး အချိန်အတော်ကြာ လှည့်ပတ်နေခဲ့လေသည်။
ထို့နောက် သူက စောစောက ကြုံတွေ့ခဲ့သည့် ထူးဆန်းသည့်အဖြစ်အပျက်ကို မိခင်ဖြစ်သူအားမေးမြန်းရန် ဇာမဏီနတ်ဘုရားနန်းတော်သို့ ပြန်လာခဲ့လေသည်။
သူက ဘိုးဘေးဇာမဏီငှက်၏ သားတော်ဖြစ်ပြီး လောကတွင် သူ့ကို မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။
သို့သော်… သူ ဇာမဏီနတ်ဘုရားနန်းတော်အတွင်းသို့ ဝင်လိုက်သည်နှင့် မီးတောက်တစ်ခုကိုသာ တွေ့မြင်ရလေသည်။
အမေနှင့်သားဆိုသည်က ဆက်နွယ်နေလေသည်။ ဒေါင်းစိမ်းသည် ချက်ချင်းပင် မိခင်ဖြစ်သူ ဘိုးဘေးဇာမဏီငှက် နတ်ရွာစံသွားပြီကို သိရှိသွားပြီး အလွန်ဝမ်းနည်းသွားမိလေတော့သည်။
ဘိုးဘေးဇာမဏီငှက် ချန်ထားခဲ့သည့် အသံလှိုင်းသည် ဇာမဏီနတ်ဘုရားနန်းတော်တွင် ပျံ့လွင့်လာလေသည်။
"ငါ့ရဲ့သားက ရောင်စဉ် (၅)မျိုး တန်ခိုးစွမ်းအားကို ကျင့်ကြံနိုင်မယ်ဆိုပေမယ့် နိဗ္ဗာနတန်ခိုးစွမ်းအားကိုတော့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး…"
ထိုစကားသည် ဘိုးဘေးဇာမဏီငှက်၏ နောက်ဆုံးစကားဖြစ်လေသည်။
ဒေါင်းစိမ်းသည် တိတ်ဆိတ်စွာဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်လေသည်။
ဒေါင်စိမ်းခေါင်းညိတ်ပြလိုက်သည့်အချိန်မှာပင် ဇာမဏီနတ်ဘုရားနန်းတော်အတွင်းမှ မီးတောက်သည်လည်း ပျောက်ကွယ်သွားလေတော့သည်။
ဒေါင်းစိမ်းသည် အတန်ကြာအောင် ယူကျုံးမရဖြစ်နေပြီး တဖြည်းဖြည်း တည်ငြိမ်စ ပြုလာလေသည်။
***