← Chapters

အခန်း (၄၈၅-၄၈၆)

Vol. 46 Ch. 485-486

အခန်း (၄၈၅-၄၈၆)

Vol. 46 Ch. 485-486

အခန်း (၄၈၅)။

“ငါ အပြင်မထွက်တုန်းက နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ဝိညာဉ်လိပ်တစ်ကောင်ကို သတ်ပြီး၊ သူ့အခွံကို မြက်ခြောက်တွေနဲ့ မီးရှို့ပြီး အဲဒီကထွက်လာတဲ့ အက်ကြောင်းတွေကို ကြည့်ကာ နိမိတ်ဖတ်ခဲ့တယ်။ ငါရရှိခဲ့တဲ့ နိမိတ်ကတော့ တောင်တန်းနဲ့ မြစ်ချောင်းတွေရဲ့ နိမိတ်ပဲ။ ဒါဟာ အလွန်ကောင်းမွန်တဲ့ ကံကြမ္မာနဲ့ နောင်တစ်ချိန်မှာ တာအိုကို သိမြင်ပြီး၊ အမှန်တရားကို ကျင့်ကြံနိုင်မယ့် အဓိပ္ပာယ်ပဲ။ ကြည့်ရတာ ငါတို့ ဒီတစ်ချောက် ဒီဇမ္ဗူ မဟာအစီအရင်ကို ထိန်းချုပ်ပြီး ကိုယ်ပိုင်ဖြစ်အောင် လုပ်ဖို့ အောင်အောင်မြင်မြင် မြန်မြန် ဆန်ဆန်နဲ့ ပြီးမြောက်မှာ သေချာတယ်။”

ဘဲဥပုံစံအလင်းတန်းအတွင်းရှိ လူတစ်ဦးက ပြောလိုက်သည်။

“ဒါပေမဲ့ ဒီကိစ္စမှာ ခေါင်းဆောင်ဖန်းရဲ့ ‘ဗြဟ္မာလမ်းစဉ်ခြောက်သွယ်’ စွမ်းအားကို အသုံးချဖို့ လိုလိမ့်မယ်။”

ဤလူများသည် သိသိသာသာပင် ထူးခြားသော အဆင့်အတန်းရှိသူများ ဖြစ်ကြသည်။ အထူးသဖြင့် ‘ဖန်းမိသားစု၏ခေါင်းဆောင်’ ဟူသော ဘွဲ့အမည်ကို ကြည့်ရုံဖြင့် သူသည် အလယ်ပိုင်း ကောင်းကင်ပြည်နယ်ရှိ နောက်ထပ် လျှို့ဝှက်ဆန်းကြယ်သော မိသားစုကြီး တစ်ခုမှ ဖြစ်ကြောင်း သိနိုင်သည်။

ဖန်းမိသားစုသည် ကောင်းကင်ပြည်နယ်၏ အစွန်းပိုင်းရှိ ဖန်းပြည်နယ်တွင် အခြေစိုက် သည်။ သူတို့သည် လက်တစ်ဖက်တည်းဖြင့်ပင် ကောင်းကင်ကို ဖုံးကွယ်နိုင်လောက်အောင် အင်အားကြီးမားကာ ဧကရာဇ်၏ အမိန့်အာဏာပင် မသက်ရောက်နိုင်သော မိသားစုကြီး ဖြစ်သည်။

ဖန်းမိသားစု၊ ကျိမိသားစု၊ ဝမ်မိသားစု နှင့် ဆန်းမိသားစု။

ဤမိသားစုကြီး လေးခုအကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီကတည်းက သာမန် ပြည်သူများက တေးကဗျာများ စပ်ဆိုကာ သီဆိုခဲ့ကြသည်။ တော်ဝင်ချန်၊ မဟာကျိုးနှင့် မဟာရှင်း စသည့် မင်းဆက်များပင်လျှင် သူတို့ကို အပြစ်မပြုဝံ့ကြဘဲ ကျေနပ်အောင် ပေါင်းသင်းဆက်ဆံကြရသည်။

ယခုလက်ရှိ ချန်ဧကရာဇ် ယန်ဖန်ပင်လျှင် ဤစည်းမျဉ်းမှ ကင်းလွတ်ခွင့် မရှိပေ။

“ငါ့အထင်တော့ ‘သူတော်စင်လေး’ ဟုန်ယွိလည်း ဒီရှေးဟောင်းနဂါးသင်္ချိုင်းကို လာလိမ့် မယ်။ ညီအစ်ကို ဝူ... မင်းရဲ့မိသားစုက လူငယ်အချို့ ‘ကျောက်စိမ်းမြို့တော်’ မှာ အနန္တ ရွှေဆေးလုံး’ ပေါ်ထက်လာတာကို တွေ့လိုက်ကြတယ်။ သူတို့က ‘ယွန်မင်နိုင်ငံ ကောင်းကင်နဂါးဂိုဏ်း’ အထိ လိုက်သွားကြရင်းနဲ့ အဲဒီမှာ ဟုန်ယွိက ‘ကောင်းကင်နဂါး တာအိုသခင်မ’ ရဲ့ မိုးကြိုးကပ်ဘေးကို ကူညီပေးနေတာနဲ့ တိုးခဲ့ကြတယ်ဆို။ အဲဒီဟုန်ယွိ ဘာတွေ ကြံစည်နေလဲဆိုတာ ငါသိတာပေါ့။”

ဖန်းမိသားစု ခေါင်းဆောင်သည် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း အတွင်းရှိ ကြီးမားလှ သော ဇမ္ဗူမဟာအစီအရင်ကို ကြည့်လိုက်သည်။

“ဟုတ်တယ်... ‘ကောင်းကင်နဂါးတာအိုသခင်မ’ ကလည်း ရှေးဟောင်းနဂါးသင်္ချိုင်းရဲ့ ဝင်ပေါက်ကို သိထားတယ်။ ဒီလောကမှာ ပညာရှင် သူတော်စင် မိသားစုတွေရဲ့ မှတ်တမ်း တွေကလွဲရင် ကောင်းကင်နဂါးတာအိုသခင်မ တစ်ယောက်ပဲ ဒါကို သိတာ။ သူမကလွဲရင် တိုင်ရှန်တာအိုဂိုဏ်းချုပ် ‘မုန့်ရှန်းကျီ’ တောင် ဒါကို မသိဘူး။” ဟု ဝူမိသားစု အကြီးအကဲက ဆိုသည်။

ယခုအချိန်တွင် ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းအတွင်း၌ ဘဲဥပုံစံ အလင်းတန်းဖြင့် လွှမ်းခြုံထားသော လူလေးဦး ရှိနေသည်။ ခေါင်းဆောင်မှာ ဖန်းမိသားစု ခေါင်းဆောင် ဖြစ်ပြီး ကျန်လူများမှာ ဝူမိသားစု ခေါင်းဆောင်၊ ဝမ်မိသားစု ခေါင်းဆောင်နှင့် ဆန်းမိသားစု ခေါင်းဆောင်တို့ ဖြစ်ကြသည်။

သူတို့လေးဦးစလုံးမှာ အလယ်ခေတ် ပညာရှင် သူတော်စင်ကြီးများကဲ့သို့ ဝတ်ဆင်ထားကြ သည်။ တစ်ဦးချင်းစီတွင် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းပြီး ဟင်းလင်းပြင်ကဲ့သို့ ကြည်လင်သော ခန့်ညားထည်ဝါမှုများ ရှိနေကြသည်။ ရုပ်ရည်အားဖြင့်ဆိုလျှင် ‘အစစ်မှန် ခုနှစ်စဉ်ကြယ် ဂိုဏ်း’ နှင့် ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ တို့၏ ခေါင်းဆောင်များထက်ပင် သာလွန်နေ ပေသည်။

“ဟုန်ယွိရဲ့ ရည်မှန်းချက်က ရှေးဟောင်းနဂါးသင်္ချိုင်းထဲက နဂါးဝိညာဉ် ပုံဆောင်ခဲတွေ၊ နဂါးအရိုးတွေနဲ့ နဂါးအကြေးခွံတွေပဲ ဖြစ်ရမယ်။ ဒါတွေက ‘ရှေးဦးတိုက်ပွဲဝင်ချပ်ဝတ်’ သန့်စင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေပဲ။ အဲဒီချပ်ဝတ်တွေသာ ရှိမယ်ဆိုရင် ‘ရှင်တန်’ သိုင်းသခင်အဆင့် ကျင့်ကြံသူတစ်စုကို လေ့ကျင့်ပေးလိုက်ရုံနဲ့တင် တစ္ဆေအင်မော်တယ် ပညာရှင်တစ်ယောက်ကို သတ်နိုင်လိမ့်မယ်။ တကယ်လို့ သိုင်းသူတော်စင် တစ်ယောက် သာ ဝတ်ထားမယ်ဆိုရင် သူ့ရဲ့အငွေ့အသက်ကို ဖုံးကွယ်ပြီး လျှို့ဝှက်ခြောင်းမြောင်းပြီး တိုက်ခိုက်နိုင်လိမ့်မယ်။ မိုးကြိုးကပ်ဘေး ၅ ကြိမ် ဒါမှမဟုတ် ‘စိတ်အာရုံ အလိုလိုခံစား သိမြင်မှု’ နယ်ပယ်ကို မရောက်သေးတဲ့လူတွေဆိုရင် ကျိန်းသေပေါက် အသတ်ခံရမှာပဲ။ လောကကြီး ရှုပ်ထွေးနေချိန်မှာ ဒါဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အင်အားပဲ။ ဒီ ဟုန်ယွိရဲ့ ရည်မှန်းချက်က ကြီးမားပြီး သူ့ကို လျှော့မတွက်သင့်ဘူးလို့ ငါထင်တယ်။ အထူးသဖြင့် ရှေးဟောင်း ချီလင်ကတောင် သူ့ကို သစ္စာခံထားတာဆိုတော့ သူ့ရဲ့ အာဏာ က ပိုကြီးလာတာပေါ့။ ဒီတစ်ခါ ငါတို့ ဝမ်မိသားစုက ‘ဖုန်းအာ’ (ဝမ်ဖုန်း) လည်း သူ့ရှေ့မှာ အရှက်တကွဲ ဖြစ်ခဲ့ရတယ်။ သူ့ရဲ့ အစေခံ ‘ယွမ်ကုန်းမင်’ကတောင် အညံ့ခံသွားခဲ့တယ်။ အဲဒီမျောက်ဝံကြီးက ‘အရှေ့ပင်လယ် မိစ္ဆာနတ်ဘုရားလိုဏ်ဂူ’ က ‘ကောင်းကင်မိစ္ဆာ မျောက်ဝံကြီး’ ဆီကနေ ‘ဝိညာဉ်သန့်စင်တာအိုပညာရပ်’ နဲ့ လဲလှယ်ပြီး ဝယ်ထားရတာ။ ငါတို့ အများကြီး ဆုံးရှုံးသွားခဲ့တယ်။ တကယ်လို့ ငါတို့သာ ဟုန်ယွိကို ဒီအတိုင်း ဆက်လွှတ် ထားမယ်ဆိုရင် သူ ဩဇာအာဏာ ရလာတဲ့အခါ ငါတို့မိသားစုကြီးတွေရဲ့ သြဇာ ကျဆင်း သွားမှာကို ငါစိုးရိမ်တယ်။” ဝမ်မိသားစု ခေါင်းဆောင်က ဆိုသည်။

ဝမ်မိသားစု ခေါင်းဆောင်သည် ဘဲဥပုံစံ အလင်းတန်းဖြင့် ဖုံးကွယ်ထားသော်လည်း သူ၏ အနက်ရောင် မုတ်ဆိတ်ရှည်များမှာ လေထဲတွင် ဝဲနေပြီး၊ မျက်ခုံးများမှာ ဓားကဲ့သို့ စူးရှကာ၊ မျက်နှာမှာ လေးထောင့်ကျကျဖြင့် အသားအရည်မှာ ကြည်လင်ဖြူဝင်းနေသည်။ သူ၏ ခန္ဓာကိုယ်မှာ မြင့်မားသွယ်လျပြီး သူ၏ မျက်လုံးများတွင် နက်နဲသော ပညာအလင်းများ တောက်ပနေသည်။ သာမန်ကျင့်ကြံသူများနှင့် မတူသည်မှာ သူ၏ စရိုက်မှာ အင်မော်တယ် တစ်ယောက်နှင့် မတူဘဲ စာပေပညာရှင်တစ်ဦး၏ နက်ရှိုင်းသော အရှိန်အဝါမျိုး ရှိနေခြင်း ပင် ဖြစ်သည်။

ဝမ်မိသားစု ခေါင်းဆောင် ‘ဝမ်လင်းရှန်း’ ကို နန်းတော်က ‘လူရှန်းမြို့စားကြီး’ဘွဲ့ နှင်းအပ် ထားသည်။ သူသည် တာအိုကျင့်ကြံခြင်းလောကမှ လူတစ်ဦး မဟုတ်ဘဲ၊ ကွန်ဖြူးရှပ် အယူအဆဆိုင်ရာ မဟာပညာရှင်ကြီးတစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော် က သူသည် တော်ဝင်ချန်မင်းဆက်၏ ‘သိုင်းကျမ်း’ နှင့် ‘တာအိုကျမ်း’ ပြုစုရာတွင် ပါဝင်ခဲ့ သည်။ သို့သော် ထိုကျမ်းများကို ပြုစုပြီးနောက် သူသည် တောင်ပေါ်မှ မဆင်းတော့ဘဲ ‘နျန်ပြည်နယ်’ ရှိ သူ၏အိမ်တွင်သာ တံခါးပိတ်ပြီး စာအုပ်များ ရေးသားနေခဲ့သည်မှာ နှစ်ပေါင်း ၄၀ ရှိပြီ ဖြစ်သည်။

သူ တာအိုပညာရပ်များကို တတ်မြောက်သည်ဟု လောကတွင် မည်သူမျှ မသိကြပေ။

ဟုန်ယွိသည် ချီလင်နှင့်အတူ သဲကန္တာရပြည်နယ် နယ်စပ်တွင် ပေါ်လာခြင်းက လောကကို တုန်လှုပ်စေခဲ့ပြီး လူများစွာကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ယွမ်ကုန်းမင်ကို အညံ့ခံခိုင်းလိုက်ခြင်းဖြင့် သူသည် ဝမ်မိသားစုကို စော်ကားမိသွားခဲ့သည်။ ဘယ်သော အခါ မှ ပေါ်မလာဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသော ဤလျှို့ဝှက်ဆန်းကြယ်သည့် ဝမ်မိသားစု ခေါင်းဆောင်ပင်လျှင် နိုးကြားလာခဲ့ရသည်။

မင်းဆက်ပြောင်းလဲမည့် အဖြစ်အပျက်ကြီးမျိုး ဖြစ်လျှင်တောင်မှ ဤဝမ်မိသားစု ခေါင်းဆောင်သည် ကိုယ်တိုင် ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။ နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိသော ပညာရှင် သူတော်စင်မိသားစု တစ်ခု၏ ခေါင်းဆောင်ဆိုသည့် အဆင့်အတန်းမှာ မြင့်မြတ်နယ်မြေ ဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များထက် မနိမ့်ကျပေ။

အမှန်စင်စစ် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော မိသားစုကြီးများနှင့် ရှေးရိုးဆွဲ ကွန်ဖြူးရှပ်ဝါဒီ ဂိုဏ်းကြီးများသည် ‘ဒိုင်ဇင်ဘုရားကျောင်း’နှင့် ‘တိုင်ရှန်တာအိုဂိုဏ်း’တို့ ကဲ့သို့ မြင့်မြတ်နယ်မြေများကိုပင် အထင်သေးကြသည်။ သူတို့သည် ထိုဂိုဏ်းများကို မိစ္ဆာဂိုဏ်းများအဖြစ် သတ်မှတ်ကြပြီး လူသားတာအို၏ စစ်မှန်သော လမ်းစဉ်မဟုတ်ဟု ယူဆကြသည်။

တာအိုပညာနှင့် မှော်ပညာများကို ကျင့်ကြံကြသော တာအိုပညာရှင် အားလုံးကိုပင် ကွန်ဖူးရှပ်ပညာရှင်များနှင့် ထိုမိသားစုကြီးများက “အသေးအဖွဲ့ ပညာလေးတွေနဲ့ ကစားနေကြတဲ့ လူပြက်တွေ” အဖြစ် ကဲ့ရဲ့ ရှုတ်ချလေ့ ရှိကြသည်။

ဟုန်ရွှမ်ကျီသည် သူ့ကိုယ်ကို ကွန်ဖြူးရှပ်ဝါဒီ ပညာရှင်ကြီးတစ်ဦးအဖြစ် ခံယူထားသည်။ သူသည် နန်းတော်သို့ အကြိမ်ကြိမ် အစီရင်ခံစာတင်ကာ ‘ဖန်ရှင်းတာအိုဂိုဏ်း’ အမှန်တရား တာအိုဂိုဏ်းနှင့် ‘တိုင်ရှန်တာအိုဂိုဏ်း’ တို့ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။ သူသည် ထိုသူအားလုံးကို မိစ္ဆာများကဲ့သို့ သဘောထားလိုခြင်း ဖြစ်သည်။

ဤအချိန်တွင် မိသားစုကြီးလေးခု၏ ခေါင်းဆောင်လေးဦးစလုံး လှုပ်ရှားလာကြပြီး ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း အတွင်းရှိ နဂါးသင်္ချိုင်းသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ အကယ်၍ အပြင်လူများသာ ဤအကြောင်းကို သိသွားပါက တစ်လောကလုံး တုန်လှုပ်သွားပေလိမ့်မည်။ နန်းတော်၏ အမြင်တွင် ဤမိသားစုခေါင်းဆောင် လေးဦး၏ အဆင့်အတန်းမှာ မြင့်မြတ်နယ်မြေ ဂိုဏ်းချုပ်များထက်ပင် ပို၍ အရေးပါသောကြောင့် ဖြစ်သည်။

...

“ပညာရှင် သူတော်စင်တွေဆိုတာ ဒဏ္ဍာရီတွေထဲမှာပဲ ရှိခဲ့တာ။ သူတို့ဟာ အလယ်ခေတ် မှာ ကွယ်ပျောက်သွားခဲ့ကြပြီ။ အဲဒီတော့မှပဲ ပြည်သူတွေက သူတို့ကို ရိုသေကိုးကွယ်ကြ တာ။ အချိန်သမိုင်း မြစ်ကြီးထဲမှာ နောက်ထပ် ပညာရှင် သူတော်စင်တစ်ယောက် ထပ်ပေါ် မလာရဘူး။ အဲဒီလိုမှမဟုတ်ရင် ငါတို့မိသားစုရဲ့ ရှေးဟောင်း ပညာရှင် သူတော်စင်တွေဟာ လူသားတွေအဖြစ် ပြန်လည်မွေးဖွာသလို ဖြစ်သွားပြီး၊ ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာတွေ လည်း သာမန်ပြည်သူတွေကြားမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။”

ဖန်းမိသားစု ခေါင်းဆောင်သည် ဝမ်လင်းရှန်း၏ စကားကို နားထောင်ပြီးနောက် တည်ငြိမ် စွာဖြင့် တုန်လှုပ်ဖွယ်ရာ စကားတစ်ခွန်းကို ဖြည်းဖြည်းချင်း ဆိုလိုက်လေသည်။

“ငါ အစကတော့ ဟုန်ယွိကို သမိုင်းမြစ်ထဲမှာ ထွက်ပေါ်လာတတ်တဲ့ နောက်ထပ် ထူးချွန်တဲ့ ပါရမီရှင် တစ်ယောက်လို့ပဲ ထင်ခဲ့တာ။ သူလိုလူမျိုးတွေက မရေမတွက်နိုင်အောင် ရှိခဲ့ဖူး တာဆိုတော့ သိပ်ပြီး အာရုံစိုက်စရာ မလိုဘူးလို့ ယူဆခဲ့တယ်။ ဒါပေမဲ့ သူက အဲဒီထက် အများကြီး ပိုနေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ သူရေးသားနေတဲ့ ‘ပြောင်းလဲခြင်းကျမ်း’ရဲ့ အစပိုင်းကို ငါဖတ်လိုက်ရတယ်။ အဲဒီထဲမှာ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေနဲ့ ပညာရှင် သူတော်စင်တွေကြားက ‘ကိုးငါးတာအို’အကြောင်းကို ဖော်ပြထားတယ်။ စကားလုံး အနည်းငယ်နဲ့တင် တကယ်ကို တုန်လှုပ်စရာ ကောင်းနေပြီ။ သူက ကွန်ဖြူးရှပ် မဟာပညာရှင်တွေကို စုစည်းပြီး ‘ပြောင်းလဲခြင်းကျမ်း’ ကို အချောသတ်ဖို့ ကြိုးစားနေ တယ်လို့ ကောလာဟလတွေ ကြားနေရတယ်။ တကယ်လို့ သူသာ ‘ပြောင်းလဲခြင်းကျမ်း’ ကို တကယ်ပဲ အချောသတ်နိုင်သွားရင် ပညာရှင် သူတော်စင် တစ်ယောက် ဖြစ်လာဖို့ဆို တာ မဝေးတော့ဘူး။ အဲဒီအချိန်ကျရင် ငါတို့ ပညာရှင် သူတော်စင် မိသားစုတွေက ဘယ်မှာ သွားရပ်ရမလဲ။ ဒါပေမဲ့ ဒီကိစ္စတွေက နည်းနည်းတော့ အလှမ်းဝေးပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ငါတို့ ဟုန်ယွိကို ဒါမျိုးလုပ်ခွင့် မပေးနိုင်ဘူး။ အထူးသဖြင့် အဲဒီ ရှဲ့ဝန်ယွမ်... သူက ဟုန်ယွိကို မြှောက်ပင့်ပေးဖို့ ရဲရဲဝံ့ဝံ့ ကြိုးစားနေတာဆိုတော့ သူ့ကိုလည်း လျှော့တွက်လို့ မရဘူး။”

“ဖန်းမိသားစု ခေါင်းဆောင် ပြောတာ မှန်တယ်။”

ဝမ်လင်းရှန်း၊ ဆန်းမိသားစု ခေါင်းဆောင်နှင့် ဝူမိသားစု ခေါင်းဆောင်တို့သည် ဖန်းမိသားစု ခေါင်းဆောင်၏ စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ကြသည်။ သူပြောသည်မှာ အမှန်တရားဖြစ်ကြောင်း သူတို့ သိကြသည်။

“ရှဲ့ဝန်ယွမ်က တောင်ပိုင်းပြည်နယ် ရှဲ့မိသားစုကပဲ။ သူတို့က ပညာရှင် သူတော်စင် မိသားစု မဟုတ်ပေမဲ့ နှစ်ပေါင်းရာချီတဲ့ သမိုင်းကြောင်းရှိပြီး ထင်ရှားတဲ့ မိသားစုတစ်ခုပဲ။ အခုလို ပါရမီရှင်တွေ ပေါများနေတဲ့ အချိန်မှာ သူကလည်း ပညာတတ်လောကမှာ သြဇာ ကြီးမားတယ်။ တကယ်လို့ သူသာ ဟုန်ယွိရဲ့ ဂုဏ်သတင်းကို တည်ဆောက်ပေးမယ်ဆိုရင် အဲဒါက ချက်ချင်း အောင်မြင်သွားမှာပဲ။”

ဝမ်လင်းရှန်းက ပြောလိုက်သည်။ ထို့နောက် သူက ဆန်းမိသားစု အကြီးအကဲဘက်ကို လှည့်ကာ ပြုံးလိုက်သည်။ “ညီအစ်ကို ဆန်း... အခု အနောက်ဘက်ဒေသ စစ်ပွဲမှာ မင်းတို့ ဆန်းမိသားစုရဲ့ တပည့်တွေက နာမည်ကြီးနေကြတယ်။ ‘ဆန်းဝေဝေ’ က အမျိုးသမီး ဖြစ်ပေမဲ့ စစ်မြေပြင်ကို သွားပြီး ‘ကျူးလစ်မိသားစု’ ရဲ့ မြို့စားကို အရှင်ဖမ်းနိုင်ခဲ့တယ်တဲ့။ ဒါပေမဲ့ ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် အတင်းအဖျင်းတွေ အများကြီး ဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်။”

“ဆန်းဝေဝေက ဆန်းမိသားစု ကိုယ်လုပ်တော်က မွေးတဲ့ သမီးပဲ။ သူမ ဘယ်နေရာကနေ တာအိုပညာရပ်အချို့ သင်လာလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ သူမက စိတ်ကူးယဉ်နေတာ။ သူမက ‘မက်မွန်နတ်ဘုရားဂိုဏ်း’ နဲ့ ပူးပေါင်းပြီး မိသားစုခေါင်းဆောင် ရာထူးကိုတောင် လုချင်နေတာ။ သူမက ဟုန်ယွိနဲ့တောင် ပတ်သက်နေတယ်လို့ ငါ ကြားတယ်။ ဒါပေမဲ့ မျိုးနွယ်စုထဲက လူငယ်တွေထဲမှာ ဘယ်သူမှ သူမကို မယှဉ်နိုင်ကြဘူး။ သူမကို ဖိနှိပ်ဖို့ ခက်နေတယ်။ မျိုးနွယ်စုထဲက အကြီးအကဲတွေကတောင် သူမကို အညံ့ခံခိုင်းဖို့ မစွမ်းသာ ကြဘူး။ ငါ အခု အပြင်ထွက်လာတာက ယဉ်ကျေးမှုဆိုတာ ဘာလဲ၊ ‘ကျင့်ဝတ်သုံးပါးနဲ့ ကိုယ်ကျင့်သီလငါးပါး’ ဆိုတာ ဘာလဲ၊ မလျော်ကန်တဲ့ အတွေးတွေ ရှိတာက ဘာကို ဆိုလို တာလဲဆိုတာ သူမကိုသိအောင် လုပ်ဖို့ပဲ။”

ဆန်းမျိုးနွယ်စု ခေါင်းဆောင်က တည်ငြိမ်သော လေသံ၊ မျိုးနွယ်စုကြီး တစ်ခု၏ ခေါင်းဆောင်ပီသသော ခန့်ညားမှု၊ တင်းကျပ်သော စည်းကမ်းများနှင့်အတူ ပြောလိုက် သည်။ မည်သူမျှ မလျော်ကန်သော အတွေးမျိုး မရှိစေရ၊ မည်သူမျှ စည်းကမ်းကို ဖောက်ဖျက်ခွင့် မရှိစေရဟူသော အသွင်မျိုးပင်။

ဆန်းဝေဝေ၏ တာအိုပညာရပ်များသည် ကျူးလစ်မိသားစု၏ သိုင်းသူတော်စင် မြို့စား လော့ဒင်ကိုပင် အညံ့ခံစေနိုင်ခဲ့သည်။ ဆန်းမိသားစုမှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ သော မိသားစုကြီးတစ်ခု ဖြစ်သော်လည်း သိုင်းသူတော်စင်နှင့် တစ္ဆေအင်မော်တယ်များမှာ ရှားပါးလှသည်။ မိသားစုမှ အကြီးအကဲများပင် ‘ရွှမ်မင်တာအို’ ၏ ဆက်ခံသူဖြစ်သော သူမကို မဖိနှိပ်နိုင်ကြပေ။ ထို့ကြောင့် မိသားစု ခေါင်းဆောင် ကိုယ်တိုင် လှုပ်ရှားလာရခြင်း မှာ သဘာဝကျလှသည်။ ထိုသို့မှ မဟုတ်လျှင် မိသားစုကြီးများ၏ အမြင်တွင် စည်းမျဉ်းများ ကို ချိုးဖောက်ခြင်း ဖြစ်နေပေလိမ့်မည်။

“ကောင်းပြီ၊ အခု ငါတို့ အဆင်သင့်ဖြစ်ပြီ၊ အခု ငါတို့ ဇမ္ဗူအမဟာစီအရင်ထဲကို အတူတူ ဝင်ကြစို့။ ပြီးရင် ဒီမဟာအစီအရင်ကို အရင် ထိန်းချုပ်ကြမယ်၊ ဒီတစ်ခါမှာ ဟုန်ယွိ ထွက်ပေါ်လာမူနဲ့အတူ နန်းတော်ရဲ့ ဖိအားတွေကြောင့်သာ ငါတို့ မိသားစုကြီး လေးခု ပူးပေါင်းနိုင်ခဲ့တာ။” ဖန်းမိသားစု ခေါင်းဆောင်က အေးစက်စွာ ဆိုလိုက်သည်။ “အချိန် မဖြုန်းကြနဲ့တော့။ ငါတို့ ဇမ္ဗူမဟာအစီအရင်ကို ထိန်းချုပ်ပြီးတာနဲ့ ဟုန်ယွိ ထောင်ချောက် ထဲ ဝင်လာမှာကို စောင့်နေကြမယ်။ ဒီဇမ္ဗူမဟာအစီအရင်က တကယ်ကို အစွမ်းထက်ပြီး ထိန်းချုပ်ဖို့ ခက်တယ်။ ဒါပေမဲ့ ငါတို့ မိသားစုလေးခုရဲ့ ပညာရှင် သူတော်စင်တွေရဲ့ မှတ်တမ်းတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် ဒီဇမ္ဗူမဟာအစီအရင်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မှာပါ။ ဒါ့အပြင် ဒါက သက်မဲ့အရာတစ်ခုပဲ၊ ဘယ်သူမှလည်း ကြီးကြပ်ပြီး ထိန်းချုပ်နေမှာ မဟုတ်ဘူး။”

“ဟုတ်တယ်၊ ငါတို့သာ ဇမ္ဗူမဟာအစီအရင်ကို ထိန်းချုပ်နိုင်မယ်ဆိုရင်၊ ငါတို့ ခန့်မှန်းထား တဲ့အတိုင်း ဟုန်ယွိသာ ရှေးဟောင်းနဂါးသင်္ချိုင်းကို သွားဖို့ ဒီအစီအရင်အထဲ တကယ် ဝင်လာခဲ့ရင်၊ သူ့ကို လုံးဝ အကျဉ်းချထားနိုင်ပြီ။ သူ့အသက်က ငါတို့လက်ထဲမှာပဲ ရှိတော့ မယ်။ သူက ပညာရှင် သူတော်စင်တစ်ပါး ဖြစ်ချင်ပြီး ငါတို့ရဲ့ ဘိုးဘေးတွေကို ယှဉ်ချင်နေ တာဆိုတော့၊ ငါတို့က သူ့ကို လွယ်လွယ်နဲ့တော့ ဘယ်ခွင့်ပြုနိုင်ပါ့မလဲ။”

ဝမ်လင်းရှန်းက အလွန်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

… …

“ဗြဟ္မာလမ်းစဉ်ခြောက်သွယ်’၊ ကမ္မသားရဲဝင်စားခြင်း၊ မသေမျိုးမိစ္ဆာတစ္ဆေ .... ပွင့်စေ”

ဖန်းမိသားစု ခေါင်းဆောင်သည် အခြားမည်သည့်စကားမှ မဆိုတော့ဘဲ သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ ဘဲဥပုံစံ အလင်းတန်းကို ရုတ်တရက် ချဲ့ကားလိုက်ရာ၊ ကြီးမားသော လိုဏ်ခေါင်းကြီး ခြောက်ခုအဖြစ် ပြောင်းလဲသွားသည်။ သူသည် လက်သီးချက်များနှင့် အတူ ထိုအရာများကို ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။

၎င်းမှာ ဖန်းမိသားစု၏ အမြင့်ဆုံး လျှို့ဝှက်ပညာရပ်ဖြစ်သော ‘လမ်းစဉ်ခြောက်သွယ် ဗြဟ္မာ လက်သီး’ ပင် ဖြစ်သည်။ ၎င်းကို ‘ဗြဟ္မာသားသမီးများ’ က လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ စွမ်းအားနှင့် နက်နဲမှုမှာ ကျိုးထက်ကျူ၏ ‘ဖျက်ဆီးခြင်းမဟာနတ်ဘုရားလက်သီး’ ထက်ပင် သာလွန်လှသည်။

ဖန်းမိသားစု၏ အမြင့်ဆုံးကျမ်းစာဖြစ်သော ‘ဗြဟ္မာလမ်းစဉ်ခြောက်သွယ်’ ကျမ်းမှာ ‘ဗြဟ္မာ သားသမီးများ’ ၏ မှတ်တမ်းများဖြစ်ပြီး၊ ရှေးခေတ် ပညာရှင် သူတော်စင်တစ်ဦး၏ ကျမ်းစာ ပင် ဖြစ်သည်။ တာအိုကျင့်ကြံခြင်းလောကရှိ လူများစွာစာ် ဤအရာကို မသိကြသော် လည်း၊ ၎င်းမှာ ‘အတိတ်ကျမ်း’၊ ‘ဆန်းကြယ်ကောင်းကင်အမှောင်ထုမှတ်တမ်း’ သို့မဟုတ် ‘အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း’ တို့ထက် မနိမ့်ကျပေ။

ဝုန်း…

လက်သီးတစ်ချက်တည်းနှင့်ပင် မိုင်ပေါင်းများစွာ ပတ်ပတ်လည်ရှိ နေရာတစ်ခုလုံးကို လှိုင်းလုံးကြီးများကဲ့သို့ တုန်ခါသွားစေသည်။ ၎င်းသည် ဇမ္ဗူမဟာအစီအရင်၏ ဝဲဂယက် အတွင်းသို့ ပြင်းထန်စွာ ထိုးဝင်သွားတော့သည်။

ထို့နောက်တွင် ကျန်ရှိသော မိသားစု အကြီးအကဲ သုံးဦးစလုံးလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေသည်။

အခန်း (၄၈၆)။

မိသားစု ခေါင်းဆောင် လေးဦး၏ တိုက်ခိုက်မှုအောက်တွင် ဇမ္ဗူမဟာအစီအရင်တစ်ခုလုံး သည် ရုတ်တရက် ကျယ်ပြန့်လာပြီး စတင်လည်ပတ်တော့သည်။ ချက်ချင်းပင် ဟင်းလင်း ပြင် လေဟာနယ်မုန်တိုင်းအတွင်း၌ မည်းမှောင်နေသော ဝဲဂယက်ကြီးများ၊ လိုဏ်ခေါင်း များဖြင့် ပြည့်နှက်သွားတော့သည်။

မိုင်တစ်ရာခန့်ရှိသော ဇမ္ဗူမဟာအစီအရင်၏ ပမာဏမှာ ဆယ်ဆခန့် တိုးပြီး မိုင်ပေါင်း တစ်ထောင်အထိ ကျယ်ပြန့်သွားလေပြီ။

“ဟင်…၊ အစီအရင်ထဲမှာ တစ်ယောက်ယောက် ရှိနေတယ်။ တစ်ယောက်ယောက် အထဲ ဝင်သွားပြီပဲ။ အဲဒါ ဟုန်ယွိ ဖြစ်ရမယ်။ သူက မဟာအစီအရင်တစ်ခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာနေမှာ။ ကံကောင်းတာက သူက ဒီမဟာအစီအရင်ရဲ့ နက်နဲမှုကို နားမလည် ဘဲ စမ်းတဝါးဝါးနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာပဲ။ ငါတို့ ဒီကိုမလာခင်က ကျမ်းစာတွေကို ပေါင်းစပ်ပြီး ဒီအစီအရင်အကြောင်း လေ့လာခဲ့လို့ တော်သေးတာပေါ့။ မြန်မြန်သွားကြစို့... အထဲဝင်ကြမယ်....”

ဇမ္ဗူမဟာအစီအရင်၏ အပြောင်းအလဲများကို မြင်လိုက်ရသောအခါ ဖန်းမိသားစု ခေါင်းဆောင်၏ မျက်နှာမှဦ ပျက်ယွင်းသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုကာ လေထုကို အာရုံခံလိုက်ပြီး သဲလွန်စအချို့ကို ရှာဖွေ တွေ့ရှိသွားပုံရသည်။

“သွားမယ်”

ဟစ်ကြွေးသံများနှင့်အတူ အလင်းတန်းလေးခုမှာ မဟာအစီအရင်အတွင်းသို့ ထိုးဝင် ပျောက်ကွယ်သွားတော့သည်။

......

မိသားစုကြီးလေးခု၏ ခေါင်းဆောင်လေးဦးစလုံး ဇမ္ဗူမဟာအစီအရင်အတွင်းသို့ ဝင်သွား သည့် အချိန်မှာပင် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲ၌ မည်းမှောင်သော အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုအရိပ်သည် မဟူရာရောင် သင်္ဘောတစ်စင်းပေါ်တွင် ရပ်နေ ခြင်း ဖြစ်သည်။ သင်္ဘောမှာ ငါးထပ်ရှိပြီး ပင်လယ်ပြင်ထဲတွင် ငါးဖက်မြင် စစ်သင်္ဘောကြီး တစ်စင်းနှင့် တူလှသည်။

တစ်ချိန်တည်းမှာပင် ထိုအရိပ်၏ ဘေးတွင် အခြားသော လူရိပ်များစွာ ရှိနေပြီး အားလုံးမှာ ကျွမ်းကျင် ပညာရှင်များ ဖြစ်ပုံရသည်။

“ဟွန့်…၊ ဧကရာဇ်က ငါ့ကို ဒီလောကကြီးကို စောင့်ကြည့်ဖို့ စေလွှတ်လိုက်တာ။ ဒီမိသားစု ကြီးလေးခုဟာ မကြာသေးခင်ကမှ ဂဏာမငြိမ် ဖြစ်နေကြတာဆိုတော့ သဘာဝအတိုင်း သူတို့လည်း ငါ့ရဲ့စောင့်ကြည့်မှုအောက်မှာ ရှိနေမှာပဲ။ ငါ သူတို့နောက်ကို လိုက်လာရင်းနဲ့ တကယ်ပဲ ရှေးဟောင်းနဂါးသင်္ချိုင်းကို ရှာတွေ့ခဲ့ပြီ။ မဟုတ်ရင် ဒီဟင်းလင်းပြင် လေဟာ နယ် မုန်တိုင်းထဲမှာ ဘယ်လောက်ပဲ အစွမ်းထက်တဲ့လူဖြစ်ပါစေ နှစ်တစ်ရာရှာရင်တောင် ရှာတွေ့မှာ မဟုတ်ဘူး။”

ဤလျှို့ဝှက်ဆန်းကြယ်သော အရိပ်မှာ ‘ဒိုင်ဇင်ဘုရားကျောင်း’ ၏ မြေအောက်နန်းတော် တွင် ဗုဒ္ဓသင်္ကန်းတော်ကို ဟုန်ယွိ မရရှိအောင် တားဆီးခဲ့သည့် ‘ဖန်ဆင်းခြင်းအရိပ် စောင့်တပ်’ ၏ ခေါင်းဆောင် ‘ချူ’ ပင် ဖြစ်သည်။

သို့သော် ဤ ‘ချူ’ သည် ဇမ္ဗူမဟာအစီအရင်ထဲသို့ မဝင်ရဲဘဲ အပြင်ဘက်မှသာ စောင့်ကြည့် နေနိုင်သည်။

“ဧကရာဇ်ရဲ့ ဖန်ဆင်းခြင်းသင်္ဘောကို အကြောင်းကြားဖို့ ‘ကောင်းကင်မျက်လုံး’ ပညာရပ် ကို သုံးလိုက်။ ငါတို့ရဲ့ ‘ထိုက်ယီ ရွှေခံတပ်သင်္ဘော’ဟာ ဖန်ဆင်းခြင်းသင်္ဘော ရဲ့ အငွေ့အသက်နဲ့ သန့်စင်ထားတာ။ ငါတို့ရဲ့ အငွေ့အသက်ကို အသက်သွင်းလိုက်တာနဲ့ ဖန်ဆင်းခြင်းသင်္ဘောက သိသွားလိမ့်မယ်။ ဧကရာဇ်က မကြာခင် ဒီကို ရောက်လာလိမ့် မယ်။ ရှေးဟောင်းနဂါးသင်္ချိုင်းကို ဖွင့်ကြစို့။”

အမိန့်တစ်ခု ပေးလိုက်သည်။

ချက်ချင်းပင် ‘ထိုက်ယီ ရွှေခံတပ်သင်္ဘော’ ပေါ်ရှိ အငွေ့အသက်များမှာ ဆူပွက်လာပြီး တာအိုပညာရပ်တစ်ခုကို ပူးပေါင်းအသုံးပြုရန် ပြင်ဆင်ကြတော့သည်။

......

“ဒီဇမ္ဗူမဟာအစီအရင်က တကယ်ကို နက်နဲတာပဲ။ ငါဝင်လိုက်တာနဲ့ ယင်မိုးကြိုးတွေ ပေါက်ကွဲတော့တာပဲ။ အထဲမှာ ‘ရှေးဦးကောင်းကင် မိုးကြိုး ၃၆ မျိုး’ ပါဝင်နေတာ။ တကယ်လို့ ငါသာ ဖန်ဟွမ်အသက်ဝိညာဉ်ဓားရဲ့ ဓားစွမ်းအင် ကာကွယ်သာ မရှိရင် ဝင်ပြီးပြီးချင်း သေသွားလောက်ပြီ။ ‘ကောင်းကင်အလင်း ဦးချိုနတ်ဘုရား ချပ်ဝတ်’ တောင် တုန်ခါမှုတွေကြောင့် သတိလစ်မတတ် ဖြစ်နေပြီ။ ယွမ်ရှန်းရှန်း ခင်ဗျား ပြောတာ မှန်တယ်။ တကယ်လို့ ငါသာ ဒီမဟာအစီအရင်ကို သိမ်းယူပြီး ငါ့ရဲ့ သူတော်စင်ပေါင်းစုံခန်းမထဲမှာ ပေါင်းစပ်နိုင်ရင် တိုက်စစ်ရော ခံစစ်မှာပါ နှစ်မျိုးလုံးက ‘စကြာဝဠာအိတ်’ ထက် အများကြီး ပိုအစွမ်းထက်လိမ့်မယ်။”

ဝုန်း

ဤအချိန်တွင် ဟုန်ယွိသည် အတိုင်းအဆမရှိ ကျယ်ပြန့်သော ဇမ္ဗူမဟာအစီအရင်အတွင်း သို့ ၁၄ နာရီကြာ ဖြတ်သန်းလာခဲ့ပြီး ဖြစ်သည်။ သို့သော် သူသည် အစီအရင် မျက်လုံးကို ရှာမတွေ့ရသေးဘဲ အန္တရာယ်များစွာနှင့်သာ ရင်ဆိုင်နေရသည်။

ဇမ္ဗူမဟာအစီအရင်ကို ဖြတ်သန်းနေစဉ် ဟုန်ယွိသည် မဟူရာ တိမ်တိုက်ပင်လယ်ကြီးထဲ သို့ ကျရောက်နေသကဲ့သို့ ခံစားရ၏။ သူ၏ ပတ်ဝန်းကျင်တွင် အနက်ရောင် အငွေ့စီး ကြောင်းများ ရှိနေပြီး သူ့ရှေ့မှ လက်ချောင်းများကိုပင် မမြင်ရပေ။ အရပ်မျက်နှာကိုလည်း အာရုံခံ၍ မရနိုင်တော့ပေ။

ထို့ပြင် ထိုအနက်ရောင် အငွေ့စီးကြောင်းများ၏ ဖိအားမှာ အလွန်ကြီးမားလှပြီး သမုဒ္ဒရာ ပေ ၃၀၀၀ အနက်ရှိ ရေဖိအားထက်ပင် များစွာ သာလွန်သည်။ ၎င်းအငွေ့စီးကြောင်းများ အတွင်း ဟုန်ယွိ ဖြတ်သန်းသွားစဉ်တွင် ပြဒါးပင်လယ်ကြီးထဲ၌ ကူးခတ်နေရသကဲ့သို့ ခံစားရသည်။

ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားအလင်းမှာ ဤအချိန်တွင် ကြီးမားသော စွမ်းအားကို ထုတ်ဖော် ပြသနေသည်။ ဓားအလင်းမှာ ပွင့်ထွက်လာပြီး ပတ်ဝန်းကျင်ရှိ အနက်ရောင် တိမ်တိုက်များကို အပိုင်းပိုင်း ဖြတ်တောက်ကာ၊ အမည်းရောင် တိမ်တိုက်များမှာ ရေနွေး ပူထဲမှ နှင်းများကဲ့သို့ အရည်ပျော် ပျက်စီးသွားစေသည်။

သို့သော် ထိုအနက်ရောင် တိမ်တိုက်များ အရည်ပျော်သွားသည်နှင့် အရပ်မျက်နှာ အသီးသီး မှ ချက်ချင်း ပြန်လည် ဖြည့်တင်းလာသဖြင့် ၎င်းတို့ကို လုံးဝ ဖြတ်တောက်ရန် သို့မဟုတ် သတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ဟုန်ယွိသည် လူတိုင်းကို တဖြည်းဖြည်း ကာကွယ်ပေးရင်း အစီအရင်၏ နက်ရှိုင်းသော နေရာသို့ တိုက်ခိုက်ရင်း ဝင်ရောက်လာခဲ့သည်။

ယခုအချိန်တွင် ဤရှေးဟောင်း နတ်ဘုရားအစီအရင်၏ စွမ်းအားမှာ လုံးဝ ပွင့်ထွက်လာခဲ့ ပြီ ဖြစ်သည်။

“သတိထား၊ အဲဒါ ‘ဇမ္ဗူအရိပ် မိုးကြိုး’ပဲ”

ယွမ်ရှန်းရှန်းက ရုတ်တရက် သတိပေးလိုက်သည်။ သူမမျက်လုံးများက ဓားအလင်း၏ အပြင်ဘက် အနက်ရောင် တိမ်တိုက်များအတွင်းမှ စိမ်းပြာရောင် အလင်းတန်း ထောင်ပေါင်းများစွာ ရုတ်တရက် ပျံထွက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့သည် သွေးနံ့ရသော ခြင်အုပ်ကြီးကဲ့သို့ သူတို့ထံသို့ ဦးတည်ပျံသန်းလာကြသည်။

ထိုစိမ်းပြာရောင် အလင်းတန်းများသည် ပြင်းထန်စွာ တုန်ခါသွားပြီး ဖန်ဟွမ်အသက် ဝိညာဉ်ဓား၏ ဓားအလင်းနှင့် ထိတွေ့သည်နှင့် ပေါက်ကွဲသွားတော့သည်။ ပေါက်ကွဲအားမှာ မြေကမ္ဘာကို တုန်လှုပ်စေနိုင်လောက်အောင် ပြင်းထန်လှသဖြင့် ဓားအလင်းအတွင်းရှိ လူတိုင်းမှာ သူတို့၏ အရိုးများ အမှုန့်ကြိတ်ခံရသကဲ့သို့ ခံစားရကာ နားထဲတွင်လည်း လေတိုးသံများ တဝှီးဝှီး မြည်ဟည်းနေတော့သည်။

ဟုန်ယွိပင်လျှင် ဤပေါက်ကွဲမှုကြောင့် သူ၏စိတ်ဝိညာဉ်မှာ သူ၏ ခန္ဓာကိုယ်မှပင် ထွက်ခွာလုမတတ် တုန်ခါသွားပြီး ဖန်ဟွမ်အသက်ဝိညာဉ်ဓားနှင့် ခွဲထွက်သွားလုနီးပါးပင် ဖြစ်သွားရသည်။

ထိုစိမ်းပြာရောင်အလင်းစက် ထောင်ပေါင်းများစွာ၏ ပေါက်ကွဲမှု တစ်ခုချင်းစီမှာ ‘ပေါက်ကွဲ မီးလျှံနတ်ဘုရားအဆောင်ဓား’ တစ်လက်၏ စွမ်းအားနှင့် ညီမျှသည်။ အလင်းစက်ပေါင်း ထောင်ပေါင်းများစွာ တစ်ပြိုင်နက် ပေါက်ကွဲသွားသည့်အခါ မိုးကြိုးကပ်ဘေး ခြောက်ကြိမ် ဖြတ်ကျော်ထားသော ဟုန်ယွိ၏ စွမ်းအားဖြင့်ပင် သူ၏ အသက်စွမ်းအားမှာ တုန်ခါသွား ရသည်။

ထို့နောက်တွင် ထိုစိမ်းပြာရောင် အလင်းတန်းများ၏ နောက်မှ ခရမ်းရောင် အလင်းတန်း ထောင်ပေါင်းများစွာ ထပ်မံ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ‘ဖန်ရှင်းတာအို’ ဂိုဏ်း၏ ‘ခရမ်းရောင် မိုးကြိုးယမ်းမှုန့်’ နှင့် ဆင်တူလှပြီး နောက်ထပ် ပေါက်ကွဲမှုများ ဖြစ်ပေါ်စေပြန် သည်။

ဒိုင်း… ဒိုင်း… ဝုန်း…ဝုန်း…

ပေါက်ကွဲမှုများက လူတို့၏ နှလုံးသားကို တုန်လှုပ်စေပြီး သူတို့၏ အသက်ရှူနှုန်းနှင့် သွေးလည်ပတ်မှုကိုပါ အနှောင့်အယှက် ပေးနေသည်။

ဤတိုက်ခိုက်မှုအပြီးတွင် အနက်ရောင် တိမ်တိုက်ကြီးမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ ရုတ်တရက် စိမ်းလန်းသော အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး ဆင်တစ်ကောင်ကဲ့သို့ ထူထဲသော စိမ်းလန်းသော သစ်လုံးကြီးများမှာ ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းလျက် ထွက်ပေါ်လာကာ ဟုန်ယွိကို ပြင်းထန်စွာ တိုက်ခိုက်တော့သည်။

ဒါကတော့ ‘အစိမ်းရောင် ဧကရာဇ် သစ်သာဒြဗ်စင်မိုးကြိုး’ ပင် ဖြစ်သည်။

သစ်သားလုံးကြီး တစ်ခုချင်းစီ၏ ထိုးနှက်အားမှာ သိုင်းသူတော်စင် တစ်ဦးက လှံဖြင့် ပစ်ပေါက်လိုက်သကဲ့သို့ ပြင်းထန်လှသဖြင့် ဟုန်ယွိ၏ စိတ်ဝိညာဉ်ကို ထပ်မံ တုန်ခါစေပြန် သည်။

ဤအပြင်းအထန် တိုက်ခိုက်မှုပြီးနောက် အနက်ရောင် တိမ်တိုက်မှာ ထပ်မံ ပြောင်းလဲသွား ပြန်သည်။ အနက်ရောင် တိမ်တိုက်များစွာသည် အစွယ်များကို ထုတ်ကာ လက်သည်းများ ကို ဖြန့်ထားသော မဟူရာ နဂါးကြီးများအဖြစ် ပြောင်းလဲသွားပြီး ဓားအလင်းကို ဆွဲဖြဲရန် ကြိုးစားကြတော့သည်။ ၎င်းတို့ကို ဓားအလင်းက ဖျက်ဆီးပစ်နိုင်သော်လည်း ဟုန်ယွိ၏ ‘မူလစွမ်းအင်’ ကို များစွာ ကုန်ခမ်းစေသည်။

ဓားအလင်းအတွင်းရှိ ဟုန်ယွိနှင့် အခြားသူများမှာ ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။ သို့သော် အကယ်၍ သူတို့သာ ရတနာများကို အသုံးမပြုဘဲ စိတ်ဝိညာဉ်စွမ်းအား သက်သက်ဖြင့်သာ ဤအဆုံးမရှိသော ပေါက်ကွဲမှုများ၊ ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ထူးဆန်းသော ပညာရပ်များကို ခုခံနေရမည်ဆိုပါက သူတို့အားလုံး ပျက်သုဉ်းသွားလိမ့်မည် ဟုပင် ယုံကြည်မိကြသည်။

“ဒီဇမ္ဗူမဟာအစီအရင်က ဖန်ဆင်းရှင်တွေကိုတောင် သတ်နိုင်တယ်လို့ ပြောကြတာ မဆန်းတော့ပါဘူး။ ကောင်းကင်နဂါး ကိုယ်တိုင် ထိန်းချုပ်နေခြင်း မရှိတာတောင် ဒီလောက်အထိ အစွမ်းထက်နေတယ်။” ဟုန်ယွိသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး ပျံသန်းထွက်ခွာရန် ကြိုးစားသည့်အလား ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ဝှေ့ယမ်းလျက် အရှိန်အဟုန်ဖြင့် ပျံသန်းလိုက်သည်။

“ဟုန်ယွိ... မစိုးရိမ်ပါနဲ့၊ မင်းရဲ့စိတ်ဝိညာဉ် မပျက်စီးသရွေ့ မင်းက ဖန်ဟွမ်အသက်ဝိညာဉ် ဓားကို သုံးပြီး ငါတို့ကို ဓားအလင်းနဲ့ ကာကွယ်ပေးထားနိုင်ပါတယ်။ ဒီမဟာအစီအရင်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ငါတို့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ဘူး။”

နဂါးသမီးတော် အောင်းလွမ်က ဆိုသည်။ “အခုလို အခြေအနေမျိုး ရောက်လာမှတော့ ငါ့မှာလည်း ရွေးချယ်စရာမရှိတော့ဘူး။ ငါ့ရဲ့ အတွေးစတွေကို သုံးပြီး ဒီ ‘အကြွင်းမဲ့ သံလိုက် အိမ်မြှောင်’ကို အသက်သွင်းကာ အစီအရင်ရဲ့ စစ်မှန်မျက်လုံးကို ရှာကြည့်ရတော့မှာပဲ။ ဒီနတ်ဘုရား အစီအရင်က ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ငါတို့ ဒီမှာ ပိတ်မိနေပြီး ထွက်ပေါက်လည်း မရှိဘူး။ အခုချိန်မှာ နောက်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”

ပြောရင်းနှင့် နဂါးသမီးတော်ထံမှ အတွေးစပေါင်း ၃,၀၀၀ ခန့် ပျံထွက်လာပြီး သံလိုက် အိမ်မြှောင်ချပ်ပေါ်သို့ ကျရောက်သွားသည်။ ၎င်းတို့မှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွား ပြီး မီးလျှံများအဖြစ် အထဲသို့ စီးဝင်သွားတော့သည်။ နဂါးသမီးတော်မှာ ယခုအခါ မိုးကြိုး ကပ်ဘေး ခြောက်ကြိမ် ဖြတ်ကျော်ထားသော ပညာရှင်တစ်ဦး ဖြစ်သော်လည်း သူမ၏ မူလစွမ်းအင်မှာ အပြည့်အဝ ပြန်မရသေးပေ။ အတွေးစပေါင်း ၃,၀၀၀ ကို တစ်ပြိုင်နက် တည်း မီးရှို့လိုက်ရခြင်းမှာ မိမိကိုယ်ကို ထိခိုက်စေခြင်းနှင့် တူညီသည်။ ထို့ကြောင့်ပင် သူမသည် အခြားနည်းလမ်းမရှိတော့သည့် ယခုအချိန်အထိ ဤအရာကို အသုံးပြုရန် ဝေခွဲမရ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ချက်ချင်းပင် သံလိုက်အိမ်မြှောင်ချပ်မှာ ပျံထွက်သွားပြီး ပြင်းထန်စွာ လည်ပတ်တော့သည်။ လေထုထဲတွင် အစီအရင်တစ်ခုလုံး၏ ပုံစံငယ်ကဲ့သို့သော ထင်ယောင်ထင်မှား ပုံရိပ်များ ပေါ်လာသည်။

အစီအရင် ပုံစံငယ်အတွင်း၌ အလင်းစက် ကိုးစက်မှာ လက်ခနဲ လင်းလက်သွားသည်။

“ဒါတွေပဲ၊ ဒါတွေက အစီအရင်မျက်လုံးမှာရှိတဲ့ အင်မော်တယ် ရတနာ ကိုးမျိုးပဲ။ ငါတို့သာ အဲဒါတွေကို သိမ်းယူနိုင်ရင် မဟာအစီအရင်က အလိုအလျောက် ပျက်စီးသွားလိမ့်မယ်” ယွမ်ရှန်းရှန်းက အလျင်အမြန် ပြောလိုက်သည်။

သို့သော် ဟုန်ယွိက သူ၏ ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းပြီး အနက်ရောင် တိမ်တိုက်များဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် နဂါးများကို သတ်ဖြတ်လိုက်သည့် ခဏမှာပင်၊ ထိုအလင်းစက် ကိုးစက်ပေါ်တွင် အရိပ်များ ရုတ်တရက် ပေါ်လာပြီး တစ်စုံတစ်ဦး၏ ကျူးကျော်မှုကို ခံနေရပုံရသည်။

“မကောင်းတော့ဘူး၊ တခြားသူတွေလည်း ဒီအစီအရင်ထဲကို ဝင်လာကြပြီ။ သူတို့က ဒီအစီအရင်အကြောင်းကို အရမ်း ကျွမ်းကျင်ပုံရတယ်၊ အခု သူတို့က အစီအရင် မျက်လုံးမှာ ရှိတဲ့ အင်မော်တယ် ရတနာတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပြီ။” နဂါးသမီးတော်၏ မျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်း ထိတ်လန့်သွားသော အရိပ်အယောင်များ ပေါ်လာတော့သည်။

“ဆရာကြီး ဝန်ယွမ်... ဆရာကြီးရဲ့ နိမိတ်ဖတ်ချက်က တကယ်ပဲ မှန်နေပြီ။ တကယ့်ကို အန္တရာယ်ကြီးပဲ။” ဟုန်ယွိကမူ မည်သည့် ထိတ်လန့်မှုမျှ မရှိဘဲ တည်ငြိမ်စွာ ပြုံးလျက် ပြောလိုက်လေတော့သည်။

All Chapters