အခန်း (၄၈၇-၄၈၈)
Vol. 46 Ch. 487-488
အခန်း (၄၈၇)။
“တစ်ယောက်ယောက်က ဒီမဟာအစီအရင်ထဲကို ကျူးကျော်ဝင်လာတာလား။ ဒါက ကိစ္စကြီး မဟုတ်ပါဘူး။ ငါ ဒီဇမ္ဗူမဟာအစီအရင်ထဲ ရောက်နေတာ ၁၆ နာရီကျော်သွားပြီ၊ ငါ ဒီအစီအရင်ရဲ့ လည်ပတ်ပုံ စီးဆင်းပုံတွေကို အတော်အတန် သဘောပေါက်နေပါပြီ။ အခု မင်းက ‘အကြွင်းမဲ့ သံလိုက်အိမ်မြှောင်’ ကို သုံးလိုက်တော့ ငါ့အတွက် ပိုပြီး ရှင်းလင်း သွားတာပေါ့။ ငါ အခု အစီအရင်ရဲ့ လည်ပတ်ပုံ အနိမ့်အမြင့် အတက်အကျ နိယာမတွေကို တဖြည်းဖြည်း ချုပ်ကိုင်မိနေပြီ။”
ဟုန်ယွိ၏ မျက်လုံးများက ‘အကြွင်းမဲ့ သံလိုက်အိမ်မြှောင်’ မှ ထွက်ပေါ်လာသော အစီအရင် တစ်ခုလုံး၏ ပုံစံတူအလင်းတန်းများနှင့် အစီအရင်မျက်လုံး ကိုးခုကို ကျူးကျော်ရန် ကြိုးစားနေသည့် အရိပ်မည်းများကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲတွင် နက်နဲလှ သော လျှို့ဝှက်ချက်အချို့ကို လုံးဝ ရင်းနှီးကျွမ်းဝင်သွားလေပြီ။
ဇမ္ဗူမဟာအစီအရင်သည် ရှေးဟောင်း ကောင်းကင်နဂါးမျိုးနွယ်စု၏ အမြင့်ဆုံး သတ်ဖြတ်ရေး အစီအရင်ဖြစ်ပြီး အင်မော်တယ်ရတနာ ကိုးပါးဖြင့် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း၊ နောက်ဆုံးတွင် ထိန်းချုပ်မည့်သူ မရှိသဖြင့် ၎င်း၏ စွမ်းအားအပြည့်ကို မထုတ်ဖော်နိုင်သေးပေ။ ထို့ပြင် ဟုန်ယွိ၌ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားစွမ်းအင် ကာကွယ်မှု ရှိနေသဖြင့် ဤအစီအရင်သည် သူ့ကို မည်သို့မျှ အန္တရာယ်မပေးနိုင်ချေ။
လွန်ခဲ့သော ၁၄ နာရီမှ ၁၆ နာရီအတွင်း ဟုန်ယွိသည် ဤမဟာအစီအရင်ထဲတွင် ခေါင်းပြတ်နေသော ယင်ကောင်ကဲ့သို့ ပျံသန်းနေခဲ့ရသော်လည်း သူသည် အချည်းနှီး အလုပ်လုပ်နေခြင်း မဟုတ်ပေ။ ထိုအစား သူ၏ စိတ်ဝိညာဉ် အတွေးစတိုင်းမှာ အစီအရင် တစ်ခုလုံး၏ လည်ပတ်ပုံကို တိတ်တဆိတ် တွက်ချက်ပြီး အာရုံခံနေခဲ့ခြင်း ဖြစ်သည်။
တဖြည်းဖြည်းနှင့် အတိုင်းအဆမရှိ ကျယ်ပြန့်ပြီး ရှေးဦးစကြဝဠာကြီးအလား ထင်မှတ်ရ သော ဇမ္ဗူမဟာအစီအရင်သည် သူ၏ စိတ်ထဲတွင် ဝေဝါးသော ပုံစံငယ်လေးတစ်ခုအဖြစ် စတင် ပုံပေါ်လာတော့သည်။
အမှန်စင်စစ် အကယ်၍, တစ်စုံတစ်ယောက်သာ သူ့ကို လာရောက်နှောင့်ယှက်ခြင်း မရှိခဲ့ လျှင်၊ နဂါးသမီးတော်က သူမ၏ အတွေးစများကို မီးရှို့ပြီး ဤအစီအရင်၏ ပုံတူကိုပင် ဖော်ထုတ်ပြရန် မလိုဘဲ နောက်ထပ် ရက်အနည်းငယ်အတွင်း ဟုန်ယွိသည် ဤအစီအရင် ပုံစံကို လုံးဝ တွက်ချက်မိသွားပြီး တစ်ချက်တည်းဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မည်။
သဘာဝအတိုင်း သူသည် ‘အတိတ်ကျမ်း’ကို ကျင့်ကြံထားခြင်းကြောင့်သာ သူ၏ စိတ်ဝိညာဉ် စွမ်းအားမှာ အချိန်ကြာမြင့်စွာ ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မိုးကြိုးကပ်ဘေး ခြောက်ကြိမ် ဖြတ်ကျော်ထားသော သာမန်ပညာရှင်တစ်ဦးဆိုလျှင် နာရီ အနည်းငယ်အတွင်းမှာပင် အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်ပြီး သေဆုံးသွားနိုင်ပေသည်။
“ဇမ္ဗူလောက... ငါ့စိတ်ထဲမှာ ပေါ်လာစမ်း။ မင်းရဲ့ အစီအရင်ဗဟိုချက်က အင်မော်တယ် ရတနာ ကိုးပါးက ဘာတွေလဲဆိုတာ ငါကြည့်ပါရစေ။ ဘယ်သူတွေကများ မင်းအစီအရင် ထဲ ကျူးကျော်ဝင်ရောက်လာတာလဲ ဆိုတာရောပေါ့။”
ဟုန်ယွိသည် သူ၏အတွေးစများကို အစွမ်းကုန် လည်ပတ်စေကာ ‘အကြွင်းမဲ့ သံလိုက် အိမ်မြှောင်’ ပေါ်တွင် ပေါ်လာသော အစီအရင် ပုံကြမ်းနှင့် တိုက်ဆိုင် စစ်ဆေးလိုက်သည်။
ချက်ချင်းပင် သူ၏စိတ်ထဲတွင် တော်တော်လေး ရှင်းလင်း ပြတ်သားသည့် အစီအရင်ကြီး တစ်ခု ပေါ်လာသည်။
အစီအရင်တစ်ခုလုံးမှာ စတုရန်းပုံစံ ဖြစ်ပြီး တိတိကျကျ ပြောရလျှင် ‘နန်းဆောင်ကိုးခု, ပုံကြမ်းပုံစံပင် ဖြစ်သည်။
ထိုနန်းဆောင်ကိုးခုပုံကြမ်းသည် အလွန်ပင် ကြီးမားလှသည်။ နန်းဆောင်များအတွင်း၌ နန်းဆောင်များ ထပ်နေပြီး၊ နန်းဆောင်တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားကြသည်။ ၎င်းသည် ကြီးမားလှသော ဝင်္ကပါကြီးတစ်ခုကဲ့သို့ ဟင်းလင်းပြင်ကို တွန့်လိမ်ခေါက်ချိုးထားပြီး အချိန်များကို ဖရိုဖရဲဖြစ်စေကာ အနက်ရောင် တိမ်တိုက်ကြီးများဖြင့် ဖုံးလွှမ်းထားသည်။
‘နန်းဆောင်ကိုးခု’ ၏ ပင်မနန်းဆောင် တစ်ခုချင်းစီတွင် မှော်ရတနာတစ်ခုစီ ရှိနေပုံရပြီး ၎င်းတို့သည် နန်းဆောင်ကိုးခု ပုံကြမ်းနှင့် ဟန်ချက်ညီစေရန် လည်ပတ်ပြီး ပြင်းထန်သော မှော်စွမ်းအင် လှိုင်းများကို ထုတ်လွှတ်နေကြသည်။
ဟုန်ယွိ ရောက်ရှိနေသော ပင်မနန်းဆောင်ရှိ မှော်ရတနာမှာ လူတစ်ရပ်ခန့် မြင့်ပြီး စိမ်းပြာ ကျောက်စိမ်းရောင်ရှိသော သစ်ပင်တစ်ပင် ဖြစ်သည်။
အခြား ပင်မနန်းဆောင်များတွင်မူ အလံတစ်ခု၊ ခြေသုံးချောင်းပါ ကြေးအိုးကြီးတစ်လုံးနှင့် လေးထောင့်ပုံစံ ကြေးမှန်တစ်ချပ်တို့ ရှိကြသည်။ ထို့ပြင် သံဖြင့်ပြုလုပ်ထားသော အဝိုင်းပုံ နံ့သာတိုင်ထွန်း အိုးတစ်လုံး၊ လှည်းဘီးခန့်ရှိသော ကျောက်စိမ်းဖြူ ခရုခွံတစ်ခု၊ ရွှေရောင် တောက်ပနေသော လှံရှည်တစ်လက်၊ ရှေးဦးစွမ်းအင်ရောင်ရှိသော ဥကြီးတစ်လုံးနှင့် လူတစ်ရပ်ခန့် မြင့်သော လိမ္မော်ဝါရောင် ဘူးသီးခြောက်တစ်လုံးလည်း ရှိနေသည်။
သစ်ပင်၊ အလံ၊ ခြေသုံးချောင်းထောက်အိုး၊ ကြေးမှန်၊ သံနံ့သာအိုး၊ ကျောက်စိမ်းခရုခွံ၊ လှံရှည်၊ ဥကြီးနှင့် ဘူးသီးခြောက်
ဤရတနာ ကိုးပါးသည် ဇမ္ဗူမဟာအစီအရင်၏ ဗဟိုချက်ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ စိတ်ထဲ၌ ဇမ္ဗူအစီအရင်၏ ‘နန်းဆောင်ကိုးခုပုံကြမ်း’ သည် အမှန်စင်စစ် ‘လိပ်ခွံ’ တစ်ခု ဖြစ်ကြောင်း ဝေဝါးစွာ သိမြင်လိုက်ရသည်။
သူနှင့်အခြားလူများ ဤဇမ္ဗူမဟာအစီအရင်ထဲသို့ ဝင်လိုက်သည်နှင့် လိပ်ခွံပေါ်ရှိ ‘နန်းဆောင်ကိုးခုပုံကြမ်း’ ဝင်္ကပါအတွင်းသို့ စုပ်ယူခံလိုက်ရခြင်း ဖြစ်သည်။ သူတို့သည် ဝင်္ကပါအတွင်း ပိတ်မိနေပြီး အဆုံးမရှိသော ညှင်းပန်းနှိပ်စက်မူများကို ခံစားနေခဲ့ရခြင်း ဖြစ်သည်။
“ရှေးဦးခေတ်မှာ ‘ဟွီနဂါး’ ဆိုတာ ရှိခဲ့တယ်။ သူ့ရဲ့ခြေထောက်တွေက ကောင်းကင်တိုင် တွေလိုပဲ၊ သူ့ရဲ့ကျောကုန်းကတော့ ကျွန်းကြီးတစ်ကျွန်းလိုပဲ ပင်လယ်ပြင်မှာ မျောနေခဲ့ တာ....”
ဟုန်ယွိသည် ဇမ္ဗူမဟာအစီအရင်၏ ပုံကြမ်းက အမှန်စင်စင် မည်သည့်အရာ ဖြစ်သည်ကို နောက်ဆုံးတွင် နားလည်သွားလေပြီ။ ၎င်းမှာ ရှေးဟောင်းဒဏ္ဍာရီလာ သားရဲကြီးဖြစ်သော ‘ဟွီနဂါး’ ၏ ကျောပေါ်မှ လိပ်ခွံပင် ဖြစ်သည်။ ဒဏ္ဍာရီများအရ ရှေးဟောင်း ‘ထော့နဂါး’ သည် ပင်လယ်ပြင်တွင် မျောနေသော လိပ်ကြီးတစ်ကောင် ဖြစ်သည်။ ၎င်းသည် အချိန် အကြာကြီး မလှုပ်မယှက် နေတတ်သဖြင့် လူများက ၎င်း၏ကျောပေါ်တွင် ကျွန်းကြီး တစ်ကျွန်း ရှိသည်ဟု ထင်မှတ်ကာ ထိုနေရာတွင်ပင် နေထိုင်ပေါက်ဖွားခဲ့ကြသည်။
ရှေးဟောင်း ‘ဟွီနဂါး’ ၏ ကျောပေါ်မှ လိပ်ခွံမှာ သဘာဝအလျောက် ဖြစ်ပေါ်နေသော နန်းဆောင်ကိုးခု အစီအရင်တစ်ခု ဖြစ်ပြီး မှန်းဆ၍ မရနိုင်သော မှော်စွမ်းအားများ ကိန်းအောင်းနေသည်။ အကယ်၍ သူတော်စင်တစ်ဦးသာ ၎င်းကို ရရှိပါက အလွန်မင်္ဂလာရှိ သော နိမိတ်ဖြစ်ပြီး အထွက်အထိပ် တာအိုကို နားလည်သဘောပေါက်စေနိုင်သည်။
ဒဏ္ဍာရီများအရ လောကကြီး သန့်ရှင်းအေးချမ်းပြီး ဧကရာဇ်တွင် ‘တာအို’ တရား ရှိချိန်၌ ‘ဟွီနဂါး’သည် ရေမျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာပြီး ‘နန်းဆောင်ကိုးခုပုံကြမ်း’ ပေါ်လာ တတ်သည်ဟု အဆိုရှိကြသည်။
......
“ဝါး... ဒါက တကယ်ပဲ ‘ဟွီနဂါး’ ကျောပေါ်က လိပ်ခွံပုံစံ အစီအရင်ပဲ။ မယုံနိုင်စရာ မှော်စွမ်းအားတွေ ရှိနေတာ မဆန်းတော့ဘူး။ ငါသာ ဒီ ‘နန်းဆောင်ကိုးခုပုံကြမ်း’ လိပ်ခွံကို ရရှိပြီး၊ ငါ့ရဲ့ သူတော်စင်ပေါင်းစုံခန်းမထဲမှာ ထည့်သွင်း သန့်စင်နိုင်မယ်ဆိုရင်, ခန်းမကြီး ဟာ ဟင်းလင်းပြင်ကို တစ်လွှာပြီးတစ်လွှာ ခေါက်ထားနိုင်တဲ့ နန်းဆောင်ကိုးခုရဲ့ စွမ်းအား ကို ပိုင်ဆိုင်သွားမှာပဲ။ အဲဒီအခါကျရင် ခန်းမကြီးရဲ့ ဟင်းလင်းပြင်ဟာ ချက်ချင်းဆိုသလို အဆပေါင်း မရေမတွက်နိုင်အောင် ကျယ်ပြန့်သွားလိမ့်မယ်။”
တခဏချင်းမှာပင် ဟုန်ယွိသည် မဟာအစီအရင်တစ်ခုလုံး၏ လည်ပတ်ပုံ လမ်းကြောင်းကို အနည်းငယ် ရှင်းလင်းစွာ မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ အတွေးစများက အစီအရင် အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားရာ ‘ကိုယ်ပွား’များကို အသီးသီး စေလွှတ်၍ ပင်မနန်းဆောင်ကိုးခုရှိ နတ်ဘုရားလက်နက် ကိုးခုကို ထိန်းချုပ်ရန် ကြိုးစားနေ သည့် အလွန်အစွမ်းထက်သော ပညာရှင်လေးဦးကိုလည်း ခံစားမိလိုက်သည်။
“အားလုံးပဲ ကိုယ့်မှော်ရတနာတွေကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားကြ။ ငါ ဖန်ဟွမ်အသက်ဝိညာဉ်ဓားရဲ့ စွမ်းအားကို အစွမ်းကုန် သုံးတော့မယ်။”
ပြောရင်းနှင့် ဟုန်ယွိက အော်ပြောလိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ ဖန်ဟွမ်အသက် ဝိညာဉ်ဓား၏ ဓားအလင်းများမှာ ပြန်လည်ရုန်းကြွလာပြီး တစ်နေရာတည်းတွင် စုစည်း သွားကာ မြင့်မြတ်ဆုံးနှင့် ခန့်ညားထည်ဝါသည့် သူတော်စင်ဓားတာအိုအဖြစ် ပြန်လည် ပုံပေါ်လာသည်။
ချန်ယင်းရှာ၊ ကျီရှန်းထျန်း၊ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်၊ ရှဲ့ဝန်ယွမ်နှင့် အခြားသူများသည် လည်း ချက်ချင်းပင် စွမ်းအားချင်း ပေါင်းစပ်ကာ သူတို့၏ ကိုယ်ပိုင် မှော်ရတနာများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့အားလုံး ပူးပေါင်းပြီး ပတ်ဝန်းကျင်ရှိ အနက်ရောင် တိမ်တိုက်များနှင့် ယင်မိုးကြိုးများကို တားဆီးထားလိုက်ကြသည်။
ယခင်က ဟုန်ယွိသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ဖြန့်ကျက်ကာ ဓားအလင်းဖြင့် အားလုံးကို ကာကွယ်ပေးထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူက ဓားကို ပြန်လည် ရုပ်သိမ်း လိုက်သဖြင့် ဓား၏စွမ်းအားများမှာ စုစည်းသွားပြီး ကြီးကျယ်ခမ်းနားသော အလင်းရောင် များ ချက်ချင်း ထွက်ပေါ်လာတော့သည်။
“ဓားနဲ့ဝိညာဉ် တစ်သားတည်းဖြစ်စေ၊ ဝိညာဉ်က စိတ်ဝိညာဉ်ဖြစ်စေ၊ ဓားက အနှစ်သာရ ဖြစ်စေ၊ ဝိညာဉ်နဲ့ စွမ်းအင်အနှစ်သာရ၊ ကောင်းကင်နဲ့ မြေကြီး၊ လေနဲ့ မိုးကြိုး၊ ကောင်းကင် က အားအင်အပြည့်နဲ့ လှုပ်ရှားစေ၊ မြေကြီးက ထာဝရတည်မြဲစေ၊ လေက ထိုးဖောက်စေ... သတ်ဖြတ်စေ၊ ဟင်းလင်းပြင်ကို ဖောက်ခွဲပစ်စမ်း။”
ခန့်ညားထည်ဝါသော အငွေ့အသက်တစ်ခု ဟုန်ယွိ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဖန်ဟွမ်အသက်ဝိညာဉ်ဓားသည် ရုတ်တရက် တုန်ခါသွားပြီးနောက် နတ်ဘုရားဓား ကိုးလက်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ ၎င်းတို့သည် အရှိန်အဟုန်ဖြင့် ပျံထွက် သွားပြီး ထူထပ်သော အနက်ရောင် တိမ်တိုက်များနှင့် တွန့်လိမ်နေသော ဟင်းလင်းပြင် များကို ထိုးဖောက်သွားတော့သည်၊ ၎င်းတို့သည် အဝေးတနေရာရှိ အစီအရင်ဗဟိုချက်မှ နတ်ဘုရားလက်နက်ကိုးပါးကို တိုက်ခိုက်နေသော အရိပ်မည်းများဆီသို့ ဦးတည်ပြီး ပိုင်းဖြတ်လိုက်ကြလေပြီ။
ဤတစ်ကြိမ်တွင် ဟုန်ယွိသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ကာ ကိုးလက်အဖြစ် ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။ ဓားအလင်း တစ်ခုချင်းစီတွင် သူ့ကိုယ်ပိုင် စိတ်ဝိညာဉ် အတွေးစများကို ထည့်သွင်းထားပြီး၊ ၎င်းတို့ ပိုင်းဖြတ်လိုက်သည့် အခါ ဇမ္ဗူအစီအရင်အတွင်းရှိ ထူထပ်လှသော အနက်ရောင် တိမ်တိုက်များနှင့် ယင်မိုးကြိုး များကို ဖြတ်တောက်ကာ ပေါက်ကွဲသွားစေသည်။
ဟုန်ယွိဓားဖြင့် တိုက်ခိုက်လိုက်သည့် ခဏမှာပင် လူတိုင်းသည် ကိုယ့်ကိုယ်ကို ကြီးမားလှ သော ဝင်္ကပါကြီးတစ်ခုထဲသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့၏ ပတ်ဝန်းကျင် တွင် စက္ကူခေါက်များအလား ထပ်နေသော ဟင်းလင်းပြင်လွှာများစွာ ရှိနေသည်။ အထက် တွင် ကောင်းကင်မရှိသလို အောက်တွင်လည်း မြေကြီးမရှိပေ။ ရှေ့သို့ လှမ်းလိုက်သော ခြေလှမ်းလေး တစ်လှမ်းမှာပင် မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာသို့ ရောက်ရှိသွား သကဲ့သို့ ခံစားရလေသည်။
ဒါဟာ ‘နန်းဆောင်ကိုးခုကမ္ဘာ’ သို့မဟုတ် ဇမ္ဗူမဟာအစီအရင်ပင် ဖြစ်တော့သည်။
ကောင်းကင်၊ မြေကြီး၊ လေနှင့်မိုးကြိုးတို့၏ စွမ်းအားများကို ကိုင်စွဲထားသော ဖန်ဟွမ် အသက်ဝိညာဉ်ဓား၏ စွမ်းအားမှာ မကြုံစဖူး အဆင့်သို့ ရောက်ရှိသွားသည်။ ၎င်းသည် ပညာရှင် ဧကရာဇ် ဖန်ကိုယ်တိုင် အသုံးပြုသည့် စွမ်းအားမျိုးကို မမီသေးသော်လည်း၊ မူလစွမ်းအား၏ ငါးဆယ်မှ ခြောက်ဆယ်ရာခိုင်နှုန်းခန့်အထိ ရှိနေပြီ ဖြစ်သည်။
အစီအရင်အကြောင်းကို လုံးဝ နားမလည်မီက ဟုန်ယွိသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ စွမ်းအား အပြည့်အဝကို မသုံးရဲခဲ့ပေ။ သူသည် မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာ အသုံးပြုခဲ့သည်။ သို့သော် ယခုအခါ အစီအရင်ကို ရှင်းလင်းစွာ နားလည်သွားပြီ ဖြစ်သည့် အပြင်၊ အခြေအနေမှာလည်း အလွန် အရေးကြီးနေပြီး တခြားသူများပါ ခိုးဝင်လာသဖြင့် သူသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန်နှင့် ပြန်လည်တိုက်ခိုက်ရန်အတွက် ရှိသမျှ စွမ်းအား အားလုံးကို စုစည်းလိုက်ရခြင်း ဖြစ်ပေတော့သည်။
ယခုတစ်ကြိမ်တွင် ဟုန်ယွိအနေဖြင့် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို အသုံးပြု၍ ကောင်းကင်၊ မြေကြီး၊ လေနှင့် မိုးကြိုးဓားလေးလက်၏ စွမ်းအားကို ထုတ်ဖော်ခဲ့သည့် ဒုတိယမြောက် အကြိမ် ဖြစ်သည်။
ပထမအကြိမ်မှာ ‘ဒိုင်ဇင်ဘုရားကျောင်း’ ၏ ကျမ်းစာဆောင် အပျက်အစီးများကြားတွင် ဗုဒ္ဓသင်္ကန်းတော်ကို အောင်မြင်စွာ သိမ်းပိုက်ခဲ့စဉ်က ဖြစ်သည်။
ယခု ဒုတိယအကြိမ်တွင်မူ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းအတွင်းရှိ ဇမ္ဗူအစီအရင်၌ ‘နန်းဆောင်ကိုးခုကမ္ဘာ’ ၏ တွန့်လိမ်နေသော ဟင်းလင်းပြင်များကို ထိုးဖောက်ဖျက်ဆီးရန် အသုံးပြုခြင်း ဖြစ်ပေသည်။
… …
“ဟား…၊ ဟား… ဟား.... နောက်ဆုံးတော့ ငါ ‘ကျားယီနဂါးစိမ်းသစ်သား’ ကို ရှာတွေ့ပြီပဲ။ ကြည့်ရတာ ဇမ္ဗူမဟာအစီအရင်နဲ့ ပတ်သက်ပြီး ငါတို့ မိသားစုကြီး လေးခုရဲ့ မှတ်တမ်းတွေ က အမှန်ပဲ။ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟဿ မဖြစ်ခဲ့ဘူး။”
တွန့်လိမ်ခေါက်ချိုးနေသော ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာရှိ ကျွန်းငယ်လေးတစ်ခု ပေါ်တွင် အမည်းရောင် တိမ်တိုက်များ၊ ယင်မိုးကြိုးများ လုံးဝမရှိဘဲ ဝဲဂယက်၏ ဗဟိုချက် ကဲ့သို့ ငြိမ်သက်နေ၏။
ထိုကျွန်းပေါ်တွင် စိမ်းလန်းသော သစ်ပင်တစ်ပင်တည်းသာ ရှိသည်။ ထိုသစ်ပင်၌ အရွက် များ မရှိသော်လည်း သစ်ကိုင်းခြောက်များမှာ သမင်ချိုများ သို့မဟုတ် လင်ဇီးမှိုများကဲ့သို့ ထူးဆန်းစွာ ရှိနေကြသည်။
ဘဲဥပုံစံ အလင်းတန်းတစ်ခုမှာ အနက်ရောင် တိမ်တိုက်များကို ရုတ်တရက် ထိုးဖောက်ကာ ကျွန်းပေါ်သို့ ဆင်းသက်လာသည်။ ထိုသူမှာ ဗြဟ္မာလမ်းစဉ်ခြောက်သွယ်ကျမ်းကို ပိုင်ဆိုင် သည့် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ဖန်းမိသားစု၏ ခေါင်းဆောင် ဖြစ်သည်။ သူသည် ရှေးဟောင်း ပညာရှင် သူတော်စင် ‘ဖန်း’ ၏ အဆက်အနွယ်လည်း ဖြစ်သည်။
ကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ဖန်းမိသားစု ခေါင်းဆောင်သည် ထိုစိမ်းလန်းသော သစ်ပင်ကို ကြည့်ကာ အမြင့်ဆုံးသော အာဏာကို ဆုပ်ကိုင်လိုက်ရသကဲ့သို့ အားရပါးရ ရယ်မောလိုက်တော့သည်။
သူသည် တွန့်ဆုတ်မနေဘဲ လက်ကို ဆန့်ထုတ်ကာ ထိုစိမ်းလန်းသော သစ်ပင်ကို လှမ်းဖမ်း လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ဘဲဥပုံစံ အလင်းတန်းမှ အလင်းရောင် ခြောက်သွယ် ထွက်ပေါ်လာပြီး ကြိုးတစ်ချောင်းကဲ့သို့ ကျစ်လျက် သစ်ပင်ကို ရစ်ပတ်ဖမ်း ယူလိုက်သည်။
“ဗြဟ္မာလမ်းစဉ်ခြောက်သွယ် - မဟာဖမ်းဆီးခြင်းလက်ဝါး။”
ကြီးမားသော လက်ဝါးကြီးမှာ အစိမ်းရောင်သစ်သားသစ်ပင်’ ကို ဖမ်းချုပ်လိုက်သည်။ ဖန်းမိသားစု ခေါင်းဆောင်၏ စိတ်ဝိညာဉ် အတွေးစများမှာ သစ်ပင်အတွင်းသို့ စီးဝင်သွား ပြီး ၎င်းကို မိမိ၏ ကိုယ်ပိုင်မှော်ရတနာအဖြစ် သန့်စင်ရန် ကြိုးစားတော့သည်။
“ဒီ ‘ကျားယီ နဂါးစိမ်းသစ်သား’ ကို ငါသန့်စင်ပြီးရင် ဒီဇမ္ဗူအစီအရင်ကို ငါထိန်းချုပ်နိုင်ပြီ၊ ငါ့ရဲ့ တခြားမဟာကိုယ်ပွား ငါးခုကလည်း ကျန်တဲ့ ဧရိယာငါးခုကို ထိန်းချုပ်လိမ့်မယ်။ ငါတစ်ယောက်တည်းနဲ့တင် နတ်ဘုရားရတနာ ခြောက်မျိုးကို ထိန်းချုပ်နိုင်တော့မှာပဲ။ အဲဒီလိုဆိုရင် ဒီဇမ္ဗူမဟာအစီအရင် တစ်ခုလုံးကို ငါ သိမ်းပိုက်နိုင်ပြီ။”
ဖန်းမိသားစု ခေါင်းဆောင်သည် သစ်ပင်ကို သန့်စင်နေစဉ် သူ၏ မုတ်ဆိတ်ရှည်များမှာ လေထဲတွင် လွင့်မျောနေပြီး၊ သူသည် မြစ်ကမ်းဘေးတွင် အေးအေးဆေးဆေး လမ်းလျှောက်ရင်း ကဗျာရွတ်နေသည့် ခန့်ညားသော ပညာရှိကြီးတစ်ဦးနှင့်ပင် တူနေတော့ သည်။
......
ရှူး…
ခန့်ညားထည်ဝါသော ရွှေရောင်ဓားအငွေ့အသက်တစ်ခုမှာ ဟင်းလင်းပြင်ကို ရုတ်တရက် ဖြတ်တောက်ကာ ဖန်းမိသားစု ခေါင်းဆောင်ဆီသို့ တိုက်ရိုက် ဦးတည်ပိုင်းဖြတ်လိုက်သည်။
“ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ မကောင်းတော့ဘူး၊ ဗြဟ္မာစက်ဝန်း”
ရုတ်တရက် ဖန်းမိသားစု ခေါင်းဆောင်မှာ အခြေအနေမဟန်ကြောင်း ခံစားလိုက်ရသည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ အရောင်ခြောက်မျိုးရှိသော စက်ဝန်းပုံစံ မှော်ရတနာ တစ်ခု ပျံထွက်လာပြီး၊ အရာအားလုံးကို မေ့လျော့သွားစေမည့် ‘ပြန်လည်မွေးဖွားခြင်း’ စက်ဝန်းထဲသို့ ရောက်သွားသကဲ့သို့ ခံစားရသည့် အသံများ မြည်ဟည်းလျက် လည်ပတ် နေတော့သည်။
ဤအရောင်ခြောက်မျိုး စက်ဝန်းသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားအလင်းနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံတော့သည်။ နှစ်ခုစလုံးမှာ အပြင်းအထန် ရိုက်ခတ်နေကြပြီး မည်သူကမျှ အလျော့မပေးကြပေ။ သို့သော် အကြိမ်ပေါင်း တစ်ထောင်ခန့် ရိုက်ခတ်ပြီး နောက်တွင် ထိုစက်ဝန်းမှာ တုန်ခါသွားပြီး အသံတစ်ခု ထွက်ပေါ်လာသည်။
“နဂါးစိမ်းသစ်သား၊” ဖန်းမိသားစု အကြီးအကဲ၏ မျက်နှာ ပျက်သွားသည်။ သူ၏ အတွေးစ တစ်ခုနှင့်အတူ ‘နဂါးစိမ်းသစ်သား’ သည် စိမ်းလန်းသော စွမ်းအင်များဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဓားအလင်းဆီသို့ သစ်လုံးကြီးတစ်ခုအဖြစ် ပစ်လွှတ်လိုက်သည်။
“ကောင်းလိုက်တဲ့ မှော်ရတနာ၊ ငါ့ရဲ့ဓားအလင်းနဲ့ ဓားစွမ်းအင်ကိုတောင် တားဆီးနိုင်တယ် ပေါ့။ ဟုန်ရွှန်ကျိက သူ့ရဲ့ ‘ကောင်းကင်ဘုံသေမင်းဘီး’ ဟာ ‘ဗြဟ္မာလမ်းစဉ်ခြောက်သွယ်’ ထဲက ‘ဗြဟ္မာစက်ဝန်း’ ကို မတွေ့ဖူးသေးလို့ အထွဋ်အထိပ်အဆင့်ကို မရောက်နိုင်သေးဘူး လို့ ညည်းတွားခဲ့တာ မဆန်းတော့ဘူး။”
ဟုန်ရွှန်ကျိ၏ ‘ကောင်းကင်ဘုံသေမင်းဘီး’ မှာ ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီး ဖြစ်သော် လည်း အထွတ်အထိပ်သို့ မရောက်ရှိသေးပေ။ အကြောင်းမှာ သူသည် ဗြဟ္မာလမ်းစဉ် ခြောက်သွယ်ကျမ်းထဲမှ ‘ဗြဟ္မာစက်ဝန်း’ ပုံကြမ်းကို မမြင်တွေ့ဖူးသောကြောင့် ဖြစ်သည်။ ဤအချက်ကို ဟုန်ယွိသည် ‘ကျောက်ဖေးအာ’ ထံမှ သိရှိခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဟုန်ရွှန်ကျိ၏ ‘ကောင်းကင်ဘုံသေမင်းဘီး’ သာ အထွတ်အထိပ်သို့ ရောက်ခဲ့ မည်ဆိုလျှင် သူ၏ ကျင့်ကြံမူအဆင့်မှာ ‘ဖန်ဆင်းရှင်’သခင် အဆင့်နှင့် မဝေးတော့ဘဲ ‘စစ်နတ်ဘုရားရှန့်နှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။
......
ဓားအလင်းများ အပြင်းထန် ထိတွေ့စဉ်မှာပင် ဟုန်ယွိက ပြင်းထန်စွာ တိုက်ခိုက်လိုက်ရာ အစိမ်းရောင် သစ်သားတိုင်ကြီးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။ ထို့နောက် ဓားအလင်းမှာ ရုတ်တရက် ကျုံ့ဝင်သွားသည်။
ကျွန်းငယ်လေးပေါ်တွင် ဟုန်ယွိ၏ ပုံရိပ် ပေါ်လာသည်။ သူ၏ ဘေးတွင် တုန်ခါနေသော ရတနာ ဓားတစ်လက် ရှိနေသည်။ ၎င်းမှာ ကိုးပိုင်းခွဲထားသော ဖန်ဟွမ်အသက်ဝိညာဉ်ဓား ထဲမှ တစ်လက် ဖြစ်သည်။
၎င်းမှာ ဖန်ဟွမ်အသက်ဝိညာဉ်ဓား စွမ်းအား၏ ကိုးပုံတစ်ပုံသာ ရှိသော်လည်း စွမ်းအားမှာ အတိုင်းအဆ မရှိပေ။ ယခင်က တိုက်ခိုက်မှုမှာ ဖန်းမိသားစု ခေါင်းဆောင်၏ လက်ထဲမှ မှော်ရတနာကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။ သို့သော် ဖန်းမိသားစု ခေါင်းဆောင်မှာ ‘နဂါးစိမ်းသစ်သား’ ကို အသုံးပြုလိုက်သဖြင့် ဤအစီအရင် ဗဟိုချက်ကို သူ ထိန်းချုပ်နိုင် သွားပြီမှာ သိသာလှသည်။
“မင်းက ဟုန်ယွိပဲ၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓားက ချန်ပီမြို့စား ‘ယန်အန်း’ ရဲ့ လက်ထဲမှာ ရှိတယ်လို့ ကောလာဟလတွေ ကြားထားတာ၊ ဘာလို့ မင်းလက်ထဲ ရောက်နေတာလဲ။ ပြီးတော့ မင်းက ဒီဇမ္ဗူမဟာအစီအရင်ရဲ့ ပိတ်ဆို့မူကို ဖောက်ထွင်းပြီး အစီအရင်မျက်လုံကို တောင် ရှာတွေ့ခဲ့တာလား။ ငါ ‘ဖန်းယွမ်ထောင်’ တကယ်ကို အံ့သြမိတယ်။”
ဖန်းမိသားစု ခေါင်းဆောင်သည် ဟုန်ယွိကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ အရောင်မျိုးစုံ ပြောင်းလဲသွားပြီးနောက်တွင် အလွန်တည်ငြိမ်သော အမူအရာသို့ ပြန်လည် ရောက်ရှိသွားသည်။ “ဟုန်ယွိ... ငါတို့က မင်းကို တော်တော်ကြီးကို အထင်ကြီးပြီး ခန့်မှန်းချက်မျိုးစုံ ထုတ်ထားခဲ့ပြီးသား။ ဒါပေမဲ့ အခုထိတောင် ငါတို့ မင်းကို လျှော့တွက်မိ တုန်းပဲဆိုတာ သိလိုက်ရပြီ။ မူလကတော့ မင်းရဲ့နောက်ခံနဲ့ အခြေခံအုတ်မြစ်တွေက ငါတို့ရဲ့ အာရုံစိုက်မှုကို မခံရသလို၊ မျိုးနွယ်စုကြီးလေးခု ပူးပေါင်းဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါ အခု ဒီကျားယီ အစိမ်းရောင်နဂါးသစ်သားကို ထိန်းချုပ်နိုင်သွားပြီ။ မင်းမှာ ဖန်ဟွမ်အသက်ဝိညာဉ်ဓား ရှိနေရင်တောင်မှ အခြေအနေကို ပြောင်းလဲနိုင်မှာ မဟုတ်တော့ဘူး။”
“ဖန်းမိသားစု ခေါင်းဆောင် ‘ဖန်းယွမ်ထောင်’ လား။”
ဟုန်ယွိသည် ဖန်းယွမ်ထောင်ကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ “ခင်ဗျားက ကျုပ် ဇမ္ဗူမဟာအစီအရင်ကို လာလိမ့်မယ်လို့ ကြိုတင်တွက်ချက်ထားတယ်ပေါ့။ ဒါက တကယ့် ကို ရှားပါးအဖြစ်အပျက်ပဲ။”
“ဒါကို တွက်ချက်ရတာ မခက်ပါဘူး၊ မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း ထင်ပေါ်ထင်ရှား အောင် လုပ်လွန်းတာကိုး။ ပညာရှင် သူတော်စင်တစ်ရာရဲ့ ကောင်းချီးပေးမူကြောင့် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်လာတာက ကိစ္စမရှိသေးပေမဲ့၊ ချီလင်က မင်းကို အညံ့ခံလိုက် တာကတော့ တလောကလုံးကို တုန်လှုပ်စေပြီလေ။ မင်းကို လျှို့ဝှက်ကြံစည်နေတဲ့ လူတွေ အများကြီး ရှိတယ်။ မင်းက ကောင်းကင်နဂါးတာအိုသခင်မရဲ့ မိုးကြိုးကပ်ဘေးကို ကူညီပေးတာက ဒီရည်ရွယ်ချက်ပဲဆိုတာ သိသာနေတာပဲလေ။ ငါတို့ကတော့ မင်းကို အလွယ်တကူ အောင်မြင်ခွင့် မပေးနိုင်ဘူး။ မဟုတ်ရင် နေ့စဉ်နဲ့အမျှ မင်းရဲ့ အင်အားက ပိုကြီးထွားလာလိမ့်မယ်။ မင်းကြောင့် ကမ္ဘာကြီး ပြောင်းလဲသွားမှာကို ငါတို့ မလိုလားဘူး။” ဖန်းယွမ်ထောင်က ဆိုသည်။
“ဒဏ္ဍာရီတွေအရ ဖန်းမျိုးနွယ်စုမှာ ‘ဗြဟ္မာလမ်းစဉ်ခြောက်သွယ်’ ကျမ်းဆိုတာ ရှိတယ်။ ဒီကျမ်းက ကိုယ်ပွားခြောက်ခုကို ဖန်တီးနိုင်ပြီး ကိုယ်ပွားတစ်ခုချင်းစီက အလွန်တရာ အစွမ်းထက်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားတယ်လို့ အဆိုရှိကြတယ်။ ပြီးတော့ ဖန်းမိသားစု မှာ ‘ဗြဟ္မာဘုံ’ လို့ခေါ်တဲ့ ကိုယ်ပိုင် ကမ္ဘာငယ်တစ်ခုလည်း ရှိသေးတယ်။ အလယ်ခေတ် ပညာရှင် သူတော်စင်တွေထဲမှာ ‘ဗြဟ္မာသားတော်’ က လျှို့ဝှက်ဆန်းကြယ်ဆုံး ပညာရှင် သူတော်စင်တစ်ဦး ဖြစ်ပြီး သူချန်ထားခဲ့တဲ့ မိသားစုကလည်း အလွန် အင်အားကြီးမား တယ်။ ဒီနေ့ တွေ့လိုက်ရတာတော့ နာမည်နဲ့လိုက်အောင် တကယ်ကို အစွမ်းထက်တာပဲ။”
ဟုန်ယွိက ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာက ပြုံးယောင်သန်းလာသည်။ “ဒါပေမဲ့ ဖန်းမိသားစု ခေါင်းဆောင်... ခင်ဗျားက ကျုပ်ကိုသတ်ဖို့ ကြံစည်နေတာဆိုတော့၊ ကျုပ်က လည်း အားနာနေမှာ မဟုတ်ဘူး။”
သူ ထိုစကားပြောနေစဉ်... ကျန်ရှိသော အစီအရင်ဗဟိုချက် ရှစ်ခုစလုံးတွင် ဟုန်ယွိနှင့် ဖန်ဟွမ်အသက်ဝိညာဉ်ဓားတို့သည် ဝူမိသားစု ခေါင်းဆောင်၊ ဝမ်မိသားစု ခေါင်းဆောင်နှင့် ဆန်းမိသားစု ခေါင်းဆောင်တို့၏ ရှေ့တွင် တစ်ပြိုင်နက် ပေါ်လာတော့သည်။
အခန်း (၄၈၈)။
“ဟားဟား... ဟားဟား... ဟုန်ယွိ၊ မင်း ‘ဒိုင်ဇင်ဘုရားကျောင်း’ က ချန်ထားခဲ့တဲ့ အမြင့်ဆုံး လျှို့ဝှက်ကျမ်းစာတွေဖြစ်တဲ့ ‘အတိတ်အမိတ္တဘကျမ်း’ နဲ့ ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်း’ တို့ကို ရထား တယ်လို့ ငါကြားထားတယ်။ ဒါပေမဲ့ မင်း အဲဒီကျမ်းတွေကို ရထားရင်တောင် ငါ့ကို ဒီလို စကားမျိုးပြောဖို့ မထိုက်တန်သေးဘူး။ ‘ဒိုင်ဇင်ဘုရားကျောင်း’ရဲ့ အရင်က ကျောင်းထိုင် ဆရာတော်ကြီးတွေ ပြန်ရှင်လာရင်တောင် ငါ့ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲမှာ မဟုတ်ဘူး လို့ ငါ ရဲရဲကြီး ပြောရဲတယ်။ ငါတို့ရဲ့ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ပညာရှင် သူတော်စင် မိသားစုကြီး လေးခုကို ဆန့်ကျင်ဖို့ဆိုတာ ဘယ်လောက်အထိ သတ္တိရှိဖို့လိုလဲ မင်း သိလား။ ယန်ဖန်... ဟုတ်တယ်၊ ပြီးတော့ မင်းရဲ့အဖေလို့ပြောရမယ့် ဟုန်ရွှန်ကျိ... သူတို့ ဘယ်လောက်အထိ မာနကြီးခဲ့ကြလဲ မင်းသိလား။ သူတို့က အားနည်းနေတဲ့ ‘ဒိုင်ဇင် ဘုရားကျောင်း’ ကိုပဲ ဖျက်ဆီးရဲတာ၊ ငါတို့လို ပညာရှင် သူတော်စင် မိသားစုကြီးတွေရဲ့ အမွှေးအမျှင် တစ်ပင်ကိုတောင် သူတို့ တို့ထိရဲခဲ့လို့လား။”
ဟုန်ယွိ၏ စကားကို ကြားပြီးနောက်၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ကိုင်ဆောင်ထားသော ကိုယ်ပွားပုံရိပ်ကို ကြည့်ကာ ဖန်းမိသားစု ခေါင်းဆောင် ဖန်းယွမ်ထောင်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
“ကျုပ် စကားပြောရဲ၊ မပြောရဲဆိုတာ ကျုပ်လက်ထဲက သုံးပေအရှည်တဲ့ ဓားကိုပဲ မေးကြည့်လိုက်ပါ။ ခင်ဗျားက ဒီ ‘ကျားယီနဂါးစိမ်းသစ်သား’ကို သန့်စင်လိုက်တာနဲ့ ဒီမဟာအစီအရင်ကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ ထင်နေတာလား။ ခင်ဗျားက နတ်ဘုရားလက်နက် ကိုးခုကို ထိန်းချုပ်နိုင်ရင်တောင်မှ ဒီမဟာအစီအရင်ရဲ့ တစ်ဝက်ကိုပဲ ထိန်းချုပ်နိုင်ဦးမှာပါ။ ဒီမဟာအစီအရင်ရဲ့ အချက်အချာ အကျဆုံး အစိတ်အပိုင်းကတော့ အစီအရင်ပြ ပုံစံဖြစ်တဲ့ ‘ရှေးဦးဟွီနဂါး’ ရဲ့ ကျောကုန်းပေါ်က ‘နန်းဆောင်ကိုးခုလိပ်ခွံပုံစံ’ ပဲ။”
ဟုန်ယွိက သူ့လက်ချောင်း ငါးချောင်းကို လှုပ်ရှားလိုက်ရာ ဖန်ဟွမ်အသက်ဝိညာဉ်ဓား တစ်ခုလုံးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံ လိုက်တော့သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ပတ်လည်၌ မြင့်မြတ်ပြီး ခန့်ညားထည်ဝါ သော အငွေ့အသက်များ ဝန်းရံသွားတော့သည်။ ၎င်းမှာ ရှေးခေတ် သူတော်စင် ဧကရာဇ် ဖန် လူ့လောကသို့ တစ်ကျော့ပြန် ဆင်းသက်လာသည့်အလား ထင်မှတ်ရပေသည်။
ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားစွမ်းအင်များသည် သူ၏စိတ်ဝိညာဉ်နှင့် အပြည့်အဝ တစ်သားတည်း ဖြစ်သွားလေပြီ။ ဓားစွမ်းအင် တစ်စစီတိုင်းသည် သူ၏ အတွေးစများနှင့် ပေါင်းစပ်သွားသဖြင့် သူ၏ စိတ်ဝိညာဉ်ကိုယ်ပွားမှာ အတိုင်းအဆမဲ့ စွမ်းအားနှင့် အကန့်သတ်မဲ့ စူးရှမူများကို ရရှိသွားတော့သည်။
ဓားနှင့်လူသား တစ်သားတည်း။
“ဒီအစီအရင်ပုံကြမ်းက ရှေးဦး ‘ဟွီနဂါး’ ရဲ့ လိပ်ခွံဆိုတာကိုတောင် မင်း သိနေတာလား။ ဒါပေမဲ့ မင်းသိနေရင်တောင် မင်းမှာ အခွင့်အရေး မရှိတော့ဘူး။ ငါတို့ လေးယောက် ပူးပေါင်းလိုက်ပြီဆိုကတည်းက နတ်ဘုရားလက်နက် ကိုးခုကို ထိန်းချုပ်ပြီးသားပဲ….” ဖန်းယွမ်ထောင်သည် ဟုန်ယွိက ဇမ္ဗူမဟာအစီအရင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက် သဖြင့် သူ၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။ သူ၏ မျက်မှောင်များက ကြုတ်သွားခဲ့ပြီး နောက်ထပ် စကားများများ ပြောလိုဟန် မရှိတော့ပေ။
သူပြောနေစဉ်မှာပင် ဇမ္ဗူမဟာအစီအရင်၏ အလယ်ဗဟို ကျွန်းငယ်လေးပေါ်ရှိ ‘ကျားယီ နဂါးစိမ်းသစ်သား’ သည် ဖန်းယွမ်ထောင်၏ ထိန်းချုပ်မှုအောက်တွင် အစိမ်းရောင် ‘အစစ်မှန်စွမ်းအင်’ များအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။
ဟုန်ယွိ၏ ကိုယ်ပွားတစ်ခုစီသည် အတွေးစပေါင်း ၇,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
သူ့တွင် စုစုပေါင်း အတွေးစ ၆၆,၆၆၆ စ ရှိသည်။ ယခု သူက ၎င်းတို့ကို ကိုးစု ခွဲထုတ်လိုက် ပြီး အစီအရင်မျက်လုံးကိုးခုကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ကိုယ်ပွားတစ်ခုစီ တွင် အတွေးစ ၇,၀၀၀ ကျော်စီ ပါဝင်သည်။ သူ၏ စွမ်းအားမှာ အလွန်မကြီးမားသော်လည်း ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားစွမ်းအားနှင့် ပေါင်းစပ်ထားသဖြင့် သူ၏ စူးရှမှုမှာ ပြိုင်ဘက်ကင်းလှသည်။
…
ရှူး….
ဖန်းမိသားစု ခေါင်းဆောင် ဖန်းယွမ်ထောင်က ဦးစွာ စတင်တိုက်ခိုက်လိုက်သည်။
ဖန်းယွမ်ထောင်၏ ခန္ဓာကိုယ်မှာလည်း အတွေးစများဖြင့် ဖွဲ့စည်းထားသော ကိုယ်ပွား တစ်ခုသာ ဖြစ်သည်။ ယခု သူသည် အစီအရင်မျက်လုံးရှိ ‘ကျားယီ နဂါးစိမ်းသစ်သား’ ကို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သဖြင့် ၎င်းကို သူ၏ အတွေးစများနှင့် ပေါင်းစပ်ကာ အစီအရင်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အသုံးပြုလျက် ဟုန်ယွိကို အပြတ်ရှင်းရန် ကြိုးစားတော့ သည်။
“ကျားယီ နဂါးစိမ်း... နတ်ဘုရားသစ်သား အစစ်မှန်စွမ်းအင်... ငါ့ခန္ဓာကိုယ်မှာ စုစည်းစမ်း၊ ဟင်းလင်းပြင်ကို ခေါက်ချိုးစမ်း၊ ဇမ္ဗူလောကကို ထိန်းချုပ်စမ်း...။”
ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောပြီး ငရဲဘုံကဲ့သို့ နက်ရှိုင်းသော အငွေ့အသက်တစ်ခုက ဖန်းယွမ်ထောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဟုန်ယွိသည် ဖန်းယွမ်ထောင်မှာ ဇမ္ဗူ မဟာအစီအရင်တစ်ခုလုံးနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ သည်။
ဖန်းယွမ်ထောင်သည် အလွန်ကြီးမားသော စွမ်းအားများကို ဆုပ်ကိုင်လျက် သူ၏ လက်ညှိုး ဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
၎င်းမှာ ဟုန်ယွိ၏ မျက်ခုံးနှစ်ခုကြား ဗဟိုချက်ဆီသို့ ဦးတည်နေခြင်း ဖြစ်သည်။
မဟာဗြဟ္မာလက်ညှိုး…
၎င်းမှာ ‘အမှောင်ဧကရာဇ်လက်ညှိုး’ ထက် ပိုမိုစွမ်းအားကြီးသည့် တာအိုပညာရပ်နှင့် သိုင်းပညာရပ် ပေါင်းစပ်မှု ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအားနှင့် သိုင်းစွမ်းအား နှစ်မျိုးလုံးကို ပေါင်းစပ်ထားသည့် အမြင့်ဆုံး လျှို့ဝှက်ပညာရပ်တစ်ခုလည်း ဖြစ်သည်။
ဖန်းယွမ်ထောင်၏ လက်ညှိုးတိုက်ကွက်ကို မြင်လိုက်ရသောအခါ ဟုန်ယွိ၏ မျက်ခုံးများက လှုပ်ခတ်သွားသည်။ သူ၏ ကိုယ်ပွားရှိ အတွေးစ ၇,၀၀၀ ကျော်သည် အဆက်မပြတ် တွက်ချက်နေကြသည်။ မျက်တောင်တစ်ခတ်အတွင်း သူသည် အကြိမ်ပေါင်း သောင်းချီ၍ တွက်ချက်ပြီးသွားပြီ ဖြစ်သည်။ ဤလက်ညှိုးတိုက်ကွက်ကြောင့် ပတ်ဝန်းကျင် ဟင်းလင်း ပြင်မှာ ရုတ်တရက် တွန့်လိမ်သွားပြီး ဟုန်ယွိ ကိုယ်တိုင်ပင် ခေါက်ချိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဤကဲ့သို့ ဟင်းလင်းပြင် တွန့်လိမ်ခေါက်ချိုးမှုမှာ ဖန်းယွမ်ထောင်က ဇမ္ဗူမဟာအစီအရင်ကို ကျွမ်းကျင်သွားပြီးနောက် ငှားရမ်းအသုံးပြုလိုက်သော စွမ်းအားပင် ဖြစ်သည်။
ထိုနှစ်ခု ပေါင်းစပ်မူက အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်မှုများနှင့် စိတ်ဝိညာဉ် စွမ်းအား များ ပေါ်ထွက်လာတော့သည်။
“ဒီဖန်းမိသားစု ခေါင်းဆောင်ရဲ့ ပညာရပ်တွေနဲ့ အတွေးစတွေက တကယ့်ကို စွမ်းအားကြီး တာပဲ။ သူ မိုးကြိုးကပ်ဘေး ဘယ်နှစ်ကြိမ် ဖြတ်ကျော်ထားပြီးလဲ ဆိုတာတောင် ငါ မခန့်မှန်းနိုင်ဘူး။ ‘ဗြဟ္မာသားတော်’ တစ်ပါးရဲ့ အဆက်အနွယ်တွေက နာမည်နဲ့လိုက် အောင် တကယ်ကို ထူးချွန်ကြတာပဲ။ နှစ်ထောင်ချီ သမိုင်းကြောင်းရှိတဲ့ မိသားစုကြီးတစ်ခု ဟာ ဘယ်မြင့်မြတ်နယ်မြေမျိုးနဲ့မဆို ရင်ဘောင်တန်းနိုင်တာ အမှန်ပဲ။”
ဖန်းယွမ်ထောင်၏ လက်ညှိုးတိုက်ကွက်ကြောင့် ဟုန်ယွိ အံ့သြသွားရသော်လည်း သူသည် မည်သည့် အန္တရာယ်မှ ခံစားရခြင်း မရှိပေ။ သူ၏ အတွေးစတိုင်းမှာ ဖန်ဟွမ်အသက် ဝိညာဉ်ဓား၏ ဓားစွမ်းအားနှင့် ပေါင်းစပ်ထားသဖြင့် မည်သည့် မိစ္ဆာစွမ်းအားမှ မဝင်ရောက် နိုင်ချေ။ ဖန်ဆင်းရှင်သခင်အဆင့် ပညာရှင်တစ်ဦးပင်လျှင် သူ၏ အတွေးစများကို တစ်ခဏ အတွင်း ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အကြောက်အလန့် မရှိပေ။
“ရွှင်းလေညှင်း... ချေမှုန်းစမ်း။”
တွန့်ဆုတ်မနေဘဲ ဟုန်ယွိက သူ၏ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ၊ သူ၏ လက်မောင်းမှ ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။ သူသည် ‘ရွှင်းလေဓားသိုင်း’ ကို ထုတ်ဖော်လိုက်ရာ ခန့်ညားထည်သော ဓားအလင်းမှာ ပိုးထည်ကို ဖြတ်တောက်သကဲ့သို့ မည်သူမျှ မတားဆီး နိုင်ဘဲ ရှေ့သို့ တိုးဝင်သွားလေသည်။ သူ၏ရှေ့မှ တွန့်လိမ်ခေါက်ချိုးနေသော ဟင်းလင်း ပြင်များသည် ဓားစွမ်းအင်အောက်တွင် နေရောင်ခြည်နှင့် ထိတွေ့သော နှင်းများကဲ့သို့ အရည်ပျော် ပျက်စီးသွားတော့သည်။
တခဏအတွင်း ဟင်းလင်းပြင် အတားအဆီးများ ပျက်စီးသွားပြီးနောက်တွင် သစ်သား ကဲ့သို့ စိမ်းလန်းသော လက်ညှိုးတစ်ချောင်းမှာ ဟုန်ယွိ၏ နဖူးနှင့် သုံးလက်မခန့်အကွာတွင် ထွက်ပေါ်လာတော့သည်။
အကယ်၍ ဤလက်ညှိုးသာ ထိမှန်သွားပါက ဟုန်ယွိ၏ ကိုယ်ပွားမှာ ချက်ချင်း ပြိုကွဲသွား ပြီး သူ၏ အတွေးစများမှာလည်း ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။ အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာ ကောင်းလှသည်။
သို့သော် ဟုန်ယွိ၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေဆဲပင်။ သူက လက်ဝါးကို မြှောက်လိုက် ပြီး လက်ခလယ်ကို လှန်၍ လက်မထံသို့ ထိကပ်ကာ ကွေးလိုက်ရာ ပန်းတစ်ပွင့်ကို ခူးဆွတ် ယူနေသကဲ့သို့ ထင်မှတ်ရပေသည်။ နက်နဲလှသော ‘ဈာန်’ တရား အငွေ့အသက်များနှင့် အတူ သူသည် သူ့နဖူးဆီသို့ ဦးတည်လာသော လက်ညှိုးကို အသာအယာ ဖမ်းဆီးလိုက် လေသည်။
၎င်းမှာ ဗုဒ္ဓလက်ဝါး၏ အသွင်မဲ့တံဆိပ်တော် ပြောင်းလဲမှုပင် ဖြစ်သည်။
ဘုန်း….
လက်ညှိုးနှစ်ခုမှာ ဟုန်ယွိ၏ နဖူးရှေ့တွင် ထိတွေ့မိသွားသည်။ ရုတ်တရက် ထိုကြည်လင် စိမ်းစိုနေသော လက်ညှိုးမှာ ကြီးမားသော ဖိအားအောက်သို့ ရောက်ရှိသွားသည့်ပုံပင်။ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး လက်ညှိုးတစ်ခုလုံးတွင် အက်ကြောင်းများ ပေါ်လာတော့သည်။
ရှူး…
လက်ညှိုးမှာ အထိနာသွားသဖြင့် ဟင်းလင်းပြင်အတွင်းသို့ ချက်ချင်း ပြန်လည် ဆုတ်ခွာ သွားသည်။ ဟင်းလင်းပြင်တစ်ခုလုံးမှာလည်း ပြင်းထန်စွာ တွန့်လိမ်ခေါက်ချိုးသွားတော့ သည်။
“ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစာ” ရဲ့ အနှစ်ချုပ်နိယာမဖြစ်တဲ့ ‘မဟာတံဆိပ်တော်ဆယ်ပါး’ ရဲ့ စွမ်းအား ကို ခင်ဗျား မြင်ဖူးဦးမှာ မဟုတ်သေးဘူး။”
လက်ညှိုးကို ဖမ်းဆီးပြီးနောက် ဟုန်ယွိက အေးဆေးစွာ ပြောလိုက်သည်။ သူက လက်ဝါး ကို လှန်လိုက်ပြီး လက်ချောင်းငါးချောင်းကို တုန်ခါစေလိုက်သည်။ သူ၏ ရှေ့မှ တွန့်လိမ် ခေါက်ချိုးနေသော ဟင်းလင်းပြင်ကို မျက်နှာမူလျက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက် တော့သည်။
ဘုတ်... ဘုတ်... ဘုတ်...
လှိုင်းလုံးများ ရိုက်ခတ်သံကဲ့သို့ပင် ဟုန်ယွိ၏ လက်သီးချက် ထိုးနှက်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လေလှိုင်းများမှာ မြည်ဟီးသွားကြသည်။ လေထုနှင့် ဟင်းလင်းပြင်မှာ ဟုန်ယွိ၏ လက်သီးချက်ကို ကြောက်လန့် တုန်လှုပ်နေကြပြီး အသိဉာဏ်ရှိသော သက်ရှိ များအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ဝုန်း... ဟင်းလင်းပြင်မှာ ပွင့်ထွက်သွားသည်။ ပတ်ဝန်းကျင်ရှိ အနက်ရောင် အခိုးငွေ့များမှာ အဆက်မပြတ် ပေါက်ကွဲနေပြီး လေထုထုထည်များမှာလည်း တစ်ခုနှင့်တစ်ခု နေရာအနှံ့ ရိုက်ခတ်နေကြသည်။
ထိုရိုက်ခတ်နေသော လေထုများကြားတွင် လူရိပ်တစ်ခု ခေတ္တ တန့်သွားပြီး ပေါ်လာသည်။ ထိုသူမှာ ဖန်းမိသားစု ခေါင်းဆောင် ဖန်းယွမ်ထောင်ပင် ဖြစ်သည်။
“ဖန်းယွမ်ထောင်... ဟိုဘက်ကမ်းမှာ ပြန်ဆုံကြတာပေါ့၊” ဟုန်ယွိက ဖန်းယွမ်ထောင်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။ သို့သော် သူ၏ လက်မှာမူ ပစ္စုပ္ပန်စွမ်းအား၏ လွှမ်းမိုးချုပ်ကိုင်မှု အရှိန်အဝါကို ထုတ်ဖော်လျက် ဟင်းလင်းပြင်ကို ဖြတ်၍ လက်သီး တစ်ချက် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
ရုတ်တရက် ဟင်းလင်းပြင်ထဲ၌ မရေမတွက်နိုင်သော နီရွှေရောင် ဝိုင်းစက်နေသည့် အလင်းကွင်းများ ပေါ်လာသည်။ ထိုအလင်းကွင်းများသည် ပြင်းထန်လှသော ဟင်းလင်း ပြင် အက်ကွဲကြောင်းများကြား၌ပင် အနည်းငယ်မျှ တွန့်လိမ်ခြင်း သို့မဟုတ် ပုံပျက်သွား ခြင်းမျိုးမရှိဘဲ၊ မည်သည့် ကပ်ဘေးဒုက္ခကမျှ မဖျက်ဆီးနိုင်သော အလင်းစက်ဝန်းများ အဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထိုရွှေရောင် အလင်းကွင်းများကို ကြည့်လိုက်သောအခါ မည်သူမဆို “ကံ၊ အကြောင်း၊ အကျိုး၊ ဝဋ်” ဟူသော စကားလုံးလေးလုံးကို ချက်ချင်း သတိရမိကြပေလိမ့် မည်။
ထိုစကားလုံး လေးလုံးသည် မဟာစကြာဝဠာအတွင်းရှိ နိယာမတစ်ခုကို အနှစ်ချုပ်ထား သကဲ့သို့ပင်။ မည်သည့် သဘာဝဘေးအန္တရာယ်၊ မည်သည့် မြေကမ္ဘာကပ်ဘေး သို့မဟုတ် လူသားကပ်ဘေးမျိုးကမျှ ၎င်းတို့ကို ဖျက်ဆီးပစ်နိုင်ခြင်း မရှိပေ။
ဤသည်မှာ စစ်မှန်သော သစ္စာတရားပင် ဖြစ်သည်။
နီရွှေရောင် အလင်းစက်ဝန်းများအတွင်း၌ ရွှေရောင်ပုံရိပ်များ ပေါ်လိုက် ပျောက်လိုက် ဝေဝါးစွာ ဖြစ်နေသည်။ သူတို့သည် ဂါထာများကို ရွတ်ဆိုနေကြပြီး ထိုစကားလုံးများမှာ ဇမ္ဗူအစီအရင်တစ်ခုလုံးကို ရိုက်ခွဲပစ်တော့မည့်အလား ပြင်းထန်လှသည်။
“ဖန်မော့ ဆန်ပိုလော့ (Fan Mo San Bo Luo) ကျင်းကျွီ ယန်မော့လော့ (Jing Ju Yan Mo Luo) လျှိုလဲ့ လျှိုပိုဝန် ရှာမန် (Lou Le Lou Bo Wen Sha Men) နန်ထော့ စီနန်ထော့ (Nan Tuo Se Nan Tuo)”
ရွတ်ဆိုသံများကြားတွင် အလင်းကွင်းများနှင့် ပုံရိပ်များအားလုံးမှာ တစ်နေရာတည်းတွင် စုစည်းသွားပြီး ဝိုင်းလည်းဝိုင်း စတုရန်းလည်းကျသော၊ ပြားလည်းပြား ပြည့်လည်း ပြည့်စုံ သော ‘သစ်သီး’ တစ်လုံးအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုသစ်သီးမှာ လူသားတို့၏ မျက်လုံးဖြင့် ကြည့်လျှင် ပုံသဏ္ဌာန်ကို အတိအကျ ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ထူးခြားလှသည်။
“ဒါက... မူလကံကြမ္မာ တာအိုသစ်သီးပဲ” (Yuan Yin Dao Fruit)
ဤ ‘တာအိုသစ်သီး’ ကို မြင်လိုက်ရသောအခါ ဖန်းမိသားစု ခေါင်းဆောင် ဖန်းယွမ်ထောင် တင်မကဘဲ ဟုန်ယွိကိုယ်တိုင်ပင် မှင်သက်သွားရသည်။ ဟုန်ယွိအနေဖြင့် သူ၏ အတွေးစ များနှင့် ဖန်ဟွမ်အသက်ဝိညာဉ်ဓားတို့ တစ်သားတည်း ဖြစ်သွားပြီးနောက်၊ ဗုဒ္ဓလက်ဝါး၏ တံဆိပ်တော် သုံးမျိုးကို ထုတ်ဖော်လိုက်ရုံဖြင့် ‘မူလကံကြမ္မာ တာအိုသစ်သီး’ ကို ဖြစ်ပေါ် စေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
‘ယွမ်’ဆိုသည်မှာ ရှေးခေတ် သူတော်စင် ဧကရာဇ် ‘ယွမ်’ ကို ဆိုလိုခြင်း ဖြစ်သည်။ ‘တာအို’ ဆိုသည်မှာ မဟာတာအိုကို ဆိုလိုခြင်း ဖြစ်သည်။
ရှေးခေတ် သူတော်စင် ဧကရာဇ် ‘ယွမ်’ ကျင့်ကြံခဲ့သော တာအိုသစ်သီးကို ‘မူလကံကြမ္မာ တာအိုသစ်သီး’ ဟု ခေါ်ဆိုကြသည်။ အတိုကောက်အားဖြင့် ‘ကံကြမ္မာ’ဟု ခေါ်သည်။
ဤတာအိုသစ်သီးသည် ဒဏ္ဍာရီများအရ ဖော်ပြ၍မရနိုင်သော ပုံသဏ္ဍာန်နှင့် အံ့ဩဖွယ် စွမ်းအားများ ရှိသည်ဟု ဆိုကြသည်။ ဟုန်ယွိသည် ဤသည်မှာ ဗုဒ္ဓလက်ဝါး မဟာပြီးပြည့် စုံခြင်းသို့ ရောက်ရှိချိန်မှသာ ပေါ်ထွက်လာနိုင်သော လျှို့ဝှက်စွမ်းအားဖြစ်ကြောင်း သိရှိ လိုက်သည်။
ဗုဒ္ဓလက်ဝါး မဟာပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သောအခါ ‘ကံကြမ္မာ’ ဟုခေါ်သော တာအိုသစ်သီးကို ဖြစ်ပေါ်စေလိမ့်မည်။ ဤကံကြမ္မာ တာအိုသစ်သီး၏ အဆင့်အတန်းမှာ ‘ဖန်ဆင်းရှင်’ သခင် အဆင့်တွင် ရှိပေလိမ့်မည်။
ဗုဒ္ဓလက်ဝါးကို မဟာပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံနိုင်ရန်အတွက် မိမိကိုယ်တိုင် ‘ဖန်ဆင်းရှင်’ သခင် အဆင့်သို့ ရောက်ရှိရန် လိုအပ်ကြောင်းလည်း ဟုန်ယွိ သိရှိထားသည်။
သို့သော် ယခုအခါ သူ၏ အတွေးစများနှင့် ဖန်ဟွမ်အသက်ဝိညာဉ်ဓားတို့ ပေါင်းစပ်လိုက် ပြီးနောက် သူ၏ လက်ဝါးတိုက်ကွက်မှာ သူ၏နယ်ပယ်ကို မြှင့်တင်ပေးလိုက်ပြီး ဤ ‘ကံကြမ္မာ တာအိုသစ်သီး’ ကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဟုန်ယွိ ကိုယ်တိုင် ပင် မမျှော်လင့်ထားသော အချက်ဖြစ်သည်။
ဖန်ဟွမ်အသက်ဝိညာဉ်ဓားသည် ဗုဒ္ဓတံဆိပ်တော်များ၏ စွမ်းအားကို အမှန်တကယ်ပင် မြှင့်တင်ပေးနိုင်ခဲ့သည်။ ဟုန်ယွိ ကိုယ်တိုင်ပင် ဤလျှို့ဝှက်ဆန်းပြားသော စွမ်းအားမှာ မည်သည့်နေရာမှ ရောက်လာသနည်း သို့မဟုတ် မည်သို့ ဖြစ်ပေါ်လာသနည်းဆိုသည်ကို အတိအကျ မသိရှိပေ။ အကြောင်းမှာ သူသည် ထိုအဆင့်သို့ အမှန်တကယ် မရောက်ရှိသေး သောကြောင့် ဖြစ်သည်။
… …
သို့သော် ဤ ‘ကံကြမ္မာ’ တာအိုသစ်သီး၏ စွမ်းအားမှာ ထင်ယောင်ထင်မှား ပုံရိပ်ယောင် မဟုတ်ဘဲ စစ်မှန်သော တည်ရှိမှု ဖြစ်သည်။
ကံကြမ္မာ တာအိုသစ်သီး ပေါ်လာသည်နှင့် ဖန်းမိသားစု ခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ တွန့်လိမ်သွားပြီး ကမ္ဘာတုန်စေမည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ သူ၏ လက်ထဲမှ အရောင်ခြောက်မျိုးရှိသော ‘ဗြဟ္မာစက်ဝန်း’ များ ပျံထွက်လာပြီး တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ ‘ကျားယီ နဂါးစိမ်းသစ်သား’ လည်း ပေါ်လာကာ ဟင်းလင်းပြင်ကို အဆက်မပြတ် တွန့်လိမ်ခေါက်ချိုးစေတော့သည်။
မရေမတွက်နိုင်သော အနက်ရောင် တိမ်တိုက်များ ဆူပွက်လာပြီး ဇမ္ဗူမဟာအစီအရင်၏ စွမ်းအားမှာ အပြည့်အဝ နိုးကြားလာခဲ့ပြီ ဖြစ်သည်။
သို့သော် ဤ ‘ကံကြမ္မာ’ သည် မည်သည့် နတ်ဘုရားစွမ်းအား၊ မည်သည့် မှော်စွမ်းအင်နှင့် မည်သည့် ကာကွယ်မှုမျိုးကိုမဆို လျစ်လျူရှုနိုင်စွမ်း ရှိသည်။ ၎င်းသည် အတားအဆီး အားလုံးကို ထိုးဖောက်ကာ ဖန်းယွမ်ထောင်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို တိုက်ရိုက် ထိမှန်သွားတော့သည်။
ဝုန်း….
စူးရှလှသော အော်ဟစ်သံနှင့်အတူ ဖန်းယွမ်ထောင်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော အတွေးစများအဖြစ် လွင့်စင်သွားတော့သည်။
‘ကျားယီ နဂါးစိမ်းသစ်သား’ နှင့် ပေါင်းစပ်ကာ ဇမ္ဗူမဟာအစီအရင်၏ စွမ်းအားကို ငှားရမ်းအသုံးပြုထားသော ဤကိုယ်ပွားမှာ ဟုန်ယွိ၏ ‘ကံကြမ္မာ တာအိုသစ်သီး’ ကြောင့် လုံးဝ ခြေမှုန်းခံလိုက်ရလေပြီ။