← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

အပိုင်း ( 1 )

ထမင်းစားပြီးပြီလား

ကန်းပြည်နယ်တွင် တောင်ထိပ်/တောင်ထွဋ်များ တစ်ခုပြီးတစ်ခုပြီး မြင့်တက်နေခဲ့ကာ၊ သဘာဝ အလှတရားကို ပြသနေခဲ့သည်၊ ထိုနေရာသည် နှစ်သောင်းနှင့်ချီ၍ ရပ်တည်နိုင်ခဲ့သော ရှေးဟောင်းဂိုဏ်းတစ်ခု တည်ရှိရာနေရာ ဖြစ်သည်။

ပုံရိပ်နှစ်ခုသည် အတူတကွ လမ်းလျှောက်ကာ၊ သူတို့အရှေ့တွင် ရှိနေသည့် တောင်ထွဋ်ဆီသို့ ဦးတည်သွားလာနေကြသည်။

တစ်ဦးသည် ရှည်သွယ်ကာ ဖြောင့်တန်းသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး၊ တစ်ခြားကမ္ဘာမှ အငွေ့အသက်ကို ထုတ်လွှတ်နေသည့် ချောမောသော လူငယ်တစ်ဦးဖြစ်သည်။

သူ့ဘေးတွင် ရှိနေသည့် လူကမူ ခံ့ညားတောက်ပသော ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ အသက်လေးဆယ်ကျော် အရွယ်တွင် ရှိနေပုံရသည့် သက်လတ်ပိုင်း အမျိုးသားဖြစ်သည်။ သူသည် သူ့ဘေးဘက်တွင် ရှိနေသည့် လူငယ်လေးကို အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ကြည့်လာခဲ့ကာ၊ သူ၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

“ တျန်ရီ၊ နှစ်အတော်ကြာနေခဲ့ပြီ၊ မင်းက ချီစုစည်းခြင်း အဆင့်၆ကို ရောက်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ဂျူနီယာ သိုင်းပညာ ဦးလေးက တကယ်ကို အံ့ဩသွားရတယ် “ ဟုသက်လတ်ပိုင်းလူမှ စကားပြောလာခဲ့သည်။

လူငယ်၏ အမည်မှာ ယဲ့တျန်ရီဖြစ်ပြီး၊ သူရှိနေသည့် နေရာမှာ ကန်းယွင်ဂိုဏ်းဖြစ်သည်။

( ကန်းယွင်ဂိုဏ်း = မိုးပြာတိမ်တိုက်ဂိုဏ်း )

ဤဂိုဏ်းတွင် အဓိက တောင်ထွဋ် ခုနစ်လုံးရှိပြီး၊ တောင်ထွဋ် ဆရာသခင် တစ်ဦးချင်းစီတိုင်းက ၎င်းတို့ကို အသီးအသီး အုပ်စိုးလျက်ရှိသည်။

သူတို့နှစ်ဦးသည် အဓိက တောင်ထွဋ်ခုနစ်ခုအနက်မှ တစ်ခုဖြစ်သည့် ချင်းယွင်တောင်ထွဋ်ပေါ်သို့ တက်နေကြသည်။

ယဲ့တျန်ရီသည် ချင်းယွင်တောင်ထွဋ်၏ ကိုယ်ပိုင်တပည့်တစ်ဦး ဖြစ်သည်။

ဤအချိန်၌ ယဲ့တျန်ရီသည် ချီးကျူးစကားကို နားထောင်ကာ၊ သူ၏ ဦးခေါင်းကို ခါရမ်း၍ စကားပြန်ပြောလာခဲ့သည် “ ဂျူနီယာ သိုင်းပညာဦးလေး လင်းပေါ်၊ ဦးလေးက ကျွန်တော့်ကို မြှောက်နေတာပဲဗျ၊ ကျွန်တော့်ရဲ့ နယ်ပယ်က ဘာမှမဟုတ်ပါဘူး “

“ နှိမ့်ချနေဖို့ မလိုပါဘူးကွာ။ မင်းနဲ့ယှဥ်လိုက်မယ်ဆိုရင် ငါ့ရဲ့ ကိုယ်ပိုင်တပည့်တွေက လှည့်ကြည့်ဖို့တောင် မတန်ပါဘူးကွာ။ မင်းလိုမျိုးတပည့်တွေကို ခေါ်နိုင်တဲ့ မင်းရဲ့ ဆရာကို ငါတကယ် အားကျတယ်။ ချင်းယွင်တောင်ထွဋ်က နှစ်တစ်ထောင်တိတိ ဘာကိုမှ တွေးပူနေဖို့ မလိုတော့ဘူး “ ဟုလင်းပေါ်မှ ပြန်ပြောလာခဲ့သည်၊ သူ၏လေသံထဲတွင် မြှောက်ပင့်နေမှုများ မရှိဘဲ၊ အားကျစိတ်တို့သာ ပြည့်နှက်နေခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ယဲ့တျန်ရီသည် မနေနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည် “ ဒါနဲ့ ဂျူနီယာ သိုင်းပညာဦးလေး၊ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဆရာဂိုဏ်းကို ပြန်လာခဲ့တဲ့ အချိန်တုန်းက တပည့်တစ်ယောက်ခေါ်ခဲ့တယ်လေ။ အဲ့ဒီဂျူနီယာလေးက ဉာဏ်ရည်ဉာဏ်သွေးကောင်းပြီးတော့၊ သူ့ကို သာမန်ပါရမီရှင်တွေက မယှဥ်နိုင်ဘူးတဲ့၊ ပြီးတော့ ကန်းပြည်နယ်က နှစ်တစ်ရာအတွင်းမှာ သူ့လိုလူမျိုးကို မွေးမထုတ်ပေးနိုင်ဘူးလို့လည်း ပြောခဲ့တယ်ဗျ။ သူက ဆရာပြောသလိုမျိုး တကယ်အံ့ဩဖို့ကောင်းတာလားဗျ “

“ ဘယ်သူလဲ။ လုချန်ရှန်းလား “

“ ဟုတ်ပါတယ် “

ထိုအမည်အကြောင်းကို ပြောလိုက်ရသောအခါတွင်၊ လင်းပေါ်မှာ အလိုအလျောက် မျက်မှောင်ကြုတ်သွားကာ၊ မည်ကဲ့သို့ တုံ့ပြန်ပြောဆိုရမလဲဆိုသည်ကို တစ်ခဏခန့် မေ့လျော့သွားခဲ့သည်။

သူသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ ဖြည်းဖြည်းချင်း စကားဆက်ပြောလာခဲ့သည်။

“ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါမှတ်ချက်မပေးနိုင်ဘူး။ မင်းကိုယ်တိုင် သူနဲ့ပြောဆိုဆက်ဆံကြည့်သင့်တယ်။ ဒါပင်မဲ့ စကားပုံတစ်ခုကတော့ တကယ်မှန်တယ် “

“ ဘာစကားပုံလဲဗျ “

“ ကန်းပြည်နယ်ရဲ့ နှစ်တစ်ရာဆိုတာကို မေ့ထားလိုက်၊ နှစ်ငါးရာအတွင်းမှာတောင်မှ သူ့လိုလူမျိုးကို မွေးထုတ်ပေးနိုင်မှာ မဟုတ်ဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ယဲ့တျန်ရီ၏ စိတ်ထဲတွင် သိလိုစိတ်များ ပေါက်ဖွားလာခဲ့သည် “ ကြည့်ရတာတော့ ကျွန်တော့်ရဲ့ ဂျူနီယာညီလေးက မရိုးရှင်းဘူးနဲ့တူတယ် “

“ သူက တကယ်ကို ထူးခြားတယ် “

“ အခုသူက ဂိုဏ်းထဲမှာ ရှိလားဗျ “ ယဲ့တျန်ရီမှ မေးမြန်းလာခဲ့သည်။

“ ဟိုဘက်မှာ ရှိတယ် “

လင်းပေါ်သည် တအံ့တဩဖြစ်သွားကာ၊ မလှမ်းမကမ်းတွင် ရှိနေသည့် ထင်ရှူးပင်အိုကြီးအောက်သို့ ညွှန်ပြလိုက်သည်။

ထိုင်ခုံရှည်တစ်ခုပေါ်တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ဦး လှဲလျောင်းနေလျက်ရှိပြီး၊ ခေါက်ယပ်တောင်ဖြင့် သူ့ကိုယ်သူ ယပ်ခတ်ပေးနေခဲ့ကာ၊ လက်ဖက်ရည်တစ်ခွက်ကို ဖြည်းဖြည်းချင်း အရသာခံ သောက်နေလျက်ရှိသည်။

သူ၏ အမူအရာမှာ အတော်ပင် ပေါ့ပါးလွန်းနေခဲ့သည်။

သူ၏အရှေ့တွင် ပုံရိပ်များစွာ မတ်တပ်ရပ်နေလျက်ရှိပြီး၊ တစ်ဦးချင်းစီတိုင်းမှာ အိတ်တစ်လုံးစီ ကိုင်ဆောင်ထားကြပြီး၊ ၎င်းတို့အားလုံးမှာ နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက် လင်းလက်တောက်ပနေခဲ့သည်။

“ စီနီယာအစ်ကို ချန်ရှန်း၊ ကန်းယွင်မြို့ရဲ့ လစဥ် ဝိညာဥ်ကျောက်တုံး ခွဲတမ်းရောက်လာပါပြီ။ စစ်ဆေးကြည့်မလားဗျ “

တစ်စုံတစ်ဦးသည် အပြုံးကို ဆင်မြန်းကာ၊ စကားပြောလာခဲ့သည်။

လုချန်ရှန်းသည် လက်ဖက်ရည် တစ်ငုံသောက်ကာ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ စစ်ဆေးနေဖို့ မလိုပါဘူးကွာ။ မင်းတို့အားလုံးက ကိစ္စတွေကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ငါယုံတယ် “

ထိုစကားလုံးကို ကြားလိုက်ရသောအခါတွင် လူတော်တော်များများ ပြုံးရွှင်သွားကြသည်။

လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့သည် “ ဒါပင်မဲ့ မင်းတို့အားလုံး အာရုံစိုက်ဖို့ လိုနေတဲ့ ကိစ္စတစ်ခုတော့ ရှိနေသေးတယ် “

“ ဘာလဲဗျ “

“ ဈေးဆိုင်တစ်ချို့က အားကိုးရာအသစ်ကို ရှာတွေ့သွားကြတဲ့ပုံပဲ၊ သူတို့ရဲ့ ဝိညာဥ်ကျောက်တုံးတွေကို မပေးတာ နှစ်လတိတိ ရှိသွားပြီ။ ဒီကိစ္စ မင်းတို့တွေဆီ အပ်ထားလိုက်မယ်နော် “

“ သူတို့က တကယ်ကြီးကို သေချင်နေကြတာပဲ၊ စီနီယာ အစ်ကိုရဲ့ ဝိညာဥ်ကျောက်တုံးတွေကို မပေးဘဲ နေရဲတယ်ပေါ့လေ “

” မျိုးမစစ်ကောင်တွေ၊ မနက်ဖြန်ကျရင် သူတို့ဆိုင်တွေကို မီးသွားရှို့ပစ်မယ် “

အားလုံးသည် ဒေါသတကြီးဖြစ်သွားကြကာ၊ သူတို့၏ စီနီယာအစ်ကိုပေါ်တွင် ထားရှိသည့် လေးစားမှုနှင့် ကာကွယ်ပေးမှုတို့ကို ဖော်ထုတ်ကာ ရှုံ့ချပြောဆိုလာကြသည်။

လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ရမ်းကာ စကားပြောလိုက်သည် “ အဲ့လိုလုပ်ဖို့ မလိုပါဘူးကွာ။ ငါကစိတ်ပျော့တယ်၊ အဲ့လိုသွေးထွက်သံယိုများတဲ့ မြင်ကွင်းတွေကို မကြည့်နိုင်ဘူး၊ ကောင်းကင်သုံးထပ်မှာ ရှိတဲ့ ဝိညာဥ်ကျောက်တုံးတွေကိုပဲ လွှဲခိုင်းလိုက်ပါ “

“ တကယ်လို့ သူတို့က မလွှဲပေးဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲဗျ “

“ တကယ်လို့ သူတို့က မလွှဲပေးဘူးဆိုရင်၊ မင်းတို့ဘာသာ ဝင်ယူလိုက်လို့မရဘူးလားဟ။ ဘာက တန်ဖိုးရှိလဲဆိုတာကို မင်းတို့မသိကြဘူးလား။ ငါက မင်းတို့ကို သင်ပေးရဦးမှာလား “ လုချန်ရှန်း၏ မျက်ခုံးများ ပင့်တက်သွားခဲ့သည်။

လူတိုင်း ရုတ်တရက် နားလည်သွားကြသည်၊ ဟုတ်သားပဲ၊ တကယ်လို့ သူတို့က မပေးဘူးဆိုရင်၊ ငါတို့က ယူလိုက်လို့ရတယ်မဟုတ်ဘူးလားဟ။ အဲ့တာကိုတောင် မလုပ်နိုင်ဘူးဆိုရင်၊ ငါတို့က ဘာအတွက် ကျင့်ကြံနေကြတာလဲ

သို့ရာတွင် ထိုစကားများလုံးမှာ ယဲ့တျန်းရီနှင့် လင်းပေါ်တို့၏ နားများအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

လင်းပေါ်သည် ၎င်းကို ကျင့်သားရနေပုံပေါ်ပြီး၊ မည်သို့မျှ မအံ့ဩသွားခဲ့ပေ၊ သို့သော် ယဲ့တျန်ရီကမူ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

“ ဂျူနီယာ သိုင်းပညာဦးလေး၊ အဲ့တာက ကျွန်တော့်ရဲ့ ဂျူနီယာညီလေးဆိုတာ တကယ်လားဗျ “

“ စိတ်ပူနေဖို့ မလိုပါဘူး၊ သူက အဲ့လိုပဲ “

“ စိတ်မပူ …… “ ယဲ့တျန်ရီ၏ မျက်နှာမဲ့ရွဲ့သွားခဲ့သည်။ ငါက အခုလေးတင် ဘာစကားကြီးကို ကြားလိုက်ရတာလဲဟ

နှစ်တစ်ရာအတွင်းမှာ နောက်တစ်ခါထပ်မတွေ့ရလောက်တဲ့ ထူးခြားတဲ့ ပါရမီရှင်ဆို

တစ်ခြားလူတွေက အစားရော၊ အအိပ်ကိုပါ မေ့ထားကြပြီး၊ နေ့ရောညပါ လေ့ကျင့်နေကြတာလေ၊ စီနီယာအစ်ကို မိုးပြာတိမ်တိုက်ကတောင် အဲ့လိုပဲလုပ်နေတာလေ

ဒီဂျူနီယာညီလေးကတော့ ပင်စင်ယူထားသလိုမျိုး၊ အိပ်လိုက်၊ အလေလိုက်လိုက်၊ လက်ဖက်ရည်သောက်နဲ့၊ ကျမ်းစာတွေနဲ့ နည်းစနစ်တွေကိုတောင် ဖတ်မနေဘူး။ အရေးကြီးတဲ့ ကျင့်ကြံရေး ကိစ္စတွေကိုတောင် မစဥ်းစားပဲနဲ့၊ အားမှကျင့်ကြံနေတယ်ပေါ့

အဲ့တာတွေနဲ့တင် အားမရလို့ အတွင်းဂိုဏ်းက တပည့်တွေကို ကန်းယွင်မြို့မှာ သူ့အတွက် ဝိညာဥ်ကျောက်တုံးတွေ သွားစုဆောင်းပေးတဲ့ ကြံရာပါတွေအဖြစ် လုပ်ခိုင်းနေတယ်ပေါ့

၎င်းကို မြင်လိုက်ရသောအခါတွင် လင်းပေါ်သည် သူ့ကို အမြန်နှစ်သိမ့်ပေးလာခဲ့သည် “ တူလေး၊ မင်းက တဖြည်းဖြည်း နေသားကျသွားမှာပါကွာ “

“ သူက အဲ့လိုကိစ္စမျိုးတွေကို နေ့တိုင်းလုပ်နေတာလား “ ယဲ့တျန်ရီသည် မျှော်လင့်ချက်ကို လက်မလျှော့သေးဘဲ၊ သိလိုစိတ်ဖြင့် ထပ်မံ၍ မေးမြန်လာခဲ့သည်။

လင်းပေါ်သည် တစ်ခဏခန့် တွေးတောစဥ်းစားကာ၊ လေးလေးနက်နက် ပြန်ပြောလိုက်သည် “ ဟုတ်တယ်၊ တစ်ခါတစ်လေကျတော့လည်း တစ်ခြားကိစ္စတွေကို လုပ်တတ်ပါတယ်လေ “

“ ဘာကိစ္စတွေလဲဗျ “

“ အပြင်ဂိုဏ်းက တပည့်တွေက လတိုင်း စိတ်ဝိညာဥ်ဆန် ရတဲ့အချိန်ကျရင်၊ သူသည် အချိန်ကိုက်သွားပြီးတော့၊ နှစ်အိတ်လောက်သယ်တတ်တယ်။ အတွင်းဂိုဏ်းက တပည့်တွေ ဆေးလုံးတွေ ရတဲ့အချိန်မှာလည်း ခြင်းတောင်းတစ်ခုနဲ့ စောစောစီးစီး ရောက်နေတတ်တယ်။ ကိုယ်ပိုင်တပည့်တွေက ဝိညာဥ်ကျောက်တုံး ရတဲ့အချိန်မှာလည်း မင်းရဲ့ စီနီယာအစ်ကိုအစား သွားယူပေးတတ်တယ်။ လဝက်တိုင်းမှာ အကြီးအကဲတွေဆီကို သွားပြီးတော့၊ အဲ့ဒီစီနီယာအစ်ကိုက ကျင့်ကြံရေးရဲ့ အရေးကြီး အခိုက်အတန့်ကို ရောက်နေလို့ ဝိညာဥ်ကျောက်တုံး အများကြီး လိုအပ်တယ်လို့ သွားပြောတတ်တယ် …… “

လင်းပေါ်သည် ဤဆယ်နှစ်တာ ကာလအတွင်းတွင် ကြုံတွေ့ခဲ့ရသည့် လုချန်ရှန်း၏ အလုပ်များအကြောင်းကို ပြန်လည်တွေးတောစဥ်းစား၍ ပြောပြလာခဲ့သည်။

၎င်းတို့အားလုံးကို နားထောင်ခဲ့ပြီးသည့်နောက်တွင် ယဲ့တျန်ရီ၏ မျက်နှာတစ်ခုလုံးမှာ မည်းမှောင်ရာမှတစ်ဆင့် နီရဲသွားခဲ့သည်၊ သူသည် မအောင့်ထားနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ သူ့ကို ဘယ်သူကမှ မတားကြဘူးလား။ စီနီယာအစ်ကိုကရော အဲ့ကိစ္စကို ဂရုမစိုက်ဘူးလား “

“ သူ့ကို ကိုင်တွယ်နိုင်တဲ့ လူကို မမြင်ဖူးသေးဘူး။ ကိုယ်ပိုင်တပည့်တစ်ယောက်အနေနဲ့ စိတ်ဝိညာဥ်ဆန်သယ်တာက ဘာမှမဟုတ်ပါဘူး။ အပြင်ဂိုဏ်းရဲ့ အကြီးအကဲတွေက မင်းဆရာရဲ့ မျက်နှာကြောင့် ငြင်းရဲကြမှာ မဟုတ်ဘူး၊ ဆေးလုံးနဲ့ တစ်ခြားဟာတွေက ဂိုဏ်းမှာ အများကြီး ရှိပါတယ်။ ဝိညာဥ်ကျောက်တုံးကတော့ မင်းရဲ့ စီနီယာအစ်ကိုက အဲ့တာတွေကို တကယ်လိုအပ်နေတာလည်း ဖြစ်နေနိုင်ပါတယ် “

လင်းပေါ်သည် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

ယဲ့တျန်းရီ၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်၊ သူသည် ဖြောင့်မတ်တည်ကြည်ကာ၊ မြင့်မြတ်သော စိတ်နှလုံးသားကို ပိုင်ဆိုင်ထားပြီး၊ ဂိုဏ်း၏ စည်းမျဥ်းစည်းကမ်းကို တင်းကြပ်စွာ လိုက်နာနိုင်သည့်အတွက် သူ့ကိုယ်သူ ဂုဏ်ယူလေ့ရှိသူတစ်ဦး ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးမှာ သူ၏ တောင်ထွဋ်တွင် ပေါ်ထွက်လာခဲ့လေသည်။

“ တျန်ရီ၊ အဲ့ကိစ္စကို အလေးအနက် ထားမနေပါနဲ့။ မင်းရဲ့ ဆရာက ဒီမှာ မရှိဘူး၊ သူတို့က ကျင့်ကြံရေး ကိစ္စနဲ့ အလုပ်ရှုပ်နေကြပြီးတော့ လမ်းညွှန်မှုကို လျစ်လျူရှုထားကြတာ၊ အဲ့တာကြောင့်ပဲ ဒီလိုကိစ္စတွေ ပေါ်လာခဲ့တာ။ အခုမင်းပြန်လာပြီဆိုတော့၊ မင်းက အခုချိန်ကနေစပြီးတော့ သူ့ကို ဖြည်းဖြည်းချင်း သွန်သင်ပေးလို့ရပါတယ် “ ဟုလင်းပေါ်မှ အကြံပေးလာခဲ့သည်။

ယဲ့တျန်ရီသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ ထိုဂျူနီယာညီငယ်ကို သွန်သင်ဆုံးမမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လင်းပေါ်မှ ချက်ချင်း အော်ခေါ်လိုက်သည် “ လုချန်ရှန်း “

ခေါ်သံကို ကြားလိုက်ရ‌သောအခါတွင်၊ ထင်းရှူးပင်အောက်ရှိ လူများမှာ သူတို့ဘက်သို့ လှည့်ကြည့်လာကြသည်။

တစ်ခြားလူများသည် လင်းပေါ်ကို မြင်လိုက်ရသောအခါတွင်၊ တုန်တုန်ရင်ရင်ဖြင့် ကြောက်လန့်တကြား ဖြစ်သွားကြပြီး၊ သူတို့၏ အထုပ်များကို သိမ်းဆည်းကာ တောင်ပေါ်သို့ ပြေးတက်သွားကြသည်။

လုချန်ရှန်းကမူ အေးဆေးတည်ငြိမ်နေစဲဖြစ်ပြီး၊ အပြုံးဖြင့် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လာခဲ့သည်။

“ ဂျူနီယာ သိုင်းပညာဦးလေး လင်းပေါ်၊ ဒီနေ့မှာ ချင်းယွင်တောင်ထွတ်ဋိတ်ကို ဘာလို့ရောက်နေရတာလဲဗျ။ ကျွန်တော့်ရဲ့ စီနီယာအစ်ကိုကို လာရှာတာလားဗျ “

လုချန်ရှန်းသည် သူတို့ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ယဲ့တျန်ရီမှာလည်း လုချန်ရှန်းကို ဂရုတစိုက် လေ့လာကြည့်ရှုကာ၊ အံ့ဩသွားခဲ့သည်။

သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ၊ ချောမောသော အသွင်သဏ္ဍာန်ကို ပိုင်ဆိုင်ထားပြီး၊ သူ၏မျက်ခုံးများမှာ ဓားကဲ့သို့ ထက်မြိနေကာ၊ ကြယ်များကဲ့သို့သော မျက်လုံးများနှင့်၊ ဖော်ပြရခက်ခဲသော ဤကမ္ဘာကြီးနှင့် မသက်ဆိုင်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသော အသက်၁၇(သို့) ၁၈နှစ်အရွယ် လူငယ်လေးတစ်ဦးကို မြင်တွေ့သွားခဲ့သည်။

ဤမျှ အံ့ဖွယ်ကောင်းသော လူတစ်ဦးထံတွင် ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု သူမမှန်းဆနိုင်ဖြစ်နေခဲ့သည်။

လင်းပေါ်သည် သူ့ကိုကြည့်ကာ စကားပြောလိုက်သည် “ ဂိုဏ်းကိုလာတဲ့ လမ်းမှာ မင်းရဲ့ ဒုတိယ စီနီယာအစ်ကိုနဲ့ တွေ့ခဲ့ပြီးတော့ သူနဲ့ တစ်လမ်းလုံး စကားပြောလာခဲ့တာ “

“ ဒုတိယ စီနီယာအစ်ကိုလား “ လုချန်ရှန်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ၊ သူ့ဘေးနားတွင် ရှိနေသည့် လူငယ်လေးကို လှမ်းကြည့်လိုက်သည်။

“ မင်းရဲ့ ဒုတိယ စီနီယာအစ်ကိုကို မြန်မြန်နှုတ်ဆက်လိုက်လေ “ ဟုလင်းပေါ်မှ ပြောဆိုလာခဲ့သည်။

ယဲ့တျန်ရီကမူ လက်နောက်ပစ်ထားသော ဟန်အမူအရာနှင့် မောက်မာသော ပုံစံကို ဆင်မြန်းကာ မတ်တပ်ရပ်နေခဲ့သည်။ သူသည် အမှန်ပင် ဒေါသထွက်နေခဲ့ပြီး၊ နောင်အနာဂတ်တွင် လမ်းညွှန်သင်ပြမှုအတွက် ဩဇာတည်ဆောက်ရန်အလို့ငှာ သူ့ကိုပင် မကြည့်ခဲ့ပေ။

သို့ရာတွင် လုချန်ရှန်းသည် ပြုံးဖြဲဖြဲဖြင့် ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ ဒုတိယ စီနီယာအစ်ကို၊ စားပြီးပြီလားဗျ “

ယဲ့တျန်ရီသည် ချက်ချင်းတောင့်တင်းသွားကာ၊ ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေသွားတော့သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 2 )

ကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်

တောင်ထွဋ်၏ ခြေရင်းတွင် ရှိနေသည့် လူသုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်၊ ယဲ့တျန်ရီ၏ အမူအရာ မည်းမှောင်နေကာ၊ ဘာစကားပြောရမှန်းမသိ ဖြစ်နေလျက်ရှိသည်။

လင်းပေါ်မှာလည်း သူ၏ဦးခေါင်းကို ကူရာကယ်ရာမဲ့စွာဖြင့် ခါရမ်းနေတော့သည် “ ချန်ရှန်း၊ မင်းရဲ့ စီနီယာအစ်ကိုက မင်းဆရာနဲ့အတူ ဆယ်နှစ်တိတိ ခရီးထွက်နေခဲ့ပြီးတော့၊ အခုမှ ပြန်ရောက်လာခဲ့တာ။ မင်းက မင်းစီနီယာအစ်ကိုရဲ့ သင်ကြားပေးမှုကို ပိုပြီးတော့ နားထောင်သင့်တယ် “

“ စိတ်မပူပါနဲ့၊ ဂျူနီယာ သိုင်းပညာဦးလေးရာ “

လုချန်ရှန်းသည် သူ၏လက်သေးသေးလေးကို ဝေ့ရမ်းပြလာခဲ့ကာ၊ လေးလေးနက်နက် တုံ့ပြန်လာခဲ့သည်။

ယဲ့တျန်ရီကမူ တစ်ခဏခန့် ဆွံ့အသွားခဲ့ရသည်။

သူ၏သဘောထားကို မြင်လိုက်ရသောအခါတွင်၊ သူ၏ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။

တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ သူသည် သူနှင့်အတူ စကားကောင်းကောင်းပြောရန် ပြင်လိုက်သည်။

သို့ရာတွင် သူစကားမပြောရသေးခင် အချိန်မှာပင်၊ ဂိုဏ်းအတွင်းမှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

တောင် တောင် တောင်

ခေါင်းလောင်းသံတစ်သံ ပျံ့လွင့်လာခဲ့ပြီး၊ ၎င်းကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း၏ အမူအရာတစ်ခုလုံး လုံးဝပြောင်းလဲသွားသည်။

သူသည် စကားတစ်ခွန်းမှ မပြောဘဲ၊ သူ၏အိတ်ကို ကောက်ယူကာ၊ တောင်အောက်သို့ ပြေးဆင်းသွားတော့သည်။

“ စီနီယာအစ်ကို၊ ကျွန်တော် လုပ်စရာရှိသေးလို့၊ နောက်မှ တွေ့မယ်နော် “

ထို့နောက်တွင် သူသည် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ယဲ့တျန်ရီသည် မျက်မှောင်ကြုတ်သွားကာ၊ မေးမြန်းလာခဲ့သည် “ သူဘာသွားလုပ်မလို့လဲဗျ “

လင်းပေါ်သည် သက်ပြင်းတချချဖြစ်သွားကာ၊ ပြန်ပြောလာခဲ့သည် “ ဒီနေ့မှာ အတွင်းဂိုဏ်းတပည့်တွေကို ဝိညာဥ်အပင်တွေ ဖြန့်ဝေးပေးမှာလေ “

“ ကျွန်တော် ……. “

အရာအားလုံး တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ယဲ့တျန်ရီသည် သူ့လက်တွင် ရှိနေသည့် လူသားတစ်ဦးအရွယ်မျှရှိသည့် အိတ်ကို အမှတ်ရသွားကာ၊ အတွေးနက်သွားခဲ့သည်။

“ တျန်ရီ၊ မင်းအလျင်လိုနေတယ်ဆိုတာ ငါသိပါတယ်၊ ဒါပင်မဲ့ မလုပ်ပါနဲ့ “

လင်းပေါ်သည် များများစားစား မပြောခဲ့ပေ။ သူသည် ထိုကဲ့သို့သော ကိစ္စများနှင့်ပတ်သက်၍ မည်သို့မျှ မကူညီနိုင်ပေ။

သို့ရာ၌ မထွက်သွားခင် အချိန်တွင် သူသည် တစ်စုံတစ်ခုကို မှတ်မိသွားကာ၊ နောက်လှည့်၍ ပြန်ပြောလာခဲ့သည်။

“ ငါမင်းကို ပြောပြဖို့ မေ့နေတာ တစ်ခုရှိသေးတယ်၊ အခုချိန်စကပြီးတော့ ညဘက်တွေမှာ တစ်ယောက်တည်း လျှောက်မသွားနဲ့ “

“ ဘာလို့လဲဗျ။ သရဲတွေ ရှိလို့လား “ ယဲ့တျန်ရီ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ သရဲထပ်ပိုဆိုးတယ် “ လင်းပေါ်သည် မျက်မှောင်ကြုတ်ကာ ပြန်ပြောလာခဲ့သည် “ လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်လောက်တုန်းက၊ ဂိုဏ်းထဲမှာ ညနတ်ဆိုးပေါ်လာခဲ့တယ်။ သူက အခါအားလျော်စွာ ပေါ်လာခဲ့ပြီးတော့၊ တစ်ယောက်ယောက်ကို ရှာပြီး၊ ရိုက်နှက်တတ်တယ်။ အစတုန်းကတော့ သူက အတွင်းဂိုဏ်းတပည့်တွေကိုပဲ ပစ်မှတ်ထားခဲ့တယ်၊ အဲ့ဒီနောက်မှာတော့ ကိုယ်ပိုင်တပည့်တွေကိုပါ ပစ်မှတ်ထားလာတယ်၊ ဒီနှစ်တွေအတွင်းမှာ သူက ပိုပိုပြီးတော့ ဆိုးလာတယ်။ မကြာသေးခင် အချိန်ကတော့ သူက တောင်ထွဋ်သခင်တွေကိုပါ မျက်စိကျလာတယ် “

စကားပိုပြောလေလေ၊ ပို၍ထူးဆန်းလေလေ ဖြစ်နေခဲ့သည်။ စကားပြောခဲ့ပြီးသည့် အချိန်တွင် သူသည် မှောင်စပျိုးနေပြီဆိုသည်ကို သတိပြုမိသွားကာ၊ အလောတကြီး နှုတ်ဆက်၍၊ ထွက်ခွာသွားတော့သည်။

ယဲ့တျန်ရီသည် ၎င်းကို လျစ်လျူရှုထားခဲ့သည်၊ သူ၏အာရုံစူးစိုက်မှုမှာ လုချန်ရှန်းထံတွင်သာ ရှိနေသေးသည်။

သူသည် သူ၏ဂျူနီယာညီငယ်ကို သေသေချာချာ လမ်းညွှန်သင်ပြပေးရန် ဆုံးဖြတ်ထားခဲ့ပြီးပြီဖြစ်သည်။ သို့ရာ၌ ယနေ့သူမြင်တွေ့ခဲ့ရသည့် အရာများသည် သူ့ကိုပင် စိတ်မတည်မငြိမ် ဖြစ်သွားစေခဲ့သည်။

မကြာခင် အချိန်မှာပင် လုချန်ရှန်းသည် သူ့ထပ် ပိုမြင့်သည့် အိတ်ကြီးတစ်လုံးကို သယ်ဆောင်ကာ၊ ပြန်ရောက်လာခဲ့သည်။ သူ၏ စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်ရာ၊ ၎င်းက ဝိညာဥ်အပင်တို့ဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့သွားခဲ့သည်။

အတွင်းဂိုဏ်းတပည့်များသည် တစ်လလျှင် ဝိညာဥ်အပင် တစ်ပင်(သို့) နှစ်ပင်မျှသာ ရလေ့ရှိသည်၊ သို့သော် လုချန်ရှန်းကမူ အိတ်အပြည့်သယ်ဆောင်ကာ ပြန်ရောက်လာခဲ့လေသည်။

၎င်းကိုမြင်လိုက်ရသောအခါတွင် ယဲ့တျန်ရီ၏ အမူအရာမှာ ပို၍မည်းမှောင်သွားခဲ့သည်။ ဘယ်လောက်တောင် ရိုင်းစိုင်းတဲ့ အပြုအမူလဲ။ ဒါက ချင်းယွင်တောင်ထွဋ်ကို အရှက်ရအောင် လုပ်နေတာပဲ

သူ့ကို ဆူပူအော်ငေါက်ရန် လုပ်လိုက်သည့် အချိန်တွင်၊ ဓားပျံစီးနေသည့် လှပသော ပုံရိပ်တစ်ခုသည် ချင်းယွင်တောင်ထွဋ်နောက်မှ ပျံသန်းလာခဲ့ကာ၊ သူတို့နှစ်ဦး၏ အရှေ့သို့ ဆင်းသက်လာခဲ့သည်။

“ မဂ်လာပါ၊ စီနီယာအစ်မ “

ယဲ့တျန်ရီသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်ကာ၊ ဦးညွတ်၍ အရိုအသေပေးလိုက်သည်။

တစ်ဖက်တွင် ရှိနေသည့် လုချန်ရှန်းကမူ အပြုံးဖြင့် စကားပြောလာခဲ့သည် “ လဝက်ကြာခဲ့ပြီးတဲ့နောက်မှာ၊ စီနီယာအစ်မက ပိုလှလာပြီးတော့၊ နတ်သမီးလေးလို ဖြစ်လာပြီပဲ “

“ မင်းက အရမ်းစကားချိုတာပဲ “

အမျိုးသမီးသည် တခစ်ခစ် ရယ်မောကာ၊ ထိုလူငယ်အပေါ်တွင် ရှိနေသည့် သူမ၏ သဘောကျမှုကို ပြသနေခဲ့သည်။

ထိုအမျိုးသမီး၏ အမည်မှာ လျူချင်ချန်းဖြစ်ပြီး၊ ချင်းယွင်တောင်ထွဋ်၏ စီနီယာအစ်မတစ်ဦး ဖြစ်သည်။ သူမသည် အံ့ဖွယ်ကောင်းလောက်အောင် လှပကာ၊ လှုပ်ရှားမှုတိုင်းနှင့် အပြုံးသည် လူတိုင်းကို ဆွဲဆောင်နေနိုင်ခဲ့သည်။

“ ဂျူနီယာ မောင်လေးယဲ့က ဘယ်အချိန်က ပြန်ရောက်လာတာလဲ “ စီနီယာအစ်မ လျူချင်ချန်းသည် ယဲ့တျန်ရီကိုပါ သတိပြုမိသွားသည်။

“ ကျွန်တော်က ဒီနေ့မှ ပြန်ရောက်လာတာပါ “ ဟုယဲ့တျန်ရီမှ ပြန်ပြောလိုက်သည်။

“ အဝေးမှာ ဆယ်နှစ်တိတိ နေခဲ့ရတာက နင့်အတွက် တော်တော်လေးကို ခက်ခဲခဲ့မှာပဲ “

“ အဲ့လောက်လည်း မဟုတ်ပါဘူးဗျာ “ ယဲ့တျန်ရီမှ လေးလေးစားစား ပြန်ပြောလိုက်သည် “ စီနီယာအစ်မ၊ ညဘက်ကြီး စီနီယာအစ်ကိုကို လာရှာတာလားဗျ “

စီနီယာအစ်မ လျူချင်ချန်းမှ ပြန်ပြောလာခဲ့သည် “ မဟုတ်ဘူး၊ ငါက ဂျူနီယာမောင်လေး ချင်ရှန်းကို လာရှာတာ။ သူ့ကို တစ်ခုခုကူညီပေးစေချင်လို့ “

“ သူက ဘာကူညီပေးနိုင်မှာလဲဗျ “

“ အစီအရင်မှာ ပြဿနာ တစ်ခုခု ရှိနေလို့၊ သူ့ကို သိစေချင်လို့ “

“ သူ့ကို အစီအရင် ပြဿနာကို ကြည့်ခိုင်းမှာလား “

ယဲ့တျန်ရီသည် အိတ်ကို သယ်ဆောင်ထားစဲဖြစ်သည့် လုချန်ရှန်းကို အလိုအလျောက် ကြည့်မိသွားခဲ့သည်။

စီနီယာအစ်မ လျူချင်ချန်းသည် သူမ၏လက်လေးကို အသာအယာ မြှောက်ကာ၊ လုချန်ရှန်းကို အနောက်ဘက်သို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။

ထိုအပြုအမူသည် လူများကို မိန်းမောသွားစေခဲ့သည်။

တစ်ခဏ အကြာတွင် စီနီယာအစ်မ လျူချင်ချန်းသည် အပြုံးတစ်ခုဖြင့် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့သည်။

“ စီနီယာအစ်မ၊ အစီအရင် ပြဿနာကို ဖြေရှင်းပြီးပြီလားဗျ “ ယဲ့တျန်ရီသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးမြန်းလိုက်သည်။

“ အင်း၊ ဖြေရှင်းပြီးပြီ “

“ ကျွန်တော်တို့ရဲ့ ဂျူနီယာညီလေးက အဲ့တာကို ဖြေရှင်းလိုက်တာလား “

“ အမှန်ပဲ “

“ ဒါပင်မဲ့ သူက ……. “

ယဲ့တျန်ရီမှ တစ်စုံတစ်ခုကို ဆက်ပြောချင်နေခဲ့သော်လည်း၊ စီနီယာအစ်မ လျူချင်ချန်းမှ စကားဆက်ပြောလာခဲ့သည် “ ကြည့်ရတာတော့ နင်က ဂိုဏ်းထဲက ကောလဟာလတစ်ချို့ကို ကြားခဲ့ပြီးတော့၊ ဂျူနီယာမောင်လေး လုချန်ရှန်းကို အထင်လွဲနေတဲ့ပုံပဲ။ သူက နင်ထင်နေသလိုမျိုး မဟုတ်ပါဘူး “

“ စီနီယာအစ်မဆီမှာ တစ်ခြားအမြင်တစ်ခု ရှိတာလား “

“ သူနဲ့ ကောင်းကောင်းဆက်ဆံကြည့်လိုက်။ နင်တဖြည်းဖြည်း သိလာပါလိမ့်မယ်။ ဒါပင်မဲ့ သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါ၊ အကျိုးယုတ်မှာ မဟုတ်ဘူး “

စီနီယာအစ်မ လျူချင်ချန်းသည် များများစားစား ထပ်မပြောလာတော့ပေ။

ယဲ့တျန်ရီမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ ကျွန်တော်သူနဲ့ စကားသွားပြောလိုက်ဦးမယ် “

စီနီယာအစ်မ လျူချင်ချန်းမှ စကားထပ်ပြောလာခဲ့သည် “ နောက်တစ်ရက်မှပေါ့၊ သူက ကျင့်ကြံနေတယ် “

ထိုအချိန်တွင် ယဲ့တျန်ရီ၏ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။ ကြည့်ရတော့ မျှော်လင့်ချက် လုံးဝမရှိတော့တာ မဟုတ်ဘူးပဲ၊ သူက ဘယ်လိုကျင့်ကြံရမလဲဆိုတာကို သိနေသေးတာပဲ

သို့ရာ၌ သူလှည့်ထွက်သွားတော့မည့် အချိန်တွင်၊ သူသည် လုချန်ရှန်းက တောင်အနောက်ဘက်မှ အလောတကြီး ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူသည် စကားတစ်ခွန်းမှ မပြောဘဲ၊ တောင်ခြေရင်းတွင်ရှိနေသည့် ထင်းရှူးပင်အိုကြီးအောက်သို့ ပြေးထွက်သွားခဲ့သည်။

“ သူကျင့်ကြံတာ ပြီးသွားပြီလား “ ယဲ့တျန်ရီမှ သူ၏စီနီယာအစ်မကို မေးမြန်းလိုက်သည်။

သို့ရာတွင် လျူချင်ချန်းသည် သူ့ကို လျစ်လျူရှုထားကာ၊ လုချန်ရှန်းကို အော်ပြောနေခဲ့သည် “ ဂျူနီယာမောင်လေး၊ ဖြည်းဖြည်းပြေး၊ မလဲကျစေနဲ့ “

“ ??? “

ယဲ့တျန်ရီ မှင်သက်သွားခဲ့သည်။ ဘာမှတောင် မကြာသေးဘူး၊ စကားလေးတစ်ခွန်း၊ နှစ်ခွန်းလောက်ပဲ ပြောရသေးတာကို သူ့ရဲ့ ကျင့်ကြံရေးက ပြီးသွားပြီလားဟ

အိမ်သာသွားတက်တာကတောင် အဲ့ထပ်ပိုကြားဦးမယ်

စီနီယာအစ်မ လျူချင်ချန်းမှာ ၎င်းကို နေသားကျနေခဲ့ပြီးပြီဖြစ်သည်။ ထို့အစား သူမသည် လုချန်ရှန်းသည် ငေးကြည့်ကာ၊ ပြုံးနေခဲ့သည်။

“ ဂျူနီယာမောင်လေး ချန်ရှန်းက အပြည့်အဝ ဖွံ့ဖြိုးလုနီးပါး ဖြစ်နေသင့်တယ် “

“ ဟမ် “

ယဲ့တျန်ရီ အံ့ဩသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် ထင်းရှူးပင်အိုကြီးအောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် တလေးတနက် ဖြစ်နေသော အမူအရာဖြင့် မျက်မှောင်ကြုတ်နေပြီး၊ သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည့်အလား တုန်ရင်နေခဲ့သည်။

သူ၏နဖူးတွင် ချွေးသီးများ စီးကျနေခဲ့ပြီး၊ သူ၏အဝတ်အစားများမှာလည်း ချွေးတို့ဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။

အဝေးမှ လေပြေလေညင်းတစ်ခု တိုက်ခတ်လာခဲ့ပြီး၊ သစ်ပင်ထိပ်ရှိ သစ်ရွက်များကို ပြန့်ကျဲသွားစေကာ၊ ကြယ်ရောင်များ ဖြာကျလာစေခဲ့သည်။ ထိုအချိန်မှသာလျှင် သူ၏အမူအရာမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။

“ ဒီကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်ကို ငါမရနိုင်ဘူးလား။ ဒါကို ကျင့်ကြံပြီးတော့ အဆင့်တက်သွားတဲ့ အချိန်တိုင်းက ငါ့ကို သတ်နေသလိုပဲလို့ ခံစားနေခဲ့ရတယ်။ ဒီလောက်တောင် ရွံ့ရှာစက်ဆုပ်ဖို့ကောင်းတဲ့၊ ရုပ်ခန္ဓာက ဘယ်လိုလုပ် ရှိနေရတာလဲ “

လုချန်ရှန်းမှာ ကူရာကယ်ရာမဲ့သွားခဲ့သည်။ မကျင့်ကြံရသေးခင် အချိန်တွင် သူသည် သူ၏အရိုးများက ထူးခြားကာ၊ သူက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု ထင်နေခဲ့ဖူးသည်။

အမှန်တရားမှာလည်း ထို့အတိုင်းပင် ဖြစ်နေခဲ့ပြီး၊ သူသည် တစ်သန်းတွင် တစ်ယောက်သာ ပိုင်ဆိုင်နိုင်သည့် ကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်ကို ရရှိထားခဲ့သည်။

တစ်ခြားလူများကမူ ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ စိတ်ဝိညာဥ်ချီများကို သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ဆွဲယူကာ၊ သူတို့၏ စွမ်းအင်လမ်းကြောင်းအတိုင်း လည်ပတ်စေပြီး၊ ၎င်းကို ကျင့်ကြံရေး စွမ်းအားအဖြစ် ပြောင်းလဲကာ၊ ထိုလုပ်ငန်းစဥ်ကို ထပ်ခါတလဲလဲ ပြုလုပ်လေ့ရှိသည်။

သို့သော် သူ၏ကျင့်ကြံရေးကမူ ဓားသွားများကို မျိုချရကာ၊ သူ၏ရင်ဘတ်ပေါ်တွင် ကျောက်တုံးများကို ထုခွဲနေရပြီး၊ သူ၏လက်များကို ဆီပူအိုးထဲသို့ ထည့်ထားရသည့်အား ဖြစ်နေခဲ့သည်။

ကျင့်ကြံရေး အချိန်တစ်ခုချင်းစီတိုင်းက နှိပ်စက်မှုဖြစ်ပြီး၊ အဆင့်ထိုးဖောက်မှုတစ်ခုချင်းစီတိုင်းက အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ ကပ်ဘေးအများအပြားကို ရင်ဆိုင်နေရသကဲ့သို့ အဆုံးမဲ့ နာကျင်မှုကို ခံစားရလေ့ရှိသည်။

၎င်းတို့သာလျှင် မဟုတ်ဘဲ၊ ကျင့်ကြံရေးအတွက် သူလိုအပ်သည့် စိတ်ဝိညာဥ်ချီမှာလည်း တစ်ခြားလူများထပ် ဆယ်ဆကျော်အထိ ပိုမိုများပြားနေခဲ့သည်။ သူ၏ ကျင့်ကြံရေးအဆင့်က တိုးတက်လာသည်နှင့်အမျှ ပိုပို၍ လိုအပ်လာခဲ့သည်။

သို့ရာတွင် သူ၏မှော်စွမ်းအားကမူ အဆင့်တူမှ တစ်ခြားလူများထပ် အဆပေါင်းများစွာ ပိုမိုအားကောင်းနေခဲ့သည်။

ယခုတွင် သူသည် ဆယ်နှစ်တိတိ ကျင့်ကြံလာခဲ့ပြီးပြီ ဖြစ်သည်။

ချီသန့်စင်ခြင်းဖြင့် စတင်သော ကျင့်ကြံရေး လမ်းကြောင်းသည် စိတ်ဝိညာဥ်ချီကို အခြေခံအုတ်မြစ်အဖြစ် စုစည်းရသည်၊ ထို့နောက်တွင် ချီစုစည်းခြင်း၊ အူတိုင် ဖွဲ့စည်းခြင်း၊ မွေးရာပါ ဝိညာဥ်၊ အသွင်ပြောင်းခြင်း စသည်ဖြင့် အဆင့်ဆင့် ရှိနေခဲ့သည်။

သူသည် အူတိုင် ဖွဲ့စည်းခြင်း အဆင့်၈သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် အဝေးရှိ တောင်ထွဋ်ကို ငေးကြည့်မိသွားခဲ့သည်၊ ၎င်းမှာ ဂိုဏ်းသခင် နေထိုင်သည့် ကန်းယွင်တောင်ထွဋ်ဖြစ်သည်။

“ ဂိုဏ်းခေါင်းဆောင်က အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈ကို ရောက်ခဲ့ပြီးတဲ့နောက်မှာ၊ အလေလိုက်နေခဲ့တယ်လို့ ငါကြားခဲ့ရတယ်။ အခုဆိုရင် ငါသူ့ကို အနိုင်တိုက်နေနိုင်ပြီလားဆိုတာကို ငါသိချင်မိတယ် “

လုချန်ရှန်းသည် တွေးတောစဥ်းစားနေရင်းဖြင့်၊ အနက်ရောင်ဝတ်စုံကို လဲဝတ်ကာ၊ ဟင်းလင်းပြင် အတွင်းသို့ ခြေတစ်လှမ်းလှမ်းကာ၊ ကောင်းကင်ထက်သို့ ခုန်တက်သွားတော့သည်။

……………………………………………………………………………………………………………………………………………

အပိုင်း ( 3 )

ကျွန်တော်က အနှိပ်ခံနေတာပါ

ညအမှောင်တွင် မြူခိုးများ ထူထပ်နေပြီး၊ အပြာရောင်တိမ်တိုက်တို့မှာလည်း တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိသည်။

သို့သော် ကျယ်လောင်သော အော်သံတစ်သံမှာ ဆိတ်ငြိမ်မှုကို ဖြိုခွင်းသွားခဲ့သည်။

ကန်းယွင်တောင်ထွဋ်ပေါ်တွင် အလင်းတန်းပေါင်းများစွာ ပေါက်ထွက်လာခဲ့ပြီး၊ ကောင်းကင်ယံတွင် ယိုင်နဲ့နဲ့ဖြစ်နေသည့် ပုံရိပ်တစ်ခုကို ထုတ်ဖော်ပြသလာခဲ့သည်။

၎င်းမှာ မိုးပြာတိမ်တိုက်၏ ဂိုဏ်းခေါင်းဆောင် လော့ထျန်းဖြစ်သည်။

ဤအချိန်၌ လော့ထျန်းထံတွင် ဂိုဏ်းခေါင်းဆောင်တစ်ဦး၏ ခမ်းနားထည်ဝါသော အမူအရာမျိုး လုံးဝကင်းမဲ့နေခဲ့သည်၊ ထို့အစား သူ၏ အဝတ်အစားများ ဆုတ်ပြဲနေကာ၊ သူ၏မျက်နှာတွင်လည်း ဒဏ်ရာပလပွဖြစ်နေခဲ့ပြီး၊ သူ၏မျက်လုံးတို့မှာလည်း ရောင်ရမ်းနေသဖြင့် ကောင်းကောင်းဖွင့်မရ ဖြစ်နေခဲ့သည်။

သူ၏အနောက်တွင် အရိပ်မည်းတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ သူ့နောက်သို့ လျင်မြန်စွာ လိုက်လာခဲ့သည်။

“ မောက်မာတဲ့ သောက်ရူးကောင်၊ မင်းတော်တော် လွန်နေပြီ “

လော့ထျန်းမှ ဟိန်းဟောက်လာခဲ့သည်၊ သူ၏အပေါက်ခုနစ်ခုမှ မီးခိုးများ ထွက်လုမတတ်ဖြစ်နေခဲ့သည်၊ ဂုဏ်သိက္ခာမြင့်မားသော ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သည့် သူသည် ညသန်းခေါင်ယံတွင် အိပ်ရာထဲမှ ဆွဲထုတ်ခံရကာ၊ အရိုက်အနှက်ခံခဲ့ရသည်၊ ထို့အပြင် သူသည် တစ်ဖက်လူကို မည်သို့မျှ အနိုင်မတိုက်ခဲ့ပေ။

ဒဏ်ရာကြီးကြီးမားမား မရခဲ့သော်လည်း၊ သူရရှိခဲ့သည့် အရှက်တရားမှာ လွန်စွာကြီးမားနေခဲ့သည်။

လွန်ခဲ့သော ရှစ်နှစ်၊ ကိုးနှစ်ခန့်က နတ်ဆိုးတစ်ကောင် ပေါ်လာခဲ့ပြီး၊ ထိုအချိန်မှစကာ ယခုလက်ရှိအချိန်အထိ လူတိုင်းကို ရှာဖွေကာ ရိုက်နှက်နေခဲ့သော်လည်း၊ ထိုလူ့ကို မည်သို့မျှ မဖမ်းနိုင်ခဲ့ကြပေ။

ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ အဆိုပါ နတ်ဆိုးက ပိုမိုအတင့်ရဲလာခဲ့ပြီး၊ တပည့်များကို ရိုက်နှက်ခြင်းက မလုံလောက်တော့ဘဲ၊ အမျိုးမျိုးသော တောင်ထွဋ်များမှ အကြီးအကဲများကို စတင်၍ ပစ်မှတ်ထားလာခဲ့သည်၊ ထို့နောက်တွင် သူသည် တောင်ထွဋ်သခင်များကိုပါ မျက်စိကျလာခဲ့သည်။

ယခုတွင်ကား သူသည် ဂိုဏ်းခေါင်းဆောင်တစ်ဦးကိုပင် ရိုက်နှက်နေခဲ့ပြီ ဖြစ်သည်။

လော့ထျန်းသည် စောင့်ကြည့်နေရင်းဖြင့် ပိုပို၍ ဒေါသထွက်လာခဲ့သည်။ ထိုလူသည် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိအောင် မလုပ်ခဲ့သော်လည်း၊ မကြာခဏ ပေါ်ပေါ်လာခဲ့သည်။

သူသည် ထိုလူက ဂိုဏ်းအတွင်းရှိ လူများထံသို့ ရောက်လာမည်ကို စိုးရိမ်သောကြောင့်၊ သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် မနက်စောစောထကာ၊ ကြိုးကြိုးစားစား ကျင့်ကြံကြရန် တစ်ဂိုဏ်းလုံးကို ဖိအားပေးခဲ့သည်။

မကြာခင် အချိန်မှာပင် လူများသည် လှုပ်ခတ်မှုကို ကြားသွားကာ၊ ကြည့်ရှုစစ်ဆေးရန် ရောက်လာကြသော်လည်း၊ တစ်ဖက်လူ ထွက်သွားသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

တောင်ထွဋ်သခင်များက အလောတကြီး ရောက်လာခဲ့သော်လည်း၊ အလွန်နောက်ကျနေခဲ့ပြီ ဖြစ်သည်။

ချင်းယွင်တောင်ထွဋ်ပေါ်ရှိ ယဲ့တျန်ရီမှာလည်း ဆူညံသံများကို ကြားသွားကာ၊ စစ်ဆေးကြည့်ရှုရန် ထလာခဲ့သည်။

သူပြေးထွက်သွားတော့မည့် အချိန်မှာပင် အရိပ်မည်းတစ်ခုမှာ ချင်းယွင်တောင်ထွဋ်အတွင်းသို့ တိုးဝင်လာခဲ့သည်။

သူ၏ အမူအရာ တင်းကြပ်သွားကာ၊ သွားရောက်စစ်ဆေးရန် ပြင်လိုက်သည်။

သို့ရာတွင် တစ်ခဏခန့် ကြည့်ရှုစစ်ဆေးခဲ့ပြီးသည့်နောက်မှာပင် သူသည် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ လုချန်ရှန်းက သူတို့၏ စီနီယာအစ်ကို တံခါးပိတ်ကျင့်ကြံရာ နေရာဘက်မှ လမ်းလျှောက်ထွက်လာသည်ကိုသာ မြင်တွေ့လိုက်ရသည်။

“ ဒုတိယ စီနီယာအစ်ကို မင်းက ဒီလောက်ညနက်နေတာကိုတောင် မအိပ်သေးဘူးလား “ ဟုလုချန်ရှန်းမှ မေးမြန်းလာခဲ့သည်။

ယဲ့တျန်ရီမှ ပြန်ပြောလာခဲ့သည် “ ဂျူနီယာညီလေး၊ ခုနက ချင်းယွင်တောင်ထဲကို တစ်ယောက်ယောက် ဝင်လာတာကို တွေ့မိလား “

“ မတွေ့ပါဘူး “

“ မတွေ့ဘူးလား “

ယဲ့တျန်းရိသည် သံသယဝင်သွားကာ၊ သူ၏ဂျူနီယာညီငယ်ကို စိုက်ကြည့်နေတော့သည်၊ သို့သော် သူသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ၊ ကန်းယွင်တောင်ထွဋ်ဆီသို့ လှည့်ပြေးသွားတော့သည်။

လုချန်ရှန်းသည် ထွက်ခွာသွားသော သူ၏စီနီယာအစ်ကိုကို စောင့်ကြည့်နေရင်းဖြင့်၊ သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ဂိုဏ်းက ငါ့ကို တကယ်စိတ်ပူရအောင် လုပ်တာပဲ၊ တကယ်လို့ ငါကသာ သူတို့ကို ဖိအားနည်းနည်းလေး မပေးဘူးဆိုရင်၊ သူတို့က ကျင့်ကြံကြမှာတောင် မဟုတ်ဘူး။ တကယ်လို့ လူတိုင်းကသာ အဲ့လိုမျိုး ဖြစ်နေမယ်ဆိုရင်၊ ငါတို့က ဘယ်လိုလုပ် အတူတူ သန်မာလာနိုင်တော့မှာလဲ၊ ငါ့ကို ဘယ်သူက ကာကွယ်ပေးမှာလဲ “

ပြောဆိုနေရင်းဖြင့် သူသည် စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာဖြင့် သူ၏အခန်းဆီသို့ ပြန်သွားကာ၊ အနားယူနေတော့သည်။

သူက အလွန်တရာ သတိကြီးလေ့ရှိသော်လည်း၊ သူပိုင်ဆိုင်ထားသော တိုက်ခိုက်ရေး စွမ်းအားက မည်မျှအစွမ်းထက်လဲဆိုသည်ကို နားလည်ရန် လိုအပ်နေသေးသည်။

ထိုနည်းလမ်းနှင့်သာဆိုပါက ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သူက အနိုင်ရ၊ မရဆိုသည်ကို ကောင်းစွာမှန်းဆနိုင်မည် ဖြစ်သည်။

ထို့ကြောင့် အဆင့်ထိုးဖောက်သည့် အချိန်တိုင်းတွင် သူသည် ကျင့်ကြံရေးတွင် ပေါ့လျော့နေသည့် ရွယ်တူပညာရှင်များကို ရှာကာ၊ လက်ရည်ယှဥ်လေ့ရှိသည်။

ထို့အပြင် လုချန်ရှန်းသည် မလှုပ်ရှားရသေးခင် အချိန်တွင် အခြေအနေကို အမြဲလိုလို ခွဲခြမ်းစိတ်ဖြာ၍ သူ၏တည်ရှိမှုကို မပေါ်သွားစေရန် လုပ်ဆောင်တတ်သည်။

သူ၏လုံခြုံဘေးကင်းရေးအတွက် သူသည် လှုပ်ရှားမှု နည်းစနစ်များကို လေ့ကျင့်ထားပြီး၊ လှုပ်ရှားမှုနည်းစနစ်အားလုံးကို ကျွမ်းကျင်နေခဲ့ပြီဖြစ်သည်၊ နယ်ပယ်ကွာဟချက် မကြီးမားဆိုပါက၊ မည်သူကမှ သူ့ကို ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။

အဆိုပါ လှုပ်ရှားမှုနည်းစနစ်များနှင့် ချီဖုံးကွယ်ရေး နည်းစနစ်များမှာ အလွန်တရာ ပြီးပြည့်စုံနေသောကြောင့် သူ၏အမေကပင် သူ့ကို မှတ်မိနေလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် သူသည် ညနတ်ဆိုးအဖြစ် အသွင်ယူလှုပ်ရှားရန် ယုံကြည်ချက် ရှိနေခဲ့ခြင်း ဖြစ်သည်။

သို့ရာ၌ ယနေ့၏ ကျင့်ကြံရေးသည် ကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်၏ နှိပ်စက်မှုကို ထပ်မံ၍ နှိုးဆွသွားခဲ့သည်၊ ထို့ကြောင့် သူသည် ပြန်လည်မသက်သာခင် အချိန်တွင်၊ ဂိုဏ်းခေါင်းဆောင်နှင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်၊ ယခုတွင်ကား သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်မှု ဒုက္ခတွင်းသို့ ကျရောက်နေခဲ့ပြီ ဖြစ်သည်။

တစ်ညတာ ကျော်လွန်သွားခဲ့ပြီး၊ ကန်းယွင်တောင်ထွဋ်ပေါ်တွင် ရှိနေသည် လူများသည် ဂိုဏ်းခေါင်းဆောင်က အဆင်ပြေနေသည်ဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်မှသာ သက်ဆိုင်ရာ တောင်ထွဋ်များဆီသို့ အသီးအသီး ပြန်သွားကြသည်။

ယဲ့တျန်ရီမှာလည်း အိမ်ပြန်လာခဲ့သည်။

သို့သော် သူသည် ညသန်းခေါင်ယံတွင် ဂိုဏ်းခေါင်းဆောင်ကို ရိုက်နှက်ရဲသည့် လူတစ်ယောက် ရှိနေသည်ကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

လူတော်တော်များများသည် ထိုကဲ့သို့သော ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရပြီး၊ ထိုအကြောင်းပြောနေသည့် အချိန်တွင် အော်ဟစ်ငိုကြွေးကာ ထိုကောင်က လူမဟုတ်ဘူးဟုပင် ပြောဆိုနေခဲ့ကြသည်။

သို့သော် ယဲ့တျန်ရီသည် ချင်းယွင်တောင်ထွဋ်အနားသို့ ချဥ်းကပ်လာနေရင်းဖြင့်၊ ယမန်နေ့ညက ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ကို အမှတ်ရသွားခဲ့သည်၊ အရိပ်တစ်ခုကို မြင်လိုက်ရသည့်အတွက် နောက်မှ လိုက်သွားချိန်တွင် သူသည် သူ၏ဂျူနီယာညီငယ်ကိုသာ မြင်တွေ့ခဲ့ရသည်။

ရုတ်တရက်ဆိုသလိုပင် သူ၏အတွေးထဲတွင် ရယ်စရာကောင်းသော အတွေးတစ်ခု ဖြစ်တည်လာခဲ့သည်။

“ မနေ့ညက လှုပ်ရှားခဲ့တဲ့ လူက ဂျူနီယာ ညီလေးများလား “

အဓိကအရာမှာ ထိုလူနှစ်ဦး၏ အသွင်အပြင်များက တူညီနေခြင်းဖြစ်သည်။

သို့ရာ၌ ချင်းယွင်တောင်ထွဋ်သို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင်၊ သူသည် သူ၏ဂျူနီယာညီငယ်ကို ထိုကဲ့သို့ တွေးထင်နေရသည့်အတွက် သူစိတ်လွတ်သွားသည်ဟု ခံစားသွားခဲ့ရသည်။

သူသည် ကွင်းပြင်ကျယ်တစ်ခုတွင် လုချန်ရှန်းက ကုလားထိုင်ရှည်တစ်ခုနှင့် အေးအေးလူလူ လှဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏အနောက်ဘက်တွင် နှစ်ဆယ်ကျော်အရွယ် အမျိုးသမီး တပည့်များစွာ ရှိနေခဲ့ပြီး၊ သူ၏ပခုံးများနှင့် ခြေလက်များကို နှိပ်ပေးနေလျက်ရှိသည်။

အမျိုးသမီးတပည့် တစ်ဦးချင်းစီတိုင်းသည် မျက်မှောင်ကြုတ်ကာ၊ အားစိုက်ထုတ်၍ နှိပ်နယ်ပေးနေကြသည်။

လုချန်ရှန်းကမူ အလွန်တရာ ပျော်ရွှင်နေပုံရပြီး၊ တစ်ခါတစ်ရံတွင် သူ့ထံမှ ညီးသံလေးများပင် ပေါ်ထွက်လာနေခဲ့သည်။

“ စီနီယာအစ်ကို ချန်ရှန်း၊ ဖိအားတွေ အဆင်ပြေသွားပြီလားရှင့် “

“ မင်းတို့က အားပိုစိုက်လို့ရတယ်၊ ငါတောင့်ခံနိုင်ပါသေးတယ် “

“ ဒီလိုလား “

“ ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့နားလေးပဲ နည်းနည်းလောက် အားပိုထည့်လိုက် “

“ အိုကေ “

အမျိုးသမီးတပည့်များသည် ပို၍ပင် ကြိုးစားအားထုတ်နေကြတော့သည်။

လုချန်ရှန်းကမူ ပို၍သက်တောင့်သက်သာရှိသွားခဲ့ကာ၊ စကားထပ်ပြောလာခဲ့သည် “ နောက်ကျရင် မင်းတို့ရဲ့ ပြဿနာတွေ ငါ့ကို ပြောထားကြ၊ ငါစီနီယာအစ်ကိုကြီးကို မေးပေးထားတယ်။ မင်းတို့လေးတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို အလဟာသ မဖြစ်စေရဘူး “

ယဲ့တျန်ရီ၏ အမူအရာ လုံးဝပြောင်းလဲသွားသည်၊ သူသည် ဒေါသစိတ်ကို မည်သို့မျှ မချုပ်တီးနိုင်တော့ပေ။

“ မင်းတို့က ဘာလုပ်နေကြတာလဲ “

အမျိုးသမီး တပည့်များသည် မျက်နှာများ ဖြူဖျော့သွားကာ၊ ဘေးတစ်ဖက်သို့ ဆုတ်ခွာသွားကြသည်။

လုချန်ရှန်းသည် သူ့ကို အံ့ဩတကြီး ငေးကြည့်ကာ၊ စကားပြောလိုက်သည် “ ဘာဖြစ်လို့လဲ၊ စီနီယာအစ်ကို “

“ မင်းဘာလုပ်နေတာလဲ “ ဟုယဲ့တျန်ရီမှ မေးမြန်းလိုက်သည်။

လုချန်ရှန်းမှ အလိုအလျောက် ပြန်ပြောလာခဲ့သည် “ အနှိပ်ခံနေတာလေ “

“ … “

စကားတစ်ခွန်းကြောင့် သူဆွံ့အသွားခဲ့ရသည်။

သူဘာပြောချင်တာလဲ၊ အနှိပ်ခံနေတယ်ဆိုတာကို ငါမသိဘူးလို့ ပြောချင်နေတာလား

လုချန်ရှန်းသည် သူ၏ အမူအရာကို မြင်တွေ့သွားကာ၊ စကားထပ်ပြောလာခဲ့သည် “ စီနီယာအစ်ကိုရာ၊ ဒီလောက်ကြီး တင်းမာနေဖို့ မလိုပါဘူးဗျ။ အနှိပ်ခံတာက သွေးလည်ပတ်မှုကို ကောင်းသွားစေတယ် ပြီးရင် ကြွက်သားတွေကို ပြေလျော့သွားစေပြီးတော့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာသွားစေတယ်၊ အဲ့တာက တကယ် အကျိုးရှိတယ်ဗျ “

သူသည် ယမန်နေ့က အဆင့်တက်သွားခဲ့သောကြောင့်၊ နာကျင်မှုများကို ထပ်မံ၍ ခံစားခဲ့ရသည်။ ပြန်လည်သက်သာကောင်းမွန်ရန်အတွက် အချိန်တစ်ချို့ ယူရမည် ဖြစ်သည်၊ ထို့ကြောင့်ပင် သူက ထင်ရှူးပင်အိုကြီးအောက်တွင် မကြာခဏ အိပ်နေရခြင်း ဖြစ်သည်။

သူပျင်းရိနေခြင်းမဟုတ်ဘဲ၊ ၎င်းက အလွန်နာကျင်ခံစားရသောကြောင့် ဖြစ်သည်၊ သူသည် နှိပ်နယ်ခြင်းက နာကျင်မှုတစ်ချို့အား လျှော့ချပေးနိုင်သည်ဆိုသည်ကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် သူသည် အဆိုပါ ဂျူနီယာညီမလေးတို့အား သူ့ကို နှိပ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယဲ့တျန်ရီသည် သူ့အရှေ့တွင် ရှိနေသည့် မြင်ကွင်းကို ကြည့်ကာ ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ၊ သူသည် အမျိုးသမီး တပည့်များဘက်သို့ လှည့်ကြည့်ကာ၊ ဆူငေါက်နေတော့သည်။

“ မင်းတို့တွေက ချင်းယွင်တောင်ထွဋ်ရဲ့ အတွင်းဂိုဏ်းတပည့်တွေလေ၊ ကျင့်ကြံရမည့်အစား ဒီမှာ သူ့ကို လာဖျော်ဖြေပေးနေပြီးတော့ ပျော်နေကြတယ်ပေါ့လေ။ ဒီဟာက ………. “

သူသည် ဒေါသထွက်လွန်းသဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

အမျိုးသမီးတပည့်များသည် လျင်မြန်စွာ အရိုအသေပေး၍၊ စကားပြန်ပြောလာခဲ့သည် “ စီနီယာအစ်ကို ကျွန်မတို့က ဆန္ဒရှိပါတယ် “

“ ဆန္ဒရှိတာလား “

“ ဟုတ်ပါတယ် “ တပည့်တစ်ဦးမှ စကားဝင်ပြောလာခဲ့သည် “ ကျွန်မတို့ရဲ့ ကျင့်ကြံရေးမှာ ပြဿနာလေးတွေနဲ့ ကြုံနေရပါတယ်၊ ပြီးတော့ တောင်ထွဋ်သခင်ကလည်း ဒီမှာ မရှိပါဘူး။ အကြီးအကဲကလည်း မကြာခဏ တံခါးပိတ်ကျင့်ကြံနေပါတယ်၊ အဲ့တာကြောင့် စီနီယာအစ်ကို ချန်ရှန်းက စီနီယာအစ်ကိုကြီးနဲ့ တိုင်ပင်နိုင်ဖို့အတွက် ကျွန်မတို့ကို ခဏခဏ ကူညီပေးခဲ့တာပါ။ ပြီးတော့ သူက ကြွက်သားနာကျင်မှုကို ခဏခဏ ခံစားနေရတယ်ဆိုတာကို ကျွန်မတို့ သိခဲ့ရပါတယ်၊ အဲ့တာကြောင့် သူ့ကို ကူညီဖို့အတွက် နှိပ်ပေးကြတာပါ၊ ဖျော်ဖြေမှုအတွက် မဟုတ်ပါဘူး “

ယဲ့တျန်ရီ မှင်သက်သွားခဲ့သည်။

လုချန်ရှန်းမှ စကားဝင်ပြောလာခဲ့သည် “ အမှန်ပဲ၊ စီနီယာအစ်ကိုရ၊ မင်းက ငါတို့ကို နားလည်မှုလွဲနေတာပဲ “

“ မင်း …… “

စကားတစ်ခွန်းသည် သူ့ကို သွေးအန်လုနီးပါး ဖြစ်သွားစေခဲ့သည်။

သူမတို့၏ ပြောစကားအများစုက အမှန်ဖြစ်သော်လည်း၊ သူမတို့၏ ကျင့်ကြံရေး ပြဿနာများကို ကူညီဖြေရှင်းပေးခဲ့သည့်လူမှာ စီနီယာအစ်ကိုကြီးမဟုတ်ဘဲ၊ လုချန်ရှန်းသာ ဖြစ်နေခဲ့လေသည်။

အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့သည့် သူ့အတွက် ထိုကဲ့သို့သော ပြဿနာများကို ဖြေရှင်းရခြင်းမှာ မည်သို့မျှ ခက်ခဲမနေတော့ပေ။ ၎င်းသည် တစ်ခြားလူများကို ကူညီခြင်းဖြင့် ဂိုဏ်းကိုပါ ကူညီပေးခြင်းလည်း ဖြစ်သည်၊ ၎င်းသည် မိုးပြာတိမ်တိုက်ကို ပို၍သန်မာအားကောင်းသွားစေရန်အတွက် ဖြစ်သည်။

ဤနှစ်များတစ်လျှောက်၌ တောင်ထွဋ်သခင်များနှင့် အကြီးအကဲတို့မှာ သူ၏လှုံ့ဆော်မှုကြောင့် ပြင်းပြင်းထန်ထန် ကျင့်ကြံနေခဲ့ကြပြီး၊ တပည့်တပန်းများကလည်း ၎င်းထံမှ အကျိုးအမြတ်များ ရရှိခဲ့ကြသည်။

မိုးပြာတိမ်တိုက်ကိုယ်တိုင်ကပင် ကန်းပြည်နယ်အတွင်းရှိ ဂိုဏ်းကြီးသုံးခုအနက်မှ တစ်ခုဖြစ်ပြီး၊ ဤကဲ့သို့သော နည်းလမ်းဖြင့် ဂိုဏ်းက ပိုမိုအားကောင်းလာမည်ဆိုပါက၊ သူသည် အားကြီးသည့် ကျောထောက်နောက်ခံတစ်ခု ရရှိလာကာ၊ ဂိုဏ်းအတွင်းမှာပင် လုံခြုံဘေးကင်းစွာ ကျင့်ကြံနိုင်ပြိး၊ အင်မော်တယ် တက်လှမ်းခြင်းကို ရယူနိုင်လိမ့်မည် ဖြစ်သည်။ ၎င်းမှာ သူမျှော်လင့်တောင့်တနေသည့် ဆန္ဒတစ်ခုဖြစ်သည်။

သို့ရာတွင် ကျင့်ကြံရေး လောကမှာ အန္တရာယ်တို့ဖြင့် ပြည့်နှက်နေလျက်ရှိပြီး၊ အစွမ်းထက် ပုဂ္ဂိုလ်တို့၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရမည်ကို ကြောက်ရွံ့သောကြောင့်၊ သူသည် အပြင်ပင် မထွက်ဝံ့ခဲ့ချေ။

သူသည် ထင်ထင်ပေါ်ပေါ် မနေရဲဘဲ၊ သိုသိုသိပ်သိပ်နေရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။ အကယ်၍ တစ်ကမ္ဘာလုံးက သူ့ကို အထင်လွဲနေမည်ဆိုလျှင်တောင်မှ၊ သူဂရုစိုက်လိမ့်မည် မဟုတ်ပေ။

တစ်ခါတစ်ရံတွင် နာမည်ဆိုးဖြင့် ကျော်ကြားခြင်းမှာ မကောင်းသော အရာ မဟုတ်ပေ။

သူကသာ ဂိုဏ်းထဲတွင် ပုန်းနေကာ တိတ်တဆိတ် ကျင့်ကြံနေသရွေ့၊ မည်သည့်ပြဿနာမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ယဲ့တျန်ရီသည် မည်းမှောင်နေသော အမူအရာဖြင့် စကားထပ်ပြောလာခဲ့သည် “ မင်းတို့အားလုံး အရင်ပြန်ကြတော့ “

“ ဟုတ်ကဲ့ “

အဆိုပါ အမျိုးသမီးတပည့်များသည် မည်သို့မျှ မငြင်းဆန်ရဲဘဲ၊ လျင်မြန်စွာ နှုတ်ဆက်၍ ထွက်သွားကြသည်။

ထို့နောက်တွင် ယဲ့တျန်ရီသည် လုချန်ရှန်းကို ကြည့်ကာ၊ ယနေ့တွင် စကားကောင်းကောင်းပြောရန် ဆုံးဖြတ်လိုက်သည်၊ သူသည် ဂိုဏ်းကို အရှက်ရသွားစေနိုင်သည့် ကိစ္စရပ်များကို ဖြစ်ပေါ်လာခွင့်ပြုမည် မဟုတ်ပေ။

သို့ရာတွင် သူစကားမပြောရသေးခင် အချိန်မှာပင်၊ မိန်းမပျိုလေးတစ်ဦးသည် ချင်းယွင်တောင်ထွဋ်သို့ ရောက်ရှိလာခဲ့သည်။

သူမသည် လုချန်ရှန်းကို ကြည့်ကာ၊ စကားပြောလာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်း၊ မကောင်းတော့ဘူး။ စီနီယာအစ်ကိုကြီးက သူ့ရဲ့ ကျင့်ကြံရေးမှာ ပြဿနာတစ်ခု တွေ့နေပြီ “

All Chapters