အခန်း (၁၃-၁၅)
Vol. 1 Ch. 13-15
အပိုင်း ( 13 )
မကြွားရရင် သေမှာမို့လို့လားဟ
လုချန်ရှန်းသည် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ချင်းယွင်တောင်ထွဋ်သို့ ပြန်ရောက်လာခဲ့သည်။
သူ၏အေးချမ်းတည်ငြိမ်သော နေ့ရက်လေးများမှာ ဖျက်စီးခံလိုက်ရပြီဖြစ်သည်။
ဝိညာဥ်ကျောက်တုံးများ ရရှိရန်အတွက် နင့်ယုရှင်း၏ ကျင့်ကြံရေးကို သင်ကြားပေးရမည်ဖြစ်ပြီး၊ သူ၏ဒုတိယ စီနီယာအစ်ကိုမှာလည်း သူက သားရဲလှိုင်းနှင့် သွားရောက်တိုက်ခိုက်ရန်အတွက် သူ့ကိုယ်စား စာရင်းပေးသွင်းခဲ့လေသည်။
၎င်းတို့သာဆိုပါက မည်သို့မျှ ဖြစ်နေမည် မဟုတ်ဘဲ၊ အဆင်ပြေနေဦးမည် ဖြစ်သည်။ ၎င်းအား အကြီးအကဲများ၊ စီနီယာအစ်ကိုများနှင့် ခရီးထွက်ရသည်ဟု ယူဆလိုက်ကာ၊ အေးအေးဆေးဆေး ပြီးဆုံးသွားမည် ဖြစ်သည်။
သို့ရာတွင် လော့ရှန်လင်းသည် သူ့အတွက် ဂိုဏ်းခေါင်းဆောင်၏ ဝိညာဥ်ကျောက်တုံးများကို ခိုးယူရန် အမှန်တကယ် ကြိုးစားနေခဲ့လေသည်။ အကယ်၍ ဂိုဏ်းခေါင်းဆောင်ကသာ ထိုအကြောင်းကို သိသွားမည်ဆိုပါက၊ မည်သည့်အရာများ ဖြစ်ပျက်လာမည်နည်း၊ သို့ရာတွင် သူ၏ သမီးအရင်းကို မည်သို့မျှ အခက်တွေ့အောင် မလုပ်ဘူးဆိုသည်မှာ သေချာလှသည်။
ဆေးမျိုးတစ်ရာဥယျာဥ်မှာ ဆေးပင်တွေ စောင့်ကြည့်ဖို့ ငါ့ကို ထပ်လွှတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ တစ်ခါတော့ ခြင်းတောင်းယူသွားသင့်လား၊ အိတ်ပဲ ယူသွားသင့်လား
“ ဘာလို့လဲကွာ “
လုချန်ရှန်းသည် အသာအယာ သက်ပြင်းချ၍၊ ဘဝ၏ အခက်အခဲများကို ပြန်လည်တွေးတော၊ စဥ်းစားနေတော့သည်။
သို့သော် သူခေါင်းမော့ကြည့်လိုက်သည် အချိန်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခု ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။ ၎င်းမှာ မမြင်ရသည်မှာ ကြာနေပြီဖြစ်သည့် ရှီဖုန်းဖြစ်ပြီး၊ သူနှင့်အတူ လူအိုကြီးတစ်ဦးပါ ရှိနေခဲ့သည်။
တစ်စုံတစ်ဦး ချဥ်းကပ်လာနေသည်ကို အာရုံခံမိသွားသောအခါတွင်၊ ထိုလူကြီးမှ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလာခဲ့ပြီး၊ လုချန်ရှန်းကို မြင်တွေ့သွားကာ၊ ရိုးရိုးရှင်းရှင်း ပြုံး၍ ခေါင်းငြိမ့်ပြလာခဲ့သည်။
ရှီဖုန်းမှာလည်း ယဥ်ယဥ်ကျေးကျေး ဖြစ်နေခဲ့သည်၊ သို့သော် မည်သည့်စကားမှ မပြောလာခဲ့ဘဲ၊ ချင်းယွင်တောင်ထွဋ်ကိုသာ ဆက်လက်၍ ကြည့်ရှုနေခဲ့သည်။
သူကိုယ်တိုင်မှာလည်း ၎င်းတို့ကို ဂရုမစိုက်ပေ၊ သူတို့က မည်သည့်အတွက်ကြောင့် ဤနေရာတွင် ရှိနေရလဲဆိုသည်ကိုသာ သိချင်နေခဲ့သည်။
သို့ရာ၌ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်၊ အားကောင်းသော မှော်စွမ်းအားလှိုင်းနှင့်အတူ အရှိန်အဝါနှစ်ခု ပေါ်ထွက်လာသည်ကို သူခံစားလိုက်ရသည်။
ပုံရိပ်နှစ်ခုသည် မြေပြင်ပေါ်မှ ကောင်းကင်ထက်သို့ ခုန်တက်သွားခဲ့သည်၊ ၎င်းတို့မှာ ကျိုးချင်ယုနှင့် ရွှမ်ထျန်းဂိုဏ်းမှ လူငယ်တို့ပင်ဖြစ်သည်။
ကျိုးချင်ယုသည် လေထုအတွင်းတွင် ရွေ့လျားနေပြီး၊ လက်စည်းတံဆိပ်များကို ဖွဲ့စည်းလိုက်သည်၊ မိုးပြာရောင် မှော်စွမ်းအားတစ်ခုသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ ဆင်းသက်လာခဲ့သည်။
၎င်းက အလျားလိုက် ကခုန်နေသည့် အချိန်တွင်၊ လေပြင်းများ တိုက်ခတ်လာခဲ့သည်။
သူသည် ချီစုစည်းခြင်း အဆင့်၉သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ အူတိုင်ဖွဲ့စည်းခြင်း အဆင့်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့သည်။ သို့ရာတွင် လုချန်ရှန်းသည် သူ၏ စီနီယာအစ်ကိုကြီးက သူ၏ကျင့်ကြံရေးကို ဖိနှိပ်ထားသည့်အတွက် ချီစုစည်းခြင်း အဆင့်၇တွင်သာ ရှိနေသည်ကို သိရှိသွားခဲ့သည်။
ရွှမ်ထျန်းဂိုဏ်းမှ လူငယ်လေးမှာလည်း သူ၏လက်ကို ဝေ့ရမ်းကာ လှုပ်ရှားလာခဲ့သည်၊ ကြီးစိုးသော စွမ်းအားအချို့ကို သယ်ဆောင်ထားသည့် ကြက်သွေးရောင် မှော်စွမ်းအားတစ်ခုမှာ ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။
သူတို့၏ မှော်စွမ်းအားများ ရင်ဆိုင်ထိတွေ့နေသောကြောင့်၊ နားကွဲစေလောက်သည့် ပေါက်ကွဲသံများ ပေါ်ထွက်နေခဲ့ပြီး၊ ပတ်ဝန်းကျင်ရှိ ဝိညာဥ်စွမ်းအားများကို ဖရိုဖရဲ ဖြစ်သွားစေကာ၊ အလင်းတန်းတစ်ခုသည် ကောင်းကင်ယုံသို့ ကျဆင်းလာခဲ့ပြီး၊ အံ့ဖွယ်ကောင်းသော တောက်ပမှုကို ဖြာထွက်လာစေခဲ့သည်။
မှော်စွမ်းအား ပျောက်ကွယ်သွားသည့် တိုးညှင်းသော အသံတစ်သံပါ ပေါ်ထွက်လာခဲ့သည်။
ချင်းယွင်တောင်ထွဋ် တစ်ခုလုံးတွင် ဆူညံသံတို့ဖြင့် ပြည့်နှက်နေလျက်ရှိပြီး၊ ခြေထောက်အောက်တွင် ရှိနေသည့် သဲနှင့် ကျောက်တုံးကျောက်ခဲများ ခုန်ပေါက်လာကြသည်။
လုချန်ရှန်းသည် လှုပ်ရှားနေသည့် သူ၏ဆံပင်များကို စောင့်ကြည့်နေရင်းဖြင့်၊ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ သူတို့က လက်ရည်ယှဥ်နေကြတာလား “
သူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့ပြီး၊ ရွှမ်ထျန်းဂိုဏ်းမှ လူငယ်ကလည်း ချီစုစည်းခြင်း အဆင့်၇တွင် ရှိနေသည်ကို အာရုံခံမိသွားခဲ့သည်။
သူသိထားရသလောက်အရဆိုပါက၊ ရွှမ်ထျန်းဂိုဏ်း၏ ဒုတိယတပည့် လီချန်ဖုန်းကသာလျှင် ထိုကဲ့သို့သော ကျင့်ကြံရေးအဆင့်မျိုး ပိုင်ဆိုင်ထားခဲ့သည်။
လူနှစ်ဦးက ဆက်လက်၍ တိုက်ခိုက်နေသောကြောင့်၊ သူတို့၏ စွမ်းအားများ ရောယှက်သွားခဲ့ပြီး၊ ပြိုင်ပွဲက လက်ရည်ညီနေသည့်အလား ဖြစ်နေခဲ့ကာ၊ အချိန်အတော်ကြာသည်အထိ ပြတ်သားသော အောင်နိုင်သူ မပေါ်ထွက်လာခဲ့ပေ။
၎င်းတို့အားလုံးကို မြင်လိုက်ရသောအချိန်တွင် သူအတွေးနက်သွားခဲ့သည်။
တစ်ခဏအကြာ၌ လီချန်ဖုန်း၏ လက်ထဲတွင် အလင်းတန်းတစ်ခု လင်းလက်လာခဲ့ပြီး၊ လှံရှည်တစ်ချောင်း ပေါ်ထွက်လာခဲ့သည်။ သူ၎င်းကို ဆုပ်ကိုင်လိုက်သည့် အချိန်တွင်၊ လှံသည် နဂါးတစ်ကောင်ကဲ့သို့ ရွေ့လျားကာ၊ ငွေရောင်အလင်းတန်းတို့ဖြင့် တောက်ပလာခဲ့ပြီး၊ ပဲ့တင်ထပ်နေသော အသံတစ်သံကို ထုတ်လွှတ်လာခဲ့သည်။
သူ၏လက်မောင်းကို လွှဲရမ်းလိုက်ရာ၊ သူသည် ကြီးမားသော စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည့်အလား ဖြစ်နေခဲ့ကာ၊ အရှေ့သို့ ပြေးတက်လာခဲ့သည်။
ကျိုးချင်ယုသည် လက်တစ်ဖက် နောက်ပစ်ထားကာ၊ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် မတ်တပ်ရပ်နေခဲ့သည်။ ကျန်လက်ဖက်ကိုမူ လက်ချောင်းနှစ်ချောင်း ပူးကပ်ထားခဲ့သည်၊ သူ၏စိတ်အတွင်းသို့ စူးရှရှ ခံစားချက်တစ်ခု တိုးဝင်လာခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် ဓားအလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး၊ သူ၏ဘေးနားတွင် မျောလွင့်နေခဲ့သည်။ သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက်၊ ကောင်းကင်ထက်သို့ ဓားစွမ်းအင်များစွာ မြင့်တက်လာခဲ့ပြီး၊ လေထုဆုတ်ဖြဲခံလိုက်ရသည့် အသံများ ပေါ်ထွက်လာခဲ့ကာ၊ လူတိုင်းကို ကျောချမ်းသွားစေခဲ့သည်။
ထိုအချိန်တွင် လူအိုကြီး၏အမူအရာပါ အေးခဲတောင့်တင်းသွားခဲ့သည်။ သူသည် ကျိုးချင်ယုထံမှ ပေါ်ထွက်နေသည့် ဓားရည်ရွယ်ချက်က သူ့ကိုပင် လှုပ်ခတ်သွားစေသည်ကို ခံစားနေခဲ့ရသည်။
ဓားစွမ်းအင် တိုးဝင်လာသည်နှင့်အမျှ လှံရှည် တုန်ခါသွားပြီး၊ ထိတ်လန့်ဖွယ်ကောင်းသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
နဂါးကဲ့သို့ မြင့်တက်လာခဲ့သော်လည်း၊ ၎င်းသည် သူတို့၏ အရှေ့တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ဓားအလင်းတန်းမှာ လွန်စွာထက်မြိပြီး၊ ၎င်း၏ သတ်ဖြတ်ခြင်း စွမ်းအားမှာလည်း အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။ လီချန်ဖုန်းသည် နောက်သို့ ဆုတ်သွားခဲ့ရပြီး၊ သူ၏ အကျ်ီလက်များ ဖြတ်တောက်ခံလိုက်ရပြီး၊ ဓားစွမ်းအင်သည် သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ၊ သူ၏လည်ပင်းကို လှီးဖြတ်သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် လီချန်ဖုန်း ရှုံးနိမ့်ခဲ့သည်။
တိုက်ပွဲမှာ ရုတ်တရက် ပြီးဆုံးသွားခဲ့သည်။
လီချန်ဖုန်းသည် လေးလေးစားစား အရိုအသေပေးလာခဲ့သည်။
“ ညီအစ်ကိုကျိုးက တကယ်ကို ထူးခြားတာပဲ၊ ကျွန်တော်ရှုံးတာကို ဝန်ခံပါတယ် “
ထိုစကားကို ကြားလိုက်ရသော်လည်း ကျိုးချင်ယုမှာ အလွန်တရာ တည်ငြိမ်နေခဲ့ပြီး၊ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် မတ်တပ်ရပ်နေတော့သည်။
“ ညီအစ်ကိုလီ၊ မင်းက မြှောက်နေတာပဲ။ မင်းက ရွယ်တူတွေထဲမှာ ခေါင်းဆောင်တစ်ယောက်တောင် ဖြစ်နေပြီလေ။ ငါကတော့ ဓားပညာကြောင့် အကျိုးအမြတ်ရသွားရုံလေးတင်ပါပဲ “
“ မင်းနဲ့ မယှဥ်နိုင်တာက ငါပါ။ ညီအစ်ကိုကျိုးရဲ့ စွမ်းရည်က ကန်းပြည်နယ်မှာ တကယ်ကို ပြိုင်ဘက်ကင်းတာပဲ “
လီချန်ဖုန်းသည် အသာအယာ ရယ်မော၍၊ လေထုအတွင်းသို့ ဆင်းသက်လာခဲ့သည်။
လူအိုကြီးမှာလည်း စကားဝင်ပြောလာခဲ့သည် “ ကန်းယွင်ရဲ့ ဓားအင်မော်တယ်လေးက သူ့ရဲ့ ဂုဏ်သတင်းနဲ့ အမှန်တကယ် ထိုက်တန်တာပဲ။ ငါအများကြီး သင်ယူခဲ့ရတယ် “
“ စီနီယာ၊ ခင်ဗျားက ကျွန်တော့်ကို မြှောက်ပြောနေတာပဲ “
ထိုကဲ့သို့ ပြောခဲ့ပြီးသည့်နောက်တွင် ရွှမ်ထျန်းဂိုဏ်း၏ ထိုလူသုံးဦးစလုံး ထွက်သွားကြသည်။
လုချန်ရှန်းသည် သူတို့ကို လျစ်လျူရှုထားခဲ့သည်၊ သို့သော် အတွေးနက်နေသော ကျိုးချင်ယုကို မြင်လိုက်ရသောအခါတွင်၊ သူသည် အနည်းငယ် စိတ်ညစ်သွားခဲ့သည်။
နုံအတဲ့ ကောင်မလေးတွေကသာ ဒီမြင်ကွင်းကို မြင်လိုက်ရမယ်ဆိုရင်၊ ဘာဖြစ်သွားလောက်မလဲ
သူတို့က သူ့ကို စွဲလန်းသွားကြမှာပဲ
“ မကြွားရရင် သေမှာမို့လို့လားဟ “
သူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ကျိုးချင်ယုရဲ့ အနေအထားက ပိုမိုက်လေလေ၊ ငါခေါင်းပိုကိုက်ရလေလေပဲ “
သူတို့က မင်းကို စမ်းသပ်နေကြတာလေကွာ၊ မင်းရဲ့ မင်းစွမ်းရည်ကို ဘာကိစ္စမဖုံးထားရတာတုန်းဟ
နောက်ဆုံးတစ်ခေါက်တုန်းက ရွှမ်ထျန်းဂိုဏ်းက နင့်မောင်နှမကို လုပ်ကြံဖို့ လူလွှတ်လိုက်တုန်းက ငါလူတစ်ယောက် ချန်ထားပေးခဲ့တယ်လေ။ သူတို့က သူ့ကို ဖမ်းမမိကြဘူးလား၊ ဒါမှမဟုတ် သူ့ဆီကနေ သတင်းနှိုက်လို့ မရလို့များလား
ကျိုးချင်ယုကို ဘယ်သူကမှ သတင်းမပေးခဲ့ကြဘူးလားဟ
သို့ရာ၌ လုချန်ရှန်းထံတွင် ရွေးချယ်စရာ မရှိပေ၊ ကျိုးချင်ယုက ကြွားဝါးထုတ်/စတိုင်ထုတ်ရခြင်းကို ကြိုက်နှစ်သက်နေခြင်း မဟုတ်ဘဲ၊ ၎င်းက သူ၏စရိုက်သာ ဖြစ်ကြောင်းကို သိနေခဲ့သည်။ သူသည် ဓားတာအိုတစ်ခုတည်းကိုသာလျှင် ခေါင်းထဲထည့်ထားပြီး၊ တစ်ခြားသော မည်သည့်ကိစ္စကိုမှ စိတ်မဝင်စားပေ။
ယခုတွင် သူက လူအာရုံစိုက်ခံနေရပြီဖြစ်သောကြောင့်၊ တစ်ခြားလူများက သူ့ကို ကိုင်တွယ်ရန် အသုံးပြုလာမည့် နည်းလမ်းများက ပိုမိုရှုပ်ထွေးများပြားလာတော့မည် ဖြစ်သည်။
“ ဘာလို့လဲကွာ “
လုချန်ရှန်းသည် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေခဲ့ပြီး၊ ကောင်းကင်ထက်သို့ တက်သွားကာ၊ ကျိုးချင်ယုကို ထိုးနှက်လိုစိတ်ပင် ဖြစ်သွားခဲ့သည်။
ကိုးချင်ယုမှာလည်း သူ့ကို သတိပြုမိနေခဲ့ပြီး၊ လေထုအတွင်းမှ ဆင်းသက်လာခဲ့ကာ၊ ဖြည်းဖြည်းချင်း စကားစပြောလာခဲ့သည်။
“ ဂျူနီယာညီလေး၊ ဒုတိယညီက သားရဲလှိုင်းကို သွားတိုက်တာမှာ မင်းကိုခေါ်သွားမယ်လို့ ငါကြားခဲ့ရတယ် “
“ ဟုတ်တယ် “
လုချန်ရှန်းသည် ထိုကိစ္စကို ပိုတွေးလေလေ၊ ပို၍ စိတ်အနှောင့်အယှက်ဖြစ်သွားလေလေ ဖြစ်နေခဲ့သည်။
ကျိုးချင်ယုမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ဂိုဏ်းထဲမှာပဲ တစ်ချိန်လုံးနေနေတာက ကောင်းတဲ့အရာ မဟုတ်ဘူး။ အပြင်ထွက်ပြီးတော့ အတွေ့အကြုံရှာတာက သိပ်ကောင်းတယ်။ အဲ့အချိန်ကျရင် မင်းက ငါ့ဘေးနားမှာ နေလို့ရတယ် “
“ ကောင်းတယ် “
လုချန်ရှန်းသည် ဟန်ဆောင်ပန်ဆောင်ပင် မလုပ်ဘဲ၊ တိုက်ရိုက်ခေါင်းငြိမ့်ပြလိုက်သည်၊ ၎င်းမှာ သူတွေးထားသည့်အတိုင်းပင် ဖြစ်နေခဲ့သည်။
ကျိုးချင်ယု ရှိနေသည့် နေရာတိုင်းတွင် ရှီဖုန်းမှတစ်ပါး မည်သူကမှ သူ့ကို အာရုံစိုက်ကြလိမ့်မည် မဟုတ်ပေ။
ကန်းယွင်၏ ဓားအင်မော်တယ်လေးသည် တစ်ခြားသော အရာများကို မှေးမှိန်သွားစေရန် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။
သူသည် သူ့အနားတွင် ရှိနေမည်ဆိုပါက မည်သည့်အရာကိုမှ ပြုလုပ်ရလိမ့်မည် မဟုတ်ပေ၊ ထို့အစား သူသည် ဝိညာဥ်ကျောက်တုံး ရရှိရန်အတွက် ဈေးကောင်းရနိုင်မည့် သားရဲအလောင်းတစ်ချို့ကိုပင် အေးအေးလူလူ ရွေးချယ်နိုင်သေးသည်။
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် ကျိုးချင်ယုသည် ကျင့်ကြံရေးကို ဆက်လက်၍ လုပ်ဆောင်ရန် ထွက်ခွာသွားခဲ့သည်။
လုချန်ရှန်းသည် ထွက်သွားသော သူ၏ပုံရိပ်ကို စောင့်ကြည့်နေရင်းဖြင့် မှတ်ချက်ပေးလိုက်သည် “ သူသည် ဓားအင်မော်တယ်နဲ့ တကယ်ကို ပိုပိုတူလာတာပဲ ”
လွန်ခဲ့သော ဆယ်နှစ် တစ်ဦးကိုတစ်ဦး စသိသည့် အချိန်ကတည်းက သူသည် စကားများများ မပြောခဲ့ဖူးပေ၊ သို့သော် သူသည် သူ၏ဂျူနီယာညီငယ်၊ ညီမငယ်များကို အလွန်တရာ ဂရုစိုက်ပြီး၊ သူ၏အသိအမြင်များနှင့် အတွေ့အကြုံများကို အမြဲလိုလို ဝေမျှပေးလေ့ရှိသည်။
သူတို့သည် တက်လှမ်းခြင်း အခမ်းအနား(သို့) လျှို့ဝှက်နယ်မြေတစ်ခုခုထံမှ ပစ္စည်းကောင်းလေးများ ရလာခဲ့သည့် အချိန်တိုင်းတွင်၊ လုချန်ရှန်းကို အမြဲတွေးမိကြသည်။
“ ဒီစီနီယာအစ်ကိုက တော်တော်ကြီးကို တည့်တိုးဆန်လွန်းတယ်၊ ငါတို့က သူ့ကို ထိပ်တန်းဂိုဏ်းကြီးတစ်ခုဆီကို ပို့လိုက်သင့်တယ်။ သူ့ရဲ့ စွမ်းရည်နဲ့ဆိုရင်၊ သူက ပိုကောင်းတဲ့ အကာအကွယ်ကို ရမှာ သေချာတယ် “
သူသည် မင်းဆက်များကြားတွင် ဖြစ်ပွားနေသည့် စစ်ပွဲများအကြောင်းကို တွေးမိသွားခဲ့သည်။
နှစ်အနည်းငယ် ကြာသည့်အချိန်တိုင်းတွင် ယွဲ့ပြည်ထောင်သည် ကြီးမားသော မင်းဆက်စစ်ပွဲတစ်ခုကို ဆင်နွှဲလေ့ရှိသည်။
ထိုအချိန်တွင် ယွဲ့ပြည်ထောင် အတွင်းရှိ ဂိုဏ်းအားလုံးသည် သူတို့၏ ထိပ်သီး ပါရမီရှင် တပည့်များကို စစ်မြေပြင်သို့ စေလွှတ်ကြရသည်။
အတောက်ပဆုံးသော ပါရမီရှင်များသည် ထိုနေရာတွင် အရွေးချယ်ခံခဲ့ရပြီး၊ အစွမ်းထက် ထိပ်တန်းဂိုဏ်းကြီးများ၏ ခေါ်ယူခြင်းကို ခံရကာ၊ ပိုမို ကောင်းမွန်များပြားသော အရင်းအမြစ်များကို ရရှိလေ့ရှိတတ်သည်။
သူတို့၏ မူလဂိုဏ်းများမှာလည်း အဆိုပါ ဂိုဏ်းများ၏ အကာအကွယ်ကို ရရှိကြသည်၊ ထို့ကြောင့်ပင် ကန်းယွင်ဂိုဏ်းသည် ကန်းပြည်နယ်၏ ထိပ်တန်းဂိုဏ်းတစ်ခုအဖြစ် အခိုင်အမာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော နေရာငယ်လေးသည် ထူးချွန်ထက်မြက်သူများကို ဆွဲချလေ့ရှိသောကြောင့် သူတို့သည် ပိုမိုကောင်းမွန်သော နေရာတစ်ခုကို လိုအပ်ကြသည်။
ကျိုးချင်ယုကသာ အဆင့်အတန်းတစ်ခုခုကို ရရှိခဲ့ပြီး၊ အင်မော်တယ်ဂိုဏ်းအတွင်းသို့ ဝင်သွားနိုင်သရွေ့၊ ကန်းယွင်ဂိုဏ်းမှာလည်း အဆိုပါ ဂိုဏ်း၏ အကာအကွယ်ကို ရရှိမည်ဖြစ်ပြီး၊ ၎င်းသည် ဤနေရာတွင် နေထိုင်မည့် သူ့ကို ပို၍ လုံခြုံဘေးကင်းသွားစေမည် ဖြစ်သည်။
ကျင့်ကြံရေးလောကမှာ အလွန်တရာ ရက်စက်ကြမ်းတမ်းလွန်းပြီး၊ အပြင်ကမ္ဘာကမူ လွန်စွာအန္တရာယ်များလွန်းလှသည်။ ထို့ကြောင့် တတ်နိုင်သမျှ သိုသိုသိပ်သိပ်နေခြင်းမှာ ပို၍လုံခြုံဘေးကင်းစေမည် ဖြစ်သည်။
ကြီးမားထင်ရှားလွန်းသော သစ်ပင်က အလွယ်တကူ ခုတ်လှဲခံရသည်ဆိုသည့် အမှန်တရားကို သူကောင်းစွာ နားလည်နေခဲ့သည်။
ယွဲ့ပြည်ထောင်၏ အသန်မာဆုံး ပညာရှင်မှာ မွေးရာပါ ဝိညာဥ် ပညာရှင်ဖြစ်ပြီး၊ လူနည်းစုကသာလျှင် ထိုအဆင့်သို့ ရောက်ရှိထားကြသည်။ သူကသာ ပေါ့ပေါ့ဆဆ မလုပ်သရွေ့၊ အတော်လေး ဘေးကင်းလုံခြုံနေဦးမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် သူ၏အခန်းဆီသို့ ပြန်ရန်ပြင်လိုက်သည်၊ သို့သော် ထိုအချိန်၌ ချင်းယွင်တောင်ထွဋ်၏ ကောင်းကင်ယံသို့ အလင်းတန်းတစ်ခု ကျဆင်းလာခဲ့ပြီး၊ အပြာရောင် ရောင်ခြည်တစ်ခု ပွင့်လန်းလင်းလက်လာခဲ့သည်။
၎င်းမှာ သားရဲလှိုင်း ရောက်ရှိလာတော့မည်ဆိုသည်ကို သတိပေးသည့် လက္ခဏာရပ်တစ်ခု ဖြစ်သည်။
…………………………………………………………………………………………………………………………………….
အပိုင်း ( 14 )
ဂိုဏ်းခေါင်းဆောင်၏ မကျေမချမ်းဖြစ်နေသော အကြည့်တစ်ချက်
အပြာရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ တိုက်ပွဲပြင်ဆင်သည့် အခြေအနေအတွင်းသို့ ကျရောက်သွားခဲ့သည်။
တံခါးပိတ်ကျင့်ကြံနေကြသည့် အကြီးအကဲများနှင့် ဂိုဏ်း၏ အရာရှိအားလုံး ပေါ်ထွက်လာခဲ့သည်။ ယခင်က အတွေ့အကြုံများအရ သားရဲလှိုင်းသည် နှစ်ရက်(သို့)သုံးရက်အတွင်း ရောက်ရှိလာမည် ဖြစ်သည်။
လုချန်ရှန်းသည် အဆိုပါ သားရဲကောင်များက မည်သည့်အတွက်ကြောင့် ဤနေရာသို့ ခဏခဏ လာနေရလဲဆိုသည်နှင့်၊ ၎င်းတို့က မည်သည့်အတွက်ကြောင့် ဦးတည်ချက် မပြောင်းသွားရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
ကန်းယွင်ဂိုဏ်းမှာ သူတို့မေ့မရ ဖြစ်နေတဲ့ ပစ္စည်တစ်ခုခုများ ရှိနေလို့လား
ဒါပင်မဲ့ ငါဒီမှာ ရှိနေတာ ဆယ်နှစ်တောင်ကျော်နေပြီလေ၊ တကယ်လို့ တစ်ခုခုသာရှိနေမယ်ဆိုရင်၊ ငါ့လက်ထဲကို ရောက်နေလောက်ပြီ
စာရင်းသွားသွင်းသည့် ယဲ့တျန်ရီ ပြန်ရောက်လာခဲ့ပြီး၊ ကောင်းကောင်းပြင်ဆင်ထားရန် သူ့ကို ပြောလာခဲ့သည်။
ထိုစဥ် တောင်ထွဋ်တစ်ခုပေါ်၌
ရွှမ်ထျန်းဂိုဏ်း၏ လူသုံးဦးသည် ချင်းယွင်တောင်ထွဋ်ကို အဝေးမှ လှမ်းကြည့်နေလျက်ရှိသည်။
“ ကျွန်တော်က ကျိုးချင်ယုကို မယှဥ်နိုင်ခဲ့ဘူး၊ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို အပြစ်ပေးလိုက်ပါ၊ အကြီးအကဲ “ လီချန်ဖုန်းသည် ဒူးတစ်ဖက်ထောက်ချပြီး၊ လက်သီးဆုပ်ကာ ဦးညွတ်၍ အရိုအသေပေးလာခဲ့သည်။
လူအိုကြီးသည် သူ၏ဦးခေါင်းကို ခါရမ်းပြကာ၊ စကားပြန်ပြောလာခဲ့သည် “ ကျိုးချင်ယုရဲ့ တောက်ပမှုက ထင်ထားထပ် ပိုအားကောင်းနေတယ်။ ကန်းပြည်နယ်မှာ လူအနည်းစုလောက်ကပဲ သူ့ကို ယှဥ်နိုင်လိမ့်မယ်။ အဲ့တာက မင်းရဲ့အမှား မဟုတ်ဘူး “
လီချန်ဖုန်းသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
ရှီဖုန်းမှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသောကြောင့်၊ တည်တည်ငြိမ်ငြိမ် ရှိနေရန် အမှန်ပင် အခက်တွေ့နေခဲ့သည်။
ထိုလူသည် အသက်သုံးဆယ်မပြည့်ခင် အချိန်မှာပင် အူတိုင်ကို ဖွဲ့စည်းနိုင်တော့မည်ဖြစ်ပြီး၊ သူ၏ဓားပညာမှာလည်း လွန်စွာအံ့ဖွယ်ကောင်းနေပြီး၊ သူတို့ဂိုဏ်း၏ ဓားပညာကို လေ့လာလိုက်စားသည့် အကြီးအကဲများထပ်ပင် ပိုမိုသာလွန်နေခဲ့သည်။
“ အဲ့တော့ ကျွန်တော်တို့က ဘာလုပ်ကြမလဲဗျ “
“ သူ့ရဲ့ ဓားပညာက အဆင့်၇နဲ့ တော်တော်ကြီးကို နီးစပ်နေလောက်ပြီ။ အဲ့လိုလူမျိုးက ကြောက်ဖို့ကောင်းတယ်။ သူက အဲ့ဒီထိပ်တန်းဂိုဏ်းကြီးတွေမှာတောင် နေရာတစ်ခု ရနိုင်တယ်။ အဲ့တော့ ငါတို့က သူ့ကို ဆက်ပြီးတော့ ရှင်သန်ကြီးထွားခွင့်ပေးလို့ မဖြစ်ဘူး “
လူအိုကြီး၏ မျက်လုံးများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။
လီချန်ဖုန်းမှ မေးမြန်းလာခဲ့သည် “ ကျွန်တော်တို့ ဘာလုပ်သင့်လဲဗျ “
“ မင်းတို့က ခါတိုင်းလိုပဲ ကန်းယွင်ဂိုဏ်းနဲ့အတူ သားရဲလှိုင်းကို ခုခံနေကြ၊ ကျန်တဲ့ကိစ္စကို စိတ်မပူနဲ့ “
“ ဟုတ်ကဲ့ “
လီချန်ဖုန်းနှင့် ရှီဖုန်းတို့ နှစ်ဦးစလုံး ခေါင်းငြိမ့်ပြလာခဲ့သည်။
အချိန်များ ကုန်ဆုံးသွားခဲ့ပြီး၊ လူစုရမည့် အချိန် ရောက်ရှိလာခဲ့သည်။
ဂိုဏ်းသည် ဤနေရာကို စောင့်ကြပ်ရန်အတွက် ပညာရှင်တစ်စု ချန်ထားခဲ့ပြီး၊ ကျန်လူများကမူ ဂိုဏ်းခေါင်းဆောင်နှင့်အတူ သားရဲလှိုင်းကို ခုခံတိုက်ခိုက်ကြမည် ဖြစ်သည်။
နင့်ယုရှင်းကို အရေးကြီး အချက်အလက်တစ်ချို့ ရှင်းပြပေးခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် တာဝန်ကို သတင်းပို့ရန်အတွက် သူ၏စီနီယာအစ်ကိုနောက်သို့ လိုက်သွားခဲ့သည်။
ဂိုဏ်းတစ်ခုလုံး သတိတကြီး ဖြစ်နေလျက်ရှိပြီး၊ တပည့်များသည် ဤကဲ့သို့သော အခွင့်အရေးမျိုးကို စောင့်ဆိုင်းနေသည့်အလား စိတ်ဓာတ်များ တက်ကြွကာ၊ မျှော်လင့်တကြီး ဖြစ်နေကြသည်။
တာအိုကို ရှာဖွေကာ၊ သာမန်လူသား/သေမျိုးများနှင့် မတူညီသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများသည် တိုက်ခိုက်ရခြင်းကို နှစ်သက်ကြသည်ချည်းသာ ဖြစ်သည်။
ငါငယ်ငယ်လေးတုန်းကလည်း တောက်လောင်နေတဲ့ စိတ်အားထက်သန်မှုတွေနဲ့၊ ရည်မှန်းချက်တွေ ရှိခဲ့ဖူးပါတယ်လေ
တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည့် လုချန်ရှန်းမှတစ်ပါး၊ ကျန်လူအားလုံးမှာ စိတ်လှုပ်ရှားနေကြသည်။
တစ်ခဏအကြာတွင် တောင်ထွဋ်အားလုံးမှ လူများ စုစည်းရောက်ရှိလာခဲ့ပြီ ဖြစ်သည်၊ ကျိုးချင်ယု၊ ယဲ့တျန်ရီနှင့် လုချန်ရှန်းတို့မှာ ရှေ့ဆုံးတွင် မတ်တပ်ရပ်နေကြပြီး၊ သူတို့၏အနောက်တွင် အတွင်းဂိုဏ်းတပည့် ဒါဇင်နှင့်ချီ၍ ရှိနေခဲ့သည်။
ထိုစဥ် လော့ရှန်လင်း ရောက်ရှိလာခဲ့သည်။
“ စီနီယာအစ်ကိုကြီးတို့၊ မဂ်လာပါ “
သူမသည် ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့ကို ဦးညွတ်၍ အရိုအသေပေးလာခဲ့သည်။
ထိုလူနှစ်ဦးသည် အပြုံးဖြင့် ခေါင်းပြန်ငြိမ့်ပြလိုက်သည်။
ထို့နောက်တွင် လော့ရှန်လင်းသည် မြောက်ကြွမြောက်ကြွ ဖြစ်နေသော အမူအရာနှင့်အတူ လုချန်ရှန်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။
“ စီနီယာအစ်ကို ချန်ရှန်း “
သူမသည် တောက်ပသော မျက်လုံးများဖြင့် လက်နောက်ပစ်ထားကာ၊ ပြုံးပြလာခဲ့သည်။
“ ဂျူနီယာညီမလေး၊ ဘာဖြစ်လို့လဲ “
“ ကျွန်မ ရှင့်အတွက် ဝိညာဥ်ကျောက်တုံး ယူလာခဲ့ပေးတယ် “
စကားပြောနေရင်းဖြင့် သူမသည် အိတ်တစ်လုံးကို ထုတ်ယူကာ၊ သူ့လက်အတွင်းသို့ ထိုးထည့်ပေးလာခဲ့သည်။
လုချန်ရှန်း မှင်သက်သွားခဲ့သည်။ သူ၏စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်ရာ၊ နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်။ အထဲတွင် ဝိညာဥ်ကျောက်တုံး ၁သောင်းရှိနေခဲ့သည်။
တောင်ထွဋ်သခင်တစ်ဦးသည် တစ်လလျှင် ဝိညာဥ်ကျောက်တုံး အခုတစ်ရာကျော်မျှ ရရှိပြီး၊ ဂိုဏ်းခေါင်းဆောင်ကမူ အခုနှစ်ရာတိတိ ရရှိလေ့ရှိသည်၊ သို့သော် ယခုတွင်ကား ဝိညာဥကျောက်တုံး အခုတစ်သောင်း ရှိနေခဲ့သည်။ ထိုပမာဏအထိ ရရှိရန်အတွက် လေးနှစ်ကျော်အထိ စုဆောင်းထားရမည် ဖြစ်သည်။
၎င်းက နင့်ယုရှင်းကဲ့သို့ ချမ်းသာသည့် အမျိုးသမီးအတွက် သမုဒ္ဒရာအတွင်းမှ ရေတစ်စက်မျှသာ ဖြစ်နေမည်ဖြစ်သော်လည်း၊ သာမန်ကျင့်ကြံသူများအတွက်မူ ၎င်းက သေးငယ်သော ပမာဏ ဟုတ်မနေခဲ့ပေ။ ဂိုဏ်းခေါင်းဆောင်ကဲ့သို့သော လူများကပင် ချွင်းချက်မဟုတ်ပေ။
သူသည် တစ်ခဏခန့် စိတ်လှုပ်ရှားသွားခဲ့သည် “ အများကြီးပဲ၊ နင် …….. “
“ စိတ်မပူပါနဲ့၊ အဖေ မသိပါဘူး “ လော့ရှန်လင်းသည် ရှက်ရွံ့နေသည့် အရိပ်အငွေ့များဖြင့် ပြုံးပြလာခဲ့သည် “ ဘာပဲဖြစ်ဖြစ်ပါလေ၊ အဲ့တာတွေက ကျွန်မရဲ့ မဂ်လာခန်းဝင် ပစ္စည်းလို့ သူပြောခဲ့တယ်လေ၊ အဲ့တာတွေက အနှေးနဲ့အမြန်ဆိုသလို ကျွန်မဟာတွေ ဖြစ်လာမှာပဲ။ ကျွန်မက ကြိုယူထားလိုက်ရုံလေးပါပဲ “
“ အာ …. “
လုချန်ရှန်းသည် သူ၏ဂျူနီယာ ညီမငယ်ကို ကြည့်နေရင်းဖြင့် လက်များတုန်ရင်သွားခဲ့သည်။
သူသည် ဂိုဏ်းခေါင်းဆောင်ရှိရာဘက်သို့ အလိုအလျောက် ငေးကြည့်မိသွားခဲ့ပြီး၊ ဂိုဏ်းခေါင်းဆောင်က သူ့အား ဝါးစားဆုတ်ဖြဲတော့မည့်အလား ဖြစ်နေသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်နေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဂျူနီယာညီမလေး၊ ခေါင်းဆောင်က ဒီကိစ္စကို မသိဘူးဆိုတာ သေချာရဲ့လား “
လုချန်ရှန်းသည် အနည်းငယ် စိတ်ခြောက်ခြားသွားခဲ့သည်။
တစ်ခြားသော နေရာ၌၊ အကြီးအကဲတစ်ဦးသည် ဂိုဏ်းခေါင်းဆောင်ကို ငေးကြည့်ကာ စကားပြောလာခဲ့သည် “ ချန်ရှန်းလေးက ခေါင်းဆောင်ကို စော်ကားမိထားလို့လားဗျ “
“ မဟုတ်ဘူး “ ဟုလော့ထျန်းမှ ပြန်ပြောလာခဲ့သည်၊ သို့သော် သူ၏အကြည့်ကမူ လုချန်ရှန်းထံတွင်သာ ရှိနေခဲ့သည်။
“ အဲ့တာဆိုရင် ခေါင်းဆောင်က ဘာလုပ်နေတာလဲဗျ “
လော့ထျန်းသည် သူ့ကို ပြန်စိုက်ကြည့်လိုက်သည်၊ မသိသာဘူးလားဟ
ငါ့သမီးက ပြန်ပေးဆွဲခံရလုနီးပါး ဖြစ်နေတာကို ငါက ရယ်နေရမှာလားဟ
တစ်ခဏခန့် အကြာတွင် သူသည် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ဘာလို့လဲတော့ မသိဘူး၊ အခုနောက်ပိုင်း အဲ့ကလေးကို တွေ့ရတဲ့ အချိန်တိုင်းမှာ ငါဒေါသထွက်နေမိတယ်။ ငါ့ရဲ့ ခန္ဓာကိုယ်က သူ့ကို ရိုက်သတ်ချင်သလိုမျိုးတွေ ဖြစ်နေတာ၊ အဲ့ဒီစိတ်တွေကို ငါမဖိနှိပ်နိုင်လုနီးပါး ဖြစ်ခဲ့ရတဲ့ အချိန်မျိုးတွေတောင် ရှိခဲ့ဖူးတယ် “
“ အဲ့တာက ……. “
“ ဂိုဏ်းချုပ်ရာ၊ အဲ့တာက အဆိုးကြီးလည်း မဟုတ်ပါဘူး။ အဲ့ကလေးက နည်းနည်းလေး ပျင်းတယ်လေ၊ ဒါပင်မဲ့ သူက လူကောင်းလေးပါဗျ။ ပြီးတော့ တျန်ရီက သူ့ကို အလုပ်ကောင်းကောင်းလုပ်ဖို့ တိုက်တွန်းနေပြီးတော့၊ သူက ချီစုစည်းခြင်း အဆင့်၄ကို ရောက်သွားပြီလို့ ကျွန်တော်ကြားထားတယ် “
“ အဆင့်၃နဲ့ အဆင့်၄ကြားမှာ ကွာဟချက်ကြီးကြီးမားမား ရှိနေလို့လားဟ “ လော့ထျန်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
ထိုအကြီးအကဲမှ စကားဆက်ပြောလာခဲ့သည် “ တောင်ထွဋ်သခင် ချန်ကျွင်းက တကယ်ကြီးကို အမြင်စူးရှတာပဲ။ ချန်ရှန်းမှာက ပါရမီရှိတယ်၊ ဒါပင်မဲ့ လမ်းညွှန်မှုနဲ့ အတွေ့အကြုံတော့ လိုနေသေးတယ် “
လော့ထျန်းသည် ထိုအကြီးအကဲကို စိုက်ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူ၏အမူအရာမှာလည်း အနည်းငယ် ရန်လိုလာခဲ့လေသည်။
ချန်ကျွင်းမှာ လုချန်ရှန်း၏ အမည်ခံ ဆရာသပ်သပ်သာ ဖြစ်သည်။
လော့ထျန်းသည် လုချန်ရှန်းကို ငေးကြည့်ကာ ကျိန်ဆဲနေတော့သည်။
ထိုအကောင်သည် သူ၏ အသက်ဆယ့်ခြောက်နှစ်(သို့)ဆယ့်ခုနစ်အရွယ် သမီးပျိုလေးကို ထိုကဲ့သို့ လုပ်နိုင်သောကြောင့်၊ တိရစ္ဆာန်တစ်ကောင်ထပ်ပို ပို၍ဆိုးရွားနေခဲ့သည်။
လုချန်ရှန်းသည် ထိုစကားဝိုင်းကို ကြားသွားကာ၊ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
လော့ရှန်လင်းသည် သူ့ထံတွင် ဝိညာဥ်ကျောက်တုံး မလုံလောက်ဘူးဆိုပါက သူမကို ပြောဟု ထပ်မံ၍ ညွှန်ကြားလာခဲ့ပြီး၊ ထို့နောက်တွင် လော့ထျန်းဘက်သို့ လှည့်ပြန်သွားတော့သည်။
ဂိုဏ်းခေါင်းဆောင်၏ သမီးဖြစ်သည့်အလျောက် သူမသည် စံနမူနာကောင်းတစ်ခုအဖြစ် ဂိုဏ်းခေါင်းဆောင်နှင့်အတူ ရပ်တည်သင့်ပေသည်။
သို့ရာတွင် သူမသည် လုချန်ရှန်းနှင့် ပတ်သက်ပြီး စိုးရိမ်နေသေးသည်၊ ထို့ကြောင့် သူမ၏ အဖေဖြစ်သူနားသို့ ပြန်ရောက်လာသည့် အချိန်တွင် စကားစပြောလာခဲ့သည် “ အဖေ၊ ဒါက စီနီယာအစ်ကို ချန်ရှန်းရဲ့ ပထမဦးဆုံး သားရဲလှိုင်း အတွေ့အကြုံလေ။ သူဒုက္ခရောက်သွားမှာလားဟင် “
“ ဘာကို ဒုက္ခရောက်မှာလဲ။ ဒီက ဘယ်တပည့်ဆီမှာ ပထမဦးဆုံးအကြိမ်ဆိုတာ မရှိခဲ့ဖူးလို့လဲ “
လော့ထျန်းသည် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။
“ ကျွန်မဂရုမစိုက်ဘူး၊ အဖေ သူ့ကို ကာကွယ်ပေးရမယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လော့ထျန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင်၊ သူ၏ သမီးနှင့် ပတ်သက်၍ သူလုပ်နိုင်သော အရာ မရှိဘူးဆိုသည်ကို နားလည်သွားကာ၊ ကူရာကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည် “ ကျိုးချင်ယုက သူ့ကို ကာကွယ်ပေးမှာလေ၊ ချင်းယွင်တောင်ထွဋ်ရဲ့ အကြီးအကဲတွေလည်း ရှိနေတော့၊ သူဘာမှဖြစ်မှာ မဟုတ်ဘူး “
“ ကောင်းတယ် “
လော့ရှန်လင်းသည် စိတ်သက်သာရာရသွားခဲ့သည်။
လော့ထျန်းမှ မေးမြန်းလိုက်သည် “ လင်းအာ၊ သမီးက သူ့ကို အဲ့လောက်တောင် ကြိုက်တာလား “
“ ခွင့်မပြုဘူးလား “
“ နောက်ဆုံးမှာတော့ သမီးက ဂိုဏ်းကနေ ထွက်သွားပြီးတော့ သူနဲ့ လမ်းခွဲရမှာပဲလေ။ အဲ့တာက သမီးရွေးချယ်လို့ ရတဲ့ အရာမဟုတ်ဘူး။ အဲ့တာက သမီးရဲ့ တာအိုနှလုံးသားကို နှောင့်ယှက်ပြီးတော့ သမီးရဲ့ အနာဂတ်ကို ပျက်စီးသွားစေမှာ အဖေကြောက်မိတယ်။ သူက သမီးရဲ့ တိုးတက်နှုန်းကို အမှီမလိုက်နိုင်ဖို့ ကံပါလာခဲ့ပြီးသားပဲလေ “
လော့ရှန်လင်း မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ သူမ၏ အမူအရာ ရှုပ်ထွေးသွားခဲ့သည်။ တစ်ခဏ အကြာ၌ သူမ၏ မျက်နှာလှလှလေးပေါ်တွင် စိတ်ပိုင်းဖြတ်လိုက်သည့် အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ဒါဆိုရင်၊ ကျွန်မရဲ့ ကျင့်ကြံရေးကို ပြီးပြည့်စုံအောင် လုပ်ပြီးတော့၊ သူ့ကို ကာကွယ်ပေးမယ် “
သူမ၏ စကားမှာ အလွန်တရာ ပြတ်သားနေသောကြောင့်၊ လော့ထျန်းပင် တအံ့တဩဖြစ်သွားခဲ့ရသည်။
ထို့နောက်တွင် သူသည် လုချန်ရှန်းကို ထပ်မံ၍ လှမ်းကြည့်ကာ၊ အတွေးနက်သွားတော့သည်။
“ အဖေ နားမလည်ဘူး၊ သမီးက သူ့ရဲ့ ဘယ်အချက်ကို ကြိုက်တာလဲ “ ဟုလော့ထျန်းမှ မေးမြန်းလိုက်သည်။
လော့ရှန်လင်းသည် သူ့ကို ပြန်လှည့်ကြည့်လာခဲ့ပြီး၊ တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ပြန်ပြောလာခဲ့သည်။
“ သူက ချောတယ်လေ “
လော့ထျန်း : “ … “
ဤလောကတွင် စွမ်းရည်၊ နောက်ခံနှင့် ကြိုးစားအားထုတ်မှုများကို ကြည့်သည်မှာ ပုံမှန်သာဖြစ်ပြီး၊ ရုပ်ရည်ကို ကြည့်၍ အကဲဖြတ်သူကမူ အတော်လေး ရှားပါးလွန်းနေခဲ့သည်။
ရုပ်က စားလို့ရလို့လားဟ
လော့ထျန်းသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ သူ၏မျက်နှာကို ထိကြည့်နေတော့သည်၊ ငါကရော ချောတယ် မဟုတ်ဘူးလား
…………………………………………………………………………………………………………………………………………..
အပိုင်း ( 15 )
အကူအညီတောင်းတဲ့ အချိန်မှာ ကျယ်ကျယ်အော်မှ ရမယ်နော်
အရာအားလုံး အဆင်သင့်ဖြစ်နေခဲ့ပြီး၊ လော့ထျန်းမှ စကားပြောလာခဲ့ရာ၊ အားလုံးသည် လက်သီးလက်မောင်းတန်းကာ၊ အော်ဟစ်ကြုံးဝါးလာကြသည်။ ပုံရိပ်အများအပြားသည် လေထုအတွင်းသို့ ခုန်တက်ကာ၊ ဓားများကို စီး၍ ပျံသန်းသွားကြသည်။
အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက၊ များပြားလွန်းလှသော ဓားအင်မော်တယ်များက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသကဲ့သို့ မြို့ကောင်းကင်ယံတွင် သက်တံ့များစွာ ရှိနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
အဆိုပါ မြင်ကွင်းသည် ကန်းယွင်မြို့တစ်မြို့လုံးကို နိုးနိုးကြားကြား ဖြစ်သွားစေခဲ့သည်။
များပြားလွန်းလှသော မျက်လုံးများသည် အားကျမှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ထိုနေရာကို မော့ကြည့်လာကြသည်။
တစ်ချို့သော ရှေးလူကြီးများသည် သူတို့၏ ကလေးဘဝများတွင် ထိုမြင်ကွင်းအား မြင်တွေ့ခဲ့ဖူးသည်ကို မှတ်မိသွားကြသည်၊ ကန်းယွင်ဂိုဏ်းသည် သားရဲလှိုင်းကို ခုခံတိုက်ခိုက်ရန် ဆင်းသက်လာခဲ့ပြီး၊ ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းသွားစေခဲ့သည်။
လုချန်ရှန်းကမူ သူ၏ဓားကို စီးရန် ပျင်းရိလွန်းနေသဖြင့်၊ သူ့ကို သယ်ဆောင်ပေးမည့် ယဲ့တျန်ရီအနောက်မှ လိုက်လာခဲ့သည်။
ကျိုးချင်ယုက သူ့ဆီသို့ လာရန် ခေါ်ခဲ့သေးသည်၊ သို့သော် သူ၏စီနီယာအစ်ကိုကြီးက လွန်စွာတောက်ပလွန်းနေသောကြောင့်၊ သူ့နောက်သို့ လိုက်သွားမည်ဆိုပါက၊ များပြားလွန်းလှသော အာရုံများကို ဆွဲဆောင်သွားလိမ့်မည် ဖြစ်သည်။ ယဲ့တျန်ရီနှင့်အတူ သိုသိုသိပ်သိပ် နေနေခြင်းကပင် ပိုကောင်းပေသည်။
မိုင်သုံးထောင်အထိ သွားလာခဲ့ပြီးသည့်နောက်၌ အားလုံးသည် တောင်တန်းတစ်ခု၏ အရှေ့တွင် ရပ်တန့်သွားခဲ့သည်။
ခမ်းနားထည်ဝါသော တောင်တစ်သောင်းကို မျက်စိတစ်ဆုံး မြင်တွေ့နေခဲ့ရသည်။
အရှေ့တွင် လမ်းကြားတစ်ခု ရှိနေခဲ့ပြီး၊ အဝေးတစ်နေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်တစ်ခု လှိုက်တက်လာနေခဲ့ပြီ ဖြစ်သည်။ သားရဲလှိုင်းသည် သူတို့ထံသို့ ချီတက်လာနေပြီဖြစ်သည်။
တောင်တန်းအတွင်းမှ သက်လတ်ပိုင်းလူတစ်ဦး ထွက်လာခဲ့ကာ၊ လော့ထျန်းကို ကြည့်လာခဲ့သည်။
“ ဂိုဏ်းချုပ်၊ သားရဲလှိုင်းပေါ်လာပါပြီ၊ နောက်တစ်နာရီအတွင်းမှာ ဒီကို ရောက်လာပါတော့မယ် “
လော့ထျန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။
“ ကန်းယွင်ဂိုဏ်းရဲ့ တပည့်တွေ ဘယ်မှာလဲ “
“ ရှိပါတယ် “
“ သားရဲလှိုင်းကို ခုခံကြ၊ စမ်းသပ်မှုကို ကျော်ဖြတ်ကြ၊ သက်ရှိအားလုံးကို ကာကွယ်ကြ “
“ ဟုတ် “
တောင်တန်းနှင့် ပင်လယ်ပြင်တို့၏ ဟိန်းဟောက်သံများကို ကြားလိုက်ရသောအချိန်တွင်၊ လူငယ်လေးများသည် စိတ်ဓာတ်များ တက်ကြွသွားကာ၊ နတ်ဆိုးနှင့် သားရဲများကို သုတ်သင်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်သွားခဲ့သည်။
သို့သော် သားရဲလှိုင်း ချဥ်းကပ်လာသည်နှင့်အမျှ သူတို့မှာ စိတ်မသက်မသာ ဖြစ်သွားရသေးသည်။
လမ်းကြားအတွင်းသို့ ခြေချလိုက်သည့် အချိန်တွင်၊ သားရဲများစွာ ပေါ်ထွက်လာခဲ့သည်၊ တစ်ကောင်ချင်းစီတိုင်းသည် အေးစက်စက်(သို့) ရက်စက်ကြမ်းကြုတ်များတို့ဖြင့် စွန်းထင်းနေသော မျက်လုံးများနှင့် ခြောက်ခြားဖွယ်ကောင်းသော အသွင်အပြင်များကို ပိုင်ဆိုင်ထားကာ၊ ဟိန်းဟောက်နေကြသည်။
“ တပည့်အားလုံး ငါ့ရဲ့ အမိန့်ကို နာခံမယ်။ အကြီးအကဲတွေနောက်ကို လိုက်ပြီးတော့ အဖွဲ့ခုနစ်ခုအဖြစ် ခွဲထွက်ကြ၊ သတ် “
ထိုစကားများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အဖွဲ့အားလုံး ခွဲထွက်သွားကြသည်။
ကျိုးချင်ယုသည် လက်နောက်ပစ်၍ ရပ်နေခဲ့ကာ၊ အရာအားလုံးကို မပူပန်သည့်အလား အရှေ့သို့ အေးအေးလူလူ ငေးကြည့်နေခဲ့သည်။
လုချန်ရှန်းသည် မနေနိုင်တော့ဘဲ၊ ရွှမ်ထျန်းဂိုဏ်း၏ လူသုံးဦးရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲတစ်ဦးမှ စကားစပြောလာခဲ့သည် “ ရွှမ်ထျန်းဂိုဏ်းက တာအိုရောင်းရင်းတို့ “
“ တာအိုရောင်းရင်း “
ရွှမ်ထျန်းဂိုဏ်း၏ အကြီးအကဲမှ ပြန်လည်တုံ့ပြန်ပြောဆိုလာခဲ့သည်။
ထိုအကြီးအကဲမှ စကားထပ်ပြောလိုက်သည် “ ငါ့ရဲ့ ဆေးတောင်ထွဋ်က ဆေးပညာကိုပဲ အထူးပြု လေ့ထားတယ်။ အဲ့တာကြောင့် ခင်ဗျားတို့ရဲ့ အထောက်အပံ့ကို တောင်းဆိုပါတယ်၊ တာအိုရောင်းရင်းတို့ “
လုချန်ရှန်းသည် စောင့်ကြည့်နေခဲ့ပြီး၊ သူ၏ဆိုလိုရင်းကို နားလည်သွားခဲ့သည်။
ဂိုဏ်းခေါင်းဆောင်မှာလည်း ထိုလူများက ကျိုးချင်ယုနောက်သို့ လိုက်နေသည်ဆိုသည်ကို သိနေခဲ့ပြီး၊ သူတို့ကို စောင့်ကြည့်ချင်သောကြောင့် လူခွဲထားရန် စီစဥ်ထားခဲ့ပုံရသည်။
ရွှမ်ထျန်းဂိုဏ်းမှ လူများသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ၊ သူတို့၏ တောင်းဆိုချက်အတိုင်း ပြုလုပ်လာခဲ့သောကြောင့် လူတိုင်း အံ့ဩသွားကြရသည်။
လုချန်ရှန်းမှာလည်း အံ့အားသင့်သွားခဲ့သည်။ သူသည် ထိုလူများက ဆင်ခြေပေးလာမည်ဟု ထင်နေခဲ့ပြီး၊ ဤမျှ ပြတ်ပြတ်သားသား ထွက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ သူတို့က အံ့ဩစရာ ကိစ္စကြီးတစ်ခုခုကို ပြင်ဆင်ထားကြတာလာများလား “
ငါ့အစ်ကိုကြီးက တော်တော်လေးကို ရိုးသားလွန်းတာကြောင့်၊ အဲ့ကောင်တွေကို ငါစောင့်ကြည့်နေမှဖြစ်မယ်
ထိုစဥ် လော့ရှန်လင်းသည် သူ့ထံသို့ အလောတကြီး ပြေးဝင်လာခဲ့သည်။
“ စီနီယာအစ်ကို ချန်ရှန်း “
“ ဘာဖြစ်လို့လဲ “
သူမ ရောက်လာသည်ကို မြင်လိုက်ရသောအခါတွင် လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ ခုနကပဲ ထွက်သွားတာ အခုပြန်ရောက်လာပြန်ပြီလားဟ
လော့ရှန်လင်းသည် လေးလေးနက်နက် ဖြစ်နေသော အမူအရာဖြင့် စကားထပ်ပြောလာခဲ့သည် “ ခုနတုန်းက ပြောဖို့ မေ့သွားတာ ရှိနေလို့ “
“ ဘာကြီးလဲ “
“ တကယ်လို့ ဒုက္ခရောက်နေပြီဆိုရင်၊ ကျယ်ကျယ်အော်ပြီး အကူအညီ လှမ်းတောင်းလိုက်နော်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ရှင့်အသံကို ကြားရမှာ မဟုတ်ဘူး၊ ပြီးတော့ အဖေကလည်း ရှင့်ကို အချိန်မှီလာကယ်နိုင်မှာ မဟုတ်ဘူး “
ခွီ ဟားဟားဟား ……..
လူပေါင်းများစွာ အော်ဟစ်ရယ်မောနေကြတော့သည်။
လုချန်ရှန်းမှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ ဒီစကားကို ပြောချင်လို့ ရောက်လာတာပေါ့လို့
လူတွေ အများကြီး ရှိနေတာလေကွာ၊ ငါ့မျက်နှာ ဘယ်နားသွားထားရမတုန်း
အော်ပြီးတော့ အကူအညီတောင်းရမှာလား
သို့ရာတွင် သူသည် လော့ရှန်လင်း၏ ဆိုလိုရင်းကို ကောင်းစွာနားလည်နေသောကြောင့်၊ လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည် “ ဂျူနီယာညီမလေး၊ ကျေးဇူးပဲ။ ငါသေချာပေါက် ကျယ်ကျယ်အော်လိုက်မယ် “
“ ကောင်းတယ် “
လော့ရှန်လင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ၊ သူမ၏နေရာဆီသို့ ပြန်လှည့်သွားတော့သည်။
သူမသည် ဤနေရာတွင် ဆက်နေချင်ခဲ့သော်လည်း၊ သူမက သူ့ကိုကာကွယ်ပေးနေမည်ဆိုပါက သူအရှက်ရသွားလိမ့်မည်ဟု သူမ၏ အဖေမှ ပြောခဲ့သောကြောင့်၊ ရွေးချယ်စရာမရှိဘဲ လှည့်ပြန်သွားခဲ့ရသည်။
ထိုအချိန်တွင် လုချန်ရှန်းမှ သူမကို အော်ခေါ်လိုက်သည်။
“ ဂျူနီယာညီမလေး၊ ခဏစောင့်ဦး “
“ ဘာဖြစ်လို့လဲ “
လုချန်ရှန်း၏ လက်ထဲတွင် အဝတ်အိတ်တစ်လုံး ပေါ်ထွက်လာခဲ့သည်။
“ ဒါကို လုံလုံခြုံခြုံ သိမ်းထားပြီးတော့ ကိုယ်နဲ့မကွာ အမြဲဆောင်ထား “
“ အဲ့တာက ဘာကြီးလဲ “ လော့ရှန်လင်းသည် ဇဝေဇဝါ ဖြစ်သွားသော အမူအရာဖြင့် မေးမြန်းလာခဲ့သည်။
“ အဲ့ထဲမှာ နင့်ကို လုံခြုံအောင် လုပ်ပေးမဲ့ အဆောင်တစ်ခု ရှိတယ် “ ဟုလုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
( တစ်ခုခုပေါ်နေတယ်ဆိုတာမျိုးပါ၊ ရင်ဘတ်သာညာ ဘလာဘလာ )
လော့ရှန်လင်းသည် ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှက်သွေးဖြန်းသွားခဲ့ပြီး၊ စာအုပ်ကို ယူလိုက်ကာ၊ သူမ၏ရင်ဘက်နှင့် ၎င်းကို ကပ်ထားလိုက်ပြီး၊ သူမ၏ မျက်နှာကို ဖုံးအုပ်ကာ၊ လှည့်ပြေးသွားတော့သည်။
အားလုံးသည် မရယ်မိအောင် ကြိုးစားပန်းစား ချုပ်တည်းနေကြသည်။
အမြဲလိုလို လေးလေးနက်နက်ရှိနေခဲ့သည့် ယဲ့တျန်းရီကပင် အသာအယာ ပြုံးနေခဲ့သည်။
ကျိုးချင်ယု တစ်ဦးတည်းကသာလျှင် မပြောင်းမလဲ တည်ငြိမ်နေခဲ့သည်။
ကျိုးချင်ယုမှ သူ၏လက်ကိုမြှောက်လိုက်ရာ၊ ဓားအရှိန်အဝါ တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ မီတာပေါင်းများစွာ ရှည်လျားသည့် နွားရိုင်းသားရဲကို ခုတ်ပိုင်းသွားခဲ့သည်။
သားရဲလှိုင်း စတင်လာပြီ ဖြစ်သည်။
ကျိုးချင်ယုသည် ဦးဆောင်၍ လှုပ်ရှားနေတော့သည်။ ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့ပြီး၊ ဓားကို လွှဲရမ်းလိုက်ချိန်တွင်၊ ဓားစွမ်းအင်သည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ၊ တောင်များကိုပင် ထိုးဖောက်သွားခဲ့သည်၊ သူသည် အရှေ့သို့ တစ်ဦးတည်း ပြေးတက်သွားခဲ့သည်။
ဘက်ပေါင်းစုံမှ လှုပ်ခတ်မှုများစွာ ပေါ်ပေါက်လာခဲ့ပြီး၊ မှော်စွမ်းအင်များနှင့် ဟိန်းဟောက်သံများ ချက်ချင်းပေါက်ထွက်လာခဲ့သည်။
ချင်းယွင်တောင်ထွဋ်၏ အကြီးအကဲများကမူ အတွင်းဂိုဏ်းတပည့်များကို အဝေးသို့ ဦးဆောင်သွားခဲ့သည်။
သူသည် အလွန်တရာ တည်ငြိမ်နေခဲ့ပြီး၊ ချီစုစည်းခြင်း၏ အဆင့်၈(သို့) အဆင့်၉ကို သားရဲကောင်များကို ရင်ဆိုင်ရချိန်မှာပင် မည်သို့မျှ ကြောက်လန့်မနေခဲ့ပေ။
ဓားအလင်းတန်း ပေါက်ထွက်လာခဲ့ပြီး၊ အားလုံး၏ မျက်လုံးများအောက်မှာပင်၊ သားရဲများ တစ်ကောင်ပြီးတစ်ကောင် ခုတ်ပိုင်းခံလိုက်ရကာ၊ အသွေးအသားများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကြီးများ ပြိုလဲသွားကာ၊ မြေပြင်ကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေခဲ့သည်။
ကျိုးချင်ယုသည် ထိခိုက်ဒဏ်ရာရမှု မရှိဘဲ၊ အရှေ့တွင် ရပ်တည်နေခဲ့သည်။
ဤအချိန်တွင် သူသည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် ဓားအင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်နေခဲ့ပြီး၊ သူ၏ဓားကို ကိုင်ဆောင်၍၊ ဘက်ပေါင်းစုံသို့ လှုပ်ရှားသွားလာနေခဲ့သည်။ သူ၏သတ္တိက အလွန်တရာ ကြီးမားနေသောကြောင့်၊ ဘက်ပေါင်းစုံမှ အကြီးအကဲများကပင် အံ့ဩတကြီး ဖြစ်သွားကြသည်။
ထို့အပြင် သူသည် အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်နှင့် နီးကပ်နေခဲ့ပြီဖြစ်သည်၊ အကယ်၍ သူကသာ ထိုအဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက၊ မည်မျှ အံ့ဖွယ်ကောင်းလိမ့်မည်နည်း
လုချန်ရှန်းကမူ အဆိုပါ ဖြစ်ရပ်များကို အေးအေးလူလူ စောင့်ကြည့်နေခဲ့သည်။ သူသည် လမ်းလွဲလာသော သားရဲကောင်များ(သို့) ထွက်ပြေးလာသည့် သားရဲကောင်များကို ရှင်းလင်းရန်အတွက် လူတစ်အုပ်နောက်သို့ လိုက်သွားကာ၊ ထိုလူအုပ်၏ အနောက်တွင် နေနေခဲ့သည်။
လူတစ်စုသည် သူ၏အရှေ့တွင် တိုက်ခိုက်နေလျက်ရှိသည်၊ သို့သော် သူသည် ၎င်းကို စောင့်ကြည့်မနေခဲ့ပေ။ သူ၏စိတ်စွမ်းအားဖြင့် ထောက်လှမ်းနိုင်သောကြောင့် မျက်လုံးများဖြင့် လိုက်ကြည့်နေရန် မလိုအပ်ပေ။
ထို့အစား သူသည် ဟင်းလင်းပြင်ဆိုင်ရာ ပစ္စည်းများကို အသုံးပြုကာ၊ သားရဲအလောင်းများကို လိုက်ကောက်နေခဲ့သည်။
အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်မှ သားရဲတစ်ကောင်၏ အလောင်းသာဆိုပါက ဝိညာဥ်ကျောက်တုံး ရာဂဏန်းဖြင့် ရောင်းချနိုင်ပေသည်၊ ချီစုစည်းခြင်းနယ်ပယ် သားရဲကောင်များကမူ သုံးဆယ်မှ ငါးဆယ်အထိသာ ရရှိမည် ဖြစ်သည်။ အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်မှ သားရဲကောင်များသည် လွန်စွာတန်ဖိုးကြီးသည့် သားရဲအူတိုင်များကို ဖွဲ့စည်းခဲ့ပြီးပြီ ဖြစ်သည်။ ဂိုဏ်းမှ လူတစ်ဦးသည် ဆေးသန့်စင်ရန်အတွက် ၎င်းတို့ကို လိုက်လံစုဆောင်းမည် ဖြစ်သည်။
၎င်းတို့ကို ကောက်ယူရခြင်းမှာ အကျိုးအမြတ်များကို ရိတ်သိမ်းနေခြင်းပင် ဖြစ်သည်။
သူသည် သတ်ဖြတ်မှုနှုန်းထားက အလွန်တရာ နှေးကွေးလွန်းနေသည်ဟုပင် စောဒကတက်နေခဲ့သည်။ လူကဲ့ရဲ့ခံရမည်ကို မကြောက်ဘူးဆိုပါက၊ သူကိုယ်တိုင်အပြေးလေးသွားကောက်မည် ဖြစ်သည်။
သူသည် အကယ်၍ တစ်စုံတစ်ဦးက အန္တရာယ်ကျရောက်နေမည်ဆိုပါက၊ သူတို့၏ အသက်များ ဆုံးရှုံးရခြင်းကို ကာကွယ်တားဆီးရန်အလို့ငှာ ကြားဝင်စွက်ဖက်ရန်အတွက် တိတ်တဆိတ် စောင့်ကြည့်လေ့လာနေခဲ့သည်။
တစ်ချို့လူများသည် ထိုမြင်ကွင်းကို သတိပြုမိသွားကာ၊ ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားကြရလေသည်။
သို့ရာတွင် မည်သူကမှ ထုတ်မပြောလာခဲ့ပေ။ သူတို့သည် သူ၏စွမ်းရည်များက အကူအညီ များစွာပေးနိုင်မည် မဟုတ်ဘူးဟုသာ မြင်နေကြသောကြောင့်၊ သူပြဿနာ မရှာသေးသရွေ့၊ အပြင်မထွက်သွားသရွေ့ သူ့စိတ်ကြိုက်လုပ်ခွင့်ပေးထားခဲ့သည်။
သူက ဤသားရဲလှိုင်းကို တောင့်ခံနိုင်လိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် ဤတပည့်များ မရှိဘူးဆိုလျှင်တောင်မှ၊ ၎င်းကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ကြပေသည်။ သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာရခြင်းမှာ လေ့ကျင့်ရေးအတွက်သာလျှင် ဖြစ်သည်။
သို့ရာတွင် လုချန်ရှန်းကိုယ်တိုင်မှာလည်း သူက ဤခရီးစဥ်တွင် ဝိညာဥ်ကျောက်တုံးများ ရရှိကာ၊ အမြတ်ထွက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အရာအားလုံး လွယ်ကူချောမွေ့နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးရက်တာ ကုန်ဆုံးသွားခဲ့သည်။ ဤငါးရက်တာ ကာလအတွင်းတွင် မထင်မှတ်ထားသည့် ဖြစ်ရပ်များ တစ်ကြိမ်တစ်ခါမှ မပေါ်ထွက်လာခဲ့ပေ။
လုချန်ရှန်းသည် သားရဲအလောင်းများ စုဆောင်းခြင်းဖြင့် ပျော်ရွှင်နေလျက်ရှိသည်၊ သို့သော် တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် သံသယများ မြင့်တက်လာခဲ့သည်။
“ ငါက ရွှမ်ထျန်းဂိုဏ်းက အဲ့လူတွေကို အထင်လွဲနေတာများလား “
သို့ရာ၌ ၎င်းကို သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင်၊ လေထုအတွင်းတွင် အချိန်အတော်ကြာ ပျံ့နှံ့နေခဲ့သည့် ချဥ်စူးစူး သွေးရနံ့များနေရာတွင် မွှေးပျံ့သော ရနံ့တစ်ခု အစားထိုးဝင်ရောက်လာခဲ့သည်။