အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အပိုင်း ( 19 )
ငွေရှိနေသရွေ့ပေါ့
နောက်ရက်အနည်းငယ် အကြာအထိ မည်သည့်လှုပ်ရှားမှုမှ မဖြစ်ပေါ်လာခဲ့ပေ။
လုချန်ရှန်းသည် ထင်းရှူးပင်အိုကြီးအောက်တွင် အိပ်ကာ၊ နာကျင်မှုကို တိတ်တဆိတ် ကုစားနေခဲ့သည်။
သူသည် ရွှမ်ထျန်းဂိုဏ်း၏ အဖွဲ့ဝင်များက ထွက်သွားလားဆိုသည်ကို စူးစမ်းလေ့လာနေခဲ့သည်၊ သို့သော် သူတို့သည် ထွက်သွားမည့် အရိပ်အယောင်မပြဘဲ၊ ဤနေရာတွင်သာ ဆက်၍နေနေခဲ့ကြသည်။
ကျိုးချင်ယုမှာလည်း ခါတိုင်းလိုပင် ကျင့်ကြံမြဲကျင့်ကြံနေစဲပင်။ ယဲ့တျန်ရီမှာလည်း သူ၏ ဂျူနီယာညီလေးအား ထိခိုက်အောင် လုပ်မိလုနီးပါး ဖြစ်ခဲ့သည်ကို အမှတ်ရနေခဲ့ကာ၊ ဤရက်ပိုင်းအတွင်းတွင် လုချန်ရှန်းကို လာမနှောင့်ယှက်တော့ဘဲ၊ ထို့အစား သူ၏ ကိုယ်ပိုင်ကျင့်ကြံရေးကိုသာ အာရုံစိုက်နေခဲ့သည်။
ကန်းယွင်လျှို့ဝှက်နယ်မြေ ဖွင့်တော့မည်ဖြစ်သောကြောင့်၊ လူတိုင်းက ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။
သို့သော် နင့်ယုရှင်းကမူ သူ့ဆီသို့ နေ့စဥ်နေ့တိုင်း ရောက်ရှိလာခဲ့သည်၊ သို့သော် သူမသည် သူ့ကို မည်သို့မျှ မနှောင့်ယှက်လာခဲ့ပေ၊ ထို့အစား သူမ၏ မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်နေသည့် အမူအရာတစ်ခု အမြဲလိုလို တည်ရှိနေခဲ့သည်။
သူမသည် လုချန်ရှန်းက အပြည့်အဝ ပြန်လည်သက်သာသွားသည့် အချိန်မှသာလျှင်၊ သူ့အနားသို့ ချဥ်းကပ်လာခဲ့သည်။
“ စီနီယာအစ်ကိုလု၊ ရှင်အခု အားပြီလား “ ဟုနင့်ယုရှင်းမှ မေးမြန်းလာခဲ့သည်။
“ ဘာကိစ္စ “
လုချန်ရှန်းမှ လှမ်းကြည့်လိုက်သည်။
သူမသည် သူ့ဆီသို့ လျှောက်လှမ်းလာကာ၊ ထိုင်ချလိုက်သည်။
အချိန်တစ်ချို့ကို အတူတကွ ဖြတ်သန်းလာခဲ့ပြီးသည့်နောက်တွင်၊ သူမသည် လုချန်ရှန်းနှင့် ပိုမိုရင်းနှီးလာခဲ့ကာ၊ ယခင်ကလောက် ခပ်တန်းတန်း ဖြစ်မနေတော့ပေ။
“ နင့်ရဲ့ ဓားရည်ရွယ်ချက်က မတိုးတက်လာသေးလို့လား၊ ဒါမှမဟုတ် စီနီယာအစ်ကိုက နင့်ကို သတိမထားမိသေးလို့လား “
“ မဟုတ်ဘူး၊ ကျွန်မရဲ့ ဓားရည်ရွယ်ချက်က မြန်မြန်ဆန်ဆန် တိုးတက်လာနေပါတယ်၊ စီနီယာအစ်ကိုကလည်း ကျွန်မကို အတော်လေး အာရုံစိုက်နေပြီးတော့ ကျွန်မနဲ့ ဓားပညာအကြောင်း ဆွေးနွေးဖို့အတွက် ခဏခဏ လာလေ့ရှိပါတယ် “
လုချန်ရှန်းသည် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် မေးမြန်းလိုက်သည် “ ဒါဆိုရင် နင်ဘာလာလုပ်တာလဲ “
နင့်ယုရှင်းမှ ပြန်ပြောလာခဲ့သည် “ ဓားပညာကို စပြီးတော့ လေ့ကျင့်ခဲ့တဲ့အချိန်ကတည်းက၊ တစ်ခုခုမှားနေတာကို ခံစားခဲ့ရတယ် “
“ ဘာဖြစ်တာလဲ “
ထိုအကြောင်းကို ကြားလိုက်ရသောအခါတွင် သူသည် ချက်ချင်းတက်ကြွသွားခဲ့သည်၊ ငါက ဂုဏ်သိက္ခာရှိတဲ့ ဈေးရောင်းသမားလေးပါ၊ ငါ့ရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့အတွက်၊ ပစ္စည်းရောင်းခဲ့ပြီးတဲ့နောက်မှာ ဖြစ်လာတဲ့ ပြဿနာတွေကို သေချာရှင်းပေးမယ်
နင့်ယုရှင်းသည် အနည်းငယ် ရှက်ရွံ့သွားသော အမူအရာဖြင့် ပြန်ပြောလာခဲ့သည် “ ကျွန်မရဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတစ်ခု ရှိလာတာပါ “
“ မချိန်ညှိရသေးတာလား၊ ရပ်သွားတာလား၊ ဒါမှမဟုတ် စီနီယာအစ်ကိုကြီးနဲ့ ဗိုက်ကြီးသွားတာလား “
နင့်ယုရှင်း၏ မျက်နှာတစ်ခုလုံး နီရဲသွားကာ၊ မျက်မှောင်ကြုတ်၍ ပြန်ပြောလာခဲ့သည် “ စီနီယာအစ်ကို ဘာအဓိပ္ပါယ် မရှိတာတွေ လျှောက်ပြောနေတာလဲ။ ကျွန်မက … ကျွန်မက …… “
“ ဆိုတော့ မင်းက ထုတ်ပြောဖို့ အခက်တွေ့နေတာပဲ “ လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ သူနားလည်ကြောင်း ဖော်ပြလိုက်သည် “ နင့်ရဲ့ သွေးခုန်နှုန်းကို တိုင်းပေးမယ် “
“ ရှင်က သွေးခုန်နှုန်းလည်း တိုင်းတတ်တာလား “
“ နည်းနည်းပါးပါးပေါ့ “
နင့်ယုရှင်းသည် သူမ၏လက်ကို ဆန့်ပေးလာခဲ့သည်၊ သူမသည် စကားထုတ်ပြောရမည်ကို အလွန်တရာ ရှက်ရွံ့နေခဲ့သည်။ အကယ်၍ သူမ၏ သွေးခုန်နှုန်းကို တိုင်းကြည့်ခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းနိုင်မည်ဆိုပါက၊ ၎င်းသည် သူမကို ထိုစကား ထုတ်ပြောရခြင်းမှ ကာကွယ်ပေးမည် ဖြစ်သည်။
လုချန်ရှန်းသည် သွေးခုန်နှုန်းကို စမ်းကြည့်နေရင်းဖြင့် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည် “ အို့၊ နင့်ရဲ့ ရင်ဘတ်မှာ တင်းကြပ်နေတာပဲ၊ အဲ့တာနဲ့အတူ နာကျင်မှု တစ်ခုပါ ရှိနေတယ်၊ ကြီးလာပြီး ဆုတ်ဖြဲခံလိုက်ရသလို ခံစားနေရတယ်မလား “
“ ရှင် ……. “
စကားတစ်ခွန်းသည် နင့်ယုရှင်း၏ မျက်နှာကို ပိုမိုနီရဲသွားပြီး၊ နီရဲမှုမှာ နားရွက်များ အထိပင် ရောက်ရှိသွားခဲ့သည်။ သူမသည် အလွန်တရာ ရှက်ရွံ့သွားခဲ့ပြီး၊ ဗာဒံစေ့သဖွယ် မျက်လုံးလေးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
ကျွန်မက ရှက်လို့ ထုတ်မပြောတာကို ရှင်နားလည်တယ်ဆို၊ သွေးခုန်နှုန်း စမ်းပြီးတဲ့နောက်မှာ အဲ့စကားကို ဘာကိစ္စထုတ်ပြောလာရတာလဲ၊ အဲ့တာဆိုရင် ဘာလုပ်ဖို့ သွေးခုန်နှုန်း စမ်းနေရတာလဲ
သို့ရာတွင် သူမသည် နာမည်ဆိုးဖြင့် ကျော်ကြားကာ အသုံးမကျဘူးဟု အပြောအဆို ခံနေရသည့် လုချန်ရှန်းက လူများကို ဓားပညာ လေ့ကျင့်နိုင်အောင် ကူညီပေးနိုင်ပြီး၊ မည်ကဲ့သို့ သွေးခုန်နှုန်း တိုင်းတာရမလဲဆိုသည်ကို သိနေခဲ့ကာ၊ ပြဿနာအား ချက်ချင်းသိရှိသွားသည်ကို မြင်တွေ့ခဲ့ရသောကြောင့်၊ တအံ့တဩ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းသည် သူ၏လက်ကို ပြန်ရုတ်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
သူသည် ပြဿနာကို နားလည်နေခဲ့သည်။
အကြောင်းအရင်းမှာ သူ၏ဓားရည်ရွယ်ချက်ထံမှ ဆင်းသက်လာသော နင့်ယုရှင်း၏ ဓားရည်ရွယ်ချက်ပင် ဖြစ်သည်။
သူ၏ဓားရည်ရွယ်ချက်က သူမ၏ ခန္ဓာကိုယ် အတွင်းတွင် တဖြည်းဖြည်း ကြီးထွားရင့်သန်လာနေခဲ့သည်။
အဆိုပါ ဓားရည်ရွယ်ချက်သည် လုချန်ရှန်း၏ ဓားရည်ရွယ်ချက်နှင့် တစ်ထပ်တည်း ထပ်တူကျနေခဲ့သည်။ သူကျင့်ကြံခဲ့သည့် ဓားရည်ရွယ်ချက်က ပလွှားကြီးစိုးလွန်းသောကြောင့်၊ သာမန်ရုပ်ခန္ဓာများမှာ ၎င်းကို တောင့်မခံနိုင်ကြပေ။
ထို့ကြောင့် နင့်ယုရှင်း၏ ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် ဓားရည်ရွယ်ချက်၏ တိုးတက်မှုနှင့် လှုပ်ရှားမှုက သူမ၏ ခန္ဓာကိုယ်ကို ထိခိုက်သွားစေခဲ့ခြင်း ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းက ဖိအားကို တောင့်မခံနိုင်သောကြောင့် ဖြစ်သည်။
“ ဘာမှားလို့လဲ “
“ ပြဿနာကြီး တစ်ခုတော့ မဟုတ်ပါဘူး “ လုချန်ရှန်းမှ သူ၏လက်ကို ဝေ့ရမ်းပြလိုက်သည်။
“ ဘာဖြစ်တာလဲ “
“ တိတိကျကျပြောရမယ်ဆိုရင်တော့၊ အဲ့တာက နင်ကျင့်ကြံတဲ့ ဓားရည်ရွယ်ချက်က ကြီးစိုးလွန်းတာကြောင့်ပဲ။ အဲ့တာကြောင့် နင့်ရဲ့ ခန္ဓာကိုယ်က တောင့်မခံနိုင်တော့ဘဲ၊ တစ်ချို့ အစိတ်အပိုင်းတွေ စုတ်ပြဲသွားတာ၊ အဲ့တာကြောင့်ပဲ ရောင်လာတာ “
နင့်ယုရှင်းသည် အောက်သို့ ငုံ့ကြည့်ကာ၊ ပြန်ပြောလာခဲ့သည် “ ကြီးစိုးလွန်းတဲ့ ဓားရည်ရွယ်ချက်လား “
“ ဒီလိုဓားရည်ရွယ်ချက်မျိုးက ကွဲပြားတယ်ဆိုတာကို နင့်ကို ငါသတိမပေးခဲ့မိတာပါ “
“ စီနီယာအစ်ကိုက ကျွန်မရဲ့ ဓားပညာစွမ်းရည်ကြောင့် အံ့ဩသွားပြီး၊ ကျွန်မရဲ့ ဓားရည်ရွယ်ချက်က ထူးခြားတယ်လို့ ပြောခဲ့တာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ “ နင့်ယုရှင်းသည် တစ်စုံတစ်ခုကို နားလည်သွားကာ၊ စကားထပ်ပြောလာခဲ့သည် “ ကျွန်မ ဘာလုပ်သင့်လဲ။ ကျွန်မက ဓားပညာ အဆင့်၂ကို ရောက်တော့မယ်လို့ ခံစားနေရတယ်၊ ဒါပင်မဲ့ နာကျင်မှုက ပိုပြီးတော့ ပြင်းထန်လာတယ် “
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လုချန်ရှန်းသည် သူမကို ငေးကြည့်ကာ၊ အတွေးများ လှုပ်ရှားသွားခဲ့သည်။
“ ဂျူနီယာညီမလေး၊ ဒီကိစ္စက ဖြေရှင်းလို့ရပါတယ်၊ ဒါပင်မဲ့ နည်းနည်းတော့ …….. “
စကားပြောနေရင်းဖြင့် သူသည် သူမကို ထပ်မံ၍ စိုက်ကြည့်လာခဲ့သည်။
ထိုအကြည့်ကို မြင်လိုက်ရသောအခါတွင် နင့်ယုရှင်းသည် အလိုအလျောက် မတ်တပ်ထရပ်မိကာ၊ နောက်ဆုတ်ရန် ကြိုးပမ်းလိုက်သည်။
“ စီနီယာအစ်ကို၊ ရှင်လိုအပ်တာ တစ်ခုခု ရှိလို့လား “
သူမသည် စကားပြောနေရင်းဖြင့် စိတ်ပိုင်းဖြတ်လိုက်သည်။ အကယ်၍ တစ်ခုခုသာဖြစ်လာမည်ဆိုပါက သူမ လှည့်ပြေးမည် ဖြစ်သည်။
လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ အဲ့တာက နည်းနည်းတော့ ဈေးကြီးတယ် “
“ ဟမ်။ ငွေလား “
“ ဟုတ်တယ်၊ အဲ့လိုဓားရည်ရွယ်ချက်မျိုးက ပလွှားကြီးစိုးလွန်းလို့၊ အဲ့တာကို တောင့်ခံနိုင်ဖို့အတွက် အားကောင်းတဲ့ ရုပ်ခန္ဓာကို လိုအပ်တယ်။ နင့်ရဲ့ အဆင့်ကလည်း နည်းနည်းလေး နိမ့်နေတယ်၊ အဲ့တာကြောင့် နင်အဆင့်တက်မှ ဖြစ်မယ် “
နင့်ယုရှင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ၊ သံသယတစ်ချို့ဖြင့် မေးမြန်းလာခဲ့သည် “ ကျွန်မရဲ့ ရုပ်ခန္ဓာကို ပြုပြင်ပြင်ဆင်ပြီးတော့၊ ကျင့်ကြံရေး အဆင့်တက်အောင် လုပ်ရမယ်လို့ ပြောတာလား “
“ အမှန်ပဲ “
“ ဒါပင်မဲ့ ကျွန်မက ရုပ်ခန္ဓာ ကျင့်ကြံသူ မဟုတ်ဘူးလေ၊ ပြီးတော့ ကျင့်ကြံရေး အဆင့်တက်အောင် လုပ်ဖို့ဆိုတာကလည်း ညတွင်းချင်းလုပ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူးလေ။ ကျွန်မရဲ့ ဓားရည်ရွယ်ချက်က အဆင့်၂ကို ရောက်တော့မယ်လို့ ခံစားနေရတယ်၊ အဲ့ခံစားချက်က ပိုပိုပြီးတော့ အားကောင်းလာနေတယ် “
လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြန်ပြောလိုက်သည် “ အဲ့တာကြောင့်ပဲ ဈေးကြီးတယ်လို့ ပြောတာလေ။ နင်က ဆေးပင်နဲ့ ဆေးပစ္စည်း အများကြီး ဝယ်ဖို့အတွက် ဝိညာဥ်ကျောက်တုံးတွေ လိုအပ်တယ် “
“ ငွေက အရေးအကြီးဆုံးပဲလား “
“ ငွေသာ ရှိနေသရွေ့ပေါ့ “
သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။
ငါ့ကို လာပြောင်နေတာလားဟ၊ ငွေမရှိဘဲနဲ့ ဘာလုပ်လို့ရမှာတုန်း
ငွေသာရှိနေမယ်ဆိုရင်၊ ရွှမ်ထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဓားနဲ့သွားခုတ်ရမယ်ဆိုရင်တောင်မှ လုပ်ပေးမယ်။
နင့်ယုရှင်းမှာလည်း တွေဝေတုံ့ဆိုင်းမနေဘဲ၊ ထပ်မံ၍ မေးမြန်းလာခဲ့သည်။
“ စီနီယာအစ်ကိုက ဘယ်လောက်လိုလို့လဲ “
“ ငါလည်း သေချာမသိဘူး။ ကန်းယွင်မြို့မှာ အခြေအနေ သွားကြည့်ပြီးမှသိမှာ။ ပစ္စည်းတစ်ချို့ရဲ့ ဈေးနှုန်းတွေကတော့ အတက်အကျရှိတယ်၊ နင်သိတဲ့အတိုင်းပဲ၊ နင့်ကို အသုံးချပြီးတော့၊ ငွေရှာဖို့ မဟုတ်ပါဘူးဟာ “
“ ကောင်းပြီလေ၊ ဒါဆိုရင်လည်း မနက်ဖြန်ကျရင် ကျွန်မနဲ့အတူ ကန်းယွင်မြို့ကို လိုက်ခဲ့ပေးဖို့အတွက် ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ် “
နင့်ယုရှင်းသည် လုချန်ရှန်းကို ယုံကြည်နေစဲ ဖြစ်သည်။
ဓားရည်ရွယ်ချက်၏ အစောပိုင်း တိုးတက်မှုတစ်ဆင့် ယခုလက်ရှိအနေအထားသို့ ရောက်ရှိလာသည့် အချိန်အထိ မည်သည့်အမှားအယွင်းမှ မရှိခဲ့ဘဲ၊ အကျိုးသက်ရောက်မှုမှာ အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။
သူမသည် သူမ၏ တိုးတက်မှုအကြောင်းကို သူမ၏ မိသားစုကို ပြောပြထားခဲ့ပြီးပြီ ဖြစ်သည်၊ သူမက ဓားရည်ရွယ်ချက်ကို အဆင့်၂နှင့် နီးကပ်သည်အထိ ကျွမ်းကျင်နေပြီဆိုသည်ကို ကြားလိုက်ရသောအခါတွင် သူမ၏ အဖေမှာ အလွန်တရာ ပျော်ရွှင်သွားခဲ့သည်။
အထူးသဖြင့် ထိုကဲ့သို့သော တိုးတက်မှုအတွက် ဝိညာဥ်ကျောက်တုံး အနည်းငယ်မျှသာ အသုံးပြုခဲ့ရကြောင်းကို သိလိုက်ရသည့် အချိန်တွင် ဖြစ်ပြီး၊ သူသည် ၎င်းက ထိုက်တန်သော ရင်းနှီးမြှုပ်နှံမှု တစ်ခုဟု ခံစားနေရသောကြောင့်၊ သူ၏သားကိုပါ လေ့ကျင့်ခိုင်းရန် စီစဥ်နေလျက်ရှိသည်။
“ အိုကေလေ “
လုချန်ရှန်းသည် များများစားစား ပြန်မပြောလိုက်ဘဲ၊ ထွက်ခွာသွားသည့် သူမကိုသာ စောင့်ကြည့်နေခဲ့သည်။
သို့ရာ၌ သူမထွက်သွားခဲ့ပြီးသည့်နောက်တွင် သူသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ သူမက အလိမ်ခံနေရတယ်ဆိုတာကို သိသွားလို့များလား။ အဲ့တာကြောင့် သူမကိုယ်တိုင် ဝယ်ဖို့ လုပ်နေတာလား။ အဲ့တာက အဓိပ္ပါယ် မရှိဘူးနော် “ လုချန်ရှန်းသည် အပြစ်ရှိစိတ် အနည်းငယ် ခံစားလိုက်ရသည်။
နောက်ဆုံးတစ်ကြိမ်က သူမအတွက် ဆေးလုပ်ရာတွင် ဝိညာဥ်ကျောက်တုံး သုံးခုမျှသာ သုံးစွဲခဲ့ရလေသည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် စတင်၍ တွေးတောစဥ်းစားနေတော့သည်။ ၎င်းက ငွေသစ်ပင်ကြီးဖြစ်သောကြောင့်၊ သူသည် ၎င်းကို လက်လွှတ်ခံမည် မဟုတ်ပေ။ ငါ့ရဲ့ စစ်မှန်တဲ့ အရည်အချင်းတွေကို ပြရတော့မဲ့ပုံပဲ
နင့်ယုရှင်းကမူ သူမ၏ အခန်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်၊ သို့သော် သူမသည် လုချန်ရှန်းအကြောင်းကို တွေးတောစဥ်းစားရင်းဖြင့် အတွေးနက်သွားခဲ့သည်။
ငါသိရသလောက်အရဆိုရင် သူက ကောလဟာလတွေနဲ့ တော်တော်ကြီးကို ကွဲပြားနေတယ်။ သူ့ရဲ့ နာမည်ဆိုးကြောင့် သံသယလေးတွေ ရှိခဲ့ပင်မဲ့၊ အခုတော့ အဲလိုဟာတွေကို လုံးဝမခံစားရတော့ဘူး။ သူနဲ့အတူရှိရတာက အရမ်းကြီး ဆိုးရွားမနေဘူးပဲ
ထိုနေ့ညတွင် ချင်းယွင်တောင်ထွဋ်တစ်ခုလုံးမှာ အလွန်တရာ အေးချမ်းတိတ်ဆိတ်နေခဲ့သည်။
နောက်တစ်နေ့တွင် လုချန်ရှန်းသည် နင့်ယုရှင်းကို ကန်းယွင်မြို့သို့ ခေါ်သွားရန်အတွက် နံနက်စောစောထကာ အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။
…………………………………………………………………………………………………………………………………………
အပိုင်း ( 20 )
သုံးစွဲမှု
မနက်အစောပိုင်း ဖြစ်သော်လည်း၊ ကန်းယွင်မြို့တစ်မြို့လုံးတွင် လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းနှင့် နင့်ယုရှင်းတို့သည် လမ်းမထက်တွင် လမ်းလျှောက်နေလျက်ရှိသည်။
သူသည် လုပ်စရာ ထွေထွေထူးထူး မရှိသည့် အချိန်များတွင် မြို့အတွင်းတွင် လမ်းသလားနေလေ့ရှိသည်။
နင့်ယုရှင်းကမူ ချင်းယွင်တောင်ထွဋ်သို့ ရောက်လာခဲ့သည့် အချိန်ကတည်းက၊ မည်သည့်နေရာကိုမှ မသွားဖူးခဲ့ချေ။ ဤကာလအတွင်းတွင် သူမသည် ကျင့်ကြံရေးတွင် နစ်မြုပ်နေခဲ့ပြီး၊ သူမကိုယ်သူမပင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။
သူမသည် အပြင်ထွက်လာရသောကြောင့် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ သူမသည် အသက်ဆယ့်ခုနစ်နှစ်(သို့) ဆယ့်ရှစ်နှစ်အရွယ်သာ ရှိနေသေးသောကြောင့်၊ စိတ်ကို တည်ငြိမ်အောင် မစုစည်းနိုင်ဘဲ၊ သက်ဝင်လှုပ်ရှားနေသည့် ပတ်ဝန်းကျင်ကို များစွာနှစ်သက်နေသေးသည်။
လုချန်ရှန်းကမူ လမ်းသလားလေ့ရှိသောကြောင့်၊ အတော်လေး ပေါ့ပေါ့ပါးပါး ဖြစ်နေခဲ့သည်။ ဤမြင်ကွင်းများကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ပြီးပြီဖြစ်သော်လည်း၊ သူသည် သေမျိုးတို့၏ လောကက ပျင်းရိဖွယ်ကောင်းသော ကျင့်ကြံရေးလောကထပ် များစွာပိုပျော်ဖို့ကောင်းသည်ဟု ခံစားနေရသေးသည်။
တကယ်လို့ ကျိုးချင်ယုလိုသာ တစ်ချိန်လုံး ကျင့်ကြံနေမယ်ဆိုရင်၊ စွမ်းအင်တွေနဲ့ ပေါက်ကွဲသွားမှာပဲ ငါးကောင်တို့ရေ
“ စီနီယာအစ်ကိုလု၊ ကျွန်မတို့က ဘာတွေဝယ်ကြမှာလဲ “
“ ဆေးပင်တစ်ချို့ကို အရင်ဝယ်ကြတာပေါ့ “
လုချန်ရှန်းသည် စကားပြောဆိုနေရင်းဖြင့်၊ ဆေးဆိုင်တစ်ခုအတွင်းသို့ ဝင်သွားခဲ့သည်။
“ သက်တော်ရှည် အင်မော်တယ် ဆရာလေး၊ မတွေ့တာ ကြာပြီနော်။ ဒီနေ့ရော ဘာများမှာချင်လို့လဲဗျ “ အစေခံတစ်ဦးသည် အပြုံးဖြင့် နှုတ်ဆက်လာခဲ့သည်။
လုချန်ရှန်း၏ အမည်ကို ကန်းယွင်တစ်မြို့လုံးက သိထားကြသည်။ သူသည် ပျင်းရိခြင်း၊ အလေလိုက်ခြင်းနှင့် ဓားအင်မော်တယ် စီနီယာအစ်ကို ရှိခြင်းတို့ကြောင့် နာမည်ကျော်နေခဲ့သည်။
“ မင်းတို့ဆီမှာ ချင်းလင်မြက်၊ နင့်ယွမ်ပန်း၊ ကျူးလင်သစ်ရွက်နဲ့ ချီဟော်အမြစ်တွေ ရှိလား “
“ ဟုတ်ကဲ့၊ ဘယ်လောက်ယူမလဲဗျ “
လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ၊ ပြန်ပြောလိုက်သည် “ နည်းနည်းပဲ ယူမှာပါ။ တစ်မျိုးကို အခုတစ်ရာစီ ပေးလိုက်။ တကယ်လို့ မလောက်သေးဘူးဆိုရင်၊ ထပ်လာခဲ့မယ် “
“ တစ်မျိုးကို အခုတစ်ရာစီလား “
အစေခံသည် မှင်သက်သွားကာ၊ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
“ မရဘူးလား “
“ ရပါတယ်၊ ကျေးဇူးပြုပြီးတော့ ခဏလောက်စောင့်ပေးပါ “ အစေခံသည် စိတ်လှုပ်ရှားစွာဖြင့် အနောက်သို့ လှည့်ပြေးသွားပြီး၊ ပြေးလွှားနေရင်းဖြင့် အော်ပြောလိုက်သည် “ သူဌေး၊ အကြီးစား အမှာတစ်ခု ရောက်လာတယ်ဗျို့ “
၎င်းတို့အားလုံးကို ပေါင်းစည်းလိုက်မည်ဆိုပါက၊ ဝိညာဥ်ကျောက်တုံး ၁သောင်းခွဲနီးပါး ရှိလေသည်။
နင့်ယုရှင်း အတွေးနက်သွားပြီး၊ ဝိညာဥ်စွမ်းအင် ကြွယ်ဝနေသည့် အဆိုပါ ဆေးပင်များကို မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် ကြည့်နေတော့သည်။
“ စီနီယာအစ်ကိုလု၊ ဒီလောက် ဆေးပင် အများကြီးနဲ့ ဘာလုပ်မလို့လဲ “
“ နင့်အတွက် ဆေးလုပ်ပေးမလို့လေ “
“ ဒါပင်မဲ့ များလွန်းနေတယ်၊ ကျွန်မက အဲ့တာတွေ အားလုံး ကုန်သွားအောင် ဘယ်နှရက်လောက် စားနေရမှာလဲ “
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အဲ့တာတွေက ရက်အတော်ကြာ သုံးဖို့အတွက် လုံလောက်ပါတယ် “
“ နင်က အဲ့တာတွေ အကုန်လုံးကို ရက်ပိုင်းအတွင်းမှာပဲ ဘယ်လိုလုပ်ကုန်အောင် စားနိုင်မှာလဲ။ ချီသိပ်သည်းခြင်းနယ်ပယ်က ကျင့်ကြံသူကတောင် သေသွားနိုင်တယ် “
လုချန်ရှန်းသည် စိတ်ရင်းအမှန်ဖြင့် ပြောပြလိုက်သည် “ ဂျူနီယာ ညီမလေး၊ နင်နားမလည်ဘူးကွာ။ ဆေးပညာမှာက ကျရှုံးမှုနှုန်းဆိုတာ ရှိတယ်။ ငါက ဆေးဖော်တဲ့ အကြိမ်တိုင်းမှာ အောင်မြင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီတစ်ခါ ငါတို့သန့်စင်မဲ့ဆေးက တော်တော်ကြီးကို ရှုပ်ထွေးတယ်။ အဲ့တာကြောင့် ပိုဝယ်ထားတာက ပိုကောင်းတယ် “
“ ကျွန်မ နားလည်ပါပြီ “
“ အင်းး “
ရှင်းပြချက်ကို နားထောင်ခဲ့ပြီးသည့်နောက်တွင် နင့်ယုရှင်းသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။ ယခင်နှစ်ကြိမ်က အတွေ့အကြုံများကြောင့် သူမသည် လုချန်ရှန်းကို ယုံကြည်နေခဲ့သည်။
ပမာဏက နည်းနည်းလေးများတယ်လို့ ထင်နေရုံပါရှင်
ဆေးပင်များကို ထုတ်ပိုးခဲ့ပြီးသည့်နောက်တွင်၊ သူတို့နှစ်ဦးသည် ထိုဆိုင်မှ ထွက်သွားကာ၊ နောက်တစ်ဆိုင်သို့ ထပ်သွားကြပြီး၊ ထိုနေရာတွင်လည်း ရှားပါးဆေးပင်များကို ရာနှင့်ချီ၍ ဝယ်ယူခဲ့လေသည်။
၎င်းတို့အနက်မှ အများစုတွင် ဝိညာဥ်စွမ်းအင် ကြယ်ဝစွာ ပါဝင်နေခဲ့သည်။
နှစ်ဦးစလုံးသည် လမ်းတစ်လျှောက်လုံးတွင် ရှိနေသည့် အရာအားလုံးကို ဝယ်ယူခဲ့ပြီး၊ နေ့တစ်ဝက်အတွင်းမှာပင် ဝိညာဥ်ကျောက်တုံး သုံးသောင်းအထိ သုံးစွဲခဲ့ကြလေသည်။
သို့ရာတွင် လုချန်ရှန်းသည် လမ်းလျှောက်နေရင်းဖြင့်၊ တွက်ချက်နေခဲ့သည်၊ အရှုံးနှုန်းဖြင့် တွက်ထားသော်လည်း၊ သူသည် ဝိညာဥ်ကျောက်တုံး ၂၈၀၀၀(သို့) ၂၉၀၀၀အထိ ရရှိနေနိုင်သေးသည်၊ ၎င်းမှာ သူ့မျှော်မှန်းချက်များနှင့် အတော်လေး ကွဲပြားနေခဲ့သည်။
သို့သော် ပစ္စည်းတစ်ခုချင်းစီတိုင်းက ရာနှင့်ချီ၍ ရှိနေသောကြောင့်၊ ထပ်ထည့်လိုက်မည်ဆိုပါက၊ ဂုပ်သွေးစုပ်နေသကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် နင့်ယုရှင်းကို ကြည့်ကာ စကားပြောလိုက်သည် “ ဂျူနီယာညီမလေး၊ နင်က ချီသိပ်သည်းခြင်း ပက်ကေ့ချ်ကို လိုချင်လား “
“ အစ်ကို့ဆီမှာ ထူးခြားတဲ့ နည်းစနစ်တစ်ခု ရှိတယ်။ အဲ့တာက နင့်ကို သုံးနှစ်အတွင်းမှာ ချီသိပ်သည်းခြင်း အဆင့်၉အထိ ပို့ပေးပြီးတော့၊ နင့်ရဲ့ ရုပ်ခန္ဓာကိုပါ ပြင်ဆင်ပေးလိမ့်မယ်။ အဲ့တာက ရုပ်ခန္ဓာ ကျင့်ကြံသူတွေနဲ့ မယှဥ်နိုင်ဘူးဆိုပင်မဲ့၊ အဆင့်တူက အဲ့လူတွေနဲ့ အများကြီး ကွာဟနေမှာ မဟုတ်ဘူး။ အဲ့ပက်ကေ့ချ်ထဲမှာ သုံးနှစ်စာ ဆေးလုံးတွေ ပါပြီးတော့ နင့်ရဲ့ ဓားရည်ရွယ်ချက်ကို အဆင့်၄အထိ ရောက်သွားအောင် လုပ်ပေးနိုင်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် နင့်ယုရှင်းမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
ယခုလက်ရှိ အချိန်၌ သူမသည် ချီစုစည်းခြင်း အဆင့်၉တွင်သာ ရှိနေခဲ့သည်။ သုံးနှစ်အတွင်းတွင် ချီသိပ်သည်းခြင်း အဆင့်၉ကို ရောက်သွားစေမည်ဆိုသည်မှာ အဆင့်ကြီးတစ်ဆင့် ကျော်ဖြတ်သွားခြင်းပင် ဖြစ်သည်။
ထို့အပြင် သူမ၏ ရုပ်ခန္ဓာကလည်း ရုပ်ခန္ဓာ ကျင့်ကြံသူများနှင့် ယှဥ်နိုင်လောက်သည်အထိ ပြုပြင်၊ ပြင်ဆင်ပေးခံရမည် ဖြစ်သည်။ ပို၍အရေးကြီးသော အရာမှာ သူမ၏ ဓားရည်ရွယ်ချက် သုံးနှစ်အတွင်းတွင် အဆင့်၄သို့ ရောက်ရှိသွားမည်ဆိုသည့် အချက်ပင်ဖြစ်သည်၊ ၎င်းက အမှန်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်။
သုံးနှစ်အတွင်းတွင် သူမသည် အသက်နှစ်ဆယ်ကျော်ရုံမျှသာ ရှိနေဦးမည် ဖြစ်သည်။ ထိုအသက်အရွယ်မှာပင် ထိုကဲ့သို့သော အောင်မြင်မှုများ ရရှိခြင်းက သူမကို ကန်းပြည်နယ်တစ်ခုလုံးတွင် ထင်ပေါ်ကျော်ကြားသွားစေမည် ဖြစ်သည်။
“ အဲ့တာက မယုံနိုင်စရာ ကောင်းလွန်းတယ် “ နင့်ယုရှင်းသည် အံ့ဩတကြီးဖြင့် အလိုအလျောက် တုံ့ပြန်လာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အဲ့တာက နည်းနည်းလေး ချဲ့ကားပြောဆိုရာ ကျတယ်ဆိုပင်မဲ့၊ လုံးဝကို ယုံကြည်လိုက်လို့ရတယ်။ အလုပ်မဖြစ်ဘူးဆိုရင် ငွေပြန်အမ်းပေးမယ် “
သူသည် မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ အရောက်သွားရန်အတွက် ဝိညာဥ်ကျောက်တုံးများကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေစုဆောင်းရမည် ဖြစ်သည်။
သူသည် သူရောက်ရှိခဲ့သည့် နယ်ပယ်တိုင်းတွင် အထွတ်အထိပ်သို့ ရောက်ရှိအောင် ကြိုးပမ်းနိုင်ခဲ့သောကြောင့်၊ အဆင့်တစ်ဆင့်ချင်းစီတိုင်းကို မည်ကဲ့သို့ ကျော်ဖြတ်ရမလဲဆိုသည်ကို တိတိကျကျ သိရှိနေပြီး၊ အားလပ်သည့် အချိန်တိုင်းတွင်လည်း ၎င်းတို့ကို သေသေချာချာ နှံ့နှံ့စပ်စပ် လေ့လာနေခဲ့သည်။
ထို့အပြင် မွေးရာပါ ဝိညာဥ် နယ်ပယ်အောက်မှ ကျင့်ကြံရေးသည် မှော်စွမ်းအားကို စုစည်းရသည့် ဖြစ်စဥ်တစ်ခုသာ ဖြစ်နေခဲ့သည်။ သူ့အတွက် တစ်ခြားလူများ၏ အရည်အသွေးက အလွန်တရာ မဆိုးရွားဘဲ၊ ဝိညာဥ်ကျောက်တုံး လုံလုံလောက်လောက် ရှိနေမည်ဆိုပါက၊ ထိုလူများကို ထိုအဆင့်သို့ ရောက်ရှိသွားအောင် ကူညီပေးရန်မှာ ထမင်းစားရေသောက်ရသကဲ့သို့ လွယ်ကူနေမည် ဖြစ်သည်။
၎င်းက သူကိုယ်တိုင် အဆင့်တက်ရခြင်းထပ်ပင် ပိုမိုလွယ်ကူချောမွေ့နေမည် ဖြစ်သည်။
“ ဒါဆိုရင် ကျွန်မက ဘာလုပ်သင့်လဲ “
နင့်ယုရှင်းသည် အဆွဲဆောင်ခံလိုက်ရပြီ ဖြစ်သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ တော်တော်ကြီးကို ရိုးရှင်းပါတယ် “
“ ငွေလား “
“ အမှန်ပဲ “
“ ဘယ်လောက် သုံးရမှာလဲ “
“ ဝိညာဥ်ကျောက်တုံး တစ်သိန်းလောက်ထင်တယ် “
ထိုစကားကို ပြောလိုက်သည့် အချိန်တွင် လုချန်ရှန်းသည် အနည်းငယ် မရေရာမသေချာ ဖြစ်သွားခဲ့သည်၊ သူသည် သူ၏တောင်းဆိုမှုက များလွန်းသွားမည်ကို စိုးရိမ်နေခဲ့သည်။
နင့်ယုရှင်းက ချမ်းသာသော်လည်း၊ ထိုမျှလောက် တုံးအနေလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ဝိညာဥ်ကျောက်တုံး တစ်သိန်းဆိုသည့် ပမာဏသည် ကန်းပြည်နယ်အတွက် များပြားသော ငွေပမာဏတစ်ခု ဖြစ်နေခဲ့သည်။
ကန်းယွင်ဂိုဏ်းတစ်ခုလုံး၏ တစ်နှစ်တာဝင်ငွေကပင် ဝိညာဥ်ကျောက်တုံး သုံးသောင်းမျှသာ ဖြစ်နေခဲ့သည်။
“ အဲ့တာကို ကျွန်မ လိုချင်တယ် “
နင့်ယုရှင်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ပြတ်ပြတ်သားသား ပြန်ပြောလာခဲ့သည်။
လုချန်ရှန်း ရင်ဖိုစိတ်လှုပ်ရှားသွားခဲ့သည်။
နင့်ယုရှင်းမှ စကားဆက်ပြောလာခဲ့သည် “ ဒါပင်မဲ့ အချိန်တော့် ယူရမယ်။ ဒီကိုလာတဲ့ အချိန်တုန်းက ကျွန်မက ဝိညာဥ်ကျောက်တုံး သောင်းဂဏန်းလောက်ပဲ ယူလာခဲ့တာ၊ အဲ့တာတွေကလည်း ကုန်လုနီးပါး ဖြစ်နေပြီ။ အဖေ့ဆီ စာပို့ရဦးမယ် “
“ မလောပါနဲ့၊ မလောပါနဲ့၊ အေးအေးဆေးဆေး အချိန်ယူပါ “
လုချန်ရှန်းသည် သူ၏စိတ်ထဲတွင် ပေါက်ထွက်နေသည့် ပျော်ရွှင်မှုများကို ဖိနှိပ်နေခဲ့ရသည်၊ သူသည် သူမထံမှ အလွယ်တကူ ငွေရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ၏ခန့်မှန်ချက်များအရ သူသည် မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ အဆင့်တက်ရန်အတွက် အနည်းဆုံးအနေဖြင့် ဝိညာဥ်ကျောက်တုံး သုံးသိန်းလိုအပ်မည် ဖြစ်သည်။ အကယ်၍ ဤကိစ္စကသာ အဆင်ပြေသွားမည်ဆိုပါက၊ သူသည် ၉၈၀၀၀ အမြတ်ရမည်ဖြစ်ပြီး၊ ၎င်းသည် သူ့ရည်မှန်းချက်၏ သုံးပုံတစ်ပုံနီးပါးကို ပြည့်မြောက်သွားစေလိမ့်မည် ဖြစ်သည်။
“ လာလေ၊ လမ်းထပ်လျှောက်ကြတာပေါ့ “ ဟုလုချန်ရှန်းမှ ပြောလိုက်သည်။
နင့်ယုရှင်းမှ ခေါင်းငြိမ့်ပြလာခဲ့သည်။ သူမမှာလည်း သူကဲ့သို့ပင် ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေခဲ့သည်။
သို့ရာတွင် သူမတို့နှစ်ဦးစလုံးသည် အကျိုးအမြတ် ကြီးကြီးမားမား ရရှိခဲ့သည်ဟု ခံစားနေရကာ၊ တိတ်တဆိတ် ပျော်ရွှင်ဝမ်းမြောက်နေကြသည်။
သူမ၏အမြင်တွင် သူမက သုံးနှစ်အတွင်းတွင် ချီသိပ်သည်းခြင်း အဆင့်၆သို့ ရောက်ရှိသွားပြီး၊ အဆင့်၄ ဓားရည်ရွယ်ချက်ကို ပိုင်ဆိုင်ကာ၊ သူမ၏ ရုပ်ခန္ဓာကလည်း ရုပ်ခန္ဓာ ကျင့်ကြံသူများနှင့် ယှဥ်နိုင်သည်အထိ တိုးတက်သွားခြင်းအတွက် ဝိညာဥ်ကျောက်တုံး တစ်သိန်းမျှသာ သုံးစွဲရခြင်းက အလွန်တရာ ကောင်းမွန်သော အရောင်းအဝယ်တစ်ခု ဖြစ်နေခဲ့သည်။
သို့ရာ၌ သူမထံတွင် သံသယလေးများ ရှိနေသေးသည်။
အဲ့လိုနည်းလမ်းမျိုး ရှိနေတယ်ဆိုရင်၊ သူ့ကိုယ်သူအတွက် ဘာလို့ မသုံးလိုက်ရတာလဲ၊ သူက ချီစုစည်းခြင်း အဆင့်၄မှာပဲ ဘယ်လိုလုပ် ရှိနေရသေးတာလဲ၊ ဒီလူက တစ်ခုခုကို ဖုံးကွယ်ထားတာများလား
သူမသည် ၎င်းကို အတော်လေး နားမလည်နိုင်ဖြစ်နေခဲ့သည်၊ သို့သော် သူမသည် သူ့ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်၊ သူမသည် ပထမဦးဆုံးအကြိမ်အဖြစ် လုချန်ရှန်းအပေါ်တွင် မည်သည့်သံသယမှ မဝင်ခဲ့ပေ။
သူမအတွေးနက်နေသည့် အချိန်တွင် လုချန်ရှန်းသည် ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့ပြီး၊ ကြက်သွေးရောင် ဝိညာဥ်ဆေးပင်ကို မြင်တွေ့သွားကာ၊ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ ကန်းယွင်မြို့မှာ ဒီလိုပစ္စည်းကောင်းလေးတွေ တကယ်ရှိတာပဲဟ “
သူသည် မီးကဲ့သို့ နီရဲရဲဖြစ်နေသည့် ဝိညာဥ်ဆေးပင်ကို ကြည့်ကာ၊ သူ၏ စိတ်ခံစားချက်များကို ခက်ခက်ခဲခဲ ချုပ်တည်းနေခဲ့ရသည်။
ဆိုင်ရှင်ရောက်လာခဲ့ပြီး၊ လုချန်ရှန်းကို ကြည့်ကာ၊ စကားပြောလာခဲ့သည် “ အင်မော်တယ် ဆရာသခင် ချန်ရှန်းက တကယ်ကို အမြင်စူးရှတာပဲဗျ။ ဒီကြက်သွေးရောင် ဝိညာဥ်မြက်က ရှားပါးပစ္စည်းတစ်ခုလေ။ ကန်းယွင်တစ်မြို့လုံးမှာတောင်မှ တစ်ခုပဲရှိတယ်။ ဒီကန်းပြည်နယ်မှာဆိုရင်တော့ ဒုတိယတစ်ခု ထပ်တွေ့ဖို့ မလွယ်လောက်ဘူး “
“ အဲ့တာက တကယ်ကို ရှားတယ်၊ ငါလိုက်ရှာနေတာ နှစ်နဲ့ချီနေပြီ “
လုချန်ရှန်း အပျော်လွန်သွားခဲ့သည်။ သူသည် ကျင့်ကြံနေစဥ်အချိန်တွင်၊ မခံမရပ်နိုင်လောက်အောင် ခံစားရသော နာကျင်မှုကို မကြာခဏ ခံစားရလေ့ရှိသည်၊ သို့သော် သူသည် နာကျင်မှုကို လျှော့ချပေးနိုင်သည့် ကြက်သွေးရောင် ဝိညာဥ်ဆေးကို ဖော်စပ်နိုင်မည့်၊ ရှေးဟောင်းဆေးဖော်စပ်နည်း တစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်။
သူသည် သူက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ အဆင့်တက်လှမ်းမည့် အချိန်တွင်၊ သူရင်ဆိုင်ရမည့် နာကျင်မှုက ယခင်ကထပ် ဆယ်ဆ(သို့) ထို့ထပ်ပိုနေနိုင်သည်ဆိုသည်ကို သိနေခဲ့သည်။ ၎င်းသည် သူ၏ကျင့်ကြံရေးတွင် အဓိက စမ်းသပ်မှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ထို့ကြောင့် သူသည် ထိုဆေးကို အမြဲလိုလို သန့်စင်ချင်နေခဲ့သည်၊ ကြက်သွေးရောင် ဝိညာဥ်မြက်သည် အဓိက ပါဝင်ပစ္စည်းဖြစ်နေခဲ့ပြီး၊ အလွန်တရာ ရှာဖွေရခက်ခဲနေခဲ့သည်။
ဆေးကို သန့်စင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ သူသည် အဆိုပါ ကပ်ဘေးကို ကျော်လွှားနိုင်ရန်အတွက် ပိုမိုယုံကြည်ချက် ရှိသွားမည် ဖြစ်သည်။
နင့်ယုရှင်းမှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည်။
သူဒီလောက် စိတ်လှုပ်ရှားနေတာမျိုးကို ငါမတွေ့ခဲ့ဖူးဘူး
ဆိုင်ပိုင်ရှင်မှ ပြန်ပြောလာခဲ့သည် “ ကျုပ်တို့ သိနေတာ အချိန်အတော်ကြာနေပြီလေ။ အင်မော်တယ် ဆရာသခင် ချန်ရှန်းက အဲ့တာကို လိုချင်နေတာကြောင့်၊ ဝိညာဥ်ကျောက်တုံး တစ်ထောင်ပဲ ပေးဗျာ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် အပျော်လွန်သွားပြီး၊ စကားပြောရန် ပြင်လိုက်သည်၊ သို့သော် ထိုအချိန်တွင် အသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ ဝိညာဥ်ကျောက်တုံး နှစ်ထောင်ပေးမယ် “
သူတို့အားလုံး လှည့်ကြည့်လိုက်ရာ၊ အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးက သူတို့ထံသို့ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့သွားခဲ့သည်။
အသစ်ရောက်လာသူသည် ပိန်ပိန်ပါးပါးဖြင့်၊ သာမန်ရုပ်ရည်ကို ပိုင်ဆိုင်ထားခဲ့ပြီး၊ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။ သူသည် ငှက်မွှေးဝတ်စုံကို ဝတ်ဆင်ထားပြီး၊ လေနှင့်အတူ ပျံသန်းလာခဲ့သည်၊ သူသည် လုချန်ရှန်းကို လှောင်ပြုံးပြုံး၍ ကြည့်လာခဲ့ပြီး၊ သူ၏မျက်လုံးများအတွင်းတွင်လည်း မထီမဲ့မြင်ပြုနေသည့် အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။
…………………………………………………………………………………………………………………………………………
အပိုင်း ( 21 )
ရှင်တော်တော် ရက်စက်တာပဲ
ထိုလူငယ်သည် သူ၏ရန်လိုနေမှုကို မဖုံးကွယ်ထားဘဲ ချဥ်းကပ်လာခဲ့သည်။
နင့်ယုရှင်း မျက်မှောင်ကြုတ်သွားပြီး၊ လုချန်ရှန်း၏ ရန်သူက သူ့အား တမင်သက်သက် ပစ်မှတ်ထားလာသည်ဟု ထင်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း သူ့အရှေ့တွင် ရှိနေသည့် လူငယ်ကို ကြည့်ကာ၊ အတွေးနက်သွားခဲ့သည်။
သူသည် ထိုလူငယ်ကို ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ ရှီဖုန်းမှတစ်ပါး သူ့ထံတွင် ရန်သူမရှိသလောက်နီးပါး ဖြစ်နေခဲ့သည်၊ ဤနေရာသို့ ရောက်လာခဲ့သည့် အချိန်ကတည်းက သူသည် ကန်းယွင်ဂိုဏ်း၏ ပိုင်နက်အတွင်းမှ တစ်ကြိမ်တစ်ခါမှ မထွက်သွားခဲ့ဖူးပေ။
အကြည့်များက သူ့အပေါ်သို့ ကျရောက်လာသည်နှင့်အမျှ ထိုလူငယ်၏ လှောင်ပြောင်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။
“ မိတ်ဆွေ၊ အရင်လာတဲ့သူ အရင်ရတယ်လေ။ မင်းက စည်းမျဥ်းတွေကို မသိဘူးလား “ ဟုလုချန်ရှန်းမှ ပြောလိုက်သည်။
လူငယ်သည် တဟားဟားရယ်မော၍ ပြန်ပြောလာခဲ့သည် “ ဈေးအမြင့်ဆုံး ပေးနိုင်တဲ့လူက အနိုင်ရတယ်။ မင်း မတတ်နိုင်ဘူးမလား “
“ မင်းက တော်တော်လေးကို မောက်မာတာပဲ “
လူငယ် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်၊ လုချန်ရှန်းမှာလည်း ၎င်းကို သတိပြုမိသွားကာ၊ အဝေးသို့ လှမ်းကြည့်လိုက်ရာ၊ အဘွားအိုတစ်ဦးနှင့် အသက်နှစ်ဆယ့်ခုနစ်(သို့) နှစ်ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ဦးက ဤနေရာသို့ လာနေသည်ကို မြင်တွေ့သွားခဲ့သည်။
ထိုလူနှစ်ဦး၏အနောက်တွင် တပည့်တပန်းများစွာ ရှိနေခဲ့သည်။
အဘွားအို၏ ကျင့်ကြံရေးမှာ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈ဖြစ်ပြီး၊ လူငယ်ကမူ ချီသိပ်သည်းခြင်း အဆင့်၉တွင် ရှိနေခဲ့သည်။ ထိုလူစုသည် အမှန်ပင် အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။
လူငယ်သည် သူ၏စိတ်ခံစားချက်များကို မကွယ်ဝှက်ထားဘဲ၊ စကားထပ်ပြောလာခဲ့သည် “ လုချန်ရှန်း၊ မင်းက ကန်းယွင်ဂိုဏ်းနှင့် ကျိုးချင်ယုကို အားကိုးနေတဲ့ နယ်ခံလူမိုက်ဆိုတာကို ငါသိတယ် “
ဆိုတော့ မင်းငါ့ကို စော်ကားနေတာပေါ့
“ အမှန်ပဲ “
လူနှစ်ဦးသည် ပွင့်ပွင့်လင်းလင်းဖြင့် တည့်တိုးပြောဆိုနေကြသည်။
“ မင်းဘာလိုချင်တာလဲ “ ဟုလုချန်ရှန်းမှ စကားဆက်ပြောလိုက်သည်။
လူငယ်မှ ပြန်ပြောလာခဲ့သည် “ ဘာမှမဟုတ်ပါဘူး။ မင်းတို့ကန်းယွင်ဂိုဏ်းရဲ့ မျက်နှာကို ဖြတ်ရိုက်ချင်ရုံလေးတင်ပါပဲ။ မင်းက ကျိုးချင်ယုရဲ့ ဂျူနီယာညီမလား။ သူ့ရဲ့ မာနကိုလည်း ရိုက်ချိုးချင်လို့ “
နင့်ယုရှင်းကပင် ၎င်းကို နားမလည်နိုင်ဖြစ်သွားခဲ့သည်။
ထိုလူငယ်မှ စကားဆက်ပြောလာခဲ့သည် “ ငါမင်းကို ပြောဖို့ မေ့နေတာ၊ ငါက နတ်ကောင်းကင်ဂိုဏ်း( ရှန်ရှောင်ဂိုဏ်း) က လာတာ “
စကားပြောခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် သူသည် မထီမဲ့မြင်ပြုနေသော အမူအရာဖြင့် လုချန်ရှန်းကို ကြည့်လာခဲ့သည်။
လုချန်ရှန်းကမူ အနည်းငယ် အံ့ဩသွားခဲ့သည်။
နတ်ကောင်းကင်ဂိုဏ်းသည် ယွဲ့ပြည်ထောင် အပြင်ဘက်တွင် တည်ရှိပြီး၊ နှစ်သန်းပေါင်းများစွာ တည်တံ့နေခဲ့သည့် အလွန်တရာ ရှေးကျသော ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်သည်။
၎င်းသည် ယွဲ့ပြည်ထောင်အပါအဝင် နိုင်ငံတော် ၃၆ခုကျော်(သို့) အရပ်မျက်နှာ ရှစ်ခုစလုံးတွင် ပြန့်ကျဲနေသည့် ဂိုဏ်းပေါင်း ၁၀၈ခုကို အုပ်စိုးနေလျက်ရှိသည်။
ယခင်က ဖော်ပြခဲ့သော မင်းဆက်များ/ပြည်ထောင်များ စစ်ပွဲတွင် အနိုင်ရသည့်လူသည် နတ်ကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရမည် ဖြစ်သည်။
ယွဲ့ပြည်ထောင်တွင် ဘိုးဘေးအဖြစ် သတ်မှတ်ထားသော မွေးရာပါ ဝိညာဥ်ကျင့်ကြံသူသည် နတ်ကောင်းကင်ဂိုဏ်းတွင် သာမန်လူတစ်ဦးမျှသာ ဖြစ်နေခဲ့သည်။
ထိုစကားကို ကြားလိုက်ရသော်လည်း လုချန်ရှန်းမှာ အေးဆေးတည်ငြိမ်နေလျက်ပင် “ နတ်ကောင်းကင်ဂိုဏ်းဆိုတော့ရော ဘာဖြစ်လဲ။ မင်းက ငါ့ကို သတ်ရဲလို့လား “
၎င်းမှာ နတ်ကောင်းကင်ဂိုဏ်း၏ သံမဏိ စည်းမျဥ်းဖြစ်သည်၊ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ခွင့် မရှိပေ။ ရန်စခံရခြင်းမျိုး မရှိဘဲ၊ ပေါ့ပေါ့ဆဆ လှုပ်ရှားမည်ဆိုပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည် ဖြစ်သည်။
“ မင်းက အတော်လေး သိထားတဲ့ပုံပဲ “ ထိုလူငယ်သည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ သိနေတယ်ဆိုရင်လည်း မင်းရဲ့ဂိုဏ်းကို မဖျက်ဆီးမိအောင် နောက်နည်းနည်း ဆုတ်လိုက်သင့်တယ်။ အဲ့ဒီဝိညာဥ်ဆေးပင်က ငါ့ဟာပဲ “
လုချန်ရှန်း ဆွံ့အသွားခဲ့သည်၊ ငါ့ကို ဆွပေးလို့ ဘာကောင်းကျိုး ရမှာမို့လို့လဲ
ငါ့လို တပည့်လေးတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ လာဆွတာတော့ မဖြစ်နိုင်ဘူး
သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်က စီနီယာအစ်ကိုကြီးဖြစ်နေနိုင်တယ်
လုချန်ရှန်းသည် သူ့ကို ကြည့်ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ အဲ့တာက မင်းဟာမဟုတ်ဘူး။ ငါသုံးထောင်ပေးမယ် “
ဟမ်
လူငယ်သည် မျက်မှောင်ကြုတ်ကာ အနည်းငယ် အံ့ဩသွားခဲ့သည်။
“ မင်းက ငါနဲ့ ကြယ်ဝချမ်းသာမှုခြင်း ပြိုင်ချင်နေတာလား “
ပြည်ထောင် ၃၆ခု အတွင်းတွင် မည်သည့်နေရာကိုသွားသွား တော်ဝင်မိသားစုများကပင် သူ့ကို တလေးတစား ဆက်ဆံခဲ့ကြချည်ကြီးသာ ဖြစ်သည်၊ သို့သော် ဤကောင်ကမူ သူနှင့် ပြိုင်ဆိုင်ရဲနေ၏။
လုချန်ရှန်းကမူ စကားထပ်ပြောရန် အလွန်တရာ ပျင်းရိသွားခဲ့သည်။ သူဆုံးဖြတ်ချက် ချခဲ့ပြီးပြီ ဖြစ်သည်။ သူသည် ပြဿနာကို ရှောင်ရှားရန် ကြိုးပမ်းနေခြင်း မဟုတ်ပေ။ ထိုလူများက ကန်းယွင်ဂိုဏ်းပိုင်နက်မှ ထွက်သွားသည့်နောက်တွင် သူသည် ထိုလူများကို တိုက်ရိုက်သတ်ဖြတ်လိုက်မည် ဖြစ်သည်။
သူသည် သေခြင်းတရားကို ကြောက်ရွံ့ကာ၊ သိုသိုသိပ်သိပ် နေလေ့ရှိသော်လည်း၊ သူသည် အလွယ်တကူ အနိုင်ကျင့်ခံမည့်လူ မဟုတ်ပေ။
ထို့အပြင် စည်းစိမ်ဥစ္စာနဲ့ ပတ်သက်၍ ပြိုင်ဆိုင်နေသည့် အချိန်၌ သူ့အနောက်တွင် မည်သူရှိနေလဲဆိုသည်ကို အရင်ဦးဆုံး စဥ်းစားသင့်ပေသည်။
သူမည်မျှပင် မောက်မာနေပါစေ၊ သူသည် နတ်ကောင်းကင်ဂိုဏ်း၏ တပည့်တစ်ဦးမျှသာ ဖြစ်သည်။ သူက ကန်းပြည်နယ်မှ အချမ်းသာဆုံး သူဌေးကြီး၏ သမီးဖြစ်သူထပ် ပိုမိုချမ်းသာနိုင်မည်လား
“ ဟမ့်၊ မင်းက ကစားချင်တယ်ဆိုမှတော့၊ မင်းနဲ့ လိုက်ကစားပေးရတာပေါ့ကွာ။ လေးထောင် “
လူငယ်သည် ဈေးနှုန်းတစ်ခုကို အော်ပြောလာခဲ့သည်၊ လုချန်ရှန်းကမူ ဆိုင်ရှင်ကို ကြည့်ကာ၊ ပြုံးစိစိဖြစ်သွားပြီး စကားထပ်ပြောလာခဲ့သည်။
“ ခြောက်ထောင် “
“ ခုနစ်ထောင် “
“ ရှစ်ထောင် “
လုချန်ရှန်းသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ထပ်မံ၍ လေလံဆွဲလာခဲ့သည်။
လူငယ်သည် အနည်းငယ် တွေဝေတုံ့ဆိုင်းသွားခဲ့သည်။
ဝိညာဥ်ကျောက်တုံး ရှစ်ထောင်ဆိုသည်မှာ သေးငယ်သော ပမာဏတစ်ခု မဟုတ်ပေ၊ သို့သော် အခြေအနေက ဤကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်သောကြောင့်၊ အကယ်၍ သူနောက်ဆုတ်လိုက်မည်ဆိုပါက၊ မျက်နှာပိုပျက်သွားရလိမ့်မည် ဖြစ်သည်။
သူသည် အဝေးမှ စောင့်ကြည့်နေသည့် လူနှစ်ဦးကို ကြည့်ကာ စကားထပ်ပြောလိုက်သည် “ ကိုးထောင် “
“ တစ်သောင်း “
လုချန်ရှန်းသည် အစမှအဆုံးအထိ မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။
မည်သို့ပင် ဆိုစေကာမူ ဈေးအမြင့်ဆုံး ပေးနိုင်သည့်လူက အနိုင်ရမည်ဟု ထိုလူက ပြောခဲ့သောကြောင့် သူ့ထံတွင် တစ်ခြားသော ရွေးချယ်စရာ မရှိတော့ပေ။
သို့ရာတွင် ကြက်သွေးရောင် ဝိညာဥ်မြက်သည် အများဆုံးအနေဖြင့် ဝိညာဥ်ကျောက်တုံး ၁၁၀၀မှ ၁၂၀၀အထိသာ တန်ပေသည်၊ ယခုတွင်ကား မူရင်းဈေးထပ် ဆယ်ဆကျော်နေခဲ့ပြီ ဖြစ်သည်။
နင့်ယုရှင်းမှာလည်း ထိုမြင်ကွင်းကို စောင့်ကြည့်နေပြီး၊ ထိုပစ္စည်းက ထိုမျှလောက် ဈေးမကြီးဘူးဆိုသည်ကို သိနေခဲ့သည်။ သို့သော် လုချန်ရှန်းက ၎င်းကို လိုချင်နေပြီး၊ ဝိညာဥ်ကျောက်တုံး တစ်သောင်းမျှသာ ကုန်ကျမည် ဖြစ်သောကြောင့်၊ သူမသည် ၎င်းကို ဝယ်ယူမည် ဖြစ်သည်။
ဒီကာလအတွင်းမှာ သူက ငါ့ကို အများကြီး ကူညီပေးခဲ့တယ်၊ ဒီဟာကို အခွင့်ကောင်းယူပြီးတော့ ကျေးဇူးဆပ်ရမယ်
ထိုအချိန်တွင် လုချန်ရှန်းသည် နင့်ယုရှင်းကို ကြည့်ကာ အသံပို့လွှတ်လိုက်သည် “ ဂျူနီယာညီမလေး၊ ငါတို့က အဲ့တာက ငါတို့နဲ့အတူ ပြန်ယူသွားမှ ဖြစ်မှာနော်။ အဲ့တာက သာမန် ကြက်သွေးရောင် ဝိညာဥ်မြက် မဟုတ်ဘူး၊ ဒဏ္ဍာရီလာ ကြက်သွေးရောင် ဖီးနစ်မြက်ပဲ။ အဲ့တာကို ဝယ်ဖို့အတွက် ဘိုးဘေးကိုယ်တိုင် ငါ့ကို လွှတ်လိုက်တာ။ ဆိုင်ရှင်က အဲ့တာရဲ့ တန်ဖိုးကို မသိဘူး၊ ဟိုကောင်ရောပဲ။ အဲ့တာက တန်ဖိုးဖြတ်လို့ မရဘူး။ ဝိညာဥ်ကျောက်တုံးတွေ အသင့်ပြင်ထားနော် “
နင့်ယုရှင်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်။ သူမမှာလည်း ကြက်သွေးရောင် ဖီးနစ်မြက်အကြောင်းကို သိနေခဲ့သည်၊ သို့သော် ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။
ပြီးတော့ ဘိုးဘေးက သူ့ကို ဘယ်အချိန်တုန်းက ဝယ်ခိုင်းလိုက်တာလဲ၊ အခါအခွင့်သင့်လို့ တွေ့ခဲ့တာ မဟုတ်ဘူးလားဟ
မေးခွန်းပေါင်းများစွာ မေးမြန်းချင်နေသော်လည်း၊ သူမသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။
လူငယ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ ဆေးပင်ကို ထပ်မံ၍ ကြည့်ရှုနေတော့သည်။ ဂရုတစိုက် ကြည့်ရှုစစ်ဆေးခဲ့ပြီးသည့်နောက်တွင်၊ သူသည် ပုံမှန်မဟုတ်သော စွမ်းအင်တစ်ခုကို ရှာတွေ့သွားကာ၊ အပျော်လွန်သွားခဲ့သည်။
ထိုအချိန်တွင် လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ မိတ်ဆွေ၊ မင်းက လေလံမဆွဲတော့ဘူးဆိုတော့၊ အဲ့ဒီဆေးပင်က ငါ့ဟာဖြစ်သွားပြီ၊ ဆိုင်ရှင် ……… “
“ နေဦး၊ ငါ ၁၂၀၀၀ပေးတယ် “
“ ဘာကြီး “
ဆိုင်ရှင် အံ့ဩသွားခဲ့ပြီး၊ လုချန်ရှန်းမှာလည်း ဟန်ဆောင်ပန်ဆောင်ဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ဟမ့်၊ ကြည့်ရတာတော့ မင်းက ထပ်ပြီးတော့ စိတ်ပျက်သွားရတော့မဲ့ပုံပဲ “
“ တစ်သောင်းခွဲ “
လုချန်ရှန်း၏ အမူအရာသည် တဖြည်းဖြည်း လေးနက်သွားပြီး၊ ယခင်ကလောက် အေးဆေးတည်ငြိမ်မနေတော့ပေ။
“ တစ်သောင်းရှစ်ထောင် “
လူငယ်သည် နောက်ထပ် ဈေးနှုန်းတစ်ခု ကမ်းလှမ်းလာခဲ့ပြီး၊ ဆိုင်ရှင်မှာလည်း မှင်သက်သွားခဲ့သည်။
သူသည် ဈေးနှုန်းက တစ်သောင်းရှစ်ထောင်အထိ ရောက်ရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အားလုံး၏ အကြည့်များအောက်တွင် လုချန်ရှန်းသည် အံကြိတ်ကာ စကားထပ်ပြောလိုက်သည် “ နှစ်သောင်း “
“ နှစ်သောင်းနှစ်ထောင် “
လူငယ်သည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စကားထပ်ပြောလာခဲ့သည်။
လုချန်ရှန်း၏ အမူအရာမှာ လုံးဝမည်းမှောင်သွားပြီး၊ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ထို့နောက်၌ သူသည် သေတ္တာထဲတွင် ရှိနေသည့် ဝိညာဥ်ဆေးပင်ကို ထပ်ကြည့်လိုက်ကာ၊ နောင်တတကြီး ဖြစ်သွားခဲ့သည်။
ထိုစဥ် နင့်ယုရှင်းသည် စကားဝင်ပြောရန်ပြင်လာခဲ့သည်။
ထိုလူငယ်မှ စကားထပ်ပြောလာခဲ့သည် “ ဘာလဲ။ ထပ်မလိုက်တော့ဘူးလား။ ငွေကုန်သွားပြီလား။ ကောင်းတယ်၊ အဲ့တာက အဓိပ္ပါယ် ရှိပါတယ်လေ။ မင်းတို့ရဲ့ ကန်းယွင်ဂိုဏ်းက တစ်နှစ်လုံးမှ ဝိညာဥ်ကျောက်တုံး နှစ်သောင်း၊ သုံးသောင်းလောက်ပဲ ရတာလေ။ ဆိုတော့ နှစ်သောင်းနှစ်ထောင်ဆိုတဲ့ ဈေးက တော်တော်ကြီးကို မြင့်နေမှာပေါ့ “
လှောင်ပြောင်မှုကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် သူ့ကို စိုက်ကြည့်လိုက်သည်။
လူငယ်တွေက ရဲရင့်၊ ရန်လိုတတ်ပြီးတော့၊ ကောင်းကင်ဘုံလို ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေ ရှိတယ်တဲ့၊ မင်းလည်း ချွင်းချက်မဟုတ်ဘူးဘဲ
အဆိုပါ လူငယ်မှ ထပ်မံ၍ စကားပြောလာခဲ့ပြန်သည် “ မင်းတို့ရဲ့ အသံပို့လွှတ်မှုက ငါ့ကို လှည့်စားနိုင်လိမ့်မယ်လို့ ထင်နေတာလား။ မင်းက ချီစုစည်းခြင်း အဆင့်၄က ကောင်လေးတစ်ယောက်ပါပဲကွာ။ ဟက် “
လုချန်ရှန်း၏ အမူအရာသည် အလွန်တရာ မည်းမှောင်သွားပြီး၊ ကြီးမားသော အရှက်တရားကို ခံစားလိုက်ရသည့်အလား မျက်နှာဖြူဖျော့သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ထိုလူငယ်မှာ ပို၍ပင် ဘဝင်ခိုက်သွားခဲ့သည်။
“ မင်းတော်တော် ရက်စက်တာပဲ။ ဒီတစ်ကြိမ်ကို မင်းနိုင်သွားတယ်။ ငါသွားပြီ “
အဆုံးတွင် လုချန်ရှန်း အရှုံးပေးလိုက်ရပြီး၊ နင့်ယုရှင်းနှင့်အတူ ဒေါကြီးမောကြီး ထွက်သွားခဲ့သည်။
“ ဟက်။ ငါနဲ့ လာပြိုင်ရဲရအောင် မင်းကဘာကောင်မို့လို့လဲ “
လူငယ်သည် မထီမဲ့မြင်ပြုစွာ ပြုံးနေခဲ့ပြီး၊ သူ၏မျက်လုံးများထဲတွင် အထင်တသေးဖြစ်နေမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။