← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အပိုင်း ( 25 )

ဘိုးဘေးက တန်ခိုးကြီးတယ်

ကျောက်ကျင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ကျနေလျက်ရှိပြီး၊ ထပ်ခါတလဲလဲ ပါးရိုက်ခံနေရသည်။

သူမဘေးနားတွင် ရှိနေသည့် လူငယ်သည် တားဆီးရန်အတွက် ရှေ့တက်လာခဲ့သော်လည်း၊ စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကိုသာ ခံလိုက်ရသည်။

“ ခွေးသူတောင်းစားတွေ။ ငါက နတ်ကောင်းကင်ဂိုဏ်းရဲ့ အကြီးအကဲကွ။ နင်တို့က ငါ့ကို ဘယ်လိုတောင် စော်ကားရဲနေတာလဲ “

ကျောက်ကျင်းသည် အေးစက်စက် စိုက်ကြည့်ကာ၊ ဟိန်းဟောက်လာခဲ့သည်။

လော့ထျန်း၊ လင်းပေါ်နှင့် တစ်ခြားလူများမှာလည်း အံ့ဩတကြီး ဖြစ်သွားကြသည်။ သူတို့သည် သူတို့၏ ဘိုးဘေးက လှုပ်ရှားလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

တစ်ဖက်လူက နတ်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲ တစ်ဦးဖြစ်နေခဲ့သော်လည်း၊ ဘိုးဘေးသည် မည်သည့်ညှာတာမှုမှ မပြသဘဲ၊ ချက်ချင်းရိုက်နှက်နေခဲ့သည်။

“ နတ်ကောင်းကင်ဂိုဏ်းဆိုရင်ကော ဘာဖြစ်လို့လဲ။ နင်တို့ဂိုဏ်းက အကြောင်းပြချက် မလိုအပ်ဘူးလို့ ပြောချင်နေတာလား။ နင်တို့က လုပ်ချင်တာ လုပ်လို့ရတယ်လို့ ပြောနေတာလား။ တကယ်လို့ ဒီနေ့မှာ ဖြေရှင်းချက်တစ်ခု မပေးဘူးဆိုရင်၊ ငါနင့်ကို ရိုက်သတ်မယ် “

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

တစ်ချိန်တည်းမှာပင် ကန်းယွင်၏ အတွင်းပိုင်းတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် အားလုံး၏ အာရုံများကို ဆွဲဆောင်သွားခဲ့ပြီး၊ လုချန်ရှန်းမှာလည်း လှည့်ကြည့်လိုက်ကာ၊ နောက်တစ်ကြိမ် ထပ်မံ၍ အံ့အားသင့်သွားခဲ့သည်။

သူ၏မျှော်မှန်းချက်များနှင့် ဆန့်ကျင်နေကာ၊ မုတ်ဆိတ်ဖြူ အဘိုးအိုတစ်ဦး မဟုတ်ဘဲ၊ သံမဏိ မျှော်စင်ကဲ့သို့ မြင့်မားကာ၊ ကြွက်သားအမြှောင်းမြှောင်းဖြင့် ဆံပင်နှင့် နှုတ်ခမ်းမွှေးများ ဖြူဖွေးနေသည့် တောက်ပသော မျက်လုံးပိုင်ရှင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် ကြီးစိုးသော အရှိန်ကို ထုတ်လွှတ်နေကာ၊ လူတိုင်းကို အသက်ရှူကြပ်သွားစေခဲ့သည်။

“ ငါတို့ဘိုးဘေးက တကယ်ကြီးကို ရုပ်ခန္ဓာ ကျင့်ကြံသူဖြစ်နေတာပဲ “

လုချန်ရှန်းပင် အံ့ဩတုန်လှုပ်သွားခဲ့သည်၊ သူသည် ထိုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် ဘိုးဘေးဖြစ်သူက အတော်လေး အသက်ကြီးနေခဲ့သော်လည်း၊ သူ၏သွေးနှင့် စွမ်းအင်တို့မှာ ဤနေရာတွင် ရှိနေသည့် မည်သည့်လူငယ်ထပ်မဆို ပိုမိုအားကောင်းနေခဲ့သည်။

ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးကို မြင်လိုက်ရသောအခါတွင်၊ ကျောက်ကျင်း၏ အမူအရာ လေးနက်သွားခဲ့သည်။

“ ကန်းယွင်ဂိုဏ်းက ပုန်ကန်ချင်နေတာလား ”

ဖပ်

သူမ၏ စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးမှ သူမ၏မျက်နှာကို ထပ်ရိုက်လာခဲ့ရာ၊ သူမသည် နောက်သို့လွင့်ထွက်သွားပြီး၊ ကျောက်နံရံနှင့် တိုက်မိသွားကာ၊ တောင်တစ်တောင်လုံးကိုပင် လှုပ်ခါသွားစေခဲ့သည်။

သူမ၏မျက်နှာသည် ဦးခေါင်းက ပေါက်ထွက်လုမတတ် ဖြစ်နေသည့်အလား ရောင်ရမ်းနေခဲ့သည်၊ သူမ၏ပါးစပ်မှ သွေးများ တသွင်သွင် စီးကျနေခဲ့သည်။

“ နင့်ဘိုးအေကြီးကို ပုန်ကန်လိုက် “

ဒေါသတကြီး ဟိန်းဟောက်လိုက်သည့် အော်သံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းသည် အားလုံး၏ နားစည်များကို နာကျင်ကိုက်ခဲသွားစေခဲ့သည်။

ကျောက်ကျင်း၏ မျက်လုံးများအတွင်းတွင် မလိုမုန်းထားစိတ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်၊ သို့သော် ၎င်းတို့အတွင်းတွင် ကြောက်ရွံ့မှု အရိပ်အငွေ့များ တဖြည်းဖြည်း မြင့်တက်လာနေခဲ့သည်။

ဘိုးဘေး ချဥ်းကပ်လာခဲ့ပြီး၊ အနားသို့ ရောက်ရှိလာသည့်အချိန်တွင်၊ ဖိနှိပ်မှု စွမ်းအားတစ်ခုကို ခံစားသွားရစေခဲ့သည်။

သူသည် သေလုမျောပါး အရိုက်ခံထားရသည့် နတ်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲကို ကြည့်ကာ စကားပြောလာခဲ့သည် “ ခွေးမ၊ နင်က ဘာကိစ္စ ဒီလောက်တောင် မောက်မာနေရတာလဲ။ နင်တို့ ဂိုဏ်းက ငါတို့ဆီမှာ အကူအညီလာတောင်းနေတာကို မမေ့လိုက်နဲ့။ တကယ်လို့ နင်ကသာ စကားထပ်ပြောရဲနေမယ်ဆိုရင်၊ သူမကို နင်တို့နဲ့ မထည့်ပေးလိုက်ဘူး “

“ နင် …. “

ဝှစ်

ဘိုးဘေးမှ သူ၏လက်ကို မြှောက်လိုက်ရာ၊ ချိန်းကြိုးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ သူမကို ချုပ်နှောင်သွားခဲ့သည်။ ထို့နောက်တွင် သူသည် သူ့ပတ်ဝန်းကျင်တွင် ရှိနေသည့် လူများကို လှည့်ကြည့်လာခဲ့သည်။

“ သူ့ကို မြေအောက်အကျဥ်းစခန်းထဲ ပစ်ချလိုက်။ တကယ်လို့ နတ်ကောင်းကင်ဂိုဏ်းက စိတ်ကျေနပ်စေလောက်မဲ့ ဖြေရှင်းချက်ကို မပေးဘူးဆိုရင်၊ သူမကို ငါသတ်မယ် “

ထို့နောက်တွင် သူသည် နတ်ကောင်းကင်ဂိုဏ်း၏ တစ်ခြားသော လူငယ်တစ်ဦးကို ကြည့်ကာ နတ်ကောင်းကင်ဂိုဏ်းကို သတင်းပြန်ပို့ရန် ပြောလိုက်သည်။

လော့ထျန်းသည် နေရာမှာပင် မှင်သက်နေလျက်ရှိသည်။ ဘိုးဘေးက အတော်လေး အသက်အရွယ် ကြီးရင့်ပြီဖြစ်သော်လည်း၊ သူ၏ ဒေါသမှာ အလွန်တရာ ပြင်းထန်နေစဲဖြစ်သည်။

တောင်ထွဋ်သခင်များနှင့် အကြီးအကဲတို့မှာလည်း ခါးသက်သက် ပြုံးနေတော့လေသည်။

တပည့်တပန်းများကမူ လေးစားအားကျစိတ်တို့ဖြင့် ဖုံးလွှမ်းသွားခဲ့သော်လည်း၊ အနည်းငယ် နောင်တရသွားကြသည်၊ သူတို့သည် ဂိုဏ်းတွင် ဤမျှရက်စက်ကြမ်းတမ်းသော လူတစ်ဦး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လုချန်ရှန်းမှာလည်း အံ့အားသင့်သွားခဲ့သည်။ သူသည် ဤဘိုးဘေးကို သဘောကျသွားခဲ့သည်။ သူသည် ကြီးစိုးကာ ကာကွယ်ပေးတတ်သည်။

ထိုအချိန်တွင် ဘိုးဘေးမှာ သူ့ကို လှည့်ကြည့်လာခဲ့သည်။

“ မင်းက လုချန်ရှန်းပေါ့ “

“ ဟုတ်ပါတယ်၊ ဘိုးဘေး “

“ အင်းး “ သူသည် ခေါင်းငြိမ့်ပြကာ၊ စကားထပ်ပြောလာခဲ့သည် “ စိတ်မပူနဲ့၊ မင်းအတွက် စိတ်ကျေနပ်ရလောက်မဲ့ ဖြေရှင်းချက်တစ်ခု ရှာပေးမယ်။ ငါ့ကန်းယွင်ဂိုဏ်းရဲ့ တပည့်တွေက ဒီလိုအရှက်ခွဲမှုမျိုးကို သည်းခံနေစရာ မလိုဘူး “

“ ကျွန်တော်တို့ ဘိုးဘေးက တန်ခိုးကြီးတယ် “

လုချန်ရှန်းသည် ရယ်မောနေတော့သည်။

လူအုပ်ကြီးသည် ထိုလူနှစ်ဦးကို ကြည့်ကာ၊ အံ့ဩသွားကြပြီး၊ လူတော်တော်များများမှာ စိတ်မသက်မသာ ဖြစ်သွားကြသည်။

နတ်ကောင်းကင်ဂိုဏ်းက အလွန်တရာ အစွမ်းထက်လှပြီး၊ ဤဒေသ၏ အရှင်သခင်ဖြစ်သောကြောင့်၊ သူတို့သည် ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်ရနိုင်ပေသည်။

ဘိုးဘေးသည် သူ၏လက်ကို ဝေ့ရမ်းပြကာ ထွက်သွားတော့သည်။

လူအုပ်ကြီးမှာလည်း လျင်မြန်စွာ ပြန့်ကျဲသွားခဲ့ပြီး၊ ကျောက်ကျင်းကမူ မြေအောက်အကျဥ်းထောင် အတွင်းတွင် ချုပ်နှောင်ခံလိုက်ရသည်။

နင့်ယုရှင်းသည် ထိုမြင်ကွင်းကြောင့် အံ့ဩတကြီး ဖြစ်နေလျက်ရှိပြီး၊ လုချန်ရှန်းနောက်မှ လိုက်ကာ ချင်းယွင်တောင်ထွဋ်ထံသို့ ပြန်သွားတော့သည်။

သူမသည် ဤတစ်ကြိမ်တွင် အမှန်တကယ် အဆင့်တက်ခဲ့လေသည်။

သူမ၏ ကျင့်ကြံရေးအဆင့်မှာ ချီသိပ်သည်းခြင်း အဆင့်၁သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ရုပ်ခန္ဓာလည်း တိုးတက်လာခဲ့ပြီး၊ ဓားပညာကပါ အဆင့်၂သို့ တက်လှမ်းသွားခဲ့သည်။ သူမသည် မည်သည့်နာကျင်မှုကိုမှ မခံစားခဲ့ရဘဲ၊ အလွန်တရာ သက်တောင့်သက်တာ ရှိနေခဲ့သည်။

အံ့အားသင့်ရခြင်းမှာ စကားလုံးတို့နှင့် ဖော်ပြနိုင်သည်ထပ်ပင် ကျော်လွန်နေခဲ့သည်။

များသောအားဖြင့် ချီစုစည်းခြင်း အဆင့်၉မှ ချီသိပ်သည်းခြင်း အဆင့်၁သို့ ရောက်ရှိသွားရန်အတွက် တစ်နှစ်ခွဲအထိ အချိန်ယူရလေ့ရှိသည်၊ သို့သော် သူမကမူ တစ်ရက်မပြည့်ခင် အချိန်မှာပင် အောင်မြင်သွားခဲ့လေသည်။

လုချန်ရှန်းသည် သူမကို နောက်တစ်ကြိမ် ထပ်မံ၍ အံ့အားသင့်သွားစေခဲ့ပြန်သည်။

ယခင်က သူပြောခဲ့သည့် ပက်ကေ့ချ်အကြောင်းကို ပြန်၍အမှတ်ရသွားသော အချိန်တွင်၊ သူမသည် ပို၍ပင် အစွဲဆောင်ခံလိုက်ရပြီး၊ ဝိညာဥ်ကျောက်တုံးများကို တစ်ယောက်ယောက်နှင့် လာပို့ခိုင်းရန်အတွက် အိမ်သို့ စာရေးနေတော့၏။

အဆိုပါ သဘောတူညီချက်မှာ သူမနှင့် သူမ၏ မိသားစုအတွက်ပါ အမှန်ပင် အကျိုးရှိနေခဲ့လေသည်။

တစ်ချိန်တည်းမှာပင် သူမသည် အဆိုပါ စီနီယာအစ်ကို၏ အကြောင်းကို ပိုမိုသိချင်သွားခဲ့သည်၊ ဤကာလအတွင်း၌ သူမသည် မည်သည့်အတွက်ကြောင့် ချင်းယွင်တောင်ထွဋ်ထံသို့ ရောက်လာရလဲဆိုသည်ကိုပင် မေ့လျော့လုမတတ် ဖြစ်နေခဲ့သည်။

ထိုစဥ် လုချန်ရှန်းကမူ ဆေးဖော်ရန်အတွက် ဆေးမီးဖိုခန်းမဆီသို့ ပျော်ရွှင်စွာ ဦးတည်သွားတော့သည်။

ထိုအချိန် ကန်းယွင်ဂိုဏ်း၏ ပင်မခန်းမအတွင်း၌

လော့ထျန်းသည် ခန်းမအလယ်တွင် ရှိနေသည့် ဘိုးဘေးကို စိုးရိမ်ပူပန်မှုတို့ဖြင့် ငေးကြည့်နေခဲ့သည်။

“ ဘိုးဘေး၊ ဒီနေ့ ဘာဖြစ်သွားတာလဲဗျ “

“ တော်လောက်ပြီ။ သူမက ငါ့ရဲ့ ဂိုဏ်းကို အနိုင်‌ကျင့်နေတာ။ ငါတို့က ဒီလိုမိန်းမပျက်ကို ဘာကိစ္စ သည်းခံပေးနေရမှာလဲ “ ဘိုးဘေးမှ ပြန်လည်ချေပလာခဲ့သည်။

လော့ထျန်းမှ ပြန်ပြောလိုက်သည် “ ဒါပင်မဲ့ သူမက နတ်ကောင်းကင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်နေတုန်းပဲလေ “

“ ဘာတွေ ကြောက်နေတာလဲ “

ဘိုးဘေးသည် မျက်လုံးများ ဖွင့်ကာ၊ စူးစူးရဲရဲ ပြန်ကြည့်လာခဲ့သည်။

“ သူတို့က အဲ့ကလေးမလေး ရှန်လင်းကို သဘောကျသွားကြပြီ။ မဟာအကြီးအကဲကတောင် ငါတို့ဆီကို လူကိုယ်တိုင် ရောက်လာခဲ့ပြီး၊ ဝိညာဥ်တစ်သောင်း ခန္ဓာကိုယ်/သဘာဝ ခန္ဓာကိုယ်ကို လိုချင်နေတယ်၊ ဒါပင်မဲ့ သူတို့က ဒီလောက်တောင် မောက်မာနေတုန်းပဲ။ ငါတို့က သူတို့ကို သင်ခန်းစာ မပေးသင့်ဘူးလား။ ပြီးတော့ အဲ့ဒီငါးလေး၊ ပုစွန်လေးတွေက မဟာအကြီးအကဲကို စိန်ခေါ်ရဲမယ်လို့ မင်းထင်လား “

လော့ထျန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ တစ်ခဏခန့် တွေးတောစဥ်းစားနေတော့သည်။

“ အဲ့တာက မှန်ပါတယ်။ ဒါပင်မဲ့ သူတို့က ကန်းယွင်ဂိုဏ်းကို ဘာမှမလုပ်ရဲဘူးဆိုရင်တောင်မှ၊ လုချန်ရှန်းကို ပစ်မှတ်ထားလာမယ်ဆိုရင်ကော ဘယ်လိုလုပ်မလဲဗျ။ ပြီးတော့ ချင်ယုကလည်း ပြည်ထောင်စစ်ပွဲကို သွားတော့မှာလေ။ ဒီကိစ္စကြောင့် ပစ်မှတ်ထားခံရနိုင်တယ်ဗျ “

သူတွေးပူနေခဲ့သည်၊ ကျိုးချင်ယု၏ စွမ်းရည်က အံ့ဖွယ်ကောင်းလွန်းလှသောကြောင့်၊ သူ့ကို ကန်းယွင်ဂိုဏ်းတွင် ဆက်နေခိုင်းခြင်းမှာ သူ၏အနာဂတ်ကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်နေလိမ့်မည် ဖြစ်သည်။

ပိုမိုအားကောင်းသော ဂိုဏ်းထံသို့ ရောက်ရှိသွားမှသာလျှင် သူသည် ပိုမိုကြီးပျင်းတိုးတက်လာမည် ဖြစ်သည်။

လော့ထျန်းသည် ထိုကဲ့သို့သော ပါရမီရှင်မျိုးကို ဆွဲမချချင်ပေ။

ဘိုးဘေးသည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ မင်းက ဘာလို့ ဒီလောက်တောင် ကြောက်နေတာတုန်း။ အသက်သုံးဆယ်တောင် မပြည့်သေးဘဲ၊ ချီသိပ်သည်းခြင်း အဆင့်၉နဲ့ ဓားတာအိုရဲ့ အဆင့်၆ကို ရောက်နေတဲ့လူကို မလိုချင်တဲ့လူရှိပါ့မလားဟ။ သူသွားစရာ နေရာမရှိမှာကို ကြောက်နေတာလား “

“ အမှန်ပါပဲ “

“ ပြီးတော့ သူတို့ရဲ့ ဆရာက သက်ရှိထင်ရှားရှိနေသေးတယ်လေ၊ သူတို့ကို ပစ်မှတ်ထားတာက ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတာပဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လော့ထျန်းမှ ချက်ချင်းမေးမြန်းလိုက်သည် “ အဲ့လူကို ရှာတွေ့ပြီလားဗျ “

“ သူက ဘယ်တုန်းကမှ မပျောက်သွားခဲ့ဘူးလေ “

“ အဲ့တာက …… “

“ ထပ်မမေးနဲ့တော့။ သူ့အကြောင်းကို မသိသလိုပဲ ဟန်ဆောင်နေလိုက်။ မင်းတွေးပူနေဖို့ မလိုဘူး။ အခုလက်ရှိအချိန်မှာ ကန်းယွင်ကို ဘယ်ကောင်ကမှ မထိရဲဘူး။ အဲ့ဒီကောင်မလေး ရှန်လင်းအတွက် အတွက် ပြင်ဆင်မှုတွေ သွားလုပ်ပေးလိုက်တော့ “

“ ဟုတ်ကဲ့ “

လော့ထျန်းသည် ချက်ချင်း ခေါင်းငြိမ့်ပြလိုက်ကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်၊ သို့သော် ဘိုးဘေးသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံပေါ်ပြီး၊ စကားထပ်ပြောလာခဲ့သည် “ ဒါနဲ့ ပြည်ထောင်စစ်ပွဲရဲ့ နေရာတွေထဲက တစ်ခုကို အဲ့ကောင်လေး လုချန်ရှန်းကို ပေးလိုက် “

“ ဘာကြီး “ လော့ထျန်း မျက်မှောင်ကြုတ်သွားခဲ့သည် “ ဘိုးဘေး၊ ကျွန်တော်တို့မှာက နေရာသုံးဆယ်ပဲ ရှိတာလေ။ တကယ်လို့ ကျွန်တော်တို့က လုချန်ရှန်းကို တစ်နေရာ ပေးလိုက်မယ်ဆိုရင် ……… “

“ အဆင်ပြေပါတယ်၊ ပေးသာပေးလိုက်စမ်းပါ “

“ ကောင်းပြီလေ “

လော့ထျန်းသည် ဘိုးဘေး၏ စကားကို မနာခံဘဲ မနေရဲချေ။ သို့သော် သူ့အတွက် စိတ်မကောင်းဖြစ်သွားခဲ့သည်။ ဂိုဏ်းတွင် သူ့ထပ် ပိုအားကောင်းသည့် တပည့်များ ရှိနေပြီး၊ သူတို့ကပင် နတ်ကောင်းကင်ဂိုဏ်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။

လုချန်ရှန်းသာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။

ဂိုဏ်းသည် လျင်မြန်စွာ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ကျောက်ကျင်းမှာ အကျဥ်းချခံထားရပြီး၊ ကျန်နေသည့် တပည့်များကမူ တစ်နေရာတည်းတွင် အချုပ်နှောင်ခံထားရသည်၊ ယခင်က မောက်မာဝင့်ကြွားနေခဲ့သည့် သူတို့မှာ ကြောက်လန့်တကြားဖြင့် တုန်ရင်နေကြပြီ ဖြစ်သည်။

သူတို့သည် ကန်းယွင်ဂိုဏ်းက မကျေမနပ်ဖြစ်သွားမည်ကို ကြောက်နေကြသည်။ အကြီးအကဲကပင် သေလုမျောပါး အရိုက်ခံလိုက်ရသောကြောင့် သူတို့သာဆိုပါက ပိုဆိုးနေလိမ့်မည် ဖြစ်သည်။

နတ်ကောင်းကင်ဂိုဏ်း၏ တပည့်တစ်ချို့ကမူ အနည်းငယ် မျှော်လင့်နေကြသည်၊ ကန်းယွင်ဂိုဏ်း၏ လုပ်ရပ်များက သူတို့၏ဂိုဏ်းကို ပေါ်ပေါ်တင်တင် စော်ကားလိုက်ခြင်း ဖြစ်နေသောကြောင့် ရှေ့ဆက်၍ မည်သည့်အရာများ ဖြစ်ပေါ်လာမလဲဆိုသည်ကို လွန်စွာ သိချင်နေကြသည်။

………………………………………………………………………………………………………………………………….

အပိုင်း ( 26 )

ဈေးမြှင့်ခြင်း

ကန်းယွင်ဂိုဏ်းမှာ ရက်ပေါင်းများစွာ ကြာရှည်သည်အထိ အေးချမ်းတည်ငြိမ်နေခဲ့သည်။

လုချန်ရှန်းမှာလည်း ဆေးမီးဖိုအခန်းအတွင်းမှ လမ်းလျှောက်ထွက်လာခဲ့သည်၊ ကြက်သွေးရောင် ဝိညာဥ်ဆေးကို သန့်စင်ခဲ့ပြီးပြီ ဖြစ်သည်၊ သူသည် မွေးရာပါ ဝိညာဥ်အဆင့်သို့ သွားရန်အတွက် ဝိညာဥ်ကျောက်တုံးများကိုသာ စုဆောင်းရတော့မည် ဖြစ်သည်။

ထိုအချိန်မှစ၍ သူသည် လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်တော့မည် ဖြစ်သည်၊ ညှဥ်းပန်းနှိပ်စက်ခံရမည်ကို တွေးပူနေရန် မလိုဘဲ၊ အကြိမ်ရေ အကန့်အသတ် မရှိဘဲ ကျင့်ကြံနိုင်တော့မည် ဖြစ်သည်၊ သူ၏ ကျင့်ကြံရေးမှာလည်း ပိုမိုမြန်ဆန်လာတော့မည် ဖြစ်သည်။

ဝိညာဥ်ကျောက်တုံးများအကြောင်း စဥ်းစားခြင်းမှာ သူ့ကို ခေါင်းကိုက်သွားစေခဲ့သည်၊ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိရန် ဝိညာဥ်ကျောက်တုံး သုံးသိန်း၊ ပမာဏမှာ ပိုပို၍ ကြီးမားလာခဲ့သည်။

ယခုလက်ရှိ အချိန်၌ သူ့လက်ထဲတွင် လေးသောင်းရှိနေခဲ့သည်၊ နင့်ယုရှင်း၏ တစ်သိန်းက မည်သည့်အချိန်မှ ရောက်ရှိလာမလဲဆိုသည်ကို သူ မသိပေ။ ၎င်းတို့ကို ပေါင်းစည်းလိုက်မည်ဆိုလျှင်တောင်မှ၊ တစ်သိန်းလေးသောင်းမျှသာ ရှိဦးမည် ဖြစ်သည်၊ ကျန်သည့်အရာများကို မည်သည့်တွင်းမှ သွားနှိုက်ရမည်နည်း။

အတွေးများနေခဲ့ပြီးသည့်နောက်တွင် သူသည် သူသိသမျှ လူများအနက် နင့်ယုရှင်း တစ်ဦးတည်းထံတွင်သာ ငွေရှိသည်ကို နားလည်သွားခဲ့သည်။

သို့သော် သူမက သူ့ကို တော်တော်များများ ပေးထားခဲ့ပြီဖြစ်သောကြောင့်၊ သူသည် နွားမကြီးတစ်ကောင်တည်းထံမှ နို့ဆက်ညှစ်နေ၍ မဖြစ်ပေ။

၎င်းသာလျှင် မဟုတ်ဘဲ၊ သူသည် နင့်ယုရှင်းက ဤကာလအတွင်းတွင် ကျိုးချင်ယုကို သွားမရှာဘူးဆိုသည်ကို သတိပြုမိနေခဲ့သည်၊ ထို့အပြင် သူမသည် ကျင့်ကြံနေခြင်းမှအပ ကျန်သည့်အချိန်များ၌ ကျောက်တုံးစားပွဲပေါ်တွင်သာ ထိုင်၍ အတွေးနက်နေလေ့ရှိသည်။

လုချန်ရှန်းသည် စိုးရိမ်တကြီးဖြစ်သွားခဲ့သည်။

နင့်ယုရှင်းသည် ကျိုးချင်ယုအတွက် ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ ထို့ကြောင့်ပင် သူမသည် ကြိုးစားအားထုတ်၍ ကျင့်ကြံနေခဲ့ပြီး၊ ဓားရည်ရွယ်ချက်ကို ပိုင်ဆိုင်နိုင်ခဲ့သည်၊ ၎င်းကြောင့်ပင် စီးပွားရေး အခွင့်အလမ်းများ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူမသာ လက်လျှော့သွားမည်ဆိုပါက၊ သူ၏စီးပွားရေး ကျဆုံးသွားလိမ့်မည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် နင့်မိသားစုဝင်တစ်ဦးက ဝိညာဥ်ကျောက်တုံးများ လာပို့နေသည်ဆိုသည်ကို မေးမြန်းစုံစမ်းရင်းဖြင့် သိရှိခဲ့ရသည်၊ ကြည့်ရတာတော့ ဒီငွေတွေအတွက်တော့ ပူနေစရာမလိုတော့ဘူးပဲ

“ ဂျူနီယာညီမလေးနင့်၊ နင်က စီနီယာအစ်ကို့ကို ဘာလို့ သွားမရှာရတာလဲ။ သူအလုပ်ရှုပ်နေလို့လား “ လုချန်ရှန်းသည် ရှေ့သို့ တက်ကာ မေးမြန်းလိုက်သည်။

နင့်ယုရှင်းမှ ခေါင်းခါပြလာခဲ့သည် “ မဟုတ်ပါဘူး၊ ကျွန်မက သူ့ကို ထပ်ပြီးတော့ မနှောင့်ယှက်ချင်တော့လို့ပါ “

“ အဲ့တာက ဘာစကားကြီးလဲ “

လုချန်ရှန်း မှင်သက်သွားခဲ့သည်၊ သူမက စိတ်ပြောင်းသွားတာလားဟ

လူနှစ်ဦးသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်၊ ထို့နောက်တွင် နင့်ယုရှင်းမှ ရုတ်တရက် စကားစပြောလာခဲ့သည် “ စီနီယာအစ်ကိုလု၊ ကျွန်မဒီမှာ ရှိနေတာက တော်တော်လေးကြာနေပြီ၊ ဒါပင်မဲ့ ရှင်နဲ့ ကျင့်ကြံရေး အကြောင်းကို မဆွေးနွေးဖူးသေးဘူးနော် “

“ ငါတို့က တစ်ချိန်လုံး ဆွေးနွေးခဲ့တယ်မဟုတ်ဘူးလား “

“ အဲ့တာက ရှင်က ကျွန်မကို သင်ပေးနေတာလေ၊ မတူပါဘူး “

လုချန်ရှန်းသည် အံ့ဩသွားကာ စကားပြန်ပြောလိုက်သည် “ အဲ့တာတွေ အကုန်လုံးက ဆရာနဲ့ စီနီယာအစ်ကိုရဲ့ အတွေ့အကြုံတွေချည်းပဲလေ၊ ငါနင့်ကို မသင်ပေးနိုင်ပါဘူးဟာ “

“ ဒါဆိုရင် စီနီယာအစ်ကို၊ ကျင့်ကြံရေးအပေါ်မှာ ရှိတဲ့ ရှင့်ရဲ့အမြင်က ဘာလဲ “

“ နင့်ရဲ့ စိတ်နှလုံးသားနှင့် ပင်ကိုယ်စရိုက်အတိုင်းပဲ လုပ်ပါ “

နင့်ယုရှင်းမှ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ရှင်က အဲ့တာကို ဘယ်လိုနားလည်ခဲ့တာလဲ “

“ နင်ကျင့်ကြံချင်တဲ့ အချိန်ကျရင် ကျင့်ကြံလိုက်၊ စိတ်မပါဘူးဆိုရင် မကျင့်ကြံနဲ့။ တကယ်လို့ နင့်ဆီမှာ ရည်မှန်းချက်တစ်ခုခု ရှိတယ်ဆိုရင်၊ အဲ့ပန်းတိုင်ဆီ အရောက်သွားပါ။ တကယ်လို့ နင့်ဆီမှာ မရှိဘူးဆိုရင်၊ အဲ့တာက နင့်ရဲ့ စိတ်အခြေအနေအပေါ်ကို မူတည်သွားပြီ။ ရည်ရွယ်ချက်မရှိဘဲ ကျင့်ကြံတာက အကျိုးသက်ရောက်မှု သိပ်မရှိဘူး။ စွဲလမ်းတာက လမ်းလွဲစေတတ်လို့ လူတွေက ပြောတတ်ကြတယ်၊ ဒါပင်မဲ့ တစ်ခါတစ်လေမှာတော့ စွဲလမ်းတာက လူတစ်ဦး၏ တာအိုစိတ်နှလုံးသားကို ယာယီအားကောင်းသွားစေနိုင်တယ် “

“ ဒါဆိုရင် စီနီယာအစ်ကို၊ အခုလက်ရှိ အချိန်မှာ ရှင်စိတ်မပါဘူးလား၊ ဒါမှမဟုတ်၊ ရှင့်ဆီမှာ ရည်မှန်းချက် တစ်ခုခု မရှိဘူးလား “

“ ငါက …… “ လုချန်ရှန်းသည် ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း၊ မည်ကဲ့သို့ တုံ့ပြန်ရမလဲဆိုသည်ကို ဝေခွဲမရဖြစ်သွားခဲ့သည်။ သူ့ထံတွင် ငွေမှလွဲ၍ အရာအားလုံး ရှိနေခဲ့သည်။

“ ဟူးးး “

၎င်းကို တွေးမိသွားသောအချိန်တွင် သူသည် သက်မကြီး ချကာ၊ ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် “ ဂျူနီယာညီမလေး၊ ငါနင့်ကို တကယ်အားကျတယ်။ ငါလည်း နင့်မိသားစုမှာ မွေးဖွားခဲ့ရင် သိပ်ကောင်းမှာပဲ “

နင့်ယုရှင်း အံ့အားသင့်သွားခဲ့သည်၊ အကြောင်းပြချက်တစ်ချို့ကြောင့် သူမသည် တစ်စုံတစ်ခုကို တွေးမိသွားကာ ပါးပြင်ပေါ်တွင် ရှက်သွေးလေးများ ဖြာသွားခဲ့သည်။

ထိုစဥ် ကန်းယွင်ဂိုဏ်းအတွင်းတွင် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ သူမစုံစမ်းမစစ်ဆေးရသေးခင် အချိန်မှာပင်၊ ကောင်းကင်ထက်သို့ ပုံရိပ်များစွာ ထောင်တက်လာခဲ့ကာ၊ ချင်းယွင်တောင်ထွဋ်ထံသို့ ဦးတည်လာကြသည်။

သူတို့ကို မြင်လိုက်ရသောအချိန်တွင်၊ လင်းပေါ်သည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် လော့ရှန်လင်းတို့နှင့်အတူ ရောက်လာခဲ့သည်။

“ ဂျူနီယာသိုင်းပညာဦးလေး လင်းပေါ်၊ စီနီယာအစ်ကို့ကို လာတွေ့တာလား “ လုချန်ရှန်းသည် မတ်တပ်ထရပ်ကာ၊ မေးမြန်းလိုက်သည်။

လင်းပေါ်မှ ပြန်ပေါ်လာခဲ့သည် “ တစ်ယောက်ယောက်က မင်းကို ရှာနေတာလေ၊ ငါက သူ့ကို ခေါ်လာပေးရုံပါပဲ “

“ ကျွန်တော့်ကို ရှာနေတာလား “

လုချန်ရှန်းသည် ထိုအမျိုးသားကို ကြည့်လိုက်သည်။

ထိုလူသည် ချက်ချင်းရှေ့တက်ကာ စကားပြောလာခဲ့သည် “ဒီမိတ်‌ဆွေငယ်လေးက ချန်ရှန်းပဲဖြစ်ရမယ် “

“ ကျွန်တော်ပါပဲ။ ခင်ဗျားက ဘယ်သူလဲ “

“ ငါက နတ်ကောင်းကင်ဂိုဏ်းက မုန့်လန်ပါ။ အရင်က ဖြစ်ရပ်အတွက် မိတ်ဆွေလေးကို တောင်းပန်ဖို့အတွက် ငါရောက်လာခဲ့တာပါ “ ထိုလူမှ ချိုသာစွာ ပြောဆိုလာခဲ့သည်။

လုချန်ရှန်းသည် နောက်ထပ်တစ်ကြိမ် ထပ်မံ၍ အံ့အားသင့်သွားခဲ့သည်။

နတ်ကောင်းကင်ဂိုဏ်းက တပ်ဖွဲ့တွေ လွှတ်လိုက်တာ မဟုတ်ဘဲ၊ ငါ့ကို တောင်းပန်ဖို့ တကယ်ကြီး လူလွှတ်ပေးလိုက်တယ်ပေါ့

မုန့်လန်မှ စကားဆက်ပြောလာခဲ့သည် “ ငါ့ဂိုဏ်းက လူတွေရဲ့ ပေါ့လျော့မှုကြောင့် မိတ်ဆွေလေးက ဒဏ်ရာရလုနီးပါး ဖြစ်သွားခဲ့တယ်။ အဲ့ကိစ္စအတွက် ငါတော်တော်ကြီးကို စိတ်မကောင်းဖြစ်ရတယ် “

ထိုစကားကို ကြားလိုက်ရသော အချိန်တွင် လုချန်ရှန်းသည် ထိုလူ့ကို စိုက်မကြည့်ဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

ချင်းယွင်တောင်ထွဋ်တစ်ခုလုံးသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

“ အဲ့တာပဲလား။ တောင်းပန်တာလေးပဲလား “ လုချန်ရှန်းမှ စကားထပ်ပြောလိုက်သည်။

လင်းပေါ်သည် တဟားဟား ရယ်မောနေတော့သည်၊ မင်းတို့က လုချန်ရှန်းကိုမှ သွားထိတာကိုးကွာ။ သွေးမအန်ရဘဲနဲ့ ဒီကိစ္စ ပြီးမှာမဟုတ်ဘူး

မုန့်လန်သည် သူ၏ဆိုလိုရင်းကို နားလည်သွားကာ၊ အိတ်တစ်လုံးကို ထုတ်ယူ၍ လွှဲပြောင်းပေးအပ်လာခဲ့သည်။

“ ဒါက နတ်ကောင်းကင်ဂိုဏ်းက မိတ်ဆွေလေးကို ပေးတဲ့ နစ်နာကြေးပါ။ ကျေးဇူးပြုပြီးတော့ ငါတို့ကို ခွင့်လွှတ်ပေးပါ “

လုချန်ရှန်း၏ နှုတ်ခမ်းလေးများသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူသည် ၎င်းကို ယူကာ၊ စကားထပ်ပြောလိုက်သည် “ နတ်ကောင်းကင်ဂိုဏ်းက တကယ်ကြီးကို တွေးတောတတ်တာပဲ ……. ဝိညာဥ်ကျောက်တုံး နှစ်ထောင်လေးပဲပေါ့ “

“ ဟမ် “

အလျော့ပေးလိုက်တော့မည့် အချိန်တွင် သူ၏အသံနေ အသံထားမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

မုန့်လန် မှင်သက်သွားခဲ့သည်။

လင်းပေါ် မျက်မှောင်ကြုတ်သွားခဲ့သည်။ နှစ်ထောင်လေးပဲဆိုတာက ဘာကိုဆိုလိုတာလဲဟ

နှစ်ထောင်က နည်းလွန်းနေတာလား

ကိုယ်ပိုင်တပည့် တစ်ဦးသည် တစ်လလျှင် ဝိညာဥ်ကျောက်တုံး ဆယ်ခုမျှသာ ရလေ့ရှိပြီး၊ တောင်ထွဋ်သခင်တစ်ဦးကပင် တစ်ရာကျော်ရုံမျှသာ ရရှိတတ်သည်၊ နှစ်ထောင်ဆိုသည်မှာ နှစ်နှစ်ဆယ်နီးပါး ထိုက်တန်လှသော အရာဖြစ်သည်၊ မင်းက အဲ့တာကို မ‌ကျေနပ်သေးဘူးလားဟ

“ မိတ်ဆွေလေးက ဒီလျော်ကြေးနဲ့ ပတ်သက်ပြီးတော့ စိတ်ကျေနပ်မှု မရှိဘူးလား “ ဟုမုန့်လန်မှ မေးမြန်းလာခဲ့သည်။

လုချန်ရှန်း ဆွံ့အသွားခဲ့သည်။ ဒီလောက်တောင် နည်းလွန်းနေတဲ့ဟာကို ဘယ်လိုလုပ် စိတ်ကျေနပ်မှုရှိရမှာလဲဟ။ သူတောင်းစားတစ်ယောက်ကို လှူနေသလိုကြီးပဲ

ငါက ဓားဂူမှာ တော်တော်ကြီးကို အန္တရာယ်များလွန်းတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာလေ။ ငါ့ရဲ့ အသက်က နှစ်ထောင်ပဲတန်တာလားဟ

သို့ရာတွင် သူသည် ချိုချိုသာသာ ဆက်ပြောနေသေးသည် “ ကောင်းပြီလေ၊ စီနီယာ၊ ကျွန်တော်က နည်းလွန်းနေတယ်လို့ ပြောနေတာ မဟုတ်ပါဘူး၊ ဒါပင်မဲ့ အဲ့အချိန်တုန်းက ဝမ်မင်က ကျွန်တော့်ကိုပဲ ထိခိုက်ဒဏ်ရာရခဲ့အောင် လုပ်ခဲ့တာ မဟုတ်ဘူးလေ၊ ဟော့ဒီက ကျွန်တော့်ရဲ့ ဂျူနီယာ ညီမလေးကိုပါ ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တာ။ ကျွန်တော်တို့က အဲ့မှာ သေလုနီးပါး ဖြစ်ခဲ့တာဗျ၊ အဲ့တာကြောင့် ……… “

လင်းပေါ် ဆွံ့အသွားကာ၊ မသိချင်ယောင်ဆောင်နေတော့သည်။

နင့်ယုရှင်းမှာလည်း တအံ့တဩ ဖြစ်သွားခဲ့ပြီး၊ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားခဲ့သည်။

မုန့်လန်သည် ချက်ချင်းသဘောပေါက်သွားကာ၊ ဝိညာဥ်ကျောက်တုံး တစ်ထောင်ပါဝင်သည့် နောက်ထပ်အိတ်တစ်လုံးကို လွှဲပြောင်းပေးလာခဲ့သည်။

“ ကျေးဇူးပြုပြီးတော့ ငါတို့ကို ခွင့်လွှတ်ပေးပါ မိတ်ဆွေလေး “ မုန့်လန်မှ စကားထပ်ပြောလာခဲ့သည်။

၎င်းသည် လုချန်ရှန်းကို ထပ်မံ၍ မျက်မှောင်ကြုတ်သွားစေခဲ့သည်။ သူတို့က ဤမျှသာ ပေးလာခဲ့သောကြောင့်၊ သူလုပ်နိုင်သည့် အရာမရှိပေ။ အကယ်၍ သူကသာ ထပ်တောင်းလိုက်မည်ဆိုပါက၊ သူက အလွန်လောဘကြီးရာ ရောက်သွားမည် ဖြစ်သည်။

သူသည် သူ၏လက်ကို ဝေ့ရမ်းပြကာ၊ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ကောင်းပြီလေ၊ ဒီတစ်လမ်းပဲ ရှိတော့တာပေါ့ဗျာ “

လင်းပေါ် ပြုံးသွားခဲ့သည်။ မင်းက သုံးထောင်တောင် မြတ်သွားပြီလေ၊ မင်းက ဘာတွေထပ်လိုချင်နေသေးတာလား

မုန့်လန်မှ စကားထပ်ပြောလာခဲ့သည် “ မိတ်ဆွေလေး၊ မင်းရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် ……. “

“ တစ်ခုရှိသေးတယ် “

“ ဘာကြီးလဲ “

လော့ရှန်လင်းသည် မနေနိုင်တော့ဘဲ စကားဝင်ပြောလာခဲ့သည် “ စီနီယာအစ်ကိုချန်ရှန်း၊ ပြောချင်တာရှိရင် ပြောလိုက်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ရှင်စိတ်ကျေနပ်သွားရအောင် လုပ်ပေးမှာပါ၊ ရှင်ခံစားခဲ့ရတာကို အချည်းနှီး ဖြစ်ခွင့်မပေးဘူး “

သူမသည် မာန်ပါပါဖြင့် စကားဝင်ပြောလာခဲ့ပြီး၊ မုန့်လန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊ လူများကို အံ့အားသင့်သွားစေခဲ့သည်။

ပို၍အံ့ဖွယ်ကောင်းသည်မှာ မုန့်လန်က သူမကို လွန်စွာလေးစားနေပြီး၊ သူမ၏ စကားတိုင်းကို နားထောင်ခဲ့ခြင်း ဖြစ်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ စီနီယာ၊ ခင်ဗျားလည်း တွေ့ပါတယ်ဗျာ၊ ကျွန်တော်တို့က ကြီးကြီးမားမား ထိခိုက်သွားတာ မရှိဘူးဆိုပင်မဲ့၊ အသက်ရှင်ဖို့အတွက် တန်ဖိုးကြီးတစ်ခု ပေးခဲ့ရတယ်လေ။ ပျက်စီးသွားတဲ့ ပစ္စည်းတွေအတွက် ပြန်မလျော်သင့်ဘူးလားဗျ။ နတ်ကောင်းကင်ဂိုဏ်းက ကြီးကျယ်တဲ့ လုပ်ငန်းကြီးတစ်ခုပဲလေ၊ အဲ့တာတွေက ခင်ဗျားတို့အတွက် ဘာမှမဟုတ်ပါဘူးဗျာ။ ဒါပင်မဲ့ ကျွန်တော်တို့အတွက်ကတော့ အဲ့တာတွေက အသက်နဲ့ ကံကြမ္မာပဲလေ “

“ အမှန်ပဲ “ မုန့်လန်သည် ၎င်းက ကြောင်းကျိုးဆီလျောသည်ဟု ခံစားသွားရကာ ခေါင်းငြိမ့်ပြလာခဲ့သည်။ သူသည် ထိုနေ့က လှုပ်ခတ်မှုက မည်မျှ ကြီးမားလဲဆိုသည်ကို ကြားသိခဲ့ရသည်။ ထို့ကြောင့် သူတို့ ရှင်သန်နိုင်ခြင်းမှာ ကံကောင်းခြင်းသပ်သပ်ပင် မဟုတ်ပေ။

ကာကွယ်ရေး နည်းလမ်းတစ်ချို့ ရှိနေသောကြောင့်ပင် ဖြစ်သည်။

လင်းပေါ်သည် ပြုံးစိစိသာ ဖြစ်သွားခဲ့ပြီး၊ စကားဝင်မပြောလာခဲ့ပေ။ သူသည် အစကတည်းက မှန်းဆမိနေခဲ့ပြီဖြစ်သော်လည်း၊ သူ့ကို အထင်သေးမိနေသေးသည်။ နတ်ကောင်းကောင်ဂိုဏ်းကတော့ ကောင်းကောင်းကြီးတော့ အနွှာခံရတော့မဲ့ပုံပဲ

သို့ရာတွင် လုချန်ရှန်းသည် ယခင်က ချင်းယွင်တောင်ထွဋ်၏ စာရင်းကိစ္စကို တာဝန်ယူခဲ့ဖူးပြီး၊ ပိုလျှံနေသည့် အရာအားလုံးကို ယူဆောင်သွားခဲ့သည်၊ ထို့ကြောင့် သူ့ထံတွင် ရတနာပစ္စည်းတစ်ချို့ ရှိကောင်း ရှိနေနိုင်ပေသည်၊ ရေတွက်ကြည့်လိုက်မည်ဆိုပါက အနည်းဆုံးအနေဖြင့် ဝိညာဥ်ကျောက်တုံး တစ်သောင်းနီးပါး ရှိနေလိမ့်မည် ဖြစ်သည်။

သို့သော် လုချန်ရှန်းသည် သူ့ဘေးနားတွင် ရှိနေသည့် နင့်ယုရှင်းကို ငေးကြည့်ကာ စကားပြန်ပြောလိုက်သည် “ ပြီးတော့ ကျွန်တော်ရဲ့ ဂျူနီယာညီမလေး၊ သူမရဲ့ အဖေက ကန်းပြည်နယ်ရဲ့ အချမ်းသာဆုံး သူဌေးကြီးလေ၊ သူမရဲ့ ပစ္စည်းတွေက ကျွန်တော့်ထပ်တောင် ပိုပြီးတော့ တန်ဖိုးကြီးသေးတယ်။ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ၊ ကျွန်တော်က အများကြီး မတောင်းဆိုပါဘူး၊ စီနီယာရာ။ ဝိညာဥ်ကျောက်တုံး သုံးသောင်းပဲပေးပါ၊ ပိုပေးချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ် “

မုန့်လန် : “ … “

သုံးသောင်းဟု ကြားသိလိုက်ရသည့် အချိန်တွင် လင်းပေါ်မှာလည်း အငြိမ်မနေနိုင်တော့ပေ။ ၎င်းမှာ ဂိုဏ်း၏ တစ်နှစ်စာဝင်ငွေဖြစ်သည်၊ ၎င်းသည် မတန်တဆ ဈေးတင်ကာ လိမ်လည်လိုက်သည့်အလား ဖြစ်နေခဲ့သည်။

……………………………………………………………………………………………………………………………………….

အပိုင်း ( 27 )

ဘက်ပေါင်းစုံမှ ရောက်ရှိလာကြခြင်း

ဒီကောင်စကားပြောလေလေ၊ ပိုပြီးတော့ အန္တရာယ်ရှိလေလေပဲ၊ ဈေးကို သုံးသောင်းအထိ ချက်ချင်းတင်လိုက်တာပဲ

လင်းပေါ် မှင်သက်သွားခဲ့သည်။

မုန့်လန်မှာလည်း မယုံကြည်နိုင်ဖြစ်နေသော အမူအရာနှင့်အတူ သူ့ကို ကြည့်လာခဲ့သည်။

သူသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့သော်လည်း၊ မည်ကဲ့သို့ ငြင်းပယ်ရမလဲဆိုသည်ကို အဖြေမရှာနိုင်ခဲ့ပေ။

နင့်ယုရှင်းက နင့်မိသားစု အချမ်းသာဆုံးလး ဖြစ်နေသောကြောင့် သူမ၏ ပစ္စည်းများက အလွန်တရာ တန်ဖိုးကြီးသည်ဆိုသည်မှာ ကျိုးကြောင်းဆီလျော်သော ကိစ္စတစ်ခုပင် ဖြစ်သည်။

ထို့အပြင် ဓားဂူ၏ ဝရုန်းသုန်းကား ဖြစ်မှုကလည်း လွန်စွာကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ ၎င်းကို ကာကွယ်ရန်အတွက် ထူးခြားသော နည်းလမ်းများ သေချာပေါက် လိုအပ်မည် ဖြစ်သည်။ ၎င်းသည် သူမည်မျှပင် တွေးတောစဥ်းစားနေပါစေ၊ ပြစ်ချက်မရှိ ပြီးပြည့်စုံနေခဲ့သည်။

သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့်၊ မုန့်လန်သည် သူက အလိမ်ခံနေရသည်ဟု ခံစားနေခဲ့ရသည်၊ သို့သော် ၎င်းကို သက်သေပြရန်အတွက် မည်သည့်သက်သေမှ ရှိမနေခဲ့ပေ။

သူသည် ဆင်းမွဲတေမှုကြောင့် ရူးသွပ်သွားသည့် လူတစ်ဦး၏ ငွေညှစ်မှုကို ခံနေရသည်ဟု ခံစားနေခဲ့ရသည်၊ သို့သော် ၎င်းက ကျိုးကြောင်းမဆီလျော်ဘူးဟု မည်ကဲ့သို့ တုံ့ပြန်ရမလဲဆိုသည်ကို အဖြေမရှာနိုင် ဖြစ်နေခဲ့သည်။

ထိုအချိန်၌ အနီးအနားတွင် ရပ်နေသည့် လော့ရှန်လင်းမှ စကားထပ်ပြောလာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်းက ချင်းယွင်တောင်ထွဋ်အတွက် အချိန်အတော်ကြာ အလုပ်လုပ်ပြီးတော့ ငွေစုနေခဲ့ရတာ၊ အခုတော့ ရှင်တို့ကြောင့် အဲ့တာတွေ အားလုံးပျက်စီသွားပြီ။ တကယ်လို့ ရှင်တို့က လျော်ကြေးမပေးဘူးဆိုရင်၊ ဆရာ့ဆီက သွားတောင်းလိုက်မယ် “

ထိုစကားကို ကြားလိုက်ရသောအခါတင် မုန့်လန်၏ ခြေထောက်များ ပျော့ခွေသွားကာ၊ အလောတကြီး စကားထပ်ပြောလာခဲ့သည် “ ဂျူနီယာ သိုင်းပညာဦးလေး၊ စိတ်မပူပါနဲ့ဗျာ။ ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်ဗျ “

လုချန်ရှန်း မှင်သက်သွားခဲ့သည်။

ဘာကို ဂျူနီယာ သိုင်းပညာဦးလေးလဲဟ

သူမက နတ်ကောင်းကင်ဂိုဏ်းက လူတွေကိုတောင် အမိန့်ပေးလို့ရတာလားဟ၊ ဂျူနီယာ ညီမလေးက အကောင်ကြီးတစ်ကောင်များ ဖြစ်နေတာလား

( ဒီနေရာမှာ သုံးတဲ့ အကောင်ကြီးဆိုတာက သတ္တဝါ(သို့)သားရဲတိရိစ္ဆာန်ကို ပြောတာမဟုတ်ဘဲ ရာထူးအာဏာကြီးတဲ့လူကို ပြောတာပါ )

မေးခွန်းလေးများ ပေါ်ထွက်လာခဲ့သည်။

သူအတွေးနက်နေသည့် အချိန်မှာပင် သူ့ထံသို့ အိတ်တစ်လုံး ထပ်မံရောက်ရှိလာခဲ့သည်။

မုန့်လန်သည် ဤနေရာတွင် ဆက်မနေရဲတော့သည့်အတွက် ချက်ချင်းလှည့်ထွက်သွားတော့သည်။

လော့ရှန်လင်းသည် လုချန်ရှန်း၏ ဘေးနားသို့ ရောက်လာကာ၊ စကားထပ်ပြောလာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်း၊ တကယ်လို့ အဲ့တာက မလောက်သေးဘူးဆိုရင်၊ ခဏစောင့်နေဦးနော်၊ မကြာခင် အချိန်မှာ ကျွန်မထပ်ပို့ပေးပါ့မယ် “

“ ??? “

လုချန်ရှန်းသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

လင်းပေါ်သည် ထွက်ခွာသွားသည့် ထိုနှစ်ဦးကို စောင့်ကြည့်နေရင်းဖြင့်၊ ဝိညာဥ်ကျောက်တုံးအိတ်ကို အားကျမှုတို့ဖြင့် စိုက်ကြည့်လာခဲ့သည်။

“ မင်း၊ ကောင်စုတ်လေး၊ မင်းက တော်တော်လေးကို ရက်စက်တာပဲကွ “

လင်းပေါ်သည် မျက်နှာကြီးရှုံ့မဲ့ကာ စကားစပြောလာခဲ့သည်။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဂျူနီယာ သိုင်းပညာဦးလေး၊ ခုနက သူပြောသွားတဲ့ ဂျူနီယာ သိုင်းပညာ ဦးလေးဆိုတာက ဘာကိုဆိုလိုတာလဲဗျ “

လင်းပေါ်သည် သူ့ကို ကြည့်ကာ၊ ပြန်ပြောလာခဲ့သည် “ အဲ့တာက မင်းမသိသေးတဲ့ ကိစ္စတစ်ခုပဲ။ နတ်ကောင်းကင်ဂိုဏ်းရဲ့ မဟာအကြီးအကဲက အဲ့ကောင်မလေး၊ ရှန်လင်းကို သဘောကျသွားတယ်လေ “

“ ဘာ။ မဟာအကြီးအကဲက သူမကို သဘောကျသွားတာလား။ သူက ဘယ်လောက်တောင် အိုနေလိုက်မလဲ။ ရွံစရာကြီးကွာ။ သူတို့က တကယ်ကြီး ……… “

“ သူက အမျိုးသမီးတစ်ယောက်ဟ …….. “ လင်းပေါ် ဆွံ့အသွားပြီး၊ သူခေါင်းတွင် မည်ကဲ့သို့သော အတွေးများ ရှိနေလဲဆိုသည်ကို သိချင်သွားခဲ့သည်။

“ အို့ “

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ ဆက်မေးလိုက်သည် “ ပြီးတော့ရော “

“ ခုနတုန်းက လူက လော့ရှန်လင်းကို လာကြိုတာ။ မုန့်လန်က အဲ့ဒီမဟာအကြီးအကဲရဲ့ မျိုးဆက်ဘက်ကလာတဲ့ ဂျူနီယာတပည့် တစ်ယောက်ပဲ “

“ ဪ၊ အဲ့လိုကိုး “ လုချန်ရှန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ သူမက လမ်းလွဲသွားပြီလို့ ကျွန်တော်ထင်နေတာ ”

“ မင်းဘာတွေ တွေးနေတာလဲ “ လင်းပေါ်သည် သူ့ကို မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ သူမက နေရာကောင်းတစ်ခုကို ရှာတွေ့သွားပြီ၊ ငါတို့ရဲ့ ဂိုဏ်းကလည်း သူမကြောင့်ပဲ ဂုဏ်တက်သွားလိမ့်မယ်။ ငါတို့အားလုံးက အဲ့ကောင်မလေးဆီကနေ အကျိုးအမြတ်တွေ ရလိမ့်မယ် “

“ ဆိုတော့ နောင်အနာဂတ်မှာ ကန်းယွင်ဂိုဏ်းကို ဘယ်သူကမှ စော်ကားရဲတော့မှာ မဟုတ်ဘူး “

“ အမှန်ပဲ “

လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ အဲ့တာက ငါလိုချင်နေတဲ့ ဘဝပဲလေ

အကယ်၍ ကျိုးချင်ယုကပါ နင့်ယုရှင်းကို လက်ထပ်ပြီး၊ ရံဖန်ရံခါတွင် သူ့ကို ကူညီပေးလာမည်ဆိုပါက၊ ဤဘဝက ပြီးပြည့်စုံသွားမည် ဖြစ်သည်။

ဒေါင်

လုချန်ရှန်းက အနာဂတ်အကြောင်း တွေးတောစဥ်းစားကာ စိတ်ကူးယဥ်နေသည့် အချိန်တွင်၊ ခေါင်းလောင်းသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

လင်းပေါ်သည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ပြီး၊ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

“ ကန်းယွင်လျှို့ဝှက်နယ်မြေ ဖွင့်တော့မှာပဲ “

“ ဒီလောက်တောင် မြန်တာလား “

“ ဟုတ်တယ်။ ဒီတစ်ကြိမ်မှာ လူတော်တော်များများကို ဆွဲဆောင်သွားတယ်လေ။ ကန်းယွင်ကားချပ် ပေါ်လာမလားဆိုတာကို ငါသိချင်မိတယ်။ တကယ်လို့ ပေါ်လာခဲ့မယ်ဆိုရင်၊ အဲ့တာက ငါတို့လူတွေရဲ့ လက်ထဲကို ရောက်သွားပါစေလို့ ငါဆုတောင်းတယ် “

လင်းပေါ်သည် ဟန်ဆောင်မှု မရှိဘဲ ပြောပြလာခဲ့ပြီး၊ ထို့နောက်တွင် ချင်းယွင်တောင်ထွဋ်မှ ထွက်သွားခဲ့သည်။

နင့်ယုရှင်းမှာလည်း သတိပြန်ဝင်လာခဲ့ပြီ ဖြစ်သည်။ သူမသည် ဝိညာဥ်ကျောက်တုံး အားလုံးကို ယူဆောင်သွားသည့် လုချန်ရှန်းကို ကြည့်နေရင်းဖြင့် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူမသည် ၎င်းကို ဂရုစိုက်မပေ၊ ဝိညာဥ်ကျောက်တုံး အနည်းငယ်က သူမ၏ အာရုံစူးစိုက်မှုနှင့် မထိုက်တန်ပေ။

သူမသည် ထိုလူ့ကို ငေးကြည့်နေမိခဲ့သည်။ သူမအရှေ့တွင် ရှိနေသည့် ထိုလူမှာ ကောလဟာလများအတိုင်း ဖြစ်နေခဲ့သည်၊ သို့သော် သူသည် သူမ၏ သိလိုစိတ်ကို နှိုးဆွပေးနေခဲ့သည်။ သူမသည် သူ့ထံတွင် လူမသိသည့် ဘက်အခြမ်း ရှိနေသည်ဟု အမြဲလိုလို ခံစားနေခဲ့ရသည်။

တစ်ခဏအကြာတွင် သူမသည် စကားစပြောကာ၊ မေးမြန်းလိုက်သည် “ စီနီယာအစ်ကိုလု၊ ကန်းယွင်ကားချပ်ဆိုတာက ဘာလဲ။ အဲ့တာက တော်တော်လေးကို အဖိုးတန်မဲ့ပုံပဲ “

“ ငါလည်းသေချာ မသိဘူး၊ အဲ့တာက ဂိုဏ်းက ပျောက်သွားတဲ့ မှော်ရတနာတစ်ခုဖြစ်နေမယ်ထင်တယ် “

ဤနေရာတွင် ဆယ်နှစ်ကျော် နေထိုင်လာခဲ့သောကြောင့် သူသည် ကန်းယွင်ကားချပ်ဆိုသည့် စကားလုံးကို ကြိမ်ဖန်များစွာ ကြားခဲ့ရဖူးသည်။

ကန်းယွင်ဂိုဏ်းသည် တစ်ချိန်က ခမ်းနားထည်ဝါသော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်၊ သို့သော် ၎င်းသည် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီး၊ ကန်းယွင်ကားချပ်မှာ ကန်းယွင်ဂိုဏ်း၏ ဂိုဏ်းရတနာ ဖြစ်ခဲ့ဖူးလေသည်။

သို့ရာတွင် ၎င်းပျောက်ဆုံးသွားသည်က အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်ပြီး၊ ကန်းယွင်လျှို့ဝှက်နယ်မြေတွင် ရှိနေပုံရသော်လည်း၊ အချိန်အတော်ကြာ ရှာဖွေနေခဲ့ပြီးသည့်နောက်မှပင် မည်သည့်အရာကိုမှ မမြင်တွေ့ခဲ့ရပေ။

နင့်ယုရှင်းမှ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ အဲ့ပစ္စည်းရဲ့ အဆင့်က ဘာလဲ “

“ ငါလည်း မသိဘူး၊ ဘုရင်အဆင့်လောက် ဖြစ်နေမယ်လို့ ထင်တာပဲ၊ ပြောဖို့ခက်တယ်။ ဒါပင်မဲ့ မတွေ့ရတာ နှစ်တော်တော်ကြာနေပြီဆိုတော့၊ တကယ်ကြီးကို ပျောက်သွားလောက်ပြီ “

လုချန်ရှန်းမှ ပေါ့ပေါ့ပါးပါး ပြန်ပြောလာခဲ့သည်။ သူသည် ထိုကဲ့သို့သော အရာများကို ဂရုမစိုက်ပေ၊ သူ၏မျက်လုံးများမှာ ဝိညာဥ်ကျောက်တုံးများကိုသာ မြင်လေသည်။

ထို့အပြင် သူသည် သူကိုယ်တိုင်အတွက် ပြင်ဆင်ရသေးသည်။ ကန်းယွင်လျှို့ဝှက်နယ်မြေ ဖွင့်မည့်အချိန်တွင်၊ တပည့်အားလုံးက ဝင်ကြရမည် ဖြစ်သည်။

လူတစ်ဦးပိုနေခြင်းက ဖြစ်နိုင်ခြေတစ်ခု ပိုတိုးသွားစေသည်ဟု ဂိုဏ်းချုပ်က ပြောခဲ့ဖူးသည်၊ အကယ်၍ တစ်စုံတစ်ဦးကသာ ၎င်းကိုရရှိသွားမည်ဆိုပါက …..

နင့်ယုရှင်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ မည်သည့်စကားမှ ထပ်မပြောတော့ဘဲ၊ ထွက်ခွာသွားသည့် သူ၏ပုံရိပ်ကိုသာ တိတ်ဆိတ်ငေးကြည့်နေခဲ့သည်။

ဤကာလအတွင်းတွင် ကန်းယွင်ဂိုဏ်းတစ်ခုလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။

ဤနေရာသို့ ကန်းယွင်မြို့မှ လူတစ်ချို့လည်း ရောက်ရှိလာခဲ့ပြီး၊ တစ်ချို့သည် လျှို့ဝှက်နယ်မြေအတွက် မြို့ထဲတွင် စောင့်ဆိုင်းနေကြသည်။

ရွှမ်ထျန်းဂိုဏ်း၏ အဓိက တပည့်ဖြစ်သည့် ရွှမ်ချန်လည်း ရောက်ရှိလာခဲ့သည်။ သူသည် ရွှမ်ထျန်းဂိုဏ်း၏ တပည့်ခေါင်းဆောင်ဖြစ်ပြီး၊ ဂိုဏ်း၏ နံပါတ်၁ ပါရမီရှင်အဖြစ်လည်း အသိအမှတ် ပြုခံထားရသည်။

အသက်နှစ်ဆယ့်ရှစ်မျှသာ ရှိသေးသော်လည်း၊ သူသည် ချီသိပ်သည်းခြင်း ကျင့်ကြံရေးနယ်ပယ်ကို ပိုင်ဆိုင်ထားခဲ့သည်၊ လူတစ်ချို့ကမူ သူက ကျိုးချင်ယုထပ်ပင် အားမနည်းဘူးဟု ထင်နေကြသည်။

သဘောတူချက်များအရ၊ ကန်းယွင်ဂိုဏ်းသည် သူတို့၏ အကျိုးအမြတ်များကို လက်ခံပြီး၊ ကန်းယွင်လျှို့ဝှက်နယ်မြေ ဖွင့်သည့်အချိန်တိုင်းတွင် လူတစ်ချို့ကို ဝင်ခွင့်ပေးရသည်။

ထိုကဲ့သို့ ဖြစ်လာသည်မှာ နှစ်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

ကျောက်ကျင်းနောက်သို့ လိုက်လာခဲ့သည့် နတ်ကောင်းကင်ဂိုဏ်း၏ လူငယ်တစ်ဦးကပင် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်မည် ဖြစ်သည်။

၎င်းမှာ ကျောက်ယန်ဟု အမည်ရသည့် ပင်မတပည့်တစ်ဦး ဖြစ်ပြီး၊ သူသည် အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်နှင့် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည်။ သူတို့မှာလည်း ကန်းယွင်ကားချပ်ကြောင့် ရောက်လာကြခြင်း ဖြစ်နိုင်ပေသည်။

ကန်းယွင်ကားချပ်က ထိုနေရာတွင် အမြဲတမ်း ရှိနေခဲ့သည်ဟု ကောလဟာလများ ထွက်နေခဲ့သော်လည်း၊ စစ်မှန်သည့် ပါရမီရှင်များကသာလျှင် ၎င်းပေါ်ထွက်လာအောင် ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။

အကယ်၍ ၎င်းက မပေါ်လာခဲ့ဘူးဆိုပါက၊ ၎င်းသည် ဝင်လာသည့် လူများက လုံလုံလောက်လောက် ထူးချွန်မနေဘူးဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

ဤနေရာသို့ ရောက်လာကြသူတိုင်းက ၎င်းကို ကြိုးစားကြည့်ချင်နေကြသည်။

လုချန်ရှန်းကမူ ထိုကိစ္စကို လုံးဝလျစ်လျူရှုထားခဲ့သည်။

သူသည် လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ရှိသွားခဲ့ပြီးသည့်နောက်တွင်၊ ဝိညာဥ်ချီ ကြွယ်ဝသော နေရာတစ်နေရာကို ရှာဖွေကာ ပြန်မထွက်သွားခင် အချိန်အထိ ကျင့်ကြံနေမည်ဟု ဆုံးဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။

အရာအားလုံးကို စီစဥ်ခဲ့ပြီးသည့်နောက်တွင် သူသည် ပြင်ဆင်ရန်အတွက် စတင်၍ လုပ်ဆောင်နေခဲ့ပြီး၊ ထိုနေ့က ဖိနှိပ်ထားခဲ့သည့် ရုပ်သေးကိုထုတ်ယူကာ၊ ၎င်းထံတွင် ရှိနေသည့် အမှတ်အသားများကို ဖယ်ရှားပြီး၊ ပြန်၍ သန့်စင်နေတော့သည်။

သူအမြင်တွင် ၎င်းက ပစ္စည်းတစ်ခု ဖြစ်နေခဲ့သည်၊ သို့သော် ယခင်က နည်းလမ်းမှာ လွန်စွာရက်စက်ကြမ်းကြုတ်လွန်းနေခဲ့သည်၊ ၎င်းကို ပြန်လည် သန့်စင်ခြင်းသည် ရုပ်သေး၏ စွမ်းအားသည် အဆင့်အသစ်တစ်ခုအထိ ထပ်မံ၍ ရောက်ရှိသွားစေမည် ဖြစ်သည်။

အူတိုင်ဖွဲ့စည်းခြင်းအဆင့် ရုပ်သေးသည် ရန်သူများကို သတ်ဖြတ်ခြင်း၊ လုယက်ခြင်းနှင့် ပုန်းလျှိုးကွယ်လျှိုး လှုပ်ရှားခြင်းတို့အတွက် လွန်စွာ အသုံးတည့်နေခဲ့သည်။

အကယ်၍ အဆိုးဆုံး ဖြစ်လာမည်ဆိုလျှင်တောင်မှ၊ ၎င်းကို ရောင်းချခြင်းဖြင့် ဝိညာဥ်ကျောက်တုံး များစွာရရှိလိမ့်မည် ဖြစ်သည်။

ရက်ပေါင်းများစွာ ကျော်လွန်သွားကာ၊ အချိန်ကြာလာသည်နှင့်အမျှ၊ ကန်းယွင်ဂိုဏ်းအတွင်းရှိ ရှိနေသည့် လူအရေအတွက်မှာ ပိုမိုကြီးမားလာခဲ့ပြီး၊ အားလုံးသည် ကန်းယွင်လျှို့ဝှက်နယ်မြေ ဖွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

သို့ရာတွင် လော့ထျန်းကမူ လူများပိုမိုရောက်ရှိလာသောကြောင့်၊ စိုးရိမ်စိတ် ဝင်စပြုလာခဲ့ကာ၊ စိတ်မသက်သာ ဖြစ်သွားခဲ့သည်။

နေသာသော နေ့လည်ခင်းတွင် လော့ထျန်းသည် လူတိုင်းကို စုဝေးစေခဲ့သည်။

တောင်ထွဋ်သခင်၏ တလေးနက် ဖြစ်နေသော အမူအရာများအောက်တွင်၊ သူသည် ညနတ်ဆိုးအကြောင်းကို ဖွင့်ပြောလိုက်သည်။

ဤနှစ်များတစ်လျှောက်တွင် ကန်းယွင်ဂိုဏ်းမှာ သူ့လက်ချက်ကြောင့် များစွာခံစားခဲ့ရသည်။ တပည့်များမှ တောင်ထွဋ်သခင်များအထိ၊ ဂိုဏ်းချုပ်အပါအဝင် မည်သူကမှ သူ၏ရိုက်နှက်ခြင်းထံမှ မလွတ်မြောက်ခဲ့ကြပေ၊ သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ပင် ရှာဖွေ ဖမ်းဆီးရ ခက်ခဲနေခဲ့သည်။

လော့ထျန်းသည် လူတိုင်းကို သတိပေးရန်အတွက် ဤကဲ့သို့ လူစုခိုင်းလိုက်ရခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် ညနတ်ဆိုးအကြောင်း ပြောလိုက်ခြင်းသည် လူတော်တော်များများကို အော်ကျယ်အော်ကျယ်ဖြင့် ရယ်မောသွားစေခဲ့သည်။

လော့ထျန်းမှာလည်း မည်သို့မျှ မတတ်နိုင်တော့ပေ၊ သူသည် လူတိုင်းကို သတိပေးခဲ့ပြီးပြီဖြစ်သည်၊ နားထောင်ခြင်း၊ မထောင်ခြင်းက သူတို့ကိစ္စ ဖြစ်သွားပြီ ဖြစ်သည်။

နောက်တစ်ရက်(သို့)နှစ်ရက် အကြာတွင် ကန်းယွင် လျှို့ဝှက်နယ်မြေ ဖွင့်လာတော့မည် ဖြစ်သည်၊ လူတိုင်း လျင်မြန်စွာ ပြန့်ကျဲသွားခဲ့သည်။

လုချန်ရှန်းကမူ အဆိုပါ စုဝေးပွဲကို စောင့်ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ ငါ့ရဲ့ ဂုဏ်သတင်းက အဲ့လောက်တောင် ဆိုးတာလားဟ။ ငါက ဘယ်လိုလုပ် ဒီလောက်တောင် ဆိုးသွမ်းသွားရတာလဲ။ မင်းတို့ရဲ့ ကောင်းကျိုးအတွက် ငါလုပ်ခဲ့တာလေကွာ “

All Chapters