အခန်း (၂၈-၃၀)
Vol. 2 Ch. 28-30
အပိုင်း ( 28 )
အပြာရောင် တိမ်မြေပုံ
နောက်နှစ်ရက်အကြာ၌၊ ကန်းယွင်ဂိုဏ်း၏ ကောင်းကင်ယံတွင် နတ်အလင်းတန်းများ လင်းလက်တောက်ပလာခဲ့သည်။
ကောင်းကင်ထက်တွင် ထူးခြားသော ဖြစ်ရပ်တစ်ခု ပေါ်ထွက်လာခဲ့သည်၊ အလင်းတန်းပေါင်းများစွာ ကျဆင်းလာခဲ့ပြီး၊ ဟင်းလင်းပြင်တွင် လှိုင်းလုံးလေးများ ပေါ်လာခဲ့ပြီး၊ ငြိမ်သက်နေသည့် ကန်ရေပြင်ထဲသို့ ကျောက်ခဲတစ်လုံး ကျဆင်းလာသကဲ့သို့ တဖြည်းဖြည်း ပြန့်ကျဲသွားခဲ့သည်။
လူတိုင်း ရောက်ရှိလာခဲ့ပြီး၊ အပေါ်သို့ မော့ကြည့်ကာ၊ အံ့ဩတကြီး ဖြစ်သွားကြသည်။
အင်မော်တယ်များ ဆင်းသက်လာသည့် မြင်ကွင်းကဲ့သို့ ကောင်းကင်ဘုံ အလင်းတန်းဖြင့် လင်းထိန်နေခဲ့သည်။
သူတို့သည် ကန်းယွင်လျှို့ဝှက်နယ်မြေ ဖွင့်လာပြီဆိုသည်ကို သိနေခဲ့သည်။
အဆိုပါ လှိုင်းလုံးများအလွန်တွင် နောက်ထပ် ဟင်းလင်းပြင်တစ်ခု ရှိနေခဲ့သည်၊ ၎င်းမှာ ကန်းယွင်ဂိုဏ်း၏ တည်နေရာဖြစ်သည်၊ ၎င်းသည် အန္တိမ မဟာဆရာသခင် တစ်ဦးက လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာက သန့်စင်ခဲ့သော အရာဖြစ်သည်။
ဤအချိန်တွင် ကန်းယွင်ဂိုဏ်း၏ တပည့်များ ရောက်ရှိလာခဲ့သည်၊ လုချန်ရှန်းမှာလည်း ယဲ့တျန်ရီအနောက်မှ လိုက်လာခဲ့သည်။
လော့ထျန်းပါ ရောက်ရှိလာခဲ့သည်။
“ အားလုံးပဲ၊ လျှို့ဝှက်နယ်မြေ ပွင့်လာပါပြီ။ မင်းတို့တွေ မင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကိုပဲ အားကိုးရတော့မယ်။ ဒါပင်မဲ့ ငါမင်းတို့ကို သတိပေးချင်တဲ့ ကိစ္စတစ်ခု ရှိသေးတယ်၊ အသက်သုံးဆယ်အောက်က လူတွေပဲ အထဲကို ဝင်လို့ရတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင်၊ မင်းတို့ ဖျက်စီးခံလိုက်ရလိမ့်မယ် “
၎င်းကို လူတိုင်းသိထားခဲ့ပြီးပြီဖြစ်သော်လည်း၊ သူသည် ထပ်မံ၍ သတိပေးလိုက်သေးသည်။
၎င်းသည် လူတစ်ချို့က အခွင့်အရေး ယူ၍ ဝင်ရောက်ရန် ကြိုးပမ်းမှုကြောင့် အသက်များ ဆုံးရှံးသွားရမည်ကို တားဆီးခြင်းဖြစ်သည်။
လူတိုင်း ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူတို့သည် သူတို့၏ သက်ဆိုင်ရာနေရာများတွင် ယုံကြည်မှု အပြည့်ဖြင့် ရပ်နေကြသည်။
လုချန်ရှန်း၏ စိတ်စွမ်းအား ပျံ့လွင့်လာခဲ့ပြီး၊ တအံ့တဩဖြစ်သွားခဲ့သည်၊ ဒီတစ်ကြိမ်တွင် အမှန်တကယ် လူပိုများနေခဲ့သည်။
၎င်းတို့အနက် လူတော်တော်များများမှာ ကန်းပြည်နယ်အနှံ့မှ ပါရမီရှင်များ ဖြစ်နေခဲ့သည်။
ရွှမ်ထျန်းဂိုဏ်း၏ ရွှမ်ချန်နှင့် နတ်ကောင်းကင်ဂိုဏ်း၏ ကျောက်ယန်တို့နှစ်ဦးစလုံးမှာ ချီသိပ်သည်းခြင်းနယ်ပယ်၏ ပညာရှင်များ ဖြစ်သည်။
ချီသိပ်သည်းခြင်း အဆင့်၇နှင့် အဆင့်၈တွင် ရှိနေသည့် လူတစ်ချို့ပါ ရှိနေခဲ့ပြီး၊ မည်သူကမှ အားနည်းမနေခဲ့ပေ။
ထိုလူများအနက် သူ့ကို အံ့အားသင့်သွားစေခဲ့သည်မှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။
လဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားကာ၊ ခါးအထိ ရေတံခွန်ကဲ့သို့ ကျဆင်းနေသော အနက်ရောင် ဆံသားပိုင်ရှင် အမျိုးသမီးသည် အပြင်ဘက်တွင် မတ်တပ်ရပ်နေခဲ့သည်။ သူမသည် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားကာ၊ သူမ၏ မျက်နှာကို ဖုံးကွယ်ထားခဲ့သည်။
သူမ၏ ညှို့ယူဖမ်းစားနိုင်သော ခန္ဓာကိုယ်သည် သူမက အဖိုးတန် အလှလေးတစ်ဦးဖြစ်သည်ဟု သက်သေပြနေခဲ့သည်။
သို့ရာတွင် လုချန်ရှန်း၏ မျက်လုံးများ အတွင်းတွင်မူ မည်သည့်စိတ်ခံစားချက်မှ ရှိမနေခဲ့ပေ၊ သူသည် အံ့ဩရုံသာ အံ့ဩနေခြင်း ဖြစ်သည်။
“ သူမက ဘာလို့ ဒီကိုရောက်နေရတာလဲ။ သူမကလည်း ကန်းယွင်ကားချပ်အတွက် ရောက်လာခဲ့တာလား “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။ သူမသည် ကွေ့ရှန်ယွမ်မှ စုမူယွဲ့ပင် ဖြစ်သည်။
ထိုအမျိုးသီးက ထူးကဲလှသည်၊ သို့သော် သူသည် ထိုကဲ့သို့သော လူမျိုးက ဤကဲ့သို့ ဝေးလံခေါင်သီသော နေရာအတွင်းသို့ မည်သည့်အတွက်ကြောင့် ရောက်လာရလဲဆိုသည်ကို မသိပေ။ မျှော်လင့်ထားသည့်အတိုင်းပင် သူမထံတွင် ထင်ရှားသော နောက်ခံအင်အားစုတစ်ခု ရှိနေပုံရသည်။
လုချန်ရှန်းကို ဇဝေဇဝါ ဖြစ်သွားစေသည့် တစ်ခုတည်းသော အရာမှာ ကျိုးချင်ယုကို မမြင်ရခြင်းပင် ဖြစ်သည်။
သူ၏ အမူအရာကို သတိပြုမိသွားသောအခါတွင် ယဲ့တျန်ရီမှ စကားပြောလာခဲ့သည် “ စီနီယာအစ်ကိုက နောက်ကျမှဝင်မှာ “
“ အဲ့လိုလား “
သူတို့ စကားပြောနေသည့် အချိန်မှာပင် လှိုင်းတလိပ်လိပ် တက်လာခဲ့ပြီး၊ လော့ထျန်း၏ အသံ ပေါ်ထွက်လာခဲ့သည်။
“ ဝင်ကြတော့ “
ချက်ချင်းဆိုသလိုပင် ပုံရိပ်အများအပြားသည် ကောင်းကင်ထက်သို့ ခုန်တက်သွားကာ၊ ဟင်းလင်းပြင်အတွင်းသို့ ဝင်သွားကြတော့သည်။
“ ချန်ရှန်း၊ တကယ်လို့ အန္တရာယ် တစ်ခုခုနဲ့ ကြုံရတယ်ဆိုရင်၊ စီနီယာအစ်မကို လာရှာလိုက်။ စီနီယာအစ်မက မင်းကို ကာကွယ်ပေးမယ် “
မလှမ်းမကမ်းမှ နှစ်လိုဖွယ်ကောင်းသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ လုချန်ရှန်း၏ စီနီယာအစ်မ လျူချင်ချန်းဖြစ်သည်။
“ ကျေးဇူးတင်ပါတယ် စီနီယာအစ်မ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
ယဲ့တျန်ရီမှာလည်း အပြုံးဖြင့် စကားထပ်ပြောလာခဲ့သည် “ မင်းဆီမှာ အဆက်အသွယ်ကောင်းလေးတွေ ရှိတာပဲဟ “
“ ကိုယ့်ကို ဆက်ဆံစေချင်တဲ့ ပုံစံမျိုးနဲ့ တစ်ခြားလူတွေကို ဆက်ဆံလိုက်လို့ပါ “
“ ဒီအဆောင် စာရွက်ကို ယူလိုက်။ အဲ့တာက ငါနဲ့ စီနီယာအစ်ကိုရဲ့ နေရာတွေကို အာရုံခံပေးနိုင်တယ်။ တကယ်လို့ အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်နေရတယ်ဆိုရင်၊ အဲ့တာကို မီးရှို့လိုက်၊ ငါတို့က မင်းကို လာရှာမယ် “ ယဲ့တျန်ရီသည် အဆောင် စာရွက်တစ်ခုကို ပေးရင်းဖြင့် ညွှန်ကြားလာခဲ့သည်။
လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်သည်။
လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ရှိသွားသည့်နောက်တွင် လူတိုင်းက ကျပန်းနေရာများဆီသို့ ရောက်ရှိသွားကြမည် ဖြစ်သည်။
အားလုံး ဝင်နေကြပြီဖြစ်သောကြောင့်၊ လုချန်ရှန်းမှာလည်း စတင်၍ လှုပ်ရှားနေတော့သည်။
ရှီဖုန်းသည် အဝေးမှ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ၎င်းတို့အားလုံးကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင် သူသည်လည်း လိုက်ဝင်သွားခဲ့သည်၊ သူသည် ထိုကိစ္စကို မလွှတ်ချနိုင်သေးဘဲ၊ မကျေမနပ် ဖြစ်နေသေးသည်။
မကြာခင်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံး ဗလာကျင်းသွားခဲ့ပြီး၊ တောင်ထွဋ်သခင်များ၊ အကြီးအကဲများနှင့် အထဲသို့ ဝင်သွားသူများ၏ အဖော်များသာ ကျန်နေခဲ့သည်။
ရွှမ်ထျန်းဂိုဏ်း၏ အကြီးအကဲများလည်း ရောက်ရှိလာခဲ့သည်၊ သူတို့သည် လျှို့ဝှက်နယ်မြေကို ကြည့်နေရင်းဖြင့် အောင်မြင်မှုက သူတို့၏ လက်ခုပ်ထဲတွင် ရှိနေသကဲ့သို့ တပြုံးပြုံး ဖြစ်နေကြသည်။
အဘိုးအိုတစ်ဦးမှာလည်း ဤနေရာသို့ ရောက်ရှိနေခဲ့သည်၊ သူသည် ကွေ့ရှန်ယွမ်မှ လူဖြစ်သည်။
မုန့်လန်မှာလည်း ဘေးတစ်ဖက်တွင် တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့သည်။
သူသည် လော့ရှန်လင်းကို နတ်ကောင်းကင်ဂိုဏ်းသို့ ပြန်ခေါ်သွားရန်အတွက် ဤကိစ္စ ပြီးဆုံးမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ကန်းယွင်ဂိုဏ်း၏ အဖွဲ့ဝင်များမှာလည်း တိတ်ဆိတ်ငြိမ်သက်နေကြသည်။ သူတို့က ကန်းယွင်ကားချပ်အတွက် မျှော်လင့်ချက်ကို စွန့်လွှတ်ထားသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်၊ ထို့ကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူတို့သည် တစ်ခြားလူများကို ဝင်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝတိတ်ဆိတ်ငြိမ်သက်နေလျက်ရှိသည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေအတွင်း၌ သူတို့အားလုံး၏ အရှေ့တွင် လှပသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်၊ တောင်တန်းများ၊ စီးဆင်းနေသော ရေများ၊ အပင်များနှင့် အစိမ်းရောက် ကျောက်တုံးများ စသည်ဖြင့်၊ အရာအားလုံးသည် အံ့ဖွယ်ကောင်းလောက်အောင် စစ်မှန်နေပြီး၊ အပြင်ကမ္ဘာနှင့် ခွဲခြား၍ မရနိုင်လောက်သည်အထိ ထပ်တူညီနေခဲ့သည်။
၎င်းသည် အစစ်အမှန် ကမ္ဘာငယ်တစ်ခု ဖြစ်နေခဲ့သည်။
ကောင်းကင်ယံတွင် တိမ်တိုက်များ မျောလွင့်နေကာ၊ ခမ်းနားသော ပုံရိပ်တစ်ခုကို ဖန်တီးနေလျက်ရှိသည်။
အထဲသို့ရောက်လာခဲ့ပြီးသည့်နောက်တွင် လူတိုင်းလိုလိုက စတင်၍ လှုပ်ရှားနေခဲ့ကြသည်။
ကန်းယွင်ကားချပ်က မည်သည့်နေရာတွင် ရှိနေလဲဆိုသည်ကို မည်သူမှ မသိကြပေ။ လူတော်တော်များများက ကံစမ်းနေကြရုံသာလျှင် ဖြစ်သည်၊ ထို့အပြင် ဤနေရာ၏ ဝိညာဥ်ချီက အလွန်တရာ ကြွယ်ဝအားကောင်းနေသောကြောင့်၊ အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံရ အကောင်းဆုံးသော နေရာတစ်ခု ဖြစ်နေခဲ့သည်။
လူတစ်ချို့သည် ကြိုတင်ပြင်ဆင်ထားကြပြီး၊ နည်းလမ်းပေါင်းစုံသုံး၍ စမ်းသပ်ကြည့်နေကြတော့သည်။
သို့ရာတွင် လုချန်ရှန်းကမူ အားလုံးနှင့် ကွဲပြားနေခဲ့သည်။ ဒီနေရာ၏ ကြွယ်ဝသော ဝိညာဥ်ချီကို ခံစားလိုက်ရသော အချိန်၌ သူ၏ မျက်နှာပေါ်တွင် ကြီးမားသော အပြုံးကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဒီလောက်တောင် သိပ်သည်းတဲ့ ဝိညာဥ်ချီက ကျင့်ကြံဖို့ အသင့်တော်ဆုံးပဲ။ ဒီတစ်ခေါက်ခရီးစဥ် ငါ့ကို ဝိညာဥ်ကျောက်တုံး ဘယ်လောက်လောက် သက်သာသွားစေမလဲ မသိဘူး။
ထို့နောက်၌ သူ၏လက်ထဲတွင် မှော်စွမ်းအားတစ်ခု မြင့်တက်လာခဲ့ပြီး၊ အစီအရင်ပြားနှင့် အစီအရင် အလံများစွာ ပေါ်ထွက်လာခဲ့သည်။
၎င်းတို့မှာ ဝိညာဥ်စုစည်းရေး အစီအရင်အတွက် လိုအပ်သော အရာများဖြစ်သည်။ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ အစီအရင်ပြား ကျဆင်းသွားခဲ့ပြီး၊ အစီအရင် အလံတို့မှာ ဘက်ပေါင်းစုံသို့ ပျံ့လွင့်ကာ၊ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ဝိညာဥ်ချီများသည် ဤနေရာတွင် မြန်မြန်ဆန်ဆန် စုစည်းလာခဲ့သည်။
ဤနေရာတွင် ပြင်ဆင်ခဲ့ပြီးသည့်နောက်၌၊ သူသည် ကြာကြာ ဆက်မနေတော့ဘဲ၊ ထပ်မံ၍ ရွေ့လျားကာ၊ မိုင်တစ်ရာအကွာသို့ ရောက်ရှိသွားခဲ့သည်။
ဝိညာဥ်စုစည်းရေး အစီအရင်သည် မိုင်တစ်ရာအတွင်းရှိ ဧရိယာအတွင်းမှ ဝိညာဥ်ချီ ၈၀%ကို တစ်ရက်အတွင်း စုစည်းပေးနိုင်လေသည်။ သူသည် မိုင်တစ်ရာအကွာတိုင်းတွင် အစီအရင်တစ်ခုစီ ချထားပြီး၊ သုံးကြိမ်ဆက်တိုက် ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် ရပ်တန့်သွားခဲ့သည်။
၎င်းမှာ သူ၏ပိုင်ဆိုင်မှု အားလုံးပင် ဖြစ်သည်။ ၎င်းတို့အပြင် သူ့ထံတွင် သူသုံးနေကျ သိုလှောင်ရေး မှော်ပစ္စည်းတစ်ခုသာလျှင် ရှိနေတော့သည်။
သူ့ထံတွင် လက်စွဲတော် လက်နက်ပင် ရှိမနေခဲ့ပေ။ သူသည် သူ၏ ပစ္စည်းအားလုံးကို ဝိညာဥ်ကျောက်တုံးများအတွက် ရောင်းချခဲ့ရလေသည်။
သူက အစီအရင်သုံးခုသာလျှင် တည်ဆောက်ခြင်း မဟုတ်ပေ။ ပါဝင်ပစ္စည်းများက လွန်စွာဈေးကြီးပြီး သူမတတ်နိုင်သောကြောင့်သာလျှင် သုံးခုတည်းသာ တည်ဆောက်လိုက်ရခြင်း ဖြစ်သည်။
သူသည် မည်သည့်အခွင့်အလမ်း(သို့) မည်သည့်မှော်ရတနာအတွက်မှ မပြိုင်ဆိုင်ဘဲ၊ ဝိညာဥ်ချီကိုသာလျှင် တတ်နိုင်သမျှ စုပ်ယူဝါးမြိုမည် ဖြစ်သည်။
သူသည် အထီးကျန် တောင်ထွဋ်ပေါ်တွင် ဝိညာဥ်ချီများ စုစည်းလာမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
သို့ရာတွင် ထိုအချိန်၌ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိကာ၊ သံသယဖြစ်သွားခဲ့သည်။ သူသည် မနေနိုင်တော့ဘဲ မော့ကြည့်လိုက်ရာ သူ၏အမြင်အာရုံအတွင်းသို့ စာလိပ်တစ်ခု ရောက်ရှိလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။
၎င်းသည် အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် ဆင်းသက်လာခဲ့ပြီး၊ သူ၏ဦးခေါင်းကို တိုက်ရိုက်ရိုက်ချလာခဲ့သည်။
အားပြင်းသော သက်ရောက်မှုသည် သူ့ကို ဟန်ချက်ပျက်သွားစေပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ခါသွားစေကာ၊ တောင်ထွဋ်ပေါ်မှ ဇောက်ထိုးကျသွားစေခဲ့သည်။
ကျယ်လောင်သော အသံတစ်သံနှင့်အတူ၊ သူသည် မြေပြင်နှင့် တိုက်မိသွားကာ၊ တွင်းပေါက်ကြီးတစ်ခုကို အလိုအလျောက် ဖန်တီးမိသွားခဲ့သည်။ သူ၏ဦးခေါင်းတစ်ခုလုံးမှာ မြေပြင်အတွင်းသို့ ကျွံဝင်သွားပြီး၊ သူ၏ခန္ဓာကိုယ်တစ်ဝက်ကသာလျှင် တွင်းပေါက်အတွင်းတွင် ကျန်နေခဲ့သည်။
အရာအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပေါ်လာခဲ့သောကြောင့် သူအငိုက်မိသွားခဲ့သည်။ လုချန်ရှန်း၏ နယ်ပယ်ဖြင့်ပင် ၎င်းကို မခုခံနိုင်သလောက်နီးပါး ဖြစ်သွားခဲ့ရသည်။
အကယ်၍ သူကသာ ကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်၏ နှိပ်စက်မှုနှင့် ပြင်ဆင်ပေးမှုများကို မခံထားခဲ့ရဘူးဆိုပါက၊ အဆိုပါ တိုက်ခိုက်မှုသည် သူ့ကို သတ်ဖြတ်နိုင်ရန်အတွက် လုံလောက်သည်ထပ်ပင် ပိုမိုအားကောင်းနေခဲ့သည်။
“ ဘယ်ခွေးသူတောင်းစားက ငါ့ကို ချုံခိုတိုက်ခိုက်တာလဲကွ “
လုချန်ရှန်းမှ ဟိန်းဟောက်ရင်းဖြင့်၊ သူ၏ဦးခေါင်းကို မြေပြင်အတွင်းမှ ပြန်ထုတ်ရန် ရုန်းကန်နေတော့သည်။ မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ အစွမ်းထက် စွမ်းလှိုင်းများ ထုတ်လွှတ်ကာ၊ သူ၏ စိတ်စွမ်းအား ပျံ့လွင့်သွားပြီး၊ သူ့အား ချုံခိုတိုက်ခိုက်သည့် လူကို ရှာဖွေနေတော့သည်။
သို့သော် သူသည် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး၊ မည်သည့်မူမမှန်မှုမှ ရှိမနေခဲ့ပေ။ အဆိုပါ စာလိပ်တစ်ခုတည်းသာ ရှိနေခဲ့သည်။
“ ဘယ်သူမှ မရှိဘူးလား “
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် စာလိပ်ကို ကြည့်ကာ ဆွဲယူလိုက်ပြီး၊ ၎င်းကို စစ်ဆေးကြည့်နေရင်းဖြင့် မယုံကြည်နိုင် ဖြစ်သွားခဲ့သည် “ ငါက ဒီဟာကြောင့် ပြုတ်ကျလာတာလား “
သူသည် တအံ့တဩ ဖြစ်နေခဲ့ကာ၊ အဆိုပါ စာလိပ်ကို ဖြန့်ကြည့်လိုက်သည်။ ၎င်းက လျှို့ဝှက်နည်းစနစ်တစ်ခုခု ဖြစ်နေနိုင်သည်ဟုသာ ထင်နေခဲ့သော်လည်း၊ သူသည် ဖွင့်ကြည့်လိုက်သည့် အချိန်မှာပင် ချက်ချင်း အေးခဲတောင့်တင်းသွားခဲ့သည်။
စာလိပ်အတွင်းတွင် တောင်အများအပြား ပါဝင်သည့် ခမ်းနားသော ပန်းချီကားတစ်ချပ်ရှိနေခဲ့ပြီး၊ တိမ်သားတိမ်စိုင်တို့မှာ အဆိုပါ တောင်များအကြားတွင် လှည့်လည်သွားလာနေလျက်ရှိသည်။
၎င်းက ပန်းချီကားတစ်ချပ်မျှသာဖြစ်သော်လည်း၊ ၎င်းသည် အမှန်တကယ် တည်ရှိနေသကဲ့သို့ သဘာဝကျနေခဲ့သည်၊ ခမ်းနားကာ အားကောင်းသည့် အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ နေရာတိုင်းတွင် ၎င်း၏ ထူးခြားသော သဘာဝတရားကို ပြသနေကာ၊ ၎င်း၏ စွမ်းအင်လှိုင်းတို့မှာလည်း အံ့ဖွယ်ကောင်းနေခဲ့သည်။
လုချန်ရှန်းသည် ၎င်းတို့ကို ကြည့်ရှုနေရင်းဖြင့် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
“ ဒါက ကန်းယွင်ကားချပ်လား။ ဒီကောင်က ငါ့ခေါင်းကို လာတိုက်သွားတာလား “
………………………………………………………………………………………………………………………………………
အပိုင်း ( 29 )
အရပ်မျက်နှာအနှံ့ ရွေ့လျားနေသည့် တိမ်တိုက်များ
လုချန်ရှန်းသည် သူ့လက်ထဲတွင် ရှိနေသည့် ကားချပ်ကို ကြည့်ကာ အတွေးနက်သွားခဲ့သည်။
တစ်ခြားလူများက နည်းလမ်းပေါင်းစုံကို အသုံးပြုကာ အသေအလဲ ရှာဖွေနေကြသည့် ကန်းယွင်ကားချပ်သည် သူ့ဆီသို့ တိုက်ရိုက်ရောက်ရှိလာခဲ့ပြီး၊ သူသတိမပြုမိမည်ကို စိုးရိမ်နေသည့်အလား သူ၏ဦးခေါင်းကိုပင် ဝင်တိုက်လာခဲ့သည်။
သူသည် မည်သည့်အရာမှ မပြုလုပ်ခဲ့ရဘဲ၊ ကားချပ်မှာ အလိုအလျောက် ပေါ်ထွက်လာခဲ့လေသည်။
“ ဒါက အတုကြီးများလား “
လုချန်ရှန်းသည် ၎င်းကို ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူ၏မှော်စွမ်းအား ပေါက်ထွက်လာခဲ့သည်။ သူသည် သူ၏လက်ကို မြှောက်ကာ၊ ၎င်းကို လှုပ်ရမ်းလိုက်ရာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် အားကောင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့သည်။ ကားချပ်အတွင်းရှိ ပန်းချီကားမှာ အသက်ဝင်လာသည့်အလား ဖြစ်သွားခဲ့သည်။
အဆုံးမဲ့ မြင်ကွင်းများ ပေါ်ထွက်လာပြီး၊ ဟင်းလင်းပြင်တွင် ရေးထိုးထားသည့်အလား ဖြစ်နေခဲ့ကာ၊ ကောင်းကင်ကိုပင် မည်းမှောင်သွားစေခဲ့သည်။ ၎င်းသည် မိုင်သောင်းနှင့်ချီသော အကွာအဝေးအထိ အဆုံးမရှိ ကျယ်ပြန့်သွားသည့်အလား ဖြစ်သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် သူသည် အထိတ်တလန့်ဖြစ်သွားကာ၊ ကားချပ်ကို လျင်မြန်စွာ သိမ်းယူလိုက်သည်။ ယခုလက်ရှိ အချိန်၌ သူ့ထံတွင် မည်သည့်သံသယမှ ရှိမနေတော့ပေ။ ထိုကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားခြင်းမှာ ဒဏ္ဍာရီလာ ကန်းယွင်ကားချပ်မှတစ်ပါး တစ်ခြားသော အရာမဖြစ်နိုင်ပေ။
ထို့အပြင် ကားချပ်ကို အသက်သွင်းရန် လိုအပ်သည့် မှော်စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ သူကိုယ်တိုင်ကပင် ၎င်းကို အချိန်အတော်ကြာ မထိန်းသိမ်းထားနိုင်ဘဲ၊ အများဆုံးအနေဖြင့် ၁၅မိနစ်မျှသာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
အရာအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
၎င်းက လေထုအတွင်းတွင် ပေါ်လာခဲ့ကာ၊ သူ၏ဦးခေါင်းပေါ်သို့ ပြုတ်ကျလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားလိမ့်မည်နည်း။
၎င်းကို တွေးမိသွားသောအချိန်တွင်၊ သူသည် သူ၏ဦးခေါင်း အနောက်ပိုင်းကို ပွတ်ကာ၊ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကန်းယွင်ဂိုဏ်းက ၎င်းကို မရရှိခဲ့သည်မှာ အချိန်အတော်ကြာနေမည် ဖြစ်သည်။ ၎င်းက မပေါ်လာခဲ့သောကြောင့် မဟုတ်ဘဲ၊ လူများကို ၎င်း၏ ဝင်တိုက်မှုကို တောင့်မခံနိုင်ဘဲ၊ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သောကြောင့် ဖြစ်သည်။
ပိုတွေးလေလေ၊ ပို၍ကျိုးကြောင်းဆီလျော်လေလေဟု ခံစားသွားခဲ့ရသည်။ သူသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉သို့ ရောက်ရှိနေပြီး၊ ကပ်ဘေးတစ်သောင်း အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့သည်၊ သို့သော် သူကိုယ်တိုင်ကပင် အသေသတ်ခံလိုက်ရနီးပါး ဖြစ်သွားခဲ့သည်။
လုချန်ရှန်းသည် ပြုံးစိစိ ဖြစ်သွားခဲ့သည်။ ဤခရီးစဥ်သည် သူ့အား ဝိညာဥ်ချီ ပမာဏ အများအပြား ရရှိသွားစေရုံတင် မဟုတ်ဘဲ၊ ကန်းယွင်ကားချပ်ကိုပါ ရရှိသွားစေခဲ့လေသည်။ ၎င်းမှာ တွေးကြည့်ရုံနှင့်တင် စိတ်လှုပ်ရှားဖွယ်ကောင်းနေခဲ့သည်။
“ ဒီဟာကိုသာ ရောင်းလိုက်မယ်ဆိုရင်၊ ဝိညာဥ်ကျောက်တုံး သိန်းဂဏန်းလောက် ရနိုင်တယ်လေ ဟုတ်တယ်မလား “
လူအများစုက ဤအရာအတွက် ရောက်လာကြခြင်းဖြစ်သောကြောင့် သူသည် ၎င်းက ဈေးမပေါဘူးဆိုသည်ကို သိနေခဲ့သည်။
ထို့နောက်တွင် သူသည် တောင်ထွဋ်ပေါ်သို့ ပြန်တက်သွားကာ၊ ဝိညာဥ်ချီ စုစည်းလာမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
တစ်ရက်တာ ကျော်လွန်သွားသည့်နောက်တွင်၊ လုချန်ရှန်းသည် အစီအရင်ထံမှ ဝိညာဥ်ချီများကို စတင်၍ စုပ်ယူနေတော့သည်။
ဝိညာဥ်ချီ အများအပြားသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာကာ၊ မှော်စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့သည်။ တစ်ခဏ အကြာတွင် အစီအရင်တစ်ခုလုံး ခမ်းခြောက်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် နောက်တစ်နေရာသို့ သွားကာ၊ အားလုံးကို စုပ်ယူနေခဲ့ပြီး၊ အစီအရင်များကို ပြန်လည်တည်ဆောက်လိုက်သည်။
နာကျင်မှုများကို ခံစားနေခဲ့ရသော်လည်း၊ သူသည် ၎င်းကို ပျော်ရွှင်စွာ ပြုလုပ်နေခဲ့သည်။
ဤနေရာ၏ ဝိညာဥ်ချီက အလွန်သိပ်သည်းလှသောကြောင့်၊ သူ့၏ ဝိညာဥ်ကျောက်တုံး လိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်မည် ဖြစ်သည်။ သူသည် သူ့ကိုယ်သူ ကျင့်ကြံရေး လုပ်ငန်းစဥ်အတွင်းတွင်သာ နှစ်မြှုပ်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေအနှံ့ရှိ လူတိုင်း၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူတို့သည် ကောင်းကင်ပြင်နှင့် နေလုံးကို ဖုံးလွှမ်းနေသည့် ကားချပ်တစ်ခုက ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်ကို ယခုလေးတင် မြင်တွေ့ခဲ့ကြရသည်။ မြင်ကွင်းပေါင်းများစွာ ရောယှက်နေပြီး၊ ၎င်းထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ပျံ့လွင့်နေခဲ့လေသည်။
“ အဲ့တာက ကန်းယွင်ကားချပ်ပဲ။ ကန်းယွင်ကားချပ်ပဲဟေ့ “
“ ဘုရားရေ၊ ကန်းယွင်ကားချပ် ပေါ်လာပြီ၊ အဲ့တာက လျှို့ဝှက်နယ်မြေထဲမှာ တကယ်ရှိနေတာပဲဟ “
“ မြန်မြန်လုပ်၊ အဲ့တာကို သွားရှာမယ် “
အားလုံးသည် သူတို့၏ စိတ်လှုပ်ရှားမှုများကို မဖိနှိပ်နိုင်ကြတော့ပေ။
ကန်းယွင်ဂိုဏ်း၏ တပည့်များမှာလည်း လွန်စွာအံ့ဩတုန်လှုပ်သွားကြသည်၊ သူတို့သည် ဤကဲ့သို့ ဖြစ်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လူတစ်ချို့သည် ထိုကိစ္စကို အစီရင်ခံရန်အတွက် အပြင်သို့ ပြန်ထွက်သွားကြသည်။
ထိုသတင်းကို ကြားလိုက်ရသောအချိန်တွင် အပြင်ကမ္ဘာမှာလည်း အုံ့အောသောင်းနင်း ဖြစ်သွားခဲ့သည်။
ကန်းယွင်ဂိုဏ်းမှ လူများကပင် ၎င်းကို မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။ ထပ်ခါတလဲလဲ အတည်ပြုခဲ့ပြီးသည့်နောက်မှသာလျှင်၊ ၎င်းကို ယုံကြည်သွားကြသည်။ သူတို့သည် ကန်းယွင်ကားချပ် ပေါ်ထွက်လာလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။
အားလုံး၏ အမူအရာများနှင့် အတွေးများမှာ အမျိုးမျိုး ကွဲပြားနေလျက်ရှိသည်။
လော့ထျန်းမှာလည်း အတွေးနက်သွားခဲ့သည်။
ဤနှစ်များတစ်လျှောက်တွင် အစအနပင်ရှာမရခဲ့သော်လည်း၊ ၎င်းမှာ ဤတစ်ကြိမ်တွင် ပေါ်ထွက်လာခဲ့သည်။
“ ဘိုးဘေးတွေရဲ့ စကားအရဆိုရင် အဲ့ဒီကားချပ်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို မြင်ရမှ ပေါ်လာတတ်တယ်တဲ့။ ဒီတစ်ကြိမ်မှာ အဲ့လိုလူ ပေါ်လာခဲ့လို့များလား “
လော့ထျန်း၏ အသံမှာ လွန်စွာတိုးညှင်းနေခဲ့သည်။
တစ်ခြားသော တောင်ထွဋ်သခင်များကလည်း စကားပြန်ပြောလာကြသည် “ တကယ်လို့ ပါရမီရှင်အတွက်သာ မဟုတ်ဘူးဆိုရင်၊ အဲ့တာက ဘယ်လိုလုပ် ပြန်ပေါ်လာမှာလဲဗျ “
“ အဲ့လူက ဘယ်သူလဲ “
“ ရွှမ်ချန်လား၊ ဒါမှမဟုတ် ကျောက်ယန်လား “
“ ချင်ယုဖြစ်နေဖို့များတယ် “
ကျိုးချင်ယုသည် သိပ်မကြာခင် အချိန်ကမှ လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်သွားခဲ့ခြင်းဖြစ်ပြီး၊ ထို့နောက် တစ်ခဏအကြာတွင် ကန်းယွင်ကားချပ် ပေါ်လာပြီဆိုသည့် သတင်းကို ရရှိခဲ့လေသည်။
ထို့အပြင် စွမ်းရည်အပိုင်းကိုကြည့်မည်ဆိုပါက ကျိုးချင်ယုမှာ အမှန်ပင် အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။ သူသည် အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်မှာပင် အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်လို့ ရောက်လုနီးပါး ဖြစ်နေကာ၊ သူ၏ ဓားတာအို ကျင့်ကြံရေးမှာလည်း အဆင့်၆အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ကန်းပြည်နယ်ကို မဆိုထားနှင့်၊ ယွဲ့ပြည်ထောင်တစ်ခုလုံးမှာပင်၊ သူသည် ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့သည်။
“ သူဖြစ်နေပါစေလို့ ငါဆုတောင်းတယ် “
လော့ထျန်းမှာ လေးလေးနက်နက် ဖြစ်သွားခဲ့သည်။ အတည်မပြုရသေးခင် အချိန်အထိ၊ သူသည် အလောတကြီး ကောက်ချက်မချရဲပေ။
နတ်ကောင်းကင်ဂိုဏ်း၏ ကျောက်ယန်မှာလည်း ရှားပါးသော ပါရမီရှင် ဖြစ်နေခဲ့သည်။ ရွှမ်ချန်ကမူ ရွှမ်ထျန်းဂိုဏ်းသို့ ပထမဦးဆုံး ရောက်ရှိလာသည့် အချိန်မှာပင် ဂိုဏ်းချုပ်၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်၊ ၎င်းကပင် သူ၏စွမ်းရည်က မည်မျှ ထူးခြားလဲဆိုသည်ကို သက်သေပြနေခဲ့သည်။
ထို့အပြင် အဆိုပါ အမျိုးသမီးမှာလည်း ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ပြီး၊ တစ်ခြားလူများထပ် မည်သို့မျှ အားနည်းမနေခဲ့ပေ။
လော့ထျန်းသည် ဘိုးဘေးထံသို့ ဤကိစ္စကို သတင်းပို့ရန် ထွက်သွားခဲ့သည်။
ထိုအချိန်တွင် တစ်ခြားလူများမှာ မှန်းဆတွက်ချက်မှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။ သူတို့သည် ဤကိစ္စအတွက် ပြင်ဆင်ထားခဲ့ပြီသား ဖြစ်သည်။
သို့ရာတွင် ကန်းယွင်ကားချပ် ပေါ်လာခဲ့ပြီးသည့်နောက်တွင်၊ မည်သည့်အရိပ်အယောင်ကိုမှ မမြင်ခဲ့ရသော်လည်း၊ ၎င်းက အမှန်တကယ် ပေါ်လာခဲ့သည်ဆိုသည်ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်း၏ စွမ်းအားက လျှို့ဝှက်နယ်မြေအနှံ့ ဖြာထွက်လာခဲ့ပြီး၊ လူတိုင်းက ၎င်းကို မြင်တွေ့ခဲ့ရလေသည်။
ကန်းယွင်ဂိုဏ်း၏ ပင်မခန်းမအတွင်း၌
ဘိုးဘေးသည် အကြိမ်ပေါင်းများစွာ ကြိုးပမ်းကာ၊ စုံစမ်းစစ်ဆေးနေခဲ့သော်လည်း၊ မည်သည့်အရိပ်အမြွက်ကိုမှ ရှာမတွေ့ခဲ့ပေ။
လော့ထျန်းမှ မေးမြန်းလိုက်သည် “ ဘိုးဘေး၊ ဘယ်လိုနေလဲဗျ “
“ အဲ့တာကို ငါအာရုံမခံနိုင်ဘူး “
“ ပြဿနာရှိနေတာလား။ ဒါမှမဟုတ် သူတို့က အမြင်မှားသွားတာများလား “
“ မဟုတ်ဘူး “ ဘိုးဘေးမှ ခေါင်းခါပြလာခဲ့သည် “ ငါက ကန်းယွင်ကားချပ်ရဲ့ အရှိန်အဝါကို အာရုံမခံနိုင်ဘူး၊ ဒါပင်မဲ့ အဲ့တာက ခုနလေးတင်ကမှ ပေါ်လာတယ်ဆိုတာကိုတော့ ငါသေချာတယ် “
“ အဲ့တာဆိုရင် ဘာဖြစ်သွားတာလဲဗျ “
ဘိုးဘေးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ ဖြည်းဖြည်းချင်း စကားပြန်ပြောလာခဲ့သည် “ ကန်းယွင်ကားချပ်မှာက စိတ်ဝိညာဥ်တစ်ခုရှိတယ်။ သူပေါ်လာတယ်ဆိုတော့၊ အံ့ဩဖို့ကောင်းတဲ့ စွမ်းရည်တစ်ခုက သူ့ကို ဆွဲဆောင်သွားလို့ပဲ ဖြစ်ရမယ်။ ဒါပင်မဲ့ ပေါ်လာပြီး ချက်ချင်းပြန်ပျောက်သွားတယ်ဆိုတော့၊ အဲ့တာက တစ်ယောက်ယောက်ရဲ့ လက်ထဲကို ရောက်သွားလောက်ပြီ “
“ အဲ့တာက …….. “
လော့ထျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
သူသည် ၎င်းက သတင်းကောင်းလား၊ သတင်းဆိုးလားဆိုသည်ကိုပင် ဝေခွဲမရ ဖြစ်သွားခဲ့သည်။
ယခု၌ သူတို့သည် ၎င်းနှင့်ပတ်သက်၍ ဘာကိုမှ မသိကြရပေ။ တကယ်လို့ ၎င်းကသာ တစ်စုံတစ်ဦး၏ လက်ထဲသို့ ကျရောက်သွားမည်ဆိုပါက၊ မည်သည့်အရာများ ဖြစ်ပျက်လာမည်နည်း
၎င်းသည် ရှေးခေတ်ကတည်းက အဆုံးမရှိ ကျော်ကြားနေခဲ့သည့် မှော်ပစ္စည်းတစ်ခု ဖြစ်သည်။
အကယ်၍ ကန်းယွင်ဂိုဏ်းကသာ ၎င်းကို ရရှိသွားမည်ဆိုပါက၊ သူတို့သည် ဂိုဏ်း၏ ဘုန်းကျက်သရေကို ပြန်လည်ယူဆောင်နိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ တစ်ခြားလူတစ်ဦးက ရရှိသွားမည်ဆိုပါက၊ မည်သည့်အရာများ ဖြစ်ပေါ်လာမလဲဆိုသည်ကို မည်သူမှ မသိကြပေ။
အကယ်၍ ရွှမ်ချန်ကသာ ၎င်းကို ရရှိသွားမည်ဆိုပါက၊ နှစ်ထောင်နှင့်ချီ၍ ငြိမ်သက်နေခဲ့သည့် ရွှမ်ထျန်းဂိုဏ်းက ရုတ်တရက် မြင့်တက်သွားလိမ့်မည် ဖြစ်သည်။ ယွဲ့ပြည်ထောင်ကို မဆိုထားနှင့်၊ နတ်ကောင်းကင်ဂိုဏ်းကပင် နောက်ဆုတ်သွားရလိမ့်မည် ဖြစ်သည်။
အကယ်၍ ကျောက်ယန်ဆီသို့ ရောက်ရှိသွားမည်ဆိုပါက၊ နတ်ကောင်းကင်ဂိုဏ်းမှာ ကြောက်ခမမ်းလိလိ ပိုမိုအစွမ်းထက်သွားမည် ဖြစ်သည်။
အဆိုပါ အမျိုးသမီးမှာလည်း ၎င်းကို ရရှိသွားနိုင်ပေသည်။
ယခုတွင် သူတို့လုပ်နိုင်သည့် တစ်ခုတည်းသော အရာက ကျိုးချင်ယုက ၎င်းကို ရရှိသွားပါစေဟု ဆုတောင်းနေခြင်းသာလျှင် ဖြစ်ပေသည်။
လူတိုင်းမှာ ရင်တလှပ်လှပ် ဖြစ်သွားကြသည်။
ဤတစ်ကြိမ်တွင် ကန်းယွင်ကားချပ် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
တစ်ဖက်တွင်မူ
ကန်းယွင်နယ်မြေ အတွင်းရှိ လူအားလုံး ရူးသွပ်သွားကြသည်။ ကားချပ် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ တစ်ခြားသော အခွင့်အလမ်းများကို မည်သူကမှ မလိုချင်ကြတော့ပေ။
လုချန်ရှန်းတစ်ဦးတည်းကသာလျှင် အစီအရင်များကို အဆက်မပြတ် တည်ဆောက်နေကာ၊ ဝိညာဥ်ချီကို ဆက်တိုက်စုပ်ယူနေလျက်ရှိသည်၊ တစ်ခြားသော ကိစ္စများကို သူသည် မည်သို့မျှ ဂရုစိုက်မနေပေ။
သူ၏မှော်စွမ်းအားက အားကောင်းလာသည်ကို ခံစားလိုက်ရသောအခါတွင်၊ သူသည် လွန်စွာစိတ်လှုပ်ရှားသွားခဲ့သည်၊ သူ့ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်နေသည့် နာကျင်မှုကပင် အနည်းငယ် လျော့ပါးသွားသည့်အလား ခံစားသွားခဲ့ရသည်။
ထို့အပြင် သူသည် ကန်းယွင်ကားချပ်ကို ရရှိခဲ့ပြီးသည့်နောက်တွင်၊ သူသည် ပတ်ဝန်းကျင်ရှိ ဝိညာဥ်ချီများက ဤနေရာသို့ စုဝေးလာပုံရသည်ဆိုသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
အချိန်များ ဖြတ်သန်းသွားကာ၊ ခုနစ်ရက်တာ ကျော်လွန်သွားခဲ့သည်။
ဤခုနစ်ရက်အတွင်း၌ လုချန်ရှန်းသည် ကျင့်ကြံခြင်းနှင့် ဝိညာဥ်ချီ စုစည်းခြင်းတို့ကို ပြုလုပ်နေရင်းဖြင့် အလုပ်ရှုပ်နေခဲ့ကာ၊ အကျိုးအမြတ်များစွာ သိမ်းပိုက်နိုင်ခဲ့သည်။
သူသည် အဖွဲ့အမျိုးမျိုးကြားရှိ ငြင်းခုန်မှုများကို လျစ်လျူရှုထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ၊ ဤနယ်မြေတွင် ကျိုးချင်ယု ရှိနေသောကြောင့်၊ ထိုလူများသည် ကြီးကြီးမားမား ပြဿနာ ရှာနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူတို့၏ ကျင့်ကြံရေးက သူနှင့် တူညီနေမည်ဆိုလျှင်တောင်မှ၊ သူ၏ ဓားရည်ရွယ်ချက်ကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက်၊ လူတိုင်းနီးပါး ရှုံးနိမ့်သွားရလိမ့်မည် ဖြစ်သည်။
သုံးယောက်တစ်ယောက်(သို့) ငါးယောက်တစ်ယောက် တိုက်ခိုက်ရမည်ဆိုလျှင်တောင်မှ၊ မည်သည့်ပြဿနာမှ ပေါ်လာလိမ့်မည် မဟုတ်ပေ။ သူသည် ၎င်းနှင့် ပတ်သက်၍ အတော်လေး ယုံကြည်မှုရှိနေခဲ့သည်။
သို့သော် လုချန်ရှန်းက ကျင့်ကြံရေးတွင် သူ့ကိုယ်သူ နှစ်မြှုပ်ထားကာ၊ အလုပ်များနေသည့် အချိန်တွင်၊ တစ်စုံတစ်ဦးသည် အနီးအနားသို့ ရောက်ရှိလာကာ၊ ဤနေရာဆီသို့ ဦးတည်လာနေခဲ့သည်။
……………………………………………………………………………………………………………………………………….
အပိုင်း ( 30 )
မင်းက ဟန်တောင်မဆောင်နိုင်တော့ဘူးလား
လုချန်ရှန်းသည် တင်ပျဥ်ခွေထိုင်နေလျက်ရှိပြီး၊ သူ၏ကျင့်ကြံရေးမှာလည်း ပြီးဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သို့ရာ၌ ဤအချိန် အဝေးတစ်နေရာတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်၊ သူ၏မျက်လုံးများ အတွင်းတွင် မကျေနပ်ချက်တို့ဖြင့် ပြည့်နှက်နေပြီး၊ သူ၏ နှုတ်ခမ်းများမှာလည်း လှောင်ပြုံးတစ်ခုအဖြစ် တွန့်ကွေးနေခဲ့သည်။
“ လုချန်ရှန်း၊ မင်း အသက်ရှင်နေသေးတာပဲ၊ ကောင်းတယ် “ စကားပြောလာသူမှာ ရှီဖုန်းပင် ဖြစ်သည်၊ သူသည် လှောင်ပြုံးပြုံးနေရင်းဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
“ စီနီယာအစ်ကိုရှီ၊ ဘယ်လောင်တောင် တိုက်ဆိုင်လိုက်လဲဗျာ “
လုချန်ရှန်းသည် မျက်လုံးများ ဖွင့်ကာ သူ့ကို ကြည့်လိုက်သည်၊ သူ၏အသံမှာ အလွန်ပင် အေးဆးတည်ငြိမ်နေခဲ့သည်၊ သူသည် ထိုလူ၏ ရောက်ရှိလာမှုကို အာရုံခံမိပြီးသား ဖြစ်သည်။
“ တိုက်ဆိုင်တာလား “
ရှီဖုန်း ပြုံးသွားခဲ့သည်၊ သူ့ဘေးတွင် ပုံရိပ်ပေါင်းများစွာ ရှိနေခဲ့ပြီး၊ တစ်ဦးချင်းစီတိုင်းသည် မထီမဲ့မြင့်ပြုနေသော မျက်လုံးများကိုသာ ဆင်မြန်းထားခဲ့သည်၊ သူတို့သည် လုချန်းရှန်ကို ပုရွတ်ဆိတ်တစ်ကောင်ဟုသာ မှတ်ယူထားပုံရသည်။
“တစ်ခုခု ဖြစ်လို့လား “
လုချန်ရှန်းသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလိုက်သည်။
ရှီဖုန်းမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ငါကြားတာတော့ ကျိုးချင်ယုက မင်းကို တော်တော်လေး ဂရုစိုက်တယ်ဆို “
“ ဘာပြောချင်တာလဲ “
“ ဘာမှမဟုတ်ပါဘူး၊ မင်းရဲ့ စီနီယာအစ်ကိုနဲ့ သွားတွေ့ဖို့အတွက် မင်းကိုပါ ခေါ်သွားချင်လို့ “ ဟု ရှီဖုန်းမှ ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းမှ ထပ်မံ၍ မေးမြန်းလိုက်သည် “ မင်းတို့က ဘာလုပ်ချင်နေတာလဲ “
“ ဘာတွေ သောက်စကားများနေတာလဲ။ နာနာခံခံနဲ့ လိုက်လာခဲ့လိုက်။ ငါတို့ ဘာလုပ်မလဲဆိုတာက မင်းအပေါ်မှာ မူတည်တယ် “ တစ်စုံတစ်ဦးမှ အော်ငေါက်လာခဲ့သည်။
တစ်ခြားလူတစ်ဦးမှ အပြုံးဖြင့် စကားဝင်ပြောလာခဲ့သည် “ ဘာလို့ လေကုန်ခံနေရတာလဲ။ သူ့ခြေလက်တွေကို ရိုက်ချိုးပြီးတော့ ခေါ်သွားလိုက်လေ ”
လူတစ်စုသည် အထင်တသေး ဖြစ်နေသော မျက်လုံးများဖြင့် သူ့ကို ဝိုင်းကြည့်လာခဲ့သည်။
ရှီဖုန်းသည် ၎င်းတို့ကို မည်သို့မျှ မတားဆီးခဲ့ပေ၊ သူ့အရှေ့တွင် ရှိနေသည့် လူကို ကြည့်နေသည့် အချိန်၌ သူ၏မျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်တည်နေခဲ့သည်။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ စကားပြန်ပြောလိုက်သည် “ ငါမေးနေရင်၊ လိမ်လိမ်မာမာနဲ့ ပြန်ဖြေသင့်တယ်။ ပြဿနာမရှာချင်စမ်းနဲ့ “
“ ဟားဟားဟား “
“ မင်းဘာပြောလိုက်တယ် “ လူတစ်ဦးမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ သေရတော့မှာကိုတောင် ဆောင့်ကြွားဆောင့်ကြွား လုပ်နေရဲသေးတာလား။ မင်းက ကိုယ့်အဆင့်ကိုယ် မသိတဲ့ကောင်ပဲ “
“ လုချန်ရှန်း၊ ပြဿနာရှာနေတဲ့လူက မင်းကိုယ်တိုင်ပဲ ဖြစ်နေတယ်လို့ ငါထင်တယ် “ ရှီဖုန်းမှ လှောင်ပြောင်လာခဲ့သည်။
ထိုအချိန်တွင် လူတစ်ဦးသည် ရှေ့တိုးကာ၊ လှုပ်ရှားလာခဲ့သည်။
သို့သော် သူချဥ်းကပ်လာသည့် အခိုက်အတန့်တွင်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့သည်၊ သူ၏လှုပ်ရှားမှုအားလုံး ထိုနေရာမှာပင် ရပ်တန့်သွားခဲ့ပြီး၊ သူ့အပေါ်သို့ ကြီးမားသော ဖိအားတစ်ခု ကျဆင်းလာခဲ့သည်၊ သူ၏မျက်လုံးများ အတွင်းတွင် ကြောက်ရွံ့မှု အငွေ့အသက်များ ဖြစ်တည်လာခဲ့သည်။
သူ စကားပြောချင်နေခဲ့သော်လည်း၊ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘူးဆိုသည်ကိုသာ သိရှိသွားခဲ့သည်။
“ ဘာဖြစ်တာလဲဟ “
လူတစ်ချို့သည် တစ်ခုခု မှားယွင်းနေသည်ဆိုသည်ကို သတိပြုမိသွားသည်၊ ရှီဖုန်းမှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုအချိန်၌ အားလုံးသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ၊ စတင်၍ လှုပ်ရှားလာကြသည်။
သို့ရာတွင် ဤတစ်ကြိမ်၌ သူတို့အားလုံး၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့ရသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ လူတိုင်းကို လွင့်ထွက်သွားစေခဲ့သည်၊ သူတို့သည် မည်သို့မျှ မခုခံနိုင်ခဲ့ဘဲ၊ မြေပြင်နှင့် ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိသွားကြသည်။
“ ဘာကြီး “
ရှီဖုန်း မှင်သက်သွားခဲ့သည်၊ သူသည် ရုန်းကန်ရန်ပင် အခွင့်အရေး မရခဲ့ပေ။ လုချန်ရှန်းမှ သူ၏လက်ကို မြှောက်လိုက်ရာ၊ ရှီဖုန်း၏ ခန္ဓာကိုယ်မှာ အလိုအလျောက် မျောလွင့်လာခဲ့သည်။
ဤအချိန်အတွင်းတွင် သူ၏ မျက်လုံးများ အဆက်မပြတ် ပြူးကျယ်နေပြီး၊ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားလျော့မှု အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။ သူသည် သူ့အရှေ့တွင် ရှိနေသည့်လူကို မယုံကြည်နိုင် ဖြစ်နေသော အမူအရာဖြင့် ကြည့်နေခဲ့သည်။
“ မင်း၊ မင်း ……. “
“ ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ်၊ စကားကို ကောင်းကောင်းပြောစမ်း “ ဟု လုချန်ရှန်းမှ ပြောလိုက်သည်။
“ ဖွီ “ ရှီဖုန်း၏ အသံပေါ်ထွက်လာခဲ့သည်။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး၊ သွေးများ ဖြာထွက်လာခဲ့သည်၊ ထို့နောက် မီးလျှံများ ပေါ်ထွက်လာခဲ့ကာ၊ သူ၏ခန္ဓာကိုယ်ကို ပြာအဖြစ် လောင်ကျွမ်းသွားစေခဲ့သည်၊ ဖုန်မှုန့်များသာလျှင် ကျန်နေခဲ့သည်။
သူသည် အဓိပ္ပါယ် မရှိသော အရာများကို မကြားချင်ပေ။ စကားမပြောဘူးဆိုပါက၊ အသတ်ခံရမည်ဖြစ်သည်။
ထို့နောက်တွင် သူသည် နောက်လူတစ်ဦးကို ကြည့်ကာ စကားထပ်ပြောလိုက်သည် “ သူက အခွင့်အရေး ပေးတာကို ကျေးဇူးမတင်ဘူး၊ မင်းကရော ဘယ်လိုလဲ “
အမေးခံလိုက်ရသည့် လူသည် ကြောက်လန့်တကြား ဖြစ်သွားကာ၊ အလောတကြီး ပြန်ပြောလာခဲ့သည် “ လျှို့ဝှက်နယ်မြေထဲမှာ လျှို့ဝှက်နယ်မြေတစ်ခု ပေါ်လာခဲ့တယ်၊ အဲ့တာက ကန်းယွင်ဂိုဏ်းရဲ့ အမွေအနှစ် နေရာတစ်ခုပါ။ လူတိုင်းက အဲ့ထဲကို ဝင်ချင်နေကြတယ်၊ ဒါပင်မဲ့ ကျိုးချင်ယုက လမ်းကြောင်းကို ပိတ်ထားပြီးတော့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူး။ သူတို့က မင်းနဲ့ ယဲ့တျန်ရီကို ဖမ်းပြီးတော့၊ ကျိုးချင်ယုကို ခြိမ်းခြောက်ချင်နေကြတာ “
ဘုမ်း ဘုမ်း ဘုမ်း
ထိုစကားကို ကြားခဲ့ရပြီးသည့်နောက်တွင် လုချန်ရှန်းမှ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ လူတိုင်း ချက်ချင်း ပေါက်ကွဲထွက်သွားခဲ့သည်။
ထို့နောက်တွင် သူသည် အဝေးသို့ ငေးကြည့်ကာ၊ ထပ်မံ၍ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ အမွေအနှစ် နယ်မြေလား “
၎င်းမှာ သူတစ်ခါမှ မကြားခဲ့ဖူးသော ကိစ္စတစ်ခုဖြစ်သည်။
သူသည် ထိုနေရာသို့ ချက်ချင်း ထထွက်သွားတော့သည်။
မိုင်ရာနှင့်ချီ၍ ကျော်ဖြတ်လာခဲ့ပြီးသည့်နောက်၌၊ သူ၏ မျက်လုံးများ အရှေ့တွင် တောင်တန်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
တောင်တန်းအလွန်တွင် နတ်အလင်းတန်းတစ်ခု လင်းလက်နေခဲ့သည်၊ ထူးခြားသော စွမ်းအင်လှိုင်း ပေါ်ထွက်နေခဲ့ပြီး၊ ၎င်း၏ တာအိုစည်းချက်က ကန်းယွင်ဂိုဏ်း၏ တာအိုစည်းချက်နှင့် ထပ်တူကျနေခဲ့သည်။
၎င်းတို့သာလျှင် မဟုတ်ဘဲ၊ သူသည် ထိုနေရာတွင် ရှိနေသည့် ရင်းနှီးသော အရှိန်အဝါတစ်ခုကိုပါ အာရုံခံမိသွားခဲ့သည်၊ ၎င်းက ကန်းယွင်ကားချပ်၏ အရှိန်အဝါနှင့် လုံဝတူညီနေခဲ့သည်။
“ အဲ့တာက တကယ်ကြီးကို ကန်းယွင်ဂိုဏ်းရဲ့ အမွေအနှစ်နယ်မြေ ဖြစ်နေတာလားဟ “ လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
ကန်းယွင်ဂိုဏ်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးသည်၊ ၎င်းက ကန်းယွင်ကားချပ်ကိုပင် ချန်ထားနိုင်သောကြောင့်၊ အမွေအနှစ်တစ်ချို့ကို ချန်ထားခဲ့ခြင်းက ဖြစ်နိုင်ပေသည်။
သို့ရာတွင် သူသည် ကန်းယွင်ကားချပ်၏ အရှိန်အဝါနှင့် တူညီသော အရှိန်အဝါကို အာရုံခံမိနေသောကြောင့်၊ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ကားချပ်က ငါ့ဆီမှာ ရှိနေတာ မဟုတ်ဘူးလားဟ
ကျိုးချင်ယုသည် တောင်တန်း၏ အရှေ့တွင် သူ၏ဓားနှင့်အတူ မတ်တပ်ရပ်နေလျက်ရှိသည်။ ယခုသူမြင်တွေ့နေရသည့် အရာမှာ ဓားချီဖြင့် ပြည့်နှက်နေသော ဟင်းလင်းပြင်နယ်မြေပင် ဖြစ်သည်၊ ကန်းယွင်ဂိုဏ်း၏ တစ်ခြားသော တပည့်တပန်းများက ထိုနေရာကို စောင့်ကြပ်နေကာ၊ မည်သူ့ကိုမှ ချဥ်းကပ်ခွင့်မပေးချေ။
သူတို့၏ မျက်နှာချင်းဆိုင် နေရာတွင်လည်း၊ ပုံရိပ်များစွာ မတ်တပ်ရပ်နေခဲ့သည်၊ ၎င်းတို့ကို ရွှမ်ချန်က ဦးဆောင်နေလျက်ရှိပြီး၊ စုမူယွဲ့မှာလည်း ထိုနေရာတွင် ရှိနေခဲ့သည်။
ပညာရှင် တော်တော်များများက သူမကို အဖော်ပြုပေးနေလျက်ရှိပြီး၊ သူမကို ကာကွယ်ပေးနေကြသည်။ အဖွဲ့နှစ်ဖွဲ့စလုံးသည် တစ်ဖက်ကိုတစ်ဖက် စိုက်ကြည့်နေကြသည်။
ရွှမ်ချန်မှ စကားစပြောလာခဲ့သည် “ ကျိုးချင်ယု၊ သဘောတူညီချက်အရ ငါတို့က အခွင့်အလမ်းရှာဖို့အတွက် ဒီနေရာကို ဝင်နိုင်တယ်။ လမ်းလာပိတ်နေတယ်ဆိုတော့ မင်းက ဘာသဘောလဲ။ သဘောတူညီချက်ကို ဖောက်ဖျက်ချင်နေတာလား “
လူတစ်စုမှာ ရန်လိုနေကြပြီး၊ လောဘတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့်၊ ခန်းမကြီးကို စိုက်ကြည့်နေကြသည်။
ထိုကဲ့သို့သော စိတ်အားထက်သန်မှုများမှာ ငြှိမ်းသက်ရ ခက်လှပေသည်။
ကျိုးချင်ယုကမူ အလွန်တရာ တည်ငြိမ်နေပြီး၊ မည်သို့မျှ မလှုပ်ခတ်သွားခဲ့ပေ။
“ အခွင့်အလမ်းဆိုတာက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်စွမ်းရည်အပေါ်မှာ မူတည်တယ်၊ တကယ်လို့ မင်းက ငါ့ကို အနိုင်ယူနိုင်မယ်ဆိုရင်၊ အဲ့တာက မင်းဟာပဲ “
သူ၏စကာလုံးများက စိတ်ခံစားချက် ကင်းမဲ့နေပုံရသည်၊ သို့သော် သူတို့သည် အားကောင်းသော ယုံကြည်မှုကို ခံစားလိုက်ရသည်။
စုမူယွဲ့မှာလည်း စကားဝင်ပြောလာခဲ့သည် “ စီနီယာအစ်ကိုကျိုး၊ ဒီလိုအခွင့်အလမ်းမျိုးကို ရှင်တစ်ယောက်တည်း လက်ဝါးကြီးအုပ်နိုင်မှာ မဟုတ်ဘူး။ ဘာလို့ အဲ့လိုမျိုး လုပ်နေရတာလဲ။ ကျွန်မကို ဝင်ခွင့်ပေးပါ၊ ကျွန်မက ရှင်တို့ ကန်းယွင်ဂိုဏ်းရဲ့ အမွေအနှစ်ကို မထိဘူး၊ အဲ့လိုဆိုရင်ကော ဘယ်လိုလဲ “
ရွှမ်
ဓားအူသံ ပေါ်ထွက်လာခဲ့သည်၊ ၎င်းမှာ သူ၏တုံ့ပြန်မှု ဖြစ်သည်။
ကန်းယွင်ဂိုဏ်း၏ တပည့်များကလည်း သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။
သဘောတူညီချက်အရ သူတို့သည် သူတို့ ရရှိထားသည့် မည်သည့်အခွင့်အလမ်းကိုမဆို ယူဆောင်သွားနိုင်ပေသည်။
သို့သော် ထို့နည်းတူစွာပင် အခွင့်အလမ်းဆိုသည်မှာ နောက်ဆုံးအချိန်အထိ ကျန်နေခဲ့သည့် လူကသာလျှင် ရရှိနိုင်သော အရာဖြစ်သည်။ အကယ်၍ ကျိုးချင်ယုကသာ ခွင့်မပြုဘူးဆိုပါက၊ သူတို့ထံတွင် တစ်ခြားသော နည်းလမ်းများ ရှိနေမည် မဟုတ်ပေ။
စုမူယွဲ့မှာလည်း ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုအချိန်တွင် ရွှမ်ချန်မှ စကားထပ်ပြောလာခဲ့သည် “ မင်းက ငါတို့အားလုံးနဲ့ ရန်သူလုပ်ဖို့ ရည်ရွယ်ထားတယ်နဲ့တူတယ် “
“ အဲ့တော့ “
ဤအချိန်တွင် သူ၏စကားလုံးများမှာ ခိုင်မာ၊ ပြတ်သားနေခဲ့သည်၊ ကျိုးချင်ယု၏ မျက်လုံးများမှာ အလွန်တရာ တည်ငြိမ်နေပြီး၊ အရာအားလုံးကို မည်သို့မျှ ကြောက်လန့်မနေခဲ့ပေ။
ရွှမ်ချန်၏ မျက်လုံးများ အေးစက်သွားခဲ့သည်။
“ မင်းရဲ့ ခေါင်းမာမှုကြောင့် မင်းရဲ့ ကန်းယွင်ဂိုဏ်းဆီ ကပ်ဘေးတွေ ရောက်သွားစေမှာကို မကြောက်ဘူးလား။ မင်းရဲ့ ဂျူနီယာညီတွေက မင်းလောက် မသန်မာဘူးနော် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ကျိုးချင်ယု၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ယဲ့တျန်ရီက အားမနည်းသောကြောင့် သူသည် သူ့ကို မည်သို့မျှ မစိုးရိမ်ပေ၊ သို့သော် လုချန်ရှန်းအကြောင်း တွေးမိသွားသောအခါတွင် သူသည် ပို၍ စိုးရိမ်ပူပန်သွားခဲ့သည်။
သူသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခဲ့သည်၊ စုမူယွဲ့မှာလည်း မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ သူမ၏ စွမ်းအင်များ မြင့်တက်လာခဲ့သည်။
ထိုအချိန်တွင် ရွှမ်ချန်မှာလည်း လှုပ်ရှားလာခဲ့သည်။
“ တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်နဲ့တူတယ် “
ချက်ချင်းဆိုသလိုပင် ရွှမ်ချန်လှုပ်ရှားလာခဲ့သည်၊ သူ၏ မှော်စွမ်းအား မြင့်တက်လာခဲ့ပြီး၊ လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များကို ဖွဲ့စည်းနေရာ၊ စွမ်းအင်လှိုင်းများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။
သူသည် ကျိုးချင်ယုကို တိုက်ခိုက်လိုက်ပြီး၊ စုမူယွဲ့မှာလည်း သူနှင့်အတူ လှုပ်ရှားလာခဲ့သည်။ ထိုလူနှစ်ဦး ချဥ်းကပ်လာသောကြောင့်၊ အံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့သည်။
လူသုံးဦးသည် ကောင်းကင်အောက်တွင် တိုက်ခိုက်နေလျက်ရှိပြီး၊ ဓားစွမ်းအင်များ ဖြတ်သန်းနေကာ၊ မန္တာန်မျိုးစုံ ပေါ်ထွက်လာနေခဲ့သည်။
လုချန်ရှန်းသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ့ကို အသုံးပြုကာ၊ ကျိုးချင်ယုကို ခြိမ်းခြောက်ရန် စဥ်းစားခြင်းမှာ အမှန်ပင် စက်ဆုပ်ဖွယ်ကောင်းလွန်းလှသည်။
နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေခြင်းဖြစ်သော်လည်း၊ သူသည် ကြားဝင်စွက်ဖက်ရန် မတွေးထားခဲ့ပေ။ လူငယ်များသည် အတွေ့အကြုံများကို အမြဲတမ်း လိုအပ်သည်၊ ထို့အပြင် သူသည် ကျိုးချင်ယုက မရှုံးဘူးဟု ယုံကြည်နေခဲ့သည်။
အကယ်၍ သူအနိုင်မရဘူးဆိုလျှင်တောင်မှ၊ သူအန္တရာယ်ဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် ကျိုးချင်ယု၏ ခန္ဓာကိုယ်အတွင်းတွင် ပွဲသိမ်းတိုက်ကွက်တစ်ခု ချန်ပေးထားခဲ့သည်၊ ပုံမှန်အခြေအနေအောက်တွင် ၎င်းကို မြင်တွေ့ရလိမ့်မည် မဟုတ်သော်လည်း၊ အကြပ်အတည်း ကာလအတွင်းတွင် ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် လုံလောက်နေမည် ဖြစ်သည်။
အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ပညာရှင်ကပင် သူ့ကို ထိခိုက်ဒဏ်ရာရှိအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့နောက်တွင် သူသည် ခန်းမကြီးကို ငေးကြည့်ကာ၊ သူ၏ စိတ်စွမ်းအားကို ပျံ့လွင့်စေကာ၊ တောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားစေခဲ့သည်၊ သူသည် ၎င်းကို သူကိုယ်တိုင် သွားရောက်စစ်ဆေးမလားဆိုသည်ကို တွေဝေသွားခဲ့သည်။
သို့သော် ရုတ်တရက်ဆိုသလိုပင် သူသည် ခန်းမအပြင်ဘက်တွင် တစ်ယောက်ယောက်က တိတ်တဆိတ် ခိုးဝင်သွားသည်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
၎င်းက ကျောက်ယန်ဖြစ်သည်။ သူသည် အထူးနည်းလမ်းတစ်ချို့ကို အသုံးပြုကာ လူတိုင်းကို ကျော်ဖြတ်သွားပြီး၊ ကျိုးချင်ယု၊ ရွှမ်ချန်နှင့် စုမူယွဲ့တို့ကို တိုက်ခိုက်ရင်းဖြင့် အလုပ်ရှုပ်သွားစေခဲ့သည်၊ ထိုစဥ် သူကိုယ်တိုင်က အကျိုးအမြတ်များကို ရိတ်သိမ်းရန် ပြင်ဆင်ထားပုံရသည်။
“နတ်ကောင်းကင်ဂိုဏ်းက လူတွေက ဒီလောက်တောင် အရှက်မရှိကြတာလားဟ။ ငါ့အလှည့်တောင် မရောက်သေးတာကို၊ မင်းက လှုပ်ရှားနေပြီပေါ့လေ “
၎င်းကို တွေးမိသွားသောအချိန်၌၊ လုချန်ရှန်း၏ ဘေးဘက်တွင် အနက်ရောင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ခန်းမအတွင်းသို့ တိတ်တဆိတ် တိုးဝင်သွားခဲ့သည်။ ၎င်းမှာ ယခင်က သူသန့်စင်ထားခဲ့သည့် ရုပ်သေးပင် ဖြစ်သည်။