အခန်း (၃၁-၃၃)
Vol. 3 Ch. 31-33
အပိုင်း ( 31 )
ငါ့ရဲ့ မွေးရာပါ ဝိညာဥ်နယ်ပယ်လေး
လုချန်ရှန်းသည် တိုက်ပွဲအခြေအနေကို တောင်တစ်လုံး အပေါ်မှ စောင့်ကြည့်နေခဲ့သည်။
စမ်းသပ်မှုတစ်ခုသာ ဖြစ်နေသောကြောင့် သူသည် ကြားဝင်မစွက်ဖက်ဘဲ၊ သူတို့အားလုံးကို တိုက်ပွဲအတွင်းသို့ အမှန်တကယ် ဝင်ရောက်စေလိုက်သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် နူးညံ့သော ပန်းပင် တစ်စုကို ပျိုးထောင်ထားရသကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်သည်၊ ထိုကဲ့သို့သော ဂိုဏ်းမျိုးက မည်ကဲ့သို့ တိုးတက်လာလိမ့်နည်း။
ရုပ်သေးက ခန်းမကြီး အရှေ့သို့ ရောက်သွားသော အချိန်၌၊ သူသည် သူက ထိုနေရာတွင် ရောက်ရှိနေသကဲ့သို့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရသည်။
ကျောက်ယန်မှာလည်း တစ်ခြားလူနှစ်ဦးနှင့်အတူ ဤနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူတို့သည် ခန်းမကြီးကို ကြည့်ကာ အတွေးနက်သွားခဲ့သည်။
“ စီနီယာအစ်ကို၊ တကယ်လို့ ကျိုးချင်ယု သိသွားရင် ဘယ်လိုလုပ်မလဲ “
ကျောက်ယန်မှ ခေါင်းခါပြလိုက်သည် “ ရွှမ်ချန်နဲ့ အဲ့ဒီမိန်းမက ဟိုမှာရှိနေတယ်လေ၊ အဲ့တာကြောင့် ကျိုးချင်ယုက ခဏလောက်တော့ အလုပ်ရှုပ်နေမှာပဲ။ တကယ်လို့ သူသတိပြုမိသွားမယ်ဆိုရင်တောင်မှ၊ ဘာဖြစ်လဲ။ ငါက သူ့ကို ဘယ်လိုလုပ် ကြောက်နေရမှာလဲ “
“ အမှန်ပဲ၊ သူက ဘယ်လိုလုပ် စီနီယာအစ်ကိုရဲ့ ပြိုင်ဘက် ဖြစ်နေနိုင်မှာလဲ “
ကျောက်ယန်သည် ခေါင်းငြိမ့်ပြလိုက်ကာ၊ ခန်းမကြီးကို ငေးကြည့်နေရင်းဖြင့် စကားဆက်ပြောလာခဲ့သည် “ တကယ်လို့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ မရှိဘူးဆိုရင်၊ ကန်းယွင်ကားချပ်က ဒီနေရာမှာ ရှိနေနိုင်တယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကျိုးချင်ယုက ဒီနေရာကို ဒီလောက်ကြီးအထိ ကာကွယ်နေမှာ မဟုတ်ဘူး “
“ တကယ်လို့ ကန်းယွင်ကားချပ်ကိုသာ ရခဲ့မယ်ဆိုရင်၊ စီနီယာအစ်ကို၊ မင်းက နောင်အနာဂတ်မှာ နတ်ကောင်းကင်ဂိုဏ်းတစ်ခုလုံးကို သေချာပေါက် ထိန်းချုပ်နိုင်လိမ့်မယ် “
“ အဲ့အချိန်ကျရင် မင်းက အရှင်သခင် ဖြစ်လာလိမ့်မယ် “
ထိုစကားကို ကြားလိုက်ရသော အချိန်၌၊ ကျောက်ယန်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
သူစကားပြန်ပြောလိုက်မည့် အချိန်တွင်၊ မမျှော်လင့်ထားသော အသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ မင်းတို့ကောင်တွေက မြှောက်ပင့်ပြောဆိုနေတဲ့ နေရာမှာ တော်တော်ကြီးကို တော်တာပဲဟ၊ ဒါပင်မဲ့ ဘယ်လိုအရှင်သခင်မျိုးက အနောက်ဘက်ကနေ ခိုးကြောင်ခိုးဝှက်ဝင်တာလဲဟ “
“ ဘယ်သူလဲ “
အားလုံး၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။
ခန်းမ၏ အရှေ့တွင် အနက်ရောင်ပုံရိပ်တစ်ခု မတ်တပ်ရပ်နေလျက်ရှိသည်၊ ၎င်းက ရုပ်သေးဖြစ်သည်။
စကားပြောလိုက်သည့် လူမှာ လုချန်ရှန်းဖြစ်သည်၊ သူသည် ရုပ်သေးကို ထိန်းချုပ်နေလျက်ရှိပြီး၊ သူ၏အာရုံငါးပါးမှာ အံ့ဖွယ်ကောင်းလောက်သည်အထိ စစ်မှန်နေခဲ့သည်။
“ ရောင်းရင်း၊ မင်းဘာလုပ်ချင်နေတာလဲ “ ကျောက်ယန်သည် ဒေါသတကြီးဖြစ်နေသော လေသံမျိုးဖြင့် မေးမြန်းလိုက်သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မင်းနားမလည်ဘူးလား “
“ မင်းက ငါ့ရဲ့ နတ်ကောင်းကင်ဂိုဏ်းနဲ့ ရန်သူဖြစ်ဖို့ ကြိုးစားနေတာလား “
ကျောက်ယန်သည် တစ်ဖက်လူက ထူးခြားသည်ဆိုသည်ကို အာရုံခံမိနေခဲ့သည်၊ သို့သော် သူသည် နတ်ကောင်းကင်ဂိုဏ်းကို အသုံးပြုကာ၊ ဖိအားပေးရန် ကြိုးပမ်းလိုက်သည်။
သို့ရာတွင် လုချန်ရှန်းမှ အေးအေးလူလူ ပြန်ပြောလိုက်သည် “ နတ်ကောင်းကင်ဂိုဏ်းက ငါအမုန်းဆုံး အရာပဲ “
ဝှစ်
ထို့နောက်တွင် ရုပ်သေးသည် အရှေ့သို့ ခုန်တက်လာခဲ့သည်၊ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ထိုလူများသည် အဝေးသို့ ချက်ချင်းလွင့်စင်သွားခဲ့သည်။
ကျောက်ယန်သည် အော်ဟစ်ဟိန်းကောက်ကာ၊ ပြန်တိုက်ရန် ကြိုးစားးနေသေးသည်၊ သို့သော် သူသည် တိုက်ရိုက်ဖိနှိပ်ခံလိုက်ရပြီး၊ သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ၊ ဒူးညွတ်သွားကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။
ရုပ်သေးကို အပြည့်အဝ မသန့်စင်ရသေးသော်လည်း၊ ၎င်းသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၃တွင် ရှိနေသောကြောင့် ချီသိပ်သည်းခြင်း ပညာရှင်ကို ဖိနှိပ်ရန် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။
“ အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “
ကျောက်ယန် အံ့အားသင့်သွားကာ၊ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
ကန်းယွင်လျှို့ဝှက်နယ်မြေသည် အသက်သုံးဆယ်အောက်မှ လူများကိုသာ ဝင်ရောက်ခွင့်ပြုထားခဲ့သည်၊ သို့သော် သူ့အရှေ့တွင် ရှိနေသည့် လူကမူ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံရေးကို ပိုင်ဆိုင်ထားပြီး၊ ၎င်းက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၁ဟုတ်ပုံမရပေ။ ၎င်းမှာ အံ့ဖွယ်ကောင်းလွန်းလှသည်။
ထိုကဲ့ဆိုလျှင်တောင်မှ ကျောက်ယန်သည် အရှုံးပေးရန် ဆန္ဒမရှိပေ၊ သူ၏မျက်ခုံးများ အကြားတွင် ရုန်းတစ်ခု လင်းလက်လာခဲ့သည်၊ အံ့ဖွယ်ကောင်းသည့် စွမ်းအားတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ ချုပ်နှောင်မှုကို ချိုးဖျက်ရန် ကြိုးပမ်းနေတော့သည်။
သူ၏ရင်ဘတ်တွင် စက္ကူအဆောင်တစ်ခု တိတ်တဆိတ် ပေါ်ထွက်လာခဲ့ပြီး၊ တစ်ဖက်လူကို သတိလက်လွတ်ဖြစ်သွားစေကာ၊ ဤနေရာမှ ထွက်ပြေးရန် ပြင်ဆင်နေခဲ့သည်။
သို့ရာတွင် သူ၏နည်းလမ်း မပေါ်လာခင် အချိန်မှာပင်၊ ရုပ်သေးသည် ၎င်း၏လက်ကို မြှောက်ကာ၊ သူ၏ဦးခေါင်းကို တိုက်ရိုက်ရိုက်ချလာခဲ့သည်။
ကျောက်ယန်သည် အလျားလိုက် လွင့်ထွက်သွားကာ၊ မြေပြင်ကို ထိမှန်သွားပြီး၊ သူ၏ဦးခေါင်းက ပေါက်ကွဲသွားတော့မည့်အလား ခံစားသွားခဲ့ရသည်။
သူ၏နဖူးတွင် ရှိနေသည့် ရုန်းမှာလည်း အဆိုပါ တိုက်ခိုက်မှုကြောင့် ပြိုကွဲသွားခဲ့သည်။
သူ့ရင်ဘတ်တွင် ရှိနေသည့် စက္ကူအဆောင်မှာ အပြည့်အဝ မဖြစ်ပေါ်လာခဲ့ဘဲ၊ ရုပ်သေး၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
“ မင်းဆီမှာ လှည့်ကွက်တွေ တော်တော်ရှိပါတယ်ဟ။ ထပ်ရှိသေးလား “ လုချန်ရှန်းသည် ကျောက်ယန်ကို ကြည့်ကာ မေးမြန်းလိုက်သည်။
ထိုမြင်ကွင်းသည် လူတိုင်းကို ဒေါသတကြီး ဖြစ်သွားခဲ့သည်။
သို့သော် ကျောက်ယန်က စကားမပြောရသေးခင် အချိန်မှာပင်၊ မှော်စွမ်းအားတစ်ခုက သူ့ကို ဝိုင်းရံလာခဲ့ပြီး၊ သူ့အား ရုပ်သေးအရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။
သူသည် မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ပေ၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အရာအားလုံးမှာ ရှာဖွေမွှေနှောက်ခံလိုက်ရသည်၊ သူ၏ ဟင်းလင်းပြင်လက်စွပ်၊ ခါးပတ်အိတ်၊ ကိုယ်ပိုင်လက်နက်များနှင့် စသည်ဖြင့်၊ အရာအားလုံး ဖော်ထုတ်ခံလိုက်ရသည်။
သို့ရာတွင် လုချန်ရှန်းကမူ အဆိုပါ ပစ္စည်းများကို ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ မင်းမှာ ရှိတာက ဒါအကုန်ပဲလား။ နတ်ကောင်းကင်ဂိုဏ်းက ဒီလောက်တောင် ဆင်းရဲတာလား “
“ မင်း …….. “
ကျောက်ယန်သည် ရှက်ရွံ့ကာ၊ ဒေါသထွက်သွားခဲ့သည်။
တစ်စုံတစ်ဦး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး၊ ဤကဲ့သို့ အရှက်ခွဲခံလိုက်ရခြင်းကို သည်းခံနိုင်စရာ မရှိပေ။
ဤအချိန်တွင် သူသည် ဒေါသတကြီးဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားခဲ့သည်။
သို့ရာတွင် သိပ်မကြာခင် အချိန်မှာပင် သူ၏အမူအရာမှာ ထပ်မံ၍ ပြောင်းလဲသွားခဲ့ရပြန်သည်။
သူ့ထံတွင် မည်သည့်အရာမှ မရှိဘူးဆိုသည်ကို မြင်လိုက်ရသောအချိန်၌ တစ်ဖက်လူထံတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
“ အတင့်ရဲချက်။ ငါက နတ်ကောင်းကင်ဂိုဏ်းရဲ့ တပည့်၊ အကြီးအကဲကျောက်ကျင်းရဲ့ ဂျူနီယာကွ။ တကယ်လို့ မင်းငါ့ကို ထိရဲနေမယ်ဆိုရင်၊ ဂိုဏ်းက မင်းကို သေချာပေါက် ခွင့်လွှတ်မှာမဟုတ်ဘူး “
ကျောက်ယန်မှ ခြိမ်းခြောက်လာခဲ့သည်၊ သူ့ထံတွင် ရွေးချယ်စရာ မရှိတော့သောကြောင့် နတ်ကောင်းကင်ဂိုဏ်းဖြင့် ကိုင်ပေါက်ခြိမ်းခြောက်ရုံသာ ပြုလုပ်နေရတော့သည်။
လုချန်ရှန်း၏ လှုပ်ရှားမှုမှာလည်း ရပ်တန့်သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ကျောက်ယန်သည် အလုပ်ဖြစ်သွားပြီဟု ထင်သွားကာ၊ အလောတကြီး စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ အခုမင်းရပ်လိုက်မယ်ဆိုရင် အရမ်းနောက်မကျသေးဘူး “
လုချန်ရှန်းမှ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဆိုတော့ နတ်ကောင်းကင်ဂိုဏ်းက မင်းကို တော်တော်လေး တန်ဖိုးထားတယ်လို့ ပြောချင်နေတာလား “
“ အမှန်ပဲ။ ငါက ဂိုဏ်းရဲ့ ပင်မတပည့်တစ်ယောက်ပဲ “
လုချန်ရှန်း၏ သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်သွားပြီး၊ ဖြည်းဖြည်းချင်း စကားထပ်ပြောလာခဲ့သည် “ အဲ့လိုဆိုမှတော့၊ နတ်ကောင်းကင်ဂိုဏ်းက မင်းကို ဝိညာဥ်ကျောက်တုံးတွေနဲ့ လာရွေးယူသင့်တယ် “
“ မင်းဘာပြောလိုက်တယ် “
ကျောက်ယန်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
သူသည် တစ်ဖက်လူကို ခြိမ်းခြောက်နိုင်ခဲ့ပြီဟု ထင်နေခဲ့ခြင်း ဖြစ်သည်၊ သို့သော် သူသည် ထိုလူ့၏ အတွေးအခေါ်များက လွန်စွာထူးဆန်းနေကာ၊ နတ်ကောင်းကင်ဂိုဏ်းထံမှ ငွေညှစ်ချင်လောက်သည်အထိ ရဲတင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လုချန်ရှန်းသည် လူမသတ်ဘူးဆိုပါက သေချာပေါက် ငွေရအောင် ညှစ်ထုတ်မည်ဖြစ်သည်။
၎င်းကို တွေးမိသွားသောအချိန်တွင်၊ သူသည် လှုပ်ရှားရန် ပြင်လိုက်သည်၊ သို့သော် ထိုအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ဦးက ချဥ်းကပ်လာသည်ကို အာရုံခံမိသွားကာ၊ နောက်လှည့်ကြည့်လိုက်သည်။
ဤအချိန်၌ ကျိုးချင်ယုနှင့် တစ်ခြားလူများကို ကောင်းကင်ထက်တွင် မမြင်ရသေးပေ၊ သို့သော် ရင်သပ်ရှုမောဖွယ်ကောင်းသည့် ပုံရိပ်တစ်ခုသည် တိတ်တဆိတ် ချဥ်းကပ်လာခဲ့သည်၊ ၎င်းမှာ စုမူယွဲ့ပင် ဖြစ်သည်။
သူမ နီးကပ်လာနေပြီဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ ရုပ်သေးကို ထိန်းချုပ်ထားလိုက်ပြီး၊ လက်မောင်းအရွယ်မျှ ထူထဲသည့် သစ်သားတုတ်တစ်ချောင်းကို ကောက်ယူလိုက်သည်၊ အနောက်သို့ ရောက်ရှိလာသည့်နောက်တွင် သူသည် ၎င်းကို သူ၏ လက်နှစ်ဖက်စလုံးဖြင့် ကိုင်ဆောင်၍ လွှဲရမ်းလိုက်သည်။
ဘမ်းး
ချက်ချင်းဆိုသလိုပင် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
စုမူယွဲ့သည် ၎င်းကို အာရုံခံမိသွားပြီး၊ နောက်လှည့်၍ ပိတ်ဆို့တားဆီးလာခဲ့ရာ၊ သစ်သားတုတ်ချောင်း ပြိုကွဲသွားကာ၊ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။
“ ဘယ်သူလဲ “
သူမသည် သတိတကြီး ဖြစ်သွားခဲ့သည်။
သို့ရာတွင် တစ်ဖက်လူသည် သူမကို မည်သို့မျှ တုံ့ပြန်ခွင့်မပေးချေ၊ မှော်စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ သူသည် သူ၏လက်ကို မြှောက်ကာ သူမကို ဖိနှိပ်လိုက်သည်။
“ အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ် “
စုမူယွဲ့သည် အထိတ်တလန့်ဖြစ်သွားပြီး၊ သူမ၏လက်နှစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှား၍ လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ၊ သူမ၏ခန္ဓာကိုယ်ထံမှ မှော်စွမ်းအား ပေါက်ထွက်လာခဲ့သည်။ သူမ၏အရှေ့တွင် အစိမ်းရောင် ကျောက်စိမ်းဆံထိုးတစ်ခု ပေါ်ထွက်လာခဲ့သည်။
အားနှစ်ခု တိုက်မိသွားကာ၊ ရုပ်သေးသည် အနောက်သို့ လွင့်လွက်သွားခဲ့သည်၊ သို့သော် ၎င်းသည် ကျောက်စိမ်းဆံထိုးကို ဆွဲယူသွားခဲ့သည်။
လုချန်ရှန်းသည် အဆိုပါဆံထိုး၏ စွမ်းအားကြောင့် တအံ့တဩဖြစ်သွားခဲ့သည်၊ သို့သော် ၎င်းက လုံးဝညှိုးနွမ်းနေကာ၊ ဝိညာဥ်စွမ်းအား ကင်းမဲ့နေသည်ကို သူရှာတွေ့သွားခဲ့သည်။
“ တားမြစ်ပစ္စည်း “
သူ၏ အမူအရာ ပြောင်းလဲသွားကာ၊ ရုပ်သေးမှတစ်ဆင့် အဝေးသို့ ငေးကြည့်နေတော့သည်။
အဆိုပါ ပစ္စည်းသည် အံ့ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်းရှိပြီး၊ လွန်စွာဈေးကြီးကာ သန့်စင်ရ ခက်ပေသည်။ ၎င်းသည် ကျိုးချင်ယု၏ ခန္ဓာကိုယ်ထဲတွင် သူထားခဲ့သည့် ဓားရည်ရွယ်ချက်နှင့် တူညီသော တစ်ခါသုံးပစ္စည်းဖြစ်သည်။
“ တကယ်ကို ဖြုန်းတီးလွန်းတာပဲ “
လုချန်ရှန်းသည် သူဦးခေါင်းကို ခါရမ်းကာ၊ ထပ်မံ၍ တိုက်ခိုက်လိုက်သည်။
စုမူယွဲ့သည် ဤနေရာတွင် အူတိုင်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်တစ်ဦး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
တစ်ဖက်လူက တိုက်ခိုက်လာသည်ကို မြင်လိုက်ရသောအချိန်၌ သူမ၏လက်ထဲတွင် ဓားရှည်တစ်ခု ပေါ်ထွက်လာခဲ့သည်၊ ချက်ချင်းဆိုသလိုပင် အံ့ဖွယ်ကောင်းသော ဓားရည်ရွယ်ချက် ပေါက်ထွက်လာခဲ့သည်။
များပြားလွန်းလှသာ ဓားချီများ လိမ်ယှက်နေလျက်ရှိပြီး၊ ၎င်းသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅ ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည်အထိ အားကောင်းနေခဲ့သည်။
၎င်းကို မြင်လိုက်ရသော အခါတွင် လုချန်ရှန်းမှ လက်ညှိုးထိုးလာခဲ့သည်၊ အလင်းတန်းတစ်ခုသည် ကောင်းကင်ပြင်ကို ဖြတ်သန်းကာ ရုပ်သေး၏အနားသို့ ကျဆင်းလာခဲ့ပြီး၊ ဓားရည်ရွယ်ချက်ကို ရိုက်ချိုးသွားခဲ့သည်။
ဓားရှည်ပြိုကွဲသွားခဲ့သည်။
“ တားမြစ်ပစ္စည်း နောက်တစ်ခု “
စုမူယွဲ့၏ အမူအရာမှာလည်း ပြောင်းလဲစပြုလာခဲ့ပြီ ဖြစ်သည်၊ သူမသည် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးသည့်နောက်မှာပင် မလွတ်မြောက်သေးသောကြောင့်၊ လွန်စွာအံ့ဩသွားခဲ့သည်။
သူမ၏ နည်းလမ်းများ ဆက်တိုက်ထုတ်ပြခြင်းသည် လုချန်ရှန်းကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်၊ သူမထံတွင် ကာကွယ်ရေး နည်းလမ်းပေါင်းများစွာ ရှိနေခဲ့သည်၊ ၎င်းတို့အားလုံးမှာ လွန်စွာဈေးကြီးပြီး၊ ဝိညာဥ်ကျောက်တုံး သောင်းဂဏန်းမှ သိန်းဂဏန်းအထိ တန်နေခဲ့သည်။
“ ဒီကောင်မလေးက သူ့ရဲ့ ရတနာတွေကို ကောင်းကောင်းကြီး ဖုံးကွယ်ထားခဲ့တာပဲ “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့ပြီး၊ ရုပ်သေးမှာလည်း အဆက်မပြတ် တိုက်ခိုက်နေလျက်ရှိသည်။
သူတို့နှစ်ကြားတွင် ဆက်ဆံရေးတစ်ခုရှိနေခဲ့သော်လည်း၊ ၎င်းက အရောင်းအဝယ်မျှသာဖြစ်နေခဲ့ပြီး၊ မိတ်ဆွေသူငယ်ချင်း ဟုတ်မနေခဲ့ပေ။
စုမူယွဲ့သည် သူ့အတွက် လျှို့ဝှက်နယ်မြေများ ရှာဖွေပေးကာ သတင်းအချက်အလက်များ ထောက်ပံ့ပေးတတ်သည်၊ သူကမူ ကျိုးချင်ယု၏ ဓားရည်ရွယ်ချက် အတွေးအမြင်များကို သူမထံသို့ ပြန်ပေးရသည်၊ မည်သည့်အရာကိုပင် လိုချင်နေပါစေ၊ သူ၏ကိုယ်ပိုင်မှတ်စုများကို ပေးလေ့ရှိသည်။
ယခု ထိုအမျိုးသမီးနှင့် ရင်ဆိုင်နေသောအချိန်၌ သူ၏စိတ်ထဲတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
သူမထံတွင် ပစ္စည်းကောင်းများစွာ သေချာပေါက် ရှိနေမည် ဖြစ်သည်။ သူမကို အနိုင်ယူခဲ့ပြီးသည့်နောက်တွင်လည်း သူသည် သူမကို ဝိညာဥ်ကျောက်တုံးများအတွက် လဲလှယ်နေနိုင်သေးသည်။
၎င်းကို တွေးမိသွားသောအချိန်၌ သူသည် မွေးရာပါ ဝိညာဥ်နယ်ပယ်က လက်တစ်ကမ်းအလိုတွင် ရှိနေပြီဟု ရုတ်တရက် ခံစားသွားခဲ့ရသည်။
……………………………………………………………………………………………………………………………………..
အပိုင်း ( 32 )
မိုက်မဲမှု
အလင်းတန်းများသည် မျက်စိတစ်ဆုံးမြင်နိုင်လောက်သည်အထိ တလက်လက် တောက်ပနေခဲ့သည်။
စုမူယွဲ့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်၊ သူမသည် ခက်ခဲသည့် ပြိုင်ဘက်တစ်ဦးကို ရင်ဆိုင်နေရသည်။
သူမ၏ အမျိုးမျိုးသော မှော်ပညာများနှင့် အဆက်မပြတ် တိုက်ခိုက်မှု အကုန်လုံးမှာ သူမ၏ ပြိုင်ဘက်ကို မဟန့်တားနိုင်ခဲ့ပေ။
သူမက မည်မျှပင် တိုက်ခိုက်နေခဲ့ပါစေ၊ အရာအားလုံး ပျက်စီးသွားခဲ့ပြီး၊ သူမ၏ အသုံးပြုလိုက်သည့် နည်းလမ်းတိုင်းက မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမနေခဲ့ပေ၊ ပြိုင်ဘက်သည် သူမ၏အရှေ့တွင် အခိုင်အမာ ရပ်တည်နေခဲ့သည်။
စုမူယွဲ့ အံ့ဩတုန်လှုပ်သွားခဲ့သည်။
သို့သော် ချဥ်းကပ်လာသော ပုံရိပ်မှာ တိတ်ဆိတ်နေစဲဖြစ်ပြီး၊ လက်တစ်ဖက်ကို မြှောက်၍ ဖိချလာခဲ့ရာ၊ သူမ၏ ပတ်ဝန်းကျင်တွင် ရှိနေသည့် မှော်စွမ်းအားမျး ကျိုးပျက်သွားကာ၊ သူမသည် နေရာမှာပင် ဖိနှိပ်ခံလိုက်ရသည်။
သူမ၏ မှော်စွမ်းအား ချိတ်ပိတ်ခံလိုက်ရပြီး၊ ပြိုင်ဘက်သည် တစ်လှမ်းပြီးတစ်လှမ်း ချဥ်းကပ်လာခ့သည်၊ သူမသည် ဆက်တိုက်နောက်ဆုတ်သွားရုံသာ တတ်နိုင်ခဲ့သည်။
သို့ရာတွင် သူမ၏ မှော်စွမ်းအား မရှိမှုကြောင့်၊ သူမသည် သေမျိုးတစ်ဦးသာသာမျှသာ ဖြစ်သွားပြီး၊ မည်သို့မျှ မခုခံနိုင်ခဲ့ဘဲ၊ မြေပြင်ပေါ်မှာပင် ချုပ်နှောင်ခံလိုက်ရသည်။
“ မင်းက နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့တာပဲ “ လုချန်ရှန်းမှ စကားစပြောလိုက်သည်။
စုမူယွဲ့သည် လေးလေးနက်နက်ဖြစ်နေသော လေသံမျိုးဖြင့် ပြန်ပြောလာခဲ့သည် “ ရှင်ဘယ်သူလဲ “
“ ဟက် “
လုချန်ရှန်းသည် မည်သို့မျှ မတုံ့ပြန်လိုက်ပေ၊ သူသည် သူမ၏ လက်ကောက်ဝတ်တွင် ရှိနေသည့် လက်ကောက်ကို ချွတ်ယူလိုက်သည်၊ ၎င်းမှာ ဟင်းလင်းပြင် မှော်ရတနာတစ်ခုဖြစ်သည်။
၎င်းထံတွင် ဝိညာဥ်ကျောက်တုံး သောင်းဂဏန်းနှင့် ဆန်းကြယ်အဆင့် မှော်ပစ္စည်းနှစ်ခု ပါရှိနေခဲ့သည်။
၎င်းမှာ လုချန်ရှန်း၏ မျှော်မှန်းချက်များနှင့် မည်သို့မျှ နီးကပ်မနေခဲ့ပေ။
သူသည် သူမ၏လက်စွပ်ကို ထပ်မံ၍ ချွတ်ယူလိုက်သည်၊ ထို့နောက်တွင် ၎င်းကို စစ်ဆေးကြည့်လိုက်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ဒီလောက်လေးပဲလား “
သူသည် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
မှော်ပစ္စည်းနှစ်ခု၊ ဝိညာဥ်ကျောက်တုံး တစ်သောင်းနှင့် ဆေးပုလင်း အနည်းငယ်၊ အဆင့်မြင့် ပစ္စည်းတစ်ခုမှ ရှိမနေခဲ့ပေ။
ထို့နောက်တွင် သူသည် သူမ၏ခါးဆီသို့ လက်လှမ်းလိုက်သည်၊ စုမူယွဲ့မှ ချက်ချင်းဟိန်းဟောက်လာခဲ့သည်။
“ လူယုတ်မာ၊ နင်ဘာလုပ်ချင်နေတာလဲ “
လုချန်ရှန်းသည် သူမကို လျစ်လျူရှုထားကာ၊ ခါးအိတ်ကို ချွတ်ယူလိုက်သည်၊ ထို့နောက်တွင် ဆံထိုးကို ချွတ်ယူ၍၊ စစ်ဆေးကြည့်လိုက်ရာ၊ ၎င်းက တကယ့်ဆံထိုးတစ်ခုသာသာမျှသာ ဖြစ်သည်ကို သိရှိလိုက်ရသည်။
သို့ရာတွင် ဆံထိုး မရှိတော့သောကြောင့် သူမ၏ နက်မှောင်ရှည်လျားသော ဆံသားတို့မှာ အရှေ့ဘက်သို့ ယိမ်းထိုးကျဆင်းလာခဲ့သည်။
စုမူယွဲ့သည် အထိတ်တလန့် ဖြစ်သွားခဲ့သည်၊ တစ်ခဏအတွင်းမှာပင် သူမသည် တစ်ကိုယ်လုံးနီးပါး အရှာဖွေခံရလုနီးပါး ဖြစ်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ၊ စကားထပ်ပြောလာခဲ့သည် “ နင့်ရဲ့ စီးဆင်းနေတဲ့ အင်မော်တယ် အဝတ်က တန်ကြေးတစ်ခုခုတော့ ရှိမှာပဲလေ၊ ဟုတ်တယ်မလား “
သူသည် စကားပြောနေရင်းဖြင့် လှုပ်ရှားနေခဲ့သည်။
“ နင်လုပ်ရဲလား “
စုမူယွဲ့၏ မျက်နှာ နီရဲသွားခဲ့သည်၊ သူမသည် ဒေါသတကြီး ဟိန်းဟောက်ကာ၊ သူ့ကို အရူးအမူး တိုက်ခိုက်လိုစိတ် ဖြစ်သွားခဲ့သည်။
“ ကောင်မလေး၊ ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ။ တကယ်လို့ နင်က သူများတွေရဲ့ အမွေအနှစ် မှော်ရတနာကို တပ်မက်တယ်ဆိုရင်၊ တစ်ခြားလူကရော နင့်ကို ဘာလို့ နည်းနည်းလောက် မတပ်မက်မိရမှာလဲ “
လုချန်ရှန်းသည် သူမကို တရားချနေခဲ့သည်။
သို့သော် စုမူယွဲ့သည် ဆက်တိုက်အော်ငေါက်နေခဲ့ပြီး၊ ဆူညံသံများကြောင့် သူခေါင်းကိုက်သွားခဲ့ရသည်။ ထို့ကြောင့် သူသည် သူမ၏ ပါးစပ်ကို ပိတ်လိုက်သည်၊ ထိုအချိန်မှ သူသည် သူမ၏ မျက်ခုံးများကြားတွင် ရှိနေသည့် ရုန်းများကို မြင်တွေ့သွားခဲ့သည်။
သူသည် လက်ညှိုးညွှန်ကာ သူမ၏စိတ်စွမ်းအားကို ချိတ်ပိတ်လိုက်သည်။
လက်ညှိုးညွှန်လိုက်သည့် အချိန်တွင် သူသည် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားသွားခဲ့ရသည်။
ထို့ကြောင့် စစ်ဆေးကြည့်လိုက်သည့် အချိန်တွင် အံ့ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ထိုနေရာကို ကာကွယ်ထားကာ၊ သူ၏ စိတ်အာရုံကို တွန်းထုတ်နေခဲ့သည်။
ထိုစွမ်းအားသည် လုချန်ရှန်း၏ အတွေးများကို အတည်ပြုပေးသွားခဲ့သည်၊ ဒီမိန်းမက တကယ်ကြီးကို မရိုးရှင်းဘူးပဲ၊ သူမဆီမှာ အံ့ဖွယ်နောက်ခံတစ်ခုရှိတယ်၊ ရည်ရွယ်ချက်တစ်ခုခုကြောင့် ကန်းယွင်မြို့မှာ ပုန်းအောင်းနေတာပဲ ဖြစ်ရမယ်
သူမရဲ့ ရည်ရွယ်ချက်က ကန်းယွင်ကားချပ် ဖြစ်နေဖို့ များတယ်။
သူ မစစ်ဆေးနိုင်ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် သူသည် အတင်းအကြပ် ကြိုးစားမနေတော့ပေ၊ ထိုကဲ့သို့ လုပ်လိုက်ခြင်းဖြင့် မထင်မှတ်ထားသော နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်၊ ထို့အပြင် သူသည် မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ မရောက်သေးသောကြောင့် သတိကြီးကြီးထားရန် လိုအပ်ပေသည်။
“ ကောင်းပြီလေ၊ စိုက်ကြည့်နေတာကို တော်လိုက်တော့ “
လုချန်ရှန်းသည် စုမူယွဲ့၏ စူးစူးရဲရဲ စိုက်ကြည့်နေမှုကို ပြန်ကြည့်လိုက်ကာ၊ အေးအေးလူလူ ပြန်ပြောလိုက်သည်။
သူ၏လက်ထဲတွင် ကြိုးတစ်ချောင်းပေါ်လာခဲ့ပြီး၊ သူမ၏ ခန္ဓာကိုယ်ကို တုပ်နှောင်လိုက်သည်။
တစ်ခြားသော အစွန်းတစ်ဖက်ကမူ ကျောက်ယန်ကို ချည်နှောင်သွားခဲ့သည်။
ထို့နောက်တွင် ရုပ်သေးသည် ထိုလူနှစ်ဦးကို ဆွဲခေါ်၍ လေထုအတွင်းသို့ ခုန်တက်ကာ၊ အပြင်ဘက်သို့ ဦးတည်သွားတော့သည်။
သူသည် ရွှမ်ချန်ကိုပါ ဖမ်းဆီးချင်ခဲ့လေသည်၊ သို့သော် သူတို့ကို မည်သို့မျှ ရှာမတွေ့တော့ပေ။
အောက်ဘက်တွင် ရှိနေသည့် အကြည့်ပေါင်းများစွာသည် ဤနေရာသို့ ကျရောက်လာခဲ့ပြီး၊ တအံ့တဩဖြင့် မယုံကြည်နိုင် ဖြစ်သွားကြသည်။
“ အဲ့တာက၊ ဘာတွေ ဖြစ်နေတာလဲဟ “
“ ငါအမြင်မှားသွားတာလား။ အဲ့ဒီအမျိုးသမီးနဲ့ ကျောက်ယန်ကို လူတစ်ယောက်က ဆွဲခေါ်လာတယ်လို့ ငါဘယ်လိုလုပ် မြင်နေရတာလဲ “
“ အဲ့တာက ဘယ်သူလဲ။ ဘာတွေ ဖြစ်သွားတာလဲဟ “
“ … “
ချက်ချင်းဆိုသလိုပင် ရုပ်သေး ထွက်ခွာသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေ အပြင်ဘက်၌
လူအုပ်ကြီးသည် အလင်းတန်းများ လိမ်ယှက်ကာ နတ်ရောင်ခြည်ဖြာထွက်နေသည့် ကောင်းကင်ပြင်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
ကန်းယွင်ကားချပ် ပေါ်လာခဲ့ပြီးသည့်နောက်တွင်၊ ကန်းယွင်ဂိုဏ်း၏ လူများမှာ အမူအရာများ လေးနက်သွားခဲ့သည်။
သို့ရာတွင် ရွှမ်ထျန်းဂိုဏ်းကမူ တပြုံးပြုံး ဖြစ်သွားခဲ့သည်။
စုမူယွဲ့နှင့် ရောက်လာခဲ့သည့် လူကမူ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။
ကန်းယွင်ကားချပ် ပေါ်ထွက်လာမှုသည် သူတို့အတွက် သတင်းကောင်းတစ်ခုဖြစ်သည်၊ ၎င်းက မည်သူ့လက်အတွင်းသို့ ကျရောက်သွားလဲဆိုသည်ကို မည်သူမှ မသိကြသေးပေ။
သို့သော် သူတို့၏ မျက်နှာများပေါ်တွင် ယုံကြည်မှုများ ရှိနေခဲ့သည်၊ သူတို့ထံတွင် နည်းလမ်းများစွာ ရှိနေပြီး၊ ၎င်းတို့က အောင်မြင်မည်ဟု ထင်နေပုံရသည်။
“ တာအိုရောင်းရင်း၊ ဘာလို့ မျက်နှာကြီး တည်နေရတာလဲ “
“ ကန်းယွင်ကားချပ် ပြန်ပေါ်လာတာက ကိစ္စကောင်းတစ်ခုပဲလေ၊ မင်းပျော်နေသင့်တာပေါ့ကွ “
ရွှမ်ထျန်းဂိုဏ်း၏ လူများမှ နှိစ်သိမ့်သည့်အနေဖြင့် စကားစပြောလာခဲ့သည်၊ သို့သော် ၎င်းက လှောင်ပြောင်နေသဖွယ် ဖြစ်နေခဲ့သည်။
ဤနေရာတွင် ရှိနေသည့် မည်သူကမှ လျှို့ဝှက်နယ်မြေ အတွင်းရှိ အခြေအနေကို မသိကြပေ။
ထိုလူများအတွက်မူ အကယ်၍ သူတို့က ကန်းယွင်ကားချပ်ကို ရရှိသွားမည်ဆိုပါက၊ ၎င်းက အောင်မြင်မှုကြီးတစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်သည်၊ သို့သော် အကယ်၍ သူတို့က မရရှိဘူးဆိုလျှင်တောင်မှ၊ သူတို့သည် မည်သည့်အရာကိုမှ ဆုံးရှုံးသွားခဲ့မည် မဟုတ်ပေ။
သို့သော် ကန်းယွင်ဂိုဏ်းအတွက်မူ ၎င်းက လုံးဝကွဲပြားနေခဲ့သည်။
တောင်ထွဋ်သခင်တစ်ချို့ မျက်မှောင်ကြုတ်သွားပြီး၊ ထိုလူများကို ကြည့်လိုက်သည်။
ငါတို့က ဘာကိစ္စပျော်နေရမှာလဲ
ထိုစဥ် ရေကဲ့သို့သော အကာအရံတွင် လှိုင်းတွန့်လေးများ ဖြစ်တည်လာခဲ့သည်။
“ တစ်ယောက်ယောက် ထွက်လာပြီ “
“ တစ်ယောက်ယောက် ကန်းယွင်ကားချပ်ကို ရသွားတာများလား “
ချက်ချင်းဆိုသလိုပင် အဖွဲ့အားလုံး၏ စိတ်ခံစားချက်များ လှုပ်ခတ်သွားခဲ့သည်၊ အကြည့်ပေါင်းများစွာသည် ထိုနေရာအပေါ်သို့ ရောက်ရှိသွားခဲ့သည်၊ သို့သော် သူတို့သည် ကြိုးတစ်ချောင်းကို ကိုင်ဆောင်ထားသည့် အနက်ရောင် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။
“ ဘာတွေ ဖြစ်နေတာလဲ “
“ အဲ့တာက ဘယ်သူလဲဟ “
လူများ ဇဝေဇဝါ ဖြစ်သွားကြသည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းသည် ရုပ်သေး၏ မျက်လုံးများမှတစ်ဆင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။
“ နတ်ကောင်းကင်ဂိုဏ်းက လူတွေ ဘယ်မှာလဲ “
“ မင်းက ငါတို့ နတ်ကောင်းကင်ဂိုဏ်းက လူတွေကို ဘာလို့ရှာနေရတာလဲ “ ဟု မုန့်လန်မှ ပြန်ပြောလိုက်သည်။
လုချန်ရှန်းသည်း သူ့ကို ငေးကြည့်ကာ ပြန်ပြောလိုက်သည် “ မင်းတို့ကို တစ်ခုခု ရောင်းချင်လို့၊ အဲ့တာကို လိုချင်လား “
“ ငါတို့ကို တစ်ခုခု ရောင်းမလို့လား “
“ ဘာကြီးလဲ “
မုန့်လန်သည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ ကျောက်ကျင်းမှာလည်း ပြန်လွတ်လာခဲ့ပြီဖြစ်ပြီး၊ ယခုလက်ရှိအချိန်၌ မုန့်လန်၏ ဘေးနားတွင် မတ်တပ်ရပ်နေလျက်ရှိသည်။
ထို့နောက်တွင် လုချန်ရှန်းမှ ကြိုးကို ဆွဲယူလိုက်ရာ၊ သူတို့၏ အရှေ့သို့ ပုံရိပ်တစ်ခု ကျဆင်းလာခဲ့သည်။
ထိုအချိန်တွင် မုန့်လန်၏ အမူအရာ အေးခဲတောင့်တင်းသွားသည်။
ကျောက်ကျင်း၏ အမူအရာမှာလည်း မည်းမှောင်သွားခဲ့သည်။
တစ်ခြားလူများမှာလည်း တအံ့တဩ ဖြစ်သွားကြသည်၊ ပေါ်ထွက်လာသည့် လူမှာ ကြိုးနှင့် အချည်နှောင်ခံထားရသည့် ကျောက်ယန်ပင် ဖြစ်သည်။
သူ၏ အရိုးပေါင်းများစွာ ကျိုးပဲ့ပျက်စီးနေပုံရပြီး၊ ထိုနေရာမှာပင် လဲကျသွားကာ မည်သို့မှ မလှုပ်ရှားနိုင်ခဲ့ပေ။
“ မျိုးမစစ်ကောင်၊ နင်ဘယ်လိုတောင် လုပ်ရဲနေတာလဲ “
ကျောက်ကျင်းသည် ကောင်းကင်ယံသို့ ဒေါသတကြီး တက်လှမ်းလာခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ အေးဆေးတည်ငြိမ်နေစဲဖြစ်ပြီး၊ ကျောက်ယန်ကို လည်ပင်းညှစ်လိုက်သည်။
“ ငြိမ်ငြိမ်နေစမ်းပါ၊ သူခိုးမကြီးရာ။ ဝယ်မှာလား၊ မဝယ်ဘူးလားဘဲပြော “
မုန့်လန်သည် ၎င်းတို့အားလုံးကို စောင့်ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည် “ မိတ်ဆွေ၊ သူက ငါ့နတ်ကောင်းကင်ဂိုဏ်းရဲ့ တပည့်ပါ။ ဒီလိုလုပ်ရပ်မျိုးက ငါတို့ဂိုဏ်းကို ဒေါသထွက်သွားစေမှာကို မင်းမကြောက်ဘူးလား “
လူတိုင်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည်၊ သူတို့တွေ ဒေါသထွက်နေကြပြီပဲ
သူတို့၏ တပည့်များကို ဖမ်းဆီးချုပ်နှောင်ကာ ကြိုးဖြင့် တုပ်ထားပြီး၊ လူသိရှင်ကြားရောင်းချနေခြင်းမှာ သူတို့ဂိုဏ်း၏ ဂုဏ်သိက္ခာများကို သေးနှင့်ပန်းလိုက်ခြင်းပင် ဖြစ်သည်။
လူတစ်ချို့သည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်၊ ကျောက်ယန်မှာ သာမန်တပည့်တစ်ဦး မဟုတ်ဘဲ၊ ချီသိပ်သည်းခြင်း ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် ပင်မတပည့်တစ်ဦး ဖြစ်သည်။
ထိပ်တန်းပါရမီရှင်တစ်ဦး မဟုတ်သော်လည်း၊ သူသည် ယွဲ့ပြည်ထောင်အတွင်းတွင် အတော်လေး ထင်ရှားသည့် လူတစ်ဦး ဖြစ်သည်။
ကန်းယွင်ဂိုဏ်းမှ လူများလည်း အတွေးနက်သွားကြသည်။
သို့ရာတွင် လုချန်ရှန်းသည် အေးအေးဆေးဆေး စကားထပ်ပြောလိုက်သည် “ ကောင်လေး၊ မင်းလေသံကို ငါမကြိုက်ဘူး။ မင်းရဲ့ ဂိုဏ်းက ဘာကြီးလဲဆိုတာကို ငါသောက်ဂရုမစိုက်ဘူး၊ ငါက ပစ္စည်းရောင်းဖို့အတွက် ဒီမှာ ရှိနေတာ။ တကယ်လို့ လိုချင်တယ်ဆိုရင်၊ ဝိညာဥ်ကျောက်တုံးတွေ ပေးလိုက်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ သူ့ကို ငါသတ်မယ် “
“ နင်လုပ်ရဲလား “ ကျောက်ကျင်းမှ ထပ်မံ၍ ဟိန်းဟောက်လာခဲ့သည်။
လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ နင်စမ်းကြည့်ချင်လား “
ဝိုးးး
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
သူတို့သည် နတ်ကောင်းကင်ဂိုဏ်းကို စိန်ခေါ်ရဲသည့် လူတစ်ဦးကို မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ နှစ်ထောင်ချီအတွင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့သော သတ္တိတစ်ခုတည်းကပင် လူအများစု၏ လေးစားမှုကို အောင်နိုင်ရန် လုံလောက်နေခဲ့သည်။
မု့န်လန်မှာလည်း တစ်ဖက်လူ၏ ပြတ်သားမှုများကို သိရှိသွားခဲ့သည်၊ ဒီကောင်က ငါတို့ဂိုဏ်းကို လုံးဝ ဂရုမစိုက်ဘူးပဲ
“ နေဦး၊ မင်းဘယ်လောက်လိုချင်တာလဲ “
လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်၊ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဝိညာဥ်ကျောက်တုံး နှစ်သောင်း၊ အဲ့တာက မများဘူးလေ၊ ဟုတ်တယ်မလား “
အစတွင် သူသည် ငါးသောင်းတောင်းရန် တွေးထားခဲ့ခြင်း ဖြစ်သည်၊ သို့သော် ဂရုတစိုက် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင်၊ တစ်ဖက်လူက ဈေးကြီးလွန်းသည်ဟု ထင်သွားကာ မဝယ်ယူတော့မည်ကို စိုးရိမ်သောကြောင့် ဈေးနှုန်းကို လျှော့ချလိုက်ခြင်းဖြစ်သည်။
နှစ်သောင်းဆိုသည့် နှုန်းထားကပင် မုန့်လန်ကို တွေဝေတုံ့ဆိုင်းသွားစေခဲ့သည်။
ကျောက်ကျင်း၏ အမူအရာမှာလည်း ပိုမိုဆိုးရွားသွားခဲ့သည်။
သို့သော် အဆုံးတွင် သူတို့နှစ်ဦးစလုံး သဘောတူလက်ခံလာခဲ့သည်၊ လူအမြောက်အများ စောင့်ကြည့်နေသောကြောင့် သူတို့သည် ဤအတိုင်း လွှတ်ထားလိုက်မည် မဟုတ်ပေ။
သူတို့သည် ဝိညာဥ်ကျောက်တုံး နှစ်သောင်း ပေးချေလာခဲ့သည်။
လုချန်ရှန်းသည် ကတိပေးထားသည့်အတိုင်း ကျောက်ယန်ကို ပစ်ပေးလိုက်သည်။
သူတို့အားလုံး ကူရာကယ်ရာ မဲ့သွားကြသည်၊ သူတို့သည် မည်သို့မျှ မလှုပ်ရှားနိုင်ကြပေ၊ အကယ်၍ သူတို့ကသာ လှုပ်ရှားလိုက်မည်ဆိုပါက၊ တစ်ဖက်လူမှာ လျှို့ဝှက်နယ်မြေအတွင်းသို့ ပြန်ဝင်သွားနိုင်ပေသည်။
လူတိုင်း အံ့ဩတကြီး နေကြသည်၊ နတ်ကောင်းကင်ဂိုဏ်းကို ငွေညှစ်ခြိမ်းခြောက်သော ရက်စက်သည့် လူမှာ လွန်စွာ ရှားပါးနေခဲ့သည်။
သို့ရာတွင် အဘိုးအိုတစ်ဦးကမူ ရွံ့ရှာစက်ဆုပ်နေသော အမူအရာဖြင့် စကားပြောလာခဲ့သည်။
“ ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။ အဲ့တာက ရသွားပင်မဲ့ သုံးဖို့အတွက် အသက်ရှင်မနေမှာကို မကြောက်ဘူးလား “
သူအမြင်၌ အဆုံးတွင် တစ်ဖက်လူမှာ လျှို့ဝှက်နယ်မြေအတွင်းမှ ပြန်ထွက်လာရမည်ဖြစ်သည်၊ သူပြန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နောက်ဆက်တွဲ အကျိုးဆက်များက မတွေးဝံ့စရာများ ဖြစ်သွားလိမ့်မည် ဖြစ်သည်။
အကယ်၍ ၎င်းကို မတွေးထားဘူးဆိုပါက၊ ၎င်းက မိုက်မဲခြင်းမှတစ်ပါး မည်သည့်အရာဖြစ်နိုင်လိမ့်နည်နည်း
တစ်ခြားလူများမှာလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကြသည်။
ထိုစကားကို ကြားလိုက်ရသောအချိန်တွင်၊ လုချန်ရှန်းမှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။
…………………………………………………………………………………………………………………………………….
အပိုင်း ( 33 )
ညနတ်ဆိုးဆိုသည်မှာ
လူတိုင်း လှည့်ကြည့်လာကြပြီး၊ လုချန်ရှန်းမှာလည်း ထိုလူ့ကို ငေးကြည့်လိုက်သည်။
သူသည် ထိုလူက စုမူယွဲ့၏ ဘေးတွင် အမြဲလိုလို ရှိနေခဲ့သည့် ချီလျန်ဟု အမည်ရသည့် အဘိုးအိုတစ်ဦးဖြစ်သည်ဆိုသည်ကို သိနေခဲ့သည်။
သူသည် ထိုလူ့ကို အချိန်တစ်ခဏ ကြာသည်အထိ တိတ်တဆိတ် စူးစမ်းလေ့လာနေလိုက်သည်။
လုချန်ရှန်းသည် အာရုံစိုက်ရန် လွန်စွာပျင်းရိနေခဲ့သည်၊ သို့သော် သူသည် ထိုလူက သူ့ကို လှောင်ပြောင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လုချန်ရှန်းသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးမှ စကားစပြောလိုက်သည် “ ဟိုအဘိုးကြီး၊ ခင်ဗျားဘာပြောတာလဲ “
ချီလျန်သည် အေးအေးလူလူ ဖြစ်နေခဲ့ကာ၊ အပေါ်သို့ မော့ကြည့်လာခဲ့သည် “ ငါက မင်းကို သောက်ရူးလို့ပြောတာ၊ ဘာဖြစ်လဲ “
“ ငါက တော်တော်လေးကို မိုက်မဲနေတာလား “ လုချန်ရှန်းမှ ပြန်မေးလိုက်သည်။
ချီလျန်သည် တဟားဟားရယ်မောကာ ပြန်၍တုံ့ပြန်လိုက်သည်။
အားလုံးသည် ၎င်းကို စောင့်ကြည့်နေကြကာ၊ စိတ်ဝင်တစားရှိသွားခဲ့သည်။ ဤကဲ့သို့သော ဖြစ်ရပ်မျိုးမှာ ရှားပါးလွန်းလှသည်။
“ မင်းက ငါ့ကို အထင်သေးနေတဲ့ပုံပဲ “
“ မင်းဘာလုပ်ချင်လို့လဲ “
ချီလျန်သည် အေးဆေးတည်ငြိမ်နေစဲပင် ဖြစ်သည်။
လုချန်ရှန်းသည် စိတ်အနှောင့်အယှက် မဖြစ်သွားဘဲ၊ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ အစကတော့ မင်းရဲ့ ဆရာ၊ ငါက နှစ်သောင်းနဲ့ရောင်းမလို့ စဥ်းစားပေးခဲ့တာ၊ ဒါပင်မဲ့ မင်းက ငါ့ကို အထင်သေးနေတယ်ဆိုတော့ မင်းဆီကနေ ငါးသောင်းတောင်းမယ် “
“ မင်းဘာပြောနေတာလဲ “
ချီလျန်၏ အမူအရာ ပြောင်းလဲသွားသည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းမှ ကြိုးကို ဆွဲယူလိုက်ရာ၊ ရင်သပ်ရှုမောဖွယ်ကောင်းသော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
သူတို့သည် ထိုအမျိုးသမီးက ထူးခြားသည်ဆိုသည်ကို သိနေခဲ့သည်၊ သို့သော် သူတို့သည် သူမကလည်း အဖမ်းခံလိုက်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူမ၏ ရှုပ်ထွေးနေသော ဆံပင်များနှင့် ဖရိုဖရဲ ဖြစ်နေသော အသွင်အပြင်ကို မြင်ရခြင်းအားဖြင့် သူမ၏ အခြေအနေမှာလည်း ကျောက်ယန်ထပ် မည်သို့မျှ ကောင်းမွန်မနေခဲ့ပေ။
“ ခွေးသူတောင်းစား “
ချီလျန်သည် တိုးညှင်းစွာ ဟိန်းဟောက်နေပြီး၊ တုန်တုန်ရင်ရင် ဖြစ်နေသည့် စုမူယွဲ့ကို ငေးကြည့်နေတော့သည်။
ထိုအချိန်တွင် လူအုပ်အတွင်းမှ လူတစ်ဦးသည် တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့သည် “ မဟုတ်သေးဘူး၊ အဲ့မိန်းကလေးရဲ့ ဆံပင်တွေက ဘာလို့ဒီလောက်တောင် ဖရိုဖရဲ ဖြစ်နေရတာလဲ “
“ သူမရဲ့ အဝတ်အစားတွေ အချွတ်ခံထားရတယ် “
“ ကြည့်ဦး၊ သူမရဲ့ မျက်နှာက နီနေတုန်းပဲ “
“ အဲ့တာများ ……. “
“ အားးး၊ မင်းသေသင့်တယ် “
ချီလျန်သည် ကောင်းကင်ထက်သို့ တဟုန်ထိုး ပြေးတက်လာခဲ့သည်။
လုချန်ရှန်းမှ အေးအေးလူလူ ပြန်ပြောလိုက်သည် “ အဘိုးကြီး၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ စကားကောင်းကောင်း ပြောကြမယ်၊ ဝိညာဥ်ကျောက်တုံး ငါးသောင်း၊ ဝယ်မှာလား၊ မဝယ်ဘူးလား “
“ မင်းက တော်တော်ကြီးကို သတ္တိကောင်းနေတာပဲ၊ သူမက ဘယ်သူလဲဆိုတာကို သိလား၊ မင်းက ဒီလိုမျိုး လုပ်ရဲနေတယ်ပေါ့လေ “
ချီလျန်သည် သည်းမခံနိုင်တော့ဘဲ၊ ဒေါသတကြီး ဖြစ်သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် လေကုန်ခံမနေတော့ပေ “ မင်းက မဝယ်ဘူးဆိုမှတော့၊ …… အားလုံးပဲ၊ သူမကို ဘယ်သူလိုချင်လဲ? ငါသူမကို ဝိညာဥ်ကျောက်တုံး သုံးသောင်းနဲ့ ရောင်းပေးမယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ထိုလူ့ထံတွင် ထူးခြားသော နောက်ခံအင်အားရှိနေသည်ဆိုသည်ကို သူတို့အားလုံး သိနေကြသောကြောင့်၊ သူတို့သည် အဆွဲဆောင်ခံလိုက်ရသော်လည်း၊ မည်သူကမှ မလှုပ်ရှားလာခဲ့ပေ။
လုချန်ရှန်းမှ စကားဆက်ပြောလိုက်သည် “ မင်းတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ငါနားလည်ပါတယ်။ ငါ့ဆီကို သီးသန့် အသံပို့လိုက်။ မင်းတို့ဆီကို ငါကိုယ်တိုင် လာပို့ပေးမယ်၊ တစ်ခြားလူတွေ မသိစေရဘူး “
“ မင်းလုပ်ရဲလား “
ချီလျန်မှ ဟိန်းဟောက်လာခဲ့သည်။
သူ၏ အကြည့်သည် လူတိုင်းကို ဖုံးလွှမ်းနေခဲ့ပြီး၊ ခြိမ်းခြောက်မှု အရိပ်အငွေ့များ ပါဝင်နေခဲ့သည်။
လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ မင်းနဲ့ စကားပြောနေဖို့အထိ ငါစိတ်မရှည်ဘူးနော်။ ပေါက်ကရတွေ ဆက်ပြောလာမယ်ဆိုရင်၊ နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်းခံရလိမ့်မယ် “
ချီလျန်သည် ဒေါသတကြီး ဖြစ်သွားသော်လည်း၊ သည်းခံလိုက်ရုံသာ တတ်နိုင်ခဲ့သည် “ ငါမင်းကို ပေးမယ် “
ထို့နောက်တွင် သူသည် လက်စွပ်တစ်ကွင်းကို ပစ်ပေးကာ စကားထပ်ပြောလာခဲ့သည် “ သူမကို လွှတ်ပေးလိုက် “
“ မလောပါနဲ့ “ လုချန်ရှန်းသည် ၎င်းကို စစ်ဆေးကြည့်ကာ၊ ပြန်ပြောလိုက်သည် “ သုံးသောင်းပဲ ရှိတယ်၊ နှစ်သောင်းလိုသေးတယ် “
“ မင်းပဲ သုံးသောင်းလို့ပြောတာလေ၊ ကတိဖျက်ချင်နေတာလား “
“ သုံးသောင်းဆိုတာက တစ်ခြားလူတွေအတွက်လေ၊ မင်းက ငါးသောင်းပေးရမယ် “
“ ဘာလို့လဲ “
“ မင်းက ငါ့ကို အရူးလို့ခေါ်ခဲ့တယ်လေ၊ အဲ့အကြောင်းပြချက်က မလုံလောက်ဘူးလား။ ငါက အရူးမဟုတ်ဘူးဆိုတာကို သက်သေမပြရဘူးလား “
“ မင်း ….. “
ချီလျန်သည် ဒေါသတကြီး ဖြစ်သွားခဲ့သည်၊ စကားလေးတစ်ခွန်းက ပြဿနာများစွာကို ယူဆောင်ပေးလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
လူတိုင်း အံ့ဩတကြီး ဖြစ်သွားကြသည်၊ ဒီလူက ဘယ်လောက်တောင် အညှိုးအတေးကြီးလိုက်လဲ
အဆုံးတွင် ချီလျန်မှ နှစ်သောင်းထပ်ပေးလာခဲ့သောကြောင့်၊ လုချန်ရှန်းသည် ကတိပေးထားသည့် အတိုင်း လူကို ပစ်ချပေးလိုက်သည်။
ရွှမ်ထျန်းဂိုဏ်း၏ လူများသည် မအောင့်ထားနိုင်တော့ဘဲ ရယ်မောနေကြတော့သည်၊ ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို မြင်တွေ့ခဲ့ရခြင်းမှာ အမှန်ပင် ပျော်ရွှင်ဖွယ်ကောင်းလွန်းလှသည်။
သို့သော် ထိုအချိန်၌ လုချန်ရှန်သည် သူတို့ကို ကြည့်ကာ စကားပြောလိုက်သည် “ ရယ်နေတာလား။ မင်းတို့ရွှမ်ထျန်းဂိုဏ်း ငိုရမဲ့အလှည့် ရောက်လာလိမ့်မယ် “
“ ဆရာကြီး၊ မင်းဘာကိုဆိုလိုတာလဲ “
“ ရွှမ်ချန်ကို ငါသွားသတ်တဲ့ အချိန်အထိ စောင့်နေ “
“ အဲ့တာက ….. “
လူတိုင်း မှင်သက်သွားကြသည်။
ရွှမ်ထျန်းဂိုဏ်း၏ အကြီးအကဲတစ်ဦးမှ စကားစပြောလာခဲ့သည် “ မင်းက လူတိုင်းကို ဆန့်ကျင်ဖို့ ရည်ရွယ်နေတာလား “
“ အမှန်ပဲ “
ထို့နောက်တွင် လုချန်ရှန်းသည် လျှို့ဝှက်နယ်မြေအတွင်းသို့ ပြန်ဝင်သွားခဲ့သည်။
လူအုပ်ကြီးသာလျှင် ကျန်နေခဲ့သည်၊ သူတို့သည် ပါးစပ်အဟောင်းသား ဖြစ်နေသော အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်၊ သူ၏တုံ့ပြန်မှုမှာ အလွန်ပင် တည့်တိုးဆန်နေခဲ့ပြီး၊ မည်သို့မျှ လေကုန်ခံမနေခဲ့ပေ။
သူတို့သည် ထိုလူက မည်သည့်ဘဝက ရန်ငြှိုးများကြောင့် ဤကဲ့သို့ လုပ်နေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားကြသည်။
မည်သူကမှ ထပ်မံ၍ မရယ်ဝံ့ကြတော့ပေ၊ ကန်းယွင်ဂိုဏ်း၏ လူများကသာလျှင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြသည်။
သို့သော် လူတစ်ချို့မှာ ၎င်းကို သတိပြုမိသွားကြသည်။
“ ကန်းယွင်ဂိုဏ်းက တာအိုရောင်းရင်းတို့၊ မင်းတို့က ဘာအဓိပ္ပါယ်လဲကွ “
လင်းပေါ်သည် ရှေ့တက်ကာ စကားပြန်ပြောလာခဲ့သည် “ ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်က အရင်ကတည်းက ခင်ဗျားတို့ကို သတိပေးခဲ့တယ်လေ၊ ဒါပင်မဲ့ ခင်ဗျားတို့ကိုယ်တိုင်ကိုက အဲ့တာကို လျစ်လျူရှုထားခဲ့တာ “
“ ဘာကိုဆိုလိုတာလဲ “
“ သူက ကျုပ်တို့ဂိုဏ်းကို ဆယ်နှစ်နီးပါးအထိ နှောင့်ယှက်နေခဲ့တဲ့ ညနတ်ဆိုးပဲ။ ဆယ်နှစ်အတွင်းမှာ သူက မကောင်းမှု အမျိုးမျိုးကို လုပ်ခဲ့တယ်။ တကယ်လို့ သူ့ကို ဆန့်ကျင်မယ်ဆိုရင်၊ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး “
“ ဘာကြီး “
အားလုံး အမူအရာများ ပြောင်းလဲသွားခဲ့သည်။
ယခင်က ထိုစကားကို ကြားခဲ့ရသည့် အချိန်တွင် သူတို့အားလုံးမှာ ၎င်းကို လျစ်လျူရှုထားခဲ့ပြီး၊ ညနတ်ဆိုးက ရယ်စရာကောင်းသည်ဟု ထင်နေခဲ့ကြသည်။
သို့သော် ယခုတွင်ကား လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့ရသည်။
“ အဲ့တာက ဘယ်လိုလူယုတ်မာမျိုးလဲ “ ရွှမ်ထျန်းဂိုဏ်းမှ လူများ၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။
တစ်ခြားလူများက ညနတ်ဆိုးကြောင့် ခံစားလိုက်ရသည်ကို မြင်တွေ့လိုက်ရသောအခါတွင်၊ ကန်းယွင်ဂိုဏ်း၏ လူများသည် ဘဝက ဟန်ချက်ညီသွားကာ၊ ကောင်းကင်ဘုံက တရားမျှတသည်ဟု ခံစားသွားကြရသည်။
နတ်ကောင်းကင်ဂိုဏ်းကမူ သူတို့ကို လျစ်လျူရှုထားပြီး၊ ကျောက်ယန်ကို ကုသပေးရင်းဖြင့် အလုပ်များနေကြသည်။
အကယ်၍ အနည်းငယ်မျှ နောက်ကျသွားမည်ဆိုပါက၊ သူသေသွားရလိမ့်မည် ဖြစ်သည်။
ဆေးလုံးများသည အလွန်မှော်ဆန်နေခဲ့ပြီး၊ ကျောက်ယန်မှာ မြန်မြန်ဆန်ဆန် ပြန်လည်သက်သာကောင်းမွန်လာခဲ့သည်။
ပြန်ကောင်းလာသည့် အချိန်၌၊ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။
“ ခွေးသူတောင်းစား၊ ငါမင်းကို သတ်မယ် “
ကျောက်ယန်၏ စိတ်ထဲတွင် အမုန်းတရားတို့ဖြင့် ပြည့်နှက်နေပြီး၊ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ၊ လျှို့ဝှက်နယ်မြေအတွင်းသို့ ပြန်ဝင်သွားခဲ့သည်။
မုန့်လန်က သူ့ကို တားဆီးချင်ခဲ့သော်လည်း၊ ကျောက်ကျင်းက သူ့ကို တားဆီးလာခဲ့ပြီး၊ ကျောက်ယန်ကို ထွက်သွားခွင့်ပေးလိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် တစ်ခြားလူများမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည် “ သွားရဲသေးတာလား။ သေမှာကို မကြောက်ဘူးလား မသိဘူး “
စုမူယွဲ့မှာလည်း ပြန်လည်သက်သာလာခဲ့ပြီး၊ ၎င်းကို မြင်လိုက်ရသော အချိန်တွင်၊ အံကြိတ်ကာ ၊ လျှို့ဝှက်နယ်မြေအတွင်းသို့ ထပ်မံ၍ ဝင်ရောက်သွားခဲ့သည်။
ချီလျန်သည် သူမကို မတားဆီးလိုက်ပေ။
သူတို့သည် ကျောက်ယန်နှင့် စုမူယွဲ့တို့၊ နှစ်ဦးစလုံးထံတွင် အသုံးမပြုရသေးသည့် နည်းလမ်းများစွာ ရှိနေသေးကြောင်းကို ကောင်းစွာသိရှိနေခဲ့သည်။ ယခင်က သူတို့သည် ၎င်းတို့ကို အသုံးပြုရန် အချိန် မရခဲ့သည့်ပုံပင်။
သို့သော် ဤတစ်ကြိမ်တွင်မူ လုံးဝကွဲပြားခြားနားသွားပြီ ဖြစ်သည်။
ထိုစဥ် ရုပ်သေးသည် ဝိညာဥ်ကျောက်တုံး ခုနစ်သောင်းဖြင့် လုချန်ရှန်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူသည် အဆိုပါ ဝိညာဥ်ကျောက်တုံးများကို ငေးကြည့်နေရင်းဖြင့် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။ သူသည် အချိန်တိုအတွင်းမှာပင် ဝိညာဥ်ကျောက်တုံး ခုနစ်သောင်း ရရှိခဲ့လေသည်။ ဤနှုန်းအတိုင်းသာဆိုပါက၊ မွေးရာပါ ဝိညာဥ်နယ်ပယ်ကို မဆိုထားနှင့်၊ အသွင်ပြောင်းခြင်း နယ်ပယ်ကို ရောက်ရှိရန်အတွက်ပင် အချိန်များစွာ ယူရလိမ့်မည် မဟုတ်ပေ။
သူသည် ကမ္ဘာသစ်တစ်ခု၏ တံခါးပေါက်ကို ဖွင့်နိုင်ခဲ့ပုံရသည်။
ထို့အပြင် ရွှမ်ချန်ရှိနေသေးသည်၊ သို့သော် ရွှမ်ထျန်းဂိုဏ်း၏ အခြေအနေသည် ကန်းယွင်ဂိုဏ်းနှင့် တူညီနေလျက်ရှိသည်၊ သူတို့ထံတွင် ငွေများစွာ ရှိနေလိမ့်မည် မဟုတ်ပေ၊ ထို့ကြောင့် သူသည် ထိုလူ့ကို တိုက်ရိုက်ချေမှုန်းရန် ကြံရွယ်ထားခဲ့သည်။
ထိုဂိုဏ်းက သူ၏လူများကို ထပ်ခါတလဲလဲ ထိခိုက်ဒဏ်ရာရရှိအောင်လုပ်လေ့ရှိသောကြောင့်၊ သူသည် ၎င်းကို ဆက်လက်တည်ရှိခွင့်ပြုမည် မဟုတ်ပေ။
ရုပ်သေးသည် ထပ်မံ၍ လှုပ်ရှားနေပြန်သည်။
၎င်းသည် ခန်းမကြီးကို ကျော်လွန်ကာ၊ ပိုမိုဝေးလံသော နေရာတစ်ခုဆီသို့ ရွေ့လျားနေခဲ့သည်၊ ၎င်းသည် ရွှမ်ချန်ဆုတ်ခွာသွားသော နေရာဆီသို့ သွားနေခြင်း ဖြစ်သည်။
ရွှမ်ချန်သည် ယခင်က တိုက်ပွဲတွင် ဒဏ်ရာရသွားခဲ့ပြီး၊ လုချန်ရှန်းသည် သူ၏တည်နေရာကို သိနေသောကြောင့်၊ ထိုလူကို ဖယ်ရှားရန်အလို့ငှာ ရုပ်သေးကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
ထိုအကြောင်းကို သူတွေးတောစဥ်းစားနေသည့် အချိန်တွင်၊ သူသည် တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိသွားခဲ့သည်။
ရုပ်သေးက ရွှမ်ချန်အနားသို့ ချဥ်းကပ်သွားကာ တိုက်ခိုက်တော့မည့် အချိန်တွင်၊ တစ်ခြားလူတစ်ဦးပါ အဝေးမှ ရောက်ရှိလာခဲ့သည်။
လုချန်ရှန်းသည် စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်ကာ၊ မှင်သက်သွားခဲ့သည်။
အသစ်ရောက်လာသူများမှာ ကျောက်ယန်နှင့် စုမူယွဲ့တို့ ဖြစ်နေခဲ့သည်။
ခုနကမှ လွှတ်ပေးလိုက်တာကို ပြန်လာကြတယ်လား
ထိုလူနှစ်ဦး ပေါ်လာသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် မအောင့်ထားနိုင်တော့ဘဲ၊ တဟားဟား ရယ်မောနေတော့သည်။
“ ဒီလိုကိစ္စကောင်းလေးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး ”
ငွေတွေက ငါ့ဆီကို တည့်တည့်ကြီး ပြေးဝင်လာနေတာပဲ
ရုပ်သေးသည် ထပ်မံ၍ လှုပ်ရှားလိုက်ကာ၊ ထိုလူအားလုံးကို တိုက်ကွက်တစ်ခုတည်းဖြင့် ထပ်မံ၍ ဖိနှိပ်ရန် ပြင်လိုက်သည်။
သို့သော် စုမူယွဲ့သည် ကောင်းကင်ယံတွင် မတ်တပ်ရပ်နေခဲ့ပြီး၊ သူမ၏မျက်ခုံးများကြားမှ ရုန်းတစ်ခု လင်းလက်တောက်ပလာခဲ့ကာ၊ သူမ၏ အနောက်ဘက်တွင် အပြာရောင် လတစ်စင်း ပေါ်ထွက်လာခဲ့ပြီး၊ လေထုအတွင်းတွင် မျောလွင့်နေခဲ့သည်။
အပြာရောင် လဆင်းသက်လာခဲ့ပြီး၊ ၎င်းနှင့်အတူ အံ့ဖွယ်ကောင်းသော စွမ်းအားတစ်ခု လိုက်ပါလာခဲ့ကာ၊ ရုပ်သေး၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျောက်ယန်၏ ဘေးဘက်တွင် အလင်းတစ်ခု ပေါ်ထွက်လာခဲ့သည်၊ သူ၏ခန္ဓာကိုယ်ထံမှ သတ္တဝါတစ်ကောင်က ဟိန်းဟောက်လိုက်သည့်အလား ဖြစ်နေသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းသည် သူ၏ ခန္ဓာကိုယ်ထံမှ ပုံရိပ်တစ်ခု ခွဲထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ ဆံပင်နှင့် မုတ်ဆိတ်မွေး ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦး ဖြစ်နေခဲ့သည်။
သူပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ၎င်းက ဤနေရာတစ်ခုလုံးကို လွှမ်းခြုံလာခဲ့သည်။