အခန်း (၁၀၀၆-၁၀၀၈)
Vol. 68 Ch. 1006-1008
အခန်း (၁၀၀၆) ပြိုင်ဘက်ရှာပေးသူ
"ဓားမသေမျိုးလုပဲ"
ဆေးဆိုင်ပိုင်ရှင်နှင့်အဖွဲ့သားများ ဓားချီများက သူတို့ကို ရုတ်တရက်ကယ်တင်လိုက်သဖြင့် အံ့အားသင့်ခဲ့ကြသည်။
သို့သော် လုယန်မျက်နှာကို သေချာမြင်ပြီးနောက်တွင် အံ့ဩစိတ်က အပျော်စိတ်အဖြစ်ပြောင်းသွားသည်။
"ငါတို့ကို ကယ်လိုက်တာ ဓားမသေမျိုးလုပဲ"
"ဘာလဲ၊ အိပ်ယာမနိုးသေးဘူးလား"
လုယန်က ငေးကြောင်းနေသည့် တန်ချန်ဝူကို ပြုံး၍စနောက်သည်။
"နိုးပါပြီ၊ ကျုပ်နိုးပါပြီ"
ပြီးခဲ့သည့် အချိန်စက်ဝန်းမှ အဖြစ်အပျက်များသည် ထင်ယောင်ထင်မှားဖြစ်ခဲ့ခြင်းမဟုတ်ကြောင်း သူနားလည်လာသည်။ တကယ့်အစစ်မှန်ဖြစ်သည်။
သူ့လိုပင် အချိန်စက်ဝန်းမှတ်ဉာဏ်များ မေ့ပျောက်မသွားသူတစ်ယောက် ရှိနေသည်။ ထိုလူကလည်း သူ့ဘက်တော်သားဖြစ်သည်။
လုယန် သဲဝံပုလွေဘုရင်ကို ကောက်မ၍ သေချာစစ်ဆေးသည်။ ခိုင်ဟွမ်မြို့တော်သို့ ပထမဆုံးခရီးထွက်ခဲ့ချိန်တွင် သဲဝံပုလွေအုပ်နှင့် ဝံပုလွေဘုရင်တစ်ကောင်ကို သူရှင်းလင်းခဲ့သည်။ ယခုဘာကြောင့် နောက်တစ်ကောင် ပေါ်လာသည်မသိ။
"သဘောပေါက်ပြီ။ ဝံပုလွေအုပ်တွေက နယ်မြေလုချင်တဲ့စိတ်မျိုးရှိတယ်။ လောင်မုန်နဲ့ငါ ဒီနေရာကဝံပုလွေအုပ်ကို သတ်လိုက်တော့။ တစ်ခြားအုပ်စုက ဒီနေရာကို ပြောင်းရွှေ့လာတာပဲ"
ခိုင်ဟွမ်မြို့တော်နားတွင် ဝံပုလွေအုပ်နှစ်အုပ် သေသွားသည်။ လောလောဆယ်တေ့ ဘယ်ဝံပုလွေအုပ်မှ ဤနေရာသို့ လာရဲဦးမည်မထင်။
"ဒါပေမယ့် မင်းသေမှ အချိန်စက်ဝန်းလည်တယ်ဆိုတာတော့ ငါတကယ်မသိခဲ့ဘူး"
အချိန်စက်ဝန်းများပေါင်းရာချီ သူသည်းခံဖြတ်ကျော်ခဲ့ရသည်။ သို့ဆိုလျှင် တန်ချန်ဝူသည် အကြိမ်ပေါင်းရာချီသေခဲ့ရသည့် သဘောဖြစ်သည်။ သတ်သေခဲ့သည်လည်းရှိမည်။ အသတ်ခံရသည်လည်းရှိမည်။
"နတ်မယ်၊ သေတာက အချိန်နောက်ပြန်ရစ်ဖို့ အခြေအနေတစ်ခုဖြစ်တယ်ဆိုရင် အချိန်မသေမျိုးက ဘာလို့လုပ်ကြံခံခဲ့ရတာလဲ"
"ဒါတော့ ငါမသိဘူး။ ကြောင်းကျိုးအရိယဖတစ်ခု ဘယ်လိုစွမ်းအားမျိုးပိုင်ဆိုင်တယ်ဆိုတာ ဘယ်သူမှမသိဘူး။ အချိန်မသေမျိုးက အချိန်အရိယဖလနဲ့ ခဏကွဲကွာနေတာမျိုးဖြစ်နိုင်တယ်။ ဒါမှမဟုတ် အချိန်မသေမျိုးသေသွားလို့ အချိန်နောက်ပြန်လည်တဲ့ဖြစ်စဉ် စပြီးပေါ်လာတာလည်းဖြစ်နိုင်တယ်"
(**နောက်ကွယ်မှလုပ်ကြခံခဲ့သည့် မသေမျိုးကို ကြောင်းကျိုးအရိယဖလပိုင်ရှင်ဟု ယူဆထားကြသည်)
"နားလည်ပါပြီ"
လုယန် သစ်သားဓားအတော်များများဆွဲထုတ်၍ ဆေးဆိုင်အဖွဲ့ကို မေးသည်။
"ကျုပ်က ချန်ဝူနဲ့ ကံရေစက်နည်းနည်းပါတယ်။ ဒီတော့ ကျုပ်သူ့ကို ခိုင်ဟွမ်ကို ပြန်ခေါ်သွားမယ်။ ခင်ဗျားတို့က ဆေးပစ္စည်းဝယ်ဖို့ ကြာပန်းမြိုတော်ကိုသွားမယ်လို့ ကြားတယ်။ ကြားပန်းမြိုတော်ကို ဆက်သွားဦးမယ်ဆိုရင် ဒီသစ်သားဓားတွေကို အဆောင်အဖြစ်ယူသွားလို့ရပါတယ်..."
"ကျုပ်တို့လည်း ပြန်မှာပါ"
ဆိုင်ရှင်က အမြန်ပြန်ပြောသည်။ ခုနကမှ သေမင်းခံတွင်းဝက လွတ်လာခြင်းဖြစ်သည်။ ဆေးပစ္စည်းဝယ်ချင်စိတ်လည်း မရှိတော့။ အိမ်ပြန်ပြီး အနားယူနိုင်ဖို့သာ ပိုအရေးကြီးသည်။
"ကောင်းပြီလေ၊ အပြန်ခရီးလမ်း ချောမွေ့ကြပါစေ"
လုယန် ဆိုင်ရှင်ကို သစ်သားဓားများပေးလိုက်သည်။ ထို့နောက် တန်ချန်ဝူကို ဓားဆေးကန်ပေါ် ဆွဲတင်၍ ခိုင်ဟွမ်မြို့တော်ဆီ ဦးတည်ပျံသန်းသွားသည်။
ခိုင်ဟွမ်မြို့ဂိတ်တံခါးတွင် သူတို့ဆင်းကြသည်။ လုယန် ဓားဆေးကန်ကို သိမ်းသည်။
"ရွှေသန္ဓေအဆင့်တစ်ယောက်က ကွေ့ချွဲအာကို ပြန်ပေးဆွဲဖို့ ကြိုးစားတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား"
"ဟုတ်ပါတယ်"
"သူ့မျက်နှာကို မင်းမှတ်မိလား"
"ကျုပ်ဘယ်တော့မှ မမေ့ပါဘူး"
"ဒါဆိုလာပါ အဲဒီ့လူကို ငါ့ကိုပြပါ"
အချိန်မကျသေး။ ပြန်ပေးဆွဲမည့် ရွှေသန္ဓေကျင့်ကြံသူက မြို့စွန့်ရပ်ကွက်သို့ ရောက်ကမလာသေး။ တန်ချန်ဝူက မြို့စွန်ရပ်ကွက်ထဲတွင် အတော်ကြာအောင် လှည့်ပတ်ရှာသည်။ နောက်ဆုံးတွင် ဟိုကြည့်ဒီကြည့် မျက်လုံးကစားနေသည့် လူတစ်ယောက်ကို တွေ့သည်။
"ဟိုလူပဲ"
"ဖန်ဝူတိလား"
လုယန် မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ တန်ချန်ဝူလက်ညှိုးထိုးပြသည့်လူက မြေအဆင့်ကိုးဆယ့်ငါး ဖန်ဝူတိဖြစ်နေသည်။
ယခုနှစ်ပြိုင်ပွဲက ဘာမှအံ့ဩစရာမရှိ။ ချန်ပီယံက သူသာဖြစ်လိမ့်မည်။
ချောင်ချောင်နှင့်ချွဲအာတို့ ပြိုင်ပွဲဘေးမှဖြတ်သွားချိန်တွင် သူသဘောကျသွားခြင်းလားမသိ။
"သူက ချွဲအာရဲ့ သန့်စင်ယင်ခန္ဓာကိုယ်ကို စိတ်ဝင်စားတာဖြစ်မှာပါ"
နတ်မယ်ကပြောသည်။
"ဒီဖန်မျိုးရိုးမှာ ဝါဇရဗီဇခန္ဓာရှိတယ်။ သန့်စင်ယန်ခန္ဓာထက် နည်းနည်းပဲညံ့တဲ့ ရုပ်ခန္ဓာမျိုးပါ။ ဒီလိုရုပ်ခန္ဓာပိုင်ရှင်တွေက မုန်ကောင်လေးလို အမှောင်လမ်းစဉ်(လူပျိုလမ်းစဉ်)လျှောက်ပြီး ထူးခြားတဲ့အောင်မြင်မှုရအောင်လုပ်ရင်လုပ်။
အဲလိုမဟုတ်ရင် ယင်ယန်ထိန်းညှိတဲ့နည်းလမ်းတွေသုံးပြီး ခန္ဓာကိုယ်ထဲက ယန်ဓာတ်ကို ထိန်းချုပ်ရတယ်။ အဲလိုလုပ်ရင်တော့ သူ့အနာဂတ်က သာမန်ပဲဖြစ်မှာ"
သန့်စင်ယင်ခန္ဓာသည် ယင်နှစ်၊ ယင်လ၊ ယင်ရက်၊ ယင်နာရီတွင် မွေးဖွားသည့် အထူးရုပ်ခန္ဓာမျိုးဖြစ်သည်။ ချင်းကျိုးပွဲတော်တွင် ထိုရုပ်ခန္ဓာမျိုးရှိသည့် အခြေတည်အဆင့်တစ်ယောက်နှင့် လုယန်ကြုံဖူးသည်။
ထိုလူ၏ကျင့်စဉ်တိုးတက်နှုန်းက မနှေးလှ။ လုယန်ထက် အဆင့်ကြီးတစ်ဆင့်သာ နောက်ကျသည်။
ကွေ့ချွဲအာကို သာမန်လူဟုသာ သူယူဆခဲ့သည်။ ထိုရုပ်ခန္ဓာမျိုးရှိမှန်း မသိခဲ့။
ဖန်ဝူတိက ကွေ့ချွဲအာကို ကျင့်စဉ်လမ်းအတွက် ပြန်ပေးဆွဲသည်ဆိုလျှင် သူထိုသို့လုပ်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်လောက်။
"ဖန်ဝူတိ"
"ဘယ်သူခေါ်နေတာလဲကွ"
ဖန်ဝူတိ တအံ့တဩလှည့်ကြည့်သည်။ လက်ဝါးတစ်ခုက သူ့လည်ပင်းကိုချုပ်ကိုင်လာသည်။
"မင်းဘယ်သူလဲ"
ဖန်ဝူတိက ရွှေသန္ဓေအဆင့်စွမ်းအင်ရောင်ကို လွှတ်လိုက်သည်။ သူ့ဒန်ထန်ထဲတွင် ရွှေသန္ဓေလုံးက ဝဲပျံနေသည်။ တကယ်ထိပ်တန်းရွှေသန္ဓေတစ်ခုဖြစ်သည်။ ပထမတန်းစားအဆင့်ရှိသည်။
ဖန်ဝူတိ အကြီးအကျယ် တုန်လှုပ်သွားသည်။ သူဂုဏ်ယူရသည့် ရွှေသန္ဓေက လုံးမလှုပ်တော့။ ရွှေသန္ဓေစွမ်းအင်ဖိအားကလည်း သူ့ကိုယ်ထဲမှပင် မထွက်နိုင်။
နောက်ဆုံးအချိန်စက်ဝန်တွင် တန်ချန်ဝူ နည်းလမ်းစုံသုံးသော်လည်း လုံးဝအန္တရာယ်မပေးနိုင်ခဲ့သည့် ဖန်ဝူတိကို လုယန်က အလွယ်တကူ ဖမ်းချုပ်လိုက်သည်။ ပုရွက်ဆိတ်တစ်ကောင်လို အလွယ်တကူ ရှင်းပစ်၍လည်းရသည်။
"လုယန်ပါ"
လုယန် သူ့နာမည်ကို အတက်အကျမရှိသည့်လေသံဖြင့် ပြောသည်။ ဖန်ဝူတိ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားသည်။
မည်သို့ဆိုစေ ဖန်ဝူတိသည် မြေအဆင့်ကိုးဆယ့်ငါးဖြစ်သည်။ ထူးခြားသည့်အဆင့်အတန်းမျိုးရှိသည်။ ကိုယ်တော်တွမ်ချန်းဆီ လက်လွှဲပေးလျှင် အခက်တွေ့နိုင်သည်။
သို့သော် ကိစ္စမရှိ ပိုသင့်တော်သည့်လူတစ်ယောက်ကို လုယန်တွေးမိပြီးဖြစ်သည်။
ကန္တာရသို့ ခရီးမထွက်ခင်က အချိန်ကိုတွက်ချက်၍ မြို့တော်ထဲမှ ပြဿနာများအကြောင်း လောင်မုန်ကို သူအသိပေးထားသည်။ ယခုချိန်ဆို လူအားလုံးကိုဖမ်း၍ ခိုင်ဟွမ်ဘုံကျောင်းသို့ ပို့ပြီးဖြစ်လောက်သည်။ ဘုံကျောင်းတံခါးတွင်ဆုံကြဖို့ သူတို့ချိန်းထားသည်။
ထင်သည့်အတိုင်းပင် သူတို့သုံးယောက် ဘုံကျောင်းတံခါးသို့ရောက်ချိန်တွင် မုန်ကျင်းကျိုး ထွက်အလာနှင့်ဆုံသည်။
"ပြန်လာတာမြန်လှချည်လား။ ဒီလောက်အလောတကြီးနိုင်ရအောင် မင်းဘယ်ကိုသွားတာမို့လဲ"
"ရော့၊ ဒီလူကို ဖမ်းလိုက်"
လုယန် ဖန်ဝူတိကို မုန်ကျင်းကျိုးဆီ ပစ်ပေးသည်။
"သူကဘယ်သူလဲ'
အချိန်စက်ဝန်းက ယခုမှစသည်။ ပြိုင်ပွဲမစသေး။ ဖန်ဝူတိ စင်ပေါ်မရောက်သေး။ မုန်ကျင်းကျိုးကို မြို့ထဲမှပြဿနာများ အမြန်ဖြေရှင်းဖို့ တာဝန်ပေးထားခဲ့သည်။ ထို့ကြောင့် မုန်ကျင်းကျိုးက ဖန်ဝူတိကို မသိသေး။
သို့သော် ဖန်ဝူတိကို ဖမ်းထိန်းလိုက်သည်နှင့် ထူးခြားသည့်ရုပ်ခန္ဓာမျိုးရှိကြောင်း မုန်ကျင််းကျိုး ခံစားမိသည်။
"သူ့နာမည်က ဖန်ဝူတိ။ ဒီနှစ်ပြိုင်ပွဲမှာ ပထမနေရာရနိုင်တဲ့လူပဲ။ သူက ဝါဇရဗီဇခန္ဓာရှိတယ်။ မင်းရဲ့ တစ်ကိုယ်တော်ဝိညာဉ်မြစ်လိုပဲ။ နှစ်ခုလုံးက ယန်ဓာတ်ရုပ်ခန္ဓာတွေပါ။ ယင်နဲ့ယန် ထိန်းညှိဖို့အတွက် လူအတော်များများကို သူဒုက္ခပေးပြီးလောက်ပြီ။
ထိပ်တန်းဆန်ကာတင်ရှစ်ယောက်ကို အကဲဖြတ်လမ်းညွှန်ပေးဖို့ ကိုယ်တော်တွမ်ချန်းက ငါတို့ကိုဖိတ်ခေါ်ထားတာ။ ဒီတော့ မင်းသူ့ကို အခုပဲလမ်းညွှန်ပေးလိုက်ပါ"
"ဪ...ဟား"
မုန်ကျင်းကျိုး မျက်လုံးများမှေးစင်းသွားပြီး တုန်ရင်နေသည့်ဖန်ဝူတိကို စိုက်ကြည့်သည်။ သူ့နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးရိပ်ပေါ်လာသည်။
"ဒါဆိုလည်း ငါ့တာဝန်သာထားလိုက်ကွာ"
"ငါအကိုတိုင်ကို သွားတွေ့ဦးမယ်။ နောက်မှပြန်တွေ့မယ်"
လုယန် တန်ချန်ဝူကို ဘုံကျောင်းမှ ဧည့်သည်ခန်းထဲခေါ်သွားသည်။ ငြိမ်ငြိမ်ထိုင်နေဖို့ပြောသည်။
ထို့နောက် အိပ်ယာပေါ်လှဲအိပ်လိုက်သည်။ သူ့အသက်ဓာတ်လက္ခဏာများ ချက်ချင်းပျောက်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် အသက်ပြန်ဝင်လာသည်။ သိပ်မကြာမီ လေဟာနယ်တံခါးတစ်ခု ပွင့်သည်။
လုယန် လေဟာနယ်ထဲဝင်၍ ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် လေဟာနယ်တံခါးပြန်ပွင့်သည်။ လုယန် ချင်ဖုန်းဓားကိုင်၍ စိတ်အားတက်ကြွသည့်ဟန်ပြန်ဖြင့် ပြန်ရောက်လာသည်။
ခြောက်ခုမြောက်အချိန်စက်ဝန်းမှာလိုပင် မေ့ပျောက်ဆေးအဆိပ်က ပျံ့နှံ့သွားသည်။ လုယန်က ကိုယ်တော်တွမ်ချန်းကို ဦးဆောင်စီမံဖို့ အသိပေးသည်။ သူနှင့်လောင်မုန်က လူမြင်ကွင်းတွင် သရုပ်ဆောင်သည်။ သစ်သားကိုယ်ပွား ပေါက်ကွဲသည်။ မြို့ခံများ အသက်မရှူမိအောင် ထိန်းကြသည်။
လူနှစ်ယောက် ကောင်းကင်သို့တက်လာပြီး လုယန်တို့နှစ်ယောက်ကို အေးစက်စက်စိုက်ကြည့်သည်။
"မုန်မိသားစုက ဗုဒ္ဓနိုင်ငံမှာရှိတဲ့ ငါတို့အစီအစဉ်တွေကို...."
ထိုနှစ်ယောက်ကို လုယန်စိတ်ဝင်စားဟန်ဖြင့် ကြည့်သည်။
"ဪ..ခင်ဗျားတို့က မြို့ခံလူတွေကို ဒုက္ခပေးရုံတင်မကဘဲ ကျုပ်တို့ကိုပါ ရှင်းပစ်ချင်တယ်ပေါ့"
"ရှင်းရမှာပေါ့။ ငါတို့ဂိုဏ်းစခန်းတည်နေရာကို......"
လုယန် အကြီးအကဲနှစ်ယောက်ကို လှောင်ပြုံးပြုံး၍ ကြည့်နေသည်။
"ခင်ဗျားတို့နှစ်ယောက်က စုစည်းခြင်းအလတ်တန်းဆင့်ပါ။ လောင်မုန်နဲ့ကျုပ်က ဝိညာဉ်ပြောင်းအလတ်တန်းဆင့်ပဲရှိတယ်။ ခင်ဗျားတို့ကို ကျုပ်တို့ဘယ်လိုယှဉ်နိုင်မှာလဲ။
ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ခင်ဗျားတို့နဲ့ယှဉ်ဖို့ အရည်ချင်းမီတဲ့လူတစ်ယောက်ကို ကျုပ်တို့ခေါ်လာတယ်"
လုယန် ချင်ဖုန်းဓားကို မြှောက်လိုက်သည်။ မိုးပြာရောင်ဝတ်စုံနှင့်လူတစ်ယောက် ချင်ဖုန်းဓားကမ္ဘာငယ်ထဲမှ ထွက်လာသည်။
"အကိုတိုင်၊ ကျုပ်တို့ညီအကိုနှစ်ယောက်အတွက် တရားမျှတအောင်လုပ်ပေးပါ။ ကျုပ်တို့ကို ဒီနှလုံးမဲ့ဂိုဏ်းသားတွေက အရင်ပြဿနာလာရှာတာပါ"
********************************
အခန်း (၁၀၀၇) အဆင့်တိုင်းတွင် အနိုင်ယူ
တိုင်ပုဖန်က သူ့နောက်တွင် အရိုးခံမျက်နှာဖြင့် ရပ်နေသည့်လုယန်ကို တစ်ချက်ကြည့်သည်။
...နှလုံးမဲ့ဂိုဏ်းသားတွေက မင်းတို့ကို အရင်လာရှာတယ်တဲ့လား..
ဒါဆို သူတို့ရောက်လာမယ်ဆိုတာ မင်းဘယ်လိုကြိုသိနေတာလဲ။ ဂိုဏ်းကိုပြန်ပြီးတောင် အကူအညီလာခေါ်ချိန်ရတယ်ပေါ့...
တိုင်ပုဖန် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ အရိုးများ တဖျစ်ဖျစ်အသံမြည်လာသည်။ မစ်ရှစ်ခန်းမကို နှစ်ပေါင်းများစွာ သူတာဝန်ယူခဲ့ရသည်။ ခြေလှုပ်လက်လှုပ်ပင် မလုပ်ခဲ့ရ။ သို့သော် သူသည် အားနည်းသူတော့မဟုတ်။
မစ်ရှင်ခန်းမကို မဟာအကြီးအကဲက သူ့လက်ထဲလွှဲပေးခဲ့သည်မှာ အကြီးအကဲအပျင်းထူခြင်း သက်သက်ကြောင့်မဟုတ်။ အရေးကြီးဆုံးအချက်က သူ့စွမ်းအားသည် တာဝန်ကြီးကြီးထမ်းဆောင်ဖို့ အရည်အသွေးမီသောကြောင့်ဖြစ်သည်။
တန်းတူရွယ်တူထဲတွင် ယွမ်ကျိမှလွဲလျှင် ဘယ်သူ့ကိုမှ သူမရှုံးဖူး။
"နှလုံးမဲ့ဂိုဏ်းနဲ့တွေ့ဖို့ဆိုတာ ရတောင့်ရခဲအခွင့်အရေးပဲ"
တိုင်ပုဖန် အတိတ်ကို နည်းနည်းပြန်တွေးကြည့်သည်။ ပြီးခဲ့သည့်နှစ်ကာလများအတွင်း သူတွေ့ခဲ့ရသည့် နှလုံးမဲ့ဂိုဏ်းဝင်တို့သည် အသက်မျှင်မျှင်သာ ကျန်တော့သည့် ဝိညာဉ်သာဖြစ်သည်။ ယခုလို သက်ရှိထင်ရှား နှလုံးမဲ့ဂိုဏ်းအကြီးအကဲကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။
"ကောင်းကင်ပြောင်းလဲမယ်"
တိုင်ပုဖန် လက်နှစ်ဘက်ကို ကောင်းကင်သို့ ဖျတ်ခနဲမြှောက်လိုက်သည်။ တိမ်မည်းများ ချက်ချင်းစုဝေးလာသည်။ ခိုင်ဟွမ်မြို့တော်တွင် နှစ်ငါးထောင်ကြာအောင် မမြင်ခဲ့ရသည့်မိုးက သည်းထန်စွာ ရွာသွန်းလာသည်။
မြို့တော်နှင့် ဘေးပတ်လည်ကန္တာရအားလုံး ချက်ချင်းအေးမြသွားသည်။
သူသည် ရေဝိညာဉ်မြစ်ပိုင်ရှင်။ ရေရှိသည့်နေရာသည် သူ့အိမ်ကွင်းဖြစ်သည်။
တစ်လောကလုံး ရေနယ်မြေတစ်ခု ဖြစ်လာသယောင်ထင်ရသည်။ နှစ်ပေါင်းကြာမြင့်စွာနေထိုင်ခဲ့သည့် ခိုင်ဟွမ်မြို့ခံများ ထိုမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်သည်။
"မြစ်ရေစီးပြောင်းပြန်စွမ်းအား"
လမ်းကြိုလမ်းကြားမကျန် စီးဝင်နေသည့် မိုးရေများက အသက်ဝင်လာသကဲ့သို့ ရေနဂါးလေးများအသွင်ပြောင်းပြီး အကြီးအကဲနှစ်ယောက်ကို တိုက်ခိုက်သည်။
"လိပ်နက်ကျောခွံ"
"အရိုးဖြူလှေပျံ"
တိုင်ပုဖန် မှော်ပညာများကို ထိုမျှမြန်မြန်ဆန်ဆန် အသက်သွင်းနိုင်မည်ဟု အကြီးအကဲ ပိုင်လီထန်နှင့် ဝူရွှေ့တို့ ထင်မထားခဲ့။ တိုင်ပုဖန်လည်း သူတို့နှင့်တန်းတူ စုစည်းခြင်းအလတ်တန်းဆင့်သာဖြစ်သည်။
လိပ်နက်ခွံက ပိုင်လီထံရှေ့တွင် ကာကွယ်ပေးသည်။ ဝူရွှေက အရိုးဖြူလှေပျံထဲ ဝင်ပုန်းသည်။ သင်္ဘောကိုယ်ထည်ကို အကာအကွယ်ယူသည်။
ရေနဂါးလေးများက ပေါ့်ပါးသွက်လက်ပြီး လိုသလိုအသွင်ပြောင်းနိုင်သည်။ လိပ်ခွံကိုထိချိန်တွင် ရေစက်များအဖြစ် ကွဲထွက်သွားသည်။ လိပ်ခွံမျက်နှာပြင်အတိုင်း တက်သွားသည်။ ထို့နောက် ရေနဂါးများအဖြစ် ပြန်လည်အသွင်ပြောင်းပြီး ပိုင်လီထန်ကို ဝိုင်းတိုက်ကြသည်။
ဝူရွှေ့က ဝိညာဉ်တစ်ထောင်အလံကိုထုတ်လိုက်သည်။ လေလွင့်ဝိညာဉ်အော်သံများ ပေါ်လာသည်။ သင်္ဘော၏အမြောက်များကို ထိန်းချုပ်၍ ရေနဂါးလေးများကို ထိုးချိန်၍ပစ်သည်။
အရိုးဖြူလှေပျံက ပင်လယ်ပြင်ပေါ်မှ သင်္ဘောအစစ်ကဲ့သို့ လွင့်မျောနေသည်။
ရေနဂါးလေးများက ရေစက်အဖြစ်ကွဲထွက်သည်။ ထို့နောက် တဖန်ပြန်လည် စုစည်းသည်။ အဆုံးအစမဲ့အသက်စွမ်းအား ပိုင်ဆိုင်နေသယောင်ရှိသည်။ ထိုရေနဂါးလေးများထဲသို့ ဘယ်လိုမှော်ပညာထည့်သွင်းနိုင်သည်။ သူတို့ခန္ဓာကိုယ်ကို လှောင်အိမ်များအဖြစ်သုံး၍ ဝိညာဉ်များကို ချုပ်နှောင်နိုင်သည်။
ဝူရွှေ့၏ ဝိညာဉ်တစ်ထောင်အလံမှ ဝိညာဉ်များပင် ထိုချုပ်နှောင်မှုဒဏ်ကို မခံနိုင်ကြ။
ဝူရွှေ့၏ ကျင့်စဉ်ပညာများက ရေနှင့်လည်း ဆက်စပ်နေသည်။ ထို့ကြောင့် ဤအခြေအနေမျိုးတွင် တိုင်ပုဖန် မည်မျှစွမ်းအားကြီးကြောင်း သူသိသည်။ သူ့ဘက်က ထိန်းချုပ်နိုင်မှဖြစ်မည်။
"ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်တယ်။ -ခိုင်ဟွမ်မြို့တော်ပေါ်ကို မိုးမကျစေရ"
ရုတ်တရက် ခိုင်ဟွမ်၏အထက်ကောင်းကင် ကြည်လင်သွားသည်။ မိုးရေဖြင့်ဖန်တီးထားည့် ရေနဂါးလေးများ တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားသည်။
စုစည်းခြင်းအဆင့်တိုက်ပွဲသည် စည်းမျဉ်းအပြန်အလှန် ထိန်းချုပ်နိုင်မှုပေါ် မူတည်သည်။
သို့သော် တိုင်ပုဖန်က စည်းမျဉ်းဖြင့် ပြန်လည်တိုက်ခိုက်မည့်ဟန်မရှိ။
တော်ဝင်တိမ်တိုက်များ ရေးဆွဲထားသည့် အလံနီတစ်ခုထုတ်လိုက်သည်။ ငါးရောင်ခြယ်တော်ဝင်အလံကို ဖြန့်လိုက်သည်နှင့် နူးညံ့လှပသည့် အက္ခရာစာလုံးများ အလံထဲမှ ပျံထွက်လာသည်။ လေဟာနယ်တွင် လူးလွန့်လှုပ်ရှား၍ မှော်စက်ဝန်းများ တစ်လွှာပြီးတစ်လွှာပေါ်လာသည်။
ကိုးလွှာမှော်စက်ဝန်းဖြစ်သည်။ ကိုးလွှာဘုံကျောင်းမှော်စက်ဝန်းဟု ခေါ်ကြသည်။ ဘုံကျောင်းမှော်စက်ဝန်း အသက်ဝင်သည်နှင့် အကြီးအကဲနှစ်ယောက် ချက်ချင်းခါးညွှတ်သွားသည်။ မတ်မတ်မရပ်နိုင်ကြတော့။
"ရွှမ်ဝူပုံရိပ်"
ပိုင်လီထန်က လှံနှင့်လိပ်ခွံကို ပေါင်းဟပ်၍ ရွှမ်ဝူအလောင်းဖန်တီးသည်။ မဟာမှော်စက်ဝန်းကို ရွှမ်ဝူ၏အလေးချိန်ဖြင့် ချိုးဖျက်ရန် ကြိုးစားသည်။
သို့သော် ရွှမ်ဝူအလောင်းက မှော်စက်ဝန်းအတားအဆီးကို တိုက်မိသည်နှင့် ရွှံပျော့ကို ရိုက်ရသလို ဖြစ်လာသည်။ လုံးဝစွမ်းအားမသက်ရောက်။
တိုင်ပုဖန် မှော်စက်ဝန်းဆီ တိုးဝင်သွားသည်။ ငါးရောင်ခြယ်အလံကို ဝေ့ယမ်းသည်။
"ရွှမ်ဝူပုဆိန်"
"မိုးကြိုးမီးတောက် ရွှေက်လက်သီး"
အကြီးအကဲနှစ်ယောက် ပုဆိန်တစ်လက်နှင့် လျှပ်စီးလက်သီးရိပ်တစ်ခု ဖန်တီးသည်။
တိုင်ပုဖန်က အမူအရာမပျက်။ မျက်ခုံးပင်မတွန့်။ အလံကိုလွှဲရမ်း၍ ရိုက်လိုက်သည်။ တစ်ချက်ထိရုံဖြင့် ရွှမ်ဝူပုဆိန်ကြေမွသွားပြီး ဝူရွှေ့တို့နှစ်ယောက်မျက်နှာကို တည့်တည့်ထိသည်။
အကြီးအကဲနှစ်ယောက် သွားများကျွတ်ထွက်သွားသည်။ ဒဏ်ရာကုသသည့် သူတို့ကျင်စဉ်ပညာများက အဆင့်မြင့်သော်လည်း ယခု လုံးဝသုံးမရ။
လုယန်နှင့်မုန်ကျင်းကျိုးတို့ ခိုင်ဟွမ်ဘုံကျောင်းထဲတွင်ရပ်၍ ကောင်းကင်တိုက်ပွကို မော့ကြည့်နေသည်။ အမြဲတမ်းလိုလို အသံတိတ်နေတတ်သည့် အကိုတိုင်က ကြမ်းတမ်းသည့် စစ်သည်တော်တစ်ယောက်အသွင် ပြောင်းသွားသည်ကိုကြည့်၍ သူတို့ကြက်သီးထမိကြသည်။
"အကိုတိုင်တိုက်ခိုက်တာကို ငါအခုမှမြင်ဖူးတယ်"
"သူ့တိုက်ကွက်တွေ အတော်ကြမ်းတာပဲ"
ပုံမှန်သတ်မှတ်ချက်အရတွေးလျှင် သူတို့နှစ်ယောက်သည် စုစည်းခြင်းအလတ်တန်းဆင့်နှင့် တန်းတူစွမ်းအားရှိသည်။ သို့သော် သာမန်စုစည်းခြင်းအလတ်တန်းဆင့်ကို ဆိုလိုခြင်းဖြစ်သည်။
တိုင်ပုဖန်လိုလူမျိုးနှင့် ရင်ဆိုင်ရလျှင် သူတို့လည်း ထိုနှလုံးမဲ့အကြီးအကဲများအဖြစ်နှင့် သိပ်ကွာခြားမည်မဟုတ်။
ထိုစဉ် သက်ကြီးပိုင်းတစ်ယောက်၏စကားသံက ခိုင်ဟွမ်မြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွားသ်ည။
"ဒီလောက်အသက်ငယ်ငယ်နဲ့ ဒီလိုကျင့်စဉ်အဆင့်ရောက်တယ်ဆိုတော့ မင်းတို့က သာမန်မျိုးဆက်သစ်မဟုတ်ဘူးပဲ"
"ဒုဂိုဏ်းချုပ်"
"လိုနန်လား..."
တိုင်ပုဖန် အလံနီကို ကိုင်ထားသည်။ သူတိုက်ပွဲစိတ်ဓာတ်များက လျော့မသွားသေး။
နှလုံးမဲ့ဂိုဏ်း၏ ဒုဂိုဏ်းချုပ်လိုနန်။ ကူးဖြတ်ခြင်းအခြေခံအဆင့်ဖြစ်သည်။
"မြို့တော်ကလူတွေအားလုံး အဆိပ်သင့်နေပြီ။ ကျင့်ကြံသူတွေကတော့ သူတို့ဘာသာအဆိပ်ဖြေနိုင်တာပေါ့။ ဒါပေမယ့် သာမန်လူတွေက ခံနိုင်ရည်မရှိဘူး။ ပြီးတော့ အဆိပ်ဖြေဆေးကိုလည်း ငါတစ်ယောက်ပဲသိတယ်။
ဒီအဆိပ်ကို မဖြေဘူးဆိုရင် ဆယ်ရက်အတွင်း သူတို့ အသေဆိုးနဲ့သေလိမ့်မယ်။ သူတို့ကို အသက်ရှည်ရှည်နေစေချင်ရင် သူတို့အားလုံးကို ငါ့လက်ထဲလွှဲပေးလိုက်တာက ပိုကောင်းမယ်"
ထိုသို့ပြောရင်း ကူးဖြတ်ခြင်းအဆင့်စွမ်းအင်ရောင်ကို ထုတ်လွှတ်၍ တိုင်ပုဖန်တစ်ယောက်တည်းအပေါ် ဖိနှိပ်လိုက်သည်။ ထိုဖိအားကို လျှော့ချနိုင်ဖို့ တိုင်ပုဖန် ခန္ဓာကိုယ်ကို ရေအသွင်ပြောင်းလိုက်ရသည်။
"မျိုးဆက်သစ်ကောင်လေး၊ မင်းကအတော်ဉာဏ်ထက်သားပဲ"
တိုင်ပုဖန်ကိုပါ ဖမ်းခေါ်သွားရမလားဟု လိုနန်တွေးနေသည်။
ဖြေဆေးကို သူတစ်ယောက်သာသိသည်။ ပိုင်လီထန်တို့ ဝူရွှေ့တို့ မသိကြ။ မြို့တော်ထဲမှ လူအားလုံးကိုကယ်တင်လိုလျှင် တိုင်ပုဖန်အနေဖြင့် ထိုလူအားလုံးကို သူ့လက်ထဲ ထည့်ပေးဖို့သာရှိသည်။
"သူဘာလို့ မြို့တ်ောတစ်ခုလုံးကို ယူသွားချင်တာလဲ"
လုယန်စဉ်းစားနေသည်။ ပြီးခဲ့သည့် အချိန်စက်ဝန်းတွင်လည်း ထိုသို့ဖြစ်ခဲ့သည်။ လိုနန်က ခိုင်ဟွမ်ကို ချက်ချင်းနေရာပြောင်းဖို့ကြိုးစားသည်။
နတ်မယ်က ကြာပလ္လင်ပေါ်လှဲရင်း အေးအေးဆေးဆေး သုံးသပ်သည်။
"သူက အရိယဖလသန္ဓေတည်ဆောက်ဖို့ ကြိုးစားနေတာဖြစ်မယ်။ မြို့တော်တစ်ခုလုံးက နှလုံးသားမဲ့လုပ်ရပ်တွကို စောင့်ကြည့်နေရင် အတွေးအမြင်တစ်ချို့ ရလာနိုင်တယ်။ ခံစားမျက်မဲ့တဲ့ အရိယဖလသန္ဓေမျိုးကို သူဖန်တီးနိုင်ခြေရှိတယ်"
"သခင်လု၊ ကျုပ်တို့ဘာလုပ်ကြမလဲ"
တန်ချန်ဝူ ထိတ်လန့်နေသည်။ လိုနန်ပေါ်လာပြီနောက် စစ်နတ်ဘုရားနှင့်တူသည် တိုင်ပုဖန်ပင် မနည်းတောင့်ခံနေရသည်။ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိ။
နောက်ထပ် အချိန်နောက်ပြန် တစ်ပတ်လည်၍ ထိုအဖြစ်ကို ကျော်လွှားဖို့ နည်းလမ်းရှာရတော့မည်ထင်သည်။
လုယန်က ထန်ချန်ဝူကို ပြုံးပြသည်။
"စိတ်မပူပါနဲ့။ ငါ့ဘက်မှာ လူတွေအများကြီးရှိပါတယ်"
ထိုသို့ပြောပြီးနောက် ကောင်းကင်သို့ သူပျံတက်သွားသည်။ တိုင်ပုဖန်နှင့် ဘေးချင်းယှဉ်ရပ်လိုက်သည်။ ချင်ဖုန်းဓားကိုမြှောက်သည်။
"မြို့တော်တစ်ခုလုံးကလူတွေကို ယူချင်တယ်ပေါ့။ ကျုပ်ဓားကို အရင်မေးခဲ့လို့လား"
"ဝိညာဉ်ပြောင်းအလတ်တန်းအဆင့်တဲ့လား"
ခံစားချက်မဲ့သည့်အဆင့်မျိုသာ ရောက်မနေလျှင် လိုနန် ရယ်မိပေလိမ့်မည်။
ဝိညာဉ်ပြောင်းအလတ်တန်းဆင့်က ကောင်းကင်ကို အာခံဖို့ကြိုးစားနေသည်။
"ကျုပ်ဓားချက်ကိုမြည်းကြည့်"
လုယန် ချင်ဖုန်းဓားကို မြင့်မြင့်မြှောက်လိုက်သည်။ ဓားရောင်က ခမ်းနားထည်ဝါသည်။ ဓားကျလာချိန်တွင် ကမ္ဘာငယ်တစ်ခုပွင့်သွားသည်။ ခိုင်ဟွမ်မြို့တော်တစ်ခုလုံး ဖုံးအုပ်နိုင်လောက်သည့် နှင်းတောင်တန်းကြီးတစ်ခု လွင့်ပျံထွက်လာပြီး လိုနန်ကို ချက်ချင်းဝင်တိုက်သည်။
အစောပိုင်းက တိုင်ပုဖန် မိုးကိုဆင့်ခေါ်ခဲ့သည်။ ခိုင်ဟွမ်မြို့ကို အေးမြစေရုံလောက်သာရှိသည်။ ယခု မဟာနှင်းတောင်တန်းပေါ်လာချိန်တွင် အေးမြရုံလောက်မကတော့။ အေးစိမ့်သည့်အခြေအနေပြောင်းသွားသည်။
နှင်းတောင်ထဲမှ လူရိပ်နှစ်ခု ပျံထွက်လာသည်။ တစ်ယောက်က အရပ်ရှည်သည်။ တစ်ယောက်ကပုသည်။
အရပ်ရှည်သည့်လူက လိုနန်ကို လှောင်ပြုံးပြုံး၍ ကြည့်သည်။
"လူတိုင်းကို မျိုးဆက်သစ်လို့ ခေါ်ရတာကိုပျော်နေတယ်ပေါ့။ ကောင်လေး၊ မင်းကတကယ် အဲလောက်အသက်ကြီးတယ်ပေါ့"
"မေ့ပျောက်အဆိပ်တဲ့။ အဲဒါက ကုဖို့အဲလောက်ခက်လို့လား"
အရပ်ပုသည့်လူက နှာခေါင်းရှုံ့သည်။
ထိုနှစ်ယောက်ကိုမြင်သည်နှင့် လိုနန်၏ ခံစားချက်မဲ့သည့်စိတ်ဓာတ်များ ချက်ချင်းပျက်စီးသွားသည်။ အစောပိုင်းကလို အထက်စီးပုံစံဖြင့်လည်း မနေနိုင်တော့။
"ပင်လယ်တာအိုသခင်..ကျွေးယွဲ့ဘိုးဘေး"
မသေမျိုးတစ်ဝက်နှစ်ယောက်။
ပြေးမည်။
လိုနန် နောက်လှည့်ထွက်ပြေးသည်။ ခိုင်ဟွမ်မြို့တော်ကိုပါ ယူသွားရန်ကြိုးစားသည်။ သို့သော် သူ့ရှေ့တွင် လေဟာနယ်တံခါးတစ်ချပ်ပွင့်လာပြီး မူလနေရာသို့ သူ့ကိုပြန်ပို့သည်။
"ထွက်ပြေးဖို့စဉ်းစားနေတယ်ပေါ့။ ငါ့ခွင့်ပြုချက်ရထားလို့လား"
********************************
အခန်း (၁၀၀၈) လမ်းမှန်ဂိုဏ်းဝင်တို့မည်သည်
မေ့ပျောက်ဆေးအဆိပ်ကိစ္စ လုယန်ဘယ်လိုဖြေရှင်းရမှန်းမသိ။ သို့သော် ဖြေရှင်းနိုင်သူတစ်ယောက်ကိုတော့ သူသိသည်။
ဥပမာ ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေပိုင်ရှင် ကျွေးယွဲ့ဘိုးဘေး။
ပြီးခဲ့သည့်အချိန်စက်ဝန်းတွင် သူ့ဂိုဏ်းသို့ပြန်၍ အင်အားအကူခေါ်သည်။ ကျွေးယွဲ့ဘိုးဘေးကို အဆိပ်ဖြေနိုင်မဖြေနိုင်မေးခဲ့သည်။ ဆေးပညာသိပ်မကျွမ်းကျင်သော်လည်း အရိယဖသန္ဓေစည်းမျဉ်းစွမ်းအားကို တိုက်ရိုက်သုံး၍ အဆိပ်ဖြေနိုင်သည်ဟုပြောသည်။
ကျွေးယွဲ့ဘိုးဘေး လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ခံစားချက်အရိယဖလသန္ဓေစွမ်းအားက မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားသည်။ လူအားလုံး ပြိုင်တူတုန်ခါသွားသည်။ ထို့နောက် ပုံမှန်ပြန်ဖြစ်လာကြသည်။
"မင်း...မင်းတို့..."
လိုနန် နားလည်လိုက်သည်။ သူဘယ်လိုနတ်စွမ်းအားမျိုးသုံးသည်ဖြစ်စေ ခိုင်ဟွမ်နယ်နိမိတ်မှ မလွတ်နိုင်တော့။
အံ့ဩစရာလည်းမရှိပါ။ ပင်လယ်တာအိုသခင်က လေဟာနယ်အရိယဖလသန္ဓေပိုင်သည်။ ထွက်ပြေးရန်ကြိုးစားသည့် ရန်သူများကို တားဆီးနိုင်သည်။
ရန်သူက ဘယ်နည်းလမ်းသုံးည်ဖြစ်စေ ထိုအရိယဖလသန္ဓေစွမ်းအားကို အံတုနိုင်မည်မဟုတ်။
"ငါတို့လား...ငါတို့က ဘာဖြစ်လို့လဲ"
ကျွေးယွဲ့က လိုနန်ကို မပွင့်တပွင့်ပြုံး၍ ကြည့်သည်။
သူ့အပြုံးကိုကြည့်၍ လိုနန်ရင်ဘတ်ထဲ တင်းကြပ်လာသလို ခံစားရသည်။ ကြောက်ရွံ့စိတ်များ ဆတိုးပွားလာသည်။ ပင်လယ်နက်ထဲကျသွားသည့် သေမျိုးတစ်ယောက်လို ခံစားနေရသည်။ နက်မှောင်သည့် ရေထုက တိုက်စားခံရတော့မည်။ ဦးတည်ရာလည်းပျောက်နေသည်။
မျက်နှာချင်းဆိုင်တွေ့ရုံဖြင့် လိုနန်က ကျွေးယွဲ့၏သားကောင်ဘဝ ရောက်သွားသည်။ သူ့ကိုယ်သူပင် လုံးဝသတိမထားမိ။
"မဟာကောင်းကင်နက်လက်ဝါး"
မလွတ်မြောက်နိုင်တော့မှန်းသိသဖြင့် နောက်ဆုံးကြိုးစားမှုအဖြစ် စွမ်းအင်အားလုံးကို ပုံအောလိုက်သည်။ ကြီးမားသည့်အနက်ရောင်လက်ဝါးရိပ်နှစ်ခုက ကောင်းကင်ကိုခွဲဖွင့်လိုက်သည်။ ရှေးဟောင်းနတ်ဆိုးသားရဲများ၏နှာမှုတ်သံ တိမ်တိုက်ကြားတွင်ပေါ်လာသည်။
မြို့တော်တစ်ခုလုံး ဂဏာမငြိမ်ဖြစ်လာကြသည်။ အဆင့်မြင့်ကျင့်ကြံသူတို့၏ တိုက်ခိုက်နည်းများကို နားမလည်သော်လည်း ထိုတိုက်ကွက် ဘယ်လောက်ပြင်းထန်မှန်း သူတို့ရိပ်မိသည်။
ထိုလက်ဝါးချက်သာ မြေပေါ်ကျလာလျှင် မြို့တော်တစ်ခုလုံး စိစိညက်ညက်ကြေသွားမည်။
"ယင်ယန်လက်ညှိုး"
ကြောက်စရာကောင်းသည့် လက်ဝါးရိပ်ကို ရင်ဆိုင်ရသော်လည်း ပင်လယ်တာအိုရှင် ဟန်မပျက်။ လက်တစ်ချောင်း ကောင်းကင်သို့ဆန့်ထုတ်လိုက်သည်။ စွမ်းအားနှစ်မျိုးယှက်သန်းနေသည့် လက်ညှိုးဖြစ်သည်။ လက်ဝါးရိပ်နှင့်ယှဉ်လျှင် မမြင်နိုင်လောက်အောင် သေးငယ်လွန်းသည်။
သို့သော် လက်လက်ဝါးရိပ်က လက်ညှိုးကိုထိသည်နှင့် မထိုးဖောက်နိုင်သည့် လောကတံတိုင်းကို ရင်ဆိုင်တွေ့သကဲသို့ ချက်ချန်းရပ်တန့်သွားသည်။ အောက်သို့ထပ်ကျမလာတော့။
လိုနန် အံတင်းတင်းကြိတ်ထားသည်။ ချွေးသီးချွေးပေါက်များ ကျနေသည်။ သူစွမ်းအားပြည့်ထုတ်သုံးခဲ့သည့်တိုင် ပင်လယ်တာအိုသခင်က အေးအေးလူလူရင်ဆိုင်သည်။ သူ့လက်ဝါးချက်ကို လုံးဝအရေးစိုက်ဟန်မရှိ။
မသေမျိုးတစ်ဝက်ဟူသည့် အဆင့်အတန်းကို ထည့်မတွက်သည်ထားဦး။ ပင်လယ်တာအိုသခင်သည် ဝါရင့်ကူးဖြတ်ခြင်းအဆင့် စွမ်းအားရှင်ဖြစ်သည်။ လိုနန်လို ကူးဖြတ်ခြင်းအခြေခံအဆင့်လောက်က ဘယ်လိုယှဉ်နိုင်မည်နည်း။
"အဆုံးစွန် အေးခဲခြင်းစွမ်းအား"
လအလင်းစွမ်းအားက နှင်းပွင့်များအဖြစ်ပြောင်း၍ လူသားလောကပေါ် ကျဲဖြန့်သည်။ အဆုံးစွန်အအေးဓာတ်များ ပါလာသည်။ အနက်ရောင်လက်ဝါးရိပ်နှစ်ခုပေါ်ကျသည်။ နှင်းပွင့်တစ်ခုကျသည့်နေရာတိုင်း ချက်ချင်းရေခဲသွားသည်။ မှော်အစွမ်းဖြင့် လက်ဝါးရိပ်ဖန်တီးထားသည့် လိုနန်ဆီသို့ပင် အအေးဓာတ်က စီးဝင်လာသည်။
ထိုခဏမှာပင် လက်ဝါးရိပ်နှစ်ခုက ရေခဲတုံးအဖြစ်ပြောင်းသွားသည်။ ပင်လယ်တာအိုသခင် လက်ညှိုးကို နည်းနည်းတွန်းလိုက်သည်။ ရေခဲလက်ဝါးတွင် အက်ကြောင်းတစ်ခုခုပေါ်လာပြိး လက်ဝါးတစ်ပြင်လုံးသို့ ချက်ချင်းပျံ့နှံ့သွားသ်ည။
"ဖျောင်း"
ရေခဲလက်ဝါး ကြေမွ၍ ရေခဲတုံးများအောက်သို့ ကျလာသည်။ အောက်ဘက်တွင် လေဟာနယ်ဝဲဂယက်တစ်ခု ပေါ်လာသည်။ ပင်လယ်တာအိုသခင်က အားလုံးကို အရှေ့ပင်လယ်သို့ ပို့သည်။
ခံစားချက်ခုနစ်မျိုး အရိယဖလကိုမပြောသေး။ ကျွေးယွဲ့သည်လည်း ကူးဖြတ်ခြင်းအဆင့်တွင် ဝါရင့်ဘိုးဘေးတစ်ယောက်ဖြစ်သည်။
လိုနန် အသက်ကိုမောပန်းစွာရှူရှိုက်နေရသည်။ သူ့တိုက်ကွက်က ရန်သူကိုမထိရောက်သည့်အပြင် မှော်လက်ဝါးပျက်စီးသွားသဖြင့် တန်ပြန်စွမ်းအားသက်ရောက်မှုကိုပါ သူခံစားလိုက်ရသည်။
"ငါမင်းကို အသက်ရှူချိန် ပေးထားလို့လား"
ပင်လယ်တာအိုသခင် လက်နှစ်ဘက်နောက်ပစ်ရပ်၍ ပုံမှန်လေသံဖြင့်ပြောသည်။ မြို့တော်တစ်ဝက်ကိုဖြတ်၍ လိုနန်ဆီ မျဉ်းကြောင်းတစ်ခုဆွဲလိုက်သည်။
လိုနန် ဆံပင်များအဆုံးထိထောင်သွားသည်။ ရောက်လာတော့မည့် အန္တရာယ်ကို သူခံစားမိသည်။ သို့သော် ဘယ်နေရာက ရောက်လာမည်ကို သူမခန့်မှန်းနိုင်။
ဘေးသို့ သူအမြန်ခုန်ရောင်လိုက်သည်။ သူ့ခါးတွင် ရေပြင်ညီမျဉ်းကြောင်းတစ်ခု ပေါ်လာသည်။ ခါးအောက်ပိုင်းက သူ့အိမ့်ကို မနာခံတော့။ သို့သော် နေရာမပျက်ရှိနေသည်။
"လေဟာနယ်စွမ်းအားပဲ"
ပင်လယ်တာအိုသခင်လုပ်ရပ်ကို လိုနန် နာလည်သွားသည်။ လေဟာနယ်စွမ်းအားပညာဖြင့် သူ့ခါးကို ပိုင်းဖြတ်လိုက်ခြင်းဖြစ်သည်။
"ကြယ်ကမ္ဘာတိုက်ပွဲ ပြောင်းလဲခြင်းစွမ်းအား"
လိုနန်အော်ဟစ်ကြုံးဝါး၍ သွေးသန္ဓေစတေးလိုက်သည်။ ကြယ်ကမ္ဘာပြောင်းစွမ်းအားဖြင့် ဒဏ်ရာများကို လွှဲပြောင်း၍ သွေးသန္ဓေစွမ်းအားဖြင့် တစ်ဝက်ပြတ်သွားသည့် ခန္ဓာကိုယ်ကို ပြန်ဆက်သည်။
"ဒေါသစွမ်းအား"
ကျွေးယွဲ့က လိုနန်ကို အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ ဒဏ်ရာပြန်ကုသနေသည့်လိုနန် ဒေါသစိတ်များထိန်းချုပ်မရအောင် မြင့်တက်လာပြီး နွားရိုင်းတစ်ကောင်လို ပင်လယ်တာအိုသခင်ဆီ ပြေးဝင်သွားသည်။
ဓာတ်ငါးမျိုးမှော်အစွမ်းပါဝင်သည့် သူ့လက်ဝါးပညာကို ထုတ်သုံးသည်။ လက်ချောင်းတစ်ခုချင်းစီတွင် ဓာတ်စွမ်းအားတစ်မျိုးစီ စုစည်းထားသည်။ စွမ်းအားကြီးလွန်းသဖြင့် တစ်ခြားကူးဖြတ်ခြင်းအခြေခံ.အဆင့်များ တိုက်ရိုက်ရင်ဆိုင်ဖို့မလွယ်။
"ဟားဟား၊ အခုမှ စိတ်ဝင်စားစရာကောင်းလာလာတယ်"
ပင်လယ်တာအိုသခင် အဆက်မပြတ်ရယ်မောနေသည်။ တိုက်ပွဲစကတည်းက လိုနန် ဆက်တိုက်ရှောင်တိမ်းနေခဲ့သည်။ တိုက်ပွဲကို အပြည့်အဝအာရုံမစိုက်ဘဲ ထွက်ပြေးဖို့သာ နည်းလမ်းရှာနေသည်။
ထို့တိုက်ပွဲမျိုးက အားရကျေနပ်စရာမကောင်း။
"သွေးစတေးကောင်းကင်လက်သီး"
လိုနန်၏ ထောင်နေသည့်ဆံပင်များ တစ်မျှင်ချင်း နောက်ပြန်လဲကျသွားသည်။ စွမ်းအားအမြင့်ဆုံး ငယ်ရွယ်နုပျိုချိန်ကို ပြန်ရောက်သွားသည့် လက္ခဏာဖြစ်သည်။ သွေးမျှင်များ သူ့ကိုလှည့်ပတ်နေသည်။ သူ့လက်သိးများ အရွယ်အစားကြီး၍ နီရဲလာသည်။ သွေးရည်စိမ်ထားသလိုဖြစ်နေသည်။
"နဂါးချုပ်သစ်ပင်"
လိုနန်၏လက်သီးက ပင်လယ်တာအိုသခင်ကို ထိခါနီးတွင် သစ်ပင်တစ်ခု သူ့အောက်တည့်တည့်မှ ထိုးထွက်လာပြီး သူ့မေးစေ့ကို ရိုက်သည်။ သွားအတော်များများ ကျိုးထွက်သွားသည်။ ထို့နောက် နောက်ထပ်နဂါးချုပ်သစ်ပင်များ လေထဲတွင် အစိုင်အခဲဖြစ်တည်လာသည်။ လိုနန်ကို ဘောလုံးတစ်လုံးလို ရှေ့ပြန်နောက်ပြန် ရိုက်သည်။ သူ့မှော်ပညာများ ထုတ်သုံးခွင်မရ။
ဤနဂါးချုပ်သစ်ပင်များကို ပင်လယ်တာအိုသခင် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ အလွန်တရာမာကျောသည်။ ပုံမှန်အားဖြင့် သီးခြားလေဟာနယ်တွင်သာ သိမ်းဆည်းထားသည်။ လိုအပ်မှ ဆင့်ခေါ်သည်။
လေဟာနယ်လှိုင်းလှုပ်ရှားမှုများကို နားမလည်သူတို့အတွက် ထိုနဂါးသစ်ပင်များ ဘယ်ကဘယ်လို ပေါ်လာသည်ကို အာရုံခံနိုင်မည်မဟုတ်။
"တော်လောက်ပြီကွ"
လိုနန် သံကုန်ခြစ်၍ အော်ဟစ်လိုက်သည်။ ကြောက်စရာစွမ်းအင်ရောင်တစ်ခု ပေါက်ကွဲထွက်လာသည် နဂါးချုပ်သစ်ပင်များ လွင့်ထွက်သွားသည်။
"မင်းတို့အစွမ်းအစရှိတယ်ဆိုရင် အတည်တိုက်ခိုက်ကြတာပေါ့"
စိတ်ခံစားချက်လွှမ်းမိုးမှုကြောင့် လိုနန်ရဲတင်းနေသည်။ ဒေါသများ တဖြေးဖြေးတိုးပွားလာသည်။ သူနှင့်တာအိုသခင်ကြား ကျင့်စဉ်စွမ်းအား များစွာကွာခြားသည့်အချက်ကိုပင် မေ့သွားသည်။
"သရဲထောင်ချီ ဓမ္မခန္ဓာ"
သူ့ကိုယ်ပိုင် ဓမ္မခန္ဓာကို ဖန်တီးလိုက်သည်။ ပေတစ်ထောင်မြင့်သည့် ဓမ္မခန္ဓာတွင် နာကျဉ်းစွမ်းအင်များ ရစ်ဆိုင်းနေသည်။ နေရောင်ကို မမြင်ရ။
သရဲဝိညာဉ်ထောင်ချီ၍ ဖွဲ့စည်းထားသည့် ဓမ္မခန္ဓာဖြစ်သည်။ သရဲရိပ်တစ်ခုချင်းစီက ကျေးရွာများ၊ မြို့တော်များကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ လူသားလောကသို့ ထွက်ပြေးလာသည့် ဗုဒ္ဓအရဟတ်တစ်ပါးနှင့် တူနေသည်။
"ဒါပဲလား"
ပင်လယ်တာအိုသခင် လက်နှစ်ဘက်ဆုပ်၍ လိမ်ဆွဲလိုက်သည်။ အဝတ်တစ်ခု ရေညှစ်လိုက်သည့် ပုံစံမျိုးဖြစ်သည်။ ဓမ္မခန္ဓာပုံရိပ်ထဲတွင် ပုန်းအောင်းနေသည့် လိုနန်၏ ဘေးပတ်လည်လေဟာနယ်က ကြီမားသည့်လက်နှစ်ဘက်ဖြင့် လိမ်ညှစ်ခံလိုက်ရသလို ပုံပျက်ပန်းပျက်ဖြစ်သွားသည်။
သခင်၏ ထိန်းချုပ်မှုမရှိတော့သဖြင့် သရဲတစ်ထောင်ဓမ္မခန္ဓာ ဝုန်းခနဲပြိုလဲပျက်စီးသွားသည်။ သရဲဝိညာဉ်များ နေရာစုံသို့ပျံ့နှံ့သွားသည်။
"နှင်းခဲစွမ်းအား"
ကျွေးယွဲ့ ခပ်တိုးတိုးရေရွတ်လိုက်သည်။ အငွေ့ရှူမိသည်နှင့် ဝိညာဉ်များပင် အေးခဲသွားနိုင်သည့် ရေခဲစွမ်းအားဖြစ်သည်။
ထိုသရဲဝိညာဉ်တို့သည် မဟာစွမ်းရည်များ ပိုင်ဆိုင်ကြသော်လည်း ကျွေးယွဲ့ရှေ့တွင် သာမန်ဝိညာဉ်များနှင့် ဘာမှမကွာ။ နှင်းပွင့်များကိုထိသည်နှင့် ချက်ချင်းရေခဲတုံးအဖြစ်ပြောင်းသွားသည်။ ကြောက်စရာဟန်ပင်ဖြင့် ရပ်တန့်သွားကြသည်။
"ပြီးသွားပြီ"
ဝစီပိတ်က လေဟာနယ်လှောင်အိမ်တစ်ခုဖြင့် တိုက်ပွဲကို အဆုံးသတ်လိုက်သည်။
လှောင်အိမ်က ပေါ်လိုက်ပျော်လိုက်ဖြစ်နေသည်။ လိုနန်ဘေးပတ်လည်တွင် ဘာအတားအဆီးမှမမြင်ရ။ သို့သော် လိုနန် တစ်နေရာရာသို့ ထွက်ပြေးရန်ကြိုးစားလျှင် ဘယ်လောက်ဝေးဝေးပြေးသည်ဖြစ်စေ မူလစမှတ်နေရာသို့ ပြန်ရောက်လာလိမ့်မည်။
ပင်လယ်တာအိုသခင်နှင့် ကျွေးယွဲ့တို့ ခိုင်ဟွမ်ဘုံကျောင်းသို့ ဆင်းလာကြသည်။ လုယန်က သူတို့ကို အမြန်သွားနှုတ်ဆက်သည်။
"ဘိုးဘေးတို့ ပင်ပန်းသွားကြပြီနောက်"
"ဘာပင်ပန်းရမှာလဲ။ နောက်တစ်ခါ ဒီလိုအခြေအနေမျိုးကြုံရင် ငါ့ကိုခေါ်ဖို့မမေ့နဲ့။ အချိန်မရွေး ကူညီဖို့အသင့်ပဲ"
ပင်လယ်တာအိုသခင် ဝမ်းသာအားရပြောသည်။ လူအများရှေ့တွင် စွမ်းအားပြခွင့်ရဖို့ လွယ်ကူသည်မဟုတ်။
လုယန် သက်ပြင်းချလိုက်သည်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကိုဖြေရှင်းဖို့ မသေမျိုးတစ်ဝက်နှစ်ယောက်ခေါ်သည့်ကိစ္စ ဘိုးဘေးက အိုဗာလုပ်သည်ဟု ထင်သွားမည်ကို စိုးရိမ်နေခဲ့သည်။
လုယန်စိုးရိမ်စိတ်ကို ထိုးထွင်မြင်ဟန်ဖြင့် ပင်လယ်တာအိုသခင်က အကြံပေးသည်။
"ငါတို့လမ်းမှန်ဂိုဏ်းသမားတွေက နတ်ဆိုးလမ်းစဉ်သမားကို ရင်ဆိုင်တဲ့အခါ သူတို့အားနည်းတဲ့အချိန်မှာ အင်အားအသာနဲ့ဖိနှိပ်ပြီး အနိုင်ကျင့်တတ်ဖို့လိုတယ်"
********************************