← Chapters

အခန်း (၁၀၀၉-၁၀၁၁)

Vol. 68 Ch. 1009-1011

အခန်း (၁၀၀၉-၁၀၁၁)

Vol. 68 Ch. 1009-1011

အခန်း (၁၀၀၉) မေ့ပျောက်ဆေးဖော်နည်း

"ဘိုးဘေးကျွေးယွဲ့၊ မဟာနှင်းတောင်တန်းကို ဓားကမ္ဘာထဲ ပြန်ထည့်ကြတော့မလား"

လုယန် စကားလုံးသေချာရွေးချယ်၍မေးသည်။ နှင်းတောင်တန်းပြန်ထည့်ဖို့ ကျွေးယွဲ့၏အကူအညီလိုအပ်သည်။

ထိုမျှကြီးမားသည့် နှင်းတောင်တစ်ခု ခိုင်ဟွမ်မြို့တော်ပေါ်ဝဲပျံနေသည့်မြင်ကွင်းက တကယ်ခမ်းနားထည်ဝါသည်။ သို့သော် ကြောက်စရာလည်းကောင်းလှသည်။

"ပွဲပြီးသွားပြီလား"

ကျွေးယွဲ့က အတက်အကျမရှိသည့်လေသံဖြင့်မေးသည်။ သိပ်အားရကျေနပ်သေးပုံမပေါ်။ သူ့အနေဖြင့် အပြင်ထွက်ခွင့်ရဖို့က မလွယ်လှ။

ကျွေးယွဲ့စိတ်ကို ရိပ်မိသဖြင့် လုယန်အမြန်ဦးညွှတ်အရိုအသေပြု၍ ပြောသည်။

"မဟာနှင်းတောင်ကို ကျုပ်ရဲ့ချင်ဖုန်းဓားထဲမှာ သိမ်းထားရင် ကျုပ်ရောက်တဲ့နေရာတိုင်း မဟာနှင်းတောင်တန်းနယ်မြေလိုပဲ ဖြစ်နေမှာပါ။ ဘိုးဘေးက ကျုပ်နဲ့အဝေးကြီးခွာမနေဖို့ပဲ လိုပါတယ်"

"ဒါလည်း အဆင်ပြေတာပဲ"

ကျွေးယွဲ့ နည်းနည်းတုံ့ဆိုင်းနေပြီးနောက် လုယန်အကြံကို လက်ခံလိုက်သည်။

"ပြီးသွားပြီလား။ တကယ်ပြဿနာရှင်းသွားပြီလား"

တန်ချန်ဝူ တိုက်ပွဲဖြစ်နေချိန်က အသက်ပင်မရှူရဲ။ အတော်စိုးရိမ်ပူပန်နေခဲ့သည်။

ယခု ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်က ထိုမျှလွယ်လွယ်ဖြင့် နှိပ်ကွပ်ခံလိုက်ရသည်။

"ရှင်းသွားပါပြီ"

လုယန် ပျင်းရိပျင်းတွဲ အကြောတစ်ချက်ဆန့်သည်။ ဗုဒ္ဓရေသဘင်ပွဲတော်တွင် ထင်မှတ်မထားသည့် ကိစ္စများကြုံခဲ့သော်လည်း နောက်ဆုံးတွင် အားလုံးဖြေရှင်းနိုင်ခဲ့သည်။

"ဒကာတို့အားလုံး အတော်ပင်ပန်းသွားကြပါပြီ"

တွမ်ချမ်းက အမြန်ထွက်လာပြီး ကျေးဇူးတင်စကားဆိုသည်။

ပင်လယ်တာအိုသခင်၊ လနန်းတော်တည်ထောင်သူ ကျွေးယွဲ့ဘိုးဘေး။ တိုင်ပုဖန်။ တစ်ယောက်ချင်းစီက အဆင့်အတန်းအလွန်မြင့်မားသူများဖြစ်သည်။ အနောက်မိုးပျံဘုံကျောင်းပင် ထိုပုဂ္ဂိုလ်များကို ခမ်းခမ်းနားနားဖြင့် ဧည့်ခံကြိုဆိုရလိမ့်မည်။

"ဗုဒ္ဓရေသဘင်ပွဲတော်က ဒီလိုအခြေအနေရောက်သွားတဲ့အတွက် စိတ်မကောင်ပါဘူး ကိုယ်တော်တွမ်ချန်း"

လုယန် တောင်းပန်လိုက်သည်။ ထိုသို့တိုက်ပွဲများဆက်တိုက်ဖြစ်သွားသဖြင့် ပွဲတော်ကို ဆက်ကျင်းပ၍မဖြစ်တော့သည်မှာ သေချာနေသည်။

"ကိစ္စမရှိပါဘူး။ အားလုံးဘေးကင်းတယ်ဆိုရင်ပဲ အဆင်ပြေပါပြီ"

ယခုနှစ်ဗုဒ္ဓရေသဘင်ပွဲတော်ကို ရုတ်တရက် ရပ်ဆိုင်းလိုက်ရသော်လည်း ခိုင်ဟွမ်တိုက်ပွဲတွင် မသေမျိုးတစ်ဝက်နှစ်ယောက်က နှလုံးမဲ့ဂိုဏ်းဒုဂိုဏ်းချုပ်ကို ဖမ်းလိုက်သည့်အပြင် လုယန်နှင့်မုန်ကျင်းကျိုးတို့လည်း ပါဝင်ပတ်သက်ခဲ့သဖြင့် တစ်လောကလုံးပျံ့နှံ့မည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမည်ကို တွမ်ချမ်းကြိုမြင်နေသည်။

ထိုဇာတ်လမ်းတွင် ခိုင်ဟွမ်မြို့တော်ကို ထုတ်ပယ်ထား၍မရသည်မှာသေချာနေသည်။

သို့ဆိုလျှင် ခိုင်ဟွမ်မြို့တော်နာမည်မကြီးမည်ကို ဘာစိုးရိမ်နေစရာလိုဦးမည်လော...သို့မဟုတ် ခိုင်ဟွမ်ဘုံကျောင်းသို့ ဖူးမျှော်သူမလာမည်ကို စိုးရိမ်စရာလိုဦးမည်လော...

ယခုနှစ်ပွဲတော်၏ အကျိုးသက်ရောက်မှုက သူမျှော်မှန်းထားသည်ထက် ဆယ်ဆမကသာလွန်သည်။

"ကိုယ်တော်တွမ်ချန်း၊ ကျုပ်တို့ သွားပါဦးမယ်"

လုယန် နှုတ်လက်လိုက်သည်။

"ချန်ဝူ၊ မင်းငါတို့နဲ့အတူ တာအိုလမ်းစဉ်ဂိုဏ်းကို လိုက်ခဲ့ချင်လား"

လုယန်က မေးသည်။ တန်ချန်ဝူ၏ အချိန်စက်ဝန်းစွမ်းရည်ကို သူသိထားပြီးဖြစ်သည်။ ခိုင်ဟွမ်မြို့တွင် တန်ချန်ဝူ ဆက်မနေသင့်တော့။

တစ်ခြား မသေမျိုးများ သူ့အကြောင်းသိသွားလျှင် ပြဿနာတက်နိုင်သည်။

"ကျုပ်ညီမနဲ့ ချွဲအာကိုရော ခေါ်ခဲ့လို့ရလား"

တန်ချန်ဝူ စိုးရိမ်မကင်းသည့်လေသသံဖြင့်မေးသည်။ ထိုနှစ်ယောက်အတွက် သူအစိုးရိမ်ဆုံးဖြစ်သည်။ သူတို့အတွက်ကြောင့် အချိန်သံသရာကို အကြိမ်ကြိမ် သူဖြတ်ကျော်ခဲ့ခြင်းဖြစ်သည်။

"ရတာပေါ့"

တန်ချန်ဝူ စိတ်သက်သာရာရသွားသည်။ အချိန်နောက်ပြန်ရစ်သည့်စွမ်းရည်ရကတည်းက ကိစ္စများ ထိုမျှအဆင်ပြေချောမွေ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သခင်လုနှင့် ‌တွေ့ခဲ့သည်က သူတကယ်ကံကောင်းသည်။

မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ သိစိတ်အာရုံမှ လုယန်ကို လှမ်းပြောသည်။

"လောင်လု၊ ဒီကောင်လေးက ဘာထူးခြားလို့လဲ။ ဘာလို့ ငါတို့ဂိုဏ်းကို ခေါ်နေတာလဲ"

"မသေမျိုးတစ်ယောက်ရဲ့ အရိယဖလနဲ့ ပတ်သက်နေလို့ပါ"

မုန်ကျင်းကျိုး ပို၍အံ့အားသင့်သွားသည်။

"မင်းက မသေမျိုးတစ်ယောက်နဲ့ ထပ်ပြီးပတ်သက်လာပြန်ပြီပေါ့"

"တော်စမ်းပါကွာ။ ငါတမင်ပတ်သက်ချင်လို့မှမဟုတ်တာ"

"ဘိုးဘေးသခင်၊ ဘိုးဘေးကျွေးယွဲ့၊ ဘိုးဘေးတို့ကရော ဘယ်လိုလုပ်ကြမှာလဲ"

"ခဏနေဦး"

ပင်လယ်တာအိုသခင် လက်ကာပြသည်။ သူ့လေဟာနယ်အရိယဖလကို အသက်သွင်းသည်။ နှလုံးမဲ့ဂိုဏ်းအကြီးအကဲနှစ်ယောက် မချိတင်ကဲအော်ဟစ်ရင်း အနက်ရောင်လေဟာနယ်လေဝဲထဲမှ လေဟာနယ်အကျဉ်းထောင်နှင့်တူ ထွက်ကျလာသည်။

ဒုဂိုဏ်းချုပ်ရှုံးသွားသည်ကို မြင်ပြီးနောက် ထိုနှစ်ယောက် ကြောက်လန့်တကြား ထွက်ပြေးခဲ့သည်။ သူတို့ကို ပင်လယ်တာအိုသခင်က ချိတ်ပိတ်တံဆိပ်ကပ်ထားပြီးဖြစ်ကြောင်း သူတို့မသိကြ။ ဘယ်လောက်ပြေးပြေး သူတို့မလွတ်နိုင်တော့။

ပင်လယ်တာအိုသခင် လက်ချောင်းကို ဖျတ်ခနဲခါ၍ လေဟာနယ်လှောင်အိမ်သုံးခုကို ချင်ဖုန်းဓားကမ္ဘာငယ်ထဲ ပို့လိုက်သည်။

"မင်းတို့ပဲ ပြန်ကြပါ။ ငါဂိုဏ်းကိစ္စနဲ့ အရှေ့ပင်လယ်ကို သွားရဦးမယ်"

မုန်ကျင်းကျိုးနှင့်လုယန် ပင်လယ်တာအိုသခင်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်သည်။

ဘိုးဘေးဖန်..အရှေ့ပင်လယ်ကိုသွားတာက တကယ်ဂိုဏ်းကိစ္စရောဟုတ်လို့လား...

"နှင်းတောင်က နင့်ဓားထဲရောက်နေပြီဆိုတော့ ငါလည်းနင်နဲ့လိုက်ခဲ့မယ်"

ကျွေးယွဲ့က ပြောသည်။ သိက္ခာကိုငဲ့ကွက်ရသဖြင့် အပြင်လောကတွင် ဆက်နေချင်သေးသည်ဟု မပြောမိအောင် သူထိန်းထားသည်။

"ဒါဆိုဘိုးဘေးသခင်၊ ကျုပ်တို့ကို လေဟာနယ်လမ်းကြောင်းနဲ့ ပြန်ပို့ပေးလို့ရမလား"

မုန်ကျင်းကျိုးက မေးသည်။ ထိုသို့ပြန်ရလျှင် ပိုအဆင်ပြေသည်။

လုယန် မုန်ကျင်းကျိုးကိူ စိုက်ကြည့်သည်။

"ငါတို့က အဝင်မှတ်တမ်းပဲရှိပြီး အထွက်မှတ်တမ်းမရှိဘဲ ဖြစ်သွားမှာပေါ့ကွ"

သူတို့လူစု တန်ချောင်ချောင်နှင့် ကွေ့ချွဲအာကို သွားတွေ့သည်။ တန်ချောင်ချောင်က သိပ်ပြောစရာမလို။ မောင်နှမနှစ်ယောက်တည်းသာရှိသဖြင့် တန်ချန်ဝူသွားလျှင် သူလည်းလိုက်မည်သာဖြစ်သည်။

သို့သော် သခင်ချွေ့က သူ့သမီး မဟာရှားသို့သွားမည့်ကိစ္စကြားချိန်တွင် အတော်လက်မလွှတ်ချင်ဖြစ်နေသည်။ ထိုကိစ္စသည် သူ့သမီးအတွက် အနာဂတ်အခွင့်အရေးလည်းဖြစ်၍ သူမတားနိုင်။ ရင်နာနာဖြင့် ကျွေ့ချွဲအာကို နှုတ်ဆက်ရသည်။

"မိန်းကလေးချွဲအာက သန့်စင်ယင်ခန္ဓာရှိတယ်။ ငါတို့ဂိုဏ်းက ဒီရုပ်ခန္ဓာနဲ့ပတ်သက်ပြီး သိပ်မလေ့လာရသေးဘူး။ သူ့ကို တာအိုလမ်းစဉ်ဂိုဏ်းမှာထားရင် တိုးတက်မှုနှောင့်နှေးနိုင်သွားနိုင်တယ်"

လုယန်က အနီးတွင်ရပ်နေသည့် ကျွေးယွဲ့ဘိုးဘေးကို လုယန်လှည့်ကြည့်သည်။

"ဘိုးဘေးကျွေးယွဲ့၊ ဒီမိန်းကလေးကို လနန်းတော်ကို ပို့ပေးလို့ရမလား"

"ရပါတယ်။ ဒါပေမယ့် နန်းတော်ရဲ့ ဝင်ခွင့်စမ်းသပ်ပွဲကိုတော့ သူဖြတ်ကျော်ဖို့လိုမယ်"

"ဟုတ်တာပေါ့"

ကွေ့ချွဲအာ၏စာရိတ္တကို လုယန်ယုံကြည်သည်။

သူတို့လူစု ကန္တာရကိုဖြတ်ကျော်၍ မဟာရှားသို့ ဘေးကင်းစွာ ပြန်ရောက်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်သည်။

ခိုင်ဟွမ်မြို့တော် တာအိုလမ်းစဉ်ဂိုဏ်းသို့သွားသည့်ခရီးက ရှည်လျားသည်။ သာမန်လူသုံးယောက်ကို ခေါ်လာရသဖြင့် အပြန်ခရီး အချိန်ပိုကြာသည်။

ခရီးစဉ်အတွင်း ပိုင်ယဲ့လည်း လေးငါးညပေါ်လာသည်။ မဟာနှင်းတောင်တန်းကို ချင်ဖုန်းဓားထဲတွင်ထားကြောင်း သိသွားသည်။ လုယန်နှင့်အတူ ခရီးထွက်ရမည်ဖြစ်၍ သူ့မျက်နှာတစ်ခုလုံး ပြုံးရွှင်နေသည်။

ကွေ့ချွဲအာကို လသံလွင်နန်းတော်သို့ပို့ဖို့ လူတစ်ယောက်ကို လုယန်တာဝန်‌ပေးသည်။ ကျွေးယွဲ့ဘိုးဘေး၏ ပစ္စည်းတစ်ခုလည်း သက်သေခံအဖြစ်ပေးလိုက်သည်။

တိုင်ပုဖန်က မစ်ရှင်ခန်းမသို့ပြန်သည်။ ခိုင်ဟွမ်မြို့တော်ခရီးတွင် သူအတော်စိတ်ကျေနပ်မှုရခဲ့သည်။

"ညီလေးလုက အရေးတကြီး ငါ့ကိုဆက်သွယ်လာတော့ တစ်ခုခုဖြစ်ပြီထင်တာ။ လက်စသပ်တော့ ကူးဖြတ်ခြင်းအခြေခံအဆင့်လေးတစ်ယောက်ပဲ...အဲ၊ မဟုတ်သေးပါဘူး။ ကူးဖြတ်ခြင်းအခြေခံအဆင့်ကို ငါဘာလို့အထင်သေးမိလာတာလဲ"

လုယန် တန်ချန်ဝူတို့မောင်နှမကို နေရာစီစဉ်ပေးသည်။ မဟာနှင်းတောင်ကို ခါတိုင်းကဲ့သို့ ‌ကောင်းကင်ဂိတ်တောင်ထိပ်နောက်ဘက်တွင် ထားသည်။ ထို့နောက် တောင်ထိပ်သို့ပြန်၍ ချင်ဖုန်းဓားကိုဆွဲထုတ်လိုက်သည်။

အေးစိမ့်သည့်ဓားရောင်တစ်ချက် လက်သွားပြီးနောက် ယွမ်ကျိ ကမ္ဘာငယ်ထဲမှ ထွက်လာသည်။

ခိုင်ဟွမ်ကိစ္စတွင် တစ်ခုခုအမှားအယွင်းဖြစ်မည်ကို လုယန်စိုးရိမ်ခဲ့သည်။ မသေမျိုးတစ်ယောက် မြို့တော်ကို ထိန်းချုပ်ဖို့ကြိုးစားလာလျှင် တားဆီးနိုင်ဖို့ ယွမ်ကျိကိုပါ ခေါ်ခဲ့သည်။ ထို့ကြောင့် ဓားကမ္ဘာငယ်သို့ ယွမ်ကျိ ရောက်နေခြင်းဖြစ်သည်။

သို့သော် ထိုအဖြစ်မျိုး ခရီးစဉ်တစ်လျှောက် လုံးဝမကြုံခဲ့။

"တန်ချန်ဝူကို မင်းဒီလိုပဲ လွယ်လွယ်ခေါ်လာတယ်ပေါ့"

ယွမ်ကျိ နည်းနည်းအံ့အားသင့်နေသည်။ အချိန်အရိယဖလသုံးနေသူ၏ ရည်ရွယ်ချက်ကို သူစဉ်းစားမရ။ ဘာကြောင့် တန်ချန်ဝူကို အချိန်စက်ဝန်းစွမ်းအား ပေးထားသည်မသိ။ တန်ချန်ဝူသည် အချိန်အရိယဖလသုံးနေသူနှင့် ဆက်နွယ်နေမည်ဟု ထင်ခဲ့သည်။ အပြန်လမ်းတွင် အနှောက်အယှက်တစ်ချို့ကြုံမည်ဟု သူထင်ခဲ့သည်။

အပြန်လမ်းတွင် တန်ချန်ဝူအချိန်နောက်ပြန်ရစ်စွမ်းရည် ရလာသည့်ဖြစ်စဉ်ကို လုယန်မေးကြည့်ခဲ့သည်။ တန်ချန်ဝူက ခေါင်းခါသည်။ သူလည်းထိုစွမ်းအား ဘယ်ကရလာသည်ကို မသိ။

မည်သို့ဆိုစေ ထိုစွမ်းအားက သေမှသာ အသက်ဝင်သည်။ တန်ချန်ဝူမွေးကတည်းက ထိုအစွမ်းပါလာခြင်းလည်းဖြစ်နိုင်။ လွန်ခဲ့သည်နှစ်ဝက်က အမှတ်မထင် သူသေဆုံးခဲ့သည်။ ထိုအချိန်ကျမှ အချိန်နောက်ပြန်ရစ်သည့် စွမ်းရည်ရှိနေကြောင်း သိလာခြင်းဖြစ်သည်။

"ဪ ရှောင်လု၊ မေ့ပျောက်ဆေးဖော်စပ်နည်းကို မင်းလိုချင်တယ်မဟုတ်လား"

ယွမ်ကျိက ကျောက်စိမ်းဓားကမ္ဘာငယ်မှ လေဟာနယ်လှောင်အိမ်သုံးခုကိုထုတ်သည်။ ဒုဂိုဏ်းချုပ်နှင့် အကြီးအကဲနှစ်ယောက်ကို ဖမ်းချုပ်ထားသည်။

"အပြန်လမ်းမှာ ငါအချိန်အားတာနဲ့ သူတို့ကို စစ်ဆေးမေးမြန်းခဲ့တယ်။ ဆေးပစ္စည်းတွေ ဆေးစပ်တာတွေကလွယ်ပါတယ်။ အခက်အခဲတစ်ခုက ကုန်ကြမ်းပစ္စည်းတွေကို ချေဖျက်သန့်စင်ပေးမယ့် လူတစ်ယောက်လိုတာပဲ။

လူသားခန္ဓာကို ဆေးကျိုတဲ့အိုးအဖြစ်သုံးရတာ။ အဲဒီ့လူကကနေ ထွက်လာတဲ့သွေးဟာ မေ့‌ပျောက်ဆေးပဲ"

"ထင်တဲ့အတိုင်းပါလား"

အကြီးအကဲနှစ်ယောက်ပြောသည့်စကားမှတစ်ဆင့် ဆေးဖော်နည်းကို လုယန် အကြမ်းဖျင်းခန့်မှန်းမိပြီးဖြစ်သည်။

ထိုအတိုင်းဆိုလျှင် အခက်တွေ့တော့မည်။ သူတို့တာအိုလမ်းစဉ်ဂိုဏ်းသည် လမ်းမှန်ဂိုဏ်းဖြစ်သည်။ သာမန်လူများကို ဆေးသန့်စင်ဖို့ အသုံးချ၍မဖြစ်။

ရုတ်တရက် လုယန်မျက်လုံးများ အရောင်တောက်လာပြီး နှလုံးမဲ့ဂိုဏ်းသားသုံးယောက်ကို သူကြည့်လိုက်သည်။

"ဒါဆို ကုန်ကြမ်းတွေ ဒီသုံးယောက်ကိုကျွေးပြီး သူတို့သွေးကိုထုတ်ရုံပဲပေါ့။ ပြီးတော့ သူတို့က စုစည်းခြင်းအဆင့်နဲ့ ကူးဖြတ်ခြင်းအဆင့်တွေလေ။ သူတို့သွေးနဲ့သန့်စင်ထားတဲ့ မေ့ပျောက်ဆေးတွေကို စုစည်းခြင်းကျင့်ကြံသူတွေတောင် သုံးလို့ရနိုင်လောက်တယ်"

************************************

အခန်း (၁၀၁၀) ဗုဒ္ဓနိုင်ငံ၏ ထူးခြားချက်

"အင်း...ဟုတ်တယ်။ အဲလိုလုပ်လို့ရနိုင်လောက်တယ်"

ယွမ်ကျိ သေချာစဉ်းစားပြီး‌နောက် ဖြေးညှင်းစွာ ခေါင်းငြိမ့်သည်။

"တကယ်လား'

သူ့အယူအဆကို ယွမ်ကျိက ထောက်ခံသဖြင့် လုယန်ပို၍ စိတ်အားတက်ကြွလာသည်။

"ကျုပ်တို့အရင်က အကျဉ်းသားတွေရဲ့ခန္ဓာကိုယ်ကို လက်နက်သန့်စင်ဖို့နဲ့ ိညာဉ်တွေကို လက်နက်ဝိညာဉ်ဖန်တီးဖို့လောက်ပဲ သိခဲ့ကြတာ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း အကျဉ်းထောင်တောင်ထိပ်မှာ အကျဉ်းသားတွေထပ်တိုးလာတယ်။

ကျုပ်တို့ဂိုဏ်းမှာ မှော်ရတနာတွေလည်း အများကြီးရှိတယ်။ အတော်လုံလောက်နေပြီ။ ဘယ်သူ့အတွက်မှ လက်နက်သန့်စင်ဖို့မလိုတော့ဘူး။

အခုကွက်တိပဲ။ ကျန်နေတဲ့အကျဉ်းသားတွေရဲ့ ရုပ်ခန္ဓာကို အသုံးချပြီး သူတို့သွေးနဲ့ ဆေးဖော်ရမယ်။ ပြီးတော့ သူတို့အားလုံးကလည်း စုစည်းခြင်းအဆင့်တွေ ကူးဖြတ်ခြင်းအဆင်တွေပဲ။ ပြန်လည်ကုသနိုင်စွမ်းလည်း အရမ်းအားကောင်းတယ်။ ဝိညာဉ်စွမ်းအင် နည်းနည်းရှူရုံလောက်နဲ့ ထုတ်လိုက်တဲ့သွေးတွေ ပြန်ပြည့်လာမှာပဲ"

တာအိုလမ်းစဉဂိုဏ်း၏ အဓိကဝင်ငွေရင်းမြစ်သည် ဆေးသန့်စင်ခြင်းဖြစ်သည်။ သို့သော် စုစည်းခြင်းအဆင့်များသုံးသည့် ဆေးဝါးမျိုးကို အမြောက်အမြားထုတ်လုပ်နိုင်စွမ်းမရှိ။ ထိုဆေးအားလုံးကို သတ္တမအကြီးအကဲနှင့် သူ့တပည့်တစ်ချို့က သန့်စင်သည်။

ယခု မေ့ပျောက်ဆေးဖော်ဖို့ ဆေးအိုးပင် သုံးစရာမလို။ ဆေးကိုကျွေးပြီး သွေးထုတ်လိုက်ရုံသာဖြစ်သည်။ အတော်အဆင်ပြေသည်။

သွေး၏ပျော်ဝင်နှုန်းပေါ် မူတည်၍ စုစည်းခြင်းအဆင့်မှသည် သာမန်လူအထိ အသုံးချနိုင်သည်။

"နောက်ကိစ္စတစ်ခုရှိသေးတယ်။ မုန်ကျင်းဇီက ဗုဒ္ဓနိုင်ငံမှာ နှလုံးမဲ့ဂိုဏ်းသားကိုရှာရင်းနဲ့ ပဲပြာမသေမျိုးနဲ့ တွေ့ခဲ့တယ်။

"ဘယ်လို"

လုယန် အံ့အားသင့်သွားသည်။ မုန်ကျင်းဇီ မသေမျိုးတစ်ယောက်နှင့် တိုက်ခိုက်သည့်သတင်း သူကြားခဲ့ပါသည်။ သို့‌သော် မဟာချန်ကောင်းကင်အင်ပါယာ သို့မဟုတ် ထိန်းချုပ်သူသခင်ဖြစ်မည်ဟုသာ ထင်ခဲ့သည်။ လက်စသပ်တော့ ပဲပြာအရှင်ဖြစ်နေသည်။

"သူအသက်ရှင်နေသေးလား"

ပဲပြာအရှင်၏ တိုက်ခိုက်စွမ်းအားကို သံသယဖြစ်စရာမလို။ ရှေးဟောင်းမသေမျိုးလေးယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် နိုင်ဖို့မသေချာ။ တစ်ယောက်ချင်းသွားတိုက်လျှင် ပို၍ပင်သေဖို့များသည်။ ယင်ထန်မသေမျိုးပင် ရုပ်ခန္ဓာကိုစွန့်၍ ထွက်ပြေးခဲ့ရသည်။ ချီလင်နှင့် ကိုးဆမသေမျိုးတို့လည်း ပဲပြာအရှင်ကို ပုန်းနေရသဖြင့် ယခုထိပေါ်မလာခြင်းဖြစ်နိုင်သည်။

"ရှင်းပါတယ်။ မုန်ကျင်းဇီပြောပုံအရဆို ပဲပြာမသေမျိုးက သူ့ကိုတမင်လွှတ်ပေးလိုက်တာဖြစ်မယ်ထင်တယ်"

မုန်ကျင်းဇီ ပဲပြာအရှင်နှင့်တိုးခဲ့သည့်အဖြစ်ကို ယွမ်ကျိပြန်ပြောပြသည်။ အထူးသဖြင့် နတ်မယ်သိအောင် ပြောပြခြင်းဖြစ်သည်။ လုယန်က နားထောင်သူသက်သက်ဖြစ်သည်။

နတ်မယ် လုယန်နောက်ကျောဘက်တွင် ပေါ်လာပြီး လက်ပိုက်၍ ခေါင်းငြိမ့်သည်။

"သူ့ကိုမြင်တဲ့လူတွေ သူ့အကြောင်းမေ့သွားတယ်။ ဒီလိုဗီစစွမ်းရည်ရှိတဲ့ မသေမျိုးတစ်ယောက်ကို ငါတစ်ခါမှမမြင်ဖူးဘူး။ နတ်စွမ်းအားမှော်စွမ်းအားသုံးတာနဲ့လည်း မတူဘူး။ လွန်မြောက်ခြင်းအဆင့်ကို နီးကပ်လာတာပဲဖြစ်ဖို့များတယ်။

ဒါဆို သူလျှောက်နေတဲ့ လမ်းစဉ်က မှန်တဲ့သဘောပဲ။ လွန်မြောက်ခြင်းအဆင့်ရဖို့ ကျိုးကြောင်းဆက်နွယ်မှုတွေ ဖြတ်တောက်ရတာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ သိစိတ်မှတ်ဉာဏ်ကို ဖျောက်ဖျက်ရတာ။

သူက နာမည်တုတစ်ခုဖန်တီးပြီး မုန်ကောင်လေးကို လှည့်စားတယ်။ ဒါဆိုနာမည်တုသုံးရင် တစ်ခြားလူတွေနဲ့ ကြောင်းကျိုးဆက်စပ်မှု မဖြစ်လာနိုင်တဲ့သဘောပေါ့"

ထိုအချက်ကို နတ်မယ်လည်း မသိခဲ့။ ရှေးဟောင်းခေတ်မှ ယနေ့ခေတ်အထိ ပဲပြာအရှင်၏အဆင့်အတန်းမျိုး တစ်ယောက်မှ မရောက်ခဲ့ဖူး။ ကြောင်းကျိုးကံကြမ္မာဆက်စပ်မှု ရှောင်တိမ်းသည့် ဤနည်းလမ်းကို ပဲပြာအရှင်က သူ့ဘာသာ စဉ်းစားမိခြင်းဖြစ်မည်။

"ဒါဆို သတ္တမအကြီးအကဲနဲ့ ငါအရင်သွားတွေ့ဦးမယ်။ မေ့ပျောက်ဆေးသန့်စင်တဲ့ကိစ္စ သေချာဆွေးနွေးဖို့ပေါ့"

လေဟာနယ်လှောင်အိမ်လွတ်သုံးခုကိုင်၍ ထွက်သွားသည့် ယွမ်ကျိကိုကြည့်ရင်း လုယန်မျက်မှောင်ကျုံ့နေသည်။

"ထူးဆန်းတယ်၊ ငါလည်းတစ်ခုခုကို မေ့နေသလိုပဲ"

အမှန်ဆို ထိုသို့မဖြစ်သင့်။ တန်ချန်ဝူကို သူတွေ့ခဲ့သည်။ နှလုံးမဲ့ဂိုဏ်းအကြီးအကဲများကို ဖမ်းခဲ့သည်။ ဗုဒ္ဓနိုင်ငံခရီးက အတော်အောင်မြင်မှုရခဲ့သည်။

"ဒုခေါင်းဆောင်၊ ပြန်လာပြီလား"

လုယန်ပြန်ရောက်ကြောင်းကြားသဖြင့် ယွမ်မုန်မုန်အပြေးရောက်လာသည်။

ဆိုးဝါးသည့်ကံကြမ္မာကို လုယန်ကျိတ်ဆဲမိသည်။ သူဘာကိုမေ့နေမှန်း သိသွားသည်။ ဗုဒ္ဓနိုင်ငံမှ ထူးခြားသည့် ဒေသအစားအသောက်များ ဝယ်လာဖို့ မေ့နေခဲ့သည်။

သို့သော် တကယ်သေချာစဉ်းစားကြည့်လျှင် ဗုဒ္ဓနိုင်ငံတွင် ထူးခြားအစားအသောက်အဖြစ် ဝယ်လာထိုက်သည့်အရာလည်း ဘာမှမရှိဟု သူထင်သည်။

ဆန်ပြုတ်ဝယ်လာမည်လော...

"ဒေသအစားအသောက်တွေ ဘယ်မှာလဲ"

ယွမ်မုန်မုန်က စိတ်အားတက်ကြွစွာဖြင့် လက်နှစ်ဘက်ကိုပွတ်ရင်း မေးသည်။

လုယန် ရင်ထိတ်သွားပြီး စကားလုံးသေချာရွေးချယ်၍ပြောသည်။

"အင်း...ညီမမုန်မုန်။ မင်းအတွက် ဒေသအစားအသောက်တစ်ချို့ ယူလာဖို့ပါပဲ။ ဒါပေမယ့် မထင်မှတ်တာလေး နည်းနည်းဖြစ်သွားတယ်"

တစ်ဘက်သားအပေါ် အလွန်နားလည်သည့် နတ်မယ်က လုယန်အတွက် ရှေ့ထွက်ကာကွယ်ပေးသည်။

"အင်း...ဒေသအစားအသောက်တွေတော့ရှိတယ်။ ဒါပေမယ့် ထူးခြားတာဘာမှမရှိဘူး။ ဗုဒ္ဓနိုင်ငံရဲ့ ချက်ပြုတ်နည်းကပဲ ထူးခြားတာပါ။ သူတို့စားကြတာက ဆန်ပြုတ်လေ။

ဒီဆန်ပြုတ် ချက်ပြုတ်နည်းကိုသင်ပြီး နင့်ကိုငါ့လက်ရာအစွမ်း ပြပေးပါလို့ ရှောင်ယန်က အထူးတလည်တောင်းဆိုထားတယ်"

"နတ်မယ်၊ ကျုပ်က..."

"ရှောင်ယန်၊ ရှင်းပြစရာမလိုပါဘူး။ နင်ဘာစိတ်ပူနေလဲ ငါနားလည်တယ်။ စိတ်ချပါ။ နင်လည်း ငါ့သင်ယူနိုင်စွမ်းကို ကောင်းကောင်းသိတာပဲ။ ငါပဲဝါက မူလအရသာအစစ်ရအောင် ချက်မှာပါ"

"တကယ်အဲလိုလား ဒုခေါင်းဆောင်"

ယွမ်မုန်မုန်မျက်လုံးများ အရောင်လက်လာပြီး လုယန်ကို လှမ်းကြည့်သည်။ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်က သူ့ကိုတကယ်ဂုစိုက်ကြသည်။

ယွမ်မုန်မုန်၏ အပြစ်ကင်းသည့်အကြည့်ကြောင့် လုယန်မငြင်းနိုင်တော့ဘဲ ခေါင်းသာငြိမ့်ပြလိုက်ရသည်။

လောလောဆယ် ဗုဒ္ဓနိုင်ငံဆန်ပြုတ် စားချင့်စဖွယ်ရှိရှိမရှိရှိ အရေးမကြီး။ နတ်မယ် မူလလက်ရာအတိုင်း လုပ်နိုင်ပါစေဟုသာ သူဆုတောင်းသည်။

...လောကအရှင်ကောင်းချီးပေးပါစေ...အဲ မဟုတ်ဘူး... အမယွမ် ကောင်းချီးပေးပါစေ။

ရှေးဟောင်းခေတ်တွင် နတ်မယ်သုံးခဲ့သည့် မီးဖိုချောင်တစ်ခု ကောင်းကင်ဂိတ်တောင်ထိပ်တွင် ရှိနေသည်။ ယွမ်ကျိက စေတနာဖြင့် ဟင်းချက်ပစ္စည်းများစွာ ဖြည့်‌ပေးထားသည်။

နတ်မယ်က လုယန်နှင့်ယွမ်မုန်မုန်ကို အပြင်ဘက်တွင်ခဏစောင့်ဖို့ပြောသည်။ ထို့နောက် မီးဖိုထဲသို့ ချီတက်သွားပြီး ချက်ပြတ်ရန်ပြင်ဆင်သည်။

သူ့ဝိညာဉ်က ရုပ်ဝတ္ထုပစ္စည်းများကို ထိကိုင်နိုင်လောက်အောင် အားကောင်းနေပြီဖြစ်သည်။

"ဒုခေါင်းဆောင်၊ ဗုဒ္ဓနိုင်ငံမှာ ဘာတွေလုပ်ခဲ့လဲ"

နတ်မယ်ချက်ပြုတ်သည်ကိုစောင့်ရင်း ပျင်းလာသဖြင့် ယွမ်မုန်မုန်ကမေးသည်။

လုယန် အားတက်သရောပြောပြသည်။

"အပြင်ပန်းကြည့်ရင် ဗုဒ္ဓနိုင်ငံကိုသွားတဲ့ ငါ့ခရီးစဉ်က ပျော်စရာလိုပဲ။ ဒါပေမယ့် အဲဒီမှာ နှလုံးမဲ့ဂိုဏ်းရှိ‌နေတယ်လို့ ငါသတင်းရခဲ့တာ။ ဒီကိစ္စကို ဗုဒ္ဓနိုင်ငံမှာ အသေးစိတ်စုံစမ်းနိုင်ဖို့ ပွဲတော်ကို တမင်အကြောင်းပြပြီး သွားခဲ့တာ..."

ယွမ်မုန်မုန် စိတ်ဝင်တစား နား‌ထောင်နေသည်။ ဒုခေါင်းဆောင်၏ ခရီးစဉ်က ထိုကိစ္စမျိုး ပါဝင်ပတ်သက်နေကြောင်း မသိခဲ့။ ယခုမှ ဒုခေါင်းဆောင်၏ ပါးနပ်သည့်အစီအစဉ်များကို သိရသည်။ သူအတော်လေးစားမိသည်။

"အံ့ဩစရာပဲ"

"ဒီမှာ ရပါပြီ။ ငါ့ရဲ့အထူးလက်ရာဆန်ပြုတ်ပါ"

နတ်မယ်က ဆန်ပြုတ်နှစ်ပန်းကန်ကို ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်၍ ပျံထွက်လာသည်။

"အနံ့အတော်မွှေးတာပဲ"

ယွမ်မုန်မုန် အနံ့ရှူကြည့်သည်။ အပြင်လောကသို့ရောက်ပြီးနောက် သုံးနှစ်အတွင်း အရသာရှိသည့် အစားအသောက်များစွာ သူမြည်းစမ်းခဲ့သည်။ တစ်ခါမှ ထိုဆန်ပြုတ်လောက်မွှေးပျံ့သည့် အစားအသောက်မျိုး မတွေ့ခဲ့ဖူး။

"ဒါပေါ့၊ ငါကိုယ်တိုင်လုပ်ထားတာပဲလေ။ ယင်ထန်တို့တောင် ငါ့လက်ရာကိုချီးကျူးကြတယ်"

"ရှောင်ယန်၊ နင်လည်းစားပါ"

နတ်မယ်က ကျန်နေသည့်ဆန်ပြုတ်ပန်းကန်ကို လုယန်ဆီလှမ်းပေးသည်။

သူသည် အမြဲတမ်း မျှမျှတတလုပ်သည်။ ဘယ်သူ့ကိုမှ မျက်နှာမလိုက်။ ယွမ်မုန်မုန်အတွက် ဆန်ပြုတ်ကျိုပေးလျှင် ဒုခေါင်းဆောင်ကိုလည်း မေ့မထား။

လုယန် ကြက်သီးထသွားသည်။

...ဘာလို့ ကျုပ်အတွက် ခွဲတမ်းပါလာတာလဲ...

လုယန်စိတ်ထဲ ကြေကွဲနေသည်။ ဆန်ပြုတ်ကို ချက်ချင်းမစားရဲ။ သူ့ဘေးမှ ယွမ်မုန်မုန်ကို မသိမသာခိုးကြည့်သည်။

ယွမ်မုန်မုန်ကပြုံး၍ ဆန်ပြုတ်တစ်ဇွန်းစားသည်။ အရသာအတော်ကောင်းဟန်ဖြင့် ညည်းညူရေရွတ်သံများ ပေါ်လာသည်။ ထို့နောက် တစ်ဇွန်းပြီးတစ်ဇွန်းဆက်စားနေသည်။

လုယန် အကြီးအကျယ် အံ့အားသင့်သွားသည်။ ယခုတစ်ကြိမ်တွင် နတ်မယ်က တကယ်လက်စွမ်းပြလိုက်ခြင်းလော...ထို့ကြောင့် ဤဆန်ပြုတ် တကယ်အရသာရှိနေခြင်းလော...

နောက်ဆုံးတွင် သူဆုံးဖြတ်ချက်ချပြီး ဆန်ပြုတ်တစ်ဇွန်း စားလိုက်သည်။ ချို၊ချဉ်၊ငံ၊စပ်အရသာများ ချက်ချင်းတိုးဝင်လာသည်။ သူ့ဦးခေါင်းထဲ မူးဝေလာသည်။

ထို့နောက် ဘုတ်ခနဲ စားပွဲပေါ်ခေါင်းစိုက်ကျသွားသည်။ ယွမ်မုန်မုန် အမူးသမားတစ်ယောက်လို ထရပ်လာပြီး သူ့ကိုလက်ညှိုးထိုး၍ ရယ်နေသည်ကို ဝိုးတဝါးမြင်ရသည်။

"အဲ..ဘာလို့ ဒုခေါင်းဆောင်က သုံးယောက်တောင်ဖြစ်နေတာလဲ"

...ညီမမုန်မုန်၊ မင်းအဆိပ်မိနေတာကို ဘာလို့အစောကတည်းက မပြောတာလဲ။ မင်းကြိုပြောခဲ့ရင် ငါဒီလိုစားမိမှာမဟုတ်ဘူး..

အချိန်ဘယ်လောက်ကြာသွားမှန်းမသိ။ လုယန် အိပ်မောကျနေရာမှ နိုးလာသည်။ သူ့ခေါင်းထဲ ထုံကျင်ကိုက်ခဲနေသည်။

"ခုနက ဘာတွေဖြစ်သွားတာလဲ"

နတ်မယ်က မဟာပဲဝါနိုင်ငံဝန်ကြီးချုပ်ကို ကရုဏာသက်ဟန်ဖြင့်ကြည့်၍

"ရှောင်ယန်၊ ဗုဒ္ဓနိုင်ခရီးကြောင့် နင်ပင်ပန်းပြီး စားသောက်နေရင်း အိပ်ပျော်သွားတာပါ"

"ဪ...ဒါဆိုကျုပ် ဆက်စားမယ်လေ...

....

"ခုနက ဘာဖြစ်သွားတာလဲ"

"ရှောင်ယန်၊ ဗုဒ္ဓနိုင်ခရီးကြောင့် နင်ပင်ပန်းပြီး စားသောက်နေရင်း အိပ်ပျော်သွားတာပါ"

"ဪ...ဒါဆိုကျုပ် ဆက်စားမယ်လေ...

******************************

အခန်း (၁၀၁၁) ဘယ်သူ့အကြံယူမလဲ

လုယန် အိပ်မက်ရှည်တစ်ခု မက်နေသည်။ ဘာအကြောင်းအိပ်မက်မက်သည်ကို မမှတ်မိသော်လည်း မသေမျိုးတစ်ယောက်၏ကျိန်စာသင့်၍ အဆုံးစမဲ့သံသရာတစ်ခုထဲ ကျသွားသည်ကိုတော့ မှတ်မိနေသည်။

မဟုတ်သေး။ တန်ချန်ဝူကို သူခေါ်လာခဲ့သည်။ ဘာကြောင့် အချိန်စက်ဝန်းက ဆက်လည်နေသည်မသိ။

ထိုအချက်ကို သတိရလာသည်နှင့် သူ့စိတ်များ တဖြေးဖြေးနိုးထလာသည်။ ဖျတ်ခနဲ ခေါင်းထောင်၍ ကြည့်လိုက်သည်။ သူ့မျက်လုံးတွင် ရှုပ်ထွေးမှုများပြည့်နေသည်။

ခုနက ဘာဖြစ်ခဲ့သည်မသိ။ ဘယ်လိုအိပ်ပျော်သွားသည်မသိ။ ဘာကိုမှလည်းမမှတ်မိ။

ရုတ်တရက် အမှောင်ကျသွားသည်။

ဗိုက်ထဲတွင် ပူနွေးသည့်အာရုံတစ်ခု ခံစားနေရသည်။ နောက်ထပ် အဆင့်တက်သွားခြင်းလော...

ဇွဲကောင်းသည့်နတ်မယ်က ပန်းကန်များကို ဆေးကြောသန့်စင်၍ စားပွဲကို သုတ်ထားပြီးဖြစ်သည်။ မြင်ကွင်းအားလုံးက လုယန်စမစားခင်အချိန်ကအတိုင်းဖြစ်သည်။

လုယန်နိုးအလာကို သူငြိမ်သက်စွာစောင့်နေသည်။

လုယန်နိုးလာတိုင်း ဆန်ပြုတ်ဆက်စားသည်။ ထို့နောက် ပြန်အိပ်သည်။ ဘယ်နှကြိမ်မှန်းမသိတော့။ ဆန်ပြုတ်တစ်ခွက်လုံးကုန်ပြီးမှ လုယန် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားသည်။

ရှောင်ယန်က အိပ်ချင်စိတ်ကို အတင်းဖျောက်၍ပင် ဆန်ပြုတ်ကိုဆက်စားခဲ့သည်။ သူ့လက်ရာဘယ်လောက်ကောင်းမှန်း သိသာနေသည်။

"ဗုဒ္ဓနိုင်ငံမှာ အချိန်စက်ဝန်းတွေ နင်အများကြီးကြုံခဲ့တယ်။ နင်ရုပ်ခန္ဓာအပေါ်သိပ်မသက်ရောက်ပေမယ့် စိတ်စွမ်းအား အများကြီးကုန်တယ်။ ကြည့်လေ၊ ခုနကပဲ နင်အိပ်ပျော်သွားတာ"

"ဟုတ်လား"

နတ်မယ်ပြောသလောက်လည်း မပင်ပန်းခဲ့ဟု လုယန်ထင်မိသည်။

"ညီမမုန်မုန် ဘယ်ရောက်သွားပြီလဲ"

ယွမ်မုန်မုန် ဤနေရာတွင် ရှိခဲ့သည်ကို သူရေးတေးတေးမှတ်မိသည်။

"ဪ..သူလား။ ခုနကပဲ ကခုန်ပြီးပြေးထွက်သွားတယ်လေ"

လုယန် အူကြောင်ကြောင်ဖြစ်သွားသည်။ သဲလွန်စတစ်ခု ဝိုးတဝါးရိပ်မိလာသည်။ သို့သော် အခုမှအိပ်ယာနိုးစဖြစ်၍ ခေါင်းသိပ်မရှင်းသေး။ သူ့စိတ်အတွေးက လည်ပတ်မှုနှေးနေသည်။

"ဒါနဲ့နတ်မယ်၊ ခန္ဓာသန့်စင်ပညာတစ်ခုခုမတတ်ဘူးလား"

သူ့ရုပ်ခန္ဓာသည် သက်တူရွယ်တူများထက် များစွာသာလွန်သော်လည်း စုစည်းခြင်းအဆင့် နှလုံးမဲ့ဂိုဏ်းအကြီးအကဲနှင့် တိုက်ခိုက်စဉ်က ခန္ဓာစွမ်းအားချင်း အတော်ကွာဟနေသေးကြောင်း သူနားလည်ခဲ့သည်။

ထိုအားနည်းချက်ကို ဖုံးဖိနိုင်လျှင် အကောင်းဆုံးဖြစ်မည်။

"ခန္ဓာကိုယ်သန်စင်တာ ဘာတွေအဲလောက်ခက်နေလို့လဲ။ အရိုးရှင်းဆုံးနည်းလမ်းက မိုးကြိုးပစ်ခံလိုက်ရုံပဲ။ နင်လည်းလျှပ်စီးအရိယဖလပိုင်ရှင်နဲ့ သိနေတာပဲ။ နင်ကြိုက်တဲ့ ကောင်းကင်လျှပ်စီးအမျိုးအစားကို ရွေးလို့ရတယ်လေ"

"...တစ်ခြားနည်းလမ်းရှိသေးလား"

ကျင့်စဉ်လမ်းသည် အမြဲတိုးတက်အောင် ကြိုးစားနေရမည်။ သို့သော် စိတ်အရမ်းမလောသင့်။

"အပြင်လူတွေကို တစ်ခါမှသင်မပေးဖူးတဲ့ ပြိုင်ဘက်ကင်းခန္ဓာသန့်စင်နည်းတစ်ခု ငါသိပါတယ်။

အရိယဖလမရမီက သူ့ရန်နသူများကို တိုက်ခိုက်ရာတွင် ခန္ဓာဖောက်ခွဲနည်းကို သူအားကိုးခဲ့သည်မဟုတ်။ ပြိုင်ဘက်ကင်းခန္ဓာသန့်စင်ပညာကို အားထား၍ ရှေးဟောင်းပါရမီရှင်များကို အနိုင်ယူခဲ့သည်။ ပြိုင်ဘက်ကင်းဟူသည့် ဂုဏ်ပုဒ်ကို ခံစားနိုင်ခဲ့သည်။

"ဘယ်လိုနည်းလမ်းလဲ"

"ဆေးကျိုအိုးနဲ့ ခန္ဓာသန့်စင်နည်းပါ။ ဆေးကျိုတဲ့ အိုးကြီးထဲကို ခုန်ဆင်းလိုက်။ ဆေးမြစ်မျိုးစုံ အိုးထဲထပ်ထည့်။ ပြီးရင် မီးတောက်စစ်နဲ့ ကိုယ့်ကိုယ်ကို အထပ်ထပ်ကင်ရတယ်။ မီးတောက်တွေကြားမှာ ဆေးအာနိသင်တွေကိုစုပ်ယူရတယ်။ အဲလို လေးဆယ့်ကိုးရက် ဆက်တိုက်လုပ်လိုက်ရင် ထူးခြားတဲ့ အပြောင်းအလဲဖြစ်လာမယ်။

ဒါကိုမှ ကိုယ့်ခန္ဓာကိုယ်ကို အားမရသေးဘူးဆိုရင် ရက်တစ်ရာမီးကင်လိုက်"

"...တစ်ခြားနည်လမ်းရှိသေးလား"

နတ်မယ်ကို ကျင့်စဉ်နည်းလမ်း မေးမြန်းခြင်းသည် မှန်ကန်သည့်ဆုံးဖြတ်ချက်မဟုတ်ဟု သူခံစားလာရသည်။

လုယန်က ရှားရှားပါးပါးအကြံတောင်းလာသဖြင့် နတ်မယ်ကလည်း ယုံကြည်မှုနှင့် စိတ်အားထက်သန်မှုများ ပြည့်နေသည်။

"အာ...အဲလောက်ချေးမများပါနဲ့။ ငါမသေမျိုးရဲ့ ခန္ဓာသန့်စင်ပညဆိုတာ လူတိုင်းခံစားဖို့ ထိုက်တန်တာမဟုတ်ဘူး။ တကယ်ဆို နင်ကျိတ်ပြီးတောင် ဝမ်းသာသင့်တာ"

နတ်မယ်က ထပ်မဆွေးနွေးတော့ဘဲ လုယန်ခန္ဓာကိုယ်ကို ပူးကပ်ထိန်းချုပ်ပြီး မီးဖိုချောင်ထဲဝင်သွားသည်။

မီးဖိုထဲတွင် ဆေးကျိုသည့် သုံးချောင်းထောက်ကြေးအိုးကြီးတစ်လုံး ရှိနေသည်။ ကြေးအိုးနံရံတွင် နဂါးကိုးကောင်၊ ဖီးနစ်လေးကောင်နှင့် တစ်ခြားရှေးဟောင်းသားရဲရုပ်များ ထွင်းထုထားသည်။ တန်ဖိုးကြီးရတနာမှန်း သိသာသည်။

"ဘာလို့ဒီမှာ ဆေးကျိုတဲ့အိုးရှိနေတာလဲ"

"နင်ပြောတာ ဘယ်လိုစကားကြီးလဲ။ ဆေးကျိုအိုးနဲ့ ဟင်းချက်တာ ဘာဆန်းလို့လဲ"

နတ်မယ်က ယုတ္တိကျကျ ပြန်ဖြေသည်။ ရှောင်ယန်က ရိုးအလွန်းသည်ဟု သူထင်မိသည်။

လုယန်ခန္ဓာကိုယ်ကိုထိန်းချုပ်၍ အိုးအဖုံးကိုမပြီ အထဲသို့ဆင်းသည်။

ထို့နောက် လက်ဖျောက်တစ်ချက်တီးလိုက်သည်။ အိုးအောက်တွင် ပြင်းထန်သည့် မီးတောက်တစ်ခု ပေါ်လာသည်။ သူပိူင်ဆိုင်သည့် ထာဝရမသေမျိုးမီးတောက်ဖြစ်သည်။

လသံလွင်နန်း‌တ်ောတွင် ရှေးဟောင်းခတ်မှကျန်ခဲ့သည့် မသေမျိုးမီးတောက်ကိုသုံး၍ ဆေးကျိုကြသည်။ ပစ္စည်းသွန်းကြသည်။ ရေပူစမ်းကို အပူပေးသည်။ လနန်းတော် အကြီးအကဲများ ဂိုဏ်းတပည့်များအားလုံး မျှဝေသုံးစွဲရသည့် ရတနာဖြစ်သည်။

သို့သော် လုယန်က ထိုကဲ့သို့မသေမျိုးမီးတောက်ကို တစ်ကိုယ်တည်းသုံးခွင့်ရသည်။ မဟာပဲဝါနိုင်ငံတော်၏ အဆင့်မြင့်အရာရှိများသာ ခံစားခွင့်ရသည့် အခွင့်ထူးဖြစ်သည်။

နတ်မယ်အတွေးတစ်ချက်ထိန်းချုပ်လိုက်ရုံဖြင့် မီးဖိုခန်းနံရံမှ ဟင်းချက်ပစ္စည်းများ သို့မဟုတ် ဆေးပစ်စည်းများ လွင့်ပျံလာသည်။ ဆေးအိုးထဲသို့ အစဉ်လိုက်ဝင်သွားသည်။

နတ််မယ်သည် ဟင်းချက်ပညာရှင် တကယ်ပီသသည်။ ဆေးအိုးထဲဝင်လာသည့် ဆေးပင်ဆေးမြစ်များက မသေမျိုးမီးတောက် အပူချိန်ကြောင့် ချက်ချင်းအငွေ့ပျံသွားသည်။ ထို့နောက် ဝိညာဉ်ရည်အစက်လေးများအဖြစ် ပြောင်းသွားသည်။

ထိုဝိညာဉ်ရည်များသည် ဆေးမြစ်တို့၏ အသန့်စင်ဆုံး အစိတ်အပိုင်းကို ကိုယ်စားပြုသည်။ အညစ်အကြေးအားလုံး ဖယ်ရှားပြီးဖြစ်သည်။ ထိပ်တန်းမဟာဆေးပညာရှင်များသာ အသုံးပြုနိုင်သည့် သန့်စင်နည်းဖြစ်သည်။

ဆေးမြစ်များ ဆေးအိုးထဲသို့ နောက်ထပ်ပျံဝင်လာသည်။ ဝိညာဉ်ရည်အဖြစ်ပြောင်းသွားသည်။ တစ်ခုနှင့်တစ်ခုပေါင်းစပ်၍ တစ်ချို့က ဆေးအိုးနံရံတွင်ကပ်သည်။ တစ်ချို့က ဆေးအိုးအောက်ခြေသို့ ကျသည်။

"ပြီးသွားပြီ။ ချက်ဖို့ပဲကျန်တော့တယ်"

နတ်မယ်က စေတနာဖြင့်ငှားယူပြီး စေတနာဖြင့်ပြန်ပေးသည်။ လုယန်ကို ခန္ဓာကိုယ်ထိန်းချုပ်ခွင့် ပြန်လွှဲလိုက်သည်။

အစောပိုင်းက နတ်မယ်ဝင်ပူးကပ်ထားသဖြင့် ဘာမှမခံစားရ။ ရုပ်ခန္ဓာပြန်ရလာသည်နှင့် ဆေးအိုး၏ ကြောက်စရာကောင်းသည့်အပူရှိန်ကို လုယန်ချက်ချင်းခံစားလိုက်ရသည်။ ဆေးအိုးတွင် မှော်အတားအဆီးတစ်ခု ကန့်သတ်ထားသည်။

လေထဲတွင် ပျံသန်းနေ၍မရ။ ထို့ကြောင့် ပူလောင်နေသည့်ခြေဖဝါးဖြင့် ရှေ့ပြန်နောက်ပြန် ခုန်ပေါက်ပြေးလွှားနေရသည်။

ဝိညာဉ်ရည်များ သူ့ကိုယ်ပေါ်သို့ အစက်ကျလာသည်။ စူးရှသည့်ဝေဒနာကို သူခံစားရသည်။

"အားးးး"

သူ့အော်သံကို ဆေးအိုးအပြင်ဘက်မှပင် ကြားရသည်။ ဝေဒနာကြောင့် ကြေးအိုးနံရံများကို သူအတင်းထုရိုက်သည်။ သို့သော် ကြေးအိုးက တောင်တစ်လုံးလို လေးလံသည်။ ထိုတောင်ကို လှုပ်ရှားအောင် သူလုပ်နိုင်စွမ်းမရှိ။

အချိန်ဘယ်လောက်ကြာသွားသည်မသိ။ ဆယ့်ငါးမိနစ်လား...တစ်နေ့လား...

အချိန်ကိုသတိမထားနိုင်လောက်အောင် အပူဒဏ်ကို သူခံစားရသည်။

......

"ရှောင်လုရဲ့စိတ်ကူးက တကယ်ဖြစ်နိုင်ခြေရှိတာပဲ"

သတ္တမအကြီးအကဲထံမှ အတည်ပြုချက်ရပြီးနောက် နှလုံးမဲ့ဂိုဏ်းသားသုံးယောက်ကို ဖြေးဖြေးချင်းသွေးထုတ်ယူရန် အကျဉ်းထောင်တောင်ထိပ်သို့ ပို့ထားလိုက်သည်။

ကောင်းကင်ဂိတ်တောင်ထိပ်သို့ ပြန်လာချိန်တွင် နတ်မယ်မီးဖိုထဲမှ စူးရှသည့်အော်သံများကို ကြားရသဖြင့် သူအမြန်ဝင်ကြည့်သည်။

မီးဖိုထဲရောက်၍ ဆေးကျိုနေသည်ကြေးအိုးကြီးကိုမြင်သည်နှင့် အခြေအနေကို သူချက်ချင်းနားလည်သွားသည်။

နတ်မယ်၏နည်းလမ်းဖြစ်ရမည်။

ယွမ်ကျိ ဆေးအိုးအဖုံးကိုဖွင့်၍ လုယန်ကိုဆွဲထုတ်သည်။

လုယန်အဝတ်အစားများက ပြာကျသွားပြီဖြစ်သည်။ ခန္ဓာကိုယ်ကလည်း မီးကျွမ်းထားသဖြင့် မီးသွေးတုံးလိုမည်းတူးနေသည်။ စကားပြောချိန်မှသာ သွားဖြူဖြူကိုကြည့်၍ ပါးစပ်နေရာကို ခွဲခြားနိုင်သည်။

"အမယွမ်"

ယွမ်ကျိကိုမြင်လိုက်သည်နှင့် ကယ်တင်ရှင်ရောက်လာသလို လုယန်ခံစားလိုက်ရသည်။

ထို့နောက် ယွမ်ကျိက ဘေးမှကြည့်နေသည့် နတ်မယ်ကို ဝေဖန်ပြစ်တင်သည့်စကားသံ သူကြားရသည်။

"နတ်မယ်၊ ဘာလို့ခန္ဓာသန့်စင်တာကို ဖြတ်လမ်းနည်းတွေသုံးတာလဲ။ ဆေးအိုးထဲဝင်ပြီးမီးကင်ခံလို့ နောင်တစ်ချိန် ထင်မထားတဲ့ နောက်ဆက်တွဲအန္တရာယ်တွေ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။

ခန္ဓာကိုယ်ကိုသန့်စင်ဖို့ အလေးအပင်တွေမပြီး လေ့ကျင့်ရတယ်။ အရိုးတွေကြွက်သား‌တွေသန့်မာအောင် လုပ်ရတယ်။ မထနိုင်တော့တဲ့ထိ လေ့ကျင့်ရတယ်။ ခန္ဓာကိုယ်ထဲကအားကို လုံးဝမကျန်တော့တဲ့ထိ ညှစ်ထုတ်ရတယ်။

ပြီးတော့ ဆက်တိုက်လည်းလေ့ကျင့်ဖို့လိုတယ်။ ဒါမှ ရုပ်ခန္ဓာအကန့်အသတ်ကို လွန်မြောက်နိုင်မှာ။ ဒါဟာ မှန်ကန်တဲ့ခန္ဓာသန့်စင်နည်းပဲ"

မီးသွေးတုံးလုယန် ချက်ချင်းမျက်နှာဖြူရော်သွားသည်။ အတိတ်ကမှတ်ဉာဏ်များ သူ့ခေါင်းထဲတွင် ပြန်နိုးကြားလာသည်။

ဂိုဏ်းဝင်သည့်နျှစ်တွင် အခြေခံခိုင်မာစေရန် ယွမ်ကျိက သူ့ခန္ဓာကိုယ်ကို နေ့ရောညပါ လေ့ကျင့်ပေးသည်။ အခြေတည်အဆင့်ရောက်မှ လွတ်လပ်ခွင့်ရခြင်းဖြစ်သည်။

ထိုကာလသည် အလွန်တရာပင်ပန်းလွန်းသဖြင့် သေသည်ထက်ပင် ပိုဆိုးဝါသည်ဟု သူခံစားရသည်။ ပြန်တွေးမိရုံဖြင့် ကြက်သီးထသည်။

အမယွမ်၏ ခန္ဓာကိုယ်သန့်စင်နည်းများကလည်း နတ်မယ်နည်းလမ်းထက်သိပ်မလျော့လှ။

လုယန်နှင့်ပတ်သက်နေသည့်ကိစ္စဖြစ်၍ နတ်မယ်ကလည်း လုံးဝအလျှော့မပေး။

"ဒါက ငါမသေမျိုးရဲ့ ခန္ဓာသန့်စင်နည်းပဲ။ ဘယ်လိုဟာကွက်တွေ ရှိနိုင်မှာလဲ။ ကြည့်ပါ၊ ငါလည်း အကောင်းပကတိရပ်နေတာပဲမဟုတ်လား"

"ခန္ဓာသန့်စင်တယ်ဆိုတာ သင့်တင့်မျှတတဲ့လမ်းကြောင်းကို လိုက်ရတယ်။ ဖြတ်လမ်းနည်းတွေသုံးရင် ရှောင်လုဒုက္ခရောက်နိုင်တယ်"

"ငါ့ခန္ဓာသန့်စင်ပညာက ဘာပြဿနာမှမရှိဘူး"

"ရိုးရာခန္ဓာသန့်စင်နည်းက မှန်ကန်တဲ့လမ်းကြောင်းပဲ"

"ရှောင်ယန်၊ ဘယ်သူအကြံကို နင်လက်ခံမလဲ"

"ရှောင်လု၊ ဘယ်သူ့အကြံကို နင်လက်ခံမလဲ"

ကြမ်းပြင်ပေါ်တွင် အသက်ကိုဖုတ်လှိုက်ဖုတ်လှိုက်ရှူနေရသည့် လုယန်ကို နတ်မယ်နှင့်ယွမ်ကျိ ပြိုင်တူငုံ့ကြည့်သည်။

လုယန် လေထဲသို့ မော့ကြည့်သည်။ မျက်လုံးတွင် မျက်ရည်ဝေ့နေသည်။ အဆုံးစမဲ့ငရဲခန်းကို သူမြင်ယောင်နေသည်။

...ကျုပ်ဘယ်အကြံကိုမှ မရွေးဘဲနေလို့ မရဘူးလား...

************************************

All Chapters