အခန်း (၁၀၁၂-၁၀၁၄)
Vol. 68 Ch. 1012-1014
အခန်း (၁၀၁၂) လှပသည့်နေ့ရက်
"အင်း..ကျုပ်အမြင်ကတော့ ခန္ဓာသန့်စင်တဲ့လမ်းကြောင်းကို အရမ်းကြီးဦးစားပေးဖို့ လိုမယ်မထင်ဘူး။ အခုလက်ရှိအခြေအနေနဲ့ပဲ ကျုပ်ကျေနပ်ပါတယ်"
လုယန် စကားကိုအားတင်း၍ပြောသည်။ သူအကြီးအကျယ် တုန်လှုပ်နေသည်။ ထိုမိန်းမနှစ်ယောက်၏ မျက်လုံးကို တည့်တည့်မကြည့်ရဲ။
ဘယ်သူ့အကြံကိုမှ ငြင်းပယ်၍မရ။ လက်ခံလျှင်လည်း သူသေဖို့ကများသည်။
သို့သော် ယွမ်ကျိရော နတ်မယ်ပါ သူ့ကိုအလွတ်ပေးမည့်ဟန်မရှိ။
"ဒီလိုတော့ ဘယ်ဖြစ်မလဲ။ ခန္ဓာသန့်စင်ပညာဟာ ကျင့်ကြံသူတိုင်းအတွက် အရမ်းအရေးကြီးတယ်။ ငါ့မသေမျိုးရဲ့ ခန္ဓာကိုယ်ကိုကြည့်လိုက်...အဲ လောလောဆယ်တော့ ငါ့မှာ ရုပ်ခန္ဓာမရှိဘူးပေါ့။
ဒါပေမယ့် ရှိခဲ့တဲ့အချိန်တုန်းက ရှေးဟောင်းခေတ်ကို ငါဘာလို့လွှမ်းမိုးနိုင်ခဲ့တယ်ထင်လဲ။ ငါ့ကျင့်ကြံမှုက လုံးဝအားနည်းချက်မရှိလို့ပဲ။ နတ်စွမ်းအားပညာ၊ မှော်ပညာ၊ ခန္ဓာသန့်စင်ပညာ။ ငါ့မှာအားလုံးပြည့်စုံတယ်"
နတ်မယ်က ကိုယ်ပိုင်အတွေ့အကြုံကို ကိုးကား၍ပြောသည်။
သူပြောသည့်စကားက ယုတ္တိကျသည်။
"နတ်မယ်ပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်"
ယွမ်ကျိ ခေါင်းငြိမ့်ထောက်ခံသည်။
လုယန် ရင်ထိတ်သွားသည်။ ဤဝဋ်ကြွေးကို သူလွတ်အောင်ရှောင်နိုင်မည်မဟုတ်။ တစ်ခြားနည်းလမ်းတစ်ခု ရှာမှဖြစ်မည်။
"နတ်မယ်နဲ့အမယွမ်ရဲ့ ခန္ဓာသန့်စင်ပညာတွေက လောကမှာ ထိပ်တန်းအဆင့်တွေဖြစ်မျာ သေချာပါတယ်။ ကျုပ်တွေးမိတာက ဒီနည်းလမ်းနှစ်ခုကို ပေါင်းစပ်လို့ရမလားလို့ပါ။
ဥပမာ အမယွမ်ရဲ့ ရိုးရာခန္ဓာသန့်စင်ပညာက အရိုးနဲ့ကြွက်သားတွေကို အကန့်အသတ်လွန်မြောက်အောင် လေ့ကျင့်ရတယ်။ နတ်မယ်ရဲ့နည်းလမ်းက ဆေးအိုးထဲမှာ ခန္ဓာကိုယ်ကိုသန့်စင်ပြီး ဆေးမြစ်အာနိသင်တွေ စုပ်ယူနိုင်အောင်လုပ်တယ်။
ပုံမှန်ဆေးရေကန်ထဲမျာ ဆေးမြစ်တွေရဲ့ ဝိညာဉ်ရည်တွေထည့်ပြီး ကျုပ်ခန္ဓာကိုယ်ကို သန္ဓေစွမ်းအင်စုပ်ယူခိုင်းလို့ရပါတယ်။ သန္ဓေစွမ်းအင်သုံးပြီး ခန္ဓာကိုယ်ကန့်သတ်ချက်တွေကို ချိုးဖျက်မယ်။ ဆေးအာနိသင်စုပ်ယူနှုန်းတိုးတက်အောင် သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီး အားဖြည့်ပေးမယ်"
ယွမ်ကျိ သူ့ကိုစသင်ပေးစဉ်က နေခင်းဘက်တွင် လေ့ကျင့်ရပြီး ညဘက်တွင် ဆေးရည်စိမ်ရသည်။
နည်းလမ်းနှစ်မျိုးပေါင်းစပ်လိုက်လျင် အရိုးကြွက်သားများသန်မာဖို့ ပင်ပင်ပန်းပန်းလေ့ကျင့်စရာမလိုတော့။ ဆေးအိုးဖိုထဲတွင်လည်း အကင်ခံဖို့မလိုတော့။ ဝိညာဉ်ရည်ထည့်ထားသည့် ဆေးကန်ထဲစိမ်နေရုံဖြင့် အဆင်ပြေသွားမည်။
နတ်မယ်ထံမှ အာမေဋိတ်သံ ခပ်တိုးတိုးပေါ်လာသည်။ သူ့မျက်လုံးများ အရောင်တောက်လာသည်။
"နည်းလမ်းနှစ်မျိုး ပေါင်းစပ်မယ်ပေါ့။ ဒါက ငါတစ်ခါမှ မတွေးမိခဲ့တဲ့ စိတ်ကူးတစ်ခုပဲ။ စမ်းကြည့်သင့်တယ်"
လုယန်စကားကြောင့် ယွမ်ကျိလည်း အတွေးနစ်သွားဟန်ရှိသည်။
"လောကရဲ့အကောင်းဆုံးနည်းလမ်းနှစ်ခုကို ပေါင်းစပ်တာဆိုတော့ အကျိုးရှိမယ့်ပုံပဲ"
........
လှပသည့်နေ့တစ်နေ့ စတင်သည်။
လုယန်ကုတင်ပေါ်တွင် နိုးလာသည်။ ကောင်းကင်ဂိတ်တောင်ထိပ်နောက်ကျောဘက်မှ မဟာနှင်းတောင်ဆီသို့သွားသည်။ မြက်ခြောက်တစ်စည်းထမ်း၍ ကောင်းကင်ဂိတ်တောင်ထိပ်ပတ်လည်တွင် သွေးပူလေ့ကျင့်ခန်းစပြေားသည်။
သိပ်မကြာမီ အတော်မောပန်းလာပြီး အသက်ကိုဝအောင် မနည်းကြိုးစားရှူနေရသည်။
မဟာနှင်းတောင်မှ ကျွေးယွဲ့ဘိုးဘေးက သူ့ကိုအဖော်ပြု၍ အတူပြေးသည်။ သူ့ပြေးနှုန်းက စည်းချက်မှန်သည်။
သွေးပူလေ့ကျင့်ခန်းလုပ်ပြီးနောက် ကောင်းကင်ဂိတ်တောင်ထိပ်မှ ပုံမှန်လေ့ကျင့်သည့်နေရာသို့ ပြန်လာသည်။ အလေးမ, လေ့ကျင့်ခန်းလုပ်သည်။
"တစ်...နှစ်...သုံး...တစ်ထောင်"
လုယန် စိတ်ထဲမျရေတွက်နေသည်။ သတ်မှတ်ထားသည့် အကြိမ်တစ်ထောင်ပြည့်သွားသည်။ သွေးပူလေ့ကျင့်ခန်း ပြီးဆုံးသွားသည်။
ထို့နောက် လေဟာနယ်မှော်အဆောင်တစ်ခု ဆုတ်ဖြဲလိုက်လိုက်သည်။ သူ့မျက်လုံးရှေ့တွင် အလင်းရောင်တစ်ချက်ပေါ်လာပြီးနောက် မြင်ကွင်းပြောင်းသွားသည်။ နက်ပြာရောင်ပင်လယ်ရေများထဲသို့ ရောက်နေသည်။ ဘယ်နေရာတွင် ဘာကိုမှမမြင်ရ။
အရှေ့ပင်လယ်၏ အနက်ရှိုင်းဆုံးအပိုင်းဖြစ်သည်။ ရေဖိအားက ကြောက်စရာကောင်းလောက်အောင်မြင့်သည်။ သာမန်မှော်လက်နက်များကို စတီးပြားများဖြစ်သွားအောင် ချက်ချင်းဖိချနိုင်သည်။ ထို့ကြောင့်လည်း အရှေ့ပင်လယ်သလို့လာလျှင် ရေပုလဲကိုယူဆောင်လာရခြင်းဖြစ်သည်။
သို့သော် ယခုသူ ရေပုလဲတစ်လုံးမှယူမလာ။
သူ့ကိုယ်အလေးချိန်၏ အဆပေါင်းထောင်ချီကို ထမ်းပိုးထားရသလို ခံစားရသည်။ လှုပ်ရှားမှုတိုင်းကို ပင်ပင်ပန်းပန်းကြိုးစား၍ အားစိုက်ရသည်။ ကြွက်သားစွမ်းအားအပြည့်အဝသုံးရသည်။
"ရှောင်ယန်၊ ကြိုးစားထားပါ။ ငါမသေမျိုး မင်းကိုယုံကြည်တယ်"
နတ်မယ်က ရေဖိအားမသက်ရောက်ဘဲ လွတ်လပ်စွာလှုပ်ရှားနိုင်သည်။ အလံငယ်တစ်ခုမြှောက်၍ လုယန်ကို တိုက်တွန်းအားပေးသည်။
လုယန် ကျင့်ကြံမှုတွင် အပြည့်အဝစိတ်နှစ်ထားသည်။ ကိုယ်ဟန်ခင်းသည်။ လုမိသားစုအရဟတ်လက်သီးကိုသိုင်းကို စလှုပ်ရှားသည်။ လှုပ်ရှားမှုတိုင်းက အနှေးပြကွက်လိုဖြစ်နေသည်။
လက်သီးသိုင်းကွက်များ တစ်ကြိမ်ကစားပြီးနောက် အတော်ပင်ပန်းသွားသည်။ လက်မောင်းများ တဆတ်ဆတ်တုန်နေသည်။ ပင်လယ်ကြမ်းပြင်ပေါ်မှာပင် မတ်တပ်မရပ်နိုင်တော့။ ခန္ဓာကိုယ်ကြွက်သားများကိုလျှော့ချ၍ အထက်သို့တက်သည်။
အရှေ့ပင်လယ်အောက်ခြေမှ ပင်လယ်ပြင်မျက်နှာပြင်ထက်ဆီ သူလွင့်မျောတက်လာသည်။ ထိုခရီးစဉ်တစ်လျှောက် ကြုံရသည့် ဖိအားအပြောင်းအလဲများကြောင့် အတော်ဒုက္ခရောက်သည်။ သူ့ကိုယ်တွင်းအင်္ဂါများကို ကြိတ်ချေနေသလို ခံစားရသည်။
ပင်လယ်မျက်နှာပြင်ပေါ် သူရောက်လာသည်။ လှိုင်းနှင့်အတူ စီးမျောနေသည်။ ပင်လယ်စင်ရော်များက သူ့ဦးခေါင်းအထက်တွင် လှည့်ပတ်ပျံသန်းနေသည်။ ရင်ဘတ်ထဲမှ လေဟာနယ်မှော်အဆောင်ကို တုန်တုန်ရင်ရင် ထုတ်လိုက်သည်။ ကောင်းကင်ဂိတ်တောင်ထိပ်သို့ ပြန်ရောက်လာသည်။
ရုပ်သေးက သူပြန်လာကို အသံတိတ်စောင့်နေသည်။။
လုယန်ရောက်လာသည်နှင့် အဆင့်မြင့်အားဖြည့်ဆေးတစ်လုံး ပါးစပ်ထဲထည့်ပေးသည်။ လုယန်စွမ်းအားပြန်ပြည့်လာသည်။
လုယန်၏ခန္ဓာသန့်စင်မှုကို ကူညီရန် ယွမ်ကျိက တောင်ထိပ်တွင် နေရာတစ်ခုရှင်းပြီး ဒြပ်ဆွဲအားမှော်စက်တန်းတစ်ခု တည်ဆောက်ထားသည်။
စွမ်းအားပြန်ပြည့်သည်နှင့် လုယန် မှော်စက်ဝန်းထဲသို့ဝင်သည်။ ခြေလက်များက ခဲသားများအပြည့်ဖြည့်ထားသလို လေးလံလာသည်။ ခြေမြှောက်လက်မြှောက်ပင်မဟုတ်နိုင်တော့။
ထိုအခြေအနေတွင် ချင်ဖုန်းဓားကိုကိုင်၍ ဓားစွမ်းရည်တိုးတက်အောင် လေ့ကျင့်ရသည်။
ဓားကိုလုံးဝမဝင့်နိုင်တော့သည့်အချိန်ရောက်လာတိုင်း ရုပ်သေးပေါ်လာပီး သူ့ကိုမဟာအားဖြည့်ဆေးများကျွေးသည်။
အကြိမ်မရေမတွက်နိုင်အောင် အထပ်ထပ်စားပြီးနောက် နောက်ဆုံးတွင် အားဖြည့်ဆေးများက အာနိသင်ပြမလာတော့။ သူမျက်လုံးပိတ်၍ မြေပေါ်သို့လဲကျသွားသည်။
သူ့မျက်ခွံများလေးလံနေသည်။ မျက်လုံးဖွင့်ဖို့ကြိုးစားရသည်က ပင်ပန်းလွန်းသည်။
ထိုအဖြစ်ကိုကြည့်ပြိးနောက် ရုပ်သေးက အစီအစဉ်အတိုင်း လုယန်ကို နတ်မယ်၏မီးဖိုခန်းထဲသို့ ပို့သည်။
ထိုအချိန်တွင် နတ်မယ်က ကြိုတင်ပြင်ဆင်မှုများ လုပ်ထားပြီးဖြစ်သည်။ မသေမျိုးမီးတောက်က အရှိန်ပြင်းစွာတောက်လောင်နေသည်။ အဝေးမှပင် ပြင်းထန်သည့်အပူဓာတ်ကိုခံစားရသည်။
ရုပ်သေးက ဆေးအုးအဖုံးကိုဖွင့်လိုက်သည်။ လေပူလှိုင်းတစ်ခု ထိုးထွက်လာသည်။
ရုပ်သေးက လုယန်ခြေနှစ်ချောင်းကိုကိုင်ဆွဲ၍ အိုးထဲသို့ ထိုးထဲသည်။ ထိုဖြစ်စဉ်တစ်လျှောက်လုံး လုယန် ခုခံရုန်းကန်နိုင်စွမ်းပင်မရှိ။
နတ်မယ်၏ထိန်းချုပ်မှုဖြင့် သက်တမ်းရင့်ဆေးမြစ်မျိုးစုံ ဆေးအိုးထဲသို့ ပျံဝင်လာသည်။ ဝိညာဉ်ရည်အဖြစ်ပြောင်းသွားပြီုး လုယန်ခန္ဓာကိုယ်ပေါ် အစက်ကျလာသည်။
"အားလုံးပြီးသွားပြန်။ ကျန်တာတော့ ဝိညာဉ်ရည်ကို ရှောင်ယန်ဘယ်လောက်စုပ်ယူနိုင်မလဲဆိုတာပဲ မူတည်တော့မယ်"
နတ်မယ် ပျော်ရွှင်စွာလက်ခုပ်တီး၍ ပြောသည်။ သူ့တစ်နေ့တာတာဝန် ပြီးမြောက်ခဲ့ပြီဖြစ်သည်။ လုယန် 'အိုးထဲမှထွက်'လာမည့်အချိန်ကိုသာ စောင့်ရုံရှိတော့သည်။
"မနက်ပိုင်းမှာ သူ့ခန္ဓာကိုယ်ကို အတားအဆီးလွန်မြောက်အောင် လေ့ကျင့်တယ်။ နေ့ခင်းပိုင်းမှာ ဆေးအိုးထဲဝင်ပြီး ဆေးအာနိသင်တွေစုပ်ယူတယ်။ ဆေးဓာတ်တွေစုပ်ယူရင်း သူ့ခန္ဓာကိုယ်က လိုအပ်ချက်တွေကိုလည်း အားဖြည့်ပေးတယ်။
ရှောင်ယန်က တကယ်တော်တာပဲ။ ငါနဲ့ရှောင်ယွမ်ရဲ့နည်းလမ်းတွေကို ပေါင်းစပ်ဖို့ စဉ်းစားမိတယ်။ ငါဘာလို့အရင်က အဲလိုမတွေးခဲ့မိတာလဲ"
လုယန်အဆိုပြုသည့်နည်းလမ်းကို နတ်မယ်က ထပ်အဆင့်မြင့်ခဲ့ခြင်းဖြစ်သည်။ သူနှင့်ယွမ်ကျိ၏နည်းလမ်းများ ထိုထက်ပို၍အကျိုးရှိရှိပေါင်းစပ်ဖို့ ကြိုးစားသည်။ ရလာသည့်အကျိုးကျေးဇူးကလည်း ထူးခြားသည်။
"ရှောင်ယန်က ဒီကျင့်စဉ်နဲ့ အတော်အသားကျသွားပုံပဲ။ အရင်ကဆို ဆေးအိုးထဲရောက်တာနဲ့ အော်ဟစ်နေတာ။ အခု အသံတစ်ချက်မှတောင် မထွက်တော့ဘူး"
လုယန် ဆေးအိုးကြမ်းပြင်ကို မျက်နှာအပ်၍ မှောက်လျက်လဲနေသည်။ မသေမျိုးမီးတောက်နှင့် အနီးဆုံးနေရာဖြစ်သည်။
ပြင်းထန်သည့်ဝေဒနာကို သူခံစားရသည်။ အသားမီးလောင်ညှော်နံ့များပင် ရနေသည်။
သူအော်ချင်သည်။ သို့သော် အော်နိုင်လောက်အောင်ပင် ခွန်အားမကျန်တော့။ မီးဖိုက သူ့အသားကို စိတ်ကြိုက်ကင်နေသည်။
"နတ်မယ်၊ ကျုပ်ပြောခဲ့တဲ့ ပေါင်းစပ်နည်းက အဲလိုမဟုတ်ဘူးမို့လား..."
အချိန်အတော်ကြာပြီး အသားကင်ချိန်ပြည့်သွားသဖြင့် ရုပ်သေးက အိုးအဖုံးကိုဖွင့်၍ လုယန်ကိုဆွဲထုတ်သည်။
ပြီးခဲ့သည့်တစ်ခေါက်ကလို တစ်ဝက်တစ်ပျက်တွင် ယွမ်ကျိက နှောက်ယှက်ခဲ့ခြင်းမရှိ။ ထို့ကြောင့် ယခုလုယန်ခန္ဓာကိုယ်က အသွင်ပြောင်သွားသည်။ မီးကျွမ်းပြီးနောက် အရေပြားအသစ်များပေါ်လာသည်။ သန့်စင်ဖြူဖွေး၍ ဆေးနံ့သင်းနေသည်။
ရုပ်သေးက လုယန်ကို လှိုဏ်ဂူသို့ ပြန်သယ်သွားသည်။ တစ်ညတာကောင်းကောင်းအနားယူခွင့်ပေးသည်။
သူအိပ်ပျော်နေချိန်တွင် အိပ်မက်ဆိုးများမက်သည်။ ကောင်းကင်တို့ဟူးအရှင် ပြန်ပေါ်လာသည်။ သူ့ကို ဖွဲမလျှော့ဖို့ တိုက်တွန်းအားပေးနေသည်။
....
လှပသည့်နေ့တစ်နေ့ စတင်သည်။
လုယန် အိပ်ယာနိုးလာသည်။ သူ့မျက်လုံးများက တောက်ပမှုကင်းမဲ့နေသည်။
***************************
အခန်း (၁၀၁၃) ချုန်းချီ၏ ငွေဝင်လမ်း
လုယန် ဖုတ်ကောင်လို ယိုင်တိယိုင်ထိုး လျှောက်နေသည်။ သေခြင်းရှင်ခြင်းကြား ရုန်းကန်လှုပ်ရှားနေသည်နှင့်တူသည်။
ရက်ပေါင်းတစ်ရာ့တစ်ဆယ် ကုန်လွန်ခဲ့ပြီဖြစ်သည်။ သူ့ဟာကွက်အားလုံး ပြည့်စုံသည့်အဆင့်သို့ရောက်လာသည်။ ခန္ဓာသန့်စင်မှုတွင် အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရလာသည်။ ကြမ်းတမ်းသည့်ပင်လယ်မှ ယာယီလွတ်မြောက်လာသည်။
ကျင့်ကြံမှုပြီးဆုံးပြီဟု နားလည်လာချိန်တွင် သူနားမလည်နိုင်သည့်အသွင်မျိုး ပေါ်လာပြီး ချက်ချင်းအိပ်ပျော်သွားသည်။ သုံးရက်ဆက်တိုက်အိပ်သည်။
အိပ်ယာနိုးလာချိန်တွင် နတ်မယ်ကိုမြင်ရသည်။
"ဂုဏ်ယူပါတယ်။ ဂုဏ်ယူပါတယ်"
နတ်မယ် လက်ခုပ်တီးသည်။
လုယန်တစ်ကိုယ်လုံး ရွှေရောင်အလင်းများ လွှမ်းခြုံနေသည်။ သာမန်တိုက်ခိုက်မှုများ မထိုးဖောက်နိုင်တော့။ ဤရွှေရောင်အလင်းသည် ခန္ဓာသန့်စင်မှုပြီးမြောက်သည့် လက္ခဏာဖြစ်သည်။
လှိုဏ်ဂူထဲတွင် မီးထွန်းမထား။ မည်းမှောင်နေသည်။ ရွှေရောင်အလင်းတောက်ပနေသဖြင့် လုယန်အသွင်က ရွှေရုပ်ထုတစ်ခုလို ဖြစ်နေသည်။ အိပ်ပျော်နေသည့် သုံးရက်အတွင်း ထိုအလင်းက ဆက်တိုက်တောက်ပနေခဲ့သည်။
ရွှေအလင်းသည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘယ်သူမှသင်ပေးစရာမလိုပဲ သူအလိုလိုထိန်းချုပ်နိုင်သည်။ နိုးလာလာချင်း သူပထမဆုံးသတိထားမိသည်က ထိုအလင်းသာဖြစ်သည်။ စူးရှတောက်ပလွန်းသည်။
ကျော်ဖြတ်ခဲ့သည့် ရက်ပေါင်းတစ်ရာကိူ ပြန်စဉ်းစားကြည့်သည်။ ယခုထိ အသက်ရှင်နေသေးသည်မှာ အတော်ကံကောင်းသည်ဟု တွေးမိသည်။
"တန်ချန်ဝူကို ခေါ်လာခဲ့လို့ တော်သေးတာပေါ့။ သူသာအချိန်နောက်ပြန်ရစ်လိုက်ရင် ဘယ်လိုတွေဖြစ်လာမယ်မသိဘူး"
ဤရက်များအတွင်း သူကြုံခဲ့ရသမျှသည် အချိန်စက်ဝန်းအတွေ့အကြုံနှင့် သိပ်မကွာခြားလှ။
အိပ်ယာထဲတွင် သူလဲလျောင်းနေသည်။ သူ့စိတ်များဗလာဖြစ်နေသည်။ အလေးမ,ရခြင်း ကြေးအိုးထဲထိုးထည့်ခံရခြင်းတို့မှ လွတ်ကင်းခဲ့သဖြင့် အလွန်အမင်းပျော်ရွှင်နေသည်။
လက်သီးဆုပ်လိုက်သည်။ ထို့နောက် ပြန်ဖြေလျှော့သည်။ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သည့်စွမ်းအားကို သူခံစားမိသည်။ အရင်ကနှင့် လုံးဝတစ်ခြားစီဖြစ်နေသည်။
ပြင်းထန်လွန်းသဖြင့် နတ်မယ်၏မရပ်မနားပြောနေသည့် စကားသံများကိုဖုံးအုပ်၍ သူ့သွေးများစီးဆင်းနေသံကိုကြားရသည်။
"ဒုက္ခခံခဲ့ရတာ အချည်းနှီးမဖြစ်ဘူးပဲ"
ရလာသည့် အကျိုးကျေးဇူးကများသော်လည်း နတ်မယ်နှင့်အမယွမ်တို့၏ ခန္ဓာသန့်စင်မှုဒဏ်ကို နောက်တစ်ကြိမ်ထပ်မကြုံချင်တော့။
တစ်သက်တစ်ခါကြုံရသည်ပင် အတော်များလွန်းသည်။
"ဒုခေါင်းဆောင်၊ ဂိုဏ်းရဲ့ဂိတ်တံခါးမှာ အောင်းမျိုးရိုးလူတစ်ယောက် နင့်ကိုလာတွေ့တယ်"
ယွမ်မုန်မုန်က လုယန်၏လှိုဏ်ဂူတံခါးကိုခေါက်၍ ဂိတ်စောင့်တပည့်များပြောလိုက်သည့်စကားကို ပြန်သတင်းပို့သည်။
"အောင်းမျိုးရိုးလား"
လုယန် လှိုဏ်ဂူထဲမှထွက်သည်။ သူနည်းနည်းတွေးရခက်နေသည်။
အောင်းလင်းဖြစ်မည်။ ဘာကြောင့်သူ့ကိုတွေ့ချင်သည်မသိ။
လုယန် ဂိုဏ်းထဲမှ ထွက်လိုက်သည်။ ရင်းနှီးနေသည့် မိန်းမသုံးယောက်ကို မြင်ရသည်။
"အကိုလု၊ ကျွန်မတို့ကို မမှတ်မိဘူးလား"
တစ်ယောက်က စနောက်သည်။
"ညီမ..အဲ...အကြီးအကဲအောင်းလင်းလား"
လုယန် နားလည်သွားသည်။ ရုပ်ဖျက်ထားသည့် အောင်းလင်းနှင့်ကျန်းလျန်ယိဖြစ်ကြောင်း သေချာသွားသည်။
တတိယလူက ခန္ဓာကိုယ်ပုံစံအရ ကျင်းချိုင်ဝေပင်ဖြစ်မည်။
အောင်းလင်းတို့သုံးယောက်နှင့် လုယန်ကြားမှ ပတ်သက်မှုကို လျှို့ဝှက်ထားသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှာပင် လူနည်းစုလောက်သာ သိကြသည်။ အဆင်ပြေစေရန်အတွက် ရုပ်ဖျက်ပြီး လုယန်ကိုလာတွေ့ကြခြင်းဖြစ်သည်။
"အထဲကိုဝင်ကြပါ"
လုယန် အမြန်ဖိတ်ခေါ်လိုက်သည်။
မသေမျိုးတစ်ဝက်သုံးယောက်ဖြစ်သည်။ ဝတ္တရားအရရော ရင်းနှီးမှုအရပါ အပြင်ဘက်တွင် ထိုသို့ဆက်ရပ်နေခိုင်း၍မဖြစ်။
သုံးယေက်သား လုယန်နှင့်အတူ တာအိုလမ်းစဉ်ဂိုဏ်းထဲဝင်ပြီး ကောင်းကင်ဂိတ်တောင်ထိပ်သိူ့ ဦးတည်သွားကြသည်။ တောင်ထိပ်ရောက်မှ မူလရုပ်ရည်ပြန်ပြောင်းသည်။
"ဘာကိစ္စရှိလို့ ရောက်လာကြတာလဲ"
လုယန်ကြုံး၍ သူတို့အတွက် လက်ဖက်ရည်ငှဲ့ပေးသည်။
"ဉာဏ်အလင်းလက်ဖက်ရည်လား"
ကျင်းချိုင်ဝေ အံ့ဩသွားဟန်ရှိသည်။ ထိုမျှတန်ဖိုးကြီးသည့် ဉာဏ်အလင်းလက်ဖက်ရည်ကို မသောက်ခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။
"ရှောင်ဝေက နင်နဲ့တွေချင်လို့တဲ့"
အောင်းလင်းကပြုံး၍ပြောသည်။ သူနှင့်ကျန်းလျန်ယိက လမ်းကြုံ၍ဝင်လာခြင်းသာဖြစ်သည်။
"အကြီးအကဲဝေကလား"
လုယန် ကျင်းချိုင်ဝေကို တအံ့တဩကြည့်သည်။
ကျင်းချိုင်ဝေက အင်ပါယာထိုင်ခုံတွင် ထိုင်နေသည်။ သူ့ခြေထောက်က မြေပြင်ကိုမထိ။ လုယန်အကြည့်ကြောင့် လက်ဖက်ရည်ခွက်ကိုကိုင်ရင်း အနေခက်နေသည်။
ကျင်းချိုင်ဝေ ခေါင်းငုံ့၍တီးတိုးပြောသည်။
"ငါစဉ်းစားနေတာ။ သိပ်မကြာသေးခင်က ဈေးကွက်မှာပေါ်လာတဲ့ မေ့ပျောက်ဆေးက နင်နဲ့တစ်ခုခုပတ်သက်နေတယ်မဟုတ်လား ဂိုဏ်းသခင်လေး"
ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ဖယောင်းတိုင်များ ဝယ်မိသဖြင့် အရင်ကတည်းကမွဲနေသည့် ချုန်းချီမျိုးနွယ် ပို၍ဖွတ်တက်သွားခဲ့သည်။
မေ့ပျောက်ဆေးအကြောင်း ကျင်းချိုင်ဝေ အမှတ်မထင်ကြားသည်။ မဟာရှားတွင် အခုတလော အတော်ရေပန်းစားနေသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှ အစပြုသည်။
ထို့ကြောင့် လုယန်နှင့်ပတ်သက်နေနိုင်သည်ဟုတွေး၍ လုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရန် ရှေ့မျက်နှာနောက်ထား၍ သူလာတွေ့ခြင်းဖြစ်သည်။
လုယန်ငရဲကျနေသည့် သုံးလကျော်အတွငး မေ့ပျောက်ဆေးစမ်းသပ်မှု အောင်မြင်ခဲ့သည်။ မဟာရှားနိုင်ငံအတွင်းရောင်းချဖို့ အင်ပါယာရုံးတော်မှ ခွင့်ပြုမိန့်ရခဲ့သည်။ ချီးကျူးထောက်ခံမှုရသည်။ နေ့တိုင်း ဝင်ငွေများ ဗုံးပေါ်လအောရဿည်ဟုပြောလျှင် လွန်မည်မထင်။
"နည်းနည်းတော့ ပတ်သက်ပါတယ်။ ဒါပေမယ့်ကျုပ်က အကြံလေးပေးခဲ့ရုံပါပဲ"
လုယန် အလိုက်သင့်ပြောသည်။ မြောက်ဝင်ရိုးစွန်းဓနအင်ပါယာ ကျင်းချိုင်ဝေ၏ လာရင်းရည်ရွယ်ချက်ကို အကြမ်းဖျင်းသူခန့်မှန်းမိသည်။
ကျင်းချိုင်ဝေမျက်လုံးများ အရောင်လက်လာသည်။
"ဒါဆို ဂိုဏ်းသခင်လေး၊ ကျွန်မတို့ချုန်းချီမျိုးနွယ်ကို နတ်ဆိုးနယ်မြေမှာ ဆေးလုံးရောင်းချခွင့်ကိုယ်စားလှယ် ဖြစ်အောင်လုပ်ပေးဖို့ နည်းလမ်းတစ်ခုလောက်စဉ်းစားပေးပါလား"
နတ်ဆိုးနယ်မြေ၏ အရောင်းကိုယ်စားလှယ်များဖြစ်လာလျှင် ချုန်းချီမျိုးနွယ် သိပ်မွဲတော့မည်မဟုတ်။
လုယန် ညင်သာစွာ ခေါင်းယမ်းသည်။
"အမကျင်း၊ ခင်ဗျားမေ့နေပြီထင်တယ်။ ကျုပ်တို့ပတ်သက်မှုက လျှို့ဝှက်ထားရမှာလေ။ အပြင်လောကကို အသိပေးလို့မဖြစ်ဘူး။ ကျုပ်တို့ဂိုဏ်းက ချုန်းချီမျိုးနွယ်ကို ကိုယ်စားလှယ်အဖြစ်ရွေးလိုက်ရင် စောင့်ကြည့်နေတဲ့လူတွေက ကျုပ်တို့ပတ်သက်နေတာကို ရိပ်မိသွားနိုင်တယ်"
"သဘောပေါက်ပါပြီ"
ငြင်းပယ်ခံရသဖြင့် ကျင်းချိုင်ဝေ အတော်စိတ်ဓာတ်ကျသွားသည်။
"ဒါပေမယ့် အမကျင်းငွေရှာချင်ရင် ကိုယ်စားလှပ်စရာတော့လည်း မလိုလှပါဘူး"
"တစ်ခြားနည်းလမ်းတွေရှိသေးတယ်ပေါ့"
ကျင်းချိုင်ဝေ ဖျတ်ခနဲခေါင်းမော့လာပြီး လုယန်ကို တအံ့တဩစိုက်ကြည့်နေသည်။
လုယန် တိုက်ရိုက်ပြန်မဖြေ။
"ကျုပ်မှာ အတွေးတစ်ခုရှိခဲ့တာ နည်းနည်းကြာပါပြီ။ ဒါပေမယ် အမကျင်းကို မေးမြန်းဖို့ အခွင့်မသာခဲ့လို့ပါ။ ကျုပ်ကိုအတည်ပြုပေးနိုင်မလား"
"ဘာကိုလဲ"
"အမရဲ့ရေပြင်ညီအရိယဖလသန္ဓေက သုံးဘက်မြင်အရာဝတ္ထုတွေကို နှစ်ဘက်မြင်အဖြစ်ပြောင်းနိုင်တယ်။ နှစ်ဘက်မြင်အရာဝတ္ထုတွေကို သုံးဘက်မြင်အဖြစ်ပြောင်းနိုင်တယ်မဟုတ်လား။
အမကျင်းမြင်ရတဲ့အရာတွေကို နှစ်ဘက်မြင်ပုံရိပ်အဖြစ်ပြောင်းပြီး ပုံနှိပ်ခဲ့ဖူးလား"
"ဘာကိုပြောချင်တာလဲ"
ကျင်းချိုင်ဝေ နားမလည်။
လုယန်ပြုံး၍ ထရပ်သည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ရှုခင်းကို လက်ညှိုးထိုးပြသည်။
"ပန်းချီဆရာတွေက လှပတဲ့ရှုခင်းတွေမြင်ရင် ပန်းချီဆွဲပြီး သိမ်းထားကြတယ်။ အဲဒါကိုအတုယူပြီး အမကျင်းအနေနဲ့ လှပတဲ့ဒီရှုခင်းကို နှစ်ဘက်မြင်ပုံရိပ်အဖြစ်နဲ့ ပုံနှိပ်လို့ရနိုင်လောက်လား"
ကျင်းချိုင်ဝေ နားလည်သလိုလိုရှိလာသည်။ သို့သော် သိပ်တော့နားမလည်သေး။ စက္ကူတစ်ရွက်ထုတ်သည်။ ရေပြင်ညီအရိယဖလသန္ဓေကို အသက်သွင်းပြီး တာအိုလမ်းစဉ်ဂိုဏ်းရှုခင်းကို စက္ကူပေါ်ပုံနှိပ်လိုက်သည်။
"ဒီလိုလား"
လုယန် စက္ကူကို ကောက်ကိုင်သည်။ 'ပန်းချီ'က ရှုခင်းနှင့် ကွက်တိကျတူနေသည်။ သူအားတက်သရော ပြန်ပြောသည်။
"သိပ်ဟုတ်တာပေါ့။ ဒီရုပ်ပုံတွေကို အဝေးကြည့်မှန်ပြောင်းလို ပစ္စည်းမျိုးထဲ ထည့်ပေးလို့ရလား"
"ဒါကလွယ်ပါတယ်"
ကျင်းချိုင်ဝေ ခေါင်းငြိမ့်သည်။ သူ့အတွေးတစ်ချက်သာလိုသည်။
လုယန်အပြုံးက ပို၍ဝေဆာလာသည်။
"ဒါဆို အဝေးကြည့်မှန်ပြောင်းမှာထည့်လိုက်။ ပြီးရင်ရောင်းပေါ့"
ကျင်းချိုင်ဝေ တွေးမရဖြစ်သွားသည်။
"ဒါမျိုးကို လူတွေက ဝယ်ကြပါ့မလား"
"အမကျင်းစမ်းကြည့်လို့ရပါတယ်"
ကျင်းချိုင်ဝေ မယုံမရဲဖြစ်နေသေးသည်ကို ရိပ်မိသဖြင့် လုယန် မှော်ဖန်လုံးတစ်ခုထုတ်သည်။
"အမကျင်းဒီလိုလုပ်ရမှာ စိတ်မရဲဘူးဆိုရင် ဒါမျိုးလည်း စမ်းကြည့်လို့ရပါတယ်။ ဒီမှော်ဖန်းလုံးပေါ်က နှစ်ဘက်မြင်ပုံရိပ်တွေကို သုံးဘက်မြင်အဖြစ် ပြောင်းနိုင်တယ်မဟုတ်လား"
ကျင်းချိုင်ဝေ မှော်ဖန်လုံးကိုကြည့်၍ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ ထိုသို့လုပ်ဖို့ သူတစ်ခါမှမစဉ်းစားဖူး။
"ငါစမ်းကြည့်မယ်လေ"
ရေပြင်ညီအရိယဖလသန္ဓေကို အသက်သွင်းသည်။ မှတ်တမ်းမှော်ဖန်လုံးမှ အလင်းတစ်ခုထိုးထွက်လာသည်။ သက်ရှိလူသားနှင့်တူသည့် ပုံရိပ်နှစ်ခု တိုက်ခိုက်နေကြသည်။
"ဒါက ငါနဲ့ကျူးထန်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမဟုတ်လား"
မှော်ဖန်လုံးထဲတွင် ကျန်းလျန်ယိ ကိုယ့်ကိုယ်ကို ပြန်မြင်နေရသလိုရှိသည်။
(** hologram ကို သိကြမည်ဟုထင်ပါသည်။ သုံးဘက်မြင်ပုံရိပ်ဖြစ်သည်။ တကယ်အစစ်လို အသက်ဝင်သည်။
ဝိညာဉ်မီးအိမ်သတင်းပို့စနစ် - ကြေးနန်း။
အဝေးကြည့်မှန်ပြောင်းနှင့် ပုံရိပ်စွမ်းရည်ပေါင်းစပ်မှု - ရုပ်ပုံကြည့်သည့် လက်လှည့်ကင်မရာမျိုးကို ရည်ရွယ်ပါသည်။ ပုံကိုပြရောင်းခြင်းဖြစ်သည်။)
နတ်ဆိုးနိုင်ငံဂိုဏ်းတည်ပွဲတော်တွင် ဖြစ်ခဲ့သည့် ကျန်းလျန်ယိနှင့်ကျူးထန်၏ တိုက်ပွဲကို အတော်များများက မှော်ဖန်လုံးဖြင့် မှတ်တမ်းယူခဲ့ကြသည်။ လုယန်လည်း အမှတ်တရလက်ဆောင်အဖြစ် မှတ်တမ်းယူခဲ့သည်။
"အမကျင်းအနေနဲ့ ဒီအရိယဖလသန္ဓေစွမ်းရည်ကိုသုံးပြီး မှော်ဖန်းလုံးထဲမှာပြတဲ့ မြင်ကွင်းတွေအားလုံးကို သုံးဘက်မြင်ပုံရိပ်အဖြစ်ထုတ်ရောင်းရင် ဈေးကောင်းရနိုင်ပါတယ်"
******************************
အခန်း (၁၀၁၄) စီးပွားရေးပါရမီရှင်
"ဒီလိုနည်းနဲ့ ငေွရှာလို့ရနိုင်တယ်ပေါ့"
သူ့အရိယဖလဖြင့် ငွေရှာနိုင်မည်ဟူသည့်အဖြစ်ကို ကျင်းချိုင်ဝေမယုံရဲသေး။ သို့သော် ဂိုဏ်းသခင်လုပုံစံက ယုံကြည်မှုအပြည့်ရှိနေသည်။ တကယ်ယုံကြည်ရသည့် လမ်းကြောင်းတစ်ခုဖြစ်ဟန်ရှိသည်။
"ငွေရှာနိုင်တဲ့ ကျုပ်အစွမ်းအစကို ကိုယ့်ကိုယ်ကို အတော်လေးယုံကြည်မှုရှိတယ်လို့ ကျုပ်ပြောရဲပါတယ်"
လုယန်က တည်ငြိမ်စွာပြုံး၍ ပြောသည်။ ဝိညာဉ်ကျောက်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ရသည်ဟူ၍ တစ်ခါမှမရှိခဲ့ဖူး။
ကျင်းချိုင်ဝေ ယုံကြည်လာစေရန် အောင်မြင်မှုရနေသည့် သူ့လုပ်ငန်းများအကြောင်းကို လက်တွေ့ပြောပြသည်။
"နှစ်တိုင်းကျုပ်အတွက် ဝိညာဉ်ကျောက်တွေ အများကြီးရတဲ့ ကားပျံမူပိုင်ကြေးကို မပြောသေးဘူး။ ဥပမာ..ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းက ကိုးငရဲဂိုဏ်းနဲ့အလုပ်တူလုပ်တယ်။ ကိုးငရဲးိုစး်ကို အသားကင်ဆိုင်တွေဖွင့်ခိုင်းထားတယ်။ ရလာတဲ့အကျိုးအမြတ်ကို ကျုပ်တို့ခြောက်ဆယ်ရာနှုန်းယူတယ်။
နေမင်းဂိုဏ်း နေစွမ်းအင်သုံးထုတ်ကုန်တွေလည်း ကျုပ်တို့နဲ့ပူးတွဲလုပ်တာပဲ။ အဲဒီထဲမှာ နာမည်အကြီးဆုံးကတော့ နေစွမ်းအင်မီးအိမ်ပေါ့"
အစောပိုင်းက မယုံမရဲဖြစ်နေသည့် ကျင်းချိုင်ဝေမျက်လုံးအိမ်များက ရုတ်တရက် ကျားတစ်ကောင်လို ဒေါင်လိုက်ဖြစ်သွားသည်။ ကျားစွယ်နှစ်ခု ပေါ်လာသည်။ ဆံပင်များ ပွယောင်းလာသည်။
"ဒီနေမီးအိမ်က နင့်ရဲ့စိတ်ကူးပေါ့"
ကျင်းချိုင်ဝေဘာကြောင့် ထိုမျှအမူအရာပျက်သွားမှန်း လုယန်နားမယ်။ သို့သော် အမှန်အတိုင်းရှင်းပြသည်။
"အဓိကကတော့ ကျုပ်သူတို့ကို လမ်းကြောင်းပြပေးတာပါ။ နေစွမ်းအင်မီးအိမ်တွေ၊ နေစွမ်းအင်ရေးပူစက်တွေ အဲလိုဟာတွေ တီထွင်ဖို့ အကြံပေးတာပေါ့"
ဘေးတွေင်ရပ်နေသည့် အောင်းလင်းနှင့်ကျန်းလျန်ယိတို့ ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည်။
ဖယောင်းတိုင်များဝယ်ဖို့ ကျင်းချိုင်ဝေ ဘယ်လောက်ရင်းနီးခဲ့သည်ကို အကိုလုသိသေးပုံမပေါ်။
"ဒုခေါင်းဆောင်၊ နင့်ရဲ့သစ်သီးမုန့် ရောက်ပါပြီ"
ကျင်းချိုင်ဝေ စိတ်ခံစားချက်လျှံထွက်နေသည့် အခိုက်အတန့်ကို ယွမ်မုန်မုန်က ဖျက်ဆီးလိုက်သည်။
ညီညာသပ်ရပ်စွာ ခွဲဖြတ်ထားသည့် သစ်သီးမုန်ကိုသယ်လာရင်း ဒုခေါင်းဆောင်၏ဧည့်သည်များကို သူခိုးကြည့်သည်။
နဂါးဘိုးဘေးအောင်းလန်နှင့် ဖီးနစ်ဘိုးဘေးကျန်းလန်ယိတို့ဖြစ်မည်ဟု သူတွေးသည်။
ဟုတ်လောက်သည်။ ကောင်းကင်ရုံးတော်ဂိုဏ်း တည်ထောင်ထားကြောင်း အောင်းလင်းနှင့်ကျန်းလျန်ယိတို့နှစ်ယောက်လုံး အဖွဲ့ဝင်များဖြစ်ကြောင်း ဒုခေါင်းဆောင်ပြောဖူးသည်။
"ဒုခေါင်းဆောင်...ဟုတ်လား"
ယွမ်မုန်မုန်၏ အခေါ်အဝေါ်ကြောင့် နဂါးနှင်ဖီးနစ်ဘိုးဘေးတို့ နည်းနည်းအံ့အားသင့်သွားကြသည်။ လူတိုင်းက လုယန်ကို ဒုခေါင်းဆောင်ဟု ခေါ်နိုင်သည်မဟုတ်။
"ဟုတ်တယ်၊ ကျုပ်မိတ်ဆက်ပေးမယ်။ ဒါက ထာဝရမျိုးဆက်မှာ အသစ်ဝင်လာတဲ့ တ-ခေါင်းဆောင် ယွမ်မုန်မုန်ပါ။ အရင်တ-ခေါင်းဆောင်က စတုတ္ထခေါင်းဆောင်အဖြစ် ရာထူးတိုးသွားပြီ"
"ထာဝရမျိုးဆက်ရဲ့ တ-ခေါင်းဆာင်လား"
ကျင်းချိုင်ဝေက ပုံမပျက်ရှိနေသော်လည်း အောင်းလင်းနှင့်ကျန်းလျန်ယိ အတော်အံ့အားသင့်နေသည်။
"ဟုတ်တယ်၊ ငါမသေမျိုးကိုယ်တိုင် ခန့်အပ်ထားတာ"
နတ်မယ် လုယန်ကိုယ်ထဲမှ ထွက်လာသည်။
"ဒီကောင်မလေးက သက်ရှည်အရိယဖလသန္ဓေတည်ဆောက်ထားတယ်။ မြင်မြင်ချင်းငါသူ့ကို သဘောကျသွားလို့ပါ"
"သူ့မှာ သက်ရှည်အရိယဖလသန္ဓေရှိတယ်ပေါ့"
ယွမ်မုန်မုန်ကို ဘိုးဘေးနှစ်ယောက် အတော်စိတ်ဝင်စားသွားသည်။ ရှေးဟောင်းခေတ်မှာပင် ထာဝရရှင်သန်ခြင်း အသက်ရှည်ခြင်းနှင့် ဆက်နွယ်သည့် အရိယဖလပိုင်ရှင် အတော်ရှားသည်။ မသေမျိုးအမတစ်ယောက်သာ ထာဝရအရိယဖလ ပိုင်ဆိုင်ခဲ့သည်။
ယခုလို မသေမျိုးအမနှင့် အမျိုးစားတူ အရိယဖလသန္ဓေပိုင်ရှင်ကို တွေ့ရမည်ဟု ထင်မထားကြ။
"အကြီးအကဲနှစ်ယောက်ကို ယွမ်မုန်ုမုန် ဂါရဝပြုပါတယ်"
အောင်းလင်းနှင့်ကျန်းလျန်ယိက သူ့ကိုလှည့်ပတ်ကြည့်နေသဖြင့် ယွမ်မုန်မုန် အနေခက်လာသည်။
"ငါတို့ကို အကြီးအကဲလို့ ခေါ်ဖို့မလိုပါဘူး။ တန်းတူတွေလိုပဲ ဆက်ဆံကြတာပေါ့"
ကျင့်စဉ်အဆင့်အရဖြစ်စေ အဆင့်အတန်းအရဖြစ်စေ ယွမ်မုန်မုန်သည် သူတို့ကို အကြီးအကဲဟု ခေါ်စရာမလိုဟု သူတို့ယူဆသည်။
နတ်မယ်က မေးစေ့ကိုကုတ်၍ ခဏစဉ်းစားသည်။ ထို့နောက် ညွှန်ကြားချက်ပေးသည်။
"ဝါစဉ်အရတွေးရင် ရှောင်လင်းနဲ့လျန်ယိကို ငါအရင်ဆုံးသင်ပေးခဲ့တာ။ ဒီကောင်မလေးက နောက်မှရောက်လာတာ။ ဒီတော့ နင်သူတို့ကို အမလို့ပဲခေါ်ပေါ့"
ယွမ်မုန်မုန်က ခေါင်းဆောင်အမိန့်ကိုနာခံပြီး ချက်ချင်းအခေါ်အဝေါ်ပြောင်းလိုက်သည်။
"အမအောင်းနဲ့ အမကျန်းကို ဂါရဝပြုပါတယ"
လုယန် နတ်မယ်ကို တအံ့တဩကြည့်သည်။ ဝင်လာသည့်ဝါစဉ်အရစဉ်းစားသည်ဆိုလျှင် ဘာကြောင့် အောင်းလင်းနှင့်ကျန်းလျန်ယိက သူ့ညီမဖြစ်နေရသနည်း။
...နတ်မယ်၊ ခင်ဗျားအဆင့်ခွဲတဲ့စနစ်က ဟုတ်ရောဟုတ်သေးရဲ့လား...
"သက်ရှည်အရိယဖလသန္ဓေဆိုတာက ဘာလဲ။ ဒီနှစ်ယောက်ကရော ဘယ်သူတွေလဲ"
ရင်းရင်းနှီးနှီးပြောဆိုနေကြသည့် လူအုပ်ကို မျက်လုံးဝေ့ကြည့်၍ ကျင်းချိုင်ဝေစိတ်ထဲ သူတစ်ယောက်သာ သူစိမ်းပြင်ပြင်ဖြစ်နေသလို ခံစားရသည်။
အထူးသဖြင့် ဂိုဏ်းသခင်လေးကိုယ်ထဲမှထွက်လာသည့်မိန်းမ။ ထိုမိန်းမကို ရှေးဟောင်းခေတ်တွင် မြင်ဖူးခဲ့သလိုလိုရှိသည်။ သို့သော် သေချာပြန်စဉ်းစားကြည့်လျှင်လည်း ဘာမျှမမှတ်မိ။
နန်းမြို့တော်တွင်ရှိစဉ်က ကျင်းချန်ဝေနှင့် ပြောဆိုဆက်ဆံတိုင်း နတ်မယ်က လုယန်ခန္ဓာကိုယ်ကိုသာ သုံးခဲ့သည်။
အောင်းလင်းနှင့်ကျန်းလျန်ယိက ကျင်းချိုင်ဝေကို မပွင့်တပွင့်ပြုံး၍ကြည့်သည်။
"ကောင်မလေး၊ ရှေးဟောင်းခေတ်ကကိစ္စတွေက အရမ်းရှုပ်ထွေးတယ်။ နင်အဖေမသိတဲ့ကိစ္စတွေတောင် အများကြီးပဲ။ ဥပမာပြောရရင် ဒီမသေမျိုးအမအကြောင်းပေါ့"
အောင်းလင်းနှင့်ကျန်းလျန်ယိက နတ်မယ်ဘေးတွင်ရပ်၍ အလေးအနက်မိတ်ဆက်ပေးသည်။
"မသေမျိုးအမက စွမ်းအားအကြီးဆုံးဖြစ်တဲ့ ထာဝရအရိယဖလကို ပိုင်ဆိုင်တယ်။ ငါတို့ယောက်ျားတောင် သန့်စင်တဲ့သူ့စိတ်နှလုံးကို အားကျရတယ်"
"သူ...သူက မသေမျိုးပေါ့"
ကျင်းချိုင်ဝေ မယုံနိုင်အောင်ဖြစ်သွားသည်။
"သာမန်မသေမျိုးမဟုတ်ဘူး။ အမက ရှေးဟောင်းခေတ်မသေမျိုးငါးယောက်ရဲ့ခေါင်းဆောင်ပဲ ငါတို့ယောက်ျားနဲ့ကျန်တဲ့မသေမျိုးတွေတောင် သူ့ကိုမယှဉ်နိုင်ဘူး။ စွမ်းအားတစ်ခုတည်းကိုပြောတာမဟုတ်ဘူး။ မသေမျိုးအမရဲ့ ပြီးပြည့်စုံတဲ့အလှကိုပဲကြည့်ဦး။ သူက ရှေးဟောင်းခတ်ရဲ့ နံပတ်တစ်အလှပိုင်ရှင်ဆိုတဲ့ဘွဲ့ကိူ ရထားတာ"
"ဒါပေမယ်...မသေမျိုးအမက ရက်ရက်စက်စက်လုပ်ကြံခံခဲ့ရတယ်။ လူတစ်ယောက်က သူ့အကြောင်းကို အားလုံးရဲ့မှတ်ဉာဏ်ကနေ ပျောက်သွားအောင် ဖျက်ဆီးခဲ့တာ။ ဒါကြောင့် နင်သူ့ကိုမမှတ်မိတာ"
နတ်မယ်က ကျင်းချိုင်ဝေရှေ့တွင် ပေါ်လာပြီဖြစ်၍ သူ့အကြောင်း သိခွင့်ပေးလိုက်သည့်သဘောဖြစ်သည်။ ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ အောင်းလင်းတို့က ကျားပေါက်လေးကို သူ့အကြောင်း အပြည့်အစုံ ပြောပြကြသည်။
မိန်းကလေးနှစ်ယောက် နတ်မယ်နှင့်ပတ်သက်သည့် ရှေးဟောင်းခေတ်ဇာတ်လမ်းများ တစ်လှည့်စီရှင်းပြသည်။ ဇာတ်လမ်းဆုံးသွားပြီးနောက် ကျင်းချိုင်ဝေ အင်ပါယာထိုင်ခုံတွင်ထိုင်ရင်း အတော်ကြာအောင် အတွေးနစ်နေသည်။
သူ့မှတ်ဉာဏ်များ ပြုပြင်ခံထားရသည်။ အောင်းလင်းနှင့်ကျန်းလျန်ယိပြောသည့် အဖြစ်များက အမှန်ဖြစ်လိမ့်မည်။
"နေဦး...သူနဲ့ငါ့အဖေက မျိုးဆက်တစ်ခုတည်းပေါ။ ငါ့ကိုတောင်ပွေ့ချီဖူးတယ်လို့ နင်တို့ပြောတယ်မဟုတ်လား။ ဒါဆိုငါသူ့ကို မသေမျိုးဘိုး.."
"ဘာရယ်.."
နတ်မယ်မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ ကျင်းချိုင်ဝေကိုကြည့်သည့် သူ့မျက်လုံးတွင် အန္တရာယ်အငွေ့အသက်ပါလာသည်။
"...မသေမျိုးအမလို့ ခေါ်ရမှာပေါ့"
ကျင်းချိုင်ဝေ ချက်ချင်းစကားပြန်ပြင်သည်။
နတ်မယ်အကြည့်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။
"ဒါနဲ့ အကြီးအကဲတို့၊ အချိန်နောက်ပြန်စက်ဝန်းနဲ့ပတ်သက်ပြီး တစ်ခုခုသိထားတာရှိလား"
လုယန် တန်ချန်ဝူအေကြာင်း ပြန်သတိရလာသည်။ အောင်းလင်းနှင့်ကျန်းလျန်ယိအမြင်ကို မေးသည်။
တန်ချန်ဝူကိစ္စနှင့် ပတ်သက်၍ ယင်ထန်မသေမျိုးကိုလည်း မေးမြန်းခဲ့သည်။ ယင်ထန်လည်း နားမလည်။ အချိန်အရိယဖလသုံးနေသူက တန်ချန်ဝူကို ဘာကြောင့် ထိုစွမ်းရည်ပေးထားမှန်းမသိ။
"အချိန်နောက်ပြန်ရစ်တာလား။ အချိန်မသေမျိုးရဲ့ စွမ်းရည်လား"
"ဟုတ်တယ်၊ အခုရက်ပိုင်း ဗုဒ္ဓနိုင်ငံကို ကျုပ်သွားခဲ့တယ်။ အချိန်နောက်ပြန်ရစ်နိုင်တဲ့ သေမျိုးတစ်ယောက်နဲ့ ဆုံခဲ့တယ်"
"အဲလိုလား"
"ပြီးတော့ ထူးဆန်းတယ်။ သူက သာမန်လူပဲ။ ဝိညာဉ်မြစ်တောင်မရှိဘူး။ နတ်မယ်ကလည်း သူ့မှာ အချိန်အရိယဖလမရှိဘူးလို့ပြောတယ်။ အရိယဖလသုံးနေတဲ့လူက သူ့ကိုဒီစွမ်းရည်ပေးထားတာဖြစ်မယ်တဲ့"
အားလုံးက ယုံကြည်ရသူများဖြစ်၍ တန်ချန်ဝူအခြေအနေကို လုယန်အသေးစိတ်ရှင်းပြသည်။
အောင်းလင်းက တစ်စုံတစ်ခု တွေးမိပုံရသည်။
"အချိန်အရိယဖလသုံးတဲ့လက တန်ချန်ဝူဆီမှာ သူ့အကြောင်းဘာသဲလွန်စမှ မချန်ခဲ့ဘူး။ ဒီတော့ သူ့ကို ဘယ်သူမှရှာမတွေ့စေချင်တဲ့သဘောပဲ"
"ဒါပေမယ့် တန်ချန်ဝူကို ဒီစွမ်းရည်ပေးထားတော့ သူရှိနေတာကို ထုတ်ပြောသလိုဖြစ်မနေဘူးလား"
"မသေမျိုးတစ်ယောက်ယောက်ဆီကို သတင်းပို့နေတာဖြစ်နိုင်တယ်။ အခုသူ့မှာ အချိန်အရိယဖလရှိတယ်ဆိုတာ အဲဒီမသေမျိုးကို သိစေချင်လို့ဖြစ်မယ်။ နောက်ပြီး သူနဲ့အဲဒီ့မသေမျိုးက ရန်သူတွေဖြစ်လိမ့်မယ်"
**********************************