ဧကရီနွီဝါး
Vol. 11 Ch. 1021
ဆန်းလျန်၏ အကြည့်က အနောက်ဘက် တောင်တန်းများဆီသို့ ကျရောက်သွားလေသည်။
သူ့ပခုံးထက်မှ ဇာမဏီငှက်ငယ်လေးက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ ထို့နောက်… ဘိုးဘေး ဇာမဏီငှက်၏ တည်ရှိမှု ပျောက်ကွယ်သွားသည်ကို ဆန်းလျန် ခံစားလိုက်ရသည်။
ဆန်းလျန်သည်လည်း စိတ်မကောင်း ဖြစ်သွားမိလေသည်။
သူ့ဘဝတွင် ဘိုးဘေးဇာမဏီငှက်ဖြင့် တစ်ကြိမ်မှ မဆုံတွေ့ခဲ့ရပေ။ ကွေလိနှင့် အလွန်ဆင်တူကြောင်းကိုတော့ သိရှိထားလေသည်။
ကွေလိသည် ဘိုးဘေးဇာမဏီငှက်၏ ဝိညာဉ်အပိုင်းအစလေးမှ ပြန်ဝင်စားသူဖြစ်သည်ဟုလည်း သံသယဝင်စရာ ရှိသည်။
ယခုတော့ ဘိုးဘေးဇာမဏီငှက်သည် မိုးနှင်ေ့မြတွင် သဲလွန်စပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
နဂါးနှင့် ဇာမဏီ ပျောက်ကွယ်သွားခြင်းက လူသားများဖြစ်တည်လာရန်အတွက် ပြီးပြည့်စုံသည့် အကြောင်းတရားတစ်ခု ဖြစ်လာခဲ့သည်။
ကွေလိရော လောကမှ ပျောက်ကွယ်သွားလေပြီလားဟု ဆန်းလျန် ချက်ချင်း အာရုံခံကြည့်လိုက်သည်။ သို့သော်… ယခုအချိန်ထိ ကွေလိတည်ရှိနေသေးသည်ကို သိလိုက်ရသောကြောင့် ဆန်းလျန် စိတ်အေးချမ်းသွားသည်။
ခုံရွှမ်း တရားအလင်းရပြီးသည့်နောက်ပိုင်း ဇာမဏီမျိုးနွယ်များဖြစ်သည့် ဒေါင်စိမ်းအနွယ်များအားလုံး ကံကောင်းခြင်းဆီသို့ ဦးတည် သွားပေလိမ့်မည်။
လက်ရှိအချိန်တွင်… ဆန်းလျန်၏ လောကအပေါ် ရှုမြင်ပုံများက သိသိသာသာ ပြောင်းလဲနေပြီ ဖြစ်သည်။
လောကတွင် အချို့သောအရာများက ကြိုတင်သတ်မှတ်ထားသည့် ကံကြမ္မာများ ဖြစ်လေသည်။ ထိုသို့သော ကံကြမ္မာများကို သာမန်လူများအနေဖြင့် ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။
ကံကြမ္မာများအတိုင်း သံသရာလည်း လည်ပတ်ကြရပေဦးမည်။ အရာအားလုံးသည် ကြေးမုံထဲမှ ပန်းပွင့်ပမာ ၊ ရေပြင်ထက်မှ လရိပ်ပမာ ဖြစ်လေသည်။
ထိတွေ့၍မရသလို ဆုပ်ကိုင်၍လည်း မရနိုင်ပေ။ သေခြင်းတရားနှင့်ကြုံတွေ့ရသည့်အခါ အရာအားလုံးကို ထားရစ်ခဲ့ရမည်သာ ဖြစ်လေသည်။
ထိုသို့ဆိုလျှင် လောကတွင် မည်သည့်အရာက လေးနက်ပါသနည်း ၊ မည်သည့်အရာက အရေးပါမှု ရှိပါသနည်း။
ထို့ကြောင့် တာအိုဆရာသခင်ကြီးများသည် အရာအားလုံးကို ဥပေက္ခာတရားလက်ကိုင်ထားကာ လျစ်လျူရှုခဲ့ကြခြင်း ဖြစ်လေသည်။
သူ၏ ဂိုဏ်းတူအစ်မကူးချိုင်ဝေ့နှင့် ကျောက်ရှောင်ယွီအပေါ် သူ မည်မျှ ချစ်ခင်မြတ်နိုးပါစေ ကိစ္စ မရှိတော့ပေ။ သူ၏ ချစ်မေတ္တာများသည် အရင်အချိန်ကထက် များစွာ ဖြူစင်နေခဲ့ပြီ ဖြစ်လေသည်။
တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာရန်အတွက် ဆန်းလျန်ကိုယ်တိုင် ရွေးခြယ်ခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက် သူ နောင်တမရခဲ့ပေ။
သို့သော်… သူ မိန်းကလေးတစ်ယောက်ကိုတော့ စွဲစွဲလန်းလန်း ချစ်ခင်မိပါလေ၏။ ထိုသို့ဆိုလျှင် သူ့အဖြစ်က တာအိုဆရာသခင်ထိုက်ယီနှင့် ကွဲပြားမှုရှိတော့မည် မဟုတ်ပေ။ သို့သော်… အခြေအနေက အနည်းငယ်တော့ ကွဲပြားခြားနားလေသည်။
ထိုအချိန်မှာပင်… ပရမ်းပတာဖြစ်နေသည့် သမိုင်းမတိုင်မီခေတ်ဦးကာလတွင် သူနှင့် စန့်ချင်တာအိုဆရာသခင်မဟုတ်သည့် တတိယမြောက် တည်ရှိမှုတစ်ခုကို ဆန်းလျန် သတိပြုလိုက်မိလေသည်။
ဆန်းလျန်သည် မည်သည့်အခါမှ အရည်ပျော်ခြင်းမရှိသည့် ရေခဲတောင်များအထက်တွင် မတ်တတ်ရပ်နေလေသည်။
ဆန်းလျန်၏ အရှေ့ဆီတွင် အေးစက်သည့် ရေခဲ စမ်းချောင်းလေးတစ်ခု စီးဆင်းနေလေ၏။
စမ်းချောင်းလေးမှ အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး စမ်းရေထဲတွင် မျောပါနေသည့် နှင်းပွင့်လေးများကိုပင် တွေ့မြင်ရလေသည်။
နှင်းပွင့်လေးများက ကြည်လင်လှပပြီး အလှတရားက ထင်ရှားလှလေသည်။
နှင်းပွင့်လေးများသည် သဘာဝအားဖြင့် ရေနှင့်ထိတွေ့လျှင် ပျော်ဝင်သွားတတ်ကြသည်။ သို့သော်… ရေခဲစမ်းချောင်းလေးက နှင်းပွင့်များထက်ပင် အေးစက်နေသည့်အတွက် နှင်းပွင့်လေးများက အရည်မပျော်ဘဲ ဒီအတိုင်း တည်ရှိနေခြင်း ဖြစ်သည်။
စမ်းချောင်းလေးတစ်ဖက်တွင်တော့ သန့်စင်သည့် ကျောက်နံရံကြီးတစ်ခု ရှိနေလေသည်။
ထိုကျောက်နံရံကြီးက ကြေးမုံမှန်အလားပင် ကြင်လင်ပြောင်ချောလျှက် ရှိသည်။ ထိုကျောက်နံရံထက်တွင် စမ်းချောင်းလေးတစ်ဖက်ကမ်းတွင် မတ်တတ်ရပ်နေသည့် ချောမောလှပသည့် မိန်းမပျိုတစ်ယောက်၏ ပုံရိပ်က ထင်ဟပ်လျှက် ရှိလေသည်။
မိန်းမပျို၏ အလှတရားက လောကီတပ်မက်စိတ်များဖြင့် စွဲမက်ဖွယ်ရာ လှပခြင်းမျိုး မဟုတ်ပေ။
လှပစွာ ထုထွင်းထားသည့် ထိပ်တန်းအဆင့် ပန်းပုရုပ်တုကဲ့သို့လည်း လှပခြင်းမျိုး မဟုတ်ပေ။
သဘာဝဆန်စွာ လှပခြင်းမျိုးလည်း မဟုတ်ပြန်ပေ။
သူမ၏ အလှတရားက နူးညံ့သိမ်မွေ့ခြင်းများ ပြည့်နက်နေပြီး မြင်ရသူတိုင်း၏ ရင်ကို အေးမြစေသည့် အလှတရားမျိုး ဖြစ်လေသည်။
သူမ၏ မျက်နှာထက်ရှိ အရေးအကြောင်းများ ၊ သူမ၏ ကိုယ်ဟန်အနေအထား အားလုံးသည် ပြီးပြည့်စုံလွန်းလှသည်။
ဤသို့သောအလှတရားမျိုးသည် ကံကောင်းခြင်းကြောင့်ရရှိသည့် အလှတရားမျိုးဟုဆိုနိုင်ပြီး စိတ်ကူးယဉ်နိုင်သည်ထက် ကျော်လွန်လေသည်။
သူမက ပါးလွှာသည့် အဖြူရောင်ပိတ်ပါးစ အပေါ်ရုံအင်္ကျီကိုဝတ်ဆင်ထားလေသည်။
မျက်ခုံးများက သွေးသွယ်ပါးလျားလွန်းလှပြီး မျက်နှာက အလွန်ကြည်လင်လေ၏။
သူမ၏ မျက်နှာက တည်ငြိမ်လွန်းသည့်အတွက် လူအများ၏ လေးစားခြင်းနှင့် ကြောက်ရွံ့ခြင်းကို ရရှိမည့် အရှိန်အဝါနှင့် ပြည့်နက်လျှက်ရှိပြန်သည်။
တွေးနေစရာပင်မလိုဘဲ သူမ မည်သူဖြစ်သည်ကို ဆန်းလျန် သိရှိလိုက်လေသည်။
သူမသည်ကား ကံကောင်းခြင်းလမ်းစဉ်ဖြင့် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာသည့် နွီဝါးနတ်သမီးပင် ဖြစ်လေသည်။
ယွမ်စီထျန်းကျွင်းက ဖန်ဆင်းခြင်းအမှုကို ပြုလုပ်ခဲ့သလို နွီဝါးနတ်သမီးသည်လည်း ဖန်ဆင်းခြင်းအမှုကို ပြုလုပ်ခဲ့သူ ဖြစ်လေသည်။
သို့သော်… ယွမ်စီထျန်းကျွင်း၏ လမ်းစဉ်နှင့် နွီဝါးနတ်သမီး၏ လမ်းစဉ်က လုံးဝမတူညီဘဲ ကွဲပြားလေသည်။
ယွမ်စီထျန်းကျွင်း၏ ဖန်ဆင်းခြင်းက မရည်ရွယ်ဘဲ လိုက်လျောညီထွေမှုရှိစေရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်… နွီဝါးနတ်သမီးကတော့ ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်ဆင်းခြင်းကို ပြုလုပ်ခဲ့သူ ဖြစ်လေသည်။
လောကတွင် မရည်ရွယ်ဘဲ ဖြစ်ပျက်သည့်အဖြစ်အပျက်များက ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်သည့်အဖြစ်အပျက်များထက် ပိုကောင်းသည်ဟု တွေးတောသူများလည်း အများအပြားရှိလေသည်။
သို့သော်… တရားအလင်းရရှိသွားကြသည့် တာအိုဆရာသခင်ကြီးများအတွက်တော့ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည်ဖြစ်စေ ၊ ရည်ရွယ်ချက်မရှိဘဲ ပြုလုပ်သည်ဖြစ်စေ သိပ်ပြီး မကွဲပြားတော့ပေ။
ယခု သမိုင်းမတိုင်မီ ခေတ်ဦးကာလသည် အချိန်ကာလအရဆိုလျှင် ယွမ်စီထျန်းကျွင်းရော နွီဝါးနတ်သမီးရော လူသားများကို ဖန်ဆင်းခြင်း မပြုရသေးသည့် အချိန်ကာလဖြစ်လေသည်။
ထိုသို့ဆိုလျှင် နွီဝါးနတ်သမီး အဘယ့်ကြောင့် ဤနေရာသို့ ရောက်ရှိနေပါသနည်း။
တာအိုဆရာသခင်ကြီး (၈)ပါးတွင် ဆန်းလျန်သည် စန့်ချင်တာအိုဆရာသခင် ၊ တာအိုဆရာသခင်ထိုက်ယီ ၊ ဗုဒ္ဓနှင့် နွီဝါးနတ်သမီး (၄)ပါးကို တွေ့မြင်ဖူးပြီ ဖြစ်လေသည်။
တာအိုဆရာသခင်ကြီး (၈)ပါးတွင် မိန်းကလေးအသွင်အပြင်ယူထားသော တာအိုဆရာသခင်ကြီးဆို၍ နွီဝါးနတ်သမီးတစ်ပါးသာလျှင် ရှိလေသည်။
နွီဝါးနတ်သမီးက ဆန်းလျန်ကို ကျောပေးထားရာမှ ဖြည်းဖြည်းချင်း လှည့်လာလေသည်။ သူမ၏ အလှတရားက နွေးထွေးလှပြီး တောင်ပတ်လည်မှ နှင်းခဲများနှင့်ဆီးနှင်းများသည်ပင် အေးစက်ခြင်း မရှိတော့ပေ။
"ဆန်းလျန်… ၊ မင်းပခုံးထက်မှာနားနေတဲ့ ဇာမဏီငှက်ကို ငါ သိပ်သဘောကျတယ် ၊ ဖြစ်နိုင်ရင် ငါ့ကို ပေးပါလား…"
နွီဝါးနတ်သမီး၏လေသံက နွေဦးလေပြလေးထက်ပင် ညင်သာသိမ်မွေ့လေသည်။
ဒဏ္ဍာရီများထဲတွင် ဧကရီနွီဝါးသည် ဇာမဏီငှက်များကို အလွန်မြတ်နိုးသည်ကို ဆန်းလျန် ကြားဖူးခဲ့သည်။
ဆန်းလျန် ထိုအကြောင်းကို အစောကြီးကတည်းက သိရှိသည့်အတွက် ဇာမဏီငှက်ငယ်ကို ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။
သို့သော်… ဆန်းလျန်က မည်သည့်ဇာမဏီငှက်ကို ခေါ်လာပါစေ နွီဝါးနတ်သမီးကတော့ တောင်းယူမည်ပဲ ဖြစ်လေသည်။
ဤသည်က ဇာမဏီငှက်ငယ်လေး၏ ကံတရားသာ ဖြစ်လေသည်။ ထို့ပြင်… ထိုကံတရားက ဆန်းလျန် ရေးဆွဲပေးလိုက်သည့် ကံတရားဖြစ်လေသည်။
လောကတွင် အရင်းမြစ်မရှိသည့် ရေ ၊ အမြစ်မရှိသည့်သစ်ပင်ဆိုသည်က အလွန်မှ ရှားပါးလွန်းသည် မဟုတ်ပါလား။
ဆန်းလျန်တစ်ယောက်သာ မည်သည့်အရင်းအမြစ်မှ အကူအညီမရခဲ့ဘဲ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာသည်အထိ ကြိုးစားနိုင်ခဲ့သည်။
နှစ်ပေါင်းအသင်္ချေအတွင်း ဆန်းလျန်ကဲ့သို့ ဖြစ်ရပ်မျိုးက တစ်ခုသာ ရှိခဲ့လေ၏။
သို့သော်… ဆန်းလျန်က သူ့ကိုယ်သူ အခြားတာအိုဆရာသခင်ကြီးများထက် ပိုမိုသာလွန်သည်ဟု တစ်ခါမှ တွေးမထားခဲ့မိပေ။
သူပြောခဲ့သလိုပင် စန့်ချင်တာအိုဆရာသခင်နှင့် တိုက်ခိုက်ခြင်းက ဘာအဓိပ္ပါယ်မှမရှိသည့် မရှိမှုတရားပင် ဖြစ်သည်။ အတုအယောင် တိုက်ပွဲမျှသာ ဖြစ်သည်။
တာအိုဆရာသခင်ကြီးများကြားမှ တိုက်ပွဲတိုင်းသည် ထိုသို့ပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ဆန်းလျန်က စန့်ချင်တာအိုဆရာသခင်နှင့် တိုက်ခိုက်ရန် မငြင်းဆိုခဲ့ခြင်း ဖြစ်လေသည်။ သူက ငြင်းဆိုခဲ့လျှင်လည်း ကံတရားက ပြောင်းလဲသွားမည် မဟုတ်ပေ။
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး…
"ဒါဖြင့် ဒီဇာမဏီငှက်လေး ကံကောင်းတာပေါ့…"
ဆန်းလျန်၏ ပခုံးထက်မှ ဇာမဏီငှက်လေးကတော့ သူကံကောင်းသည်ကို မသိရှာခဲ့ပေ။
အမှန်တော့… တူညီသည့်ဇာမဏီမျိုးနွယ်ဖြစ်သည့် ဒေါင်းစိမ်းက စန့်ချင်တာအိုဆရာသခင်ကို ငြင်းပယ်ခဲသော်လည်း ယခု ဇာမဏီငှက်လေးကတော့ နွီဝါးနတ်သမီး၏ တပည့်ဖြစ်လာပေတော့မည်။
သူတို့နှစ် ဦး ၏အနာဂတ်သည် သူတို့ပြုလုပ်သည့် အလုပ်များအတိုင်း ခြားနားသွားပေလိမ့်မည်။
တာအိုဆရာသခင်ကြီးတစ်ပါးကို ငြင်းဆန်ခဲ့သည့်အတွက် ဒေါင်းစိမ်းလျှောက်လှမ်းရမည့်လမ်းက ခက်ခဲမှုများဖြင့် ပြည့်နေမည်ဖြစ်သော်လည်း တာအိုဆရာသခင်ကြီးတစ်ပါးကို လက်ခံခဲ့သည့် ဇာမဏီငှက်ငယ်၏ ကံကြမ္မာကတော့ ချောမွေ့နေမည် ဖြစ်လေသည်။
သို့သော်… ရွေးခြယ်မှုများအတွက် အမှားအမှန်ကိုပြောရန်မှာတော့ ခက်ခဲလှ၏။
ဆန်းလျန်က ဇာမဏီငှက်လေးကို ကြည်ကြည်ဖြူဖြူပေးလိုက်သည့်အတွက် ဧကရီနွီဝါးက အံ့အားသင့်ခြင်း မဖြစ်ပေ။
အမှန်တော့ ဧကရီနွီဝါးသည် မိန်းကလေးတစ်ယောက်ဖြစ်လေရာ လောကဝတ်အရဆိုလျှင် ယောကျ်ားလေးများသည် မိန်းကလေးများကို အမြဲတမ်း ဦးစားပေးရမည်ပဲ မဟုတ်ပါလား။
ဧကရီနွီဝါးက နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်လေသည်။
သူမ၏ မျက်လုံးများက တောက်ပနေပြီး သွားတန်းလေးများက ဖြူဖွေးလျှက်ရှိလေသည်။ သူမ၏ အပြုံးကို မြင်ရသူတိုင်း မျှော်လင့်ချက်ကို ခံစားရမည် ဖြစ်လေသည်။
ဆန်းလျန်၏ မျက်နှာအမူအရာကို အကဲခတ်လိုက်ပြီး နွီဝါးနတ်သမီးက အေးဆေးသည့် လေသံဖြင့်…
"နဝမမြောက်တာအိုဆရာသခင်ကြီးထွက်ပေါ်လာတယ်ဆိုတော့ ဘာများထူးခြားလဲ လာကြည့်တာ ၊ တကယ်တော့ မင်းလည်း ထိုက်စန့်လောင်ကျွင်းလိုပဲ ပျင်းစရာကောင်းတာပဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျုပ်တို့အားလုံးက အတူတူပါပဲ…"
ဆန်းလျန်ပြောလိုက်သည့် "ကျုပ်တို့အားလုံးက အတူတူပါပဲ" ဆိုသည့် စကားက နွီဝါးနတ်သမီးဖြစ်စေ ၊ ထိုက်စန့်လောင်ကျွင်းဖြစ်စေ အကုန်အတူတူပင်ဖြစ်သည်ဆိုသည့် အဓိပ္ပါယ် ဖြစ်လေသည်။
နွီဝါးနတ်သမီးက ပြုံးလိုက်ရင်း…
"မင်းက ငါ့ကို သတိပေးစရာ မလိုပါဘူးလေ…"
ဆန်းလျန်က…
"အကြောင်းသိတွေပဲလေ ၊ ဘာလို့ သတိမပေးဘဲ နေရမှာလဲ…"
ဧကရီနွီဝါးက နူးညံ့သည့်လေသံဖြင့်…
"ဒါဖြင့် ငါ မင်းနဲ့ မပတ်သက်ချင်တော့ဘူး ၊ သိပြီးသားတွေပဲ လာပြောနေတော့ ပျင်းစရာကောင်းတယ်…"
ဆန်းလျန်က စကားပြန်မပြောတော့ပေ။
အကြောင်းမှာ… ပညာရှိသည့် ယောကျ်ားတိုင်းသည် မိန်းကလေးများနှင့် အငြင်းအခုံလုပ်လေ့ မရှိကြသောကြောင့် ဖြစ်သည်။
နွီဝါးနတ်သမီးသည် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်သော်လည်း သူမက မိန်းကလေးဖြစ်သည့်အတွက် ယောကျ်ားလေးများနှင့် အသွင်တူနိုင်မည်တော့ မဟုတ်ပေ။
နွီဝါးနတ်သမီးက…
"မင်း အခု စန့်ချင်တာအိုဆရာသခင်ရဲ့ ဗီဇဝိညာဉ် မရဏဓား (၄)လက်နဲ့ ရင်ဆိုင်နေရတာ မဟုတ်လား ၊ မင်းနဲ့ ငါ ဆုံတွေ့တဲ့ အထိမ်းအမှတ်အနေနဲ့ အဲဒီဓား (၄)လက်ရန်က လွတ်မြောက်အောင် လက်ဆောင်တစ်ခု ပေးမယ်လေ…"
ဆန်းလျန်က …
"မပေးပါနဲ့လားဗျာ…"
နွီဝါးနတ်သမီးက ပြုံးလိုက်ရင်း…
"မရဘူး… ၊ ငါက အရမ်းပေးချင်နေတယ်…"
ဧကရီနွီဝါးက ပြုံးလိုက်လေသည်။
သူမ၏ မျက်ဝန်းများတွင် ကျီစားလိုသည့် အငွေ့အသက်လေးများကို တွေ့မြင်ရမည် ဖြစ်လေသည်။
ဆန်းလျန်မှာတော့ နွီဝါးနတ်သမီးပေးသည့် လက်ဆောင်ကို လက်ခံရခြင်းထက် စန့်ချင်တာအိုဆရာသခင်နှင့်သာ တိုက်ပွဲပေါင်းတစ်သောင်းမက တိုက်ခိုက်ချင်မိသည်။
နွီဝါးနတ်သမီးအကြောင်းကို ဆန်းလျန် ကောင်းကောင်း သိလေသည်။
နွီဝါးနတ်သမီးထံတွင် စကြာဝဠာသုံးမြှောင့်ဆေးအိုးကဲ့သို့ ရတနာပစ္စည်းတစ်ခု ရှိသလို အနီရောင်ပန်းခက်ဆိုသည့် ရတနာပစ္စည်းတစ်ခုလည်း ရှိသေးသည်။
အနီရောင်ပန်းခက်က အခြားတန်ခိုးစွမ်းအားမရှိသော်လည်း ယောကျ်ားလေးတစ်ယောက်ကို အလိုလိုနေရင်း လက်ထပ်လိုစိတ်ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
အနီရောင်ပန်းခက်ဖြင့်သာ အထိခံရပါက ဆန်းလျန် သေချာပေါက် မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ရပေလိမ့်မည်။
အမှန်တော့… မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ရခြင်းက ဆန်းလျန်အတွက် နစ်နာစရာ မရှိပေ။
သို့သော်… ဆန်းလျန် လက်မထပ်လိုပေ။
လက်ထပ်ခြင်းဆိုသည်က တစ်ယောက်နှင့်တစ်ယောက် မေတ္တာရှိမှသာ လက်ထပ်သင့်လေသည်။ အတင်းအကျပ်လုပ်ကောင်းသည့် အရာမျိုးမှ မဟုတ်ပေပဲ။
မေတ္တာရှိမှသာ လက်ထပ်သင့်သည်ဟု စဉ်းစားမိသည့်အခါ ဆန်းလျန်၏ စိတ်အာရုံထဲတွင် သူ့ဘဝတစ်လျှောက်လုံး ထာဝရချစ်ခင်ခဲ့ရပါသော မိန်းကလေးတစ်ယောက်၏ ပုံရိပ်ကို မြင်ယောင်လာမိလေသည်။
ထိုအချိန်မှာပင်… နွီဝါးနတ်သမီးသည် အနီရောင်ပန်းခက်တစ်ခုကို ထုတ်ယူလိုက်လေတော့သည်။
***