အခန်း (၃၄-၃၆)
Vol. 3 Ch. 34-36
အပိုင်း ( 34 )
လှုပ်ရှားခြင်း
လုချန်ရှန်းသည် သူမြင်တွေ့လိုက်ရသမျှ အရာအားလုံးကြောင့် တအံ့တဩဖြစ်သွားခဲ့သည်။
ကျောက်ယန်သည် အမှန်ပင် နှစ်ကိုယ်ခွဲသွားခဲ့ကာ၊ နောက်ထပ်လူတစ်ဦးကို ဖန်တီးနေခဲ့သည်။
ထိုလူအိုကြီးကို အာရုံခံမိသွားသောအချိန်၌ သူ၏မျက်လုံးများအတွင်းတွင် အံ့အားသင့်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
“ စိတ်ဝိညာဥ် ခွဲထုတ်ခြင်း နည်းစနစ် “
သူသည် ရေရွတ်ပြောဆိုနေရင်းဖြင့်၊ ရှေးဟောင်းမှတ်တမ်းများတွင် ဖော်ပြထားသည့် လူတစ်ဦးအား သူ၏ စိတ်ဝိညာဥ် အပိုင်းအစတစ်ခုကို သူ၏ ကျင့်ကြံရေး အနည်းငယ်နှင့်အတူ တစ်ခြားလူတစ်ဦးထံတွင် သိုလှောင်ထားရန် လုပ်ဆောင်ပေးနိုင်သည့် နည်းစနစ်တစ်ခုကို ပြန်၍အမှတ်ရသွားခဲ့သည်။
သူအရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ ကျောက်ယန်က အဆိုပါ နည်းလမ်းကို အသုံးပြုကာ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ စိတ်ဝိညာဥ်အား လျှို့ဝှက်နယ်မြေအတွင်းသို့ ဆွဲခေါ်လိုက်ခြင်းပင် ဖြစ်သည်။
၎င်းသည် အသက်သုံးဆယ်ကျော်လူများကို ပေးမဝင်သည့် ကန်းယွင်လျှို့ဝှက်နယ်မြေ၏ တားမြစ်ချက်ကို ရှောင်ကွင်းနေနိုင်ခဲ့သည်။
၎င်းသာလျှင် မဟုတ်ပေ၊ စုမူယွဲ့ကို ဝိုင်းရံနေသည့် အပြာရောင် လမှာလည်း အံ့ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာခဲ့သည်၊ မှော်ပညာ အကုန်လုံးက သူမအပေါ်တွင် အလုပ်မဖြစ်တော့သည့်အလား ဖြစ်သွားခဲ့သည်၊ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူကပင် သူမကို ထိခိုက်ဒဏ်ရာရရှိအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုလူများက ပြင်ဆင်၍ ရောက်လာခဲ့သည်ဆိုသည်ကို အရူးပင် သိနိုင်ပေသည်။
အဘိုးအို၏ အကြည့်သည် အားလုံးကို ဖုံးလွှမ်းလာခဲ့သည်၊ စုမူယွဲ့ကို မြင်လိုက်ရသောအခါတွင် သူအံ့အားသင့်သွားခဲ့သော်လည်း၊ မည်သည့်စကားမှ မပြောဆိုလာခဲ့ပေ၊ ထို့အစား သူသည် သူမကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။
စုမူယွဲ့မှာလည်း ခေါင်းပြန်ငြိမ့်ပြကာ၊ တုံ့ပြန်လိုက်သည်။
အဆိုပါ အဘိုးအိုသည် ကျောက်ကျင်းနှင့် မုန့်လန်တို့ထပ် အစွမ်းထက်သည့် နတ်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲတစ်ဦးပင် ဖြစ်သည်။
သို့တိုင်အောင် သူသည် စုမူယွဲ့ကို လေးစားမှုပြသခဲ့သည်၊ ၎င်းသည် သူမ၏နောက်ခံအင်အားက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို သက်သေပြုနေခဲ့သည်။
ထိုအခိုက်အတန့်တွင် အဆိုပါ အဘိုးအိုမှ ဖြည်းဖြည်းချင်း စကားစပြောလာခဲ့သည် “ ကျောက်ယန်၊ မင်းက ငါ့ကို အခုဆင့်ခေါ်လိုက်တယ်ဆိုတော့၊ ကန်းယွင်ကားချပ်ရဲ့ ခြေရာလက်ရာတွေကို တွေ့ခဲ့တာလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျောက်ယန်သည် ချက်ချင်ဒူးထောက်ချကာ၊ ဦးညွတ်၍ အရိုအသေပေးလိုက်သည် “ အကြီးအကဲ၊ ကန်းယွင်ကားချပ် ပြန်ပေါ်လာပါပြီ၊ ဒါပင်မဲ့ အဲ့တာရဲ့ ခြေရာလက်ရာ ရှာမတွေ့တော့ပါဘူး၊ မတော်ဆမှုတစ်ခု ဖြစ်ခဲ့ပါတယ်၊ အဲ့တာကြောင့် ရွေးချယ်စရာ မရှိတော့လို့ အကြီးအကဲကို အကူအညီ တောင်းလိုက်ရတာပါ “
“ ဘယ်လိုပြဿနာမျိုးလဲ “
ကျောက်ယန်သည် ဖိနှိပ်ခံထားရသည့် ရုပ်သေးကို ညွှန်ပြကာ စကားထပ်ပြောလိုက်သည် “ အဲ့လူက ထူးဆန်းပါတယ်၊ ကျွန်တော်တို့က သူ့ကို မယှဥ်နိုင်ပါဘူး၊ ကျေးဇူးပြုပြီးတော့ ကူညီပေးပါ၊ အကြီးအကဲ “
ထိုအချိန်၌ သူ၏မျက်လုံးများအတွင်းတွင် မကျေနပ်ချက်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ရှင်းပြချက်ကို နားထောင်ခဲ့ပြီးသည့်နောက်တွင် အဘိုးအိုသည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေလဲဆိုသည်ကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။
“ ကြည့်ရတာတော့ ငါလှုပ်ရှားရတော့မဲ့ပုံပဲ။ ဒီမကောင်းဆိုးဝါးကို အရင်နှိမ်နင်းမယ်၊ ပြီးရင် ပစ္စည်းသွားကြမယ် “
ထို့နောက်တွင် သူ၏ အကြည့်မှာ ရုပ်သေးအပေါ်သို့ ကျရောက်လာခဲ့သည်။
ဝှစ်
သူ၏အကျ်ီလက်ကို ဝေ့ရမ်းလိုက်ရာ အစွမ်းထက် မှော်စွမ်းအားတစ်ခု ပေါက်ထွက်လာကာ၊ ရုပ်သေးအပေါ်သို့ ကျဆင်းသွားခဲ့သည်။
စုမူယွဲ့သည် ဘေးတစ်ဖက်သို့ ဆုတ်ခွာသွားခဲ့သည်။
ဘုမ်းးးး
တိုက်ခိုက်မှု ချဥ်းကပ်လာသောကြောင့်၊ ရုပ်သေးသည် ၎င်း၏ လက်ကို မြှောက်ကာ ပြန်လည်တိုက်ခိုက်လာခဲ့သည်၊ အားနှစ်ခု တွေ့ဆုံမှုမှာ တောင်တစ်တောင်လုံးကို လှုပ်ခါသွားစေခဲ့သည်။
အဘိုးအို၏ အကျ်ီလက် တုန်ခါသွားခဲ့ပြီး၊ ရုပ်သေးမှာလည်း နောက်သို့ လွင့်ထွက်သွားခဲ့သည်၊ ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားခဲ့ရပြီး၊ မြေပြင်ပေါ်တွင် ထင်ရှားနက်ရှိုင်းသော ခြေရာများပင် ချန်ရစ်ထားခဲ့သည်။ ၎င်းသည် မီတာ ၄၀နီးပါးအထိ နောက်ဆုတ်သွားခဲ့ရပြီး၊ တောင်နံရံနှင့် ဝင်တိုက်မိသည့် အချိန်မှသာလျှင် ရပ်တန့်သွားခဲ့သည်။
“ တစ်ခုခု မှားနေတယ် “ အဘိုးအို မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျောက်ယန်မှ မေးမြန်းလိုက်သည် “ ဘာဖြစ်လို့လဲဗျ “
အဘိုးအိုသည် မည်သို့မျှ မတုံ့ပြန်လိုက်ဘဲ၊ ရှေ့သို့ ခြေတစ်လှမ်းကာ၊ သူ၏ အကျ်ီလက်ကို ဝေ့ရမ်း၍၊ မှော်စွမ်းအားတစ်ခုကို ထပ်မံ၍ ပစ်လွှတ်လိုက်သည်။
ရုပ်သေးသည် ၎င်း၏ ခြေထောက်ကို ဆောင့်ချကာ၊ လေးကြိုးမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းအလား အရှေ့သို့ ပြေးတက်သွားခဲ့သည်။
သို့ရာတွင် အလယ်သို့ ရောက်ရှိသွားသည့်နောက်တွင်၊ ၎င်းသည် မှော်စွမ်းအားကြောင့် နောက်သို့ လန်ကျကာ လှိမ့်ထွက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်မူ မှော်စွမ်းအား မပျောက်ကွယ်သွားခဲ့ပေ၊ ကောင်းကင်ထက်မှ အလင်းတန်းပေါင်းများစွာ ဆင်းသက်လာခဲ့ပြီး၊ ရုပ်သေးကို ဖိချလာခဲ့သည်။ အံ့ဖွယ်ကောင်းသော ဖိအားတစ်ခု ဆင်းသက်လာကာ၊ ရုပ်သေး၏ လှုပ်ရှားမှုများ နှေးကွေးသွားခဲ့သည်။
အဘိုးအိုသည် ၎င်းနှင့် အချိန်ကြာကြာတိုက်ခိုက်လိုစိတ်ရှိပုံ မရပေ။ သူသည် သူ၏လက်ဖြင့် ရုပ်သေးကို ဖိနှိပ်ထားပြီး၊ ဆက်တိုက်တိုက်ခိုက်နေခဲ့သည်။
ရုပ်သေးသည် ဆက်လက်၍ ရုန်းကန်နေသေးသည်၊ သို့သော် အဆိုပါ ဖိအားကို မည်သို့မျှ တောင့်မခံနိုင်ဘဲ၊ လုံးဝရပ်တန့်သွားခဲ့သည်။
ကျောက်ယန်သည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် အပျော်လွန်သွားကာ၊ မျက်လုံးများ တောက်ပသွားခဲ့သည်။
စုမူယွဲ့၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အဘိုးအိုသည် အံ့ဩတကြီးဖြင့် စကားထပ်ပြောလာခဲ့သည်။
“ အဲ့တာက တကယ်ကြီးကို အူတိုင်ဖွဲ့စည်းခြင်းအဆင့် ရုပ်သေးတစ်ခု ဖြစ်နေတာပဲ “
“ ဘာကြီး။ ရုပ်သေးလား “
အားလုံး၏ မျက်နှာများပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာများ ဖြစ်တည်လာခဲ့သည်။
ရွှမ်ချန်၏ တုံ့ပြန်မှုမှာ အပြင်းထန်ဆုံး ဖြစ်နေခဲ့သည်။ သူသည် ၎င်းကို ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ သူ၏စိတ်ထဲတွင် မှန်းဆချက်တစ်ခု ဖြစ်တည်လာခဲ့သည်။
“ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံရေးကို ပိုင်ဆိုင်ထားတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “
ကျောက်ယန်မှ နှာမှုတ်နေတော့သည်။ ဤနယ်မြေ၏ စည်းမျဥ်းများအရ အသက်သုံးဆယ်အောက်မှ လူများကသာလျှင် ဝင်ရောက်ခွင့်ရှိသည်။ သူသည် ယွဲ့ပြည်ထောင်ကဲ့သို့ ဝေးလံခေါင်သီသော နေရာသို့ မည်သည့်နေရာမှ ပုဂ္ဂိုလ်ရောက်ရှိလာလဲဆိုသည်ကို တွေးတောစဥ်းစားနေခဲ့သော်လည်း၊ ၎င်းက ရုပ်သေးတစ်ခုမျှသာ ဖြစ်နေခဲ့သည်။
ငါဖိနှိပ်ခံခဲ့ရတာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ၊ ငါ့အမှားမှ မဟုတ်တာ
စုမူယွဲ့မှာလည်း ထိုကဲ့သို့ပင် တွေးနေခဲ့သည်။
သို့ရာတွင် သူမတို့သည် ရုပ်သေးကို ထိန်းချုပ်နေသည့် လူက မည်သူလဲဆိုသည်ကို သိချင်သွားကြသည်။
သူတို့၏ အကြည့်များက အဘိုးအိုထံသို့ ရောက်ရှိသွားသည့် အချိန်တွင်၊ အဘိုးအိုမှာ အဝေးရှိ တောင်တစ်လုံးကို ငေးကြည့်နေလျက်ရှိသည် “ မိတ်ဆွေ၊ မင်းက ဘယ်လောက်ကြာကြာ စောင့်ကြည့်နေဦးမှာလဲ “
လုချန်ရှန်းကမူ တောင်ထိပ်ပေါ်တွင် အလွန်အေးဆေး တည်ငြိမ်သော အမူအရာဖြင့် မတ်တပ်ရပ်နေခဲ့သည်။
သူက ရုပ်သေးကို ထိန်းချုပ်နေသောကြောင့်၊ တစ်ဖက်လူက မှော်စွမ်းအားလှိုင်းများကို အာရုံခံမိသွားသည်မှာ ပုံမှန်ပင် ဖြစ်သည်။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ဒီကို ဝင်လာဖို့အတွက် မင်းတို့ နတ်ကောင်းကင်ဂိုဏ်းက တကယ်ကြီးကို အကုန်အကျခံခဲ့တာပဲ၊ စိတ်ဝိညာဥ် ခွဲထုတ်ခြင်း နည်းစနစ်ကိုတောင် သုံးနေကြတယ်ပေါ့ “
“ ဒီလိုရုပ်သေးမျိုးကို သန့်စင်ထားတဲ့ မင်းတဲ့ ယှဥ်လိုက်မယ်ဆိုရင် ဘာမှမဟုတ်ပါဘူး “
“ ဟားဟားဟား “
တောင်ထိပ်မှ ရယ်မောသံတစ်သံ ပေါ်လာခဲ့သည်။
ကျောက်ယန်သည် သူ၏ဒေါသများကို မဖိနှိပ်နိုင်တော့ဘဲ၊ ရှေ့တက်ကာ၊ မန္တာန်တစ်ခုကို အသက်သွင်း၍ ပွဲသိမ်းတိုက်ကွက်တစ်ခုကို ပစ်လွှတ်လိုက်သည်။
အဘိုးအိုသည် သူ့ကို မည်သို့မျှ မတားဆီးခဲ့ပေ။
သူ၏အမြင်တွင် ထိုလူက မည်မျှပင် အံ့ဖွယ်ကောင်းနေပါစေ၊ အများနှင့် တစ်ယောက်ဖြစ်နေသည့်အတွက် မရဏလမ်းကို မြန်းသွားရလိမ့်ဟုသာ မှတ်ယူထားခဲ့သည်။
သို့သော် ကျောက်ယန်က တောင်ထိပ်အနားသို့ ရောက်ရှိသွားသည့် အချိန်တွင်၊ ကြီးမားသော ဖိအားတစ်ခု ချက်ချင်းဆင်းသက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ကို တောင်ထိပ်နားတွင် ရပ်တန့်သွားစေခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် အဘိုးအိုသည် အံ့အားသင့်သွားသည့် မျက်လုံးများဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူသည် ချက်ချင်းလှုပ်ရှားလာခဲ့ပြီး၊ မှော်စွမ်းအားလှိုင်းတစ်ခုကို ထုတ်လွှတ်၍ တိုက်ခိုက်ကာ၊ ကျောက်ယန်ကို ပြန်ဆွဲယူရန် ကြံရွယ်လိုက်သည်။
မထင်မှတ်ထားစွာဖြင့် မှော်စွမ်းအားသည် အဆိုပါ တောင်အနားရောက်ရှိသွားသည့် အချိန်တွင် ဘမ်းဟူသော အသံနှင့်အတူ ချက်ချင်းပြိုကွဲသွားပြီး၊ လှိုင်းလုံးများ ပျံ့လွင့်သွားစေခဲ့ကာ၊ ပတ်ဝန်းကျင်ကိုပင် လှုပ်ခါသွားစေခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲဟ “
အဘိုးအို အံ့ဩတုန်လှုပ်သွားခဲ့သည်၊ သူသည် သူ့ထပ် အားမနည်းပုံရသည့် အားကောင်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
သူက စိတ်ဝိညာဥ် အပိုင်းအစ တစ်ခုမျှသာ ဖြစ်သော်လည်း၊ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၇ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သေးသည်။ သူနှင့် ယှဥ်ပြိုင်နေနိုင်ခြင်းကပင် အတော်လေး အံ့ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းသည် လေကုန်ခံရန်အတွက်ပင် လွန်စွာပျင်းရိနေခဲ့သည်။ ကျောက်ယန်၏ မျက်နှာပေါ်တွင်လည်း အကြောက်တရားများ ဖြစ်တည်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ဘက်ပေါင်းစုံမှ ရောက်ရှိလာသည့် မှော်စွမ်းအားကို တောင့်ခံခုခံနေရသည်။
ထို့နောက်တွင် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်သည့် အသံတစ်သံ ပေါ်ထွက်လာခဲ့ကာ၊ သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားခဲ့သည်။
“ အတင့်ရဲချက် “
အဘိုးအိုသည် ဒေါသတကြီး ဖြစ်သွားကာ၊ အရှေ့သို့ ပြေးဝင်လာခဲ့သည်။
သူ့အရှေ့တွင် ကျောက်ယန်ကို သတ်လိုက်ခြင်းမှာ သူ့ကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
သို့ရာတွင် လေထုအတွင်းတွင် အဆုံးမဲ့ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ အလင်းတန်းများအဖြစ် အသွင်ပြောင်းသွားကာ၊ တိုက်ရိုက်ဆင်းသက်လာခဲ့သည်။
အလင်းတန်းများသည် ကောင်းကင်ပြင်ကို လင်းထိန်သွားစေခဲ့သည်။
အဘိုးအိုသည် အော်ဟစ်ကြုံးဝါးကာ၊ သူ၏နည်းစနစ်များကို ထုတ်လွှတ်ကာ၊ ခုခံရန် ကြိုးပမ်းလာခဲ့သည်၊ သို့သော် အချိန်တိုအတွင်းမှာပင် အရာအားလုံး ပြိုကွဲသွားခဲ့သည်၊ မှော်စွမ်းအားများ ဆက်လက်၍ ဆင်းသက်လာခဲ့ကာ၊ သူ့ကို နေရာမှာပင် ချပ်နှောင်သွားခဲ့သည်။
အဆိုပါ စွမ်းအားကို ခံစားလိုက်ရသောအခါတွင် သူ၏မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ၊ မယုံကြည်နိုင်ဖြစ်နေသော အမူအရာနှင့် အရှေ့သို့ ငေးကြည့်နေတော့သည်။
“ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
ကန်းယွင်လျှို့ဝှက်နယ်မြေအတွင်းတွင် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ပညာရှင်တစ်ဦး ပေါ်ထွက်လာခြင်းမှာ လွန်စွာအံ့ဖွယ်ကောင်းလွန်းလှသည်။
အသက်သုံးဆယ် မပြည့်သေးသည့် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ကျင့်ကြံသူ၊ ၎င်းက မည်မျှကြောက်မက်ဖွယ် ကောင်းလိုက်သနည်း
စုမူယွဲ့၏ အမူအရာမှာလည်း မည်းမှောင်သွားခဲ့သည်၊ သူမသည် ထိုကဲ့သို့ ဖြစ်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမသည် သူမသာ မလှုပ်ရှားဘူးဆိုပါက၊ မည်သို့မျှ ထွက်မသွားနိုင်တော့ဘူးဆိုသည်ကို သိနေခဲ့သည်။ သူမသည် ထပ်မံ၍စောင့်ကြည့်မနေတော့ပေ၊ သူမ၏ အနောက်ဘက်တွင် အပြာရောင်လတစ်ခု ပြန်ပေါ်လာခဲ့ပြီး၊ တိုးညှင်းသော ဟင်းလင်းပြင် အော်မြည်သံတစ်သံ ပေါ်ထွက်လာခဲ့သည်၊ စွမ်းအားတစ်ခုသည် အရာအားလုံးကို ချုပ်နှောင်သွားခဲ့သည်။
လသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့်အတူ ဆင်းသက်လာခဲ့သည်။
နတ်ကောင်းကင်ဂိုဏ်း၏ အဘိုးအိုကပင် ရင်တလှပ်လှပ် ဖြစ်သွားခဲ့သည်၊ လတောက်ပလာမှုနှင့် မှော်စွမ်းအားများ ပိုမိုစုစည်းလာခဲ့သည်၊ သို့သော် ထိုအချိန်တွင် ကောင်းကင်ပြင်အရွယ်မျှ ကျယ်ဝန်းသည့် လက်ကြီးတစ်ဖက် ပေါ်ထွက်လာခဲ့သည်။
၎င်းသည် လက်ဝါးကို ဖြန့်ကာ လကို ဖမ်းဆုပ်လာခဲ့သည်။ အားနှစ်ခု ထိပ်တိုက်ရင်ဆိုင်နေခဲ့ကာ၊ ချုပ်နှောင်မှုစွမ်းအားများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး၊ သူတို့၏ မျက်လုံးများ အရှေ့မှာပင် အာနိသင်အားလုံး ဆုံးရှုံးသွားခဲ့သည်။
စုမူယွဲ့ ထိတ်လန့်သွားခဲ့ပြီး၊ သူမ၏ မျက်လုံးများအတွင်းတွင် အကြောက်တရားများ ကြီးစိုးလာခဲ့သည်။ သူမသည် လကို ထိန်းချုပ်ချင်နေခဲ့သည်၊ သို့သော် သူမသည် အဆိုပါ စွမ်းအား၏ ချုပ်နှောင်မှုကို ခံထားရပြီး၊ အရာအားလုံးက တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားသည့်အလား ဖြစ်သွားခဲ့သည်။
………………………………………………………………………………………………………………………………
အပိုင်း ( 35 )
နင်ကံကောင်းသွားတယ်
ကြီးမားသော ဧရာမလက်တစ်ဖက်သည် လကို ဆုပ်ကိုင်လာခဲ့သည်။
လုချန်ရှန်းမှ အတွေးဖြင့် စေခိုင်းလိုက်ရာ၊ မှော်စွမ်းအားများ မြင့်တက်လာခဲ့ပြီး၊ စုမူယွဲ့ထံသို့ အလင်းတန်းတစ်ခု ပြေးဝင်သွားခဲ့သည်။
အရေးအကြီးဆုံး အခိုက်အတန့်တွင် သူမ၏ မျက်ခုံးများ အကြားတွင် ရှိနေသည့် ရုန်းတစ်ခု လင်းလက်လာခဲ့ကာ၊ အစိမ်းရောင် အလင်းတန်းတစ်ခုမှာ သူမ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးလာခဲ့သည်။ အဆိုပါ မှော်စွမ်းအားနှင့် တိုက်မိသွားသော အချိန်၌ သူမ၏ခန္ဓာကိုယ် လွင့်ထွက်သွားခဲ့သည်။
ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့ကာ၊ တောင်တစ်လုံး ပြိုကျသွားခဲ့သည်။
လုချန်ရှန်းသည် မည်သည့်သနားကြင်နာမှုမှ မပြသခဲ့ပေ။ လှုပ်ရှားနေရပြီဖြစ်သောကြောင့် သူသည် အမြစ်ကိုပါ တစ်ခါတည်း ဆွဲလှန်ရန် အကောင်းဆုံး ကြိုးစားမည် ဖြစ်သည်။ အကယ်၍ သူမက လွတ်မြောက်သွားမည်ဆိုပါက၊ ၎င်းမှာ သူမ၏စွမ်းရည်က အတော်လေး ကောင်းမွန်သည်ဟု သတ်မှတ်လိုက်မည် ဖြစ်သည်။
ထိုအချိန်၌ လေထုအတွင်းတွင် မီးခိုးနှင့် ဖုန်မှုန့်များ ပျံ့လွင့်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရင်သွားခဲ့သည်။ အစိမ်းရောင် အလင်းတန်းက သူမ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသောကြောင့် မည်သည့်ဒဏ်ရာမှ မရရှိခဲ့သော်လည်း၊ သူမ၏ မျက်လုံးများအတွင်းတွင် အကြောက်တရားတို့နှင့် ပြည့်နှက်သွားခဲ့သည်။
၎င်းမှာ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ပညာရှင်တစ်ယောက်ဖြစ်သည်၊ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်ဦးကပင် သူ့ကို အနိုင်ယူလိမ့်မည် မဟုတ်ပေ။
“ သူဘယ်သူလဲ “
သူမသည် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်၊ အစမှအဆုံးအထိ သူမသည် ရုပ်သေးကိုသာ မြင်တွေ့ခဲ့ရပြီး၊ ထိုလူလှုပ်ရှားလာသည်ကို မည်သို့မျှ မမြင်ခဲ့ရပေ။
သူမ၏ အကြည့်အောက်မှာပင် အဆုံးမဲ့ မှော်စွမ်းအားကို သယ်ဆောင်ထားသည့် ဧရာမ လက်ကြီးတစ်ဖက်သည် လကို ချေမွရန် ကြိုးပမ်းလာခဲ့သည်။
မှော်စွမ်းအား၏ အဆက်မပြတ် တိုက်စားမှုကြောင့်၊ အလင်းတန်းများ ပေါက်ထွက်လာခဲ့ပြီး၊ လသည် အသက်မဲ့သွားသကဲ့သို့ ငြိမ်ကျသွားခဲ့သည်။
“ နင့်ရဲ့ ဇစ်မြစ်က ငါထင်ထားတာထပ်တောင် ကျော်လွန်နေတဲ့ပုံပဲ “
လုချန်ရှန်း၏ အသံပေါ်ထွက်လာခဲ့သည်၊ ၎င်းသည် ဘုန်းတန်ခိုးကို သယ်ဆောင်ထားပြီး၊ အရပ်မျက်နှာ ရှစ်ခုစလုံးသို့ ပဲ့တင်ထပ် ပျံ့လွင့်သွားခဲ့သည်။
စုမူယွဲ့၏ မျက်လုံးများအတွင်းတွင် ရှိနေသည့် အကြောက်တရားတို့မှာ ပိုမိုကြီးထွားလာခဲ့သည်၊ သူမသည် အဆိုပါ လက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်၊ အတိတ်တစ်ချိန်က သူမသည် ၎င်းကို အသုံးပြုကာ၊ အူတိုင်ဖွဲ့စည်းခြင်း ပညာရှင်တစ်ဦးထံမှ လုံခြုံဘေးကင်းစွာ ထွက်ပြေးလာနိုင်ခဲ့ဖူးသည်။
သို့သော် ယခုတွင်ကား ၎င်းသည် တစ်စုံတစ်ဦး၏ ကိုင်ဆောင်ခြင်းကို ခံထားရပြီး၊ မည်သို့မျှ မလှုပ်ရှားနိုင်တော့ပေ။
လုချန်ရှန်းမှ သူ၏လက်ကို မြှောက်လိုက်ရာ မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ စွမ်းအင်လှိုင်းတို့မှာ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။
နတ်ကောင်းကင်ဂိုဏ်းမှ အဘိုးအိုမှာလည်း မည်သို့မျှ မရှောင်ရှားနိုင်တော့သောကြောင့်၊ ထိပ်တိုက်ရင်ဆိုင်ရုံသာ တတ်နိုင်တော့သည်။ သို့ရာတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ၏စိတ်ဝိညာဥ် မငြိမ်မသက်ဖြစ်သွားကာ၊ သူ၏မှော်စွမ်းအား ပျောက်ကွယ်သွားခဲ့သည်။ သူသည် သူရင်ဆိုင်နေရသည့် ပြိုင်ဘက်က မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို မမှန်းဆနိုင် ဖြစ်သွားခဲ့သည်။
စုမူယွဲ့ကမူ ဆက်တိုက်ရှောင်တိမ်းနေလျက်ရှိပြီး၊ သူမ၏ နဖူးမှ ပေါ်ထွက်လာသည့် အစိမ်းရောင် အလင်းတန်းမှာ သူမ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ကာကွယ်ပေးနေခဲ့သည်။
သို့သော် ရွှမ်ချန်ကမူ ထိုမျှလောက် ကံကောင်းမနေခဲ့ပေ။ သူသည် သူ၏နည်းစနစ် အကုန်လုံးကို ထုတ်လွှတ်လိုက်သော်လည်း အရာအားလုံး ပြိုကွဲသွားခဲ့သည်။ သူ့ကို ထိမှန်သွားသည့် အချိန်တွင်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးနီးပါး စုတ်ပြတ်သပ်လုမတတ် ဖြစ်သွားခဲ့ပြီး၊ တဟုန်ထိုး ပြုတ်ကျသွားသောကြောင့် မြေပြင်ပင် လှုပ်ခါသွားခဲ့သည်။
သို့သော် သတ်ဖြတ်လိုစိတ် တစ်ခုသည် မည်သို့မျှ မပျောက်ကွယ်သွားခဲ့သည်၊ သူ့ထံသို့ ဆက်လက်၍ တိုးဝင်လာခဲ့သည်။
သူသည် ပြိုင်ဘက်က ထိုမျှလောက် ရက်စက်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ သူဘာမှမလုပ်ရသေးသော်လည်း၊ သတ်ဖြတ်လိုစိတ်ကို ဖိတ်ခေါ်မိနေခဲ့ပြီးပြီ ဖြစ်သည်။
“ လူတွေကို အနိုင်ကျင့်လွန်းတယ် ”
ရွှမ်ချန်မှ ဒေါသတကြီး အော်ဟစ်လာခဲ့သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ထံမှ အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်၊ သူ၏အသံအတွင်းတွင် နာကျင်မှု အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိသည်၊ သူ၏ရင်ဘတ်တွင် အဆောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် ဓားချီတစ်ခု ပေါက်ထွက်လာခဲ့သည်၊ ၎င်း၏ စွမ်းအားသည် မွေးရာပါ ဝိညာဥ် အဆင့်၁ ကျင့်ကြံသူကိုပင် ချေမှုန်းနိုင်သည်အထိ လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။
“ ဓားအဆောင် “
စုမူယွဲ့ အံ့အားသင့်သွားခဲ့သည်။ အဆိုပါ ပစ္စည်းသည် အလွန်တရာ ရှားပါးလွန်းလှပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားလေ့ရှိသည်။
သို့ရာတွင် ဓားအဆောင် ပေါ်ထွက်လာသည့် အချိန်၌ ကောင်းကင်ထက်တွင် ဓားအလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ နတ်ဓားတစ်လက် ဆင်းသက်လာသကဲ့သို့ ရုတ်တရက် ခုတ်ပိုင်းလာခဲ့သည်။
ဘုမ်း
မျောလွင့်နေသည့် ဓားချီသည် လုံးဝပေါက်ကွဲသွားခဲ့သည်။ အဆိုပါ ဓားအလင်းတန်းသည် ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ အဆောင်ကို ဖျက်စီးသွားခဲ့သည်။
ရွှမ်ချန်၏ မျက်လုံးများ အတွင်းတွင် ကြောက်ရွံမှုများ ပြည့်နှက်သွားခဲ့သည်။ သူသည် ဓားတစ်ချက်တည်းဖြင့် ကိုယ်နှစ်ပိုင်းပြတ်သွားကာ၊ အသက်စွမ်းအား ပျောက်ကွယ်သွားခဲ့သည်။
အဘိုးအိုနှင့် စုမူယွဲ့တို့နှစ်ဦးစလုံး မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
“ ဓားတာအို အဆင့်၈လား “
စုမူယွဲ့သည် တအံ့တဩဖြင့် အော်မိသွားခဲ့သည်။ သူမသည် ယခုလေးတင် ပေါ်ထွက်လာခဲ့သည့် ဓားအလင်းတန်း၏ စွမ်းအားကို ခံစားမိနေခဲ့ပြီး၊ ၎င်းက အဆင့်၉နှင့် သိပ်မဝေးတော့ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။
လုချန်ရှန်းသည် ဆက်လက်၍ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ဓားအဆောင်သည် အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သော်လည်း၊ အပြည့်အဝ အသက်မဝင်လာခင် အချိန်မှာပင် ဖျက်စီးခံလိုက်ရသည်။ သူသည် သူ၏စွမ်းအားကိုပင် အကုန်အစင် ထုတ်မသုံးခဲ့ရပေ။
လုချန်ရှန်းမှ သူလက်ကို ထပ်မြှောက်လိုက်ရာ၊ ထိုလူနှစ်ဦးစလုံး မျက်နှာ ဖြူဖျော့သွားခဲ့သည်။
ဓားချီသည် နေလုံးကို ထိုးဖောက်နေသည့် သက်တံ့ရှည်တစ်စင်းသဖွယ် ဖြစ်နေကာ၊ စွမ်းအင်များ ပေါက်ထွက်လာခဲ့သည်။ အဘိုးအို လွင့်ထွက်သွားပြီး၊ ဓားချီဆင်းသက်လာခဲ့ကာ၊ သူ၏ခန္ဓာကိုယ်ကို ခုတ်ပိုင်းသွားခဲ့သည်။
သူ၏စိတ်ဝိညာဥ်နှင့် ကျင့်ကြံရေး နှစ်ခုစလုံး ပျောက်ကွယ်သွားခဲ့သည်။
သူသည် သူ၏မူလခန္ဓာကိုယ်မှ ခွဲထုတ်ခံထားရသော စိတ်ဝိညာဥ်တစ်ခုသာလျှင် ဖြစ်သည်။ ၎င်းက အသတ်ခံလိုက်ရမည်ဆိုပါက စိတ်ဝိညာဥ်သာလျှင်မဟုတ်ဘဲ၊ သူ၏ကျင့်ကြံရေးကိုပါ ဆုံးရှုံးသွားရမည် ဖြစ်သည်။ သူ၏မူလခန္ဓာကိုယ်မှာလည်း ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရကာ၊ သူ၏ကျင့်ကြံရေး ရပ်တန့်သွားမည်ဖြစ်ပြီး၊ ပြန်လည်သက်သာကောင်းမွန်ရန်အတွက် အချိန်အတော်ကြာယူရမည် ဖြစ်သည်။
စုမူယွဲ့၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
သူမသည် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။ သူမ၏မျက်ခုံးများ အကြားတွင် ရှိနေသည့် ရုန်းသည် အလွန်တရာ တောက်ပလာခဲ့ပြီး၊ အပြာရောင် လကို ပြန်ခေါ်ရန် ကြိုးပမ်းနေခဲ့သည်။
သူမသည် သူမ အရှေ့တွင် ရှိနေသည့် လူက သူမ ယှဥ်ပြိုင်နိုင်သည့် လူမဟုတ်ဘူးဆိုသည်ကို သိနေခဲ့သည်။ အစမှအဆုံးအထိ သူသည် သူ၏စွမ်းအားကို အကုန်အစင် ထုတ်မသုံးခဲ့သော်လည်း၊ အကြွင်းမဲ့ လွှမ်းမိုးနိုင်စွမ်းကို ပြသနေခဲ့သည်။
သူ့ကို တားဆီးရန် ကြိုးပမ်းခဲ့သည့် သူမ၏ နည်းလမ်းအားလုံးမှာ မည်သို့မျှ မအောင်မြင်ခဲ့ပေ။
ရှီး
ထိုအချိန်၌ အပြာရောင် လသည် တလက်လက် တောက်ပလာခဲ့ပြီး၊ စွမ်းအားများ ပေါက်ထွက်လာခဲ့ကာ၊ ဧရာမလက်တစ်ဖက်၏ ချုပ်နှောင်မှုမှ လွတ်ထွက်လာခဲ့သည်။ သို့သော် စုမူယွဲ့သည် ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရပြီး၊ ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရသည်။
အပြာရောင် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအချိန်၌ သူမ၏လက်ထဲတွင် အဆောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းကို ချေမွလိုက်ရာ သူမသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ၊ ဤနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
လုချန်ရှန်းသည် သူမ၏နောက်သို့ လိုက်မသွားခဲ့ပေ၊ သူသည် တစ်ဖက်လူ၏ ဇစ်မြစ်က လွန်စွာထူးခြားသည်ဆိုသည်ကို သိနေခဲ့သည်။ အကယ်၍ သူအင်အားအပြည့် ထုတ်သုံးလိုက်မည်ဆိုလျှင်တောင်မှ၊ တစ်ဖက်လူကို ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ပေ၊ ထို့အပြင် သူ၏သရုပ်မှန်ကိုပင် ပေါ်သွားစေနိုင်ပေသည်။
“ မင်းကံကောင်းသွားတယ်လို့ပဲ တွေးလိုက်ပါလေ “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေကာ၊ သူ၏လက်ကို ရုတ်သိမ်းလိုက်သည်။ ပတ်ဝန်းကျင်တွင် ရှိနေသည့် အံ့ဖွယ်ကောင်းသော စွမ်းအားများ ပျောက်ကွယ်သွားပြီး၊ သူသည် သူ၏လက်ကို မြှောက်ကာ ရုပ်သေးကို ပြန်ဆွဲခေါ်လိုက်သည်။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် ခန်းမကြီး တည်ရှိရာဘက်သို့ ဦးတည်ပျံသန်းသွားခဲ့သည်။
သို့ရာ၌ ထိုနေရာသို့ သူပြန်ရောက်သွားသောအခါတွင် ၎င်း၏အရိပ်အယောင်ကို မမြင်ရတော့ပေ။
လျှို့ဝှက်နယ်မြေတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည့်အလား ဖြစ်နေခဲ့သည်။
“ မဟုတ်သေးပါဘူး၊ ခန်းမကြီးက ဘယ်ရောက်သွားတာတုန်း “
လုချန်ရှန်း၏ စိတ်စွမ်းအား ပျံ့လွင့်သွားသော်လည်း၊ သူသည် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
ထို့အစား သူသည် ယဲ့တျန်ရီကို ရှာတွေ့သွားခဲ့သည်။
သူသည် ဒဏ်ရာများ ရရှိထားခဲ့ပြီး၊ ချိုင့်ဝှမ်းအတွင်းတွင် တင်ပျဥ်ခွေထိုင်ကာ ကိုယ့်ကိုကိုယ် ပြန်လည်ကုသနေလျက်ရှိသည်။
လုချန်ရှန်းသည် ထိုနေရာသို့ ပြေးသွားခဲ့ပြီး၊ နေရာအနှံ့တွင် အလောင်းတို့ဖြင့် ပြည့်နှက်နေပြီး၊ အများစုက ရွှမ်ထျန်းဂိုဏ်း၏ လူများဖြစ်ကြောင်းကို မြင်တွေ့သွားခဲ့သည်၊ လီချန်ဖုန်းမှာလည်း မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေခဲ့သည်၊ သူသေဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ စီနီယာအစ်ကိုက တော်တော်လေးကို ပွဲကြမ်းထားတဲ့ပုံပဲ “
သူသည် ပေရှည်မနေတော့ဘဲ ယဲ့တျန်ရီဆီသို့သာ လျှောက်လှမ်းသွားတော့သည်။
လုချန်ရှန်းက မထိမခိုက် ဘေးကင်းနေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ယဲ့တျန်ရီသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
လုချန်ရှန်းကမူ မည်သည့်စကားမှ မပြောဘဲ၊ ဆေးတစ်လုံးကို ထုတ်ယူကာ ယဲ့တျန်ရီ၏ ပါးစပ်အတွင်းသို့ ထည့်ပေးလိုက်သည်။
သန့်စင်သော ဆေးစွမ်းအားကို ခံစားလိုက်ရသောအခါတွင် ယဲ့တျန်ရီ၏ အသားအရည် စိုပြေသွားပြီး၊ သူ၏ဒဏ်ရာများ ဖြည်းဖြည်းချင်း သက်သာပျောက်ကွယ်သွားခဲ့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် သူသည် မျက်လုံးများ ဖြည်းဖြည်းချင်း ပြန်ဖွင့်လာခဲ့သည်။
“ စီနီယာအစ်ကို၊ ဘယ်လိုနေသေးလဲ “
“ အများကြီး ပိုကောင်းလာပါပြီ “ ယဲ့တျန်ရီမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
လုချန်ရှန်းမှ မေးမြန်းလိုက်သည် “ ဘာတွေ ဖြစ်သွားတာလဲ “
“ ရွှမ်ထျန်းဂိုဏ်းက ငါ့ကို တိုက်ခိုက်ခဲ့တာလေ၊ အစ်ကိုကြီးကို ဖိအားပေးဖို့အတွက် ငါ့ကို လိုချင်နေကြတာ “ ယဲ့တျန်ရီမှ ပြောပြလာခဲ့သည်၊ စကားပြောနေရင်းဖြင့် သူ၏မျက်လုံးများအတွင်းတွင် ဒေါသများ ကြီးစိုးလာခဲ့သည် “ မင်းအဆင်ပြေလား “
“ ဒီကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ကျင့်ကြံလို့ကောင်းမဲ့ နေရာတွေ့လို့ အဲ့မှာ ခွေနေတာလေ၊ အခုမှ လျှောက်သွားနေတာ “
“ ကောင်းတယ် “
ယဲ့တျန်ရီမှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူစိုးရိမ်အပူပန်ရဆုံးမှာ ဤဂျူနီယာညီငယ် ဖြစ်သည်၊ သူအဆင်ပြေနေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူစိတ်သက်သာရာရသွားခဲ့သည်။
ထို့နောက်တွင် လူနှစ်ဦးသည် ကျိုးချင်ယုကို ရှာဖွေရန် ထွက်ခွာလာကြသည်။
သိပ်မကြာခင် အချိန်မှာပင် ကျိုးချင်ယုကို ရှာတွေ့သွားခဲ့သည်။ သူသည် ခါတိုင်းလိုပင် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် မတ်တပ်ရပ်နေကာ၊ ပတ်ဝန်းကျင်ကို အေးအေးလူလူ ငေးကြည့်နေလျက်ရှိသည်။ သူ၏ အစိမ်းရောင် ဝတ်စုံမှာ သွေးတို့ဖြင့် ရွှဲရွှဲစိုနေသော်လည်း၊ သူ့ထံတွင် မည်သည့်ဒဏ်ရာမှ ရှိမနေခဲ့ပေ။ သူ၏ခြေထောက်များအောက်တွင် အလောင်းများစွာ ရှိနေပြီး၊ တောင်တန်းတို့မှာလည်း ဓားရာတို့ဖြင့် ပြိုကျပျက်စီးနေခဲ့သည်။
၎င်းတို့ကို မြင်တွေ့ရရုံနှင့်တင် မည်ကဲ့သို့သော တိုက်ပွဲမျိုးဖြစ်ပွားခဲ့လဲဆိုသည်ကို မှန်းဆနိုင်ပေသည်။
“ စီနီယာအစ်ကို၊ မင်းက အဲ့ဒီခန်းမကြီးကို အမှီလိုက်နိုင်ခဲ့လား “ ဟု ယဲ့တျန်ရီမှ မေးမြန်းလိုက်သည်။
ကျိုးချင်ယုမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ငါအထဲကို ရောက်ခဲ့တယ်၊ ဒါပင်မဲ့ အဲ့မှာ ဘာမှ ရှိမနေဘူး “
“ ကန်းယွင်ကားချပ်ရော အဲ့မှာ မရှိဘူးလား “
“ မရှိဘူးလား “
ကျိုးချင်ယုသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်၊ ထို့နောက်တွင် အဝေးသို့ ငေးကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ အခုလေးတင်ပဲ ကြောက်ဖို့ကောင်းတဲ့ ဓားရည်ရွယ်ချက်တစ်ခုကို ငါခံစားမိခဲ့တယ်။ ဒီကို အစွမ်းထက် ပညာရှင်တစ်ယောက် ရောက်လာတဲ့ပုံပဲ။ သူက အဲ့တာကို ရသွားမှာကို ငါကြောက်မိတယ် “
“ မင်းထပ် ပိုသန်မာတာလား “ ယဲ့တျန်ရီ မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျိုးချင်ယုမှ ထပ်မံ၍ ခေါင်းငြိမ့်ပြလာခဲ့သည်။
လုချန်ရှန်း တိတ်ဆိတ်နေခဲ့သည်။
“ သွားကြစို့၊ အိမ်အရင်ပြန်ပြီးတော့ ဂိုဏ်းကို ဆုံးဖြတ်ခိုင်းလိုက်မယ် “
ကျိုးချင်ယုသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ၊ သူ၏ဂျူနီယာညီငယ်နှစ်ဦးကို ဦးဆောင်သွားတော့သည်။
သို့ရာ၌ လျှို့ဝှက်နယ်မြေအပြင်ဘက်တွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
စုမူယွဲ့သည် ဒဏ်ရာ အပြင်းအထန်ရရှိကာ၊ ပြန်ရောက်လာခဲ့သည်၊ မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို ကြားလိုက်ရသောအချိန်တွင် လူတိုင်း ကြောက်လန့်တကြား ဖြစ်သွားကြသည်။
ကန်းယွင်ဂိုဏ်းကပင် ထိုကဲ့သို့သော ရလဒ်မျိုး ပေါ်ထွက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
စုမူယွဲ့၏ ပြောစကားများအရ လျှို့ဝှက်နယ်မြေ အတွင်းတွင် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ပညာရှင်တစ်ဦး ရှိနေခဲ့လေသည်။
ပို၍ အရေးအကြီးဆုံး အရာမှာ သူသည် ရွှမ်ချန်နှင့် ကျောက်ယန်တို့ကို သတ်ဖြတ်ကာ၊ လူတိုင်း၏ နည်းစနစ်များကို ရိုက်ချိုးခဲ့ခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် လူတိုင်းမှာ ထွက်ပေါက်၏ အရှေ့တွင် စုဝေးလာကြသည်။
ကန်းယွင်ဂိုဏ်းမှ လူများသည် ညနတ်ဆိုးက လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီဆိုသည်ကို သိနေခဲ့သော်လည်း၊ ဤကဲ့သို့သာ လှုပ်ခတ်မှုကြီးတစ်ခုကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
………………………………………………………………………………………………………………………………………..
အပိုင်း ( 36 )
ငါ့ကို အဲ့လောက်တောင် အထင်သေးနေတာလား
လူတိုင်းက ထိုနေရာကို စိုက်ကြည့်နေကြပြီး၊ နတ်ကောင်းကင်ဂိုဏ်းနှင့် ရွှမ်ထျန်းဂိုဏ်း၊ နှစ်ခုစလုံးမှာ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောက်နေလျက်ရှိသည်။
“ ညနတ်ဆိုး၊ ညနတ်ဆိုး “
ရွှမ်ထျန်းဂိုဏ်း၏ လူများမှာ အံတကြိတ်ကြိတ် ဖြစ်သွားကြသည်။ ရွှမ်ချန်သည် သူတို့ဂိုဏ်း၏ မျှော်လင့်ချက်ဖြစ်ပြီး၊ မတော်တဆမှု ဖြစ်ရပ်သာ မရှိဘူးဆိုပါက၊ မွေးရာပါ ဝိညာဥ်အဆင့်သို့ အရောက်သွားနိုင်ကာ၊ ဂိုဏ်းကို နှစ်တစ်ထောင်အထိ ကာကွယ်ပေးနိုင်သော အနာဂတ်တစ်ခု ဖြစ်သည်။
သို့သော် သူသည် ထိုကဲ့သို့ သေဆုံးသွားခဲ့လေသည်။
ချီလျန်သည် စကားတစ်ခွန်းမှ မပြောလာခဲ့ပေ၊ သူ၏မျက်လုံးများ အတွင်းတွင် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
နတ်ကောင်းကင်ဂိုဏ်းမှာလည်း အံ့ဩတုန်လှုပ်သွားခဲ့သည်။
အသက်သုံးဆယ် မပြည့်သေးသည့် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ကျင့်ကြံသူ …… ၎င်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်သနည်း
အကယ်၍ သူသာ ကြီးပျင်းလာမည်ဆိုပါက၊ နောင်အနာဂါတ် သူမည်သည့်အဆင့်သို့ ရောက်ရှိသွားမည်နည်း။ ထိုကဲ့သို့သော လူမျိုးကို အသက်ရှင်ခွင့်မပေးသင့်ပေ၊ အထူးသဖြင့် ယခု၌ သူတို့ကြားတွင် ရန်ငြှိုးများ ရှိနေခဲ့ပြီ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် အားလုံးသည် သူတို့၏ ဆွေးနွေးပြောဆိုမှုများကို အဆုံးသတ်လိုက်ကြသည်။ သူတို့သည် ညနတ်ဆိုးကို ရှာဖွေရန်အတွက် ထွက်လာသူတိုင်းကို လေ့လာစောင့်ကြည့်နေခဲ့သည်။
တစ်ဦးပြီးတစ်ဦး ယုံကြည်မှုရှိရှိ စကားပြောနေခဲ့ကြပြီး၊ သူတို့၏ အမုန်းတရားများ မြင့်တက်လာခဲ့ကာ၊ အဆုံးမဲ့ ရန်ငြှိုးများကို မွေးမြူနေကြတော့သည်။
ကန်းယွင်ဂိုဏ်းမှ လူများသာလျှင် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။
လင်းပေါ်သည် မအောင့်ထားနိုင်တော့ဘဲ၊ စကားစပြောလာခဲ့သည် “ အဲ့တာက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ကျင့်ကြံသူလေ၊ တကယ်လို့ ပူးပေါင်းလိုက်ကြမယ်ဆိုရင်တောင်မှ၊ မင်းတို့က သူ့ကို အမှောက်သိပ်နိုင်ဖို့ ယုံကြည်ချက်ရှိလား “
“ ဟမ် “
လူတိုင်း မျက်မှောင်ကြုတ်သွားခဲ့သည်။
စကားတစ်ခွန်းမှာ လူတိုင်းကို လှုပ်နှိုးလာခဲ့သည်၊ ဤနေရာတွင် မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူမရှိဘဲ၊ အဆင့်အမြင့်ဆုံးအနေဖြင့် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈ ကျင့်ကြံသူသာလျှင် ရှိနေခဲ့သည်၊ သူတို့က သူ့ကို မည်ကဲ့သို့ ဖိနှိပ်နိုင်မည်နည်း
ဤမျှ ကြီးမားသော လူအုပ်ကြီးကပင် သူ့ကို ဖိနှိပ်ရန် လုံလောက်မနေခဲ့ပေ။
တစ်ချိန်တည်းမှာပင် ကန်းယွင်ဂိုဏ်း၏ တောင်ထွဋ်များသည် စိတ်ခံစားချက်များ ရှုပ်ထွေးသွားကြသည်။ ညနတ်ဆိုးသည် ဆယ်နှစ်တာ ကာလအတွင်းတွင် ဂိုဏ်းတစ်ခုလုံးတွင် ရှိနေသည့် လူတိုင်းကို ရိုက်နှက်ခဲ့ကြသည်။
သို့သော် မည်သူကမှ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြပေ၊ ထို့အစား ၎င်းသည် သူတို့၏ ကျင့်ကြံလိုစိတ်ကိုပင် နှိုးဆွပေးခဲ့သည်။
တစ်စုံတစ်ဦးသည် ဘိုးဘေးကို အကူအညီတောင်းရန်အတွက် အဆိုပြုခဲ့သည်၊ သို့သော် ကန်းယွင်ဂိုဏ်း တစ်ခုလုံးတွင် ရှိနေသည့် လူများသည် ကိုယ့်ဘာသာ သွားပြောဟုသာ ပြောဆိုခဲ့ကြသည်၊ အကယ်၍ ထိုလူ့ကို ဆန့်ကျင်မိသွားမည်ဆိုပါက၊ ဂိုဏ်းတစ်ခုလုံး ငြိမ်းချမ်းနေဦးမည်လား
အဆုံးတွင် ချီလျန် ရှေ့ထွက်လာခဲ့သည်၊ သူ၏လက်ထဲတွင် ဘုရင်အဆင့် အဆင့်နိမ့် မှော်ရတနာတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
အကယ်၍ လူတိုင်းက အတူတကွ အလုပ်လုပ်ကာ ၎င်းကို အသက်သွင်းလိုက်မည်ဆိုပါက၊ မွေးရာပါ
ဝိညာဥ်အဆင့် ကျင့်ကြံသူကပင် ၎င်းကို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံတွင် မီးဖိုတစ်ခု မျောလွင့်လာခဲ့ပြီး၊ ထိုလူပေါ်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေတော့သည်။
ကန်းယွင်ဂိုဏ်း၏ လူများသည် တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ သူတို့၏ တပည့်များကသာ အဆင်ပြေနေသရွေ့၊ သူတို့သည် များများစားစား တောင်းဆိုနေလိမ့်မည် မဟုတ်ပေ။
တစ်ခဏ အကြာ၌ လျှို့ဝှက်နယ်မြေ ဝင်ပေါက်တွင် စွမ်းအင်လှိုင်းအတက်အကျများ ပေါ်ထွက်လာကာ၊ ပုံရိပ်များ ပေါ်ထွက်လာခဲ့သည်။
သို့ရာတွင် သူတို့သည် ထိုနေရာမှာပင် တားဆီးခံလိုက်ရသည်။
ချီလျန်သည် ရှေ့ဆုံးတွင် မတ်တပ်ရပ်နေကာ၊ တစ်ဦးပြီးတစ်ဦး စစ်ဆေးကြည့်ရှုနေခဲ့သည်။
သူ၏လက်ထဲတွင် ရှိနေသည့် မှန်သည် ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံရေး နယ်ပယ်ကို ဖော်ထုတ်နိုင်သည်၊ သို့သော် ထိုကဲ့သို့ ပြုလုပ်ခဲ့သည့် အချိန်တိုင်းတွင် ချီကို ကုန်ဆုံးသွားစေတတ်သည်။
သို့သော် တကယ့်အပြစ်သားကို ရှာဖွေရန်အတွက် သူသည် အံကြိတ်၍ တောင့်ခံနေခဲ့သည်။
ထွက်လာသည့်လူက မည်သူပင် ဖြစ်နေပါစေ၊ စစ်ဆေးခြင်းကို ခံယူခဲ့ကြရသည်။
ကန်းယွင်ဂိုဏ်းသည် သူတို့ကို မတားဆီးခဲ့ကြပေ၊ မတားဆီးနိုင်ဘူးဟု သုံးနှုန်းမည်ဆိုပါက ပိုမှန်နေလိမ့်မည် ဖြစ်သည်။
အချိန်တစ်ခုအထိ ကုန်ဆုံးသွားခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းနှင့် တစ်ခြားလူများလည်း ထွက်လာခဲ့ပြီး၊ လူတန်း၏ အလယ်တွင် မတ်တပ်ရပ်နေကြသည်။
မည်သည့်အရာများ ဖြစ်ပွားခဲ့လဲဆိုသည်ကို သိလိုက်ရသောအခါတွင် အားလုံးသည် စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ မှန်ကို စိုက်ကြည့်နေတော့သည်။ သူတို့က သူ့အား ရှာဖွေနေသည်ဆိုသည်ကို သူသိနေခဲ့သည်၊ သို့သော် သူစိတ်အနှောင့်အယှက် မဖြစ်သွားခဲ့ပေ၊ သူ့ထံတွင် သူ့ကိုယ်သူ ဖုံးကွယ်နိုင်မည့် နည်းလမ်းများ ရှိနေခဲ့သည်။
အကယ်၍ အဆိုပါ နည်းလမ်းအားလုံး ကျရှုံးသွားမည်ဆိုပါက၊ သူသည် တိတ်ဆိတ်သွားစေရန်အတွက် လူတိုင်းကို သတ်လိုက်ရုံသာ လိုအပ်မည် ဖြစ်သည်။
၎င်းကို သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင်၊ သူ့အရှေ့တွင် ရှိနေသည့် ယဲ့တျန်ရီသည် စုံစမ်းစစ်ဆေးခြင်းကို ခံယူခဲ့ပြီး၊ ထွက်ခွာသွားခဲ့သည်။
လုချန်ရှန်းသည် အရှေ့သို့ လျှောက်လှမ်းသွားကာ၊ စုံစမ်းစစ်ဆေးခြင်းကို ခံယူရန် အသင့်ပြင်လိုက်သည်။
သို့သော် သူ့ကို မြင်လိုက်ရသောအခါတွင် ချီလျန်သည် သူ့ကို အပေါ်အောက် စုံချည်ဆန်ချည် ကြည့်ရှုကာ၊ လက်ဝေ့ရမ်းပြလာခဲ့သည် “ မင်းသွားလို့ရပြီ “
“ ဘာကြီး “
ထိုစကားသည် လုချန်ရှန်းကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
“ မင်းသွားလို့ရပြီ “
ချီလျန်မှ ထပ်မံ၍ စကားပြောဆိုလာခဲ့သည်။
သူ့ကို မြင်လိုက်ရသောအခါတွင် သူသည် သူ့ကို စစ်ဆေးရန် မရည်ရွယ်ထားခဲ့ပေ။ အဆိုပါ မှန်ကို အသက်သွင်းခဲ့ရသည့် အချိန်တိုင်းတွင် ချီကို ပမာဏတစ်ခုအထိ အသုံးပြုရန် လိုအပ်သည်။
ထို့အပြင် ချီလျန်သည် ဤနှစ်များတစ်လျှောက်တွင် လုချန်ရှန်းကို ခြေရာခံ စောင့်ကြည့်ခဲ့ဖူးပြီး၊ အတွင်းကျကျ သိရှိနေသောကြောင့်၊ အလဟဿ အပင်ပန်းခံနေရန် မလိုအပ်ဘူးဟု ခံစားနေခဲ့ရသည်။
“ ကျွန်တော့်ကို လွှတ်ပေးလိုက်တာလား။ မစစ်ဆေးတော့ဘူးလား “
“ သွားတော့ “
ချီလျန်သည် စိတ်မရှည် ဖြစ်သွားခဲ့သည်။
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် ထိုကဲ့သို့သော ရလဒ်မျိုး ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူအချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့သည့် နည်းလမ်းအားလုံးက အလဟဿဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ တစ်ဖက်လူသည် သူ့ကို ဂရုပင်မစိုက်ပေ။ သူ့ကို မစစ်ဆေးမကြည့်ရှုသကဲ့သို့၊ မြန်မြန်ထွက်သွားရန်အတွက်ပါ တိုက်တွန်းနှိုးဆော်နေခဲ့လေသည်။
လူအုပ်ကြီး၏ အရှေ့တွင် ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းမှာ သူ၏ယုံကြည်ချက်ကို အတော်လေး ထိခိုက်သွားစေခဲ့သည်။
သူလမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရသောအချိန်တွင် လျူချင်ချန်းသည် သူ့ဘေးနားသို့ ရောက်လာခဲ့ပြီး၊ သူ့ကို နှစ်သိမ့်ပေးလာခဲ့သည် “ ချန်ရှန်း၊ စိတ်မပျက်သွားပါနဲ့။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်၊ အစ်မတို့က ကောင်းကောင်းကျင့်ကြံပြီးတော့၊ သူ့ကို နောက်တစ်ခါ စစ်ဆေးခိုင်းလိုက်မယ် “
လုချန်ရှန်းသည် သူမကို မော့ကြည့်ကာ၊ ကူရာကယ်ရာမဲ့နေသော လေသံမျိုးဖြင့်၊ ပြန်ပြောလိုက်သည် “ စီနီယာအစ်မ၊ လူတွေကို မနှစ်သိမ့်နိုင်ဘူးဆိုရင်လည်း၊ မလုပ်ပါနဲ့ဗျာ “
“ အို့၊ ချန်ရှန်းလေး အရွယ်ရောက်လာပြီပဲ။ သူက ရှက်တောင်ရှက်တတ်နေပြီ “
“ … “
လုချန်ရှန်းသည် ဤစီနီယာအစ်မအရှေ့တွင် လုံးဝကူရာကယ်ရာမဲ့သွားခဲ့သည်။
သူသည် ကန်းယွင်ဂိုဏ်းဘက်သို့ ပြန်ရောက်သွားခဲ့သည်။
သို့ရာတွင် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင်၊ သူသည် အားလုံး၏ အမူအရာများက ယခင်ကနှင့် မတူတော့ဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။
တောင်ထွဋ်သခင်များသည် ထိုလူများကို အေးစက်စက် စိုက်ကြည့်နေကြသည်။
တစ်စုံတစ်ဦးသည် ဂိုဏ်းချုပ်ကို ဖိတ်ခေါ်ရန် ထွက်သွားခဲ့ပြီ ဖြစ်သည်။
သိပ်မကြာခင် အချိန်မှာပင် လော့ထျန်းသည် ဘိုးဘေးနှင့်အတူ ရောက်ရှိလာခဲ့သည်။
သူသည် ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့ပြီး၊ အားကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
သူတို့သည် စကားမပြောကြဘဲ၊ လျှို့ဝှက်နယ်မြေအတွင်းတွင် မည်သူမှ မရှိတော့ဘူးဆိုသည်ကို သေချာသွားစေရန်အတွက် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
အဆုံးတွင် ညနတ်ဆိုးကို ရှာမတွေ့ခဲ့ပေ။
သူတို့သည် အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို ဆွေးနွေးပြောဆိုနေကြသေးသည်။
သို့ရာတွင် လော့ထျန်း၏ စကားပြောသံ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ အားလုံးပဲ၊ စစ်ဆေးလို့ပြီးကြပြီလား “
“ ငါတို့ သူ့ကို ရှာမတွေ့ခဲ့ဘူး “ တစ်စုံတစ်ဦးမှ ခေါင်းခါပြလာခဲ့သည်။
လော့ထျန်းမှ စကားဆက်ပြောလာခဲ့သည် “ စုံစမ်းစစ်ဆေးရေး ပြီးသွားပြီဆိုတော့၊ အကြွေးတွေ ရှင်းရမဲ့ အချိန်ရောက်ပြီ “
“ ဘာကြီး “
လူတိုင်း သတိပြန်ဝင်သွားကြပြီး၊ ထိုနေရာသို့ ငေးကြည့်လိုက်ရာ၊ ကန်းယွင်ဂိုဏ်း၏ တောင်ထွဋ်သခင် ငါးဦးနှင့် အကြီးအကဲ အများအပြားက ဓားများ ဆွဲထုတ်ထားကာ၊ အေးစက်စက် မျက်နှာထားများဖြင့် နေရာအနှံ့တွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့သွားကြသည်။
“ ဂိုဏ်းချုပ်လော့၊ ဒါကဘာသဘောလဲဗျ “ အဘိုးအိုမှ မနေနိုင်တော့ဘဲ၊ မေးမြန်းလိုက်သည်။
လော့ထျန်းမှ ပြန်ပြောလိုက်သည် “ လျှို့ဝှက်နယ်မြေထဲမှာ ငါ့ကန်းယွင်ဂိုဏ်းရဲ့ တပည့်တွေကို တစ်စုံတစ်ယောက်က တိုက်ခိုက်ခဲ့တယ်။ အဲ့ကိစ္စကို ဘယ်လိုရှင်းသင့်လဲ “
“ အခွင့်အလမ်းအတွက် ပြိုင်ဆိုင်နေတဲ့အချိန်မှာ၊ ဓားတွေ ထိပ်တိုက်တွေ့သွားမှာ မလွဲမသွေပဲ “
“ အမှန်ပဲ၊ ဒါပင်မဲ့ မင်းတို့ရဲ့ လူတွေက ငါ့ရဲ့ တပည့်တွေကို ဖမ်းဖို့ ကြိုးစားခဲ့ပြီးတော့၊ အညံ့ခံပြီး လမ်းဖွင့်ပေးဖို့ ဖိအားပေးခဲ့တယ်။ အဲ့တာက မလွန်လွန်းဘူးလား “
“ အဲ့တာက ……. “
လူတိုင်း၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် တစ်ခြားလူများသည် ထိုနေရာမှ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ သူတို့လူများ ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး၊ မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို ပြန်လည်ပြောပြလာခဲ့သည်၊ ၎င်းက သူတို့နှင့် မသက်ဆိုင်ပေ။
ချီလျန်မှာလည်း ထိုနေရာမှ နောက်ဆုတ်သွားခဲ့သည်။
စုမူယွဲ့က ကျိုးချင်ယုကို တိုက်ခိုက်ခဲ့သော်လည်း၊ ၎င်းသည် အခွင့်အလမ်းအတွက် ပြိုင်ဆိုင်ခြင်းသာ ဖြစ်ပြီး၊ ကြောင်းကျိုးဆီလျော်နေခဲ့သည်။
သို့သော် ကျောက်ယန်နှင့် ရွှမ်ချန်တို့မှာ ကွဲပြားနေခဲ့သည်။
လီချန်ဖုန်းသည် ကျိုးချင်ယုကို အကျပ်ကိုင်ရန် အလို့ငှာ၊ ယဲ့တျန်ရီကို ဝိုင်းရံဖမ်းဆီးရန်အတွက် လူအုပ်ကို ဦးဆောင်ခဲ့လေသည်။
ကျောက်ယန်မှာလည်း လူများကို ပေါ်ပေါ်တင်တင် စော်ကားခဲ့ပြီး၊ ၎င်းကို လူတော်တော်များများက သက်သေပြုပေးနိုင်လေသည်။
ထိုအချိန်တွင် ရွှမ်ထျန်းဂိုဏ်း၏ အကြီးအကဲတစ်ဦးမှ စကားစပြောလာခဲ့သည် “ အားလုံးပဲ၊ တပည့်တွေက တစ်ခါတစ်လေမှာ မသင့်လျော်တဲ့ လုပ်ရပ်လေးတွေ လုပ်တတ်ပါတယ်၊ ပြီးတော့ သူတို့တွေကလည်း သေသွားကြပါပြီ။ မင်းတို့က ဘာလိုချင်သေးလို့လဲ “
၎င်းကို မြင်လိုက်ရသောအခါတွင် မုန့်လန်မှာလည်း အလောတကြီး ရှေ့တက်ကာ၊ စကားဝင်ပြောလာခဲ့သည် “ တာအိုရောင်းရင်း၊ ကိစ္စတော်တော်များများက ငါတို့ မထင်မှတ်ထားတဲ့ အရာတွေချည်းပဲ။ ငါတို့က ……….. “
သို့သော် သူ့စကားမဆုံးခင် အချိန်မှာပင် ကျောက်ကျင်းရှေ့ထွက်လာခဲ့ပြီး၊ လော့ထျန်းကို ကြည့်ကာ စကားပြောလာခဲ့သည် “ လူကသေနေပြီ၊ နင်ဘာလိုချင်နေသေးတာလဲ။ ငါ့ရဲ့ နတ်ကောင်းကင်ဂိုဏ်းကို အနိုင်ကျင့်လို့ရမယ်လို့ တကယ်ထင်နေတာလား “
ချက်ချင်းဆိုသလိုပင် မုန့်လန်၏ အမူအရာများ ပြောင်းလဲသွားသည်။
သူမသိသေးသည့် ကိစ္စများ ရှိနေစဲဖြစ်ပြီး၊ ပြန်လည်ပြင်ဆင်နိုင်သည့် အခွင့်အလမ်းများ ရှိနေသေးသည်။ သို့သော် ကျောက်ကျင်း၏ စကားက လမ်းကို လုံးဝပိတ်ဆို့သွားခဲ့လေသည်။
ကျောက်ကျင်းရှေ့ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင်၊ ရွှမ်ထျန်းဂိုဏ်း၏ လူများမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြတော့သည်။
၎င်းမှာ ဤဒေသ၏ အုပ်စိုးသူ၊ နတ်ကောင်းကင်ဂိုဏ်းဖြစ်သည်၊ ၎င်းကသာ သူတို့ဘက်တွင် ရှိနေမည်ဆိုပါက၊ မည်သည့်အရာကို ကြောက်လန့်နေရတော့မည်နည်း
“ အကြီးအကဲ ကျောက်ကျင်းပြောတာ မှန်တယ်၊ အဲ့လူက ………. “
ဖပ်
သူ့စကားမဆုံးခင် အချိန်မှာပင်၊ ပါးရိုက်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးသည် ကျောက်ကျင်းကို ပါးရိုက်ကာ၊ စကားဝင်ပြောလာခဲ့သည်။
“ မိန်းမပျက်၊ နင်က အရင်တစ်ခေါက်တုန်းက ကိစ္စကို သင်ခန်းစာမယူထားတဲ့ပုံပဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း မှင်သက်ကာ၊ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
ရွှမ်ထျန်းဂိုဏ်း၏ လူများသည် နေရာမှာပင် အေးခဲတောင့်တင်းသွားကြသည်။ သူတို့သည် ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးက နတ်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲကို တိုက်ခိုက်ရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ သူတို့ထံတွင် မည်သည့်စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုမှ ရှိမနေခဲ့ပေ။