← Chapters

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အပိုင်း ( 37 )

မုန်တိုင်း လာနေပြီ

ကျောက်ကျင်း ပါးရိုက်ခံလိုက်ရပြီး၊ ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

မုန့်လန်မှာလည်း မိန်းမောသွားခဲ့သည်။

သူသတိပြန်ဝင်လာသည့် အချိန်တွင်၊ သူခေါင်းကိုက်သွားခဲ့ရသည်။

သူတို့ဘက်က အမှားလုပ်ထားသည်ဆိုသည်မှာ သေချာနေခဲ့သည်၊ သို့သော် သူမသည် ပါးကောင်းနေကာ၊ ရှေ့ထွက်၍ လက်ဝါးတောင်းခဲ့လေသည်။ သူမ၏ ကိုယ့်ကိုကိုယ် ဖြောင့်မတ်မှန်ကန်သည်ဟု ထင်နေသည့် အရာမှာ သူပင် စိတ်အနှောင့်အယှက်ဖြစ်သွားရသည့် အရာဖြစ်သည်။

အရင်တစ်ခေါက် အရိုက်ခံရတာကို မမှတ်သေးတာလား၊ ဒါမှမဟုတ် ငါတို့နှစ်ယောက်က မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်ကို ယှဥနိုင်မယ်လို့ ထင်နေတာများလား

ရွှမ်ထျန်းဂိုဏ်းမှ လူများမှာလည်း အထိတ်တလန့် ဖြစ်နေကြပြီ ဖြစ်သည်။

ကန်းယွင်ဂိုဏ်း၏ လူများသည် ၎င်းတို့ကို လျစ်လျူရှုထားကာ၊ သတ်ဖြတ်ရန်အတွက် သူ၏လက်ကို မြှောက်လိုက်သည်။

ကျောက်ကျင်း၏ မျက်လုံးများ နီရဲနေကာ၊ ဒေါသတို့ဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်၊ သူမ၏ စိတ်နှလုံးသား အတွင်းတွင် အရှက်တရားများ ထပ်မံ၍ မြင့်တက်လာခဲ့ပြီး၊ ခုခံချင်နေခဲ့သည်၊ သို့သော် စွမ်းအားတစ်ခုမှာ သူမကို အခိုင်အမာ ဖိနှိပ်ထားခဲ့သည်။

ထိုအချိန်တွင် လော့ထျန်းမှ စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ ဖြေရှင်းချက် မပေးဘူးဆိုရင်၊ ဘယ်သူမှ ထွက်သွားဖို့ မစဥ်းစားနဲ့ “

ကန်းယွင်ဂိုဏ်းမှ လူတိုင်း လှုပ်ရှားလာခဲ့ပြီး၊ ရွှမ်ထျန်းဂိုဏ်း၏ လူအနည်းငယ်သည် နေရာမှာပင် ဖိနှိပ်ခံလိုက်ရကာ၊ အချုပ်နှောင်ခံလိုက်ရသည်။

တစ်ချို့လူများသည် အော်ဟစ်ဆဲဆိုနေကြသေးသည်၊ သို့သော် သူတို့သည် ကန်းယွင်ဂိုဏ်း ဘိုးဘေး၏ အမိန့်ပေးမှုအောက်တွင် တိုက်ရိုက်သတ်ဖြတ်ခံလိုက်ရသည်။

ထိုအချိန်တွင် သူသည် ထပ်မံ၍ လှုပ်ရှားလာခဲ့ရာ၊ ကျောက်ကျင်း၏ ခန္ဓာကိုယ် ချက်ချင်းပြိုကွဲသွားခဲ့သည်။ သူသည် နတ်ကောင်းကင်းဂိုဏ်းနှင့် ရင်ဆိုင်ရချိန်မှာပင် ပလွှားကြီးစိုးနေစဲ ဖြစ်သည်။

တောင်ထွဋ်သခင်များကပင် နေရာမှာတင် မှင်သက်သွားကြသည်။

ကန်းယွင်ဂိုဏ်း ဘိုးဘေး၏ နတ်ကောင်းကင်ဂိုဏ်းမှ လူကို ပြတ်ပြတ်သားသား သတ်ဖြတ်မှုသည် များပြားလွန်းလှသော ပုဂ္ဂိုလ်များကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

“ ဘိုးဘေးက တန်ခိုးထွားတယ် “

လူတိုင်း တိတ်ဆိတ်နေသည့် အချိန်တွင် လုချန်ရှန်းတစ်ဦးတည်းကသာလျှင် အော်ဟစ်ပြောဆိုလာခဲ့သည်၊ သူကျောက်ကျင်းကို မျက်စိဆံမွှေးစူးနေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

အစတွင် သူကိုယ်တိုင် လှုပ်ရှားရန် ကြံရွယ်ထားခဲ့သည်၊ သို့သော် ယခုတွင်ကား သူလုပ်ဆောင်ရန် မလိုအပ်တော့ပေ။

ဤကဲ့သို့ သွေးအေးအေးနှင့် သတ်ဖြတ်ခြင်းမှာ အမှန်ပင် ရှားပါးလွန်းနေခဲ့သည်။

သူသည် တစ်ဖက်လူ၏ မဟာအကြီးအကဲက လော့ရှန်လင်းအား တပည့်တစ်ဦးအဖြစ် ခေါ်ဆောင်သွားတော့မည်ဆိုသည်ကိုသိနေခဲ့သည်။ ၎င်းက ကန်းယွင်ဂိုဏ်းထံတွင် အင်အားကြီး နောက်ခံတစ်ခု ရှိလာပြီဟု ဆိုလိုနေသောကြောင့်၊ များစွာစိုးရိမ်ပူပန်နေရန် မလိုတော့ပေ။

ကျောက်ကျင်း အသတ်ခံလိုက်ရသောကြောင့်၊ မုန့်လန်ပင် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ သူမက တန်ကြေးတစ်ခုကို ပေးချေခဲ့ပြီးပါပြီ၊ စီနီယာ၊ ကျေးဇူးပြုပြီးတော့ ဒီလောက်ကြီးအထိ မရက်စက်ပါနဲ့။ အဲ့တာက သူမရဲ့ အမှားပါ၊ နတ်ကောင်းကင်ဂိုဏ်းက ဒီကိစ္စကို ထပ်ပြီးတော့ မတူးဆွပါဘူး “

သို့သော် ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးသည် သူ့ကို လျစ်လျူရှုထားခဲ့ပြီး၊ သူမကို လုံးဝပျောက်ကွယ်သွားစေရန်အတွက် ထပ်မံ၍ တိုက်ခိုက်လိုက်သည်။

သို့ရာတွင် ကျောက်ကျင်း၏ စိတ်ဝိညာဥ်သည် အလင်းတန်းတစ်ခုနှင့်အတူ ပေါက်ထွက်လာခဲ့သည်၊ အဆောင်တစ်ခု ပေါ်လာခဲ့ပြီး၊ သူမ၏ စိတ်ဝိညာဥ်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

“ လွတ်သွားတာပဲ “

လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် ထိုအဆောင်က အတော်လေးထူးခြားသည်ဆိုသည်ကို ခံစားနေနိုင်ခဲ့သည်၊ ၎င်းသည် နတ်ကောင်းကင်ဂိုဏ်းမှ ပေးထားသည့် ကာကွယ်ရေး အဆောင်တစ်မျိုးမျိုး ဖြစ်ပုံရကာ၊ ဘိုးဘေးကပင် အချိန်မှီ မတားဆီးနိုင်ခဲ့ပေ။

မုန့်လန်မှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။

ထို့နောက်တွင် ဘိုးဘေးသည် ရွှမ်ထျန်းဂိုဏ်းမှ လူများရှိရာဘက်သို့ လှည့်ကြည့်ကာ တပည့်တစ်ဦးကို ဆွဲခေါ်လိုက်သည် “ ပြန်သွားပြီးတော့ ရွှမ်ထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ပြောလိုက် ခုနစ်ရက်အတွင်းမှာ တစ်ယောက်ယောက် လာပြီးတော့၊ ဒီအဘိုးကြီး စိတ်ကျေနပ်စေလောက်မဲ့ ဖြေရှင်းချက်တစ်ခု ပေးရမယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီအဘိုးကြီးက ရွှမ်ထျန်းဂိုဏ်းကို လာတိုက်ပြီးတော့၊ မင်းတို့အားလုံးကို အပြတ်ရှင်းပေးမယ် “

ဟစ်

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ကန်းယွင်ဂိုဏ်းရဲ့ ဘိုးဘေးက ဘယ်လောက်တောင် ကြီးစိုးလိုက်လဲ

ထို့အပြင် အားလုံးသည် သူ၏ဒေါသကို သိနေကြသည်၊ ထိုလူသည် သူပြောထားသည့်အတိုင်း လုပ်တတ်ပြီး၊ အကယ်၍ ခုနစ်ရက်အတွင်းတွင် မည်သူမှ ရောက်မလာခဲ့ဘူးဆိုပါက၊ သူသည် ရွှမ်ထျန်းဂိုဏ်းကို အမှန်တကယ် တိုက်ခိုက်လိမ့်မည် ဖြစ်သည်။

သူတံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့သည့် အချိန်ကတည်းက လေထုတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။

လုချန်ရှန်းမှာလည်း ထိုမြင်ကွင်းကို အံ့ဩတကြီးဖြင့် ငေးကြည့်နေခဲ့သည်။

ထို့နောက်တွင် လော့ထျန်းမှ စကားထပ်ပြောလာခဲ့ပြီး၊ လူတိုင်းကို နှုတ်ဆက်လာခဲ့သည်။

အားလုံးသည် ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးက စိတ်ပြန်ပြောင်းသွားကာ၊ သူတို့ကို သတ်ဖြတ်လာမည်ကို စိုးရိမ်ပူပန်နေသောကြောင့် ထွက်ပြေးနေသကဲ့သို့ ထွက်ခွာသွားကြသည်။

တစ်ဖက်လူက နတ်ကောင်းကင်ဂိုဏ်းမှ လူကိုပင် ဂရုမစိုက်သောကြောင့်၊ သူတို့သာ ဆိုပါက ပြောနေရန်ပင် မလိုတော့ပေ။

မုန့်လန်မှာလည်း အဝေးတွင် မတ်တပ်ရပ်ကာ၊ အံ့အားသင့်နေလျက်ရှိသည်။

ကန်းယွင်ဂိုဏ်း၏ လူများသည် သူ့ကို ဂရုမစိုက်ဘဲ၊ သူတို့၏ တပည့်များနှင့်အတူ ပြန်သွားခဲ့သည်။

ပင်မခန်းမသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင်၊ လော့ထျန်းသည် လူတိုင်းကို ငေးကြည့်ကာ၊ စကားပြောလိုက်သည် “ လုချန်ရှန်း၊ မင်းအရင် ပြန်သွားလို့ရပြီ။ ကျန်တဲ့လူတွေ နေခဲ့ကြ “

လုချန်ရှန်း မှင်သက်သွားခဲ့သည်၊ ဘာတုန်းဟ

ငါ့ကို ထပ်ပြီးတော့ ထွက်သွားခိုင်းပြန်ပြီးလား

ငါမရှိပဲနဲ့၊ ကိစ္စအားလုံး ရှင်းနိုင်တယ်ပေါ့

သူက ကန်းယွင်ကားချပ်အကြောင်း တွေးတောစဥ်းစားနေသော်လည်း၊ သူတို့မှာ သူ့ကို လျစ်လျူရှုထားခဲ့သည်။

လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ၊ လက်နှစ်ဖက်စလုံးကို ကျောနောက်ပို့၍ ဖြည်းဖြည်းချင်း ထွက်သွားခဲ့သည်။

လော့ထျန်းသည် မနေနိုင်တော့ဘဲ စကားထပ်ပြောလာခဲ့သည် “ သူက မပျော်မရွှင် ဖြစ်နေတုန်းပဲ “

“ မင်းက သူ့တစ်ယောက်တည်းကို ထွက်သွားခိုင်းလိုက်တာလေ၊ ဘယ်သူက ပျော်နေမှာလဲဟ “ လင်းပေါ်သည် တဟားဟား ရယ်မောနေတော့သည်။

“ သူဒီမှာ ဆက်နေတော့ရော ဘာအသုံးဝင်မှာမို့လို့လဲ။ တကယ်လို့ သူဆက်နေမယ်ဆိုရင်တောင်မှ၊ သူက ဘာမှသိမှာမှ မဟုတ်တာ “

လော့ထျန်းသည် လော့ရှန်လင်း၏ ကိစ္စနှင့်ပတ်သက်၍ မကျေမချမ်း ဖြစ်နေသောကြောင့် လုချန်ရှန်းကို အနည်းငယ် ပစ်မှတ်ထားနေခဲ့ခြင်း ဖြစ်သည်။

လူတိုင်း ရယ်မောသွားကြသည်။

သို့ရာတွင် ဘိုးဘေးကမူ လုချန်ရှန်းကို ငေးကြည့်ကာ၊ စကားပြောလာခဲ့သည် “ အဲ့ကလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်၊ ငါနဲ့ တော်တော်လေးကို တူတယ် “

“ တူတာလား “

လူအုပ်ကြီးသည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်၊ တစ်ဦးက ပလွှားကြီးစိုးကာ ရဲရင့်ပြီး၊ အကြောက်အရွံ့ကင်းမဲ့နေစဥ်အချိန်တွင်၊ ကျန်တစ်ဦးမှာ အသက်ကို လောဘကြီး၍ သေရမည်ကို ကြောက်လန့်ကာ၊ သတ္တိနည်းနေခဲ့သည်၊ ၎င်းက မည်ကဲ့သို့ တူညီနေပါသနည်း

ဆက်စပ်မှုရှိလို့လားဟ

တစ်ခဏခန့် ရယ်မောနေခဲ့ပြီးသည့်နောက်တွင် သူတို့သည် စတင်၍ မေးမြန်းနေကြတော့သည်။

ဤကိစ္စမတိုင်ခင် အချိန်တွင် သူတို့သည် ကန်းယွင်ကားချပ် ပေါ်ထွက်လာပြီး၊ ခန်းမကြီးတစ်ခုကို မြင်တွေ့ခဲ့ရသည်ဆိုသည်ကို သိနေခဲ့ပြီးဖြစ်သည်၊ သို့သော် ကန်းယွင်ကားချပ်အား မည်သို့မျှ ရှာမတွေ့ခဲ့ပေ။

“ အဲ့ဒီခန်းမကြီးက ကန်းယွင်ကားချပ်ကို သိမ်းထားတဲ့ နေရာပဲ “ ဟု ဘိုးဘေးမှ ပြန်ပြောပြလာခဲ့သည်။

ကျိုးချင်ယု မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် ပြိုင်ဘက်အကုန်လုံးကို မောင်းထုတ်ကာ အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း၊ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။

လော့ထျန်းမှ စကားထပ်ပြောလာခဲ့သည် “ တစ်ယောက်ယောက်က အဲ့တာကို ရသွားတာများလား။ အဲ့တာက ဘယ်သူလဲ။ ကျောက်ယန်လား၊ ဒါမှမဟုတ် အဲ့ဒီအမျိုးသမီးလား၊ ဒါမှမဟုတ် ရွှမ်ချန်လား “

“ သူတို့တွေ မဟုတ်တောက်ဘူး “

“ တကယ်လို့ သူတို့သာ ရခဲ့မယ်ဆိုရင်၊ ဒီလိုကိစ္စမျိုးတွေ ဖြစ်လာခဲ့မှာ မဟုတ်ဘူး၊ အဲ့တာက ညနတ်ဆိုးနဲ့ပဲ ဆိုင်နေဖို့များတယ် “

“ သူရသွားတာလား “

ဘိုးဘေး အတွေးနက်သွားတော့သည်၊ သူသည် အဆိုပါ နတ်ဆိုးရူးလေး၏ အကြောင်းကို အနည်းငယ် ကြားသိထားခဲ့သည်။ သူက လူယုတ်မာဖြစ်သော်လည်း၊ ထိုလူက ဂိုဏ်းအပေါ်တွင် မကောင်းသော ရည်ရွယ်ချက်များ မရှိဘူးဆိုသည်ကို သူအာရုံခံနေနိုင်ခဲ့သည်။

“ သူရသွားတာက မကောင်းတဲ့ ကိစ္စတစ်ခုတော့လည်း မဟုတ်ပါဘူး။ အနည်းဆုံးတော့ သူ့ဆီမှာ ငါတို့ ဂိုဏ်းနဲ့ပတ်သက်ပြီးတော့ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးလေ၊ ငါတို့စိတ်အပူရဆုံး ကိစ္စက တစ်ခြားအင်အားစုက အဲ့တာကို ငါတို့ရသွားတယ်လို့ တွေးနေမှာကိုပဲ “

ထိုစကားသည် လူတိုင်းကို အတွေးနက်သွားစေခဲ့သည်။

ကန်းယွင်ဂိုဏ်းက ၎င်းကို ရရှိသွားသည်ဟု အပြင်လူများက ယုံကြည်သွားသည်နှင့်တစ်ပြိုင်နက်၊ ကြီးမားသော ပြဿနာကြီးတစ်ခု ပေါ်လာမည် ဖြစ်သည်။

တစ်ခြားလူများကို ၎င်းကို မျက်စိကျလာမည် ဖြစ်သည်။

တစ်ခဏကြာသည်အထိ လူတိုင်း စိတ်ကျဥ်းကြပ်သွားကြသည်။

သူတို့သည် မည်သည့်အရာကိုမှ မရရှိခဲ့သော်လည်း၊ လူအများ၏ ပစ်မှတ်ထားခြင်းကို ခံရတော့မည် ဖြစ်သည်။

သူတို့သည် အချိန်မရွေး ပြန်လည်တုံ့ပြန်ရန်အတွက် လှည့်ကင်းများကို ပိုမိုအားကောင်းစေရုံသာ ပြုလုပ်နိုင်ကြသည်။

လူတိုင်း လျင်မြန်စွာ ထွက်ခွာသွားကြသည်။

တစ်ချိန်တည်းမှာပင် ကန်းယွင်ဂိုဏ်း၏ လူများ ထွက်ခွာသွားသောကြောင့် အမျိုးမျိုးသော မှန်းဆချက်များ မြင့်တက်ဖြစ်တည်လာခဲ့သည်။

ကန်းယွင်ကားချပ်၏ ပေါ်ထွက်လာမှုကို လူတိုင်း သိရှိထားခဲ့ပြီးပြီ ဖြစ်သည်။

ထို့အပြင် ကျောက်ယန်နှင့် ရွှမ်ချန်တို့ သေဆုံးသွားခဲ့ပြီး၊ စုမူယွဲ့မှာလည်း ရှုံးနိမ့်သွားသောကြောင့်၊ ထွက်ပြေးသွားခဲ့ပြီးပြီ ဖြစ်သည်။

ကန်းယွင်ကားချပ်က မည်သည့်နေရာသို့ ရောက်ရှိသွားလဲဆိုသည်ကို မည်သူမှ မသိကြပေ။ ညနတ်ဆိုး(သို့) ကန်းယွင်ဂိုဏ်း တစ်ဦးဦးထံတွင် ရှိနေလိမ့်မည် ဖြစ်သည်။

လူတစ်ချို့သည် ညနတ်ဆိုးက ကန်းယွင်ဂိုဏ်းမှ လူတစ်ဦးဖြစ်သည်ဟု မှန်းဆတွက်ချက်နေကြသည်။

အင်အားစု အသီးအသီးတွင် ကိုယ်ပိုင်ရည်ရွယ်ချက်များ ရှိလာခဲ့ပြီ ဖြစ်သည်။

လော့ထျန်းမှာလည်း စီစဥ်ပြင်ဆင်မှုများ ပြုလုပ်နေခဲ့သည်၊ မည်သို့ပင်ဆိုစေကာမူ အနာဂတ်က ငြိမ်းချမ်းနေတော့မည် မဟုတ်သောကြောင့်၊ ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်သည်။

သူသည် လော့ရှန်လင်းကို စိတ်ပူသောကြောင့်၊ သူမကို နတ်ကောင်းကင်ဂိုဏ်းသို့ ပြန်ခေါ်သွားရန် မုန့်လန်ကို တောင်းဆိုလိုက်သည်။

မဟာအကြီးအကဲ၏ တည်ရှိမှုကြောင့်၊ အကယ်၍ ဘိုးဘေးက ကျောက်ယန်ကို သတ်လိုက်မည်ဆိုလျှင်တောင်မှ၊ ထိုလူများသည် သူမကို ပစ်မှတ်ထားရဲလိမ့်မည် မဟုတ်ပေ။ ဤနေရာမှ ထွက်သွားခြင်းကသာလျှင် အလုံခြုံ၊ ဘေးအကင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်သည်။

အကယ်၍ မတော်တဆမှု တစ်ခုခု ဖြစ်ပေါ်လာခဲ့မည်ဆိုပါက၊ ၎င်းက သူမကို ထိခိုက်စေနိုင်တော့မည် မဟုတ်ပေ။

အကယ်၍ ဂိုဏ်းက ဖျက်စီးခံလိုက်ရမည်ဆိုလျှင်တောင်မှ၊ သူမသည် တစ်နေ့တွင် ဂိုဏ်း၏ အောင်မြင်မှု/ဂုဏ်သိက္ခာကို ပြန်လည်ယူဆောင်ပေးမည် ဖြစ်သည်။

အစပိုင်းတွင် သူသည် ကျိုးချင်ယုကိုပါ ထွက်သွားစေချင်ခဲ့သည်၊ သူ၏ စွမ်းရည် အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့ပြီး၊ သူသည် နောက်အနာဂတ်တွင် ကြီးမားသော အောင်မြင်မှုများ ရရှိလာခဲ့ကာ၊ မွေးရာပါ ဝိညာဥ်နယ်ပယ်မှာတင် ရပ်တန့်နေလိမ့်မည် မဟုတ်ပေ။

သို့သော် သူ၏စိတ်သဘောထားကမူ ဖြောင့်မတ်မှန်ကန်နေခဲ့သည်၊ သူသည် ထွက်သွားရန် ငြင်းဆန်ခဲ့ပြီး၊ ဂိုဏ်းနှင့်အတူ မခွဲမခွာ ရှိနေမည်ဟုသာ အတင်းအကြပ် ပြောဆိုခဲ့သည်။

ထို့ကြောင့် သူတို့သည် မည်သို့မျှ မတတ်နိုင်တော့ဘဲ၊ မတော်တဆမှုဖြစ်ရပ်က အမှန်တကယ် ဖြစ်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းပြီးမှသာ သူ့ကို အဝေးသို့ ပို့လွှတ်ရမည် ဖြစ်သည်။

လော့ရှန်လင်းနှင့် ကျိုးချင်ယုတို့ကသာ ရှင်သန်နေသေးသရွေ့၊ ဂိုဏ်းတွင် မျှော်လင့်ချက် ရှိနေဦးမည် ဖြစ်သည်။

လုချန်ရှန်းသည် ချင်းယွင်တောင်ထွဋ်ပေါ်တွင် မတ်တပ်ရပ်နေကာ၊ ဆယ်နှစ်ကြာ နေထိုင်ခဲ့သည့် ဂိုဏ်းကို ငေးမောကြည့်ရှုနေခဲ့သည်၊ ဤဂိုဏ်းသည် ဆယ်စုနှစ်တစ်ခုအတွင်းတွင် သူ့ကို စိတ်ရင်းအမှန်ဖြင့် ကာကွယ်ပေးခဲ့သည်။

သူသည် ဖရိုဖရဲဖြစ်ရပ်က ကန်းယွင်ကားချပ်ကြောင့် ဖြစ်လာရဆိုသည်ကို နားလည်နေခဲ့သော်လည်း၊ သူ၏ပရောဂပါ အနည်းငယ် ပါဝင်နေသည်ဆိုသည် သိနေခဲ့သည်။

အဆိုပါ မှော်ပစ္စည်းများသည် အင်အားစု တော်တော်များများ၏ အတွေးများကို လှုပ်ခတ်သွားစေခဲ့သည်။

၎င်းသည် များပြားလွန်းလှသော လူများကို ရူးသွပ်သွားစေရန် လုံလောက်နေခဲ့ပြီး၊ အရာအားလုံးက အထိန်းအချုပ်မဲ့သွားမည် ဖြစ်ကာ၊ မည်သည့်အရာများ ဖြစ်ပေါ်လာမလဲဆိုသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။

သူ၏အကြည့်သည် ဂိုဏ်း၏ ရတနာတိုက်ထံသို့ ရောက်ရှိသွားကာ၊ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ ဒါမှမဟုတ် ငါက ……. “

သူ့ထံတွင် အကြံတစ်ခုပေါ်လာခဲ့သော်လည်း၊ တစ်ခြားလူတစ်ဦး၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသည်။

ဤနေရာသို့ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး၊ သူ့ကို ကြည့်လာခဲ့သည်။

………………………………………………………………………………………………………………………………….

အပိုင်း ( 38 )

အရပ်မျက်နှာရှစ်ခုစလုံးမှ လှုပ်ရှားလာကြခြင်း

ထိုလူသည် လုချန်ရှန်းကို ကြည့်ကာ မေးမြန်းလာခဲ့သည်။

“ ဒီကမိတ်ဆွေလေး မင်းက လုချန်ရှန်းဆိုတာလားဗျ “

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ ကျွန်တော်ပါပဲ၊ ခင်ဗျားက “

“ ကျွန်တော်က နင့်ချန်၊ နင့်ယုရှင်းရဲ့ ဂျူနီယာ သိုင်းပညာဦးလေးပါ “

“ ဪ၊ နင့်မိသားစုက စီနီယာကိုး၊ ဆောရီးပါဗျ “

လုချန်ရှန်းသည် ယဥ်ယဥ်ကျေးကျေး ပြန်ပြောလိုက်သည်။

လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်နေခဲ့ပြီး၊ နင့်ချန်မှ စကားထပ်ပြောလာခဲ့သည် “ မိတ်ဆွေလေး၊ ယဥ်ကျေးနေဖို့ မလိုပါဘူးကွာ။ ငါက မိသားစုခေါင်းဆောင်ရဲ့ အမိန့်ကြောင့် နင့်ယုရှင်းကို လာရှာတာပါ၊ ငါမေးခွန်းတစ်ခုလောက် မေးလို့ရမလား “

“ ဘာကြီးလဲ “

“ ဝိညာဥ်ကျောက်တုံး တစ်သိန်းက နင့်ယုရှင်းကို သုံးနှစ်အတွင်းမှာ ချီသိပ်သည်းခြင်း အဆင့်၉ကို ရောက်သွားစေပြီးတော့၊ ဓားတာအိုကိုလည်း အဆင့်၄အထိ ရောက်သွားစေနိုင်တယ်လို့ မိတ်ဆွေလေးက ပြောခဲ့တယ်လို့ ငါကြားခဲ့ရတယ်။ အဲ့တာက အမှန်လား “

လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ ဘယ်သူ့ကိုမှ မပြောပြဘူးလို့ သူကျိန်ခဲ့တာ မဟုတ်ဘူးလားဟ

သူမက ငါ့ကို ဘယ်လိုလုပ် ရောင်းစားနိုင်ရတာလဲ

သို့သော် ဤအခြေအနေအထိ ရောက်လာခဲ့ပြီဖြစ်သောကြောင့်၊ သူ့ထံတွင် ရွေးချယ်စရာ မရှိဘဲ၊ ကျည်ဆံကို ကိုက်ကာ စကားပြန်ပြောလိုက်သည် “ အမှန်ပါပဲ။ အဲ့တာက ကျွန်တော့်ဆရာရဲ့ မိတ်ဆွေဟောင်းလေ၊ သူက အဲ့တာအိုကို တော်တော်လေး ကျွမ်းတာဗျ “

( ကျည်ဆံကိုက်တယ်ဆိုတာက အံကြိတ်တယ်၊ သည်းခံပြီးပြောတယ်ဆိုတဲ့ သဘောပါ )

နင့်ချန်သည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ သူ၏လက်ထဲတွင် အိတ်တစ်လုံး ပေါ်လာခဲ့သည်။

“ အဲ့တာက ဝိညာဥ်ကျောက်တုံး တစ်သိန်းပါ။ မိသားစုခေါင်းဆောင်က အဲ့တာကို ပို့ပေးဖို့အတွက် ငါ့ကို အမိန့်ပေးလိုက်တယ်၊ မိတ်ဆွေလေးကိုပဲ ဒုက္ခပေးရတော့မယ် “

ချက်ချင်းဆိုသလိုပင် လုချန်ရှန်း မှင်သက်သွားခဲ့သည်။ ရုတ်တရက်ကြီးလားဟ၊ ငါဘာမှ မပြင်ဆင်ရသေးဘူးလေ

သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ အိတ်ကို ယူလိုက်သည်။

၎င်းနှင့် သူ့တွင် ရှိနေသော အရာများကို ပေါင်းစပ်လိုက်မည်ဆိုပါက၊ သူ၏ မွေးရာပါ ဝိညာဥ်မှာ တည်ငြိမ်သွားပြီ ဖြစ်သည်။

နင့်ယုရှင်း၏ ပြောင်းလဲမှုများကို မြင်တွေ့ခဲ့ရပြီးပြီဖြစ်သောကြောင့်၊ နင့်ချန်သည် မည်သို့မျှ မေးခွန်းမထုတ်လာခဲ့ပေ။ သူမသည် တစ်လကျော်အတွင်းမှာပင် ချီသိပ်သည်းခြင်းနယ်ပယ်သို့ ခြေချနေနိုင်ခဲ့ပြီ ဖြစ်သည်။

ပို၍အံ့ဖွယ်ကောင်းသည်မှာ သူမ၏ ဓားတာအိုက အဆင့်၂သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်၊ ၎င်းက အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။

၎င်းတို့ကို မြင်တွေ့ထားရသောကြောင့်၊ သူတို့ထံတွင် မည်သည့်သံသယမှ ရှိမနေခဲ့ပေ။

ထို့နောက်တွင် သူသည် စကားဆက်ပြောလာခဲ့သည် “ မိတ်ဆွေလေးက ပြင်ဆင်ချိန် ဘယ်လောက်ယူရမလဲဆိုတာကို ငါသိခွင့်ရှိမလား “

“ အလျင်လိုနေတာလား “

“ ဟုတ်တယ် “ နင့်ချန်သည် မည်သည့်အရာကိုမှ မဖုံးကွယ်ထားဘဲ၊ စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်၊ ငါက နင့်ယုရှင်းကို နောက်နှစ်ရက်သုံးရက်အတွင်း ပြန်ခေါ်သွားရမှာ “

သူ၏ဆိုလိုရင်းက ရှင်းလင်းလွန်းနေခဲ့သည်။ သူသည် ကန်းယွင်ဂိုဏ်းတွင် မုန်တိုင်းတစ်ခု တိုက်ခတ်တော့မည်ဆိုသည့် သတင်းကို ကြားသိခဲ့ပုံရပြီး၊ နင့်ယုရှင်း၏ လုံခြုံဘေးကင်းရေးကို တွေးမိနေပုံရသည်။

လုချန်ရှန်းသည် သူ၏ဆိုလိုရင်းကို နားလည်နေခဲ့ကာ၊ ခေါင်းငြိမ့်ပြ၍ ပြန်ပြောလိုက်သည် “ ပြင်ဆင်ဖို့အတွက် နှစ်ရက်လောက်ပဲ အချိန်ယူရမှာပါ “

“ ကောင်းတယ်၊ မိတ်ဆွေလေးကို ဒုက္ခပေးမိပါပြီ “

နင့်ချန်သည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ၊ ထွက်ခွာသွားခဲ့သည်။

သူသည် သူ့လက်ထဲတွင် ရှိနေသည့် ဝိညာဥ်ကျောက်တုံးများကို ကြည့်နေခဲ့ပြီး၊ နင့်မိသားစု၏ သဘောထားကို အမှတ်ရသွားကာ၊ အကြံတစ်ခု ရသွားခဲ့သည်။

“ ကြည့်ရတာတော့ ထပ်စောင့်နေလို့ မရတော့ဘူးပဲ “

ထို့နောက်တွင် သူသည် ချင်းယွင်တောင်ထွဋ်ပေါ်မှ ပြေးဆင်းသွားကာ၊ ကန်းယွင်မြို့ဆီသို့ ဦးတည်သွားတော့သည်။

ဤတစ်ကြိမ်တွင် သူမည်သို့မျှ စောင့်ဆိုင်းမနေတော့ပေ။ သူသည် လိုအပ်သော ပစ္စည်းများကို ဝယ်ယူခဲ့ပြီး၊ ဆေးအားလုံး သန့်စင်ကာ၊ နှစ်ရက်မျှ ကြာခဲ့ပြီးသည့်နောက်တွင်၊ နင့်ယုရှင်းကို သွားရှာလိုက်သည်။

အသုံးပြုပုံ အမျိုးမျိုးကို အသိပေးခဲ့ပြီးသည့်နောက်တွင်၊ သူသည် သူ၏ကိုယ်ပိုင် အဆင့်ထိုးဖောက်မှုအတွက် စတင်၍ ပြင်ဆင်နေတော့သည်။

“ စီနီယာအစ်ကိုလု …… “

နင့်ယုရှင်းသည် သူမ၏ ပါးစပ်ကို ဖွင့်ဟလာခဲ့ကာ၊ စကားပြောချင်နေခဲ့သည်။

လုချန်ရှန်းသည် သူမကို ကြည့်လိုက်ကာ၊ သူမ၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။

“ ဒီနေရာက ပြဿနာတွင်းကြီး ဖြစ်နေပြီ။ စောစောထွက်သွားတာ အကောင်းဆုံးပဲ။ တကယ်လို့ ငါထွက်သွားလို့ရမယ်ဆိုရင်၊ ငါထွက်သွားတာ တော်တော်လေး ကြာနေခဲ့ပြီ “

“ ကျွန်မ …….. “

နင့်ယုရှင်းက တစ်စုံတစ်ခုကို ပြောချင်နေခဲ့သော်လည်း၊ လုချန်ရှန်းသည် သူမ၏ စကားလုံးများကို လျစ်လျူရှုထားကာ၊ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

“ ကျွန်မ မထွက်သွားချင်ဘူး “

သူမသည် ဝေးကွာသွားသော သူ၏ပုံရိပ်ကို ကြည့်နေရင်းဖြင့် ချိုသာစွာ ရေရွတ်ပြောဆိုနေခဲ့သည်။

နင့်ချန်သည် အနောက်ဘက်မှ စောင့်ကြည့်နေခဲ့ကာ၊ စကားပြောလာခဲ့သည် “ ယုရှင်း၊ အခုလက်ရှိ အခြေအနေတွေက မတူတော့ဘူး။ ဒီနေရာက အချိန်ကြာကြာ ဆက်နေဖို့အတွက် မသင့်တော်ဘူး “

“ ဦးလေးချန်၊ ဒါက မသင့်တော်ဘူးမလား “ နင့်ယုရှင်းမှ မေးမြန်းလိုက်သည်။

နင့်ချန်မှ ပြန်ပြောလာခဲ့သည် “ အခြေအနေကို သမီးနားမလည်ပါဘူး “

“ ရှင်တို့ ကျွန်မကို ဒီကို ပို့လိုက်တုန်းက၊ စီနီယာအစ်ကိုကျိုးနဲ့ ကျွန်မကို လက်ထပ်ပေးချင်နေကြတာလေ၊ အခု ကန်းယွင်ဂိုဏ်းက ဒုက္ခရောက်တော့မယ်ဆိုတော့ ကျွန်မတို့က သူတို့ကို ချက်ချင်းစွန့်ပစ်လိုက်ကြတယ်။ လူပြောခံရမှာကို မကြောက်ကြဘူးလား “

နင့်ယုရှင်းသည် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ ဖြစ်လာရလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

နင့်ချန်သည် သူ့အရှေ့တွင် ရှိနေသည့် မိန်းမငယ်လေးကို ကြည့်ကာ အသာအယာ သက်ပြင်းချနေတော့သည် “ ကျိုးချင်ယုရဲ့ စွမ်းရည်က ထူးခြားပါတယ်။ နင့်မိသားစုအတွက်တော့ သူက နောင်အနာဂတ်မှာ အကောင်းဆုံး ကာကွယ်သူဖြစ်လာလိမ့်မယ်။ ဒါပင်မဲ့ အခုလက်ရှိအချိန်မှာတော့ သမီးက သူ့ထပ်အားမနည်းတော့ဘူးလေ၊ သမီးရှိနေမယ်ဆိုရင်၊ နင့်မိသားစုက ဘာကိုမှ မလိုအပ်တော့ဘူး “

ချီစုစည်းခြင်းနှင့် နယ်ပယ်နှင့် ချီသိပ်သည်းခြင်းနယ်ပယ်တို့ကို ပါးလွှာသော မျဥ်းကြောင်းတစ်ခုနှင့် ခြားနားထားခဲ့သည်။ သို့သော် အဆိုပါ မျဥ်းကြောင်းကို ရိုက်ချိုးရန်(သို့) ကျော်ဖြတ်ရန်အတွက် နှစ်များပေါင်းများစွာကြာသည်အထိ အချိန်ယူရလေ့ရှိသည်။

သို့သော် ယခုတွင်ကား သူမသည် ၎င်းကို အောင်မြင်အောင် ပြုလုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

အသက်ဆယ့်ခုနစ်(သို့) ဆယ့်ရှစ်နှစ်အရွယ်တွင် ချီသိပ်သည်းခြင်း နယ်ပယ်ကို ရောက်ရှိခြင်းမှာ ကျိုးချင်ယုထပ် မည်သို့မျှ အားနည်းမနေခဲ့ပေ။

နင့်မိသားစု၏ ကြွယ်ဝသော အရင်းအမြစ်များနှင့် ပေါင်းစည်းလိုက်မည်ဆိုပါက၊ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်ဦးကို ဖန်တီးရန်မှာ ခက်ခဲနေတော့မည် မဟုတ်ပေ။

“ ကျွန်မ မသွားဘူး “ နင့်ယုရှင်းမှ ခေါင်းခါပြလိုက်သည်။

နင့်ချန်သည် မျက်မှောင်ကြုတ်သွားကာ စကားထပ်ပြောလာခဲ့သည် “ အခုလက်ရှိ အခြေအနေတွေက ကန်းယွင်ဂိုဏ်းအတွက် တော်တော်လေးကို ဆိုးနေတယ်။ ရွှမ်ထျန်းဂိုဏ်းက ဒီကိစ္စကို အလွတ်ပေးမှာ မဟုတ်ဘူး၊ သူတို့က ချန်းလော့ဂိုဏ်းနဲ့ ပူးပေါင်းပြီးနေပြီ။ ပြီးတော့ ကန်းပြည်နယ်က အင်အားစုတိုင်းက အဲ့တာကို လိုချင်နေကြတယ်၊ နောက်ဆိုရင် ကန်းပြည်နယ်ပြင်ပက အင်အားစုတွေပါ ပါလာလိမ့်မယ်။ နောက်ဆက်တွဲ အကျိုးဆက်တွေက ဘယ်လိုဖြစ်လာမလဲဆိုတာကို နင်သိလား “

“ ဦးလေးချန်၊ ကန်းယွင်ဂိုဏ်းက အဲ့ပစ္စည်းကို တကယ်ရခဲ့မယ်ဆိုရင်ကော “

နင့်ယုရှင်း၏ စကားသည် နင့်ချန်ကို တောင့်တင်းသွားစေခဲ့သည်။

အကယ်၍ ကန်းယွင်ဂိုဏ်းကသာ ၎င်းကို ရရှိခဲ့မည်ဆိုပါက၊ မည်သည့်အရာများ ဖြစ်ပျက်လာမည်နည်း

အကယ်၍ သူတို့ကသာ ဤကပ်ဘေးကို ကျော်လွှားနိုင်ခဲ့မည်ဆိုပါက၊ ကြောက်ခမမ်းလိလိ မြင့်တက်လာလိမ့်မည် ဖြစ်သည်။ သူတို့သည် ဧရာမဂိုဏ်းကြီးတစ်ခု ဖြစ်ခဲ့ဖူးသောကြောင့်၊ နောင်အနာဂတ်တွင် ယခုလက်ရှိ နတ်ကောင်းကင်ဂိုဏ်းကိုပင် ယှဥ်ပြိုင်လာနိုင်ပေသည်။

နင့်ချန် တိတ်ဆိတ်သွားပြီး၊ သူ၏မျက်နှာပေါ်တွင် တွေဝေတုံ့ဆိုင်းမှုများ ဖြစ်ပေါ်လာခဲ့သည်။

သူသည် လောင်းကြေးထပ်သင့်၊ မသင့်ဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်။

“ ပြန်သွားပြီးတော့ သတင်းပို့လိုက်မယ် “

နင့်ချန်သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ကန်းယွင်ကားချပ်ကြောင့် ကန်းယွင်ပြည်နယ်မှာ ဖရိုဖရဲဖြစ်နေခဲ့ရပြီ ဖြစ်သည်။ ကန်းယွင်ကားချပ်က မည်သူ့လက်ထဲတွင် ရှိနေလဲဆိုသည်ကို မသိကြသော်လည်း၊ ၎င်းက ပေါ်ထွက်လာပြီဆိုသည်ကိုတော့ သူတို့အားလုံး သိနေကြသည်။

သူတို့သည် ကြိုတင်ပြင်ဆင်ခြင်းက နောင်တရရခြင်းထပ် ပိုကောင်းသည်ဆိုသည့် သဘောထားကို လက်ကိုင်ထားကာ၊ ရေအတိမ်အနက်ကို စမ်းသပ်ကြည့်ချင်နေကြသည်။

ကန်းပြည်နယ်တွင် မုန်တိုင်းတစ်ခု အစပျိုးနေခဲ့ပြီ ဖြစ်သည်။

အင်အားစု အမျိုးမျိုးက လှုပ်လှုပ်ရွရွ ဖြစ်နေကြပြီ ဖြစ်သည်။

လုချန်ရှန်းကမူ အရာအားလုံးကို လျစ်လျူရှုထားကာ၊ ကန်းယွင်ဂိုဏ်းမှ ထွက်သွားခဲ့သည်။

ထိုစဥ် လော့ရှန်လင်းသည် ချင်းယွင်တောင်ထွဋ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက ဤနေရာတွင် ရှိမနေခဲ့ပေ။ ကြီးမားကျယ်ဝန်းသော နေရာကြီးမှာ ဗလာနတ္ထိဖြစ်နေခဲ့ပြီး၊ သူမသည် သူ့ကို နောက်ဆုံးတစ်ခေါက် မမြင်သွားရခဲ့ပေ။

သို့သော် သူမသည် ဤနေရာတွင် ကြာကြာဆက်မနေတော့ပေ။ အကယ်၍ သူမကသာ နတ်ကောင်းကင်ဂိုဏ်းသို့ ရောက်ရှိသွားမည်ဆိုပါက၊ ၎င်းသည် ဂိုဏ်းကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်ကာ၊ အမျိုးမျိုးသော အင်အားစုများကို ဟန့်တားကောင်းဟန့်တားပေးနိုင်လေသည်။

၎င်းမှာ လော့ထျန်း၏ အတွေးဖြစ်သည်။

“ ဂျူနီယာ သိုင်းပညာဦးလေး၊ ထွက်သွားဖို့ အချိန်ကျပါပြီ “ ဟု မုန့်လန်မှ ပြောလာခဲ့သည်။

လော့ရှန်လင်းသည် အဝေးသို့ ငေးကြည့်ကာ၊ နှုတ်ခမ်းကိုကိုက်၍ ပြန်ပြောလိုက်သည် “ တစ်ခေါက်လောက် ထပ်ကြည့်ပါရစေ၊ ကျွန်မက သူနဲ့ ဘယ်အချိန်မှ ပြန်တွေ့ရမလဲဆိုတာကို မသိဘူး၊ ဒါမှမဟုတ် ထပ်မတွေ့ရတော့တာလည်း ဖြစ်နေနိုင်တယ် “

တစ်ခဏအကြာတွင် သူမ၏ ပုံရိပ်သည် ဤနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် သူအမြဲလိုလို တံခါးပိတ်ကျင့်ကြံလေ့ရှိသည့် လူသူကင်းမဲ့သော နေရာထံသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာကို အစီအရင်ပေါင်းများစွာက ဝိုင်းရံထားပြီး၊ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် ရုပ်သေးရုပ်ကို အစီအရင်များ၏ အပြင်ဘက်တွင် ချထားလိုက်သည်။

ထို့နောက်တွင် သူသည် အစီအရင်အတွင်းသို့ လျှောက်လှမ်းသွားခဲ့သည်။

ယခုလက်ရှိ အချိန်၌ သူ့ထံတွင် ဝိညာဥ်ကျောက်တုံး သုံးသိန်းသုံးသောင်းနီးပါး ရှိနေခဲ့ပြီဖြစ်ပြီး၊ ၎င်းတို့သည် သူ့ကို မွေးရာပါ ဝိညာဥ်အဆင့်သို့ ရောက်ရှိသွားစေရန်အတွက် လုံလောက်နေသင့်ပေသည်။

သူသည် ဤအခိုက်အတန့်အတွက် ဆယ်နှစ်တိတိ အချိန်ယူပြင်ဆင်ခဲ့ရသည်။ ယနေ့၌ သူသည် သူ၏ ရည်မှန်းချက်ကို ဖြည့်ဆည်းကာ၊ ထိုနယ်ပယ်သို့ ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။ သူသည် အချိန်မရွေး ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။

အကယ်၍ အဆင့်ထိုးဖောက်မှု တစ်ခုချင်းစီတိုင်းထံတွင် ကောင်းကင်ဘုံကပ်ဘေးကို ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ၊ သူသည် ကျင့်ကြံရေး ဖြစ်စဥ်ကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုကို ခံစားရတော့မည် မဟုတ်ပေ။

၎င်းကို တွေးမိသွားသောအခါတွင် သူ၏ စိတ်ဓာတ်မှာ တက်ကြွသွားခဲ့သည်။

သူ၏ပတ်ပတ်လည်တွင် ဝိညာဥ်ကျောက်တုံးများ စုပြုံလာခဲ့ပြီး၊ သူ့ကို အလင်းတန်းတစ်ခု ဖုံးလွှမ်းလာခဲ့သည်။ လက်ဟန်များ လျင်မြန်စွာ ပြုလုပ်လိုက်ရာ၊ ဝိညာဥ်ကျောက်တုံးများ ကြေမွကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး၊ လေထုနှင့်အတူ မျောလွင့်သွားခဲ့သည်။

သူ၏ မှော်စွမ်းအားများ အဆက်မပြတ် မြင့်တက်လာခဲ့ပြီး၊ မွေးရာပါ ဝိညာဥ်ထံသို့ ရွေ့လျားသွားခဲ့သည်။ သည်းမခံနိုင်လောက်အောင် ခံစားရသော နာကျင်မှုတစ်ခု လိုက်ပါလာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ရင်လာခဲ့သည်။

၎င်းသည် သားရဲတစ်ကောင်က သူ၏အသွေးအသားများကို နည်းနည်းချင်းစီ ကိုက်ဖြတ်စားသောက်နေသည့်အလား ဖြစ်နေခဲ့သည်။ များပြားလွန်းလှသော ပုရွက်ဆိတ်များက သူ၏ခန္ဓာကိုယ်‌ပေါ်တွင် လှည့်ပတ်သွားလာနေကာ၊ သူ့အား ဆက်တိုက်ကိုက်ခဲနေသကဲ့သို့ ခံစားသွားရစေခဲ့သည်။

အဆိုပါ နာကျင်မှုသည် ယခင်က သူခံစားခဲ့ရသည့် နာကျင်မှုအားလုံး ပေါင်းစပ်ထားသည့်အလား ဖြစ်နေခဲ့သည်။ သူသည် ကြက်သွေးရောင် ဝိညာဥ်ဆေးလုံးကို မျိုချလိုက်သည်၊ သို့သော် သူ၏လက်ချောင်းများ တုန်ရင်နေလျက်ရှိပြီး၊ သူ၏လက်ဟန်များကိုပင် အသည်းအသန် ထိန်းသိမ်းနေခဲ့ရသည်။

ဆေးလုံးများကို သောက်သုံးထားသော်လည်း၊ နာကျင်မှုက မည်သို့မျှ မလျော့ပါးသွားခဲ့ပေ။

ဝိညာဥ်ကျောက်တုံးများ ကုန်ခမ်းသွားသည့် အချိန်တွင်၊ သူ၏ ကျင့်ကြံရေးမှာ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ မျက်ခုံးများ အလယ်တွင် အလင်းတန်းများ စုစည်းလာခဲ့ပြီး၊ သူ၏ဦးခေါင်း အထက်တွင် သုံးလက်မအရွယ် ရှည်သွယ်သွယ်ပုံရိပ်တစ်ခု ဖြစ်တည်လာခဲ့သည်။

၎င်း၏ အသွင်အပြင်မှာ သူနှင့် လုံးဝထပ်တူညီနေခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်ပြင် တစ်ခုလုံး လှုပ်ခါသွားသည့်အလား ဖြစ်သွားကာ၊ လျှပ်စီးများလက်ကာ မိုးကြိုးများ ခြိမ်းလာခဲ့သည်။ သူ့ထံသို့ မိုးကြိုးများစွာ ပစ်ခွင်းလာခဲ့သည်။

နောက်ဆုံးတစ်ဆင့်သာလျှင် ကျန်နေတော့သည်။ ကောင်းကင်ဘုံ ကပ်ဘေးကို တောင့်ခံနိုင်မည်ဆိုပါက သူသည် ထိုနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားမည် ဖြစ်သည်။

…………………………………………………………………………………………………………………………………

အပိုင်း ( 39 )

မွေးရာပါ ဝိညာဥ်နယ်ပယ် မိစ္ဆာအိုကြီး

ကောင်းကင်ဘုံ ကပ်ဘေးသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဆင်းသက်လာခဲ့သည်။

တောင်တန်းတစ်ခုလုံး ပျက်းစီးသွားကာ၊ အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားသည်။

လုချန်ရှန်းသည် လေထုအတွင်းသို့ ခုန်တက်သွားကာ၊ များပြားလွန်းလှသော မိုးကြိုးများကို ရင်ဆိုင်ကာ၊ ၎င်းတို့အား သူ၏ခန္ဓာကိုယ်အပေါ်သို့ ကျဆင်းခွင့်ပေးနေခဲ့သည်။ သူ၏ အရေပြားများ ဆုတ်ပြဲကာ၊ အသားများ ကွဲအက်သွားသော်လည်း၊ သူသည် ပြုံးစိစိ ဖြစ်နေခဲ့သည်။

ယနေ့တွင် သူသည် နာကျင်မှုပင်လယ်ပြင်ကို ကျော်ဖြတ်နိုင်တော့မည် ဖြစ်ပြီး၊ သူ၏စိတ်ထဲတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

နောက်ဆုံးသော မိုးကြိုးတစ်စင်း ဆင်းသက်လာသည့် အချိန်တွင်၊ မိုးကြိုးတိမ်တိုက်များ လွင့်ပါးပျောက်ကွယ်သွားခဲ့သည်၊ ကမ္ဘာကြီးတစ်ခုလုံး ကြည်လင်သွားကာ၊ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

သူသည် မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ အပြည့်အဝ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ အမူအရာတစ်ခုလုံးသည် ယခင်ကနှင့် မည်သို့မျှ တူညီမနေတော့ဘဲ၊ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲခြင်းကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

“ ပြီးသွားပြီ “ လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ၊ ဒဏ်ရာများ ကုသရန်အတွက် ဆေးတစ်လုံး သောက်လိုက်သည်။

ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် ကြွယ်ဝသော မှော်စွမ်းအားကို ခံစားလိုက်ရသောအခါတွင်၊ သူသည် လွန်စွာ ပျော်ရွှင်သွားခဲ့သည်။

ကန်းယွင်ပြည်နယ်ကို မဆိုထားနှင့် ယွဲ့ပြည်ထောင်တစ်ခုလုံးမှာပင်၊ သူသည် ဘိုးဘေးကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်သွားခဲ့ပြီ ဖြစ်သည်၊ သူ၏ စကားက ဥပဒေများ ဖြစ်သွားတော့မည် ဖြစ်သည်။

အူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် နှစ်ငါးရာအထိ ရှင်သန်နေထိုင်နိုင်ပေသည်၊ သို့သော် မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူကမူ နှစ်တစ်ထောင်အထိ နေနိုင်လေသည်၊ ၎င်းမှာ အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်သည်။

သက်တမ်းနှစ်တစ်ထောင်ဆိုသည်မှာ အဆုံးမဲ့ ဖြစ်နိုင်ခြေများကို ဖန်တီးနိုင်ပြီး၊ သူသည် ဤဘဝတွင် တက်လှမ်းခြင်း နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားနိုင်ပေသည်။

ပြန်လည်သက်သာလာခဲ့ပြီးသည့်နောက်တွင် သူသည် ကန်းယွင်ဂိုဏ်းသို့ ပြန်သွားခဲ့သည်။

ထိုအချိန်တွင် ဂိုဏ်းတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့ပြီး၊ လူတိုင်းမှာ တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။

လုချန်ရှန်းကို မြင်လိုက်ရသောအခါတွင် လျူချင်ချန်း မျက်မှောင်ကြုတ်သွားခဲ့သည်။

“ ချန်ရှန်း၊ နင်က ဘာလို့ အပြင်မှာ လမ်းသလားနေရသေးတာလဲ။ အပြင်ထွက်တာက ဘယ်လောက်အန္တရာယ်များလဲဆိုတာကို နင်မသိဘူးလား “

“ စီနီယာအစ်မ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။

လျူချင်ချန်းမှ စကားထပ်ပြောလာခဲ့သည် “ ဘာလို့ လျူယွင်တောင်ထွဋ်ကို မသွားရတာလဲ။ အဲ့မှာက အစီအရင်တွေ အများကြီးရှိတယ်။ ပိုလုံခြုံလိမ့်မယ် “

“ ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်မ “

လုချန်ရှန်းသည် မငြင်းပယ်လိုက်ပေ။ နှုတ်ဆက်ခဲ့ပြီးသည့်နောက်တွင် သူသည် ချင်းယွင်တောင်ထွဋ်ဆီသို့ ပြန်သွားလိုက်သည်။

ဤနေရာရှိ လူများမှာလည်း တိုက်ပွဲအတွက် စီစဥ်ပြင်ဆင်နေကြသည်၊ ယဲ့တျန်ရီသည် လုချန်ရှန်းကို ညွှန်ကြားလာခဲ့သည်။

“ ဂျူနီယာညီလေး၊ မနက်ဖြန်ကျရင် ဂိုဏ်းက တပည့်တစ်အုပ်ကို အပြင်ပို့ဖို့ စီစဥ်နေတယ်။ မင်းက သူတို့နဲ့ လိုက်သွားပြီးတော့၊ ကိစ္စတွေပြီးသွားမှ ပြန်လာသင့်တယ် “

သူသည် လုချန်ရှန်းအတွက် ပြင်ဆင်ပေးထားခဲ့ပြီးပြီ ဖြစ်သောကြောင့်၊ သူ၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ပေ။

လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ လူတိုင်းက ကြောက်မက်ဖွယ်ကောင်းသော ရန်သူတော်တစ်ဦးကို ရင်ဆိုင်ရတော့မည့်အလား ပြုမူလှုပ်ရှားနေခြင်းမှာ သူ့ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။

ယွဲ့ပြည်ထောင်တစ်ခုလုံးမှာပင် မွေးရာပါ ဝိညာဥ်ကျင့်ကြံသူ အနည်းငယ်မျှသာ ရှိနေပြီး၊ အများစုသည် အဆင့်၁(သို့) အဆင့်၂တွင်သာ ရှိနေခဲ့သည်၊ ထို့ကြောင့် ကန်းယွင်ဂိုဏ်းက အတော်လေး သန်မာအားကောင်းသည်ဟု သတ်မှတ်နေနိုင်လေသည်။

ဘိုးဘေးရဲ့ ရုပ်ခန္ဓာနဲ့ဆိုရင်၊ ဒီနယ်မြေက ငါတို့နှစ်ယောက်ရဲ့ ကစားကွင်းကြီး မဟုတ်ဘူးလား

ကျိုးချင်းယုသည် ဂိုဏ်းကို တိုက်ခိုက်ရေး စွမ်းအား ထောက်ပံ့ပေးရန်အလို့ငှာ၊ အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်သို့ အဆင့်ထိုးရောက်ရန်အတွက် တံခါးပိတ် ကျင့်ကြံနေလျက်ရှိသည်။

ချင်းယွင်တောင်ထွဋ်တစ်ခုလုံးမှာ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

သူအတွေးနက်နေသည့် အချိန်တွင်၊ အဝေးမှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

“ စီနီယာအစ်ကို ချန်ရှန်း “

လုချန်ရှန်းမှ လှည့်ကြည့်လိုက်ရာ၊ နင့်ယုရှင်းက သူ့ထံသို့ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ နင်က ဘာလို့ မထွက်သွားရသေးတာလဲ “

“ ကျွန်မ မထွက်သွားဘူး။ ကန်းယွင်ဂိုဏ်းနဲ့ပဲ အတူရှိနေမှာ “

“ အဓိပ္ပါယ်မရှိလိုက်တာ “

လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ဘယ်လိုလုပ် ဒီလောက်တောင် မိုက်မဲနေရတာလဲ

“ ကျွန်မရဲ့ နင့်မိသားစုက ကန်းယွင်ဂိုဏ်းက ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် ကူညီပေးဖို့ ဆန္ဒရှိတယ်။ ဦးလေးချန်ကလည်း အိမ်ပြန်ပြီးတော့ ပညာရှင်တွေကို ဖိတ်ခေါ်နေတယ် “ နင့်ယုရှင်းသည် လုချန်ရှန်းကို ကြည့်၍၊ စကားပြောနေကာ၊ သူမ၏ နှလုံးသား တုန်ရင်နေလျက်ရှိသည်။

သူမသည် ယနေ့တွင် လုချန်ရှန်းက အနည်းငယ် ကွဲပြားနေသည်ဟု ခံစားနေခဲ့ရသည်။ သူမ မေးမြန်းလိုက်တော့မည့် အချိန်တွင်၊ ချင်းယွင်တောင်ထွဋ်၏ အောက်ခြေမှ လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာခဲ့သည်။

ပုံရိပ်တစ်ခုသည် ယိုင်နဲ့နဲ့ဖြင့် တောအုပ်အတွင်းသို့ ပြေးဝင်လာခဲ့သည်။

၎င်းမှာ နင့်ချန်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ၊ သွေးတို့ဖြင့် ပေပွနေခဲ့သည်။ နင့်ယုရှင်းသည် စိုးရိမ်တကြီး ဖြစ်သွားကာ၊ အလောတကြီး ပြေးထွက်သွားတော့သည်။

တစ်ခဏအကြာတွင် သတင်းအပိုင်းအစတစ်ခု ပျံ့နှံ့လာခဲ့သည်။

လွတ်မြောက်ရေး လမ်းကြောင်းအားလုံး ပြတ်တောက်သွားပြီဖြစ်ကာ၊ ကန်းယွင်ဂိုဏ်း၏ ပိုင်နက်ကို တစ်စုံတစ်ဦးက ဝိုင်းရံထားခဲ့ကာ၊ အဆက်အသွယ်အားလုံး ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းတစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်၊ သူတို့သည် ဤမျှ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

၎င်းကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းမှာလည်း အံ့ဩတကြီးဖြင့် ရေရွတ်ပြောဆိုနေတော့သည် “ ဒီလောက် အကြီးကြီး ကစားနေတာလားဟ “

လူတော်တော်များများသည် တလေးတနက် ဖြစ်သွားခဲ့သည်။

အင်အားစုတစ်ခုတည်းဖြင့် ထိုကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် လုချန်ရှန်းသည် ထင်းရှူးပင်အောက်သို့သွားကာ၊ ကုလားထိုင်ရှည်ပေါ်တွင် လှဲလျောင်းနေတော့သည်၊ သူသည် အပြင်ဘက်တွင် ဖြစ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မည်သို့မျှ စိုးရိမ်ပူပန်မနေခဲ့ပေ။

ယခုတွင် သူသည် မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေကာ၊ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့အပြင် ဆယ်နှစ်ကြာ ပြင်ဆင်ထားခဲ့သောကြောင့် သူ့ထံတွင် အသက်ကယ် နည်းလမ်းပေါင်းများစွာ ရှိနေခဲ့ပြီ ဖြစ်သည်။ ကန်းယွင်ကားချပ်မှာလည်း သူ့လက်ထဲသို့ ရောက်ရှိနေခဲ့လေသည်။

၎င်း၏ စွမ်းအားက လွန်စွာအံ့ဖွယ်ကောင်းနေခဲ့သည်၊ သူ၏ယခုလက်ရှိ နယ်ပယ်နှင့်သာဆိုပါက၊ အလွန်တရာ အစွမ်းထက်သော ပညာရှင်တစ်ဦးဦးကသာ မလှုပ်ရှားလာသေးသရွေ့၊ သူအဆင်ပြေနေမည် ဖြစ်သည်။

အကယ်၍ ဆိုးရွားသော အခြေအနေတစ်ခု အမှန်တကယ် ပေါ်လာခဲ့မည်ဆိုပါက၊ သူဘာမှလုပ်နိုင်မည် မဟုတ်ပေ။

ကန်းယွင်ဂိုဏ်း အပေါ်တွင် ရှိနေသည့် သူ၏စိတ်ခံစားချက်များအရ၊ သူသည် သူတို့အတွက် သေချာပေါက် လက်စားချေပေးမည် ဖြစ်သည်။

ကန်းယွင်တစ်ခုလုံး ဖိအားများ ဝင်သွားကာ၊ နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်။

နေဝင်သွားကာ ညအမှောင် ကြီးစိုးလာခဲ့သည်၊ လုချန်ရှန်းကမူ အိပ်မောပင်ကျနေခဲ့ပြီ ဖြစ်သည်၊ သို့သော် အသံတစ်သံမှာ သူ့ကို နိုးထလာစေခဲ့သည်။

ကန်းယွင်ဂိုဏ်း၏ အပြင်ဘက်တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့ကာ၊ အလင်းတန်းတစ်ခု ပျံ့လွင့်လာခဲ့သည်။

“ ကန်းယွင်ဂိုဏ်းက လူတွေ ဘယ်မှာလဲ “

အကြည့်ပေါင်းများစွာ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ အသက်သုံးဆယ်အရွယ်ဖြစ်ပုံရသည့် အလွန်တရာ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည်။

သူမသည် တအံ့တဩ ဖြစ်နေသည့် အမူအရာနှင့်အတူ အရှေ့သို့ ကြည့်ရှုနေပြီး၊ သူမ၏မျက်နှာပေါ်တွင် ဆော့ကစားလိုသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လော့ထျန်းမှာလည်း ထိုအသံကို ကြားသွားခဲ့ကာ၊ ကောင်းကင်ထက်သို့ တက်လှမ်းလာပြီး၊ အေးစက်စွာ ပြန်ပြောလိုက်သည်။

“ ရွှမ်မေ့၊ နင်ဒီကို ဘာလာလုပ်တာလဲ “

ထိုအမျိုးသမီးသည် ရွှမ်ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ပင်ဖြစ်သည်။

ရွှမ်မေ့သည် ပြုံးပြကာ၊ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ နင့်ရဲ့ဂိုဏ်းက တကယ်မေ့တတ်တာပဲ။ နင်တို့က ဖြေရှင်းချက်တစ်ခု ပေးဖို့ ပြောခဲ့တယ်မဟုတ်ဘူးလား “

လော့ထျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။

အားလုံးသည် ကောင်းကင်ယံကို စိုက်ကြည့်လာခဲ့ကာ၊ တစ်ဖက်လူက ပြဿနာ လာရှာသည်ဆိုသည်ကို နားလည်သွားခဲ့သည်။

“ တိတ်တဆိတ် ရောက်လာတာက၊ နင့်ရဲ့ ဖြေရှင်းချက်လား “ လော့ထျန်းမှ လှောင်ပြောင်ပြောဆိုလိုက်သည်။

ရွှမ်မေ့သည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ အဲ့တာဆိုရင် နင်က ဘာလုပ်ချင်သေးလို့လဲ။ နင့်ကိုယ်နင် အရှင်သခင်လို့ တကယ်ကြီး တွေးနေတာလား။ ငါ့ရဲ့ ရွှမ်ထျန်းဂိုဏ်းက နင့်ကို ခခယယ အလုပ်အကျွေးပြုရမှာလား။ သေခါနီးနေပြီဆိုတော့ ဘာပြောချင်သေးလဲ “

သူမ၏ စကားပြောဆိုမှု ပြီးဆုံးသည့် အချိန်၌ ကောင်းကင်ယံတွင် ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့သည်။

သူတို့သည် အူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်နေခဲ့ပြီး၊ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာခဲ့သည်။

“ ရွှမ်ထျန်းဂိုဏ်းတစ်ခုလုံးက ငါ့ရဲ့ ကန်းယွင်ဂိုဏ်းကို တိုက်ခိုက်ဖို့ ကြံနေတာလား “

“ ငါတို့ပဲ မဟုတ်ပါဘူးလေ “

ရယ်သံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။ အားလုံးသည် အမှောင်ထဲတွင် ပုန်းကွယ်နေသည့် လူများစွာ ရှိနေသေးသည်ဆိုသည်ကို အာရုံခံမိသွားခဲ့သည်။

လော့ထျန်းမှ အော်ဟစ်ကြုံးဝါးလာခဲ့သည်။

“ ကန်းယွင်ဂိုဏ်းက တပည့်တွေ၊ ငါနဲ့အတူ ရန်သူတွေကို လိုက်သတ်ကြ “

“ သတ် “

အော်ဟစ်သံများ ပေါက်ထွက်လာခဲ့သည်။ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ပြီးပြီ ဖြစ်သောကြောင့်၊ လော့ထျန်း ရှေ့ထွက်သွားခဲ့သည်။

ရွှမ်မေ့သည် နှာခေါင်းရှုံ့လိုက်ကာ၊ သူ့ကို ထိပ်တိုက်ရင်ဆိုင်နေတော့သည်။ သူမ၏ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈ ကျင့်ကြံရေး ပေါက်ထွက်လာခဲ့ပြီး၊ မှော်စွမ်းအားများ မြင့်တက်လာကာ၊ သတ်ဖြတ်လိုစိတ်တစ်ခုသည် သူ့ဆီသို့ တိုက်ရိုက်တိုးဝင်လာခဲ့သည်။

သို့ရာ၌ သူတို့နှစ်ဦးတိုက်ခိုက်ကြသည့် အချိန်တွင်၊ ထိတ်လန့်တကြားဖြစ်သွားသည့် အော်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

လော့ထျန်းသည် သူ၏ဓားကို ကိုင်ဆောင်ကာ ကောင်းကင်ပြင်ကို ခုတ်ပိုင်းလိုက်သည်။ ဓားအလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ မှော်စွမ်းအားများ ပေါက်ထွက်လာကာ၊ အရှေ့သို့ တိုးဝင်လာခဲ့သည်။ တိုက်ကွက်တစ်ခုတည်းဖြင့် ရွှမ်မေ့နောက်ဆုတ်သွားခဲ့ရသည်။

“ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ “

ရွှမ်မေ့ အံ့အားသင့်သွားခဲ့သည်။ သူမသည် လော့ထျန်းက အဆင့်တက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့ရာတွင် လော့ထျန်းကမူ စိတ်ခံစားချက် ကင်းမဲ့နေခဲ့သည်။ သူသည် ညနတ်ဆိုး၏ ကောင်းမှုကြောင့် ဂိုဏ်းတစ်ခုလုံး၏ အရှေ့သို့ ဆွဲထုတ်ခံလိုက်ရကာ၊ အရိုက်ခံခဲ့ရသည့်အတွက်၊ အရူးအမူး ကြိုးစားအားထုတ်ကာ အဆင့်၉သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သူသည် မွေးရာပါ ဝိညာဥ်နယ်ပယ်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

၎င်းသည် လူတော်တော်များများ၏ အမူအရာများကို ပျက်ယွင်းသွားစေခဲ့သည်။

ယွဲ့ပြည်ထောင်တွင် မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးမှာ ဂိုဏ်းတစ်ခုကို တိုးတက်ကြီးပွားအောင် ပြုလုပ်ရန် လုံလောက်နေခဲ့သည်။ အကယ်၍ နှစ်ယောက်သာရှိနေမည်ဆိုပါက၊ သေချာပေါက် မြင့်တက်လာလိမ့်မည် ဖြစ်သည်။

ရွှမ်မေ့၏ အမူအရာမှာလည်း မကောင်းပေ။ သူမသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈တွင် တစ်ဆို့နေသည်မှာ နှစ်နှစ်ဆယ်နီးပါး ရှိနေခဲ့ပြီဖြစ်သည်။ ယခု၎င်းကို မြင်တွေ့လိုက်ရသောအချိန်၌၊ သူမ၏ မျက်လုံးများအတွင်းတွင် မနာလိုမုန်းတီးစိတ်များ ဖြစ်တည်လာခဲ့သည်။

အမှောင်ယံတွင် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

“ ကြည့်ရတာတော့ ကန်းယွင်ဂိုဏ်းကို အပြတ်ရှင်းရတော့မဲ့ပုံပဲ “

အဘိုးအိုတစ်ဦး ပေါ်ထွက်လာခဲ့သည်။

သူ၏ခန္ဓာကိုယ်မှာ ကုန်းကွနေခဲ့ပြီး၊ မျက်နှာမှာလည်း ရှံ့တွနေလျက်ရှိသည်။ သူ၏ ရှေးကျသော အသွင်အပြင်သည် လူတိုင်း၏ စိတ်နှလုံးသားများကို တုန်ရင်သွားစေခဲ့သည်။ သူ၏မှိုင်းပျို့နေသော မျက်လုံးများအတွင်းတွင် မထီမဲ့မြင် ပြုနေမှုနှင့် သတ်ဖြတ်လိုစိတ်များ ရှိနေခဲ့သည်။

“ ရွှမ်ထျန်းဘိုးဘေးကြီး “

အနီးအနားတွင် ရှိနေသည့် လူများ အထိတ်တလန့် ဖြစ်သွားကြသည်။

တစ်ချိန်တည်းမှာပင် ကန်းယွင်ဂိုဏ်း အတွင်းပိုင်းမှ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

“ တစ္ဆေအိုကြီး ရွှမ်ထျန်း၊ မင်းက ငါ့ရဲ့ ကန်းယွင်ဂိုဏ်းကို ထိနိုင်မယ်လို့ ထင်နေတာလား။ ဒီနေ့ပဲ ငါမင်းကို တမလွန်ကို ပို့ပေးမယ် “

ဘမ်းးးး

ခြေတစ်လှမ်းလှမ်းလိုက်ရာ ပတ်ပတ်လည်ရှိ တောင်အားလုံး လှုပ်ခါသွားခဲ့သည်။ အံ့ဖွယ်ကောင်းသော အသက်စွမ်းအားများ မြင့်တက်လာခဲ့ကာ၊ ညအမှောင်ကို လင်းထိန်သွားစေပုံရသည်။

“ ဟားဟားဟား “

ရွှမ်ထျန်းဘိုးဘေးသည် အေးစက်စက် ရယ်မောနေတော့သည်။

တစ်ဦးကို တစ်ဦး မြင်လိုက်ရသောအခါတွင် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်နှစ်ဦးသည် ကောင်းကင်ထက်သို့ ပြေးတက်သွားကြသည်။ သူတို့ထံမှ ပေါ်ထွက်လာခဲ့သည့် စွမ်းအားများသည် လူတိုင်း၏ အမူအရာများကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

တပည့်အများစုသည် ကောင်းကင်ယံကို မော့ကြည့်နေကြတော့သည်။

“ လူတော်တော် ရောက်လာခဲ့တာပဲ “

ထိုအချိန်တွင် သူ၏ စိတ်စွမ်းအား ပျံ့လွင့်သွားခဲ့သည်၊ သူသည် အမှောင်ထုအတွင်းတွင် အစွမ်းထက် ပညာရှင်များ ပုန်းအောင်းနေသေးသည်ကို အာရုံခံမိသွားခဲ့သည်၊ ၎င်းတို့မှာ ရွှမ်ထျန်းဂိုဏ်း တစ်ခုတည်းသာလျှင် ဟုတ်မနေခဲ့ပေ။

All Chapters