← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အပိုင်း ( 40 )

နတ်သားတော်

ကန်းယွင်ဂိုဏ်း၏ အပြင်ဘက်တွင်လည်း ကသောင်းကနင်းဖြစ်နေလျက်ရှိသည်။

တောင်ထွဋ်သခင်များနှင့် အကြီးအကဲ အားလုံးမှာ တိုက်ပွဲဝင်နေလျက်ရှိသည်။

အူတိုင်ဖွဲ့စည်းခြင်း အဆင့် တပည့်များမှာလည်း ဓားချင်းယှဥ်ခုတ်နေလျက်ရှိပြီး၊ စစ်မီးတောက်သည် ကောင်းကင်ပြင်ကိုပင် လင်းထိန်သွားစေခဲ့သည်။

လော့ထျန်းသည် သူ၏ ဓားကို ကိုင်ဆောင်၍ ရွှမ်မေ့ထံသို့ ပြေးဝင်သွားခဲ့သည်၊ ထိုစဥ် ရွှမ်ထျန်းဂိုဏ်း၏ အူတိုင်ဖွဲ့စည်းခြင်းအဆင့် အကြီးအကဲများမှာ သူ့ကို တားဆီးရန် တိုက်ခိုက်လာကြသည်၊ ညအမှောင်အတွင်းတွင် ပညာရှင်များ ပိုမို ရောက်ရှိလာခဲ့ကာ၊ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

သူတို့သည် အမျိုးမျိုးသော အင်အားစုများထံမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးသည် ထိုနေရာသို့ ပြေးတက်သွားတော့သည်။

သူ၏အားကောင်းသော ရုပ်ခန္ဓာသည် ဖိနှိပ်မှုစွမ်းအားတစ်ခုအား လူတိုင်းကို ခံစားသွားရစေလေ့ရှိသည်။

မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်နှစ်ဦး တိုက်ခိုက်နေကြပြီး၊ သူတို့၏ မှော်စွမ်းအားများသည် ပတ်ဝန်းကျင်ရှိ‌ တောင်များကို လှုပ်ခါသွားစေခဲ့ပြီး၊ လေပြင်းများသည် ညအချိန်၏ တိတ်ဆိတ်မှုကိုဖြိုခွင်းနေခဲ့သည်။

တပည့်တော်တော်များများသည် တိုက်ပွဲတွင် အသုံးမဝင်ကြပေ၊ သို့သော် သူတို့သည် သူတို့၏ လက်နက်များကို ကိုင်ဆောင်ထားကာ၊ အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြသည်။

ချင်းယွင်တောင်ထွဋ်ပေါ်ရှိ ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့မှာလည်း ရန်သူများကို ထိပ်တိုက်ရင်ဆိုင်နေကြပြီ ဖြစ်သည်။ နင့်ယုရှင်းကမူ ကောင်းကင်ပြင်ကို မော့ကြည့်ကာ၊ စိတ်နှလုံးသား တုန်လှုပ်နေလျက်ရှိပြီး၊ ဘာလုပ်ရမလဲဆိုသည်ကို ဝေခွဲမရ ဖြစ်နေခဲ့သည်။

နင့်မိသားစု၏ ပညာရှင်များကို မဖိတ်ခေါ်နိုင်ခဲ့သည့်အတွက် သူမသည် တိတ်တဆိတ် ဆုတောင်းနေရုံသာ တတ်နိုင်တော့သည်။

သို့သော် ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် ချင်းယွင်တောင်ထွဋ်ပေါ်ရှိ နင့်ယုရှင်းနှင့် သိပ်မဝေးသော နေရာတစ်ခုပေါ်သို့ ဆင်းသက်လာခဲ့သည်။

“ ဘယ်သူလဲ “ ဟု နင့်ယုရှင်းမှ မေးမြန်းလိုက်သည်။

အဆိုပါ ပုံရိပ်သည် ဖြည်းဖြည်းချင်း လှည့်ကြည့်လာခဲ့ပြီး၊ ၎င်း၏ ခန္ဓာကိုယ်သည် စက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တင်းနေခဲ့သည်။ သို့သော် ၎င်းထံမှ အူတိုင်ဖွဲ့စည်းခြင်း အရှိန်အဝါတစ်ခု ပေါ်ထွက်နေခဲ့သည်။

အသစ်ရောက်ရှိလာသူကို မြင်လိုက်ရသောအခါတွင် နင့်ယုရှင်းမှာ နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

၎င်းသည် မျက်မှာမပါဘဲ၊ တောင့်တင်းသော ခြေလက်များကို ပိုင်ဆိုင်ထားသည့် လူသားပုံသဏ္ဍာန် သစ်သားပုံရိပ်တစ်ခု ဖြစ်နေခဲ့သည်။

“ လုချန်ရှန်း ဘယ်မှာလဲ။ သူဘယ်မှာလဲ “

သစ်သားပုံရိပ်မှ စကားပြောလာခဲ့သည်၊ ၎င်း၏ အသံသည် တိုးညှင်းကာ၊ အက်ရှရှ ဖြစ်နေခဲ့သည်။ သို့သော် ၎င်းသည် အဆုံးမဲ့ ဒေါသများကို သယ်ဆောင်ထားခဲ့သည်။

“ နင်ပဲ “

ထိုအသံ၊ ထိုအရှိန်အဝါသည် …… ကျောက်ကျင်းပင် ဖြစ်သည်။

သူမ၏ စိတ်ဝိညာဥ်သာလျှင် လွတ်မြောက်သွားခဲ့သော်လည်း၊ သူမသည် ဤနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“ နင်ဘာလုပ်ချင်နေတာလဲ “

“ ငါသူ့ကို သေစေချင်တာ “

ကျောက်ကျင်း၏ အသံသည် လွန်စွာအေးစက်နေခဲ့သည်၊ သူမ၏ အမြင်တွင်မူ အရာအားလုံးက လုချန်ရှန်းကြောင့်သာ ဖြစ်ပြီး၊ သူမ၏ အမှားမဟုတ်ဘူးဟုသာ ထင်မြင်နေခဲ့သည်။

နင့်ယုရှင်းသည် ဓားရှည်ကို ဆုပ်ကိုင်ကာ ခေါင်းခါပြလိုက်သည် “ ငါမသိဘူး “

“ မသိဘူးလား “

ကျောက်ကျင်းသည် ရှေ့သို့ ခြေတစ်လှမ်းတက်လာခဲ့သည်။

နင့်ယုရှင်းသည် သူမ၏ဓားရှည်ကို ဆုပ်ကိုင်ကာ၊ သူမကို ချိန်ရွယ်လိုက်သည်။

ကျောက်ကျင်းထံတွင် ရုပ်ခန္ဓာ မရှိသော်လည်း၊ သူမသည် နင့်ယုရှင်း မယှဥ်နိုင်သော အူတိုင်ဖွဲ့စည်းခြင်း အဆင့်၃ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသေးသည်။

“ ဒါဆိုရင်လည်း ငါနင့်ကို သတ်မယ်၊ ပြီးမှ သူ့ကို သွားရှာလိုက်မယ် “

ကျောက်ကျင်းသည် ရူးသွပ်သွားပုံရပြီး၊ လူတိုင်းကို သတ်ဖြတ်ချင်သွားခဲ့သည်။

“ ထွက်သွားစမ်း “

နင့်ယုရှင်းသည် အံကြိတ်ကာ၊ သူမ၏ ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်သည်၊ ဓားချီတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ မှော်စွမ်းအားသည် သူမ၏ အရှေ့သို့ မျောလွင့်လာခဲ့သည်။

သို့ရာတွင် ထိုကဲ့သို့သော တိုက်ခိုက်မှုသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်၊ မှော်စွမ်းအင်လှိုင်းတစ်ခုသည် အရှေ့သို့ တိုးဝင်လာခဲ့ကာ၊ နင့်ယုရှင်းကို ချုပ်နှောင်၍၊ သတ်ဖြတ်ရန် ကြံရွယ်လာခဲ့သည်။

သို့သော် သူမသည် မည်သို့မကြောက်သွားခဲ့ပေ၊ နင့်မိသားစု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အလျောက်၊ သူမထံတွင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိနေခဲ့သည်။

မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။ ကျောက်ကျင်းလှုပ်ရှားလာခဲ့သည့် အချိန်တွင်၊ သူမ၏ မှော်စွမ်းအားမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ ချင်းယွင်တောင်ထွဋ်မှ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ သူမအပေါ်သို့ ဆင်းသက်လာ၍၊ သူမကို တောင်အနောက်သို့ ဆွဲခေါ်သွားခဲ့သည်။

“ အဲ့တာက …… “

နင့်ယုရှင်း အတွေးနက်သွားခဲ့သည်။

ကျောက်ကျင်းမှာလည်း အထိတ်တလန့် ဖြစ်သွားခဲ့သည်။ သူမသည် မည်သို့မျှ မခုခံနိုင်ခဲ့ပေ၊ အစပိုင်းတွင် သူမသည် ကန်းယွင်ဂိုဏ်းက ပညာရှင်တစ်ချို့ကို ဖုံးကွယ်ထားသည်ဟု ထင်နေခဲ့သည်၊ သို့သော် သူမသည် ကုလားထိုင်ရှည်တစ်ခုပေါ်တွင် လှဲလျောင်းနေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့သွားခဲ့သည်။ ၎င်းမှာ လုချန်ရှန်းပင် ဖြစ်သည်။

“ နင်ပဲ၊ ဘာတွေ ဖြစ်နေတာလဲ “ ထိုအချိန်၌ ကျောက်ကျင်း၏ စိတ်ခံစားချက်များ ပြင်းထန်သွားခဲ့သည်။

လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ ထွက်ပြေးတယ်ဆိုရင်လည်း၊ ပြေးသွားလိုက်လေ။ ဘာလို့ ပြန်လာသေနေရတာလဲ။ သေတဲ့အထိ မနားနိုင်လောက်တဲ့ အမုန်းတရားကို နင်ဘယ်တွင်းကနေ သွားနှိုက်ထားတာလဲ “

သူသည် အေးဆေးတည်ငြိမ်ကာ၊ သင်ခန်းစာပေးနေခဲ့သည်၊ ၎င်းမှာ ကျောက်ကျင်းကို မယုံကြည်နိုင် ဖြစ်သွားစေခဲ့သည်။

ဤကိစ္စတစ်ခုလုံးသည် ဝမ်မင်က သေခြင်းတရားကို အတင်းအကြပ်တောင်းဆိုခဲ့သောကြောင့် ဖြစ်ပြီး၊ ယခုတွင် ဤကဲ့သို့သော အခြေအနေမျိုးအထိ ရောက်ရှိလာခဲ့ရသည်။

ကျောက်ကျင်းသည် အေးစက်စွာ အော်ပြောလာခဲ့သည်။

“ မျိုးမစစ်ကောင်၊ နင်ငါ့ကို စော်ကားရဲရင်၊ နင်သေကိုသေရမယ်။ နင့်ကြောင့်ပဲ၊ ကန်းယွင်ဂိုဏ်းတစ်ခုလုံးကို နင်နဲ့အတူ မြေမြှုပ်ပေးမယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည် “ အော်နေသေးတာလား။ အခြေအနေကို ထိန်းချုပ်ထားတဲ့ လူက ဘယ်သူလဲဆိုတာကို မမြင်တဲ့ပုံပဲ “

ထို့နောက်တွင် လုချန်ရှန်းသည် သူ၏လက်ကို မြှောက်လိုက်သည်၊ မှော်စွမ်းအားတစ်ခုသည် သူမကို ချုပ်နှောင်လာခဲ့ပြီး၊ စွမ်းအားတစ်ခုသည် သူမ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ချေမွသွားခဲ့သည်။

ကျောက်ကျင်းသည် ထိုစွမ်းအားကို ခံစားလိုက်ရကာ၊ ထိတ်လန့်တကြား ဖြစ်သွားခဲ့သည် “ မွေးရာပါ ဝိညာဥ် ……. နင်က မွေးရာပါ ဝိညာဥ်အဆင့်ကို တကယ်ကြီးကို ရောက်နေတာပဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “

သူမ၏ ခန္ဓာကိုယ် ပြိုကွဲသွားခဲ့ကာ၊ သူမ၏ စိတ်ဝိညာဥ်သာလျှင် ကျန်နေခဲ့သည်။

ကျောက်ကျင်းသည် ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်၊ လူငယ် မွေးရာပါ ဝိညာဥ် ပညာရှင်၊ ၎င်းသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေကာ၊ လူတိုင်းကို ကြက်သီးထသွားစေရန် လုံလောက်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲတွင် ကြောက်ရွံ့မှု လှိုင်းလုံးတစ်ခု ပျံ့လွင့်လာခဲ့သည်။

လုချန်ရှန်းသည် လေကုန်ခံရန် ရည်ရွက်ချက်မရှိပေ၊ မှော်စွမ်းအားတစ်ခု မြင့်တက်လာခဲ့ကာ၊ အရာအားလုံးကို လုံးဝချေဖျက်သွားခဲ့သည်။

“ စီနီယာအစ်ကို၊ ကျွန်မကို ကယ်ပါဦး “

သေဆုံးမသွားခင် အချိန်တွင်၊ ကျောက်ကျင်းသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်သွားခဲ့သည်၊ ၎င်းသည် ကောင်းကင်ထက်သို့ ပဲ့တင်ထပ် ပျံ့လွင့်သွားကာ၊ အားလုံး၏ အာရုံများကို ဆွဲဆောင်သွားခဲ့သည်။

သို့သော် သူမသည် သုတ်သင်ရှင်းလင်းခံလိုက်ရပြီ ဖြစ်သည်။

ကန်းယွင်ဂိုဏ်း၏ လူများသည် အဆိုပါ အော်သံနှင့် အရှိန်အဝါကို ခံစားမိသွားကာ၊ ၎င်းက ကျောက်ကျင်းဆိုသည်ကို သိရှိသွားခဲ့သည်၊ သူတို့သည် အမူအရာများ လေးနက်သွားကြသည်။

“ စီနီယာအစ်ကိုလား “

လုချန်ရှန်းသည် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

ကန်းယွင်ဂိုဏ်း၏ ကောင်းကင်ယံတွင် အဘိုးအိုတစ်ဦး ပေါ်ထွက်လာခဲ့သည်။

သူသည် ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်များကို ပိုင်ဆိုင်ထားပြီး၊ မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ၊ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် မတ်တပ်ရပ်နေခဲ့သည်၊ သူ၏အကြည့်သည် လွန်စွာအေးစက်နေကာ၊ ဒေါသအရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။

“ အထက်ကလူတွေကို အမြဲဆန့်ကျင်နေတာပဲ၊ ကန်းယွင်ဂိုဏ်းက တကယ်ကို မရှိသင့်တော့ဘူး “

အဘိုးအိုသည် ဖြည်းဖြည်းချင်း စကားပြောလာခဲ့ပြီး၊ အားလုံး၏ စိတ်နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။

“ မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူ “

တစ်ပြိုင်နက်ဆိုသလိုပင် အားလုံးသည် အသစ်ရောက်ရှိလာသူ၏ စွမ်းအားကို ခံစားမိသွားကြသည်။

လော့ထျန်း၏ အမူအရာ မည်းမှောင်သွားခဲ့သည်၊ ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးမှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူတို့သည် နတ်ကောင်းကင်ဂိုဏ်းမှ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်ဦး ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ မင်းတို့ နတ်ကောင်းကင်ဂိုဏ်းက ဘာသဘောလဲ။ ငါ့ဂိုဏ်းကို ဖျက်စီးချင်နေတာလား “ ကန်ယွင်ဂိုဏ်း၏ ဘိုးဘေးသည် မာမာထန်ထန်‌ ပြောဆိုလိုက်သည်။

အသစ်ရောက်ရှိလာသူသည် တဟားဟားရယ်မောနေတော့သည် “ ဒီလိုဖြစ်ရအောင် မင်းတို့ကိုယ်တိုင်ပဲ လုပ်ခဲ့တာလေ။ သေရမှာကို နောင်တရနေဖို့ မလိုပါဘူးကွာ “

“ မင်းဂိုဏ်းက အရေးယူလာမှာကို မင်းမကြောက်ဘူးလား။ ငါ့ဂိုဏ်းမှာ ဘယ်သူမှ မရှိဘူးလို့ တကယ်ကြီး ထင်နေတာလား “ လော့ထျန်းသည် ဒေါကြီးမောကြီးဖြင့် စကားဝင်ပြောနေတော့သည်။

လော့ရှန်လင်းကို ထိုနေရာသို့ ပို့လိုက်ပြီဖြစ်ပြီး၊ လူတစ်ဦးဦး ရောက်ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အဘိုးအိုမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ လော့ရှန်လင်းက မဟာအကြီးအကဲရဲ့ တပည့်ဖြစ်သွားပြီဆိုတာကို ငါသိတယ်။ ဒါပင်မဲ့ မင်းတို့အားလုံးကို သတ်လိုက်မယ်ဆိုရင်၊ ဘယ်သူက သိမှာမို့လို့လဲ “

“ မင်းးး ….. “

လော့ထျန်းသည် ဒေါသတကြီး ဖြစ်သွားခဲ့သည်။

ကန်းယွင်ဘိုးဘေး၏ အမူအရာမှာလည်း မည်းမှောင်သွားခဲ့သည်၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့် သွေးများ အရူးအမူး ရုန်းကြွလာခဲ့ပြီး၊ ရွှမ်ထျန်းဂိုဏ်း၏ ဘိုးဘေးကို ဖယ်ရှားကာ၊ အသစ်ရောက်ရှိလာသူကို တားဆီးရန် ကြံရွယ်လိုက်သည်။

မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်သည် တိုက်ပွဲ၏အခြေအနေကို ပြောင်းလဲစေနိုင်သည်၊ ဂိုဏ်းတစ်ခုလုံးကို ချက်ချင်း ဖျက်စီးကာ၊ လူတိုင်းကို သေဆုံးသွားစေနိုင်ပေသည်။

အသစ်ရောက်ရှိလာသူသည် ကန်းယွင်ကားချပ်အတွက် ရောက်လာခဲ့ခြင်းဖြစ်သည်၊ အပြင်ကမ္ဘာမှ ကောလဟာလများအတိုင်းပင် ၎င်းသည် ကန်းယွင်ဂိုဏ်းထံသို့သာ ရောက်ရှိသွားရန်များသည်၊ သူသည် ၎င်းကို သိမ်းပိုက်ချင်ကာ၊ သူ၏ဂျူနီယာညီမငယ်အတွက်ပါ လက်စားချေချင်နေခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူသည် ခြေတစ်လှမ်းလှမ်းကာ၊ ချင်းယွင်တောင်ထွဋ်ပေါ်သို့ ရောက်ရှိလာခဲ့သည်၊ သူ၏ စိတ်စွမ်းအား ပျံ့လွင့်လာခဲ့ကာ၊ ပုန်းကွယ်နေသူကို ရှာဖွေနေတော့သည်။

“ မင်းက ငါ့ဂျူနီယာ ညီမကို သတ်ခဲ့တယ်၊ ဒီအရှင်သခင်က မင်းရဲ့ ဂိုဏ်းတစ်ခုလုံးကို သူမနဲ့အတူ မြှုပ်နှံပေးမယ်၊ မင်းနဲ့ စပေးမယ် “

သူ၏ အသံပျံ့လွင့်လာခဲ့သည်၊ သူ့ဆီမှ မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ မှော်စွမ်းအားတို့ဖြင့် ဖွဲ့စည်းထားသည့် လက်တစ်ဖက် ပေါ်ထွက်လာခဲ့ကာ၊ ချင်းယွင်တောင်ထွဋ်ပေါ်သို့ ကျဆင်းလာခဲ့သည်၊ ၎င်းသည် အရာအားလုံးကို အမှုန့်ကြိတ်ရန် ကြံရွယ်ထားပုံရသည်။

သူသည် မည်သူက လှုပ်ရှားခဲ့လဲဆိုသည်ကို ဂရုမစိုက်ပေ။

မျက်နှာပင် မပြရဲဘဲ၊ ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေသူက မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်ဖြစ်သော သူ့ကို မည်ကဲ့သို့ ယှဥ်နိုင်လိမ့်မည်နည်း

နင့်ယုရှင်းသည် ကောင်းကင်ထက်သို့ မော့ကြည့်လာခဲ့သည်။ ထွက်သွားရန် နောက်ကျလွန်းနေခဲ့ပြီဖြစ်သည်၊ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်၏ ဖိအားကို ခံစားနေခဲ့ရသော်လည်း၊ သူမသည် တစ်ချို့သော အကြောင်းပြချက်များကြောင့် စိတ်သက်သာရာရသွားခဲ့သည်။

ဧရာမလက်ကြီးက ချင်းယွင်တောင်ထွဋ်ပေါ်သို့ ဆင်းသက်လာသည့် အချိန်တွင်၊ ကမ္ဘာမြေထံမှ အလင်းတန်းပေါင်းများစွာ ပေါက်ထွက်လာခဲ့ပြီး၊ ၎င်းတို့သည် ပုံစံကွက်များအဖြစ် လိမ်ယှက်သွားကာ၊ ချင်းယွင်တောင်ထွဋ်ကို ကာကွယ်ပေးနေသည့် အလင်းမျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဧရာမလက်ဝါးကြီးသည် အလင်းမျက်နှာပြင်ပေါ်သို့ ကျရောက်လာခဲ့သည်၊ အားနှစ်ခု တွေ့ဆုံသွားပြီး၊ ပြင်းထန်သော စွမ်းအင်လှိုင်းများ ပျံ့လွင့်လာခဲ့ကာ၊ လေထုကိုပင် အက်ကြောင်းထသွားစေခဲ့သည်။

နတ်ကောင်းကင်ဂိုဏ်း၏ အဘိုးအို မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် ဤနေရာကို ကာကွယ်ပေးနေသည့် အစီအရင်တစ်ခု ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူသည် အချိန်ဖြုန်းမနေတော့ဘဲ၊ ဘေးတစ်ဖက်သို့ ပျံသန်းသွားတော့သည်၊ ဤနေရာကို ဖျက်စီးရန် ရောက်လာခဲ့သောကြောင့်၊ မည်သည့်နေရာမှ စစ ရလဒ်က ပြောင်းလဲသွားမည် မဟုတ်ပေ။

သို့ရာ၌ သူမလှုပ်ရှားရသေးခင် အချိန်မှာပင်၊ အလင်းတန်းများသည် ချင်းယွင်တောင်ထွဋ်မှတစ်ဆင့် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ၊ မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ကန်းယွင်ဂိုဏ်းတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကြီးမားသော ဧရာမ အစီအရင်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ များပြားလွန်းလှသော သတ်ဖြတ်ခြင်း တိုက်ကွက်များကို ဖန်တီးကာ၊ ကောင်းကင်ထက်သို့ မြင့်တက်သွားသည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 41 )

ချန်းလော့ဂိုဏ်း၏ ဂိုဏ်းချုပ်

ကန်းယွင်ဂိုဏ်းမှ ဧရာမ အစီအရင်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အံ့ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ် ပေါက်ထွက်လာခဲ့ကာ၊ လူတော်တော်များများ၏ အကြည့်များကို ဆွဲဆောင်သွားခဲ့သည်။

ဧရာမ အစီအရင်ကြီးကို မြင်တွေ့လိုက်ရသောအခါတွင်၊ အူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်၊ ၎င်းက ထုတ်လွှတ်လိုက်သော စွမ်းအားသည် သူတို့၏ တောင့်ခံနိုင်စွမ်းထပ် ကျော်လွန်နေကာ၊ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ကျင့်ကြံသူများကိုပင် အလွယ်တကူ သုတ်သင်နိုင်စွမ်းရှိနေခဲ့သည်။

ရွှမ်ထျန်းဂိုဏ်း၏ ဘိုးဘေးကပင် တအံ့တဩ ဖြစ်သွားခဲ့သည်။

မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူကပင် ၎င်းကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ၊ သေးငယ်သော အမှားအယွင်း(သို့) လွဲချော်မှုတစ်ခုကပင် အသက်ကို နှုတ်ယူသွားနိုင်ပေသည်။

“ ကန်းယွင်ဂိုဏ်းက ဒီလိုနည်းလမ်းမျိုးကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး၊ နင်တို့ကို ငါတကယ် လျှော့တွက်ခဲ့မိတာပဲ “

ရွှမ်မေ့သည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်၊ သူမ၏ မျက်လုံးများအတွင်းတွင် မနာလိုမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်၊ သူမ၏ဂိုဏ်းသည် ထိုကဲ့သို့သော အုတ်မြစ်မျိုးကို မယှဥ်နိုင်ပေ။

သူမ၏ သတ်ဖြတ်လိုစိတ်မှာ ယခင်ကထပ် ပိုမိုအားကောင်းလာခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လော့ထျန်းမှာလည်း အတွေးနက်သွားခဲ့သည်၊ သူသည် သူ့ခြေထောက်များအောက်တွင် မြင့်တက်လာနေသည့် ဧရာမ အစီအရင်ကြီးကို စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်ရှုနေတော့သည်။

သူဂိုဏ်းချုပ်ဖြစ်နေသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်၊ သို့သော် သူသည် ထိုကဲ့သို့သော အစီအရင်ကြီးတစ်ခု တည်ရှိနေသည်ဆိုသည်ကို မသိပေ။ ငါ့ဆီကို လက်ဆင့်မကမ်းရသေးတာများလား

သို့ရာတွင် ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးမှာလည်း မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

သို့သော် ဂရုတစိုက် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်၌၊ လော့ထျန်းထံတွင် ထိုကဲ့သို့ စွမ်းရည်မျိုး မရှိဘူးဆိုသည်မှာ သိသာလွန်းနေခဲ့သည်၊ ထိုကဲ့သို့လုပ်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသော လူမှာ ချင်းယွင်တောင်ထွဋ်သခင်သာလျှင် ဖြစ်သည်၊ သူ့ထံတွင်သာ ထိုကဲ့သို့သာ နည်းလမ်းမျိုး ရှိနေနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ ကိစ္စကောင်းတစ်ခုဖြစ်သည်။

အစီအရင်ကြီးမြင့်တက်လာသည်ကို မြင်လိုက်ရသောအခါတွင်၊ တပည့်များသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြတော့သည်။

နတ်ကောင်းကင်ဂိုဏ်း၏ မွေးရာပါ ဝိညာဥ်ကျင့်ကြံသူသည် အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။

“ ငါ့ရဲ့ နတ်ကောင်းကင်ဂိုဏ်းကို စော်ကားရဲတာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ၊ မင်းဆီမှာ စွမ်းရည်တစ်ချို့ ရှိတာကိုး၊ ဒါပင်မဲ့ ငါ့ကို အဲ့တာနဲ့ ချုပ်နှောင်ထားနိုင်မယ်လို့ ထင်နေတာလား “

ဝှစ်

စကားပြောဆိုခဲ့ပြီးသည့်နောက်တွင် သူ၏မှော်စွမ်းအား မြင့်တက်လာခဲ့သည်၊ သူသည် အကျ်ီလက်ကို ဝေ့ရမ်းကာ သတ်ဖြတ်လိုစိတ်ကို ပိတ်ဆို့တားဆီးလိုက်သည်။ အဆုံးမဲ့ ဟိန်းဟောက်သံများသည် ဘက်ပေါင်းစုံမှ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်၊ အစီအရင်ကြီး လှုပ်ရှားလာခဲ့ပြီး၊ ပုံစံကွက်များ လိမ်ယှက်ပေါင်းစည်းလာကာ အပြည့်အဝ ဖြစ်တည်လာခဲ့သည်။

နှစ်ဖက်စလုံး ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်၊ သူတို့၏ စွမ်းအားများသည် အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့ကာ၊ မွေးရာပါ ဝိညာဥ်အဆင့်တိုက်ပွဲထပ် မည်သို့မျှ နိမ့်ကျမနေခဲ့ဘူး။

သူသည် သူ၏တိုက်ကွက်များကို အဆက်မပြတ် ပြုလုပ်နေခဲ့ကာ၊ အစီအရင်မှာလည်း တုန်ခါသွားခဲ့သည်။

ကောင်းကင်ယံတွင် အလင်းတန်းတို့ဖြင့် ပြည့်နှက်နေခဲ့ကာ၊ လေနှင့်တိမ်တိုက်တို့ကို မွှေနှောက်သွားခဲ့သည်။

တဖြည်းဖြည်းဖြင့် နတ်ကောင်းကင်ဂိုဏ်း၏ မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူ၏ မျက်လုံးများအတွင်းတွင် အံ့အားသင့်မှုများ ကြီးစိုးလာခဲ့သည်။ အစပိုင်းတွင် သူသည် အပေါက်တစ်ုခ ဖွင့်ကာ ထွက်သွားရန် ကြံရွယ်နေခြင်းဖြစ်သည်၊ သို့သော် ဧရာမ အစီအရင်ကြီးသည် လွန်စွာခိုင်ခံ့နေခဲ့ပြီး၊ မည်သည့်အားနည်းချက်မှ ရှိမနေဘူးဆိုသည်ကိုသာ သူမြင်တွေ့လိုက်ရသည်။

“ ကန်းယွင်ဂိုဏ်းမှာ ဒီလောက်တောင် အံ့ဖွယ်ကောင်းတဲ့ အစီအရင် ပညာရှင်တစ်ယောက် ရှိနေတာလား “

သူသည် အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

လုချန်ရှန်းသည် ကုလားထိုင်ပေါ်သို့ ပြန်လှဲချလိုက်သည်။

သူ၏စိတ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို တွေ့မြင်နေခဲ့ရသည်။ ယခုလက်ရှိ အခြေအနေများအရ ရွှမ်ထျန်းဂိုဏ်းမှာ သေချာပေါက် ရှုံးနိမ့်သွားတော့မည် ဖြစ်သည်။

ရွှမ်မေ့သည် လော့ထျန်း၏ ပြိုင်ဘက်ဟုတ်မနေခဲ့ပေ၊ ရွှမ်ထျန်းဂိုဏ်း၏ ဘိုးဘေးမှာလည်း ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ အကြီးအကဲများနှင့် တောင်ထွဋ်သခင်များသည် သူ၏ဆယ်နှစ်တာ ပြင်ဆင်မှုအောက်တွင် တစ်ခြားလူများထပ် မည်သို့မျှ နိမ့်ကျမနေတော့ပေ။

ဧရာမ အစီအရင်ကြီးကမူ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု၏ ရလဒ်ဖြစ်သည်။ သူ၏ အသက်ငယ်လေးအတွက် သူသည် ၎င်းကို စီစဥ်ရန် အတော်လေး သုံးစွဲခဲ့ရသည်၊ ဆယ်နစ်ဆက်တိုက် အားဖြည့်မှုနှင့် အဆင့်မြှင့်တင်မှုတို့ကို ပြုလုပ်ခဲ့သောကြောင့်သာလျှင် ၎င်း၏ ယခုလက်ရှိစွမ်းအားကို ရရှိခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူလူထုံးထွက်ပြရမည်ကို ရှောင်ရှားနိုင်မည်ဆိုပါက၊ သူသည် လူလုံးထွက်မပြရန်အတွက် အကောင်းဆုံး ကြိုးစားမည် ဖြစ်သည်။ အကယ်၍ သူသာ ဖော်ထုတ်ခံလိုက်ရမည်ဆိုပါက၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ ရှင်ဘုရင်ကပင် သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် သူသည် မှောင်နေသည်ကို အခွင့်ကောင်းယူကာ၊ ရုပ်သေးများကိုပါ လွှတ်ပေးလိုက်သည်။ တစ်စုံတစ်ဦးက အန္တရာယ်ကြုံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က သူတို့ကို ကယ်တင်ရန် လှုပ်ရှားကြမည် ဖြစ်ပြီး၊ ၎င်းတို့သည် ပြဿနာလာရှာသူများက တိတ်တဆိတ် လှုပ်ရှားလာကြမည်ကိုလည်း ကိုင်တွယ်ဖြေရှင်းကြမည် ဖြစ်သည်။

သို့သော် ထိုအချိန်၌ နတ်ကောင်းကင်ဂိုဏ်း၏ မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူ၏ လက်ထဲတွင် အနီရောင် ပုတီးစေ့တစ်လုံး ပေါ်ထွက်လာခဲ့သည်။

ပုတီးစေ့သည် လေထုအတွင်းတွင် မျောလွင့်လာခဲ့ပြီး၊ အံ့ဖွယ်ကောင်းသော စွမ်းအားကို ဖန်တီးလာခဲ့သည်။ သူ၏အသက်သွင်းမှုအောက်တွင် ၎င်းသည် သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေး၍၊ အလင်းတန်းများ ထုတ်လွှတ်လိုက်ရာ၊ အစီအရင်ကြီး တစ်ခုလုံး ခါရမ်းသွားခဲ့သည်။

“ စိတ်ဝိညာဥ်အဆင့် အဆင့်မြင့် မှော်ပစ္စည်း “ လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားကာ ရေရွတ်ပြောဆိုနေတော့သည် “ ဂိုဏ်းကြီးတစ်ခုက တကယ်ကို ကောင်းတာပဲ။ ရတနာတွေ အများကြီး ရှိနေတယ် “

သို့ရာတွင် အဆိုပါ ပုတီးစေ့ပေါ်ထွက်လာမှုသည် အစီအရင်ကို အကြပ်အတည်းတစ်ခုအတွင်းသို့ ရောက်ရှိသွားစေခဲ့သည်၊ ၎င်းသည် လျော့ရဲစပြုလာခဲ့ကာ၊ အချိန်မရွေး ပျက်စီးသွားတော့မည့်အလား ဖြစ်သွားခဲ့သည်။

မွေးရာပါ ဝိညာဥ်အဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်၌ လုချန်ရှန်းသည် ၎င်းကို အားဖြည့်ပေးရန် အချိန်မရခဲ့ပေ။

အားလုံးသည် ကောင်းကင်ယံကို ငေးကြည့်နေကြသည်၊ တိုက်ပွဲ၏ အခြေအနေမှာ ထပ်မံ၍ ပြောင်းလဲသွားရပြန်သည်။

ရွှမ်မေ့သည် အောက်စည်းသို့ ရောက်နေခဲ့ပြီး၊ ရွှမ်ထျန်းဘိုးဘေးမှာလည်း ဖိနှိပ်ခံနေခဲ့ရသည်။ သူအိုမင်းနေပြီဖြစ်သောကြောင့်၊ သူ၏ချီနှင့် သွေးတို့ ကုန်ခမ်းသွားပြီ ဖြစ်သည်၊ သို့သော် သူသည် အဆုံးမဲ့ ခွန်အားနှင့် မှော်စွမ်းအားများ ပြည့်နှက်နေသည့် ခန္ဓာကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရသည်။

သူသည် သိပ်မကြာခင် အချိန်မှာပင် မလွဲမသွေ ရှုံးနိမ့်သွားရတော့မည် ဖြစ်သည်။

“ ရွှမ်ထျန်းတစ္ဆေအိုကြီး၊ မင်းက ငါ့ဂိုဏ်းကို ကျူးကျော်လာရဲတယ်။ နောင်အနာဂတ်မှာ မင်းတို့တစ်ဂိုဏ်းလုံးကို ပြားပြားဝပ်သွားအောင် ငါလုပ်မယ် “

ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးမှ စကားပြောလာခဲ့သည်၊ သူသည် ပလွှားကြီးစိုးနေစဲပင်။

ရွှမ်ထျန်းဂိုဏ်း၏ ဘိုးဘေးသည် မည်းမှောင်နေသော အမူအရာဖြင့် ပြန်ပြောလာခဲ့သည် “ ကန်းယွင်ဂိုဏ်းက အနိုင်မရသေးပါဘူး၊ မင်းပြောတာ စောလွန်းနေသေးတယ် “

“ အဲ့လိုလား “

ကန်းယွင်ဘိုးဘေးသည် ချုပ်နှောင်ခံရသည့် မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူကို ငေးကြည့်လိုက်သည်။

ရွှမ်ထျန်းဂိုဏ်းက ပေါ်ပေါ်တင်တင် လှုပ်ရှားရဲရသည်မှာ ထိုလူ့ကြောင့်ပင် ဖြစ်သည်။

ထိုတစ္ဆေအိုကြီးကိုသာ သတ်နိုင်သရွေ့၊ ကန်းယွင်ဂိုဏ်း၏ အကြပ်အတည်းကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။

ဘုမ်းးး

၎င်းကို တွေးမိသွားသောအခါတွင် ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးသည် သူ၏လက်ကို ဝေ့ရမ်းလိုက်သည်၊ အံ့ဖွယ်ကောင်းသည့် စွမ်းအားတစ်ခု ထပ်မံ၍ ပေါက်ထွက်လာခဲ့ပြီး၊ ရွှမ်ထျန်းဘိုးဘေးကို ထပ်ခါတလဲလဲ နောက်ဆုတ်သွားစေခဲ့သည်။ သူ၏ပါးစပ်ထောင့်မှ သွေးစီးကြောင်းတစ်ခု စီးကျလာခဲ့သည်။

သူသည် လေးလေးနက်နက်ဖြစ်နေကာ၊ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့် အရှေ့သို့ စိုက်ကြည့်နေခဲ့သည်။

“ သတ် “

ကန်းယွင်ဘိုးဘေးမှ ထပ်မံ၍ တိုက်ခိုက်လာသည့် အချိန်တွင်၊ တောင်ကဲ့သို့ ကြီးမားသော စွမ်းအားတစ်ခု ဆင်းသက်လာခဲ့ပြီး၊ လေထုကိုပင် တကျွီကျွီ အော်မြည်သွားစေခဲ့သည်။ ၎င်းသည် ရွှမ်ထျန်းဘိုးဘေးကို ပါးစပ်အပြည့် သွေးတစ်လုပ် အန်သွားရစေခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည် အလျားလိုက် လွင့်ထွက်သွားကာ၊ တောင်တစ်လုံးနှင့် တိုက်မိသွားသည်။

ထိုအချိန်တွင် ကန်းယွင်ဘိုးဘေးသည် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ၊ ထပ်မံ၍ ပြေးဝင်လာခဲ့ပြန်သည်။

ရွှမ်ထျန်းဘိုးဘေးသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် အမှောင်ထုအတွင်းသို့ ငေးကြည့်ကာ၊ ဒေါသတကြီး အော်ပြောလိုက်သည်။

“ ချန်ဒေါင်၊ မင်းက ဘယ်အချိန်အထိ စောင့်ကြည့်နေဦးမှာလဲ “

အသံတစ်သံ ပျံ့လွင့်လာခဲ့ပြီး၊ အားလုံး၏ စိတ်နှလုံးသားများ လှုပ်ခါသွားခဲ့သည်။

ကန်းယွင်ဘိုးဘေးကပင် မျက်မှောင်ကြုတ်သွားခဲ့သည်၊ အားလုံး၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့၏စိတ်ထဲတွင် ဆိုးဝါးသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။

“ ဟားဟားဟား “

ရယ်မောသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ သက်တံ့ရှည်တစ်စင်းသည် အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်ပြီး၊ ကောင်းကင်ပြင်ကို ကျော်ဖြတ်ကာ၊ ကန်းယွင်ဂိုဏ်းထံသို့ လျင်မြန်စွာ ချဥ်းကပ်လာခဲ့သည်။

၎င်းသည် အသက်ခြောက်ဆယ်(သို့) ခုနစ်ဆယ်အရွယ်ရှိ အဘိုးအိုတစ်ဦးဖြစ်သည်။

သူသည် ချန်းလော့ဂိုဏ်း၏ ဂိုဏ်းချုပ်ပင် ဖြစ်သည်။

ထိုအချိန်တွင် လော့ထျန်းမှာလည်း မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားကာ စကားပြောလာခဲ့သည် “ မင်းက မွေးရာပါ ဝိညာဥ်အဆင့်ကို တကယ်ကြီးကို ရောက်သွားတာပဲ “

“ ကံကောင်းလို့ပါ၊ ကံကောင်းလို့ပါကွာ ”

ချန်ဒေါင်သည် အသာအယာ ပြုံး၍ တုံ့ပြန်လာခဲ့သည်၊ သူ၏ လေသံသည် လွန်စွာချိုသာကာ ဖော်ဖော်ရွေရွေ ရှိနေသောကြောင့်၊ သူ့အား နူးညံ့သိမ်မွေ့ပုံရသည့်အလား ဖြစ်သွားစေခဲ့သည်။

သို့သော် ကန်းပြည်နယ်တစ်ခုလုံးသည် ထိုလူက ကလိမ်ကကျစ် အကျဆုံးဆိုသည်ကို သိနေကြသည်။

သူ မွေးရာပါ ဝိညာဥ်အဆင့်သို့ ရောက်ရှိသွားခြင်းမှာလည်း မထင်မှတ်ထားသော ကိစ္စတစ်ရပ်ဖြစ်သည်။

ချန်းလော့ဂိုဏ်း၏ ဘိုးဘေး ကျဆုံးသွားခဲ့ပြီးသည့်နောက်တွင် သူတို့က ထိုအဆင့် ပုဂ္ဂိုလ်မျိုးကို မပိုင်ဆိုင်ခဲ့သည်မှာ နှစ်အတော်ကြာနေခဲ့ပြီဖြစ်သည်။

“ ချန်ဒေါင်၊ မင်းကလည်း ငါ့ကန်းယွင်ဂိုဏ်းရဲ့ ရန်သူဖြစ်ချင်နေတာလား “ ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးသည် မာမာထန်ထန် ပြောဆိုလိုက်သည်။

ချန်ဒေါင်သည် သူ့ကို လှည့်ကြည့်လာခဲ့ကာ၊ အလောတကြီး လက်ဝေ့ရမ်းပြလာခဲ့သည် “ တာအိုရောင်းရင်း၊ အထင်မလွဲပါနဲ့ကွာ။ ငါ့ဂိုဏ်းရဲ့ အထွတ်အထိပ် ရတနာဖြစ်တဲ့ ချန်းလော့မျှော်စင် ပျောက်သွားတယ်ကွ။ ငါက အဲ့တာရဲ့ အမှတ်အသားအတိုင်း လိုက်လာခဲ့ပြီးတော့ အဲ့တာကိုပဲ ပြန်ယူသွားချင်တာပါကွ။ မင်းရဲ့ ဂိုဏ်းနဲ့ ပတ်သက်ပြီးတော့ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူးကွာ “

“ ပေါက်ကရတွေ “

လော့ထျန်းမှ အော်ငေါက်လိုက်သည်။

သို့ရာတွင် သူသည် ယခင်က သူတို့က သားရဲလှိုင်းကို ခုခံတိုက်ခိုက်နေသည့် အချိန်တွင် ကျိုးချင်ယုကို ဖိနှိပ်ကာ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် မျှော်စင်ကို စဥ်းစားမိသွားခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ချန်‌ဒေါင်သည် ဒေါသမထွက်သွားဘဲ၊ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ဂိုဏ်းချုပ်လော့၊ မစိုးရိမ်ပါနဲ့ဗျာ။ ကျုပ်ဘာသာ ရှာလိုက်ပါ့မယ်။ တကယ်လို့ ရှာမတွေ့ဘူးဆိုရင်၊ ပြန်သွားပေးမယ်လေ “

ထို့နောက်တွင် သူသည် ရုတ်တရက် လှုပ်ရှားကာ၊ ကန်းယွင်ဂိုဏ်းထံသို့ ဦးတည်သွားတော့သည်။

အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။ သူ၏လက်ကို မြှောက်လိုက်ရာ၊ မှော်စွမ်းအားတစ်ခု လှိုက်တက်လာခဲ့ပြီး၊ ဧရာမ အစီအရင်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ဝရုန်းးး

ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်၊ ဧရာမ အစီအရင်သည် မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူ နှစ်ဦး၏ တိုက်ခိုက်မှုများကို တောင့်ခံနေခဲ့ရပြီး၊ အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာခဲ့သည်။

“ မင်းလုပ်ရဲလား “

ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။

သို့ရာတွင် ချန်ဒေါင်သည် မည်သည့်အသံကိုမှ မကြားလိုက်ရသည့်အလား ပြုမူလှုပ်ရှားနေခဲ့ပြီး၊ အစီအရင်ကို ချိုးဖျက်ရန် ထပ်မံ၍ တိုက်ခိုက်နေတော့သည်။

အစီအရင် ကျိုးပဲ့ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် နတ်ကောင်းကင်ဂိုဏ်း၏ မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူကို မည်သူကမှ မထိန်းချုပ်နိုင်တော့ဘဲ၊ ကန်းယွင်ဂိုဏ်းက သေချာပေါက် ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။

သူသည် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များအတွက် ဤကဲ့သို့ ပြုလုပ်နေရခြင်းဖြစ်သည်။ သူသည် ကန်းယွင်ဂိုဏ်း၏ အရင်းအမြစ်များကို လုယက်ချင်နေခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူသည် ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးကို တိုက်ရိုက်တိုက်ခိုက်မည် ဖြစ်သည်။

“ ဟားဟားဟား “

ထိုစဥ် ရယ်မောသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ရွှမ်ထျန်းဂိုဏ်း၏ ဘိုးဘေးသည် လှောင်ပြောင်နေသော အကြည့်ဖြင့် အရှေ့သို့ ငေးမောကြည့်ရှုနေခဲ့သည်၊ သူ၏မျက်လုံးများ အတွင်းတွင် ရန်စမှုတို့ဖြင့် ထပ်မံ၍ ပြည့်နှက်သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဧရာမ အစီအရင်ကြီး ပြိုကွဲသွားကာ၊ အလင်းတန်းပေါင်းများစွာ ပြန့်ကျဲသွားခဲ့သည်။

ကန်းယွင်ဂိုဏ်း၏ လူများသည် ၎င်းတို့ကို စောင့်ကြည့်နေရင်းဖြင့် ဒေါသတကြီး ဖြစ်သွားကြသည်။ ဧရာမ အစီအရင်ကြီး ပြိုကွဲသွားသည့် အချိန်၌၊ အမှောင်အတွင်းတွင် ပုန်းကွယ်နေခဲ့သည့် လူများသည် ထိုင်မနေနိုင်တော့ဘဲ၊ ကန်းယွင်ဂိုဏ်းဆီသို့ ပြေးတက်လာကြသည်။ သူတို့အားလုံးမှာ အူတိုင်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်များသာ ဖြစ်နေခဲ့သည်။

” ခွေးသူတောင်းစား “

လော့ထျန်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ချန်ဒေါင်၏ မျက်နှာပေါ်တွင် ခြောက်ခြားဖွယ်ကောင်းသော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်၊ သူသည် ကန်းယွင်ဂိုဏ်း၏ ဘဏ္ဍာတိုက်ဆီသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။

သို့သော် ထိုအနားသို့ ချဥ်းကပ်သွားသည့် အချိန်တွင်၊ ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်၊ ၎င်း၏တောက်ပမှုသည် အမှောင်ညကိုပင် လင်းထိန်သွားစေခဲ့ကာ၊ ချန်ဒေါင်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။

“ အားးးးးး “

ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်သည့် အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ သွေးများ ဖြာထွက်လာခဲ့ကာ၊ ချန်ဒေါင်သည် အလောတကြီး နောက်ဆုတ်သွားခဲ့သည်။ သူ၏လက်တစ်ဖက်သည် ယခုလေးတင် ပေါ်ထွက်လာခဲ့သည့် ဓားချီကြောင့် ပြတ်တောက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်နေခဲ့သည်။

လူတိုင်း မှင်သက်သွားကြသည်၊ ကန်းယွင်ဂိုဏ်း၏ လူများမှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

“ ဟူးးးး “

ညကောင်းကင်ယံသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး၊ တိုးညှင်းသော သက်ပြင်းချသံတစ်သံသာ ပေါ်ထွက်လာခဲ့သည်။

…………………………………………………………………………………………………………………………………………

အပိုင်း ( 42 )

ရိတ်သိမ်းမှု

ကန်းယွင်ဂိုဏ်း၏ အထက်တွင် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် လူတော်တော်များများ၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

ဓားချက်တစ်တည်းဖြင့် ချန်ဒေါင်၏ လက်တစ်ဖက် ပြတ်တောက်သွားခဲ့သည်။ အားလုံးသည် ၎င်းက ကြောက်မက်ဖွယ်ကောင်းသော ဓားတာအို ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် မွေးရာပါဝိညာဥ်အဆင့် ကျင့်ကြံသူဆိုသည်ကို သိသွားကြသည်။

“ ညနတ်ဆိုး “

လော့ထျန်းသည် အံ့ဩတကြီး အော်ပြောမိသွားခဲ့သည်၊ သူပြာအဖြစ် ပြောင်းလဲသွားမည်ဆိုလျှင်တောင်မှ၊ သူသည် သူ့အရှေ့တွင် ရှိနေသည့်လူကို သေချာပေါက် မှတ်မိနေမည် ဖြစ်သည်။

၎င်းမှာ ညသန်းခေါင်ယံတွင် သူ့ကို အိပ်ရာအတွင်းမှ ဆွဲထုတ်ကာ၊ ရိုက်နှက်ခဲ့သည့် လူတစ်ဦး ဖြစ်သည်။

သို့ရာတွင် လော့ထျန်းသည် ထိုလူမှာ ကန်းယွင်ဂိုဏ်းက အန္တရာယ် ကျရောက်နေသည့် အချိန်တွင်၊ လှုပ်ရှားလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ သူ့ကို ပို၍အံ့အားသင့်စေခဲ့သည့် အရာမှာ တစ်ဖက်လူက မွေးရာပါ ဝိညာဥ်အဆင့်သို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။

ဂိုဏ်းအတွင်းတွင် ပုန်းကွယ်နေခဲ့သည့် မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူ၊ ထိုအတွေးသည် လူတော်တော်များများကို ကြက်သီးထသွားစေခဲ့သည်။

ကန်းယွင်ဂိုဏ်းမှ လူများနှင့် ယှဥ်လိုက်မည်ဆိုပါက၊ ကျန်ရှိနေသည့် လူများ၏ တုံ့ပြန်မှုများက ပိုမိုအားကောင်းနေခဲ့သည်။

ကန်းယွင်ဂိုဏ်းသည် သူတို့ကို ထပ်ခါတလဲလဲ အံ့ဩသွားစေခဲ့သောကြောင့်၊ သူတို့၏ စိတ်နှလုံးသားများကို တည်ငြိမ်အောင် ပြုလုပ်ရန် ခက်ခဲသွားစေခဲ့သည်။

“ ဒီကမိတ်ဆွေ၊ မင်းဘယ်သူလဲ။ ဒီကိစ္စကို ကြားဝင်စွက်ဖက်ပြီးတော့ ငါ့ရဲ့ နတ်ကောင်းကင်ဂိုဏ်းနဲ့ ရန်သူလုပ်ဖို့ ကြံနေတာလား “ နတ်ကောင်းကင်ဂိုဏ်း၏ လူမှ စကားလှမ်းပြောလာခဲ့သည်။

လုချန်ရှန်းမှာလည်း ကူရာကယ်ရာမဲ့နေခဲ့သည်၊ သူသည် နောက်ထပ် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ ထို့ကြောင့် သူသည် ရွေးချယ်စရာ မရှိတော့ဘဲ၊ လူလုံးထွက်ပြရတော့လေသည်။

ထိုလူ၏ မေးခွန်းကို ကြားလိုက်ရသောအချိန်တွင်၊ သူသည် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ မင်းက နတ်ကောင်းကင်ဂိုဏ်းကို ကိုယ်စားပြုလို့လား “

“ ငါက နတ်ကောင်းကင်ဂိုဏ်းက ……. “

“ တကယ်လို့ သူတို့ကို ကိုယ်စားမပြုဘူးဆိုရင်၊ ပါးစပ်ပိတ်ထားလိုက်။ မင်းက ငါ့ကို လာနှောင့်ယှက်နေတာပဲ “

လုချန်ရှန်းသည် သူနှင့် လေကုန်ခံရန် ပျင်းရိလွန်းနေသောကြောင့်၊ ကြိမ်းမောင်းလိုက်သည်။

ထိုလူ၏ အမူအရာ မည်းမှောင်သွားခဲ့သည် “ မင်းက တကယ် မောက်မာတာပဲ။ နတ်ကောင်းကင်ဂိုဏ်းကိုတောင် မင်းမျက်လုံးထဲ မထည့်ထားဘူးပေါ့ “

ရွှမ်

လုချန်ရှန်းသည် စကားဖြင့် မတုံ့ပြန်လိုက်ပေ။ သူသည် သူ၏လက်ကို မြှောက်ကာ၊ ဓားမန္တာန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ ဓားအော်သံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ပြီး၊ ကောင်းကင်ယံတွင် ဓားချီတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ဘုံကိုးဆင့် ကောင်းကင်ဘုံကို ထိုးဖောက်တော့မည့်အလား အရှေ့သို့ ပစ်ခွင်းလာခဲ့သည်။

နတ်ကောင်းကင်ဂိုဏ်းမှ လူ၏ မှော်စွမ်းအား ပေါက်ထွက်လာခဲ့သည်၊ သူ၏အင်အားကို အကုန်အစင် ထုတ်သုံးလိုက်သည်၊ အနီရောင် ပုတီးစေ့မှာလည်း တလက်လက် တောက်ပလာခဲ့ကာ၊ တိုက်ခိုက်မှုကို တားဆီးပိတ်ဆို့လိုက်သည်။

၎င်းကို သူဖြေရှင်းနိုင်ခဲ့သော်လည်း၊ သူသည် မီတာ ၃၀၀ကျော်အထိ နောက်ဆုတ်သွားခဲ့ရပြီး၊ တောင်တစ်လုံးနှင့် တိုက်မိသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် များပြားလွန်းလှသော ကျောက်တုံးကြီးများနှင့် ဖုန်မှုန့်များ ကျဆင်းလာခဲ့ကာ၊ သူ၏မျက်လုံးများအတွင်းတွင် အံ့အားသင့်မှုများ ပေါ်ထွက်လာခဲ့သည်။

“ ဓားတာအို အဆင့်၉ “

သူ၏အသံသည် တုန်ရင်လုနီးပါး ဖြစ်နေခဲ့ပြီး၊ မယုံကြည်နိုင် ဖြစ်နေသော အမူအရာနှင့် လုချန်ရှန်းကို ကြည့်နေတော့သည်။

အဆိုပါ တိုက်ခိုက်မှုသည် လူတိုင်းကို အံ့အားသင့်သွားစေခဲ့ကာ၊ လူတော်တော်များများကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

ဓားတာအိုသည် လေ့ကျင့်ရ ခက်ခဲသော အရာတစ်ခု ဖြစ်သည်။ များပြားလွန်းလှသော ပါရမီရှင်များသည် သူတို့၏ ဘဝသက်တမ်းတစ်လျှောက်လုံးမှာပင် ထိုအဆင့်သို့ မရောက်ရှိသွားခဲ့ပေ။ ဒဏ္ဍာရီလာ ဓားနှလုံးသား သန့်စင်မှုကမူ သဘာဝ ချောက်ကမ်းပါးတစ်ခုအလား ဖြစ်နေခဲ့ပြီး၊ များပြားလွန်းလှသော ဓားကျင့်ကြံသူတို့၏ လမ်းကြောင်းကို ပိတ်ဆို့နေလျက်ရှိသည်။

နတ်ကောင်းကင်ဂိုဏ်း၏ ကျင့်ကြံသူ၏ မျက်လုံးများအတွင်းတွင် အကြောက်တရားများ ကြီးစိုးလာခဲ့သည်။

ယခင်က ရှိနေခဲ့သည့် သူ၏မောက်မာမှုအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူသည် ထိုလူက သူယှဥ်နိုင်သည့် လူမဟုတ်ဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်၊ ထိုလူ၏ ဓားတာအို တစ်ခုတည်းနှင့်ပင် သူ့ကို အကြိမ်တစ်ရာတိတိ သေဆုံးသွားစေရန် လုံလောက်နေခဲ့သည်။

ထိုအချိန်တွင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ လှည့်ပြေးသွားတော့သည်။

လုချန်ရှန်းကမူ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်၊ သူ၏လက်ကို ထပ်မြှောက်လိုက်ရာ၊ ကောင်းကင်ပြင်အထိ ထောင်တက်သွားသော ဓားချီတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် သူ၏ ခွန်အားကို ထိန်ချန်ထားစဲဖြစ်ပြီး၊ အင်အားအပြည့် ထုတ်မသုံးခဲ့ဘဲ၊ အဆင့်၉ ဓားတာအိုကိုသာ ထုတ်ပြလိုက်သည်။

ထိုလူသည် ၎င်းကို အာရုံခံမိသွားကာ၊ တားဆီးပိတ်ဆို့ရန် ကြိုးပမ်းနေခဲ့သည်၊ သို့သော် သူ၏မှော်စွမ်းအား ပြိုကွဲသွားကာ၊ သူ၏ခန္ဓာကိုယ် ထိုးဖောက်ခံလိုက်ရပြီး၊ သူ့အား ခုခံနိုင်စွမ်း ကင်းမဲ့သွားစေခဲ့သည်။

အကယ်၍ သူတို့နှစ်ဦးစလုံးက မွေးရာပါ ဝိညာဥ် အဆင့်၁တွင် ရှိနေမည်ဆိုလျှင်တောင်မှ၊ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ဓားကျင့်ကြံသူကို မည်ကဲ့သို့ တောင့်ခံနိုင်မည်နည်း

လူတစ်ဦး သတ်ဖြတ်ခံလိုက်ရသောကြောင့် ချန်ဒေါင်သည် ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။

သူသည် ပြတ်တောက်သွားသည့် သူ၏လက်မောင်းကို ဆုပ်ကိုင်ကာ၊ ဆက်တိုက်နောက်ဆုတ်သွားခဲ့ပြီး၊ ထိုနေရာကို အထိတ်တလန့် ကြည့်ရှုနေခဲ့သည်။

“ စီနီယာ၊ ကျွန်တော့်ဆီမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး၊ ကျွန်တော်က ………. “

ဝှစ်

လုချန်ရှန်းသည် စကားပြောရန် ပျင်းရိလွန်းနေသဖြင့် သူ၏လက်ကို ထပ်မြှောက်ကာ ဝေ့ရမ်းလိုက်သည်။ ဓားချီ ပျံသန်းလာခဲ့ပြီး၊ ဦးခေါင်းတစ်လုံးကို ဖြတ်တောက်သွားခဲ့သည်။

အားလုံးသည် သွေးများပန်းထွက်လာသည်ကိုသာ မြင်တွေ့လိုက်ရသည်။

သူသည် မရပ်တန့်ဘဲ၊ သူ၏မှော်စွမ်းအားကို ဘက်ပေါင်းစုံသို့ ပြန့်ကျဲသွားစေလိုက်သည်။ အမှောင်အတွင်းမှ အလောတကြီး ပြေးတက်လာကြသည့် လူများသည် သွေးမြူထုများအဖြစ် ပေါက်ကွဲထွက်သွားကာ၊ နေရာမှာတင် ပွဲချင်းပြီးသွားခဲ့သည်။

သူသည် ညှာတာမနေဘဲ၊ ရက်ရက်စက်စက်နှင့် ပြတ်ပြတ်သားသား လှုပ်ရှားခဲ့သည်။

ထိုမြင်ကွင်းသည် တံဆိပ်တစ်ခုကို ပုံသွင်းရိုက်နှိပ်လိုက်သကဲ့သို့ ရွှမ်ထျန်းဂိုဏ်းမှ လူများ၏ မျက်လုံးများအတွင်းတွင် သေရာပါကပ်ညိသွားခဲ့သည်။ သူတို့သည် ကန်းယွင်ဂိုဏ်းက ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုကို ဖွက်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးမှာလည်း အတွေးနက်သွားခဲ့သည်။

လော့ထျန်းသည် အံ့ဩတကြီးဖြစ်သွားခဲ့သည်။

ထိုလူ့အပေါ်တွင် ရှိနေခဲ့သည့် သူ၏မကျေနပ်ချက်များပင် ပျောက်ကွယ်သွားခဲ့သည်။

ကျိုးချင်ယုမှာလည်း ထိုနေရာကို ငေးမောကြည့်ရှုကာ၊ မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။ အဆိုပါ ဓားတာအိုသည် သူအမြဲလိုလို လိုက်လံရှာဖွေနေခဲ့သည့် နယ်ပယ်တစ်ခုဖြစ်သည်။

၎င်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသော အချိန်တွင် သူသည် တစ်ခုခုကို ဆုံးရှုံးသွားသကဲ့သို့ ခံစားသွားရကာ၊ စိတ်ခံစားချက်များကို မငြိမ်သက်စေနိုင် ဖြစ်သွားခဲ့သည်။

လုချန်ရှန်းက လှုပ်ရှားလိုက်သောကြောင့် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်နှစ်ဦး ကျဆုံးသွားကာ၊ အူတိုင်ဖွဲ့စည်းခြင်း ပညာရှင်များစွာ သေဆုံးသွားခဲ့သည်။ သူသည် လော့ထျန်းကို လှည့်ကြည့်လိုက်သည်။

“ ကျန်တာတွေကို မင်းပဲ ကိုင်တွယ်လိုက်တော့ “

“ ကျေးဇူးတင်ပါတယ်၊ စီနီယာ “

လော့ထျန်းစိတ်ရှုပ်ရှားသွားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ရွှမ်ထျန်းဂိုဏ်း၏ လူများမှာ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

သူတို့၏ အစွမ်းအထက်ဆုံး ကျောထောက်နောက်ခံ ပညာရှင်ကပင် ဓားတစ်ချက်တည်းဖြင့် ကျဆုံးသွားခဲ့သောကြောင့်၊ သူတို့က မည်ကဲ့သို့ တိုက်ခိုက်နိုင်ပါတော့မည်နည်း

လုချန်ရှန်းသည် မည်သည့်စကားမှ မပြောတော့ဘဲ၊ သူ၏လက်ကို ဝေ့ရမ်း၍ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်နှစ်ဦး၏ အလောင်းများကို သိမ်းယူကာ၊ ညအမှောင်ယံအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

သူသည် ကန်းယွင်ဂိုဏ်း၏ ပိုင်နက်အတွင်းမှ ထွက်သွားခဲ့ကာ၊ ကန်းပြည်နယ်အတွင်းတွင် လှည့်လည်သွားလာနေခဲ့သည်။

သူ့ထံတွင် ပို၍အရေးကြီးသော ကိစ္စများ ရှိနေခဲ့သည်။

သတ်ဖြတ်မှုများကို လုပ်ခဲ့ပြီးပြီဖြစ်သောကြောင့်၊ အဆုံးထိ ဆက်သွားသင့်ပေသည်၊ ရွှမ်ထျန်းဂိုဏ်းနှင့် ချန်းလော့ဂိုဏ်းတို့ကို တိုက်ခိုက်၍၊ ၎င်းတို့နှစ်ခုစလုံးကို ဖယ်ရှားလိုက်ခြင်းမှာ နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို အမြစ်ပြတ်ရှင်းလင်းလိုက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် ဂိုဏ်းနှစ်ဂိုဏ်း၏ ပိုင်ဆိုင်မှုများကိုပါ သိမ်းယူနိုင်ပေသည်။

မြက်များကို ဖြတ်တောက်ရုံသာ ဖြတ်တောက်၍၊ အမြစ်များကို မဖယ်ရှားဘူးဆိုပါက၊ ၎င်းတို့မှာ တဖန်ပြန်၍ ရှင်သန်ပေါက်ဖွားလာဦးမည် ဖြစ်သည်။ သူသည် ခြိမ်းခြောက်မှုများကို တည်ရှိခွင့်ပေးမည် မဟုတ်ပေ။

ယနေ့ညတွင် ကန်းပြည်နယ်တစ်ခုလုံးမှာ မည်သို့မျှ အေးချမ်းမနေခဲ့ပေ။

ဓားအလင်းတန်းများ တောက်ပနေကာ၊ ကောင်းကင်ယံတွင် သွေးစွန်းနေခဲ့သည်။

ကျင့်ကြံရေး လမ်းကြောင်းသည် ခက်ခဲကြမ်းတမ်းကာ၊ လှည့်ဖျားမှုနှင့် လှည့်စားမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။

အရင်းအမြစ် အနည်းငယ်အတွက် ဓားများ ထိပ်တိုက်တွေ့ဆုံကြသည်၊ အမျိုးမျိုးသော ဂိုဏ်းများ စီးချင်းထိုးကာ၊ အရှုပ်အထွေးများ ဖန်းတီးကြသည်၊ တစ်ကိုယ်တော်ကျင့်ကြံသူများသည်လည်း ၎င်းတို့ကို ကျားချောင်းချောင်းကာ အခွင့်အရေး ယူလေ့ရှိသည်၊ ကန်းယွင်ဂိုဏ်းမှာလည်း ထိုအတိုင်းပင် ကြုံတွေ့ခဲ့ရသည်။

သို့သော် ယနေ့ညကျော်လွန်သွားသည့်နောက်တွင် ကန်းပြည်နယ်၏ အာဏာချိန်ခွင်လျှာက မလွဲမသွေ ပြောင်းလဲသွားမည် ဖြစ်သည်။

သုံးပွင့်ဆိုင် ပြိုင်ဆိုင်မှု ပျက်စီးသွားခဲ့ပြီး၊ ကန်းယွင်ဂိုဏ်းတစ်ခုတည်းသာလျှင် ကျန်နေတော့မည် ဖြစ်သည်။ ကန်းပြည်နယ်အတွင်းတွင် ရှိနေသည့် အရင်းအမြစ် အားလုံးမှာ ၎င်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ရွှမ်ထျန်းဂိုဏ်း၏ ဘိုးဘေးမှာလည်း ကန်းယွင်ဂိုဏ်း ဘိုးဘေး၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ် ပျက်စီးသွားကာ စိတ်ဝိညာဥ် ပျက်စီးသွားခဲ့သည်။ ရွှမ်ထျန်းဂိုဏ်းသည် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့သည်။

ရွှမ်မေ့မှာလည်း လော့ထျန်း၏ လက်ချက်ကြောင့် ပေါက်ကွဲသေဆုံးသွားခဲ့သည်၊ မည်သည့် အူတိုင်ဖွဲ့စည်းခြင်း ပညာရှင်မှ မရှင်သန်နိုင်ခဲ့ပေ။ ကန်းယွင်ဂိုဏ်းကို ဝိုင်းရံခဲ့သည့် လူအနည်းငယ်သာလျှင် ကျန်နေခဲ့သည်။

ထွက်ပြေးလွတ်မြောက်သွားသူတို့မှာလည်း အေးအေးဆေးဆေး မနေခဲ့ရပေ၊ ကန်းယွင်ဂိုဏ်းသည် ၎င်းတို့တစ်ဦးချင်းစီတိုင်းကို လိုက်လံဖမ်းဆီးကာ၊ စာရင်းရှင်းလိုက်ကြသည်။

ထို့အပြင် ညနတ်ဆိုး ပေါ်ထွက်လာခဲ့ပြီး၊ ကန်းယွင်ဂိုဏ်းကို ကူညီပေးခဲ့မှုနှင့်အတူ၊ တပည့်များ၏ စိတ်ဓာတ်များ တက်ကြွသွားပြီး၊ သူ့အပေါ်တွင် တေးထားခဲ့သည့် မကျေနပ်ချက်တို့မှာလည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။

သေချာတွေးတောစဥ်းစားကြည့်လိုက်သော် သူသည် သူတို့ကို ဆယ်နှစ်တိတိ ရိုက်နှက် နှိပ်စက်နေခဲ့သော်လည်း၊ မည်သူကမှ ဒဏ်ရာအပြင်းအထန် မရရှိခဲ့ပေ။ ထို့အစား ၎င်းသည် သူတို့ကို

ပိုမိုကြိုးစားအားထုတ်၍ ကျင့်ကြံလိုစိတ်များ ပေါက်ဖွားလာစေရန် သွယ်ဝိုက်၍ တွန်းအားပေးနေခဲ့သည်။

အရာအားလုံးကို ဖြေရှင်းခဲ့ပြီးသည့်နောက်တွင် ကန်းယွင်ဂိုဏ်းသည် ရွှမ်ထျန်းဂိုဏ်းကို သွားရောက်တိုက်ခိုက်ရန် လှုပ်ရှားလာခဲ့သည်။

ဤကိစ္စမှာ အဆုံးသတ်ကောင်းမွန်လိမ့်မည် မဟုတ်ပေ။ ထိုအင်အားစုကို အပြည့်အဝ ဖယ်ရှားရမည် ဖြစ်သည်။

သို့သော် သူတို့ရောက်ရှိလာခဲ့သည့် အချိန်တွင်၊ သူတို့သည် ဂိုဏ်းတစ်ခုလုံး အဖျက်စီးခံထားရကာ၊ ဘဏ္ဍာတိုက်ပင် အမြစ်လှန်ခံထားရသည်ကိုသာ မြင်တွေ့လိုက်ကြရသည်။

လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်၊ ထို့နောက်တွင် သူသည် ချန်းလော့ဂိုဏ်းဆီသို့ ထပ်မံ၍ ချီတက်သွားကြသည်၊ သို့သော် သူတို့မှာ ခြေတစ်လှမ်းနောက်ကျနေစဲပင် ဖြစ်သည်။ ဂိုဏ်းတစ်ခုလုံး အဖျက်စီးခံထားရပြီး၊ လူတိုင်းထွက်ပြေးသွားသည်မှာ အတော်ပင် ကြာနေခဲ့ပြီ ဖြစ်သည်။

ရတနာများ၊ အရင်းအမြစ်များ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် လက်နက်များ၊ အားလုံး ပျောက်ကွယ်နေခဲ့သည်။

တောင်ကြီးများပင် ဖြိုချခံထားရပြီး၊ ကမ္ဘာ‌မြေ၏ ဝိညာဥ်သွေးကြောများမှာလည်း လုံးဝခမ်းခြောက်နေခဲ့ပြီ ဖြစ်သည်။

ကန်းယွင်ဂိုဏ်း၏ လူများသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။

“ ငါတို့က ကွက်ကျော်ရိုက်ခံလိုက်ရတာလား “

“ ငါတို့ရဲ့ ပစ္စည်းတွေကို ဘယ်ကောင်က ဝင်စီးသွားတာလဲ “

ထိုအချိန်တွင် သူတို့မှာ အကြမ်းဖျင်း နားလည်သွားကြသည်၊ ထိုလူက လှုပ်ရှားခဲ့ခြင်း ဖြစ်ဖို့များသည်။

မည်သို့ပင်ဆိုစေကာမူ ကန်းယွင်ဂိုဏ်းသည် ဤတစ်ကြိမ်တွင် အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့ပြီး၊ ကန်းပြည်နယ်၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာပြီ ဖြစ်သည်။

အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် ချင်းယွင်တောင်ထွဋ်ပေါ်သို့ ပြန်ကာ၊ အေးအေးဆေးဆေး လှဲလျောင်းနေတော့သည်။

သူသည် ဂိုဏ်းနှစ်ဂိုဏ်းကို အမြစ်လှန်ကာ၊ သူတို့၏ အရင်းအမြစ်များကိုပါ သိမ်းယူခဲ့လေသည်။

သို့တိုင်အောင် သူသည် ဝိညာဥ်ကျောက်တုံး တစ်သိန်းကျော်မျှသာ ရရှိခဲ့ပြီး၊ ၎င်းသည် နင့်ယုရှင်းထံမှ ရရှိခဲ့သည့် ပမာဏထပ်ပင် လျော့နည်းနေခဲ့သည်။

သို့သော် ဂိုဏ်းတစ်ဂိုဏ်းသည် လူအမြောက်အများကို ပျိုးထောင်ပေးရလေ့ရှိသောကြောင့် ထိုမျှသာ ရရှိခဲ့ခြင်းမှာ ယုတ္တိရှိသော ကိစ္စတစ်ခုဖြစ်သည်။

မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်နှစ်ဦး၏ ပစ္စည်းများလည်း အလုယက်ခံခဲ့ရသည်။ သူသည် ၎င်းတို့ကို ရောင်းချခဲပြီး၊ ဝိညာဥ်ကျောက်တုံး တစ်သိန်းကျော် ထပ်မံ၍ ရှာဖွေနိုင်ခဲ့ကာ သုံးသိန်းကျော်အထိ အမြတ်ထွက်ခဲ့လေသည်။

ထို့အပြင် သူသည် ကျင့်ကြံနေစဥ်အချိန်တွင်၊ နာကျင်မှုကို ထပ်မံ၍ မခံစားရတော့ပေ။ ကန်းယွင်ဂိုဏ်းမှာလည်း ကြွယ်ဝချမ်းသာလာခဲ့ကာ၊ ပိုင်နက်ကျယ်ဝန်းလာမည် ဖြစ်သည့်အတွက်၊ သူလုယက်နိုင်မည့် နေရာများ ပိုမိုများပြားလာမည် ဖြစ်သည်။ သူသည် အနာဂတ်က ကောင်းချီးအပေးခံရသည်ဟု ရုတ်တရက် ခံစားသွားခဲ့ရသည်။

All Chapters