အခန်း (၄၆-၄၈)
Vol. 4 Ch. 46-48
အပိုင်း ( 46 )
မလုပ်နိုင်ဘူး၊ မင်းတို့တွေထဲက ဘယ်သူကမှ မလုပ်နိုင်ဘူး
လုချန်ရှန်း၏ ပုံရိပ် လှုပ်ရှားသွားကာ၊ တောင်တန်း၏ အပြင်ဘက်တွင် ပြန်ပေါ်လာခဲ့သည်။
သူထွက်သွားသော်လည်း၊ အနက်ရောင်ငှက်ကြီးသည် တိုက်ခိုက်မှုကို ဆက်လက်မပြုလုပ်တော့ဘဲ၊ ပြန်၍ လှဲလျောင်းနေရန်သာ ရွေးချယ်ခဲ့သည်။
၎င်းသည် ဒဏ်ရာများ ရရှိထားပုံပေါ်ပြီး၊ ၎င်းတို့က ပြင်းထန်နေပုံရသည်။
လုချန်ရှန်းမှာလည်း အနည်းငယ် သွေးဆောင်ခံလိုက်ရသည်။ အကယ်၍ သူကသာ မွေးရာပါ ဝိညာဥ်အဆင့် သားရဲကောင်ကို ရောင်းချနိုင်ခဲ့မည်ဆိုပါက၊ ဝိညာဥ်ကျောက်တုံး မည်မျှရမလဲဆိုသည်ကို မည်သူသိလိမ့်မည်နည်း
သို့ရာတွင် သူသည် သူ့အား ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်နေသောကြောင့်၊ အတော်လေး အေးအေးတည်ငြိမ်နေသေးသည်။
မကြာသေးခင် အချိန်ကမှ ကန်းပြည်နယ်တွင် သားရဲတစ်ကောင် ပေါ်လာခဲ့ပြီး၊ လူတော်တော်များများကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။ သူဂိုဏ်းတွင် ရှိနေခဲ့စဥ်အချိန်က၊ အဆိုပါ သားရဲကောင်ကို ဖမ်းဆီးရန်အတွက် လူအများအပြားက ကန်းပြည်နယ်သို့ ရောက်လာသည်ဆိုသည်ကို သူကြားသိခဲ့ရသည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် အဝေးသို့ ငေးကြည့်နေတော့သည်။ အရှေ့ဘက်တွင် ကျင့်ကြံ၍ မရတော့သောကြောင့် သူသည် ဦးတည်ချက် ပြောင်းလဲရတော့မည် ဖြစ်သည်။ ကျင့်ကြံရေးကို လျစ်လျူရှု၍ မရပေ။
မည်သည့်နေရာသို့ သွားရမလဲဆိုသည်ကို သူတွေးတောစဥ်းစားနေစဥ် အချိန်မှာပင်၊ သူသည် တစ်စုံတစ်ဦးက အဝေးမှ ချဥ်းကပ်လာနေသည်ကို မြင်တွေ့သွားခဲ့သည်။
သူသည် သူတို့ကို ရှောင်ရှားချင်နေခဲ့သည်၊ သို့သော် တစ်စုံတစ်ဦးက စကားပြောလာသည်ကို ကြားလိုက်ရသည် “ မိတ်ဆွေလေး၊ စောင့်ပါဦး “
စကားပြောလာသူသည် အသက်နှစ်ဆယ့်လေး(သို့) နှစ်ဆယ့်ငါးနှစ်အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး၊ ရွှေရောင်သရဖူတစ်ခုကို ဆောင်းကာ၊ ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်၊ သူသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၃ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်။
သူသည် သူ၏စီနီယာအစ်ကိုထပ် ပို၍အံ့ဖွယ်ကောင်းနေပုံရသည်။
ကျိုးချင်ယု၏ စွမ်းရည်က အမှန်ပင် ရှားပါးလွန်းနေခဲ့သည်၊ သူ့အရှေ့တွင် ရှိနေသည့် လူနှင့် နှိုင်းယှဥ်၍ မရလောက်သည်အထိ ထူးချွန်နေခဲ့သည်။ အကယ်၍ သူကသာ ဓားတာအိုကို မကျင့်ကြံဘဲ၊ ကျင့်ကြံရေးကိုသာ အာရုံစိုက်၍ လုပ်နေမည်ဆိုပါက၊ သူ၏ကျင့်ကြံရေးက ယခုလက်ရှိအချိန်တွင် ပိုမိုမြင့်မားနေလိမ့်မည် ဖြစ်သည်။
သူ့အနောက်တွင် သက်လတ်ပိုင်း လူတစ်ဦး ရှိနေခဲ့သည်။ ထိုလူသည် မွေးရာပါ ဝိညာဥ်အဆင့်၂ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်။
ထို့အပြင် အသက်ဆယ့်ခုနစ်(သို့) ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ဦးပါ ရှိနေခဲ့သည်၊ သူသည် တောက်ပသော မျက်လုံးများ၊ ဖြူဖွေးသော သွားများနှင့် ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားခဲ့သည်၊ သို့သော် သူ၏မျက်လုံးများအတွင်းတွင် မောက်မာမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။
“ ကိစ္စတစ်ခုခု ရှိလို့လား “
လုချန်ရှန်းမှ စကားပြန်ပြောလိုက်သည်၊ သူသည် မည်သို့မျှ ကြောက်လန့်မနေခဲ့ပေ။
တစ်ဖက်လူက သူ့ထပ် အဆင့်သေးတစ်ဆင့် ပိုမြင့်သည့် ပညာရှင်တစ်ဦးကို ခေါ်လာခဲ့သော်လည်း၊ သွေးဆူလွယ်သော လူငယ်တစ်ဦး ဖြစ်သည့်အလျောက် တစ်ဖက်လူကို မည်ကဲ့သို့ အရှုံးပေးနိုင်လိမ့်မည်နည်း
လူငယ်လေးသည် ဖော်ဖော်ရွေရွေ ဖြစ်နေသော အမူအရာဖြင့် ပြုံးပြကာ၊ အရှေ့သို့ တက်လာခဲ့သည်။
“ တာအိုရောင်းရင်း၊ မင်းက ဒီတောင်မှာ ဘာလုပ်နေတာလဲ “
“ လျှောက်သွားနေတာလေ “
ထိုအဖြေသည် သူတို့အားလုံးကို မှင်သက်သွားစေခဲ့သည်။
သက်လတ်ပိုင်းလူသည် မျက်မှောင်ကြုတ်သွားကာ၊ သူ့ကို ငေးကြည့်လာခဲ့သည်၊ သို့သော် မည်သည့်စကားမှ မပြောလာခဲ့ပေ၊ သူ၏ရွံ့ရှာစက်ဆုပ်ကိုမူ မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ။
သို့ရာတွင် လူငယ်ကမူ အသာအယာ နှာခေါင်းရှုံ့လာခဲ့သည် “ ကောင်လေး၊ မင်းရဲ့ သဘောထားကို ငါသဘောမကျဘူး။ ငါမင်းကို တစ်ခုခု မေးနေတဲ့အချိန်မှာ၊ ကောင်းကောင်းမွန်မွန်ဖြေလို့ အကြံပေးလိုက်မယ် “
“ အဲ့တာက ငါ့အမှားလား “
လုချန်ရှန်းက စကားပြောလာသည်ကို မြင်လိုက်ရသောအခါတွင် လူငယ်၏ အမူအရာမှာ အနည်းငယ် မည်းမှောင်သွားခဲ့သည်။
“ မင်းက ငါ့ကို စော်ကားနေတာလား “
“ မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ “ လုချန်ရှန်းသည် အေးအေးလူလူ ဖြစ်နေခဲ့သည်။
ဤနေရာတွင် မည်သူမှမရှိသောကြောင့်၊ မွေးရာပါ ဝိညာဥ်အဆင့်၂ ကျင့်ကြံသူမှာ ကိစ္စကြီးတစ်ခု ဟုတ်မနေခဲ့ပေ။
“ မင်း ……. “ လူငယ်သည် ဒေါသတကြီး ဖြစ်သွားကာ၊ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ ငါဘယ်သူလဲဆိုတာကို မင်းသိလား။ မင်းရဲ့ သဘောထားကို ပြင်လိုက်တာက အကောင်းဆုံးပဲ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ……….. “
“ ဟမ် “
လုချန်ရှန်းသည် လူငယ်ကို စိုက်ကြည့်လိုက်သည်။
နောက်ထပ်လူငယ်တစ်ဦးမှ ချက်ချင်း အော်ငေါက်လာခဲ့သည် “ ကျောက်ဟွမ်၊ မင်းက ဘယ်လိုလုပ် ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ “
“ ဟမ့် “
အော်ငေါက်သံကို ကြားလိုက်ရသောအချိန်တွင်၊ လူငယ်သည် နှာခေါင်းတရှုံ့ရှုံ့ဖြစ်သွားခဲ့သည်။
သူ့ဘေးနားတွင် ရှိနေသည့် သက်လတ်ပိုင်းလူမှာလည်း စကားဝင်ပြောလာခဲ့သည် “ ဒီလိုအသက်ငယ်ငယ်လေးနဲ့ တကယ်ကို မောက်မာနေတာပဲ၊ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ကျယ်ပြောမှုကို မင်းမသိဘူးလား။ မင်းရင်ဆိုင်နေရတဲ့ လူက ဘယ်သူလဲဆိုတာကို မင်းမသိတဲ့ပုံပဲ။ ဒီလိုမျိုး စကားပြောရဲနေတယ်ပေါ့လေ “
လုချန်ရှန်းသည် ထိုစကားများကို နားထောင်ရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။
နောက်ထပ် လူငယ်တစ်ဦးသည် သူတို့၏ စကားလုံးများကို ရွံ့ရှာစက်ဆုပ်သွားပုံရပြီး၊ အေးအေးလူလူ စကားစပြောလာခဲ့သည် “ တာအိုရောင်းရင်း၊ ငါတို့က လူသစ်တွေဆိုတော့ ဒီနေရာအကြောင်းကို ကောင်းကောင်းနားမလည်ဘူး။ ငါတို့က မင်းကို မေးခွန်းတစ်ချို့ မေးချင်လို့ပါ “
လုချန်ရှန်းသည် အနည်းငယ် အံ့ဩသွားခဲ့သည်။ ထိုလူသည် အတော်လေး ရည်မွန်ကာ၊ စိတ်ရှုပ်စရာကောင်းမနေခဲ့ပေ။
“ ဘာမေးခွန်းတွေလဲ “
လုချန်ရှန်းမှ ပြန်၍တုံ့ပြန်လိုက်သည်။ တစ်ဖက်လူ၏ စိတ်သဘောထားက ကောင်းမွန်နေသောကြောင့်၊ သူသည် စကားပြောရမည်ကို ကပ်စီးနည်းမနေတော့ပေ။
လူငယ်မှ ပြန်ပြောလာခဲ့သည် “ ပြောရတာ ထူးဆန်းတယ်ဆိုပင်မဲ့၊ ငါတို့က သားရဲတွေ လာရှာတာပါ၊ ဒါပင်မဲ့ အချိန်အတော်ကြာ ရှာခဲ့ပြီးတဲ့နောက်မှာတောင်မှ ဘယ်သားရဲကိုမှ မတွေ့ခဲ့ရဘူး “
“ သားရဲတွေကို လိုက်ရှာနေတာလား။ ဘာအတွက်လဲ “
“ ရိုးရိုးသားသား ပြောရရင်တော့ ငါ့ရဲ့ ဂျူနီယာညီလေးက ဂိုဏ်းကနေ တစ်ခါမှ မထွက်သွားခဲ့ဖူးဘူး။ ငါတို့က အတွေ့အကြုံယူဖို့အတွက် သားရဲတွေကို လာရှာတာပါ “ လူငယ်သည် မည်သည့်အရာကိုမှ မဖုံးကွယ်ထားဘဲ၊ ပြောပြလာခဲ့သည်။
သို့ရာတွင် သက်လတ်ပိုင်း အမျိုးသားသည် စိတ်မရှည်စွာဖြင့် စကားထပ်ပြောလာခဲ့သည် “ သူ့ကို စကားပြောခွင့်ပေးလိုက်တာကိုက ကောင်းချီးတစ်ခုပဲလေ။ ဘာကိစ္စက အပိုစကားတွေ လျှောက်ပြောနေရတာလဲ ”
“ တကယ်လို့ မင်းက အဲ့လောက်တောင် ကြီးမြတ်နေတယ်ဆိုရင်၊ ငါ့လာမမေးနဲ့လေ “
“ ခွေးကောင်၊ အငယ်လေး၊ မင်းက ငါ့ကို ရိုင်းပြနေရဲတယ်ပေါ့လေ။ မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီလား “
ထိုလူသည် ရှေ့တစ်လှမ်းတက်ကာ အော်ငေါက်လာခဲ့သည်။ သူ၏အရှိန်အဝါ ချက်ချင်း ပေါက်ထွက်လာခဲ့သည်။
လုချန်ရှန်းသည် လှုပ်ရှားရန် ပြင်လိုက်သည်၊ သို့သော် တစ်ဖက်လူ၏ အရှိန်အဝါ ပျောက်ကွယ်သွားကာ၊ ဖော်ရွေသည့် လူငယ်က အရှေ့တွင် ရပ်နေ၍ ထိုလူနှစ်ဦးကို စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်တာက ဘယ်လို စွမ်းရည်မျိုးလဲ။ ဒီလိုသဘောထားနဲ့ ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ “
လူငယ်၏ အမူအရာ မည်းမှောင်သွားခဲ့သည်၊ သူသည် မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူကို အမှန်တကယ် အော်ငေါက်နေခဲ့လေသည်။
ပို၍အံ့ဩဖွယ်ကောင်းသည်မှာ မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူက မည်သို့မျှ မတုံ့ပြန်ဘဲ၊ ခေါင်းငုံံ့၍ ငြိမ်ခံနေခြင်းပင် ဖြစ်သည်။
“ တာအိုရောင်းရင်း၊ ငါစိတ်မကောင်းပါဘူး။ သူတို့ကိုယ်စား ငါကပဲ တောင်းပန်ပါတယ်ကွာ “ လူငယ်သည် လက်သီးဆုပ်၍ ဦးညွတ်ကာ၊ အရိုအသေပြုလာခဲ့သည်။
ကျောက်ဟွမ်သည် မကျေမနပ် ဖြစ်နေသေးသည်၊ သို့သော် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
လုချန်ရှန်းသည် သူတို့အားလုံးကို စူးစမ်းလေ့လာနေခဲ့ပြီး၊ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည် “ မင်းတို့တွေက ဘယ်ကနေရောက်လာကြတာလဲ “
“ ငါတို့က နတ်ကောင်းကင်ဂိုဏ်းကပါ “ လူငယ်သည် အေးအေးလူလူ ပြန်ပြောလာခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အနည်းငယ် အံ့ဩသွားခဲ့သည်။
ဒါက ရေစက်လား၊ နတ်ကောင်းကင်ဂိုဏ်းနဲ့ ဒီလောက်တောင် ချိတ်ဆက်မှု ရှိတာလားဟ
ထို့အပြင် သူသည် ထိုလူငယ်၏ မျိုးရိုးအမည်က ကျောက်ဖြစ်သည်ဆိုသည်ကို ကြားသိခဲ့ရသည်၊ သူက ကျောက်ကျင်းရဲ့ အမျိုးများလား
လုချန်ရှန်း၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါတွင် ကျောက်ဟွမ်မှာ ပို၍အထင်တသေး ဖြစ်သွားခဲ့သည်။
“ အခုတော့ မင်းဘယ်လောက်မိုက်မဲခဲ့လဲဆိုတာကို မင်းသိပြီလား။ မင်းက ဘယ်လိုလူမျိုးကို ဆန့်ကျင်ခဲ့လဲဆိုတာကို မင်းသိပြီလား “ ဟု သက်လတ်ပိုင်းလူမှ လှောင်ပြောင်လာခဲ့သည်။
သူသည် လုချန်ရှန်းကဲ့သို့သော ကိုယ့်ကိုကိုယ်အဟုတ်ထင်နေသည့် လူများကို အများအပြား တွေ့ခဲ့ဖူးသည်၊ သို့သော် နတ်ကောင်းကင်ဂိုဏ်းဆိုသည့် အမည်ကို ကြားလိုက်ရသောအခါတွင်မူ သူတို့၏ အမူအရာများ လုံးဝပြောင်းလဲသွားကာ၊ ယခင်က သူတို့၏ မောက်မာမှုများ လုံးဝဆုံးရှုံးသွားသည်ကိုသာ မြင်တွေ့ခဲ့ရသည်။
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
လူငယ်သည် ထိုလူ့ကို စိုက်ကြည့်လိုက်ပြီး၊ မေးမြန်းလာခဲ့သည် “ တာအိုရောင်းရင်း၊ သားရဲတွေ ဘယ်ရောက်သွားလဲဆိုတာကို မင်းသိလား “
“ သိပ်မကြာခင် အချိန်ကမှ သားရဲဆိုး တစ်ကောင်ပေါ်လာခဲ့တယ်၊ အဲ့တော့ သူတို့အားလုံး ထွက်ပြေးသွားကြတယ် “
“ တစ်ကောင်မှ မကျန်တော့ဘူးလား “ လူငယ်သည် တအံ့တဩဖြင့် ထပ်မံ၍ မေးမြန်းလာခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် လူငယ်ကို ငေးကြည့်ကာ လေးလေးနက်နက် ပြောဆိုလိုက်သည် “ အဲ့လိုတော့လည်း မဟုတ်ဘူး၊ ခုနက ငါတစ်ကောင်တွေ့လိုက်တယ်၊ ဒါပင်မဲ့ အဲ့တာက တော်တော်လေးကို အစွမ်းထက်တယ်။ မင်းတို့ကို မသွားဖို့ အကြံပေးလိုက်မယ်၊ မင်းတို့တွေက အဲ့တာကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး “
“ မောက်မာလိုက်တဲ့ကောင်၊ ဉာဏ်တိမ်ချက်ကွာ၊ မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲဟ “ ကျောက်ဟွမ်မှ လှောင်ပြောင်လာခဲ့သည်။
လုချန်ရှန်းသည် သူ့ကို လျစ်လျူရှုထားလိုက်သည်။ အသက်ကြီးသော လူငယ်မှာလည်း ထိုလူနှစ်ဦး၏ သဘောထားများကို အနည်းငယ် စက်ဆုပ်နေပုံရသည်။
တစ်ခဏခန့်အကြာတွင် သူသည် အပြုံးဖြင့် စကားထပ်ပြောလာခဲ့သည် “ အဆင်ပြေပါတယ်၊ တာအိုရောင်းရင်း၊ ကျေးဇူးပြုပြီးတော့ ငါတို့ကို လမ်းညွှန်ပေးပါဦး “
“ မသွားနဲ့၊ မင်းနိုင်မှာ မဟုတ်ဘူး “ လုချန်ရှန်းသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည်။
ကျောက်ဟွမ်သည် စိတ်မရှည်စွာဖြင့် စကားထပ်ပြောလာခဲ့သည် “ မင်းနိုင်မှာ မဟုတ်ဘူးဆိုတာက ဘယ်သူ့ကို ပြောတာလဲ “
“ မင်းတို့ သုံးယောက်လုံးကို ပြောတာ “
“ မောက်မာလိုက်တာ၊ တောသားကောင်၊ နတ်ကောင်းကင်ဂိုဏ်းရဲ့ ထူးခြားတဲ့ သဘာဝကို မင်းက ဘယ်လိုလုပ်သိမှာလဲ။ သားရဲလေးတစ်ကောင်က ဘယ်လောက်တောင် စွမ်းနေမှာမို့လို့လဲ။ ငါတို့ရှေ့မှာဆိုရင် အဲ့ကောင်က ကြက်ကလေး၊ မြက်ပင်လေး ဒါမှမဟုတ် ပုရွတ်လေးတစ်ကောင်လိုပဲ ဖြစ်နေလိမ့်မယ် “
လူငယ်လေးသည် ထိုစကားကို ကြားလိုက်ရသောအခါတွင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် ကျောက်ဟွမ်၏ စိတ်သဘောထားကို မကြိုက်သော်လည်း၊ သူပြောသည့် စကားမှာ အမှန်တရား ဖြစ်နေခဲ့သည်။
ကန်းပြည်နယ်ကို မဆိုထားနှင့်၊ ယွဲ့ပြည်ထောင်တစ်ခုလုံးမှာပင် သူတို့ကို ရပ်တန့်နိုင်မည့် သားရဲမရှိပေ။
“ မင်းတို့က တော်တော်ကြီးကို သွားချင်နေတယ်ဆိုမှတော့၊ မင်းတို့သဘောအတိုင်းပဲပေါ့၊ ဒါပင်မဲ့ မင်းတို့က အဲ့တာကို ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး “ လုချန်ရှန်းသည် သူလာခဲ့သည့်ဘက်သို့ ညွှန်ပြလိုက်သည်။
သူထိုကဲ့သို့ပြောလေလေ၊ ထိုလူများက ပို၍ အထင်တသေးဖြစ်လေလေပင်။
လူငယ်သည် ထိုနေရာဘက်သို့ လှမ်းကြည့်ကာ၊ ချက်ချင်းကျေးဇူးတင်လာခဲ့သည်။
ကျောက်ဟွမ်မှာ လှောင်ပြုံးပြုံးနေခဲ့ပြီး၊ သက်လတ်ပိုင်းလူကမူ မထီမဲ့မြင်ပြုနေသော အကြည့်ဖြင့် သူ့ကို ကြည့်လာခဲ့သည်။
“ ကောင်လေး၊ မင်းဒီနေ့ ဒီနေရာကို ရောက်လာရတာက ကံကောင်းတယ်၊ ဒါပင်မဲ့ မင်းက ငါ့ကို ဒေါထွက်အောင် လုပ်ခဲ့တယ်။ မင်းအသက်အတွက် အခုချက်ချင်း ထွက်ပြေးလိုက်တာက အကောင်းဆုံးပဲ။ သားရဲကို ကိုင်တွယ်ခဲ့ပြီးတဲ့ အချိန်ကျရင်၊ မင်းအတွက် ငါတို့ပြန်လာခဲ့မယ်။ တကယ်လို့ မင်းပြေးတာ မြန်တယ်ဆိုရင်၊ မင်းကံကောင်းသွားတယ်ပဲ မှတ်လိုက် “
“ ငါ့အရှေ့ကို အသက်ရှင်လျက် ရောက်လာမယ်ဆိုရင်တော့၊ ဟားဟားဟား “
လုချန်ရှန်းသည် သူတို့ကို လုံးဝလျစ်လျူရှုထားခဲ့သည်၊ ထို့အစား သူ၏မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ရှိနေခဲ့သည်။
ထိုလူ၏ မျက်လုံးများအတွင်းတွင် ရှိနေသည့် ရက်စက်ကြမ်းကြုတ်မှုများက ပိုမိုသိပ်သည်းလာခဲ့သည်၊ သို့သော် အသက်ကြီးသော လူငယ်၏ တည်ရှိမှုကြောင့် သူသည် ၎င်းကို အောင့်အီးသည်းခံရန်သာ ရွေးချယ်လိုက်သည်။
“ အဲ့လူငယ်က မရိုးရှင်းဘူးပဲ၊ နတ်ကောင်းကင်ဂိုဏ်းမှာ သူ့ရဲ့ အဆင့်အတန်းက တော်တော်လေးကို မြင့်နေတဲ့ပုံပဲ “ လုချန်ရှန်းသည် ရေရွတ်ပြောဆိုနေခဲ့ကာ၊ တောင်ထိပ်တစ်ခုပေါ်သို့ တက်သွားတော့သည်။
သူသတိပေးခဲ့ပြီးပြီဖြစ်သောကြောင့်၊ တစ်ခုခု ဖြစ်လာခဲ့မည်ဆိုပါက သူ၏အပြစ် မဟုတ်တော့ပေ။
မင်းတို့ကမှ ငါ့ရဲ့ အကြံပေးစကားကို နားမထောင်တာကွာ။ ငါက အကြံပေးလေလေ၊ မင်းတို့က ထိုနေရာသို့ သွားရန်အတွက် ပို၍တောင့်တလေလေဖြစ်နေခဲ့သည်။ သူတို့က သူတို့၏ စွမ်းရည်များကို ကြွားဝါချင်နေသည်လား(သို့) သူတို့၏ စိတ်များက သူတို့က ဂိုဏ်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အရာရာတိုင်းထပ် သာလွန်နေသည်ဟု တွေးထင်နေလားဆိုသည်ကို သူ မသိပေ။
အကယ်၍ ဝဋ်သာ ရှိနေမည်ဆိုပါက၊ ခေါင်းမာလွန်းသည့် သူတို့ကိုသာ အပြစ်တင်ရလိမ့်မည်ဖြစ်သည်။ သူသည် တစ်ခြားလူများကို ကူညီလေ့ရှိသည့်အတွက် သူတို့ကိုပင် လမ်းညွှန်ပေးခဲ့သည်။ သူကဲ့သို့သော လူကောင်းများမှာ အတော်လေး ရှားပါးလွန်းနေပြီ ဖြစ်သည်။
သို့ရာတွင် သိပ်မကြာခင် အချိန်မှာပင် ကြီးမားသော လှုပ်ခတ်မှုတစ်ခု ပေါ်ထွက်လာခဲ့သည်။
………………………………………………………………………………………………………………………………..
အပိုင်း ( 47 )
ပြဿနာကို ငါ့ဆီ လွှဲပေးဖို့ လုပ်နေတာလားဟ
အဝေးရှိ တောင်တန်းပေါ်တွင် ကြက်သွေးရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့ပြီး၊ စူးရှသော တွန်မြည်သံတစ်ခုမှာ တိတ်ဆိတ်မှုကို ဖြိုခွင်းလာခဲ့သည်။
အနက်ရောင်ငှက်သည် ၎င်း၏ တောင်ပံများကို ခတ်ကာ ပျံတက်လာခဲ့သည်၊ ဆိုးယုတ်သော စွမ်းအင်တစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ မီးလျှံများ ပျံ့လွင့်လာခဲ့သည်၊ ၎င်းသည် အနက်ရောင် ငှက်မွှေးများကို ဘက်ပေါင်းစုံသို့ ပစ်ခွင်းလာခဲ့သည်။
၎င်း၏ အရှေ့တွင် သက်လတ်ပိုင်းလူ ရှိနေခဲ့သည်၊ နှစ်ဖက်စလုံးသည် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေခဲ့ပြီး၊ အံ့ဖွယ်ကောင်းသော စွမ်းအားများ ဆက်တိုက်ပေါက်ကွဲနေခဲ့သည်။
ထိုလူ၏ ရင်ဘတ်ပေါ်တွင် ကြောက်မက်ဖွယ်ရာ ကုတ်ဆွဲရာတစ်ခု ရှိနေခဲ့ပြီး၊ သူ၏ အဝတ်သည် သွေးများဖြင့် စွန်းထင်းနေလျက်ရှိသည်၊ သူ၏ မျက်နှာပေါ်တွင် လေးလေးနက်နက် ဖြစ်နေသည့် အမူအရာတစ်ခု တည်ရှိနေခဲ့သည်။
လုချန်ရှန်းသည် မတ်တပ်ထရပ်ကာ စောင့်ကြည့်နေခဲ့သည်၊ သူ၏ အမူအရာမှာ အလွန်ပင် အေးဆေးတည်ငြိမ်နေခဲ့သည်၊ သူသည် မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မျှော်လင့်ထားခဲ့ပြီးသား ဖြစ်သည်။
“ ဒီနေ့ခေတ် လူတွေက အကြံပေးစကားကို နားမထောင်ကြတော့ဘူးပဲ “
သူသည် အလျင်စလို မထွက်သွားဘဲ၊ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။ အကယ်၍ နှစ်ဖက်စလုံးက ခံစားသွားရမည်ဆိုပါက၊ ဤအရှုပ်အထွေးကို ရှင်းလင်းရန် တစ်စုံတစ်ဦးကို လိုအပ်မည် ဖြစ်သည်။
သို့ရာတွင် သက်လတ်ပိုင်းလူနှင့် အနက်ရောင်ငှက်တို့က တိုက်ခိုက်နေစဥ်အချိန်တွင်၊ အသက်ပိုကြီးသည့် လူငယ်သည် ထိုနေရာမှ လွတ်မြောက်လာခဲ့သည်၊ သို့သော် သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာတို့ဖြင့် ဖုံးလွှမ်းနေကာ၊ ဒဏ်ရာ အပြင်းအထန် ရရှိထားခဲ့သည်။
သက်လတ်ပိုင်းလူမှာလည်း အနက်ရောင်ငှက်ကို ထပ်မံ၍ မပိတ်ဆို့ မတားဆီးနိုင်တော့ပေ၊ ၎င်းသည် အတားအဆီးများကို ဆက်တိုက်ရိုက်ချိုးနေခဲ့ပြီး၊ အရှေ့သို့ ပြေးတက်ကာ တစ်ခုခုက ၎င်းကို ဆွဲဆောင်နေသကဲ့သို့ လူငယ်ကို တားဆီးချင်နေလျက်ရှိသည်။
လူငယ်၏ ပုံရိပ် ယိမ်းထိုးနေခဲ့ပြီး၊ သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ဘဲ၊ လေထုအတွင်းမှ အကြိမ်ပေါင်းများစွာ ပြုတ်ကျလုနီးပါး ဖြစ်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် လူငယ်မှာ အတော်လေး ရုန်းကန်နေခဲ့ရသည်၊ သို့သော် သူသည် ခေါင်းမော့ကြည့်လာခဲ့ပြီး၊ မလှမ်းမကမ်းတွင် ရှိနေသည့် လုချန်ရှန်းကို မြင်တွေ့သွားကာ၊ ချက်ချင်းမျက်မှောင်ကြုတ်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း လွန်စွာ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် စောင့်ကြည့်နေခဲ့ပြီး၊ မည်သို့မျှ ကြားဝင်မစွက်ဖက်လာခဲ့ပေ၊ အကျိုးအမြတ်များကို ရိတ်သိမ်းရန်အတွက် ပြပွဲကို စောင့်ကြည့်နေသည့်အလား ဖြစ်နေခဲ့သည်။
သို့သော် ရလဒ်မှာ သူမထင်မှတ်ထားသော ကိစ္စတစ်ခု ဖြစ်နေခဲ့သည်၊ ထိုလူငယ်သည် သူ၏စွမ်းအားကို အကုန်အစင် ထုတ်သုံးကာ၊ အော်ဟစ်သတိပေးလာခဲ့သည် “ တာအိုရောင်းရင်း၊ ပြေးတော့ “
ဟမ်
ထိုစကားပေါ်ထွက်လာခဲ့သောကြောင့်၊ လုချန်ရှန်းသည် တစ်ခဏခန့် ငေးငိုင်းသွားခဲ့သည်။
ထိုစဥ် အနက်ရောင် ငှက်မွှေးတစ်ခု ပျံသန်းလာခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်လာခဲ့သည်၊ လူငယ်၏ ခန္ဓာကိုယ် တောင့်တင်းသွားကာ၊ သွေးအန်လိုက်ရသည်၊ ထို့နောက်တွင် သူသည် လေထုအတွင်းမှ ချက်ချင်းပြုတ်ကျလာခဲ့သည်။
သူသည် အစောပိုင်း အချိန်က လုချန်ရှန်းပြောခဲ့သည့် ‘သူတို့ မနိုင်ဘူး’ ဆိုသည့်စကားကို ယုံကြည်သွားခဲ့သည်။
သို့ရာတွင် အရာအားလုံး နောက်ကျသွားခဲ့ပြီဖြစ်သည်၊ လေထုအတွင်းမှ ပြုတ်ကျလာခဲ့သည့် အချိန်တွင် သူသတိလစ်နေခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျောက်ဟွမ် ပေါ်ထွက်လာခဲ့သည်။ သူသည် အတော်လေး ဉာဏ်ပြေးနေခဲ့သည်။ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်များက တိုက်ခိုက်နေသည့် အချိန်တွင် သူသည် တောင်တန်းတောအုပ်ကို အကာအကွယ်ယူကာ၊ အရူးအမူး ထွက်ပြေးနေခဲ့သည်။
လုချန်ရှန်းသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့ပြီး၊ တစ်ဖက်လူက လွတ်မြောက်သွားတော့မည်ဆိုသည်ကို မြင်လိုက်ရသောအခါတွင် မျက်မှောင်ကြုတ်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် တောင်ထိပ်ပေါ်မှတစ်ဆင့် ကျောက်ဟွမ်၏ အရှေ့သို့ ခုန်ချလိုက်သည်။
တစ်စုံတစ်ဦးက လမ်းပိတ်လာသည်ကို မြင်လိုက်ရသောအခါတွင် ကျောက်ဟွမ်သည် ချက်ချင်းဒေါသထွက်သွားကာ၊ အော်ငေါက်လာခဲ့သည်။
“ ခွေးမသား၊ ငါ့လမ်းက ဖယ်စမ်း “
ကျောက်ဟွမ်သည် သူ၏လက်ကို မြှောက်ကာ မှော်စွမ်းအားလှိုင်းတစ်ခု ထုတ်လွှတ်လာခဲ့သည်။
သို့သော် ၎င်းသည် လုချန်ရှန်း၏ အနားသို့ ရောက်သွားသည့် အချိန်တွင် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်၊ ကျောက်ဟွမ်၏ ခြေလှမ်းများပါ ရပ်တန့်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် အလိုအလျောက် မျောလွင့်လာခဲ့ပြီး၊ သူ၏မျက်လုံးများအတွင်းတွင် အကြောက်တရားများ ကြီးစိုးလာခဲ့သည်။
“ လမ်းဘေးခွေးက အခုထိ ဟောင်နေတုန်းပဲလား “ လုချန်ရှန်းသည် အေးအေးလူလူ ပြောဆိုကာ တစ်လှမ်းချင်း လမ်းလျှောက်နေခဲ့သည်။
“ မင်း ….. “
ကျောက်ဟွမ်သည် ကြောက်လန့်တကြားဖြစ်သွားခဲ့သည်၊ သူ့ကို ဝိုင်းရံထားသည့် မှော်စွမ်းအားကို ခံစားလိုက်ရသောအခါတွင် သူသည် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် လုချန်ရှန်းသည် ဖြည်းဖြည်းချင်း မေးမြန်းလိုက်သည် “ မင်းနဲ့ ကျောက်ကျင်းက ဘာတော်လဲ “
“ သူမက ငါ့ကျောက်မိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ တကယ်လို့ မင်းက ငါ့ရဲ့ ကျောက်မိသားစုကို ဆန့်ကျင်မယ်ဆိုရင်၊ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ နတ်ကောင်းကင်ဂိုဏ်းရဲ့ အရှင်သခင်လေးယောက်ထဲက တစ်ယောက်က ငါ့ရဲ့ကျောက်မိသားစုက ကျောက်ကုန်းမင်ပဲ၊ မင်း ………. “
“ ဪ၊ ကျောက်မိသားစုက အဖွဲ့ဝင်တစ်ယောက်ကိုး “ လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ကျောက်ဟွမ်၏ အမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်၊ ဒီကောင်က ကြောက်သွားတဲ့ပုံပဲ၊ နတ်ကောင်းကင်ဂိုဏ်းက အရှင်သခင်တစ်ပါးဆိုတာက လူတိုင်းဆန့်ကျင်နိုင်တဲ့ အရာမှ မဟုတ်တာ
သို့ရာတွင် ထပ်မံ၍ ပေါ်ထွက်လာသည့် စကားတစ်ခွန်းက သူ့ကို မှင်သက်သွားစေခဲ့သည်။
“ ကျောက်မိသားစုက လူတွေဆိုမှတော့၊ သတ်လိုက်ရလည်း စိတ်ပင်ပန်းနေစရာ မလိုတော့ဘူးပေါ့ “
“ မင်းဘာပြောလိုက်တယ် “
ကျောက်ဟွမ်သည် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် အထိတ်တလန့် ဖြစ်သွားခဲ့သည်၊ သူ၏မျက်လုံးများအတွင်းတွင် မှော်စွမ်းအားတစ်ခု၏ ပုံရိပ်များ ထင်ဟပ်လာခဲ့ပြီး၊ သူ၏မျက်ခုံးများ အကြားရှိ နေရာကို ထိမှန်သွားကာ၊ သူ၏အသက်စွမ်းအားကို ချက်ချင်း ဖြတ်တောက်သွားခဲ့သည်။
မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူသည် ၎င်းကို အာရုံခံမိသွားကာ၊ ဒေါသတကြီး လှည့်ကြည့်လာခဲ့သည်။
“ ကောင်လေး၊ မင်းသေချင်နေတာပဲ “
“ မင်းက ကိုယ့်ကိုကိုယ် အရင်ဂရုစိုက်သင့်တယ် “
လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်ကာ၊ တိုက်ခိုက်နေသည့် သတ္တဝါနှစ်ဦးကို ငေးကြည့်နေတော့သည်။
ထိုလူသည် ပြိုင်ဘက်ထံတွင် ထိုကဲ့သို့သော နည်းလမ်းမျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ သူ၏ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာခဲ့သည်၊ သို့သော် သူသည် ကူရာကယ်ရာမဲ့နေခဲ့သည်။ ယခုလက်ရှိ အချိန်၌ သူသည် သူ့ကိုယ်သူပင် မည်သို့မျှ မကာကွယ်နိုင်ခဲ့ပေ။
ထိုနေရာတစ်ခုလုံး လျင်မြန်စွာ တိတ်ဆိတ်သွားခဲ့သည်။
ထိုလူသည် ၎င်းကို အခွင့်ကောင်းယူကာ၊ တစ်ဖက်သို့ လှည့်ပြေးသွားတော့သည်၊ သို့သော် တစ်ဖက်သို့ လှည့်လိုက်သည့်အချိန်တွင်၊ သူသည် ဓားချီတစ်ခုက သူ့ထံသို့ တိုးဝင်လာကာ၊ သူ၏လမ်းကြောင်းအား တိုက်ရိုက်ဖြတ်တောက်သွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။
သူသည် ငေးကြည့်လာခဲ့သည့် အချိန်တွင် လုချန်ရှန်းက အဝေးရှိ တောင်ထိပ်တစ်ခုပေါ်တွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့သွားခဲ့သည်။
“ မင်း ….. “
“ ဘာကိုမင်းလဲ။ အာရုံမလွင့်ပါနဲ့၊ မင်းရဲ့ ရန်သူကို ကောင်းကောင်းရင်ဆိုင်ပါ။ မင်းက တော်တော်ကြီးကို မြင့်မြတ်တဲ့ နတ်ကောင်းကင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်လေ၊ ဘယ်လိုလုပ် တိုက်ပွဲထဲကနေ ထွက်ပြေးသွားနိုင်ရတာလဲ။ တိုက်ခိုက်နေ၊ သေတဲ့အထိတိုက်။ အနိုင်မရမချင်း ပြန်ဖို့မစဥ်းစားနဲ့ “
လုချန်ရှန်းသည် လွန်စွာ အေးအေးတည်ငြိမ်သော လေသံမျိုးဖြင့် ပြန်ပြောလိုက်သည်။
တစ်ဖက်လူက သူ့ကို သတ်ဖြတ်ချင်နေသောကြောင့်၊ သူသည် ဤကိစ္စကို အလွယ်တကူ အလွတ်ပေးမည် မဟုတ်ပေ။ သူသည် ပေါ့ပေါ့ပါးပါး နေတတ်သော်လည်း၊ ရန်ကြွေးများကို သေချာပေါက် ဖြေရှင်းလေ့ရှိသည်။
“ မင်းသေသင့်တယ် “
သက်လတ်ပိုင်းလူမှ ဟိန်းဟောက်လာခဲ့သည်၊ ကြောက်မက်ဖွယ်ကောင်းသော ဓားချီကို ခံစားရသောကြောင့်၊ သူသည် ထိုလူငယ်၏ ကျင့်ကြံရေး နယ်ပယ်က သူထင်ထားသည်ထပ် ကျော်လွန်နေမည်ဆိုသည်ကို သိနေခဲ့သည်။
သူသည် အရှေ့အနောက်ညှပ်၍ တိုက်ခိုက်ခံနေရသည်။
အနက်ရောင်ငှက်က အဆက်မပြတ် တိုက်ခိုက်နေခဲ့ပြီး၊ လုချန်ရှန်းမှာလည်း သူ၏ပြေးပေါက်ကို ပိတ်ဆို့ရန် စောင့်ဆိုင်းနေခဲ့သည်၊ ၎င်းမှာ သူ့ကို ဤနေရာတွင် သေဆုံးသွားစေရန် တွန်းအားပေးနေခြင်းပင် ဖြစ်သည်။
“ အားးးးး “
သက်လတ်ပိုင်းလူမှ ဟိန်းဟောက်လာခဲ့သည်၊ သူ၏ ပတ်ပတ်လည်တွင် မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ အနက်ရောင်ငှက်နှင့် ထိပ်တိုက်ရင်ဆိုင်နေတော့သည်၊ သူ၏ ဒဏ်ရာများမှာ ပိုမိုဆိုးရွားလာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများ ပေါက်ထွက်လာခဲ့သည်၊ လုချန်ရှန်းသည် ထပ်မံ၍ မလှုပ်ရှားတော့ဘဲ၊ တောင်ထိပ်ပေါ်သို့ ပြန်ဆုတ်သွားခဲ့သည်။
ထိုလူသည် ၎င်းကို သတိပြုမိသွားခဲ့သည်၊ သူ၏လက်အတွင်းမှ အံ့ဖွယ်ကောင်းသည့် နည်းစနစ်များ ပေါက်ထွက်လာခဲ့သည်။ သူသည် အနက်ရောင်ငှက်ကို ခါချကာ အရှေ့သို့ ကမူးရှူးထိုး ပြေးတက်သွားခဲ့သည်၊ ထို့နောက်တွင် တောအုပ်အတွင်းသို့ ပြေးဝင်သွားကာ၊ လွတ်မြောက်လုမတတ် ဖြစ်သွားခဲ့သည်။
သို့သော် ထိုအချိန်တွင် စွမ်းအားတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ သူခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ရိုက်ချလာခဲ့သည်။
ဖူးးး
ထိုလူသည် သွေးအန်လိုက်ရပြီး၊ တောင်ကုန်းတစ်ခုနှင့် တိုက်မိသွားခဲ့သည်၊ သူသည် လိမ့်ကျလာခဲ့ပြီး၊ အရိုးများကျိုးပဲ့ပျက်စီးသွားကာ၊ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
လုချန်ရှန်း ထပ်မံ၍ ပေါ်ထွက်လာခဲ့သောကြောင့်၊ သူ၏မျက်လုံးများအတွင်းတွင် ဒေါသများ ထပ်မံ၍ စိုးမိုးလာခဲ့သည်။
“ မင်း သေချင်နေတာပဲ “
သူသည် အော်ဟစ်ဟိန်းဟောက်လာခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ အေးအေးဆေးဆေး ဖြစ်နေခဲ့ကာ၊ ပြန်ပြောလိုက်သည် “ မင်းက တကယ်ကြီးကို အသက်ရှင်လျက် ထွက်လာနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ကောင်းပြီလေ၊ ဒီတစ်ခါတော့ မင်းကံကောင်းသွားတယ်လို့ သတ်မှတ်လိုက်ပေါ့ကွာ “
ထို့နောက်တွင် သူ၏လက်ကို မြှောက်၍ ထိုးသွင်းလိုက်ရာ၊ ဓားချီတစ်ခုသည် ထိုလူ့၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ၊ သူ၏ အသက်စွမ်းအားကို ညှိုးနွမ်းခမ်းခြောက်သွားစေခဲ့သည်။
ထိုလူ၏ မျက်လုံးများ တုန်ရင်သွားကာ၊ အရှေ့သို့ ကြောက်လန့်တကြား ကြည့်ရှုလာခဲ့သည်၊ သူသည် မသေဆုံးခင် အချိန်တွင် လုချန်ရှန်း၏ စွမ်းအားကို အာရုံခံမိသွားကာ၊ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင်ငှက်သည် လုချန်ရှန်းကို သတိတကြီး စောင့်ကြည့်လာခဲ့သည်၊ သူတို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကာ၊ မည်သူကမှ မလှုပ်ရှားခဲ့ပေ။
သူသည် ၎င်းကို အချည်းနှီး ရန်မစချင်ပေ၊ သက်လတ်ပိုင်း လူကို ငှက်ထံမှ ထွက်ပြေးခွင့် ပြုလိုက်ရခြင်းမှာ ထိုလူက ထိုငှက်၏ မျိုချခြင်းခံလိုက်ရမည်ကို ကြောက်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်သွားမည်ဆိုပါက၊ သူသည် မည်သည့်အရာကိုမှ ရရှိတော့မည် မဟုတ်ပေ။
ငှက်သည် တစ်ခဏခန့် စောင့်ကြည့်နေခဲ့ပြီးမှ၊ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေခဲ့သောကြောင့်၊ ၎င်းသည် လူသားတို့ထပ် မနိမ့်သည့် အသိဉာဏ်ကို ပိုင်ဆိုင်ထားခဲ့ပြီး၊ လုချန်ရှန်းထံတွင် မကောင်းသော ရည်ရွယ်ချက်များ မရှိဘူးဆိုသည်ကို သိနေကာ၊ လှည့်ထွက်သွားခဲ့သည်။
တစ်ခဏခန့် ကြာရှည်သည်အထိ ထိုနေရာသည် ပို၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်းသည် ရှာဖွေခြင်းကို စတင်၍ ပြုလုပ်ကာ၊ တစ်ခဏခန့် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ငမွဲများဟု အကြိမ်အနည်းငယ်ခန့် ကျိန်ဆဲနေတော့သည်။
ထိုလူနှစ်ဦး ပေါင်းစည်းလိုက်မှ ဝိညာဥ်ကျောက်တုံး သုံးထောင်ကျော်မျှသာ ရရှိခဲ့ပြီး၊ တစ်ခြား ပစ္စည်းများကိုပါ ထည့်တွက်မည်ဆိုလျှင်တောင်မှ၊ အများဆုံးအနေဖြင့် လေးထောင်ကျော်သာ ရရှိခဲ့လေသည်၊ ၎င်းမှာ သူ၏မျှော်မှန်းချက်များထပ် အဆပေါင်းများစွာ လျော့နည်းနေခဲ့လေသည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် သူ၏လက်ကို မြှောက်ကာ၊ ထိုလူနှစ်ဦးကို မီးရှို့ပြာချလိုက်သည်၊ ထို့နောက်တွင် သူသည် အသက်ရှင်နေသေးသည့် လူငယ်ကို ခေါ်ဆောင်သွားခဲ့သည်။
သူ၏ စိတ်နှလုံးသားမှာ အပြည့်အဝ အေးစက်မနေခဲ့ပေ။ သူသည် လူငယ်ကို သဘောမကျရုံသာ ဖြစ်သည်။
သူသည် သူ၏အသက်ကို ကယ်နိုင်ရန်အတွက် သူ့ကို သတိပေးစကားပြောခဲ့လေသည်၊ ထိုလူငယ်၏ အထောက်အထားက ရိုးရှင်းပုံမပေါ်သောကြောင့်၊ ၎င်းအား ကျိုးချင်ယုအတွက် လမ်းခင်းပေးခြင်း ဖြစ်သည်ဟု ယူဆ၍ရပေသည်။
လုချန်ရှန်းသည် ၎င်းကို တွေးမိသွားသောအခါတွင် လှည့်ထွက်သွားခဲ့သည်၊ လီတစ်ရာ အကွာသို့ ရောက်လာခဲ့ပြီးသည့်နောက်၌ သူ့အနောက်တွင် လှုပ်ခတ်မှုတစ်ခု ထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြန်သည်။
ဒေါသတို့ဖြင့် ပြည့်နှက်နေသည့် စူးစူးရှရှ တွန်မြည်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ အနက်ရောင်ငှက်၏ အော်သံပင် ဖြစ်သည်။
၎င်းသည် တစ်ခြားသော ပြိုင်ဘက်တစ်ဦးနှင့် ထပ်မံ၍ ရင်ဆိုင်နေရပုံပေါ်သည်။
“ တော်တော်လေးကို အလုပ်များနေတာပဲ “
လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ ဂိုဏ်းသို့ ပြန်ရန်ပြင်လိုက်သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိသွားခဲ့သည်၊ အဆိုပါ ငှက်၏ အရှိန်အဝါသည် သူနှင့် ပိုမိုနီးကပ်လာခဲ့သည်။
နောက်သို့ လှည့်ကြည့်လိုက်ရာ၊ ၎င်းက သူ့ထံသို့ တဟုန်ထိုး ပျံသန်းလာနေပြီး၊ ၎င်း၏အနောက်ဘက်တွင် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် အပူတပြင်းလိုက်လာနေသည့် အနက်ရောင် ပုံရိပ်နှစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
“ ငှက်မသား၊ ကပ်ဘေးကို ငါ့ဆီ လွှဲပေးဖို့ လုပ်နေတာလား။ ငါ့ကို အဲ့တာအတွက် အပြစ်တင်ခံနေရအောင် လုပ်နေတာလားဟ “
………………………………………………………………………………………………………………………………….
အပိုင်း ( 48 )
မင်းက လူကောင်းတစ်ယောက်ပဲ
အဝေးမှ လှမ်းမျှော်ကြည့်ရှုလိုက်မည်ဆုပါက အနက်ရောင် ငှက်တစ်ကောင်က လူနှစ်ဦး၏ အနောက်သို့ အရှိန်ကုန်တင်၍ လိုက်နေသည်ကို မြင်တွေ့လိုက်ရမည် ဖြစ်သည်။
၎င်း၏ အမြန်နှုန်းမှာ လွန်စွာအားကောင်းနေသဖြင့် ၎င်း၏ အနောက်တွင် ရှိနေသည့် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်နှစ်ဦးကပင် ၎င်းကို အမှီမလိုက်နိုင်ခဲ့ပေ။
သို့ရာတွင် အနက်ရောင် ငှက်သည် ဒဏ်ရာအပြင်းအထန် ရရှိထားသောကြောင့်၊ ထပ်မံ၍ မပျံသန်းနိုင်တော့ပေ။
၎င်းက ချဥ်းကပ်လာနေသည်ကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် တစ်ဖက်သို့ လှည့်ပြေးသွားတော့သည်၊ သို့သော် ၎င်းသည် သူ၏ ရည်ရွယ်ချက်ကို သတိပြုမိနေပုံရကာ၊ အရှိန်ကုန်တင်၍၊ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ သူ့ထံသို့ ခုန်ဆင်းလာခဲ့သည်။
လုချန်ရှန်းသည် ၎င်းကို ခါထုတ်ရန် လုပ်ရှားနေခဲ့ပြီးပြီ ဖြစ်သည်၊ သို့သော် သူသည် အဆိုပါ အနက်ရောင်ငှက်က ပြုတ်ကျလာနေရင်းဖြင့် တဖြည်းဖြည်း သေးကျုံ့သွားသည်ကို မြင်တွေ့လိုက်ရသည်၊ ၎င်းသည် သုံးလက်မ အရွယ်ရှိ ငှက်ကလေး တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ၊ သတိမေ့နေသည့် လူငယ်အပေါ်သို့ တိုက်ရိုက်ကျဆင်းလာခဲ့သည်။
ဘုတ်
လူငယ်သည် ဒဏ်ရာ အပြင်းအထန်ရရှိနေခဲ့ပြီးပြီ ဖြစ်သောကြောင့်၊ အဆိုပါ ထိတွေ့မှုမှာ သူ့ကို သေလုမျောပါး ဖြစ်သွားစေခဲ့သည်။
၎င်းကို မြင်လိုက်ရသော အချိန်တွင် လုချန်ရှန်းမှ လှုပ်ရှားရန် ပြင်လိုက်ရာ၊ အနက်ရောင်ငှက်မှ စကားစပြောလာခဲ့လေသည်။
“ တာအိုရောင်းရင်း၊ ငါ့ကိုကယ်ပါ၊ ငါမင်းကို ကြီးကြီးမားမား ကျေးဇူးပြန်ဆပ်ပါ့မယ် “
“ ကြီးကြီးမားမားလား “
လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
အဆိုပါ ငှက်က ရိုးရှင်းပုံမရပေ၊ အကယ်၍ သူသာ ထွက်သွားချင်သည်ဆိုပါက၊ အဆိုပါ အနက်ဝတ်လူနှစ်ဦးက သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ၊ သူ၏ လွတ်မြောက်ရေး နည်းစနစ်များက ပြိုင်ဘက်ကင်းလွန်းနေခဲ့သည်၊ ယခုလက်ရှိ အချိန်သည် အန္တရာယ်တွင်းတွင် ချမ်းသာကြွယ်ဝမှုကို ရှာဖွေနေခြင်းပင် ဖြစ်သည်။
အကယ်၍ ၎င်းကသာ ကတိမတည်ဘူးဆိုပါက၊ သူသည် ၎င်းကို ရောင်းချလိုက်မည် ဖြစ်သည်၊ မည်သို့ပင် တွေးတောစဥ်းစားနေခဲ့ပါစေ၊ သူအရှုံးမရှိပေ။
သို့ရာတွင် လုချန်ရှန်းက ပြန်မတုံ့ပြန်လိုက်ခင် အချိန်မှာပင်၊ အနက်ရောင်ငှက်မှာလည်း သတိမေ့သွားခဲ့သည်၊ သူသည် လုချန်ရှန်းက လူကောင်းဖြစ်သည်ဟု လောင်းကြေးထပ်လိုက်ပုံရသည်။
ဝှစ်
လုချန်ရှန်းမှ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ အနက်ရောင် ဝတ်ရုံတစ်ခုသည် သူ့ကို ဖုံးလွှမ်းလာခဲ့သည်၊ အနောက်တွင် ရှိနေသည့် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်နှစ်ဦးမှာလည်း သူတို့၏ တိုက်ခိုက်မှုများကို စတင်၍ ပြုလုပ်လာခဲ့သည်။
ဂျိန်းးးးး
သူ၏မှော်စွမ်းအားသည် လျှပ်စီးစွမ်းအင်တစ်ခုအဖြစ် အသွင်ပြောင်းသွားကာ၊ ပေါက်ထွက်လာခဲ့သည်။
အဆုံးမဲ့ အလင်းတန်းများ လိမ်ယှက်လာပြီး၊ ပတ်ဝန်းကျင်ကို ချက်ချင်း ဖုံးလွှမ်းလာခဲ့သည်။ ကျင့်ကြံသူနှစ်ဦးမှာလည်း အဆိုပါ အလင်းတန်းကြောင့် တစ်ခဏခန့် မျက်လုံးများ မှိတ်လိုက်ရပြီး၊ မျက်လုံးပြန်ဖွင့်လာသည့် အချိန်တွင်၊ ထိုလူပျောက်ကွယ်သွားပြီဆိုသည်ကိုသာ မြင်တွေ့လိုက်ရသည်။
“ သူဘယ်မှာလဲ “ လူတစ်ဦးသည် စကားပြောလာခဲ့ကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည်။
တစ်ခြားလူတစ်ဦး၏ စိတ်စွမ်းအား ပျံ့လွင့်လာခဲ့ကာ၊ ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးခဲ့သော်လည်း၊ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
“ ချီးပဲ၊ အဲ့တာက ထပ်ပြီးတော့ လွတ်သွားပြန်ပြီ “
“ အခုငါတို့ ဘာလုပ်ကြမလဲ “
“ ထပ်ရှာမယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က အဲ့တာကို ပြန်ခေါ်သွားမှဖြစ်မယ်၊ ငါတို့က အဲ့ကောင်ကို ထပ်လွှတ်ပေးလိုက်လို့ မဖြစ်ဘူး “
“ ကောင်းပြီလေ “
ထိုလူနှစ်ဦးသည် လူစုခွဲကာ ရှာဖွေနေကြတော့သည်။
မလှမ်းမကမ်းရှိ လုချန်ရှန်းသည် ထွက်သွားသော ပုံရိပ်နှစ်ခုကို ကြည့်ကာ၊ အတွေးနက်သွားခဲ့သည်။
သူသည် သူ့လက်ဝါးအတွင်းတွင် ရှိနေသည့် အနက်ရောင်ငှက်ကလေးကို ငုံ့ကြည့်ကာ၊ စကားပြောနေတော့သည် “ မင်းက ငါ့ဆီကို ပြဿနာ အကြီးကြီးတော့ မသယ်လာဘူးမလား “
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ သူသည် ၎င်းကို သူနှင့်အတူ ခေါ်သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့နောက်တွင် သူသည် လူတစ်ဦး၊ ငှက်တစ်ကောင်နှင့်အတူ ချင်းယွင်တောင်ထွဋ်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။ သူ၏ဒဏ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးသည့်နောက်တွင်၊ ၎င်းတို့က အနည်းငယ် ပြင်းထန်သော်လည်း၊ ကယ်တင်၍ ရသေးသည်ဆိုသည်ကို သိရှိသွားခဲ့သည်။
သူသည် သူ၏ဒဏ်ရာများကို ကုသပေးကာ၊ ဆေးတစ်လုံး တိုက်လိုက်ပြီး၊ ထို့နောက်၌ သူ့ကို ထိုနေရာမှာပင် ထားထားလိုက်သည်။
သူသည် အနက်ရောင် ငှက်ကလေးကိုပါ ကြည့်ရှုစစ်ဆေးနေခဲ့သည်။ သူသည် ၎င်းကို ကြီးကြီးမားမား စွန့်စား၍ ကယ်တင်ခဲ့ရသည်၊ သို့သော် သူ၏ဆုလဒ်များကို မရရှိသေးပေ။
သို့ရာ၌ ၎င်းကို ကုသပေးနေစဥ် အချိန်တွင်၊ သူသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အမွှေးတစ်ခု ရှိနေပြီး၊ အဆိုပါ အမွှေးထံတွင် အံ့ဖွယ်ကောင်းသည့် ဓားရည်ရွယ်ချက်တစ်ခု စီးဆင်းနေလျက်ရှိကာ၊ ၎င်း၏ အသက်စွမ်းအားကို အဆက်မပြတ် တိုက်စားနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ အဆင့်၉ ဓားရည်ရွယ်ချက်လား။ ဒီကောင်က ဘယ်လိုပြိုင်ဘက်မျိုးကို စော်ကားခဲ့တာလဲဟ “
လုချန်ရှန်းသည် စောင့်ကြည့်နေခဲ့ပြီး၊ အဆိုပါ အမွှေးကို ဆွဲနှုတ်လိုက်ကာ၊ ဓားရည်ရွယ်ချက်ကို ဖျက်စီးလိုက်သည်။
အနက်ရောင်ငှက် မဖျက်စီးနိုင်ခဲ့သည့် အဆင့်၉ ဓားရည်ရွယ်ချက်မှာ သူ့အတွက် ဘာမှဟုတ်မနေခဲ့ပေ၊ သူသည် သူ၏လက်ကို ဝေ့ရမ်းလိုက်ရုံဖြင့် ၎င်းကို ဖျက်စီးနိုင်ပေသည်။
ဒဏ်ရာများကို ကုသပေးခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် ထပ်ခါတလဲလဲ တွေဝေတုံ့ဆိုင်းသွားခဲ့သည်၊ ထို့နောက်တွင် သူသည် ဆေးတစ်လုံး ထုတ်ယူကာ၊ ၎င်းကို ဆေးတိုက်လိုက်သည်။
“ မင်းငါ့ကို အကြွေးတင်သွားပြီနော် “
ထို့နောက်တွင် သူသည် အနက်ရောင်ငှက်ကို တို့ထိကြည့်နေတော့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
လူများကို ကယ်တင်ရခြင်းမှာ သတ်ဖြတ်ခြင်းထပ် ပိုမိုရှုပ်ထွေးနေခဲ့သည်။
မကြာခင် အချိန်မှာပင် သတိမေ့နေသည့် လူငယ် ထိုးထလာခဲ့သည်၊ မျက်လုံးများ ဖွင့်ကာ မရင်းနှီးသော ပတ်ဝန်းကျင်ကို မြင်လိုက်ရသည့် အချိန်၌၊ သူ၏မျက်လုံးများတွင် သတိတကြီးဖြစ်သွားသည့် အရိပ်အငွေ့များ ကြီးစိုးလာခဲ့သည်။
သို့သော် လုချန်ရှန်းကို မြင်လိုက်ရသောကြောင့် သူအံ့အားသင့်သွားခဲ့သည်။
“ မင်းက ငါ့ကို ကယ်လိုက်တာလား “ လူငယ်သည် အနည်းငယ် မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် မေးမြန်းလာခဲ့သည်။
“ မသိသာဘူးလားဟ “
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
သို့ရာတွင် အဆိုပါ လူငယ်မှာ မှင်သက်သွားခဲ့သည်။ သူသည် သူတို့သုံးဦးက ချိုင့်ဝှမ်းအတွင်းတွင် အနက်ရောင် ငှက်ကြီးတစ်ကောင်ကို မြင်တွေ့ခဲ့ရကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
သို့သော် ၎င်းသည် မွေးရာပါ ဝိညာဥ်အဆင့် သားရဲတစ်ကောင် ဖြစ်နေခဲ့ပြီး၊ သူတို့သည် ၎င်း၏ ပြိုင်ဘက် ဟုတ်မနေခဲ့ပေ။ ထို့ကြောင့် သူတို့သည် ထွက်ပြေးလာရုံသာ တတ်နိုင်ခဲ့ပြီး၊ အဆုံးတွင် ယခုသူ့အရှေ့တွင် ရှိနေသည့် လူငယ်ကို မြင်တွေ့ခဲ့ရလေသည်။
ထို့နောက်တွင် သူသည် မည်သည့်အရာကိုမှ မမှတ်မိတော့ပေ။
သူနောက်ဆုံး မြင်တွေ့ခဲ့ရသည့် လူမှာ လုချန်ရှန်းပင် ဖြစ်နေခဲ့သည်။
လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ငေးကြည့်နေကြတော့သည်။
ထိုလူငယ်သည် ချက်ချင်းမတ်တပ်ထရပ်ကာ စကားပြောလာခဲ့သည် “ ကျေးဇူးတင်ပါတယ်၊ တာအိုရောင်းရင်း။ ငါ့ဆီမှာ မင်းပေးတဲ့ အသက်ပဲ ရှိတော့တယ် “
သူ့အား အရိုအသေပေးလာသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ဒီလူက တကယ်ကို မတူဘူးပဲ
နတ်ကောင်းကင်ဂိုဏ်း၏ ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့သော်လည်း၊ မာနကြီးခြင်း (သို့) မောက်မာခြင်းတို့ ရှိမနေခဲ့ပေ၊ သူသည် အမှန်နှင့်အမှားကို ခွဲခြားသိမြင်နိုင်စိတ် ရှိနေပြီး၊ ၎င်းသည် လူများကို သူနှင့်ပတ်သက်၍ အကောင်းမြင်သွားစေခဲ့လေသည်။
“ ယဥ်ကျေးမနေပါနဲ့၊ ငါတို့လို ကျင့်ကြံသူတွေက ဘယ်လိုလုပ် ဒီအတိုင်း ရပ်ကြည့်နေနိုင်မှာလဲ “
“ ဒီကျေးဇူးတရားကို သေချာပေါက် မှတ်မိနေမှာပါ “ ထိုလူငယ်မှ စကားဆက်ပြောလာခဲ့သည် “ ငါ့ရဲ့နာမည်က ယဲ့ချင်းချန်ပါ၊ မင်းရဲ့ နာမည်ကို ပြောပြလို့ရမလား၊ တာအိုရောင်းရင်း “
“ လုချန်ရှန်း “
“ လုချန်ရှန်းလား “ ယဲ့ချင်းချန်သည် တအံ့တဩ ဖြစ်သွားခဲ့သည်။
“ ပြဿနာ ရှိလို့လား “ လုချန်ရှန်းသည် အေးအေးလူလူ ဖြစ်နေခဲ့သည်။
ယဲ့ချင်းချန်မှ ပြန်ပြောလာခဲ့သည် “ တိုက်ဆိုင်တာပါ၊ အစ်ကိုလုရဲ့ နာမည်ကို အရင်က ကြားဖူးထားလို့ပါ “
ကန်းယွင်ဂိုဏ်းတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများက လျှို့ဝှက်ချက် မဟုတ်သောကြောင့်၊ လူတိုင်းနီးပါးက ထိုအကြောင်းကို သိနေကြသည်။
လုချန်ရှန်းသည် ပြုံးရုံသာ ပြုံးနေခဲ့ပြီး၊ မည်သည့်စကားမှ ပြန်မပြောလိုက်ပေ။
ထို့နောက်တွင် ယဲ့ချင်းချန်မှ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ အစ်ကိုလု၊ တစ်ခြားနှစ်ယောက်ကရော “
“ သေပြီလေ “
“ သေပြီလား “
“ ဟုတ်တယ်၊ အဲ့သားရဲက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာကို မင်းသိမှာပဲ၊ မင်းကို ငါကယ်လိုက်တာက ကံကောင်းသွားတာပဲ၊ အဲ့အချိန်တုန်းက ငါပါ သေလုနီးပါး ဖြစ်သွားခဲ့သေးတယ် …… “
လုချန်ရှန်းသည် ထိုအချိန်က ဖြစ်ရပ်များကို ပြန်ပြောင်းပြောပြနေတော့သည်၊ ပိုပြောလေလေ၊ ပို၍ ရင်ဖိုဖွယ်ကောင်းလေလေ ဖြစ်လာခဲ့ပြီး၊ နားထောင်သူမှာလည်း ပို၍ မှင်သက်သွားရလေလေ ဖြစ်နေခဲ့သည်။
ယဲ့ချင်းချန်သည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် သူသည် နောက်ထပ်တစ်ကြိမ် ထပ်မံ၍ အရိုအသေပေးကာ၊ သူ၏ကျေးဇူးတင်မှုကို ပြသလာခဲ့သည်။
လုချန်ရှန်းမှာလည်း ဘဝ၏ မတည်မြဲခြင်းကို ဆင်ခြင်ကာ၊ အဆိုပါ ကျင့်ကြံသူနှစ်ဦး၏ သေဆုံးမှုအတွက် နောင်တရသွားခဲ့သည်။
ထို့နောက်တွင် သူသည် ယဲ့ချင်းချန်ကို ကောင်းကောင်း အနားယူစေရန်အတွက် သူ၏အခန်းဆီသို့သာ ပြန်သွားတော့သည်။
ထိုင်မချခင် အချိန်မှာပင် သူ၏ ရင်ဘတ်မှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ တာအိုရောင်းရင်း၊ မင်းက လူတစ်ယောက်ပဲကွ။ မင်းက သူတို့ကို သတ်ခဲ့ပင်မဲ့၊ သူတို့ကို အောက်မေ့သတိရပြီးတော့ နောင်တရပေးနေခဲ့တယ် “
လုချန်ရှန်းသည် တအံ့တဩ ဖြစ်သွားကာ၊ အနက်ရောင်ငှက်ကို ဆွဲထုတ်လိုက်သည်။
“ မင်းက ဘယ်အချိန်တုန်းက နိုးလာခဲ့တာလဲ “
“ ပုံပြင်စပြောတဲ့ အချိန်တည်းကလေ “ အနက်ရောင်ငှက်သည် သူ့ကို စိုက်ကြည့်ကာ၊ အံ့ဩတုန်လှုပ်သွားခဲ့သည်။
၎င်းသည် သူ့အရှေ့တွင် ရှိနေသည့် လူက တက်ကြွမှုတို့ဖြင့် ပြည့်နှက်နေကာ၊ အလွန်တရာ ငယ်ရွယ်နေပြီး၊ ရုပ်ရည်ကို ပြုပြင်ထားသည့် အဘိုးအိုကြီးတစ်ဦး မဟုတ်ဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေခဲ့သည်၊ သို့သော် သူ၏ ကျင့်ကြံရေးမှာ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေခဲ့လေသည်။
ထိုကဲ့သို့သော ပါရမီရှင်မျိုးမှာ အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ ပြန်ပြောလိုက်သည် “ မင်းနိုးနေပြီဆိုမှတော့၊ သဘောတူညီချက်ကို ဖြည့်ဆည်းပေးတော့။ တာအိုရောင်းရင်း၊ အကြွေးဆပ်ဖို့ အချိန်ကျပြီ “
“ တာအိုရောင်းရင်းက တကယ်ကို ထူးခြားတာပဲ၊ အဲ့လို ဆုသေးသေးလေးတွေကို ဂရုစိုက်နေသေးတာလားဟ “
“ မင်းက ငါ့ကို ညှပ်ချဖို့ ကြိုးစားနေတာလား “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။
အနက်ရောင် ငှက်သည် စားပွဲပေါ်သို့ ပျံသန်းသွားရန် ကြိုးပမ်းနေခဲ့သော်လည်း၊ ခုန်လိုက်သည့် အချိန်မှာပင် ပြုတ်ကျသွားခဲ့သည်။
ဘုတ်ဟူသော အသံနှင့်အတူ ၎င်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ၊ သူ့ကို ကြောက်လန့်တကြား ငေးမောကြည့်ရှုလာခဲ့သည်။
“ မင်းက ငါ့ကိုယ်ပေါ်မှာ တားမြစ်ချက်တွေ ချထားတာပဲ “ ၎င်း၏ စိတ်ခံစားချက်များ ပြောင်းလဲသွားကာ၊ ၎င်းတို့ကို ရှာဖွေရန် ကြိုးပမ်းနေတော့သည်။
လုချန်ရှန်းမှ အေးအေးလူလူ ပြန်ပြောလိုက်သည် “ နည်းနည်းလောက် ချထားတာပေါ့၊ မင်းသစ္စာဖောက်သွားမှာကို ကြောက်တယ်လေ “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင်ငှက်သည် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် တားမြစ်ချက်များကို သတိပြုမိသွားကာ၊ တုန်ရင်သွားခဲ့သည်။
“ တားမြစ်ချက် ဆယ့်ရှစ်ခု၊ အဲ့တာက နည်းနည်းလေးလားဟ “
၎င်းသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် တားမြစ်ချက် ဆယ့်ရှစ်ခု ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ ၎င်းမှာ သူ့ကို အပြည့်အဝ ထိန်းချုပ်ထားသည့်အလား ဖြစ်နေခဲ့သည်။
“ လိုရမယ်ရ၊ နည်းနည်းလေး ပိုထည့်ထားတာပါကွာ “ လုချန်ရှန်းမှ ပြုံးပြလိုက်သည်။
အနက်ရောင် ငှက်သည် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့သည်၊ သို့သော် ၎င်းသည် စိတ်သက်သာရာရသွားသေးသည်၊ ဤလူသည် တားမြစ်ချက်များစွာ ရေးဆွဲထားခဲ့သော်လည်း၊ သူ့ကို ကယ်တင်ပေးခဲ့လေသည်၊ ၎င်းသည် သူ့ကို အကဲခတ်မိနေတော့သည်။
လုချန်ရှန်းသည် တစ်ဖက်လူက အချိန်အတော်ကြာသည်အထိ မတုံ့ပြန်လာခဲ့ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင်၊ အမူအရာ ပြောင်းလဲသွားခဲ့သည်။
“ တာအိုရောင်းရင်း၊ မင်းက တကယ်ကြီး ကတိဖျက်မလို့တော့ မဟုတ်ဘူးမလား။ မင်းကို ကယ်ဖို့အတွက် ငါတော်တော်လေး စွန့်စားခဲ့ရတာနော် “