အခန်း (၅၂-၅၄)
Vol. 4 Ch. 52-54
အပိုင်း ( 52 )
ဟုတ်တယ်၊ အဲ့ဒီမျိုးမစစ်ပဲ
လုချန်ရှန်း၏ စကားသည် အားလုံး၏ မျက်နှာများကို ပြာနှမ်းသွားစေခဲ့သည်။
ဝူကျန့်သည် အရင်ဦးဆုံး တုံ့ပြန်လာခဲ့ပြီး၊ သူ၏မျက်လုံးများ အတွင်းတွင် အေးစက်စက် အရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်သွားခဲ့သည်။
နင့်ယုရှင်းမှာလည်း အံ့အားသင့်သွားခဲ့သည်၊ သူမသည် လုချန်ရှန်းက ဤတစ်ကြိမ်တွင် ထိုမျှလောက် မာမာထန်ထန် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် သူသည် သူ၏စကားလုံးများကိုလည်း ဂရုစိုက်ပုံမရပေ။
“ လျှာစောင်းကတော့ ထက်နေတာပဲ “
“ မဆိုးပါဘူး “
လုချန်ရှန်းမှ ပြုံးပြလိုက်သည်၊ နတ်ကောင်းကင်ဂိုဏ်း၏ လူများ ရောက်ရှိနေကာ၊ အဓိကတိုက်ပွဲ မစခင် အချိန်တွင် ပဋိပက္ခဖြစ်ပွားခြင်းအား ပြင်းပြင်းထန်ထန် တားမြစ်ထားသည်ဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။ သူ့ကို မည်သူက ဆန့်ကျင်ရဲမည်နည်း။
ဖျောက် ဖျောက်
ဝူကျန့်သည် လက်သီးဆုပ်ကာ၊ လက်ဆစ်ချိုးနေတော့လေသည်။
လူတိုင်း စောင့်ကြည့်နေသည့် အချိန်မှာပင် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးသည် ခြံဝန်းအတွင်းသို့ လျှောက်လှမ်းလာခဲ့သည်။
သူသည် ချောမောသော အသွင်အပြင်နှင့် သခင်လေးတစ်ဦး ဖြစ်ပြီး၊ သူ့ကိုယ်သူ ယပ်ခတ်ပေးနေကာ၊ အသာအယာ ရယ်မောနေခဲ့သည်။
“ဟားဟားဟား၊ ကန်းယွင်ဂိုဏ်းရဲ့ တာအိုရောင်းရင်းက ဘာကိုမှ ဂရုမစိုက်ဘူးပဲ “
အသစ်ရောက်ရှိလာသူကို မြင်လိုက်ရသောအခါတွင် လူတိုင်းက ဦးညွတ်လိုက်ကြသည်။
“ တတိယမင်းသား “
ဟမ်
လုချန်ရှန်းကမူ သူ့ကို ငေးကြည့်ကာ၊ စူးစမ်းလေ့လာနေတော့သည်။
နင့်ယုရှင်းမှာလည်း ထိုလူ့ကို နှုတ်ဆက်လိုက်သည်။
“ ညီမနင့်၊ ဓလေ့ထုံးတမ်းတွေ လုပ်မနေပါနဲ့ “ သူသည် ပြုံးပြလာခဲ့သည်။
နင့်ယုရှင်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ စကားပြန်မပြောလိုက်ပေ၊ ထို့အစား သူမသည် လုချန်ရှန်းကိုသာ စကားပြောလိုက်သည် “ အဲ့တာက အဲ့တာက ယွဲ့ပြည်ထောင်ရဲ့ တတိယမင်းသား၊ ယွဲ့မင်ပါ “
လုချန်ရှန်းသည် သူ့ကို စူးစမ်းလေ့လာနေပြီး၊ သူ၏အကြည့်မှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။
ယွဲ့မင်သည် ၎င်းကို မြင်တွေ့သွားကာ စကားပြောလာခဲ့သည် “ အစ်ကိုလု၊ ဘာလို့ အဲ့လိုမျိုး ကြည့်နေရတာလဲ။ ကျွန်တော်က အစ်ကို့ဘက်ကပါ “
“ အို့ “
လုချန်ရှန်း အံ့ဩသွားခဲ့သည်။
သူတို့ဘာမှ မပြောနိုင်ခင် အချိန်မှာပင် အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံသည် အဝေးမှ ပေါ်ထွက်လာခဲ့သည်။ တန်ဖိုးကြီး ပိုသားဝတ်စုံကို ဝတ်ဆင်ထားကို ဝတ်ဆင်ထားကာ၊ မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့် အသက်နှစ်ဆယ့်ခုနစ်(သို့) နှစ်ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ဦး ပေါ်ထွက်လာခဲ့သည်။
“ ပထမမင်းသား ယွဲ့လင်း “ တစ်စုံတစ်ဦးမှ အံ့ဩတကြီး အော်ပြောလာခဲ့သည်။
“ နောက်တစ်ယောက် လာပြန်ပြီ ” လုချန်ရှန်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်။
ယွဲ့လင်းသည် ဝူကျန့်ဘေးနားသို့ တိုက်ရိုက်သွားခဲ့ပြီး၊ အရှေ့သို့ ငေးမောကြည့်ရှုကာ၊ စကားစပြောလာခဲ့သည် “ ကန်းယွင်ဂိုဏ်းက တကယ်ကို ရန်လိုတတ်တာပဲ။ မင်းက ငါ့ကိုတောင် မျက်လုံးထဲမှာ မထည့်ဘူးလား။ ဒါမှမဟုတ် ယွဲ့မင်က မင်းနောက်မှာ ရှိနေလို့ ဒီလောက်တောင် ရဲတင်းနေတာလား “
သူ၏ စကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းသည် အလောတကြီး ပြန်မပြောလိုက်ဘဲ၊ ယွဲ့မင်ကိုသာ လှည့်ကြည့်လိုက်သည်။
ယွဲ့မင်မှ စကားပြောဆိုလာခဲ့သည် “ အစ်ကိုလု၊ ငါ့ကို အဲ့လိုမကြည့်ပါနဲ့ကွာ။ သူက ကန်းယွင်ဂိုဏ်းကိုရော၊ ငါ့ကိုပါ ပစ်မှတ်ထားနေတာ၊ အဲ့တာက ငါ့ကြောင့် မဟုတ်ဘူး “
“ အဲ့လိုလား “ လုချန်ရှန်း၏ မျက်လုံးများအတွင်းတွင် သံသယအငွေ့အသက်များ စွန်းထင်းလာခဲ့သည်။
အသစ်ရောက်လာသူက ရန်လိုနေသောကြောင့်၊ ရန်စလေးများ ရှိနေသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။
သို့ရာတွင် ယွဲ့မင်သည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ စကားထပ်ပြောလာခဲ့သည် “ ကန်းယွင်ဂိုဏ်းက ကန်းယွင်ကားချပ်ကို ရသွားတယ်လို့ သူကြားသွားခဲ့တယ်လေ၊ ပြီးတော့ အဲ့တာကို ငှားဖို့ကြိုးစားခဲ့တယ်၊ ဒါပင်မဲ့ မင်းတို့က မရှိဘူးလို့ ငြင်းခဲ့တယ်လေ။ အဲ့တာကြောင့် သူက မင်းတို့ကို သူ့ဘက်ကို ရောက်လာအောင် ဆွဲခေါ်ခဲ့တယ်လေ၊ ဒါပင်မဲ့ ထပ်ငြင်းခံလိုက်ရတယ်လေ၊ အဲ့တာကြောင့်ပဲ ရန်လိုနေတာ၊ ငါနဲ့ နည်းနည်းလေးမှ မဆိုင်ဘူးနော် “
“ သူ့ဘက်ပါအောင် ဆွဲခေါ်တာလား “
“ အမှန်ပဲ၊ သူက အာဏာ သိမ်းချင်နေတာ၊ အဲ့တာကြောင့် ယွဲ့ပြည်ထောင်ရဲ့ အင်အားစု အမျိုးမျိုးကို သူ့ဘက်ပါအောင် လုပ်နေတာ။ သူက ငါ့ကို နည်းနည်းလေး သတိထားနေလို့ ငါ့ကိုပါ ပစ်မှတ်ထားနေတာ “
သူ၏စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း မှင်သက်သွားကြပြီး၊ မယုံကြည်နိုင် ဖြစ်သွားသည့် အကြည့်ပေါင်းများစွာသည် ယွဲ့မင်ထံသို့ ကျရောက်လာခဲ့သည်။
လုချန်ရှန်းမှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည်၊ အထူးသဖြင့် အမူအရာ မည်းမှောင်နေသည့် ယွဲ့လင်းကို မြင်လိုက်ရသောအခါတွင် သူသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည် “ ဒီလိုကိစ္စမျိုးက လူကြားထဲမှာ ပြောလို့ရလို့လားဟ “
“ တကယ်လို့ သူကတောင် ပြောနိုင်တယ်ဆိုရင်၊ တစ်ခြားလူတွေက ဘာလို့ မပြောနိုင်ရမှာလဲ “
“ အမှန်ပဲ၊ မင်းရဲ့ စိတ်ထားကို ငါသဘောကျတယ် “ လုချန်ရှန်းသည် သူ့ဘေးနားတွင် ရှိနေသည့် လူငယ်ကို ကြည့်ကာ၊ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။
ယွဲ့မင် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် အကြီးအကဲတစ်ဦး၏ ကြည့်ရှုခြင်းကို ခံနေရသည့် ဂျူနီယာတစ်ဦးကဲ့သို့ ခံစားသွားခဲ့ရသည်၊ သို့သော် သူသည် မည်သည့်စကားမှ ထပ်မပြောလိုက်ပေ၊ ဒီကောင်လေးက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတာပဲ
သို့ရာတွင် ယွဲ့လင်း၏ အမူအရာကမူ လုံးဝမည်းမှောင်နေပြီ ဖြစ်သည်။
“ တော်လောက်ပြီ၊ ယွဲ့မင်။ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ “
“ အဲ့တာက အမှန်မဟုတ်ဘူးလား “
လူနှစ်ဦး ထပ်တိုက်တွေ့နေတော့သည်၊ သို့သော် လုချန်ရှန်းကမူ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ သူသည် ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို နှစ်သက်သည်။
အထူးသဖြင့် အမွေဆက်ခံသူနှစ်ဦးက ထီးနန်းအတွက် ပြိုင်ဆိုင်နေသည့် ဖြစ်ရပ်မျိုး ဖြစ်သည်။ သူသည် အမျိုးမျိုးသော ပုံပြင်ဇာတ်လမ်းများကို ကြားခဲ့ဖူးသော်လည်း၊ ဤကဲ့သို့ လူကိုယ်တိုင် မြင်တွေ့ရခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။
ယွဲ့လင်းမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ သူက နှုတ်ဆက်လက်ဆောင်တောင် မယူလာဘဲနဲ့၊ စကားကို ရိုင်းရိုင်းစိုင်းစိုင်း ပြောနေခဲ့တယ်။ သူက နတ်ကောင်းကင်ဂိုဏ်းက အဲ့လူကို ဆန့်ကျင်မိသွားမှာကို မကြောက်ဘူးလား။ သူက ငါ့စာရင်းထဲမှာ မရှိဘူး။ ကြည့်ရတာတော့ မင်းက သူ့ကို ဖိတ်လိုက်တဲ့ပုံပဲ။ မင်းကတော့ ……. “
သူ့စကား မဆုံးခင် အချိန်မှာပင် ယွဲ့မင်သည် သူ၏ဦးခေါင်းကို ခါရမ်းကာ စကားဖြတ်ပြောလိုက်သည် “ သူ့ကို ငါဖိတ်လိုက်တာ မဟုတ်ဘူး “
“ ဟက် “
ယွဲ့လင်းမှ နှာခေါင်းရှုံ့လိုက်ပြီး၊ ဝူကျန့်မှာလည်း ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားသည့် အမူအရာတစ်ခုကို ပြသလာခဲ့သည်။
နင့်ယုရှင်း၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်၊ ယွဲ့မင်က နတ်ကောင်းကင်ဂိုဏ်းအကြောင်း ကြားလိုက်ရသည့် အချိန်တွင် အပြောင်းအလဲ မြန်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
တစ်ခြားလူများကလည်း လှောင်ပြောင်ပြောဆိုလာခဲ့သည် “ လူငယ်ရေး၊ ကြည့်ရတာ ဒီနေ့တော့ မင်းကံဆိုးသွားပြီထင်တယ် “
စကားပြောလာသူသည် တော်ဝင်မြို့တော်၏ လင်းမိသားစုမှ ဖြစ်ပြီး၊ ၎င်းသည် မွေးရာပါ ဝိညာဥ်အဆင့် ဘိုးဘေးတစ်ဦးကို ပိုင်ဆိုင်ထားကာ ကန်းယွင်ဂိုဏ်းထပ် မည်သို့မျှ အားမနည်းသည့် အင်အားစုတစ်ခု ဖြစ်သည်။
တစ်ခြားသော အမျိုးသမီး တစ်ဦးမှာလည်း နင့်ယုရှင်းကို ကြည့်ကာ အပြုံးဖြင့် စကားလှမ်းပြောလာခဲ့သည် “ ကောင်းကင်နဲ့မြေပြင်ရဲ့ ကျယ်ပြောမှုကို မသိလောက်တဲ့အထိ တကယ်ကြီးကို မောက်မာတာပဲ။ နင့်ယုရှင်း၊ သူ့ကို နင်ခေါ်လာတော့ မဟုတ်ဘူးမလား “
“ ကြည့်ရတာတော့ နင့်မိသားစုလည်း နင့်ကြောင့် ဒုက္ခရောက်သွားတော့မဲ့ပုံပဲ “
…
အမျိုးမျိုးသော စကားသံများ အဆုံးမဲ့ ပေါ်ထွက်လာခဲ့ပြီး၊ လူတစ်ချို့ကမူ ပြပွဲကို အေးအေးဆေးဆေး စောင့်ကြည့်နေခဲ့သည်။
နင့်ယုရှင်း၏ အမူအရာမှာလည်း အနည်းငယ် လေးနက်သွားခဲ့သည်။ သူမ ကြောက်လန့်နေခြင်း မဟုတ်ပေ၊ သို့သော် နင့်မိသားစု ပါဝင်ပတ်သက်လာခြင်းမှာ ပြဿနာများကို ဖြစ်ပေါ်သွားစေမည် ဖြစ်သည်။
လူတစ်စုသည် ဆက်တိုက် လှောင်ပြောင်ပြောဆိုနေကြသည်။
ဤပြည်ထောင်က အေးချမ်းသည်ဟု ထင်ရသော်လည်း၊ အမျိုးမျိုးသော အင်အားစုတို့မှာ ကြိတ်ပုန်းပြိုင်ဆိုင် တိုက်ခိုက်နေလေ့ရှိသည်။ တစ်စုံတစ်ဦးကို ဆွဲချရမည့် အခွင့်အရေး တစ်ခုခု ရှိနေမည်ဆိုပါက၊ သူတို့သည် ၎င်းကို မည်သို့မျှ လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။
ယွဲ့မင်သည် မနေနိုင်တော့ဘဲ လုချန်ရှန်းကို ငေးကြည့်နေတော့သည်၊ သို့သော် ထိုလူက လွန်စွာတည်ငြိမ်နေခဲ့ကာ၊ မည်သည့်အရာကို ဂရုမစိုက်သည့်အလား ဖြစ်နေသည်ကိုသာ မြင်တွေ့လိုက်ရသည်။
လုချန်ရှန်းမှာလည်း နင့်ယုရှင်းကို ငေးကြည့်နေကာ၊ လေးစားသွားခဲ့သည်။
ထို့နောက်တွင် သူသည် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ငါ့ကို တစ်ယောက်ယောက်က ခေါ်လာပေးဖို့ မလိုပါဘူးကွာ၊ ငါ့ဘာသာ လာခဲ့တာ “
“ ဟမ့်၊ ဖိတ်စာမရှိဘဲနဲ့ ဒီကိုလာရဲနေတယ်ပေါ့လေ “
“ မင်းသားနှစ်ပါးလုံးက မင်းကို မဖိတ်ထားဘူး။ မင်းက ဖိတ်စာကို ဘယ်ကနေ ရခဲ့တာလဲ။ ကျိုးချင်ယုဆီကနေလား “ လင်းမိသားစု၏ အဖွဲ့ဝင်မှ ဝင်ရောက်လှောင်ပြောင်လာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ငါ့ဟာကို ခွင့်မပြုဘူးလား “
“ မင်းဟာလား။ ဟားဟားဟား “
“ ရယ်စရာကောင်းလိုက်တာကွာ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ဖိတ်စာရရအောင် မင်းက ဘယ်လိုလူမျိုးမို့လို့လဲ “
“ လာ၊ လာ၊ ဘယ်လို မျက်ကန်းအရူးမျိုးက မင်းကို ဖိတ်စာပေးလိုက်တဲ့အထိ ရဲတင်းနေမလဲဆိုတာကို ငါကြည့်မယ် “ လင်းမိသားစု၏ အဖွဲ့ဝင်သည် ကျယ်လောင်စွာ ရယ်မောနေတော့သည်။
ဝူကျန့်မှာလည်း စကားဝင်ပြောလာခဲ့သည် “ ညီအစ်ကိုယွဲ့၊ သူ့ကို ဖိတ်ခဲ့တဲ့ လူကိုလည်း သေချာစစ်ဆေးပြီးတော့ အပြစ်ပေးဖို့ လိုအပ်တယ်လို့ ငါထင်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း စိတ်တင်းကြပ်သွားကြသည်။
“ ညီအစ်ကိုလု၊ မင်းကို ငါ ဖိတ်စာပေးရမလား “
ထိုအချိန်တွင် ယွဲ့မင်သည် ဤအခက်အခဲကို ဖြေရှင်းရာတွင် ကူညီလိုသောဆန္ဒဖြင့် စကားထပ်ပြောလာခဲ့သည်။
သို့ရာတွင် လုချန်ရှန်းမှ ငြင်းပယ်လိုက်သည် “ မလိုပါဘူးကွာ “
ချက်ချင်းဆိုသလိုပင် အကြည့်ပေါင်းများစွာသည် သူ့အပေါ်သို့ ရောက်ရှိလာခဲ့သည်။
သူသည် ယွဲ့လင်းက ကန်းယွင်ဂိုဏ်းကို မသိမ်းသွင်းနိုင်ခဲ့သည့်အတွက် မကျေမနပ် ဖြစ်နေပြီး၊ ယွဲ့မင်ကပါ သူနှင့် စကားပြောနေသည့်အတွက် သူ၏ဒေါသအား မထိန်းချုပ်နိုင်တော့ဘူးဆိုသည်ကို သိနေခဲ့သည်၊ ထို့အပြင် ဝူကျန့်၏ဂိုဏ်းကပါ သူ့ဘက်တွင် ရှိနေခဲ့လေသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူ့ကို ပစ်မှတ်မထားလာမှသာလျှင် ထူးဆန်းနေလိမ့်မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ယွဲ့လင်းဘေးမှ လူငယ်တစ်ဦးသည် အရှေ့သို့ တက်ကာ၊ စကားပြောလာခဲ့သည် “ ကျေးဇူးပြုပြီးတော့ ဖိတ်စာကို ပြပေးပါ၊ စစ်ဆေးဖို့ လိုအပ်လို့ပါ “
လုချန်ရှန်းသည် သူ့ကို တစ်ချက်မျှ ငေးကြည့်လိုက်ပြီး၊ စကားပြောရန် ပျင်းရိလွန်းနေသဖြင့် ဖိတ်စာကိုသာ တိုက်ရိုက်ထုတ်ပေးလိုက်သည်။
သို့သော် ဖိတ်စာကို ယူလိုက်သည့် အချိန်မှာပင် လူငယ်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ရသည်၊ သူသည် မယုံကြည်နိုင်ဖြစ်သွားသော အမူအရာဖြင့် လုချန်ရှန်းကို မော့ကြည့်လာခဲ့သည်။
“ အဲ့တာက …….. “
လှောင်ပြောင်နေသည့် လူအုပ်ကြီးမှာလည်း တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို သတိပြုမိသွားကြသည်။
ယွဲ့လင်းသည် တိုက်ရိုက်မေးမြန်းလိုက်သည် “ ဘာဖြစ်လို့လဲ။ သူ့ကို ဖိတ်စာပေးလိုက်တာ ဘယ်သူလဲ “
“ အဲ့တာ ……. အဲ့တာက …….. “
လူငယ်သည် အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့သည်။
ယွဲ့လင်းသည် သူ၏လက်ကို မြှောက်ကာ ဖိတ်စာကို တိုက်ရိုက်ဆွဲယူလိုက်သည်၊ သို့သော် ၎င်းကို မြင်လိုက်ရသောအခါတွင်၊ သူ၏အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ရသည်။
“ ယဲ့ချင်းချန် ……… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
ယွဲ့လင်းသည် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
ဝူကျန့်မှာလည်း မျက်မှောင်ကြုတ်သွားကာ၊ စကားဝင်ပြောလာခဲ့သည် “ အစ်ကိုယဲ့က သူ့ကို ဘယ်လိုလုပ် ဖိတ်စာပေးလိုက်ရမှာလဲ “
လူတစ်စုသည် အကြည့်များ ဖလှယ်ကာ၊ စိတ်မသက်မသာ ဖြစ်သွားကြသည်။
ယွဲ့မင်မှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည်။
ထို့အပြင် ဖိတ်စာနှင့် ပတ်သက်ပြီး မည်သည့်အရာမှ မှားယွင်းမနေခဲ့ပေ။ ၎င်းအပေါ်တွင် ယဲ့ချင်းချန်၏ အမှတ်အသားပင် ရှိနေခဲ့လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်၊ ထို့နောက်တွင် လုချန်ရှန်းသည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုကာ၊ ဖြည်းဖြည်းချင်း စကားပြောလိုက်သည် “ ဘာလို့ တိတ်သွားကြတာလဲဟ။ အဲ့ဒီမျိုးမစစ်ကို မမှတ်မိကြဘူးလား “
“ မင်း …… “
ထိုစကားသည် လူတိုင်းကို အံတကြိတ်ကြိတ် ဖြစ်သွားစေခဲ့ပြန်သည်။
ယွဲ့ပြည်ထောင်တစ်ခုလုံးတွင် ယဲ့ချင်းချန်ကို မည်သူက စော်ကားရဲမည်နည်း။ သူသည် နတ်ကောင်းကင်ဂိုဏ်း၏ အရှင်သခင်လေးပါးအနက်၊ တစ်ပါးဖြစ်သည့် လအရှင်သခင်၏ ကိုယ်ပိုင်တပည့် ဖြစ်သည်။ သူ၏အဆင့်အတန်းမှာ လွန်စွာမြင့်မားလွန်းလှပြီး၊ သူတို့၏ မွေးရာပါ ဝိညာဥ်အဆင့် ဘိုးဘေးများကပင် သူနှင့်တွေ့သည့်အချိန်တွင် ယဥ်ယဥ်ကျေးကျေး ပြောဆိုဆက်ဆံကြရပေသည်။
သူတို့သည် ထိုဖိတ်စာက သူ့လက်ထဲမှ ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် မည်သည့်အတွက်ကြောင့် လုချန်ရှန်းကို ဖိတ်လိုက်ရသနည်း။
လူတိုင်း တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် စကားဆက်ပြောနေတော့သည် “ ဒါမှမဟုတ် မင်းတို့က အဲ့မျက်ကန်း မျိုးမစစ်ကို ဘယ်လိုအပြစ်ပေးမလဲဆိုတာကို စဥ်းစားနေကြတာလား ”
……………………………………………………………………………………………………………………………………
အပိုင်း ( 53 )
ငါ့စီနီယာအစ်ကိုက တော်တော်အစွမ်းထက်တယ်
လူတစ်စု၏ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။
မည်သူကမှ လူငယ်လေးတစ်ဦး၏ အရှက်ခွဲခြင်းကို ခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ သူသည် သူတို့ကို ဆက်တိုက်လှောင်ပြောင်နေခဲ့သည်။
“မင်းက တော်တော်လေးကို လျှာစောင်းထက်တာပဲ “ ယွဲ့လင်း၏ အသံ အေးစက်သွားခဲ့သည်။
ဝူကျန့်မှာလည်း ဒေါသအပြည့်ဖြင့် သူ့ကို စိုက်ကြည့်လာခဲ့သည်။
လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ ငါပြောတာ မှားလို့လား။ ယဲ့ချင်းချန်က မျိုးမစစ်လို့ မင်းတို့အားလုံး ပြောခဲ့တာ မဟုတ်ဘူးလား “
“ အမှန်ပဲ၊ အစ်ကိုတစ်နဲ့ အားလုံးပဲ၊ မင်းတို့က ဝန်ခံရမှာ ကြောက်နေတာလား။ မဖြစ်ဘူး၊ မဖြစ်ဘူး၊ မင်းတို့တွေက အဲ့လောက်သွေးမကြောင်ကြဘူးလေ၊ ဟုတ်တယ်မလား “ ယွဲ့မင်သည် အချိန်ကိုက် စကားဝင်ပြောလာခဲ့သည်။
ဝူကျန့်နှင့် တစ်ခြားလူများ၏ အမူအရာများသည် ပိုမိုဆိုးရွားသွားခဲ့သည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက၊ သူတို့သည် ယဲ့ချင်းချန်ကို မျက်နှာသာပေးကာ၊ သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းများကို ဖောက်လုပ်ရန်အတွက် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍ ထိုစကားကို ဝန်ခံပြောဆိုလိုက်မည်ဆိုပါက၊ သူတို့ကိုယ်တိုင်သာလျှင် မဟုတ်ဘဲ၊ သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းအသီးသီးကပါ ပျက်စီသွားရမည် ဖြစ်သည်။
“ တော်လောက်ပြီ၊ ပေါက်ကရစကားတွေကို ဒီနေရာမှာပဲ ရပ်လိုက်တော့ “ ယွဲ့လင်းမှ အော်ငေါက်လာခဲ့သည်။
ယွဲ့မင်သည် ချက်ချင်း ရယ်မောနေတော့သည် “ ကြည့်ပါဦး၊ သူစိုးရိမ်တကြီး ဖြစ်နေပြီဟ “
ဟမ်
လုချန်ရှန်းသည် သူ့ဘေးနားတွင် ရှိနေသည့်လူကို ချက်ချင်းလှည့်ကြည့်လိုက်သည်။ ဒီမင်းသားက ဘာလို့ဒီလောက်တောင် ထူးဆန်းနေရတာလဲ။ တစ်ခြားလူတွေကို တိုက်ခိုက်ဖို့အတွက် သူ့ပါးစပ်ကိုပဲ အမြဲသုံးခဲ့တာလားဟ
သို့ရာတွင် သူသည် ထိုကဲ့သို့သော စိတ်သဘောထားမျိုးကို သဘောကျလေသည်၊ သူတို့သည် ဘုံရန်သူကို ရင်ဆိုင်ရန်အတွက် ညီညွတ်သွားကြပြီ ဖြစ်သည်။
ယွဲ့လင်း၏ အမူအရာ မည်းမှောင်သွားကာ၊ သူ၏ဒေါသများကို မျိုသိပ်ကာ၊ စကားထပ်ပြောလာခဲ့သည် “ မင်းဆီမှာ ဖိတ်စာရှိတော့ရော ဘာဖြစ်လဲ။ သခင်လေးယဲ့က မင်းကို တော်တော်လေး အလေးထားတာပဲ၊ ဒါပင်မဲ့ မင်းကိုယ်မင်း အရေးပါတဲ့ လူတစ်ယောက်လို့ တကယ်ကြီး ထင်နေတာလား “
“ အမှန်ပဲ၊ သခင်လေးယဲ့သာ မရှိဘူးဆိုရင်၊ မင်းက ဘာမို့လို့လဲ။ မင်းက ဒီနေရာမှာ ရပ်နိုင်ဖို့အတွက် ဘယ်လို အဆင့်အတန်းမျိုး ရှိလို့လဲ “ ဝူကျန့်မှာလည်း စကားဝင်ပြောလာခဲ့သည်။
လင်းမိသားစု၏ လူငယ်ကလည်း ဆွမ်းကြီးဝင်လောင်းလာခဲ့လေသည် “ မင်းရဲ့ စီနီယာအစ်ကို ကျိုးချင်ယုက အရေးပါတဲ့ လူတစ်ယောက်ပဲ၊ သူမရှိဘူးဆိုရင်၊ မင်းက ဘာမှမဟုတ်ဘူး “
“ ပေါက်ကရတွေ ပြောနေပြီးတော့၊ အကြောင်းအရာကို ပြောင်းလဲဖို့ ကြိုးစားနေကြတာပဲ “
လုချန်ရှန်းသည် ထိုစကားများကြောင့် မည်သို့မျှ ဒေါသမထွက်သွားခဲ့ပေ။
“ ဟက်၊ ငါတို့ပြောတာ မမှန်လို့လား “ ဝူကျန့်သည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်။
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ ပြန်ပြောလိုက်သည် “ အမှန်ပဲ၊ ငါက ငါ့ရဲ့စီနီယာအစ်ကို အားကိုးတယ်၊ အဲ့တော့ ဘာဖြစ်လဲ။ ငါ့ရဲ့ စီနီယာအစ်ကို ဒီမှာရှိမယ်ဆိုရင်၊ မင်းတို့က ငါ့ကို ဘာမှမလုပ်နိုင်ပါဘူးကွာ။ သူ့ရှေ့မှာဆိုရင် မင်းတို့က ဘေးမှာရပ်နေရုံပဲ တတ်နိုင်တာပါ “
နင့်ယုရှင်း မှင်သက်သွားခဲ့သည်။
ယွဲ့မင်မှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သူသည် အကြီးအကဲများကို မှီခိုသည့် လူအမြောက်အများကို တွေ့ခဲ့ဖူးသည်၊ သို့သော် သူ၏ စီနီယာအစ်ကိုကို မှီခိုသည့် လူတစ်ဦးကိုမူ ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ အထူးသဖြင့် ငါ့မှာ စီနီယာအစ်ကို ရှိတယ်၊ အဲ့တာကို ငါဂုဏ်ယူတယ်ဟု ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေသည့်လူမျိုး ဖြစ်သည်။
အပြည့်အဝ အရှက်မဲ့နေသည်မှာလည်း အံ့ဖွယ်ကောင်းလှပေသည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝူကျန့်သည် ယခင်ကအတိုင်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။
မလိုပါဘူး၊ ကျိုးချင်ယုက တကယ် ထူးခြားပါတယ်၊ ဒါပင်မဲ့ သူက ပြိုင်ဘက်ကင်းနေတာ မဟုတ်ပါဘူး “
“ သူပြိုင်ဘက်ကင်းကင်း၊ မကင်းကင်းတော့ ငါမသိဘူး၊ ဒါပင်မဲ့ မင်းလိုလူကတော့ သူ့ရဲ့ ဖိနပ်တွေကို သယ်ပေးဖို့ပဲ တတ်နိုင်တယ် “ လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည်။
ဝူကျန့်မှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်။
ယွဲ့လင်းမှ စကားထပ်ပြောလာခဲ့သည် “ မင်းက တော်တော်လေးကို မောက်မာတယ်၊ မင်းက ………… “
“ လေကုန်ခံမနေပါနဲ့၊ မင်းလည်း သူနဲ့ သိပ်မကွာပါဘူး။ ငါ့ရဲ့ စီနီယာအစ်ကိုက မင်းတို့လို လူတွေ အများကြီးကို အမှောက်သိပ်ခဲ့ဖူးတယ်၊ အကုန်လုံးက မြေပြင်ပေါ်မှာ ဒူးထောက်ပြီးတော့၊ နှာချေးတွဲလောင်းနဲ့ ငိုသွားရတာချည်းပဲ “
“ မင်း ……. “
ယွဲ့လင်းသည် သူ့ကိုယ်သူပင် မထိန်းနိုင်တော့ပေ။ ယွဲ့ပြည်ထောင်၏ မင်းသားတစ်ပါးအနေဖြင့်၊ သူ့အား မည်သူကမှ ယခုကဲ့သို့ နှိမ့်ချမစော်ကားရဲကြပေ။
၎င်းကို မြင်လိုက်ရသောအခါတွင် ယွဲ့မင်သည် ချက်ချင်းရှေ့ထွက်ကာ သူ့ကို တားဆီးလိုက်သည် “ အစ်ကိုတစ်ရဲ့ စိတ်သဘောထားက ပိုပိုပြီးတော့ သေးငယ်လာတာပဲ။ သူက ကန်းယွင်ဂိုဏ်းရဲ့ ဓားအင်မော်တယ်လေးလေ၊ မင်းက သူ့လောက် မတော်ဘူးဆိုတာက ရှက်စရာ မဟုတ်ပါဘူးကွာ “
“ ပါးစပ်ပိတ်ထား “
ယွဲ့လင်းမှ အော်ငေါက်လာခဲ့သည်။
သူသည် လုချန်ရှန်းကို စိုက်ကြည့်ကာ စကားထပ်ပြောလိုက်သည် “ မင်းကိုငါ လျှော့တွက်ခဲ့မိတာပဲ။ ဒါပင်မဲ့ မင်းရဲ့ ပါးစပ်က ပိုစွမ်းလား၊ ဒါမှမဟုတ် ကျိုးချင်ယုရဲ့ဓားက ပိုစွမ်းလားဆိုတာကို ငါသိချင်မိတယ် “
လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။
သူတို့အားလုံးသည် လုချန်ရှန်းက အတော်လေး မောက်မာလွန်းကာ၊ သူ၏ စီနီယာအစ်ကိုကို အလွန်အကျူး ချီးမွမ်း၍၊ တစ်ခြားလူများကို နှိမ့်ချနေသည်ဟု ခံစားနေကြရသည်။
နင့်ယုရှင်းမှာလည်း အံ့ဩတုန်လှုပ်သွားခဲ့သည်၊ သူက ကျိုးချင်ယုကို ရန်သူများအောင် လုပ်နေတာလား
ယွဲ့မင်သည် ဘာဆက်ဖြစ်လာမလဲဆိုသည်ကို သိချင်နေသောကြောင့်၊ တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။
သို့ရာ၌ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ ဒီလိုလုပ်မယ်၊ တကယ်လို့ မင်းတို့အားလုံးက သူ့အနားကို မကပ်နိုင်ဘူးဆိုရင်၊ သူ့နားက ဓားချီကို မခုခံနိုင်ဘူးဆိုရင်၊ ငါရှုံးတယ် “
ထိုစကားသည် လူတိုင်းကို ရှူးရှူးရှဲရှဲ ဖြစ်သွားစေခဲ့သည်။
မောက်မာချက်၊ ဘယ်လောက်တောင် မောက်မာနေတာလဲ
စိတ်ကြီးဝင်လွန်းနေတယ်
ဝူကျန့်နှင့် ယွဲ့လင်းတို့၏ အကြည့်များလည်း အေးစက်သွားခဲ့သည်၊ လင်းမိသားစု၏ လူမှာလည်း အံတကြိတ်ကြိတ် ဖြစ်သွားကာ၊ လုချန်ရှန်း၏ ပါးစပ်ကို ဆွဲဖြဲချင်နေလျက်ရှိသည်။
လူတစ်ဦးသည် ပါးစပ်တစ်ခုတည်းဖြင့် အားလုံးကို လူသတ်ချင်စိတ်ပေါက်သွားအောင် နှိုးဆွနိုင်ခဲ့လေသည်။
“ ကောင်းတယ်၊ ကောင်းတယ်၊ ဘယ်လောက်တောင် တော်လိုက်တဲ့ ကျိုးချင်ယုလဲ။ ဒီနေ့မှာတော့ မင်းက ဒီလောက်တောင် ချီးမွမ်းနေရတဲ့အထိ တကယ်ကြီး စွမ်းနေလားဆိုတာကို ငါကြည့်ဦးမယ် “
ဝူကျန့်သည် ထပ်မံ၍ သည်းမခံနိုင်တော့ပေ။
သူသည် ဓားကို အခြေခံ၍ တည်ထောင်ထားသော ဂိုဏ်းတစ်ခုဆီမှ ရောက်ရှိလာခြင်း ဖြစ်သည်၊ သို့သော် ဓားအင်မော်တယ်အဖြစ် ကျော်ကြားနေသည့် ကျိုးချင်ယု၏ အောင်မြင်မှုသည် သူတို့ဂိုဏ်း၏ ဂုဏ်သိက္ခာကို မှေးမှိန်သွားစေခဲ့သည်။
ထို့ကြောင့်ပင် ယခင်ကတည်းက မကျေနပ်ချက်များရှိနေခဲ့ပြီး၊ ယခု လုချန်ရှန်း၏ အထိန်းအချုပ်မရှိသော လှောင်ပြောင်မှုနှင့် အရှက်ခွဲမှုတို့ဖြင့် ပေါင်းစည်းလိုက်သောအခါတွင် သူသည် မည်သို့မျှ သည်းမခံနိုင်တော့ပေ။
လုချန်ရှန်းသည် လေကုန်ခံမနေဘဲ တိုက်ရိုက်ပြန်ပြောလိုက်သည် “ ငါ့ရဲ့ စီနီယာအစ်ကိုက မြို့ပြင်မှာရှိတယ်။ မင်းတို့က မယုံဘူးဆိုမှတော့ အခု သွားကြမယ်။ သူက မင်းတို့ကို လမ်းဘေးခွေးတွေလို ရိုက်နှက်နိုင်မလားဆိုတာကို မင်းတို့အားလုံး မြင်ရမှာပါ “
“ သွားမယ် “
အားလုံးသည် ဒေါသတကြီး ဖြစ်နေကာ၊ ကျိုးချင်ယုကို ရင်ဆိုင်ရန် အသင့်ဖြစ်နေကြသည်။
လုချန်ရှန်းသည် မည်သို့မျှ ကြောက်ရွံ့မနေခဲ့ဘဲ၊ သူတို့က သူ့အား ရှာမတွေ့မည်ကို စိုးရိမ်နေသည့်အလား ထိုလူအားလုံးကို ဦးဆောင်သွားခဲ့သည်။
နင့်ယုရှင်းသည် စိုးရိမ်တကြီး ဖြစ်သွားပြီး၊ သူ့ကို ဖျောင်းဖျချင်နေခဲ့သည်၊ သို့သော် သူမသည် မည်ကဲ့သို့ ပြုလုပ်ရမလဲဆိုသည်ကို မသိပေ။
ယွဲ့မင်သည် မအောင့်ထားနိုင်တော့ဘဲ၊ စကားထပ်ပြောလာခဲ့သည် “ အစ်ကိုလု၊ မင်းရဲ့ စီနီယာအစ်ကိုကရော ဒီကိစ္စကိုသိလား။ သူကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် ငါတို့က သူ့ဆီကို သတင်းပို့လိုက်သင့်လား “
“ မလိုပါဘူး “
“ ကြည့်ရတာတော့ မင်းက မင်းရဲ့ စီနီယာအစ်ကိုအပေါ်မှာ တော်တော်လေးကို ယုံကြည်ချက်ရှိနေတဲ့ပုံပဲ။ ဒါပင်မဲ့ မင်းရဲ့ လုပ်ရပ်တွေကြောင့် ဒီလူတွေ အားလုံးကို ဆန့်ကျင်မိသွားမှာကို မကြောက်ဘူးလား။ သူတို့က ယွဲ့ပြည်ထောင်ရဲ့ အင်အားတစ်ဝက်လောက်နီးပါးကို ကိုယ်စားပြုတာနော် “ ဟု ယွဲ့မင်မှ မေးမြန်းလိုက်သည်။
လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ အဲ့တာက မင်းလိုချင်တဲ့ဟာပဲ မဟုတ်ဘူးလား “
“ မင်းဘာကိုဆိုလိုတာလဲ “
“ ငါ့ရဲ့ ကန်းယွင်ဂိုဏ်းကို သိမ်းသွင်းဖို့ လုပ်နေတာ မဟုတ်ဘူးလား “
ယွဲ့မင် အံ့ဩသွားခဲ့သည်။ ဒီလူငယ်က တကယ်ကို မရိုးရှင်းဘဲ၊ အားလုံးကို ရှင်းရှင်းလင်းလင်း သိနေတယ်
“ အစ်ကိုလုက ကျွန်တော့်ကို ကူညီဖို့ စီစဥ်ထားတာလား “
“ အဲ့လိုလည်း မဟုတ်ပါဘူး၊ သူတို့က မောက်မာလွန်းလို့ ငါကြည့်မရလို့ လုပ်လိုက်တာ “
ယွဲ့မင်မှ ထပ်မံ၍ မေးမြန်းလိုက်သည် “ လက်စားအချေခံရမှာကို မကြောက်ဘူးလား “
“ မင်းရောငါရော ကောင်းကောင်းကြီး သိပါတယ်ကွာ။ တော်ဝင်မိသားစုက ကန်းယွင်ဂိုဏ်းကို ထိရဲလို့လား “ လုချန်ရှန်းသည် ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။
ယွဲ့မင်သည် အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည် “ အမှန်ပဲ “
ကန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်၏ သမီးက နတ်ကောင်းကင်ဂိုဏ်းမှ မဟာအကြီးအကဲ၏ တပည့်ဖြစ်သွားသည်ဆိုသည်ကို မသိသည့်လူ မရှိပေ။
၎င်းကပင် လူတော်တော်များများကို တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားစေရန် လုံလောက်နေခဲ့သည်။
ထို့အပြင် လုချန်ရှန်း ကောင်းကောင်းကြီး သိနေသည့် နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိနေသေးသည်၊ ကျိုးချင်ယုသည် နတ်ကောင်းကင်ဂိုဏ်းသို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် လူတိုင်း ဇက်ပုသွားကြရမည်ဖြစ်သည်၊ ကန်းယွင်ဂိုဏ်းကို မည်သူက စော်ကားရဲတော့မည်နည်း
အကယ်၍ သူတို့ကသာ သူ့ကို မစော်ကားခဲ့ဘူးဆိုပါက၊ လုချန်ရှန်းသည် ထိုကိစ္စကို ပြုလုပ်ခဲ့လိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့ လုပ်လိုက်ရခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်သည် အပျော်အပါးမက်သူဆိုသည့် သူ၏ဂုဏ်သတင်းအား ယွဲ့ပြည်ထောင်အနှံ့ ပျံ့နှံ့သွားစေလိမ့်မည် ဖြစ်သည်၊ သို့သော် သူသည် ၎င်းကို ဂရုမစိုက်ပေ။ သူ့ထံတွင် သူ့ကို ကာကွယ်ပေးသည့် စီနီယာအစ်ကိုနှင့် ဂျူနီယာညီမငယ် ရှိနေလေသည်၊ သူကသာ အေးအေးချမ်းချမ်း နေနိုင်သရွေ့၊ မည်သည့်ပြဿနာမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့ လုပ်လိုက်ခြင်းသည် ကျိုးချင်ယုကို နတ်ကောင်းကင်ဂိုဏ်းမှ လူများက ပို၍သတိထားမိသွားစေနိုင်ပေသည်။
အစကတည်းက သူသည် အနီးအနားတွင် စူးစမ်းလေ့လာနေသည့် လူတစ်ချို့ ရှိနေသည်ကို သတိပြုမိနေခဲ့ပြီး၊ ဤတစ်ကြိမ် ပြိုင်ပွဲကို ကြီးကြပ်မည့် လူကလည်း ရောက်ရှိနေပြီဆိုသည်ကို သိနေခဲ့သည်။
သူသည် မတော်တဆ ဖြစ်ရပ်တစ်ခုခု ပေါ်လာခဲ့ကာ ကျိုးချင်ယုက နတ်ကောင်းကင်ဂိုဏ်းနှင့် လွဲချော်သွားရမည်ဆိုသည်ကို ကြောက်ရွံ့နေခဲ့သည်။ သို့သော် သူတို့ကသာ ဓားတာအို အဆင့်၇သို့ ရောက်ရှိနေသည့် ကျိုးချင်ယုကို မြင်တွေ့သွားမည်ဆိုပါက၊ အရာအားလုံး ကွဲပြားသွားလိမ့်မည် ဖြစ်သည်။ နတ်ကောင်းကင်ဂိုဏ်းသည် ထိုကဲ့သို့သော ဓားတာအို ပါရမီရှင်မျိုးကို လျစ်လျူရှုလိမ့်မည် မဟုတ်ပေ။
၎င်းသည် အမှားအယွင်းမရှိသော အောင်မြင်မှုကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
တစ်ခဏအကြာတွင် လူတစ်စုသည် မြို့အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
လုချန်ရှန်းသည် သူတို့ကို ဦးဆောင်ကာ၊ ကျိုးချင်ယု ကျင့်ကြံနေသည့် တောင်အနားသို့ ရောက်ရှိလာခဲ့သည်။
လူအမြောက်အများကို မြင်တွေ့လိုက်ရသောအခါတွင်၊ ယဲ့တျန်ရီ၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ သူလှုပ်ရှားရန် ပြင်လိုက်သည့် အချိန်မှာပင်၊ သူသည် လူအုပ်အတွင်းတွင် ရှိနေသည့် လုချန်ရှန်းကို မြင်တွေ့သွားခဲ့သည်။
သူ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းသည် အရှေ့တည့်တည့်သို့ လမ်းလျှောက်သွားပြီး၊ တစ်ခဏခန့် ငြိမ်သက်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် သူ၏လက်ကို ဝေ့ရမ်းကာ ကျိုးချင်ယုတည်ရှိရာ တောင်ကို ညွှန်ပြလိုက်သည်။
“ ငါ့ရဲ့ စီနီယာအစ်ကိုက အဲ့မှာ ထိုင်နေတယ်။ မင်းတို့က တစ်ယောက်ချင်းစီ သွားသေဖို့ စဥ်းစားထားတာလား၊ ဒါမှမဟုတ် အားလုံး အတူတူ သွားဖို့ စဥ်းစားထားတာလား “
ထိုစကားကိုကြားလိုက်ရသောအခါတွင် လူတိုင်း ပေါက်ကွဲသွားကြပြန်သည်။
ယဲ့တျန်ရီမှာလည်း နေရာမှာပင် မှင်သက်ကာ၊ လုံးဝကြောင်အသွားခဲ့သည်။
………………………………………………………………………………………………………………………………………….
အပိုင်း ( 54 )
ဓားကပ်ဘေး
ဂျူနီယာညီလေးက သူတို့ကို ဘာကိစ္စ ဒီကိုခေါ်လာရတာလဲဟ
ယဲ့တျန်ရီ၏ အမူအရာပြောင်းလဲသွားကာ၊ လုချန်ရှန်းကို မေးမြန်းရန် ပြင်လိုက်သည်။
သို့ရာတွင် လုချန်ရှန်းမှ စကားဆက်ပြောနေခဲ့သည် “ ဘာလို့ တစ်ယောက်မှ မလှုပ်ရှားကြသေးတာလဲ။ ငါ့စီနီယာအစ်ကိုကို ကြောက်သွားပြီးတော့ ဖင်တွန့်သွားကြတာလား “
“ ဟမ့်၊ သူက ကျိုးချင်ယုလေးပါပဲ၊ သူ့ကိုယ်သူ ဓားအင်မော်တယ်လို့ တကယ်ကြီး ထင်နေတာလား “
လင်းမိသားစု၏ လူငယ်သည် လှောင်ပြောင်ပြောဆိုကာ၊ အရင်ဦးဆုံး ပြေးတက်သွားခဲ့သည်။ သူ၏ မှော်စွမ်းအား မြင့်တက်လာခဲ့သည်၊ သူသည် တောင်ထိပ်ပေါ်သို့ တိုက်ရိုက်ဦးတည်သွားကာ၊ လက်ဟန်များကို ဖွဲ့စည်း၍ ပွဲသိမ်းတိုက်ကွက်များကို အသက်သွင်းလိုက်သည်။
ယွဲ့လင်း၊ ဝူကျန့်နှင့် တစ်ခြားလူများသည် မျက်နှာသေကြီးများဖြင့် စောင့်ကြည့်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယနေ့တွင် သူ့ကို သင်ခန်းစာတစ်ခု ပေးမည် ဖြစ်သည်။
“ မင်းတို့က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ရပ်လိုက်စမ်း “
ယဲ့တျန်ရီသည် အော်ဟစ်ကာ၊ ချက်ချင်းရှေ့တက်သွားရန် ပြင်လိုက်သည်။
လင်းမိသားစု၏ အဖွဲ့ဝင်သည် သူ့ကို လုံးဝလျစ်လျူရှုထားခဲ့သည်။ သို့သော် ထိုအချိန်တွင် ကျိုးချင်ယုမှ အသံပို့လွှတ်လာခဲ့သည် “ မလာခဲ့နဲ့ “
သူသည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို အာရုံခံမိနေပြီး၊ လုချန်ရှန်းက မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ပြုလုပ်ရလဲဆိုသည်ကို နားမလည်ခဲ့ပေ။
သို့ရာတွင် လင်းမိသားစုဝင်က အလယ်ဗဟိုသို့ ချဥ်းကပ်လာသည့် အချိန်တွင်၊ သူ၏ ပွဲသိမ်းတိုက်ကွက် ဖြစ်တည်လာကာ၊ ထိုနေရာသို့ ကျရောက်နီးပါး ဖြစ်သွားခဲ့သည်၊ သို့သော် လေထုအတွင်းတွင် ဓားချီတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ၎င်းကို ရုတ်တရက် ရိုက်ချိုးသွားခဲ့သည်။
ပွဲသိမ်းတိုက်ကွက် ချက်ချင်းပြိုကွဲသွားပြီး၊ အဆိုပါ ဓားချီမှာ ရှေ့တည့်တည့်သို့ ချီတက်လာခဲ့သည်။
ထိုအချိန်တွင် အားကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်။ လင်းမိသားစု အဖွဲ့ဝင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထိုလူမှ သူ၏ လက်ကို မြှောက်လိုက်ရာ၊ မှော်ပစ္စည်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ပြေးဝင်လာနေသည့် ဓားချီကို တားဆီးပိတ်ဆို့နေတော့သည်။
ဘုမ်း …. ဖူးး
သို့သော် သူ့အရှေ့တွင် ရှိနေသည့် မှော်ပစ္စည်းသည် ချက်ချင်းနှစ်ပိုင်းပြတ်သွားပြီး၊ ဓားချီကျဆင်းလာခဲ့သည်။ သွေးအိုင်တစ်ခု ပေါ်ထွက်လာကာ၊ လင်းမိသားစု၏ လူငယ်သည် လက်မောင်းတစ်ဖက် အဖြတ်ခံလိုက်ရကာ၊ နောက်သို့ လွင့်ထွက်သွားပြီး၊ မြေပြင်နှင့် ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိသွားခဲ့သည်။
“ ဘာကြီး “
ထိုနေရာသို့ အကြည့်ပေါင်းများစွာ ကျရောက်သွားပြီး၊ အံ့ဩတကြီးဖြစ်သွားကြသည်။
ထိုလူငယ်မှာ သာမန်မဟုတ်ပေ၊ သူသည် ချီသိပ်သည်းခြင်း အဆင့်၇ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်၊ သို့သော် သူသည် ဓားချီတစ်ခု၏ တိုက်ခိုက်မှုအောက်တွင် လုံးဝဒူးထောက်လိုက်ရပြီး၊ မည်သို့မျှ မခုခံနိုင်ခဲ့ပေ။
ဝူကျန့်မှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ကျိုးချင်ယုက ဓားတာအို၏ အဆင့်၆နယ်ပယ်သို့ ရောက်ရှိနေပြီဟု ကောလဟာလများ ညံနေခဲ့သည်၊ သို့သော် လူတော်တော်များများသည် သူက အဆင့်၅တွင်သာ ရှိနေလိမ့်မည်ဟု မှန်းဆထားခဲ့သည်၊ ယခုလေးတွင် ပေါ်ထွက်လာခဲ့သည့် ဓားချီက မည်သည့်အတွက်ကြောင့် ထိုမျှကြောက်မက်ဖွယ်ကောင်းနေရသနည်း
အဆင့်၆ကို မဆိုထားနှင့်၊ အဆင့်၇ကပင် ထိုကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ပေ။
ယွဲ့မင်သည် အံ့အားသင့်သွားကာ၊ ပိုမိုစိတ်ဝင်စားသွားခဲ့သည်။
လုချန်ရှန်းမှာလည်း စကားထပ်ပြောလာခဲ့သည် “ အဲ့တာက ဘယ်လိုအမှိုက်မျိုးလဲကွာ။ တစ်ကွက်တောင် မပိတ်ဆို့နိုင်ဘူး၊ အဲ့တာကို အာကျယ်အာကျယ် လုပ်ရဲနေတာလားဟ “
လင်းမိသားစု အဖွဲ့ဝင်၏ မျက်နှာပေါ်တွင် နာကျင်မှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိကာ၊ သူ၏ခန္ဓာကိုယ်မှာလည်း ကတုန်ကရင် ဖြစ်နေလျက်ရှိသည်။
“ ငါ့စီနီယာအစ်ကိုက ပြိုင်ဘက်ကင်းတယ်လို့ မင်းတို့အားလုံးကို ငါပြောခဲ့ပြီးသားပါကွာ။ မင်းတို့လို အမှိုက်တွေက သူနဲ့တိုက်ခိုက်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား “
“ လုချန်ရှန်း၊ သိပ်ပြီး မောက်မာမနေနဲ့ “ ဝူကျန့်သည် အေးစက်စွာ ပြောဆိုလိုက်သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ထပ်ပြောလိုက်မယ်ကွာ၊ မင်းတို့က သူ့အနား ကပ်နိုင်မယ်ဆိုရင်၊ ငါရှုံးတယ် “
“ မောက်မာချက် “
ယွဲ့လင်းသည် အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည်။ သူသည် သူ့ဘေးနားတွင် ရှိနေသည့် လူများကို လှည့်ကြည့်လိုက်သည်၊ သူတို့သည် အကြည့်များ ဖလှယ်လိုက်ကာ၊ အားလုံး လှုပ်ရှားလိုက်ကြတော့သည်။
ဝူကျန့်မှာလည်း ဓားရှည်ကို ကိုင်ကာ ရှေ့တက်သွားခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် ဓားချီများ ဖြစ်တည်လာကာ၊ တစ်ခုနှင့်တစ်ခု လိမ်ယှက်ပေါင်းစည်းနေတော့သည်။
“ မင်းက ကောလဟာလတွေလောက် အံ့ဩဖို့ကောင်းမလားဆိုတာကို ငါကြည့်မယ် “
ခွမ်း
ဓားအူသံ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်၊ ဝူကျန့်သည် လေထုကို စီးနင်းကာ၊ သူ၏ ဓားကို အောက်သို့ လွှဲရမ်းလိုက်သည်၊ ဓားချီတစ်ခု ပျံ့လွင့်လာခဲ့သည်။
သူသည် ဓားတာအိုကို အဆင့်၅သို့ ရောက်ရှိသည်အထိ ကျင့်ကြံထားနိုင်ခဲ့ပြီး၊ သူ၏ဓားချီတွင် အဆင့်တက်တော့မည့် အရိပ်အငွေ့များ ပါရှိနေခဲ့သည်၊ သူ၏ကျင့်ကြံရေးမှာလည်း ချီသိပ်သည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူသည် ကျိုးချင်ယုထပ် မည်သို့မျှ အားမနည်းသယောင် ဖြစ်နေခဲ့သည်။
သူသည် လေထုအတွင်းတွင် မတ်တပ်ရပ်နေခဲ့ပြီး၊ ဓားချီမှာလည်း မြင့်တက်လာနေလျက်ရှိသည်၊ သို့သော် ကျိုးချင်ယုကမူ မလှုပ်မယှက် ငြိမ်သက်နေခဲ့သည်၊ သူသည် မျက်လုံးပင် ဖွင့်မကြည့်လာခဲ့ပေ။
အပြင်လူများအတွက်မူ သူသည် လွန်စွာမောက်မာသည့် ဓားပညာရှင်တစ်ဦးအဖြစ်သာ ရှိနေခဲ့သည်။
လုချန်ရှန်းမှာလည်း ၎င်းကို မြင်တွေ့သွားကာ၊ အချိန်ကိုက် စကားဝင်ပြောနေတော့သည် “ ကောင်လေးတို့၊ မင်းတို့တွေ မမြင်ကြသေးဘူးလား။ ငါ့ရဲ့စီနီယာအစ်ကိုက မင်းတို့လိုကောင်တွေကို လှည့်တောင် မကြည့်ဘူးကွ။ ငါအကြံပေးတာကို နားထောင်ပြီးတော့၊ အရှုံးကို ဝန်ခံလိုက်ကြ၊ ကိုယ့်ကိုကိုယ် အရှက်မခွဲကြနဲ့ “
“ ဟမ့် “
ဝူကျန့်သည် အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည်။
ဤနေရာတွင် ရှိနေသည့် လူများမှာ ငယ်ရွယ်တက်ကြွမှုတို့ဖြင့် ပြည့်နှက်နေသည့် လူငယ်များသာ ဖြစ်နေခဲ့ပြီး၊ သူတို့သည် သူတို့က တစ်ခြားလူတစ်ဦးဦးထပ် နိမ့်ကျနေလိမ့်မည်ဟု မည်သူမှ မတွေးထားကြပေ။
သို့ရာတွင် သူသည် ဤနေရာရှိ လေထုက အတော်လေး ထူးခြားနေသည်ဟု ခံစားနေခဲ့ရသည်၊ သူသည် ၎င်းကို ရင်းနှီးနေခဲ့ပြီး၊ ၎င်းသည် သူ၏စိတ်နှလုံးသားကိုပါ လှုတ်ခတ်သွားစေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ ဓားချီသည် တောင်ထိပ်ပေါ်သို့ ကျဆင်းသွားခဲ့သည်။
ထိုအချိန်တွင် တောင်ထိပ်ထံမှ ဓားချီတစ်ခု မြင့်တက်လာခဲ့ကာ၊ သူ့ကို တိုက်ခိုက်လာခဲ့သည်။
ဘုမ်းးး
စွမ်းအားနှစ်ခု တိုက်မိသွားပြီး၊ ကောင်းကင်ဘုံသို့ပင် ပျံ့လွင့်သွားသည့် ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ဝူကျန့်သည် နောက်ဆုတ်သွားခဲ့သော်လည်း၊ အဆိုပါ ဓားချီကို ပိတ်ဆို့တားဆီးနိုင်ခဲ့သည်၊ သို့သော် သူ၏အမူအရာမှာ အနည်းငယ် လေးနက်နေခဲ့သည်။ သူ၏အကျ်ီလက်များ စုတ်ပြဲသွားကာ၊ သူပင် ဒဏ်ရာရလုနီးပါး ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် ဒုတိယမြောက်ဓားချီ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြီး၊ နတ်ဓားတစ်လက်ကဲ့သို့ လေဟာနယ်ကို ထိုးဖောက်ကာ ကျဆင်းလာခဲ့သည်။ စွမ်းအားနှစ်ခု ထပ်မံ၍ ထိတွေ့သွားကာ၊ အလင်းတန်းများပင် ပေါ်ထွက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် စိတ်မသက်မသာ ဖြစ်သွားကာ၊ နောက်ဆုတ်ရန် ကြိုးပမ်းလိုက်သည်၊ သို့သော် အနောက်ဘက်တွင် ဓားချီတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ သူ၏ပြေးပေါက်ကို ပိတ်ဆို့သွားခဲ့သည်။
သူသည် ထိုနေရာတွင် ပိတ်မိနေကာ၊ ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှ နည်းစနစ်ပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။ သူ့ကို ကာကွယ်ပေးရန်အတွက် မှော်ပစ္စည်းများပင် ပေါ်ထွက်လာခဲ့သည်။ သို့သော် ၎င်းတို့မှာလည်း နည်းနည်းချင်းစီ ဖိနှိပ်ခံနေခဲ့ရသည်။
လူအုပ်ကြီးသည် ၎င်းကို စောင့်ကြည့်နေခဲ့ပြီး၊ အမူအရာများ အလိုအလျောက် လေးနက်သွားခဲ့သည်။
“ အဲ့ကျိုးချင်ယုက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား “
“ သူက လှုပ်တောင်မလှုပ်သေးဘူးလေ၊ ဒါပင်မဲ့ အစ်ကိုဝူကျန့်ကိုပါ ကျဥ်းထဲကြပ်ထဲ ရောက်သွားအောင် လုပ်နေနိုင်ပြီပေါ့။ လုချန်ရှန်း ပြောခဲ့တာတွေက တကယ်ကြီးကို မှန်နေတာလား “
“ ပေါက်ကရတွေ၊ သူဘာနည်းလမ်းတွေကို သုံးနေလဲဆိုတာ ဘယ်သူက သိလို့လဲ “
“ သူက သူ့ကိုယ်သူ မြင့်မြင်နယ်မြေက ပါရမီရှင်လို့ တကယ်ကြီး ထင်နေတယ်ပေါ့၊ သူတစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို ဖြိုခွဲနိုင်မယ်ပေါ့လေ “ ယွဲ့လင်း၏ အမူအရာ ဆိုးရွားနေခဲ့သည်။
လုချန်ရှန်းသည် စကား ထပ်ပြောလိုက်သည် “ လူငယ်လေးတွေ၊ တကယ်လို့ မင်းတို့ ကြောက်တယ်ဆိုရင်လည်း၊ ထုတ်ပြောလိုက်ကွာ။ မင်းတို့ကို လွှတ်ပေးဖို့ စီနီယာအစ်ကိုကို ငါပြောပေးမယ်။ မင်းတို့ရဲ့ အသက်တွေကို အလဟာသ မဖြစ်စေနဲ့ကွာ “
“ ဟုတ်တယ်၊ မျက်နှာပျက်ရမှာလေးအတွက်နဲ့ အသက်စွန့်လိုက်တာ မတန်ပါဘူးကွာ “ ယွဲ့မင်မှာလည်း အပြုံးဖြင့် ဝင်လှော်လာခဲ့သည်။
လူအုပ်၏ အမူအရာများသည် ထပ်မံ၍ မည်းမှောင်သွားခဲ့ရပြန်သည်။
ထိုစဥ် ယွဲ့လင်းမှ စကားထပ်ပြောလာခဲ့သည် “ လုချန်ရှန်း၊ မင်းရဲ့ စကားတွေအတွက် နောက်မှနောင်တရမနေနဲ့ “
“ ဆက်လုပ်ပါ၊ ငါနောင်တရမှာ မဟုတ်ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ယွဲ့လင်းသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။ သူသည် ချက်ချင်းရှေ့တက်သွားတော့သည်၊ သူ့နောက်သို့ ပုံရိပ်ပေါင်းများစွာ လိုက်သွားခဲ့သည်။
အကယ်၍ သူတို့သာ မလှုပ်ရှားဘူးဆိုပါက ဝူကျန့်မှာလည်း ရှုံးနိမ့်သွားလိမ့်မည် ဖြစ်သည်။
ယွဲ့လင်း၏ လက်ထဲတွင် လေးထောင့်စည်းတံဆိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်၊ သူသည် ဝူကျန့်ကို ကယ်တင်ရန် ကြံရွယ်ရင်းဖြင့် ၎င်းကို လေဟာနယ်အတွင်းသို့ ပစ်ပေါက်လိုက်ရာ၊ ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ခါသွားခဲ့သည်။
တစ်စုံတစ်ဦးသည် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ အရှေ့သို့ ပြေးတက်သွားခဲ့သည်၊ သို့သော် မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသည့် ဓားချီများ ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး၊ ဖရိုဖရဲ ဖြစ်နေသည့် ဓားအလင်းတန်းတစ်ခု လင်းလက်လာခဲ့ပြီး၊ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်အဖြစ် အသွင်ပြောင်းသွားသည်။
“ အဲ့ဒီကျိုးချင်ယုက အဲ့လောက်တောင် အံ့ဩဖို့ ကောင်းတာလားဟ “
ယွဲ့လင်းမှာလည်း ထိတ်လန့်စပြုလာခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူသည် အစမှအဆုံးအထိ မည်သို့မျှ မလှုပ်ရှားလာဘဲ၊ ထိုနေရာတွင်သာ ကျောက်ချထိုင်နေခဲ့ခြင်း ဖြစ်သည်။
သူသည် သူတို့ကို လုံးဝလျစ်လျူရှုထားသည့်အလား ဖြစ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် အားလုံးသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် မိန်းမောသွားကြသည်၊ လုချန်ရှန်းသည် နင့်ယုရှင်၊ ယွဲ့မင်နှင့် တစ်ခြားလူများနှင့်အတူ လျင်မြန်စွာ နောက်ဆုတ်သွားခဲ့သည်။
ယဲ့တျန်ရီသည် နားမလည်နိုင်ဖြစ်နေခဲ့သော်လည်း၊ လျင်မြန်စွာ နောက်ဆုတ်သွားခဲ့သေးသည်။
သို့ရာ၌ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဤနေရာတစ်ခုလုံး လှုပ်ခါသွားကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် ဓားရည်ရွယ်ချက်/ဓားဆန္ဒ တစ်ခု ပေါ်ထွက်လာပြီး၊ များပြားလွန်းလှသော ဓားချီများသည် လေဟာနယ်အတွင်းတွင် ပြည့်နှက်လာခဲ့သည်။
လူတိုင်း သတိတကြီးဖြစ်သွားကြသည်။ တိုက်ပွဲတွင် မပါဝင်ကြသည့် လူများကပင် တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို သတိပြုမိသွားကာ၊ အလောတကြီး နောက်ဆုတ်သွားကြသည်။ ထိုစဥ် လုချန်ရှန်းနှင့် တစ်ခြားလူများမှာ မီတာသုံးရာကျော်အထိ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။
ဝူကျန့်မှာလည်း မျက်နှာဖြူဖျော့သွားခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေပြီး၊ ထို့နောက်တွင် ကျိုးချင်ယုကို ကြည့်ကာ၊ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
“ မဟုတ်ဘူး၊ အဲ့တာက ကျိုးချင်ယုရဲ့ တိုက်ခိုက်မှု မဟုတ်ဘူး “
“ ဘာကြီး “
လူတိုင်း မျက်မှောင်ကြုတ်သွားခဲ့သည်။
“ အဲ့တာက ဓားကပ်ဘေးပဲ။ ကျိုးချင်ယုက ဓားတာအို အဆင့်တက်ဖို့ လုပ်နေတာ “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
မျက်လုံးအားလုံးသည် လုချန်ရှန်းထံသို့ ရောက်ရှိသွားကာ၊ အမူအရာများ လုံးဝပြောင်းလဲသွားသည်။
ဓားကပ်ဘေးသည် ဓားတာအို အဆင့်၅ အထက်ရှိ အဆင့်ထိုးဖောက်မှု တစ်ခုချင်းစီတိုင်းထံတွင် ပေါ်လာလေ့ရှိသည်။ တစ်ဆင့်ထပ်တစ်ဆင့် ပိုမိုခက်ခဲသွားမည် ဖြစ်ပြီး၊ အဆင့်ပိုမြင့်လာလေလေ၊ ၎င်းက ပို၍ အန္တရာယ်များလာလေလေဖြစ်သည်။
ထိုအချိန်တွင် လူအုပ်၏ အမူအရာမှာ ပိုပို၍ မည်းမှောင်သွားခဲ့သည်။
ယွဲ့မင်မှာလည်း အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူသည် လုချန်ရှန်းကို လှည့်ကြည့်ကာ၊ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။
သူသည် လူအုပ်ကြီးကို လက်ရည်ယှဥ်ရန် ရန်စခဲ့ခြင်း မဟုတ်ဘဲ၊ ကျိုးချင်ယုအတွက် ဓားကပ်ဘေးကို ပိတ်ဆို့တားဆီးရန် ထိုလူများကို အသုံးချနေခဲ့ခြင်း ဖြစ်သည်။