အခန်း (၅၅-၅၇)
Vol. 4 Ch. 55-57
အပိုင်း ( 55 )
သူ့ရဲ့နောက်ခံက တော်တော်ကြီးကို တောင့်လွန်းတယ်
များပြားလွန်းလှသော ဓားချီများသည် ကောင်းကင်ယံကို ကျော်ဖြတ်လာခဲ့ကာ၊ ခန္ဓာကိုယ်များကို ထိုးဖောက်သွားခဲ့သည်။
ထိုနေရာတစ်ခုလုံးသည် ကြောက်ခမမ်းလိလိ မည်းမှောင်နေခဲ့ပြီး၊ ကောင်းကင်ဘုံ ကပ်ဘေးကို ရင်ဆိုင်ရခြင်းထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
၎င်းမှာ ဓားတာအိုက ကျင့်ကြံရ ခက်ခဲနေရသည့် အကြောင်းအရင်းများစွာအနက်မှ တစ်ခုဖြစ်သည်၊ သို့သော် ပိုမိုခက်ခဲလေလေ၊ လူတစ်ဦး ပိုင်ဆိုင်ရမည့် စွမ်းအားက ပိုမိုကြောက်မက်ဖွယ်ကောင်းလေလေ ဖြစ်သည်။
လုချန်ရှန်းကမူ သူ့အပေါ်သို့ ကျရောက်နေသည့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည့် အကြည့်များကို လုံးဝလျစ်လျူရှုထားကာ၊ အေးအေးလူလူ စောင့်ကြည့်နေခဲ့သည်။
ဓားတာအို၏ အဆင့်၇ ကပ်ဘေးသည် လွန်စွာအားကောင်းပြင်းထန်ခြင်း မရှိပေ၊ သို့သော် ၎င်းသည် ချီသိပ်သည်းခြင်းအဆင့် ပညာရှင်များက ခုခံနိုင်သော အရာမဟုတ်ပေ။
နင့်ယုရှင်းမှာလည်း လုံးဝမှင်သက်သွားခဲ့သည်။
ယဲ့တျန်ရီသည် လုချန်ရှန်းကို လှည့်ကြည့်လာခဲ့သည်၊ ထို့နောက်၌ တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက်ဖြစ်နေသည့် ကျိုးချင်ယုကို ငေးကြည့်နေတော့သည်။ သူသည် တစ်ခဏကြာသည်အထိ ဆွံ့အနေခဲ့သည်။
ယွဲ့မင်မှာလည်း သူ့ဘေးဘက်တွင် ရှိနေသည့် လူငယ်လေးကို ငေးမောကြည့်ရှုကာ၊ တအံ့တဩ ဖြစ်နေလျက်ရှိသည်။
“ အစ်ကိုလုက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “
“ ဘာကိုလဲ။ ငါ့ရဲ့ စီနီယာအစ်ကိုက သန်မာတာကြောင့်မလား “
“ မင်းက ကပ်ဘေးကို တားဆီးဖို့အတွက် လူအများကြီး ခေါ်လာခဲ့တာမလား “ ယွဲ့မင်သည် သံသယတို့ဖြင့် မေးမြန်းလိုက်သည်။
လူတော်တော်များများသည် ထူးဆန်းသော အမူအရာများဖြင့် သူ့ကို ကြည့်လာကြသည်။
သို့သော် လုချန်ရှန်းသည် မည်သည့်စကားမှ ပြန်မပြောဘဲ၊ အဝေးသို့သာ ငေးမောကြည့်ရှုနေခဲ့သည်။ သူနှင့်အတူ လိုက်လာခဲ့သော လူအုပ်အတွင်းတွင်၊ နတ်ကောင်းကင်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်ဦးပါ ပါဝင်နေခဲ့သည်၊ သူနှင့်အတူ ယွဲ့ပြည်ထောင်အတွင်းရှိ အမျိုးမျိုးသော ဂိုဏ်းများထံမှ ဘိုးဘေးများပင် ရှိနေနိုင်ပေသည်။
“ ချီးပဲ “
ယဲ့လင်းသည် အမူအရာ မည်းမှောင်သွားကာ ကျိန်ဆဲနေတော့သည်။ သူသည် မှော်ပစ္စည်းများကို ဆက်တိုက်အဆုံးရှုံးခံနေရသော်လည်း၊ ကိုယ့်ကိုကိုယ်ပင်မနည်း ကာကွယ်နေခဲ့ရသည်။
ဝူကျန့်မှာလည်း သွေးစွန်းသော ဒဏ်ရာများစွာ ရရှိနေခဲ့ပြီ ဖြစ်ပြီး၊ သူ၏ဒဏ်ရာများမှာ လွန်စွာပြင်းထန်နေပုံရသည်။
အစောပိုင်း အချိန်က နင့်ယုရှင်းကို လှောင်ပြောင်နေခဲ့သည့် အမျိုးသမီးမှာလည်း ခုခံနိုင်စွမ်း လုံးဝဆုံးရှုံးသွားကာ၊ အဆက်မပြတ် အော်ဟစ်နေခဲ့သည်။
ထို့နောက်တွင် အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူ အများအပြားသည် သူတို့ထံသို့ အဝေးမှ အလောတကြီး ပြေးတက်လာခဲ့သည်။ သူတို့သည် စကားတစ်လုံးမှမပြောဘဲ၊ ကပ်ဘေးအတွင်းသို့ ပြေးဝင်သွားကာ၊ သူတို့၏ မှော်စွမ်းအားများကို အသက်သွင်းလိုက်ကြသည်၊ ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ခါသွားကာ၊ အလင်းတန်းပေါင်းများစွာ ပေါက်ထွက်လာခဲ့သည်။
သူတို့သည် ချီသိပ်သည်းခြင်းအဆင့် ပညာရှင်များ၏ အရှေ့တွင် ရပ်နေကြသော်လည်း၊ တစ်လှမ်းချင်းစီ နောက်ဆုတ်သွားနေရစဲပင် ဖြစ်သည်။
ထိုလူများအနက် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၄ ပညာရှင်များသည် ကပ်ဘေးအတွင်းသို့ ဝင်လာသည့် အချိန်မှာပင် ဒဏ်ရာများ ရရှိသွားခဲ့သည်။
သို့ရာ၌ အားလုံးသည် သူတို့၏ ကာကွယ်ပေးမှုအောက်တွင် ဖြည်းဖြည်းချင်းစီ ပြန်လည်ဆုတ်ခွာနေခဲ့သည်။
အစွမ်းထက် ပညာရှင်များသည် ထိုမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေရင်းဖြင့် အမူအရာများ မည်းမှောင်သွားကြသည်။
“ ခွေးသူတောင်းစားလေး။ အဲ့ဒီ လုချန်ရှန်းက ကျိုးချင်ယုက ဓားကပ်ဘေးကို ရင်ဆိုင်ရတော့မယ်ဆိုတာကို သေချာပေါက် သိနေတယ်၊ အဲ့တာကြောင့် လူတွေကို ရန်စပြီးတော့ ဒီနေရာကို ဆွဲခေါ်လာခဲ့တာ “
“ သူက ဓားကပ်ဘေးကို သုံးပြီးတော့ ပြိုင်ဘက်တွေကို ကြိုတင် ဖယ်ရှားချင်နေတာပဲ၊ လူယုတ်မာ “
“ … “
ထိုစကားများကို ကြားလိုက်ရသောအခါတွင် နတ်ကောင်းကင်ဂိုဏ်း၏ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်သည် လုချန်ရှန်းကို စိုက်ကြည့်ကာ၊ အံ့အားသင့်သွားခဲ့သည်၊ အဲ့ကလေးက တော်တော်လေးကို ရက်စက်တာပဲ
ထို့နောက်တွင် သူသည် ဖြည်းဖြည်းချင်း စကားစပြောလိုက်သည် “ အဲ့လူငယ်လေးက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်။ ဉာဏ်ပြေးတယ်၊ တကယ် ရှားတယ် “
ဉာဏ်ပြေးတာလား
လူတော်တော်များများ၏ အမူအရာများ ပြောင်းလဲသွားသည်။
“ တာအိုရောင်းရင်း လုရွှမ်၊ မင်းက ဘာကိုဆိုလိုတာလဲ “ အကြီးအကဲတစ်ဦးသည် မျက်မှောင်ကြုတ်ကာ၊ မေးမြန်းလာခဲ့သည်။
လုရွှမ်ဟု အမည်ရသည့် သက်လတ်ပိုင်းလူသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ ခံစားချက်လေး တစ်ခုပါပဲ “
နောက်ထပ်လူတစ်ဦးသည် ဒေါသတကြီး ဖြစ်နေခဲ့သည်။ သူသည် လင်းမိသားစု၏ ဘိုးဘေးဖြစ်ပြီး၊ သူ၏ ဂျူနီယာက လက်တစ်ဖက် ဆုံးရှုံးသွားသည်ကို မြင်လိုက်ရသောအခါတွင်၊ မည်သို့မျှ သည်းမခံနိုင်တော့ပေ။
“ အဲ့လူယုတ်မာရဲ့ လုပ်ရပ်တွေကို ခွင့်လွှတ်ပေးလို့ မရဘူး။ သူ့ကို ဒီနေ့ပဲ သတ်ပစ်မှ ဖြစ်မယ် “
ထို့နောက်တွင် သူသည် သူ၏ဒေါသမီးကို ငြှိမ်းသတ်ရန်နှင့် လုချန်ရှန်ကို သတ်ဖြတ်ရန်အတွက် လှုပ်ရှားရန် ပြင်လိုက်သည်။
ထိုအချိန်၌ လုရွှမ်၏ မျက်လုံးများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
“ ဒီကိစ္စရဲ့ အကြောင်းအရင်းကို မင်းတို့ကိုယ်တိုင် သိကြတယ်။ မင်းတို့ရဲ့ ဂျူနီယာတွေက အရင်လှောင်ပြောင်၊ ရန်စခဲ့ကြတာ၊ အဲ့တာကြောင့် မင်းတို့က တစ်ခြားလူတွေကို အပြစ်သွားတင်နေလို့ မရဘူး။ တကယ်လို့ သူ့ကို ဒါမှမဟုတ် ကန်းယွင်ဂိုဏ်းကို ထိချင်မယ်ဆိုရင်တော့၊ သေချာလေး စဥ်းစားသင့်တယ်လို့ မင်းတို့ကို ငါအကြံပေးလိုက်မယ် “
လုရွှမ်၏ စကားကြောင့် အားလုံး၏ အမူအရာများ အေးခဲတောင့်တင်းသွားသည်။
“ တာအိုရောင်းရင်း လုရွှမ်၊ မင်းက သူ့ကို ကာကွယ်ပေးဖို့ ရည်ရွယ်နေတာလား “ အကြီးအကဲတစ်ဦးမှ မေးမြန်းလိုက်သည်။
“ ငါက ကြားဝင်စွက်ဖက်မှာမဟုတ်ဘူး၊ သူ့ရဲ့ နောက်ခံအင်အားကို မင်းတို့တွေ မဆန့်ကျင်နိုင်ဘူးဆိုတာကိုပဲ သတိပေးနေတာ။ တကယ်လို့ သူ့ကို သွားထိလိုက်မယ်ဆိုရင်၊ မင်းတို့နောက်ကို အင်အားစု အကုန်လုံးက လိုက်လာလိမ့်မယ်၊ ယွဲ့ပြည်ထောင် တစ်ခုလုံးတောင် ပျောက်ကွယ်သွားနိုင်တယ် “
“ ဘာဖြစ်တယ် “
အားလုံးသည် လုရွှမ်၏ စကားကြောင့် အံ့ဩတုန်လှုပ်သွားကြသည်။
သူတို့သည် လူအုပ်အရှေ့တွင် ရပ်နေသည့် လူငယ်လေးတစ်ဦးကို မနေနိုင်တော့ဘဲ၊ ငေးကြည့်မိသွားကြသည်။ ချီစုစည်းခြင်း အဆင့်၄ လူငယ်လေးတစ်ဦးဆီမှာ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ကျောထောက်နောက်ခံတစ်ခု ရှိနေတာလားဟ
သူတို့သည် ထပ်မံ၍ မမေးမြန်းကြတော့ပေ၊ သူတို့သည် လုရွှမ်က စကားအများကြီး ပြောပြခဲ့ပြီးပြီဆိုသည်ကို သိနေကြသည်၊ ၎င်းတို့ကပင် လုချန်ရှန်း၏အနောက်တွင် ရှိနေသည့် လူက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို သက်သေပြနေခဲ့သည်။ လုရွှမ်၏ အနေအထားဖြင့် သူတို့ကို ကြောက်သွားအောင် ခြောက်လှန့်နေရန်လည်း လိုအပ်နေမည် မဟုတ်ပေ။
ထိုအချိန်၌ သူတို့သည် မည်မျှပင် ဒေါသထွက်နေကြပါစေ၊ သည်းခံမျိုသိပ်လိုက်ရုံသာ တတ်နိုင်ကြတော့၏။
လုချန်ရှန်းကမူ သူတို့၏ စကားဝိုင်းကို ကြားသိနေခဲ့ပြီး၊ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဘိုးဘေးက ငါ့ကို တိုက်ပွဲမှာ ဝင်ပြိုင်အောင် လှည့်စားခဲ့တာ မဟုတ်ဘူးပေါ့။ ငါ့ရဲ့ နောက်ခံက တကယ်ကြီးကို စွမ်းနေတာလားဟ
နတ်ကောင်းကင်ဂိုဏ်းမှ လူ၏ စကားကြောင့် သူသည် သူ့ကိုယ်သူပင် သံသယဝင်သွားခဲ့သည်။
“ ငါ့အဖေရင်းက နတ်ကောင်းကင်ဂိုဏ်းက လူဖြစ်နေတာများလား။ ငါက နောက်ခံတောင့်တဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူတစ်ယောက် ဖြစ်နေတာလား။ သူတို့က အင်ပါယာကြီးတစ်ခုလုံးကို အမွေဆက်ခံခိုင်းဖို့အတွက် ငါ့ကို ဆယ့်ရှစ်တိတိ လွတ်လွတ်လပ်လပ် နေခိုင်းထားပြီးတော့ ပြုပြင်ပေးနေခဲ့တာများလား “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ၊ အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို တွက်ထုတ်နေတော့သည်။
သို့သော် လော့ရှန်လင်းကို တွေးမိသွားသောအခါတွင်၊ သူသည် လုရွှမ်ပြောခဲ့သည့် သူ၏ နောက်ခံက သူမနှင့် သူ၏ဆရာတို့ ဖြစ်နိုင်သည်ဟု ထင်သွားခဲ့သည်။
သို့ရာတွင် ၎င်းသည် မည်သည့်အရာမှ မရှိခြင်းထပ် ပိုကောင်းပေသည်။ အကယ်၍ သူကသာ သူ၏ စီနီယာအစ်ကိုကိုပါ နတ်ကောင်းကင်ဂိုဏ်းသို့ အရောက်ပို့ပေးနိုင်မည်ဆိုပါက၊ သူ၏ကိုယ်ပိုင်နောက်ခံက ပိုမိုတောင့်တင်းခိုင်မာလာမည် ဖြစ်သည်။
ထိုအချိန်၌ သူသည် ယွဲ့ပြည်ထောင်တစ်ခုလုံးတွင် ဘေးတိုက်သွားနိုင်ပြီဖြစ်သည်။
( လျှောက်မွှေတယ်ဆိုတာမျိုးပါ )
အူတိုင်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်များသည် လူအုပ်ကို ကာကွယ်ရင်းဖြင့် နောက်ဆုတ်လာကြသည်။ ကျိုးချင်ယုမှာလည်း ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့ပြီး၊ မတ်တပ်ထရပ်ကာ၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။ သူ၏ အရှိန်အဝါက ပိုမိုထက်မြိအားကောင်းလာပုံရသည်။
သူအကြည့်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့သော်လည်း၊ မည်သို့မျှ အမူအရာ ပြောင်းလဲမသွားခဲ့ပေ၊ လုချန်ရှန်းထံသို့ ရောက်ရှိသွားမှသာလျှင်၊ သူ၏အကြည့်ထဲတွင် ပုံမှန်မဟုတ်သည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
ဓားတာအို၏ အဆင့်၇သို့ အဆင့်ထိုးဖောက်ကာ ဓားကပ်ဘေးကို ရင်ဆိုင်ရခဲ့သည်၊ ယခုလေးတင် ကြုံတွေ့ခဲ့ရသည့် ဓားကပ်ဘေးက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို မည်သူမဆို သိနိုင်ပေသည်၊ လူတော်တော်များများသည် ဤနေရာတွင် အသက်ဆုံးရှုံးရလုနီးပါး ဖြစ်သွားခဲ့သည်။
သူကိုယ်တိုင်မှာလည်း ဓားကပ်ဘေးကြောင့်၊ ဒဏ်ရာအပြင်းအထန် ရရှိသွားရမည် ဖြစ်ပြီး၊ အဆိုပါ ဒဏ်ရာများကို အချိန်တိုအတွင်းတွင် မည်သို့မျှ ပြန်လည်ကုသနိုင်လိမ့်မည် မဟုတ်ပေ။ ယခုတွင်ကား သူ့အတွက် ကပ်ဘေးကို တားဆီးပိတ်ဆို့ပေးမည့် လူအမြောက်အများ ရောက်လာခဲ့လေသည်။
သူသည် လုချန်ရှန်းကို ကြည့်နေရင်းဖြင့် အတွေးနက်သွားခဲ့သည်။ တိုက်ဆိုင်သွားတာလား၊ ဒါမှမဟုတ် သူက ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာလား
အကယ်၍ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ဆိုပါက၊ သူသည် သူ၏ဂျူနီယာညီငယ်အကြောင်းကို ပြန်၍ဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။
သို့ရာတွင် ယွဲ့လင်းနှင့် တစ်ခြားလူများကမူ မျက်နှာများ ပြာနှမ်းနေကြပြီး၊ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လုချန်ရှန်းကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
“ လုချန်ရှန်း၊ မင်းသေသင့်တယ် “
သူတို့၏ အသံများသည် လော်စပီကာအလား ကျယ်လောင်နေခဲ့သည်။ သူတို့သည် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးချေခဲ့ရပြီး၊ တစ်ချို့လူများကမူ ထိုနေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ထို့နောက်တွင် အူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ ယွဲ့မင် မျက်မှောင်ကြုတ်ကာ၊ ပုန်းကွယ်နေသည့် သူ၏အစောင့်များကို အမိန့်ပေးရန် ပြင်လိုက်သည်။
လုချန်ရှန်းကို ကာကွယ်ပေးခြင်းသည် ကျိုးချင်ယု(သို့) ကန်းယွင်တစ်ဂိုဏ်းလုံးနှင့် မိတ်ဖွဲ့လိုက်ခြင်းပင် ဖြစ်သည်။
ထိုလုပ်ရပ်သည် သူ့အတွက် လွန်စွာအကျိုးရှိနေမည် ဖြစ်သည်။
သို့ရာတွင် ထိုလူများက လှုပ်ရှားလာသည့် အချိန်မှာပင် ပုံရိပ်ယောင်ကဲ့သို့သော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
သူ၏လက်ကို မြှောက်၍ ဓားကို ထုတ်လွှတ်လိုက်ရာ၊ ကြောက်မက်ဖွယ်ကောင်းသော ဓားချီသည် ဟင်းလင်းပြင်ကို ထိုးဖောက်ကာ၊ အရှေ့သို့ ပြေးဝင်သွားခဲ့သည်။ အူတိုင်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်များသည် ချက်ချင်းနောက်ဆုတ်သွားခဲ့ရပြီး၊ တစ်ချို့လူများကမူ ၎င်းကို တောင့်မခံနိုင်ခဲ့ဘဲ၊ နေရာမှာပင် ပွဲချင်းပြီးသွားခဲ့သည်။
အူတိုင်ဖွဲ့စည်းခြင်း အဆင့်၄ ကျင့်ကြံသူတစ်ဦးကပင် ပါးစပ်အပြည့် သွေးတစ်လုပ် အန်သွားခဲ့ရသည်။ သူသည် ဓားကပ်ဘေးကြောင့် ဒဏ်ရာရရှိထားခဲ့ပြီးပြီ ဖြစ်ပြီး၊ ယခုတွင်ကား နှစ်ပိုင်းပြတ်သွားလုမတတ် ဖြစ်သွားခဲ့သည်။ သူ၏ ရင်ဘတ်ပေါ်တွင် ဓားရာတစ်ခု ရှိနေခဲ့ပြီး၊ သွေးများ အဆက်မပြတ် စီးထွက်နေခဲ့သည်။
“ နောက်တစ်လှမ်းထပ်တိုးရဲတဲ့ လူမှန်သမျှ သေရမယ် “
ကျိုးချင်ယုသည် ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့သည်၊ သူ၏ အသံတွင် မည်သည့်စိတ်ခံစားချက်မှ မပါဝင်သော်လည်း၊ သူ၏စူးရှရှ အကြည့်သည် အားလုံး၏ ဦးခေါင်းခွံများကို ထုံကျင်သွားစေခဲ့သည်။
“ အူတိုင်ဖွဲ့စည်းခြင်း “
“ သူက အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်ကို တကယ်ကြီး ရောက်နေတာပဲ “
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး၊ ယွဲ့လင်းမှာလည်း မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
ဝူကျန့်သည် အံတကြိတ်ကြိတ် ဖြစ်နေခဲ့သည်။ သူသည် အဆိုပါ ဓားစွမ်းအားကို ခံစားမိနေခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် ကိုယ်ပိုင်ဓားရည်ရွယ်ချက်မှာလည်း တုန်ခါသွားခဲ့သည်။
“ အဆင့် ….. အဆင့်၇ ဓားတာအို “
ဝူကျန့်၏ အသံသည် တုန်တုန်ရင်ရင် ဖြစ်နေခဲ့သည်။
အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်နှင့် ယှဥ်လိုက်မည်ဆိုပါက၊ သူသည် ဓားတာအို၏ အဆင့်၇ကြောင့် ပို၍အံ့ဩ၊ တုန်လှုပ်သွားခဲ့သည်။
ဓားတာအိုလမ်းကြောင်းသည် တိုးတက်သွားလေလေ ပို၍အခက်တွေ့ရလေလေ ဖြစ်သည်။ ဘဝသက်တမ်းတစ်လျှောက်လုံးတါင် အဆင့်မတက်နိုင်ဘဲ သေဆုံးသွားခဲ့ရသည့် ဓားကျင့်ကြံသူများသည် ရိုက်သတ်၍ပင် မကုန်ချေ၊ သို့သော် ထိုလူကမူ အသက်သုံးဆယ်မပြည့်ခင် အချိန်မှာပင် ဓားတာအို၏ အဆင့်၇သို့ ရောက်ရှိသွားခဲ့သည်။
ကျင့်ကြံရေးနယ်ပယ်နှင့် ဓားတာအိုနှစ်ခုစလုံးတွင် သူ့ကို ကျော်ဖြတ်နိုင်မည့် ရွယ်တူပါရမီရှင်များကို ယွဲ့ပြည်ထောင်တစ်ခုလုံးမှာပင် ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် လူတိုင်း လုံးဝငြိမ်သက်သွားခဲ့သည်။
…………………………………………………………………………………………………………………………………………
အပိုင်း ( 56 )
ပြဿနာရှာခြင်း
ကျိုးချင်ယု၏ လှုပ်ရှားမှုသည် လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။
မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်များကပင် တအံ့တဩ ဖြစ်သွားခဲ့ရသည်။
ယခင်က သူငြိမ်သက်နေခဲ့သောကြောင့် အားလုံးသည် မည်သည့်အရာကိုမျှ သတိမပြုမိခဲ့ကြပေ၊ သို့သော် သူလှုပ်ရှားလိုက်သည့် အချိန်တွင် သူ၏ အူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံရေးနှင့် အဆင့်၇ ဓားတာအို နှစ်ခုစလုံး ပေါ်သွားခဲ့ကာ၊ တစ်ကမ္ဘာလုံးကို အံ့အားသင့်သွားစေခဲ့သည်။
ယွဲ့လင်း၊ ဝူကျန့်နှင့် တစ်ခြားလူများ၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။
သူတို့သည် ကျိုးချင်ယုက ထိုကဲ့သို့သော အမြင့်မျိုးသို့ ရောက်ရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လေထုသည် လွန်စွာတင်းကြပ်နေခဲ့သည်၊ သို့သော် လုချန်ရှန်းသည် မီးအတွင်းသို့ လောင်စာထပ်ထည့်လာခဲ့ပြန်သည် “ မင်းတို့အားလုံး ပေါင်းလိုက်မယ်ဆိုရင်တောင်မှ၊ ငါ့စီနီယာအစ်ကိုကို မနိုင်ဘူးလို့ ငါပြောခဲ့သားပဲ၊ ဒါပင်မဲ့ မင်းတို့က ငါ့ကို မယုံခဲ့ဘူးလေ။ မင်းတို့ကိုယ်တိုင်ကိုက ဆိုးဆိုးဝါးဝါး အကြိတ်ခံရဖို့ လာခဲ့ကြတာပဲ “
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
မည်သူကမှ ထပ်မံ၍ မငြင်းခုန်လာတော့ပေ၊ သူတို့က မည်မျှပင် ဆန္ဒမရှိပါစေ၊ အချက်အလက်များက သူပြောထားခဲ့သည့်အတိုင်းသာ ဖြစ်နေခဲ့သည်။
သူတို့သည် ရှက်ရွံ့မှုနှင့် ဒေါသတို့ ရောပြွန်းနေသော အကြည့်များဖြင့် လုချန်ရှန်းကို စိုက်ကြည့်နေခဲ့ပြီး၊ သူတို့၏သွားများကလည်း အံကြိတ်ရလွန်းသဖြင့်၊ ကျွတ်ထွက်လုနီးပါး ဖြစ်နေခဲ့သည်။
ယွဲ့မင်မှာလည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ထိုလူများက အရိုက်ခံရသင့်ရသော်လည်း၊ ထိုမျှအထိ ဆိုးဆိုးရွားရွားဖြစ်သွားရလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ပေ။
ယွဲ့လင်းနှင့် တစ်ခြားလူများကပင် ဆန္ဒမရှိသော်လည်း၊ နောက်ဆုတ်သွားရုံသာ တတ်နိုင်ကြသည်။ ထိုစဥ် တစ်စုံတစ်ဦးသည် အဝေးမှ ဆင်းသက်လာခဲ့သည်။
ရောက်ရှိလာသော လူကို မြင်လိုက်ရသောအခါတွင်၊ ယွဲ့လင်းနှင့် ဝူကျန့်တို့၏ မျက်နှာများသည် ပျော်ရွှင်မှုတို့ဖြင့် တောက်ပသွားခဲ့သည်၊ ၎င်းသည် ယဲ့ချင်းချန်မှတစ်ပါး တစ်ခြားလူ မဟုတ်ပေ။
ကျိုးချင်ယုက မည်မျှပင် အထင်ကြီးဖို့ကောင်းနေပါစေ၊ ယဲ့ချင်းချန်သည် လအရှင်သခင်၏ ကိုယ်ပိုင်တပည့် ဖြစ်နေခဲ့သည်။ သူတို့ကသာ သူ့ကို သိမ်းသွင်းနိုင်သရွေ့၊ အကယ်၍ သူက လုချန်ရှန်းကို သိနေမည်ဆိုလျှင်တောင်မှ၊ သူတို့သည် သူတို့ကို ဖိနှိပ်နေနိုင်ဦးမည် ဖြစ်သည်။
“ ယဲ့ …… “
ဝူကျန့်သည် သူ၏ပါးစပ်ကို ဖွင့်လိုက်သည်၊ သို့သော် သူ၏နာမည်ကို မခေါ်နိုင်ခင် အချိန်မှာပင်၊ ယဲ့ချင်းချန်သည် သူတို့ကို လျစ်လျူရှုထားကာ၊ လုချန်ရှန်းဆီသို့သာ ရောက်ရှိသွားခဲ့သည်။
“ အစ်ကိုလု၊ အဆင်ပြေရဲ့လား “
ယဲ့ချင်းချန်သည် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် မေးမြန်းလိုက်သည်၊ သူ၏စကားလုံးများမှာ လွန်စွာယဥ်ကျေးနေခဲ့သည်။
လုချန်ရှန်းသည် ယဲ့ချင်းချန်ကို တစ်ချက်မျှကြည့်ရှုလိုက်ပြီး၊ သူ၏အကြည့်သည် ယွဲ့လင်းနှင့် တစ်ခြားလူများအပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုအကြည့်တစ်ခုတည်းဖြင့်ပင် အားလုံးသည် ဆိုးရွားသော ကိစ္စတစ်ခု ဖြစ်လာတော့မည်ဟု ခံစားသွားခဲ့ရသည်။
ယခင်က အေးဆေးတည်ငြိမ်နေခဲ့သည့် လုချန်ရှန်း၏ မျက်နှာသည် တဖြည်းဖြည်း ရှုံ့မဲ့သွားခဲ့သည်။
“ ကံ …. ကံကောင်းလို့ ငါအသက်ရှင်နေသေးတာကွာ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ယဲ့ချင်းချန်သည် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည် “ ဘာတွေ ဖြစ်ခဲ့တာလဲ “
“ အစ်ကိုယဲ့၊ ကျွန်တော်တို့က ……… “ ယွဲ့လင်းသည် ရှေ့တက်ကာ၊ စကားပြောရန် ပြင်လိုက်သည်။
သို့ရာတွင် လုချန်ရှန်းမှ ကြားဖြတ်ပြောလိုက်သည် “ မင်းငါ့ကို ဖိတ်စာတစ်ခု ပေးခဲ့ပြီးတော့ ဖိတ်ခဲ့တယ်လေ၊ သူတို့က မင်းကို မျိုးမစစ်လို့ ပြောခဲ့ပြီးတော့ သင်ခန်းစာ ပေးမယ်တဲ့ “
“ မင်းးး …… “
“ လုချန်ရှန်း၊ ပေါက်ကရတွေ လျှောက်မပြောနဲ့။ ငါတို့က …….. “
“ မပြောခဲ့ကြဘူးလား “ လုချန်ရှန်းသည် ထူးဆန်းသော အကြည့်များဖြင့် သူတို့ကို ကြည့်ရှုလိုက်သည်။
လူအနည်းငယ်မှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ဝူကျန့်သည် အလောတကြီး ရှင်းပြလာခဲ့သည် “ အစ်ကိုယဲ့၊ မင်းထင်နေသလို မဟုတ်ဘူးနော်။ သူ့ကို ဖိတ်စာပေးလိုက်တဲ့လူက မင်းဆိုတာကို ငါတို့မသိဘူး၊ အဲ့တာကြောင့်ပဲ ငါတို့က စကားကျွံသွားကြတာ။ တကယ်လို့ ငါတို့သာ သိခဲ့မယ်ဆိုရင်၊ အဲ့လိုလုပ်ခဲ့ကြမှာ မဟုတ်ဘူး “
“ တကယ်လို့ သူတို့သာ သိခဲ့မယ်ဆိုရင်၊ တကယ်ကို အဲ့လိုလုပ်ခဲ့ကြမှာ မဟုတ်ပါဘူး “ လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်သည်။
အားလုံးသည် ထိုစကားကြောင့် မှင်သက်သွားကြသည်။
သူတို့သည် သူတို့၏ နားများက ချို့ယွင်းနေသည်ဟု ခံစားသွားကြရသည်။
ယွဲ့မင်သည် မျက်မှောင်ကြုတ်သွားကာ၊ ပြုံးစစဖြင့် စောင့်ကြည့်နေတော့သည်။
ယွဲ့လင်းမှာလည်း အတွေးနက်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့သည် “ သူတို့က ငါ့ကို ဧည့်လက်ဆောင်ပဲ ပေးခိုင်းတာပါ၊ တကယ်လို့ ငါက မပေးဘူးဆိုရင် ဝင်ခွင့်မပေးဘူးတဲ့။ ညီအစ်ကိုယဲ့၊ ငါ စောဒကတက်နေတာတော့ မဟုတ်ပါဘူးကွာ၊ ဒါပင်မဲ့ မင်းက အဲ့အကျင့်ကြီးကို ပြောင်းမှဖြစ်မယ်ကွ။ မင်းကို တွေ့ဖို့အတွက် ဘယ်လိုလုပ် ငွေလိုနေရတာလဲကွာ။ တကယ်လို့ မင်းက ဆင်းရဲတယ်ဆိုရင်တောင်မှ၊ သိက္ခာလေးတော့ ထားထားရမယ်ကွ။ လအရှင်သခင်ရဲ့ ကိုယ်ပိုင်တပည့်ဆိုတဲ့ မင်းရဲ့အဆင့်အတန်းကို သုံးပြီးတော့ ကြွယ်ဝချမ်းသာမှုကို မညှစ်ထုတ်သင့်ဘူး “
ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ယဲ့ချင်းချန်၏ အမူအရာမှာ လုံးဝမည်းမှောင်သွားခဲ့သည်။
ယွဲ့လင်းနှင့် တစ်ခြားလူတို့၏ အမူအရာများမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။
“ ဧည့်လက်ဆောင် လိုချင်တယ်လို့ ငါဘယ်အချိန်တုန်းက ပြောခဲ့ဖူးလို့လဲ “ ယဲ့ချင်းချန်သည် ယွဲ့လင်းကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
သူသည် ဖြောင့်မတ်တည်ကြည်သော လူတစ်ဦး ဖြစ်သည်။ အကယ်၍ ဤကိစ္စသာ ပြန့်သွားမည်ဆိုပါက၊ လူအများက သူ့ကို မည်ကဲ့သို့ တွေးထင်နေကြမည်နည်း။ နတ်ကောင်းကင်ဂိုဏ်း၏ အရှိန်အဝါကို သုံးကာ ကြွယ်ဝချမ်းသာသွားသည်ဆိုသည့် ကျော်ကြားမှုပင် ရရှိသွားလိမ့်မည် ဖြစ်သည်။
လုချန်ရှန်းသည် ထိုလူများ၏ အထိတ်တလန့် ဖြစ်နေမှုနှင့်မတူညီဘဲ၊ တအံ့တဩဖြင့် မေးမြန်းလိုက်သည် “ မင်းက သူတို့ကို ပြောခဲ့တာ မဟုတ်ဘူးလား “
“ သေချာပေါက် မဟုတ်ဘူးပေါ့ “
“ ဒါဆိုရင် သူတို့က မင်းရဲ့နာမည်ကို သုံးပြီးတော့ စည်းစိမ်ဥစ္စာတွေ စုဆောင်းနေကြတာပဲ။ သူတို့က ကြွယ်ဝချမ်းသာမှုကို သိမ်းသွားပြီးတော့၊ အပြစ်တွေကို မင်းဆီကို လွှဲပေးလိုက်တာပဲ။ ဘယ်လောက်တောင် ဉာဏ်ပြေးလိုက်တဲ့အကွက်လဲ “
အားလုံး၏ အမူအရာများမှာ လုံးဝမည်းမှောင်သွားခဲ့သည်။ သူတို့သည် လုချန်ရှန်းက ပြဿနာရှာတော့မည်ဆိုသည်ကို သိနေခဲ့သည်၊ သို့သော် ထိုလူက ဤမျှလောက် အဆိပ်ပြင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် သူတို့ကို အသေသတ်နေခြင်းပင် ဖြစ်သည်။
ကျိုးချင်ယုမှာလည်း အံ့ဩမှင်သက်သွားခဲ့သည်၊ အဲ့တာက ငါ့ရဲ့ ဂျူနီယာညီလေးလား
ယွဲ့မင်သည် အော်ရယ်မိလုမတတ် ဖြစ်သွားခဲ့သည်။ နင့်ယုရှင်းသည် တစ်ချိန်လုံး မိန်းမောနေခဲ့ရသည်။ ယနေ့ဖြစ်ရပ်များကြောင့် သူမသည် သူမ၏ စိတ်အခြေအနေကို ပြန်လည်တည်ငြိမ်အောင် မပြုလုပ်နိုင်သေးပေ။
သူမသည် လုချန်ရှန်းက ဉာဏ်ပြေးသည်ဆိုသည်ကို သိနေခဲ့သော်လည်း၊ အပြစ်ကင်းစင်သော အမူအရာမျိုးဖြင့် ဤမျှလောက်အထိ မွှေနှောက်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ယွဲ့လင်း၏ အမူအရာမှာလည်း အလွန်တရာ မည်းမှောင်သွားခဲ့သည်။
ဝူကျန့်မှ စကားထပ်ပြောလာခဲ့သည် “ အစ်ကိုယဲ့၊ အဲ့လို မဟုတ်ဘူးနော်။ ငါတို့က မင်းကို ပေးဖို့အတွက် စုဆောင်းခဲ့တာပါ။ ငါတို့က ……… “
စကားပြောနေရင်းတန်းလန်းဖြင့် သူသည် စကားပြောမှားသွားပြီဆိုသည်ကို သဘောပေါက်သွားခဲ့သည်။
တစ်ခြားလူများမှာလည်း သူတို့က မည်မျှပြောဆိုနေပါစေ၊ မှားနေမည်သာဆိုသည်ကို နားလည်သွားကြသည်။
“ တွေ့လား။ သူတို့က မင်းအတွက် စုဆောင်းပေးနေတုန်းပဲ “
လုချန်ရှန်း၏ အချိန်ကိုက် မှတ်ချက်သည် စိတ်ခံစားချက်အားလုံးကို နှိုးဆွပေးသွားခဲ့သည်။
“ လုချန်ရှန်း၊ ပါးစပ်ပိတ်ထားစမ်း “ ယွဲ့လင်းသည် ဒေါသတကြီး ဟိန်းဟောက်ကာ၊ ကတုန်ကရင် ဖြစ်သွားခဲ့သည်။
အစပိုင်းတွင် သူသည် နတ်ကောင်းကင်ဂိုဏ်း၏ ဤကိုယ်ပိုင်တပည့်ကို သိမ်းသွင်းချင်နေခဲ့သည်၊ သို့သော် ထိုလူသည် သူ့အား လမ်းဆုံးသို့ ရောက်ရှိသွားစေရန် တွန်းတွန်းပို့နေခဲ့သည်။
ယွဲ့မင်သည် ရယ်ရယ်မောမောဖြင့် စကားဝင်ပြောလာခဲ့သည် “ အစ်ကိုယဲ့၊ မင်းက ငါ့ရဲ့ တော်ဝင်အစ်ကိုကို အပြစ်တင်လို့ မရဘူးကွ။ သူက မင်းနဲ့မိတ်ဖွဲ့ပြီး၊ မင်းရဲ့ အရှိန်အဝါကို သုံးပြီးတော့၊ ယွဲ့ပြည်ထောင်တစ်ခုလုံးကို ထိန်းချုပ်ချင်ရုံလေးပါပဲကွာ၊ တကယ်တော့ သူ့ဆီမှာ ဆိုးရွားတဲ့ ရည်ရွယ်ချက် မရှိပါဘူး “
“ မင်း ………. “
ယွဲ့လင်းသည် ထိုစကားကြောင့် သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။ အဲ့လိုစကားတွေကို ပေါ်တင်ကြီး ပြောလို့ရလို့လား
ဒီကောင်က ငါ့ထပ်ပိုပြီးတော့ လျှာစောင်းထက်နေတာလား
ယွဲ့လင်း၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ယွဲ့မင်သည် ပြုံးစိစိ ဖြစ်သွားခဲ့သည်။
ယဲ့ချင်းချန်၏ အမူအရာကမူ လုံးဝမည်းမှောင်နေပြီဖြစ်သည် “ ဘာမှထပ်ပြောဖို့ မလိုတော့ဘူး။ ဒီနေ့ကိစ္စကို ငါမသိသလို ဟန်ဆောင်ပေးလိုက်မယ်။ အဲ့အကြောင်းကို နောက်တစ်ခါ ထပ်မကြားချင်ဘူး “
“ အစ်ကိုယဲ့ …… “
ဝူကျန့်သည် ရှင်းပြချင်နေသေးသည်။ သို့သော် ယွဲ့လင်းသည် သူ့ကို တားဆီး၍၊ ယဲ့ချင်းချန်ကို အရိုအသေပြုကာ လှည့်ထွက်သွားတော့သည်။
ထိုနေရာတွင် ရှိနေသည့် လူစုသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
တစ်စုံတစ်ဦးသည် ငေးငေးငိုင်ငိုင် ဖြစ်သွားကာ၊ မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည် “ ပထမမင်းသားက သူ့ရဲ့ ဩဇာအာဏာကို ဆုံးရှုံးသွားပြီလား “
တစ်ခြားလူများမှာလည်း ငေးငေးငိုင်ငိုင် ဖြစ်သွားကြသည်။
ယဲ့ချင်းချန်သည် လုချန်ရှန်းကို ကြည့်လာခဲ့သည်။
ယွဲ့မင်သည် လိမ္မာပါးနပ်စွာဖြင့် စကားထပ်ပြောလာခဲ့သည် “ အစ်ကိုလု၊ နောက်နေ့မှပဲ ငါမင်းကို နှောင့်ယှက်တော့မယ်။ အခုတော့ ငါအရင်သွားတော့မယ် “
“ နှုတ်ဆက်ပါတယ် “
ယွဲ့မင် ထွက်သွားခဲ့သည်။
ယဲ့ချင်းချန်မှ စကားပြောလာခဲ့သည် “ အစ်ကိုလု၊ ငါတကယ် တောင်းပန်ပါတယ်။ ဒီကိစ္စမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ လူ့စိတ်ဆိုတာက ခန့်မှန်းရခက်တယ်လေ။ လူတိုင်းရဲ့ နှလုံးသားတွေက ငါ့လိုမျိုး ဖြူစင်နေတာ မဟုတ်ဘူးကွ။ မင်းရဲ့ အမှားမဟုတ်ပါဘူးလေ “ လုချန်ရှန်းသည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည်။
ယဲ့ချင်းချန်မှ စကားထပ်ပြောလာခဲ့သည် “ ဒီနေ့ကိစ္စကို ဆရာ့ဆီ သတင်းပို့မှဖြစ်မယ်။ နောက်မှ ငါထပ်လာလည်ပါ့မယ် “
“ မင်းရဲ့ ကိစ္စတွေကို အရင်လုပ်ပါ “ လုချန်ရှန်းသည် လက်ဝေ့ရမ်းကာ နှုတ်ဆက်လိုက်သည်။
ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့သည် သူတို့၏ ဂျူနီယာညီကို ကြည့်ကာ၊ စကားပြောရန် တွေဝေတုံ့ဆိုင်းနေပြီး၊ အဆုံးတွင် မြို့တော်သို့ အရင်ပြန်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။
နင့်ယုရှင်းသည် သူတို့၏အနောက်သို့ ငေးငေးငိုင်ငိုင်ဖြင့် လိုက်လာခဲ့သည်။ သူမသည် ယနေ့ဖြစ်ရပ်များကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး၊ ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
လုချန်ရှန်းသည် လမ်းထက်တွင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေကာ၊ မည်သည့်ကိစ္စမှ မဖြစ်ခဲ့သလိုမျိုး အေးဆေးတည်ငြိမ်နေခဲ့သည်။
သို့ရာတွင် ရှောင်ဟေးသည် မအောင့်ထားနိုင်တော့ဘဲ၊ စကားစပြောလာခဲ့သည် “ လုချန်ရှန်း၊ မင်းက တကယ်ကြီးကို ဉာဏ်ပြေးတာပဲဟ။ မင်းရဲ့ စီနီယာအစ်ကိုကို ကာကွယ်ပေးဖို့အတွက် လူတွေကို လှည့်စားခဲ့တယ်၊ ဒါပင်မဲ့ မင်းက သူတို့ကိုပါ တော်တော်လေး နွှာခဲ့တာပဲဟ “
“ အဲ့တာက ငါ့အမှားလား။ ငါက သူတို့ကို ရန်စခဲ့လို့လား “
“ မင်းက မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်လေ၊ ဒါပင်မဲ့ ဂျူနီယာတွေကို ဒီလိုမျိုး အနိုင်ကျင့်နေတယ်ပေါ့။ မင်းဆီမှာ ဂုဏ်သိက္ခာရော ရှိသေးရဲ့လားဟ “ ရှောင်ဟေးမှ မနေနိုင်တော့ဘဲ ထပ်ပြောလာခဲ့သည်။
လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ နည်းနည်း ရှိပါသေးတယ်ကွာ “
“ တကယ်လား “
“ အဲ့လိုမှ မဟုတ်ဘူးဆိုရင် အခုငါ့လက်ထဲမှာ ရှိနေမှာက ဘုရင်အဆင့် မှော်ပစ္စည်းနဲ့ ဝိညာဥ်ကျောက်တုံး ၁သန်း ဖြစ်နေမှာပေါ့ “
“ မင်း …… “
ရှောင်ဟေး ပါးစပ်ပိတ်သွားခဲ့သည်၊ သူသည် စကားထပ်မပြောချင်တော့ပေ။ ယခု၌ သူသည် ထိုလူ့ထံတွင် မည်သည့်ဂုဏ်သိက္ခာမှ မရှိဘူးဆိုသည်ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
တိတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့လေသည်။
အစွမ်းထက်ပညာရှင်များသည်လည်း အဆိုပါ ဖြစ်ရပ် အကုန်လုံးကို မြင်တွေ့နေခဲ့ရကာ၊ ဆွံ့အသွားခဲ့သည်။
သူတို့သည် လအရှင်သခင်၏ ကိုယ်ပိုင်တပည့်ဖြစ်သည့် ယဲ့ချင်းချန်က လုချန်ရှန်းအပေါ်တွင် လွန်စွာယဥ်ကျေးနေသောကြောင့် အံ့အားသင့်သွားကြသည်၊ အစောပိုင်း အချိန်က လုရွှမ်ပြောခဲ့သည့် စကားများနှင့် ပေါင်းစည်းလိုက်မည်ဆိုပါက၊ သူ၏နောက်ခံက အမှန်ပင် တောင့်တင်းနေပုံရသည်။
တစ်ချိန်တည်းမှာပင် သူတို့အားလုံး နိုးနိုးကြားကြား ဖြစ်သွားကြသည်။
အကြည့်အားလုံးသည် ကျိုးချင်ယုအပေါ်သို့ ကျရောက်သွားခဲ့သည်၊ ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားခြင်းမှာ အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်၊ သို့သော် ၎င်းသည် လူများကို အံ့ဩတုန်လှုပ်သွားစေရန် မလုံလောက်ပေ။
သို့ရာ၌ ဤအသက်အရွယ်တွင် ဓားတာအို အဆင့်၇သို့ ရောက်ရှိနေခြင်းကမူ စိတ်ကူး၍ပင် မရသော ကိစ္စတစ်ခုဖြစ်သည်။ သိပ်မဝေးလှတော့သည့် အနာဂတ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် မည်ကဲ့သို့သော ဓားကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာမည်နည်း
လုရွှမ်ကပင် တည်ငြိမ်မနေနိုင်တော့ပေ။ သူသည် အထက်လူကြီးများထံသို့ သတင်းပို့ရန်အတွက် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
…………………………………………………………………………………………………………………………………..
အပိုင်း ( 57 )
ဝန်ခံမှု
တော်ဝင်မြို့တော်အတွင်းတွင်၊ အမုန်းတရားများ အဆက်မပြတ် ပျံ့လွင့်နေလျက်ရှိသည်။
ယနေ့သည် လူတော်တော်များများသည် လုချန်ရှန်းကြောင့် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားသွားခဲ့ရသည်။
ထိုလူများသည် အမုန်းတရားတို့ဖြင့် အံတကြိတ်ကြိတ် ဖြစ်နေကြသည်၊ သို့သော် သူတို့လုပ်နိုင်သော အရာရှိမနေခဲ့ပေ၊ သူတို့သည် ကျိုးချင်ယုကို အနိုင်မယူနိုင်ကြပေ၊ သူ့ထံတွင် ယဲ့ချင်းချန်ဆိုသည့် နောက်ခံရှိနေခဲ့လေသည်။ မည်သူက သူ့ကို ရန်စထိပါးရဲကြမည်နည်း
အကယ်၍ သူတို့က သူ့ကို ယခုလက်ရှိအချိန်တွင် မစော်ကားနိုင်ဘူးဆိုပါက၊ သူက နတ်ကောင်းကင်ဂိုဏ်းသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက်၊ ထိုအခြေအနေက ပို၍ပင် ဆိုးရွားသွားလိမ့်မည် ဖြစ်သည်။
ထို့အပြင်၊ သူတို့၏ သက်ဆိုင်ရာအိမ်များဆီသို့ ပြန်ရောက်ကာ၊ သူတို့၏ ဒဏ်ရာများကို မကုသရသေးခင် အချိန်မှာပင် သူတို့၏ ဘိုးဘေးများသည် သူတို့ဆီသို့ လူကိုယ်တိုင်ရောက်လာခဲ့ကာ၊ လုချန်ရှန်းကို ထပ်မံ၍ မစော်ကားရန် ပြင်းပြင်းထန်ထန် သတိပေးခဲ့လေသည်။
လုချန်ရှန်းကမူ သူ၏အိမ်သို့ အေးအေးဆေးဆေး ပြန်ရောက်လာခဲ့ကာ၊ အနားယူရန် ပြင်ဆင်နေလျက်ရှိသည်။
ငွေမရခြင်းမှအပ သူသည် ယနေ့တွင် အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့လေသည်။
တော်ဝင်မြို့တော်အတွင်းရှိ အင်အားစု အသီးအသီးသည် ထိုကိစ္စကို ဆွေးနွေးပြောဆိုနေကြပြီး၊ ယွဲ့လင်းသည် မည်းမှောင်နေသော မျက်နှာထားဖြင့် အဖြေတစ်ခုကို ရှာဖွေ စဥ်းစားနေခဲ့သည်။
သို့ရာတွင် ယွဲ့မင်ကမူ မည်သည့်အရာကိုမှ တွေးတောမနေခဲ့ပေ။ သူသည် သူက ယနေ့တွင် လုချန်ရှန်းဘက်မှ ရပ်တည်ခဲ့သည့်အတွက် ပျော်ရွှင်ဝမ်းမြောက်နေခဲ့သည်။ ယဲ့ချင်းချန်နှင့် စကားမပြောခဲ့ရသော်လည်း၊ ၎င်းက ကြီးမားသော အကျိုးအမြတ်တစ်ခု ဖြစ်နေသေးသည်။
ယဲ့တျန်ရီနှင့် ကျိုးချင်ယုတို့ကသာလျှင် ဥယျာဥ်အတွင်းတွင် အတူတကွ မတ်တပ်ရပ်နေကာ၊ တစ်ဦးကိုတစ်ဦး ကြည့်ရှု၍ အကြိမ်ပေါင်းများစွာ အတွေးနက်နေလျက်ရှိသည်။
ယဲ့တျန်ရီမှာ အဆင်ပြေနေသေးသည်၊ သူသည် လုချန်ရှန်းက ယဲ့ချင်းချန်နှင့် သိနေခဲ့ကာ အခြေအနေကို ဤကဲ့သို့ အဆုံးသတ်သွားရအောင် လုပ်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ရုံသာ ဖြစ်သည်။
သို့ရာတွင် ကျိုးချင်ယုကမူ လုံးဝကွဲပြားနေခဲ့သည်၊ သူသည် ကိစ္စများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရသည်။
သူပြည်ထောင်စစ်ပွဲတွင် လုံခြုံဘေးကင်းစွာ ပါဝင်နိုင်ရန်အလို့ငှာ၊ ကပ်ဘေးကို ပိတ်ဆို့တားဆီးရန်အတွက် လုချန်ရှန်းက ထိုလူများကို ရန်စခဲ့သည်ဟု သူထင်မှတ်နေခဲ့သည်။
သို့သော် ၎င်းက တိုက်ဆိုင်ခြင်းလား(သို့) ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းလားဆိုသည်ကိုတော့ သူမရေရာမသေချာဖြစ်နေခဲ့သည်။
အကယ်၍ တိုက်ဆိုင်ခြင်းသာ ဖြစ်နေမည်ဆိုပါက၊ သူကပ်ဘေးကို ရင်ဆိုင်နေရသည့် အချိန်တွင် ထိုကိစ္စက မည်ကဲ့သို့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာခဲ့ရသနည်း
အကယ၍ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းသာဆိုပါက၊ သူသည် သူ၏ဂျူနီယာညီအကြောင်းကို ပြန်၍ဆင်ခြင်သုံးသပ်ရလိမ့်မည် ဖြစ်သည်။ ပို၍တွေးတော စဥ်းစားလေလေ၊ တစ်ခုခု မှားယွင်းနေသည်ဟု ပိုမိုခံစားလာရလေလေ ဖြစ်နေခဲ့သည်။ အရာအားလုံးကို ထိုမျှ မှန်ကန်တိကျစွာ တွက်ချက်နိုင်ခြင်းမှာ စာအုပ်အနည်းငယ် ဖတ်ရုံမျှဖြင့် လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။
အရေးအကြီးဆုံး အရာမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့သည့် ဓားရည်ရွယ်ချက်၏ ကူညီထောက်ပံ့မှု ဖြစ်သည်။
အဆုံးတွင် မည်သူကမှ ဘာမှမပြောခဲ့ကြပေ။
တစ်ညအတွင်းမှာပင် တော်ဝင်မြို့တော် တစ်ခုလုံးတွင် ကောလဟာလများ ပျံ့နှံ့သွားခဲ့သည်။ လူတော်တော်များများသည် လုချန်ရှန်း၏ ရက်စက်သော နည်းလမ်းများကြောင့် ညည်းညူနေကြရင်းဖြင့်၊ ကျိုးချင်ယု၏ ထူးခြားသော တောက်ပမှုကြောင့် အံ့ဩတကြီး ဖြစ်သွားကြရသည်။
အင်အားစု အသီးသီးသည် မနာလိုအားကျဖြစ်သွားကြသည်။
အူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေကာ၊ ဓားတာအိုကို အဆင့်၇အထိ ကျင့်ကြံထားနိုင်သော ပါရမီရှင်တစ်ဦးသည် နတ်ကောင်းကင်ဂိုဏ်းသို့ ရောက်ရှိရန် ကံပါနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ မထင်မှတ်ထားသော ကိစ္စတစ်ခုခု ဖြစ်လာမည်ဆိုလျှင်တောင်မှ၊ ၎င်းက သေချာပေါက်ဖြစ်လာလိမ့် ဖြစ်သည်။
ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးကို မည်သည့်ဂိုဏ်းကမှ လက်လွှတ်ခံကြလိမ့်မည် မဟုတ်ပေ။
မည်မျှပင် မုန်းတီးနေကြပါစေ၊ သူတို့လုပ်ဆောင်နိုင်သော အရာမရှိပေ။ နတ်ကောင်းကင်ဂိုဏ်းသည် မတော်တဆမှု တစ်ခုခု ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်၊ သူ မထိခိုက်သွားစေရန်အတွက်၊ လျှို့ဝှက်ကာကွယ်ရေး အစီအစဥ်များကိုပင် ရေးဆွဲခဲ့ပြီးပြီ ဖြစ်သည်။
ထိုဖြစ်ရပ်သည် လုချန်ရှန်း၏ ရည်မှန်းချက်ကိုပါ အောင်မြင်သွားစေခဲ့သည်၊ သူသည် သူ၏စီနီယာအစ်ကိုကို နတ်ကောင်းကင်ဂိုဏ်းသို့ ပို့ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် သူ၏ ဒုတိယစီနီယာအစ်ကိုကိုပါ ထပ်ပို့ရန်အတွက် အားစိုက်သင့်၊ မစိုက်သင့်ဆိုသည်ကို တွေးတောစဥ်းစားနေခဲ့သည်။
ထိုနည်းလမ်းဖြင့် ပျော်ရွှင်မှု နှစ်ဆရရှိလိမ့်မည် ဖြစ်သည်။
ထို့အပြင် သူသည် သူ၏ကိုယ်ပိုင်စွမ်းဆောင်ရည်ကိုပါ စဥ်းစားနေခဲ့သည်။ တစ်ခြားလူများသည် ၎င်းက သူ့စီနီယာအစ်ကိုများက စီစဥ်ထားသော အကြံအစည်တစ်ခုဟု ထင်ကောင်းထင်သွားနိုင်ပေသည်။
သို့ရာတွင် ကျိုးချင်ယုကမူ ၎င်းက လုချန်ရှန်းတစ်ဦးတည်းနှင့်သာ သက်ဆိုင်သည်ဆိုသည်ကို သိနေခဲ့သည်။
“ အင်း၊ ကြည့်ရတာတော့ စီနီယာအစ်ကိုကို ငါ့ရဲ့ တကယ့်စွမ်းအားကို ပြရတော့မဲ့ပုံပဲ “ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည်။
ရှောင်ဟေးကမူ တဟားဟား ရယ်မောနေခဲ့သည် “ စာမျက်နှာ အသစ်လှန်လိုက်တာလား၊ လူတွေကို မထိခိုက်စေချင်တော့ဘူးပေါ့ “
“ ငါက ဘုရင်အဆင့် မှော်ပစ္စည်းနဲ့ ဝိညာဥ်ကျောက် ၁သန်းကို အခုမလိုချင်သေးဘူး၊ အဲ့တာကြောင့် မင်းရဲ့လေသံလေးကို တိုးထား “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ မီးဖိုမှာ ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
နောက်ရက်များအတွင်းတွင် အရာအားလုံးက ပုံမှန်အတိုင်းသာ ဖြစ်နေခဲ့ပုံရသည်၊ သို့သော် နင့်မိသားစု၏ လူတော်တော်များများကမူ ကျိုးချင်ယုထံသို့ မကြာခဏ သွားလည်နေခဲ့ကြသည်။
တစ်ခြားလူများ၏ အမြင်တွင် သူသည် ဓားအင်မော်တယ်တစ်ဦး ဖြစ်လာနိုင်ခြေ ရှိနေခဲ့သည်။ ဓားအင်မော်တယ် ဖြစ်လာမည့်လူကို မည်သူကို မျက်နှာမလုပ်ဘဲ နေချင်မည်နည်း
ယွဲ့မင်တစ်ဦးကသာလျှင် လုချန်ရှန်းကို လာရှာခဲ့လေသည်။ သူသည် တစ်ခဏ ထိုင်ကာ၊ ကို့ရို့ကားရား စကားများကို ပြောနေခဲ့ပြီး၊ တစ်ခါတစ်ရံတွင် တန်ဖိုးရှိသော ပစ္စည်းတစ်ချို့ကို ပေးလာခဲ့သည်။
၎င်းတို့သည် လုချန်ရှန်းက ထိုလူငယ်လေးကို ပို၍သဘောကျသွားစေခဲ့သည်။
နင့်ယုရှင်းမှာလည်း လုချန်ရှန်းကို မကြာခဏ လာရှာလေ့ရှိသည်၊ သို့သော် သူမသည် သူ့ကို ပိုပို၍ နားမလည်နိုင် ဖြစ်လာခဲ့သည်။
သို့ရာ၌ သိပ်မကြာခင် အချိန်မှာပင် တော်ဝင်မြို့တော်တွင် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အလင်းတန်းတို့ဖြင့် လိမ်ယှက်နေသည့် တံခါးပေါက်တစ်ခု ပွင့်ဟလာခဲ့သည်၊ ၎င်းသည် တော်ဝင်မြို့တော်တစ်ခုလုံး၏ အကြည့်များကို ဆွဲဆောင်သွားခဲ့သည်။
ပြည်ထောင်စစ်ပွဲ စတင်ပြီဖြစ်သည်။
အင်အားစု အသီးသီး ရောက်ရှိလာကာ၊ ပြိုင်ပွဲတရားဝင် စတင်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ကျိုးချင်ယုသည် ကန်းယွင်ဂိုဏ်း၏ တပည့်များနှင့်အတူ ပေါ်လာခဲ့သည်။
လော့ထျန်းသည် လူတိုင်းကို ငေးကြည့်လာခဲ့ပြီး၊ မည်သူမှ ပျောက်မနေဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင်၊ မည်သည့်စကားမှ ထပ်မပြောတော့ပေ၊ သို့သော် လုချန်ရှန်းကို မြင်လိုက်ရသောအခါတွင် ယခင်ကအတိုင်း မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
သူသည် ယခင်က ဖြစ်ရပ်များကို သိနေခဲ့သော်လည်း၊ မည်သည့်စကားမှ မပြောခဲ့ပေ။
နတ်ကောင်းကင်ဂိုဏ်း၏ လူများလည်း ပေါ်ထွက်လာခဲ့သည်၊ လုရွှမ်သည် အမြင့်ပိုင်းတွင် ရပ်နေကာ အမူအရာ ကင်းမဲ့နေသော မျက်နှာထားဖြင့် လူတိုင်းကို ကြည့်ရှုလာခဲ့သည်။
ယဲ့ချင်းချန်သည် လုချန်ရှန်းအနားသို့ ချဥ်းကပ်လာခဲ့သည်။
“ အစ်ကိုလု “
သူသည် အပြုံးဖြင့် စကားစပြောလာခဲ့သည်၊ သို့သော် သူ၏ အပြုံးတွင် တောင်းပန်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မင်းက ဘာဖြစ်နေတာတုန်းဟ “
“ ပြည်ထောင်စစ်ပွဲမှာ ပါတယ်ဆိုတော့၊ အစ်ကိုကလည်း နတ်ကောင်းကင်ဂိုဏ်းကို ဝင်ချင်နေတယ်လို့ ကျွန်တော်ယူဆခဲ့တယ်လေ။ ကျွန်တော်က အစ်ကို့ဆီမှာ အသက်အကြွေး တင်နေတယ်ဆိုတော့ အစ်ကို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကူညီပေးသင့်တာပေါ့။ ဒါပင်မဲ့ တပည့်ရွေးချယ်တာက အမွေအနှစ် တည်တံ့ရေးအတွက် ဖြစ်နေခဲ့တယ်၊ လအရှင်သခင်ရဲ့ တပည့်တစ်ဘောက်အနေနဲ့ ကျွန်တော်က စံပြဖြစ်နေသင့်ပြီးတော့ ဂိုဏ်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မချိုးဖောက်သင့်ဘူးလေ၊ အဲ့တာကြောင့် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ယဲ့ချင်းချန်က အပြစ်ရှိစိတ် ခံစားနေရသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူသည် ဖြည်းဖြည်းချင်း စကားထပ်ပြောလိုက်သည် “ ညီအစ်ကိုယဲ့၊ တကယ်လို့ မင်းအဲ့လိုလုပ်ခဲ့မယ်ဆိုရင်၊ ငါမင်းကို အထင်သေးမိသွားမှာကွ “
“ ဟမ် “
စကားတစ်ခွန်းသည် ယဲ့ချင်းချန်ကို အံ့အားသင့်သွားစေခဲ့သည်။
“ ကောင်းကင်နဲ့ ကမ္ဘာမြေကြားမှာ ရပ်နေတဲ့ တကယ့်ယောကျာ်းတစ်ယောက်က ကောင်းကင်လိုကျယ်ပြန့်တဲ့ နှလုံးသားနဲ့ လီတစ်ထောင်အထိ ပျံသန်းနိုင်သင့်တယ်။ နတ်ကောင်းကင်ဂိုဏ်းကို အဲ့လိုနည်းလမ်းမျိုးနဲ့ ဝင်လိုက်တာထပ်စာရင်၊ ဝင်မသွားတာကမှ ပိုကောင်းဦးမယ် “
လုချန်ရှန်းသည် ဖြောင့်မတ်တည်ကြည်သော အမူအရာဖြင့် စိတ်အားထက်သန်စွာပြောဆိုနေခဲ့သောကြောင့်၊ သူ့ကို ကြည့်နေသည့် ယဲ့ချင်းချန်သည် အံ့အားသင့်သွားကာ၊ တလေးတစား ဖြစ်သွားခဲ့သည်။
သူသည် လုချန်ရှန်းက ဖြူစင်၊ ကြင်နာတတ်ရုံသာ မဟုတ်ဘဲ၊ မတရားမှုကို ရင်ဆိုင်ရာတွင်လည်း ရဲရင့်တက်ကြွနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ့အပေါ်တွင် ရှိနေသည့် သူ၏လေးစားမှုများမှာ ပိုမိုနက်ရှိုင်းသွားခဲ့သည်။
“ ကျွန်တော် ပေါ့ဆခဲ့မိတာပဲ “
ယဲ့ချင်းချန်သည် လေးလေးစားစား အရိုအသေပေးလာခဲ့သည်။
လုချန်ရှန်းကမူ စိတ်များ ဂယောက်ဂယက် ဖြစ်နေခဲ့သည်၊ ဘယ်လိုဟာသကြီးလဲဟ။ ငါက ဒီကို အလည်လာတာလေ၊ မင်းက ငါ့ကို နဂါးအသိုက်ထဲကို ခေါ်သွားချင်နေတာလားဟ
သို့ရာတွင် သူသည် ဖြည်းဖြည်းချင်း စကားဆက်ပြောနေသေးသည် “ ညီအစ်ကိုယဲ့ကို ဒုက္ခပေးချင်တဲ့ ကိစ္စတစ်ခုတော့ ရှိတယ် “
“ ပြောပါ၊ အစ်ကိုလု “ ယဲ့ချင်းချန်သည် လွန်စွာလေးနက်နေခဲ့သည်။
“ ငါ့ရဲ့ စီနီယာအစ်ကို ကျိုးချင်ယုက နတ်ကောင်းကင်ဂိုဏ်းသို့ ရောက်သွားမဲ့ပုံပဲ။ နတ်ကောင်းကင်ဂိုဏ်းမှာ ငါ့ရဲ့ ဂျူနီယာညီမလေးလည်း ရှိနေတယ်။ မင်းလည်း အဲ့ကိစ္စကို ကြားဖူးထားမှာပါ၊ နောင်အနာဂတ်မှာ သူတို့တွေကို ဂရုစိုက်ပေးဖို့နဲ့ အနိုင်ကျင့်မခံရစေဖို့အတွက် ငါမင်းကို ဒုက္ခပေးရဦးမယ် “
လုချန်ရှန်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ သူယခုလက်ရှိ စိုးရိမ်ပူပန်နေရသည်မှာ သူ၏စီနီယာအစ်ကိုပင် ဖြစ်သည်၊ ထိုလူသည် လွန်စွာခေါင်းမာ၍ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမဖြစ်သောကြောင့်၊ သူနှင့်အဝေးကို ရောက်သွားပါက၊ ပြဿနာများစွာနှင့် ကြုံတွေ့ရနိုင်ပေသည်။
ယဲ့ချင်းချန်သည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလာခဲ့သည် “ သူတို့ကို သေချာပေါက် ကာကွယ်ပေးမှာပါ “
“ ကျေးဇူးတင်ပါတယ်ကွာ “
ထိုနှစ်ဦးသည် အချိန်အတော်ကြာ စကားပြောနေခဲ့သည်၊ အဆုံးတွင် ယဲ့ချင်းချန်သည် လုပ်စရာများ ရှိနေသေးသောကြောင့် ထွက်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကျိုးချင်ယုသည် လုချန်ရှန်းကို ကြည့်လာခဲ့သည်။ သူသည် ယဲ့ချင်းချန်အကြောင်းကို မမေးမြန်းဘဲ၊ သူ၏ ဂျူနီယာညီငယ်ကိုသာ စိုက်ကြည့်နေခဲ့သည်။
ထိုစဥ် ယဲ့တျန်ရီပါ ရောက်ရှိလာခဲ့သည်၊ လုချန်ရှန်းသည် သူ၏ စီနီယာများကို ကြည့်ကာ၊ အသာအယာ သက်ပြင်းချနေတော့သည်။ ထိုနေ့က ဖြစ်ရပ်များအတွက် ဖြေရှင်းချက်တစ်ခု သေချာပေါက် ပေးရလိမ့်မည် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ၎င်းက ယုတ္တိရှိနေလိမ့်မည် မဟုတ်ပေ။ သူသည် သူ၏စီနီယာအစ်ကိုများကို မလှည့်စားနိုင်တော့သောကြောင့်၊ ဝန်ခံရန် ဆုံးဖြတ်လိုက်သည်။
သူတို့နှစ်ဦး စကားမပြောခင် အချိန်မှာပင်၊ သူသည် အရင်ဦးဆုံး စကားစပြောလိုက်သည် “ အစ်ကိုတို့၊ ကျွန်တော့်ကို မေးချင်နေကြတယ်ဆိုတာကို ကျွန်တော်သိပါတယ်၊ အဲ့တာကြောင့် ထပ်ပြီးတော့ ဖုံးကွယ်မထားတော့ပါဘူး။ တကယ်တော့ ကျွန်တော်က တစ်ခုခုကို အမြဲဖုံးကွယ်ထားခဲ့တာပါ၊ အစ်ကိုတို့မြင်နေရတာက ကျွန်တော့်ရဲ့ ကျင့်ကြံရေး မဟုတ်ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့၏ မျက်လုံးများ ချက်ချင်းတောက်ပသွားခဲ့သည်။
ငါတို့ရဲ့ ခန့်မှန်းချက်က တကယ်ကြီးကို မှန်နေခဲ့တာပဲ၊ ဂျူနီယာညီလေးက မျက်လုံးတွေနဲ့ မြင်နေရတာထပ်ပိုတယ်
ယခင်က ဖြစ်ပွားခဲ့သည့် များပြားလွန်းလှသော ဖြစ်ရပ်များကလည်း ၎င်းကို သက်သေပြုနေခဲ့သည်။
ရှောင်ဟေးမှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည်။ ဒီလူက စိတ်သဘောထားပြောင်းလဲသွားပြီးတော့၊ လှည့်စားသူ ထပ်မလုပ်တော့ဘူးပေါ့
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းမှ ဖြည်းဖြည်းချင်း စကားထပ်ပြောလိုက်သည် “ တကယ်တော့ ကျွန်တော်က ချီစုစည်းခြင်း အဆင့်၉ကို ရောက်နေပါပြီ၊ ဓားတာအိုကိုလည်း အဆင့်၃အထိရောက်အောင် ကျင့်ကြံထားပါတယ်။ နောက်နှစ်နှစ်လောက်ဆိုရင် အဆင့်၄ကို ရောက်သွားမှာပါ “
“ အဲ့တာ ….. အဲ့တာက ဝန်ခံတာလားဟ “
ရှောင်ဟေးသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သူသည် ထိုလူ၏ ကောက်ကျစ်မှုကို လျှော့တွက်မိခဲ့သည်ဟု ခံစားသွားခဲ့ရသည်။