← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁)

သိပ်မကြာမီမှာပင် ဝက်ခေါင်းလူကြီးသည် ပူပူနွေးနွေးနှင့် မွှေးကြိုင်လှသော အသားစွပ်ပြုတ် နှစ်ပန်းကန်ကို ကိုင်ဆောင်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။

သူသည် ဖုန်းပုကြွယ်နှင့် ရီရူလီတို့ရှိရာ စားပွဲသို့ လျှောက်လာပြီး ပန်းကန်နှစ်လုံးကို စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူက ပြောသည်။

"ဒီပန်းကန်နှစ်လုံးထဲမှာ တစ်လုံးက လူသားစွပ်ပြုတ်၊ နောက်တစ်လုံးက ဝက်သားစွပ်ပြုတ်ပဲ"

သူ့မျက်လုံးများက သူတို့နှစ်ဦးကို ဝေ့ကြည့်လိုက်သည်။

"တစ်ယောက်တစ်ခွက်စီ ရွေးကြ၊ ဝက်သားကို သောက်မိတဲ့သူက ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်၊ လူသားကို သောက်မိတဲ့သူကတော့... အေးခဲခန်းထဲဝင်ပြီး ငါ့ရဲ့ နောက်ထပ် စွပ်ပြုတ်တစ်အိုး ဖြစ်လာရလိမ့်မယ်"

အွိုင့်ခ်၏ ခန္ဓာကိုယ်ကြီးက မီးဖိုချောင်မှလာသော အလင်းရောင်ကို ကွယ်ထားသဖြင့် အရိပ်ကြီးတစ်ခု ကျရောက်နေလေသည်။ မီးအိမ်၏ မှိန်ပျပျ အလင်းရောင်အောက်တွင် စားပွဲပေါ်ရှိ ရွှေအိုရောင် အသားစွပ်ပြုတ် နှစ်ပန်းကန်မှာ အလွန်ဆွဲဆောင်မှုရှိနေပြီး မွှေးရနံ့များကလည်း နှာခေါင်းထဲသို့ တိုးဝင်နေခဲ့သည်။

"ငါ ကြိုသတိပေးထားမယ်နော်၊ စွပ်ပြုတ်ကို ချန်ထားတာ၊ သွန်ပစ်တာ ဒါမှမဟုတ် ပြန်ထွေးထုတ်တာမျိုး မလုပ်နဲ့၊ မဟုတ်ရင် မင်းတို့နှစ်ယောက်လုံး အေးခဲခန်းထဲ ရောက်သွားလိမ့်မယ်"

အွိုင့်ခ်က ထပ်ပြောသည်။

စားပွဲပေါ်ရှိ ပန်းကန်နှစ်လုံးထဲတွင် အသားဖတ်များ မပါဝင်ပေ။ အွိုင့်ခ်သည် ကြည်ကြည်လောင်လောင် စွပ်ပြုတ်ရည်ကိုသာ ထည့်ပေးထားခြင်း ဖြစ်သည်။ စွပ်ပြုတ်ရည် နှစ်မျိုးစလုံးမှာ အရောင်တူပြီး မျက်နှာပြင်ပေါ်တွင် ဆီလွှာတစ်ခု ဖုံးအုပ်နေသည်။ သို့သော် စွပ်ပြုတ်ရည်ကိုယ်တိုင်မှာတော့ ကြည်လင်နေပေ၏။ အမြင်အားဖြင့် ကြည့်လျှင် စွပ်ပြုတ်ရည် နှစ်ပန်းကန်လုံးမှာ အတူတူပင် ဖြစ်သည်။

ထို့အတူပင် အနံ့အားဖြင့်လည်း ကွာခြားမှုကို မသိနိုင်ပေ။ စွပ်ပြုတ်နှစ်မျိုးစလုံးကို နည်းလမ်းတစ်ခုတည်းဖြင့်သာ ချက်ပြုတ်ထားခြင်း ဖြစ်သည်။ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဝိုင်နီတို့က အသား၏ ညှီနံ့ကို လုံးဝဖုံးအုပ်ထားသည်။ သဘာဝအရ လူသားတို့၏ အနံ့ခံအာရုံသည် ထိုမျှမထက်မြက်လှရာ ဤအခြေအနေမျိုးတွင် အနံ့ကိုအားကိုး၍ ခွဲခြားရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ကျန်ရှိသော တစ်ခုတည်းသော နည်းလမ်းမှာ... မြည်းစမ်းကြည့်ရန်သာ ရှိတော့သည်။

သည်းထိတ်ရင်ဖိုသုခဘုံသည် သွေး၊ ကိုယ်တွင်းအင်္ဂါများနှင့် မိလ္လာနံ့ကဲ့သို့ ရွံရှာဖွယ်ရာ အနံ့အာရုံများကို ဖန်တီးရာတွင် အလွန်ထူးချွန်သော်လည်း ကစားသမားများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ကျော်လွှားနိုင်သရွေ့ သူတို့ မစားနိုင်သည့်အရာ မရှိပေ။ ဖန်စများကို ဝါးစားခြင်း သို့မဟုတ် သံမှိုများကို မျိုချခြင်းတို့ကို လုပ်ဆောင်နိုင်သော်လည်း ၎င်းမှာ အစာရေမျိုပြွန်ကို ထိခိုက်စေကာ အသက်အမှတ် လျော့နည်းခြင်း၊ သွေးထွက်ခြင်းနှင့် ဖျားနာခြင်းတို့ကို ဖြစ်စေပေလိမ့်မည်။

ဆယ်စက္ကန့်ခန့် စိတ်ထဲ ရုန်းကန်ပြီးနောက် ဖုန်းပုကြွယ်သည် ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ သူသည် ကြုံရာစွပ်ပြုတ်ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး ဘာမှမပြောဘဲ ပူနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ခေါင်းမော့ကာ သောက်ချလိုက်တော့သည်။ ဆယ်စက္ကန့်မပြည့်မီမှာပင် သူ အကုန်သောက်ပစ်လိုက်၏။

ရီရူလီက သူ့ကို ကြည့်ရင်း တွေးလိုက်သည်။

'ငါတော့ တခြားရွေးချယ်စရာ မရှိတော့ဘူး၊ ကျန်တဲ့တစ်ခွက်ကို အကုန်သောက်ရမှာပဲ၊ အဆိုးဆုံးဖြစ်ရင် ငါသေရုံပဲပေါ့'

သို့သော် မည်သူက ထင်ထားပါမည်နည်း။ ဖုန်းပုကြွယ်သည် သူ့ပန်းကန်ကို သောက်ပြီးနောက် ဘာမှမပြောဘဲ စားပွဲပေါ်ရှိ ကျန်ပန်းကန်လုံးကိုပါ လှမ်းယူလိုက်သည်။ သူသည် ၎င်းကို နှုတ်ခမ်းသို့ တေ့ကာ တဂွတ်ဂွတ် သောက်ချလိုက်ပြန်သည်။ အလားတူပင် ဆယ်စက္ကန့်မပြည့်မီမှာပင် သူ အကုန်သောက်လိုက်လေတော့သည်။

ရီရူလီ ဆွံ့အသွားခဲ့သည်။ အစပိုင်းတွင် သူမ နားမလည်ခဲ့သော်လည်း စက္ကန့်အနည်းငယ်အကြာတွင် သူမ သဘောပေါက်သွားခဲ့သည်...။ ဖုန်းပုကြွယ် ပထမဆုံးသောက်ခဲ့သော ပန်းကန်မှာ ဝက်သားစွပ်ပြုတ် ဖြစ်ရပေမည်။ ၎င်းကို သောက်ပြီးနောက် စားပွဲပေါ်ရှိ ကျန်ရှိသော ပန်းကန်မှာ လူသားသားဖြင့် ချက်ထားခြင်းဖြစ်ကြောင်း သူသိသွားသည်။ သူမကို ကာကွယ်ရန်အတွက် သူသည် ထိုပန်းကန်ကို သူမဆီမှ လုသောက်လိုက်ခြင်း ဖြစ်ရမည်...။

ဒါက ဖုန်းပုကြွယ်ရဲ့ အစီအစဉ်ပဲ၊ ဒါပေမဲ့ အရာအားလုံးက ထင်သလောက် မရိုးရှင်းပါဘူး။

သူ စွပ်ပြုတ်မသောက်ခင်က "ဘာပဲဖြစ်ဖြစ် သူက မိန်းကလေးပဲလေ" လို့ သူ တွေးခဲ့မိတာ အမှန်ပင်။ ထို့ကြောင့် တတ်နိုင်သမျှ သူအရင်စသောက်ရမည်ဖြစ်သည်။ အကယ်၍ သူ လူသားသားစွပ်ပြုတ်ကို ရွေးမိသွားပါက သေရုံသာ ရှိပေမည်။ အကယ်၍ သူ ဝက်သားစွပ်ပြုတ်ကို ရွေးမိသွားလျှင်လည်း ကျန်လူသားစွပ်ပြုတ်ပန်းကန်ကို သူပဲ လုသောက်လိုက်မည်ဟု ကြံစည်ခဲ့ခြင်းပင်။

ဒါပေမဲ့ အစီအစဉ်ဆိုတာ အစီအစဉ်သက်သက်ပါပဲ... သူ စသောက်လိုက်တဲ့အချိန်မှာပဲ အခြေအနေတွေက ပြောင်းလဲသွားပါပြီ။

ပထမဆုံး သောက်လိုက်သော စွပ်ပြုတ်ပန်းကန်သည် ရိုးရိုးသားသား ပြောရလျှင် အတော်လေးအရသာ ရှိပေသည်။ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေမျိုးတွင်ပင် ထိုအခိုက်အတန့်၌ ဖုန်းပုကြွယ်သည် အရသာရှိသောဟင်းပွဲတစ်ခုကို သုံးဆောင်နေရသကဲ့သို့ ကျေနပ်မှုကို ခံစားလိုက်ရသည်။

ထို့ကြောင့် ထိုစွပ်ပြုတ်သည် လူသားနဲ့ လုပ်ထားခြင်း မဟုတ်ကြောင်း သူအတည်ပြုနိုင်ခဲ့သည်။ အကယ်၍သာ လူသားဖြစ်နေခဲ့လျှင် သူ့ပြဿနာက ကြောက်စိတ်မရှိတာ တစ်ခုတည်း မဟုတ်တော့ဘဲ ပါမောက္ခ ဟန္နီဘယ်လ်ကဲ့သို့ ဝါသနာမျိုး ရှိနေခြင်းလည်း ဖြစ်နိုင်သည်ပင်...။

သို့သော် ဒုတိယပန်းကန်ကို မြည်းစမ်းကြည့်လိုက်ချိန်တွင် ဖုန်းပုကြွယ် ကြောင်အသွားရသည်။ ဒီစွပ်ပြုတ်ရဲ့ အရသာက... ပထမတစ်ခွက်နဲ့ အတူတူပဲဟ။

သူ ဘာမှမစဉ်းစားတော့ဘဲ တစ်ကျိုက်တည်း သောက်ချလိုက်မိသည်။ ပန်းကန်နှစ်လုံးလုံး သောက်ပြီးသွားသောအခါ သူ ဇဝေဇဝါ ဖြစ်သွား၏... ။

"ဘယ်တစ်ခွက်က လူသားဖြစ်ပြီး ဘယ်တစ်ခွက်က စွပ်ပြုတ်လဲ"

"မင်း ဘာလုပ်နေတာလဲ"

အွိုင့်ခ်က ဖုန်းပုကြွယ်ကို စိုက်ကြည့်ရင်း လေသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

"မင်းသူငယ်ချင်းကို ကာကွယ်ပေးတာလား၊ ဟမ့်... ငါ နောက်ထပ် နှစ်ခွက်ထပ်မခပ်နိုင်ဘူးလို့ ထင်နေတာလား"

ထိုစကားကို ကြားလိုက်ရသည့်အခါ ဖုန်းပုကြွယ်သည် စားပွဲကို ဘုန်းခနဲ ရိုက်ကာ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ သူသည် အွိုင့်ခ်ကို အလွန်ပင် ထောင်လွှားသော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။ သူ ထုတ်မပြောလိုက်သော စကားမှာ "ငါ မင်းကို ခြေထိုးမလဲဘူးလို့ မင်း ထင်နေတာလား"

အွိုင့်ခ်ကတော့ မတုန်မလှုပ်ပင်။ သူသည် တည်ငြိမ်စွာ လှည့်ထွက်သွားပြီး မီးဖိုချောင်ထဲသို့ လျှောက်သွားသည်။ လျှောက်သွားရင်းနှင့် သူ ပြောလာသည်။

"ငါ့နောက် လိုက်ခဲ့"

ဤသည်မှာ ဖုန်းပုကြွယ်ကို တိုက်ရိုက်ပြောလိုက်ကြောင်း ထင်ရှားလှသည်။

ရီရူလီက သူ့လက်မောင်းကို အမြန်လှမ်းဆွဲလိုက်သည်။ သူမသည် ဖုန်းပုကြွယ်၏ မျက်လုံးများကို ကြည့်ကာ ခေါင်းခါပြ၏။ အွိုင့်ခ်၏ ဖိတ်ခေါ်မှုသည် ဖုန်းပုကြွယ်ကို ရိက္ခာအဖြစ် လှီးဖြတ်တော့မည့် ဖိတ်ခေါ်မှုဟု သူမယုံကြည်နေလေသည်။

သို့သော် ဖုန်းပုကြွယ်က ပြုံးပြပြီး လက်ဝေ့ယမ်းလိုက်ရုံသာ လုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် မီးအိမ်၏ ပိုင်ဆိုင်မှုကို ရီရူလီထံ ပြန်ပေးခဲ့လိုက်သည်။ သူ မထွက်ခွာမီ သူမ၏ လက်ဖဝါးပေါ်တွင် "ငါ့ကို စောင့်နေပါ" ဟု လက်ညှိုးဖြင့် ရေးခဲ့သည်။ ထို့နောက် သူမကို ထိုင်နေရန် လက်ဟန်ပြထားခဲ့သည်။

အကြောင်းရင်းတချို့ကြောင့် ဖုန်းပုကြွယ်၏ လုပ်ရှားမှုသည် အလွန်စိတ်ချရပုံ ပေါ်နေသည်။ သူ မကြာခင် ပြန်လာလိမ့်မည်ဟု ခံစားရသကဲ့သို့ပင်။

...

အွိုင့်ခ်နောက်သို့ လိုက်ပါကာ မီးဖိုချောင် အထဲပိုင်းသို့ ရောက်သောအခါ ရီရူလီ မရှိတော့သဖြင့် ဖုန်းပုကြွယ်သည် အသံနှိမ့်ကာ စကားပြောနိုင်ခဲ့ပြီ ဖြစ်သည်။ သူက ပါးစပ်ဟ၍ ပြောလိုက်သည်။

"အဲဒီ စွပ်ပြုတ်နှစ်ခွက်လုံးက လူသားနဲ့ လုပ်ထားတာ မဟုတ်ဘူး၊ ဟုတ်တယ်မလား"

"သေချာတာပေါ့ ဘယ်ဟုတ်ပါ့မလဲ"

အွိုင့်ခ်က ဆိုသည်။

"ဒါပေမဲ့ အဲဒါက ငါ မလုပ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး... ငါမင်းကို အထဲကို ဖိတ်ခေါ်ရတာက ငါ့မှာ ဘာတွေရှိလဲဆိုတာ မင်းကို မြင်စေချင်လို့ပဲ"

သူသည် အေးခဲခန်းဆီ လျှောက်သွားပြီး တံခါးကို ၄၅ ဒီဂရီခန့် ဖွင့်လိုက်သည်။ တံခါးရှေ့တွင် မတ်တတ်ရပ်လျက်ပင် သူသည် တစ်မီတာခန့် ရှည်လျားပြီး U ပုံသဏ္ဌာန်ရှိသော အသားတုံးကြီး တစ်တုံးကို ထုတ်ယူလိုက်သည်။ ၎င်းကို သံချိတ်တစ်ခုတွင် ချိတ်ဆွဲထားခြင်းဖြစ်ပြီး လက်တစ်ချက် ဝေ့ယမ်းလိုက်သည့်အခါ ၎င်းမှာ ချက်ပြုတ်စားပွဲပေါ်သို့ ရောက်ရှိသွားသည်။

အနီးကပ် ကြည့်လိုက်သည့်အခါတွင်မူ ၎င်းမှာ လူသားတစ်ဦး၏ ခန္ဓာကိုယ်အောက်ပိုင်း ဖြစ်နေသည်ကို သိလိုက်ရသည်။

"ရေတွင်းထဲက ကလေးက အသက်ရှင်စဉ်က သူရဲဘောကြောင်ခဲ့ပေမဲ့ သူသေသွားတော့ သူ့ရန်သူတင် မကဘဲ သူနဲ့ ဘာမှမပတ်သက်တဲ့ လူဆိုးတွေကိုပါ သတ်ခဲ့တယ်"

အွိုင့်ခ်က ပြောသည်။

"ဒဏ်ရာရထားတာတောင် သူက မငြိမ်မသက် ဖြစ်နေသေးလို့ သူခြေငြိမ်သွားအောင် ငါသူ့ကို နှစ်ပိုင်းဖြတ်ပစ်လိုက်ရတယ်"

စကားပြောနေရင်း ၎င်းသည် ကြီးမားသောအေးခဲသေတ္တာထဲမှ လက်မပါသော အလောင်းတစ်ခုကို ထပ်မံထုတ်ယူကာ ပြောလိုက်သည်။

"ဒါကတော့ ရယ်စရာကောင်းတဲ့ ဂီတဆရာပဲ၊ သူ အသက်ရှင်ခဲ့တုန်းက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးခဲ့တာလေ၊ ကျောင်းဆရာလုပ်ရတာက ပါရမီဖြုန်းတီးတာလို့ သူ ခံစားခဲ့ရတယ်၊ သူက အမြဲတမ်း တေးရေးဆရာ ဖြစ်ချင်ခဲ့တာ၊ ဒါပေမဲ့ သူရေးတဲ့ အရာတွေက အမှိုက်တွေချည်းပဲ၊ တစ်နေ့မှာတော့ ဂီတခန်းထဲမှာ သူတစ်ယောက်တည်း အမှိုက်တွေ ရေးနေရင်းနဲ့ နှလုံးရပ်ပြီး သေသွားခဲ့တယ်၊ အခုတော့ တခြားသူတွေကို သူ့ရဲ့ ဖျော်ဖြေမှုကို အတင်းနားထောင်ခိုင်းတဲ့ သရဲတစ်ကောင် ဖြစ်နေတာပေါ့"

ဤနေရာသို့ ရောက်သောအခါ ဖုန်းပုကြွယ်သည် နောက်ထပ် ဘာဖြစ်လာမည်ကို ယေဘုယျအားဖြင့် ခန့်မှန်းမိသွားသည်။

"ခန့်မှန်းကြည့်ပါရစေ... အေးခဲသေတ္တာထဲမှာ သေဆုံးနေတဲ့ ကလေးတစ်ယောက် ရှိနေတယ် မဟုတ်လား"

"အဲဒီကလေးကို မင်း သတ်လိုက်တာလေ"

အွိုင့်ခ်က ပြန်ဖြေသည်။ သူသည် ရေခဲသေတ္တာထဲမှ ဗိုက်ခွဲထုတ်ခံထားရသော အမျိုးသမီး အလောင်းတစ်ခုကို ထုတ်ယူလိုက်သည်။

"ဒါက သူ့အမေပဲ၊ မင်း ခန့်မှန်းတဲ့အတိုင်းပါပဲ၊ သူက ကိုယ့်ကိုယ်ကိုယ် အဆုံးမသတ်ခင်မှာ မကျေနပ်ချက်တွေနဲ့ ကိုယ်ဝန်ရှိနေတဲ့ သူ့ဗိုက်ကို ခွဲခဲ့တာ"

ထို့နောက် အွိုင့်ခ်သည် အေးခဲခန်းတံခါးကို ပိတ်လိုက်ပြီး ဗီရိုတစ်ခုထဲမှ ဖန်ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ပုလင်းထဲတွင် သွေးများဖြင့် ပြည့်နေပြီး လူ့မျက်လုံးနှစ်လုံးကို ၎င်းအတွင်း၌ စိမ်ထားလေသည်။

"ဒါကတော့ လှပတဲ့ မိန်းကလေးတစ်ယောက်ပဲ၊ အထူးသဖြင့် သူ့မျက်လုံးတွေက အရမ်းကို ဆွဲဆောင်မှု ရှိခဲ့တာ၊ သူက အရမ်းကို အလှကြိုက်ပြီး သူ့ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် သူ့ရဲ့ အလှအပကို ဘယ်လိုသုံးရမလဲဆိုတာ ကောင်းကောင်း သိခဲ့တယ်၊ သူက ယောင်္ကျားလေး အများကြီးနဲ့ တစ်ပြိုင်တည်း တွဲခဲ့ပြီး သူစိတ်ကျေနပ်ဖို့အတွက် ဈေးကြီးတဲ့ပစ္စည်းတွေကို ဝယ်ခိုင်းခဲ့တယ်”

“တစ်နေ့မှာတော့ သူ့ကို မနာလိုဖြစ်နေတဲ့ မိန်းကလေးအချို့က သူ့ခေါင်းကို ရေဖြည့်ထားတဲ့ လက်ဆေးကန်ထဲ အတင်းထိုးထည့်ခဲ့ကြတယ်၊ သူတို့က 'သင်ခန်းစာ ပေးရုံ' ပဲ လုပ်ချင်ခဲ့တာ၊ ဒါပေမဲ့ သူတို့က မနာလိုစိတ်တွေနဲ့ မျက်စိကွယ်နေခဲ့ကြပြီး သူတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ထဲကနေ အပြစ်တွေက လျှံကျလာခဲ့တယ်၊ မိန်းကလေးရဲ့ အဆုတ်ထဲက သွေးတွေက ရေကို နီရဲသွားစေတဲ့အခါကျမှ သူတို့ဟာ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခု ဖြစ်သွားပြီဆိုတာ သိလိုက်ကြရတာ"

သူ ခေတ္တရပ်လိုက်သည်။

"ဒီသရဲရဲ့ နာကြည်းမှုက အရမ်းပြင်းထန်ပြီး လူတွေအများကြီးကို သတ်ခဲ့တယ်၊ ငါ သူ့မျက်လုံးတွေကို ကော်ထုတ်လိုက်တာတောင် သူက မရပ်ခဲ့ဘူး၊ ပိုဆိုးတာက သူ့မှာ မျက်လုံးတွေစုဆောင်းတဲ့အကျင့် ပိုတိုးလာတာပဲ ရှိတယ်"

ဖုန်းပုကြွယ်က ပြောသည်။

"ဒါဆို... ၁၃ထစ်မြောက် လှေကားထစ်ကနေ သွားနိုင်တဲ့ နယ်မြေဟာလည်း ခင်ဗျားနဲ့ ပတ်သက်နေတာပေါ့"

"အစောပိုင်းက သရဲတွေ သတ်လိုက်တဲ့လူတွေ ဘယ်ရောက်ကုန်ပြီလို့ မင်းထင်လို့လဲ"

အွိုင့်ခ်က ပြန်ဖြေသည်။

"အာ... ခင်ဗျားက သေဆုံးသွားတဲ့ ဝိညာဉ်တွေအတွက် အမှိုက်ပုံးတစ်ခုအဖြစ် အဲဒီနယ်မြေကို ဖန်တီးခဲ့တာလား"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"ဒါပေမဲ့ အခု အပြင်က သရဲတွေကရော ဘာဖြစ်နေတာလဲ"

"ဒါကို ငါက မင်းကို ပြန်မေးသင့်တာ"

အွိုင့်ခ်က ဆိုသည်။ အွိုင့်ခ်က မေးလိုက်သည်။

"ကျောင်းအပြင်ဘက်က သရဲတွေက ဘာလို့ မင်းနောက်လိုက်ဖို့ ဒီမှာစုဝေးနေကြတာလဲ"

ထိုစကားက ဖုန်းပုကြွယ်ကို တစ်ခုခု သဘောပေါက်သွားစေသည်။ စည်းကမ်းများကို ချိုးဖောက်ပြီးနောက် စနစ်က သူတို့ကို လိုက်လံရန် တာဝန်ပေးထားသော သရဲများသည် ယဲ့ကျဲ အထက်တန်းကျောင်းနှင့် ဘာမှ မပတ်သက်ပေ။

"ကျွန်တော်လည်း မသိဘူး..."

သူက မထူးခြားနားသလို ပြန်ဖြေလိုက်ပြီး အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်သည်။

"ခင်ဗျား ဒါတွေအားလုံးကို ကျွန်တော့်ကို ပြောပြနေတာက ခင်ဗျားဟာ ဒီနေရာရဲ့ အစောင့်အရှောက်လို ဖြစ်နေလို့ပဲ မဟုတ်လား၊ ဒါဆို ကျွန်တော်မေးပါရစေ၊ ခင်ဗျားက ဘာလို့ လူသားစွပ်ပြုတ်လုပ်ဖို့ ဒီရောက်နေတာလဲ၊ အဲဒါအပြင် သီချင်းရဲ့ နောက်ဆုံးစာကြောင်းရဲ့ အဓိပ္ပာယ်က ဘာလဲ"

"သဘာဝကျစွာပဲ၊ ငါက မင်းကို ကူညီဖို့ ဒီရောက်နေတာပေါ့"

အွိုင့်ခ်က ဆိုသည်။

"ဒါမှမဟုတ် စွပ်ပြုတ်ကို သောက်ဖို့ သတ္တိရှိတဲ့သူတွေကို ကူညီဖို့လို့ပြောရင် ပိုမှန်လိမ့်မယ်"

ထိုစကားကို ကြားလိုက်ရသည့်အခါ ဖုန်းပုကြွယ်သည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူသည် ဂိမ်းမီနူးကို ဖွင့်ကြည့်လိုက်ပြီး တစ်ခုခုမှားနေကြောင်း သူ သိလိုက်ရသည်...။ သူ တစ်ခုခု မှားယွင်းလုပ်ဆောင်မိခဲ့ချေပြီ။ ထိုစွပ်ပြုတ်နှစ်ပန်းကန်သည် သူ၏ အသက်အမှတ်ကို ပြန်လည်ဖြည့်ပေးနိုင်ခြင်း ဖြစ်သည်။ ယခုအခါ သူ့အသက်အမှတ်က ပြည့်နေပြီ ဖြစ်သည်။ စွပ်ပြုတ်တစ်ပန်းကန်က မည်မျှ ပြန်ဖြည့်ပေးနိုင်သည်ကို သူမသိသော်လည်း ယခုကဲ့သို့ သောက်လိုက်ခြင်းသည် အမှန်တကယ်ဖြုန်းတီးမှုတစ်ခု ဖြစ်သွားခဲ့သည်။

သူ ထိုအချက်ကို စဉ်းစားကြည့်ပြီး ဤမစ်ရှင်၌ မြင်ရသည်ထက် ပိုမိုနက်ရှိုင်းသောအရာများ ရှိနေကြောင်း သိလိုက်ရသည်။ ဤသည်မှာ သတ္တိကို စမ်းသပ်ခြင်းသာမက ဘယ်သူက စွပ်ပြုတ်ကို အရင်သောက်မလဲနှင့် သောက်ပြီးနောက် ဘယ်လိုတုံ့ပြန်မလဲဆိုသည်ကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။

အကယ်၍ ဤတာဝန်ကို ကစားသမား တစ်ဦးတည်းကသာ ရင်ဆိုင်ရမည်ဆိုပါက ၎င်းမှာ သတ္တိကို စမ်းသပ်ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ကစားသမား နှစ်ဦးရှိနေပါက ကွဲပြားခြားနားမှုများ ရှိလာပေမည်။ အကယ်၍ သူတို့နှစ်ဦးစလုံးတွင် ကိုယ်ပိုင် အစီအစဉ်များ ရှိနေပါက လူသားစွပ်ပြုတ်ကို သောက်မိမှာ ကြောက်သဖြင့် မည်သူမျှ အရင်သောက်ရဲမည် မဟုတ်ပေ။ သို့သော် တစ်ချိန်တည်းမှာပင် အခြားတစ်ယောက်က အရင်သောက်ပေးဖို့ကိုလည်း မျှော်လင့်နေကြပေလိမ့်မည်...။

"သီချင်းရဲ့ နောက်ဆုံးစာကြောင်းနဲ့ ပတ်သက်လို့ကတော့"

အွိုင့်ခ်က ဆက်ပြောသည်။

"မင်း ကျောင်းဂိတ်ဝကို ရောက်တဲ့အခါ နားလည်သွားပါလိမ့်မယ်"

"ဟင်... အဲလိုလား..."

ဖုန်းပုကြွယ်က အတွေးတစ်ချို့ဖြင့် ပြန်ဖြေလိုက်သည်။ အွိုင့်ခ့်၏ စကားများက သူ့ကို 'စဉ်းစားမရသော ထူးဆန်းသည့်ဖြစ်ရပ် ခုနစ်ခု' အနက် နောက်ဆုံးတာဝန်ကို စတင်နိုင်မည့် နေရာကို ပြောပြလိုက်ခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်။

ထို့နောက် ဖုန်းပုကြွယ်က မေးသည်။

"တောင်းပန်ပါတယ်... ဒါပေမဲ့ စောစောက ခင်ဗျားပေးခဲ့တဲ့ စွပ်ပြုတ်မျိုး နောက်ထပ် တစ်ခွက်လောက် ရနိုင်မလား"

"မင်းရဲ့ အဖော်ကို ပေးချင်လို့လား"

အွိုင့်ခ်က ပြန်ဖြေသည်။

"ရတာပေါ့..."

သူသည် နှစ်စက္ကန့်ခန့် ရပ်ပြီးမှ ဆက်ပြောသည်။

"ဒါပေမဲ့ တတိယမြောက်ပန်းကန်ကတော့ အပိုပဲ၊ အဲဒီအတွက် မင်းငါ့ကို အပြန်အလှန်အနေနဲ့ ဘာပေးမလဲ" အွိုင့်ခ်၏ မျက်လုံးများသည် ရုတ်တရက် ခြိမ်းခြောက်မှု ရှိလာခဲ့သည်။

"လက်တစ်ဖက်လား၊ ဒါမှမဟုတ် မျက်လုံးတစ်စုံလား"

ဖုန်းပုကြွယ်သည် တစ်ခုခု မဟုတ်တော့သလို ခံစားလိုက်ရသည်။ ဤ 'ကောင်းကင်ဘုံ၏ သားသတ်သမား' မှာ ကောင်းလား ဆိုးလားကို ခွဲခြားမရပေ။ နောက်တစ်စက္ကန့်တွင် သူသည် မိတ်ဆွေ ဖြစ်နေမလား သို့မဟုတ် ရန်သူ ဖြစ်လာမလားဆိုသည်ကို ဘယ်သူမှ မသိနိုင်ပေ။ လက်နှင့် မျက်လုံးများဟူသော စကားကို ကြားလိုက်ရသဖြင့် ဖုန်းပုကြွယ်သည် ဗီဇအရ သူ့အိတ်ထဲမှ မီးဖိုချောင်သုံးဓားကို ထုတ်ယူလိုက်ပြီး သူ့ကိုယ်သူကာကွယ်ရန်အတွက် ကောင်ဆိုးလေး၏ အောက်ပိုင်းဝိုက်ကန်ချက်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။

"မီးဖိုချောင်သုံးဓားတစ်လက်လား"

အွိုင့်ခ်သည် ဖုန်းပုကြွယ်လက်ထဲမှ ထိုလက်နက်ကို လုယူလိုက်သည်။ ၎င်းမှာ အလွန်ပင် လျင်မြန်လှသဖြင့် ဖုန်းပုကြွယ် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။

"ကြည့်ရတာ သိပ်မဆိုးပါဘူး..."

သူသည် ၎င်းကို သူ့လက်ထဲတွင် ချိန်ဆကြည့်ပြီး ဝေ့ယမ်းကြည့်လိုက်သည်။ သူသည် ဖုန်းပုကြွယ်ကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ပြီး ဆိုလေသည်။

“သွား စွပ်ပြုတ်သွားယူတော့”

အခန်း (၈၂)

ဖုန်းပုကြွယ် စိတ်သက်သာရစွာ သက်ပြင်းချလိုက်မိသည်။ မာရီယို၏ ဂွကို မထုတ်ခဲ့မိသည်မှာ ကံကောင်းသည်ဟု သူ မှတ်ယူမိ၏။ အကယ်၍သာ အွိုင့်ခ်က ထိုထူးကဲအဆင့်လက်နက်ကို သိမ်းယူသွားပါက သူအရှုံးပေးရုံမှတစ်ပါး အခြားနည်းလမ်း ရှိတော့မည်မဟုတ်ပေ။

အမှန်တကယ်တော့ ထိုနေရာတွင် မီးဖိုချောင်သုံးဓားကို ဆုံးရှုံးလိုက်ရခြင်းက နစ်နာမှုတော့ မဟုတ်ပါ။ ကြီးမားသော ဇာတ်လမ်းတစ်ခုအတွင်း အလွယ်တကူ ရှာဖွေနိုင်သည့် သာမန်အိုင်တမ်တစ်ခုကို ပေးကာ အသက်အမှတ် ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ထူးခြားသောအရာတစ်ခုနှင့် လဲလှယ်လိုက်ခြင်းသည် တရားမျှတသော အရောင်းအဝယ်တစ်ခုပင် ဖြစ်သည်။

ဖုန်းပုကြွယ်သည် ပန်းကန်လုံးတစ်ခုကို ယူကာ မီးဖိုဆီသို့ လျှောက်သွားလိုက်သည်။ သူသည် အိုးနှစ်လုံး၏ အဖုံးများကို ဖွင့်၍ အထဲသို့ ကြည့်လိုက်၏။ စွပ်ပြုတ်ကို မွှေရန်အတွက် ယောက်မကိုပင် အသုံးပြုခဲ့သေးသည်။ အိုးနှစ်လုံးစလုံး၏ ပါဝင်ပစ္စည်းမှာ အတူတူပင် ဖြစ်သည်။ စွပ်ပြုတ်ထဲတွင် ဝက်သားနှင့် အရိုးများကို တွေ့ရပြီး ဘေးကောင်တာပေါ်တွင်မူ ပိုလျှံနေသော ဝက်ဆီခဲနှင့် အရေခွံများကို တွေ့ရသည်။ ထိုအရာကို မြင်လိုက်ရသောအခါ ဖုန်းပုကြွယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူသည် တစ်ဆက်တည်းမှာပင်... အကယ်၍ သူသာ အွိုင့်ခ်နေရာတွင် ရှိနေပါက မိမိနှင့် မျိုးနွယ်တူ၏ အလောင်းကို ချက်ပြုတ်ရန် သတ္တိရှိပါ့မလားဟု တွေးတောမိသည်။ ထိုသို့ လုပ်ဆောင်နေချိန်တွင် မည်သို့သော ခံစားချက်မျိုး ရှိနေမည်နည်း။

ထိုအချိန်တွင် အွိုင့်ခ် လျှောက်လာခဲ့သည်။ သူသည် ဖုန်းပုကြွယ်၏ အတွေးများကို ဖတ်မိပုံရသည်။ သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။

"ငါ မွေးဖွားခဲ့တဲ့နေရာဟာ အလိမ်အညာတွေနဲ့ ကျွန်ပြုမှုတွေနဲ့ ပြည့်နှက်နေတာ၊ စဉ်းစားတွေးခေါ်ခွင့် မရှိဘူး၊ ဘုန်းကြီးတွေက ငါတို့ကို ကိုယ့်နေရာကိုယ်သိဖို့နဲ့ ကိုယ့်ဆီရောက်လာသမျှကို လက်ခံဖို့ပဲ သင်ပေးတယ်၊ ငါသားသတ်ရုံမှာ ဝက်တွေ အများကြီးကို ကိုင်တွယ်ခဲ့ပြီးပြီ၊ နေ့တိုင်းလည်း ဒီအလုပ်ကိုပဲ လုပ်ခဲ့တာ၊ သူတို့ကို ချက်ပြုတ်တာက ဘာမှ မဟုတ်ပါဘူး"

ဖုန်းပုကြွယ် ဘာပြန်ပြောရမှန်း မသိသဖြင့် ခေါင်းသာ ငြိမ့်ပြလိုက်တော့သည်။

သူသည် စွပ်ပြုတ်တစ်ပန်းကန်ကို အလျင်အမြန် ခပ်ယူ၍ လက်နှစ်ဖက်ဖြင့် ကိုင်လျက် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ သူ မထွက်ခွာမီ အွိုင့်ခ်ကို လှည့်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ အင်း... ဂွတ်ဘိုင်"

အွိုင့်ခ်က ပြန်မဖြေခဲ့ပေ။ ဖုန်းပုကြွယ် မီးဖိုချောင်ထဲမှ ထွက်လာသောအခါ မီးဖိုချောင်အတွင်းရှိ မီးများက ရုတ်တရက် မှိန်ဖျော့သွားခဲ့ပြီး ဝက်မျက်နှာနှင့် လူကြီး၏ ခန္ဓာကိုယ်ကြီးသည် အမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

“ပင်မတာဝန် တိုးတက်မှု အဆင့်မြှင့်တင်ပြီးပါပြီ”

“ယဲ့ကျဲ အထက်တန်းကျောင်းကို စူးစမ်းလေ့လာပြီး သဘာဝလွန်ဖြစ်ရပ် ၇ ခုကို ရှင်းလင်းပါ။ လက်ရှိ တိုးတက်မှု ၆/၇”

စနစ်၏ ကြေညာချက်ကို ကြားလိုက်ရပြီး ဖုန်းပုကြွယ် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါမှ ရီရူလီ စိတ်အေးသွားကာ သက်ပြင်းချလိုက်မိသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်သည် ယခင် တစ်နာရီထက်ပင် ပိုခံရခက်လှသည်။ သူမသည် ဆူးများပေါ် ထိုင်နေရသကဲ့သို့ ခံစားနေခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ ဖုန်းပုကြွယ်သာ ထွက်သွားပြီး ပြန်မလာတော့ပါက သူမကိုယ်သူမ အပြစ်တင်မိပေလိမ့်မည်။

သူမ၏ အမြင်အရ ဇာတ်လမ်းဤအခြေအနေသို့ ရောက်ရှိလာခြင်းမှာ သူမကြောင့်သာ ဖြစ်သည်ဟု ယူဆထား၏။ သို့သော် ဖုန်းပုကြွယ် ကိုင်ဆောင်လာသည့် အရာကို မြင်လိုက်ရသည့်အခါ ရီရူလီ၏ ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရမှုတို့က အံ့ဩတုန်လှုပ်မှုနှင့် သံသယများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

'ဒါက ဘာအဓိပ္ပာယ်လဲ၊ သူက သောက်ရတာကို စွဲလမ်းသွားတာလား' သူက အစောပိုင်းက နှစ်ခွက်လုံး အကုန်သောက်ခဲ့ပြီးပြီပဲ၊ အခု နောက်ထပ်တစ်ခွက်ပါ ယူလာပြန်ပြီလား’

ဖုန်းပုကြွယ်သည် စွပ်ပြုတ်ကို သူမရှေ့သို့ ယူဆောင်လာပြီး စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူသည် ရီရူလီကို လက်ညှိုးဖြင့် ညွှန်ပြလိုက်၏။ ၎င်းနောက် သူသည် လက်ဖဝါးကို မြှောက်ကာ ပန်းကန်ကို ကိုင်ထားသည့်ပုံစံမျိုး ပြလိုက်သည်။ သူ့ပါးစပ်ဖြင့်လည်း သောက်ဟန်ပြကာ ရီရူလီကို ထိုစွပ်ပြုတ်အား သောက်ရန် ညွှန်ကြားလိုက်သည်။ တစ်ဖက်လူမှာ ထိုစွပ်ပြုတ်သည် အသက်အမှတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ကြောင်း မသိသဖြင့် ဖုန်းပုကြွယ်က ရှင်းပြရန်အတွက် နောက်ထပ် လက်ဟန်ခြေဟန် အချို့ကိုပါ ထည့်သွင်း အသုံးပြုခဲ့သည်။

ရီရူလီသည် ဖြစ်ပျက်နေသည်ကို နားလည်သွားပြီးနောက် စွပ်ပြုတ်ရည်ကို သောက်လိုက်လေသည်။ ထို့နောက် သူမ ဂိမ်းမီနူးကို စစ်ဆေးလိုက်၏။ သူမ၏ အသက်အမှတ်မှာ ၂၁ ရာခိုင်နှုန်းမှ ပြန်တက်လာခဲ့သည်။ သူမသည် အသက်အမှတ် အပြည့်ပြန်ဖြစ်သွားပြီ ဖြစ်ကြောင်း ဖုန်းပုကြွယ်ကို လက်ဟန်ပြလိုက်သည်။

ဖုန်းပုကြွယ်က ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် မီးအိမ်ကို သူမထံမှ ပြန်ယူလိုက်ပြီးနောက် ရှေ့မှ စတင်ထွက်ခွာခဲ့သည်။

နှစ်ဦးသား ကန်တင်းထဲမှ ထွက်လာသောအခါ သရဲများသည် အရပ်မျက်နှာအသီးသီးမှ သူတို့ဆီသို့ အုံလိုက်ကျင်းလိုက် တိုးဝင်လာကြတော့သည်။ နူးညံ့သော ဆံပင်များရှိသည့် မကောင်းဆိုးဝါးများ၊ နှာခေါင်းများ ပြဲနေသော အကောင်များ၊ အကြေးခွံများရှိသော ခန္ဓာကိုယ်များနှင့် တစ်ပိုင်းတစ်စ မြင်နေရသော မျက်နှာဖုံးများ... ဤမြင်ကွင်းသည် ဖုန်းပုကြွယ်အား ဆမ် မွန်တီယာထိန်းချုပ်ထားသည့် အထီးကျန်မြို့ကလေးကို သတိရသွားစေသည်။ ထိုဇာတ်လမ်းကို မအောင်မြင်မီကလည်း သူနှင့် သူ့အသင်းဖော်များသည် မကောင်းဆိုးဝါးအုပ်စုကြီး၏ ဝိုင်းရံခြင်းကို ခံခဲ့ရဖူးသည်။ သို့သော် ကွဲပြားမှုတစ်ခုတော့ ရှိပေသည်။ ထိုစဉ်က သူကြုံတွေ့ခဲ့ရသော မကောင်းဆိုးဝါးအများစုသည် အနောက်တိုင်း ဒဏ္ဍာရီလာ 'နတ်ဆိုး'များနှင့် ဆက်စပ်နေသော်လည်း ယခု သူနှင့် ရီရူလီတို့ကို လိုက်လံနေသော မကောင်းဆိုးဝါးများမှာမူ အရှေ့တိုင်း ရိုးရာအရောင်အသွေးရှိသည့် 'သရဲ' များသာ ဖြစ်ကြသည်။

ရပ်နားနေရန် အချိန်မရှိပေ။ ဖုန်းပုကြွယ်က မီးအိမ်ကို ကိုင်၍ ရှေ့မှ လမ်းပြထား၏။ သူက ပြေးပြီး ရီရူလီက နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ သူမတွင် ဂျက်ဇ်အကစွမ်းရည် မရှိသော်လည်း ဖုန်းပုကြွယ်၏ အရှိန်ကို အမီလိုက်ရန် သူမအတွက် မခက်ခဲလှပေ။

သူတို့နှစ်ဦးလုံး၏ အသက်အမှတ်မှာ အပြည့်ဖြစ်နေပြီ ဖြစ်သည်။ တစ်နာရီကြာ အနားယူပြီးနောက်တွင် သူတို့၏ သက်လုံအမှတ်များလည်း ပြည့်သွားပြီ ဖြစ်သည်။ သရဲများ၏ လိုက်လံမှုကို ခံနေရသော်လည်း နောက်ဆုံးတာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ဖုန်းပုကြွယ်နှင့် ရီရူလီတို့ ယုံကြည်မှု ရှိနေကြသည်။

သူတို့က ပြေးပြီး သရဲများက လိုက်ကြသည်။ ပင်မအဆောက်အဦးကြီးကို ပတ်ပြေးပြီးနောက် သူတို့နှစ်ဦးမှာ ကွင်းပြင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

ကျောင်းဂိတ်ဝရှေ့ရှိ လရောင်အောက်တွင် အဝေးမှနေ၍... တစ်ကိုယ်တည်း ရပ်နေသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ မဟုတ်ဘူး... သရဲပုံရိပ်တစ်ခုပဲ။

၎င်းမှာ အနီရောင်ဂါဝန် ဝတ်ထားသော ကောင်မလေးတစ်ဦး ဖြစ်သည်။ သူမ ဖုန်းပုကြွယ်နှင့် ရီရူလီတို့၏ မြင်ကွင်းထဲသို့ ဝင်လာချိန်တွင် သီချင်းသံက တစ်ဖန် ပြန်လည်ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ ထိုသရဲမလေးကိုယ်တိုင် တိုက်ရိုက် သီဆိုလိုက်ခြင်း ဖြစ်သည်။

သူမ၏ သီဆိုသံနှင့်အတူ ပတ်ဝန်းကျင်ရှုခင်းများက စတင် ပြောင်းလဲလာတော့သည်။ တောက်ပနေသော လမင်းကြီးသည် အနက်ရောင်လိုက်ကာတစ်လွှာဖြင့် ဖုံးအုပ်ခံလိုက်ရပြီး ဝိုးတဝါးသာ မြင်ရတော့သည်။ သူတို့နှစ်ဦး၏ နောက်ရှိ ကျောင်းဆောင်၊ အပင်များ၊ အားကစားကွင်း အသုံးအဆောင်များနှင့် အခြားအရာအားလုံး ပျောက်ကွယ်သွားပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော သင်္ချိုင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဖုန်းပုကြွယ်နှင့် ရီရူလီတို့ ထိုကောင်မလေးရှေ့သို့ ရောက်ရှိလာသောအခါ သူမသည် သီချင်း၏ နောက်ဆုံးစာကြောင်းသို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် ဤစာကြောင်းမှာ သူတို့ အရင်က ကြားဖူးသည်နှင့် ကွဲပြားနေလေသည်။

"ကြောက်မက်ဖွယ် သွေးရောင်တွေလွှမ်းလို့... သရဲတွေက မင်းနောက်ကို လိုက်နေတယ်၊ ဖြေးဖြေးသွားပါ၊ ဖြေးဖြေးသွားပါ... ငရဲလမ်းဟာ လူတွေ လျှောက်လှမ်းဖို့ ခက်ခဲလှတယ်"

ဟာလာဟင်းလင်းဖြစ်နေပြီး ဝမ်းနည်းဖွယ်ကောင်းသော အသံက ထိုနေရာတွင် ရပ်တန့်သွားခဲ့သည်။

ကောင်မလေးက တဟိဟိ ရယ်မောလိုက်သည်။ သူမ၏ ရယ်သံမှာ ဆံပင်မွှေးများ အဆုံးထိ ထောင်ထသွားစေနိုင်၏။ ထို့နောက် သူမသည် ပါးစပ်ကို ဖြဲကာ ပြောလိုက်သည်။

"ဦးဦး၊ ဒေါ်ဒေါ်၊ သမီးနဲ့အတူ လာနေပေးကြပါလားဟင်"

ဤနေရာတွင် သူမ၏ ဒွာဒရခုနစ်ပေါက်မှ သွေးမည်းများ စီးကျလာပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လေထဲသို့ လွင့်ပျံသွားတော့သည်။

“လက်ရှိတာဝန် ပြောင်းလဲသွားပြီ။ ပင်မတာဝန် အဆင့်မြှင့်တင်ပြီးပါပြီ”

“ဖုန်းရီကျစ်ရဲ့ ဝိညာဉ်ကို နှိမ်နင်းပါ”

“စကားပြောဆိုခွင့် ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပါပြီ။ တာဝန် မအောင်မြင်မချင်း သို့မဟုတ် ကစားသမားအားလုံး မသေမချင်း သရဲများ၏ လိုက်လံခြင်းက ဆက်ရှိနေပါလိမ့်မည်။”

ဖုန်းပုကြွယ် ပြန်လည်စကားပြောနိုင်လာသည့်အခါ သူ့ပါးစပ်မှ ပထမဆုံး ထွက်လာသည့် စကားမှာ ဤသို့ဖြစ်သည်။

"ဘယ်သူက မင်းဦးဦးလဲ"

သူက အော်ဟစ်လိုက်ပြီး မီးအိမ်ကို သိမ်းကာ မြေပြင်ကို ဆောင့်နင်းလိုက်သည်။ သူသည် ယုန်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ကျားတစ်ကောင်လို အင်အားဖြင့် ဂွကို ထုတ်ကာ ထိုမကောင်းဆိုးဝါး၏ မျက်နှာကို လွှဲခုတ်လိုက်တော့သည်။

ဘုန်းခနဲ မြည်သံနှင့်အတူ ပစ်မှတ်ကို ထိမှန်သွားခဲ့သည်။ ဖုန်းရီကျစ်၏ မျက်နှာပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး သွေးမည်းများ ပန်းထွက်လာ၏။ သို့သော် ဤဇာတ်လမ်း၏ နောက်ဆုံးဘော့စ်တစ်ကောင်အနေဖြင့် သူမသည် အလွယ်တကူ သေဆုံးသွားမည် မဟုတ်ပေ။ သူမ လေထဲတွင် လွင့်မျောနေဆဲဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် ဤတိုက်ခိုက်မှုမှာ သေစေနိုင်လောက်သည့်ဒဏ်ရာ မဟုတ်ကြောင်း သိသာလှသည်။

ဖုန်းပုကြွယ်သည် ထိုသရဲမ၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ညှစ်ထားပြီး ဂွကို အသုံးပြုကာ တရစပ် ရိုက်နှက်တော့သည်။ သူသည် သူ့မျက်နှာပေါ်သို့ စင်လာသော သွေးများကိုပင် ဂရုမစိုက်တော့ချေ။ သူ ရိုက်နှက်နေရင်းနှင့် "မင်း ငါ့ကို အစ်ကိုလို့ ခေါ်ရမှာကွ" ဟုလည်း ထပ်ပြောလိုက်သေးသည်။

"ဟား ဟား ဟား ဟား... ဟား ဟား ဟား ဟား..."

ဖုန်းရီကျစ်သည် ရူးသွပ်စွာ စတင်ရယ်မောတော့သည်။ သူမဦးခေါင်းအတွင်းရှိ အရိုးများ ပုံပျက်သွားသော်လည်း သူမ ဂရုမစိုက်ပေ။ ထို့အပြင် ဦးနှောက်ထိခိုက်ခြင်း အာနိသင်မှာလည်း သူမအပေါ်တွင် တစ်ကြိမ်မှ ဖြစ်ပေါ်မလာခဲ့ပေ။

ထိုအစား ဖုန်းပုကြွယ်၏ အသက်အမှတ်မှာမူ ဆန်းကြယ်စွာ လျော့နည်းလာခဲ့သည်။ သွေးမည်းများကြောင့်လား၊ ရယ်သံကြောင့်လား ဒါမှမဟုတ် သာမန် ထိတွေ့မှုကြောင့်လား။ သူ လောလောဆယ် မသိနိုင်သေးသဖြင့် သူလုပ်နိုင်သည်မှာ သူ၏ တိုက်ခိုက်မှုများက သက်ရောက်မှုတချို့ ရှိလိမ့်မည်ဟု မျှော်လင့်လျက်ဖြင့် ဆက်လက် ရိုက်နှက်နေရန်သာ ရှိတော့သည်။

ရီရူလီသည် ဤအခြေအနေကို ဘေးမှကြည့်ရင်း ရယ်ချင်နေမိသည်။ အမှန်တကယ်တော့ သူမသည်လည်း ထို 'ဒေါ်ဒေါ်' ဟူသော စကားကို လှောင်ပြောင်ချင်သော်လည်း ဖုန်းပုကြွယ်၏ စိတ်တိုတတ်ပြီး ကိုယ်ကျင့်တရားမဲ့သော တုံ့ပြန်မှုကို မြင်လိုက်ရသည့်အခါ သူမ စိတ်တည်ငြိမ်သွားခဲ့သည်။ သူမသည် သူမ၏ အစ်ကိုပုကြွယ်နှင့် လှေတစ်စင်းတည်း မစီးသင့်ကြောင်း သဘောပေါက်သွားရသည်။

"ရှင့်ရဲ့ မှော်အတတ်ကျွမ်းကျင်မှု ပွင့်သွားပြီလား"

ရီရူလီက သူမ၏ ဓားကို ကိုင်ဆောင်၍ လျှောက်လာရင်း မေးလိုက်သည်။ သူမ၏ လှုပ်ရှားမှုများသည် မမြန်သလို မနှေးကွေးပေ။ သင်္ချိုင်းမှ ထွက်ပေါ်လာသော သရဲအုပ်စုကြီးသည် သူမအပေါ် မည်သည့် ဖိအားမှ ပေးနိုင်ပုံမရပေ။ အကြောင်းမှာ သူမ၏ မျက်လုံးများသည် သူမ သတ်ရမည့်ပစ်မှတ်ကိုသာ စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။

"အင်း ပွင့်ပြီ"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"ဘာဖြစ်လို့လဲ"

ထိုမေးခွန်းကို မေးပြီး တစ်စက္ကန့်အကြာတွင် အဖြေကို သူသဘောပေါက်သွား၏။

"အိုး... မှော်အတတ်ကျွမ်းကျင်မှု ရှိတဲ့သူတွေပဲ ဒီသရဲတွေကို တိုက်ရိုက် 'ထိတွေ့' နိုင်တာပေါ့ ဟုတ်လား"

"အင်း"

ရီရူလီသည် သူမ၏ ပုံမှန်အတိုင်း လိုရင်းတိုရှင်းစတိုင်သို့ ပြန်လည်ရောက်ရှိသွားသည်။ ပြန်ဖြေပြီးနောက် သူမသည် ဖုန်းရီကျစ်ဘေးနားသို့ ချက်ချင်း ရောက်ရှိသွားသည်။ သူမ၏ နှလုံးသားသည် ငြိမ်သက်နေသော ရေပြင်ကဲ့သို့ ဖြစ်နေပြီး သူမ၏ မျက်လုံးများကမူ အေးစက်လှသည်။ သူမ၏ ဓားက လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။

အေးစက်စက်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ဖုန်းပုကြွယ် တုံ့ပြန်ချိန်မရလိုက်မီ ဖုန်းရီကျစ်မှာ ခါးမှနေ၍ နှစ်ပိုင်းပြတ်သွားတော့သည်။ စူးရှသော အော်ဟစ်သံတစ်ခုက ညအမှောင်အတွင်း ဟိန်းထွက်သွား၏။ နောက်တစ်စက္ကန့်တွင် ထိုမကောင်းဆိုးဝါး၏ ခါးဒဏ်ရာမှ သွေးမည်းများ ပန်းထွက်လာခဲ့သည်။ ထိုခဏသည် အရည်ရွှမ်းနေသော လိမ္မော်သီးတစ်လုံးကို လှီးဖြတ်လိုက်သကဲ့သို့ပင်။ ဖုန်းပုကြွယ်သည် ၎င်းကို မြင်လိုက်ရသဖြင့် ဘေးသို့ အမြန် ခုန်ရှောင်လိုက်သည်။ အကယ်၍ သူသာ ငြိမ်ရပ်နေပါက သွေးမိုးရွာခြင်းကို ခံလိုက်ရပေလိမ့်မည်။

ဆိုရိုးစကားအတိုင်းပင် ကြောက်စရာ ဘာမှမရှိတော့ပေ။ ဖုန်းပုကြွယ်၏ တိုက်ခိုက်မှုက ကြမ်းတမ်းပုံ ပေါ်သော်လည်း ထိုမကောင်းဆိုးဝါးအတွက်မူ ယားယံရုံသာ ရှိသည်။ အကယ်၍ သူသာ စောစောက ၁၃ ထစ်မြောက် လှေကားထစ်တွင် ပိတ်မိနေခဲ့ပါက အသက်သုံးချောင်း ရှိလျှင်ပင် သေဆုံးသွားနိုင်ပါသည်။ သို့သော် ရီရူလီမှာမူ ဤပြဿနာကို ဖြေရှင်းရန် ဓားတစ်ချက်သာ လိုအပ်ခဲ့သည်။ ဤသည်မှာ သူမ မွေးရာပါပါလာသော ပါရမီတစ်ခု ဖြစ်သည်။ ၎င်းသည် ဝူရှသိုင်းဝတ္ထုများထဲက သိုင်းဆရာကြီးများကဲ့သို့ပင် ရန်သူ၏ အားနည်းချက်ကို မြင်အောင်ကြည့်ပြီး တစ်ချက်တည်းနှင့် အနိုင်ယူလိုက်ခြင်း ဖြစ်သည်။

“လက်ရှိတာဝန် ပြီးဆုံးသွားပါပြီ။ ပင်မတာဝန်များ အားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးပါပြီ။”

“သင်သည် ဇာတ်လမ်းကို အောင်မြင်စွာ ကစားပြီးပြီ ဖြစ်ပါသည်။ စက္ကန့် ၁၈၀ အတွင်း အလိုအလျောက် ပြန်လည် ပို့ဆောင်ပေးပါမည်။”

"မဖြစ်နိုင်တာ"

ဖုန်းပုကြွယ်က ဆိုလိုက်သည်။

"သူက အဲဒီလောက်တောင် တော်တာလား"

ရီရူလီ သန်မာကြောင်း သူသိထားသော်လည်း ယခုကဲ့သို့ ဘော့စ်အဆင့်ရှိ မကောင်းဆိုးဝါးတစ်ကောင်အား သတ်လိုက်သည်ကို မြင်ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ အက်ရှာအိမ်တော်တွင် သူမ မီးဆိုင်းကို ခုတ်ချသည်ကို မြင်ဖူးသော်လည်း သရဲများကိုပါ သတ်နိုင်သည်ကို သူ အံ့ဩမိခြင်း ဖြစ်သည်။

"မဟုတ်ဘူး၊ ရှင်က ပိုတော်တာပါ"

ရီရူလီက ဆိုသည်။

"ဒီတစ်ခါတော့ ရှင့်ကိုပဲ ကျေးဇူးတင်ရမှာပဲ"

သူတို့ စကားပြောနေစဉ် ဖုန်းရီကျစ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အမည်းရောင် သွေးအိုင်တစ်ခုအဖြစ် ပျော်ကျသွားတော့သည်။ သရဲအုပ်စုကြီးလည်း သင်္ချိုင်းပုံရိပ်ယောင်နှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီး ကျောင်းရှုခင်းမှာ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

သူတို့နှစ်ဦးသည် ကျောင်းဂိတ်ဝတွင် ရပ်နေကြပြီး လရောင်က မြေပြင်ပေါ်သို့ ဖြာကျနေခဲ့သည်။ ယဲ့ကျဲ အထက်တန်းကျောင်းဟူသော ဆိုင်းဘုတ်က သူတို့၏ မျက်စိရှေ့တွင် ပြန်လည် ထွက်ပေါ်လာ၏။ အရာအားလုံးမှာ အိပ်မက်တစ်ခုအလားပင်။ ယင်းသည် ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေသော်လည်း အလွန်စစ်မှန်လှသလို အစောပိုင်းက ထူးဆန်းပြီး ကြောက်မက်ဖွယ် မြင်ကွင်းများသည်လည်း သူ့စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်သည်။ ရေတွင်းဟောင်းထဲက ဝိညာဉ်၊ ထူးဆန်းသော လက်၊ လူသေပုခက်၊ သွေးအရိပ်၊ ကောင်းကင်ဘုံ၏ သားသတ်သမားနှင့် အစောပိုင်းက ဖုန်းရီကျစ်...။ ကြောက်ရွံ့မှုအဆင့်အရ ဖုန်းပုကြွယ် ဤဇာတ်လမ်းထဲတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများသည် ရှောင်တန်ကဲ့သို့ ကြောက်တတ်သူတစ်ဦးကို ဂိမ်းထဲက ထွက်ပြေးသွားအောင် ခြောက်လှန့်ရန် လုံလောက်ပေသည်။ မေးစရာရှိသည်မှာ ဤတစ်ကြိမ်တွင် ရှောင်တန်သည် သူ၏ ကြောက်ရွံ့မှုအမှတ်များ ပြောင်းလဲသွားသည်ကို မြင်နိုင်ပါ့မလား ဟူသည်ပင်။

"ခဏနေရင် ကျွန်မတို့ အစည်းအဝေးခန်းထဲမှာ ထပ်ပြောကြတာပေါ့"

ရီရူလီက ထပ်ပြောလိုက်သည်။ တစ်နည်းအားဖြင့် သူမသည် ဤဇာတ်လမ်းကို အရင်ဆုံး အဆုံးသတ်ချင်နေခြင်း ဖြစ်သည်။

"အိုကေ၊ ပြန်ရောက်တာနဲ့ ငါမင်းကို ငါတို့အဖွဲ့ထဲ ထည့်လိုက်မယ်"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

သူတို့နှစ်ဦး နှုတ်ဆက်လိုက်ကြပြီး တစ်ချိန်တည်း တယ်လီပို့ လုပ်ဆောင်ခံလိုက်ရတော့သည်။

တစ်မိနစ်ခန့် ကြာပြီးနောက် ဝက်ခေါင်းနှင့်လူကြီး၏ ကြီးမားလှသော အရိပ်က ကျောင်းဂိတ်ဝတွင် ထွက်ပေါ်လာ၏။ သူသည် သန့်ရှင်းရေးအသုံးအဆောင်များ တင်ထားသော လှည်းတစ်စီးကို တွန်းလာခဲ့ပြီး အမည်းရောင် သွေးအိုင်ဘေးတွင် ရပ်တန့်လိုက်သည်။

သူသည် ရေပုံးထဲတွင် နစ်ထားသော ကြမ်းသုတ်တံဖြင့် မြေပြင်ကို ဖြည်းဖြည်းချင်း စတင် တိုက်ချွတ်တော့သည်။

အနီးကပ် ကြည့်လိုက်ပါက ထိုကြမ်းသုတ်သံ၏ အဆုံးသည် အဝတ်စများဖြင့် ပတ်ထားခြင်း မဟုတ်ဘဲ အနက်ရောင်ဆံပင် ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

All Chapters