← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃)

တယ်လီပို့မလုပ်ဆောင်မီ ဖုန်းပုကြွယ်သည် မီးအိမ်ကို ရီရူလီထံ ပြန်ပေးရန် မမေ့ခဲ့ပေ။ ထို့ကြောင့် ထိုအိုင်တမ်မှာ အဆင့်သတ်မှတ်ချက်တွင် ပေါ်လာခြင်း မရှိပေ။

ဤဇာတ်လမ်းမှရရှိသော ဆုလာဘ်က အတော်လေး မြင့်၏။ ဂိမ်းထဲတွင် ကုန်ဆုံးခဲ့သောအချိန်သည် နှစ်နာရီခွဲခန့်သာ ရှိသော်လည်း ရရှိခဲ့သော EXP အမှတ်မှာ ဖုန်းပုကြွယ်၏ ယခင် မူမမှန်မှုဇာတ်လမ်းနှင့် အတူတူပင် ဖြစ်သည်။

သူ့အဆင့်မြင့်မားလာသည်နှင့်အမျှ ဇာတ်လမ်း၏ ခက်ခဲမှုမှာလည်း မြင့်တက်လာခြင်းဖြစ်သည်။ ထိုပြောင်းလဲမှုသည် အချိန်ကဲ့သို့ပင် EXP ရရှိမှုကို တိုးပွားစေနိုင်ပေသည်။

သို့သော် ဇာတ်လမ်းတစ်ခုအပြီးတွင် ဖုန်းပုကြွယ်ထံ ပါလာသော အိုင်တမ်အရေအတွက်က လျော့နည်းသွားခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းမှာ ဂိမ်းအပေါ်ထားရှိသော သူ့သဘောထားကြောင့် ဖြစ်သည်။ အကယ်၍ သူသည် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး သို့မဟုတ် OCD (စွဲလမ်းမှုလွန်ကဲရောဂါ) ရှိသူတစ်ဦး ဖြစ်ခဲ့လျှင် အိုင်တမ်များ၊ အသုံးအဆောင်များ၊ ဘေးထွက်မစ်ရှင်များနှင့် လျှို့ဝှက်မစ်ရှင်များကို ရှာဖွေခြင်းမှာ အမြင့်ဆုံး ဦးစားပေး ဖြစ်နေပေလိမ့်မည်။

အစောပိုင်း ဇာတ်လမ်းထဲတွင် အကယ်၍သာ အခြားကစားသမားတစ်ဦး ဖြစ်ခဲ့လျှင် သူတို့၏ အသင်းဖော်ကို ကယ်တင်ချင်မှ ကယ်တင်ပေလိမ့်မည်။ ထို့ထက် သူသည် တာဝန်ရှိသူ မဟုတ်သည့်အပြင် ဖုန်းဆက်နေစဉ်အတွင်း အခြားတစ်ဖက်မှလူမှာ ပိတ်မိနေရုံသာရှိပြီး သေဆုံးရန် အချိန်အတော်လိုသေးသည်။ အကယ်၍ သူသာ လှေကားပေါ်သို့ အလျင်စလိုတက်ပြီး ဒုတိယသင်ကြားရေး အဆောက်အဦး၏ လေးထပ်လုံးကို ရှာဖွေခဲ့လျှင် အသုံးအဆောင်ပစ္စည်းများ သို့မဟုတ် ဘေးထွက်မစ်ရှင်များကို ရှာတွေ့နိုင်ရန် အခွင့်အရေးရှိသည်။

ဖုန်းပုကြွယ်က ထိုအချက်ကို မစဉ်းစားခဲ့သည်တော့ မဟုတ်ပေ။ သို့သော် သူ လုံးဝထည့်မစဉ်းစားလိုသည့် အရာများစွာလည်း ရှိနေသည်။

အစောပိုင်းက ဖော်ပြခဲ့သလိုပင် သူသည် ဈေးကြီးသော ဂိမ်းစက်ကို ဝယ်ရန်အတွက် ပိုက်ဆံများကို ရက်ရက်ရောရော သုံးစွဲပစ်တတ်သော်လည်း တစ်ချိန်တည်းမှာပင် သုံးစွဲမှုကိုဂရုစိုက်ပြီး နောက်လအတွက် အစားအသောက်တိုင်းအတွက် ပိုက်ဆံချွေတာတတ်သူလည်း ဖြစ်သည်။

သူသည် အလွန် ဆန့်ကျင်ဘက်ဖြစ်နေသော လူတစ်ဦးဖြစ်သည်။ ဘာမဆို မလုပ်ဆောင်မီ အသေအချာ စဉ်းစားတွေးခေါ်နိုင်ပြီး အယုတ္တိအရှိဆုံး ရွေးချယ်မှုကို ပြုလုပ်နိုင်စွမ်းရှိပုံ ပေါ်လေ၏။ သို့သော်လည်း အမှန်တကယ်တွင်မူ သူသည် မိုက်မဲသော သို့မဟုတ် စိတ်လိုက်မာန်ပါ လုပ်ရပ်များကိုလည်း မကြာခဏ လုပ်တတ်သူဖြစ်သည်။

ဤကမ္ဘာကြီးတွင် သင်မည်မျှပင် စဉ်းစားနေပါစေ အလဟဿဖြစ်စေမည့် အရာများစွာ ရှိသည်။ ဥပမာအားဖြင့် ဂန္ထဝင်မေးခွန်းတစ်ခု ရှိပေသည်။

တကယ်လို့ မင်းမိန်းမနဲ့ မင်းအမေနှစ်ယောက်လုံး ရေထဲကျသွားရင် ဘယ်သူ့ကို အရင်ကယ်မလဲ။ အကယ်၍ မင်းက မှန်ကန်တဲ့အဖြေကို ပေးချင်တယ်ဆိုရင် ရေမကူးတတ်တဲ့သူကို အရင်ကယ်ပြီး နောက်တစ်ယောက်ကို ဆက်ကယ်သင့်ပါတယ်။ ဒါမှသာ သူတို့နှစ်ယောက်လုံး အသက်ရှင်ဖို့ အခွင့်အလမ်း ရှိမှာဖြစ်တယ်။

ဒါပေမဲ့ မင်းက ပိုအဆင့်မြင့်မေးခွန်းတစ်ခု ထပ်ရလာပေဦးမည်။

“တကယ်လို့ သူတို့ နှစ်ယောက်လုံး ရေမကူးတတ်ရင်ရော"

ဒါဆို အခု ငါမင်းကို အဖြေမှန်ပေးလိုက်မယ်။ လမ်းသွားလမ်းလာတစ်ယောက်ကို အကူအညီတောင်းလိုက်ပါ၊ ဒါဆိုရင် မင်း သူတို့နှစ်ယောက်လုံးကို ကယ်တင်ဖို့ အခွင့်အရေး ရပါလိမ့်မယ်။

တကယ်လို့ မင်းက နောက်ထပ် ပိုအဆင့်မြင့်တဲ့ မေးခွန်းတစ်ခု ထပ်ရလာရင်ရော… မင်းက အဲဒီမှာ တစ်ယောက်တည်း ရှိနေရင်ရော။

ဒါဆိုရင် မင်းကို အဲဒီမေးခွန်းမေးတဲ့ မိန်းမကို ပြန်ဖြေလိုက်ပါ... ငါတို့ အတူတူ သေကြတာပေါ့ လို့။

အတိုချုပ်ပြောရလျှင်... လူသားများသည် စက်ရုပ်များ သို့မဟုတ် ပရိုဂရမ်များ မဟုတ်ကြပေ။ လူသားများသည် အမြဲတမ်း "မှန်ကန်သော" ရွေးချယ်မှုကို မပြုလုပ်နိုင်ကြပါ။ အဘယ်ကြောင့်ဆိုသော် လူသားများအတွက် အမှားအမှန်ကို ခွဲခြားရခက်သော အရာများစွာ ရှိနေသောကြောင့် ဖြစ်သည်။ ဘဝတွင် ကျွန်ုပ်တို့ မည်သည့်နေရာသို့သွားမည်ကို ဆုံးဖြတ်ပေးသည့် ထိုကဲ့သို့သော ရွေးချယ်မှုပေါင်း မရေမတွက်နိုင်အောင် ရှိနေပေသည်။ ကျွန်ုပ်တို့ လမ်းမှားကို ရွေးချယ်ခဲ့သလောဆိုသည်ကို နောက်မှ ပြန်တိုင်းတာနေရန် မလိုအပ်ပေ။ ထင်မြင်ချက်များနှင့် နောင်တရခြင်းများသည် အဓိပ္ပာယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုစက္ကန့်ပိုင်းအတွင်း ပြုလုပ်လိုက်သော ဆုံးဖြတ်ချက်များကသာ ကျွန်ုပ်တို့ မည်သူဖြစ်သည်ကို အမှန်တကယ် ဆုံးဖြတ်ပေးသောကြောင့် ဖြစ်သည်။

“ကစားသမား ရီရူလီက သင့်ကို အစည်းအဝေးခန်းသို့ ဖိတ်ခေါ်ထားသည်။”

မကြာမီတွင် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာလေသည်။ ဖုန်းပုကြွယ်သည် စခရင်ပေါ်ရှိ "သဘောတူသည်" ကို နှိပ်လိုက်ပြီးနောက် ဓာတ်လှေကားတံခါးဆီသို့သွားကာ အစည်းအဝေးခန်း ခလုတ်ကို နှိပ်လိုက်သည်။

ဤတစ်ကြိမ် တံခါးပွင့်လာသောအခါ သူသည် ရီရူလီ၏ အစည်းအဝေးခန်းထဲသို့ ဝင်သွားခဲ့ရသည်။ သို့သော်... အစည်းအဝေးခန်းများအားလုံး အတူတူပင် ဖြစ်သည်။ မည်သူ့ဆီသို့ သွားသည်ဖြစ်စေ ထူးခြားမှု မရှိပေ။ လောလောဆယ် ဂိမ်းထဲတွင် နေရာလွတ်အလှဆင်ပစ္စည်းများ သို့မဟုတ် ပရိဘောဂပစ္စည်းများ မရှိသေးပေ။ သို့သော် အနာဂတ်တွင် ရှိလာမည်လားကိုတော့ မပြောတတ်ပါ။

ရီရူလီတစ်ယောက် အစည်းအဝေးစားပွဲတွင် ထိုင်နေနှင့်ပြီ ဖြစ်သည်။ ဖုန်းပုကြွယ် ဝင်လာသည်ကို မြင်သောအခါ သူမက ပြောလိုက်သည်။

"ရှင် ကျွန်မကို အများသုံးနေရာမှာ အဖွဲ့ဖိတ်ခေါ်ချက် ပို့လို့ရတယ်"

"ငါ ကြည့်ပါဦးမယ်..."

ဖုန်းပုကြွယ်လည်း စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။

"အဖွဲ့တစ်ခု ဖွဲ့လိုက်မယ်"

ရီရူလီက ရုတ်တရက် ရယ်မောလိုက်သည်။

"မီနူးကို သုံးလေ"

"အာ..."

ဖုန်းပုကြွယ်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး အဖွဲ့ဖွဲ့ခြင်းကို အပြီးသတ်လိုက်သည်။

"စောစောက ဇာတ်လမ်းအတွက် ကျေးဇူးတင်ပါတယ်"

ရီရူလီက ပြောသည်။

"အင်း... အမှန်တော့ အဓိကက မင်းကြောင့်လို့ ငါထင်ပါတယ်၊ မင်းကိုင်တွယ်ခဲ့တဲ့ တိုက်ပွဲအပိုင်းကို ငါသာဆိုရင် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး"

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

ဖုန်းပုကြွယ် ထိုသို့ပြောလိုက်သဖြင့် သူမက တိုက်ရိုက်ပင် မေးလိုက်တော့သည်။

"ကျွန်မ ရှင့်ကို ဒီကို ဖိတ်ခေါ်ရတာက မေးစရာရှိလို့ပါ"

"ငါ ပရော်ဖက်ရှင်နယ်ကစားသမား မဟုတ်ဘူးနော်"

ဖုန်းပုကြွယ်က ချက်ချင်း ပြောလိုက်သည်။

"ကျွန်မက အဲဒါကို မေးဖို့ မဟုတ်ပါဘူး"

ရီရူလီက ဆိုသည်။

"ဟင်"

ဖုန်းပုကြွယ် ခပ်မိုက်မိုက်စတိုင်ထုတ်ဖို့ ကြိုးစားခြင်း မအောင်မြင်ခဲ့ပေ။ သူက "ဪ..." ဟုသာ ပြောနိုင်တော့သည်။

"ဘာလို့ ကျွန်မက ရှင် ပရော်ဖက်ရှင်နယ် ကစားသမား ဟုတ်မဟုတ် မေးမယ်လို့ ထင်တာလဲ"

ရီရူလီက မေးသည်။

"အင်း... ဘာလို့လဲဆိုတော့ မင်းက ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ဖြစ်နိုင်တယ်လို့ ငါထင်လို့ပါ"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"မင်းငါ့ဆီ လာတာက ငါ့ကို မင်းတို့စတူဒီယိုထဲ ဆွဲခေါ်ချင်လို့ မဟုတ်လား"

"ကျွန်မသာ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဆိုရင် အခုအချိန်မှာ အဆင့် ၂၀ အထက် ရောက်နေလောက်ပြီ"

ရီရူလီ၏ စကားများက မောက်မာပုံပေါက်သော်လည်း အလွန် လက်တွေ့ကျပေသည်။

"ပြီးတော့ ကျွန်မ ယုံကြည်တာက တကယ်လို့ ရှင်သာ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဆိုရင် စမ်းသပ်ကာလပြီးကတည်းက အခုအဆင့်ထက် ပိုမြင့်နေမှာပေါ့"

သူမက ခဏရပ်လိုက်သည်။

"ကျွန်မ မေးချင်တာက ပြီးခဲ့တဲ့တစ်ခေါက်က ရှင်ပြောခဲ့တာနဲ့ ပတ်သက်ပြီးတော့ပါ၊ ရှင်က အပြင်လောကမှာ တကယ် စာရေးဆရာတစ်ယောက်လား"

"ဟင်"

ဖုန်းပုကြွယ် လန့်သွား၏။ သူသည် ဤမေးခွန်းကို မမျှော်လင့်ထားပေ။

"ဟုတ်ပါတယ်၊ ငါ ဘာကူညီပေးရမလဲ"

"ရှင့်ရဲ့ ကလောင်အမည်က ဘာလဲ"

ရီရူလီက ဖုန်းပုကြွယ်ကိုယ်တိုင် ပြောလာသည်ကို ကြားချင်နေခြင်း ဖြစ်သည်။

"ငါ့ကလောင်နာမည်က ပုကြွယ်ပါ ဘာဖြစ်လို့လဲ"

ဖုန်းပုကြွယ်က မေးသည်။

ရီရူလီက စကားကို ရုတ်တရက် မြန်နူန်းမြင့်လိုက်သည်။

"ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကြားမှာ ကြောက်စရာအကောင်းဆုံးအရာက ဘာလဲ"

"ဒေါသထွက်တာ... လက်ထပ်စာချုပ်..."

ဖုန်းပုကြွယ်က အဘယ်ကြောင့် ထိုသို့ မေးလာသည်ကို စိတ်ရှုပ်ထွေးသွားသော်လည်း 'အဖြေ' ကိုတော့ သူ ကောင်းကောင်း သိနေသည်။

"စုံထောက် ဘိုင်ကပ်စ်က ထောင်သားတွေကို အကြံပေးလေ့ရှိတဲ့ အကြိုက်ဆုံးစကားက ဘာလဲ"

"ထောင်ထဲမှာ ဆပ်ပြာကောက်ဖို့အတွက် ခါးမကုန်းပါနဲ့..."

"လွန်ခဲ့တဲ့ နှစ်နှစ်က ရှင်ရေးပြီးခဲ့တဲ့ ဝတ္ထုရဲ့ နာမည်က ဘာလဲ"

"အာ... အင်တာနက်လူသတ်သမားက ဇာတ်သိမ်း မဆိုးပါဘူး..."

"အချိန်ကပြန်ရောက်မလာနိုင်ဘူးဇာတ်လမ်းထဲမှာ အမျိုးသမီး ဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ရဲ့ နားနားမှာ တီးတိုးပြောခဲ့တာ ဘာလဲ..."

"သူက ပြောတယ် 'ကျွန်မ ရှင့်ကို အနာဂတ်မှာ စောင့်နေမယ်၊ ကျွန်မကို မှတ်မိနေပေးပါ' တဲ့"

ဖုန်းပုကြွယ်က သူမစကားကို ဖြတ်ပြောလိုက်သည်။ သူက သက်ပြင်းရှည်ကြီး ချလိုက်သည်။

"ဒါကို ငါအယ်ဒီတာနဲ့ ဆွေးနွေးခဲ့ပြီး ဖျက်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ၊ ဒါပေမဲ့ မင်းက ဒါကို ပထမဆုံးမေးတဲ့ စာဖတ်သူပဲ၊ တခြား ဘာသိချင်သေးလဲ"

ထိုအချိန်တွင် ဖုန်းပုကြွယ်သည် ထိုကောင်မလေးက သူသည် 'ပုကြွယ်'အတု ဟုတ်မဟုတ်ကို စမ်းသပ်ချင်နေကြောင်း နားလည်သွားခဲ့သည်။ သူမမေးသော မေးခွန်းများမှာ ဝတ္ထု၏ ဇာတ်ကွက်များနှင့် ပတ်သက်နေပြီး ဖုန်းပုကြွယ် မကျော်ကြားခင်က ရေးခဲ့သော ဇာတ်လမ်းများအထိ ပါဝင်နေသည်။ ထင်ရှားသည်က ဤသည်မှာ သစ္စာရှိပရိသတ်တစ်ဦးသာ မေးမည့် မေးခွန်းများ ဖြစ်သည်။

"အဲဒါတွေ မလိုတော့ပါဘူး"

ရီရူလီက ပြောသည်။

"ကျွန်မ ရှင့်ကို ယုံပါတယ်"

ဖုန်းပုကြွယ်က ပြုံးလိုက်သည်။

"ငါပြောပါရစေဦး ရီရူလီ..."

"ဘာလဲ"

"အမှန်တော့ ငါ့ရဲ့ ကျော်ကြားမှုနဲ့ဆိုရင်... တခြားလူတွေက တတိယတန်းစား အနုပညာရှင်တစ်ယောက်အဖြစ် ဟန်ဆောင်ရင်တောင် ငါ့လိုလူမျိုးအဖြစ် ဟန်ဆောင်မှာ မဟုတ်ဘူးလေ"

ဖုန်းပုကြွယ်က ဆိုသည်။ "ဒါပေမဲ့ မင်းက ငါ့ရဲ့..."

သူက 'သစ္စာရှိပရိသတ်' ဟု ပြောချင်နေခြင်း ဖြစ်သည်။

သို့သော် သူနောက်ဆုံးစကားလုံးများကို မပြောမီ ရီရူလီက သူ့ကို ဖြတ်ပြောလိုက်သည်။

"မဟုတ်ဘူး"

"ဒါဆို မင်းက ဘာလို့ အများကြီး သိနေရတာလဲ..."

"ကျွန်မ မှတ်ဉာဏ်ကောင်းလို့ပါ"

"ပြီးတော့ မင်းသိတာက..."

"ကျွန်မက စာဖတ်နာလို့ပါ"

"အမ်..."

ဖုန်းပုကြွယ်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

"ကောင်းပါပြီဗျာ"

ရီရူလီက သူမ၏ အေးစက်သော လေသံကို ဆက်ထိန်းထားပြီး သူမ၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲခြင်း မရှိပေ။ သူမသည် လျင်မြန်စွာ တုံ့ပြန်နေခဲ့သည်။ သူမသည် သူမကိုယ်သူမ သစ္စာရှိပရိသတ်ဖြစ်ကြောင်း မဝန်ခံရန် အတတ်နိုင်ဆုံး ကြိုးစားနေခြင်းက ဖုန်းပုကြွယ်ကို ပြောစရာစကားမဲ့သွားစေသည်။ ရုတ်တရက် ထိုကောင်မလေးမှာ တော်တော်လေး ချစ်စရာကောင်းသည်ဟု သူ တွေးလိုက်မိသည်။ ဖုန်းပုကြွယ်သည် ဂိမ်းထဲက သူငယ်ချင်းမှာ သူ၏ သစ္စာရှိစာဖတ်သူဖြစ်ကြောင်း သိလိုက်ရသောအခါ အလွန်ဝမ်းသာသွားခဲ့သည်။ မိမိကိုယ်ကို အထင်ကြီးသည့်စိတ်က သူ့ကို လွှမ်းမိုးနေတော့သည်။

ရီရူလီက အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်သည်။

"ဪ ဒါနဲ့ ကျွန်မ မေးချင်တာက ရှင် ကလပ်တစ်ခုထောင်ဖို့ စိတ်ဝင်စားလား"

"ငါ ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်ရှုပ်နေလို့ ဂိမ်းတရားဝင်ကာလအတွက် ဂိမ်းဖော်ပြချက်ကို မဖတ်ရသေးဘူး"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"အဝတ်အစားပေါ်မှာ ဆင်တူတံဆိပ်တစ်ခု ပါတာအပြင် ကလပ်တစ်ခုမှာ တခြား ဘာအကျိုးကျေးဇူးတွေ ရှိသေးလဲ"

"သိုလှောင်ခန်းထဲမှာ အပိုဆောင်း အများသုံးသိုလှောင်မှု လုပ်ဆောင်ချက် ရှိလာမယ်၊ လူမှုဆက်ဆံရေး ပန်နယ်ထဲမှာ ကလပ်ဆိုတဲ့ အပိုရွေးချယ်စရာတစ်ခု ပါလာမယ်၊ အဖွဲ့ဖွဲ့တဲ့အခါ အဖွဲ့ထဲမှာ အဖွဲ့ဝင် တစ်ယောက် တိုးတိုင်း EXP ၁ ရာခိုင်နှုန်း တိုးလာမယ်၊ တကယ်လို့ အဖွဲ့ထဲမှာ ခြောက်ယောက်ရှိရင် EXP က ၅ ရာခိုင်နှုန်းအထိ တိုးလာလိမ့်မယ်၊ ပြီးတော့... ဦးဆောင်သူစာရင်းနှစ်ခုမှာ ကလပ်ရဲ့ အဆင့်သတ်မှတ်ချက်ပေါ် မူတည်ပြီး စနစ်က အဖွဲ့ဝင်အားလုံးကို အထူးစွမ်းရည်နှစ်ခု ကျပန်း ပေးလိမ့်မယ်၊ အဲဒီ အထူးစွမ်းရည်တွေကို တစ်ပတ်တစ်ခါ ပြန်အသစ်လုပ်လိမ့်မယ်"

ရီရူလီက အဓိက အချက်အချို့ကို ပြောပြလိုက်သည်။ သေချာတာပေါ့၊ သူမသည် စနစ်ကဲ့သို့ အသေးစိတ် ရှင်းမပြနိုင်ပေ။ အသေးစိတ်အတွက်မူ သူတို့ ဂိမ်းဖော်ပြချက်ကို ဖတ်ရပေလိမ့်မည်။

အတိုချုပ်ပြောရလျှင် လက်တွေ့ကျကျ ကြည့်မည်ဆိုပါက ကလပ်တစ်ခု တည်ထောင်ခြင်းသည် အကျိုးကျေးဇူးများစွာရှိပြီး အကျိုးမယုတ်လှပေ။

"အင်း... ကလပ်တစ်ခု စတင်ဖို့က မဆိုးဘူးထင်တယ်..."

ဖုန်းပုကြွယ်က သူ့ဘာသာ ရေရွတ်လိုက်သည်။

"အစည်းအဝေးပြီးရင် ကျွန်မကို (သူငယ်ချင်းအဖြစ်) ထပ်ထည့်ဖို့ မမေ့နဲ့ဦး"

ဖုန်းပုကြွယ်က ဆုံးဖြတ်ချက်ချပြီးပြီဟု ရီရူလီ တွေးလိုက်သည်။

ဖုန်းပုကြွယ်က ယင်းကို အသေအချာ စဉ်းစားပြီး ပြောလိုက်သည်။

"ရိုးရိုးသားသား ပြောရရင်... မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဘာလို့ ပိုကြီးတဲ့ကလပ်တစ်ခုကို ဝင်ဖို့ မလျှောက်တာလဲ၊ သူတို့က မင်းကို ငြင်းမှာမဟုတ်ပါဘူး ဟုတ်တယ်မလား"

"ကလပ်ကြီးတွေက များသောအားဖြင့် ဂိမ်းစတူဒီယိုတွေ နောက်ခံရှိတတ်ကြတယ် ဒါမှမဟုတ် ချမ်းသာပြီး အားနေတဲ့ ကစားသမားတွေက ဖွင့်ထားကြတာလေ"

တကယ်တမ်းတွင် ရီရူလီ၏ ကိုယ်ပိုင်မိသားစုအခြေအနေမှာလည်း ချမ်းသာပြီး အားနေသည့် အမျိုးအစားထဲတွင် ပါဝင်သော်လည်း သူမ ထည့်မပြောခဲ့ပေ။

"ရှေ့လူတွေက ကလပ်ရဲ့ အင်အားကို တိုးချဲ့ဖို့အတွက် ဂိမ်းစတူဒီယိုပြင်ပက ကစားသမားတွေကို စုဆောင်းကြတာလေ၊ ပြင်ပလူတွေက အဓိက အရင်းအမြစ်တွေကို အသုံးချခွင့် မရှိဘူး၊ အစွမ်းထက်တဲ့ ကစားသမားတွေက အကျိုးအမြတ်တွေနဲ့ သူတို့ရဲ့ စွမ်းရည်ကို လဲလှယ်ဖို့ ဝင်ကြတာ၊ ဒါက အရောင်းအဝယ်တစ်ခုပဲ၊ နောက်တစ်ခုကတော့... ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ ကစားသမားတွေက ကလပ်ကို ချဲ့ထွင်ဖို့ ပိုက်ဆံရင်းနှီးကြတာက ကျော်ကြားချင်လို့၊ ပျော်ချင်လို့နဲ့ မိန်းကလေးတွေကို ဆွဲဆောင်ချင်လို့ပဲ၊ ရှေ့တန်းမှာ လူဖြည့်ဖို့ အစွမ်းထက်ကစားသမားအချို့ကို စုဆောင်းမယ်၊ ကလပ်အတွက် အလုပ်လုပ်ပေးဖို့ သာမန်ကစားသမားအချို့ကို စုဆောင်းမယ်၊ မရိုးသားတဲ့ ရည်ရွယ်ချက်တွေနဲ့ လှပတဲ့ ကစားသမားအချို့ကို စုဆောင်းမယ်..."

ဖုန်းပုကြွယ်သည် သူမ၏ ဖော်ပြချက်ကို နားထောင်ပြီး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ မိန်းကလေးတစ်ယောက်က ထိုကဲ့သို့သော အရာများကို အေးစက်စက်လေသံဖြင့် ဖော်ပြသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ "မိန်းကလေးတွေကို ဆွဲဆောင်တယ်" ဆိုသည့် စကားလုံးကို ရှက်ရွံ့ခြင်းမရှိဘဲ ပြောနိုင်သည့် အမျိုးသမီးဇာတ်လိုက်မျိုး ဤလောကတွင် ရှိနေသည်ကိုလည်း သူ ပထမဆုံးအကြိမ် သိခဲ့ရသည်။

"အတိုချုပ်ပြောရရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ အတူတူ ဆော့ဖို့နဲ့ ကလပ်အသေးစားလေးတစ်ခုမှာပဲ နေဖို့ပါပဲ"

ရီရူလီက အဆုံးသတ်လိုက်သည်။

ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။

"ဘယ်သူက ထင်ထားမှာလဲ၊ မင်းနဲ့ ငါက တကယ်ကို..."

သူ ခေတ္တရပ်လိုက်သည်။ သူက ငှက်တစ်ကောင်ရဲ့ အတောင်လိုပါပဲ ဟု ပြောချင်သော်လည်း စကားလုံးကို ပြောင်းလဲလိုက်သည်။

"အင်း... လူတော်ချင်း စိတ်ကူးတူကြတာပဲ"

"ကျွန်မ ဆုလာဘ်သွားယူပြီး ဈေးထဲမှာ လမ်းလျှောက်လိုက်ဦးမယ်"

ရီရူလီက ဆက်မပြောတော့ပေ။ သူမက မတ်တတ်ရပ်လိုက်ပြီး ပြောသည်။

"တခြား ဘာမှမရှိတော့ရင် ဈေးရဲ့ ဧရိယာ ၁၀ ကို လော့ခ်ချထားလိုက်ပါ၊ အဲဒီမှာ ဆုံချင်ဆုံကြတာပေါ့"

ဖုန်းပုကြွယ်လည်း မတ်တတ်ရပ်လိုက်ပြီး ဆိုသည်။

"ဒါဆိုရင် ငါလည်း ဂိမ်းလက်စွဲစာအုပ်ကို ဖတ်ပြီး ပြင်ဆင်စရာရှိတာတွေ လုပ်လိုက်ဦးမယ်၊ ပြီးရင် မင်းကို အကြောင်းကြားလိုက်ပါမယ်"

နှစ်ဦးသား နှုတ်ဆက်လိုက်ကြပြီး သူတို့လော့ဂ်အင်နေရာများသို့ ပြန်ရန်အတွက် အစည်းအဝေးခန်း တံခါးကို ဖွင့်လိုက်ကြသည်။

...

ဂိမ်းတရားဝင်ကာလအတွက် ပြင်ဆင်မှုပါဝင်သည့် အကြောင်းအရာမှာ သိပ်မများပေ။ အနည်းဆုံးတော့ ဖုန်းပုကြွယ် ဂိမ်းစမ်းသပ်ကာလအတွင်း ဖတ်ခဲ့ရသော ဂိမ်းလက်စွဲစာအုပ် အပြည့်အစုံလောက် မများပေ။ သူ ဖတ်ရှုပြီးရန်အတွက် ဆယ်မိနစ်ခန့်သာ အချိန်ယူခဲ့ရသည်။

ဂိုဏ်းနှင့် ပတ်သက်၍မူ ၎င်းသည် အခြားအွန်လိုင်းဂိမ်းများရှိ ဂိုဏ်းစနစ်နှင့် အလွန်တူ၏။ ဂိုဏ်းတစ်ခု တည်ထောင်ရန်အတွက် သတ်မှတ်ချက်များမှာလည်း လွန်ကဲလွန်းခြင်း မရှိပေ။ ကစားသမားက အဆင့် ၁၀ သို့ ရောက်ရှိရန်၊ စနစ်အား ဂိမ်းဒင်္ဂါး ၁၀၀,၀၀၀ ပေးဆောင်ရန်နှင့် အခြားလူသုံးဦး၏ လက်မှတ်ကို ရရှိရန်သာ လိုအပ်သည်။

ဖုန်းပုကြွယ် ထိုသတ်မှတ်ချက်ကို မြင်ပြီးနောက် ချက်ချင်း ခန့်မှန်းလိုက်သည်...။ ရေခဲဧကရာဇ်နှင့် သူ့ဂိုဏ်း၏ အပေါင်းအပါများသည် ကလပ်ထဲတွင် လူလေးယောက်သာ ရှိနိုင်ပေလိမ့်မည်...။

ပိုက်ဆံနှင့် ပတ်သက်၍မူ ဖုန်းပုကြွယ် အနည်းငယ် တွန့်ဆုတ်နေမိသည်။ သူသည် ဂိမ်းဒင်္ဂါး ၁၀၀,၀၀၀ ကို တတ်နိုင်သော်လည်း ထိုသို့ပြုလုပ်ပြီးပါက သူ့အဆင့်အတန်းကို မြှင့်တင်ရန်အတွက် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူမှုကိုတော့ ရွှေ့ဆိုင်းရပေလိမ့်မည်။

ထိုကိစ္စတွင် ရီရူလီကတော့ ယင်းကို လွယ်လွယ်ကူကူပင် သဘောထားခဲ့ခြင်းဖြစ်သည်။ သူမသည် ဂိမ်းဒင်္ဂါး ၁၀၀,၀၀၀ ကို လုံးဝ ဂရုမစိုက်ပေ။ လဲလှယ်နှုန်းအရ ၎င်းမှာ ယွမ် ၅၀ ထက်ပင် နည်းပါးလှသည်။ ထို့အပြင် ဂိမ်းစမ်းသပ်ကာလတွင် ပါဝင်ခဲ့သော ကစားသမားတစ်ဦးအတွက် ဂိမ်းဒင်္ဂါး ၁၀၀,၀၀၀ မရှိခြင်းက အဓိပ္ပာယ်မရှိပေ။

ဖုန်းပုကြွယ် ထိုအချက်ကို ကြာရှည်စွာ စဉ်းစားမနေတော့ပေ။ အဆုံးတွင်တော့ သူသည် အသုံးအဆောင်ပစ္စည်းများ မပါဘဲလည်း ဆော့ကစားနိုင်ပေသည်။ ထို့အပြင် သူ့တွင် ယခုအခါ ပိုက်ဆံအတော်အတန် ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် ဇာတ်လမ်းပြီးနောက် သူ၏ ဂိမ်းဒင်္ဂါးမှာ ၈၀,၀၀၀ ထပ်တိုးလာခဲ့သည်။ အကယ်၍ အရာအားလုံး အဆင်ပြေသွားခဲ့လျှင် လေလံခန်းမမှ ကီး၏ ဟူဒီဂျာကင်က သူ့အတွက် နောက်ထပ် ဂိမ်းဒင်္ဂါး ၁၄၀,၀၀၀ ပေးနိုင်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူသာ နောက်ထပ် ဇာတ်လမ်းတစ်ခု သို့မဟုတ် နှစ်ခုလောက်ကို အောင့်အည်းသည်းခံနိုင်လျှင် အဆင့် ၁၅ သို့ ရောက်သောအခါ အရာအားလုံး ရှိလာပေလိမ့်မည်။

လောလောဆယ်တော့ ဖုန်းပုကြွယ်သည် အဆင့် ၁၃ သာ ရှိသေးသည်။ သူ၏ အလုံးစုံ အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဘွဲ့အမည် - သွေးအေးစွာခေါင်းရိုက်ခွဲသူ

EXP - ၈၇၀၀/၁၃၀၀၀၊ စကေးအမှတ် - ၆၆၀၊ ဂိမ်းဒင်္ဂါး - ၂၄၂၀၀၀

ကျွမ်းကျင်မှု - အထွေထွေ စွမ်းရည် E၊ လက်မှုပညာ E၊ ထောက်လှမ်းရေးစွမ်းရည် E၊ တိုက်ခိုက်ရေးစွမ်းရည် E၊ ပစ်ခတ်ရေးစွမ်းရည် D၊ ကုသရေးစွမ်းရည် F၊ မှော်အတတ်စွမ်းရည် F၊ ???

ပစ္စည်းသိုလှောင်အိတ် ၄/၁၀ - မာရီယို၏ ဂွ၊ ရန်လိုမှုမျက်လုံး၊ M1911A1 ပစ္စတို၊ အက်ခိုးချပ်ဝတ်။

ဖိနပ် - ဂျက်ဇ်ဖိနပ်

သိုလှောင်ခန်း ၂/၁၀ - ပဟေဠိကတ် - မျောက် ၊ ကေစီဂျုံးစ်၏ မျက်နှာဖုံး

စွမ်းရည်များ - အမြန်ပြင်ဆင်ခြင်း၊ ကောင်ဆိုးလေး၏ အောက်ပိုင်းဝိုက်ကန်ချက်၊ ဦးနှောက်ထိခိုက်ခြင်း

ဖုန်းပုကြွယ်သည် ပြင်ဆင်မှုထဲတွင် နောက်ဆုံး ကျွမ်းကျင်မှုကို တွေ့ခဲ့ရသည်။ ၎င်းကို 'ဆင့်ခေါ်ခြင်း'ဟု ခေါ်၏။ ဆင့်ခေါ်ခြင်းစကေးများသည် အလွန်ရှားပါးလှပြီး အသုံးပြုရန် ကုန်ကျစရိတ်မှာ ပုံသေမရှိပေ။ တစ်ခါတစ်ရံတွင် ၎င်းသည် သီးခြားအိုင်တမ်တစ်ခုကို အသုံးပြုရန် လိုအပ်ပြီး ထိုအိုင်တမ်မှာလည်း... ကျပန်းပင် ဖြစ်သည်။

ဥပမာအားဖြင့် အကယ်၍ စကေးတစ်ခု၏ အကျိုးသက်ရောက်မှုသည် မြင်းတစ်ကောင်ကို ဆင့်ခေါ်ရန် ဖြစ်ခဲ့လျှင် စကေးဖော်ပြချက်တွင် ဆင့်ခေါ်မှုအခြေအနေများကို ဖော်ပြထားပေလိမ့်မည်။ ကစားသမားက မြင်းကို ဆင့်ခေါ်သည့်အခါ ဇွန်းတစ်ချောင်း၊ ဖန်ခွက်တစ်လုံး၊ ရေတစ်ပုံး၊ ပန်းပွင့်ဖတ်တစ်ခု စသည်တို့ကို စတေးရပေလိမ့်မည်။ ဖြစ်နိုင်ခြေ အမျိုးမျိုးရှိပြီး ဘာမဆို ဖြစ်လာနိုင်ပေသည်။ သတ္တဝါကိုဆင့်ခေါ်ရန် လိုအပ်သည့် ပစ္စည်းမှာ ကျပန်းဖြစ်သည်။ သတ္တဝါအမျိုးအစား တူညီနေလျှင်ပင် ကစားသမားနှစ်ဦး လိုအပ်သည့် စတေးမှုက ကွဲပြားနိုင်သည်။

စတေးမှုကန့်သတ်ချက်အပြင် ဆင့်ခေါ်ခြင်းစကေးများတွင် အခြားသော ကန့်သတ်ချက်များစွာ ရှိသေးသည်။ ၎င်းကို ဇာတ်လမ်းတစ်ခုတွင် တစ်ကြိမ်သာ သုံးနိုင်ခြင်း၊ ပြန်လည်အသုံးပြုချိန် အလွန်ကြာခြင်းနှင့် အချို့အခြေအနေများအောက်တွင်သာ သုံးနိုင်ခြင်းတို့ ဖြစ်နိုင်သည်။

လောလောဆယ်တွင် ဖိုရမ်များပေါ်၌ ဆင့်ခေါ်ခြင်းကျွမ်းကျင်မှုနှင့် ပတ်သက်သည့် ဆွေးနွေးမှုများမှာ စိတ်ကူးယဉ် အဆင့်တွင်သာ ရှိနေသေးသည်။ ဘယ်သူမှ ၎င်းကို ရှာမတွေ့သေးပုံ ရသည်။ ဖြစ်နိုင်သည်မှာ ဤအရာသည် ဂိမ်း၏ နောက်ပိုင်းအဆင့်များတွင်မှ ရှာဖွေတွေ့ရှိမည့် အရာ ဖြစ်နိုင်သည်။

ပြင်ဆင်ချက်ကို ဖတ်ပြီးနောက်တွင်ပင် ဖုန်းပုကြွယ်မှာ အီးမေးလ် ရမလာသေးပေ။ ဆိုလိုသည်မှာ လေလံခန်းမရှိ အိုင်တမ်မှာ ရောင်းမထွက်သေးခြင်း ဖြစ်သည်။ သူ ထိုအချက်ကို သိပ်ဂရုမစိုက်သလို ပစ္စည်းက သူ့ထံ ပြန်ရောက်လာမည်ကိုလည်း မစိုးရိမ်ပေ။ ဖြစ်နိုင်သည်မှာ သာမန် ကစားသမားတစ်ဦးအတွက် ထိုအိုင်တမ်သည် အန္တရာယ်ရှိသော်လည်း ပရော်ဖက်ရှင်နယ် အဖွဲ့တစ်ခုအတွက်မူ အကန့်အသတ်မရှိ ဆွဲဆောင်နိုင်မှုပါဝင်သော ဤပစ္စည်းမျိုးသည် မကောင်းဆိုးဝါးများကို တားဆီးရန် တာဝန်ယူထားသော အမာခံကစားသမားအတွက် မဆိုးလှပေ။ အကယ်၍ ၎င်း၏ တန်ဖိုးကိုသိသော ဂိမ်းစတူဒီယိုတစ်ခုနှင့် တွေ့ခဲ့လျှင် သူတို့ သေချာပေါက် ဝယ်ယူပေလိမ့်မည်။

ထို့နောက် ဖုန်းပုကြွယ်သည် ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်အတွက် ဆုလာဘ်ရယူရန် သိုလှောင်ခန်းသို့ သွားလိုက်သည်။ သူသည် ကေစီဂျုံးစ်၏ မျက်နှာဖုံးကို တပ်ဆင်နိုင်ရန် အဆင့် ၁၅ သို့ အမြန်ဆုံး ရောက်လိုသဖြင့် EXP ဆုလာဘ်ကိုသာ ရွေးချယ်ခဲ့သည်။

သူ၏ လက်ရှိ EXP ရရှိမှု ၄၀ ရာခိုင်နှုန်းအပေါ် အခြေခံ၍ ဖုန်းပုကြွယ်သည် ၅,၂၀၀ EXP ရရှိခဲ့သည်။ စနစ်က သူ အဆင့် ၁၄ သို့ ရောက်ရှိသွားကြောင်း ချက်ချင်း ကြေညာခဲ့သည်။ သူ၏ သက်လုံအမှတ်မှာ ၁,၄၀၀ သို့ တိုးလာခဲ့ပြီး EXP လည်း ၉၀၀/၁၄၀၀၀ သို့ တိုးလာခဲ့သည်။ အကယ်၍ သူ နောက်ဇာတ်လမ်းတွင် သူ၏ EXP ကို လက်ရှိအဆင့်၏ ၆၀ ရာခိုင်နှုန်း (ဆိုလိုသည်မှာ ၈၄၀၀/၁၄၀၀၀) အထိ တိုးမြှင့်နိုင်ခဲ့လျှင် နောက်ထပ်ဆုလာဘ်တစ်ခုနှင့်အတူ အဆင့် ၁၅ သို့ ရောက်ရှိပေလိမ့်မည်။

ထို့နောက် ဖုန်းပုကြွယ်သည် အခြားဖန်ပြွန်တစ်ခုဆီသို့ သွားလိုက်ပြီး ဇာတ်လမ်းပြီးဆုံး၍ ရရှိခဲ့သော သင်ယူနိုင်သည့် စကေးကတ်ကို ရယူခဲ့သည်။

သူ အမျှော်လင့်ဆုံးအရာမှာ ကျွမ်းကျင်မှုအသစ်ဖြစ်သော 'မှော်အတတ်'မှ စကေးဖြစ်ပြီး ၎င်းနောက်တွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှု ဖြစ်သည်။ ရိုးရိုးသားသား ပြောရလျှင် သူ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန်အားနည်းလှသည်။ ၎င်းသည် ကြမ်းတမ်းသော်လည်း ပြောပလောက်သည့် စကေးမရှိပေ။ တစ်ခုတည်းသော တိုက်ခိုက်ရေး စကေးသည် ကောင်ဆိုးလေး၏ အောက်ပိုင်း ဝိုက်ကန်ချက် ဖြစ်သည်။ ကျန်ရှိနေသော ခြေထောက်နှစ်ချောင်းကြောင့် မည်သည့်လူယုတ်မာနှစ်ယောက် ချောက်ချခံရမည်ကို သူမသိသော်လည်း ထိုအရာနှင့် သူ၏ လမ်းဘေးစတိုင် ခေါင်းရိုက်ခွဲသည့် နည်းလမ်းများဖြင့်ဆိုပါက သူသည် အမှန်တကယ်အဆင့်မြင့် တိုက်ပွဲမျိုးကို ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း ထင်ရှားလှသည်။

"ကောင်းကင်က နတ်မင်းကြီးများ၊ မြေစောင့်နတ်မင်းကြီးများ..."

ဖုန်းပုကြွယ်သည် လက်နှစ်ဖက်ကို စုလိုက်ပြီး ခေါင်းပေါ်သို့ မြှောက်လိုက်သည်။ သူသည် ထီပေါက်ရန် ဆုတောင်းနေသကဲ့သို့ လက်ဖဝါးများကို ဝှေ့ယမ်းလိုက်၏။ ဖန်ပြွန်ရှေ့တွင် ရပ်နေရင်း သူသည် ထွက်ပေါ်လာတော့မည့် စကေးကတ်ကိုကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

"လူလည်ကြီး အစ်ကိုဝူဒီရေ၊ ကျွန်တော့်ကို ကောင်းချီးပေးပြီး စကေးကောင်းကောင်းလေးတစ်ခု ရအောင် ကူညီပေးပါဦး၊ မြေလှန်ဖရိုဖရဲလက်ဝါးသာ ရရင်တော့ အကောင်းဆုံးပဲပေါ့၊ အဲဒါသာ ရရင် ကျွန်တော် တခြားဘာမှ ထပ်မတောင်းတော့ပါဘူး၊ အဲဒါမှ မဟုတ်ရင်လည်း အနည်းဆုံးတော့ သရဲလမ်း၊ ကျိုးပျက်လမ်း ဒါမှမဟုတ် ချည်နှောင်လမ်း တစ်ခုခုပေါ့၊ ဂဏန်းက တစ်လုံးတည်း ဖြစ်နေရင်တောင် ကိစ္စမရှိပါဘူး..."

ဝူဒီအနေဖြင့် ဤဘုရားမဲ့ဝါဒီ၏ ဆုတောင်းသံကို ကြားခဲ့သလားဆိုသည်တော့ မသေချာပေ။ သို့သော် ကြားခဲ့လျှင်တောင် ၎င်းမှာ အလဟဿပင် ဖြစ်သည်။ နတ်ဆိုးများသည် အလကားမပေးတတ်ကြပါ။ သူတို့သည် အပေးအယူသာ လုပ်တတ်ကြသည်။ ဖုန်းပုကြွယ်သည် ထိုစကားများကို နောက်ပြောင်သလို ပြောလိုက်ခြင်း ဖြစ်သည်။ သူသည် စကေးကတ်ကို ကောက်ယူလိုက်ပြီး ၎င်း၏ ဖော်ပြချက်ကို ကြည့်လိုက်သည်။

အမည် - ခန္ဓာကိုယ် မြှင့်တင်ခြင်းနည်းစနစ်

စကေးကတ်ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ အမြဲတမ်း

စွမ်းရည်အမျိုးအစား - မှော်စွမ်းရည်

အကျိုးသက်ရောက်မှု - အသုံးပြုပြီးနောက် ကစားသမား၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ များစွာ မြင့်တက်လာမည် (ခွန်အားနှင့် အရှိန်က အနည်းဆုံး မူလထက် နှစ်ဆဖြစ်လာမည်)၊ သို့သော် အသက်အမှတ်က ဆက်တိုက် လျော့နည်းသွားမည်။ အသက်အမှတ် ၁ ရာခိုင်နှုန်းသို့ ရောက်သောအခါ စွမ်းရည်က အလိုအလျောက် ရပ်တန့်သွားမည်။ စွမ်းရည် ရပ်တန့်သွားပြီးနောက် ပြန်လည် အသုံးပြုနိုင်ရန် စက္ကန့် ၃၀ ကြာမြင့်မည်။ အသက်အမှတ် ၁၀ ရာခိုင်နှုန်းအောက် လျော့နည်းနေပါက အသုံးပြု၍ ရမည် မဟုတ်ပါ။

ကုန်ဆုံးမှု - ၅ စက္ကန့်တိုင်းတွင် အသက်အမှတ် ၂ ရာခိုင်နှုန်း လျော့နည်းမည်။

သင်ယူရန် လိုအပ်ချက် - ဝိညာဉ်အတတ် F

မှတ်ချက် - သရဲတောင်ကြား အခန်းခုနစ်ခန်း၏ အခြေခံဂါထာဖြစ်ပြီး မိစ္ဆာနှိမ်နင်းခြင်း အခန်းများမှ ဖြစ်သည်။ သရဲတောင်ကြားဂိုဏ်းသည် စိတ်နေစိတ်ထားနှင့် ကိုယ်ကျင့်တရားကို ဂရုမစိုက်ပေ။ ၎င်းမှာ လမ်းမှန်ဂိုဏ်းများနှင့် လမ်းစဉ်ကွဲပြားသည်။ ၎င်းမှာ အခြေခံ စွမ်းရည်တစ်ခုသာ ဖြစ်သော်လည်း အသုံးပြုသူ၏ စွမ်းအားကို လျင်မြန်စွာ တိုးတက်စေနိုင်သည်။

အခန်း (၈၄)

ဖုန်းပုကြွယ် အလွန် ဝမ်းသာသွားခဲ့သည်။ ထိုစကေး၏ အကျိုးသက်ရောက်မှုသည် သူ စိတ်ကူးထားခဲ့သည့် အမျိုးအစားနှင့် ကွဲပြားနေသော်လည်း တိုက်ပွဲအတွင်း သူ ထုတ်ဖော်နိုင်မည့် စွမ်းအားကို များစွာ တိုးတက်စေမည် ဖြစ်သည်။

သူသည် ထိုစွမ်းရည်ကို သင်ယူပြီး တပ်ဆင်လိုက်ပြီးနောက် နောက်ထပ်စနစ်၏ ကြေညာချက်တစ်ခု ထွက်ပေါ်လာ၏။

"ဤသည်မှာ သင်၏ မှော်စွမ်းအင်တန်ဖိုး ဖြစ်သည်။ အစစ်အမှန်တန်ဖိုးကို မြင်တွေ့နိုင်သည်။ ဤတန်ဖိုးသည် မှော်စွမ်းရည်များကို အသုံးပြုသည့်အခါ ကုန်ဆုံးသွားမည်ဖြစ်သည်။ မှော်စွမ်းအင်တန်ဖိုးကို ဇာတ်လမ်းအတွင်း အနားယူခြင်း သို့မဟုတ် သီးခြားအိုင်တမ်များဖြင့်သာ ပြန်လည် ဖြည့်တင်းနိုင်သည်။ စနစ်အရောင်းဆိုင်တွင် မည်သည့် မှော်ဆေးရည်ကိုမျှ ရောင်းချပေးမည် မဟုတ်ပါ။ လက်ရှိ မှော်စွမ်းအင်တန်ဖိုး - ၁၄၀/၁၄၀"

စနစ်၏ ကြေညာချက်အပြီးတွင် ဖုန်းပုကြွယ်မျက်စိရှေ့၌ ဂိမ်းမီနူး ထွက်ပေါ်လာသည်။ မြှားတစ်ခုက အင်တာဖေ့စ်၏ ဘယ်ဘက်အပေါ်ထောင့်သို့ ညွှန်ပြနေ၏။ သူ၏ သက်လုံတန်ဖိုးအောက်တွင် စွမ်းအင်ဘားအသစ်တစ်ခု ပေါ်လာလေသည်။ ၎င်းမှာ ငွေရောင် ဖြစ်သည်။

"အင်း... ဒါကို အသက်သွင်းဖို့အတွက် စကေးကို အရင်သင်ဖို့ လိုတာလား"

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။ သူသည် ဂိမ်းလက်စွဲစာအုပ်ထဲတွင် မှော်စွမ်းအင်တန်ဖိုး၏ သတ်မှတ်ချက်အသစ်ကို ဖတ်ခဲ့ဖူးသည်။ မီနူးပေါ်တွင် စွမ်းအင်ဘားအသစ်ကို အဘယ်ကြောင့် မမြင်ရကြောင်း သူတွေးတောနေခဲ့ခြင်းဖြစ်ပြီး စကေးကို သင်ယူလိုက်သောအခါမှသာ ၎င်းက ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုကိန်းဂဏန်းအရ မှော်စွမ်းအင်တန်ဖိုးသည် အဆင့်နှင့်လည်း ဆက်စပ်နေပုံရသည်။ အဆင့် ၁၄ တွင် ၎င်းမှာ ၁၄၀ ဖြစ်သည်။ သက်လုံအမှတ်နှင့် နှိုင်းယှဉ်လျှင် ထိုကိန်းဂဏန်းမှာ ဆယ်ပုံတစ်ပုံသာ ရှိသည်။ မှန်ပေသည်၊ သက်လုံအမှတ်ကို နည်းလမ်းများစွာဖြင့် အသုံးပြုနိုင်၏။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း၊ တိုက်ခိုက်ခြင်း၊ လှုပ်ရှားခြင်း စသည့် အခြေခံအားဖြင့် မည်သည့်လုပ်ဆောင်ချက်မဆို ၎င်းကို ကုန်ဆုံးစေမည် ဖြစ်သည်။ မှော်စွမ်းအင်တန်ဖိုးမှာမူ စကေးများအတွက်သာ အသုံးပြုခြင်းဖြစ်သဖြင့် ၎င်းကို ကိုယ်စားပြုရန် ကိန်းဂဏန်းအမြောက်အမြား မလိုအပ်ပေ။

အပိုဆောင်း EXP နှင့် စကေးကတ်ကို ရရှိပြီးနောက် ဖုန်းပုကြွယ်သည် နောက်ထပ် ဇာတ်လမ်းတစ်ခုထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။ ပြင်ပလောကတွင် ညနေ ၅ နာရီပင် မထိုးသေးပေ။ အကယ်၍ အရာအားလုံး အဆင်ပြေသွားခဲ့လျှင် ညစာမစားမီ အဆင့် ၁၅ သို့ ရောက်ရှိရန် သူ့ရည်မှန်းချက်က ပြီးမြောက်ပေလိမ့်မည်။

တရားဝင် ကြေညာချက် မရှိသော်လည်း ဖိုရမ်ပေါ်ရှိ ကစားသမားများ၏ ဆွေးနွေးချက်များအပေါ် အခြေခံ၍ အိပ်စက်ခြင်းမုဒ်မဟုတ်သော ဇာတ်လမ်းများသည် ပြီးဆုံးရန် အချိန်များစွာမယူတတ်ကြောင်း အတည်ပြုနိုင်သည်။ ဂိမ်းထဲက အချိန်ရှစ်နာရီထက် ပိုကြာသော ဇာတ်လမ်းများကို အိပ်စက်ခြင်းမုဒ်တွင်သာ ကြုံတွေ့ရတတ်ခြင်းဖြစ်သည်။

ဖုန်းပုကြွယ်သည် ဤဇာတ်လမ်းပြီးမှ ညစာပြင်ဆင်ရန် စီစဉ်ထားသဖြင့် အချိန်ဖြုန်းမနေတော့ပေ။ သူသည် လော့ဂ်အင်ခန်းမသို့ ပြန်သွား၍ စခရင်မှတစ်ဆင့် ရီရူလီကို ဆက်သွယ်လိုက်သည်။ သို့သော် အခြားတစ်ဖက်မှာ ဈေးထဲရောက်နေသဖြင့် ချက်ချင်း အကြောင်းပြန်လာခြင်း မရှိပေ။ စခရင်ပေါ်တွင် အသိပေးချက်တစ်ခု ပေါ်လာခဲ့သည်။

"သင့်သူငယ်ချင်းက အကြောင်းမပြန်ပါ၊ သူမသည် လော့ဂ်အင်ခန်းမ၏ အပြင်ဘက်တွင် ရှိနေနိုင်ပါသည်။ သူမကို ဆက်သွယ်ရန် စာတိုပေးပို့စနစ်ကို အသုံးပြုလိုပါသလား"

ဖုန်းပုကြွယ် "ဟုတ်ကဲ့" ကို နှိပ်လိုက်ပြီး လျင်မြန်စွာ ရိုက်ထည့်လိုက်သည်။

"အားလုံး အဆင်သင့်ဖြစ်ပြီ၊ လော့ဂ်အင်ခန်းမကို ပြန်ရောက်ရင် ငါ့ကို ဆက်သွယ်ပါ"

အဖွဲ့ထဲရှိ ကစားသမားအားလုံး သူတို့၏ လော့ဂ်အင်နေရာများသို့ ရောက်ရှိမှသာ အဖွဲ့ခေါင်းဆောင်က အဖွဲ့လိုက်ပါဝင်ရန် ရွေးချယ်နိုင်ပေသည်။ ယင်းသည်မှာ ဂိမ်းလမ်းညွှန်ချက်တွင်လည်း ဖော်ပြထားသဖြင့် ဖုန်းပုကြွယ်က သဘာဝအတိုင်း သိနေခြင်းဖြစ်သည်။

ရီရူလီက သူ့ကို အကြာကြီး စောင့်ခိုင်းမထားပေ။ သူမသည် လော့ဂ်အင်ခန်းမသို့ အမြန်ပြန်ရောက်လာပြီး ဖုန်းပုကြွယ်ကို ခေါ်လိုက်သည်။ ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားပြီးနောက် ဖုန်းပုကြွယ်က မေးသည်။

"ဘယ်လိုလဲ၊ ဘာတွေ ရှာတွေ့ခဲ့လဲ"

"ကျွန်မ လေလံခန်းမကိုတော့ သိပ်ဂရုမစိုက်ဖြစ်ဘူး၊ စနစ်ဈေးဆိုင်ကိုသွားပြီး အဝတ်အစား တစ်စုံ ဝယ်ခဲ့တယ်၊ စိတ်စွမ်းအင် ပြန်လည်ဖြည့်တင်းမှုအရှိန်ကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိပါတာကို ရွေးခဲ့တယ်"

ရီရူလီက ပြန်ဖြေသည်။

ဖုန်းပုကြွယ် ယင်းကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။ ရီရူလီ၏ တိုးတက်မှု လမ်းကြောင်းသည် တိုက်ခိုက်ရေးဘက်သို့ သေချာပေါက် ဦးတည်လိမ့်မည်ဟု မူလက သူထင်ထားခဲ့ခြင်း ဖြစ်သည်။ သူမသည် ကျွမ်းကျင်မှုအသစ်နှင့် ပတ်သက်သည့် အပိုဆောင်းကို ရွေးချယ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သို့သော် အဝတ်အစားများ၏ ဂုဏ်သတ္တိများသည် ကျပန်းဖြစ်ကြောင်း သူသတိရသွား၏။ ဖြစ်နိုင်သည်မှာ ရီရူလီ ရရှိခဲ့သော အပိုဆောင်းသုံးခုအနက် ဤအရာသည် ကုန်ကျစရိတ်နှင့် အထိုက်တန်ဆုံး ဖြစ်၍ ဖြစ်ပေလိမ့်မည်။ သို့မဟုတ် သူမသည် တိုက်ခိုက်ရေးနှင့် မှော်ပညာကို သူမ၏ အဓိကဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။ အဆုံးတွင်တော့ ဂိမ်းထဲတွင် ကျွမ်းကျင်မှုတစ်ခုတည်းအပေါ်မှာသာ အာရုံစိုက်နေခြင်းက မထိုက်တန်ပေ။

"ဪ"

ဖုန်းပုကြွယ်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်ပြီး ဆက်ပြောသည်။

"ဒါနဲ့ ဂိုဏ်းတစ်ခု တည်ထောင်ဖို့အတွက် လက်မှတ်သုံးခု လိုတယ်၊ ငါတို့ နှစ်ယောက်တည်းဆိုတော့ မလုံလောက်သေးဘူးလေ၊ မင်းဒီည ဂိမ်းထဲ ဝင်လာဦးမှာလား"

ရီရူလီသည် ဖုန်းပုကြွယ်၏ မေးခွန်းကို ကြားပုံမရပေ။ ထိုအစား သူမက အကျပ်ရိုက်စေမည့် မေးခွန်းတစ်ခုကို ပြန်မေးလိုက်သည်။

"ရှင့်သူငယ်ချင်းတွေထဲမှာ... ကျွန်မ အပါအဝင်ဆိုရင် အွန်လိုင်းပေါ်မှာ လူသုံးယောက်တောင် မရှိဘူးလား"

"အင်း... ဟုတ်ပါတယ်"

ဖုန်းပုကြွယ်သည် စကားလုံးကို တစ်စက္ကန့်ခန့် ဆွဲပြောလိုက်ပြီးမှ အတည်ပြုချက် ပေးလိုက်သည်။

"ကျွန်မ ခန့်မှန်းကြည့်ပါရစေ... ဝမ်တန်ကျိ၊ လုံအောင်းမင်နဲ့ ငတုံးမလေး တို့ကလွဲရင် ရှင့်မှာ တခြားသူငယ်ချင်း မရှိတော့ဘူး မဟုတ်လား"

ရီရူလီက ထပ်မေးပြန်သည်။

ရှောင်ကုထုံ(ငတုံးမလေး) ဆိုသည်မှာ ရီရူယွီအတွက် ရီရူလီ ပေးထားသော နာမည်ပြောင် ဖြစ်ရပေမည်။ ဖုန်းပုကြွယ်သည် ထိုအမည်ကို ကြားသောအခါ စဉ်းစားလိုက်မိသည်။ သူသည် စက္ကန့်အနည်းငယ်ကြာ စဉ်းစားနေဟန် ဆောင်လိုက်ပြီးမှ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူသည် သွားကြားထဲမှ လေကို စုပ်လိုက်ပြီးမှ မတတ်သာသည့်အဆုံး ပြန်ဖြေလိုက်ရသည်။

"ဟုတ်ပါတယ်..."

"ဒါဆို ခက်ပြီ၊ ကျွန်မလည်း ရှင့်လို အခြေအနေမျိုးပဲလေ"

မင်းမေကြီးတော်။ ဖုန်းပုကြွယ် စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း သူလုပ်နိုင်သည်က ထိုမျှသာ။ ပြင်ပလောကတွင်မူ သူက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဟာ... ဟား ဟား... အဲဒါကြောင့် မင်းကို မေးနေတာလေ၊ မင်းဒီည ဂိမ်းထဲ ဝင်ဦးမှာလားလို့၊ အစ်ကိုလုံတော့ ငါမသေချာဘူး၊ ဒါပေမဲ့ ရှောင်တန်ကတော့ အွန်လိုင်းပေါ်မှာ ရှိမှာပါ၊ မင်းနဲ့ ရှောင်ကုထုံ အပါအဝင်ဆိုရင် ငါတို့မှာ လက်မှတ်လုံလောက်သွားပြီလေ"

"အင်း၊ ဒါက ပြဿနာ မရှိပါဘူး"

ရီရူလီက ပြန်ဖြေသည်။

"ဒါပေမဲ့ ကျွန်မတို့က အွန်လိုင်းပေါ်မှာ အကြာကြီးရှိနေမှာ မဟုတ်ဘူး၊ ချိတ်ဆက်မှု အကြာကြီး လုပ်တာက ခန္ဓာကိုယ်အတွက် မကောင်းဘူး၊ အဲဒါကို ရှင်သတိပြုသင့်တယ်လို့ ကျွန်မ အကြံပေးချင်တယ်"

'ဟေး၊ ငါမင်းနဲ့ မဆုံခင်က အွန်လိုင်းပေါ်မှာ တစ်နာရီပဲ ရှိသေးတာနော်၊ ငါအွန်လိုင်းပေါ် ရောက်နေတာ မြင်တာနဲ့ပဲ တစ်နေ့လုံး ဂိမ်းကိုပဲစွဲလမ်းနေတယ်လို့ မင်းယူဆလိုက်တာလား'

ဖုန်းပုကြွယ် စိတ်ထဲမှ ဒေါသထွက်သွားသော်လည်း သူက အားနည်းသော လေသံဖြင့်သာ ပြန်ဖြေနိုင်ခဲ့သည်။

"အာ... မင်းရဲ့ စိုးရိမ်မှုကို ကျေးဇူးတင်ပါတယ်"

"အဲဒါအပြင် အစားကို အချိန်မှန်စားဖို့လည်း အရေးကြီးတယ်၊ နောက်ဇာတ်လမ်း ပြီးသွားရင် ညနေ ၅ နာရီ ဒါမှမဟုတ် ၆ နာရီ ဖြစ်သွားလိမ့်မယ်၊ ရှင် လိုင်းဆင်းပြီး တစ်ခုခု စားလိုက်တာ ပိုကောင်းမယ်"

သူမက တည်ငြိမ်သော လေသံဖြင့် ထပ်ပြောသည်။

'ငါလည်း ဒီအတိုင်း တွေးထားတာပဲ၊ ဘယ်သူက ဂိမ်းကို အဲဒီလောက်အထိ စွဲလမ်းနေမှာလဲ၊ မင်းက ငါ့ကို အထက်တန်းကျောင်းသားလို့ ထင်နေတာလား၊ အခု မင်းက အဲဒီလို ပြောလိုက်တော့ ငါလိုင်းဆင်းရင်တောင် အဓိပ္ပာယ် မရှိတော့သလိုပဲ'

ဖုန်းပုကြွယ်သည် သူ၏ မကျေနပ်ချက်များကို စိတ်ထဲမှာသာ သိမ်းဆည်းထားလိုက်သည်။ သူသည် အလွန်နေရခက်သွားသဖြင့် သူ၏ ဓာတ်လှေကားထဲတွင် ခြိမ်းခြောက်သည့် အမူအရာများ ပြုလုပ်လိုက်သည်။ အဆုံးတွင်တော့ အခြားတစ်ဖက်လူက သူ့ကို မမြင်နိုင်ပါပေ။

အကယ်၍ ဖုန်းပုကြွယ်သည် ရီရူလီနှင့် ရင်းနှီးခဲ့လျှင် သူအကုန်ဖွင့်ပြောမိပေလိမ့်မည်။ သို့သော် သူတို့သည် လွတ်လွတ်လပ်လပ် စကားပြောနိုင်သည့် သူငယ်ချင်းများ မဟုတ်ကြသဖြင့် ဖုန်းပုကြွယ်က "အင်း... ငါ နားလည်ပါပြီ" ဟုသာ ပြန်ဖြေနိုင်ခဲ့သည်။

ထိုစကားဝိုင်းသာ ဆက်သွားနေလျှင် အခြေအနေမှာ အမေက သားကို ဆုံးမနေသည့်ပုံစံမျိုး ဖြစ်သွားမည်ဟု သူခံစားလိုက်ရသဖြင့် အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။

"အာ... အချိန်မှန် စားနိုင်ဖို့အတွက် ငါတို့ အမြန်တန်းစီလိုက်တာ ပိုကောင်းမယ်"

"အိုကေ"

ရီရူလီက တိုတိုတုတ်တုတ်ပင် ပြန်ဖြေသည်။

ဖုန်းပုကြွယ်သည် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလို ခံစားလိုက်ရသည်။ သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး စခရင်ပေါ်တွင် လျင်မြန်စွာ လုပ်ဆောင်လိုက်တော့သည်။

"ဖုန်းပုကြွယ်၊ အဆင့် ၁၄"

"ရီရူလီ၊ အဆင့် ၁၄"

"သင်တို့အဖွဲ့ ပါဝင်လိုသော ဂိမ်းမုဒ်ကို ရွေးချယ်ပေးပါ။"

"သင်သည် အဖွဲ့လိုက် ရှင်သန်ခြင်းမုဒ် (ပုံမှန်) ကို ရွေးချယ်ထားသည်။ ကျေးဇူးပြု၍ အတည်ပြုပါ။"

"အတည်ပြုပြီးပါပြီ။ အဖွဲ့ဝင်အရေအတွက်ကို ကျပန်း ရွေးချယ်ထားသည် - ငါးဦး။"

"သင်တို့အဖွဲ့သည် တန်းစီဇယားထဲ ဝင်ရောက်သွားပါပြီ။ အဆင်သင့်ဖြစ်နေသော အခြားကစားသမားများ သို့မဟုတ် အဖွဲ့များကို ရှာဖွေနေသည်။"

"ကိုက်ညီမှု ပြီးဆုံးပါပြီ။ အာရုံကြော ချိတ်ဆက်မှုကို ချိန်ညှိနေပါသည်။ ဇာတ်လမ်းကို ဖန်တီးနေသည်..."

"ဒေါင်းလုဒ်ဆွဲနေပါသည်၊ ခေတ္တစောင့်ဆိုင်းပေးပါ။"

All Chapters