← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅)

ဇာတ်လမ်းသည် ရစ်ချတ်ကော်နဲလ်၏ ဝတ္ထုတိုဖြစ်သော “အန္တရာယ်အများဆုံးဂိမ်း"ကို အခြေခံထားခြင်း ဖြစ်သည်။ အကယ်၍ တူညီမှုတစ်ခုခု ရှိနေခဲ့လျှင်လည်း ၎င်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါ။

...

"သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်"

အမျိုးသားအသံတစ်ခုက အသံနိမ့်နိမ့်ဖြင့် ပြောလာသည်။

“ဒေါင်းလုဒ် ပြီးဆုံးပါပြီ။ သင်သည် လောလောဆယ်တွင် အဖွဲ့လိုက် ရှင်သန်ခြင်းမုဒ် (ပုံမှန်) ထဲ၌ ရှိနေသည်။”

“ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ပေးထားပြီး လျှို့ဝှက်ဘေးထွက်မစ်ရှင်များနှင့် အထူးကမ္ဘာတည်ဆောက်ပုံများကို ဖော်ထုတ်နိုင်ရန် အခွင့်အရေးရှိပါသည်။”

"ဇာတ်လမ်းပြီးမြောက်မှုအတွက် ဆုလာဘ် - ဇာတ်လမ်းပြီးဆုံးပါက အပိုဆောင်း EXP ၈၀ ရာခိုင်နှုန်း ရရှိပါမည်။"

"ဇာတ်လမ်းမိတ်ဆက်ကို မကြာမီ ပြသပါတော့မည်။ ထို့နောက် ဂိမ်းစတင်ပါမည်။"

ဇာတ်လမ်းမိတ်ဆက်မှာ စတင်နေပြီဖြစ်သည်။ ရုပ်ပုံထဲရှိ အလင်းရောင်သည် မှိန်ဖျော့နေပြီး ကင်မရာကလည်း တုန်ခါနေ၏။ ရေလှိုင်းသံနှင့် အင်ဂျင်သံများကို ကြားနေရသဖြင့် သူတို့သည် သင်္ဘောတစ်စင်းပေါ်တွင် ရောက်နေခြင်း ဖြစ်ရပေမည်။

စနစ်၏ အသံက မျှော်လင့်ထားသည့်အတိုင်း ရောက်ရှိလာလေသည်။

"အပူပိုင်းဒေသရဲ့ စိုစွတ်တဲ့ ညတစ်ညမှာ သင်တို့ စီးနင်းလာတဲ့ ရွက်လှေဟာ ထူထပ်ပြီး နွေးထွေးတဲ့ အမှောင်ထုထဲမှာ နစ်မြုပ်နေပါတယ်။

“သင်ဟာ ထိပ်တန်းအဆင့် မုဆိုးတစ်ဦးဖြစ်ပါတယ်။ သင်၏ ထက်မြက်သော အာရုံခံစားမှုများဖြင့် သင်္ဘော၏ ညာဘက်အခြမ်း တစ်နေရာ၌ ကျွန်းတစ်ကျွန်း ရှိနေသည်ကို ကတ္တီပါရောင်ညခြုံလွှာကြားမှ သတိပြုမိလိုက်ပါတယ်။

“သင်္ဘောကပ္ပတိန်က သင့်ကို ပြောပြတာကတော့ ရှေးဟောင်း ရေကြောင်းပြမြေပုံတွေမှာ ဒီနေရာကို 'သင်္ဘောထောင်ချောက်' လို့ လူသိများတယ်တဲ့။ သင်္ဘောသားတွေက ဒီလို အဓိပ္ပာယ်ပါတဲ့ အမည်ကို ပေးခဲ့ကြတာပါ။ အဲဒီနေရာအပေါ် သူတို့ရဲ့ ကြောက်ရွံ့မှုက အယူသီးတဲ့ အဆင့်အထိ ရောက်နေပါပြီ။

"အယူသီးတဲ့ သင်္ဘောသားတစ်ယောက်ဟာ သင်္ဘောတစ်စင်းလုံးကို ကူးစက်စေနိုင်ပါတယ်။ စိုးရိမ်ပူပန်နေတဲ့ သင်္ဘောသားတစ်ယောက်ဟာ မတော်တဆမှုတစ်ခုကို ဖြစ်စေနိုင်ပါတယ်။"

"သင်တို့ရဲ့ သင်္ဘော နစ်မြုပ်သွားခဲ့ပြီး သင်ဟာ အမှောင်ထုထဲမှာ ကျွန်းဆီကို ရေကူးခဲ့ပါတယ်။ သင်ဟာ ပင်လယ်ထဲက လှေငယ်လေးတစ်စင်းလို အားကိုးရာမဲ့ဖြစ်နေပေမဲ့ ကျောက်ဆောင်ထူထပ်တဲ့ ကမ်းခြေပေါ်ကို တက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ရပါတယ်။ သင်ဟာ ရေစီးကြောင်းထဲကနေ လွတ်မြောက်လာခဲ့ပြီး ချွန်ထွက်နေတဲ့ ကမ်းပါးကြီးက အမှောင်ထဲမှာ ပေါ်လာခဲ့ပါတယ်။ သင်ဟာ တစ်ဆင့်ပြီးတစ်ဆင့် တွယ်တက်ခဲ့ရပြီး သင့်ရဲ့ လက်ဖဝါးက အရေခွံတွေလည်း ပွန်းပဲ့စုတ်ပြတ်ကုန်ပါပြီ။ သင့်ရဲ့ နောက်ဆုံးလက်ကျန် ခွန်အားတွေကို သုံးပြီး နောက်ဆုံးမှာတော့ ကမ်းပါးထိပ်က မြေပြန့်လေးတစ်ခုပေါ်ကို ရောက်ခဲ့ပါတယ်။ ထူထပ်တဲ့ တောအုပ်ကြီးက ကမ်းပါးယံအစွန်းအထိ ကျယ်ပြန့်နေပါတယ်။ သင်ဟာ ရှေ့ဆက်ဖို့ အင်အားမရှိတော့တာကြောင့် မြေပြင်ပေါ်မှာပဲ လဲကျပြီး အိပ်ပျော်သွားခဲ့ပါတယ်။”

"သင်မျက်လုံးပွင့်လာတဲ့အခါ နေမင်းရဲ့ တည်နေရာအရ မွန်းလွဲပိုင်း ရောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ တောအုပ်အစွန်းက ရွှံ့ထူတဲ့မြေပြင်ပေါ်မှာ လူခြေရာတွေကို သင်မြင်လိုက်ရတယ်။ သင်ဟာ တောအုပ်ထဲက အဲ့ဒီလမ်းကြောင်းအတိုင်း လိုက်သွားခဲ့ပြီး ကျွန်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ ကမ်းပါးထိပ်တစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးတစ်ခုဆီကို ရောက်လာခဲ့ပါတယ်။”

"အဲဒီအချိန်မှာပဲ ညဉ့်မှောင်ထုဟာ... ပင်လယ်ပြင်နဲ့ တောအုပ်မျက်နှာပြင်ပေါ်ကို ကျရောက်လာခဲ့ပါပြီ။"

ထိုဖော်ပြချက်ကို ကြားပြီးနောက် ကစားသမားများသည် ဇာတ်လမ်းထဲသို့ တရားဝင် ဝင်ရောက်လာကြတော့သည်။

ကစားသမားငါးဦးသည် ရဲတိုက်အပြင်ဘက်ရှိ ကျောက်လှေကားထစ်များ၏ အောက်ခြေတွင် ရပ်နေကြသည်။ လမင်းကြီးနှင့် ကြယ်တာရာများသည် တောက်ပစွာ ဖြာကျနေပြီး ဤကဲ့သို့ ပွင့်လင်းသော နေရာတွင် သူတို့သည် မည်သည့် အလင်းရောင်ပေးသည့် အသုံးအဆောင်မှ မပါဘဲ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြသည်။

ရီရူလီသည် ဖုန်းပုကြွယ်ဘေးတွင် ရပ်လျက် ရှိနေသည်။ သူမသည် ဝတ်စုံကို လဲလှယ်ထားပြီးပြီ ဖြစ်သည်။ သူမသည် အနက်ရောင် ချည်သားကိုယ်ကျပ်အင်္ကျီနှင့် ဘေးနှစ်ဖက်တွင် အိတ်များစွာပါသော အနက်ရောင် တောင်တက်ဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။ ၎င်းမှာ အလွန်ပင် လက်တွေ့ကျပုံရသည်။ အင်္ကျီသည် လက်ပြတ်ကိုယ်ကျပ်ဖြစ်ပြီး ပေါ့ပါးလှသဖြင့် သူမ၏ လက်မောင်းများကို ပိုမိုလွတ်လပ်စွာ လှုပ်ရှားစေနိုင်သည်။ သူမသည် ညာဘက်လက်တွင် အနက်ရောင် သားရေလက်အိတ်တစ်လုံးကိုလည်း စွပ်ထားသေးသည်။ သို့သော် ဘယ်ဘက်လက်တွင်မူ စွပ်မထားပေ။ သူမ၏ ညာဘက်လက်မှာ ဓားကိုင်သည့်လက် ဖြစ်သည်။ ဤသည်မှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်း ဖြစ်ပုံရသည်။

ဘောင်းဘီသည် သူမ၏ ခြေတံအလှကို ဖော်ပြမနေသော်လည်း ဖုန်းပုကြွယ် အနီးကပ် ကြည့်လိုက်သောအခါ ရီရူလီ၏ ကိုယ်လုံးကိုယ်ပေါက်သည် သေချာပေါက်ပင် ကောက်ကြောင်းလှပခြင်း ဖြစ်သည်။ သူမ၏ သွယ်လျသော ခါးလေးနှင့် ထင်ရှားသော အပေါ်ပိုင်းမှာ သိသိသာသာ ကွဲပြားနေသဖြင့် လူတို့ကို အတွေးနယ်ချဲ့စေနိုင်ပေသည်။ သို့သော် ပုံရိပ်ယောင် ဂိမ်းများတွင် အမျိုးသမီး ကစားသမားအများစုမှာ ထိကဲ့သို့ပင် ဖြစ်ကြသည်။ ရီရူလီသည် လူအများ၏ အာရုံစိုက်မှုကို မခံရစေရန် သူမ၏အသွင်အပြင်ကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲထားခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိသော အသင်းဖော်သုံးဦးအနက် အမျိုးသမီးကစားသမားတစ်ဦး ပါဝင်နေသည်။ သူမ၏ အိုင်ဒီမှာ 'ကြောက်တတ်တဲ့ ကြောင်ကလေး မဟုတ်ဘူး' ဖြစ်သည်။ သူမသည် အဆင့် ၁၆ ရှိပြီး ဘွဲ့အမည်မှာ 'ပုန်းတမ်းလိုက်တမ်း' ဖြစ်သည်။ သူမသည် ဒူးအထိ ရောက်သော အပြာဖျော့ဖျော့ အလယ်ခေတ်စတိုင် မှော်ဆရာမဝတ်စုံကို ဝတ်ဆင်ထား၏။ သူမသည် လည်ရှည်ဖိနပ်နှင့် အဖြူရောင် ပိုးခြေအိတ်များကိုလည်း ဝတ်ဆင်ထားသည်။ ဂိမ်းထဲတွင် စကတ်ဝတ်ရန် ခွင့်မပြုထားသဖြင့် သူမသည် ဝတ်စုံအောက်တွင် ပေါင်တံများကို ဖော်ပြနေသော ဘောင်းဘီတိုတစ်ထည်ကို ရွေးချယ်ထားရသည်။

အသွင်အပြင်အရ ကြောက်တတ်တဲ့ကြောင်ကလေး မဟုတ်ဘူးမှာ အသက် ၁၈ နှစ်ခန့် ရှိပုံရသည်။ သူမတွင် ကြီးမားသော မျက်လုံးများ၊ နှာတံစင်းစင်း၊ ပါးစပ်သေးသေး၊ နှင်းပွင့်ကဲ့သို့ ဖြူစင်သော အသားအရေနှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ် ရှိပေသည်။ အဆုံးတွင်တော့ ပြင်ပလောကတွင် ပိန်ပါးပြီး ကြည့်ရဆိုးမနေသရွေ့ ပုံရိပ်ယောင်ကမ္ဘာထဲ၌ နတ်သမီးတစ်ပါး ဖြစ်လာနိုင်လေသည်။

သို့သော်လည်း ထိုချစ်စရာကောင်းသော အိုင်ဒီ၊ ချစ်စရာကောင်းသော ဘွဲ့အမည်နှင့် ချစ်စရာကောင်းသော အသွင်အပြင်များက ဖုန်းပုကြွယ်ကိုမူ လှည့်စားခံလိုက်ရသလို ခံစားရစေသည်။

ကျန်ရှိသော အမျိုးသားကစားသမား နှစ်ဦးမှာမူ အဖွဲ့တူမှ ဖြစ်ပုံရသည်။ သူတို့ နှစ်ယောက်လုံးမှာ အဆင့် ၁၅ ဖြစ်သည်။ တစ်ဦးကို ‘ဓားတစ်ချက်’ဟု ခေါ်သော်လည်း သူ၏ ဘွဲ့အမည်မှာ 'လူသစ်ဓားသမား' ဖြစ်သည်။ အခြားတစ်ဦးကိုမူ 'ဓားမော့တစ်ချက်'ဟု ခေါ်ပြီး သူ၏ ဘွဲ့အမည်မှာ 'စဦးဓားမော့' ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးသည် အသက် ၂၀ ကျော် အရွယ်များ ဖြစ်ပုံရသည်။ သူတို့၏ နာမည်ပြောင်များသည် ဆင်တူရုံသာမက ဝတ်စုံဝတ်ဆင်ပုံမှာလည်း အတူတူပင် ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးသည် အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ရှုပ်ပွနေသော ဆံပင်များကို ဂုတ်ပိုးနောက်တွင် ချထားကြသည်။ သူတို့သည် ရှေးဟောင်းသူရဲကောင်းများစစ်သည်တော်များနှင့် တူလှသည်။

ယင်းသည် ဖုန်းပုကြွယ်အား လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတွေ့ခဲ့ဖူးသော ပန်ဖုန်းနှင့် ဟွာရှုံတို့ကို သတိရသွားစေသည်။ သူတို့၏ စတိုင်မှာလည်း ရှေ့ကလူနှစ်ဦးနှင့် ဆင်တူလှသည်။ သူတို့သည် သူတို့၏ ဇာတ်ကောင်များကို နာမည်ပေးကတည်းက ဂိမ်းထဲရှိ သူတို့၏ အန္တိမပန်းတိုင်ကို သတ်မှတ်ပြီးသား ဖြစ်ပုံရလေသည်။

ထိုကဲ့သို့သော ကစားသမားများတွင် အဖြစ်အများဆုံး ဝမ်းနည်းစရာမှာ အကယ်၍ သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုက မူလပန်းတိုင်မှ သွေဖည်သွားခဲ့လျှင် ဖြစ်သည်။ ဥပမာအားဖြင့် ဂိမ်းဆော့ပြီး အချိန်အတန်ကြာသောအခါ သူတို့သည် အခြားနယ်ပယ်တစ်ခုနှင့် ပိုမိုကိုက်ညီကြောင်း ရုတ်တရက် သိလိုက်ရခြင်းမျိုး ဖြစ်၏။ အဆုံးတွင် သူတို့သည် ပစ်ကျွမ်းရေးကျွမ်းကျင်မှု သို့မဟုတ် ကုသရေးကျွမ်းကျင်မှုရှိသော ဇာတ်ကောင်များ ဖြစ်လာခဲ့လျှင် သူတို့၏ အိုင်ဒီများက နေရာလွဲနေပေလိမ့်မည်။

ထိုငါးဦးအနက် ဖုန်းပုကြွယ်နှင့် ရီရူလီတို့သည် အဆင့်အနည်းငယ် နိမ့်သော်လည်း သူတို့၏ ဘွဲ့အမည်များဖြစ်သော 'သွေးအေးစွာ ခေါင်းရိုက်ခွဲသူ' နှင့် 'ကရုဏာမဲ့ ခေါင်းဖြတ်သူ' တို့မှာ အလွန်ပင် အာရုံစိုက်ခံနေလေသည်။

ရီရူလီကတော့ ပြဿနာ မရှိပေ။ သူမ၏ လူသတ်ငွေ့များ ပါနေသော မျက်လုံးများ၊ လူတို့ကို အနားမကပ်စေသည့် သူမ၏ အရှိန်အဝါနှင့် သိပ်မထူးခြားသော အသွင်အပြင်များကြောင့် သူစိမ်းများအနေဖြင့် သူမသည် ပြင်ပလောကတွင် အလွန်ရုပ်ဆိုးပြီး ရှုံးနိမ့်နေသည့် အမျိုးသမီးတစ်ဦး ဖြစ်ရမည်ဟု ချက်ချင်း ကောက်ချက်ချလိုက်ကြမည် ဖြစ်သည်။ ထို့ကြောင့် ဂိမ်းထဲရှိ သူမ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်ကြောက်မက်ဖွယ်ကောင်းနေရခြင်း ဖြစ်သည်။

သို့သော် ဖုန်းပုကြွယ်ကိုမူ... ကြည့်ရသည်မှာ သိပ်သန်မာပုံ မရပေ။ အခြားသုံးဦးက သူ့ကို မြင်သောအခါ 'ဒီလူက သူကိုယ်သူ ချောတယ်လို့ထင်ပြီး အသွင်အပြင်ကို မပြောင်းထားဘူးပဲ၊ ဂိမ်းတွင်းဆံပင်ပုံစံတောင် မပြောင်းထားဘူး၊ အဆင့် ၁၀ ဖြစ်နေတာတောင် သူက သူ့ရဲ့ အဆင့်အတန်း မြှင့်တင်ဖို့အတွက် ဈေးပေါတဲ့ဝတ်စုံ တစ်စုံ ဒါမှမဟုတ် နှစ်စုံတောင် ဝယ်မထားဘူး၊ သူ့ရဲ့ အသွင်အပြင်ကလည်း သာမန်ပဲ၊ ခန္ဓာကိုယ်ကလည်း ပိန်ပုံရတယ်၊ ပြီးတော့ သူ့ရဲ့ အိုင်ဒီကလည်း ထူးဆန်းတယ်... ဒီလူက အရမ်းကို "ပေါ့ပေါ့ပါးပါး" ရှိပုံရပေမဲ့ သန်မာပုံရတဲ့ အိုင်ဒီတစ်ခု ရှိနေတယ်... ဒီလူက သူ့စွမ်းအားကို ဖုံးကွယ်ထားတာလား၊ ဒါမှမဟုတ် သူက ပြင်ပလောကမှာ ထူးဆန်းတဲ့လူတစ်ယောက်လား' ဟု တွေးလိုက်ကြသည်။

ငါးဦးသား တစ်ဦးကိုတစ်ဦး လေ့လာအကဲခတ်ရင်း တစ်ဦးစွမ်းအားကို တစ်ဦး ခန့်မှန်းကာ နှုတ်ဆက်လိုက်ကြသည်။

စကားအနည်းငယ် ပြောပြီးနောက် 'ကြောက်တတ်တဲ့ကြောင်ကလေး မဟုတ်ဘူး' က သူမ၏ မျက်လုံးများကို ပြူးလိုက်သည်။ သူမသည် ဓားတစ်ချက်နှင့် ဓားမော့တစ်ချက်တို့၏ လက်မောင်းပေါ်ရှိ တံဆိပ်များကို ညွှန်ပြကာ ဆိုလိုက်သည်။

"ဝိုး… ဒါဆို ရှင်တို့က အဲဒီနာမည်ကြီး 'ကျန်းဟူ' ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေပေါ့"

"ဟားဟား... ဟုတ်ပါတယ်၊ တကယ်တော့ ဒါက သိပ်အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး"

ဓားတစ်ချက်က ပြန်ဖြေသော်လည်း 'အရေးကြီးတဲ့ ကိစ္စ' ဟူသည် စကားလုံးမှာ သူ့မျက်နှာပေါ်တွင် အထင်းသား ရေးထားသလိုပင်။

ဖုန်းပုကြွယ်သည် သူတို့တံဆိပ်များကို ကြည့်ရှုလိုက်သည်။ ၎င်းမှာ အဖြူရောင် တိမ်တိုက်ပုံစံဖြစ်ပြီး 'ကျန်းဟူ' ဆိုသည့် စကားလုံးကို ရေးထား၏။ ယင်းသည် ဂိမ်းစတူဒီယိုတစ်ခုနှင့် ဆင်တူသော ဂိုဏ်းတစ်ခု ဖြစ်ရပေမည်။ ဖုန်းပုကြွယ် ရှင်းရှင်းလင်းလင်းမှတ်မိနေသည်မှာ အလုံးစုံ အင်အားနှင့် တိုက်ခိုက်ရေး စွမ်းရည် ဦးဆောင်သူစာရင်းတွင် 'ကျန်းဟူ' သည် အလုံးစုံအင်အားအရ အဆင့် ၁၇ တွင် ရှိပြီး တိုက်ခိုက်ရေးစွမ်းရည်အရ အဆင့် ၁၁ တွင် ရှိပေသည်။

သို့သော် ဤနှစ်ဦးသည် ဂိမ်းစတူဒီယိုမှ ပရော်ဖက်ရှင်နယ် ကစားသမားများမဟုတ်ဘဲ ဂိုဏ်း၏ အရွယ်အစားကို ချဲ့ထွင်ရန်အတွက် စုဆောင်းထားသော သာမန်ကစားသမားများသာ ဖြစ်မည်ဟု ဖုန်းပုကြွယ် ယုံကြည်လိုက်သည်။

အကယ်၍ သူတို့သည် ဂိမ်းစတူဒီယို၏ အတွင်းလူများ ဖြစ်ခဲ့လျှင် အဆင့် ၁၅ လောက်တွင်သာ ရှိနေလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူတို့သည် ဂိမ်းတရားဝင်ကာလအတွင်းမှ ဂိမ်းထဲသို့ ဝင်ရောက်လာသော ဂိမ်းစတူဒီယို အဖွဲ့ဝင်များ ဖြစ်ခဲ့လျှင်ပင် အတွေ့အကြုံနှင့် အသုံးအဆောင်များ၏ ထောက်ပံ့မှုဖြင့် သူတို့၏ ဘွဲ့အမည်များမှာ ထိုမျှလောက် အသုံးမကျဖြစ်နေမည် မဟုတ်ပေ။

သို့သော်လည်း ဖုန်းပုကြွယ်အား သံသယဖြစ်စေသည်မှာ 'ပုန်းတမ်းလိုက်တမ်း' ဘွဲ့အမည်ရှိသော 'ကြောက်တတ်တဲ့ ကြောင်ကလေး မဟုတ်ဘူး' ပင် ဖြစ်သည်။ 'ကျန်းဟူ' သည် ဂိုဏ်းဦးဆောင်သူစာရင်း နှစ်ခုလုံးတွင် ထိပ်တန်းဆယ်ခုအပြင်ဘက်၌ ရှိနေခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ကစားသမားတစ်ဦးသည် ဤဦးဆောင်သူစာရင်းများကို ကြည့်မည်ဆိုပါက ထိပ်တန်းငါးခု သို့မဟုတ် ခြောက်ခုကို မှတ်မိနိုင်လျှင်ပင် အထင်ကြီးစရာ ဖြစ်နေပြီဖြစ်သည်။ လူအများစုမှာ ထိပ်တန်း သုံးခုကိုသာ မှတ်မိကြသည်။ ထို့ကြောင့် သူမ၏ လုပ်ရပ်အတွက် ရှင်းပြချက်သုံးခု ရှိလာသည်။

ပထမအချက် သူမသည် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးဖြစ်ခြင်း ဖြစ်သည်။ ဒုတိယအချက် သူမသည် မှတ်ဉာဏ်ကောင်းသော ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးဖြစ်ခြင်း ဖြစ်သည်။ တတိယအချက်မှာ သူမက ကျန်းဟူသည် ထိုဦးဆောင်သူစာရင်းနှစ်ခုတွင် ပါဝင်နေသည်ကို မသိခြင်း ဖြစ်သည်။ လွန်ခဲ့သော တစ်မိနစ်ခန့်က သူမသည် ကျန်းဟူအကြောင်းကို ကြားပင် မကြားဖူးသေးသော်လည်း ထိုကစားသမားနှစ်ဦး၏ ဂိုဏ်းတံဆိပ်များကို မြင်သောအခါ သူတို့ကို အထင်ကြီးဟန်ဆောင်ကာ "အရမ်း နာမည်ကြီးတယ်" ဟု ဝေဝေဝါးဝါး ပြောလိုက်ခြင်း ဖြစ်သည်။

ထိုအတွေးများက ဖုန်းပုကြွယ်စိတ်ထဲတွင် လျှပ်တပြက် ဖြတ်သန်းသွားခဲ့သည်။ 'ပုန်းတမ်းလိုက်တမ်း' ဟူသည့် ဘွဲ့အမည်နှင့် ပေါင်းစပ်လိုက်သောအခါ ဖုန်းပုကြွယ်သည် ကောက်ချက်ချရန်အတွက် သုံးစက္ကန့်သာ လိုအပ်ခဲ့သည်။ သူသည် ရီရူလီဘေးသို့ ချက်ချင်း တိုးကပ်သွားပြီး သူမ၏ နားနားတွင် ခပ်တိုးတိုး ကပ်ပြောလိုက်သည်။

"တကယ်လို့ အခွင့်အရေးရခဲ့ရင် အဲဒီသုံးယောက်နဲ့ ငါတို့ လမ်းခွဲကြရအောင်၊ အဲဒီ ကြောက်တတ်တဲ့ ကြောင်ကလေး မဟုတ်ဘူးကို ငါတို့ ရှောင်ရမယ်"

ရီရူလီက ဖုန်းပုကြွယ်ကို ဖျတ်ခနဲကြည့်လိုက်သည်။ သူမသည် ဘာကြောင့်လဲဟု မမေးခဲ့ဘဲ သူ့ကို အကြွင်းမဲ့ယုံကြည်ရန် ရွေးချယ်လိုက်သည်။ "အိုကေ" ဟု သူမက နူးညံ့စွာ ပြန်ဖြေ၏။

သူတို့နှစ်ဦး စကားပြောချိန်တွင် သူတို့၏ အမူအရာများက သဘာဝကျလှသည်။ သူတို့၏ နှုတ်ခမ်းများပင် လှုပ်ရှားခြင်း မရှိသဖြင့် ကျန်သုံးဦးမှာ သူတို့ကို လုံးဝ သတိမထားမိကြပေ။

နောက်ထပ် မိနစ်အနည်းငယ်အတွင်း ကြောက်တတ်တဲ့ကြောင်ကလေး မဟုတ်ဘူးသည် ဂိုဏ်းဝင် နှစ်ဦးကို အထင်ကြီးဟန်ဖြင့် ကြည့်ကာ စကားကောင်းများစွာကို ပြောခဲ့သည်။ ဓားတစ်ချက်နှင့် ဓားမော့တစ်ချက်တို့သည် မကြာမီ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်သွားကြတော့သည်။ အမှန်တော့ သူတို့သည် ထိုနေ့မနက်ကမှ ဂိုဏ်းထဲဝင်ခဲ့ခြင်းဖြစ်ပြီး ကျန်းဟူ၏ အတွင်းလူများ မဟုတ်ကြပေ။ သူတို့သည် ဂိုဏ်းအောက်ခြေတွင်ရှိသော သာမန်လူငယ်လေး နှစ်ယောက်သာ ဖြစ်သည်။ သို့သော် အလှလေး၏ ချီးကျူးမှုကို ခံရပြီးနောက်တွင်မူ ထိုနှစ်ဦး၏ ယုံကြည်မှုမှာ အမှန်တကယ်ပင် မြင့်တက်လာတော့သည်။ သူတို့က တွေးလိုက်သည်မှာ 'ဂိုဏ်းက လူကြီးတွေနဲ့ ယှဉ်ရင်တော့ သူတို့က ပရော်ဖက်ရှင်နယ်တွေမို့လို့ ထားလိုက်ပါတော့၊ ဒါပေမဲ့ ဒီက တခြားယောကျ်ားလေး အဖော်တစ်ယောက်နဲ့ ယှဉ်ရင်တော့... အဲဒီ ဖုန်းပုကြွယ်ဆိုတဲ့လူနဲ့ ယှဉ်ရင်တော့ ငါက အတော်လေး သန်မာပါသေးတယ်၊ သူက ဝတ်စုံတစ်စုံတောင် မဝယ်နိုင်ရှာဘူး၊ သူက ဘယ်လောက်တောင် ဆင်းရဲနေတာလဲ၊ သူ့ကို ဘယ်ဂိုဏ်းမှ မလိုချင်တာ မဆန်းပါဘူး' ဟူ၍ ဖြစ်သည်။

လူသားတို့၏ စိတ်ပိုင်းဆိုင်ရာသည် အလွန်ပင် နူးညံ့သိမ်မွေ့လှသည်။ အဖွဲ့အစည်း အငယ်စား သို့မဟုတ် အလတ်စားများတွင် အထူးသဖြင့် ဆွဲဆောင်မှုရှိသော ဆန့်ကျင်ဘက်လိင်များ၏ ရှေ့တွင် လူသားများသည် အချို့ သို့မဟုတ် အရာအားလုံးတွင် သူတို့ထက် အားနည်းသောလူတစ်ဦးကို ဗီဇအရ အမြဲတမ်း ရှာဖွေတတ်ကြသည်။ သူတို့သည် သူတို့စိတ်ထဲတွင် ထိုသူနှင့် နှိုင်းယှဉ်ကာ သူတို့အား သာလွန်မှုခံစားချက်ကို ပေးစွမ်းမည့်အရာတစ်ခုကို ရှာဖွေတတ်ကြသည်။ အမှန်တကယ်တော့ ၎င်းသည် မိမိကိုယ်ကို နှစ်သိမ့်ခြင်းအခန်းကဏ္ဍတွင် ပါဝင်နေသော လုံခြုံမှုခံစားချက်တစ်ခုသာ ဖြစ်သည်။ ယင်းသည် သူတို့ကိုယ်သူတို့ 'အနည်းဆုံးတော့ ငါက အဆိုးဆုံး မဟုတ်သေးပါဘူး' ဟု ပြောနေသကဲ့သို့ပင်။

မိနစ်အနည်းငယ် ကြာပြီးနောက် NPC တစ်ယောက်ပေါ်လာပြီး ကစားသမားများ ပြင်ဆင်ရန် အချိန်ကျပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက်တွင်မူ ဇာတ်လမ်း စတင်တော့မည် ဖြစ်သည်။

ခြောက်ကပ်ကပ်အသံနှင့်အတူ ရဲတိုက်တံခါးက ပွင့်လာခဲ့သည်။ တံခါးကြားမှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး အလွန်လင်းကျင်းသွားစေ၏။ အရပ်ရှည်ရှည်လူတစ်ဦးသည် လက်ထဲတွင် ခြောက်လုံးပြူး သေနတ်တစ်လက်ကို ကိုင်ဆောင်၍ ဖြည်းညှင်းစွာ လျှောက်ထွက်လာခဲ့သည်။

ထိုလူသည် ခန္ဓာကိုယ်ကြီးမားပြီး ကြွက်သားများရှိကာ သူ၏ မုတ်ဆိတ်မွေးများက ခါးအထိ ရောက်နေလေသည်။ သူ့အသွင်အပြင်မှာ ထူးခြားလှပြီး အခြားသူများအပေါ်တွင် နက်ရှိုင်းသော အထင်အမြင်ကို ကျန်ရစ်စေ၏။ သူသည် လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်ဟူသော အချက်နှင့် ပေါင်းစပ်လိုက်သောအခါ ဤအဖွဲ့အား သတိထားစေခဲ့သည်။

အခန်း (၈၆)

ကြောက်တတ်တဲ့ ကြောင်ကလေး မဟုတ်ဘူးက ထိတ်လန့်သွားဟန်ဆောင်ကာ ဓားတစ်ချက်နှင့် ဓားမော့တစ်ချက်တို့၏ နောက်တွင် အမြန်ပြေးပုန်းလိုက်လေ၏။ ထိုနှစ်ဦးကလည်း သူတို့လက်နက်များကို ထုတ်ယူကာ ထိုလူ၏ ဖြစ်နိုင်ခြေရှိသော တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူမရှေ့တွင် ရပ်လိုက်ကြသည်။

"သူတို့ကို ပေးဝင်လိုက်ပါ အိုင်ဗန်"

ထိုလူ့နောက်ကျောရှိ တံခါးဆီမှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာလေသည်။

"သူတို့က ငါ့ဧည့်သည်တွေပဲ"

ထိုအသံမှာ ယဉ်ကျေးပြီး အနည်းငယ်ဝဲနေ၏။

၎င်းကို ကြားလိုက်ရသောအခါ အိုင်ဗန်သည် သေနတ်ကို ပြန်သိမ်းကာ တံခါးဆီသို့ ပြန်လျှောက်သွားလိုက်သည်။ သူသည် သန်မာလှသော သူ့လက်မောင်းများကို အသုံးပြု၍ တံခါးကို ဖွင့်လိုက်ပြီးနောက် ကစားသမားများကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

"ပင်မတာဝန် စတင်ပါပြီ"

စနစ်က ကြေညာလိုက်ပြီး လူတိုင်း မီနူးထဲတွင် တာဝန်အကြောင်းအရာကို မြင်တွေ့နိုင်ကြသည်။

"ဗိုလ်ချုပ် ဇာရော့ဗ်၏ ရဲတိုက်ထဲသို့ ဝင်ရောက်ပြီး ဂိမ်းစည်းမျဉ်းများအပေါ် သူ၏ ရှင်းပြချက်ကို နားထောင်ပါ"

ဖုန်းပုကြွယ်သည် တာဝန်ကို မြင်သောအခါ သူ့အမူအရာက လျင်မြန်စွာ ပြောင်းလဲသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

"ဗိုလ်ချုပ် ဇာရော့ဗ်... အိုင်ဗန်... ခဏနေဦး... ငါက မုဆိုးတစ်ယောက်... ပြီးတော့ သင်္ဘောပျက်လို့ ဒီကို ရောက်လာတာ..."

သူသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးများက လေးနက်တည်ကြည်သွားတော့သည်။ "အန္တရာယ်အများဆုံး ဂိမ်း... ရစ်ချတ်ကော်နဲလ်"

သူ၏ မှတ်ဉာဏ်ခန်းမထဲတွင် ထိုဇာတ်လမ်းနှင့် ပတ်သက်သည့် အကြောင်းအရာများ ချက်ချင်းပင် ပေါ်ပေါက်လာသည်။

ဖုန်းပုကြွယ်သည် သူ၏ စိတ်ကူးစိတ်သန်းများ ခမ်းခြောက်နေသည့် အချိန်မျိုးတွင် စိတ်အပန်းဖြေရန် ဝတ္ထုတိုများကို ဖတ်လေ့ရှိသည်။ တစ်ချိန်တည်းမှာပင် သူသည် အချက်အလက်များကိုလည်း စုဆောင်းတတ်သဖြင့် ဤဝတ္ထုများ၏ အကြောင်းအရာကို အတော်အတန် ရင်းနှီးကျွမ်းဝင်နေရခြင်း ဖြစ်သည်။

အကယ်၍ သူ မမှားခဲ့လျှင် ဤဇာတ်လမ်းသည် မုဆိုးတစ်ဦး၏ ဂိမ်းဖြစ်ပြီး ကစားသမားများသည် သားကောင်များအဖြစ် ပါဝင်ရမည်ဖြစ်ကြောင်း ဖုန်းပုကြွယ် ကောင်းစွာသိလိုက်ရသည်။

ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဓားတစ်ချက်နှင့် ဓားမော့တစ်ချက်တို့သည် ဖုန်းပုကြွယ်နှင့် ရီရူလီတို့၏ သဘောထားကို မေးရန် လှည့်ကြည့်လိုက်ကြသည်။ အဆုံးတွင်တော့... အကယ်၍ ကောင်းသောအရာတစ်ခုခု ရှိခဲ့လျှင် လူတိုင်းလုယူကြမည် ဖြစ်သော်လည်း အန္တရာယ်ရှိခဲ့လျှင်မူ အခြားတစ်ဦးကို အရင်လုပ်ခိုင်းခြင်းက အကောင်းဆုံးပင် ဖြစ်သည်။ အကယ်၍ သူတို့ မလုပ်နိုင်ခဲ့လျှင်လည်း အခြားသူများ၏ သဘောထားကို အရင်မေးလိမ့်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် တစ်ခုခုဖြစ်လာခဲ့ပါက တာဝန်ယူမှု၏ အစိတ်အပိုင်းအချို့ကို အခြားသူများအပေါ် ပုံချနိုင်မည် ဖြစ်တော့သည်။

ဖုန်းပုကြွယ်က ပုခုံးတွန့်လိုက်ကာ သက်ပြင်းချရင်း ရှေ့သို့ လျှောက်သွားလိုက်သည်။ လျှောက်သွားရင်းနှင့် သူပြောလိုက်သည်

"တာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်းပဲ လုပ်ကြတာပေါ့"

အိုင်ဗန်သည် တံခါးဝတွင် ရက်စက်ကြမ်းကြုတ်သော ဧရာမရုပ်တုကြီးတစ်ခုကဲ့သို့ ရပ်နေပြီး ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။ သို့သော် ဖုန်းပုကြွယ်သည် သူ့လက်နက်ကိုပင် ထုတ်မယူခဲ့ပေ။ သူသည် ထိုလူ့နားမှ ဘာမှမရှိသလို ဖြတ်လျှောက်သွားပြီး ရဲတိုက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ရီရူလီလည်း နောက်မှကပ်လျက် လိုက်ပါလာလေသည်။ ဖုန်းပုကြွယ် ရှေ့သို့ တစ်လှမ်းတက်လိုက်ကတည်းက သူမသည် သူ့ကို အမီလိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတိုက်ထဲသို့ ဒုတိယမြောက် ဝင်ရောက်သူ ဖြစ်လာခဲ့သည်။

ကျန်သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဓားမော့တစ်ချက်ကပင် အရင်ဆုံး တုံ့ပြန်နိုင်ခဲ့သည်။ သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဆိုသည်။

"ကဲ... ဒါဆို... သွားကြစို့"

ဓားတစ်ချက်ကလည်း အခြေအနေကို အခွင့်ကောင်းယူ၍ ပြောလာ၏။

"ဟုတ်တယ်၊ တကယ်လို့ သူတို့ အန္တရာယ်တစ်ခုခုနဲ့ ကြုံရင် ငါတို့ သူတို့ကို ကူညီပေးလို့ ရတာပေါ့"

ကြောက်တတ်တဲ့ ကြောင်ကလေး မဟုတ်ဘူးက ခေါင်းညိတ်ပြကာ ထိုနှစ်ဦး၏ နောက်မှ လိုက်ပါသွားသည်။ သူတို့သုံးဦးသည် ရဲတိုက်တံခါးထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်သွားကြတော့သည်။

တံခါးဝတွင် ရပ်နေသော အိုင်ဗန်သည် သူ့ဘေးမှ ဖြတ်သွားသော ကစားသမားတိုင်းကို အထက်စီးဆန်ပြီး သတိထားနေသော အကြည့်များဖြင့် စောင့်ကြည့်နေခဲ့ပြီး ငါးဦးလုံး ရဲတိုက်ထဲသို့ ဝင်သွားပြီးမှသာ တံခါးကို တိတ်ဆိတ်စွာ ပိတ်လိုက်လေသည်။

တံခါးအတွင်းဘက်တွင် လင်းထိန်နေသော အလင်းရောင်များနှင့်အတူ ကျယ်ဝန်းလှသော ခန်းမကြီးတစ်ခု ရှိနေခဲ့သည်။ ဒုတိယထပ်သို့ ဦးတည်ထားသော စကျင်ကျောက် လှေကားထစ်များမှာလည်း ကျယ်ပြန့်လှသည်။ ဝတ်စုံအပြည့် ဝတ်ဆင်ထားသော သန်မာလှသည့် အမျိုးသားတစ်ဦးသည် သူ၏ "ဧည့်သည်" ငါးဦးကို မတ်မတ်ရပ်ကာ ကြည့်ရှုနေခဲ့သည်။

ဗိုလ်ချုပ် ဇာရော့ဗ်သည် လူလတ်ပိုင်းအရွယ်ကို ကျော်လွန်နေပြီ ဖြစ်သည်။ သူသည် အရပ်ရှည်ပြီး ရုပ်ဖြောင့်ပေသည်။ သူ၏ ဆံပင်များက ဖြူနေသော်လည်း မျက်ခုံးနှင့် မုတ်ဆိတ်များမှာမူ နက်မှောင်နေဆဲ ဖြစ်သည်။ သူ့မျက်လုံးများလည်း နက်မှောင်ပြီး တောက်ပနေလေသည်။ ထင်ရှားသော မျက်နှာသွင်ပြင်များအပြင် သူ့မျက်နှာတွင် ထူးခြားသောအရာတစ်ခု ရှိနေသေးသည်။ ၎င်းမှာ အမိန့်ပေးလေ့ရှိသူတစ်ဦး၏ အရှိန်အဝါပင် ဖြစ်သည်။

"ခင်ဗျားတို့လို ထူးချွန်တဲ့ မုဆိုးတွေကို ကျွန်တော့်အိမ်မှာ ကြိုဆိုခွင့်ရတာ အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်"

သူက အနည်းငယ် ဦးညွှတ်ရင်း ဆိုသည်။

"ကျွန်တော်ကတော့ ဗိုလ်ချုပ် ဇာရော့ဗ် ပါ"

သူက သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီး အမူအရာတစ်ခု ပြုလုပ်လိုက်သည်။

အိုင်ဗန်သည် ဇာရော့ဗ်၏ အမူအရာကို မြင်သောအခါ သူ့သေနတ်ကို သိမ်းလိုက်ကာ အလေးပြုပြီး လှေကားထောင့်တွင် ရပ်နေလိုက်သည်။

"ကျွန်တော့် လက်အောက်ငယ်သားရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ လူကြီးမင်းတို့... ပြီးတော့ သေချာတာပေါ့၊ အမျိုးသမီးတွေလည်း ပါပါတယ်"

ဇာရော့ဗ်၏ ထူးခြားသော လေသံသည် စကားလုံးတိုင်းကို သေချာစဉ်းစားပြီးမှ ပြောလိုက်သလို ထွက်ပေါ်လာသည်။

"အိုင်ဗန်က ရိုးသားတဲ့သူပါ၊ ဒါပေမဲ့ သူက နည်းနည်းတော့ အရိုင်းဆန်တယ်၊ သူက မယုံနိုင်လောက်အောင် သန်မာပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူက စကားမပြောနိုင်ဘူးလေ၊ ဘုရားသခင်က သူ့ကို အချို့အရာတွေ ပေးခဲ့သလို အချို့အရာတွေကိုလည်း ပြန်ယူသွားခဲ့တယ်..."

သူထိုသို့ပြောလိုက်သောအခါ သူ့အမူအရာက စိတ်ဝင်စားစရာ ကောင်းလှသည်။

"သူက ကော့ဆက်တစ်ယောက်နဲ့ တူတယ်"

ဖုန်းပုကြွယ်က မှတ်ချက်ပေးလိုက်သည်။ မှန်ပေသည် သူက ယင်းကို သိနေခြင်း ဖြစ်သည်။

"မှန်ပါတယ် သူငယ်ချင်းလေး"

ဇာရော့ဗ်က ပြန်ဖြေသည်။ သူပြုံးလိုက်ပြီး သူ၏ ထက်မြက်သော သွားများနှင့် တောက်ပသော နှုတ်ခမ်းနီနီကြားမှ စကားလုံးများကို ညှစ်ထုတ်ပြောဆိုလိုက်သည်။

"ကျွန်တော်လည်း အတူတူပါပဲ"

သူက နောက်ထပ် အမူအရာတစ်ခု ပြုလုပ်လိုက်ရာ အိုင်ဗန်က အမြန်လျှောက်လာပြီး ဗိုလ်ချုပ်ရှေ့တွင် ရပ်လိုက်သည်။ ဇာရော့ဗ်က သူ့ကို စကားအနည်းငယ် ပြောလိုက်သော်လည်း သူ့နှုတ်ခမ်းများသာ လှုပ်ရှားသွားခဲ့သည်။ မည်သည့်အသံမျှ ထွက်မလာပေ။

အိုင်ဗန်သည် အမိန့်ကို လက်ခံရရှိပြီးနောက် ခန်းမထဲမှ ထွက်ခွာသွားပြီး ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ဇာရော့ဗ်က လူအုပ်ကို ပြောလိုက်သည်။

"အားလုံးပဲ ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ"

သူက ထိုသို့ပြောရင်း လှေကားမှ ဆင်းလာပြီး လူအုပ်ကို စင်္ကြံလမ်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့သည် အလယ်ခေတ်စတိုင် စာကြည့်ခန်းအကြီးကြီးတစ်ခုဆီသို့ ရောက်ရှိလာကြလေသည်။ ကြမ်းပြင်ကို မီးခိုးရောင် ကော်ဇောတစ်ခု ခင်းထားပြီး ပရိဘောဂများနှင့် စာအုပ်စင်များသည်လည်း ခိုင်ခံ့ထည်ဝါလှသည်။ စာအုပ်အမြောက်အမြားအပြင် သမင်ခေါင်းများ၊ မြင်းကျားသားရေများ စသည့် တိရစ္ဆာန် အမှတ်တရပစ္စည်းများစွာလည်း ရှိနေ၏။ မတ်တပ်ရပ်နေသော ဂရစ်ဇ်လီ ဝက်ဝံကြီးတစ်ကောင်ပင် ရှိသေးသည်။

"ကျွန်တော်က အင်္ဂလိပ်၊ ပြင်သစ်နဲ့ ရုရှားဘာသာစကားတွေနဲ့ ရေးထားတဲ့ အမဲလိုက်တဲ့ စာအုပ်အားလုံးကို ဖတ်ပြီးပါပြီ၊ ကျွန်တော့်ဘဝမှာ အမဲလိုက်တာကလွဲရင် တခြားဘာပျော်ရွှင်မှုမှ မရှိပါဘူး"

ဇာရော့ဗ်သည် သူ၏ စုဆောင်းမှုများရှေ့တွင် ကြွားဝါနေသကဲ့သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

"အာဖရိကတောင်ပိုင်းက ကျွဲနက်ကြီးရဲ့ ခေါင်းကို တွေ့လား"

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“အထင်ကြီးစရာပဲ”

"အဲဒီကောင်က ကျွန်တော့်ကို ဖမ်းပြီး သစ်ပင်ပေါ်ကို ပစ်တင်ခဲ့တာလေ၊ ကျွန်တော့် အရိုးတွေတောင် ကျိုးသွားခဲ့ရတယ်၊ ဒါပေမဲ့ အဆုံးမှာတော့ ကျွန်တော် အဲဒီသားရဲကို နှိမ်နင်းနိုင်ခဲ့ပါတယ်"

ဇာရော့ဗ်သည် ထိုအမဲလိုက်ပွဲကို ကောင်းကောင်း မှတ်မိနေဟန်ရှိသည်။

ဖုန်းပုကြွယ်သည် ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်သည်။ ဤစကားဝိုင်းမှ ပေးသော အချက်အလက်များအပေါ် အခြေခံ၍ ကစားသမားများသည် ဤဘော့စ်၏ စွမ်းအားကို သိရှိထားသင့်သည်။

"အာဖရိကတောင်ပိုင်းက ကျွဲနက်ကြီးက အမဲလိုက်တဲ့နေရာမှာ အန္တရာယ်အရှိဆုံး သားရဲအမျိုးအစား ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်"

ဖုန်းပုကြွယ်သည် သူ့မှတ်ဉာဏ်ထဲရှိ ဝတ္ထုပါ အကြောင်းအရာများအပေါ် အခြေခံ၍ ဇာရော့ဗ်နှင့် စကားချင်း တိုက်ဆိုင်နိုင်ရန် ကြိုးစားလိုက်ပြီး ထိုမှတစ်ဆင့် အဓိကအချက်ကို အမြန်ဆုံး ရောက်ရှိနိုင်ရန် လုပ်ဆောင်လိုက်သည်။

ဗိုလ်ချုပ်သည် ရုတ်တရက် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ကို ပေးလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"မဟုတ်ဘူး၊ အဲဒါက အန္တရာယ်အရှိဆုံး မဟုတ်သေးဘူး"

သူက စားပွဲဆီသို့ လျှောက်သွားပြီး ဝီစကီပုလင်း တစ်ပုလင်းကို ယူလိုက်သည်။ သူက ၎င်းကို မြှောက်ပြကာ အားလုံးကို ကြည့်လိုက်သည်။

"နည်းနည်းလောက် သောက်မလား"

"မသောက်တော့ပါဘူး၊ ကျေးဇူးတင်ပါတယ်"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

ဇာရော့ဗ်က သူ့ဘာသာ တစ်ခွက် ငှဲ့လိုက်သည်။ သူသည် တစ်ငုံသောက်လိုက်ပြီးမှ ပြောသည်။

"ကျွန်တော့်ရဲ့ နယ်မြေဖြစ်တဲ့ ဒီကျွန်းပေါ်မှာ ကျွန်တော် ပိုအန္တရာယ်ရှိတဲ့ အမဲလိုက်ခြင်း အမျိုးအစားသစ်တစ်ခုကို တီထွင်ထားတယ်"

"တီထွင်ထားတယ် ဟုတ်လား"

ဖုန်းပုကြွယ်က သိလျက်နှင့် မေးလိုက်သည်။

"ဟားဟား... ဟုတ်တယ်၊ တီထွင်ထားတာလေ"

ဗိုလ်ချုပ်က ပြုံးရင်း ခေါင်းညိတ်ပြသည်။

"ခင်ဗျား သိချင်နေမှာပဲ၊ အမဲလိုက်တာကို ဘယ်လိုများ တီထွင်ခဲ့လဲ ဆိုတာကိုပေါ့"

သူ ခေတ္တ ရပ်လိုက်သည်။

"သေချာတာပေါ့၊ ကျွန်တော်က ဘုရားသခင် မဟုတ်ဘူးလေ၊ ကျွန်တော်က အန္တရာယ်ရှိတဲ့ တိရစ္ဆာန်တစ်ကောင်ကို လေထဲကကနေ ဖန်တီးလို့ မရပါဘူး၊ ဒါပေမဲ့ အချိန်အကြာကြီးကတည်းက တည်ရှိနေခဲ့ပေမဲ့ ဘယ်သူမှ တစ်ခါမှ အမဲမလိုက်ခဲ့ဖူးသေးတဲ့ မျိုးစိတ်တစ်ခုကို ကျွန်တော် ရှာတွေ့ခဲ့တယ်၊ သူတို့က ဒီကျွန်းဇာတိ မဟုတ်ကြပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ဘာသာ ကျွန်တော် သူတို့ကို ရအောင် ရှာနိုင်တယ်..."

"ဘယ်လို သားကောင်မျိုးကို ခင်ဗျားမိတ်ဆက်ပေးခဲ့တာလဲ ဗိုလ်ချုပ်၊ ကျားတစ်ကောင်များ ဖြစ်နေမလား"

ဖုန်းပုကြွယ်သည် ဘော့စ်နှင့် စကားလုံးများ တိုက်ဆိုင်နေဆဲ ဖြစ်သည်။

ရီရူလီမှလွဲ၍ ကျန်သုံးဦးမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်။ သူတို့ အားလုံး တွေးနေကြသည်မှာ 'ဒီကောင်လေးက ဇာတ်ကောင်စရိုက်ထဲကို အရမ်း ရောက်နေတာပဲ၊ သူက တကယ်ပဲ သူ့ကိုယ်သူ ဇာတ်ညွှန်းထဲက မုဆိုးလို့ ထင်နေတာလား၊ ဘာလို့ NPC တစ်ယောက်နဲ့ အချိန်တွေ ဒီလောက် အများကြီး ဖြုန်းနေရတာလဲ' ဟူ၍ ဖြစ်သည်။

ဇာရော့ဗ်က ပြုံးဖြဲဖြဲလုပ်လိုက်သည်။

"မဟုတ်ဘူး၊ ကျွန်တော် ကျားတွေကို ငြီးငွေ့နေပြီ၊ သူတို့ကို အလုံအလောက် သတ်ပြီးပြီလေ၊ ကျားအမဲလိုက်တာက ကျွန်တော့်အတွက် ဆွဲဆောင်မှု မရှိတော့ဘူး၊ အဲဒီ တိရစ္ဆာန်တွေက ကျွန်တော့်ရဲ့ လက်တွေကို မတုန်လှုပ်စေနိုင်တော့ဘူး... တစ်စက္ကန့်လေးတောင်မှပေါ့"

သူသည် အိတ်ကပ်ထဲမှ ရွှေရောင်စီးကရက်ဗူးကို ထုတ်လိုက်ပြီး အနက်ရောင်ဆေးတံရှည်ကြီး တစ်ခုကို ပါးစပ်တွင် တပ်လိုက်သည်။ ထိုဆေးတံပေါ်တွင် ငွေရောင်တံဆိပ်တစ်ခု ပါရှိပြီး ၎င်းကို မီးညှိလိုက်သည့်အခါ နံ့သာတိုင်ကဲ့သို့ မွှေးကြိုင်သော ရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကျွန်တော်က အန္တရာယ်ကို ခံစားဖို့အတွက် မွေးဖွားလာတဲ့ လူမျိုးပါ၊ ဒါပေမဲ့ တိရစ္ဆာန် အများစုက ကျွန်တော့်ကို ခြိမ်းခြောက်မှု မပေးနိုင်တော့ဘူး"

ဇာရော့ဗ်သည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။

"ဘုရားသခင်က အချို့လူတွေကို ကဗျာဆရာတွေ ဖြစ်အောင် ဖန်တီးခဲ့တယ်၊ အချို့ကို ဘုရင်တွေ၊ အချို့ကိုတော့ သူတောင်းစားတွေ... ကျွန်တော့်ကိုတော့ ကိုယ်တော်က အကောင်းဆုံး၊ အင်အားအကြီးဆုံး မုဆိုးတစ်ယောက်အဖြစ် ဖန်တီးခဲ့တယ်"

သူ့အမူအရာက ညို့မှိုင်းသွားခဲ့သည်။

"ဒါပေမဲ့ ပျော်ရွှင်စရာကာလတစ်ခု ပြီးတဲ့အခါမှာတော့ တစ်နေ့မှာ အမဲလိုက်ခြင်းက ကျွန်တော့်ကို ဆွဲဆောင်မှု မရှိတော့တာကို သိလိုက်ရတယ်၊ ခင်ဗျားကလည်း မုဆိုးတစ်ယောက်ပဲလေ၊ အဲဒါ ဘာကြောင့်လဲဆိုတာ ခန့်မှန်းနိုင်လား"

"တကယ်လို့ ခင်ဗျားက အမဲလိုက်ခြင်းကို အားကစားတစ်ခုလို သဘောထားမယ်ဆိုရင် ဂိမ်းမစခင်ကတည်းက ခင်ဗျားနိုင်မယ်ဆိုတာကို အမြဲတမ်းသိနေလို့ မဟုတ်လား"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"ဟုတ်တယ်၊ ခင်ဗျား နားလည်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး"

ဇာရော့ဗ်က ဝမ်းသာအားရ ဆိုသည်။

"ကျွန်တော် သားကောင်တွေကို အမဲလိုက်တဲ့အခါမှာ အမြဲတမ်း အောင်မြင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူတို့က တိရစ္ဆာန်တွေ ဖြစ်နေလို့ပဲ၊ သူတို့မှာ သူတို့ရဲ့ ခြေထောက်တွေနဲ့ ဗီဇကလွဲရင် ဘာမှ မရှိဘူး၊ ဒါပေမဲ့ ကျွန်တော်ကတော့ အသိဉာဏ်ရှိတဲ့ လူသားတစ်ယောက်လေ၊ အသိဉာဏ်ကို သုံးပြီး ဗီဇနဲ့ ယှဉ်ပြိုင်တာက မတရားဘူး၊ အဲဒါကို သိလိုက်ရတဲ့တော့ ကျွန်တော် အရမ်းဝမ်းနည်းခဲ့ရတယ်၊ အရမ်းကို ဝမ်းနည်းခဲ့ရတာပေါ့"

သူ ဆေးတံကို နောက်ထပ်တစ်ငုံ သောက်လိုက်ပြန်သည်။

"တစ်နေ့ စိတ်ကူးသစ်တစ်ခု ရခဲ့တဲ့အထိပေါ့၊ ကျွန်တော် တစ်ခါမှ အမဲမလိုက်ဖူးသေးတဲ့ အရာတစ်ခု ရှိနေသေးတယ်ဆိုတာကို ကျွန်တော် သိလိုက်ရတယ်၊ သူတို့က ပြီးပြည့်စုံတဲ့ သားကောင်တွေပဲ၊ ဘာလို့လဲဆိုတော့ သူတို့က စဉ်းစားနိုင်ကြလို့ပဲ"

ဤနေရာတွင် ဖုန်းပုကြွယ်မှလွဲ၍ ကျန်လေးဦးသည်လည်း ဤဇာတ်လမ်း၏ အခြေခံအခြေအနေကို နောက်ဆုံးတွင် နားလည်သွားကြပြီ ဖြစ်သည်။ ဗိုလ်ချုပ် ဇာရော့ဗ်သည် စိတ်လှုပ်ရှားမှုအတွက် လူသားများကို အမဲလိုက်သည့် လူသားဆန့်ကျင်ရေး အရူးတစ်ယောက် ဖြစ်နေခြင်းပင်။ မစ်ရှင်တွင် ဖော်ပြထားသော 'ဂိမ်းစည်းမျဉ်းများကို နားထောင်ခြင်း' ဆိုသည်မှာ မကြာမီ ကျင်းပတော့မည့် 'အမဲလိုက်ပွဲ' ၏ စည်းမျဉ်းများကို ဆိုလိုခြင်း ဖြစ်သည်။

"ဒါက ဟာသတစ်ခုမဟုတ်ဘူးဆိုတာ ခင်ဗျား သေချာလား"

ဖုန်းပုကြွယ်က လေးနက်တည်ကြည်သော လေသံဖြင့် ပြန်ပြောလိုက်သည်။မှန်ပေသည် သူသည် ယင်းကို နောက်ပြောင်မှု မဟုတ်ကြောင်း အတည်ပြုပြီးသား ဖြစ်သည်။

"ကျွန်တော် အမဲလိုက်တဲ့ကိစ္စမှာ ဘယ်တော့မှ နောက်မပြောင်ဘူး"

ဇာရော့ဗ်က ပြန်ဖြေသည်။

"ကျွန်တော် ဒီကျွန်းကိုဝယ်ပြီး ဒီအိမ်ကို ဆောက်ခဲ့တယ်၊ ကျွန်တော် ဒီမှာ ရှိနေရတဲ့ အကြောင်းရင်းက အမဲလိုက်ဖို့ပဲ၊ ဒီကျွန်းက ပြိုင်ဘက်မရှိတဲ့ အမဲလိုက်ကွင်းကြီးတစ်ခုပဲ၊ တောအုပ်ကြီးက ဝင်္ကပါတစ်ခုလို ရှုပ်ထွေးတယ်၊ အကွေ့အကောက်များတဲ့ လမ်းတွေ၊ ကမ်းပါးယံတွေ၊ ရွှံ့ညွန်တွေနဲ့ ပြည့်နေပြီး အရေးကြီးဆုံးကတော့ ပင်လယ်က ဝိုင်းရံထားတာပဲ၊ ဒီနေရာမှာ ကျွန်တော် နေ့တိုင်းနီးပါး အမဲလိုက်တယ်၊ အခုအချိန်အထိ ကျွန်တော် ဘယ်တော့မှ မငြီးငွေ့သေးဘူး"

"ကျွန်တော် စိတ်ထဲ ဇဝေဇဝါဖြစ်မိတယ် ဗိုလ်ချုပ်"

ဖုန်းပုကြွယ်က ပြောလိုက်သည်။

"ကျွန်တော်တို့ ဒီမှာ ငါးယောက် ရှိနေတာပဲ၊ ခင်ဗျားရဲ့ ဒီအရူးလူသတ်ပွဲကို ဒီစာကြည့်ခန်းထဲမှာတင် ကျွန်တော်တို့ မတားဆီးနိုင်ဘူးလို့ ခင်ဗျားထင်နေတာလား"

"ဟားဟား ဟားဟား..."

ဇာရော့ဗ်က အားရပါးရ ရယ်မောလိုက်သည်။

"လူသတ်ပွဲ ဟုတ်လား၊ နိုး နိုး နိုး နိုး... ဒါက ဉာဏ်ပညာ ဂိမ်းတစ်ခုပါ၊ မုဆိုးနဲ့ သားကောင်ကြားက ဂိမ်းတစ်ခုပေါ့"

သူ့မျက်လုံးများက ကစားသမားငါးဦးကို ဝေ့ကြည့်လိုက်သည်။

"ခင်ဗျားပြောတဲ့ အခြေအနေနဲ့ ပတ်သက်လို့ကတော့..."

သူက လက်ကို မြှောက်ကာ အမူအရာတစ်ခု လုပ်လိုက်သည်။

အိုင်ဗန်သည် လက်ထဲတွင် လင်ဗန်းတစ်ခုကို ကိုင်ဆောင်၍ မည်သည့်နေရာမှ ရောက်လာမှန်းမသိ ပေါ်ထွက်လာခဲ့သည်။ သူသည် ဗိုလ်ချုပ်အတွက် မွှေးကြိုင်လှသော တူရကီ ကော်ဖီတစ်ခွက်ကို ချပေးလိုက်သည်။ သူသည် ကော်ဖီကို ချပေးပြီးနောက် ဇာရော့ဗ်၏ ဘေးတွင် သံမဏိမျှော်စင်ကြီးတစ်ခုကဲ့သို့ ရပ်လိုက်၏။ သူ့မျက်လုံးများမှာ မီးရှူးတိုင်များကဲ့သို့ တည်ရှိနေသော ကစားသမားများကို စိုက်ကြည့်နေလေသည်။

"တစ်ခါက စပိန်သင်္ဘောသားတစ်စု ဒီကျွန်းကို ရောက်လာဖူးတယ်၊ ကျွန်တော် သူတို့ကို ကျွန်တော့်ရဲ့ အမဲလိုက်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ သူတို့က ငြင်းဆန်ခဲ့ပြီး ရန်လိုတဲ့ အမူအရာတွေကို ပြခဲ့ကြတယ်"

ဇာရော့ဗ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"အိုင်ဗန်က သူတို့ကို သူ့ဘာသာသူ တစ်ကိုယ်တည်း အပိုင်းပိုင်း ဆွဲဖြတ်ပစ်လိုက်ပြီး ကျွန်းပေါ်က တိရစ္ဆာန်တွေကို ကျွေးလိုက်တယ်လေ"

၎င်းကို ကြားလိုက်သောအခါ ဖုန်းပုကြွယ်၏ အမူအရာက ပြောင်းလဲသွားသည်။ ဝတ္ထုထဲတွင် ကျွန်းပေါ်၌ အခြားတောရိုင်းသားစားသတ္တဝါများ ရှိနေကြောင်း ဖော်ပြထားသည်ကို သူမမှတ်မိပေ။

"ခွင့်လွှတ်ပါ... ဘယ်လို တိရစ္ဆာန်မျိုးတွေလဲ"

"ဟားဟား..."

ဇာရော့ဗ်က အေးစက်စွာ ပြုံးလိုက်သည်။

"သူတို့က အရမ်းများတယ်... စပါးအုန်းမြွေတွေ၊ တောခွေးတွေ၊ ဘင်္ဂလားကျားတွေ စသဖြင့်ပေါ့... ကျွန်တော်က တောအုပ်ကြီးကို ပိုပြီး သက်ဝင်လှုပ်ရှားစေချင်လို့ ပစ္စည်းတွေ အများကြီး သွင်းခဲ့တာလေ၊ လူသားတွေက သူတို့ရဲ့ ပထမဆုံး ရွေးချယ်မှု မဟုတ်ပါဘူး၊ ပုံမှန်အားဖြင့် သူတို့က တောဝက်တွေကို အများဆုံး စားကြတယ်၊ သေချာတာပေါ့၊ အဲဒါက အရှင်လတ်လတ် တောဝက်တွေပဲ၊ သူတို့ဟာ တောဝက်တစ်ကောင်ချင်းစီကို သူတို့ဘာသာ အမဲလိုက်ကြရတယ်၊ ဒါက တိရစ္ဆာန်တွေ သူတို့ရဲ့ အရိုင်းစိတ်ကို ထိန်းသိမ်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ"

ဇာရော့ဗ်က နှစ်စက္ကန့်ခန့် ရပ်လိုက်သည်။ သူ့အပြုံးမှာ ပိုမိုကြီးမားလာပြီး ဖုန်းပုကြွယ်ကို ပြောလိုက်သည်။

"ခင်ဗျား ကြည့်ရတာ အခြေအနေသိပ်မကောင်းလှဘူးပဲ ကျွန်တော့်သူငယ်ချင်းလေး"

"အာ... ဘာလို့လဲဆိုတော့ ကျွန်တော်က တောရိုင်းသားရဲမျိုးစုံအကြောင်းထက် စာကလေးတွေ ဒါမှမဟုတ် ကြက်တူရွေးတွေ အကြောင်းကို ပိုကြားချင်နေလို့ပါ"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"ဟားဟားဟား... ခင်ဗျားက အရမ်း ရယ်ရတာပဲ"

ဇာရော့ဗ်သည် အလွန်ပျော်ရွှင်နေဟန်ရှိသည်။

"အိုကေ၊ အခုတော့ ဒီအမဲလိုက်ပွဲနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ သိထားသင့်တဲ့ အချို့အရာတွေကို ကျွန်တော် ပြောပြပါရစေ"

သူသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်ပြီး နံရံပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

"ခင်ဗျားတို့ ဒါကိုတွေ့လား"

ဗိုလ်ချုပ်သည် အဝေးက ပင်လယ်ပြင်ကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် အလင်းရောင်တစ်ခု လျင်မြန်စွာ လင်းလက်လာသော်လည်း ၎င်းမှာ ခေတ္တမျှသာ ဖြစ်သည်။

"မီးပြတိုက်ကလာတဲ့ အလင်းရောင်က လမ်းကြောင်းတစ်ခု ရှိနေသယောင် ပြနေပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလမ်းကြောင်းက မရှိဘူး၊ အဲဒီမှာ ရှိနေတဲ့ ကျောက်ဆောင်တွေက သင်တုန်းဓားလိုပဲ ထက်မြက်တယ်၊ သူတို့က ပင်လယ်မကောင်ဆိုးဝါးတွေလိုပဲ၊ ဖြတ်သွားသမျှ သင်္ဘောတိုင်းကို သစ်စေ့တစ်စေ့ကို ချေဖျက်သလို အလွယ်တကူ ကြိတ်ချေပစ်နိုင်တယ်"

ဗိုလ်ချုပ်က ဆိုသည်။

"ကျွန်တော် ထင်တာကတော့ ခင်ဗျားတို့ စီးလာတဲ့ သင်္ဘောက အဲဒီအနီးအနားမှာ နစ်မြုပ်သွားခဲ့တာပဲ၊ ဒါကြောင့် အကူအညီရှာဖို့ ပင်လယ်ဘက်ကို ထွက်ပြေးဖို့တော့ မမျှော်လင့်ကြပါနဲ့"

သင်္ဘောထောင်ချောက်အကြောင်း ကြွားဝါပြီးနောက် ဇာရော့ဗ်သည် အခြားတစ်ဖက်ရှိ ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့သည်။ သူ စက်ယန္တရားတစ်ခုကို ဖွင့်လိုက်ရာ ပြတင်းပေါက်အောက်ရှိ မြေအောက်ခန်းထဲတွင် အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့သည်။ အောက်ဘက်ရှိ နေရာလွတ်သည် အလွန်ပင် ထူးဆန်းလှသည်။ ကြီးမားလှသော အနက်ရောင် အရိပ်များစွာသည် ဟိုဟိုဒီဒီ လျှောက်သွားနေကြပြီး တိုးလျသော ညည်းညူသံများ ထွက်ပေါ်နေခဲ့သည်။ သူတို့၏ မျက်လုံးများက အမှောင်ထုထဲတွင် မှိန်ပျပျ တောက်ပနေကြသည်။

"သားကောင်တစ်ကောင်အနေနဲ့ တစ်နေရာတည်းမှာ ပုန်းနေပြီး မလှုပ်မယှက်နေတာက တကယ်ကို ဉာဏ်မရှိတဲ့ ရွေးချယ်မှုပဲ"

ဇာရော့ဗ်က ပြောသည်။

"ကျွန်တော့်ရဲ့ အမဲလိုက်ခွေးတွေက ကောင်းကောင်း လေ့ကျင့်ထားပြီးသားပါ၊ ကျွန်တော့်ရဲ့ စုဆောင်းခန်းထဲမှာ..."

သူက သူ့ပတ်ပတ်လည်ရှိ တိရစ္ဆာန် အမှတ်တရပစ္စည်းများကို ကြည့်ကာ ပြုံးလိုက်သည်။

"ကျွန်တော် ဆိုလိုတာက... ကျွန်တော့်ရဲ့ တကယ့်စုဆောင်းခန်းထဲမှာ ခေါင်းတွေ အများကြီး ရှိနေတာပါ၊ သူတို့ထဲက အချို့က အရမ်းထက်မြက်ကြပေမဲ့ အဆုံးမှာတော့ ကျွန်တော့်အမဲလိုက်ခွေးတွေရဲ့ ပါးစပ်ကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူးလေ"

ဇာရော့ဗ်သည် ပြတင်းပေါက်ကို ပိတ်လိုက်ပြီး လူတိုင်းရှေ့တွင် ပြန်ရပ်လိုက်ပြန်သည်။

"အိုကေ၊ စည်းမျဉ်းတွေက အရမ်း ရိုးရှင်းပါတယ်၊ နေမထွက်ခင်အထိ ငါးနာရီ အချိန်ရပါသေးတယ်၊ ခင်ဗျားတို့ ရဲတိုက်ကနေ အချိန်မရွေး ထွက်သွားနိုင်ပြီး ကျွန်တော်ကတော့ တစ်နာရီအကြာမှာ ခင်ဗျားတို့ကို ရှာဖို့ စတင်ထွက်ခွာပါ့မယ်"

သူက ဆေးတံနှင့် ဝိုင်ခွက်ကို ချလိုက်ကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး စစ်သားတစ်ဦးကဲ့သို့ ရပ်လိုက်သည်။

"ကျွန်တော် ကြွားဝါနေတာလို့ ခင်ဗျားတို့ မထင်စေချင်ဘူး၊ ဒါပေမဲ့... ကျွန်တော် အမဲလိုက်ခဲ့တဲ့ သားကောင်အရေအတွက်က ခင်ဗျားတို့ စိတ်ကူးထားတာထက် အများကြီး ပိုပါတယ်၊ လူဖြူတွေ၊ လူမည်းတွေ၊ အင်ဒီယန်းတွေ၊ မွန်ဂိုတွေ... တကယ်ထူးချွန်တဲ့ သားကောင်အနည်းငယ်တော့ ရှိခဲ့ဖူးပါတယ်၊ သူတို့က အရင်းအမြစ် ကြွယ်ဝတယ်၊ သန်မာတယ်၊ ပြီးတော့ ကြီးမားတဲ့ ခံနိုင်ရည်နဲ့ လိုက်လျောညီထွေရှိမှုတွေလည်း ရှိကြတယ်၊ ဒါပေမဲ့... ကျွန်တော်ပြောရမှာကတော့ အခုအချိန်အထိ ကျွန်တော် မရှုံးနိမ့်သေးဘူးဆိုတာပဲ"

"တကယ်လို့ ခင်ဗျား ရှုံးသွားရင်ကော"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"ကျွန်တော် ဆိုလိုတာက နေမထွက်မချင်း ကျွန်တော်တို့ အသက်ရှင်နေနိုင်သရွေ့ ခင်ဗျား ရှုံးမှာ မဟုတ်လား"

"ဟားဟား..."

ဗိုလ်ချုပ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး နွေးထွေးသော လေသံဖြင့် ဆိုသည်။

"ဒါဆိုရင်တော့ ခင်ဗျားတို့ရဲ့ ကြိုးစားမှုက ထိုက်တန်သွားပါလိမ့်မယ်၊ ကျွန်တော် ခင်ဗျားတို့အတွက် ရွက်လှေတစ်စင်း ပြင်ဆင်ပေးပြီး ကုန်းပေါ်က အနီးဆုံးမြို့ဆီကို လမ်းပြပေးပါ့မယ်"

ဇာရော့ဗ်သည် စားပွဲပေါ်က ဝိုင်ခွက်ကို ပြန်ယူလိုက်သည်။

"ကျွန်တော့်ရဲ့ ကတိကို ခင်ဗျားတို့ ယုံကြည်နိုင်ပါတယ်၊ လူကြီးလူကောင်းတစ်ယောက်၊ စစ်သားတစ်ယောက်နဲ့ အားကစားသမားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အရင်းခံပြီး ကျွန်တော် ကျိန်ဆိုပါတယ်၊ သေချာတာပေါ့၊ ဒီမှာ ဖြစ်ပျက်ခဲ့သမျှကို ဘယ်သူ့ကိုမှ တစ်ခွန်းမှ မပြောပါဘူးလို့ ခင်ဗျားတို့ဘက်က သဘောတူရပါလိမ့်မယ်"

သူက အသံကို နှိမ့်လိုက်သည်။

"ခင်ဗျားတို့ ဒီနေရာကနေ တကယ် ထွက်သွားနိုင်ခဲ့ရင်ပေါ့..."

"လက်ရှိတာဝန် ပြီးဆုံးပါပြီ၊ ပင်မတာဝန်ကို အဆင့်မြှင့်တင်လိုက်ပါပြီ"

စနစ်၏ အသိပေးချက် ထွက်ပေါ်လာပြီး ဂိမ်းမီနူးရှိ မူလတာဝန်ဘေးတွင် အမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။တာဝန်အသစ်တစ်ခု ပေါ်လာခြင်းဖြစ်သည်။

"ရဲတိုက်မှ ထွက်ပြေးပြီး ဗိုလ်ချုပ် ဇာရော့ဗ်၏ အမဲလိုက်ခြင်းကို နေမထွက်မချင်း ရှောင်တိမ်းပါ။"

"ဇာရော့ဗ် စတင်ထွက်ခွာရန် ကျန်ရှိသော အချိန် - ၅၉ မိနစ်။"

"နေထွက်ရန် ကျန်ရှိသော အချိန် - ၂၉၉ မိနစ်။"

တာဝန်ဖော်ပြချက်အပြင် ဤအလုပ်နှစ်ခုအတွက် အချိန်ကို တာဝန်ဘား၏ အောက်ခြေတွင် စစ်ဆေးနိုင်သော်လည်း ၎င်းမှာ စက္ကန့်ပိုင်းအထိ တိကျနေခြင်းမျိုး မဟုတ်ပေ။

ဗိုလ်ချုပ်သည် ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး ကစားသမားများ မထွက်ခွာမီ သူက စိတ်ရင်းမှန်ဖြင့် အကြံပေးချက် အနည်းငယ် ပြောလိုက်သည်။

"ဒါနဲ့ စကားမစပ် ကျွန်တော်အကြံပေးချင်တာက ခင်ဗျားတို့ ရဲတိုက်အနီးမှာ ရှိနေတဲ့အခါ ခြေရာတွေ မကျန်ခဲ့အောင် ကြိုးစားပါ၊ အဲဒါက အဆင့်နိမ့်တဲ့ အမှားတစ်ခုပဲ၊ ပြီးတော့ ကျွန်းရဲ့ အရှေ့တောင်ဘက် ထောင့်ကိုတော့ မသွားတာ အကောင်းဆုံးပဲ၊ အဲဒီမှာ ရွှံ့နွံ့အိုင်ကြီးတစ်ခု ရှိတယ်လေ၊ ကျွန်တော်တို့ကတော့ အဲဒါကို 'သေမင်းတမန် ရွှံ့နွံ့အိုင်' လို့ ခေါ်ကြတယ်၊ အဲဒီမှာ သဲနွံ့တွေ ရှိတယ်၊ တစ်ခါက သူကိုယ်သူတော်လှပြီလို့ ထင်နေတဲ့လူတစ်ယောက် အဲဒီကို သွားခဲ့ဖူးတယ်၊ ကျွန်တော် အချစ်ဆုံးခွေး လာဇရုက သူ့နောက်ကို လိုက်သွားခဲ့တာပေါ့၊ အဆုံးမှာတော့ သူတို့ နှစ်ယောက်လုံး ရွှံ့အိုင်ထဲမှာ သေဆုံးခဲ့ကြရတယ်၊ အဲဒီအချိန်က ကျွန်တော့်ရဲ့ ခံစားချက်ကို ခင်ဗျားတို့ စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး၊ လာဇရုက ကျွန်တော့်ရဲ့ အမဲလိုက်ခွေးတွေထဲမှာ အတော်ဆုံးပဲလေ၊ အဲဒါက အရမ်း ဆိုးရွားတဲ့ခံစားချက်ပါပဲ"

ဖုန်းပုကြွယ်က ခေါင်းယမ်းလိုက်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။

ဇာရော့ဗ်က သိသာထင်ရှားလှသော အရိပ်အမြွက်များစွာကို ပေးခဲ့ပြီးနောက်တွင်ပင် သူ၏ အသင်းဖော် တစ်ဦးသည် အဆင်အခြင်မဲ့ပြီး မိုက်မဲသောလုပ်ရပ်တစ်ခုကို လုပ်ဆောင်ရန် စီစဉ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားမော့တစ်ချက်သည် သူ့ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ကာ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ လူသတ်လိုသော ရည်ရွယ်ချက်နှင့်အတူ သူသည် သူ့ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပြီး တိုးဝင်လာသော နွားသိုးတစ်ကောင်ကဲ့သို့ ကန့်လန့်ဖြတ် ဝေ့ယမ်းလိုက်လေသည်။

သူနှင့် ဇာရော့ဗ်ကြား အကွာအဝေးမှာ ငါးမီတာခန့်သာ ရှိသည်။ ရဲတိုက်တံခါးဝတွင် အိုင်ဗန်ကို မြင်ကတည်းက သူသည် သူ့အိတ်ထဲမှ ဓားကို ထုတ်ယူကာ လက်ထဲတွင် ကိုင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ဤတစ်ကြိမ် တိုက်ခိုက်မှုသည် အလွန် ရုတ်တရက်ဆန်လှသည်။ ရှိနေသော ကျန်လေးဦးလုံး ထိတ်လန့်သွားကြသည်။

ဓားမော့တစ်ချက်တွင် ဇာတ်လမ်းနှင့် ပတ်သက်၍ သူ၏ ကိုယ်ပိုင်နားလည်မှု ရှိနေခြင်းဖြစ်သည်။ သူက ဤသည်မှာ ဘော့စ်ကိုသတ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်ဟု ယုံကြည်နေခြင်းပင်။ သူ ထွက်ပြေးနေစရာ မလိုဘဲ ဇာရော့ဗ်ကို ဒီနေရာမှာတင် သတ်ပစ်နိုင်ပါသည်။ အကယ်၍ သူသာ တောအုပ်ထဲသို့ ထွက်ပြေးပြီး အမည်မသိအန္တရာယ်မျိုးစုံကို ရင်ဆိုင်ရမည်ဆိုပါက သူ အင်အားကုန်ခမ်းသွားသည့် အချိန်၌ ဘော့စ်က အမဲလိုက်ခွေးများနှင့်အတူ လိုက်လာပေလိမ့်မည်။ ယင်းက ဆိုးရွားတဲ့ လုပ်ရပ်သာ ဖြစ်လိမ့်မည်။

ဇာတ်လမ်း စတင်ကတည်းက ဤလူသားပုံစံ မကောင်းဆိုးဝါးနှစ်ကောင်သာ ရဲတိုက်ထဲတွင် ပေါ်လာခဲ့ပြီး သူတို့မှာ သာမန်လူသားများသာ ဖြစ်ကြသည်။ သူတို့ ဘယ်လောက်တောင် အင်အားကြီးနိုင်မှာမို့လို့လဲ။ သူတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ပုံမှန်ဖြစ်ပြီး သူတို့အသုံးပြုသော လက်နက်များလည်း ပုံမှန် ပစ္စတိုသေနတ်များသာ ဖြစ်သည်။ ဤရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဤသည်မှာ ပြင်ပကမ္ဘာ၏ လွန်ခဲ့သော ရာစုနှစ်နှစ်ခုခန့်က အချိန်ကာလ ဖြစ်သည်။ ဤဘော့စ်နှစ်ကောင်တွင် စွမ်းအားကြီးသော စူပါပါဝါများ ရှိနိုင်မည် မဟုတ်ပေ။ သူတို့၏ ကြံ့ခိုင်မှုက သာမန်လူသားတစ်ဦး၏ အကန့်အသတ်နားအထိ ရောက်နေခဲ့လျှင်ပင် ပြဿနာ မရှိချေ။ အဘယ်ကြောင့်ဆိုသော် ကစားသမားတစ်ဦး၏ တိုက်ခိုက်ရေး စွမ်းရည်သည် သာမန်လူတစ်ဦးထက် ပိုမိုမြင့်မားနေသောကြောင့် ဖြစ်သည်။

အဓိကအချက်မှာ ဓားမော့တစ်ချက်သည် ထိုဘော့စ်ကို နှိမ်နင်းနိုင်လိမ့်မည်ဟု အလွန်ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။ သူ၏ ယုံကြည်မှုသည် စကေးတစ်ခုဖြစ်သော 'စဦးဓားမော့' ၏ 'ခေါင်းဖြတ်ခြင်း' စကေးမှ လာခြင်း ဖြစ်ပေသည်။

All Chapters