ရတနာပစ္စည်း (၃)မျိုး
Vol. 11 Ch. 1022
နွီဝါးနတ်သမီးလက်ထဲမှ ပန်းခက်ကိုတွေ့လိုက်သည်နှင့် ဆန်းလျန်မှာ ကိုယ့်ဒုက္ခကိုယ်ရှာမိပြီကို သိရှိလိုက်သည်။
သူနှင့် စန့်ချင်တာအိုဆရာသခင်၏ တိုက်ပွဲက မပြီးသေးပေ။ ယခုတော့ ဆန်းလျန်မှာ ရန်သူတစ်ယောက်မှ နှစ်ယောက်တိုးလာပြီ ဖြစ်လေသည်။
သို့သော်… ထိုအချက်က အဓိက မဟုတ်ပေ။
သူ့အနေဖြင့် နွီဝါးနတ်သမီးကို ရှောင်တိမ်းရန် နည်းလမ်းရှာရမည် ဖြစ်လေသည်။
တကယ်တော့ နွီဝါးနတ်သမီးက ဆန်းလျန်ကို ကျီစားလိုခြင်းဖြစ်သလို နဝမမြောက် တာအိုဆရာသခင်ကြီးကို အရှက်ကွဲအောင် စ နောက် လိုခြင်း ဖြစ်လေသည်။
နွီဝါးနတ်သမီး၏ အနီရောင်ပန်းခက်မှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ထိုအချိန်မှာပင်… လေထဲတွင် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ဆန်းလျန်ကို တိုက်ခိုက်ရန် ပိတ်ဆို့ထားလိုက်လေသည်။
ထိုဓားဝိညာဉ်မှာ စန့်ချင်တာအိုဆရာသခင်၏ နတ်ဘုရားထောင်ချောက်ဓားပင် ဖြစ်လေသည်။
ဆန်းလျန်မှာ အရှေ့တွင် နွီဝါးနတ်သမီး ၊ အနောက်တွင် စန့်ချင်တာအိုဆရာသခင် နှင့် ညှပ်ပူးညှပ်ပိတ် အခြေအနေသို့ ရောက်နေပြီ ဖြစ်လေသည်။
ဆန်းလျန်က နွီဝါးနတ်သမီးကို ရှောင်တိမ်းပြီး စန့်ချင်တာအိုဆရာသခင်နှင့်ပဲ တိုက်ခိုက်တော့မည်ဟု စိတ်ဆုံးဖြတ်လိုက်သည်။
နတ်ဘုရားထောင်ချောက်ဓား၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များက ပိုမိုကျယ်ပြန့်ပြင်းထန်လာလေသည်။
ကုန်းမြေတစ်လျှောက် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပျံ့နှံ့သွားပြီး များစွာသော မူလနတ်ဘုရားများ ၊ မူလနတ်မိစ္ဆာများမှာ သွေးများ အန်ထုတ်လိုက်ကြလေသည်။
သူတို့၏ ဝိညာဉ်များမှာလည်း အားနည်းလာကြပြီး သေလုမျောပါး ခံစားနေကြရလေသည်။
ထို့ကြောင့်ပင်… နောက်ပိုင်းကာလများတွင် စန့်ချင်တာအိုဆရာသခင်၏ ဗီဇဝိညာဉ်မရဏဓား (၄)လက်မှ နတ်ဘုရားထောင်ခြောက်ဓားက အခြားသော မရဏဓား (၃)လက်ထက် နာမည်ကျော်ကြားရခြင်း ဖြစ်လေသည်။
လောကတွင်တည်ရှိနေသည့် နတ်ဘုရားထောင်ချောက်ဓား၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များက အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းသွားမည် ဖြစ်လေသည်။
သို့သော်… ယနေ့ စန့်ချင်တာအိုဆရာသခင်ကိုယ်တိုင် အသုံးပြုခဲ့သည့် နတ်ဘုရားထောင်ချောက်ဓား၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များကတော့ ဘယ်တော့မှ ပျောက်ကွယ်မသွားဘဲ လောကအလယ်တွင် ထင်ကျန်နေမည် ဖြစ်လေသည်။
ဆန်းလျန် သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ထို့နောက် သူ၏ ဦးခေါင်းထက်မှ အဖြူရောင်နှင့် အနက်ရောင် အခိုးအငွေ့များထွက်ပေါ်လာပြီး ထိုအခိုးအငွေ့များမှာ လောကတွင် အသန့်စင်ဆုံး ယင်စွမ်းအားနှင့် ယန်စွမ်းအား အရင်းအမြစ်များပင် ဖြစ်သည်။
ထို့နောက် ချက်ချင်းပင် မြူခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး ရောင်စဉ် (၅)မျိုး အလင်းတန်းများ ဖြာထွက်လာကာ လောကတစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။
ရောင်စဉ် (၅)မျိုးအလင်းတန်းများက သမိုင်းမတည်မီကာလ နတ်ဘုရားထောင်ချောက်ဓားဖြင့် ရောနှောသွားပြီး ဓားဝိညာဉ်ကို မလှုပ်နိုင်အောင် ပိတ်ဆို့ ချုပ်နှောင်ထားလိုက်လေသည်။
နွီဝါးနတ်သမီးက ပြုံးလိုက်လေသည်။
ဆန်းလျန်က သူမပေးသည့်လက်ဆောင်ကို မယူလိုပဲ စန့်ချင်တာအိုဆရာသခင်နှင့်သာ တိုက်ခိုက်လိုကြောင်း သူမ သိရှိပြီးသား ဖြစ်သည်။
ဆန်းလျန်က နူးညံ့သော်လည် ခေသူတစ်ယောက်မဟုတ်ကြောင်း သူမ ရိပ်မိလိုက်သည်။
အမှန်တော့ တာအိုဆရာသခင်ကြီးများက တစ်ယောက်နှင့်တစ်ယောက် သိပ်ပြီး မကွဲပြားကြပေ။ တာအိုဆရာသခင်ကြီးတစ်ပါးက အခြားတာအိုဆရာသခင်ကြီးတစ်ပါးကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ရန်မှာ လွယ်ကူသည်တော့ မဟုတ်ပေ။
နွီဝါးနတ်သမီးကတော့ နဝမမြောက်တာအိုဆရာသခင်ကြီးဖြစ်လာသည့် အသစ်စက်စက် တာအိုဆရာသခင်ကြီးကို အနည်းငယ်တော့ ပညာပေးလိုက်ရန် စဉ်းစားထားသည်။
သူမက အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
နောက်မှ ဆန်းလျန်က ပြန်လည်လက်စားချေလိုလျှင်လည်း သူမအတွက် ပြဿနာမရှိပေ။
အနီရောင်အလင်းတန်းတစ်ခု လက်ခနဲ တောက်ပသွားလေသည်။
စန့်ချင်တာအိုဆရာသခင်၏ မရဏဓား (၄)လက်ကို ရင်ဆိုင်နေသည့် ဆန်းလျန်၏ ပခုံးထက်သို့ နွီဝါးနတ်သမီး၏ အနီရောင်ပန်းခက်က ကျရောက်သွားလေသည်။
ရုတ်တရက်… လေထုတစ်ခုလုံး တုန်ခါသွားပြီး ဆန်းလျန်မှာ နေရာတွင်ပင် ပျောက်ကွယ်သွားလေတော့သည်။
……………
ဆန်းလျန် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်သွားပြီးသည့်နောက်ပိုင်း "ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင်သခင် ချင်းရွှမ်ထျန်းကျွင်း" သည်လည်း ဖန်သားကောင်းကင်ဘုံမှ ပျောက်ကွယ်သွားခဲ့လေသည်။
ဆန်းလျန် မည်သည့်နေရာသို့ ရောက်သွားသည်ကို ကျောက်ရှောင်ယွီလည်း မသိရှိနိုင်ပေ။
ထို့ကြောင့် သူမသည် ဖန်သားကောင်းကင်ဘုံအလယ်တွင်ရှိနေသည့် အပြာရောင်ခရီးရှည်နန်းတော်အတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
နောက်ထပ် ရက်အနည်းငယ် အကြာတွင် အပြာရောင်ခရီးရှည်နန်းတော်ကြီး တသိမ့်သိမ့်လှုပ်ခါလာခဲ့ပြီး တိမ်တိုက်ပလ္လင်တစ်ခုထက်တွင် တာအိုဆရာတစ်ပါး ပေါ်လာလေသည်။
ထိုတာအိုဆရာက ကျောက်ရှောင်ယွီကို ကြည့်နေလေသည်။
ထိုတာအိုဆရာမှာ မိုးကောင်းကင်ကိုပင် ကိုင်လှုပ်နိုင်စွမ်းရှိသည့် စန့်ချင်တာအိုဆရာသခင်ဖြစ်ကြောင်း ကျောက်ရှောင်ယွီ ချက်ချင်းသိရှိလိုက်သည်။
နွီဝါးနတ်သမီး ဝင်ရှုတ်သည့်အတွက် ဆန်းလျန်နှင့် ဆက်လက်မတိုက်ခိုက်ရတော့သောကြောင့် စန့်ချင်တာအိုဆရာသခင် အပြာရောင်ခရီးရှည်နန်းတော်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ကျောက်ရှောင်ယွီက သေရာမှ ပြန်လည်ရှင်သန်လာသူ ဖြစ်လေရာ စန့်ချင်တာအိုဆရာသခင်ကိုလည်း ကြောက်ရွံ့ခြင်း မဖြစ်မိပေ။
သို့သော်… တာအိုဆရာသခင်ကြီးများကို လေးလေးစားစားဆက်ဆံရမည်ကိုတော့ သူမ ကောင်းစွနားလည်ထားသည်။
စန့်ချင်တာအိုဆရာသခင်က ဆန်းလျန်၏ မျက်နှာဖြင့် ကျောက်ရှောင်ယွီကို အလေးထား ဆက်ဆံလေသည်။
စန့်ချင်တာအိုဆရာသခင်က လက်နှစ်ချောင်းကို အသာညွှန်ပြလိုက်ရာ ကြမ်းခင်းအဝတ်တစ်ခု ကျောက်ရှောင်ယွီ၏ ရှေ့နားတွင် ပေါ်လာလေသည်။
စန့်ချင်တာအိုဆရာသခင်က…
"ထိုင်ပါဦး…"
ဟု ကျောက်ရှောင်ယွီကို ပြောလိုက်လေ၏။
ကျောက်ရှောင်ယွီကလည်း ငြင်းဆန်ခြင်း မရှိပေ။
သူမသည် စန့်ချင်တာအိုဆရာသခင်၏ ညာဘက်နားတွင် ရှိနေသည့် ကြမ်းခင်းအဝတ်ပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
သူမ ထိုင်လိုက်သည့်အချိန်မှာပင် ကြမ်းခင်းအဝတ်သည် သာမန်မဟုတ်ကြောင်း ခံစားလိုက်မိလေသည်။
ကြမ်းခင်းအဝတ်ပေါ်တွင် ထိုင်လိုက်သည်နှင့် သူမ၏ကိုယ်ခန္ဓာထဲသို့ သန့်စင်သည့် တန်ခိုးစွမ်းအားတစ်ခု ဝင်ရောက်လာပြီး နက်နဲသောတာအိုတရားများကို သူမ ချက်ချင်းနားလည်သွားလေသည်။
သူမက ချက်ချင်းပင် ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်ရှိသွားစေပြီး မူလဗလာနယ်လမ်းစဉ်အတိုင်း မခန့်မှန်းနိုင်သည့် တန်ခိုးစွမ်းအားများကို ရရှိသွားလေသည်။
ယခုအချိန်တွင် မီလဲ့ကိုယ်တော်နှင့် ထပ်မံတိုက်ခိုက်ရမည်ဆိုလျှင် သူမ သေချာပေါက် အနိုင်ရမည်ဟု ယုံကြည်လိုက်မိသည်။
သူမက ပျော်ရွှင်စွာဖြင့်…
"ကျေးဇူးတင်ပါတယ် ထုန်ထျန်းအရှင်…"
စန့်ချင်တာအိုဆရာသခင်က…
"မင်းအခု တန်ခိုးစွမ်းအားတွေ သိပ်များသွားပြီ ၊ ကျုပ်အတွက် အလုပ်တစ်ခု လုပ်ပေးနိုင်မလား…"
စန့်ချင်တာအိုဆရာသခင်က အလွန် လွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်သည်။
သူက သူခိုင်းသည့်အလုပ်ကို ကျောက်ရှောင်ယွီ သဘောတူမည်လား မတူမည်လားပင် မေးမြန်ခြင်း မရှိပေ။
သို့သော်… စန့်ချင်တာအိုဆရာသခင်က သူမကို တန်ခိုးစွမ်းအားများ အရင်ဆုံးပေးအပ်ခဲ့သူ ဖြစ်သည့်အတွက် ယခုကဲ့သို့ အလုပ်လုပ်ခိုင်းသည်မှာ မျှတမှုတော့ ရှိပေ၏။
ဆန်းလျန်၏ မျက်နှာကြောင့်သာမဟုတ်လျှင် ၊ ချင်တိဧကရာဇ်၏ သမီးတော်သာ မဟုတ်လျှင် ၊ စန့်ချင်တာအိုဆရာသခင်က သူမကို ယနေ့ပေးအပ်သည့်အခွင့်အရေးမျိုး ပေးအပ်မည် မဟုတ်ပေ။
သူမက ဉာဏ်ထက်မြက်သည့် မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် အရာအားလုံးကို ဆက်စပ်တွေးတောနိုင်စွမ်း ရှိလေသည်။
ထို့ကြောင့် ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"ထုန်ထျန်းအရှင် လုပ်စေချင်တာ ဘာများလဲ ၊ ကျွန်မ လုပ်ပေးပါ့မယ်…"
စန့်ချင်တာအိုဆရာသခင်က…
"ကျုပ်မှာ ဝိညာဉ်ခြောက်ဖြာအလံဆိုတဲ့ ရတနာပစ္စည်းတစ်ခုရှိတယ် ၊ ဒါပေမဲ့ အခု အဲဒီပစ္စည်းက ကျုပ်တပည့်ဖြစ်တဲ့ တင့်ကွမ်းနတ်ဘုရားလက်ထဲကနေ မီလဲ့ကိုယ်တော်ရဲ့ လက်ထဲကို ရောက်သွားတယ် ၊ မင်း အဲဒီပစ္စည်းကို ပြန်ယူခဲ့ပေးပါ…"
*(တင့်ကွမ်းနတ်ဘုရားဆိုသည်မှာ ထုန်ထျန်းအရှင်၏ တပည့် (၇)ယောက်မှ တစ်ယောက်ဖြစ်ပါသည်။ ဝိညာဉ်ခြောက်ဖြာအလံကိုကိုင်ဆောင်ပြီး ထုန်ထျန်းအရှင်ကို ခစားသူ ဖြစ်ပါသည်။ - ဘာသာပြန်သူ)
ကျောက်ရှောင်ယွီက…
"ဘယ်တော့ ပြန်ယူပေးရမှာလဲ ထုန်ထျန်းအရှင်…"
စန့်ချင်တာအိုဆရာသခင်က မျက်လုံးများကို မှေးမှိတ်လိုက်ပြီး…
"အခုပဲ…"
ကျောက်ရှောင်ယွီက မတ်တတ်ထရပ်လိုက်ပြီး…
"ထုန်ထျန်းအရှင်အမိန့်အတိုင်း အခုချက်ချင်းလုပ်ဆောင်ပါ့မယ်…"
မည်သည့်နေရာတွင် မီလဲ့ကိုယ်တော်ရှိသည်ကို သူမက စန့်ချင်တာအိုဆရာသခင်ကို မေးမြန်းခြင်း မပြုခဲ့ပေ။
ချက်ချင်းပင်… အပြာရောင်ခရီးရှည်နန်းတော်အတွင်းမှ ထွက်ခွာသွားလေတော့သည်။
ရိပ်ခနဲထွက်ခွာသွားသည့် ကျောက်ရှောင်ယွီကို ကြည့်နေရင်း ထုန်ထျန်းအရှင်က ရေရွတ်လိုက်သည်။
"ဉာဏ်ကောင်းပြီးပါးနပ်တဲ့ ကလေးပဲ…"
ကျောက်ရှောင်ယွီကတော့ သူမကို စန့်ချင်တာအိုဆရာသခင် မှတ်ချက်ပြုသည့် ချီးကျူးစကားသံကို မကြားနိုင်တော့ပေ။
သူမက အပြာရောင်ခရီးရှည်နန်းတော် အပြင်ဘက်သို့ ရောက်သည်နှင့် အလင်းတန်းတစ်ခုအဖြစ် ဖန်ဆင်းကာ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းသို့ ထွက်ခွာလာခဲ့လေသည်။
နတ်ဆိုးနယ်မြေသည် ယခုအခါ မိုးနှင့်မြေတွင် အတော်လေး ကြီးမားကျယ်ပြန့်နေပြီ ဖြစ်လေသည်။
မိစ္ဆာစွမ်းအားများကလည်း မြင့်မားလျှက်ရှိပြီး နတ်ဆိုးစစ်တပ်က လောကတစ်ခုလုံးကို အချိန်မရွေး မှုန့်ချေပစ်တော့မည့်အလား အင်အားကြီးမားနေပြီ ဖြစ်သည်။
သက်ရှိသတ္တဝါများအတွက် နတ်ဆိုးနယ်မြေသည် ငရဲခံတွင်းပင် ဖြစ်လေသည်။
နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်သွားကြသည့် ကျင့်ကြံသူများစွာ ရှိလေသည်။ သို့သော်… ထိုသူများ လုံး၀ ပြန်လည် ထွက်ပေါ်လာကြခြင်း မရှိတော့ပေ။
သို့သော်… ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းသို့ သွားလိုသည်ဆိုလျှင် လမ်းတစ်လမ်းသာ ရှိလေသည်။ ထိုလမ်းသည် သေချာပေါက် နတ်ဆိုးနယ်မြေကို ဖြတ်သန်းသွားရပေမည်။
တိမ်တိုက်ကဲ့သို့ ဖြူစင်သည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး အပြစ်ဆိုစရာ တစ်စက်လေးမှ မရှိအောင် လှပလွန်းသည့် ကျောက်ရှောင်ယွီသည် နတ်ဆိုးနယ်မြေ၏ ကောင်းကင်ထက်မှ ဖြတ်ကျော်ပျံသန်းသွားလေသည်။
ကောင်းကင်ထက်မှ နတ်ဘုရားတစ်ပါး ပျံသန်းသွားသည့်အတွက် နတ်ဆိုးများက တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
သို့သော်… နတ်ဆိုးဘုရင်မ 'ချိ' က မည်သည့်တိုက်ခိုက်မှုများမပြုလုပ်ဘဲ ကျောက်ရှောင်ယွီကို ဖြတ်သန်းသွားလာခွင့် ပြုလိုက်လေသည်။
နတ်ဆိုးဘုရင်မ 'ချိ' သည် နတ်ဆိုးနယ်မြေကို ဖြတ်သန်းသွားသည့် မည်သည့်နတ်ဘုရားကိုမှ အလွတ်မပေးခဲ့ပေ။ ယခုတော့ ထိုနတ်သမီးကို အလွတ်ပေးလိုက်သည်ကို ကြည့်ခြင်းအားဖြင့် နောက်ပိုင်းတွင်လည်း ထိုနတ်သမီးကို သွားရောက်ရန်စခြင်းမပြုရန် နတ်ဆိုးများက မှတ်သားထားလိုက်ကြသည်။
သိပ်မကြာမီပင်… ကျောက်ရှောင်ယွီ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း အဝင်တံခါး၀ ရှေ့သို့ ရောက်ရှိလာလေသည်။
သူမက ရဲ့လျိုယွင်ကို ရှာဖွေရန် ရောက်ရှိလာခြင်း ဖြစ်လေ၏။
မီလဲ့ကိုုယ်တော်၏ ကျင့်ကြံခြင်းအဆင့်က သူမနှင့် အဆင့်တူဖြစ်လေရာ ကျောက်ရှောင်ယွီအနေဖြင့် မီလဲ့ကိုယ်တော် မည်သည့်နေရာတွင်ရှိသည်ကို မခန့်မှန်းနိုင်ပေ။
ထို့ပြင်… သူမက စန့်ချင်တာအိုဆရာသခင် ပေးအပ်သည့် တာဝန်ကိုလည်း လှလှပပနှင့်သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုလုပ်ပေးချင်မိသည်။
သူမက ရဲ့လျိုယွင်ကို လာရှာသည်မှာ မီလဲ့ကိုယ်တော် မည်သည့်နေရာတွင်ရှိသည်ကိုသိလိုသည့်အတွက် ဖြစ်သည်။ ထို့ပြင် ရတနာပစ္စည်းတစ်ခုကိုလည်း ငှားရမ်းလိုသောကြောင့် ဖြစ်လေသည်။
သူမ ငှားရမ်းလိုသည့် ရတနာပစ္စည်းက "မိုးကောင်းကင်တံခါး" ဖြစ်လေ၏။
ကျောက်ရှောင်ယွီ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းအတွင်းသို့ မဝင်ခင်မှာပင် တံခါးအပြင်ဘက်တွင်ချိတ်ဆွဲထားသည့် ခေါင်းလောင်းလေးတစ်ခုကို သတိပြုလိုက်မိသည်။
ရဲ့လျိုယွင်သည် သူမရောက်လာပြီး အကူအညီတောင်းမည်ကို သိရှိပြီး ဖြစ်ဟန်တူလေသည်။
မိုးကောင်းကင်တံခါးကိုပင် သူမအတွက် အဆင်သင့် တံခါးဝတွင် ချိတ်ဆွဲပေးထားလေသည်။
ကျောက်ရှောင်ယွီက ခေါင်းလောင်းလေးကို ဖြုတ်ယူလိုက်လေသည်။
ခေါင်းလောင်းလေး သူမလက်ထဲသို့ ရောက်သည်နှင့် ချက်ချင်းပင် မီလဲ့ကိုယ်တော် မည်သည့်နေရာတွင်ရှိသည်ကို သူမ သိရှိသွားသလို မိုးကောင်းကင်တံခါးဟုခေါ်ဆိုသည့် ခေါင်းလောင်းလေးကို မည်သို့အသုံးပြုရမည်ကိုလည်း ချက်ချင်းသိရှိသွားလေသည်။
မိုးကောင်းကင်တံခါးနှင့်ဆိုလျှင် မီလဲ့ကိုယ်တော်ကို တန်ပြန်တိုက်ခိုက်ရန်နှင့် ခုခံရန်လုံလောက်ကြောင်း သူမ နားလည်လိုက်သည်။
…………
လင်ထိုင်ဖန်းကျွမ်းတောင်သည် ဗောဓိဘိုးဘိုးနေထိုင်ရာ နေရာဖြစ်လေသည်။
ယခု ဗောဓိဘိုးဘိုးသည် စင်မြင့်ထက်တွင် ထိုင်ပြီး တရားဟောပြောနေလေသည်။ သူ၏ တရားဟောပြောခြင်းက ကောင်းကင်ထက်မှ ရွှေရောင်ကြာပန်းများ ကျဆင်းလာသည့်အလား ဖြစ်လေသည်။
တာအိုဆရားကို နားထောင်နေကြသူများမှာ စိတ်ဝင်တစားဖြင့် နားထောင်နေကြလေ၏။
နားထောင်နေကြသူများထဲတွင် ခပ်၀၀ ၊ နားရွက်ကားကား ကိုယ်တော်တစ်ပါးလည်း ပါဝင်လေသည်။
ထိုသူသည်ကား မီလဲ့ကိုယ်တော်ပင် ဖြစ်လေတော့သည်။
သူက ရုတ်တရက် မျက်ရည်များကျဆင်းကာ ငိုကြွေးလိုက်သည့်အတွက် ဗောဓိဘိုးဘိုး၏ တရားဟောကြားခြင်း အနှောက်အယှက်ဖြစ်သွားရသည်။
ဗောဓိဘိုးဘိုး၏မျက်နှာ မကြည်မလင်ဖြစ်သွားပြီး တရားဟောပြောခြင်းကို ရပ်တန့်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မီလဲ့ကိုုယ်တော်၏ ငိုကြွေးသံကြီးသာ ထွက်ပေါ်လျှက် ရှိလေတော့၏။
ဗောဓိဘိုးဘိုးတရားဟောခြင်းကို ရပ်တန့်လိုက်သည်နှင့် မီလဲ့ကိုယ်တော်က အလျှင်အမြန်စကားပြောလိုက်သည်။
"တပည့်သေရဖို့ နီးကပ်လာပါပြီ ၊ ဆရာ … တပည့်ကို ကယ်ပါဦး…"
ဗောဓိဘိုးဘိုးက…
"ဒါက ကံကြမ္မာပဲ ၊ ကျုပ် ကယ်တင်ပေးလို့ မရဘူး…"
ဗောဓိဘိုးဘိုးက ကယ်တင်ပေးလို့မရဘူးဆိုသည့်စကားမှာ မကယ်တင်နိုင်ခြင်းကို မဆိုလိုကြောင်း မီလဲ့ကိုယ်တော် နားလည်လိုက်သည်။
ထိုစကားက သူ့အတွက် ကောက်ရိုးတစ်မျှင်ပမာ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားမိစေသည်။
"ဆရာ… သနားပါ…"
ဗောဓိဘိုးဘိုး အနည်းငယ် ကရုဏာသက်သွားဟန် ရှိသည်။
သူက လက်တစ်ဖက် ဝှေ့ရမ်းလိုက်လေရာ သူ့ရှေ့တွင် ရတနာပစ္စည်း (၃)မျိုး ထွက်ပေါ်လာလေသည်။
ထိုရတနာပစ္စည်း (၃)ခုမှာ ရတနာ (၇)ပါး သစ်ကိုင်း ၊ နတ်တောင်ဝှေးနှင့် စိမ်းပြာရောင်အလံတို့ ဖြစ်လေသည်။
***