အဆုံးသတ်တေးသွား (ပထမပိုင်း)
Vol. 11 Ch. 1023
ရတနာပစ္စည်း (၃)မျိုးကို တွေ့မြင်လိုက်ရသည့်အခါ မီလဲ့ကိုယ်တော် အနည်းငယ် အံ့အားသင့်သွားလေသည်။
ထို ရတနာပစ္စည်း (၃)မျိုးကို သူ ကောင်းကောင်း သိရှိလေသည်။ ထို ရတနာပစ္စည်း (၃)မျိုးမှာ ရတနာ (၇)ပါး သစ်ပင်တွင် တည်ရှိသည့် ရတနာ ပစ္စည်းများ ဖြစ်လေသည်။
တန်ခိုးစွမ်းအားထက်မြက်သည့် လက်နက်ပစ္စည်းများ ဖြစ်သည်သာမက ခုခံနိုင်မှု အားကောင်းသည့် ရတနာပစ္စည်းများလည်း ဖြစ်သည်။
ထို ရတနာပစ္စည်း (၃)မျိုးသည် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သည့် ဗောဓိဘိုးဘိုးကိုယ်တိုင် ပြုလုပ်ထားသည့် ရတနာပစ္စည်းများဖြစ်ပြီး တန်ခိုးစွမ်းအား အလွန်ကြီးမားလေသည်။
ထို ရတနာပစ္စည်း (၃)မျိုးသည် ဖန်ကူအလံထက် နိမ့်ကျခြင်း မရှိပေ။
ဗောဓိဘိုးဘိုးက…
"မင်းဟာ အခုချိန်ထိ လောဘ ၊ ဒေါသ ၊ မောဟ ၊ အလောဘ ၊ အဒေါသ ၊ အမောဟဆိုတဲ့ ဟိတ် (၆)ပါးကို မပယ်သတ်နိုင်သေးဘူး ၊ ဒီတော့ မင်းကြိုက်တဲ့ ရတနာပစ္စည်း (၁)ခုကိုယူပြီး တောင်ပေါ်က ဆင်းသွားတော့…"
မီလဲ့ကိုယ်တော်က တစ်ခဏမျှ တိတ်ဆိတ်နေလေသည်။
ထို့နောက် သူက ရတနာ (၇)ပါး သစ်ကိုင်းကို ရွေးခြယ်ယူလိုက်သည်။
ဗောဓိဘိုးဘိုးက ရတနာ (၇)ပါး သစ်ပင်အောက်တွင် တရားအလင်းရခဲ့သူ ဖြစ်သည့်အတွက် ရတနာ (၇)ပါး သစ်ကိုင်းကို ရွေးခြယ်ယူလိုက်ခြင်း ဖြစ်လေ၏။
ထိုရတနာ (၇)ပါး သစ်ကိုင်းတွင် စစ်မှန်သည့် တာအိုကာရံကို တွေ့မြင်ရမည် ဖြစ်လေသည်။
ရတနာ (၇)ပါး သစ်ကိုင်းသည် ဖန်ကူအလံ ၊ ထိုက်ချိယင်ယန်ပန်းချီကား ၊ မိုးကောင်းကင်တံခါးနှင့် စန့်ချင်တာအိုဆရာသခင်၏ ဗီဇဝိညာဉ်မရဏဓား (၄)လက်မှလွဲပြီး မည်သည့်အရာကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိလေသည်။
မီလဲ့ကိုယ်တော်က ရတနာ (၇)ပါး သစ်ကိုင်းကို ရွေးခြယ်ပြီးနောက် အနည်းငယ် စိတ်သက်သာရာရသွားလေသည်။
သူက ဗောဓိဘိုးဘိုးအား (၃)ကြိမ် (၃)ခါတိတိဖြင့် စုစုပေါင်း (၉)ကြိမ် ရှိခိုးကန်တော့လိုက်လေသည်။
သို့သော်… ဗောဓိဘိုးဘိုးက မီလဲ့ကိုယ်တော် ရှိခိုးကန်တော့သည်ကို အရေးမစိုက်ပေ။
ဗောဓိဘိုးဘိုးက အင်္ကျီလက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်လေရာ ရောင်စဉ် (၇)မျိုး ထွက်ပေါ်လာပြီး မီလဲ့ကိုယ်တော်မှာ လင်ထိုင်ဖန်းကျွမ်းတောင်ပေါ်မှ ပျောက်ကွယ်သွားလေတော့သည်။
မီလဲ့ကိုယ်တော်က မည်သည့်နေရာသို့ ရောက်နေသည်လဲဟု ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်လေသည်။
ထိုအခါ… လူ့လောကအလယ်ရှိ ကျီမော့တောင်ထပ်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိလိုက်သည်။
ကျီမော့တောင်ထိပ်တွင် အတိတ်တစ်ချိန်ကဆန်းလျန် နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်ခဲ့ရာ နေရာဖြစ်သည့် ယွိဟွားစင်မြင့်သည်ပင် ယခုထက်တိုင် တည်ရှိနေသေးသည်။
တောင်ထိပ်တစ်ခွင်တွင် တိမ်တိုက်များက လွင့်မျောနေလေသည်။ လေပြေက တိုက်ခတ်လျှက်ရှိလေရာ မီလဲ့ကိုယ်တော်၏ ဝတ်ရုံစသည် လေထဲတွင် လွင့်လျှက် ရှိလေသည်။
မည်သည့်နေရာမှ ထွက်ပေါ်နေမှန်းမသိသည့် အလင်းရောင် မှိန်ပျပျက လင်းလက်လျှက် ရှိသည်။
လတ်ဆတ်သည့် လေပြေကြောင့် မီလဲ့ကိုယ်တော် အနည်းငယ် လန်းဆန်းလာသလို ခံစားလိုက်ရသည်။
သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးသွားလိုက်ပြီး လက်ထဲမှ ရတနာ (၇)ပါး သစ်ကိုင်းကို တစ်ချက် ဝှေ့ရမ်းလိုက်လေသည်။
ထိုအခါ… အဝေးတစ်နေရာတွင် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည့် တောင်တစ်တောင်သည် ချက်ချင်းပင် အမှုန့်ဖြစ်ကာ ပျက်စီးသွားလေတော့သည်။
တန်ခိုးစွမ်းအား အနည်းငယ်မျှ အသုံးပြုရုံဖြင့် တောင်တစ်ခုလုံးအမှုန့်ဖြစ်သွားသည့်အတွက် ရတနာ (၇)ပါး သစ်ကိုင်း၏ တန်ခိုးစွမ်းအားကို မီလဲ့ကိုယ်တော် ကျေနပ်အားရ ဖြစ်သွားမိသည်။
သို့သော်… သူ သိပ်ပြီး ဝမ်းမသာလိုက်ရပေ။
အကြောင်းမှာ… သူ၏ ပတ်ဝန်းကျင်တွင် ခေါင်းလောင်းမြည်သံများ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ဖြစ်လေသည်။
ထိုခေါင်းလောင်းသံများက သူ့ကို ဒေါသချောင်းချောင်း ထွက်လာစေသည်။
ထိုအချိန်… တိမ်တိုက်တစ်ခု လင်းလက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ကြည်လင်သည့် လှိုင်းများ လှုပ်ခတ်သွားလေသည်။
မကြာမီ ထိုတိမ်တိုက်သည် ယွိဟွားစင်မြင့်ထက်သို့ ရောက်ရှိလာလေသည်။
မီလဲ့ကိုယ်တော်သည် ထိုသို့ လင်းလက်နေသည့်တိမ်တိုက်ကို တစ်ခါမှ တွေ့မြင်ခဲ့ဖူးခြင်း မရှိပေ။
သူ့စိတ်ထဲတင်းတင်းကျပ်ကျပ်ခံစားလိုက်ရပြီး ကြောက်ရွံ့ထိတ်လန့် လာမိလေသည်။
ထို့နောက်… ကြည်လင်သည့် လှိုင်းများအလယ်တွင် မှိုင်းမှောင်သည့်အရောင်ရှိသော ခေါင်းလောင်းတစ်ခုကို ကိုင်ထားသည့် ချောမောလှပလွန်းသည့် မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာလေသည်။
မီလဲ့ကိုုယ်တော်ကြားနေရသည့် ခေါင်းလောင်းသံမှာ မိန်းမပျို၏ လက်ထဲတွင် ကိုင်ထားသည့် ခေါင်းလောင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ခေါင်းလောင်းငယ်က အလွန်သေးငယ်ပြီး အရောင်ကလည်း မှုံမှိုင်းလျှက် ရှိသည်။
ကြီးမားသည့် ဘေးအန္တရယ်နှင့် ရင်ဆိုင်ရပြီ ဖြစ်ကြောင်း မီလဲ့ကိုယ်တော် ချက်ချင်း ရိပ်မိလိုက်လေသည်။ သို့သော်… သူ့တွင် ရတနာ (၇)ပါး သစ်ကိုင်းရှိနေသည့်အတွက် အနည်းငယ် စိတ်သက်သာရာရသွားလေသည်။
မီလဲ့ကိုယ်တော် စိတ်ထဲမှ တွေးလိုက်လေသည်။
"ဒီ အစစ်ဆေးခံရမှုကိုသာ ကျော်လွန်နိုင်ရင် အနာဂတ်မှာ ငါဟာ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာလိမ့်မယ်…"
သေချာသည့် အတွေးဖြင့် မီလဲ့ကိုယ်တော် တစ်ချက်ပြုံးလိုက်လေသည်။
ထို့နောက် မီလဲ့ကိုယ်တော်က မိန်းမပျိုကို လှမ်းကြည့်လိုက်ပြီး နှုတ်ဆက်စကားဆိုလိုက်လေသည်။
"ကျောက်ရှောင်ယွီနတ်သမီး … သေရွာကပြန်လာတာ ဂုဏ်ယူပါတယ်…"
ကျောက်ရှောင်ယွီက မီလဲ့ကိုယ်တော်ကို တစ်ချက်စိုက်ကြည့်လိုက်ရင်း ပြုံးပြလိုက်လေသည်။
သူမ၏မျက်ဝန်းများက ရေစင်အလားကြည်လင်နေသော်လည်း လှိုင်းများလည်း ထလျှက် ရှိလေသည်။ ထို့ကြောင့်… သူမ မည်သည့်အတွေးများ တွေးနေသည်ကို မီလဲ့ကိုယ်တော် ခန့်မှန်းနိုင်ခြင်း မရှိပေ။
မီလဲ့ကိုယ်တော်က သူမကိုကြည့်နေရင်း ရင်ထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ရလေသည်။
သူတို့ ယခင်တစ်ခေါက် တိုက်ခိုက်ခဲ့စဉ်ထက် ကျောက်ရှောင်ယွီက ပိုပြီး တန်ခိုးစွမ်းအားမြင့်မားနေသည်ကို မီလဲ့ကိုယ်တော် ရိပ်မိလိုက်သည်။
ကျောက်ရှောင်ယွီကို ယခုတစ်ကြိမ်တွင် အနိုင်ယူရန် လွယ်ကူမည် မဟုတ်တော့ပေ။
မီလဲ့ကိုယ်တော်၏ စိတ်အာရုံထဲတွင် "မရှိမှုတရား" ကို ခံစားလိုက်ရလေသည်။ သို့သော်… မရှိမှုတရားသည် ကျောက်ရှောင်ယွီထံမှ မရှိမှုတရားမဟုတ်ပေ။
အရာအားလုံးသည် သူနားလည်နိုင်သည်ထက် ပိုမိုထူးခြားဆန်းကျယ်နေလေသည်။
ရုတ်တရက်… မီလဲ့ကိုယ်တော် စိတ်အာရုံထဲတွင် အေးစိမ့်လာသည်ဟု ခံစားလိုက်ရလေသည်။
မီလဲ့ကိုယ်တော်က ချက်ချင်းပင် ရတနာ (၇) ပါးသစ်ကိုင်းကို ဝှေ့ရမ်းပြီး တိုက်ခိုက်လိုက်သည်။ လေးဖက်လေးတန်မှ အလင်းတန်းများထွက်ပေါ်လာပြီး ကျောက်ရှောင်ယွီရှိရာသို့ အလင်းတန်းများ ဝင်ရောက်သွားလေသည်။
သို့သော်… ရတနာ (၇) ပါးသစ်ကိုင်းက ကျောက်ရှောင်ယွီကို ထိခိုက်ခြင်း မရှိပေ။
နေရောင်ခြည်ကဲ့သို့ လင်းလက်သည့် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး မီလဲ့ကိုယ်တော်၏ ဝမ်းဗိုက်ကို ထိုးခွဲပစ်လိုက်လေသည်။
မီလဲ့ကိုယ်တော်၏ ဝမ်းဗိုက်မှ ရွှေရောင်နတ်ဘုရားသွေးများ စီးဆင်းထွက်လာသည်။
သို့သော်… ဓားဝိညာဉ်မည်သည့်နေရာကထွက်ပေါ်လာသည်ကို သဲလွန်စမတွေ့ရပေ။ မည်သည့် အချက်ပြမှုမှလည်း မီလဲ့ကိုယ်တော် သတိထားမိခြင်း မရှိပေ။
ကျောက်ရှောင်ယွီက မီလဲ့ကိုယ်တော်ကြည့်ပြီး ပြုံးလိုက်လေသည်။ မီလဲ့ကိုယ်တော်၏ မျက်ဝန်းထဲမှ အေးစိမ့်မှုများက ပို၍ နက်ရှိုင်းလာလေသည်။
သူ့ထံသို့ ဝင်ရောက်လာသည့် ကျောက်ရှောင်ယွီ၏ ဓားဝိညာဉ်လမ်းကြောင်းကို မီလဲ့ကိုယ်တော် တွေ့မြင်နိုင်ခဲ့ခြင်း မရှိပေ။
သတိထားပြီး ခုခံရန်မကြိုးစားဘဲ ရတနာ (၇)ပါး သစ်ပင်ဖြင့် စတင်တိုက်ခိုက်လိုက်မိခြင်းက သူ၏အမှားသာ ဖြစ်ကြောင်း မီလဲ့ကိုယ်တော် နားလည်လိုက်သည်။
ထို့နောက် ကျောက်ရှောင်ယွီက သူမ၏လက်ထဲမှ ခေါင်းလောင်းငယ်လေးကို ပစ်လွှတ်လိုက်လေသည်။
ခေါင်းလောင်းငယ်သည် ကြီးမားသည့် ခေါင်းလောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မီလဲ့ကိုယ်တော်၏ ဦးခေါင်းထက်သို့ ကျရောက်သွားလေသည်။
ခေါင်းလောင်းကြီးသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး မီလဲ့ကိုုယ်တော်၏ ဦးခေါင်းကို ဖုံးအုပ်သွားလေသည်။
မီလဲ့ကိုယ်တော်က ရတနာ (၇)ပါး သစ်ကိုင်းကိုဝှေ့ရမ်းလိုက်ပြီး အလင်းတန်းများကိုထုတ်လွှတ်ကာ အတင်းအဓမ္မ ထပ်မံတိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
သို့သော်… မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသည့် အဆင်းသဏ္ဍန်မဲ့ ဓားဝိညာဉ်က သူ့ကို ထပ်မံတိုက်ခိုက်သည်ကို ခံလိုက်ရပြန်လေသည်။
ကြည့်ရသည်မှာ ကျောက်ရှောင်ယွီသည် "ဗလာနယ်" အကြောင်းကို အပြည့်အ၀ သဘောပေါက်နားလည်သွားဟန် ရှိသည်။
သူမအသုံးပြုနေသည့် ဓားသိုင်းပညာမှာ "ဗလာနယ်မရဏဓားသိုင်း" ဖြစ်လေသည်။
ကျောက်ရှောင်ယွီ ဗလာနယ်မရဏဓားကို အသုံးပြုနေသည်ကို ကြည့်ခြင်းအားဖြင့် ဓားဝိညာဉ်ရောက်လာခြင်းကိုလည်း မခန့်မှန်းနိုင်သလို ဓားဝိညာဉ် ပြန်ထွက်သွားသည်ကိုလည်း မခန့်မှန်းနိုင်ပေ။
ထို့ပြင် ကျောက်ရှောင်ယွီက သူမ၏ ခန္ဓာကိုယ်ကိုလည်း မိုးကောင်းကင်တံခါးဖြင့် ကာကွယ်ထားသေးသည်။ ထို့ကြောင့် မီလဲ့ကိုယ်တော်၏ ရတနာ (၇)ပါး သစ်ကိုင်းသည် ကျောက်ရှောင်ယွီကို ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိပေ။
မီလဲ့ကိုယ်တော်အတွက် ရှုံးနိမ့်နိုင်ချေ အလွန်များနေပြီ ဖြစ်သည်။
မီလဲ့ကိုယ်တော် မည်သို့မှ မတတ်နိုင်တော့ဘဲ ဒေါသချောင်းချောင်းထွက်လာမိသည်။ သူက ဗောဓိဘိုးဘိုး ရတနာပစ္စည်း (၃)မျိုးကို ရွေးခြယ်ခိုင်းစဉ်က စိမ်းပြာရောင်အလံကို မရွေးခြယ်ခဲ့မိသည့် အတွက် နောင်တရနေမိလေသည်။
ထို့ပြင်… ကျောက်ရှောင်ယွီ၏ ဓားဝိညာဉ်က သူ့ကို အဘယ့်ကြောင့် ထိုမျှ နာကျင်စေရပါသနည်း။
သူ့လက်ထဲတွင် ရတနာ (၇)ပါး သစ်ကိုင်းကို ကိုင်ထားလေသည်။
ထို့ပြင်… သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း နှစ်သန်းပေါင်း (၁၀၀)ခန့်ပင် ရှိခဲ့ပြီ ဖြစ်သည်။ သို့သော်… ယခုတော့ ကျောက်ရှောင်ယွီ၏ ဓားဝိညာဉ်ဖြင့် တစ်ချက် အခုတ်ခံရတိုင်း တန်ခိုးစွမ်းအားများက အလွှာလိုက်စုပ်ယူခံလိုက်ရသလို လျော့နည်းသွားခဲ့လေသည်။
သူသေသွားလျှင်တောင်မှ သဂြိုလ်စရာ ရုပ်ခန္ဓာ မကျန်တော့လောက်အောင် တဖြည်းဖြည်း ဆုတ်ယုတ်လာလျှက် ရှိတော့သည်။
မီလဲ့ကိုယ်တော်က ပြတ်သားသူတစ်ယောက်ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားနေပါက သူ့အနေဖြင့် မပြန်လမ်းကို မြန်းရတော့မည်ကို ကောင်းကောင်း ရိပ်မိလိုက်သည်။
မီလဲ့ကိုယ်တော်က ရတနာ (၇)ပါး သစ်ကိုင်းကို တစ်ချက်ဝှေ့ရမ်းလိုက်ပြီး ကျောက်ရှောင်ယွီထံသို့ အားကုန်သုံးကာ ပစ်လွှတ်လိုက်လေသည်။
ကျီမော့တောင်ကြီးတစ်ခုလုံး ချက်ချင်း တုန်လှုပ်လာပြီး မိုင် (၁၀၀၀)ပတ်လည်တွင် ကြီးမားသည့် ငလျှင်လှိုင်းများ စတင်ဖြစ်ပေါ်လာသည်။
ရာနှင်ထောင်နှင့်ချီသော တောင်ထိပ်များစွာ ပြိုကျပျက်စီးကုန်ပြီး တကယ့်ကမ္ဘာပျက်ကိန်း မြင်ကွင်းကို တွေ့မြင်ရသည့်အလား ခံစားရစေသည်။
ထို့နောက်တွင်တော့… ဆိုးဝါးသည့် ကြောက်မက်ဖွယ်ရာ အမျက်ဒေါသများထွက်ပေါ်လာပြီး အားလုံးက မီလဲ့ကိုယ်တော်ရှိရာသို့ ဝင်ရောက်လာကြလေသည်။
မီလဲ့ကိုယ်တော်၏ မျက်နှာက မပြောင်းလဲဘဲ တည်ငြိမ်နေပြီး သူက ပါးစပ်မှ ဂါထာတစ်ပုဒ်ကို ထုတ်ဖော်ရေရွတ်လိုက်သည်။
ထို့နောက်… လက်ဖဝါးကိုတစ်ချက်မြှောက်လိုက်ပြီး ထိုဒေါသတရားများကို စုပ်ယူလိုက်ကာ ကျောက်ရှောင်ယွီရှိရာသို့ ရိုက်ထုတ်လိုက်လေသည်။
မီလဲ့ကိုယ်တော်သည် ဗုဒ္ဓလမ်းစဉ်သို့ လိုက်နေရာမှ မာရ်နတ်အသွင်ပြောင်းလဲသွားခြင်းသည် စဉ်းစားစရာကောင်းသည့် အချက်တစ်ချက် ဖြစ်လေသည်။
တာအိုတရားက တစ်ဆင့်တက်လာလျှင် မိစ္ဆာစွမ်းအားလည်း တစ်ဆင့်တက်လာသည်ဟု ဆိုသကဲ့သို့ ဗုဒ္ဓလမ်းစဉ် တစ်ဆင့်မြင့်လာလေ မာရ်နတ်ကလည်း နှောက်ယှက်လေ ဖြစ်သည်။
ယခုပင်လျှင် မီလဲ့ကိုယ်တော်သည် ဗုဒ္ဓလမ်းစဉ်လိုက်နေရင်း မာရ်နတ်၏ ဖမ်းစားခြင်းခံရပြီး သူ၏ တန်ခိုးစွမ်းအားများသည် လူပြန်ဝင်စားခြင်း လမ်းစဉ် (၆)ခုနှင့် ပေါင်းစည်းသွားလေသည်။
သူက ကျောက်ရှောင်ယွီရှိရာသို့ လက်ဖဝါးကို ရိုက်ထုတ်လိုက်ပြီးသည်နှင့် ကောင်းကင်ထက်တွင် မိုးကောင်းကင် နဂါး (၈)ကောင် ထွက်ပေါ်လာလေသည်။
မိုးကောင်းကင်နဂါး (၈)ကောင်မှာ ထျန်းကျုန်း ၊ လုန်ကျုန်း ၊ ရဲ့ချာ ၊ ကန်းတာပေါ် ၊ အသူရာ ၊ ကျားလော် ၊ ကျင်းနာ့လော် ၊ မော်ဟိုလော်ကျား တို့ဖြစ်လေသည်။
ထိုနတ်နဂါးများအားလုံးမှာ ယခုတော့ မိစ္ဆာစွမ်းအားများဖြင့် ဖမ်းစားခံရပြီး သေရမည်ကိုပင် မကြောက်တော့ဘဲ ကျောက်ရှောင်ယွီကို စက်ဝိုင်းပုံသဏ္ဍန် ဝိုင်းပတ်ထားကြလေသည်။
မီလဲ့ကိုယ်တော်က ထိုအခွင့်အရေးကို အရယူကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သူက လီစန်းတောင်မယ်တော်နှင့် ခင်မင်ရင်းနှီးသူ ဖြစ်လေသည်။ ယခုအချိန်တွင် သူ လီစန်းတောင်မယ်တော်ထံသို့ ပြေးဝင်ခိုလှုံလျှင် သူ့အသက်ကို ကယ်တင်နိုင်မည်ဟု မျှော်လင့်ထားမိသည်။
လီစန်းတောင်မယ်တော်သည် နွီဝါးနတ်သမီးနှင့် ဆက်နွယ်သူဖြစ်လေရာ သူသာ လီစန်းတောင်မယ်တော်ထံ ခိုလှုံနိုင်လျှင် ကျောက်ရှောင်ယွီကို ကြောက်နေစရာ အကြောင်းမရှိတော့ပေ။
သို့သော်… စိတ်မကောင်းစရာမှာ မီလဲ့ကိုယ်တော်သည် ထွက်ပြေးလွှတ်မြောက်နိုင်ခြင်း မရှိတော့ပေ။
သူ့နားထဲတွင် ထူးဆန်းသည့် ရေသံတစ်သံကို ရု်တရက် ကြားလိုက်ရလေသည်။ ထိုရေစီးဆင်းသံမှ အချိန်ရေစီးကြောင်း၏ ရေစီးဆင်းသံ ဖြစ်နိုင်လေသည်။
မီလဲ့ကိုုယ်တော် ပိတ်မိနေပြီး သူ၏ လှုပ်ရှားမှုတိုင်းက အသုံးမဝင်တော့ပေ။
သူ သတိဝင်လာသည့်အခါ ကြီးမားသည့် ခေါင်းလောင်းကြီးတစ်ခုထဲတွင် ပိတ်မိနေကြောင်း သတိပြုလိုက်မိသည်။
သူ ကြိုးစားကျင့်ကြံခဲ့သည့် ရွှေခန္ဓာသည် ခေါင်းလောင်းကြီးအထဲတွင်တော့ အလွန်မှ ပျက်စီးလွယ်နေလေသည်။ တစ်စစီ စုတ်ပြဲသွားတော့မတတ် ထင်မှတ်ရလေသည်။
ဤသည်မှာ သူ့ဘဝ၏ နောက်ဆုံးပုံရိပ် ဖြစ်လေတော့သည်။
ကျောက်ရှောင်ယွီ မီလဲ့ကိုယ်တော်ထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာလေသည်။
မီလဲ့ကိုယ်တော်သည် အခိုးအငွေ့အဖြစ် အငွေ့ပျံပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
အခိုးအငွေ့များအလယ်တွင် ဝိညာဉ်ခြောက်ဖြာအလံ ထွက်ပေါ်လာသည်ကို တွေ့မြင်ရလေသည်။
အတိတ်တစ်ချိန်က… တင့်ကွမ်းနတ်ဘုရားသည် ဝိညာဉ်ခြောက်ဖြာအလံနှင့်အတူ အသူရာချောက်သို့ ရောက်ရှိလာခဲ့လေသည်။
ထို့နောက်… ဝိညာဉ်ခြောက်ဖြာအလံသည် တင့်ကွမ်းနတ်ဘုရားလက်ထဲမှ ယွမ်ကျွင်းဧကရီ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
အသူရာချောက်တွင် ဆန်းလျန်ကို ဝိုင်းဝန်းတိုက်ခိုက်ကြစဉ်ကပင် ယွမ်ကျွင်းဧကရီသည် ဝိညာဉ်ခြောက်ဖြာအလံကို အသုံးပြုခဲ့သေးသည် မဟုတ်ပါလား။
ယွမ်ကျွင်းဧကရီ လူပြန်ဝင်စားပြီးနောက် တာအိုဆရာလုယာဟု လူသိများသည့် နေစကြာတထာဂတဿ ထံမှတစ်ဆင့် ဝိညာဉ်ခြောက်ဖြာအလံက မီလဲ့ကိုယ်တော်လက်ထဲသို့ ရောက်ရှိသွားခဲ့ခြင် ဖြစ်သည်။
ပြောကြသည်မှာတော့… ဝိညာဉ်ခြောက်ဖြာအလံသည် မြားခုနစ်စင်းကျမ်းစာထက်ပင် အစွမ်းထက်သည်ဟု ဆိုကြသည်။
ဝိညာဉ်ခြောက်ဖြာအလံထက်တွင် လူ (၆)ယောက်၏ အမည် (၆)ခုကိုရေးပြီး ကျိန်စာတိုက်နိုင်သည်ဟု အဆိုရှိကြသည်။
သို့သော်… ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူတစ်ယောက်က ပြုလုပ်မှသာလျှင် ကျိန်စာစူးမည်ဖြစ်လေသည်။ အခြားအဆင့် ကျင့်ကြံသူက ပြုလုပ်လျှင် ထိရောက်မှု ရှိမည် မဟုတ်ပေ။
စန့်ချင်တာအိုဆရာသခင်ကတော့ အဘယ့်ကြောင့် ဝိညာဉ်ခြောက်ဖြာအလံကို လိုချင်သည်ကို ကျောက်ရှောင်ယွီ သိရှိခြင်းမရှိပေ။ သူ သိလည်း မသိချင်ပေ။
ထို့နောက် ကျောက်ရှောင်ယွီသည် တိမ်တိုက်ကိုစီးနှင်ပြီး အပြာရောင်ခရီးရှည်နန်းတော်သို့ ပြန်ခဲ့လေတော့သည်။
…………..
လင်စန်းတောင်မှ ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များ ၊ ဗောဓိသကျများအားလုံး မီလဲ့ကိုယ်တော် သေဆုံးသွားပြီဖြစ်ကြောင်း အာရုံခံစားမိလိုက်ကြလေသည်။
ဗုဒ္ဓသည် တာ့ရှုန်ရတနာခန်းမအလယ်တွင် ထိုင်နေလေသည်။
ဗုဒ္ဓ၏ လကျ်ာဘက်နှင့် လက်ဝဲဘက်တွင် နေရာ (၂)ခု လွတ်နေလေသည်။
လကျ်ာဘက်က မီးအိမ်ကိုယ်တော်၏ နေရာဖြစ်ပြီး လက်ဝဲဘက်ကတော့ မီလဲ့ကိုယ်တော်၏ နေရာဖြစ်လေသည်။ ယခုတော့ နေရာ (၂)ခုလုံး လစ်လပ်လျှက် ရှိခဲ့လေပြီ။
မီလဲ့ကိုယ်တော် သေဆုံးသွားသည့်အတွက် လင်စန်းတောင်မှ ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များ ၊ ဗောဓိသကျများ မျက်နှာမကောင်းလှပေ။
သို့သော်… ပြုံးရယ်လိုက်သည့် ဗောဓိသကျ တစ်ပါးသာ ရှိလေသည်။
ထို ဗောဓိသကျမှာ အသိပညာဉာဏ်အားလုံးကို ပိုင်ဆိုးသည့် ဝန်စူးမယ်တော်ပင် ဖြစ်လေသည်။
ဗုဒ္ဓက …
"ဝန်စူး… ဘာလို့ ပြုံးရယ်နေတာလဲ…"
ဝန်စူးမယ်တော်က…
"ဗုဒ္ဓကို ဂုဏ်ပြုတဲ့နေနဲ့ ပြုံးရယ်ရတာပါ…"
သူမ၏ စကားက ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များ ၊ ဗောဓိသကျများအားလုံးကို ပဟေဠိ ဖြစ်သွားစေလေသည်။
သို့သော်… ဗုဒ္ဓကတော့ အလွန်လေးနက်သည့် အကြည့်ဖြင့် ဝန်စူးမယ်တော်ကို ကြည့်လိုက်လေသည်။
ထိုအချိန်မှာပင်… ကိုယ်တော်တစ်ပါး ခန်းမအတွင်းသို့ ဝင်ရောက်လာပြီး…
"အပြင်မှာ တိကျန်ဗောဓိသကျ ရောက်နေပါတယ်…"
ဟု ပြောလိုက်လေတော့သည်။
ဗုဒ္ဓက…
"သူ့ကို ဝင်လာခိုင်းလိုက်…"
***