အခန်း (၆၁-၆၃)
Vol. 5 Ch. 61-63
အပိုင်း ( 61 )
ငါကိုယ်တိုင်ပဲ လုပ်တော့မယ်
တောင်ထိပ်ပေါ်ရှိ၊ ယဇ်ပုလ္လင်၏ အရှေ့တွင်
လုချန်ရှန်းသည် မီးဖိုတစ်ခုကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်၍၊ မြေပြင်ပေါ်တွင် ရှိနေသည့်လူကို သိလိုစိတ်များဖြင့် စူးစမ်းလေ့လာနေခဲ့သည်။
သို့ရာတွင် ရှောင်ဟေးမှာ အံ့ဩမှင်သက်သွားခဲ့သည်။
သူသည် လုချန်ရှန်းက ပြန်လည်ဆုတ်ခွာသွားကာ၊ လူရှင်းသည့် အချိန်မှ နောက်တစ်ခေါက်ပြန်လာမည်ဟုသာ ထင်နေခဲ့ခြင်း ဖြစ်သည်။
မထင်မှတ်ထားစွာဖြင့် သူသည် တိုက်ရိုက်လှုပ်ရှားကာ၊ ထိုလူ့ကို သတိလစ်သွားအောင် ရိုက်ချလိုက်လေသည်။
သူက အဲ့လောက်တောင် စိတ်မရှည်တော့ဘူးလားဟ
ထိုလူသည် ထိန်းချုပ်သူဖြစ်ပြီး၊ အခြေအနေများကို အဆက်မပြတ် စောင့်ကြည့်ရန် လိုအပ်ပေသည်။ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ မည်သည့်ပြဿနာမှ မရှိဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် ပြန်လည်ထွက်ခွာသွားမည် ဖြစ်သည်၊ သို့သော် လုချန်ရှန်းသည် ထိုအခိုက်အတန့်လေးကိုပင် မစောင့်တော့ချေ။
ရက်စက်ကြမ်းကြုတ်မှုအကြောင်းကို ပြောရမည်ဆိုပါက၊ လုချန်ရှန်းကသာလျှင် ထိပ်ဆုံးတွင် ရှိနေလိမ့်မည် ဖြစ်သည်။ သူသည် နတ်ကောင်းကင်ဂိုဏ်း၏ တပည့်ရွေးချယ်ပွဲအတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်ကို သတိလစ်သွားအောင် ရိုက်ချလိုက်လေသည်။
သို့ရာတွင် ရှောင်ဟေးသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်၊ ထိုလူသည် မွေးရာပါ ဝိညာဥ်အဆင့်၂ ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း၊ လုချန်ရှန်း၏ တိုက်ခိုက်မှုတစ်ခုကိုပင် တောင့်မခံနိုင်ခဲ့ပေ။
ထို့အပြင် လုချန်ရှန်းသည် မှော်ပစ္စည်းကို အသက်မသွင်းထားပေ၊ သူသည် ၎င်းကို တုတ်တစ်ချောင်းအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်၊ ထိုကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် မည်ကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်ထားရမည်နည်း
ထိုအချိန်တွင် လုချန်ရှန်းမှ စကားပြန်ပြောလာခဲ့သည် “ ဘာလို့ ပေါင်းပင်တွေကို ဖြတ်တောက်ပြီးတော့ သူ့ကို လုံးဝမဖယ်ရှားလိုက်ရမှာလဲ “
“ မင်းနဲ့သူ့ကြားမှာ ဘာအာဃာတနဲ့ ရန်ငြှိုးမှမရှိဘူးလေ “
“အမှန်ပဲ။ ဒီလိုဆိုရင်ကော …….. “
လုချန်ရှန်းသည် တွေးတောစဥ်းစားကာ၊ သူ၏အကြံကို ထုတ်ပြောရန် ပြင်လိုက်သည်၊ ထိုအချိန်၌ သူ့အရှေ့တွင် ရှိနေသည့် လူသည် အလင်းတန်းတို့ဖြင့် ဖုံးလွှမ်းသွားကာ၊ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
“ ဟမ်။ သူဘယ်ရောက်သွားတာလဲ “
သူမျက်မှောင်ကြုတ်သွားကာ၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။
ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ ဒီဟင်းလင်းပြင်မှာ ကာကွယ်ရေးစနစ်ရှိတယ်လေ။ တကယ်လို့ သူက အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင်၊ အရင်က ဖယ်ထုတ်ခံလိုက်ရတဲ့ လူတွေလိုမျိုး၊ အပြင်ဘက်ကို အလိုအလျောက် ပြန်ပို့ခံလိုက်ရလိမ့်မယ် “
“ အို့၊ မဟုတ်ဘူး၊ တကယ်လို့ သူက နတ်ကောင်းကင်ဂိုဏ်းက လူတွေကို ပြန်သွားခေါ်လိုက်ရင် အခြေအနေ ဆိုးသွားမှာ မဟုတ်ဘူးလား “
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ သူတို့ရဲ့ ဝင်ပေါက်လမ်းကြောင်းက မင်းတို့နဲ့မတူဘူး။ သူတို့က ဂိုဏ်းဆီကို ပြန်သွားရလိမ့်မယ်။ ဒီနေရာက နတ်ကောင်းကင်ဂိုဏ်းနဲ့ တော်တော်လေးဝေးတယ်။ အဲ့တာကြောင့် ငါတို့က တော်တော်လေး အချိန်ရပါသေးတယ် “
“ ကောင်းတယ် “ လုချန်ရှန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ၊ စကားထပ်ပြောလာခဲ့သည် “ နေပါဦး၊ အနက်လေးရ၊ မင်းက နတ်ကောင်းကင်ဂိုဏ်းအကြောင်းကို ဘယ်လိုလုပ် တော်တော်ကြီး သိနေရတာလဲဟ။ မင်းက သူတို့ဂိုဏ်းရဲ့ တောင်စောင့်သားရဲလား “
“ ဖွီ၊ နတ်ကောင်းကင်ဂိုဏ်းလေးက ငါ့နဲ့ထိုက်တန်လို့လား “
ထိုစကားကို ကြားလိုက်ရသည့်နောက်တွင် လုချန်ရှန်းသည် ထပ်မံ၍ မေးမြန်းမနေတော့ပေ၊ သူသည် ထိုကောင်က ဘာမှမပြောဘူးဆိုသည်ကို သိနေခဲ့သည်။
ထို့အပြင် သူသည် ထိုကောင်က သူ့အား ဒုက္ခရောက်အောင် မလုပ်ဘူးဆိုသည်ကို သိနေခဲ့သည်။
သူသည် စိုက်ကြည့်ရုံသာ စိုက်ကြည့်လိုက်ပြီး၊ ဘာမှထပ်မပြောတော့ပေ။ ဝါးမြိုခြင်း စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ပြန့်ကျဲနေသော ဝိညာဥ်ချီ အကုန်လုံးကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းနေတော့သည်။
တစ်ခဏကြာသည်အထိ မည်သည့်ခုခံမှုမှ မရှိခဲ့ပေ။ သူသည် ပုလဲအရင်းအမြစ်ဆီသို့ တည့်တည့်လမ်းလျှောက်သွားကာ၊ ၎င်းကို ဖမ်းဆုပ်လိုက်သည်။
ယဇ်ပုလ္လင်နှင့် ကွဲကွာသွားသည့်နောက်တွင် ၎င်းသည် မည်သည့်ဝိညာဥ်ချီကိုမှ မထုတ်လွှတ်လာတော့ပေ၊ ဤနေရာမှာလည်း လုံးဝတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်းသည် ပါးစပ်က နားရွက်တော့လုမတတ် ပြုံးနေတော့၏။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးမှ စကားထပ်ပြောလိုက်သည် “ သွားကြစို့ “
“ ဘယ်ကိုလဲ “
“ ဒီဟင်းလင်းပြင်ကနေ ထွက်သွားမယ်လေ “
“ ဘာလို့လဲ။ လူရွေးပွဲက မပြီးသေးဘူးလေ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
သူသည် သူ၏ဒုတိယ စီနီယာအစ်ကိုကိုပါ နတ်ကောင်းကင်ဂိုဏ်းသို့ ပို့ပေးရဦးမည် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ နောင်အနာဂတ်တွင် သူ့ကို မည်သူက ကာကွယ်ပေးမည်နည်း
ရှောင်ဟေးမှ ပြန်ပြောလိုက်သည် “ မင်းက ပုလဲအရင်းအမြစ်ကို ယူလိုက်ပြီလေ။ စွမ်းအားထောက်ပံ့မှု မရှိဘူးဆိုရင်၊ စမ်းသပ်မှု အကုန်လုံးက မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားလိမ့်မယ်။ နတ်ကောင်းကင်ဂိုဏ်းက လူတွေ ရောက်လာတဲ့ အချိန်ကျရင် သေချာပေါက် စုံစမ်းလာကြလိမ့်မယ် “
“ ဪ၊ အဲ့လိုကိုး “
“ ဒါဆိုရင်လည်း မြန်မြန်သွားကြစို့ “
“ မလောပါနဲ့၊ အချိန်ရပါသေးတယ်။ ငါမထွက်သွားခင် အချိန်မှာ လူရွေးပွဲကို ပြီးအောင် လုပ်လိုက်မယ် “ လုချန်ရှန်းသည် လက်မလျှော့လိုသေးပေ။
ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ မင်းရဲ့ စိတ်သဘောထားနဲ့ဆိုရင်၊ မင်းက ဝိညာဥ်ချီ ထုတ်ပေးမှာမို့လို့လား “
ထိုစကားသည် ဂျက်ခေါင်းကို ထိမှန်သွားခဲ့ပြီး၊ လုချန်ရှန်းကို အချိန်အတော်ကြာ ဆွံ့အသွားစေခဲ့သည်။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ စကားထပ်ပြောလိုက်သည် “ မာလိန်မှူးက ဒီနေရာက အပြောင်းအလဲတွေ အကုန်လုံးကို ထိန်းချုပ်နိုင်တယ်လို့ မင်းပြောခဲ့တယ်မလား။ အဲ့တာကို ဘယ်လိုလုပ်ရမလဲဆိုတာကို မင်းသိလား “
“ မင်းရူးနေတာလား “
“ ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ ပြောပြစမ်းပါကွာ “
ရှောင်ဟေးသည် ကူရာကယ်ရာမဲ့သွားခဲ့သည်။ ယခုတွင် ဓားပြသဘော်ပေါ်တွင် ရောက်နေခဲ့ပြီဖြစ်သောကြောင့် မည်သို့မျှ နောက်ပြန်လှည့်နိုင်တော့မည် မဟုတ်ပေ။
အဆုံးတွင် သူသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်ပြောလာခဲ့သည် “ ဒီလိုနေရာမျိုးမှာ အစီအရင်တစ်ခု ရှိနေလိမ့်မယ်။ အဲ့ထဲကို ဝင်သွားနိုင်မယ်ဆိုရင်၊ မင်းက ထိန်းချုပ်သူဖြစ်လာလိမ့်မယ်။ ဒါပင်မဲ့ မင်းက အစီအစဥ်ကို အရှိန်မြှင့်ချင်မယ်ဆိုရင်တော့၊ ဝိညာဥ်ချီ အများကြီး လိုအပ်နေလိမ့်မယ်။ မင်းက ပုလဲအရင်းအမြစ်ကို ခမ်းခြောက်သွားစေဖို့ ဆန္ဒရှိလို့လား “
“ အဆင်ပြေပါတယ်၊ ငါ့ရဲ့ မှော်စွမ်းအားကို သုံးလိုက်မယ် “
လုချန်ရှန်းသည် ထိုကဲ့သို့ ပြန်ပြောလိုက်ကာ၊ တောင်ထိပ်ပေါ်မှ ခုန်ဆင်းသွားတော့သည်။ သူ၏စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ကာ၊ အဆိုပါ အစီအရင်၏ တည်နေရာကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။
သို့ရာတွင် ရှောင်ဟေးသည် အံ့ဩမှင်သက်နေခဲ့သည်။ ဒါတွေ အားလုံးကို ထိန်းချုပ်ဖို့အတွက် မှော်စွမ်းအားကို သုံးမလို့လား။ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင် အများအပြားက အတူတကွ ပူးပေါင်းလုပ်ဆောင်ကြမည်ဆိုလျှင်တောင်မှ၊ ဤဟင်းလင်းပြင်ကို ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ပေ။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ထပ်မံ၍ အတွေးနက်သွားခဲ့ရပြန်သည်။
လုချန်ရှန်းသည် အစီအရင်အတွင်းတွင် မတ်တပ်ရပ်နေလျက်ရှိပြီး၊ သူ၏လက်ကို မြှောက်လိုက်သည်၊ မှော်စွမ်းအားများသည် ယဇ်ပုလ္လင်အတွင်းသို့ တိုးဝင်သွားခဲ့သည်။
ပုလဲအရင်းအမြစ် စွမ်းအားထောက်ပံ့မှု ကင်းမဲ့သွားသောကြောင့်၊ လူတိုင်းရင်ဆိုင်နေရသည့် ခုခံမှုသည် သိသိသာသာ လျော့ကျသွားခဲ့သည်။
ရုန်းကန်နေရသော လူတစ်ချို့သည် အဆိုပါ ပြောင်းလဲမှုကြောင့် အပျော်လွန်သွားကာ၊ သူတို့က ရှေ့ဆက်တိုးနိုင်တော့မည်ဟု ထင်သွားကြသည်။
သို့ရာတွင် သူတို့အပျော်များမှာ သက်ဆိုးမရှည်ခဲ့ပေ၊ သိပ်မကြာခင် အချိန်မှာပင် ပျောက်ကွယ်သွားခဲ့သည့် ခုခံမှုသည် တစ်ဖန်ပြန်၍ ပေါ်ထွက်လာခဲ့သည်၊ ၎င်းသည် ယခင်ကထပ် အဆပေါင်းများစွာ ပိုမိုအားကောင်းနေခဲ့ပြီး၊ ဟင်းလင်းပြင်တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
စမ်းသပ်မှုများ အကြားတွင် ချီသိပ်သည်းခြင်းအဆင့် ပုံရိပ်ယောင် သားရဲများ ရှိနေပြီး၊ စမ်းသပ်မှုကို အောင်မြင်သွားစေရန်အတွက် ထိုနေရာကို ကျော်ဖြတ်ရမည် ဖြစ်သည်။
သို့သော် အဆိုပါ သားရဲများသည် ရုတ်တရက် မျက်လုံးများ နီရဲသွားကာ၊ သူတို့၏ ကျင့်ကြံရေးနယ်ပယ်များမှာလည်း အူတိုင်ဖွဲ့စည်းခြင်းအဆင့်အထိ တိုက်ရိုက်ခုန်တက်သွားခဲ့သည်။
အမျိုးမျိုးသော စမ်းသပ်မှုများသည် ကြောက်ခမမ်းလိလိ ပြောင်းလဲသွားခဲ့သည်။ ယခင်က သူတို့သည် တောင့်ခံနေနိုင်ပြီး၊ ကြိုးစားအားထုတ်မှုနှင့်အတူ အခွင့်အရေးတစ်ခု ကျန်ရှိနေသေးသည်။ ယခုတွင်ကား အခက်အခဲသည် ငရဲကဲ့သို့သော အဆင့်မျိုးအထိ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းသည် အဆိုပါ အပြောင်းအလဲများနှင့် ပတ်သက်ပြီး လွန်စွာစိတ်ကျေနပ်သွားခဲ့သည်။
ဤအချိန်အတွင်း၌ သူသည် ဤအစီအရင်အတွင်းတွင် သူက မည်သူ့ကိုမဆို အလိုရှိသလို စောင့်ကြည့်နိုင်သည်ဆိုသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအချိန်တွင် သူသည် ကျိုးချင်ယုက လမ်းကြောင်းကို ဦးဆောင်နေကာ၊ အလယ်ဗဟိုသို့ပင် ချဥ်းကပ်နေခဲ့ပြီဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
ယဲ့တျန်ရီ၊ လျူချင်ချန်းနှင့် တစ်ခြားလူများပါ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
အရာအားလုံးသည် လုချန်ရှန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ သူ့လူများရင်ဆိုင်နေရသည့် အခက်အခဲများသည် ယခင်ကထပ်ပင် ပိုမိုအားပျော့လျော့နည်းသွားခဲ့သည်။
သူသည် ၎င်းကို ထိန်းချုပ်နေရသည့်အတွက် ပျော်ရွှင်နေလျက်ရှိသည်။ အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုပါက၊ ဤဟင်းလင်းပြင်အတွင်းတွင် ရှိနေသည့် အရာရာတိုင်းကို ပြောင်းလဲပြင်ဆင်နေနိုင်ခဲ့သည်။
တစ်ခဏ အကြာတွင် သူသည် ယွဲ့မင်ကို ရှာတွေ့သွားခဲ့သည်။
သူသည် ထိုလူ၏ငွေကို ယူထားခဲ့ပြီးပြီ ဖြစသည်။
သူ၏လက်ကို မြှောက်လိုက်ရာ၊ ယွဲ့မင်၏ ခန္ဓာကိုယ် ရွေ့လျားသွားခဲ့သည်။ ပတ်ဝန်းကျင်တွင် ရှိနေသည့် ဖိအားနှင့် စမ်းသပ်မှုအားလုံးသည် လုံးဝပျောက်ကွယ်သွားခဲ့သည်၊ သူသည် လေထုထဲတွင် တိုက်ရိုက်မျောလွင့်နေကာ များပြားလွန်းလှသော တောင်တန်းဒေသများကို လျင်မြန်စွာ ကျော်ဖြတ်သွားကာ၊ ပန်းတိုင်ဆီသို့ လွှင့်ပစ်ခံလိုက်ရသည်။
ယခင်က ကြော့ရှင်းသပ်ရပ်သော သခင်လေးသည် ရွှံ့အိုင်အတွင်းသို့ ဇောက်ထိုးကျသွားခဲ့သည်။
သူသည် သူ၏ပတ်ဝန်းကျင်တွင် ရှိနေသည့် အရာအားလုံးကို လှည့်ပတ်ကြည့်ရှုကာ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် အံ့ဩတကြီး ဖြစ်သွားကာ၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် နတ်ကောင်းကင်ဂိုဏ်း၏ အမှတ်အသားက သူနှင့် အပြည့်အဝ ပေါင်းစပ်ကာ၊ တလက်လက် တောက်ပနေသည်ကို သတိပြုမိသွားခဲ့သည်။
“ ငါက စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့တာလား “ ယွဲ့မင်သည် မိန်းမောသွားကာ၊ တစ်ခဏခန့် ငေးငေးငိုင်ငိုင်ဖြစ်သွားခဲ့သည်။
တစ်ခဏအကြာတွင် ယဲ့တျန်ရီမှာလည်း ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် ခေါင်းတငြိမ်ငြိမ့် ဖြစ်သွားခဲ့သည်။ ဒါကြီးက သိပ်မကြာခင် အချိန်မှာပဲ ပြီးသွားသင့်တယ်
သို့သော် ရှောင်ဟေးကမူ လွန်စွာအံ့ဩတုန်လှုပ်နေလျက်ရှိသည်။ သူသည် လုချန်ရှန်း၏ ခန္ဓာကိုယ်မှ ပေါက်ထွက်လာသည့် မှော်စွမ်းအားများကို ခံစားမိနေခဲ့ပြီး၊ ၎င်းသည် ဤဟင်းလင်းပြင်၏ လည်ပတ်မှုအား အမှားအယွင်းမရှိဘဲ၊ ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည်ဆိုသည်ကိုပါ မြင်တွေ့နေခဲ့ရသည်။
“ သူက ဘယ်လိုလူမျိုးလဲဟ “
ထိုလူသည် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်များစွာ ပူးပေါင်းလုပ်ဆောင်မည်ဆိုလျှင်တောင်မှ၊ မအောင်မြင်နိုင်သော အရာကို သူတစ်ဦးတည်း၏ ခွန်အားဖြင့် အလွယ်တကူ အောင်နိုင်ခဲ့လေသည်၊ ၎င်းမှာ အမှန်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည်။
သူသည် ဤလူငယ်လေးအကြောင်းကို ပို၍သိချင်သွားခဲ့သည်။
ထိုစဥ် အပြင်ဘက်သို့ ရောက်ရှိသွားသည့် ပိုင်ဂျန်သည် ယွဲ့ပြည်ထောင်တွင် ရုတ်တရက် နိုးထလာခဲ့သည်။
သူသည် မရင်းနှီသော ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်းဖြင့် အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူသည် သူက ဟင်းလင်းပြင်မှ ထွက်လာခဲ့ရပြီဆိုသည်ကို သိသွားခဲ့သည်။
“ မကောင်းတော့ဘူး “ ပိုင်ဂျန်ထံမှ အာမေဋိတ်သံ ပေါ်ထွက်လာခဲ့သည်။
သူ့ထံတွင် အမှတ်အသား မရှိသောကြောင့်၊ သူသည် အဆိုပါ ဟင်းလင်းပြင်အတွင်းသို့ ဤနေရာမှ ပြန်ဝင်နိုင်လိမ့်မည် မဟုတ်ပေ။ သူသည် ဂိုဏ်းသို့သာ ပြန်သွားရမည် ဖြစ်သည်။ သူသည် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို မသိသော်လည်း၊ မည်သို့မျှ လေးဖင့်မနေရဲပေ။
………………………………………………………………………………………………………………………………
အပိုင်း ( 62 )
နတ်ဘုရားတွေက ငါ့ကို ကူညီပေးနေတာပဲ
ဟင်းလင်းပြင်အတွင်း၌ လုချန်ရှန်းသည် လေနှင့် တိမ်တို့ကို ထိန်းချုပ်ကာ၊ ထင်တိုင်းကြဲနေလျက်ရှိသည်။
သူသည် ဤနေရာတစ်ခုလုံး၏ အခက်အခဲကို ငရဲအဆင့်မျိုးအထိ မြှင့်တင်လိုက်ပြီး၊ ဖယ်ထုတ်ခြင်း ဖြစ်စဥ်ကို အရှိန်မြှင့်လိုက်သည်။
“ အစ်ကိုကြီး၊ ထိန်းပါဦးဟ။ ကမ္ဘာကြီးက ဖရိုဖရဲ ဖြစ်သွားမှာကို မင်းမကြောက်ဘူးလား “ ရှောင်ဟေးသည် မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလိုက်သည်။
လုချန်ရှန်းမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ လူတွေမှ မသေတာ၊ ဘာကို ကြောက်နေရမှာလဲ။ ပြီးတော့၊ ဖရိုဖရဲဆိုတာက ဘယ်မှာလဲ။ အခြေအနေတွေက ဘယ်လိုပဲ ပြောင်းလဲသွားပါစေ၊ တောင့်ခံနိုင်တဲ့လူက အရင်ကတည်းက နည်းနည်းလေးပဲ ရှိနေခဲ့တာလေ “
“ အဲ့တာက အမှန်ပဲလား “
“ မဟုတ်ရင်ရော “
“ ဒါဆိုရင် အဲ့နေရာမှာ ကျန်နေခဲ့တဲ့ လူသုံးယောက်က ဘာလို့ မင်းရဲ့ ကန်းယွင်ဂိုဏ်းက လူတွေပဲ ဖြစ်နေရတာလဲ “
“ အဲ့တာက သူတို့တွေရဲ့ ထူးခြားထက်မြက်တဲ့ စွမ်းရည်တွေကြောင့်ပဲပေါ့ “
“ မင်းက တကယ်ကို အရှက်မရှိတာပဲ “
ရှောင်ဟေးသည် အရာအားလုံးကို မြင်တွေ့နေခဲ့ရသည်။ ယခင်က စမ်းသပ်မှုများ ပြီးဆုံးသွားသည့်နောက်၌ ကန်းယွင်ဂိုဏ်းမှ လူသုံးဦးသာလျှင် ကျန်နေခဲ့သည်။ ကျိုးချင်ယုမှအပ ယဲ့တျန်ရီသော်လည်းကောင်း၊ လျူချင်ချန်းသော်လည်းကောင်း၊ ထိုလူနှစ်ယောက်စလုံးသည် မည်သို့မျှ မကြိုးစားမအားထုတ်ခဲ့ရပေ။
ယဲ့တျန်ရီသည် ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး၊ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခြေ မြင့်သော လူတစ်ဦးဖြစ်နေသောကြောင့် သူကျန်နေခဲ့ခြင်းမှာ အဆင်ပြေလှပေသည်၊ သို့သော် လျူချင်ချန်းကမူ လုချန်ရှန်း၏ အကူအညီသာ မရှိဘူးဆိုပါက၊ ပန်းတိုင်သို့ မည်သို့မျှ ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
ယွဲ့မင်မှာလည်း ပန်းတိုင်သို့ တိုက်ရိုက်လွှင့်ပစ်ခံခဲ့ရလေသည်။ ငွေပေးခဲ့သူကို ဆက်ဆံသည့်ပုံစံမှာ လုံးဝကွဲပြားနေခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကို များများစားစား မတွေးတောမစဥ်းစားခဲ့ပေ။ ထိုလူအားလုံးက သူ၏လူများ ဖြစ်သောကြောင့် သူတို့ကို ကူညီပေးလိုက်ခြင်းက မှန်ကန်သည်ဟုသာ မှတ်ယူထားခဲ့သည်။
“ အနက်လေး၊ မင်းဆီမှာ အစွမ်းထက် မှော်ပစ္စည်းတစ်ခုခု ရှိလား “ ဟု လုချန်ရှန်းမှ ရုတ်တရက် မေးမြန်းလိုက်သည်။
“ မင်းဘာလုပ်ချင်လို့လဲ “
“ ဘာမှမဟုတ်ပါဘူးကွာ၊ နတ်ကောင်းကင်ဂိုဏ်းက လူတွေ လွှတ်လိုက်မှာကို ငါကြောက်တယ်လေ၊ အဲ့တာကြောင့် ပြင်ဆင်ထားမလို့။ အဲ့လိုမှ မဟုတ်ဘူးဆိုရင်၊ ငါတို့က အဖမ်းခံလိုက်ရနိုင်တယ် “
လုချန်ရှန်းသည် သူ၏စိုးရိမ်ပူပန်မှုကို ထုတ်ပြောလိုက်သည်၊ အကယ်၍ အစွမ်းထက် ပညာရှင်တစ်ဦးဦးသာ ရောက်လာမည်ဆိုပါက၊ မည်သည့်အရာကို အသုံးပြု၍ တိုက်ခိုက်ကြမည်နည်း
ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ စိတ်မပူပါနဲ့။ ခုနက အခြေအနေကို ကြည့်ရသလောက်အရဆိုရင်တော့၊ မင်းက ဒီနေရာမှာ ပြိုင်ဘက်ကင်းတယ် “
“ ဘာလို့လဲ “
“ ဒီဟင်းလင်းပြင်ကို အားဖြည့်ပေးထားတာက သိပ်မကြာသေးဘူး။ ဒီဟာက အမြင့်ဆုံးအနေနဲ့ မွေးရာပါ ဝိညာဥ်အဆင့်၂ ပညာရှင်ကိုပဲ တောင့်ခံနိုင်တယ်။ အဲ့ထပ်အဆင့်မြင့်တဲ့လူ လာလို့မရဘူး။ တကယ်လို့ လာနိုင်မယ်ဆိုရင်တောင်မှ၊ သူတို့က နယ်ပယ်ဖိနှိပ်မှုကို ခံရလိမ့်မယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဟင်းလင်းပြင် ပြိုကွဲသွားလိမ့်မယ်။ ပြီးတော့ ခုနကတွေ့ရသလောက်အရဆိုရင်တော့ မွေးရာပါ ဝိညာဥ် အဆင့်၂ ပညာရှင်က မင်းရဲ့ ပြိုင်ဘက် မဟုတ်တဲ့ပုံပဲ “
ရှောင်ဟေးမှ ရှင်းပြလာခဲ့သည်။
လုချန်ရှန်းသည် ပို၍ စိတ်လှုပ်ရှားသွားခဲ့သည်၊ အဲ့တာဆိုရင် ငါလုပ်တာ လုပ်လို့ရပြီ မဟုတ်ဘူးလား
တစ်ချိန်တည်းမှာပင် နတ်ကောင်းကင်ဂိုဏ်း၏ လှပသော တောင်ထိပ်ပေါ်တွင်
သက်လတ်ပိုင်းလူတစ်ဦးသည် ကြည်လင်သော လက်ဖက်ရည်ခွက်တစ်ခွက်ကို ကိုင်ကာ၊ ၎င်းကို ဂရုတစိုက် အရသာခံသောက်သုံးနေလျက်ရှိသည်။
သူသည် အသက်လေးဆယ်အရွယ်မျှ ရရှိပုံရသည်၊ သို့သော် သူ၏မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပကာ၊ သူ၏စိတ်သဘောထားမှာလည်း ထူးခြားနေခဲ့သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် အားကောင်းသော အရှိန်အဝါတစ်ခု ကြီးစိုးနေပြီး၊ သူ၏ ခန္ဓာကိုယ်သည် ဩဇာအာဏာ ကြီးမားသော အထက်လူကြီးတစ်ဦး၏ အငွေ့အသက်မျိုး ထုတ်လွှတ်နေခဲ့သည်။
သူ၏အနောက်တွင် မိန်းမပျိုလေးတစ်ဦး မတ်တပ်ရပ်နေခဲ့သည်၊ သူမသည် ယခင်က ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ကိုးယောက်မြောက်/နဝမမြောက် မမလေးပင် ဖြစ်သည်။
ထိုလူသည် စိတ်အခြေအနေကောင်းပုံရကာ၊ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်။ သို့ရာ၌ သူ့အရှေ့ရှိ ဟင်းလင်းပြင်တွင် စွမ်းအင်လှိုင်း အတက်အကျများ ဖြစ်ပေါ်လာခဲ့ကာ၊ တစ်စုံတစ်ဦးမှ ပို့ဆောင်ရေး အဆောင်ကို အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။
“ ဂျူနီယာ သိုင်းပညာဦးလေး၊ မကောင်းတာ တစ်ခုခုဖြစ်နေပြီ “
တုန်တုန်ရင်ရင်ဖြစ်နေသည့် ပိုင်ဂျန်၏ အသံသည် သက်လတ်ပိုင်းလူ၏ နားများအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“ ပိုင်ဂျန်လား “ ထိုလူသည် အံ့ဩသွားကာ မေးမြန်းလိုက်သည် “ ဘာဖြစ်တာလဲ “
ပိုင်ဂျန်မှ ပြန်ပြောလာခဲ့သည် “ ကျွန်တော်က ဟင်းလင်းပြင်ထဲက မောင်းထုတ်ခံလိုက်ရပါတယ် “
“ ဘာကြီး “
“ ဘယ်သူလုပ်တာလဲ “
“ ကျွန်တော် …… ကျွန်တော်လည်း မသိပါဘူး၊ ပြိုင်ဘက်က အရမ်းမြန်လွန်းပါတယ်။ ကျွန်တော် လုံးဝမတုံ့ပြန်နိုင်ခဲ့ဘူး “
တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးသည့်နောက်တွင် ပိုင်ဂျန်သည် ထိုအချိန်က ဖြစ်ရပ်များကို ပြန်၍ အမှတ်ရသွားခဲ့သည်။
သက်လတ်ပိုင်းလူသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည် “ ကန်းယွင်ဂိုဏ်းက လူတွေကရော “
“ သူတို့က အဲ့မှာပဲ ရှိနေဦးမှာပါ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် သူသည် လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း ချလိုက်ကာ၊ အသာအယာ ပြုံးနေတော့သည် “ ကောင်းတယ်၊ ငါနားလည်ပြီ။ ဒီကိစ္စကို ငါကိုင်တွယ်လိုက်မယ် “
ထို့နောက်တွင် သူသည် လေထုအတွင်းသို့ မြင့်တက်သွားကာ၊ အဝေးသို့ လှမ်းကြည့်၍ ပြုံးနေတော့သည်။
သူ့အနောက်တွင် ရှိနေသည့် ကိုးယောက်မြောက် မမလေးမှ မေးမြန်းလာခဲ့သည် “ အကြီးအကဲ၊ ဘာလို့ ပြုံးနေရတာလဲရှင့် “
ထိုလူမှ ပြန်ပြောလိုက်သည် “ ဒီတစ်ခါတော့ ကောင်းကင်ဘုံကပါ ငါ့ကို ကူညီနေပြီ။ ကိစ္စတွေကို ကိုယ်တိုင်ဖြေရှင်းတာက အကောင်းဆုံးပဲ “
ထို့နောက်တွင် သူသည် လူ၏လက်ကို မြှောက်ကာ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်၊ ဟင်းလင်းပြင် စွမ်းအင်လှိုင်းတစ်ခု ဖြစ်တည်လာကာ၊ သူ၏မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ပိုင်ဂျန်ကို ဟင်းလင်းပြင်အတွင်းမှ မောင်းထုတ်နိုင်ခဲ့သောကြောင့်၊ သူသည် သူ့ရည်မှန်းချက်များနှင့် ကိုက်ညီသည့် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်နိုင်ပြီ ဖြစ်သည်။
သူတို့၏ မျက်လုံးများ အရှေ့တွင် ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် သူ၏အရှိန်အဝါကို ထိန်းချုပ်ကာ၊ နယ်ပယ်ကို ဖိနှိပ်၍ အဆိုပါ လမ်းကြောင်းပေါ်သို့ ယုံကြည်မှုရှိရှိ လျှောက်လှမ်းသွားကာ၊ အဆိုပါ ဟင်းလင်းပြင်ထံသို့ ဦးတည်သွားတော့သည်။
ထင်တိုင်းကြဲနေခဲ့သည့် လုချန်ရှန်းမှာလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး၊ ရုတ်တရက် နောက်လှည့်ကာ၊ သူ့အနောက်တွင် ရှိနေသည့် တောင်ထိပ်ပေါ်သို့ ငေးကြည့်နေတော့သည်။
အစီအရင်အတွင်းတွင် ရပ်နေသောကြောင့်၊ အရာအားလုံးမှာ သူ၏အမြင်အာရုံအတွင်းတွင်သာ ရှိနေခဲ့သည်။
ရှောင်ဟေးသည်လည်း စွမ်းအင်လှိုင်းကို အာရုံခံမိသွားကာ၊ စကားပြောလာခဲ့သည် “ တစ်ယောက်ယောက် ရောက်နေပြီ “
လုချန်ရှန်းသည် ထိုတောင်ထိပ်ပေါ်သို့ ချက်ချင်း ဦးတည်သွားတော့သည်။
ရှောင်ဟေးသည် သူ့ကို သတိပေးစကားပြောလိုက်သည် “ ဒီတစ်ခေါက် ရောက်လာတဲ့လူက တော်တော်လေးကို အစွမ်းထက်တယ်လို့ ငါခံစားနေရတယ်။ နယ်ပယ်ဖိနှိပ်ခံထားရတာတောင်မှ သူက အသက်ရှူကြပ်သွားစေတဲ့ ခံစားချက်မျိုးကို ပေးနေတယ် “
“ အင်း၊ ငါလည်း အဲ့တာကို သတိပြုမိတယ် “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ တစ်ခဏခန့် တွေးတောစဥ်းစားနေတော့သည်။ ထို့နောက်တွင် သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ကာ၊ အဆိုပါ တောင်ထိပ်ပေါ်သို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
ရှောင်ဟေးသည် ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြန်သည်။ အဲ့လူက တော်တော်စွမ်းတယ်၊ မသွားပါနဲ့လို့ အကြံပေးထားခဲ့တာကို၊ ခေါင်းငြိမ့် ထောက်ခံခဲ့ပြီးတော့၊ အဝတ်လဲပြီး ဆက်သွားနေတာလားဟ
အနက်ရောင် ဝတ်စုံကို ဝတ်လိုက်တာက လူတစ်ယောက်ကို ပိုပြီးတော့ သန်မာသွားစေတာများလား
တောင်ထိပ်ပေါ်သို့ သူရောက်သွားသည့် အချိန်မှာပင် မလှမ်းမကမ်းတွင် ရှိနေသည့် ဟင်းလင်းပြင် တွန့်ခေါက်သွားကာ၊ လမ်းကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
သက်လတ်ပိုင်းလူတစ်ဦးသည် အပြုံးနှင့်အတူ ထိုနေရာတွင် မတ်တပ်ရပ်နေလျက်ရှိသည်။
သို့ရာတွင် ယဇ်ပုလ္လင်ကို ကြည့်လိုက်သည့် အချိန်၌ သူ့မျက်နှာပေါ်တွင် ရှိနေခဲ့သည့် အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
“ ပုလဲအရင်းအမြစ် ဘယ်မှာလဲ “
သူသည် များများစားစား တွေးတောမနေဘဲ၊ မှော်စွမ်းအားများကို ထိုးသွင်းရန်အတွက် သူ၏လက်ကို မြှောက်လိုက်သည်။ ပုလဲအရင်းအမြစ် မရှိဘူးဆိုပါက၊ အဆိုပါ စမ်းသပ်မှုအားလုံး ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်၊ ထို့ကြောင့် သူသည် တစ်ခဏလေးပင် လေးဖင့်မနေဝံ့ချေ။
မှော်စွမ်းအားများက ပုလ္လင်အတွင်းသို့ ဝင်ရောက်သွားသည့် အချိန်မှသာလျှင် သူ၏ အမူအရာ အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။
သို့သော် ထိုအချိန်တွင် သူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ကို ရုတ်တရက် လှည့်ကြည့်လိုက်ကာ၊ အရိပ်မည်းတစ်ခုက သူ့အား တိုက်ခိုက်လာသည်ကိုသာ မြင်တွေ့လိုက်ရသည်။
သူသည် သူ၏လက်ကို မြှောက်ကာ၊ တိုက်ခိုက်မှုကို ခုခံလိုက်သည်။
လူနှစ်ဦးသည် ရှေ့မတိုးသား နောက်မဆုတ်သာ အခြေအနေအတွင်းသို့ ကျဆင်းသွားခဲ့သည်။ အနက်ရောင်ပုံရိပ်သည် မီးဖိုတစ်ခုကို ကိုင်ဆောင်ကာ၊ သက်လတ်ပိုင်းလူကို ရိုက်ချနေခဲ့သည်။
လုချန်ရှန်းမှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည်။ ထိုလူ၏ အာရုံခံနိုင်စွမ်းသည် အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။ သူသည် သူ့ကိုယ်သူ ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့သော်လည်း၊ တစ်ဖက်လူမှာ သူ့ကို ရှာတွေ့နေသေးသည်။
ထို့အပြင် မျက်လုံးချင်း ဆုံလိုက်ရသည့် အခိုက်အတန့်တွင် သူသည် အလိုအလျောက် မျက်မှောင်ကြုတ်သွားခဲ့သည်။
မည်သည့်အတွက်ကြောင့်လဲ ဆိုသည်ကို သူမသိသော်လည်း၊ ထိုလူ့ကို မြင်လိုက်ရသောအချိန်တွင် သူသည် သူက ထိုလူ့ကို တစ်နေရာရာတွင် မြင်တွေ့ခဲ့ဖူးသကဲ့သို့ ဖော်ပြ၍ မရသော ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရသည်။
ထိုလူသည် လုချန်ရှန်း၏ စိတ်ခံစားချက် အတက်အကျကို သတိပြုမိသွားပုံရကာ၊ ရယ်ရယ်မောမောဖြင့် စကားပြောလာခဲ့သည် “ ဟားဟား၊ ကြည့်ရတာတော့ ပိုင်ဂျန်ကလည်း မင်းရဲ့ ဒီလှည့်ကွက်ထဲကို ကျသွားခဲ့တဲ့ပုံပဲ။ ဒါပင်မဲ့ ငါနဲ့တွေ့ရတဲ့အတွက် မင်းကံမကောင်းဘူး၊ မင်း ………. “
“ ဘာကိစ္စ ပေါက်ကရတွေ ပြောနေတာလဲ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်သည်။
လက်သီးတစ်လုံး ထွက်ခွာသွားခဲ့ပြီ ဖြစ်ကာ၊ ၎င်းသည် တစ်ဖက်လူ၏ မျက်နှာကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
ဘုတ်
ငြင်သာသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်၊ ထိုလူသည် တစ်ခဏခန့် မှင်သက်ကာ၊ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
သူသည် လက်သီးထိုးချက်တစ်ခုကြောင့် အမှန်တကယ် လွင့်ထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ပြိုင်ဘက်၏ အမြန်နှုန်းကြောင့်၊ အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူမြေပြင်နှင့် ထိတွေ့လုမတတ် ဖြစ်နေသည့်အချိန်တွင်၊ ထိုလူ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြီး၊ မီးဖိုတစ်လုံးဖြင့် သူ့ကို ရိုက်ချလာခဲ့ပြန်သည်။
ဘုမ်းးးး
တိုက်ခိုက်မှုတစ်ခုသည် အရာအားလုံးကို လှုပ်ခါသွားစေခဲ့သည်။
သက်လတ်ပိုင်း လူ၏ အမူအရာ ပြောင်းလဲသွားကာ၊ ဒေါသများ မြင့်တက်လာခဲ့သည်၊ သူ၏ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့သည်။ မွေးရာပါ ဝိညာဥ်အဆင့်၂အထိ ဖိနှိပ်ခံထားရသော်လည်း၊ ၎င်းက အတော်ပင် အံ့ဖွယ်ကောင်းနေသေးသည်။
ပေါ့ဆမိသည့် တစ်ခဏတွင် သူခံစားသွားခဲ့ရသည်၊ သို့သော် သူလေးလေးနက်နက် ဖြစ်သွားသည်နှင့်တစ်ပြိုင်နက်၊ အခြေအနေက မလွဲမသွေ ပြန်ပြောင်းသွားရမည် ဖြစ်သည်။ ၎င်းမှာ သူ၏ယုံကြည်မှုဖြစ်သည်။
သို့သော် မှော်စွမ်းအားများ မြင့်တက်သွားခဲ့သော်လည်း၊ မီးဖိုသည် သူ၏ မှော်စွမ်းအားလုံးကို ချိုးဖျက်ကာ သူ၏မျက်နှာပေါ်သို့ တည့်တည့်ကျဆင်းလာနေသေးသည်။
၎င်းသည် သူ့ကို အံ့ဩတုန်လှုပ်ကာ၊ မယုံကြည်နိုင်ဖြစ်သွားစေခဲ့သည်၊ ရှောင်ဟေးမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
၎င်းမှာ အတော်ပင် ရက်စက်လွန်းနေခဲ့သည်၊ နယ်ပယ်တူတွင် လူဘယ်နှဦးက ၎င်းကို တောင့်ခံနိုင်မည်နည်း
………………………………………………………………………………………………………………………………………
အပိုင်း ( 63 )
အဲ့တာက ရက်စက်၊ ကြမ်းကြုတ်တဲ့လူတစ်ယောက်ပဲ
မီးဖိုသည် အဆက်မပြတ် နိမ့်လိုက်ကျလိုက်ဖြစ်နေခဲ့ကာ၊ တောင်ထိပ်တွင် အော်ဟစ်သံများ ပဲ့တင်ထပ် ပျံ့လွင့်နေလျက်ရှိသည်။
တောင်တစ်ခုလုံး လှုပ်ခါနေခဲ့ကာ၊ တောင်ကိုယ်ထည်ပင် ကွဲအက်နေခဲ့သည်၊ ယဇ်ပုလ္လင်တွင်လည်း အက်ကြောင်းများ ထနေခဲ့ကာ၊ ၎င်းတို့မှာ တဖြည်းဖြည်း ပျံ့နှံ့နေခဲ့သည်။
ဘုမ်း
ကျယ်လောင်သော အသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြီး၊ သက်လတ်ပိုင်းလူသည် မအောင့်ထားနိုင်တော့ဘဲ အော်ဟစ်နေတော့သည်။ နယ်ပယ်ဖိနှိပ်ခံထားရသော်လည်း၊ သူ၏မှော်စွမ်းအားများသည် လွန်စွာကြွယ်ဝနေခဲ့ပြီး၊ သူ၏ ရုပ်ခန္ဓာမှာလည်း ခိုင်မာတောင့်တင်းနေခဲ့သည်။
သူ့အရှေ့မှလူက သူ့ကို မည်မျှပင်ရိုက်နှက်နေပါစေ၊ သူသေဆုံးသွားမည် မဟုတ်ပေ၊ သို့သော် အရိုက်ခံရသည့် အချိန်တိုင်းတွင် နာကျင်မှုကို ခံစားနေခဲ့ရသည်။
ပိုအရေးကြီးသော အရာမှာ သူပြန်တိုက်ချင်နေသော်လည်း၊ ပြိုင်ဘက်က သူ့ကို မည်သည့်အခွင့်အရေးမှ မပေးခြင်းပင် ဖြစ်သည်။ ထိုလူသည် လွန်စွာသန်မာအားကောင်းနေခဲ့ပြီး၊ သူသည် ဤနယ်မြေတွင် လုံးဝဖိနှိပ်ခံနေခဲ့ရသည်။
မှော်စွမ်းအားများ ဆက်တိုက် ပေါ်ထွက်လာသော်လည်း၊ ထပ်ခါတလဲလဲ ပြိုကွဲသွားခဲ့သည်။
“ အဘိုးကြီး၊ ခင်ဗျားရဲ့ ခံနိုင်ရည်အားက တကယ်ကောင်းတာပဲ “ လုချန်ရှန်းသည် ထိုလူ၏ နဖူးကို ရိုက်နှက်နေရင်းဖြင့် မအောင့်ထားနိုင်တော့ဘဲ၊ စကားပြောမိသွားခဲ့သည်။
ထိုလူသည် ဒေါသထွက်လွန်းသဖြင့် အသက်ရှူကြပ်မတတ် ဖြစ်သွားခဲ့သည်၊ ချီးကျူးနေတာလား၊ စော်ကားနေတာလားဟ
“ အတင့်ရဲတဲ့ အရူးကောင်၊ ငါက ……… “
“ ပါးစပ်ကို ပိတ်ထား “
ထိုလူသည် စကားပြောရန် ကြိုးပမ်းခဲ့သော်လည်း၊ ကြားဖြတ်ခံလိုက်ရသည်။
သူသည် မြေပြင်ပေါ်သို့ ဖိချခံလိုက်ရပြီး၊ အဆက်မပြတ် ရိုက်နှက်ခံနေရတော့သည်၊ သူထိုကဲ့သို့ အရိုက်ခံနေရသည်မှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
“ ခွေးသူတောင်းစား “
“ မင်းဘိုးဘိုးကြီးကို ခွေးသူတောင်းစားလိုက်၊ မင်းနားကန်းနေတာလား။ မင်းရဲ့ သခင်လေးက မင်းကို ပါးစပ်ပိတ်ဖို့ ပြေားထားတယ်မဟုတ်ဘူးလား “
လုချန်ရှန်းသည် ပိုမိုတိုက်ခိုက်လေလေ၊ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်သွားပြီး၊ မည်သို့မျှ ရပ်တန့်၍ မရတော့ပေ။ ထိုလူသည် ထပ်ခါတလဲလဲ ဟိန်းဟောက်ကာ၊ အဆက်မပြတ် တုန်ရင်နေခဲ့သည်။ ၎င်းက နာကျင်မှု(သို့) ဒေါသကြောင့်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
ရုတ်တရက်ဆိုသလိုပင် လုချန်ရှန်းသည် ကောင်းကင်ထက်သို့ ခုန်တက်သွားခဲ့သည်၊ မီးဖိုသည် ရုတ်တရက် ပိုမိုကြီးထွားလာပြီး၊ အောက်သို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။ တောင်တစ်လုံး လုံးဝပြိုကျသွားခဲ့သည်။
ကမ္ဘာမြေ လှုပ်ခါသွားကာ၊ ပေထောင်နှင့်ချီသော ဖုန်ထုကြီး လှိုက်တက်လာခဲ့သည်၊ ပြိုကျသွားသည့် တောင်ကိုယ်တည်သည် ကြီးမားသော ဧရာမ အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားခဲ့သည်။
လုချန်ရှန်းသည် လေထုအတွင်းတွင် ရပ်နေကာ၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ သက်လတ်ပိုင်းလူကို ရှာဖွေနေခဲ့သည်။
လိုလူသည် အပျက်အစီးပုံအတွင်းမှ တွားသွားထွက်လာခဲ့သည်။ ချောမော၊ ကြော့ရှင်းကာ၊ အင်မော်တယ်ကဲ့သို့သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည့် လူတစ်ဦးသည် အဝတ်များ ဆုတ်ပြတ်သပ်ကာ၊ လမ်းဘေးအိမ်ခြေရာမဲ့(သို့) သူတောင်းစားကဲ့သို့သော အခြေအနေမျိုးဖြင့် ရှိနေခဲ့လေသည်။
“ အားးးးး “
ဒေါသတကြီး အော်ဟစ်လိုက်သည့် အသံတစ်သံသည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်လာခဲ့သည်။ ၎င်းနှင့် ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်လှိုင်းတစ်ခုက အဖော်ပြုလိုက်ပါလာခဲ့သည်။
“ မျိုးမစစ်ကောင်၊ ဒီနေ့မှာ မင်းကို သေချာပေါက် ပေးဆပ်စေရမယ် “
သူသည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သော်လည်း၊ ဤကဲ့သို့သော အရှက်ခွဲမှုမျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးသောကြောင့်၊ ရူးသွပ်လုမတတ် ဖြစ်သွားခဲ့သည်။ သူသည် လက်သီးဆုပ်၍ အံကြိတ်ကာ အရှေ့သို့ စူးစူးရဲရဲ ကြည့်နေပြီး၊ သူ့အရှေ့တွင် ရှိနေသည့်လူကို အရှင်လတ်လတ် အရေခွံဆုတ်ချင်နေခဲ့လေသည်။
သို့ရာ၌ ထိုဘက်သို့ ကြည့်ရှုလိုက်သည့် အချိန်တွင်၊ သူသည် မည်သူ့ကိုမှ မမြင်တွေ့ခဲ့ရပေ။
သူ၏စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့် အချိန်တွင်၊ ထိုလူက သူ့အနောက်သို့ ရောက်နေပြီဆိုသည်ကို နားလည်သွားခဲ့သည်။ နောက်လှည့်လိုက်သည့် အချိန်တွင် မီးဖိုမှာ သူ၏ မျက်နှာတည့်တည့်သို့ ပြေးဝင်လာခဲ့သည်။
ဘမ်းးးး
အဆိုပါ တိုက်ကွက်သည် တိုးညှင်းသော အသံတစ်သံကို ပေါ်ထွက်လာစေခဲ့သည်၊ သူ၏ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့သည်။ သူ၏ မျက်လုံးများ လည်သွားကာ၊ အသိစိတ်မှာလည်း စတင်၍ ဝေဝါးလာခဲ့သည်။
“ ဘာကိစ္စ ဒီလောက်တောင် အော်ကျယ်အော်ကျယ် လုပ်နေရတာလဲ။ ငါသေသွားအောင် အော်နေတာလား “
လုချန်ရှန်းသည် မီးဖို၏ ခြေတစ်ဖက်ကို ကိုင်ကာ၊ သူ့ဆီသို့ ထပ်မံ၍ လျှောက်သွားတော့သည်။
သို့သော် ထိုလူ့အနားသို့ ရောက်သွားအချိန်တွင်၊ အလင်းတန်းတစ်ခု လင်းလက်လာခဲ့ကာ၊ ထိုလူ့အပေါ်သို့ ကျရောက်လာခဲ့သည်။ ဟင်းလင်းပြင် ပွင့်ထွက်လာခဲ့ပြီး၊ သူ၏ပုံရိပ်သည် အတွင်းသို့ ရောက်ရှိသွားကာ၊ လုံးဝပျောက်ကွယ်သွားခဲ့သည်။
“ ပြေးသွားတာလားဟ “
လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ၊ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ရှောင်ဟေးမှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည်၊ သူသည် တစ်ခဏ အကြာမှ စကားပြန်ပြောလိုက်သည် “ သူက မင်းအမှောက်သိပ်တာ ခံလိုက်ရပြီးတော့၊ ဖယ်ထုတ်ခံလိုက်ရတာ ထင်တယ် “
“ အဲ့အဘိုးကြီးရဲ့ ခံနိုင်ရည်အားက တော်တော်ကြီးကို အထင်ကြီးဖို့ကောင်းတာပဲ၊ သတိမလစ်သွားခင် အချိန်မှာ ရိုက်ချက်အများကြီးကို တောင့်ခံနိုင်ခဲ့တယ် “ လုချန်ရှန်းသည် မီးဖိုကို သိမ်းဆည်းကာ ပြန်ပြောလိုက်သည်။
ဟင်းလင်းပြင် တစ်ခုလုံးသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ဖုန်မှုန့်များလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ရှောင်ဟေးသည် တံတွေးမျိုချကာ၊ စိတ်တည်ငြိမ်သွားစေရန်အတွက် တစ်ခဏ အချိန်ယူခဲ့ပြီးမှ၊ ပြန်ပြောလိုက်သည် “ မင်းက တကယ်ရက်စက်တာပဲ “
“ မကြောက်ပါနဲ့၊ ငါနဲ့ ကြိုးစားရုံကြိုးစားကြည့်တာပါ၊ ငါက ဒီနေရာမှာ တကယ်ကြီး ပြိုင်ဘက်ကင်းနေတဲ့ပုံပဲ “
“ အဲ့လူရဲ့ ကျင့်ကြံရေးက မွေးရာပါ ဝိညာဥ်အဆင့်အထက်မှာ သေချာပေါက် ရှိနေတယ်။ မင်းက ပြဿနာ အကြီးကြီးတက်သွားမှာကို မကြောက်ဘူးလား “ ရှောင်ဟေးသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ တကယ်လို့ ငါလုပ်ခဲ့တာလို့ ငါကိုယ်တိုင် သွားပြောလိုက်မယ်ဆိုရင်တောင်မှ၊ သူယုံလိမ့်မယ်လို့ မင်းထင်လား “
“ အဲ့တာက …….. “
ရှောင်ဟေး အတွေးနက်သွားခဲ့သည်။
သူသည် ဤကောင်လေးက သူ၏ ကျင့်ကြံရေးကို ဖုံးကွယ်ထားသည့် အချိန်တိုင်းတွင်၊ မည်သည့်သဲလွန်စကိုမှ မရှာဖွေ မထောက်လှမ်းနိုင်ခဲ့ပေ၊ မှော်ပစ္စည်းဖြင့်ပင် မည်သည့်အရာကိုမှ မရရှိခဲ့ပေ။
အကယ်၍ သူ၏ မျက်လုံးများနှင့် ကိုယ်တိုင် မြင်တွေ့ထားရသောကြောင့်သာ မဟုတ်ဘူးဆိုပါက၊ အသက်ဆယ့်ရှစ်(သို့) ဆယ့်ကိုးနှစ်အရွယ် လူငယ်တစ်ဦးက မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံရေး နယ်ပယ်ပိုင်ဆိုင်ထားသည်ဆိုသည်ကို မည်သို့မျှ ယုံကြည့်လိမ့်မည် မဟုတ်ပေ။
သူသည် နတ်ကောင်းကင်ဂိုဏ်းသို့ မသွားရန် ဆုံးဖြတ်ထားပုံရသည်။ သူဖယ်ထုတ်ခံလိုက်ရသည် နှင့်တစ်ပြိုင်နက်၊ ဖယ်ထုတ်ခံလိုက်ရသည့် လူများအကြားတွင် တရားခံကို မည်သူက သွားရှာကြမည်နည်း
၎င်းတို့ကို စဥ်းစားမိသွားသောအခါတွင် သူတိတ်ဆိတ်ငြိမ်သက်သွားပြီး၊ ဤလူက လွန်စွာကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားသွားခဲ့ရသည်။
သူသည် ရုပ်ရည်ချောမောကာ၊ မည်သို့မျှအန္တရာယ်မရှိသည့်ပုံပေါက်နေသော်လည်း၊ ၎င်းတို့၏နောက်ကွယ်တွင် သူ၏ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးဘက်ခြမ်းရှိနေခဲ့လေသည်။
အရာအားလုံးပြီးဆုံးသွားပြီဟု သူထင်နေခဲ့သော်လည်း၊ လုချန်ရှန်းမှာ ဂဏာမငြိမ်ဖြစ်နေသေးသည်။ ထိုစဥ်သည် သူသည် ကောင်းကင်ယံကို ကျော်ဖြတ်ကာ၊ တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်။
“ မင်းဘာလုပ်နေတာလဲ “ ဟု ရှောင်ဟေးမှ မေးမြန်းလိုက်သည်။
လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ ခုနက အစီအရင်ကို ထိန်းချုပ်နေခဲ့တဲ့ အချိန်တုန်းက၊ ဒီဟင်းလင်းပြင်က နယ်နိမိတ်နံရံဆိုတာကို ငါတဖြည်းဖြည်း နားလည်ခဲ့တယ် “
“ ဒါက နယ်နိမိတ်နံရံဆိုတာကို ငါသိတယ်လေ၊ ငါမေးတာက မင်းဘာလုပ်ချင်နေတာလဲ “
“ နံရံကို ဖြိုမလို့ပေါ့ဟ “
“ ဘာလို့တုန်း “
“ ကြည့်၊ ငါက ဒီနေရာကို ခက်ခက်ခဲခဲ ရောက်လာခဲ့ရတာလေ၊ ဘယ်အချိန်မှ ပြန်ရောက်နိုင်မလဲဆိုတာကို မသိဘူး။ ပြီးတော့ ဒီလိုနေရာမျိုးက အများကြီး ရှိနေတာလေ၊ ငါက ဒေသထွက်ထုတ်ကုန်လေးတွေ များများစားစား ပြန်ယူသွားချင်လို့ပါကွာ “
လုချန်ရှန်းမှ ရိုးရိုးသားသား ပြန်ပြောလာခဲ့သည်။
ရှောင်ဟေး ဆွံ့အသွားခဲ့သည်။ ဒီကောင်က တစ်ခြား ပုလဲအရင်းအမြစ်တွေကိုပါ မျက်စိကျသွားပြီပဲ
သူ့ကို ဖျောင်းဖျတော့မည့် အချိန်မှာပင် ရှောင်ဟေးသည် မူးဝေမှုကို ရုတ်တရက် ခံစားလိုက်ရသည်။
အလွန်တရာ ကျယ်လောင်သော အသံတစ်သံသည် ကောင်းကင်နှင့် ကမ္ဘာမြေအကြားတွင် ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့သည်။ တောင်တစ်ခုလုံး လှုပ်ခါသွားခဲ့သည်၊ နယ်နိမိတ်နံရံတွင် အက်ကွဲကြောင်းများစွာ ဖြစ်တည်လာခဲ့သည်။ အားနှစ်ခု ထိပ်တိုက်တွေ့ဆုံကာ ကျယ်လောင်သော အသံများကို ထုတ်လွှတ်နေခဲ့သည်။
ရှောင်ဟေး မတုံ့ပြန်နိုင်ခင် အချိန်မှာပင် လုချန်ရှန်းမှာ ထပ်မံ၍ လှုပ်ရှားနေခဲ့သည်။
ဘုမ်းးး
ကျယ်လောင်သော အသံမှာ ဆက်လက်၍ ပေါ်ထွက်နေသေးသည်။ မီးဖိုသည် နယ်နိမိတ်နံရံကို လှုပ်ခါစေနေပြီး၊ နှစ်ဖက်စလုံးမှ ထုတ်လွှတ်နေသည့် စွမ်းအားများကြောင့် ဟင်းလင်းပြင်တစ်ခုလုံး မငြိမ်မသက် ဖြစ်သွားခဲ့သည်။
ရှောင်ဟေး၏ မျက်လုံးများအတွင်းတွင် အကြောက်တရားသာလျှင် ကျန်နေခဲ့သည်။
ထိုအချိန်တွင် သူသည် ဤလူငယ်လေးထံတွင် အဆုံးမဲ့ မှော်စွမ်းအားများ ပိုင်ဆိုင်ထားသည်ဟု ခံစားသွားခဲ့ရသည်။
အသက်ရှူကြပ်စေသည့် စွမ်းအားတစ်ခု ပျံ့လွင့်လာခဲ့သည်။
သူသည် နယ်နိမိတ်နံရံပေါ်မှာပင် အက်ကွဲကြောင်းတစ်ခု ပေါ်လာစေရန် ပြုလုပ်နိုင်ခဲ့သည်။ ဆက်တိုက် ထုရိုက်နေခဲ့ပြီးသည့်နောက်တွင် အက်ကွဲကြောင်းသည် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ကာ၊ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။
အဝေးမှ လှမ်းမျှော်ကြည့်ရှုလိုက်မည်ဆိုပါက၊ ကောင်းကင်ယံတွင် ပင့်ကူအိမ်တစ်ခု မျောလွင့်နေသကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့ရလိမ့်မည် ဖြစ်သည်။
နယ်နိမိတ်နံရံသည် ခိုင်မာကျစ်လျစ်နေခဲ့သည်၊ သို့သော် လုချန်ရှန်းကမူ သူ၏ခွန်အားကို အကုန်အစင် ထုတ်သုံးနေခဲ့သည်၊ ၎င်းထံတွင် ကျိုးပဲ့ပျက်စီးသွားတော့မည့် လက္ခဏာရပ်များ ထင်ဟပ်လာခဲ့သည်။
ရှောင်ဟေး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။ ဒီလူ ……. သူတစ်ခုခု လုပ်လိုက်တာနဲ့ လူတိုင်းကို ခေါင်းကိုက်သွားစေတာပဲ
“ ရတော့မယ် “ လုချန်ရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
နယ်နိမိတ်နံရံသည် သူ့ကြောင့် ကျိုးပဲ့ပျက်စီးသွားတော့မည် ဖြစ်သည်။ ထိုအချိန်တွင် သူသည် သူက တစ်ခြားသော ဟင်းလင်းပြင် အတွင်းသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက်၊ အစီအရင်ကို ချက်ချင်းရှာဖွေကာ၊ ထိန်းချုပ်သူကို အမှောက်သိပ်၍၊ ပုလဲအရင်းအမြစ်ကို သိမ်းယူမည်ဟုပင် တွေးနေခဲ့ပြီ ဖြစ်သည်။
သူလောဘကြီးနေခြင်း မဟုတ်ပေ၊ သူသည် ပုလဲအရင်းအမြစ် သုံးခုရရှိသည်နှင့်တစ်ပြိုင်နက် ထွက်သွားရန် ဆုံးဖြတ်ထားခဲ့သည်။
ဤတစ်ကြိမ်၌ ပြည်ထောင် သုံးဆယ့်ခြောက်ခုတွင် လူရွေးပွဲ တစ်ပြိုင်နက် ပြုလုပ်ခဲ့သောကြောင့်၊ စုစုပေါင်းအနေဖြင့် ဟင်းလင်းပြင် သုံးဆယ့်ခြောက်ခု ရှိနေခဲ့သည်။ ပုလဲအရင်းအမြစ် သုံးခုကို ယူလိုက်ခြင်းက အလွန်အကျွံဖြစ်သွားလိမ့်မည် မဟုတ်ပေ။
လုချန်ရှန်းသည် မီးဖိုကို မြှောက်ကာ ထပ်မံ၍ ရိုက်ချရန် ပြင်လိုက်သည်၊ ထိုစဥ် သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး၊ လှုပ်ရှားမှုများ ရပ်တန့်သွားကာ၊ အမူအရာ ပြောင်းလဲသွားသည်။
“ ဘာဖြစ်တာလဲ “
ရှောင်ဟေးသည် လုချန်ရှန်း၏ ပြောင်းလဲမှုကို သတိပြုမိသွားကာ၊ မေးမြန်းလိုက်သည်။
သူသည် မည်သည့်တုံ့ပြန်မှုကိုမှ ပြန်မရခဲ့ပေ။ လုချန်ရှန်း၏ နဖူးပေါ်တွင် အမှတ်အသားတစ်ခု ဖြစ်တည်လာခဲ့သည်။
၎င်းမှာ ဘိုးဘေးက သူ့ထံတွင် ချန်ထားသည့် အမှတ်အသားဖြစ်သည်။
မူလက မှိန်ဖျော့နေခဲ့သည့် အမှတ်အသားသည် ဖယောင်မီးကဲ့သို့ တောက်ပလာခဲ့သည်။
အမှတ်အသား လင်းလက်လာသည်နှင့်တစ်ပြိုင်နက်၊ ရုန်းများ ပေါ်ထွက်လာခဲ့သည်၊ ၎င်းမှာ သူက စစ်ဆေးမှုကို အောင်မြင်သွားပြီး၊ နောက်ဆုံး ကျန်ရစ်ခဲ့သည့် လူအယောက်သုံးဆယ်အနက်မှ တစ်ဦးဖြစ်သွားကာ၊ နတ်ကောင်းကင်ဂိုဏ်းသို့ သွားရတော့မည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
တစ်နည်းဆိုရသော် သူသည် နတ်ကောင်းကင်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။