အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အပိုင်း ( 64 )
လက်မခံနိုင်ဘူးဟေ့
လုချန်ရှန်းသည် စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် အဝေးသို့ ငေးကြည့်ကာ၊ တအံ့တဩ ဖြစ်နေလျက်ရှိသည်။
ထိန်းချုပ်သူ/မာလိန်မှူးသည် သူ၏ မောင်းထုတ်ခြင်းကို ခံလိုက်ရပြီး၊ အသစ်ရောက်ရှိလာသူမှာလည်း သူ၏အမှောက်သိပ်ခြင်းကို ခံလိုက်ရကာ၊ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့သည်၊ ငါက ဘာကိစ္စ အောင်မြင်သွားရတာတုန်းဟ
မာလိန်မှူး အသစ်ရောက်လာခဲ့ပြီးတော့ ငါ့ကို တွေ့သွားတာများလား
“ ဘာတွေ ဖြစ်နေတာလဲကွာ “ လုချန်ရှန်းသည် နားမလည်နိုင် ဖြစ်သွားခဲ့သည်။
ရှောင်ဟေးသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ၊ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားခဲ့သည်။
“ ငါမှတ်မိပြီ “
“ ဘာလဲ “
ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ မင်းက မင်းရဲ့ မှော်စွမ်းအားကို ယဇ်ပုလ္လင်ထဲကို ထိုးထည့်ပြီးတော့ စမ်းသပ်မှုဖြစ်စဥ်ကို အရှိန်တင်ခဲ့တယ်လေ။ ပြီးတော့ ခုနကလူကလည်း သူ့ရဲ့ မှော်စွမ်းအားကို ထပ်ပြီးတော့ ထည့်ခဲ့တယ်လေ။ ဟိုလူတွေက အခက်အခဲကို မခံနိုင်တော့လို့ ဖယ်ထုတ်ခံလိုက်ပြီ။ အဲ့တာကြောင့် မင်းက နောက်ဆုံးအယောက်သုံးဆယ်ထဲက တစ်ယောက်ဖြစ်သွားတာ “
ချက်ချင်းဆိုသလိုပင် လုချန်ရှန်းသည် တိတ်ဆိတ်ငြိမ်သက်ကာ၊ အတွေးနက်သွားတော့သည်။
ဘယ်လိုအခြေအနေမျိုးကြီးလဲဟ
သူသည် လွန်စွာကြိုးစားအားထုတ်ကာ လူကိုယ်တိုင် လှုပ်ရှားခဲ့သော်လည်း၊ အခြေအနေတစ်ခုလုံးကို မထိန်းချုပ်နိုင်ခဲ့ပေ။
ထို့နောက်တွင် သူသည် အမှတ်အသားကို ဖယ်ရှားရန် ကြိုးပမ်းနေတော့သည်၊ သို့သော် သူ၏ကျင့်ကြံရေးဖြင့် ၎င်းကို မဖယ်ရှားနိုင်ဘူးဆိုသည်ကိုသာ သိရှိသွားခဲ့သည်။
“ ပြီးသွားပြီ …. “
တစ်ချိန်တည်းမှာပင် ယွဲ့ပြည်ထောင်အတွင်းတွင် သက်လတ်ပိုင်း လူတစ်ဦး ပေါ်ထွက်လာခဲ့သည်၊ သူပြန်သွားရန်အတွက် အတော်လေး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
သူသည် အံ့ဩတုန်လှုပ်ကာ၊ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
သူသည် လုံးဝအမှောက်သိပ်ခံလိုက်ရကာ၊ မည်သို့မျှ မခုခံနိုင်ခဲ့ပေ။
သို့သော် ပိုင်ဂျန်မှာ ပို၍အံ့ဩတုန်လှုပ်နေခဲ့သည်။
သူသည် ထိုလူက သူကိုယ်တိုင် ကိုင်တွယ်ရန် ထွက်သွားသောကြောင့်၊ အရာအားလုံးက ချောချောမွေ့မွေ့ဖြစ်သွားလိမ့်မည်ဟုသာ ထင်နေခဲ့သည်။ သို့သော် သိပ်မကြာခင် အချိန်မှာပင်၊ ထိုလူမှာလည်း မောင်းထုတ်ခံလိုက်ရလေသည်။
ထို့အပြင် ထိုလူ၏ အခြေအနေမှာ သူ့ထပ်ပင် ပိုမိုဆိုးရွားနေခဲ့သည်။
“ ဂျူနီယာသိုင်းပညာဦးလေး၊ ဒါက …… “
ထိုလူသည် ပိုင်ဂျန်ကို ကြည့်ကာ စကားပြောလာခဲ့သည် “ တကယ်လို့ ဒီကိစ္စကို ထုတ်ပြောရဲမယ်ဆိုရင်၊ ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ “
“ ဟုတ် “
ပိုင်ဂျန်၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။
သူသည် များများစားစား တွေးတောစဥ်းစားခြင်း(သို့) မေးမြန်းခြင်းတို့ မပြုလုပ်ရဲတော့ဘဲ၊ သူ၏ခေါင်းကို ငုံ့ကာ၊ ဘေးထွက်နေခဲ့သည်။
ထို့နောက်တွင် သက်လတ်ပိုင်းလူသည် သူ၏ဂိုဏ်းဆီသို့ တဟုန်ထိုး လှည့်ပြန်သွားတော့သည်။
အကယ်၍ ပုလဲအရင်းအမြစ်ကို လက်လွှတ်ရလိုက်မည်ဆိုပါက၊ ၎င်းကို ပျောက်သွားသည်ဟုသာ သတ်မှတ်လိုက်မည်ဖြစ်သည်၊ သို့သော် သူအရိုက်အနှက်ခံလိုက်ရသည့် ကိစ္စကိုမူ ဤအတိုင်းထားလိုက်မည် မဟုတ်ပေ။ သူသည် သေချာပေါက် လက်စားချေရမည် ဖြစ်သည်၊ သူ့ထံတွင် အရေးကြီးကိစ္စများစွာ ရှိနေသေးသည်။
“မင်းက ဘယ်သူပဲဖြစ်ဖြစ်၊ ငါ့ကို စောင့်နေလိုက်တာ ပိုကောင်းတယ်။ တကယ်လို့ မင်းကို အရေခွံမဆုတ်နိုင်ဘူးဆိုရင်၊ မင်းရဲ့မျိုးရိုးနာမည်ကို ငါယူလိုက်မယ် “
ထိုလူသည် အံတကြိတ်ကြိတ် ဖြစ်သွားကာ၊ အစောပိုင်း အချိန်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်၍ အမှတ်ရသွားကာ၊ စိတ်မတည်မငြိမ် ဖြစ်သွားခဲ့သည်။
အကယ်၍ သူသာ မပေါ့ဆဘဲ ချုံခိုအတိုက်မခံလိုက်ရဘူးဆိုပါက၊ သူသည် ဤကဲ့သို့သော အခြေအနေမျိုးဖြင့် အဆုံးသတ်သွားရလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သူသည် သတိတကြီး ဖြစ်သွားခဲ့သည်၊ သူ့ကို တိုက်ခိုက်ခဲ့သူမှာ မည်သို့မျှ ရိုးရှင်းမနေခဲ့ပေ။
သူသည် တွေးတောစဥ်းစားရင်းဖြင့် နတ်ကောင်းကင်ဂိုဏ်းထံသို့ ဦးတည်သွားတော့သည်။
သူ၏မှန်းဆတွက်ချက်မှုအရ စမ်းသပ်ပွဲ ပြီးဆုံးသွားရန်အတွက် ရက်အနည်းငယ်မျှ အချိန်ယူရမည် ဖြစ်သည်။
သို့သော် ထိုအချိန်၌ ဟင်းလင်းပြင်အတွင်းတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်၊ အသံတစ်သံသည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်လာခဲ့သည်။
“ လူရွေးပွဲ ပြီးဆုံးသွားပြီ။ အခုချိန်ကစပြီးတော့ မင်းတို့အားလုံးက ငါ့နတ်ကောင်းကင်ဂိုဏ်းရဲ့ တပည့်တွေ ဖြစ်သွားပြီ “
ထို့နောက်တွင် အလင်းတန်းပေါင်းများစွာ ကျဆင်းလာခဲ့သည်၊ လုချန်ရှန်းသည် သူ့အနားသို့ ချဥ်းကပ်လာသည့် အလင်းတန်းတစ်ခုကို စောင့်ကြည့်ကာ၊ အမူအရာ ပြောင်းလဲသွားသည်။
သူသည် နောက်ထပ် ဟင်းလင်းပြင်အတွင်းသို့ သွားရန်အတွက် နယ်နိမိတ်ကို ချိုးဖျက်ရန် ရုန်းကန်နေသေးသည်။
သို့သော် ထိုအချိန်တွင် ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ အဲ့တာက နတ်ကောင်းကင်ဂိုဏ်းရဲ့ အမိန့်ပဲ။ အဲ့တာကို ချိုးဖောက်လိုက်တာနဲ့ မင်းအဖမ်းခံရလိမ့်မယ်၊ မင်းလုပ်ခဲ့တဲ့ ကိစ္စတွေလည်း ပေါ်သွားလိမ့်မယ် “
သူသည် ရွေးချယ်စရာ မရှိတော့ဘဲ၊ လက်လျှော့လိုက်ရုံသာ တတ်နိုင်ခဲ့ကာ၊ အလင်းတန်းအား သူ့အနားသို့ ကျဆင်းခွင့်ပြုလုပ်သည်။
“ ငါ့ရဲ့ ပုလဲအရင်းအမြစ် “
လုချန်ရှန်း၏ အသံပေါ်ထွက်လာခဲ့သည်၊ သူသည် ပြိုကျတော့လုမတတ် ဖြစ်နေသည့် အကာအရံကို ကြည့်ကာ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည် အလင်းတန်း၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရကာ၊ ဖြည်းဖြည်းချင်း မြင့်တက်သွားခဲ့သည်။
အပြင်ဘက်ကမ္ဘာသို့ ဦးတည်နေသည့် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
စမ်းသပ်ပွဲကို အောင်မြင်ခဲ့သူတိုင်းမှာ တစ်နေရာရာတွင် စုစည်းနေကြကာ၊ ထိုလမ်းကြောင်းမှတစ်ဆင့် အပြင်ကမ္ဘာသို့ ထွက်သွားကြသည်။
တစ်ပြိုင်နက်ဆိုသလိုပင် ယွဲ့ပြည်ထောင်အတွင်းရှိ များပြားလွန်းလှသော မျက်လုံးများသည် ကောင်းကင်ထက်သို့ ရောက်ရှိလာခဲ့သည်။
သူတို့မှာလည်း စွမ်းအင်လှိုင်း အတက်အကျကို ခံစားမိနေခဲ့သည်။
အမြန်နှုန်းသည် သူတို့၏ မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့သည်။
လူအများစု၏ အမူအရာများ တင်းကြပ်သွားခဲ့သည်၊ အထူးသဖြင့် ဂိုဏ်းခေါင်းဆောင်များ ဖြစ်သည်။
၎င်းတို့ကြားတွင် ဘိုးဘေးအဆင့် ပုံရိပ်များလည်း ရှိနေခဲ့သည်။
ယခုတွင် သူတို့သည် ကောင်းကင်ယံကို တိတ်တဆိတ် ငေးကြည့်နေကြသည်၊ သူတို့ဂိုဏ်းများ၏ အနာဂတ် ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ရလဒ်များ ပေါ်ထွက်လာတော့မည် ဖြစ်သည်။
တစ်ဦးပြီးတစ်ဦး အမူအရာများ တင်းကြပ်သွားခဲ့သည်၊ လော့ထျန်းတစ်ဦးတည်းသာလျှင် စိတ်အေးလက်အေးဖြစ်နေခဲ့သည်။
အကယ်၍ မထင်မှတ်ထားသော ကိစ္စတစ်ခုသာ မဖြစ်ပွားခဲ့ဘူးဆိုပါက၊ ကျိုးချင်ယုသည် သေချာပေါက် အောင်မြင်သွားလိမ့်မည် ဖြစ်သည်။ ၎င်းက ၁၀၀%နီးပါး သေချာနေသည့် ကိစ္စတစ်ခုဖြစ်သောကြောင့်၊ မည်သည့်အရာကိုမှ စိုးရိမ်ပူပန်နေရန် မလိုပေ။
တစ်ခြားလူများသည် သူ၏ တည်ငြိမ်မှုကို သတိပြုမိနေကာ၊ မနာလိုအားကျဖြစ်သွားခဲ့သည်။
သူသည် အူတိုင်တည်ဆောက်ခြင်း ကျင့်ကြံရေးနှင့် ဓားတာအို အဆင့်၇ကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်တစ်ဦးကို ပိုင်ဆိုင်ထားခဲ့သည်။ အကယ်၍ ထိုကဲ့သို့သော လူမျိုးကသာ စမ်းသပ်မှုကို မကျော်ဖြတ်နိုင်ဘူးဆိုပါက၊ မည်သူကမှ အောင်မြင်လိမ့်မည် မဟုတ်ပေ။
ထို့နောက်တွင် အလင်းလိုက်ကာ တစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့သည်။
လူတိုင်းမျှော်မှန်းထားကြသည့်အတိုင်းပင် ကျိုးချင်ယုသာလျှင် အရင်ဦးဆုံး ပေါ်ထွက်လာခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်မှ မရှိဘဲ၊ လွန်စွာအေးဆေးတည်ငြိမ်နေခဲ့သည်။ သူ့ကို မြင်လိုက်ရသောအခါတွင်၊ မည်သူကမှ မအံ့ဩသွားခဲ့ပေ။
လော့ထျန်းမှာလည်း စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။
ထို့နောက်တွင် ဒုတိယမြောက်ပုံရိပ် ပေါ်ထွက်လာခဲ့သည်၊ ၎င်းသည် ယွဲ့ပြည်ထောင်၏ တတိယ မင်းသား ယွဲ့မင်ပင် ဖြစ်သည်။
သူ့စွမ်းရည်ကို လူတိုင်းက သိထားကြသောကြောင့် မည်သည့်လှုပ်ခတ်မှုမှ မဖြစ်ပေါ်သွားခဲ့ပေ။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ယွဲ့လင်းနှင့် ယှဥ်ပြိုင်နေနိုင်မည် မဟုတ်ပေ။
အားလုံး၏ အကြည့်များအောက်တွင် တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာခဲ့သည်။
တစ်ခေါက်ချင်းစီတိုင်းတွင် လူတစ်ဦးစီ ပေါ်ထွက်လာခဲ့သည်၊ လူတစ်ချို့သည် သူတို့ဂိုဏ်း၏ တပည့်များ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် ပါးစပ်များ နားရွက်တက်ချိတ်လုမတတ် ပြုံးနေကြတော့သည်။
သို့ရာ၌ ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် လော့ထျန်းမှာ တအံ့တဩ ဖြစ်သွားခဲ့သည်။
ယဲ့တျန်ရီ ပေါ်ထွက်လာခဲ့သည်။
“ အဲ့တာက …… “
သူ့ကို မြင်လိုက်ရသောအခါတွင် ပတ်ဝန်းကျင်ရှိ လူအမြောက်အများ ကြောင်အသွားခဲ့သည်။
သူတို့သည် မနာလို အားကျဖြစ်နေသော မျက်လုံးများဖြင့် လော့ထျန်းကို ကြည့်ကာ၊ လက်သီးဆုပ်၍ ဂုဏ်ပြုနေကြတော့သည်။
“ အစ်ကိုလော့၊ ဂုဏ်ယူပါတယ်ဗျာ။ ကန်းယွင်ဂိုဏ်းက ပါရမီရှင်နှစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ သူတို့နှစ်ယောက်နဲ့ဆိုရင်၊ နှစ်တစ်ထောင်လောက်အထိ ဘာကိုမှ တွေးပူနေဖို့ မလိုတော့ဘူး “
“ အမှန်ပဲ၊ ဒီလိုအခြေအနေမျိုးက တော်တော်ရှားတယ် “
“ နောင်အနာဂတ်မှာ ကျွန်တော်တို့က အစ်ကိုလော့ရဲ့ စောင့်ရှောက်မှုကို အားကိုးရတော့မယ်နော် “
“ … “
လော့ထျန်းသည် ဂုဏ်ပြုနေသော လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံထားရသည်။ လူတိုင်းက အသိအကျွမ်းဟောင်းများ ဖြစ်နေခဲ့ပြီး၊ ထိုမြင်ကွင်းကို ကြည့်ကာ၊ စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချနေကြတော့သည်။ သူနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ခြင်းမှာ ဆုံးရှုံးမှုတစ်ခု မဟုတ်ပေ။
လော့ထျန်းသည် စိတ်အခြေအနေ ကောင်းမွန်နေခဲ့သည်။ ယဲ့တျန်ရီသည် သူ၏ဆရာဖြစ်သူနှင့် ခရီးထွက်ကာ ကျင့်ကြံရေးတစ်ချို့ နှောင့်နှေးသွားခဲ့သော်လည်း၊ သူ၏ အခြေခံအုတ်မြစ်မှာ အတော်လေး ခိုင်မာနေခဲ့သည်။
၎င်းက အနည်းငယ် မထင်မှတ်ထားသော ကိစ္စတစ်ခုဖြစ်သော်လည်း၊ စိတ်ကျေနပ်ဖွယ်ကောင်းသော အံ့အားသင့်မှုတစ်ခုပါ ဖြစ်နေခဲ့သည်။
ထိုစဥ် အမျိုးသမီးတစ်ဦး၏ ပုံရိပ် ပေါ်ထွက်လာခဲ့သောကြောင့်၊ လော့ထျန်း အံ့ဩ မှင်သက်သွားခဲ့ရသည်။
လျူချင်ချန်းသည် အလင်းလမ်းကြောင်း အတွင်းမှ ပေါ်ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ၊ လူတိုင်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။
“ တစ်မိသားစုတည်းမှာ သုံးယောက်လား၊ ကန်းယွင်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “
“ ကန်းယွင်ဂိုဏ်းရဲ့ ဒီမျိုးဆက်က ဒီလောက်အထိ ကြောက်ဖို့ကောင်းနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ … “
ပတ်ဝန်းကျင်၏ ဂုဏ်ပြုသံများကို ကြားလိုက်ရသောအခါတွင် လော့ထျန်း အတွေးနက်သွားခဲ့သည်၊ ယဲ့တျန်ရီ ပေါ်ထွက်လာမှုကြောင့် အနည်းငယ် အံ့ဩသွားရသော်လည်း၊ ၎င်းက သူ၏မျှော်မှန်းချက်များ အတွင်းတွင်သာ ရှိနေသေးသည်။
သို့ရာတွင် လျူချင်ချန်း ပေါ်ထွက်လာခြင်းကမူ သူ၏မျှော်မှန်းချက်များထပ် အမှန်ပင် ကျော်လွန်နေခဲ့သည်။
သူမက ကန်းယွင်ဂိုဏ်းအတွင်းတွင် ထိပ်တန်းအဆင့် ဖြစ်သော်လည်း၊ ယွဲ့ပြည်ထောင်အတွင်းတွင်မူ မည်သို့မျှ ထူးခြားမနေခဲ့ပေ။
မမျှော်လင့်ထားသော်လည်း လော့ထျန်းသည် သူမက သူ၏ဂိုဏ်းမှ ဖြစ်နေသောကြောင့် ထိုဖြစ်ရပ်ကို လျင်မြန်စွာ လက်ခံလိုက်သည်၊ သူမ၏ အောင်မြင်မှုမှာလည်း သူ့ကို ပျော်ရွှင်သွားစေခဲ့သည်။
မနာလို အားကျဖြစ်နေသော အကြည့်များကို ခံစားလိုက်ရသောအခါတွင်၊ သူသည် ကြီးမားသော အပြုံးတစ်ခုကို ဆင်မြန်းထားတော့သည်။
သူပျော်ပျော်ရွှင်ရွှင် ဖြစ်နေကာ၊ ဂိုဏ်းထံသို့ မည်ကဲ့သို့ အကြောင်းကြားရမလဲဆိုသည်ကို တွေးတောစဥ်းစားနေစဥ် အချိန်မှာပင်၊ နောက်ဆုံး ပုံရိပ်သည် သူ၏ အမြင်အာရုံအတွင်းသို့ ရောက်ရှိလာခဲ့ကာ၊ သူ၏အပြုံးမှာ ရုတ်တရက် အေးခဲတောင့်တင်းသွားခဲ့ရသည်။
တစ်ပြိုင်နက်ဆိုသလိုပင် ဤနေရာတွင် ရှိနေသည့် အင်အားစုတိုင်း အံ့ဩတုန်လှုပ်သွားကာ၊ မယုံကြည်နိုင်ဖြစ်နေသော အမူအရာများဖြင့် လော့ထျန်းကို ကြည့်လာကြသည်။
“ လေးယောက်။ ကန်းယွင်ဂိုဏ်းက ဒီတစ်ကြိမ်မှာ လေးယောက်တောင် မွေးထုတ်ပေးနိုင်ခဲ့တယ်ပေါ့ “
“ ဘုရားရေ။ ဒါက ယွဲ့ပြည်ထောင်အတွင်းမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးလေ ……….. “
“ ကန်းယွင်ဂိုဏ်းက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ “
“ … “
အသံများ မြင့်လိုက်ကျလိုက် ဖြစ်နေခဲ့ကာ၊ သူ၏ဘေးနားသို့ လူများ ပိုမိုရောက်ရှိလာခဲ့သည်။ သူနှင့် မသိသည့် လူများကပင် သူနှင့်မိတ်ဖွဲ့ချင်လာကြလေသည်။
မိသားစု တစ်ခုမှ လူလေးဦး …….. နတ်ကောင်းကင်ဂိုဏ်းမှ လူများကပင် ထိုမြင်ကွင်းကြောင့် တအံ့တဩဖြစ်သွားကြသည်။ ထိုကဲ့သို့သော အခြေအနေမျိုးမှာ အမှန်ပင် ရှားပါးလွန်းနေခဲ့သည်။
သို့ရာတွင် လော့ထျန်းကမူ အချိန်အတော်ကြာသည်အထိ ငေးငေးငိုင်ငိုင် ဖြစ်သွားခဲ့သည်၊ နောက်ဆုံး ပုံရိပ်မှာ လုချန်ရှန်းပင် ဖြစ်နေခဲ့သည်။
ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသောအခါတွင် လော့ထျန်းသည် မည်ကဲ့သို့ စကားပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ ၎င်းမှာ သူ၏ နားလည်နိုင်စွမ်းထပ် ကျော်လွန်နေခဲ့သည်၊ သူသည် ၎င်းကို လက်မခံနိုင် ဖြစ်နေခဲ့သည်။
…………………………………………………………………………………………………………………………………………..
အပိုင်း ( 65 )
ဖုန်းရွှေက ဒီလောက်တောင် ကောင်းတာလား
မျက်လုံးအားလုံးမှာ တစ်နေရာတည်းတွင် စုပြုံနေခဲ့သည်။
တစ်ခြားလူများသည် အလွန်တရာ မနာလိုအားကျဖြစ်နေသော အကြည့်များဖြင့် ဂုဏ်ပြုစကား ပြောနေခဲ့ကြသည်။
သို့ရာတွင် လော့ထျန်းကမူ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်၊ သူသည် လုချန်ရှန်းက စမ်းသပ်မှုကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု အိမ်မက်ထဲပင် ထည့်မမက်ခဲ့ဖူးချေ၊ သူမည်မျှပင် တွေးတောစဥ်းစားနေခဲ့ပါစေ၊ ၎င်းကို မယုံကြည်နိုင် ဖြစ်ကာ၊ ဒေါသပင် ထွက်နေသေးသည်။
“ ဒီဟာကြောင့် ဘိုးဘေးက သူ့ကို နေရာတစ်ခုပေးဖို့အတွက် ပြောခဲ့တာလား။ ဒါပင်မဲ့ ဘာလို့လဲ “ လော့ထျန်းသည် နားမလည်နိုင် ဖြစ်နေခဲ့သည်။
သူသည် လုချန်ရှန်းနှင့် ပတ်သက်၍ သံသယတစ်ချို့ ရှိနေသေးသည်။
သူသည် ပျော်ရွှင်ရမလား၊ ဝမ်းနည်းရမလားဆိုသည်ကိုပင် ဝေခွဲမရ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက လွန်ခဲ့သော ဆယ်နှစ်က ဂိုဏ်းသို့ ရောက်လာခဲ့သည့် အချိန်မှစ၍ သူ၏သမီးသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ နေ့စဥ်နေ့တိုင်း သူ့ကို ဖက်တွယ်နေခဲ့ကာ၊ နောက်ပိုင်းတွင် ပိုမိုဆိုးရွားကာ၊ ထိန်းမရသိမ်းမရ ဖြစ်လာခဲ့လေသည်။
အစတွင် သူသည် သူ၏သမီးကသာ နတ်ကောင်းကင်ဂိုဏ်းသို့ ရောက်ရှိသွားမည်ဆိုပါက၊ သူမက သူ့ကို မေ့သွားနိုင်သည်ဟုသာ ထင်နေခဲ့သည်။
လုချန်ရှန်းက စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကာ နတ်ကောင်းကင်ဂိုဏ်းသို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ ၎င်းက သူ၏သမီးထံသို့ သူ၏နတ်ဆိုး လက်သည်းများကို ဆန့်ထုတ်ခြင်းပင် မဟုတ်ပါလော။
သူသည် သူ့ဂိုဏ်းမှ တပည့်များကို လွန်စွာတန်ဖိုးထားလေ့ရှိသည်၊ သို့သော် ၎င်းသည် သူက လုချန်ရှန်း၏ ယောက္ခမဖြစ်ရန် ဆန္ဒရှိနေလိမ့်မည်ဟု မဆိုလိုပေ။
အထူးသဖြင့် သူ့ကို တမ်းတမ်းစွဲဖြစ်နေသည့် သူ့သမီး၏ ပုံရိပ်ကို တွေးမိသွားသောအချိန်တွင် သူခေါင်းကိုက်သွားခဲ့ရပြီး၊ နောက်တစ်ကြိမ် သူတို့ ပြန်တွေ့ကြမည့် အချိန်တွင် သူက အဘိုးအဖြစ် ရာထူးတိုးသွားမည်ကို ကြောက်ရွံ့နေတော့လေသည်။
“ ဘယ်လို အပြစ်မျိုးလဲကွာ “
လော့ထျန်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်၊ သူသည် ကိစ္စများက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လုချန်ရှန်း၏ အမည်ကို ကြားဖူးထားသည့် လူများကလည်း အကြည့်များ ဖလှယ်ကာ၊ အံ့ဩမှင်သက်နေကြသည်။
“ အစ်ကိုလော့၊ မင်းတို့ ချင်းယွင်တောင်ထွဋ်ရဲ့ ဖုန်းရွှေက ဒီလောက်တောင် ကောင်းတာလား။ ကိုယ်ပိုင်တပည့် သုံးယောက်လုံး အောင်မြင်သွားတယ်ပေါ့ “
ရင်းနှီးသော လူတစ်ဦးသည် သူ၏ ဝမ်းနည်းမှုကို မည်သို့မျှ သတိမပြုမိဘဲ၊ မနာလိုအားကျမှုအပြည့်ဖြင့် ပြောလာခဲ့သည်။
လော့ထျန်းသည် မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်၊ သူသည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေခဲ့ရပြီး၊ ထိုအောင်မြင်မှုက မှန်ကန်သော လမ်းကြောင်းများမှ မရောက်လာမည်ကို စိုးရိမ်သွားခဲ့သည်။
အကယ်၍ နတ်ကောင်းကင်ဂိုဏ်းကသာ ၎င်းကို သိရှိသွားမည်ဆိုပါက၊ လုချန်ရှန်းသည် …….
လော့ထျန်းသည် စိုးရိမ်စပြုလာခဲ့ပြီ ဖြစ်သည်၊ သူသည် သူ့ဂိုဏ်း၏ တပည့်များကို လွန်စွာဂရုစိုက်ကာ၊ မည်သူ့ကိုမှ ပြဿနာမတက်စေလိုပေ။
တစ်ခြားလူများကလည်း လုချန်ရှန်း၏ ကျော်ကြားမှုကြောင့်၊ သံသယတကြီး ဖြစ်သွားကြသည်။
ယွဲ့မင်မှာလည်း တအံ့တဩ ဖြစ်သွားကာ၊ သိလိုစိတ်များ မြင့်တက်သွားခဲ့သည်။
ယဲ့ချင်းချန်သည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် နားမလည်နိုင် ဖြစ်သွားခဲ့သော်လည်း၊ စကားဝင်မပြောလာခဲ့ပေ။
ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့နှစ်ဦးစလုံးသည် အဓိပ္ပါယ် တစ်မျိုးမျိုး ပါဝင်သော အကြည့်များဖြင့် လုချန်ရှန်းကို ကြည့်နေခဲ့သည်။
လုရွှမ်ကမူ ၎င်းကို မျှော်လင့်ထားခဲ့သည့်အတိုင်း တိတ်ဆိတ်နေခဲ့သည်။
ထိုအချိန်တွင် ပိုင်ဂျန်သည် ဤနေရာသို့ အလောတကြီး ပြေးဝင်လာခဲ့သည်၊ ကြောက်မက်ဖွယ်ကောင်းသည့် မှော်စွမ်းအား တစ်ခု ပေါက်ထွက်လာခဲ့ကာ၊ ကောင်းကင်ပြင်ကို ချက်ချင်းဖုံးလွှမ်းလာခဲ့သည်။
လူတိုင်း အံ့အားသင့်သွားခဲ့ပြီး၊ ဟင်းလင်းပြင်ကို ပိတ်လှောင်ထားသည့် အလင်းတန်းများ လိမ်ယှက်နေသည်ကိုသာ မြင်တွေ့လိုက်ရသည်။
“ ဘာတွေ ဖြစ်နေတာလဲ “ ဟု လုရွှမ်မှ မေးမြန်းလိုက်သည်။
ပိုင်ဂျန်မှ ပြန်ပြောလိုက်သည် “ အထဲမှာ တစ်ခုခု ဖြစ်သွားတယ်၊ စမ်းသပ်ပွဲကို နှောင့်ယှက်ခဲ့တဲ့ ကျူးကျော်သူတွေ ရှိနေခဲ့တယ် “
“ ဘာဖြစ်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ အရပ်မျက်နှာရှစ်ခုစလုံးတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်၊ နတ်ကောင်းကင်ဂိုဏ်းသည် မည်သည့်အရာကိုမှ မဖုံးကွယ်ထားခဲ့ပေ။
လုချန်ရှန်းမှာလည်း မျက်မှောင်ကြုတ်သွားပြီး၊ သူတို့က လူတိုင်းကို တစ်ဦးပြီးတစ်ဦး စစ်ဆေးမည်လားဆိုသည်ကို တွေးတောစဥ်းစားကာ၊ ငေးကြည့်နေတော့သည်၊ သို့သော် သူတို့သည် ဟင်းလင်းပြင်ကိုသာ စိုက်ကြည့်နေကြသည်။
သို့သော် တွေးတောစဥ်းစားကြည့်မည်ဆိုပါက၊ ၎င်းက ယုတ္တိရှိသော ကိစ္စတစ်ခုပင် ဖြစ်သည်၊ ဤနေရာတွင် ရှိနေသည့် သူက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေပြီဆိုသည်ကို မည်သူကမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ၊ ပိုင်ဂျန်နှင့် သက်လတ်ပိုင်းလူတို့ကို ရိုက်နှက်ခြင်းဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
တစ်စုံတစ်ဦးက ဤနေရာသို့ ကျူးကျော်လာခဲ့သောကြောင့်၊ သူတို့သည် လုပ်ရိုးလုပ်စဥ်အတိုင်း ဟင်းလင်းပြင်ကို ပိတ်ဆို့ခဲ့ကြသည်။
“ ဟူးးး “
လုချန်ရှန်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ဦး ရှေ့တက်လာခဲ့ပြီး၊ လုချန်ရှန်းကို လက်ညှိုးထိုးကာ၊ သူက လူရွေးပွဲအား အောင်မြင်သွားသည်ကို ယုံကြည်ရန် ငြင်းဆိုကာ၊ နတ်ကောင်းကင်ဂိုဏ်းကို မေးခွန်းထုတ်လာခဲ့သည်။
ဖယ်ထုတ်ခံလိုက်ရသည့် လူများတွင်၊ ချီသိပ်သည်းခြင်း အဆင့်၈နှင့် အဆင့်၉ ပညာရှင် တော်တော်များများ ပါဝင်နေပြီး၊ ဝူကျန့်နှင့် ယွဲ့လင်းတို့ပင် ကျရှုံးခဲ့ကာ၊ ၎င်းမှာ လူအများကို ဒေါသထွက်သွားစေခဲ့သည်။
“ လုချန်ရှန်းက ဘာလို့ အောင်မြင်သွားရတာလဲ “
“ နတ်ကောင်းကင်ဂိုဏ်းက အဖြေပေးဖို့အတွက် တောင်းဆိုပါတယ် “
“ သူက နည်းလမ်းတစ်ချို့ကို သုံးခဲ့တာ ဖြစ်နိုင်တယ်မလား “
“ ဒါကို ကျွန်တော် လက်မခံဘူး၊ ကျေးဇူးပြုပြီးတော့ သေချာစုံစမ်းစစ်ဆေးပေးပါ “
ဖယ်ထုတ်ခံလိုက်ရသည့် လူများမှာလည်း တော်ဝင်မြို့တော်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ယွဲ့လင်း၊ ဝူကျန့်နှင့် တစ်ခြားလူများသည် ထိုနေရာကို ဒေါသတကြီး စိုက်ကြည့်ကာ ရှေ့ထွက်လာကြသည်။
လုချန်ရှန်းနှင့် တစ်ခြားလူများမှာလည်း ကောင်းကင်ထက်မှ ဆင်းလာခဲ့ကာ၊ ထိုလူတို့၏ အကြည့်များနှင့် ရင်ဆိုင်လိုက်သည်။
လော့ထျန်းမှာလည်း ထိုစကားများကို ကြားကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည် “ သူက ဘာနည်းလမ်းကို သုံးပြီးတော့ နတ်ကောင်းကင်ဂိုဏ်းဆီကနေ ဖုံးထားနိုင်လို့လဲ “
“ ဂိုဏ်းချုပ်လော့၊ လုချန်ရှန်းက ဘယ်လိုလူလဲဆိုတာကို ခင်ဗျားကပိုသိသင့်ပါတယ်။ သူက လူရွေးပွဲအောင်မြင်မှုနဲ့ ထိုက်တန်လို့လား “
“ ဒါမှမဟုတ် ခင်ဗျားတို့ ကန်းယွင်ဂိုဏ်းက နည်းလမ်းတစ်ချို့ သုံးခဲ့ပြီးတော့ အဖော်ခံလိုက်ရမှာကို ကြောက်နေတာလား “
ယွဲ့လင်းနှင့် တစ်ခြားလူအားလုံး ဝိုင်းဝန်းပြောဆိုလာကြသည်။
လော့ထျန်း၏ အမူအရာ မည်းမှောင်သွားသည် “ သူဘာလဲဆိုတာက မင်းဆုံးဖြတ်လို့ရတဲ့ အရာမဟုတ်ဘူး။ အခုလက်ရှိရလဒ်က သူအောင်တယ်၊ မင်းမအောင်ဘူး။ ဆိုတော့ မင်းတို့ကရော ဘယ်လိုလူစားမျိုးတွေလဲ “
“ တကယ်လို့ မင်းတို့ရဲ့ စွမ်းရည်တွေက သူ့လောက်မကောင်းဘူးဆိုရင်၊ ဘယ်သူ့ကို အပြစ်တင်နေရမှာလဲ။ ဒါမှမဟုတ် သူက ကံကောင်းသွားတာပဲလား။ မင်းမယုံဘူးလား “
ယွဲ့မင် ရှေ့ထွက်လာခဲ့ပြီး၊ ထိုလူများကို စိုက်ကြည့်ကာ၊ ပြန်လည်ချေပလာခဲ့သည်။
ယွဲ့လင်းမှ အေးစက်စွာ ပြန်ပြောလိုက်သည် “ ဒီကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ “
“ ဒီလိုကာကွယ်ပေးမှုက …. တကယ်ကို တစ်ခုခု ရှိနေတဲ့ပုံပဲ “ ဝူကျန့်မှာလည်း စကားဝင်ပြောလာခဲ့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသော်လည်း၊ ယွဲ့မင်သည် မည်သို့မျှ ဒေါသမထွက်သွားခဲ့ပေ။ ထို့အစား သူသည် သူ့အရှေ့တွင် ရှိနေသည့် လူများကို ကြည့်ကာ၊ အသာအယာ ရယ်မောနေတော့သည် “ ယွဲ့လင်း၊ အချိန်တွေ ပြောင်းလဲသွားပြီကွ။ မင်းအသက်ရှင်ချင်သေးတယ်ဆိုရင်၊ မင်းရဲ့လေသံကို ပြင်ထားလိုက်။ စီနီယာအစ်ကို ဝူကျန့်အတွက်ကတော့၊ မင်းရဲ့ ဝူလျန်ဓားဂိုဏ်းက ငါ့ရဲ့ ရန်သူ လုပ်တော့မလို့လား “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ယွဲ့လင်း၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
ဝူကျန့်မှာလည်း အမူအရာ ပြောင်းလဲသွားပြီး၊ ဝူလျန်ဓားဂိုဏ်းမှ လူများပင် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
လူတော်တော်များများသည် ယွဲ့မင်၏ စိတ်သဘောထားပြောင်းလဲမှုမှာ သူက နတ်ကောင်းကင်ဂိုဏ်း၏ တပည့်ဖြစ်သွားသည်နှင့်တစ်ပြိုင်နက်၊ ယွဲ့ပြည်ထောင် တော်ဝင်မိသားစု၏ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့်ဆိုသည်ကို နားလည်သွားကြသည်။
လုချန်ရှန်းသည် တအံ့တဩဖြင့် ငေးကြည့်နေကာ၊ မနေနိုင်တော့ဘဲ စကားပြောနေတော့သည် “ ဟန်တောင်မဆောင်တော့ဘူးလား။ အဲ့လိုစိတ်ဓာတ်မျိုးကို ငါသဘောကျတယ်ဟေ့ “
ထို့အပြင် သူသည် လော့ထျန်းကို ကြည့်ကာ၊ များစွာအံ့ဩသွားခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ပြဿနာရှိနေသည်ဆိုသည်ကို သူသိနေခဲ့သော်လည်း၊ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ သူ့အတွက် စကားပြောပေးလာခဲ့သည်၊ ၎င်းမှာ သူ၏ စိတ်နှလုံးသားကို နွေးထွေးသွားစေခဲ့သည်။
တစ်ခြားလူများ ဆွံ့အသွားကြသည်။
အရာအားလုံးက သူ့ကြောင့် ဖြစ်လာရသော်လည်း၊ သူသည် ပွဲကြည့်ပရိတ်သတ်လုပ်နေခဲ့လေသည်။
လော့ထျန်းမှာလည်း ကူရာကယ်ရာမဲ့သကဲ့သို့ ခံစားသွားခဲ့ရသည်။ ဒီကောင်က ဒီလိုအခြေအနေမျိုးကိုတောင် အလေးအနက်မထားဘဲ၊ လျစ်လျူရှုထားတာပဲ
သို့ရာတွင် ယွဲ့မင်၏ အရှိန်အဝါသည် လူတိုင်းကို လွှမ်းခြုံသွားခဲ့သည်။
လုရွှမ်သည် ယဲ့ချင်းချန်နှင့် နတ်ကောင်းကင်ဂိုဏ်းတို့နှင့် ဆက်သွယ်ပြောဆိုကာ၊ အဖြေတစ်ခု ရထားပုံပေါ်သည်။
လူတိုင်း အတွေးနက်သွားကြသည့် အချိန်မှာပင် ယဲ့ချင်းချန်မှ စကားစပြောလာခဲ့သည် “ အားလုံးပဲ၊ ကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပြီးပါပြီ။ ဟင်းလင်းပြင်မှာ ပြဿနာတစ်ခု ပေါ်လာခဲ့တာပါ၊ အဲ့တာကြောင့် အခက်အခဲတွေကို တိုးမြင့်သွားပြီးတော့ ဖရိုဖရဲ ဖြစ်သွားရတာပါ။ ဒီမှာ ရှိနေတဲ့ လူတွေနဲ့ ဘာမှမဆိုင်ပါဘူး “
“ ဘာကြီး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။
တစ်နည်းဆိုရသော် လုချန်ရှန်းမှာ ကံကောင်းမှုကြောင့် စမ်းသပ်ပွဲကို အောင်မြင်သွားခြင်းပင် ဖြစ်သည်။
လော့ထျန်းမှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။ အကယ်၍ သူကသာ ကံတရားကြောင့် အောင်မြင်သွားခဲ့သည်ဆိုပါက၊ မည်သည့်ပြဿနာမှ ရှိနေတော့မည် မဟုတ်ပေ။
နတ်ကောင်းကင်ဂိုဏ်းသို့ ကံတရားဖြင့် မဝင်နိုင်ဘူးဆိုသည့် စည်းမျဥ်းစည်းကမ်းမျိုး ရှိမနေခဲ့ပေ။
“ ဒီကိစ္စကို ရပ်လိုက်တော့ “ လုရွှမ်၏ အသံပါ ပေါ်ထွက်လာခဲ့သည်။
သို့ရာတွင် လူတော်တော်များများသည် အဆိုပါ ကြေညာချက်ကို မယုံကြည်နိုင် ဖြစ်နေသေးသည်။
“ ပြဿနာတစ်ခု ပေါ်လာတယ်ဆိုရင်၊ ကျွန်တော်တို့ကလည်း တရားမျှတမှု ရသင့်တယ်လေ။ ကံကောင်းလို့ဆိုပြီးတော့ လူတစ်ချို့ကို ပါရမီရှင်လို့ အောင်မြင်ခိုင်းလိုက်တာကို ကျွန်တော့် လက်မခံနိုင်ဘူး “
“ ဟုတ်ပါတယ်၊ ကျုပ်တို့ လက်မခံနိုင်ဘူး “
“ နတ်ကောင်းကင်ဂိုဏ်းက ရှင်းပြချက်တစ်ခု ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် “
“ အယောင်ဆောင်တစ်ချို့က ဘယ်လိုလုပ် ဒီလောက်တောင် မာနကြီးနေရတာလဲ “
လူတော်တော်များများသည် လုရွှမ်ကို ကြည့်ကာ စကားပြောလာကြသည်။
လုရွှမ်မှာလည်း အခက်တွေ့သွားခဲ့သည်။ နတ်ကောင်းကင်ဂိုဏ်းသည် အရပ်လေးမျက်နှာစလုံးကို အုပ်စိုးသောကြောင့် လူထုကို အောင်နိုင်ရန် လိုအပ်နေခဲ့သည်။ သူသည်လည်း ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အုံကြွလာသော လူအုပ်ကြီးကို မြင်လိုက်ရသောအခါတွင် သူသည် ဂိုဏ်းသို့ သတင်းပို့သင့်၊ မပို့သင့်ဆိုသည်ကို ဝေခွဲမရ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။ အကယ်၍ သူသာ ထပ်လုပ်ရမည်ဆိုပါက၊ သူသည် ပုလဲအရင်းအမြစ် အကုန်လုံးကို သေချာပေါက် သိမ်းပိုက်မည် ဖြစ်သည်။
သို့သော် ထို့နောက်တွင် စက္ကန့်ပိုင်းမျှအကြာတွင် ပိုင်ဂျန်၏ အသံသည် မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်လာခဲ့သည်။
“ တိတ်ကြစမ်း “
အော်ငေါက်သံတစ်ခု ပျံ့လွင့်လာခဲ့ကာ၊ လူတိုင်း မှင်သက်သွားကြသည်။
ပိုင်ဂျန်သည် အေးစက်စွာ ထပ်ပြောလာခဲ့သည် “ ဒါက ဘာသဘောလဲ။ မင်းတို့က ငါ့ရဲ့ နတ်ကောင်းကင်ဂိုဏ်းကို ရှုံ့ချဖို့ ကြိုးစားနေတာလား “
“ အဲ့တာက …… “
“ မင်းတို့ကိုယ်မင်းတို့ ဘာထင်နေကြတာလဲ။ မင်းတို့အတွက် နောက်ထပ်ပြိုင်ပွဲတစ်ခု ထပ်လုပ်ပေးရလား။ မင်းတို့မှာ စွမ်းရည်တွေရှိနေတာနဲ့ ငါ့ရဲ့ဂိုဏ်းက မင်းတို့ကို မဖြစ်မနေ ကာကွယ်ပေးရမယ်လို့ ထင်နေကြတာလား “
စကားတစ်ခွန်းသည် ကမ္ဘာတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။ ပိုင်ဂျန်၏ ပြတ်သားမှုသည် အားလုံး၏ မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့သည်။
လုရွှမ်မှာလည်း သူက ထိုကဲ့သို့ ပြုလုပ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်းမှာ လူတော်တော်များများအတွက် မမျှမတ ဖြစ်သွားစေနိုင်ပေသည်၊ သို့သော် ဤကမ္ဘာကြီးသည် အားနည်းသူကို အားကြီးသူက စားသုံးသော ကမ္ဘာတစ်ခုဖြစ်နေခဲ့သည်။ တရားမျှတမှုဆိုသည်မှာ ချိုနှင့်လော။
သူ၏အကြည့်အောက်တွင် တော်ဝင်မြို့တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်၊ သူတို့အရှေ့တွင် ရှိနေသည့် လူက ဒေါသထွက်သွားမည်ကို ကြောက်သောကြောင့်၊ မည်သူကမှ စကားမပြောဝံ့တော့ပေ။
လုချန်ရှန်းတစ်ဦးတည်းကသာလျှင် မျက်မှောင်ကြုတ်ကာ အတွေးနက်သွားခဲ့သည်၊ ငါက နတ်ကောင်းကင်ဂိုဏ်းရဲ့ တပည့်ဖြစ်သွားတော့မှာလား
၎င်းကို တွေးမိသွားသောအခါတွင် သူသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
တစ်ခြားလူများမှာ ၎င်းကို လိုချင်လွန်းနေသော်လည်း မည်သို့မျှ မရရှိခဲ့ကြပေ၊ သူကမူ မလိုချင်သော်လည်း၊ အတင်းအကြပ် ရရှိသွားခဲ့လေသည်။ တွေးကြည့်ရုံဖြင့်ပင် စိတ်ညစ်ဖွယ်ကောင်းလွန်းနေခဲ့သည်။
ထို့အပြင် သူသည် ပိုင်ဂျန်က သူ့အား ငေးကြည့်နေပြီး၊ သူ့ကို ထိန်းသိမ်းထားနိုင်သည့်အတွက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြောင်းကို သတိပြုမိနေခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲကွာ “
လုချန်ရှန်းသည် ထပ်မံ၍ အတွေးနက်သွားခဲ့ရပြန်သည်။
………………………………………………………………………………………………………………………………………..
အပိုင်း ( 66 )
ငါဘာပြောနိုင်မှာမို့လို့လဲ
တော်ဝင်မြို့တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ပိုင်ဂျန်အော်ငေါက်လာခဲ့သောကြောင့် အင်အားစု အားလုံး ငြိမ်ကျသွားခဲ့သည်။
သူတို့က မည်မျှပင် အလိုမရှိဖြစ်နေပါစေ၊ သူတို့ဘာလုပ်နိုင်ကြမည်နည်း။ ဤပညာရှင်ကြီး၏ ဒေါသကို မည်သူကမှ စိန်မခေါ်ဝံ့ချေ။
သူတို့ပင်မဆိုထားနှင့်၊ ယွဲ့ပြည်ထောင်အတွင်းရှိ အင်အားစုအားလုံး ပေါင်းစပ်လိုက်မည်ဆိုလျှင်တောင်မှ၊ နတ်ကောင်းကင်ဂိုဏ်းသည် ယွဲ့ပြည်ထောင်တစ်ခုလုံးကို လက်ချောင်းတစ်ချောင်းတည်းဖြင့် ချေမှုန်းနိုင်ပေသည်။
“ ဟူး “
လုချန်ရှန်းသည် ထပ်မံ၍ အသာအယာ သက်ပြင်းချနေတော့သည်။
သူ့ဘေးနားတွင် ရှိနေသည့် လူများသည် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားကြသည်။
ယွဲ့လင်း၊ ဝူကျန့်နှင့် တစ်ခြားလူများမှာ အမူအရာများ မည်းမှောင်သွားကြသည်။
ပိုင်ဂျန်မှ စကားထပ်ပြောလာခဲ့သည် “ မင်းတို့အားလုံး ပြင်ဆင်ထားကြ၊ နတ်ကောင်းကင်ဂိုဏ်းကို သွားကြမယ် “
“ ဟုတ်ကဲ့ “ လူတိုင်း ခေါင်းငြိမ့်၍ တုံ့ပြန်လိုက်ကြသည်။
သူတို့သည် ဤနေရာတွင် ကြာကြာဆက်မနေဘဲ၊ လှည့်ထွက်သွားတော့သည်။
ယဲ့ချင်းချန်တစ်ဦးတည်းသာလျှင် လုချန်ရှန်းအနားသို့ အပြုံးဖြင့် ရောက်လာခဲ့သည်။
“ ဂုဏ်ယူပါတယ်၊ အစ်ကိုလု။ အခုချိန်ကနေစပြီးတော့ ကျွန်တော်တို့က ဂိုဏ်းတူညီအစ်ကိုတွေ ဖြစ်လာပြီ။ တကယ်လို့ နောင်အနာဂတ်မှာ တစ်ခုခုလိုအပ်တယ်ဆိုရင်၊ ကျွန်တော့်ကိုသာ လာရှာလိုက်ပါ “
“ ကျေးဇူးအများကြီးတင်ပါတယ် “
လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်သည်။
ယဲ့ချင်းချန်သည် ဦးညွတ်၍ အရိုအသေပေးကာ၊ ထွက်ခွာသွားတော့သည်။
သူသည် လုချန်ရှန်းကို စမ်းသပ်မှု အောင်မြင်သွားအောင် ကူညီခြင်းဖြင့် ဂိုဏ်း၏ စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်၍ မရပေ။
သို့ရာတွင် သူ့ဘာသာ အောင်မြင်သွားခဲ့သောကြောင့်၊ ကံတရားကြောင့်ဖြစ်စေ၊ တစ်ခြားသော အကြောင်းအရင်းကြောင့်ပင်ဖြစ်စေ၊ သူသည် လုချန်ရှန်းကို မည်သည့်နှောင့်ယှက်မှုမှ မခံစားရအောင် ကာကွယ်ပေးမည် ဖြစ်သည်။ ၎င်းမှာ သူ၏ စည်းမျဥ်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏စကားလုံးများသည် လူတော်တော်များများကို ဝက်ဝုတ္တိအလ်ကာဖြင့် သတိပေးခဲ့ပြီး၊ လှည့်ကွက်သုံးချင်နေသူများကို တားဆီးခဲ့သည်။
“ အစ်ကိုလု၊ ဂုဏ်ယူပါတယ်ဗျာ “
ယွဲ့မင်သည် အပြုံးအပြည့်ဖြင့် ရှေ့တက်လာခဲ့သည်။
လုချန်ရှန်းသည် မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်၊ သူသည် ထိုနေရာသို့ အမှန်တကယ် မသွားချင်ပေ။
သူသည် လော့ထျန်း၏ ဘေးတစ်ဖက်သို့ ချက်ချင်းသွားကာ၊ စကားပြောလိုက်သည် “ ဂိုဏ်းချုပ်၊ နတ်ကောင်းကင်ဂိုဏ်းနဲ့ စကားပြောပြီးတော့ ကျွန်တော့်ကို နှင်ထုတ်ခိုင်းလိုက်ပါလား။ ကျွန်တော်က ကျွန်တော်တို့ရဲ့ ကန်းယွင်ဂိုဏ်းဆီ ပြန်နေချင်တုန်းပဲ “
“ နတ်ကောင်းကင်ဂိုဏ်းကို မင်းလာချင်သလိုလာ၊ သွားချင်သလို သွားလို့ရတဲ့ ဟင်းရွက်ကန်စွန်းရွက်ဈေးလို့ ထင်နေတာလား “
လော့ထျန်း၏ အမူအရာ တင်းမာသွားခဲ့သည်။ တစ်ခြားလူများက ဤအခွင့်အရေးကို တောင့်တနေကြသော်လည်း၊ ထိုကောင်ကမူ လက်လျှော့ချင်နေခဲ့သည်။
“ ခင်ဗျားတို့ပဲ ကျုပ်ကို အတင်းအကြပ် သွားခိုင်းခဲ့တာလေ၊ အခုကျုပ်ကို ထွက်သွားခိုင်းလို့မရဘူးလေ။ အဲ့တာက အနိုင်ကျင့်နေတာပဲ မဟုတ်ဘူးလား “
လုချန်ရှန်းသည် လွန်စွာကူရာကယ်ရာမဲ့သွားခဲ့သည်၊ ယုတ္တိကော ရှိရဲ့လားကွာ
လူပြည့်အောင် ငါ့ကို သွားခိုင်းတယ်လို့ ပြောခဲ့ပြီးတော့ အခုတော့ ငါက ဒီနေရာမှာ ပိတ်မိနေပြီ
ဘိုးဘေးပြောသလိုမျိုး ငါ့ဆီမှာ အင်အားကြီး နောက်ခံတစ်ခုရှိနေတယ်ဆိုတာက တကယ်ကြီး မှန်နေတာလား
၎င်းကို တွေးမိသွားသောအခါတွင် ပိုင်ဂျန် သူ့ကို ကြည့်နေသည့် အကြည့်များက တစ်ခုခုလွဲနေသည်ဆိုသည်ကို သူအမှတ်ရသွားခဲ့သည်။
“ ဟူးး “ လော့ထျန်းသည် အသာအယာ သက်ပြင်းချနေတော့သည်၊ သူ၏ အမူအရာ ပျော့ပျောင်းသွားကာ စကားထပ်ပြောလာခဲ့သည် “ မင်းဆီမှာ ဒီလိုကံတရားမျိုး ရှိနေတယ်ဆိုတော့လည်း၊ သွားလိုက်ပါလေ။ မင်းအတွက် ဆိုးရွားတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ တကယ်လို့ နှစ်ဝက်အကြာမှာ လုပ်မဲ့ အကဲဖြတ်ပွဲမှာ ကျရှုံးသွားမယ်ဆိုရင်တော့၊ မင်းပြန်လာလို့ရတယ် “
“ ဘာအကဲဖြတ်ပွဲလဲ “
လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွား၏။
“ တပည့်အသစ်တွေက နှစ်ဝက်အကြာမှာ အကဲဖြတ်မှုတစ်ခု ခံယူရတယ်။ တကယ်လို့ မအောင်မြင်ဘူးဆိုရင်၊ မင်းပြန်ပို့ခံရလိမ့်မယ်။ မင်းဆိုရင်တော့ အောင်မှာ မဟုတ်ပါဘူးလေ။ နှစ်ဝက်လောက် အတွေ့အကြုံသွားယူတယ်လို့ မှတ်လိုက်ပေါ့ “
ရုတ်တရက်ဆိုသလိုပင် သူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။
သူသည် ဂိုဏ်းကို မထိခိုက်စေဘဲ မည်ကဲ့သို့ ပြန်ရမလဲဆိုသည်ကို တွေးတောစဥ်းစားနေခဲ့ခြင်းဖြစ်သည်၊ ယခုတွင်ကား ၎င်းက ထင်သလောက် မခက်ခဲတော့သည့်ပုံပင်။
“ ကောင်းတယ်၊ ဂိုဏ်းချုပ်၊ နှစ်ဝက်အကြာမှာ ပြန်တွေ့ကြမယ် “
“ မင်း …… “
လော့ထျန်း၏ အမူအရာ မည်းမှောင်သွားသည်၊ ထိုအကောင်သည် သွားပင်မသွားရသေးသော်လည်း၊ ပြန်လာရန်အတွက်ပင် စီစဥ်နေခဲ့ပြီ ဖြစ်သည်။ သူသည် ထိုအကောင်၏ ခေါင်းထဲတွင် မည်သည့်အရာများ ရှိနေလဲဆိုသည်ကို မသိပေ။
သို့သော် သူ၏အတွင်းစိတ်ထဲတွင်မူ သူတို့က ကောင်းမွန်သော အနာဂတ်တစ်ခုကို ရရှိပါစေဟု မျှော်လင့်နေလျက်ရှိသည်။ လုချန်ရှန်းကမူ ကံတရား၏ ဖေးမမှုကို ရရှိခဲ့မည်ဆိုလျှင်တောင်မှ၊ နဂါးတစ်ကောင်ကဲ့သို့ ဘုံကိုးဆင့်ကောင်းကင်ထက်သို့ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
“ ပြန်သွားပြီးတော့ ပြင်ဆင်တော့ “
လော့ထျန်းသည် စကားများများစားစား မပြောဘဲ၊ သူတို့ကို ဦးဆောင်သွားတော့သည်။
လူတိုင်း ပြန့်ကျဲသွားသည့်နောက်တွင်၊ တော်ဝင်မြို့တော်သည် အပူတပြင်း ဆွေးနွေးမှုတို့ဖြင့် ထပ်မံ၍ ပေါက်ကွဲထွက်လာခဲ့ပြန်သည်၊ သို့သော် ဤတစ်ကြိမ်တွင် လူပြောအများဆုံး ဖြစ်နေသော အကြောင်းအရာမှာ လုချန်ရှန်းသာလျှင် ဖြစ်နေခဲ့သည်။
သူ့ကို အထင်သေးခဲ့ကြသည့် လူများကပင် မနာလို အားကျဖြစ်သွားခဲ့သည်။
ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့ကပင် တစ်ခြားလူများက ဟင်းလင်းပြင် ပြဿနာကြောင့်၊ ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရစဥ်အချိန်တွင်၊ လုချန်ရှန်းမှာ အဆိုပါ အကြောင်းအရင်းများကြောင့် စမ်းသပ်မှုများကို ကျော်ဖြတ်ကာ၊ နောက်ဆုံးအယောက်သုံးဆယ်စာရင်းဝင် လူတစ်ဦး ဖြစ်လာခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုကဲ့သို့သော ကံတရားမျိုးသည် ကောင်းကင်ဘုံကို အမှန်ပင် ဆန့်ကျင်နေခြင်း ဖြစ်သည်။
လူတော်တော်များများသည် ဟင်းလင်းပြင် ပြဿနာ ရှိခဲ့ကြောင်းကို တဖြည်းဖြည်း သိလာခဲ့ကြသော်လည်း၊ ၎င်းက လုချန်ရှန်းနှင့်သက်ဆိုင်နေလိမ့်မည်ဟု မည်သူကမှ မချိတ်ဆက်မိကြပေ။
သူတို့၏ အိမ်များဆီသို့ ပြန်ရောက်သွားသောအခါတွင် နင့်မိသားစုမှာ ပို၍ပင် အားတက်သရော ဖြစ်နေခဲ့သည်။
လူတစ်ချို့သည် ကျိုးချင်ယုနှင့် နင့်ယုရှင်းအကြားမှ ကိစ္စကိုပင် အရိပ်အမြွက်ပြလာကြသည်။ နတ်ကောင်းကင်ဂိုဏ်းသို့ ရောက်ရှိသွားသောကြောင့်၊ သူသည် ပို၍ပင် လိုချင်စဖွယ်ကောင်းလာခဲ့သည်။
အကယ်၍ အခြေအနေများကသာ ခွင့်ပြုမည်ဆိုပါက၊ ယနေ့ညမှာပင် မဂ်လာဆောင်၍ မဂ်လာခန်းမအတွင်းသို့ ဝင်ရန်မှာ မဖြစ်နိုင်သော အရာမဟုတ်ပေ။
သို့ရာတွင် နင့်ယုရှင်းကမူ လုချန်ရှန်းကို ငေးကြည့်ကာ၊ သူမ၏စိတ်ထဲတွင် မေးခွန်းတစ်ခု ဖြစ်တည်လာခဲ့သည်။
သူက ကံတရားကြောင့်ပဲ အောင်မြင်သွားခဲ့တာလား
သို့သော် လုချန်ရှန်းကမူ သူ၏ အိပ်ခန်းဆီသို့ ပြန်ကာ၊ ဘာဆက်လုပ်ရမလဲဆိုသည်ကို တွေးတောစဥ်းစားနေခဲ့သည်။
ထိုအချိန်တွင် ရှောင်ဟေးမှ စကားစပြောလာခဲ့သည် “ တကယ်တော့ နတ်ကောင်းကင်ဂိုဏ်းက မင်းအတွက် ပိုကောင်းတဲ့ ရွေးချယ်မှုတစ်ခုပဲ။ တကယ်လို့ မင်းသာဆန္ဒရှိမယ်ဆိုရင်၊ အင်မော်တယ် မြင့်မြတ်နယ်မြေကို အကြံပြုတယ်။ အဲ့မှာက မင်းအတွက် ပိုပြီးတော့ ကျယ်ပြောတဲ့ ကမ္ဘာတစ်ခု ရှိနေလိမ့်မယ်။ ဘာလို့ ဒီယွဲ့ပြည်ထောင်လို နေရာသေးသေးလေးမှာ နေနေရတာလဲ “
“ ကမ္ဘာပိုကြီးလေလေ၊ အန္တရာယ်ပိုများလေလေပဲ။ ရှေးခေတ်ကနေ အခုလက်ရှိ အချိန်အထိ၊ ပါရမီရှင် အများကြီး ပေါ်ထွက်လာခဲ့တယ်၊ တော်တော်များများကလည်း သူတို့ရဲ့ ကျင့်ကြံရေး လမ်းကြောင်းပေါ်မှာ သေသွားကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ထင်ပေါ်ကျော်ကြားလွန်းတာကြောင့်ပဲ။ မြင့်မြတ်နယ်မြေတစ်ခုကတောင်မှ သူတို့ကို မကာကွယ်ပေးနိုင်ဘူး “
လုချန်ရှန်းသည် လေးလေးနက်နက်ဖြစ်နေသော အမူအရာမျိုးဖြင့် ပြန်ပြောလိုက်သည်။
ရှောင်ဟေးသည် ၎င်းကို မငြင်းပယ်လိုက်ပေ။ တောအုပ်အတွင်းမှ ချွန်ထွက်နေသည့် သစ်ပင်သည် လေထု၏ ဖျက်စီးခြင်းကို ခံလိုက်ရမည် ဖြစ်သည်၊ ၎င်းမှာ ရှေးခေတ်ကတည်းက တည်ရှိလာသည့် နိယာမ(သို့) သံသရာတစ်ခု ဖြစ်သည်။
“ ဒါပင်မဲ့ အကြောက်လွန်ပြီးတော့ တွန့်ဆုတ်တွ့န်ဆုတ် ဖြစ်နေမယ်ဆိုရင်၊ ဘာလို့ ကျင့်ကြံနေမှာလဲ။ ရှေ့ဆက်မသွားဘူးဆိုရင်၊ အင်မော်တယ်တာအိုရဲ့ ကြီးမြတ်မှုကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ “
“ ငါရှာနေတာက အသက်ရှည်တာကွ၊ ကြီးမြတ်တာတွေ ဂုဏ်ကျက်သရေတွေ မဟုတ်ဘူး “
ရှောင်ဟေး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သို့ရာ၌ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူစကားထပ်ပြောလာခဲ့သည် “ အရမ်းကောင်းတယ်၊ လူတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှု ရှိတယ်။ ဒါဆိုရင်လည်း မင်းရဲ့ သဘောအတိုင်းပဲပေါ့ကွာ။ ဒါပင်မဲ့ သဘောတူညီချက်အရ ပုလဲအရင်းအမြစ် ရအောင် ငါမင်းကို ကူညီပေးခဲ့တယ်၊ မင်းကလည်း ငါ့အတွက် စိတ်ဝိညာဥ်ဆေးတစ်ချို့ ပြန်ရှာပေးသင့်တယ် “
“ မင်းက ဘယ်လိုဆေးမျိုးကို လိုချင်တာလဲ။ ဖော်စပ်နည်း ရှိလား “
“ မင်းဘာကိုဆိုလိုတာလဲ “
လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ သူတို့ကို ဝယ်တာက တော်တော်လေး ဈေးကြီးတယ်လေ။ မင်းအတွက် ငါလုပ်ပေးမှာပေါ့ကွ။ အဲ့တာက ငွေချွေတာရာရောက်ပြီးတော့ လုံခြုံဘေးကင်းတယ် “
“ မင်းက ဆေးပါလုပ်နိုင်တာလားဟ “
ရှောင်ဟေးသည် ထပ်မံ၍ အံ့ဩသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ပိုင်ဂျန်နှင့် လုရွှမ်တို့သည် အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးသည့်နောက်တွင်၊ ဂိုဏ်းသို့ သတင်းပို့လိုက်သည်။
ပိုင်ဂျန်သည် ပို့ဆောင်ရေးအဆောင်ကို ထုတ်ယူကာ၊ သက်လတ်ပိုင်းလူထံသို့ သတင်းပို့လိုက်သည်။
“ ဂျူနီယာ သိုင်းပညာဦးလေး၊ ယွဲ့ပြည်ထောင်ရဲ့ လူရွေးပွဲ ပြီးသွားပါပြီ ……… “
ထိုစကားကို ကြားလိုက်ရသောအခါတွင် တစ်ဖက်လူမှ ပြန်ပြောလာခဲ့သည် “ ဒီလောက်တောင် မြန်တာလား “
“ ဂိုဏ်းက စုံစမ်းစစ်ဆေးခဲ့ပြီးတော့ အထဲမှာ ပြဿနာတွေ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ အခြေအနေက တော်တော်လေး ပြင်းထန်ပါတယ် “ ပိုင်ဂျန်သည် တလေးတနက်ဖြစ်နေသော အမူအရာမျိုးဖြင့် ပြောပြာနေခဲ့သည်။
တာဝန်ခံတစ်ဦးဖြစ်သည့်အလျောက် ပြဿနာတစ်ခုခု ပေါ်လာခဲ့မည်ဆိုပါက၊ သူသည် မလွဲမသွေ တာဝန်ယူရလိမ့်မည် ဖြစ်သည်။
တစ်ဖက်လူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ ပြန်ပြောလာခဲ့သည် “ ဘယ်လောက် ပြင်းထန်လို့လဲ “
“ ပုလဲအရင်းအမြစ် ပျောက်သွားပါတယ်၊ လူရွေးပွဲလည်း ဖရိုဖရဲဖြစ်သွားပါတယ်၊ ပြီးတော့ နယ်နိမိတ်နံရံ/နယ်မြေအကာအရံတွေထဲက တစ်ခုမှာလည်း အက်ကြောင်းတစ်ခု ရှိနေပါတယ်၊ အဲ့တာက ပွင့်ထွက်လုနီးပါး ဖြစ်နေတာပါ၊ အဲ့လူပဲ လုပ်ခဲ့တာ ထင်ပါတယ် “
“ သူက နယ်မြေအကာအရံကို ရိုက်ချိုးချင်နေတာလား။ သူဘာလုပ်ချင်နေတာလဲ “ သက်လတ်ပိုင်းလူ၏ အသံမှာ ပိုမိုလေးလံလာခဲ့သည်။
ပိုင်ဂျန်မှာလည်း မည်ကဲ့သို့ ပြန်ဖြေရမှန်းမသိ ဖြစ်သွားခဲ့သည်။
ဤကိစ္စကို ဂိုဏ်းကို နိုးနိုးကြားကြား ဖြစ်သွားစေခဲ့ပြီး၊ လူတော်တော်များများက စုံစမ်းစစ်ဆေးနေကြပြီ ဖြစ်သည်။
နှစ်ဖက်စလုံးသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
တစ်ခဏအကြာတွင် ပိုင်ဂျန်မှ စကားထပ်ပြောလိုက်သည် “ ဂျူနီယာ သိုင်းပညာဦးလေး၊ နောက်တစ်ခု ရှိနေပါသေးတယ် “
“ ဘာလဲ “
“ ကန်းယွင်ဂိုဏ်းက လူလေးယောက်က စမ်းသပ်ပွဲကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်၊ ချင်းယွင်တောင်ထွဋ်က လူသုံးယောက်စလုံး အောင်မြင်သွားပါတယ် “
“ တကယ်လား “
“ ဟုတ်ပါတယ် “ ထိုလူ့၏ အသံတွင် အံ့အားသင့်မှုအရိပ်အငွေ့များ ပါဝင်နေခဲ့သည်။
ပိုင်ဂျန်သည် သူ၏ဂျူနီယာ သိုင်းပညာဦးလေးက ထိုသုံးဦးကို မည်သည့်အတွက်ကြောင့် အာရုံစိုက်နေရလဲဆိုသည်ကို မသိပေ။
“ ဂျူနီယာသိုင်းပညာ ဦးလေး၊ သူတို့သုံးယောက်ကို ဘာလို့ ဒီလောက်တောင် တန်ဖိုးထားနေရတာလဲဗျ။ အဲ့ဒီကျိုးချင်ယုက တကယ်ထူးခြားပါတယ်၊ သူ့ရဲ့အနာဂတ်အောင်မြင်မှုတွေက ခန့်မှန်းရခက်တယ်။ ယဲ့တျန်ရီရဲ့ စွမ်းရည်ကလည်း ကောင်းတယ်၊ ဒါပင်မဲ့ ဂိုဏ်းမှာ အဲ့လိုတပည့်မျိုးတွေ မရှိဘူးလေ၊ လုချန်ရှန်းကတော့ …… “
ပိုင်ဂျန်သည် ဆက်မပြောနိုင်တော့ပေ။
လုချန်ရှန်း၏ ဂုဏ်သတင်းသည် လူများကို မခံမရပ်နိုင်ဖြစ်သွားစေလောက်သည်အထိ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
သူကိုယ်တိုင်ကပင် တစ်ခြားလူများကို လိုက်လံမေးမြန်းကာ၊ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ သို့သော် သူ၏ ဂျူနီယာသိုင်းပညာ ဦးလေးကမူ ထိုကဲ့သို့သော လူမျိုးကို လွန်စွာတန်ဖိုးထားနေခဲ့သည်။
“ ထပ်မေးနေဖို့ မလိုအပ်ဘူး၊ ငါအဲ့ဟင်းလင်းပြင်ထဲ ဝင်ခဲ့တယ်ဆိုတာကို လျှောက်ပြောနေလို့ မရဘူးနော်။ အခုငါက ဂိုဏ်းကို ပြန်နေပြီ။ ကိစ္စတစ်ခုခု ဖြစ်လာမယ်ဆိုရင်၊ ငါနဲ့ပြန်တွေ့မဲ့ အချိန်အထိ စောင့်နေ “
“ ဟုတ်ကဲ့ “
ပိုင်ဂျန်သည် ဇဝေဇဝါ ဖြစ်သွားသော်လည်း၊ မနာခံဘဲ မနေဝံ့ချေ။
သိပ်မကြာခင် အချိန်မှာပင် ပိုင်ဂျန်နှင့် တစ်ခြားလူများသည် လူတိုင်းကို စုစည်းစေလိုက်ကာ၊ နတ်ကောင်းကင်ဂိုဏ်းသို့ သွားရန် ပြင်ဆင်နေတော့သည်။
အင်အားစု အမျိုးမျိုး၏ မျက်လုံးများအတွင်းတွင် မနာလိုအားကျမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
နတ်ကောင်းကင်ဂိုဏ်းသည် သူတို့ကို လက်ခံရန်အတွက် ပို့ဆောင်ရေး အစီအရင်တစ်ခုကို အသက်သွင်းနေခဲ့သည်။
လော့ထျန်းသည် တပည့်လေးဦးကို လိုက်ပို့ကာ၊ ငေးငေးငိုင်ငိုင် ဖြစ်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် ကျန်ရှိနေသည့် တပည့်များကို ဦးဆောင်ကာ၊ ကန်းယွင်ဂိုဏ်းသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ဤတစ်ကြိမ်မှာ မထင်မှတ်ထားသော အရာများ ဖြစ်နေခဲ့သည်။ သတင်းများက ကန်းယွင်ဂိုဏ်းသို့ ရောက်လာခဲ့သည့် အချိန်တွင်၊ ဂိုဏ်းတစ်ခုလုံး အံ့ဩတုန်လှုပ်သွားကြသည်၊ ဘိုးဘေးကပင် ဂဏာမငြိမ်ဖြစ်သွားခဲ့သည်။
တစ်ကြိမ်တည်း လေးဦးအောင်မြင်သွားခြင်းမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးသော ကိစ္စတစ်ရပ် ဖြစ်သည်။
အထူးသဖြင့် လုချန်ရှန်းဖြစ်ပြီး၊ သူ၏အောင်မြင်မှုသည် လူတိုင်းကို မယုံကြည်နိုင် ဖြစ်သွားစေခဲ့သည်။
ထိုမျှကြီးမားသော အခွင့်အလမ်းကို ရရှိရန်အတွက် မည်ကဲ့သို့သော ကံတရားမျိုးကို လိုအပ်မည်နည်း။ သို့ရာတွင် ထိုလူလေးဦးကြောင့်ပင်၊ ကန်းယွင်ဂိုဏ်းသည် ကျင့်ကြံရေး အရင်းအမြစ် အများအပြားနှင့် ကာကွယ်မှုတို့ကို ရရှိကာ၊ ယွဲ့ပြည်ထောင်အတွင်းရှိ သူတို့၏ အဆင့်အတန်းမှာလည်း ဆက်လက်၍ အဓွန့်ရှည် တည်တံ့သွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းမှတစ်ပါး လူတိုင်းပျော်ရွှင်နေကြသည်။