အခန်း (၆၇-၆၉)
Vol. 5 Ch. 67-69
အပိုင်း ( 67 )
လုချန်ရှန်း
ယွဲ့ပြည်ထောင်အပြင်ဘက် မိုင်ပေါင်းများစွာအကွာတွင်
နတ်တောင်တန်းများနှင့် လှပသော ရေကန်တို့၏ ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်းတစ်ခုသည် လူတိုင်း၏ အမြင်အာရုံအတွင်းသို့ ရောက်ရှိလာခဲ့သည်။
၎င်းသည် နတ်ကောင်းကင်ဂိုဏ်းဖြစ်ပြီး၊ လုရွှမ်သည် ဤနေရာသို့ လူတိုင်းကို ခေါ်ဆောင်လာခဲ့သည်။
အားလုံးသည် ခံ့ညားထည်ဝါကာ၊ မှော်ဆန်သော တောင်တံခါးဝ၊ မြင့်မားလွန်းလှသော ခန်းမကြီးများနှင့်၊ နတ်တောင်တန်းကြီးများကို ကြည့်ကာ၊ အံ့ဩတကြီး ဖြစ်သွားကြသည်။
သူတို့၏ ယခင်ကဂိုဏ်းသည် ဤနေရာကို မည်သို့မျှ မယှဥ်နိုင်ပေ။
ဤနေရာ၏ ဝိညာဥ်ချီသိပ်သည်းမှုမှာလည်း လုံးဝပြိုင်ဘက်ကင်းနေခဲ့သည်၊ ယခင်က သူတို့ နေထိုင်ခဲ့သည့် နေရာများသည် တောဇနပုဒ်သာသာမျှသာ ဖြစ်နေခဲ့သည်။
အဖွဲ့သားများ စိတ်လှုပ်ရှားစွာဖြင့် စိတ်ဓာတ်တက်ကြွနေစဥ်အချိန်တွင်၊ လုချန်ရှန်းသည် သူတို့လာရာလမ်းကို ပြန်လှည့်ကြည့်ကာ၊ သက်ပြင်းတချချ ဖြစ်နေခဲ့သည်။
“ မိုင်ဘယ်လောက်တောင် ဝေးကွာနေမလဲဆိုတာကို ဘယ်သူက သိမှာလဲ။ ငါက ဘယ်အချိန်မှ ပြန်သွားနိုင်မှာလဲ “
ရှောင်ဟေး ဆွံ့အသွားခဲ့သည်။
ထို့နောက်၌ လုရွှမ်၏ စီစဥ်ပေးမှုအောက်တွင် အားလုံးသည် တောင်တံခါးဝကို ကျော်ဖြတ်ကာ၊ နတ်ကောင်းကင်ဂိုဏ်း၏ အပြင်စည်းထံသို့ ရောက်ရှိလာခဲ့သည်၊ သူတို့တစ်ဦးချင်းစီတိုင်းသည် နေထိုင်ရန်နှင့် ကျင့်ကြံရန်အတွက် အင်မော်တယ်ဂူတစ်ခုစီ ရရှိခဲ့ကြသည်။
စည်းမျဥ်းစည်းကမ်းများအရ၊ ပြည်ထောင်ပေါင်းစုံမှ လူရွေးပွဲများ ပြီးမြောက်သွားသည်နှင့်တစ်ပြိုင်နက်၊ လူတိုင်း စုဝေးကြရမည် ဖြစ်သည်၊ ထိုအချိန်တွင် အဖွဲ့အသီးသီးမှ အကြီးအကဲများသည် သူတို့သဘောကျနှစ်သက်သည့် တပည့်များကို ရွေးချယ်ကြမည် ဖြစ်သည်။
အားအနည်းဆုံးသော အကြီးအကဲများကပင် မွေးရာပါ ဝိညာဥ်အဆင့်သို့ ရောက်ရှိနေကြသည်၊ မွေးရာပါ ဝိညာဥ်နယ်ပယ်အလွန်မှ အစွမ်းထက် ပညာရှင်တို့မှာလည်း မည်သို့မျှ မရှားပါးမပြတ်လပ်နေခဲ့ပေ။
နတ်ကောင်းကင်ဂိုဏ်း၏ အရှင်သခင်လေးပါးကသာ တပည့်တစ်ဦးကို မျက်စိကျသွားပြီး၊ သူတို့၏ တပည့်များအဖြစ် လက်ခံခဲ့မည်ဆိုပါက၊ ထိုလူသည် ရွှံ့နွံအတွင်းမှ လွတ်မြောက်ကာ၊ ကောင်းကင်ဘုံပေါ်သို့ အမှန်တကယ် တက်လှမ်းနိုင်သွားမည် ဖြစ်သည်။
သို့ရာတွင် ထိုကဲ့သို့သော ဖြစ်ရပ်များကမူ လွန်စွာ ရှားပါးနေခဲ့သည်။
လုချန်ရှန်းသည် ထိုကဲ့သို့ ဖြစ်လာပါစေဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ၊ တစ်ဖက်လူက အစွမ်းပိုထက်လေလေ၊ သူက လုံခြုံဘေးကင်းမှု မရှိဘူးဟု ပိုမိုခံစားလာရလေလေ ဖြစ်နေခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် မည်သူကမှ သူနှင့် ပတ်သက်၍ အကောင်းမြင်ပုံမရပေ။
ယခုတွင်ကား သူသည် နှစ်ဝက်တိတိ တိတ်ဆိတ်ငြိမ်သက်နေရုံသာ လိုအပ်သည်၊ ထို့နောက်တွင် သူသည် အထုတ်အပိုးသိမ်းကာ အိမ်ပြန်မည် ဖြစ်သည်။ အခါအခွင့်သင့်ပါက၊ ပစ္စည်းတစ်ချို့ကိုပါ ပြန်လည်ယူဆောင်သွားမည် ဖြစ်သည်။
ထို့အပြင် ဤနေရာ၏ ဝိညာဥ်ချီသည် ကန်းယွင်ဂိုဏ်းထပ် အဆပေါင်းများစွာ ပိုမိုသိပ်သည်းနေလျက်ရှိပြီး၊ အမျိုးမျိုးသော အခွင့်အလမ်းများနှင့် ပေါင်းစည်းလိုက်မည်ဆိုပါက၊ သူ၏ကျင့်ကြံရေးမှာ မြန်မြန်ဆန်ဆန် မြင့်တက်လာလိမ့်မည် ဖြစ်သည်။
ညွှန်ကြားချက်များကို ပေးခဲ့ပြီးသည့်နောက်တွင် လုရွှမ်သည် လူတိုင်းကို အနားယူရန် ပြောခဲ့သည်။
ယဲ့ချင်းချန်ကြောင့် လုချန်ရှန်းသည် ဝိညာဥ်ချီပိုမိုသိပ်သည်းသည့် အင်မော်တယ်ဂူကို အရယူနိုင်ခဲ့သည်။
“ စီနီယာအစ်ကိုလု၊ ဒီနေရာမှာ စိတ်ချလက်ချ နားလို့ရတယ်။ တကယ်လို့ တစ်ခုခုလိုအပ်တယ်ဆိုရင်၊ ကျွန်တော့်ကိုသာ လာရှာလိုက်ပါ “
“ အိုကေ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
ဤအချိန်တွင် အားလုံးသည် အတော်လေး စိတ်ရှားနေကြကာ၊ နောက်ရက်အနည်းငယ် အကြာတွင် ပြုလုပ်မည့် တပည့်ရွေးချယ်ပွဲ အခမ်းအနားကို စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေကြတော့သည်။
လုချန်ရှန်းကမူ ချက်ချင်းတင်ပျဥ်ခွေထိုင်ကာ၊ စတင်၍ ကျင့်ကြံနေတော့သည်။ သူသည် ဤမျှ သိပ်သည်းသော ဝိညာဥ်ချီများကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
သာမန်လူများက ဝိညာဥ်ချီကို စုပ်ယူကာ၊ ကျင့်ကြံရမည့် နယ်ပယ်ကို နားလည်ရန် လိုအပ်သော်လည်း၊ လုချန်ရှန်းကမူ သူ၏ရုပ်ခန္ဓာ(သို့) စွမ်းရည်ကြောင့်လားဆိုသည်ကို မသိရသော်လည်း၊ ကျင့်ကြံရေးနယ်ပယ်ကို နားလည်ဆင်ခြင်ရန် မလိုအပ်ဘဲ၊ ဝိညာဥ်ချီကို စုပ်ယူရန်သာ လိုအပ်နေခဲ့သည်။
နောက်ရက်အနည်းငယ်အကြာအထိ နတ်ကောင်းကင်ဂိုဏ်း၏ အပြင်စည်းမှာ စည်ကားသိုက်မြိုက်နေခဲ့သည်၊ သက်ဆိုင်ရာ နယ်မြေများတွင် စမ်းသပ်မှုများကို ကျော်ဖြတ်ခဲ့ပြီးသည့်နောက်၌၊ ပြည်ထောင်အသီးအသီးမှ လူများ ဆက်တိုက်ရောက်ရှိလာကြသည်။
ဤကာလအတွင်းတွင် လူတော်တော်များများ၏ ဂုဏ်သတင်းများ ထင်ရှားလာခဲ့သည်။
ထိုလူများအနက် ကျိုးချင်ယုကဲ့သို့သော လူများကမူ အနည်းငယ်မျှသာ ရှိနေခဲ့သည်။
အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ဟွမ်ရှန်းဟု အမည်ရသည့် အမျိုးသမီးတစ်ဦးသည် အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်သို့ ရောက်ရှိနေခဲ့သည်။ သူမသည် ကျိုးချင်ယုထပ်ပင် ပိုမိုငယ်ရွယ်နေပြီး၊ ထိုကဲ့သို့သော တောကြိုအုံကြားနေရာမှာပင် ထိုအဆင့်သို့ ရောက်နေသည့်အတွက် သူမ၏စွမ်းရည်မှာလည်း အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။
အသက်သုံးဆယ်အရွယ်ဖြင့် အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေသည့် နောက်ထပ်လူတစ်ဦး ရှိနေခဲ့သည်။ သူသည် အစွမ်းထက် ခန္ဓာကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။ သူ၏ရုပ်ခန္ဓာမှာ အမှန်ပင် ပြိုင်ဘက်ကင်းနေခဲ့ပြီး၊ အဆင့်တူမှ ရွယ်တူများကို ဖိနှိပ်နေနိုင်ခဲ့သည်။
သူသည် သူ၏ ရုပ်ခန္ဓာစွမ်းအားဖြင့် အရာအားလုံးကို ကျော်လွှားနိုင်ခဲ့ပြီး၊ ရှုံးနိမ့်ခြင်းကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရပေ။
ခန္ဓာကျင့်ကြံသူများ၏ ကျင့်ကြံရေး အခက်အခဲသည် ဓားတာအိုကျင့်ကြံသူများလောက် ခက်ခဲမနေခဲ့ပေ၊ သို့သော် ၎င်းသည် သာမန်လူများ မယှဥ်နိုင်သည့် အရာတစ်ခုဖြစ်သောကြောင့် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာခဲ့သည်။ တပည့်ရွေးချယ်ခြင်း အခမ်းအနား မစတင်သေးသော်လည်း၊ လူတော်တော်များများသည် တပည့်များအတွက် စတင်၍ လေ့လာစောင့်ကြည့်နေကြပြီ ဖြစ်သည်၊ တစ်ချို့လူများသည် သိုင်းပညာ ကျင့်ဝတ်များကို လျစ်လျူရှုကာ၊ သံလွင်ခက်များကိုပင် ကမ်းပေးနေကြပြီ ဖြစ်သည်။ ( စည်းရုံးတယ်ဆိုတဲ့ သဘောပါ )
အားလုံးသည် သူတို့၏ အမွေအနှစ်များကို လက်ဆင့်ကမ်းပေးရန်အတွက် တပည့်အနည်းငယ်မျှ ခေါ်ယူချင်နေကြသည်။
လုချန်ရှန်းသည် ထိုကိစ္စများကို လုံးဝလျစ်လျူရှုထားကာ၊ အင်မော်တယ်ဂူအတွင်းမှာပင် ကျင့်ကြံနေခဲ့သည်။ သူ၏အမြင်တွင် သူ့စီနီယာအစ်ကိုကြီး၏ တံခါးဝကို လူတော်တော်များများက လာခေါက်ထားခဲ့ပြီးပြီ ဖြစ်သည်။
အကယ်၍ မထင်မှတ်ထားသော ကိစ္စများ မဖြစ်ထားဘူးဆိုပါက၊ သူသည် နောင်အနာဂတ်တွင် သူ၏ စီနီယာအစ်ကိုကြီးက သူ့အား ကာကွယ်ပေးလာမည်ကို စောင့်ဆိုင်းနေရုံသာ လိုအပ်ပေသည်။
သို့ရာတွင် ဤကာလအတွင်းမှာပင် ယဲ့ချင်းချန်သည် အဘိုးအိုတစ်ဦးနှင့်အတူ သူ့ကို လာရှာခဲ့လေသည်။
“ စီနီယာအစ်ကိုလု၊ ဒါက အကြီးအကဲ မော့ရင်ပါ “ ယဲ့ချင်းချန်မှ မိတ်ဆက်ပေးလာခဲ့သည်။
၎င်းသည် ဆံပင်နှင့် မုတ်ဆိတ်မွှေးများ ဖြူဖွေးနေကာ၊ အပြုံးတစ်ခုကို ဆင်မြန်း၍ သူ့အား ကြင်နာစွာ ငေးကြည့်နေခဲ့သည်။
လုချန်ရှန်းသည် အရိုအသေပေးကာ၊ မေးမြန်းလိုက်သည် “ အကြီးအကဲက တစ်ခုခု လိုအပ်တာရှိလို့လား “
မော့ရင်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ယဲ့ချင်းချန်မှ စကားထပ်ပြောလာခဲ့သည် “ စီနီယာအစ်ကိုလု၊ အကြီးအကဲက တပည့်လက်ခံတဲ့ ကိစ္စကြောင့် ဒီကိုရောက်လာခဲ့တာ။ သူက မင်းနဲ့ ကိစ္စတစ်ချို့ ဆွေးနွေးချင်နေတယ် “
“ တပည့်လက်ခံတာလား။ ဆွေးနွေးမှာလား “
လုချန်ရှန်း အံ့ဩတုန်လှုပ်သွားပြီး၊ အဆိုပါ အဘိုးအို၏ မျက်လုံးများကို အလိုအလျောက် လှည့်ကြည့်မိသွားခဲ့သည်၊ သူက ကန်းနေတာလား။ ငါ့ကို တကယ်ကြီး သဘောကျနေတာလားဟ
မော့ရင်သည် သူ့ကို ကြည့်ကာ အပြုံးဖြင့် ပြောလာခဲ့သည် “ မိတ်ဆွေလေး၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်၊ လအရှင်သခင်က မင်းရဲ့ စီနီယာအစ်ကို ကျိုးချင်ယုကို သဘောတွေ့နေပြီးတော့ သူ့ကို သူမရဲ့ တပည့်အဖြစ် ခေါ်ချင်နေတယ်။ မင်းဘယ်လိုထင်လဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် မိန်းမောကာ၊ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ အကယ်၍ သူ၏ စီနီယာအစ်ကိုကြီးကသာ လအရှင်သခင်၏ တပည့်ဖြစ်သွားမည်ဆိုပါက၊ သူက ယွဲ့ပြည်ထောင်တစ်ခုလုံးတွင် ဘေးတိုက်သွားနိုင်ပြီ မဟုတ်ပါလော။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည် “ အဲ့တာက ကိစ္စကောင်းတစ်ခုပါပဲ။ ဒါပင်မဲ့ အကြီးအကဲက သူ့ဆီမသွားပဲနဲ့၊ ဘာလို့ ကျွန်တော့်ကို လာမေးနေရတာလဲဗျ “
မော့ရင်နှင့် ယဲ့ချင်းချန်တို့သည် စိတ်ညစ်သွားသော အမူအရာဖြင့် အကြည့်များ ဖလှယ်လိုက်ကြသည်။
ယဲ့ချင်းချန်မှ စကားထပ်ပြောလာခဲ့သည် “ စီနီယာအစ်ကိုလု၊ ရိုးရိုးသားသား ပြောရမယ်ဆိုရင်၊ ငါတို့က သူ့ကို မေးခဲ့ပြီးပြီ၊ ဒါပင်မဲ့ သူက ငါတို့ကို ငြင်းခဲ့တယ် “
“ ဘာလို့လဲ “
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ အဲ့တာက အရှင်သခင်လေးပါးထဲက တစ်ပါးဖြစ်တဲ့ လအရှင်သခင်လေဟ။ သူမရဲ့ တပည့်မဖြစ်ချင်တဲ့ လူဆိုတာ ရှိလို့လားဟ။
“ နတ်ကောင်းကင်ဂိုဏ်းရဲ့ တပည့်ရွေးချယ်မှုမှာက နည်းလမ်းနှစ်ခုရှိတယ်။ မင်းရဲ့ စီနီယာအစ်ကိုက မင်းတို့သုံးယောက်လုံးကို သူမက လက်ခံမှ တပည့်အဖြစ် လက်ခံမယ်တဲ့ “
လုချန်ရှန်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်။ စီနီယာအစ်ကိုက ဒီလိုအချိန်မျိုးမှာတောင် ငါ့အတွက် တွေးပေးနေတယ်ပေါ့
သို့ရာတွင် လွန်ခဲ့သော ဆယ်နှစ်က နာကျင်ဖွယ်ကောင်းသော သင်ခန်းစာတစ်ခုကို ကြုံတွေ့ခဲ့သောကြောင့်၊ သူသည် တပည့်ဖြစ်ရသည့် အယူအဆကို မုန်းတီးနေခဲ့သည်။
သို့သော် သူ၏စီနီယာအစ်ကိုကပါ ထိုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
တစ်နည်းဆိုရသော် ကျိုးချင်ယုကို လိုချင်သည်ဆိုပါက၊ သူတို့သည် သူ့ကို အရင်ခေါ်ရမည် ဖြစ်သည်။
ယဲ့တျန်ရီက မဆိုးလှသော်လည်း၊ သူကိုယ်တိုင်ကမူ …….
ယဲ့ချင်းချန်သည် စိတ်ညစ်နေသော အမူအရာမျိုးဖြင့် စကားထပ်ပြောလာခဲ့သည် “ စီနီယာအစ်ကိုလု၊ ဂိုဏ်းမှာက လူတစ်ယောက်ချင်းစီတိုင်းက လက်ခံနိုင်တဲ့ တပည့်အရေအတွက်ကို ကန့်သတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ ရှိတယ်၊ အဲ့တာကြောင့် …… “
“ ငါနားလည်တယ်၊ ငါသူ့ကို သွားပြီးတော့ ဖျောင်းဖျလိုက်မယ် “ လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်သည်။
မော့ရင် အံ့အားသင့်သွားခဲ့သည်။ အစတွင် သူသည် လုချန်ရှန်းက ၎င်းကို အသုံးပြုကာ၊ လအရှင်သခင်၏ တပည့်ဖြစ်ရန် ကြိုးပမ်းလာလိမ့်မည်ဟု ထင်နေခဲ့သည်၊ သူမက အရှင်သခင်လေးပါးအနက်မှ တစ်ပါးဖြစ်သောကြောင့်၊ မည်သူက ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို တောင့်ခံနိုင်လိမ့်မည်နည်း။
သူသည် အလှဲအလှယ်တစ်ခုကို အံကြိတ်၍ လက်ခံခေါင်းငြိမ့်ရန်အတွက်ပင် ပြင်ဆင်ထားခဲ့ပြီးပြီ ဖြစ်သည်၊ သို့သော် ဤလူငယ်လေးက ၎င်းကို နားလည်ပေးလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။
၎င်းသည် သူက လုချန်ရှန်းကို အမြင်သစ်တစ်မျိုးဖြင့် မြင်တွေ့သွားစေခဲ့သည်၊ အကယ်၍ သူ၏ စွမ်းရည်များက အနည်းငယ် ဆိုးရွားနေမည်တောင်မှ ကိစ္စမရှိပေ။ ထိုကဲ့သို့သော စိတ်နှလုံးသားမျိုးက လွန်စွာရှားပါးနေသောကြောင့် သူ့ကို တပည့်အဖြစ် လက်ခံခြင်းမှာ မဖြစ်နိုင်သော အရာ မဟုတ်ပေ။
ယဲ့ချင်းချန်မှာလည်း အံ့အားသင့်သွားခဲ့သည်၊ လုချန်ရှန်းအပေါ်တွင် ရှိနေသည့် သူ၏လေးစားမှုမှာ ပိုမိုနက်ရှိုင်းသွားခဲ့သည်။
“ အခုပဲ သွားလိုက်မယ် “
လုချန်ရှန်းသည် ထိုကဲ့သို့ပြောကာ ထွက်သွားရန် ပြင်လိုက်သည်။
သို့ရာတွင် မော့ရင်မှ သူ့ကို တားဆီးလာခဲ့သည် “ မလောပါနဲ့။ ဒီကိုရောက်လာခဲ့ပြီးတဲ့နောက်မှာ၊ မင်းရဲ့ စီနီယာအစ်ကိုက ဉာဏ်အလင်းရသွားတဲ့အတွက် တံခါးပိတ်ကျင့်ကြံနေတယ်။ သူ့ကို မနှောင့်ယှက်ပါနဲ့ဦး “
“ ကောင်းပြီလေ “
နတ်ကောင်းကင်ဂိုဏ်းက သူ့ကို အလွန်တရာ တန်ဖိုးထားသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဓားတာအို၏ အဆင့်၇ကို နားလည်ထားသော ဓားကျင့်ကြံသူတစ်ဦးမှာ အမှန်ပင် ရှားပါးလွန်းနေခဲ့သည်။ ထို့အပြင် သူတို့သည် သူ၏စီနီယာအစ်ကိုကြီးက သူ့အား အတော်လေး ဂရုစိုက်သည်ဆိုသည်ကို သိနေပုံရသည်၊ ထို့ကြောင့်သာလျှင် သူ့ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူ၏ဖျောင်းဖျပေးမှုနှင့်သာဆိုပါက အောင်မြင်ရန်များသည်။
တစ်ခဏ အကြာတွင် ထိုလူနှစ်ဦး ထွက်ခွာသွားခဲ့သည်၊ လုချန်ရှန်းသည် သူ၏စီနီယာအစ်ကိုအား မည်ကဲ့သို့ ဆွဲဆောင်ရမလဲဆိုသည်ကို စတင်၍ တွေးတောစဥ်းစားနေတော့သည်။ အကယ်၍ ယဲ့တျန်ရီကိုပါ စီစဥ်ပေးနိုင်ခဲ့မည်ဆိုပါက၊ ပိုကောင်းသွားလိမ့်မည် ဖြစ်သည်။
သို့သော် နောက်နှစ်ရက်အထိ သူ့ထံသို့ လူများ အဆက်မပြတ် လာလည်နေခဲ့သည်၊ ထိုလူများအနက် ထင်ရှားသော ပညာရှင်များနှင့် ဓားကျင့်ကြံသူများပင် ပါဝင်နေခဲ့သည်။
သူတို့အားလုံး၏ ရည်ရွယ်ချက်မှာ ကျိုးချင်ယုပင် ဖြစ်နေခဲ့သည်။
လုချန်ရှန်းသည် ကူရာကယ်ရာမဲ့သွားကာ၊ အခြေအနေကို ရှင်းပြလိုက်သည်။ လူတစ်ယောက်ချင်းစီတိုင်းသည် သူ့ကို အမြင်သစ်တစ်မျိုးဖြင့် မြင်သွားကြသည်၊ ကိုယ်ကျိုးမရှာဘဲ၊ စီနီယာအစ်ကို၏ ကောင်းကျိုးကိုသာလျှင် မျှော်လင့်နေခြင်းမှာ အမှန်ပင် ရင်ထဲထိသွားစေခဲ့သည်။
သူတို့အားလုံးသည် သူ့ကို အကောင်းမြင်သွားကြသည်။
သို့ရာတွင် လုချန်ရှန်းသည် သူက ကျိုးချင်ယုကို ဖျောင်းဖျပေးမည်ဟု ကတိပေးလိုက်သည်၊ သို့သော် သူသည် မည်သူ့ကိုမှ ဆန့်ကျင်ရန်မတတ်နိုင်သောကြောင့်၊ လအရှင်သခင်နှင့် ဆွေးနွေးရန်အတွက်ပါ တောင်းဆိုလိုက်သည်။
ထွက်ခွာသွားသည့် ပုံရိပ်များကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် မြေပြင်ပေါ်သို့ တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင်၊ သူ၏ အင်မော်တယ်ဂူအရှေ့သို့ တစ်စုံတစ်ဦး ထပ်မံ၍ ရောက်ရှိလာခဲ့ပြန်သည်။
သူ၏ စိတ်စွမ်းအားဖြင့် ထောက်လှမ်းကြည့်လိုက်ရာ၊ အသက်လေးဆယ်အရွယ်ရှိ သက်လတ်ပိုင်းလူတစ်ဦးက သူ၏ အင်မော်တယ်ဂူအား စိုက်ကြည့်နေသည်ကို အာရုံခံမိသွားခဲ့သည်။
ထိုအချိန်တွင် လုချန်ရှန်း၏ အမူအရာ ပြောင်းလဲသွားသည်။ ထိုလူသည် ယခင်က ဟင်းလင်းပြင်နယ်မြေအတွင်းတွင် သူရိုက်နှက်ခဲ့သည့် လူပင် ဖြစ်သည်။
သူသည် စိတ်ထဲတွင် တိတ်တဆိတ် ငိုကြွေးကာ၊ သူဇာတ်သိမ်းသွားပြီဟု ခံစားသွားခဲ့ရသည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 68 )
ကယ်ကြပါဦး
ဤနေရာသည် တစ်ခဏခန့် အေးခဲတောင့်တင်းသွားသည့်အလား ဖြစ်သွားခဲ့သည်။
လုချန်ရှန်းသည် မျက်လုံးများဖွင့်၍၊ အင်မော်တယ်ဂူ၏ တံခါးကို ကြည့်ကာ၊ စိတ်ပျက်အားငယ်သွားခဲ့သည်။
ငါ့ကို သိသွားကြပြီလား။ သူတို့က လက်စားချေဖို့ ရောက်လာပြီလား
ဤနေရာသည် ကျင့်ကြံရေး ဖိနှိပ်ခံထားရသည့် နယ်မြေမဟုတ်ပေ။ ချီကို မထုတ်လွှတ်ထားသော်လည်း၊ ထိုလူသည် ချောက်နက်တစ်ခုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်နေပြီး၊ မည်သူကမှ သူနှင့် အကြည့်ချင်း မဆုံရဲကြပေ။
“ ပြီးသွားပြီ “
လုချန်ရှန်းသည် ငြင်းပယ်ရမလား၊ ထွက်ပြေးရမလားဆိုသည်ကို ဝေခွဲမရ ဖြစ်သွားခဲ့သည်။ သို့သော် သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် အင်မော်တယ်ဂူ၏ ကျောက်တံခါး ပြိုကွဲသွားကာ၊ သက်လတ်ပိုင်းလူသည် သူ၏အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် မျက်ဝန်းနှစ်စုံ ဆုံတွေ့သွားခဲ့သည်။
သက်လတ်ပိုင်းလူသည် အမူအရာ ကင်းမဲ့နေသော မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်နေခဲ့သည်၊ သူ၏ မျက်လုံးများ အတွင်းတွင် မည်သည့်စိတ်ခံစားချက်မှ ရှိမနေခဲ့ပေ၊ သို့သော် သူသည် ထိုလူက အရာအားလုံးကို ဖုံးလွှမ်းနေသည့် စကြာဝဠာ၏ ကြယ်ကောင်းကင်ကဲ့သို့ ဆန်းကြယ်ရှုပ်ထွေးသည်ဟု ခံစားသွားခဲ့ရသည်။
ယခင်တစ်ကြိမ်က တွေ့ဆုံမှုတွင် ထိုလူ၏ ကျင့်ကြံရေးက အဖိနှိပ်ခံထားခဲ့ရသောကြောင့် သူမည်သို့မျှ မကြောက်လန့်ခဲ့ပေ။
ထိုလူကမူ သူ၏မျက်နှာကို စူးစမ်းလေ့လာနေကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ မဟုတ်သေးပါဘူး၊ အဲ့အချိန်တုန်းက မင်းက မည်းမှောင်၊ သေးသွယ်ပြီးတော့ အတော်လေး ရုပ်ဆိုးနေခဲ့တာကို ငါမှတ်မိပါသေးတယ်။ ဘယ်လိုလုပ် …… “ ထိုလူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
လုချန်ရှန်း မှင်သက်သွားခဲ့သည်၊ လူစကားပြောပါဟ
သို့သော် သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် ထိုလူမှ စကားဆက်ပြောလာခဲ့သည် “ မင်းက လုချန်ရှန်းလား။ ကျိုးချင်ယုရဲ့ ဂျူနီယာညီလေ၊ အဲ့ဒီလုချန်ရှန်းလား “
“ ဟုတ်ပါတယ်၊ ခင်ဗျားက …… “ လုချန်ရှန်းသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ သို့သော် ထိုစကားကို ကြားလိုက်ရသောအခါတွင် သူသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ ထိုလူမှာလည်း သူ၏ စီနီယာအစ်ကိုကြောင့် ရောက်လာပုံရသည်။
သို့ရာ၌ ထိုလူ၏ မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည် “ တကယ်ကို မင်းဖြစ်နေတာပဲ “
“ ကျွန်တော်က ဘာလဲ “
“ ငါနဲ့လိုက်လာခဲ့ “ ဟု ထိုလူမှ ပြောလာခဲ့သည်။
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည် “ ခင်ဗျားက ဘယ်သူလဲ၊ ကျုပ်ကို ဘယ်ခေါ်သွားမလို့လဲ “
သူသည် လုချန်ရှန်း၏ သတိတကြီးဖြစ်နေမှုကို ခံစားမိနေခဲ့ပြီး၊ ချက်ချင်း ရှေ့တက်လာခဲ့သည်။ ထို့နောက်တွင် ထိုလူသည် သူ၏လက်ကို မြှောက်ကာ သူ့ပခုံးပေါ်သို့ တင်လာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအချိန်၌ လုချန်ရှန်း၏ မျက်လုံးများအတွင်းတွင် အကြောက်တရားများ ဖြစ်တည်လာခဲ့သည်။
သူ၏ပခုံးပေါ်သို့ လက်ဝါးတစ်ခု ကျဆင်းလာသည့် အချိန်မှာပင်၊ သူ၏ခန္ဓာကိုယ် အတွင်းသို့ စွမ်းအားတစ်ခု စီးဝင်လာခဲ့သည်၊ အမှတ်အသားကြောင့် သူ၏မျက်ခုံးများအကြားတွင် ရှိနေခဲ့သည့် ရုန်းသည် ထပ်မံ၍ ပြောင်းလဲသွားကာ၊ အနီရောင်လိုင်းများ စွန်းထင်းလာခဲ့သည်။
ထိုဖြစ်ရပ်သည် သူ့ကို ခဏခန့် ငေးငိုင်သွားစေခဲ့သည်၊ ထို့နောက်တွင် အဆိုပါ စွမ်းအားသည် သူ့ခန္ဓာကိုယ်အနှံ့သို့ အဆက်မပြတ် ပျံ့လွင့်လာခဲ့သည်။
လုချန်ရှန်းသည် စိတ်ထဲတွင် အော်ဟစ်နေတော့သည် “ မကောင်းတော့ဘူး “
၎င်းမှာ သူ့ခန္ဓာကိုယ်ကို စစ်ဆေးရန် ကြိုးပမ်းနေခြင်းပင် ဖြစ်သည်။ သူသည် ထိုလူ၏ လက်ဝါးကို ရိုက်ချကာ၊ အင်မော်တယ်ဂူအပြင်ဘက်သို့ ချက်ချင်းပြေးထွက်သွားတော့သည်။
ထိုလူသည် သူထွက်ပြေးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ သူသည် လုချန်ရှန်း၏ လှုပ်ရှားမှုများကို မကန့်သတ်ထားသောကြောင့်၊ သူထွက်ပြေးသွားသည်ကို ငေးကြည့်ကာ၊ အံ့ဩမှင်သက်သွားခဲ့သည်။
ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်း၏ အော်ဟစ်သံသည် ညအမှောင်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလာခဲ့သောကြောင့်၊ သူပို၍ အံ့အားသင့်သွားခဲ့ရသည်။ အဆိုပါ အော်သံသည် ကောင်းကင်ယံသို့ပင် ပျံ့လွင့်သွားခဲ့သည်။
“ ကယ်ပါဦး။ ကယ်ကြပါဦး၊ လူသတ်နေတယ်ဗျို့ “
စကားတစ်ခွန်းသည် မိုးကြိုးပစ်လိုက်သကဲ့သို့ တောင်တန်းများကို လှုပ်ခါသွားစေခဲ့သည်။
ထိုလူသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လုချန်ရှန်းသည် ပြေးလွှားအော်ဟစ်ကာ၊ အနီးအနားတွင် ရှိနေသည့် တောင်ထိပ်ပေါ်သို့ ပြေးတက်သွားခဲ့သည်။
အနီးအနားတွင် ရှိနေသည့် လူများသည် ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ အကြီးအကဲ အများအပြားသည် ကျိုးချင်ယုကို တစ်ခြားလူတစ်ဦးဦးက လက်ဦးသွားမည်ကို ကြောက်ရွံ့သောကြောင့် ဤနေရာတွင် စောင့်ဆိုင်းနေခဲ့သည်။
သူတို့သည် လုချန်ရှန်း၏ ဖြောင့်မတ်တည်ကြည်မှုနှင့် သူ၏ ဖျောင်းဖျပေးလိုစိတ်ကြောင့်၊ ထိုလူငယ်လေးကို အကောင်းမြင်နေကြသည်။
ထို့ကြောင့် သူ၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါတွင်၊ သူတို့သည် ချက်ချင်းရှေ့ထွက်လာကြသည်။
“ အတင့်ရဲချက်။ ငါ့ရဲ့ နတ်ကောင်းကင်ဂိုဏ်းမှာ ဘယ်ကောင်က မဆင်မခြင်လုပ်ရဲနေတာလဲ “
“ ငါ့ဂိုဏ်းရဲ့ တပည့်ကို တိုက်ခိုက်နေတယ်ပေါ့လေ။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား “
“ ဘယ်သူလဲ။ ထွက်လာခဲ့စမ်း။ ဒီအဘိုးကြီးက မင်းကို ဖျက်စီးပေးမယ် “
“ … “
အဆိုပါ အော်ဟစ်သံကို ကြားလိုက်ရသောအချိန်၌၊ ကျိုးချင်ယုကို တပည့်အဖြစ် ခေါ်ယူချင်နေသည့် အနီးအနားတွင် ရှိနေသော လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် ချက်ချင်း ပြေးထွက်လာကြသည်။
လုချန်ရှန်းသည် ၎င်းကို မြင်တွေ့သွားကာ၊ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
အော်ငေါက်သံများကို ကြားလိုက်ရသောအခါတွင်၊ သက်လတ်ပိုင်းလူသည် အင်မော်တယ် ဂူအတွင်းမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့သည်။
သူသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ၊ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် လူအိုကြီးတစ်ခုကို ကြည့်ရှုလိုက်သည်။
သူ့ကို မြင်လိုက်ရသောအခါတွင် ထိုလူများ၏ အမူအရာများ ပြောင်းလဲသွားကာ၊ သူ့ကို လေးလေးစားစား ဦးညွတ်လာကြသည်။
“ ဘာတွေ ဖြစ်နေတာလဲဟ “ ၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားရကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် အလိုလို နောက်ဆုတ်မိသွားခဲ့သည်။
လူတိုင်း စကားပြောလာကြသည် “ စစ်ပွဲဘုရင်ကို နှုတ်ဆက်ပါတယ် “
“ စစ်ပွဲဘုရင်၊ အရှင်သခင်လေးပါးထဲက တစ်ပါးလား “ ရှောင်ဟေးသည် ထိုစကားကို ကြားကာ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း ငေးငေးငိုင်ငိုင်ဖြစ်ကာ၊ အတွေးနက်သွားခဲ့သည်။ သူသည် စစ်ပွဲဘုရင်အကြောင်းကို ကြားဖူးထားခဲ့သည်၊ သို့သော် သူသည် ထိုလူက ဟင်းလင်းပြင်နယ်မြေအတွင်းတွင် သူရိုက်နှက်ခဲ့သည့်လူ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီတစ်ခါတော့ ငါတကယ်သွားပြီနဲ့တူတယ်
ထိုလူသည် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် ပြေးထွက်လာသည့် လူများကို ကြည့်လိုက်သည် “ ဓလေ့ထုံးတမ်းတွေကို မေ့ထားလိုက်ပါ “
“ စစ်ပွဲဘုရင်ကို ကျေးဇူးတင်ပါတယ် “
အကြီးအကဲများသည် လုချန်ရှန်းကို ရှင်းပြချင်နေခဲ့သည်။ သို့သော် သူတို့သည် လုချန်ရှန်းက အနောက်သို့ ထွက်ပြေးသွားပြီဆိုသည်ကိုသာ မြင်တွေ့လိုက်ရသည်။
ထိုကဲ့သို့သော အပြုအမူမျိုးကို မြင်လိုက်ရသောအခါတင် အကြီးအကဲတစ်ဦးမှ စကားစပြောလာခဲ့သည် “ အဲ့လူငယ်လေးက စစ်ပွဲဘုရင်ကို ဘယ်လိုမျိုး ဆန့်ကျင်ခဲ့မိတဲ့အတွက် သူ့ကို တိုက်ခိုက်ခဲ့ရတာလဲဆိုတာကို ကျွန်တော်အတင့်ရဲပြီး မေးပါရစေ “
လုချန်ရှန်းသည် ထိုစကားကို ကြားကာ၊ ကျောချမ်းသွားခဲ့သည်။ သူက စစ်ပွဲဘုရင်ကို ရိုက်နှက်ခဲ့သည်ဆိုသည့် ကိစ္စသာ ပျံ့နှံ့သွားမည်ဆိုပါက၊ ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သူသည် အထိတ်တလန့်ဖြစ်သွားကာ၊ ဦးတည်ချက်တစ်ဖက်သို့ ထွက်ပြေးရန် အသင့်ပြင်ထားခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းလူသည် မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလာခဲ့သည် “ သူက ငါ့ကို ဆန့်ကျင်ခဲ့တယ်လို့ ငါဘယ်တုန်းက ပြောခဲ့ဖူးလို့လဲ။ ပြီးတော့ တကယ်လို့ ငါသူ့ကို တိုက်ခိုက်ခဲ့တယ်ဆိုရင်၊ သူအသက်ရှင်နေပါ့မလား “
“ အဲ့တာလည်း ဟုတ်တာပဲ “
“ ဒါဆိုရင် အကြီးအကဲ စစ်ပွဲဘုရင် ဒီညဒီမှာ ရှိနေတာက ……”
“ တပည့်ခေါ်ဖို့ “
ထိုလူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ တိုက်ရိုက်ထုတ်ပြောလိုက်သည်။
သို့သော် ထိုစကားသည် လူတိုင်းကို တအံ့တဩ ဖြစ်သွားစေခဲ့သည်။
စစ်ပွဲဘုရင်က တကယ်ကြီးကို တပည့်ခေါ်တော့မှာပေါ့၊ ပြီးတော့ အဲ့တာက အဲ့လူငယ်လေးပေါ့
သူ့ကို တပည့်အဖြစ် ခေါ်မှာလား။ စစ်ပွဲဘုရင် ဂေါက်သွားတာလားဟ
သို့ရာတွင် လူတစ်ချို့သည် လျင်မြန်စွာ တုံ့ပြန်လာကြသည်။ ယခုတွင် ကျိုးချင်ယု၏ တောင်းဆိုမှုကို လူတိုင်းက သိနေကြပြီးပြီ ဖြစ်သည်၊ လုချန်ရှန်းကို ခေါ်ဆောင်ရန် ဆန္ဒရှိနေသရွေ့၊ ကျိုးချင်ယုကိုပါ ပိုင်ဆိုင်သွားလိမ့်မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် လူတိုင်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ စစ်ပွဲဘုရင်ခင်ဗျာ၊ ဒီလုပ်ရပ်က မသင့်တော်ဘူးမလားဗျ။ တပည့်ရွေးချယ်ပွဲ အခမ်းအနားက မကျင်းပသေးဘူးလေ၊ အကြီးအကဲက …… “
ထိုလူသည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ အရူးအိုကြီးတွေ၊ မင်းတို့က ငါနဲ့ ဘာလှည့်ကွက်တွေ ကစားချင်နေတာလဲ။ ငါလုပ်တာ မသင့်တော်ဘူးဆိုရင်၊ မင်းတို့အားလုံးက ဒီနေရာမှာ ဘာလုပ်နေကြတာလဲ “
“ အဲ့တာက ….. “
လူအုပ်ကြီးသည် အကြည့်များ ဖလှယ်ကာ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။
မော့ရင်သည် အရင်ဦးဆုံး စကားပြန်ပြောလိုက်သည် “ စစ်ပွဲဘုရင်၊ အရာအားလုံးက စည်းမျဥ်းစည်းကမ်းတွေ အတိုင်းပဲ ဖြစ်သင့်ပါတယ်။ လအရှင်သခင်ကလည်း …….. “
“ ပေါက်ကရတွေ တော်လိုက်စမ်း။ လအရှင်သခင်ကို ငါနဲ့လာတိုက်ခိုင်းလိုက်။ တကယ်လို့ သူမက အနိုင်ရသွားမယ်ဆိုရင်၊ ငါသူမကို အလျှော့ပေးလိုက်မယ် “
“ ခင်ဗျား ……… “
သက်လတ်ပိုင်းလူသည် ကြီးစိုးမှုအပြည့်ဖြင့် စကားထပ်ပြောလာခဲ့သည်။
မော့ရင်၏ အမူအရာ ပြောင်းလဲသွားသည်။ အရှင်သခင်လေးပါးအနက် စစ်ပွဲဘုရင်၏ တိုက်ခိုက်ရေး စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသည်ဆိုသည်ကို မည်သူက မသိဘဲနေမည်နည်း။ အစွမ်းအထက်ဆုံးဖြစ်သည့် နတ်အရှင်သခင်ကပင် သူနှင့် တိုက်ခိုက်လိုစိတ် မရှိပေ။
စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် ထိုလူသည် အရူးတစ်ယောက်အဖြစ် အပြည့်အဝ ပြောင်းလဲသွားလေ့ရှိသည်။
တစ်ခြားလူများက ကြာကြာတိုက်ခိုက်လေလ၊ မောပန်းနွမ်းနယ်လေလေဖြစ်နေခဲ့သော်လည်း၊ ထိုလူကမူ ကြာကြာတိုက်ခိုက်လေလေ ပို၍ သန်မာအားကောင်းလာလေလေ ဖြစ်နေခဲ့သည်။ မည်သူက သူ့ကို ရင်ဆိုင်ရဲမည်နည်း။
“ အဲ့တာဆိုရင်လည်း တရားမျှတမှု ရှိစေဖို့အတွက်၊ တပည့်ရွေးချယ်ပွဲ အခမ်းအနားအထိ စောင့်ပြီးတော့ သူတို့ရဲ့ အမြင်တွေကို မေးလိုက်ကြတာပေါ့ဗျာ “
သို့သော် သက်လတ်ပိုင်းလူသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ ဒုက္ခခံနေဖို့ မလိုပါဘူး။ မင်းတို့က ကျိုးချင်ယုကို လိုချင်ကြတယ်၊ ဒါပင်မဲ့ လုချန်ရှန်းအတွက် နေရာတစ်ခုစာ မဖြုန်းချင်ကြဘူး။ ဒါပင်မဲ့ ငါကတော့ ကျိုးချင်ယုရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်တယ်၊ သူတို့သုံးယောက်လုံးကို တပည့်အဖြစ် လက်ခံနိုင်တယ် “
“ အဲ့တာက …….. “
လုချန်ရှန်း မှင်သက်သွားခဲ့သည်။ စီနီယာအစ်ကိုအတွက်နဲ့ ငါ့ကိုပါ လိုချင်နေတယ်ပေါ့
“ ပြီးတော့ ငါ့ရဲ့ အမှတ်အသားကို ချထားခဲ့ပြီးပြီ၊ လုချန်ရှန်းကို ငါ့ရဲ့ဂိုဏ်းထဲကို ခေါ်ပြီးသွားပြီ။ မင်းတို့အားလုံး နောက်ကျသွားပြီ “
“ ဘာကြီး “
အားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။ သူတို့အားလုံး နောက်လှည့်ကြည့်လိုက်ရာ၊ လုချန်ရှန်း၏ နဖူးပေါ်တွင် စစ်ပွဲဘုရင်၏ အမှတ်အသားဖြစ်သည့် အနီရောင် ရုန်းတစ်ခု ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ စစ်ပွဲဘုရင်၊ ခင်ဗျားရဲ့ လုပ်ရပ်တွေက လွန်းလွန်နေတယ် မဟုတ်ဘူးလား “
“ လက်မခံဘူးလား။ မင်းအားလုံး လက်ခံလာတဲ့အထိ ငါရိုက်ပေးမယ် “
စကားတစ်ခွန်းသည် လူတိုင်းကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။
ထိုကဲ့သို့သော ကြီးစိုးမှုမှာ ပထမဦးအကြိမ်အဖြစ် မြင်တွေ့နေရခြင်း မဟုတ်ပေ၊ လူတိုင်း မကျေမနပ် ဖြစ်သွားကြသည်။
တစ်ချို့လူများသည် တစ်ခြားသော အရှင်သခင်သုံးပါးကိုပင် ဖိတ်ခေါ်ချင်သွားကြသည်။
မော့ရင်မှ စကားထပ်ပြောလာခဲ့သည် “ စစ်ပွဲဘုရင်က ကျွန်တော်တို့ကို ခွန်အားနဲ့ ဖိနှိပ်ဖို့ ကြိုးစားနေတာလား။ တကယ်ပဲ အကြောင်းအကျိုး မကြည့်တော့ဘူးလား “
“ အကြောင်းအကျိုးလား “ သက်လတ်ပိုင်းလူသည် သူ့ကို ကြည့်ကာ တဟားဟား ရယ်မောနေတော့သည် “ ကောင်းပြီလေ၊ မင်းတို့အားလုံးကို အကြောင်းပြချက်တစ်ခုပေးပေးမယ် “
လူတိုင်းမှင်သက်သွားကြသည်။
စစ်ပွဲဘုရင်က စကားနဲ့ ရှင်းပြတော့မှာလားဟ။ တကယ်ကြီးလား
လုချန်ရှန်းသည် မနေနိုင်တော့ဘဲ၊ ထိုလူ့ကို ငေးကြည့်မိသွားခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့ရသည်။
“ ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့၊ လေကုန်မခံတော့ဘူး။ သူတို့သုံးယောက်က ငါအပြင်ထွက်သွားတုန်းက ခေါ်ခဲ့တဲ့ တပည့်တွေပဲ။ အခု သူတို့က နတ်ကောင်းကင်ဂိုဏ်းကို ရောက်လာပြီဆိုတော့၊ ငါ့ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေတာက ဘာမှားလို့လဲ “
“ ဘာကြီး “
“ ငါနိုးးးး “ လုချန်ရှန်းသည် အံ့ဩတကြီး အော်မိသွားကာ၊ လျှာကိုက်မိလုမတတ် ဖြစ်သွားခဲ့သည်။
……………………………………………………………………………………………………………………………………..
အပိုင်း ( 69 )
လွန်လွန်းအားကြီးတယ်
သက်လတ်ပိုင်းလူ၏ စကားသည် လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။
လုချန်ရှန်းမှာလည်း နေရာမှာပင် မှင်သက်သွားခဲ့သည်။ သူဘာတွေပြောနေတာလဲဟ
ကျိုးချင်ယုအတွက် လူတိုင်းကို လှည့်စားနေတာလားဟ။ သူက ပြိုင်ဘက်ကင်း စစ်ပွဲဘုရင်လေ၊ သူ့ဆီမှာ ဂုဏ်သိက္ခာ မရှိဘူးလားဟ
လူအုပ်ကြီးသည် အကြည့်များ ဖလှယ်ကာ၊ သူ့စကား၏ မှန်ကန်မှုကို တွေးတောစဥ်းစားနေကြတော့သည်။
ထိုအချိန်တွင် ရှောင်ဟေးသည် မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ စစ်ပွဲဘုရင် ကူချန်ကျွင်းက မင်းရဲ့ ဆရာလား “
“ ငါက ဘယ်လိုလုပ် သိမှာလဲ “
“ မင်းက မင်းရဲ့ဆရာကို မသိဘူးလား “
မင်းယုံမှာတော့ မဟုတ်လောက်ဘူး၊ ဒါပင်မဲ့ ငါက ငါ့ရဲ့ဆရာကို တစ်ခါပဲ တွေ့ခဲ့ဖူးတယ်၊ အဲ့တာက လွန်ခဲ့တဲ့ ဆယ်နှစ်က ငါအသက်ရှစ်နှစ်အရွယ်တုန်းကပဲ၊ အဲ့တာကြောင့် သူက ဘယ်လိုပုံစံမျိုးလဲဆိုတာကို ငါဘယ်လိုလုပ် မှတ်မိမှာလဲ “
ရှောင်ဟေးသည် တအံ့တဩဖြင့် ထပ်မေးလာခဲ့ပြန်သည် “ ဒါဆိုရင် မင်းဘယ်လိုကြီးပျင်းလာခဲ့တာလဲ “
“ အဲ့တာက နောက်ထပ် ဇာတ်လမ်းတစ်ခုပေါ့ကွာ “
လုချန်ရှန်း၏ အတွေးများ လှုပ်ခတ်သွားပြီး၊ သူ၏ ငယ်ဘဝနေ့ရက်များကို အမှတ်ရသွားကာ၊ ခါးသီးမှုကို ခံစားသွားခဲ့ရသည်။
သူသည် ထိုလူ၏စကားကြောင့် တစ်စုံတစ်ခုကို ဝေဝေဝါးဝါး မှတ်မိသွားခဲ့သည်။
ဟင်းလင်းပြင်နယ်မြေအတွင်းတွင် ပထမဦးဆုံး တွေ့ခဲ့စဥ်အချိန်က သူသည် ထိုလူ့ကို ယခင်က မြင်တွေ့ခဲ့ဖူးသကဲ့သို့ အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားခဲ့ရသည်။ သို့သော် သူသည် မရေရာ မသေချာ ဖြစ်နေခဲ့သည်။
သူ၏ ဆရာသည် ချင်းယွင်ထောင်ထွဋ်၏ တောင်ထွဋ်သခင်တစ်ဦးသာ ဖြစ်နေခဲ့ပြီး၊ ယခုသူ့အရှေ့တွင် ရှိနေသည့် လူကမူ နတ်ကောင်းကင်ဂိုဏ်း၏ အရှင်သခင် လေးပါးအနက်မှ တစ်ပါးဖြစ်သည့် စစ်ပွဲဘုရင် ဖြစ်နေခဲ့သည်၊ ထိုနှစ်ဦးကြားရှိ အထောက်အထား ကွာဟချက်မှာ လွန်စွာကြီးမားနေခဲ့သည်။
အကယ်၍ တစ်ဖက်လူက ထုတ်ပြောလာရဲမည်ဆိုပါက၊ သူသည် ၎င်းကို ယုံကြည်ရဲလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူ့ထံတွင် ထိုမျှအစွမ်းထက်သော ပညာရှင်တစ်ဦး ရှိနေမည်ဆိုပါက၊ သူ၏ အခြေအနေက မည်သည့်အတွက်ကြောင့် ဤမျှလောက် ဆိုးရွားနေရသနည်း။
မော့ရင်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး၊ စကားထပ်ပြောလာခဲ့သည် “ စစ်ပွဲဘုရင်၊ ကျေးဇူးပြုပြီးတော့ မနောက်ပါနဲ့။ သူတို့က …… “
“ မင်းတို့က ယုံကြည်မှာ မဟုတ်ဘူးဆိုတာကို ငါသိနေတယ် “
ကူချန်ကျွင်းမှ လှောင်ပြောင်လာခဲ့သည်။
လူတိုင်း ဆွံ့အသွားကြသည်။
အဲ့လိုဟာမျိုးကို ဘယ်သူက ယုံမှာလဲဟ
တပည့်ခေါ်ချင်တာနဲ့ပဲ၊ ဂုဏ်သိက္ခာကိုတောင် စွန့်လွှတ်ပြီးတော့ ဒီလိုအလိမ်အညာကြီးကိုတောင် ဖန်တီးခဲ့တယ်ပေါ့လေ
သို့ရာတွင် လုချန်ရှန်းကမူ အာရုံစိုက်၍ စိုက်ကြည့်နေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကူချန်ကျွင်းသည် ယဲ့တျန်ရီ၏ အင်မော်တယ်ဂူတည်ရှိရာ တောင်ထိပ်ပေါ်သို့ လှည့်ကြည့်လိုက်သည့်။
“ ယဲ့တျန်ရီ၊ မင်းက အဲ့မှာလား “
လူတိုင်း လှည့်ကြည့်လိုက်ကြသည်။
ခေါ်သံကို ကြားလိုက်ရသောအခါတွင် အင်မော်တယ်ဂူအတွင်းမှ လူငယ်တစ်ဦး ပေါ်ထွက်လာခဲ့သည်၊ ၎င်းမှာ ယဲ့တျန်ရီပင် ဖြစ်သည်။
သူသည် လမ်းလျှောက်ထွက်လာခဲ့ပြီး၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်၊ ဤနေရာတွင် အကြီးအကဲများစွာ ရှိနေသည်ကို မြင်လိုက်ရသောအခါတွင် သူသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
ကူချန်ကျွင်းကို မြင်လိုက်ရသော အချိန်တွင်မူ သူ၏အမူအရာ ပြောင်းလဲသွားသည်။
“ ဆရာ “ ဘုတ်ဟူသောအသံနှင့်အတူ ယဲ့တျန်ရီသည် အံ့ဩတကြီး ဖြစ်သွားသော အမူအရာဖြင့် ထိုနေရာမှာပင် ဒူးထောက်ချလိုက်သည်၊ သူသည် ကတုန်ကရင်ဖြစ်သွားကာ၊ တုန်ရင်နေသော လေသံမျိုးဖြင့် စကားထပ်ပြောလာခဲ့သည် “ ဆရာ၊ နောက်ဆုံးတော့ ကျွန်တော် ဆရာ့ကို ရှာတွေ့ခဲ့ပြီ “
“ ဝှက်သဖက် “
လုချန်ရှန်းမှာလည်း အံ့ဩတုန်လှုပ်သွားခဲ့သည်၊ ဒါက ဘယ်လိုပြဇာတ်မျိုးလဲဟ
ဒုတိယ စီနီယာအစ်ကိုက လာဘ်ထိုးခံထားရတာလား၊ ဒါမှမဟုတ် သရဲပူးခံနေရတာလား
သူ့ဘေးနားတွင် ရှိနေသည့် မော့ရင်မှာလည်း အတွေးနက်ကာ မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ သူသည် လုချန်ရှန်းကို လှည့်ကြည့်ကာ၊ မေးမြန်းလာခဲ့သည် “ ချန်ရှန်း၊ သူက မင်းရဲ့ဆရာဆိုတာ တကယ်လား “
“ ကျွန်တော် မသိဘူး “
“ မသိဘူးလား။ မင်းက ဘယ်လိုလုပ် မသိရတာလဲ “
“ ကျွန်တော် သူနဲ့ မတွေ့ဖူးဘူးလေ “
“ အဲ့တာက ……… “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း အံ့အားသင့်သွားကြသည်။
ကူချန်ကျွင်းမှ စကားထပ်ပြောလာခဲ့သည် “ ချန်ရှန်း၊ ငါထွက်သွားခဲ့တဲ့ အချိန်တုန်းက မင်းက တော်တော်လေးကို ငယ်နေသေးတယ်၊ အဲ့တာကြောင့် ငါ့ကိုမမှတ်မိတာက မင်းရဲ့ အမှားမဟုတ်ဘူး၊ ဒါပင်မဲ့ ငါက မင်းရဲ့ဆရာဆိုတာ အမှန်ပဲ “
“ ဂျူနီယာ ညီလေး၊ မြန်မြန်လာပြီးတော့၊ ဆရာ့ကို ဂါရဝပြုလိုက်လေ “
ထိုအချိန်တွင် ယဲ့တျန်ရီမှာလည်း စကားဝင်ပြောလာခဲ့သည်။
လုချန်ရှန်းသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒါတွေက ဘာတွေလဲဟ
သူသည် သူ၏ဆရာက သေဆုံးသွားပြီဟုပင် ထင်နေခဲ့သည်၊ ယခုတွင်ကား ထိုလူက သူ့ဆရာဟု ပြောနေကြလေသည်။ ဘယ်လို ဟာသကြီးလဲကွာ
အကယ်၍ ၎င်းက မှန်ကန်နေမည်ဆိုပါက၊ မည်သည့်အရာက ပြောင်းလဲသွားမည်နည်း။ ထိုလူသည် သူ့ကို တပည့်အဖြစ် ခေါ်ယူရန်အတွက် အရှက်မဲ့စွာ ပြောဆိုနေခဲ့သည်၊ သူ့ကို ခေါ်ဆောင်သွားကာ၊ တစ်ကိုယ်တည်း စွန့်ပစ်ထားခဲ့ပြီး၊ သူ၏အမှားမဟုတ်ဘူးဟုပင် ပြောဆိုနေခဲ့သည်။
သူသည် စိတ်ရှုပ်ထွေးကာ လက်မခံနိုင် ဖြစ်သွားခဲ့သည်။
ကျန်နေသည့်လူများမှာလည်း အမူအရာများ မည်းမှောင်သွားကာ၊ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားကြသည်။
စစ်ပွဲဘုရင်က ဘယ်လိုလုပ် သူတို့ရဲ့ ဆရာ ဖြစ်နေရတာလဲဟ
သူတို့ရဲ့ ဆရာက ချင်းယွင်တောင်ထွဋ်သခင် မဟုတ်ဘူးလား
အဲ့နှစ်ယောက်ကြားမှာ ဘာဆက်နွယ်မှုတွေ ရှိနေတာလဲ
သို့ရာတွင် လုချန်ရှန်းသည် နတ်ကောင်းကင်ဂိုဏ်း၏ သူ၏အင်အားကြီး ကျောထောက်နောက်ခံတစ်ခု ရှိသည်ဟု ဘိုးဘေးက ပြောပြခဲ့ဖူးသည်ကို မှတ်မိသွားခဲ့သည်။ တကယ်ကြီး အဲ့လိုဖြစ်နေတာလားဟ
အခြေအနေ ရှုပ်ထွေးနေခဲ့ကာ၊ လူအုပ်ကြီးမှာ စိတ်ဓာတ်ကျသွားခဲ့သည်။
ယဲ့တျန်ရီသည် စိတ်လှုပ်ရှားတကြီးဖြစ်နေကာ၊ မျက်ရည်အရွှဲသားဖြင့် ကူချန်ကျွင်း၏ ဘေးတစ်ဖက်တွင် ရှိနေခဲ့သည်။
သူသည် သူ၏ ဆရာကို နှစ်နှစ်တိတိ ရှာဖွေနေခဲ့ကာ၊ ယနေ့တွင် ပြန်လည်တွေ့ရှိခဲ့ပြီ ဖြစ်သည်။
လူအုပ်ကြီးက အံ့ဩတုန်လှုပ်နေသည့် အချိန်မှာပင် ကျိုးချင်ယုသည် တံခါးပိတ်ကျင့်ကြံရာမှာ ထွက်ခွာလာခဲ့သည်။ သူသည် ကူချန်ကျွင်း၏ အရှိန်အဝါကို အာရုံခံမိနေခဲ့သည်။
ထို့လူ့ကို မြင်လိုက်ရသောအခါတွင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။
“ ဆရာ “
ကျိုးချင်ယု၏ ပြောစကားသည် လူတိုင်းကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။
မြင်ရကြားရသမျှ အရာများကြောင့် လုချန်ရှန်းသည် ရွေးချယ်စရာ မရှိတော့ဘဲ ထိုလူက မုန်းစရာကောင်းကာ၊ အကျင့်ပျက်နေသည့် သူ၏ဆရာဖြစ်သည်ဆိုသည်ကို ယုံကြည်ရန်သာ တတ်နိုင်တော့သည်။
ကူချန်ကျွင်းသည် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် မတ်တပ်ရပ်နေခဲ့ပြီး၊ လူတိုင်းကို ကြည့်ကာ၊ စကားပြောလာခဲ့သည် “ မင်းတို့မှာ ပြောစရာ ရှိသေးလား “
ကျိုးချင်ယုကပင် သူ့ကို အသိအမှတ် ပြုလိုက်ပြီဖြစ်သောကြောင့်၊ သူတို့က မည်သည့်စကားကို ပြောနိုင်တော့မည်နည်း။
တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးသည့်နောက်တွင် ကူချန်ကျွင်းမှ စကားဆက်ပြောလာခဲ့သည် “ မင်းတို့မှာ ပြောစရာစကား မရှိတော့ဘူးဆိုတော့၊ ငါ့ရဲ့ တပည့်သုံးနေရာက ပြည့်သွားပြီလို့၊ နတ်အရှင်သခင်ကို ပြောပြလိုက်။ အဲ့တာကြောင့် တပည့်ရွေးပွဲ အခမ်းအနားကို ငါမတက်တော့ဘူး “
လူတိုင်း တိတ်ဆိတ်ငြိမ်သက်နေစဲပင်ဖြစ်သည်။
လုချန်ရှန်းသည် မီတာ ၃၀၀ကျော်အကွာတွင် မတ်တပ်ရပ်နေကာ၊ တိတ်တဆိတ် စိုက်ကြည့်၍ လက်မခံနိုင်ဖြစ်နေသေးသည်။ ဆယ့်ငါးမိနစ်အတွင်းမှာပင် သူ၏ဘဝတစ်ခုလုံး ဗြောင်းဆန်သွားခဲ့ရသည်။
“ ချန်ရှန်း၊ ဒီကိုလာ၊ ငါ့နောက်လိုက်ခဲ့ “ ဟု ကူချန်ကျွင်းမှ အော်ခေါ်လာခဲ့သည်။
လုချန်ရှန်းသည် သူ၏ဦးခေါင်းကို ခါရမ်းကာ၊ နောက်ဆုတ်သွားခဲ့သည်။
ယဲ့တျန်ရီသည် သူ့ဘေးနားသို့ ရောက်လာခဲ့ကာ၊ စကားပြောလာခဲ့သည် “ ဂျူနီယာညီလေး၊ ဆရာနဲ့ သွားမယ်လေ “
သူသည် ယဲ့တျန်ရီကို အကဲခတ်ကြည့်နေတော့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ စကားပြန်ပြောလိုက်သည် “ ဒုတိယစီနီယာအစ်ကို၊ သူက မင်းကို အတင်းအကြပ်ခိုင်းနေတာလား၊ ဒါမှမဟုတ် စီနီယာအစ်ကိုကြီးအပေါ်မှာ တားမြစ်ချက်တစ်ခု ချထားလို့လား “
“ မင်းဘာတွေ လျှောက်ပြောနေတာလဲ။ အဲ့တာက ဆရာလေ “
“ ဂျူနီယာညီလေး၊ သွားကြမယ်လေ “
ထိုအချိန်တွင် ကျိုးချင်ယုမှာလည်း စကားဝင်ပြောလာခဲ့သည်။ စီနီယာအစ်ကိုနှစ်ဦး၏ စကားများကို ကြားလိုက်ရသောအခါတွင် သူတွေဝေတုံ့ဆိုင်းသွားခဲ့သည်။ သို့သော် သူသည် ထိုလူနှင့် သူ့အကြားတွင် အကွာအဝေးတစ်ခုထားထားကာ၊ အဝေးမှ လိုက်သွားခဲ့သည်။
ထို့နောက်တွင် သူတို့သည် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်၊ ထိုနေရာတွင် ကူချန်ကျွင်း၏ အင်မော်တယ် ဂူရှိနေခဲ့သည်၊ ၎င်းသည် ဝိညာဥ်တောင်တန်းတို့၏ ဝိုင်းရံခြင်းကို ခံထားရကာ၊ တိမ်ထူထပ်ကာ ဝိညာဥ်ချီကြွယ်ဝသော ကောင်းချီမြေတစ်ခု ဖြစ်နေခဲ့သည်။
သူသည် သူ၏စီနီယာအစ်ကို နှစ်ဦးက ထိုလူ့နောက်သို့ လိုက်သွားသည်ကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်၊ ထိုလူ့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။ သို့သော် သူသည် အဝေးမှသာ လိုက်သွားခဲ့သည်။
“ ချန်ရှန်း၊ လာခဲ့ “
ကူချန်ကျွင်းမှ ခေါ်လာခဲ့သည်၊ သူ၏အသံမှာ လွန်စွာပျော့ပျောင်းနေခဲ့သည်။
လုချန်ရှန်းသည် မသိစိတ်အရ ဦးခေါင်းကို အလိုအလျောက် ခါရမ်းနေခဲ့သည်။ သူ့အတွက်မူ ထိုလူမှာ သူစိမ်းတစ်ဦးနှင့် မကွာခြားပေ။
“ ဂျူနီယာညီလေးက ဘာဖြစ်နေတာလဲ “ ယဲ့တျန်ရီသည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ကူချန်ကျွင်းသည် အသာအယာ သက်ပြင်းချနေတော့သည် “ အဲ့တာက ငါ့ရဲ့အမှားပါလေ။ ငါက သူ့ကို ခေါ်လာပြီးတော့ ချက်ချင်းပြန်ထွက်သွားခဲ့တာလေ၊ သူ့ကို တစ်ခါမှ ဂရုမစိုက်မိခဲ့ဘူး။ မင်းရဲ့ စီနီယာအစ်ကိုကပဲ သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တာလေ “
သူ၏လေသံအတွင်းတွင် နောင်တများနှင့် ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ယဲ့တျန်ရီမှ မေးမြန်းလာခဲ့သည် “ ဆရာ၊ ဘာတွေ ဖြစ်သွားတာလဲ။ ဆရာက နှစ်နှစ်လုံးလုံး ဘယ်ရောက်နေတာလဲ၊ ပြီးတော့ ဘယ်လိုလုပ်ပြီးတော့ စစ်ပွဲဘုရင် ဖြစ်သွားရတာလဲ “
“ အဲ့တာက ဇာတ်လမ်းအရှည်ကြီးတစ်ခုပါ။ ငါက အစကတည်းက စစ်ပွဲဘုရင်ပဲလေ၊ ဒါပင်မဲ့ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီးတော့၊ ငါ့ရဲ့ နတ်ဝိညာဥ် ထိခိုက်ပျက်စီးသွားခဲ့တယ်။ အဲ့တာကြောင့်ပဲ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားခဲ့တယ်၊ ကန်းယွင်ဂိုဏ်းရဲ့ ဘိုးဘေးက ငါ့ကို ကယ်ခဲ့ပြီးတော့၊ ငါက အဲ့မှာ အချိန်အတိုင်းအတာတစ်ခုလောက်အထိ နေနေခဲ့တယ်၊ ပြီးတော့ မင်းတို့တွေကို တပည့်အဖြစ် လက်ခံခဲ့တယ်။ နောက်တော့ ငါက တစ်ခုခု ပြန်မှတ်မိသွားပြီး၊ ခရီးထွက်ခဲ့တယ်။ တစ်နေ့မှာ ငါက ရုတ်တရက်ကြီး ဆင့်ခေါ်ခံလိုက်ရတယ်၊ မှတ်ဉာဏ်အားလုံး ပြန်ရဖို့အတွက် နှစ်နှစ်တိတိ အချိန်ယူခဲ့ရတယ် “
လူနှစ်ဦးသည် စိတ်ခံစားချက်များဖြင့် သက်ပြင်းချနေတော့သည်။
လုချန်ရှန်းမှာလည်း တစ်ခဏခန့် ဆွံ့အသွားခဲ့သည်။ သူက ငါတို့ကို အရူးလုပ်ဖို့အတွက် ကြိုးစားနေတာပဲ။ သေမျိုးတွေရဲ့ ပုံပြောဆရာတွေကတောင် ဒီလိုဇာတ်လမ်းမျိုးကို ဖန်တီးရဲမှာ မဟုတ်ဘူး
သူ့ရဲ့ ကိုယ်ပိုင်ကိစ္စတွေကို ထုတ်ပြောရဲနေတယ်ပေါ့လေ။ တကယ်လို့ ဘာမှမသင်ပေးချင်ဘူးဆိုရင်လည်း၊ ဘာလို့ ငါ့ကို ခေါ်သွားရတာလဲ။ သူက ငါ့ကို ဆယ်နှစ်တိတိ နေ့တိုင်း ကြောက်ကြောက်လန့်လန့်နဲ့ နေရအောင် လုပ်ခဲ့တယ်
“ တကယ် ဂရုစိုက်တယ်ဆိုရင်၊ ဘာကိစ္စ ပြန်လာမရှာရတာလဲ။ အခုမှ သရဲပုံပြင်တွေ လာပြောပြနေတယ် “ လုချန်ရှန်းသည် ဒေါသတကြီး ဖြစ်သွားခဲ့သည်။
ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့ နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားခဲ့သည်။
ကူချန်ကျွင်းမှ ပြန်ပြောလာခဲ့သည် “ တကယ်တော့၊ ငါမင်းတို့ကို လာရှာခဲ့ပါတယ် “