← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အပိုင်း ( 70 )

ဆရာနှင့် တပည့်များ ပြန်လည်ဆုံစည်းကြပြီ

သူ၏အသံ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ သူ့ထံသို့ အကြည့်သုံးခု ကျရောက်လာခဲ့သည်။

ကူချန်ကျွင်းသည် ဖြည်းဖြည်းချင်း စကားပြန်ပြောလာခဲ့သည် “ ရိုးရိုးသားသားပြောရမယ်ဆိုရင်၊ မင်းတို့ ရှိနေခဲ့တဲ့ ဟင်းလင်းပြင်ရဲ့ ပဲ့ထိန်းသူကို ပိုင်ဂျန်လို့ခေါ်တယ်။ သူ့ကို မင်းတို့ရဲ့ အကြီးဆုံး စီနီယာအစ်ကိုအဖြစ် သတ်မှတ်လို့ရတယ်။ ငါ့ရဲ့အထောက်အထားကြောင့် ပေါ်ပေါ်တင်တင် ကြားဝင်စွက်ဖက်လို့ မရဘူး၊ အဲ့တာကြောင့် မင်းတို့ကို ကာကွယ်ပေးဖို့အတွက် သူ့ကို လွှတ်လိုက်တာ “

လုချန်ရှန်းသည် ယုံကြည်မှုတစ်ဝက်၊ သံသယတစ်ဝက်တို့ဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် ထိုအချိန်က ပိုင်ဂျန်၏ အကြည့်မှာ အမှန်ပင် ထူးဆန်းကာ၊ ဖော်ပြရ ခက်သည်ဟု ခံစားခဲ့ရလေသည်။

ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့သည် မည်သည့်စကားမှ ပြန်မပြောလိုက်ကြပေ။

ထိုစဥ် ကူချန်ကျွင်းမှ စကားဆက်ပြောလာခဲ့သည် “ ဒါပင်မဲ့ နောက်ပိုင်းကျတော့ ဟင်းလင်းပြင်မှာ ပြဿနာတစ်ခု ပေါ်လာခဲ့တယ်။ သူခိုးတစ်ယောက်က သူ့ကို အမှောက်သိပ်လိုက်တယ်၊ အဲ့တာကြောင့် မင်းတို့ကို ကူညီနိုင်ဖို့နဲ့ အဲ့ကိစ္စကို စစ်ဆေးဖို့ ငါ့အတွက် အခွင့်အရေးတစ်ခုရလာခဲ့တယ်။ ဒါပင်မဲ့ အဲ့ဒီသူခိုးက နည်းလမ်းတစ်ချို့သုံးပြီးတော့ ငါ့ကိုပါ အဲ့ဟင်းလင်းပြင်နယ်မြေထဲကနေ မောင်းထုတ်ခဲ့တယ်။ သူက အရေးကြီးတဲ့ ပစ္စည်းတစ်ခုကို ယူသွားပြီးတော့၊ ဟင်းလင်းပြင် အကာအရံကိုပါ ရိုက်ချိုးဖို့ ကြိုးစားခဲ့တယ် “

သူသည် ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်၍ပြောပြနေခဲ့သည်။

သူထွက်သွားရသည့် ဖြစ်စဥ်ကို လှပအောင် ပြုပြင်ထားခြင်းမှအပ၊ ကျန်ရှိနေသည့် အရာအားလုံး ကိုက်ညီနေပြီး၊ သူသည် အမှန်တရားကိုပြောပြနေသည့်အလား ဖြစ်နေခဲ့သည်။

သို့ရာ၌ ထိုအကြောင်းကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် အပြစ်ရှိစိတ် အနည်းငယ် ခံစားလိုက်ရသည်။

ထိုအချိန်တွင် ရှောင်ဟေးမှာလည်း သူ့ကို စကားပြောလာခဲ့သည် “ ဒါဆိုရင် အဲ့အချိန်တုန်းက မင်းက မင်းရဲ့ဆရာကို ရိုက်နှက်နေခဲ့တာပေါ့။ ဘယ်လောက်တောင် နက်ရှိုင်းလိုက်တဲ့ ဆက်ဆံရေးလဲကွာ “

“ ပါးစပ်ပိတ်ထား “

လုချန်ရှန်းသည် အော်ငေါက်ကာ အရှေ့သို့ ငေးမော ကြည့်ရှုနေတော့သည်။

“ ကံကောင်းထောက်မစွာနဲ့ မင်းတို့အားလုံး ဒီကို ရောက်လာခဲ့ကြတယ်။ အခုချိန်ကစပြီးတော့ မင်းတို့အားလုံးကို ငါကာကွယ်ပေးမယ်။ ဘယ်သူကမှ မင်းတို့ကို နည်းနည်းလေးမှ အနိုင်မကျင့်စေရဘူး။ ချန်ရှန်းကိုလည်း နစ်နာကြေးပေးပြီးတော့ ဘယ်လိုကျင့်ကြံရမလဲဆိုတာကို သင်ပေးမယ် “

ကူချန်ကျွင်းသည် နောင်တရနေသော လေသံမျိုးဖြင့် ပြောလာခဲ့သည်။

မူလက ဒေါသထွက်နေခဲ့သည့် လုချန်ရှန်းသည် လျော်ကြေးဟူသည့်စကားကို ကြားလိုက်ရသောအခါတွင်၊ မျက်လုံးများ တောက်ပသွားခဲ့သည်။

သူသည် ဖြောင့်မတ်တည်ကြည်သော လူဖြစ်သည်၊ အကယ်၍ ငွေသာလုံလောက်နေမည်ဆိုပါက၊ ခွင့်လွှတ်ပေးလိုက်မည် ဖြစ်သည်။

ထို့နောက်တွင် ကူချန်ကျွင်းသည် သူတို့အကုန်လုံးကို အင်မော်တယ်ဂူဆီသို့ ခေါ်ဆောင်သွားကာ၊ တစ်ဦးချင်းစီတိုင်း၏ အခြေအနေများကို ကြည့်ရှုစစ်ဆေးပေးနေခဲ့သည်။

သူသည် ယဲ့တျန်ရီ၏ စွမ်းရည်နှင့် ပတ်သက်၍ ကောင်းစွာ သိရှိနေခဲ့သည်၊ ထိုကလေးသည် သူ့ကြောင့် အချိန်တစ်ချို့ နှောင့်နှေးခဲ့ရသည်။ ၎င်းသည် တဖြည်းဖြည်း ပြန်လည်ဖာထေးပေးရန်အတွက် နောက်မကျသေးပေ။

သို့ရာ၌ ကျိုးချင်ယုကို စစ်ဆေးကြည့်ရှုလိုက်သည့် အချိန်တွင်မူ၊ သူသည် တလေးတစား ဖြစ်သွားခဲ့သည်။

ထိုအသက်အရွယ်ဖြင့် အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိခြင်းမှာ ပါရမီရှင်တစ်ဦး၏ အမှတ်အသားပင် ဖြစ်သည်၊ သို့သော် အဆိုပါ ပါရမီရှင်များနှင့် ယှဥ်လိုက်မည်ဆိုပါက၊ ကွာဟချက်တစ်ချို့ ရှိနေသေးသည်။ နတ်ကောင်းကင်ဂိုဏ်းထံတွင် ကျင့်ကြံရေး ပိုမိုမြင့်မားသော တပည့်များ ရှိနေခဲ့သည်။

သို့ရာတွင် အဆင့်၇ ဓားတာအိုကိုကမူ များပြားလွန်းလှသော သက်တူရွယ်တူများကို နောက်ကောက်ချထားရန် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။

အူတိုင်ဖွဲ့စည်းခြင်းကို မဆိုထားနှင့်၊ မွေးရာပါ ဝိညာဥ်နယ်ပယ်မှ လူများကပင် ၎င်းကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

ဤအသက်အရွယ်တွင် အဆင့်၇ ဓားတာအိုကျင့်ကြံရေးကို ပိုင်ဆိုင်ထားခြင်းသည် နောင်အနာဂတ်အတွက် ကြီးမားသော အာမခံချက်ကို ကိုင်ဆောင်ထားခဲ့သည်။

ထို့အပြင် ဂရုတစိုက် စစ်ဆေးခဲ့ပြီးသည့်နောက်တွင်၊ သူသည် ကျိုးချင်ယု၏ အခြေခံအုတ်မြစ်က တစ်ဆင့်ချင်းစီ တည်ဆောက်ထားသဖြင့်၊ လွန်စွာခိုင်မာနေကာ၊ သူ၏ဓားတာအိုထံတွင်လည်း မည်သည့်ချို့ယွင်းချက်မှ မရှိဘူးဆိုသည်ကို သိရှိသွားခဲ့သည်။

လုချန်ရှန်းသည် စိတ်သက်သာရာရသွားသည့် ဆရာဖြစ်သူ၏ အမူအရာကို စောင့်ကြည့်ရင်းဖြင့် ဆွံ့အသွားခဲ့သည်။ သူသည် ကျိုးချင်ယု၏ ကောင်းကျိုးအတွက် ဤနှစ်များတစ်လျှောက်တွင် လွန်စွာကြိုးစားအားထုတ်ခဲ့ရလေသည်။

“ ချင်ယု၊ ကြီးကြပ်လမ်းညွှန်မှု မရှိတာတောင်မှ၊ မင်းက ဒီလိုအဆင့်မျိုးအထိ ရောက်နိုင်လိမ့်မယ်လို့ ဆရာ မထင်ထားခဲ့မိဘူး။ ဆရာ၊ အရမ်း စိတ်ကျေနပ်တယ် “

ကူချန်ကျွင်းသည် စိတ်ခံစားချက်များ အနည်းငယ် ဖြစ်ပေါ်သွားခဲ့သည်။ ဝေးလံခေါင်သီကာ၊ တောဇနပုဒ်ကဲ့သို့သော နေရာမျိုးတွင် ဤအနေအထားမျိုးအထိ ရောက်ရှိရန်မှာ လွန်စွာခက်ခဲလွန်းလှသည်၊ ယခု နတ်ကောင်းကင်ဂိုဏ်း၏ အရင်းအမြစ်များနှင့်သာဆိုပါက၊ သူ၏အနာဂတ်အောင်မြင်မှုများမှာ ယခင်ကထပ်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် သူသည် အနည်းငယ် စိတ်လှုပ်ရှားသွားကာ၊ လုချန်ရှန်းကို ချက်ချင်းလှည့်ကြည့်လိုက်သည်။

သို့ရာတွင် လုချန်ရှန်းကမူ အဝေးတွင်သာ ပုန်းနေခဲ့ပြီး၊ မည်သို့မျှ အနားအကပ်ခံခဲ့ပေ။ သူက ထိုကလေးကို စစ်ဆေးကြည့်ရှုရန် ကြိုးစားလိုက်သည့် အချိန်တွင်၊ သူသည် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား အော်ဟစ် ပြေးလွှားနေခဲ့သည်။

“ မင်းတို့ရဲ့ ဂျူနီယာညီလေးက ……… ဟူးးး “

ကူချန်ကျွင်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

ကျိုးချင်ယုမှ စကားပြောလာခဲ့သည် “ ဆရာ၊ ချန်ရှန်းက ခါတိုင်းလိုမျိုး မဟုတ်တော့ပါဘူး။ သူက ချီစုစည်းခြင်း အဆင့်၉ကို ရောက်နေပြီးတော့၊ ဓားတာအိုကိုလည်း အဆင့်၃အထိ ရောက်အောင် ကျင့်ကြံထားပါတယ် “

ယဲ့တျန်ရီမှာလည်း ခေါင်းငြိမ့်ပြနေခဲ့သည်။ ယခင်တစ်ကြိမ်က ဝန်ခံမှုကို မြင်တွေ့ခဲ့ရသည့် အချိန်ကတည်းက၊ သူသည် လုချန်ရှန်းကို အမြင်သစ်တစ်မျိုးဖြင့် ကြည့်နေခဲ့ပြီ ဖြစ်သည်။

ကူချန်ကျွင်းမှ ပြန်ပြောလာခဲ့သည် “ အဲ့ဒီအချိန် မင်းတို့ရဲ့ ဂျူနီယာညီနဲ့ တွေ့ခဲ့တဲ့ အချိန်တုန်းက၊ သူက မည်းနက်၊ သေးသွယ်ပြီး၊ နည်းနည်းလေး ရုပ်ဆိုးတဲ့ အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ပဲ ရှိသေးတယ်။ သူက ဒီလိုလူချောလေးအဖြစ် ကြီးပျင်းလာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

“ ချီး၊ ခင်ဗျားကမှ မည်းနက်ပြီး ရုပ်ဆိုးနေတာ “

လုချန်ရှန်းသည် ပွင့်ပွင့်လင်းလင်း မပြောလိုက်ဘဲ၊ စိတ်ထဲတွင် ကျိန်ဆဲနေခဲ့သည်။ ပညာရှိသည် မည်သည့်အချိန်တွင် နောက်ဆုတ်ရမလဲဆိုသည်ကို သိသည်။ သူ၏ ကျင့်ကြံရေး မြင့်မားလာမည်ဆိုပါက၊ မျက်နှာတည့်တည့်ကြည့်ကာ၊ တိုက်ရိုက်ဆဲဆိုနိုင်မည် ဖြစ်သည်။

ညီးညူသံကို ကြားလိုက်ရသောအခါတွင် ယဲ့တျန်ရီမှ နှစ်သိမ့်ပေးလာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းသည် ထိုလူ၏ ပြောစကားများကို အလေးအနက် သိပ်မထားခဲ့ပေ၊ နှစ်ကြိမ်မျှသာ မြင်တွေ့ဖူးသည့်အတွက် ဆက်ဆံရေးက မည်ကဲ့သို့ နက်ရှိုင်းလိမ့်မည်နည်း။

ကူချန်ကျွင်းမှ စကားထပ်ပြောလာခဲ့သည် “ တကယ်တော့ အဲ့အချိန်တုန်းက မင်းတို့ဂျူနီယာညီရဲ့ စွမ်းရည်က တော်တော်လေး ထူးခြားခဲ့တယ်ကွ။ မကျင့်ကြံရသေးတဲ့ အချိန်မှာတောင်၊ အင်မော်တယ်ဆန်ပြီးတော့ အံ့ဩဖို့ကောင်းနေခဲ့တာ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဒီလိုအခြေအနေမျိုးထိ ရောက်လာအောင် သူ့ဘာသာ ကြိုးစားလာခဲ့ရတာက တကယ်မလွယ်ဘူး။ အဲ့တာက ငါ့အမှားပါပဲလေ၊ အခုအချိန်ကနေစပြီးတော့ သူ့ကို ကောင်းကောင်းသင်ပေးတော့မယ် “

“ အင်း “ ယဲ့တျန်ရီသည် ဆရာဖြစ်သူကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ကျိုးချင်ယုမှာလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရပြီးသည့်နောက်တွင် ဆရာနှင့် တပည့်များ ပြန်လည်ဆုံစည်းခြင်းမှာ အမှန်ပင် လွယ်ကူမနေခဲ့ချေ၊ ဤနေရာတွင် ရယ်မောသံများနှင့် ပျော်ရွှင်မှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။

လုချန်ရှန်းတစ်ဦးတည်းကသာလျှင် အဝေးတွင် မတ်တပ်ရပ်နေကာ၊ ထိုစကားဝိုင်းမှ ရှောင်ရှားနေခဲ့သည်။

သူသည် နေရာတစ်ခု ရှာဖွေကာ၊ ထိုနေရာမှာပင် တင်ပျဥ်ခွေထိုင်၍ ပတ်ဝန်းကျင်ရှိ ဝိညာဥ်ချီများကို ဖြည်းဖြည်းချင်း စုပ်ယူကာ ကျင့်ကြံနေတော့သည်။

ပုလဲအရင်းအမြစ်နှင့် ဝိညာဥ်ကျောက်တုံး နှစ်သိန်းတို့နှင့်ဆိုပါက၊ သူသည် မွေးရာပါ ဝိညာဥ်အဆင့်၂သို့ ရောက်ရှိသွားသင့်ပေသည်။ သူသည် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန်အတွက် နေရာတစ်ခု ရှာဖွေရမည် ဖြစ်သည်။

ထို့အပြင် ဤနေရာသည် ကျင့်ကြံရေးအတွက် လွန်စွာသင့်တော်နေခဲ့သည်။

သူသည် ဤနေရာတွင် နှစ်ဝက်မျှသာနေမည် ဖြစ်သည်။ နောက်နှစ်ဝက်အကြာတွင် ပြုလုပ်မည့် အကဲဖြတ်မှုကို ကျရှုံးမည့် အချိန်တွင်၊ သူသည် အထုတ်အပိုးပြင်ကာ ကန်းယွင်ဂိုဏ်းသို့ ပြန်သွားမည် ဖြစ်သည်။ ထို့ကြောင့် တစ်စက္ကန့်လေးကိုပင် မဖြုန်းတီးလိုခဲ့ပေ။

ညအမှောင်နက်ရှိုင်းလာမှုနှင့်အတူ လူသုံးဦးမှာ လူစုခွဲသွားခဲ့သည်။

လုချန်ရှန်းတစ်ဦးတည်းကသာလျှင် ထိုနေရာတွင် ကျန်နေခဲ့ပြီး၊ ကူချန်ကျွင်း ရောက်ရှိလာခဲ့သည်။

သူ့ကို မြင်လိုက်ရသော အချိန်၌ လုချန်ရှန်း၏ မျက်လုံးများ အတွင်းတွင် သတိထားမှုနှင့် မဖုံးကွယ်ထားသော ရွံရှာစက်ဆုပ်မှုတို့ ဖြစ်တည်လာခဲ့သည်။

“ ချန်ရှန်း၊ ငါတို့ စကားပြောကြမလား “ ကုချန်ကျွင်းသည် ချိုသာသော လေသံမျိုးဖြင့် စကားပြောလာခဲ့သည်။

“ ဘာအကြောင်းလဲ “

“ ဆရာတပည့်အနေနဲ့ မပြောလို့ရတဲ့ အရာဆိုတာရှိလို့လား။ စိတ်ထဲရှိတာ ပြောကြမယ်ဆိုရင်ကော ဘယ်လိုလဲ “

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလိုက်သည် “ ကျုပ်တို့က အခုမှ ဒုတိယအကြိမ် တွေ့ဖူးတာလေ။ ကျုပ်တို့က သူစိမ်းနဲ့မခြားပါဘူး။ သူစိမ်းတစ်ယောက်နဲ့ ကိုယ်စိတ်ထဲရှိတာတွေကို ပြောလို့ရလို့လား “

“ မင်းက ငါ့ကို အပြစ်တင်နေသေးတာပဲကိုး “

ကူချန်ကျွင်းသည် အသာအယာ သက်ပြင်းချနေတော့သည်။

လုချန်ရှန်းသည် ခေါင်းခါပြကာ၊ ပြန်ပြောလိုက်သည် “ ခင်ဗျား အတွေးလွန်နေပြီ။ ကျုပ်က ခင်ဗျားနဲ့ မရင်းနှီးရုံလေးတင်ပါပဲ “

တစ်ကြိမ်တစ်ခါမျှသာ မြင်တွေ့ခဲ့ဖူးသည့် တစ်စုံတစ်ဦးကို အပြစ်တင်၊ မတင်ဆိုသည်မှာ ပြောရခက်သော အရာဖြစ်သည်။

အဓိကအားဖြင့် သူသည် တစ်ဖက်လူက သူ့အား ထိခိုက်အောင် လုပ်မည်လားဆိုသည်ကို သူသေချာမသိပေ။ သူ့ကို ခေါ်ဆောင်ခဲ့သည့် အချိန်တုန်းက တစ်ဖက်လူထံတွင် ဆိုးရွားသော ရည်ရွယ်ချက်များ ရှိနေခဲ့လားဆိုသည်မှာလည်း မရေရာ မသေချာသေးပေ။

လူတစ်ဦးသည် တစ်ခြားလူများနှင့် ဆက်ဆံရာတွင် သတိကြီးကြီးထားရမည် ဖြစ်သည်။

“ အဆင်ပြေပါတယ်။ ငါတို့ဆီမှာ အချိန်အများကြီး ရှိတာပဲကို၊ မင်းကိစ္စတွေကို မင်းရဲ့ စီနီယာအစ်ကိုတွေဆီကနေ ငါသိခဲ့ရသည်။ မင်းစိတ်ပူနေဖို့ မလိုတော့ပါဘူး။ ငါဒီမှာ ရှိနေသရွေ့၊ ပြဿနာက ဘယ်လောက်ပဲကြီးကြီး မင်းအတွက် ငါဖြေရှင်းပေးမယ် “ ကူချန်ကျွင်းသည် ခိုင်မာပြတ်သားသော လေသံမျိုးဖြင့် ပြန်ပြောလာခဲ့သည်။

“ ဘာကိုဆိုလိုတာလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်သည်။

“ ငါက မင်းရဲ့ ကျောထောက်နောက်ခံလို့ ဆိုလိုတာလေ။ ဘာတွေပဲဖြစ်လာပါစေ၊ မင်းက ဘယ်လိုကပ်ဘေးမျိုးတွေကို ဖန်တီးလိုက်ပါစေ၊ ငါမင်းအတွက် ဖြေရှင်းပေးမယ် “

“ တကယ်လား “ လုချန်ရှန်းသည် သံသယတို့ဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကူချန်ကျွင်းသည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ အဲ့အချိန်တုန်းက မင်းအတွက် ဘာမှ မချန်ထားခဲ့ရဘူး။ မင်းဘာကိုပဲ လိုချင်နေပါစေ၊ မင်းရဲ့ဆရာက အဲ့တာကို တွေ့အောင် ရှာပေးမယ် “

“ လိုချင်သမျှ ရှာပေးမှာလား “ လုချန်ရှန်းသည် အတည်ပြုသည့်အနေဖြင့် ထပ်မံ၍ မေးမြန်းလိုက်သည်။

“ ဒါပေါ့ “

“ ဒါဆိုရင် ကျွန်တော်က ပုလဲအရင်းအမြစ် ဆယ်ခုလိုချင်တယ် “

“ ပုလဲ ……… “

သူ၏ စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကူချန်ကျွင်းသည် ချက်ချင်းဆွံ့အသွားခဲ့သည်။ ပုလဲအရင်းအမြစ်သည် လွန်စွာတန်ဖိုးကြီးနေခဲ့ပြီး၊ သူတို့၏ ဂိုဏ်းမှာပင် အလျှံအပယ် ရှိမနေခဲ့ပေ၊ ထို့အပြင် သိပ်မကြာသေးခင် အချိန်ကမှ ပုလဲအရင်းအမြစ်တစ်လုံးကို လက်လွှတ်ခဲ့ရသေးသည်။ ပုလဲအရင်းအမြစ် မလုံလောက်သောကြောင့် ပြည်ထောင်စစ်ပွဲ၏ ဟင်းလင်းပြင်နေရာတစ်ချို့ကို ကျင့်ကြံသူများ၏ မှော်စွမ်းအားနှင့်သာ လည်ပတ်နေရလေသည်။

သို့သော် ဤကလေးကမူ ပါးစပ်ဟလာသည့် အချိန်မှာပင်၊ ဆယ်ခုကို တိုက်ရိုက်တောင်းဆိုလာခဲ့သည်။

“ မရဘူးလား “ ၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် စိတ်ပျက်လက်ပျက် ဖြစ်သွားသော လေသံမျိုးဖြင့် မေးမြန်းလိုက်သည်။

ကူချန်ကျွင်းသည် ခေါင်းခါပြကာ၊ ပြန်ပြောလိုက်သည် “ဟင်းလင်းပြင်ကို တည်ငြိမ်စေဖို့အတွက် ပုလဲအရင်းအမြစ်တွေကို လိုအပ်တယ်။ ဆယ်ခုမပြောနဲ့၊ တစ်ခုကိုတောင် ဆရာ ပေးလို့မရဘူး “

“ ဒါဆိုရင်လည်း မေ့လိုက်ပါတော့၊ ခင်ဗျားအတွက် ကိစ္စတွေကို ခက်ခဲသွားအောင် မလုပ်ချင်ဘူး “ လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ရမ်းပြလိုက်သည်။

ကူချန်ကျွင်းမှ စကားထပ်ပြောလာခဲ့သည် “ မင်းက တစ်ခြားဟာတစ်ခုခုကို တောင်းဆိုမယ်ဆိုရင်၊ ငါမင်းကို စိတ်ကျေနပ်အောင် လုပ်ပေးမှာပါ “

“ ဒါဆိုရင်လည်း ဝိညာဥ်ကျောက်တုံး ဆယ်သန်းပေးဗျာ “

ကူချန်ကျွင်း : “ ??? “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဤနေရာတစ်ခုလုံးမှာ ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ရှောင်ဟေးကပင် သူ့ကို အမြင်ကပ်သွားခဲ့သည်၊ ဆယ်သန်း ဟုတ်လား … ဘာလို့ ဓားပြသွားမတိုက်ရတာလဲဟ

………………………………………………………………………………………………………………………………………

အပိုင်း ( 71 )

ရှေးဟောင်း နေကျမ်းစာ

ထိုအချိန်တွင် လုချန်ရှန်းသည် အရှေ့သို့ ငေးမောကြည့်ရှုနေခဲ့သည်။

ကူချန်ကျွင်းသည် ခေါင်းတခါခါ ဖြစ်နေသေးသည်။

“ မရသေးဘူးလား “

“ ဝိညာဥ်ကျောက်တုံး ဆယ်သန်းဆိုတာက ဟာသမဟုတ်ဘူးကွ “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ခင်ဗျားက စစ်ပွဲဘုရင် မဟုတ်ဘူးလား။ အဲ့လောက်လေးတောင် ငွေမစုထားနိုင်ဘူးပေါ့ “

“ မင်းက ငါ့ကို စိတ်ဆိုးနေသေးတာပဲ “

ကူချန်ကျွင်းသည် ခါးသက်သက် ပြုံးနေတော့သည်၊ အကယ်၍ သူ့ကို စိတ်မဆိုးဘူးပါက၊ သူ့ကို မည်သည့်အတွက်ကြောင့် အခက်တွေ့အောင် လုပ်နေရသနည်း

လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် တစ်ဖက်လူကို အခက်တွေ့အောင် လုပ်နေခြင်းမဟုတ်ဘဲ၊ ဝိညာဥ်ကျောက်တုံး ဆယ်သန်းကို အမှန်တကယ် လိုချင်နေကာ၊ အလွန်တရာ အလေးအနက် ထားနေခဲ့လေသည်။

“ ကျုပ်လိုချင်တာမှန်သမျှ ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား “

“ မေ့လိုက်တော့၊ မင်းစောစော အနားယူသင့်တယ် “

ကူချန်ကျွင်းသည် အသာအယာ သက်ပြင်းချကာ၊ လှည့်ထွက်သွားတော့သည်။ သူသည် မည်သူ့ကိုမှ အပြစ်မတင်ခဲ့ပေ၊ သူ၏တပည့်က သူ့ကို စိတ်ဆိုးနေသည်မှာ သူ၏ ကိုယ်ပိုင်ပြဿနာသာလျှင် ဖြစ်သည်၊ ထို့ကြောင့် သူသည် ခံစားချက်များကို တဖြည်းဖြည်း အနည်ထိုင်သွားစေရန်အတွက် စောင့်ဆိုင်းနေရုံသာလျှင် တတ်နိုင်တော့သည်။

တစ်ဖက်လူ ထွက်သွားသည်ကို မြင်လိုက်ရ‌သောအခါတွင် လုချန်ရှန်းသည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။

“ မသွားနဲ့။ ၁၀သန်းက အဆင်မပြေဘူးဆိုရင်၊ ၈သန်းဆိုရင်ကော “

“ ခင်ဗျားဆီမှာ ငါးသန်းတောင် မရှိဘူးလား “

“ တစ်သန်းလေး ……. “

လုချန်ရှန်းသည် သူ၏တောင်းဆိုမှုများကို ထပ်ခါတလဲလဲ လျှော့ချသော်လည်း၊ ဂူချန်ကျွင်း၏ ပုံရိပ်က သူ၏ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။

သူတစ်ဦးတည်းသာလျှင် ထိုနေရာတွင် ကျန်နေခဲ့ပြီး၊ သူ၏ မျက်လုံးများအတွင်းတွင် အထင်တသေး ဖြစ်နေမှုများ ကြီးစိုးလာခဲ့သည်။

“ ငါလိုချင်တာ ပေးမယ်လို့ ပြောရဲနေတယ်ပေါ့လေ၊ ဒါပင်မဲ့ သူ့ဆီမှာ ရိုးသားမှု လုံးဝမရှိဘူး “ လုချန်ရှန်းသည် နှာခေါင်းတရှုံ့ရှုံ့ဖြစ်သွားခဲ့သည်။

ရှောင်ဟေးမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည် “ မင်းက ပါးစပ်ဟလိုက်တာနဲ့ ဆယ်သန်းလို့ ပြောလိုက်တာလေ၊ မင်းဆီမှာရော ရိုးသားမှု ရှိလို့လား “

“ ငါ့ဆီမှာ ရိုးသားမှု မရှိဘူးလို့ ဘယ်ကောင်ပြောတာလဲ။ ငါက ရိုးရိုးသားသားနဲ့ ဆယ်သန်းလေးပဲ တောင်းလိုက်တာပါကွ “

“ ပုံမှန်အခြေအနေတွေအောက်မှာဆိုရင်တော့ ဘယ်သူက အဲ့တာကို ပေးနိုင်မှာလဲ။ ဒါပင်မဲ့ သူက မင်းရဲ့ဆရာဖြစ်နေတာကြောင့်၊ မင်းက ယွဲ့ပြည်ထောင်ကို ပြန်နေဖို့ မလိုတော့ဘူး။ ဒီမှာဆိုရင် မင်းက ပိုကောင်းတဲ့ ကာကွယ်မှုကို ရနိုင်တယ် “ ရှောင်ဟေးမှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည်။

“ အရင်က ငါနာမည်တစ်ချို့ ကြားခဲ့ဖူးတယ်၊ ဒါပင်မဲ့ သူက တကယ်ကြီးကို အဲ့လောက်တောင် စွမ်းနေလို့လားဟ။ မင်းကရော အရင်တုန်းက နတ်ကောင်းကင်ဂိုဏ်းကို အထင်သေးနေခဲ့တာ မဟုတ်ဘူးလား “

ရှောင်ဟေးမှ အမှန်တိုင်းပြန်ပြောလာခဲ့သည် “ မင်းတို့တွေရဲ့ မျက်လုံးထဲမှာဆိုရင်တော့ နတ်ကောင်းကင်ဂိုဏ်းက ဧရာမ တည်ရှိမှုကြီးတစ်ခု ဖြစ်နေလိမ့်မယ်၊ ဒါပင်မဲ့ တောင်ပိုင်းဒေသတစ်ခုလုံးမှာဆိုရင်တော့ ဒီနေရာက အဲ့လောက်ကြီး ဟုတ်မနေဘူး၊ ရှေးဟောင်းဂိုဏ်းတွေနဲ့ မြင့်မြတ်နယ်မြေတွေ အများကြီး ရှိတယ်။ ဒါပင်မဲ့ ကူချန်ကျွင်းကတော့ မတူဘူး၊ လူအနည်းစုကပဲ သူ့ကို ဆန့်ကျင်ဖို့ တတ်နိုင်ကြတယ် “

“ အဲ့လောက်တောင် စွမ်းတာလား “

“ ကမ္ဘာကြီးက ကျယ်ပြောတယ်၊ မင်းသွားကြည့်လိုက်ရင် နားလည်လာပါလိမ့်မယ် “

ရှောင်ဟေးသည် သူ၏ အတွေ့အကြုံ တစ်ချို့ကို ပြန်၍အမှတ်ရသွားခဲ့သည်။

လုချန်ရှန်းမှာလည်း အတွေးနက်သွားခဲ့သည်။

ဤကမ္ဘာသည် လွန်စွာကြီးမားကျယ်ပြောလှပြီး၊ ဒေသလေးခုအဖြစ် ပိုင်းခြားထားခဲ့သည်၊ သူသည် တောင်ပိုင်းဒေသတွင် ရှိနေခဲ့သည်။

တောင်ပိုင်းဒေသတစ်ခုတည်းကပင် အဆုံးမဲ့ ပိုင်နက်တစ်ခု ဖြစ်နေခဲ့သည်၊ နတ်ကောင်းကင်ဂိုဏ်းသည် တောင်ပိုင်းဒေသ၏ တောင်ပိုင်းတွင် တည်ရှိသော ဂိုဏ်းပေါင်းများစွာအနက်မှ တစ်ခုသာလျှင် ဖြစ်နေခဲ့သည်။

တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် ထပ်မံ၍ ထိုင်ချကာ၊ ကျင့်ကြံနေတော့သည်။

သူ့ထံတွင် နှစ်ဝက်သာလျှင် အချိန်ရသောကြောင့်၊ ကြိုးစားအားထုတ်၍ ကျင့်ကြံထားရမည် ဖြစ်သည်။

မနက်မိုးလင်းသည့်အချိန်အထိ သူသည် ထိုနေရာတွင်သာ ရှိနေခဲ့သည်၊ မနက်ခင်းနေရောင်ခြည် မြင့်တက်လာကာ၊ အရှေ့ဘက်မှ ခရမ်းရောင်ချီ ပေါ်ထွက်လာသည့် အချိန်တွင် သူသည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကာ၊ ကျိုးချင်ယုရောက်ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ဂျူနီယာညီလေး၊ ငါနဲ့လိုက်ခဲ့ “

“ ဘယ်ကိုလဲ “

“ မနေ့ကညက ဆရာက ငါတို့နဲ့ သင့်တော်မဲ့ ကျင့်ကြံရေး နည်းစနစ်တွေကို ရွေးခွင့်ပေးမယ်လို့ ပြောခဲ့တယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

ဤကမ္ဘာကြီးတွင် မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော ကျင့်ကြံရေး နည်းစနစ်များ ရှိနေခဲ့ပြီး၊ ၎င်းတို့အားလုံးကို ဆန်းကြယ်၊ စိတ်ဝိညာဥ်၊ ဘုရင်၊ နတ်၊ သူတော်စင်နှင့် ကောင်းကင်ဟူ၍ အဆင့်၆ဆင့်အဖြစ် ခွဲခြားထားခဲ့သည်။

၎င်းတို့အထက်တွင် ဧကရာဇ်အဆင့် ကျင့်ကြံရေး နည်းစနစ်များနှင့် ဒဏ္ဍာရီလာ အင်မော်တယ် ကျမ်းစာများပင် ရှိနေခဲ့သည်၊ သို့သော် ၎င်းတို့သည် မမြင်တွေ့ရသလောက်နီးပါးအထိ ရှားပါးလွန်းနေခဲ့သည်။ မြင့်မြတ်နယ်မြေတစ်ခုကပင် ဧကရာဇ်ကျမ်းစာကို မပိုင်ဆိုင်နိုင်ကြပေ။

ယခင်က သူတို့ ကျင့်ကြံခဲ့ကြသည့် ကန်းယွင်/မိုးပြာ တိမ်တိုက်ကျင့်ကြံရေး နည်းစနစ်သည် အဆင့်နိမ့် စိတ်ဝိညာဥ်အဆင့် နည်းစနစ်တစ်ခု ဖြစ်သည်။ ကျင့်ကြံရေး နည်းစနစ်က အဆင့် ပိုမြင့်လေလေ၊ သူတို့၏ ကျင့်ကြံရေးအတွက် အကျိုးအမြတ် ပိုရလေလေ ဖြစ်သည်။

“ အင်း “

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ ကျိုးချင်ယု၏အနောက်သို့ လိုက်သွားခဲ့သည်။

လမ်းပေါ်တွင် ကျိုးချင်ယုမှ စကားထပ်ပြောလာခဲ့သည် “ ဂျူနီယာညီလေး၊ ဆရာ့မှာလည်း သူ့ရဲ့ ကိုယ်ပိုင်အခက်အခဲတွေ ရှိတယ်လေ။ သူ့ရဲ့ နတ်ဝိညာဥ် ထိခိုက်ပျက်စီးသွားပြီးတော့ မှတ်ဉာဏ်တွေ မပြည့်မစုံဖြစ်သွားခဲ့တာပါ၊ သူက မင်းကို အဲ့လိုမျိုး ဆက်ဆံဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး၊ မင်း ……. “

“ ကျွန်တော် သူ့ကို အပြစ်မတင်ပါဘူး “

ကျိုးချင်ယုသည် စိတ်ရှုပ်ထွေးသွားသော အမူအရာမျိုးဖြင့် မေးမြန်းလာခဲ့သည် “ မင်းက သူ့ကို အပြစ်မတင်ဘူးဆိုရင်၊ ဘာလို့ အခုလိုမျိုး ဖြစ်နေရတာလဲ “

“ ကျွန်တော်က သူနဲ့ နှစ်ခါပဲ တွေ့ဖူးသေးတာလေ၊ ရင်းမှ မရင်းနှီးတာ “

“ ကောင်းပြီလေ၊ လမ်းက ရှည်ပါတယ်၊ ငါတို့မှာ အချိန်အများကြီး ရှိပါသေးတယ် “

ကျိုးချင်ယု စကားပြောခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် အနည်းငယ် အံ့ဩသွားခဲ့သည်။ စကားပြောဆိုရခြင်းကို သဘောမကျသည့် သူ၏စီနီယာအစ်ကိုသည် ကူချန်ကျွင်းအတွက် အမှန်တကယ် စကားပြောခဲ့လေသည်။ သူ၏ဆရာသည် သူထင်ထားသလောက် ဆိုးရွားနေပုံမရပေ။

မကြာခင် အချိန်မှာပင် သူတို့သည် စာအုပ်များနှင့် စာလိပ်တို့ဖြင့် ပြည့်နှက်နေသော အင်မော်တယ်ဂူတစ်လုံးထံသို့ ရောက်ရှိလာခဲ့သည်။

ယဲ့တျန်ရီသည် ဤနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်ကာ၊ ယခုလက်ရှိအချိန်တွင် ၎င်းတို့ကို လေ့လာဖတ်ရှုနေလျက်ရှိသည်။

ကျိုးချင်ယု ရှေ့တက်သွားခဲ့ပြီး၊ လုချန်ရှန်းမှာလည်း စာလိပ်များကို စတင်၍ လှန်လှောကာ၊ တဖြည်းဖြည်း အံ့အားသင့်သွားခဲ့သည်။

ဤနေရာတွင် ကျင့်ကြံရေး နည်းစနစ်ပေါင်း သိန်းနှင့်ချီ၍ ရှိနေခဲ့ပြီး၊ အဆင့်အနိမ့်ဆုံး အရာများကပင် အဆင့်မြင့် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံရေး နည်းစနစ်များ ဖြစ်နေခဲ့သည်။ ဘုရင်အဆင့် နည်းစနစ်များစွာ ရှိနေခဲ့ကာ၊ နတ်အဆင့် ကျင့်ကြံရေးနည်းစနစ်များကိုပင် သိမ်းဆည်းထားခဲ့သည်။

ကျိုးချင်ယုမှာလည်း အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူသည် သူ့လက်ထဲတွင် ရှိနေသည့် တဟုန်ထိုး ဟင်းလင်းပြင်/လေဟာနယ် ဓားကျမ်းကို ကြည့်ကာ၊ အတွေးနက်သွားခဲ့သည်။

၎င်းသည် အဆင့်မြင့် ဘုရင်အဆင့် ကျင့်ကြံရေး နည်းစနစ်တစ်ခုဖြစ်ပြီး၊ သူနှင့် အလွန်တရာ သင့်တော်နေခဲ့သည်။

ယဲ့တျန်ရီမှာလည်း ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

လုချန်ရှန်းတစ်ဦးတည်းကသာ အဆိုပါ ကျင့်ကြံရေး နည်းစနစ်များကို ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။ မဟာလော့ဓားကျမ်းစာ၊ မြေအောက်ကျမ်းစာနှင့် လောင်ကျွမ်းမီးတောက် ကောင်းကင်သိုင်းတို့ အားလုံးသည် နတ်အဆင့် ကျင့်ကြံရေး နည်းစနစ်များ ဖြစ်နေခဲ့သည်။

မဟာလော့ဓားကျမ်းစာသည် အလယ်အလတ် နတ်အဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။

သူတွေဝေတုံ့ဆိုင်းနေစဥ်အချိန်မှာပင် သူသည် အနီးအနားရှိ စားပွဲတစ်ခုပေါ်တွင် ရှိနေသော စာလိပ်တစ်ခုကို မြင်တွေ့သွားခဲ့သည်၊ ၎င်းသည် ကြိမ်ဖန်များစွာ ဖတ်ရှုခံထားရပုံပေါ်သည်။

လုချန်ရှန်းသည် ၎င်းကို ငေးကြည့်လိုက်ပြီး၊ သူ၏စိတ်ထဲတွင် နက်ရှိုင်းသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။

သူသည် မနေနိုင်တော့ဘဲ၊ ရှေ့တက်သွားကာ ၎င်းကို ကောက်ယူ စစ်ဆေးကြည့်နေတော့သည်။ သူသည် အဆိုပါ နည်းစနစ်ထံတွင် အမည်မရှိဘဲ၊ ၎င်း၏ အကြောင်းအရာများက ပို၍နက်နဲ ရှုပ်ထွေးကာ၊ တာအိုနှင့် ၎င်း၏ ကွင်းဆက်တို့ဖြင့် ဆက်နွယ်နေပုံပေါ်သည်ကို သိရှိသွားခဲ့သည်။

လုချန်ရှန်း၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။ ၎င်းသည် ထူးခြားသော ကျင့်ကြံရေး နည်းစနစ်တစ်ခု ဖြစ်သည်၊ သို့သော် ကံဆိုးစွာဖြင့် ၎င်းမှာ မပြည့်မစုံ ဖြစ်နေခဲ့သည်။

သူတွေးတောစဥ်းစားနေစဥ် အချိန်မှာပင်၊ ကူချန်ကျွင်း၏ အသံသည် သူ၏အနောက်မှ ပေါ်ထွက်လာခဲ့သည်။

“ အဲ့တာက အခါအခွင့်သင့်လို့ ငါရခဲ့တဲ့ ပစ္စည်းတစ်ခုပဲ။ ထူးခြားပင်မဲ့၊ တော်တော်လေး ရှုပ်ထွေးတယ်၊ မင်းနဲ့ မသင့်တော်ဘူး။ မင်းရဲ့ အခုလက်ရှိ နယ်ပယ်နဲ့ဆိုရင်၊ အဆင့်နိမ့် ဘုရင်အဆင့် ကျင့်ကြံရေး နည်းစနစ်က အသင့်တော်ဆုံးပဲ။ အူတိုင်ဖွဲ့စည်းနယ်ပယ်ကို ရောက်သွားရင် နောက်တစ်ခု ထပ်ပြောင်းလို့ရတယ် “

ထိုလူရောက်ရှိလာသည်ကို မြင်လိုက်ရ‌သော အခါတွင် လုချန်ရှန်းသည် အဆိုပါ စာလိပ်ကို ချလိုက်သည် “ ဒီကျင့်ကြံရေး နည်းစနစ်က မပြည့်စုံတဲ့ပုံပဲ “

“ ဟုတ်တယ်၊ ငါ ပထမတစ်ဝက်ကိုပဲ ရလိုက်တာ “

“ ဪ၊ အဲ့လိုကိုး “

ကူချန်ကျွင်းသည် သူ့ကို ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ မင်းနဲ့ သင့်တော်မဲ့ဟာကို ဒီနေရာမှာ မတွေ့ဘူးဆိုရင်၊ ဒီတံဆိပ်ပြားကို ယူပြီးတော့ ကျမ်းစာစံအိမ်ကို သွားလိုက် “

စကားပြောနေရင်းဖြင့် သူ၏လက်ဝါးအတွင်းတွင် တံဆိပ်ပြားတစ်ခု ပေါ်လာခဲ့ပြီး၊ သူသည် ၎င်းကို လုချန်ရှန်းထံသို့ ကမ်းပေးလာခဲ့သည်။

၎င်းသည် စစ်ပွဲဘုရင် တံဆိပ်ပြားဖြစ်သည်၊ ၎င်းကိုကိုင်ဆောင်ထားခြင်းဖြင့် ဂိုဏ်းအတွင်းတွင် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ပေသည်။

“ အရှေ့ဘက်က အဲ့ဒီစိတ်ဝိညာဥ်တောင်က ငါ့ရဲ့ ရတနာသိုက်ပဲ၊ တစ်ခုခု လိုအပ်တာရှိတယ်ဆိုရင် အဲ့မှာသွားယူလိုက်၊ အဲ့မှာ ဘာမှမရှိဘူးဆိုရင်၊ တံဆိပ်ပြားနဲ့အတူ ရတနာစံအိမ်ကို သွားလိုက်၊ မင်းကို ဘယ်သူကမှ တားမှာမဟုတ်ဘူး “

ကူချန်ကျွင်းမှ ဆက်လက်၍ ရှင်းပြလာခဲ့သည်။

လုချန်ရှန်းသည် တံဆိပ်ပြားကို ကိုင်ကာ သူ့အရှေ့တွင် ရှိနေသည့်လူကို ငေးကြည့်နေခဲ့သည်။ ထိုလူသည် သူထင်ထားသလောက် ဆိုးရွားနေပုံမရပေ၊ သူတို့က တစ်ယောက်အကြောင်းတစ်ယောက် သိသွားမည်ဆိုပါက ကိစ္စများက ပို၍လွယ်ကူချောမွေ့လာလိမ့်မည် ဖြစ်သည်။

ယခုလက်ရှိ အမြင်အရသာဆိုပါက ထိုလူသည် အတော်လေး ကောင်းမွန်နေပုံရသည်။

“ အိုကေ “

ထို့နောက်တွင် လုချန်ရှန်းသည် အင်မော်တယ်ဂူအတွင်းမှ ထွက်သွားပြီး၊ လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာကာ၊ စတင်၍ ကျင့်ကြံနေတော့သည်။

သူ၏ အသိစိတ်သည် အစောပိုင်း အချိန်က မြင်တွေ့ခဲ့ရသည့် ကျင့်ကြံ‌ရေး နည်းစနစ်ကို အလိုအလျောက် အမှတ်ရသွားခဲ့သည်။ ကျင့်ကြံရေး နည်းစနစ်က ထူးခြားနေခြင်း မဟုတ်ဘဲ၊ အတွင်းတွင် ကွယ်ဝှက်ထားသည့် ထူးခြားသော ပုံစံကွက်များနှင့် သင်္ကေတများကဲ့သို့သော တာအိုကွင်းဆက်များပင် ဖြစ်သည်၊ ၎င်းကသာလျှင် အစစ်အမှန် ကျင့်ကြံရေး နည်းစနစ် ဖြစ်နိုင်ပေသည်။

အနည်းငယ်မျှသော အာရုံခံစားမှုအောက်တွင် သူသည် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ သူ့၏ စိတ်ထဲတွင် ခမ်းနားထည်ဝါသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်၊ လောင်ကျွမ်း တောက်ပသော နေတစ်စင်း ပေါ်ထွက်လာသည့်အလား ဖြစ်နေခဲ့သည်။

ကျင့်ကြံရေး နည်းစနစ်ကို လည်ပတ်လိုက်သောကြောင့်၊ မြင့်မားသော အပူချိန်တစ်ခုသည် သူ၏မရီဒန်များတစ်လျှောက် စီးဆင်းသွားခဲ့သည်၊ သူ၏ ခန္ဓာကိုယ်မှ ရှေးဟောင်းအရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး၊ သူ၏ အသွေးအသား တစ်ခုချင်းစီတိုင်း တောက်ပလာခဲ့သည်။

“ ရှေးဟောင်း နေကျမ်းစာလား “

လုချန်ရှန်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်၊ မရေရာမသေချာသော်လည်း၊ ခမ်းနားထည်ဝါကာ သန့်စင်သော ယန်စွမ်းအားတစ်ခု စီးဝင်လာသည်ကို ခံစားနေခဲ့ရသည်။

ရှေးဟောင်းနေကျမ်းစာသည် ရှေးဟောင်း မဟာကျင့်ကြံရေး နည်းစနစ်ဆယ်ခု အဆင့်ဝင်ကာ၊ လူသားမျိုးနွယ်စု၏ ရှေးဟောင်းမူလ ကျင့်ကြံရေး နည်းစနစ်နှစ်ခုအနက်မှ တစ်ခုဖြစ်သည်။ ၎င်း၏တန်ဖိုးသည် တိုင်းတာ၍ မရလောက်သည်အထိ ကြီးမားနေခဲ့သည်။

အရာအားလုံးကို လေ့လာခဲ့ပြီးသည့်နောက်တွင် သူသည် မျက်လုံးများမှိတ်ကာ၊ ဉာဏ်အလင်းပွင့် အခြေအနေအတွင်းသို့ ကျရောက်သွားပြီး၊ အဆိုပါ ကျင့်ကြံရေး နည်းစနစ်ကို ဖြည်းဖြည်းချင်း ဆင်ခြင်သုံးသပ်နေတော့သည်။ သူသည် ၎င်းကို အမှန်တကယ် မကျင့်ကြံရသေးပေ၊ သို့သော် သူသည် ၎င်း၏ စွမ်းအားနှင့် ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို ခံစားမိနေခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် တာအိုစည်းချက် အပိုင်းအစတစ်ခု ပျံ့လွင့်လာခဲ့သည်။

ကူချန်ကျွင်းသည် ကျိုးချင်ယုနှင့်အတူ အင်မော်တယ် ဂူအတွင်းမှ ထွက်လာခဲ့ပြီး၊ နှစ်လှမ်းမျှ လမ်းလျှောက်ခဲ့ပြီးသည့်နောက်တွင်၊ တာအိုစည်းချက်နှင့် ထိတွေ့မိသွားသကဲ့သို့ သူ၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။

“ အဲ့ဒီနေတာအို စည်းချက်က ဘယ်ကနေ ရောက်လာတာလဲ “

သူသည် အံ့ဩတုန်လှုပ်သွားပြီး၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ၊ စိတ်ဝိညာဥ်တောင်ပေါ်တွင် ရှိနေသည့် လုချန်ရှန်းမှတစ်ပါး မည်သည့်အရာကိုမှ မမြင်တွေ့ခဲ့ရပေ။

တစ်ခဏအကြာတွင် ကူချန်ကျွင်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ငါက စာဖတ်တာများပြီးတော့ အယောင်ယောင် အမှားမှား ဖြစ်သွားတာများလား “

ဒါပင်မဲ့ ချန်ရှန်း ရှိနေတယ်လေ၊ သူများလား

၎င်းက လူသားမျိုးနွယ်စု၏ မိခင်ကျမ်းစာဖြစ်ပြီး၊ သူကိုယ်တိုင်ကပင် ၎င်းကို လေ့လာရန် အခက်တွေ့နေခဲ့သည်။ ချီစုစည်းခြင်းနယ်ပယ်တွင်သာ ရှိနေပြီး၊ ၎င်းကို တစ်ကြိမ်မျှသာ မြင်တွေ့ခဲ့ဖူးသည့် လုချန်ရှန်းက မည်ကဲ့သို့ နားလည်နိုင်လိမ့်မည်နည်း။

သူသည် သူကိုယ်တိုင်က အတွေးလွန်နေသည် ခံစားသွားခဲ့ရသည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 72 )

ငါက သူ့ကို အခက်တွေ့အောင် လုပ်ခဲ့မိတာပဲ။ သူက တကယ်ကြီးကို ဆင်းရဲနေတာကိုး

လူငယ်တစ်ဦးသည် တောင်ပေါ်တွင် တစ်ကိုယ်တော် ထိုင်နေလျက်ရှိပြီး၊ ဘက်ပေါင်းစုံမှ ဝိညာဥ်ချီများသည် သူ့ဆီသို့ ပြေးဝင်လာနေခဲ့သည်။

ကျမ်းစာက သူ၏ခန္ဓာကိုယ်တစ်လျှောက် လှည့်ပတ်စီးဆင်းနေသောကြောင့်၊ ရှေးဟောင်းနေကျမ်းစာကို ကျင့်ကြံခြင်းမှ ပေါ်ထွက်လာသည့် တာအိုစည်းချက် အရိပ်အငွေ့များ ပေါ်ထွက်လာခဲ့သည်။ သူသည် စဦးနားလည်မှုကို ဤမျှမြန်မြန်ဆန်ဆန် ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လုချန်ရှန်းသည် ထူးခြားသော သဘာဝကို ခံစားရင်းဖြင့် မလှုပ်မယှက်ထိုင်နေကာ၊ ဆက်တိုက်တရားထိုင်နေခဲ့သည်။

သူသည် မည်သို့မျှ ပြောင်းလဲသွားပုံမရပေ၊ သို့သော် သူ၏ခန္ဓာကိုယ်သည် လောင်ကျွမ်းနေသော နေတစ်စင်းသဖွယ် ဖြစ်နေကာ၊ အပူစွမ်းအား ဆက်တိုက်ပေါ်ထွက်လာနေခဲ့သည်။

တစ်ရက်တိတိ ကုန်ဆုံးသွားခဲ့ပြီးသည့်နောက်မှသာလျှင် သူသည် ထိုအခြေအနေမှ ပြန်လည်နိုးထလာခဲ့သည်။ သူ၏ နယ်ပယ်နှင့် ကျင့်ကြံရေးတို့မှာ မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ၊ သို့သော် သူသည် ပြန်လည်မွေးဖွားလာသည်ဟု ခံစားနေခဲ့ရသည်။ ရှေးဟောင်းနေကျမ်းစာမှ ဆင်းသက်လာသော မှော်စွမ်းအားသည် ယခင်ကထပ် ပိုမိုအားကောင်းလာခဲ့သည်။

“ ဒီဆရာစုတ်ဆီမှာ ပစ္စည်းကောင်းလေးတွေ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။ သူစိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ရာ၊ သူ၏စီနီယာအစ်ကိုနှစ်ဦးက ကျင့်ကြံနေသည်ဆိုသည်ကိုသာ မြင်တွေ့သွားခဲ့သည်။ သူတို့သည်လည်း ကျမ်းစာအသစ်များကို ရရှိခဲ့ပြီး၊ အပျော်လွန်သွားကြကာ၊ အခွင့်အရေးကို ဖမ်းဆုပ်၍ ကျင့်ကြံနေကြသည်။

သို့ရာတွင် ကူချန်ကျွင်း ပျောက်ကွယ်နေခဲ့သည်။

ရှောင်ဟေးသည် မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ လုချန်ရှန်း၊ မင်းဘာတွေ လုပ်နေတာလဲ၊ တစ်နေ့လုံး ငြိမ်နေတယ်နော် “

“ ကျင့်ကြံနေတာလေ “

“ အစောပိုင်း အချိန်တုန်းက မဟာတာအိုရဲ့ အရှိန်အဝါကို ငါခံစားလိုက်ရတယ်။ မင်းက ဘာတွေ ကျင့်ကြံနေတာလဲ “

“ သိချင်လို့လား “

“ အင်းး “

ရှောင်ဟေးသည် တိုက်ရိုက်ပြန်ပြောလာခဲ့သည်။ သူသည် ထူးခြားသော သဘာဝကို ခံစားမိခဲ့ရပြီး၊ ၎င်းမှာ သူ့ကို တအံ့တဩ ဖြစ်သွားစေခဲ့သည်။

သို့ရာတွင် လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ ဘုရင်အဆင့် မှော်ပစ္စည်းတစ်ခု ပေးလေ၊ ငါမင်းကို ပြောပြမယ် “

“ အရှက်မရှိလိုက်တာကွာ။ မင်းရဲ့ လုပ်ရပ်တွေအကြောင်းကို ငါဖွင့်ထုတ်လိုက်မှာကို မကြောက်ဘူးလား၊ အဲ့တာဆိုရင် မင်းပုန်းစရာ နေရာမရှိလောက်တော့ဘူးနော် “

“ အနက်‌လေး၊ မင်းက မောက်မာရုံတင်မဟုတ်ဘဲ၊ မေ့ပါမေ့တတ်သေးတာပဲ။ မင်းပေးခဲ့တဲ့ ကတိကို မမှတ်မိတော့ဘူးလား။ ကလေးမရချင်တော့ဘူးလား၊ ဒါမှမဟုတ် မိုးကြိုးအပစ်ခံချင်နေတာလား “

“ မင်း ……. “

ရှောင်ဟေးသည် မကျေမနပ် ဖြစ်သွားခဲ့သည်။ ဤလူနှင့် တစ်မိုးအောက်အတွင်းတွင် အတူရှိသည့် အချိန်တွင် သူခေါင်းငုံ့နေခဲ့ရသည်၊ ၎င်းက စိတ်ပျက်ဖွယ်ကောင်းလှသည်။

တစ်ဖက်လူက စိတ်ညစ်နေသည်ကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် မတ်တပ်ထရပ်ကာ အပျင်းကြောဆန့်နေတော့သည်။

“ ကျင့်ကြံရလို့ ပင်ပန်းသွားပြီကွာ။ လျှောက်သွားပြီးတော့ ဟိုအဘိုးကြီးရဲ့ ရတနာသိုက်က ဘယ်လိုပုံစံမျိုးဖြစ်နေမလဲဆိုတာကို သွားကြည့်လိုက်ဦးမယ် “

ရှောင်ဟေး ဆွံ့အသွားခဲ့သည်။ ဒီကောင်က တကယ်ကြီးကို ယဥ်ကျေးမှု မရှိတာပဲ၊ သူများရတနာသိုက်ကို အပိုင်စီးတော့မဲ့ပုံပဲ။

သူသည် ကူချန်ကျွင်းက မည်ကဲ့သို့သော လူကို သူခေါ်ယူခဲ့လဲဆိုသည်အား သိ၊ မသိဆိုသည်ကို သိချင်သွားခဲ့သည်။

တစ်ခဏအကြာတွင် လုချန်ရှန်းသည် အရှေ့ဘက်တွင် ရှိနေသည့် စိတ်ဝိညာဥ်တောင်ထံသို့ ရောက်ရှိလာခဲ့သည်။ စိတ်ဝိညာဥ်အဆင့် အစီအရင်တစ်ခုဖြင့် ကာကွယ်ထားသော အင်မော်တယ်ဂူတစ်လုံး ရှိနေခဲ့သည်။ သူသည် လိမ်ယှက်နေသော အစီအရင် ပုံစံကွက်များက ထိုနေရာကို ကာကွယ်ပေးနေကြောင်းကို မြင်တွေ့သွားခဲ့သည်။

“ ကာကွယ်ရေး အလွှာတွေ အများကြီးပဲ။ ကြည့်ရတာတော့ သူက တော်တော်လေး စုဆောင်းထားခဲ့ပုံပဲ “

လုချန်ရှန်းသည် ပြုံးစိစိဖြင့်၊ တံဆိပ်ပြားကို ကိုင်ဆောင်၍၊ အစီအရင်ကို ကျော်ဖြတ်ကာ ဂူအတွင်းသို့ လျှောက်လှမ်းသွားတော့သည်။

အတွင်းပိုင်းတွင် စိတ်ဝိညာဥ်ဆေးများ၊ အဖိုးတန် သတ္ထုများနှင့် အပြင်ကမ္ဘာတွင် ရှာရခက်သည့် ရှားပါးပစ္စည်းတစ်ချို့ အပါအဝင် များပြားလွန်းလှသော ပစ္စည်းများကို တင်ဆောင်ထားသည့် စင်တန်းများ ရှိနေခဲ့သည်။

သို့ရာ၌ အဆိုပါ ပစ္စည်းများ၏အနောက်ဘက်တွင် တောင်ကဲ့သို့သော ဝိညာဥ်ကျောက်တုံး အပုံကြီးများ ရှိနေခဲ့ကာ၊ ၎င်းတို့သည် အင်မော်တယ်ဂူ၏ တစ်ဝက်တိတိ နေရာယူထားခဲ့သည်။

ရောင်စုံတောက်ပမှုသည် လူတိုင်း၏ အမြင်အာရုံကို ဝေဝါးသွားစေခဲ့သည်၊ ၎င်းမှာ လုချန်ရှန်း သဘောအကျဆုံး အရာဖြစ်သည်။

၎င်းတို့ကို ကြည့်နေရင်းဖြင့် သူသည် စင်ပေါ်မှ ကျောက်စိမ်းလက်စွပ်တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်သည်။ ၎င်းမှာလည်း စိတ်ဝိညာဥ်အဆင့် မှော်ပစ္စည်းတစ်ခု ဖြစ်သည်။ စိတ်ဝိညာဥ်အဆင့် ပစ္စည်းတစ်ခုသည် ယွဲ့ပြည်ထောင် အတွင်းတွင် ဂိုဏ်းတစ်ခု ရတနာတစ်ပါးအဖြစ် သတ်မှတ်ခံထားရသော်လည်း၊ ဤနေရာတွင်မူ စင်ပေါ်တွင်သာ အတင်ခံထားရလေသည်။

သက်ပြင်းချနေခဲ့ပြီးသည့်နောက်တွင် သူသည် ဝိညာဥ်ကျောက်တုံး ပုံကြီးများကို လက်စွပ်အတွင်းသို့ ထည့်နေတော့သည်။

ဝိညာဥ်ကျောက်တုံးများကို ထည့်နေရင်းဖြင့် သူ့မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

“ ဘာဖြစ်တာလဲ။ မကျေနပ်သေးဘူးလား “ ဟု ရှောင်ဟေးမှ မေးမြန်းလာခဲ့သည်။

“ ဟူးး “ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ ပြန်ပြောလိုက်သည် “ အရင်က ငါသူ့ကို အခက်တွေ့အောင် လုပ်ခဲ့မိတာပဲ။ သူက တကယ်ကြီးကို ဆင်းရဲနေခဲ့တာကိုး။ ရတနာသိုက် တစ်ခုလုံးမှာတောင်မှ ဝိညာဥ်ကျောက်တုံး သုံးသိန်းကျော်ပဲ ရှိတယ် “

ရှောင်ဟေး : “ … “

မင်းက မင်းဆရာရဲ့ ပစ္စည်းတွေကို မောင်ပိုင်စီးနေတာလေ၊ သူက ဆင်းရဲတယ်လို့တောင် စောဒကတက်ရဲနေတယ်ပေါ့၊ မင်းဘယ်လိုလူလဲဟ

“ မင်းက သူ့ကို အသိအမှတ် မပြုချင်ပင်မဲ့ သူက အတင်းအကြပ် ကြိုးစားနေခဲ့တယ်။ အခုတော့ ကြည့်စမ်းပါဦး၊ သူက အိမ်ထဲကို ဝံပုလွေခေါ်လာမိနေပြီ၊ ပြီးတော့ အထင်သေးတာကိုတောင် ခံနေရသေးတယ် “

“ ပေါက်ကရတွေ။ ငါ့ကို အဲ့လိုမျိုး မပြောစမ်းနဲ့ “

လုချန်ရှန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ အိမ်ထဲကို ဝံပုလွေ ခေါ်လာမိတယ်ဆိုတာက ဘာစကားလဲဟ။ ကူချန်ကျွင်းကိုယ်တိုင်ကိုက ငါလိုချင်တာ ယူလို့ ပြောခဲ့တာလေ။ ငါက ဝိညာဥ်ကျောက်တုံးကို သဘောကျလို့ အဲ့တာတွေကို ယူလိုက်တာပေါ့ဟ။ အဲ့တာက ကျိုးကြောင်းဆီလျော်တယ် မဟုတ်ဘူးလား

ငါက ကျန်တဲ့ပစ္စည်းတွေကို ထိတောင်မထိခဲ့ဘူးလေ။ စီနီယာအစ်ကိုတွေတောင် ငါချန်ထားပေးခဲ့တာလေ

ကိစ္စများ ပြီးစီးသွားသည့်နောက်တွင် လုချန်ရှန်းသည် အင်မော်တယ်ဂူအတွင်းမှ လမ်းလျှောက်ထွက်လာခဲ့သည်၊ သို့သော် သူသည် လမ်းလျှောက်နေရင်းဖြင့် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားသွားခဲ့ရသည်။

အရှင်သခင်လေးပါးအနက်မှ တစ်ပါးဖြစ်သည့် စစ်ပွဲဘုရင်၊ အနက်လေးက ထူးခြားသည်ဟု ချီးကျူးခဲ့သည့် ထိုလူ့ထံတွင် ဤမျှလောက်သာ ရှိမနေသင့်ပေ။

“ အဘိုးကြီး၊ ခင်ဗျားဆီမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေသေးတာလား “

လုချန်ရှန်းသည် တွေးတောစဥ်းစားနေရင်းဖြင့်၊ အစောပိုင်း အချိန်များအတွင်းက သူကျင့်ကြံနေခဲ့သည့် နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူသည် နတ်ကောင်းကင်ဂိုဏ်းမှ ထွက်ခွာ၍ မွေးရာပါ ဝိညာဥ်နယ်ပယ်၏ အဆင့်၂သို့ ထိုးဖောက်ရန်အလို့ငှာ အခွင့်အလမ်းတစ်ခု ရှာဖွေရန် တွေးတောစဥ်းစားနေခဲ့သည်။

တစ်ခဏ အကြာတွင် ကူချန်ကျွင်းပါ ပြန်ရောက်လာခဲ့သည်။ သူ၏ ချောမောသော မျက်နှာပေါ်တွင် တလေးတနက် ဖြစ်နေသည့် အမူအရာတစ်ခု တည်ရှိနေခဲ့သည်၊ သူ၏ဆံပင်များ ရှုပ်ပွနေကာ၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိနေခဲ့သည်။

သူသည် အင်မော်တယ်ဂူအတွင်းသို့ တန်းဝင်သွားကာ၊ လုံးဝတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

“ သူက စစ်ပွဲဘုရင်မဟုတ်ဘူးလား။ ဘာကိစ္စ ဒီလောက်တောင် ပုံပျက်ပန်းပျက် ဖြစ်နေရတာလဲ။ သူက မကောင်းတာ တစ်ခုခုလုပ်ခဲ့လို့၊ တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်လိုက်တာများလား “

လုချန်ရှန်းသည် သူ့ကို ငေးကြည့်ကာ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်၊ သို့သော် မည်သည့်စကားမှ ထပ်မပြောတော့ပေ။

ထို့နောက်တွင် သူသည် မနက်မိုးလင်းသည်အထိ ထပ်မံ၍ ကျင့်ကြံနေတော့သည်။ မနက်ခင်းတွင် သူသည် ကျင့်ကြံရေး အခြေအနေမှ နိုးထလာခဲ့ပြီး၊ လေ့ကျင့်ရေးကွင်း အပြင်ဘက်တွင် အမျိုးသမီးတစ်ဦးက ဤနေရာသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်လာနေသည်ကို မြင်တွေ့သွားကာ၊ အံ့အားသင့်သွားခဲ့သည်။

လုချန်ရှန်းသည် ငေးကြည့်နေတော့သည်၊ ထိုအမျိုးသမီးသည် အသက်သုံးဆယ်အရွယ်မျှရှိပြီး၊ ရင်သပ်ရှုမောဖွယ်ကောင်းကာ၊ အပြစ်အနာအဆာကင်းသော အသွင်အပြင်ကို ပိုင်ဆိုင်ထားခဲ့သည်။ သူမ၏ အနက်ရောင် ဆံသားတို့သည် သူမ၏ ခါးအနားတွင် ယိမ်းနွဲ့နေလျက်ရှိပြီး၊ အပြုံးနှင့် မျက်မှောင်ကြုတ်လိုက်သည့် အချိန်တိုင်းသည် လနန်းတော် နတ်သမီးတစ်ပါး ရောက်ရှိလာခြင်း(သို့) နတ်ဘုရားမတစ်ပါး ဆင်းသက်လာသကဲ့သို့ စိတ်နှလုံးသားကို ဆွဲဆောင်သွားခဲ့သည်။

သူမသည် လမ်းလျှောက်ဝင်လာခဲ့ပြီး၊ ပြန်ကြည့်လာခဲ့ရာ၊ လုချန်ရှန်းနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။

သူ၏မျက်လုံးများ အတွင်းတွင် အံ့ဩသွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

“ မင်းက လုချန်ရှန်းလား “

“ ဟုတ်ပါတယ် “

သူသည် အေးအေးဆေးဆေး ဖြစ်နေခဲ့သည်။ စစ်ပွဲဘုရင်ရဲ့ ပိုင်နက်ထဲမှာ ဘယ်သူကမှ ပြဿနာမရှာရဲပါဘူးကွာ

ထိုအမျိုးသမီးသည် ခေါင်းငြိမ့်ပြလာခဲ့ကာ၊ ရေရွတ်ပြောဆိုနေတော့သည် “ ဒီလိုလူငယ်လေးတစ်ယောက်က တကယ်ရှားတယ်။ သူ့ကို ကြည့်ရုံနဲ့တင် မျက်စိအေးတယ် “

“ ဟမ် ” လုချန်ရှန်းသည် ထိုစကားကို ကြားကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုအမျိုးသမီးမှ ပြန်ပြောလာခဲ့သည် “ ဘာလို့ ငါနဲ့မလိုက်ခဲ့ရတာလဲ “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူသည် နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်။

“ ခင်ဗျားက ဘယ်သူလဲ “

“ ငါ့ကို လအရှင်သခင်လို့ ခေါ်လို့ရတယ် “

“ အဲ့တာက …… “

လုချန်ရှန်းသည် ထပ်မံ၍ အတွေးနက်သွားခဲ့ရပြန်သည်၊ အဲ့တာက ယဲ့ချင်းချန်ရဲ့ ဆရာမလား

“ လအရှင်သခင်က ကျွန်တော့်ကို ချီးကျူးနေပါပြီဗျာ။ သူက အင်မော်တယ်ဂူထဲမှာ ရှိပါတယ်၊ ကျွန်တော် သွားခေါ်ပေးရမလား “ သူသည် လွန်စွာသတိထားနေခဲ့သည်၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဤနေရာသို့ သူ့အတွက် ရောက်လာခြင်းမဟုတ်သည်မှာ သေချာလှသည်။

“ ငါက သူ့ကို လာရှာတာ မဟုတ်ဘူး၊ မင်းနဲ့ မင်းရဲ့ စီနီယာအစ်ကိုတွေကို လာရှာတာ “ လအရှင်သခင်သည် ပြုံးပြလာခဲ့ပြီး၊ သူ၏မျက်နှာကို ဂရုတစိုက် စူးစမ်းလေ့လာနေခဲ့သည်။

သို့ရာ၌ လုချန်ရှန်း မတုံ့ပြန်နိုင်ခင်အချိန်မှာပင်၊ ကူချန်ကျွင်း ပေါ်ထွက်လာခဲ့ပြီး၊ လအရှင်သခင်ကို ကြည့်ကာ၊ သူ၏အမူအရာသည် ချက်ချင်းအေးစက်သွားခဲ့သည်။

“ နင့်ကို ဒီမှာ ခြေချခွင့်ပေးထားလို့လား။ ထွက်သွားစမ်း “

လုချန်ရှန်းသည် ထိုစကားကို ကြားကာ တအံ့တဩ ဖြစ်သွားခဲ့သည်။ ငါ့ရဲ့ ဆရာအစုတ်ပလုတ်က တကယ်ကြီးကို ကြီးစိုးတာပဲ။ အရှင်သခင်လေးပါးထဲက တစ်ပါးကိုတောင် မျက်နှာသာ မပေးဘူး။

သို့ရာ၌ လအရှင်သခင်သည် ဒေါသမထွက်သွားဘဲ၊ ဖြည်းဖြည်းချင်း စကားပြန်ပြောလာခဲ့သည် “ စစ်ပွဲဘုရင်၊ နင်က ဒီမှာဘာလုပ်နေတာလဲ။ မနေ့ညက နင်က ငါ့ရဲ့ အစီအရင်ကို ဖျက်စီးပြီးတော့၊ ငါ့ရဲ့ လေ့ကျင့်ရေးကွင်းထဲကို ကျူးကျော်လာခဲ့တယ်၊ ပြီးတော့ ငါနှစ်ပေါင်းများစွာ မွေးမြူထားတဲ့ လေဝိညာဥ် သားရဲကို သတ်သွားတယ်။ အဲ့ကိစ္စကိုတောင် မရှင်းရသေးဘူး၊ နင်က ငါ့ကို မောင်းထုတ်နေတယ်ပေါ့လေ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် အံ့ဩမှင်သက်သွားခဲ့သည်။ သူသည် ထိုလူက ယမန်နေ့ကညအချိန်တွင် ထိုကဲ့သို့သော ကိစ္စကြီးတစ်ခုကို တိတ်တဆိတ် ခိုးလုပ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ့ကို ပို၍အံ့အားသင့်သွားစေခဲ့သည့်အရာမှာ ထိုလူသည် တစ်ဖက်လူ၏ အိမ်ကို ဖျက်စီး၊ လုယက်ခဲ့ပြီးသည့်နောက်မှာပင်၊ ရှက်ရွံ့ခြင်း မရှိဘဲ၊ မောက်မာကြီးစိုးမှုကိုသာ ပြသနေခဲ့ခြင်း ဖြစ်သည်။

“ သတ်တော့လည်း သတ်တယ်ပါ့။ နင်ဘာလိုချင်လို့လဲ။ ငါနဲ့တိုက်မလို့လား “

ဟ

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်း ဆွံ့အသွားခဲ့သည်။

သို့ရာတွင် လအရှင်သခင်သည် အသာအယာ ရယ်မော၍ ပြန်ပြောလာခဲ့သည်။

“ ငါက လက်စားလာချေတာ မဟုတ်ပါဘူး၊ စစ်ပွဲဘုရင်ရာ။ ဘယ်လိုသဘောထားမျိုးလဲဟ “

“ လက်စားချေဖို့အတွက် မဟုတ်ဘူးဆိုရင်၊ ဘာကိစ္စ ဒီကို ရောက်လာရတာလဲ “

ကူချန်ကျွင်း၏ အမူအရာသည် အမြဲလိုလိုပင် မှုန်ကုပ်ကုပ်ဖြစ်နေခဲ့သည်။

လုချန်ရှန်းမှာလည်း စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ အရှင်သခင်လေးပါးက ရန်သူများ မဟုတ်ကြသော်လည်း၊ အနိုင်ကျင့်နေခြင်းကို ဤမျှလောက်အထိ သည်းမခံသင့်ပေ၊ အထူးသဖြင့် တစ်ဖက်လူက မှားနေသည့် အချိန်မျိုးတွင် ဖြစ်သည်။

၎င်းတို့အားလုံးကို မြင်တွေ့နေခဲ့ရသောကြောင့် သူသည် တအံ့တဩဖြင့် ရေရွတ်ပြောဆိုနေတော့သည် “ ဒီလအရှင်သခင်ရဲ့ စိတ်ထားက တကယ်နူးညံ့တာပဲ။ တကယ်လို့ ငါသာဖြစ်နေမယ်ဆိုရင်တော့၊ ဒီအဘိုးကြီးနဲ့ တစ်ပွဲတစ်လမ်း နွှဲနေလောက်ပြီ ”

All Chapters